ပုံကိုကြည့်ပါ။ အဲဒီ ကော်ဖီသီးက မှည့်နေပြီ။ ဒါပေမယ့် …။ “ဒါပေမယ့်” ဆိုတာကို ကျွန်တော်က ဒါပေတဲ့လို့ ရေးချင်တာ။ ဒါပေမယ့် မရေးရဲဘူး။ မရေးရဲတာက သူများကြောင့် မဟုတ်ဘူး။ ကိုယ့်ကြောင့်။ ဒါပေတဲ့ လို့သုံးတဲ့ စာရေးသူကြီးတွေက နည်းတယ်။ ကျွန်တော်က စိုးရိမ်တကြီး ဒီကောင် ဒီလူ့စာတွေ လွှမ်းမိုးခံရပါသော်ကော ဆိုတာမျိုး ပြောကြမှာ ကြောက်တာ။ ကြောက်စိတ်ဆိုတာ အရာအားလုံးကို ပိတ်ဆို့ပစ်တာပဲ။ အရာမဟုတ်တာကို အရေးလုပ်ပေးရတယ်။ တခါခါ ရေးရင်း ဒါပေတဲ့လို့ ထည့်ထည့်ချင် လာပြန်တယ်။ ထည့်လိုက်တယ်။ ပြန်ဖျက်တယ်။ ဘာဖြစ်သေးလဲ စိတ်ဝင်လာပြီး ဒါပေ ပြန် တဲ့ လိုက်တယ်။ ပြီးတော့ အားလုံး သုံးနေကြတဲ့ မယ့် ကိုထည့်တာပဲ ကောင်းပါတယ် ဖြစ်ပြန်တယ်။ ဘယ်သူမှ မပြောဘဲ ကိုယ့်ကိုယ်ကို ပြန်ပြောတဲ့ စကားက တော်တော်ဆိုးတယ်။ ကိုယ်ကိုယ်တိုင်က မရှင်းလင်းဘူးဆိုရင် အကုန် ယောင်ဝါးဝါးဖြစ်ကုန်တာပဲ။ သူများစကားနားယောင်တာ ဘာအကျိုးမှလည်း မရှိဘူး။ ဒါပေမယ့် ဒီမှာတော့ ဒါပေမယ့်ပဲ ဒါပေမယ့်တော့မယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ခူးလို့ရပြီလား။ ကော်ဖီသီးမှည့်နေပြီ။ ဒါပေမယ့် ခူးလို့ရပြီလား။ နည်းနည်း ဆက်ထားရဦးမှာလား။ နည်းနည်းဆိုတာ ဘယ်နှစ်ရက်လဲ။ နှစ်ရက်လား။ နှစ်ပတ်လား။ ဒါမှမဟုတ် နည်းနည်းလွန်နေပြီလား။ လွန်သွားပြီဆိုရင် ဘယ်နှစ်ရက်လဲ။ တရက်လား။ နှစ်ရက်လား။ ကဲ ခူးတဲ့ ကိစ္စခဏနားပြီး ကော်ဖီသီးကို ကြည့်လိုက်ပါဦး။ ဒီကော်ဖီက ဘာအမျိုးအစားလဲ။ ကိုင်းကို ဆက်ကြည့်။ သီးနေတဲ့ ပုံက တော်တော်နည်းတယ်။ ဒါဆို ဒေသသီးလား။ ကော်ဖီက ဒီနိုင်ငံရဲ့ မူလထွက်ကုန် မဟုတ်ဘူး။ နယ်ချဲ့ဆီက ပါလာတာ။ အိုး နေဦး။ နယ်ချဲ့လို့ ရေးတာ လှလား။ ရုပ်ဆိုးလား။ ကျက်သရေရှိလား။ ကျက်သရေမဲ့လား။ ကျက်သရေဆိုတာနဲ့ ဆိုင်ကော ဆိုင်ပါရဲ့လား။ တခုခုကို သံသယဝင်ရပြီဆိုရင် အဲဒါက နည်းနည်းကလေး လွှဲနေလို့ တဲ့။ ဒီတော့ ကိုလိုနီလို့ သုံးကြည့်မယ်။ ကိုလိုနီဆီက ပါလာတာ။ ဒီစကားလုံးကြားရတာ ကျွန်တော်တော့ အဆိပ်အတောက် တခုခုပါလာသလို ခံစားရတယ်။ ကျွန်တော် ကျွန်တော်။ ဘယ်သူ့ကိုမှ ပြောတာ မဟုတ်ဘူး။ ကျွန်တော် ခံစားရတာ။ နေမဝင်အင်ပါယာဆီကပါလတာ။ ဒီလိုတော့လည်း မဟုတ်ဘူး။ နေမဝင် အင်ပါယာဆိုတာကြီးက ဒြပ်မဲ့။ သူ့ဝန်ထမ်းဆီက ပါလာတာ။ ဒီလိုပြောတော့ အတော် နားဝေးတဲ့ ကိစ္စဖြစ်ရပြန်ရော။ ဟုတ်တယ်။ နေမဝင်အင်ပါယာဝန်ထမ်းဆီက ပါလာတာ။ အိုး တော်တော့်ကို ဝေးတယ်။ ကျွန်တော့် တယောက်တည်းပဲ ဝေးပြန်တာလား မသိဘူး။ တချို့စကားတွေကို ကျွန်တော်က နားမလည်ပေမယ့် သူများတွေချက်ချင်း နားလည်သွားတာမျိုး ခဏခဏ ကြုံဖူးတယ်။
အိုင်ကျူနဲ့ ဆိုင်တဲ့ကိစ္စတွေ ထင်ပါရဲ့။ ကျွန်တော်ကတော့ အိုင်ကျူနိမ့်တယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အိုင်ကျူစာအုပ်ကို အကြိမ်ကြိမ်ဖတ်တယ်။ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိတော့တဲ့အထိ ဖတ်ခဲ့တာ။ ကျွန်တော် နားမလည်ခဲ့ဘူး။ ဒါ ငြင်းလို့မရတဲ့ ကျွန်တော့် အရှိတရားပဲ။ ဒီအရှိတရားကို ကျွန်တော် အကြိမ်ကြိမ် ငြင်းပယ်တယ်။ ကျွန်တော် အငြင်းသန်သူပါ။ ဒါပေမယ့် အရှိတရားကို ငြင်းလို့မရဘူးလို့ အသိမရှိနိုင်လောက်အောင် အိုင်ကျူနိမ့်နေတာကတော့ ကျွန်တော့်အပြစ်မဟုတ်ဘူး။ ရှိနေခြင်းရဲ့ အပြစ်ပဲ။ အိုင်ကျူဆိုတာ ရှိနေခြင်းနဲ့ ကျွန်တော်ဆိုတာ ရှိနေခြင်းရဲ့ အပြစ်။ ကျွန်တော်နဲ့ အိုင်ကျူနှစ်ခုတည်း ကျန်ခဲ့ရင် ကမ္ဘာကြီး ဘာကိုရွေးမှာလဲ။ ကျွန်တော့်ကိုလား။ အိုင်ကျူ့ကိုလား။ နားလည်ပေးတတ်တဲ့ အီးကျူကိုပဲ ကမ္ဘာကြီးက ရွေးသွားပါတယ်။ ရယ်ရတယ်။ ဘယ်အတတ်ပညာရှင်ကမှ အီးကျူကို အသိအမှတ်မပြုဘူး။ အိုင်ကျူလို တွက်ချက်တိုင်းတာလို့လည်း ရတာ မဟုတ်။ သူ့ကို တိုင်းတာလို့ မရတဲ့အပြင် အမျိုးအစား ဘယ်နှစ်ခုရယ်လို့လည်းတောင် ပြောလို့မရ။ မိန်းကလေးတယောက်ရဲ့ သူ့ချစ်သူအပေါ် ပြုမူတဲ့ အီးကျူအရပ်ရပ်နဲ့တောင် ခုထိ ကဗျာစပ်လို့ ကုန်သေးတာ မဟုတ်ဘူး။ ပြီးတော့ အီးကျူဆိုတာ ဖားတုလို့ ခရုခုန်တဲ့ ကိစ္စ။ အတတ်ပညာရှင်ကို သွားတုလို့မရဘူး။ အတတ်ဆိုတာကို နားလည်တယ် မဟုတ်လား။ အတတ်ပညာရှင် ဆိုတဲ့ ဝေါဟာရက အလကားသက်သက် မဟုတ်ဘူး။ တတ်တာ။ တတ်ကို တတ်တာ။ အီကျူ လား။ စီကျူ လာမယ်။ ကာချာလ်ကိုးရှင့်ကွာ။ ယဉ်ကျေးမှုကို အခြေခံသော အရည်အသွေး။ အိုင်ကျူပဲ မြင့်မြင့်။ အီးကျူပဲ ကောင်းကောင်း။ စီကျူအောက်ကပဲ သွားတယ်။ ဒီကာချာလ်က ယဉ်ကျေးမှုအဆင့်လောက်နဲ့ သွားတာမဟုတ်ဘူး။ အိုင်ဒင်တတီအဆင့်နဲ့သွားတာ။ လူတယောက်ဟာ သူ့ဖြစ်တည်မှု အတိုင်းအတာအတိုင်းပဲ အိုင်ကျူက လိုက်အလုပ်လုပ်ပေးနိုင်တယ်။ အီးကျူလည်း လိုက်ခံစားပေးနိုင်တယ်။ မပိုဘူး။ ပိုသွားရင် လူပိုဖြစ်မယ်။ ချွန်သွားရင် လူချွန်ဖြစ်မယ်။
စီကျူမှာ ဘုန်းကြီးကာချာလ်နဲ့ တွက်ကြည့်။ ဘုန်းကြီးဆိုတာက ဗုဒ္ဓဘာသာ ဘုန်းကြီးကို ရည်တယ်။ ဒီတော့ ဘုန်းကြီးဟာ ဗုဒ္ဓရဲ့ အယူဝါဒနောက် လိုက်ရပြီ။ ၂၂၇ သိက္ခာပုဒ်ကို လိုက်နာရပြီ။ ကိလေသာ ၁၀ ပါးကို ခေါင်းပါးအောင် ကျင့်ရပြီ။ ဗုဒ္ဓရဲ့ ဓမ္မကို ယုံကြည်သူပီပီ ရှေးဘုန်းကံအလျောက် သပ္ပါယဖြစ်တဲ့ ကျောင်းသင်္ခန်းမှာ သတင်းသုံးရပြီ။ ခြေသလုံးကို အားကိုးပြီး ဆွမ်းကိုရှာခြင်း၊ တလ လေးသီတင်း ဆံချခြင်း၊ ဝါဆိုလပြည့်ကျော် တရက်မှာ ဝါတွင်းသုံးလ ညအိပ်ခရီး မထွက်ပါဟု ဝါဆိုခြင်း၊ ဥပုသ်နေ့တိုင်း ဥပုသ်ပြုခြင်း၊ ရှင်သာမဏေငယ်တို့ကို စာဝါပို့ချခြင်း၊ ဗုဒ္ဓ၏ အယူဝါဒကို ယုံကြည်ကြတဲ့ တကာ တကာမတွေကို ဗုဒ္ဓ၏ အဆုံးအမများကို ဟောပြောပေးခြင်းစတာတွေနဲ့ ဒီဘုန်းကြီးက ပိတ်မိပြီ။ ဆိုတော့ ဘုန်းကြီးဆိုတဲ့ အိုင်ဒင်တတီအရ အိုင်ကျူဘယ်လောက်မြင့်မြင့် ဒီဘောင်ထဲကနေ ထွက်လို့မရဘူး။ အီးကျူ ဘယ်လောက် ကောင်းကောင်း ဝိနည်းသက္ခာပုဒ်တွေနဲ့ ထိန်းလိုက်ရပြီ။ ဒါ ဘုန်းကြီးဖြစ်ခြင်းဆိုတဲ့ ကာချာလ်တခုတည်းကိုပဲ တွက်ချက်ပြသေးတာ။ အဲဒီဘုန်းကြီးရဲ့ လူမျိုး။ နေထိုင်ကြီးပြင်းရာ ဒေသ၊ လက်ရှိ သီတင်းသုံးတဲ့ ဒေသ၊ ဒီဘုန်းကြီးကို သင်ကြားပြသပေးတဲ့ ဆရာများရဲ့ စရဏနဲ့ ဝိဇ္ဇာ။ ဒီဘုန်းကြီးရဲ့ အောင်မြင်တဲ့ လောကုတ္တရာစာမေးပွဲ ပညာအရည်အချင်း။ ခေတ်အရ ဘာသာစကားများ ကျွမ်းကျင်ပိုင်နိုင်မှု စတာတွေပါ ထည့်တွက်လိုက်တဲ့အခါ ဒီဘုန်းကြီးက အိုင်ကျူအရမ်းမြင့်တဲ့ ဘုန်းကြီးဖြစ်ခဲ့ရင်တောင် ဓမ္မကထိက၊ သို့မဟုတ် နာမည်ကျော် စာချအကျော်အမော်၊ ဒီ့ထက် နည်းနည်းပိုရင် ကျမ်းပြုဆရာတော်မှာပဲ အဆုံးသတ်မယ်။ ပြည်တွင်းသာမကဘဲ ပြည်ပအထိ ကျော်နိုင်ရင်လည်း ကျော်မယ်။ ကမ္ဘာပေါ်မှာ ဝိဿနာ တရားစခန်းပေါင်း ၂၁၂ ခုရှိတယ်။ မြန်မာမှာ ၂၃ ခုရှိတယ်။ ဘုန်းကြီးဆိုပေမယ့် ဘက်စုံမှာ တတ်ပြီး တိုးအောင် ပြုလုပ်နိုင်ရင် ဝိပဿနာ တရားစခန်းက နောက်ထပ် ဆယ်ခု အခု ၂၀ တိုးမယ်၊ ဒါပဲ။ ပြီးပြီ။ ဒီလောက်ပဲ။ ဒီတော့ ဘယ်အိုင်ကျူ၊ ဘာအီးကျူမှ စီကျူဆိုတဲ့တောင်ကို မကျော်ဘူး။
တကယ်တော့ အိုင်ကျူဆိုတာ ဉာဏ်အရည်အသွေး ဘယ်လောက်ရှိလဲ တိုင်းတာတာပဲ။ ၁၈ ရာစု ကုန်ခါနီးလောက်မှာ သိုးဆောင်းဆရာကြီး ဖရန့်စစ်ဂေါ်တွန်ဆိုတဲ့သူ စဉ်းစားခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ လက်နက်တခု အဖြစ်သုံးမလို့ပဲ။ သူတို့က အိုင်ကျူအနိမ့်အမြင့်ပေါ်မူတည်ပြီး မြေပြင်ကိစ္စတွေကို ဖြေရှင်းနိုင်မယ်ထင်လို့ လုပ်ခဲ့ကြတာ။ သူတို့ ဖြေရှင်းကြပုံကိုလည်း ကြည့်လိုက်ဦး။ လူတယောက်မှာ အိုင်ကျူဟာ ၁၄၀ နဲ့အထက် ၂၅၀ ထိရှိရင် ဉာဏ်ကြီးရှင်။ ပျဉ်းမျှတော့ ၁၀၀ ဝန်းကျင်ဆို ရပြီ။ ၁၃၀ ဆို စီအီးအိုလုပ်သင့်တယ်။ ၁၁၄ ဆိုရင် မန်နေဂျာလုပ်။ ၁၀၆ အောက်ဆိုရင် အရောင်းစာရေး။ စသဖြင့် မထော်မနန်းတွေ လျှောက် ဇယားချပစ်ကြတာပဲ။ ဒါကို သရော်ချင်လို့ အီးကျူးဆိုတာ ရှိသေးတယ်လို့ အနုပညာသမားဘက်က ချပြလိုက်တာ။ ပညာရှင်ဆိုသူတွေက ဒါလောက်ရှိလှကွာဆိုပြီး စီကျူဆိုတာကြီး ထထုတ်ပြတာ။ ကျူဆိုတဲ့ ကိုးရှင့်တွေ အခုဆို ၁၀+ ဖြစ်နေပြီ။ ဘယ်သူမှလည်း အဖက်မလုပ်ကြတော့ဘူး။ အဲတုန်းက အဲလိုဖြစ်ရတာကလည်း ပညာဆိုတာကြီး စခေတ်စားလာတာကိုး။ ပညာခေတ်မှာ ပညာအပေါ် စမ်းကြည့်ကြတာပေါ့။ ဒီပညာက နောလစ်ဆိုတဲ့ ပညာကို ပြောတာ။ စက်မှုတော်လှန်ရေးရဲ့ အကျိုးဆက်တွေ။ စာတတ်အောင်သင်၊ အစိုးရရဲ့ ယန္တရားတခုခုထဲ ခွေးသွားစိပ်ဝင်လုပ်။ ဒါဘဝ” ဆိုတဲ့ အတိတ်ဆိုးကြီးခေတ်။ ဒီနေ့မှာ အဲဒါတွေ မရှိတော့ဘူး။ ၉/၁၁ နဲ့အတူ အဲဒါတွေ ပြီးသွားပြီ။ အခု ပညာကို စီမံခန့်ခွဲတဲ့ခေတ်။ အာဏာရှင်လက်အောက် နိုင်ငံကလူတွေတော့ ဒါတွေ မသိနိုင်ကြဘူး။ နားလည်း မလည်နိုင်ကြဘူး။ ဘာလို့ဆို ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ လူတဦးချင်းစီရဲ့ မလုံခြုံမှု၊ အချိန်မရေး ဖမ်းဆီးနှိပ်စက်ခံရမှု၊ ကျွန်ပညာရေးကိုပဲ ဆက်လက်သင်ကြားနေရမှုတွေကြောင့်ပဲ။ အာရှမှာတော့ မြောက်ကိုးရီးယား၊ မြန်မာနဲ့ ဆီးရီးယားနိုင်ငံပေါ့။ အကုန်အပိတ်ခံထားရတယ်။ မိုင် မြန်မာလို့ အိုဘားမားစကားကို သရော်ခဲ့ကြသေးတဲ့ အချိန်မှာတော့ စီးပွားရေးတော့ စပွင့်တော့မယ်လို့ ထင်ခဲ့သေးတယ်။ စာအုပ်စိမ်းကြီးနဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေဆိုတာကြီးက ဘယ်သူ့ကောင်းကျိုးမှ မရှိအောင် ဖြစ်နေလို့ နတ်လိုပဲ အနံ့ပဲ ရှူလိုက်ကြရဖူးလိုက်တယ်။ အမှားကို အမှားမှန်း မသိကြတဲ့ ဒီသုံးနိုင်ငံကလူတွေဟာ လွတ်လပ်ခြင်းဆိုတဲ့ တန်ဖိုးနဲ့ လွတ်လပ်ခြင်းဆိုတဲ့ အစွမ်းကို တခါမှလည်း မရဖူးတော့ ဓားစင်္ကြာနဲ့ ပန်းသရဖူ မခွဲတတ်တော့သလိုတွေပါပဲ။ ဒီသုံးနိုင်ငံက ခေါင်းဆောင် အဆက်ဆက်ဟာ နိုင်ငံသားတဦးချင်းစီရဲ့ လွတ်လပ်မှုအမျိုးမျိုးကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး အုပ်ချုပ်တဲ့စနစ်ကိုလည်း သည်နိုင်ငံနဲ့ သင့်တယ်လို့ ယုံအောင်ပြောထား သင်ထားတယ်။ လူတွေကလည်း အသားလည်းကျနေပြီမင့်ကိုး။ တရုတ်ကတော့ ရှီလက်ထက်နဲ့ ရုရှားကတော့ ပူတင်လက်ထက်တို့မှာ အယောင်ဆောင်ထားတယ်လို့ ဆိုပေမယ့် ဒီမိုကရေစီရဲ့ တန်ဖိုးနဲ့ အစွမ်းကို ပြည်သူတွေ သိခွင့်ရခဲ့တယ်။ အခုတော့ သူတို့နှစ်ယောက်လည်း လမ်းဟောင်း ပြန်လျှောက်ကြဖို့ တာစူနေကြပြီ။ လူ့ယဉ်ကျေးမှုရဲ့ နိဂုံးလို့ တင်စားကြတဲ့ ထရမ့်ရဲ့ ပရမ်းပတာ လုပ်ရပ်တွေကြောင့်ပါပဲ။ ဒါပေမယ့် လူတွေဟာ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ မမီဘူးဆိုတဲ့ ရှေးရိုးစွဲတွေ များတော့ ကမ္ဘာကြီးဟာ စောင်ကို ခေါင်းမြီးခြုံလို့ ဖျားနာရဦးမယ် ထင်ရဲ့။
ကမ္ဘာကြီးက ကျွန်တော့်ကိုရော အိုင်ကျူကိုရော မရွေးမှတော့ ကော်ဖီကိစ္စကိုပဲ ပြန်ဆက်ကြတာပေါ့။ ကော်ဖီမျိုးစေ့ကို ယူလာကြသူတွေက ကိုလိုနီ၊ နယ်ချဲ့၊ နေမဝင်အင်ပါယာရဲ့ ဝန်ထမ်းတွေလို့ မပြောချင်ဘူးဆိုရင် ပေါ်တူဂီကို စဉ်းစားမလား။ ပုဂံခေတ်မှာ ကော်ဖီမပေါ်သေးဘူး။ ဖီးလစ်ဒီဘရီတိုနဲ့ နတ်သျှင်နောင်တို့ တောင်ငူခေတ်တောင် ကော်ဖီအကြောင်း ပါဖူးတာ မဟုတ်ဘူး။ ကိုလိုနီခေတ်မှာ မောရစ်ကောလစ်တယောက် မြန်မာပြည်ထဲ လျှောက်သွားတော့ ကော်ဖီနဲ့ ဧည့်ခံတယ်လို့ ပါနေပြီ။ ဦးနောကိုပဲ စဉ်းစားစရာ ရှိတော့တယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ခရိယာန်ဘာသာဝင်ကြီး ဦးနော။ ဟုတ်တယ် သာသနာပြုအဖွဲ့။ မြန်မာနိုင်ငံကို ကော်ဖီသယ်လာခဲ့သူတွေက သာသနာပြုတွေပါ။ ကော်ဖီကို ၁၈၈၅ ခုနှစ်မှာမှ ခရိယာန်သာသနာပြုအဖွဲ့က တနင်္သာရီမှာ စစိုက်ခဲ့တယ်။ ၁၈၈၅ ဆိုတော့ ကြည့်ရတာ သီပေါနဲ့ ကော်ဖီပျိုးပင် အလဲခံလိုက်ရပုံပဲ။ သီပေါပြောလို့ ဒိုင်းခင်ခင်ကို သတိတရ ရှိမိတယ်။ ဟို စကားပြောတတ်တဲ့ မြွေက စားခိုင်းတဲ့ ပန်းသီးကိစ္စကတည်းက အချစ်ဟာ သူဝင်ပူးလိုက်တဲ့ သူတိုင်းကို ဒုက္ခလိုက်ပေးနေပုံပဲ။ ဒိုင်းခင်ခင်ခမျာမှာ ကိုယ်လေးလက်ဝန် အရင့်အမာကြီးနဲ့ ကွပ်မျက်ခံလိုက်ရတယ်။ မင်းကို စုဖုရားလတ်က တခုခုလုပ်တာနဲ့ မောင် နန်းတော်ကဆင်းမယ်ဆိုတဲ့ သီပေါလည်း တချက်ကလေးတောင် ငဲ့မကြည့်ဘူး။ ကိုယ်ဝန်ရှိပြီဆိုတော့ ဒိုင်းခင်ခင့်အသက်က ၁၈ နှစ်ပဲ ရှိဦးမှာ။ စုဖုရားလတ် အသက်က ၂၂ နှစ်။ ဟူးရာညိုပြာတွေကလည်း ဒိုင်းခင်ခင့်သားကို နောက်တက်မယ့် ဘုရင်ဘာညာ လျှာသွားရှည်သကိုး။ ဘာတဲ့ အချစ်ကြီးသူ စုဖုရားလတ်။ အသက်စွန့်ချစ်သွားသူ ဒိုင်းခင်ခင် ဟုတ်လား။ တော်ရုံရေးကြကွာ။ အချစ်ကြီးရင် သူ့ညီမနဲ့ သီပေါကို လက်ထပ်ခိုင်းမနေဘူး။ ဒိုင်းခင်ခင်ကို ကွပ်မျက်တဲ့ အကြောင်းကတော့ စုဖုရားလတ်ဟာ တလင်တမယား စနစ်ကို ကြိုက်လို့ဆိုပြီး ဥပဒေထုတ်သတ်တာ။ တလင်တမယား စနစ်ကြောင့်သာ သတ်ရတာဆိုရင် စုဖုရားလတ်က မယားသုံးယောက်ထဲက ဒုတိယမယားပြိုင်။ ဒါနဲ့ မြှောက်တုန်းက မြောက်ပေးပြီး အကွပ်မျက်ခံရချိန်ကျ ဘိုးတော်မင်းတရားကြီးရဲ့သား စာဆိုတော် အချောအခန့်လေး မောင်ဖေငယ်ဆိုသူ ဘာလုပ်နေသတဲ့တုန်း။ စာဆိုတော်တွေ စာရေးဆရာတွေဆိုတာ ငပျော့တွေပဲ။ စုဖုရားလတ် ဒိုင်းခင်ခင်ကို သတ်တဲ့အကြောင်းက ဘာမှ မဟုတ်ဘူး။ အာဏာမက်လို့ သတ်တာ။ နန်းစတက်ကတည်းက သံသယရှိသူ သင်္ကာမကင်းသူ အကုန်သတ်တာ။ ပြီးတော့ ညီနောင် ၈၂ ယောက်ကို သတ်ပစ်တာ။ ကုန်းဘောင်ခေတ်သမိုင်းကို ရေးဆွဲခဲ့တဲ့ ဆင်ဖြူမရှင်က အာဏာအရသာကို သိပြီး သမီးဖြစ်သူကို အာဏာအကြောင်း လက်ဆင့်ကမ်းလိုက်တယ်။ စုဖုရားလတ်ကလည်း သွေးကစကားပြောပြီးသားဆိုတော့ ပြီးကရော။ အာဏာဆိုတာ လုတတ်ရင် ရတယ်ဆိုတာမျိုးကို စုဖုရားလတ်ကပဲ သင်ပေးခဲ့တယ် ထင်တယ်။ အာဏာရှင်အပေါင်းကို ကိုးကွယ်ချင်နေတဲ့သူတွေ စုဖုရားလတ်ကိုလည်း ဘုရားစင်ပေါ် တင်ထားသင့်တာပေါ့။ မဟုတ်ရင် ခွဲခြားခွဲခြားနဲ့။ တလင်တမယားစနစ်ကို ကြိုက်နှစ်သက်သူတွေလည်း စုဖုရားလတ်ကို ဂါရဝအမြဲပြုသင့်တယ်။ မြန်မာရာဇဝင်မှာတော့ တလင်တမယားစနစ်ကို ဥပဒေတွေနဲ့ စကြေငြာခဲ့သူက စုဖုရားလတ်ပဲ။ အနောက်မှာတော့ အေဒီ ၁၀၀၀ လောက်ကတည်းက တလင်တမလားစနစ်က ရှိပြီးသားတဲ့။ ဘာလို့ဆို လက်ထပ်တယ်ဆိုတဲ့ကိစ္စမှာ လူသုံးယောက်လုပ်လို့ မရလို့ပါတဲ့။ တရုတ်ကတော့ အဲဒီစနစ်ဟာ ကျန်းမာရေးနဲ့ စီးပွားရေးကို ထိခိုက်တယ်ဆိုပြီး ဖျက်လိုက်တာ မကြာသေးဘူး ထင်တယ်။ သီပေါက ရတနာပုံမှာနေတုန်း ကော်ဖီတွေ ဘာတွေ သောက်သွားဖူးသေးလား မသိဘူး။ ၅၈ နှစ်မှာ ဆီးချိုနဲ့ နတ်ရွာစံတယ်ဆိုတော့ ဟိုရောက်မှ ကော်ဖီသောက်ရပုံပဲ။ ခါးတယ် သကြားများများထည့်လို့ လုပ်ခဲ့ပုံရတယ်။ ခက်တာက သူနဲ့ ကော်ဖီပျိုးပင် အလဲခံလိုက်ရတာ သိမသွားရှာဘူး။ သိများ သိခဲ့ရင် ဆီးချိုရောဂါ ဖြစ်ချင်မှ ဖြစ်မှာ။
ရာဇဝင်တွေ သမိုင်းတွေဆိုတာ အရင်ခေတ်က လူတွေရဲ့ ကောင်းကွက်တွေကို ကြံဖန်ရှာဖွေရေးကြတဲ့ စာပေတမျိုးတဲ့။ ညံ့ဖျင်းကြောင်း ပါးပါးကလေးထည့်တတ်ပေမယ့် ဆိုးယုတ်မှုကို ဘယ်တော့မှ မထည့်ကြဘူးတဲ့။ ဒါကြောင့် နောင်နှစ်တရာမှာ ကိုယ့်နာမည်နဲ့ ကလေးတွေကို ဒုက္ခပေးချင်ရင် ကောင်းကောင်းနေကြ။ ကလေးတွေကို စိတ်ချမ်းသာစေချင်ရင် အခုအချိန်မှာ အဆုံးစွန် မိုက်ကန်းပစ်။ လူတွေက လူတယောက်ကို လူတစုကို နိုင်ငံတနိုင်ငံကို ငရဲထဲထိုးထည့်လိုက်သူကို မှတ်တမ်းမတင်ဘူး။ ငရဲကနေ ကယ်တဲ့သူကိုပဲ မှတ်တမ်းတင်တာ တဲ့။ ဒါက တကယ့်သမိုင်းပညာရှင်တယောက်ရဲ့ သမိုင်းစကားပဲ။ ဘယ်သမိုင်းက “အဘယ်သို့သော အကြောင်းကြောင့် ထိုနိုင်ငံများအား ကျွန်ပြုခဲ့ရလေ၏” လို့ရေးခဲ့ဖူးလို့လဲ။ ကြိုက်တဲ့ နိုင်ငံရဲ့ သမိုင်းကိုကြည့်ပါ။ ဌာနေတိုင်းရင်းသားများကို စိတ်တိုင်းကျ သတ်ဖြတ်ကာ နယ်မြေလုပြီး ကျွန်ုပ်တို့ အမေရိကန်နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည်လို့ ဘယ်သမိုင်းစာအုပ်က ရေးလို့လဲ။ ဂရိအင်ပါယာ တည်ထောင်ခဲ့တဲ့ ဘီစီ ၁၅၅၀ က သမိုင်းကို ဘယ်သူ ကောင်းကောင်းဖတ်ဖူးခဲ့သလဲ။ ဂရိတို့ ဘယ်လို ကိုလိုနီပြုခဲ့သလဲလို့ ဘယ်တော့မှ မရေးခဲ့ကြဘူး။ ဆော့ခရတ္တိအဆိပ်သောက်တာကိုပဲ ရေးကြတာ။ ကျွန်ုပ်တို့မှ ၎င်းတို့အား ကျွန်ပြု၍ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးနိုင်ခဲ့ခြင်း၊ စီးပွားရေးများ ကမောက်ကမဖြစ်ကျန်ရစ်အောင် ပြုလုပ်နိုင်ခဲ့ခြင်း၊ လူမျိုးရေးအချင်းချင်း ပြိုင်ဆိုင်စေရန် မညီမျှသော အခွင့်အရေးများ လွှဲထားနိုင်ခဲ့ခြင်း၊ လူ့အခွင့်အရေးများ စိတ်တိုင်းကျ ချိုးဖောက်ခဲ့ပြီးနောက် ထိုအကျင့်များအား လက်ဆင့်ကမ်းနိုင်ခဲ့ခြင်း၊ ရောဂါဘယမျိုးစုံ ချန်ထားနိုင်ခဲ့ခြင်း၊ အုပ်ချုပ်ရေး၊ စီးပွားရေးတို့နှင့် ပတ်သက်သောပညာများ လုံးဝမသင်ကြားပဲ ဘုန်းတော်ဘွဲ့ပညာရေးကိုသာ ကန့်သတ်၍ သင်ကြားထားရှိ နိုင်ခဲ့ခြင်း၊ ကြွေးမြီသံသရာထဲ နစ်ထားနိုင်ခဲ့ခြင်း၊ ဘာသာရေးနှင့် လူမျိုးပဋိပက္ခမျိုးစုံအောင် ဖန်တီးနိုင်ခဲ့ခြင်းစသည့် အမွှေအနှစ်များစွဲရစ်နေအောင် နှစ်တရာဝန်းကျင် အုပ်ချုပ်ခဲ့လေသည်” လို့ ဗြိတိသျှတွေ ရေးသလား။ ဒါကြောင့် သမိုင်းဆိုတာ အကြံအဖန်စာပေဆိုတာကို သဘောကျတာ။ ကျွန်တော်ကတော့ အဲသမိုင်းဆရာပြောတဲ့ စကားကို အကြွင်းမဲ့ ယုံတယ်။ လက်ခံတယ်လို့ပြောတာ မဟုတ်ဘူးနော်။ ယုံတယ်လို့ ပြောတာ။ ယုံတာတောင် ရိုးရိုး ယုံတာ မဟုတ်ဘူး။ အကြွင်းမဲ့ယုံတာ။ မှော်ပီဆရာသိန်းကတော့ ရာဇဝင်လေးမျိုုးရှိတယ်။ ၁ ကမ္ပည်းတွေကြည့်ပြီးရေးတဲ့ ရာဇဝင်။ ၂ မင်းစိုးရာဇာတွေ ရေးခိုင်းတဲ့အတိုင်း ရေးတဲ့ ရာဇဝင်။ ၃ သဘင်သည်တွေပြောတဲ့ ရာဇဝင်နဲ့ ၄ ပါးစပ်ရာဇဝင်လို့ လေးမျိုးဆိုထားတယ်။ ကမ္ပည်းတွေကြည့်ပြီးရေးတဲ့ ရာဇဝင်မျိုးက သုတေသနသေချာလုပ်ပြီး ရေးရတာမို့ မှန်နိုင်တယ်။ မင်းစိုးရာဇာတွေ ရေးခိုင်းလို့ ရေးတဲ့ ရဇာဝင်ကျတော့ သူတို့အကြိုက်လိုက်ရေးရမှာပဲ။ သဘင်သည်ကတော့ ဇာတ်လမ်းနဲ့ ကိုက်ညီအောင် ဇာတ်ကွက်တွေဆင်တဲ့အပြင် အလွမ်းအဆွေးတွေ ပိုထည့်ကြမယ်။ ပါးစပ်ရာဇဝင်ကတော့ လိုတာထက်ပိုပြောကြလိမ့်မယ်လို့ ထပ်ဖွင့်တယ်။ ဒီအကြောင်းတွေ ပြောနေရင်း သူက စကားတခွန်းထည့်ပြောတယ်။ ရာဇဝင်တွေက ဘုရားဟောမှ မဟုတ်တာ။ အကုန်အစင် ဘယ်မှန်နိုင်ပါ့မလဲ တဲ့။ ပြီးတော့ ကုန်းဘောင်ရာဇဝင်ကို သူပြောခဲ့တဲ့ စကားတခွန်းရှိသေးတယ်။ ပြောကြတာနဲ့ အထောက်အထားနဲ့ ကွဲလွဲတာများလွန်းတယ်။ သို့သော် ရွှေနှလုံးတော်နဲ့ မွေ့လျော်အောင်သာ ရေးကြသူတွေများတယ်လို့ ဆိုထားတယ်။ အဲဒါကြောင့်လည်း သီပေါဘုရင်ဆိုတဲ့ လူကြီး ကော်ဖီကို သကြားအများကြီး ထည့်သောက်မိလို့ ဆီးချိုဖြစ်တာလို့ ရေးလိုက်တာ။ မှန်ချင်မှန်နေမှာ။
ဆီးချိုဖြစ်တာ သကြားကြောင့်လည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ ဒီ ၂၀၂၂ မှာတောင် အိုအာဂျီဝက်ဆိုက် တခုက ဆီချိုဖြစ်ရသည့်အကြောင်းအရင်း အဓိကအချက်ကို မသိရသေးပါဆိုတော့ ကျွန်တော်က ဘယ်လိုလုပ် သိမှာတုန်း။ ဘာဖြစ်ဖြစ် သီပေါတယောက်တော့ အဲရောက်ရင် ကော်ဖီသောက်မှာပဲ။ ဘုန်းကြီးလူထွက်ဆိုတော့ မိစ္ဆာတွေရဲ့ အစားအစာကို မစားဘူး မသောက်ဘူးလို့ လုပ်ရင်လည်း လုပ်ရင်လုပ်နေမှာပေါ့လေ။ သို့သော် သူ့ကို ဘိုစာသင်ပေးတဲ့ ဆရာတယောက်က ရေဖျန်းခရိယာန်ဘုန်းကြီးထင်တယ်။ ဆရာမှတ်ကြီးတဲ့။ သူတို့က ဂွန်အက်ဗင်နီဇာမတ်ကို ခေါ်ခဲ့ကြပုံ။ ဒီတော့ သီပေါရဲ့အယူအတွေး ဘယ်သို့ရှိမယ်တော့ မဟောတတ်ဘူး။ ဒါပေမယ့် သီပေါတယောက် ရတနာဂီရိကိုရောက်တာနဲ့ အောက်ပြည်ဘက်မှာ ကော်ဖီစစိုက်တာပဲ။ အဲတုန်းက ကော်ဖီဈေးကွက်က စပေါ်ခါစပဲ ရှိသေးတာ။ ကော်ဖီကို ရေထဲပျော်ဝင်တဲ့အထိ အမုန့်ကြိတ်ထားတဲ့ စနစ်ကို စတွေ့ပြီး အဲဒီကော်ဖီမုန့်ကို ဘာဖြစ်ဖြစ် အစဆုံးအဖြစ်ကို စလုပ်ပေးတတ်တဲ့ ဘော်စတွန်မြို့က သံဗူးနဲ့ထည့်တဲ့စနစ်ကို စတင်ပြီး ဖြန့်ချီတဲ့ အလုပ်ကို စလုပ်ခဲ့တယ်။ အက်ပရက်ဆို စနစ်ကို ၁၉၀၁ မှာ စတွေ့ပြီ။ လူတွေ ကော်ဖီသောက်ချိန် နည်းအောင်လုပ်ဖို့လို့ Luigi ဆိုသူက ရည်ပြီးထွင်တာ။ သူ့စကားမှာ ကော်ဖီသောက်ချိန် နည်းအောင်ဆိုတဲ့ စကားပါတယ်။ ဒီတော့ အဲချိန် အနောက်ကလူတွေ ကော်ဖီတော်တော်ကလေး သောက်နေပြီ ကော်ဖီသောက်ချိန်ကိုလည်း အတော်ယူကြတယ်ဆိုတာလို့တော့ ကောက်ယူကြည့်လို့ ရတာပေါ့။ အက်ပရက်ဆိုတာကို espresso လို့ ဘိုလိုရေးမှ ဖြစ်မယ်။ ကျွန်တော်က အင်္ဂလိပ်လို မပြောနဲ့။ ဗမာလိုတောင် ပီအောင် ပြောနိုင်တာ မဟုတ်ဘူး။ မန္တလေး ၄၁ လမ်း သင်္ဂဇာချောင်းဘေးမီးသတ်နားက လက်ဘက်ရည်ဆိုင်မှာ ဘာသောက်မလဲမေးတော့ ကော်ဖီလို့ပြောလိုက်တာ တဆိုင်လုံးနားမလည်ဘူးဖြစ်ခဲ့ဖူးတယ်။ ကော်ဖီလို့ပြောတာ နားမလည်လို့ ဗမာဇာတ်ကားတွေထဲက ပြောသလို ကာဖီလို့ပြောကြည့်သေးတယ်။ အဲဒါလည်း နားမလည်ဘူး။ အဲဒါနဲ့ စာရွက်တောင်းပြီး စာရေးပြရတယ်။ ကျွန်တော့်မှာ တသက်လုံး ဗမာစကားပြောလာခဲ့တာ ဘယ့်နှယ် ဒီဆိုင်က ငါ့ဗမာစကားကို နားမလည်တာပါလိမ့်လို့ စဉ်းစားလို့မရသေးတာ ခုထိပဲ။
ကော်ဖီထဲမှာ ကျွန်တော်ကတော့ espresso ကိုပိုကြိုက်တယ်။ တော်ကြီးမြို့ အရှေ့မြို့ပတ်လမ်း ဘာဂါဟောက်ရဲ့ တောင်ဘက်နဲ့ အိုင်အယ်ဘီစီရဲ့မြောက်ဘက်ကြားထဲမှာ ကော်ဖီဆိုင် တဆိုင်ရှိခဲ့ဖူးတယ်ထင်တယ်။ အခုရှိသေးလားတော့ မသိဘူး။ သူတို့ရပ်ကွက်က သစ်တောရပ်ကွက်။ တောင်ကြီးမြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်ဆိုပါတော့။ ဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ နိုင်ငံတကာက အန်ဂျီအိုရုံးတွေအခြေချတဲ့နေရာ။ အန်ဂျီအိုရုံးကို သွားရင်း စောနေသေးတာနဲ့ အဲဒီကော်ဖီဆိုင်ကို တခြားဆရာတယောက်နဲ့ ဝင်သောက်တယ်။ ဆိုင်က ကလေးမလေးကတော့ သတိပေးရှာတယ်။ အရှင်ဘုရား အက်ပရက်ဆိုက အရမ်းခါးတယ်နော် တဲ့။ အင်း ရပါတယ်။ သောက်ကြည့်မယ်လေလို့ ပြောလိုက်တယ်။ အတူပါလာတဲ့ဆရာကို သောက်ကြည့်ပါလားဆိုပြီး ဇွန်းဖျားလေနဲ့ ခပ်ပေးလိုက်တယ်။ သူက အရှင်ဘုရားဟာကလည်း ကြက်ဟင်းခါးသီးကို အရည်ညစ်ပြီး သုံးခွက်တခွက်တင် ကျိုသောက်လိုက်ရင်လည်း ဖြစ်တဲ့ဟာပဲ တဲ့။ အက်ပရက်ဆိုသောက်ချင်လို့ ဆိုင်မရှိရင် အဲလိုလုပ်ကြည့်ဖို့တော့ စဉ်းစားထားတယ်။ တချို့က နက်ကော်ဖီဗူးထဲက ကော်ဖီတွေကလည်း အက်ပရက်ဆိုပဲ အရှင်ဘုရား၊ ရေနွေးနည်းနည်းနဲ့ ဘာမှ မထည့်ပဲ သောက်ကြည့်လို့ တယောက်ကပြောဖူးလို့ သောက်ကြည့်ဖူးတယ်။ မီးတူးနံ့တော့ နံသလိုလိုပဲ။ တောင်ကြီးမှာ သောက်တုန်းက ဆောင်းတွင်း။ တောင်ကြီးမှာ အေးတယ်ဆိုတဲ့ ရပ်ကွက်ကလည်း သစ်တောရပ်ကွက်ဖြစ်နေလို့လား မသိဘူး။ သောက်လို့ မကောင်းဘူး။ ဒါနဲ့ တောင်ကြီးမှာ အရသာမတွေ့လို့ မန္တလေးရောက်တုန်း သွားသောက်ကြည့်သေးတယ်။ မန္တလေးကျတော့ ကောင်းနေပြန်ရော။ ခေတ်စကားနဲ့ ပြောရင် ထိတယ်ပေါ့။ အရမ်းအေးရင်တော့ အက်ပရက်ဆို မသောက်သင့်ဘူးထင်တယ်။ အေးချမ်းတဲ့ ရာသီဥတုမှာ ကပ်ပချီနိုဆိုတဲ့ cappuccino ကိုပဲ သောက်သင့်တယ်ထင်တယ်။ တခါမှတော့ မသောက်ဖူးဘူး။ ကပ်ပချီနိုဆိုတဲ့ ကော်ဖီဖြစ်လာတဲ့အကြောင်းအရင်းကတော့ ဒီလိုရှိတယ်။ ဗီယင်နာဆီ ကြွလာတဲ့ ဘုန်းတော်ကြီးတပါးကို ပုပ်ဆရာတော်ကြီးက ကော်ဖီတခွက်နဲ့ ဧည့်ခံထားတော့ အဲဘုန်းကြီးက ခါးလိုက်တာ ချိုအောင် တခုခုလုပ်ပေးပါဦးလို့ ပြောတယ်။ ဒါနဲ့ ကော်ဖီလာချပေးတဲ့ စားပွဲထိုးက နွားနို့ထည့်ပေးလိုက်တယ်။ သကြားမထည့်လိုက်လို့ သကြားများထည့်ရင် ဆီချိုရောဂါဖြစ်နေပြီလား မသိဘူး။ ဘုန်းကြီးက ကြိုက်သွားပြီး ဟာလေလုယာလုပ်တော့ စားပွဲထိုးက Kapuziner လို့အော်တယ်။ ဒါနဲ့ ကပ်ပချီနိုဖြစ်သွားတယ်လို့ဆိုတယ်။ အဲဒီခုနှစ်က ၁၆၈၃ ခုနှစ်ဆိုတော့ ကပ်ပချီနိုက အက်ပရက်ဆိုထက် အရင်ပေါ်ခဲ့တယ်။ တချို့ကလည်း ကော်ဖီထဲ နွားနို့ထည့်လိုက်တာ Capuchin ဝတ်စုံနဲ့တူလို့ Cappuccino လို့ခေါ်တယ်လို့လည်း ပြောကြပါတယ်။ Capuchin ဝတ်စုံဆိုတာက သာသနာပြုဘုန်းကြီးတွေက ဆင်းရဲနွမ်းပါးတဲ့သူတွေကို ပေးတဲ့ အင်္ကျီပါ။ အနက်ရောင်မပီတပီမှာ ဖြူညစ်ညစ်အတန်းလေးတတန်းပါတဲ့ အင်္ကျီအမျိုးအစား။ အာဖရိကက ကလေးတွေကိုပေးတဲ့အင်္ကျီပဲ။ အဲ အင်္ကျီနဲ့တူလို့ ကပ်ပချီနိုလို့ ခေါ်လိုက်ကြတာတဲ့။ ဒါလည်း ၁၆ ရာစုဝန်းကျင် လို့ဆိုပါတယ်။ နောက်ထပ် ကပ်ပချီနိုလို့ခေါ်ရတဲ့ အကြောင်းတွေ ရှိသေးတယ်။ သမိုင်းဆိုတာ အဲလိုပဲ။ ထင်သလိုဖော်ကြတာပေါ့။ ကော်ဖီနဲ့ပတ်သက်ပြီး တခြား ဘာအမျိုးအစားတွေ ရှိသေးလဲ ကျွန်တော်လည်း မသိဘူး။ ကျွန်တော် သိတာက သင်တန်းတွေတက်ရင် ကော်ဖီအလကားသောက်လို့ရတာပဲ သိတယ်။ ကိုယ်ဖျော်ကိုယ်သောက်ဆိုတော့ မကောင်းဘူးပေါ့။
ကော်ဖီကတော့ ခရစ်သက္ကရာဇ် ၈၅၀ မှာ ပေါ်ခဲ့တယ်တဲ့။ သမိုင်းအမျိုးမျိုးရှိတဲ့အထဲ သမိုင်းတခုကို ပြောကြည့်မယ်။ တချို့သမိုင်းမှာ ၈၅၀ ခုနှစ်မဟုတ်ပါဘူး။ အခုကတော့ ၈၅၀ ကသမိုင်းကို ပြောပါ့မယ်။ ဆိတ်ကျောင်းသားတွေက သူတို့ဆိတ်တွေ အဲဒီအသီးနီနီကိုစားပြီး မြူးကြတယ်လို့ ကော်ဖီသီးကို ခူးပြီး မက္ကာထဲပြေးဝင် အီမာမ် (အစ္စလာမ်ဘုန်းကြီး)ကို သွားပြတယ်။ ဒါဟာ မာရ်နတ်ရဲ့ အသီးတွေဖြစ်မှာပဲဆိုပြီး အီမာမ်က မီးဖိုထဲ ပစ်ထည့်လိုက်တယ်။ ဒီအီမာမ်ကို တော်တော်ကျေးဇူးတင်ရမယ်။ တကျောင်းလုံး ကော်ဖီနံ့သင်းသွားတယ်။ ကော်ဖီနံ့ကိုရတဲ့ တခြားအီမာမ်ငယ်တွေကလည်း စိတ်တွေလန်းလာကြတယ်။ ဒါနဲ့ ကော်ဖီဆိုတာ စလာတာပါပဲ။ အီသီယိုးပီးယားကတော့ ဒီမတိုင်ခင်ကတည်းက မီးဖုတ်ပြီး အရက်မြည်းလုပ်ကြတယ်လို့ ဆိုကြပါတယ်။ အာရပ်ကုန်သည်တွေက အီသီယိုးပီးယားကနေ ယီမင်နိုင်ငံမှာ ပထမဦးဆုံး ပြန်စိုက်ပျိုးခြင်းကနေ ကော်ဖီက ကမ္ဘာကြီးဆီ ခရီးထွက်ခဲ့တယ်လို့ ဆိုကြပါတယ်။ သူတို့စကားနဲ့ kaffa လို့ခေါ်ရင်းကနေ အင်္ဂလိပ်တွေလက်ထဲရောက်တော့ ကော်ဖီဖြစ်သွားတာ။
ကော်ဖီနဲ့ပတ်သက်ရင်တော့ ဘရာဇီးလ်နိုင်ငံက စစ်ဗိုလ်ချုပ်ကြီးရဲ့ သတ္တိကို ချီးကျူးရမှာပဲ။ ၁၇၂၇ မှာ စိုက်ပျိုးမြေအကုန်လုံးကို တခြားဘာမှ မစိုက်ပျိုးတော့ဘဲ ကော်ဖီတမျိုးတည်းကိုပဲ စိုက်ပျိုးလိုက်တယ်။ အခုဆို အမေရိကဆီ ကော်ဖီတင်ပို့မှု ၉၇ ရာခိုင်နှုန်းကို သူတို့က ပိုင်ဆိုင်ထားတယ်လို့ဆိုတယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဘယ်လိုပြောပြော ကော်ဖီဟာ အနောက်နိုင်ငံမှာ တော်တော်လေး ခေတ်စားခဲ့ပုံရတယ်။ သူတို့က ရေပြီးရင် အသောက်အများဆုံးက ကော်ဖီလို့ဆိုကြတယ်။ ပျဉ်းမျှ လူတယောက်ဟာ တရက်ကို ကော်ဖီသုံးခွက်လောက်တောင် သောက်တာတဲ့။ ကျွန်တော်က မဂ္ဂဇင်းမှာပါတဲ့ မင်းသမီးလှလှပုံလေး ကြည့်ချင်လို့ မဂ္ဂဇင်းကို ငှါးငှါးဖတ်ရင်း နှလုံးရောဂါရှိသူများ ကော်ဖီမသောက်သင့်လို့ ၁၉၉၃ ဝန်းကျင်လောက်မှာ တခါတွေ့လိုက်တယ်။ အဲတုန်းက ကော်ဖီကို သိပ်မသောက်သေးဘူး။ သောက်ချင်လည်း ကျွန်တော်နေတဲ့ ညောင်ရွှေမြို့မှာ ဘုန်းကြီးတွေ လက်ဘက်ရည်ဆိုင်ထိုင်တဲ့အကျင့် မရှိသေးဘူး။ အဲဒီခုနှစ်ဝန်းကျင်က ညောင်ရွှေမြို့ဟာ ဘုန်းကြီးရဟန်းတွေကို အတော်ကြည်ညိုတဲ့မြို့လို့ ပြောလို့ရတယ်။ လမ်းမှာ ဘုန်းကြီးရဟန်း သို့မဟုတ် ကိုရင်ငယ်လေးတွေကိုတွေ့ရင် မတ်တပ်ရပ်ပေးကြတယ်။ လက်အုပ်ချီကြတယ်။ စက်ဘီးစီးလာရင်း တွေ့ကြတဲ့အခါ အားလုံးဟာ စက်ဘီးပေါ်ကနေ ဆင်းကြတယ်။ လက်အုပ်မချီနိုင်ကြတဲ့အတွက် ဦးခေါင်းကိုညွှတ်ပြပြီး ဘုန်းကြီးရဟန်းတွေ သူတို့ကို ကျော်သွားတဲ့အထိ ရပ်စောင့်နေကြတယ်။ တခါခါ ကျောင်းဆင်းလာတဲ့ ကျောင်းသားကျောင်းသူအားလုံးဟာ ကျွန်တော်တို့လို အလေလိုက်နေတဲ့ ဘုန်းကြီးမျိုးနဲ့တွေ့ရင်လည်း ရပ်ပေးကြတယ်။ အတန်းလိုက်ကြီးပဲ။ ၂၀၀၀ ခုနှစ်အကျော် ညောင်ရွှေပြန်ရောက်တော့ ကျွန်တော့်သူငယ်ချင်းတွေက မနက်စာဆွမ်းစားကျောင်း မတက်တော့ဘူး။ လာကွာဆိုပြီး လက်ဘက်ရည်ဆိုင်ခေါ်သွားတာပဲ။ သူတို့အခွင့်ထူးခံဖြစ်သွားကြတာလည်း ပါရင်ပါမပေါ့။ ဒါမှမဟုတ် လက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု ကူးစက်သွားပြီမို့နေမှာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သိပ်မနေတတ်ဘူး။ မန္တလေးလိုမှ မဟုတ်တာ။ မန္တလေးဆိုတာက ဘုန်းကြီးတွေ ဘာတွေ နားမလည်ဘူး။ စားပွဲပေါ် မှာလိုက်တဲ့ မုန့်နဲ့ လက်ဘက်ရည်ခွက်ကို ချလွမ်းဆို လာချသွားတာမျိုး။ အခု ညောင်ရွှေမှာက တခုချင်းစီ အသေအချာ ရိုရိုသေသေကပ်တယ်။ ပြီးရင် လက်အုပ်ချီတယ်။ တခြား ဘာအလိုရှိသေးလဲ ဘုရားဆိုပြီး လျှောက်တယ်။ စားနေသောက်နေတုန်း ဟိုလှည့်ဒီကြည့်လုပ်မိတာနဲ့ လက်အုပ်ကလေးချီပြီး ဆိုင်ရှင်ကအစ ရောက်ရောက်လာတတ်သေးတယ်။ ကျွန်တော့်ရဲ့ ခပ်ရိုင်းရိုင်း တောကြိုအုံကြားဆန်ဆန် အပြုအမူနဲ့ ဘယ်လိုမှ အဆင်မသင့်ဘူး။ ကျွန်တော်နဲ့သိတဲ့သူအားလုံးက လက်ဘက်ရည်ဆိုင်ဆိုတော့လည်း ကျွန်တော်လည်း လိုက်ထိုင်ခဲ့ရသောနှစ်များပေါ့။ ကျွန်တော်ကသာ အရာအားလုံးကို ပုံသေမှတ်တာပါ။ ၂၀၁၈ လောက် ပြန်ရောက်ပြီး လက်ဘက်ရည်ဆိုင်ထိုင်ဖို့ ခေါ်တော့ ငါကဒီမြို့ရဲ့ ဓမ္မစကူးလ်မှာ အကြီးအကဲဖြစ်နေပြီ။ တမြို့လုံးက ငါ့ကို ကြည်ညိုနေကြပြီ။ ငါ မင်းတို့လို လမ်းဘေးကောင် မဟုတ်တော့ဘူးဆိုတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ထိုင်ခဲ့ရတာပေါ့လေ။ စကားစပ်လို့ ကိုယ့်ငယ်ကျိုးငယ်နာကို ဖော်ကြည့်တာပါ။ ကျွန်တော် တကယ် ကော်ဖီတွေ ဘာတွေ သောက်တတ်လာတော့ မဂ္ဂဇင်းမှာ တမျိုးသွားတွေ့တယ်။ နှလုံးရောဂါရှိသူဟာ အနည်းဆုံး တရက်ကို ကော်ဖီတခွက်သောက်သင့်တယ် ဆိုပဲ။ ၂၀၀၀ မတိုင်ခင် မဂ္ဂဇင်းတခုမှာပါ။ ပြီးတော့ နှလုံးရောဂါနဲ့ပတ်သက်လို့ ကြက်ဥ၊ မြေပဲဆံကို စားသင့်တယ် မစားသင့်ဘူးတစ်နှစ်တမျိုးတွေ့တယ်။ အဲခေတ်ကတည်းက ကျွန်တော်ကတော့ ဘယ်ဆရာဝန်စကားမှ မယုံတော့တာပါပဲ။ နောက်ပိုင်း ဆရာဝန်တွေ ပြောပြောနေတဲ့ ဒညင်းသီးတို့ အချိုမုန့်တို့ဆိုတာတွေ့တိုင်း ကျွန်တော်က ဒညင်းသီးသည်၊ အချိုမုန့်သည်နဲ့ ရန်ဖြစ်ထားသော ဆရာဝန်ရဲ့ ရေးသားချက်များလို့ တခါခါ သုံးသပ်ချက်ပေးပလိုက်တာပဲ။ သွားတိုက်တံကိစ္စလည်း အဲလိုပဲ။ သွားတိုက်တံကို သုံးလသာသုံးသင့်တယ်။ ဘာညာပြောရင် ဒီဆရာဝန်တော့ သွားတိုက်တံကုမ္ပဏီက ပိုက်ဆံဘယ်လောက်ပေးထားလဲ မသိဘူးလို့တွေးပစ်လိုက်တယ်။ ဒါက ကျွန်တော့်ရဲ့ အတွေးအခေါ်တွေပါ။ ဘယ်သူ့ဆီမှလည်း မဖြန့်ဖူးပါဘူး။ ဟိုပုံးမြို့က ပျံလွန်သွားတာကြာပြီဖြစ်တဲ့ ထမ်းဆန်းကိုရင်လေးလိုပေါ့။ မြတ်စွာဘုရားရဲ့ဘေးမှာ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်ပဲ ရှိတယ်။ ဦးသာရိပုတ္တရာနဲ့ ဦးမောဂ္ဂလာန်ဆိုပြီးမရှိဘူး။ ဒါကြောင့်မို့လို့ ငါရဟန်းမတက်တာပဲလို့ သူ့ဘာသာသူပဲ ပြောတာ။ အဲဝါဒကို သူမဖြန့်ခဲ့ဘူးရယ်။ ဆရာဝန်တွေပြောတဲ့စကားကို မယုံရင် ဘယ်သူ့စကားကို ယုံမလဲလို့မေးမလား။ ကျွန်တော် ဆရာကြီးရွှေဥဒေါင်းရဲ့ စကားကို ယုံတယ်ဗျ။ သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာအုပ်မှာ အစားနဲ့ ပတ်သက်တာဖြစ်ဖြစ် အနေအထိုင်နဲ့ပတ်သက်တာဖြစ်ဖြစ် ကိုယ့်နဲ့ မလျော်ဘူးဆိုရင် ခန္ဓာကိုယ်က အလိုလိုသိလာပါတယ်။ အဲလိုဖြစ်လာတဲ့အခါ ဆင်ခြင်ပြီး နေထိုင်ရတယ်၊ စားသောက်ရတယ်တဲ့။ ကျွန်တော်က သူ့စကားကို ပိုလိုက်နာတယ်။ တခါခါ ကော်ဖီ လေးခွက်လောက် သောက်မိလို့ ရင်ဘတ်တခုလုံး ဟာပြီး အသက်ရှူလို့မဝတော့သလိုဖြစ်လာရင် အော် ငါကာဖီလျှော့မှ ဖြစ်တော့မယ်လို့ တွေးပြီး လျှော့လိုက်တာပဲ။
အခုကျွန်တော်တင်ထားတဲ့ ကော်ဖီပုံကို ကြည့်လိုက်ပါ။ ခူးလို့ရပြီလား။ ကျွန်တော် မသိဘူး။ တကယ် ကျွန်တော် မသိပါဘူး။ ကော်ဖီစိုက်ပျိုးတဲ့တောင်သူနဲ့ စကားအများကြီး ပြောဖူးတယ်။ အခုဆို ရှမ်းပြည်မှာ ကော်ဖီစိုက်ပျိုးတဲ့ တောင်သူတွေ များလာပြီကိုး။ ယူအန်အိုဒီစီရဲ့ ကျေးဇူးနဲ့ပေါ့။ သူတို့က ဘိန်းအစားထိုးဖို့ဆိုပြီး ယူလာပြီး ဘိန်းတောင်သူတွေကို ကော်ဖီစိုက်ခိုင်းခဲ့တာကိုး။ ကော်ဖီကတော့ နောက်ဆုံးထင်တယ်။ အရင်တုန်းက ဘိန်းအစားထိုးကို သူတို့အမျိုးမျိုးစိုက်ခိုင်းခဲ့တယ်။ မအောင်မြင်ပါဘူး။ ကော်ဖီမှာတော့ အဆုံးသတ်သွားပုံပဲ။ ဒီတော့ ကျွန်တော့်မှာ ကော်ဖီတောင်သူတွေနဲ့ အတွေ့များရတယ်ပေါ့။ ဘိန်းကတော့ ကျွန်တော် အစအဆုံး မမြင်ဖူးပါဘူး။ အထူးသဖြင့် ခုလို ဘိန်းခြစ်ရာသီမှာ ဘိန်းကိုဘယ်လိုခြစ် ဘယ်လိုယူကြတယ် မမြင်ဖူးဘူး။ စိုက်ပျိုးတာကနေ ပွင့်တဲအထိရယ်၊ ယူပြီးတဲ့အပင်တွေရယ်ပဲ မြင်ဖူးတယ်။ အခုတော့ အစားထိုးသီးနှံတွေများလာပြီ။ နောက်ထပ် မမြင်ရလောက်တော့ဘူးလို့ တွေးပေမယ့် ၂၀၂၁ နောက်ပိုင်း ဘိန်းဈေးမတရားကောင်းလာလို့ တစခန်းပြန်ထကြပုံပဲ။ ၂၀၁၉ အစီအရင်ခံစာတစောင်မှာ ရှမ်းပြည်ချည်းသက်သက် ဘိန်းစိုက်ပျိုးတဲ့ရွာပေါင်း ၅၉၁ ရွာတဲ့။ ဘိန်းဈေးလုံးဝမကောင်းတဲ့ ခေတ်ကာလကြီးထဲမှာတောင် အဲလောက်ဆိုတော့ ကုန်ပြီထင်တာပဲ။ သူတို့က ပျဉ်းမျှ တမိသားစုကို ၀.၆ ဟက်တာပိုင်ဆိုင်တယ်လို့ တွက်ပြကြတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘိန်းဈေးကျဆင်းမှုကြောင့် ဟက်တာပေါင်း သုံးသောင်းသုံးထောင်ခန့် ဘိန်းစိုက်ပျိုးမှု ရပ်ဆိုင်းခဲ့တယ်လို့လည်း ဆိုပါသေးတယ်။ ပြီးတော့ အဲဒါကလည်း သူတို့လက်လှမ်းမီသလောက်ပါပဲတဲ့။ ယူအန်အိုဒီစီမှာ တရားဝင်တင်ထားတာကို ကူးလိုက်တာပါ။ ကော်ဖီစိုက်ပြီးလိုက်တဲ့သူတွေကတော့ ဘိန်းစိုက်ပျိုးလို့ ဘယ်ဖြစ်တော့မလဲ။ ကော်ဖီက အရပ်ကြိုက်ပြီး ဘိန်းက အရိပ်မကြိုက်ဘူးကိုး။ ဒါနဲ့ ကော်ဖီတောင်သူတို့နဲ့ တွေ့ဖြစ်ကြတာပေါ့။ ကော်ဖီခူးဖို့က သိပ်ခက်တာကိုး။ အညှာပါအောင် ခူးရမယ်တဲ့။ အခုကျွန်တော့်ပုံထဲက အနေအထားဟာ ခူးလို့ရပါပြီတဲ့။ ကျွန်တော်နဲ့ သိတဲ့ ကော်ဖီတောင်သူတွေကတော့ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်တောင်ဘက်က တချို့ရွာကနဲ့ တလောက ကျွန်တော်ရေးလိုက်တဲ့ တောင်ကုန်းပေါ်က စံအိမ်ဘေးက ရွာတွေဆီကရယ်ပါ။
တောင်ကုန်းပေါ်က စံအိမ်အနီးမှာ ရွက်ပုန်းသီး Behind the left ဆိုတဲ့ ကော်ဖီဆိုင်လေး ရှိတယ်။ တောင်ကုန်းပေါ်ကစံအိမ်နဲ့ဆို ကြားထဲတရွာပဲ ခြားတယ်။ တနင်္ဂနွေထောင့်နဲ့ စနေထောင့်ပဲ ကွာမယ်။ ကျွန်တော်က သူ့ဆိုင် ဝင်မယ် ဝင်မယ်နဲ့ တခါမှ မဝင်ဖြစ်သေးဘူး။ အမေရိကန် အမျိုးသမီးတယောက်က ဘိန်းတောင်သူတွေကို ကယ်တင်ချင်လို့ အဲဒီဒေသတဝိုက်မှာ ကော်ဖီတွေကို လာစိုက်ပျိုးတာ နှစ်ပေါင်း ၂၀ ဝန်းကျင်ရှိပြီ။ သူ့နာမည်ကိုလည်း ခမ်းဗွာ (ရွှေဖြူ) လို့ပြောင်းထားပြီ။ ပအိုဝ်းလိုလည်း ပြောတတ်ပြီ။ ဘေးနားရွာက ဆယ်တန်းအောင်ဘွဲ့ရပေါင်း ၂၀ ကျော်ဝန်းကျင်ကိုလည်း အလုပ်ခန့်ထားနိုင်ပြီ။ ဒါနဲ့ အဲရွာနားက ကော်ဖီတောင်သူကို မေးကြည့်တယ်။ သူ့ရဲ့ ဘိန်းအစားထိုးလုပ်ငန်းတော်တော် အောင်မြင်သလားလို့။ ဘိန်းအစားထိုးတာ မဟုတ်ပါဘူး။ သူ့ဘာသာသူ စီးပွားလာရှာတာပါ တဲ့။ ကော်ဖီတွေအားလုံးကိုတော့ ဝယ်ပေးတယ်မလားမေးတော့ အကုန်မဝယ်ပါဘူး။ သွားပို့ရင် တော်တော်ရွေးတယ်တဲ့။ ပယ်သီးတွေဆို ဈေးသိပ်မရဘူးတဲ့။ အေး ဟုတ်လားလို့ပဲ ပြောလိုက်တယ်။ အဲအမျိုးသမီးရဲ့ လူသားအကျိုးကို ပြုနေပေတဲ့ တိတ်ဆိတ်နိုင်က တော်တော်အံ့ဩဖို့ကောင်းတယ်။ သူမလိုမျိုး လှည်းကူးမြို့နယ်၊ စာဘူးတောင်းရွာက ပရဟိတကျောင်းမှာ အမျိုးသမီးတယောက်ကိုလည်း တွေ့ဖူးတယ်။ ငြိမ်းချမ်းတယ်လို့ ခံစားရတယ်။ စွန့်လွတ်နိုင်မှုက ငြိမ်းချမ်းမှုကို ဆောင်ပေးနေတယ်လို့လည်း မြင်တယ်။ ကျွန်တော်တော့ မစွန့်လွတ်နိုင်ပါဘူး။ မင်း ငြိမ်းချမ်းချင်ရင် စွန့်လွတ်ကြည့်လိုက်လို့ ဟောပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်တော့ စွန့်လွတ်မှာ မဟုတ်ပါဘူး။ ဓမ္မနဲ့ မထိုက်တန်သေးသူပေါ့လေ။ အော် အခု ရွက်ပုန်းသီးဆိုင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပိုင်သွားပါပြီ။ ဟိုလူဖြူအမျိုးသမီးလည်း မရှိတော့ပါဘူး။ ဘာလို့ နောင်မွန်မြို့နားက နောင်ခမ်း မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ အဲဒီဌာနတို့ကို လိုက်သိမ်းပစ်သလဲတော့ မသိပါဘူး။ အစကတည်းကတော့ သူတို့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ခဲ့ကြတာပဲ။ အောင်မြင်လာတော့ သိမ်းပစ်ကြတယ်။ နောင်ခမ်းကတော့ တကယ့်တောကြီးဖြစ်သွားပေမယ့် ဒီရွက်ပုန်းသီးကတော့ အခု အလုပ်သမား ၂၀ ဝန်းကျင်နဲ့ အောင်မြင်ကျန်ခဲ့တာပေါ့လေ။
ကော်ဖီနဲ့ပတ်သက်လာရင်တော့ လောလောဆယ် ရှမ်းပြည်မှာဆိုရင် ရွာငံက နာမည်ကြီးသပေါ့။ မုံရွာကို ရွာလို့ထင်ကြသလို ရွာငံကိုလည်း ရွာလို့ထင်ကြသူများပါတယ်။ ရွာငံက တကယ်တော့ မြို့ပါ။ ကမ္ဘာမှာ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ ဟာမီလ်တန်မြို့ဟာ ရေတံခွန်ပေါင်း ၁၅၆ ခုအထိရှိတဲ့ ရေတံခွန်အများဆုံးမြို့လိုပဲ ရွာငံဟာလည်း ဒီမြန်မာနိုင်ငံမှာဆိုရင် ရေတံခွန်အများဆုံးမြို့ပဲ။ ပြီးတော့ အပျိုစင်မြို့လို့လည်း တင်စားကြတဲ့မြို့ဖြစ်ပါတယ်။ ယာခင်းပြင်တခုလုံးကို ဖြန့်ခင်းထားသလို ရှုခင်းပုံဟာ ရွာငံမြို့နယ်အဝင်နားကရှုခင်းပေါ့။ ရေပြာအိုင်ရှိသလို ရေဖြူကန်လည်း ရှိတယ်။ ကမ္ဘာဦးလူသားများ နေထိုင်သွားတယ်လို့ ယူဆရတဲ့ ပြဒါးလင်းဂူရှိတဲ့မြို့နယ်ပေါ့။ ဒီမြို့နယ်တခုလုံးဟာ ကော်ဖီကို အဓိကထားစိုက်ကြတယ်။ တမြို့နယ်လုံး ၁၂၅ ရွာရှိရာမှာ ရွာပေါင်း ၁၀၀ နီးပါးက ကော်ဖီကိုပဲ အဓိကအားထားစိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ အရင်တုန်းကတော့ ဒီမြို့နယ်က လိမ္မော်သီးတော်တော်ထွက်ခဲ့တာပါ။ နောက်ပိုင်းတော့ တရုတ်လိမ္မော်ဝင်တာရယ်၊ သူတို့လိမ္မော်က စပ်မျိုးမဟုတ်တဲ့အတွက် အပင်တွေ အရမ်းမြင့်လို့ ခူးဖို့ခက်တာလည်း ပါမှာပေါ့။ အခုတော့ ထောပတ်ရယ်၊ ထောပတ်ပင်အောက်က ကော်ဖီပင်ရယ်နဲ့ နှစ်ထပ်စိုက်ခင်းတွေ လုပ်ထားကြတယ်။ နွယ်တတ်တဲ့အပင်မျိုးနဲ့ ဥတတ်တဲ့အပင်မျိုးထပ်စိုက်ရင် လေးထပ်စိုက်ခင်း ဖြစ်သွားကြမှာပေါ့။ တချို့လည်း စိုက်ကြတယ် ထင်ပါတယ်။
ကော်ဖီမှာ ကုန်းမြင့်မျိုးနဲ့ မြေပြန့်မျိုးနှစ်မျိုး ရှိတယ်။ အခု ကျွန်တော်ပြထားတဲ့ ကော်ဖီက ဘာကော်ဖီတဲ့လဲ။ ကျွန်တော်လည်း မသိဘူး။ ကော်ဖီတွေကို ဘယ်အမျိုးအစားလို့ ဘယ်လိုခွဲရမှန်း မသိဘူး။ ဒါပေမယ့် ပင်လယ်ရေမျက်နှာပြင် ပေ ၂၇၀၀ အထက်မှာပေါက်တဲ့ ကော်ဖီဆိုတော့ အာရဘီကာကော်ဖီမျိုးဖြစ်မှာပေါ့။ သီပေါပါသွားတုန်းက စိုက်တဲ့ကော်ဖီက မြေနိမ့်ပြင်ဖြစ်တဲ့ မြိတ်ထားဝယ်မှာစိုက်တာဆိုတော့ ရိုဗက်စတာကော်ဖီပေါ့။ ကျွန်တော် အဲလို မကြားဖူးဘူး။ ကျွန်တော် သင်တန်းတွေ ဘာတွေပေးတုန်းက နောင်ခမ်း မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကို သင်တန်းသားအသုတ်တိုင်း ခေါ်သွားလေ့ရှိတယ်။ အဲက တာဝန်ခံတွေက ဘာမှလည်းမရဘဲနဲ့ သူတို့ရဲ့ ဖောင်ဒေးရှင်းအကြောင်း အမြဲတမ်းရှင်းပြကြတယ်။ သေချာခင်းကျင်းပြီးတော့ မီးစက်တွေဘာတွေနိုး ပရော်ဂျက်တာတွေနဲ့ ရှင်းပြတာပဲ။ သူတို့စိုက်ထားတဲ့ အပင်တွေ အသီးအနှံတွေနဲ့ ပတ်သက်ရင်လည်း အကုန်ရှင်းပြတာပဲ။ သင်တန်းသားတွေ ပေါက်တတ်ကရ မေးတာတွေကိုလည်း ဖြေတာပဲ။ ပြီးတော့ သူတို့စိုက်ထားတဲ့ တောင်လှေကားထစ်စိုက်နည်းကအစ လယ်ကွင်းအထိ အကုန်ပြတယ်။ စဉ်းစားရင်း လွမ်းလိုက်တာ။ ပြီးတော့ သူတို့ကော်ဖီခင်းအမျိုးမျိုးကို ပြတာပဲ။ အဲဒီတုန်းက သူတို့ပြောတဲ့ ကော်ဖီနာမည်တွေက ဂဏန်းစဉ်တွေနဲ့။ ဂဏန်းစဉ်မဟုတ်တာဆိုလို့ ကတ်တီမိုးကော်ဖီ ဆိုတာပဲ မှတ်မိတာ။ အခုက ဘယ့်နှယ် အာရဘီကာနဲ့ ရိုဗက်စတာတွေ ဖြစ်နေတုန်း။ လိုက်ဘရီကာနဲ့ အိတ်ဆယ်စာဆိုပြီးတော့လည်း ကျန်သေးတယ်တဲ့။ မျိုးစိတ်ပေါင်း ၇၀ ကျော်သတဲ့။ မမှတ်တော့ပါဘူး။ ကော်ဖီတောင်သူတွေကို မေးကြည့်တာတော့ ကတ်တီမိုးကို ရှမ်းပြည်မှာ စိုက်လို့မရဘူးဆိုလား။ အသီးနည်းတယ်ဆိုလား။ အသီးနည်းတယ်ဆိုတာကို ထောက်ရင် ကျွန်တော့်ကော်ဖီက ကတ်တီမိုးလား။ ဒါပေမယ့် ကျွန်တော်ခူးတာလည်းမဟုတ်။ မခူးဆို ခူးပြီးရင် လှန်းရခက်တယ် ဘာညာဆိုတာနဲ့ မခူးတော့တာ။ ပြီးတော့ စားတာလည်းမဟုတ်လို့ပေါ့လေ။ မစားလည်း မစားသလို ကော်ဖီလည်း မသောက်တာကြာပေါ့။ ကော်ဖီမသောက်ဖြစ်တာ အာဏာသိမ်းပြီးကတည်းက ထင်တာပဲ။ တော်လှန်ရေးတပ်သားတွေကို အားနာလို့။
“အရှင်ဘုရား ကော်ဖီ မသောက်နဲ့တော့လေ” ကျွန်တော်သင်တန်းပေးပြီးတဲ့နောက် ကျွန်တော် တလလောက် သတိတရကလေး ပြန်ဆက်သွယ်ဖြစ်ကြတဲ့ သင်တန်းသားတွေ ပြောတဲ့စကား။ ကျွန်တော်က မေ့တတ်တော့ သင်တန်းပေးပြီးရင် သင်းတန်းသားတွေအကုန်ကို မေ့ပစ်လိုက်တာပဲ။ နောက် သုံးလလောက်ကြာတော့ အဲဒီစကားမျိုးကို နောက်သင်တန်းအသုတ်က သင်တန်းသားတွေပြောတာပဲ။ ကျွန်တော် အရမ်းပိန်လို့ သူတို့က ပြောတာ။ ပိန်မှာပေါ့။ ကျွန်တော်က သင်တန်းထဲ စိတ်နစ်ထားပြီး နင်းကန်လုပ်နေတာကိုး။ တခုခုဆို အရင်းအမြစ်ကို လှမ်းလှမ်းရှာတတ်တဲ့ အကျင့်ကြီးကလည်း ရှိနေတာကိုး။ RWCT ပလာပလာ CCA ပလာပလာ လာမလုပ်နဲ့။ ကျွန်တော် သူတို့ပြောတာ မယုံဘူး။ ချက်ချင်း Google ခေါက်တာ။ အဲဒီ စာသင်နည်းအပြင် တခြားဘာစာသင်နည်းရှိသေးလဲစသဖြင့် ပတ်သက်သမျှအကုန်ရှာပစ်တာ။ သင်တန်းဆရာရဲ့ ပုံစံက သိပ်ပုံမလာတာမျိုး၊ သိပ်ပြီးကြီးကျယ်ပြနေတာမျိုးဆိုရင် ကျွန်တော် ပိုမယုံဘူး။ သင်တန်းဆရာတွေ သိပ်ကြီးကျယ်ပြတဲ့ပုံစံလေးက “ကျွန်တော်က ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က ဘာမှ မသိပါဘူး၊ ကျွန်တော်ကလည်း လေ့လာနေသူတယောက်ပါ” ပြီးရင် ဝှိုက်ဘုတ်ပေါ် ဘိုလိုချည်းချရေးပြီ။ သိပ်ပုံမလာတဲ့ သင်တန်းဆရာတွေက တက်ကျမ်းတွေဖတ်လာတဲ့ သင်တန်းဆရာတွေ။ အချက်အလက်တွေ အရမ်းရေးပြနေတဲ့ သင်တန်းဆရာ။ သူတို့သင်တာတွေကို ရအောင် ရှာဖတ်ပြီပဲ။ ဘိုစာတွေ တတ်လို့ နားလည်လို့မဟုတ်ပါဘူး။ ရမ်းသမ်းဖတ်တာ။ အထင်နဲ့ကိုဖတ်ပစ်တာ။ ကျွန်တော်သင်တဲ့အခါ Paradigm ကို သောက်ရမ်းပြောတယ်။ ငါတို့တတွေဟာ အရွေ့တခုထဲမှာ ပိတ်မိနေကြတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအရွေ့ကြီးထဲမှာ ငါတို့ပိတ်မိနေကြတာပဲ။ အခု မင်းတို့ အရမ်းကြီးတင်းကြပ်နေတဲ့ ပအိုဝ်းရိုးရာဝတ်စုံဆိုတာ လွန်ခဲ့တဲ ဆယ်နှစ်က ဒီလိုမဟုတ်ဘူး။ အေး နောက် ဆယ်နှစ်ဆိုလည်း ဒီလို မဟုတ်တော့ဘူး။ ကျွန်တော့်သင်တန်းသားတွေက ပအိုဝ်းတွေများတာကိုး။ ဒါကြောင့် သူတို့ကိုပဲ တည်ပြီးပြောလေ့ရှိတယ်။ နီးစပ်ရာ ယဉ်ကျေးမှုကနေ ကောင်းနိုးရာရာ ကူးယူပြီး အရွေ့ကြီးတခုထဲမှာ ငါတို့တတွေ ကောင်းတယ်လို့ ထင်တာကို ကိုယ့်ယဉ်ကျေးမှုထဲ ဆွဲသွင်းကြတာပဲ။ ဒီလိုပဲ ငါတို့တတွေဟာ နေထိုင်မှု၊ စားသောက်မှု၊ လူမှုရေး၊ စီးပွားရေးတွေဟာ ကမ္ဘာကြီးက ရွှေ့ပစ်တဲ့အတိုင်း ငါတို့လိုက်ရွေ့ပေးနေရတယ်။ အဲဒီအပေါ် မင်းတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ရေရှည်တည်တံ့ချင်ရင်တော့ဖြင့် အဲအရွေ့ကို နားလည်ရမယ်။ တူအောင်လိုက်နေရမယ်လို့ ပြောတာမဟုတ်ဘူး။ ကွဲပြားရမယ်လို့လည်း တိုက်တွန်းတာ မဟုတ်ဘူး၊ တွေးခေါ်ပုံအဟောင်းထဲကို တွေးခေါ်ပုံအသစ်ထပ် ထည့်ပေးရမယ်၊ စိန်ခေါ်မှုအသစ်အသစ်တွေက ငါတို့ကိုအမြဲ စောင့်ကြိုနေမှာဖြစ်ပြီး အဲဒါကို ငါတို့ရင်ဆိုင်ရမယ် လက်ခံရမယ်ဆိုပြီး ကျွန်တော်ကိုယ်တိုင် နားမလည်တာတွေ ပြောတာပဲ။
နောက်တချက် ကျွန်တော် သင်တန်းတွေတက်ပြီး ကွန့်တတ်တဲ့ အကျင့်တခုရှိတယ်။ အဲဒါကတော့ 3H လို့သင်ပေးလိုက်ပြီဆိုရင် 4H မရှိဘူးလားဆိုပြီး ရှာတာပဲ။ နားထောင်ခြင်းလေးမျိုးဆိုရင်လည်း ဘာလို့ ငါးမျိုးမဟုတ်ရတာလည်းဆိုပြီး ရှာတာပဲ။ သုံးမျိုးလောက်နဲ့လည်း မဖြစ်နိုင်ဘူးလားဆိုပြီးတော့လည်း ရှာတတ်ပဲ။ မေးခွန်းလေးမျိုးဆိုလည်း အဲလိုပဲ။ လောကသာရကျောင်း သင်တန်းထဲက နားထောင်ခြင်းနဲ့ ကျွန်တော့်ကို တိုင်းတာမယ်ဆိုရင်တော့ ကျွန်တော်က ကြားရင် ကြားတယ်မှတ်အဆင့်ထက် နည်းနည်းကလေးပိုတဲ့ အချက်အလက်စုသမားအဆင့်လောက်ပါပဲ။ သူတို့ပြောတဲ့ အဆင့်မြင့်နားထောင်နည်းဖြစ်တဲ့ ကရုဏာနဲ့နားထောင်ခြင်းတို့ ခြုံငုံသုံးသပ်၍နားထောင်ခြင်းတို့အဆင့်တော့ မရောက်ဘူးပေါ့လေ။ ပြီးတော့ ရှိသေးတယ်။ 3H ဆိုရင် ဟုတ်ပြီ။ ဒီနည်းကြီးကို ဘယ်သူတီထွင်ခဲ့သလဲ။ ဘယ်နေရာမှာ သုံးဖို့ တီထွင်ခဲ့သလဲ။ တီထွင်ခဲ့တဲ့သူရဲ့ အရည်အချင်းက ဘယ်လောက်လဲ။ သူ့တည်ထွင်မှုကို လူတွေဘယ်လောက်အထိ နားထောင်သလဲစတာတွေကို အကုန် လိုက်စနည်းနားတာပဲ။ အဲဒီအတွက် ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိတယ်။ ဒါကို ဘယ်သူက ဘယ်နှစ်ခုမှာကတည်းက တီထွင်ပြီး ဘယ်ကတည်းက ကျင့်သုံးနေကြလို့ သူတို့တတွေ အောင်မြင်နေကြတာပဲဆိုတဲ့ အချက်အလက်ကို ရအောင်ရှာဖွေပြီး သူတို့တွေ တကယ်လိုက်ကျင့်သုံးအောင်ပဲ။ ကျွန်တော်က သင်တန်းမှာ အဲလိုတွေ လိုက်လုပ်ပေမယ့် သင်တန်းတခုနဲ့ တခုကို ပိုကောင်းအောင် တူညီတဲ့အဖြေရရှိပေမယ့် တူညီတဲအသုံးအနှုန်းတွေ မဖြစ်ရအောင် ကြိုးစားတော့ ပိန်ပြီပေါ့။ နေ့ခင်းဘက် လန်းနေအောင် ကော်ဖီသောက်ရတာပေါ့။ မလန်းလို့က မဖြစ်ဘူး။ ညည်းစီစီဖြစ်တာနဲ့ အတွေးက ပိတ်တာပဲ။ ဒီလိုနဲ့ ကျွန်တော်သင့်တန်းသားတွေက ကျွန်တော် ကော်ဖီအရမ်းသောက်လို့ ပိန်တယ်လို့ထင်ပြီး ကျွန်တော့်ကိုဆိုရင် အမြဲတမ်းကော်ဖီမသောက်ဖို့ ပြောကြတာပဲ။
အခုမှပဲ ပြန်တွေးမိတာရှိတယ်။ သင်တန်းသားတွေကို ကော်ဖီနဲ့ပတ်သက်လို့ ထူးထူးခြားခြား မသင်ပေးခဲ့ဘူးပဲ။ ကော်ဖီမစ်အကြောင်းပဲ သင်ပေးဖြစ်တယ်။ ကော်ဖီစေ့တန်ဖိုး၊ သကြားတန်ဖိုး၊ နွားနို့ခြောက်တန်ဖိုး၊ သယ်ယူခ၊ ကြိတ်ခ၊ စက်ခ၊ မီတာခ၊ အလုပ်သမားခ၊ ထုတ်ပိုးခ၊ အထုတ်ပေါ် ဒီဇိုင်းခ၊ ရေမစို ပလပ်စတစ်ဖိုး၊ ပါကင်ခ၊ ထိုပါကင်အထုတ်ကို နယ်သို့ဖြန့်ဝေခ၊ ဆိုင်တင်ခနဲ့ဆိုရင် ဒီကော်ဖီမစ်ကို တထုတ်တရာနဲ့ တန်တယ်လို့ထင်သလား။ ဒီထဲမှာ ကော်ဖီအစစ်ထည့်မယ်၊ သကြားအစစ်ထည့်မယ်နဲ့ နွားနို့ခြောက်အစစ်ထည့်မယ်ဆိုရင် တရာဆိုတဲ့ တန်ဖိုးနဲ့ ရောင်းနိုင်မလား။ ဒီလောက်ပဲ သင်နိုင်ခဲ့တာကိုး။ ကော်ဖီမစ်ထဲမှာ ဘာတွေပါမှန်း ကျွန်တော်လည်း မသိဘူး။ သင်တန်းသား ဦးပဇင်းတပါးပြောဖူးတယ်။ “အရှင်ဘုရားပြောသလိုဆိုရင် ကော်ဖီမစ်တွေက အန္တရာယ်ရှိတယ်ဆိုတဲ့ သဘောပေါ့။ တကယ်အန္တရာယ်ရှိတယ်ဆိုရင် ဆရာဝန်တွေက ပြောမှာပေါ့၊ နိုင်ငံတော်အစိုးရကလည်း တားမှာပေါ့၊ အဲဒီ ကော်ဖီမစ်ထုတ်တဲ့ ကုမ္ပဏီက အလုပ်သမားတွေလည်း သိကြမှာပေါ့၊ မဟုတ်လို့ ဘယ်သူမှ ဘာမှ မပြောကြတာပေါ့”တဲ့။ အဲဒီဦးပဇင်းလေးကို FDA အကြောင်း၊ ကော်ပိုရိတ်အကြောင်း၊ ဆရာဝန်အကြောင်း၊ ကုမ္ပဏီအလုပ်သမားအကြောင်း၊ နိုင်ငံအစိုးရအကြောင်းအကုန်ရှင်းပြတယ်။ အဲဦးဇင်း လုံးဝလက်မခံပါဘူး။ တကယ်အန္တရာယ်ရှိရင် လူတွေသိကြမှာပဲ တဲ့။ ပြီးတော့ အဲဦးပဇင်းက ဆက်ပြောသေးတယ်။ အရှင်ဘုရားတို့က အရက်အကြောင်း၊ ဆေးပြားအကြောင်းတွေနဲ့ သင်ရမှာ။ အခုက ကော်ဖီမစ်တွေ ရှူးရှဲတွေ၊ ဖျော်ရည်တွေနဲ့ လာသင်နေတယ်ဆိုပဲ။ ကျွန်တော်က သင်တန်းဆရာပဲ၊ သင်တန်းပေးနေစဉ်အတွင်းဆိုရင်တော့ ဘယ်တော့မှ အရှုံးမပေးဘူး။ ငါဟဲ့ သင်တန်းဆရာပဲ။ အဲဦးဇင်းလည်း အရှုံးမပေးဘူး။ ဒါနဲ့ တန်ဆေးလွန်ဘေးပေါ့။ ဆင်ခြင်စရာတခု ရတာပေါ့လို့ပဲ အဆုံးသတ်လိုက်ရတယ်။
တကယ်တော့ ကျွန်တော်ကော်ဖီမစ်ကို တော်တော်ရှောင်ပါတယ်။ ရှောင်လို့မရတဲ့ အခြေအနေတွေက ရှိနေတော့ ကိုယ်တတ်နိုင်တဲ့အပိုင်းတွေမှာ အမြဲရှောင်ပါတယ်။ ဘုန်းကြီးဖြစ်ခြင်းဟာ ကော်ဖီမစ်အပြင် အချိုရည်တွေ အချိုမှုန့်တွေ ရှောင်လို့မရဘူးဗျ။ ဘုဉ်းပေးလို့ကောင်းအောင်ဆိုပြီး အချိုမှုန့်များများထည့်လာတယ်ဆိုတာရယ် အရှင်ဘုရား အချိုမှုန့်မကြိုက်ဘူးဆိုလို့ ကြက်သားမှုန့်နဲ့ချက်လာခဲ့တယ်ဆိုတာရယ်၊ အချိုရည်လေး ဘုဉ်းလိုက်ပါဦးဖရာ့ကလည်း ပါသေးတာကိုး။ အိမ်တအိမ်ကဆို အရှင်ဘုရားဘုဉ်းဖို့ဆိုပြီး အမြဲတမ်း အချိုမှုန့်များများနဲ့ အမြဲချက်ပို့တတ်တယ်။ နောက်ပိုင်း အချိုမှုန့်ပါရင် မစားတတ်ဘူးလို့ ငြင်းရတယ်။ အမလေး အရှင်ဘုရားရယ် အချိုမှုန့်မပါရင် ဟင်းက ဘယ်အရသာရှိတော့မတုန်း၊ ဘုဉ်းသာဘုဉ်း၊ ရောဂါဖြစ်တော့လည်း ဆေးတွေရှိပါတယ်။ အမလေး ဆေးတွေက ပေါမှပေါ၊ ဆေးက အရင်ခေတ်ဆေးမဟုတ်ပါဘူး၊ အခုဆေးတွေက ခေတ်မီပါပြီ အရှင်ဘုရားရဲ့ဆိုပြီး အချိုမှုန့်က ထည့်တာ ထည့်တာပဲ။ နောက်ပိုင်း သူ့ဟင်းတွေက အချိုမှုန့်တွေ အရမ်းများတော့ ဘုန်းကြီးတကယ်မဘုဉ်းဘူးဆိုတာ သိသွားပြီး အခုတော့ ဘာဟင်းမှ မပို့တော့ဘူး။ ကျွန်တော်က သူများကို ပြောင်သလိုလို နောက်သလိုလို မပြောတတ်ဘူး။ ဒါနဲ့ အဲသလိုပြောတတ်တဲ့ ကျောင်းက ဦးပဇင်းကနေ နောက်သလိုလို အတည်လိုလို တဆင့်မေးခိုင်းကြည့်တယ်။ တပည့်တော်မက စေတနာအပြည့်နဲ့ ဘုဉ်းပါရစေတော့ရယ်လို့ဆို ချက်ပို့တာ၊ အရှင်ဘုရားတို့ ဘုန်းကြီးမှ မဘုဉ်းပေးတာ ဘာပို့စရာလိုတော့လို့လဲဆိုပြီး ပြတ်ကရော။ အဲဒါလေးတွေကို သံဝေဂယူပြီး ငါ့ကျောင်းက သူများကျောင်းကိုမီပြီး တည်ထားရပါတယ်ဆိုမှ တကာ တကာမတွေကို ဆန့်ကျင်လို့ သိပ်မတော်ပေဘူးဆိုပြီး သည်းခံဘုဉ်းပေးရတာပဲ။ အရှင်ဘုရားကျောင်းကို ဘယ်နတ်က စောင့်နေတယ်ဆိုတဲ့ တကာတွေနဲ့လည်း ပြတ်ပြီ။ အရှင်ဘုရား ပဋ္ဌာန်းခဏခဏ ရွတ်ပါ၊ နမောတေ ပုတီးစိပ်ပါ၊ ကံတက်အောင် ကျောင်းရှေ့မှာ ကံတက်ပင်စိုက်ပါစတဲ့ တကာတွေနဲ့ ပြတ်ပြီးပြီ။ ပအိုဝ်းမှန်ရင် ကိုဗစ်မကူးဘူးဆိုတဲ့ ရွာလုံးကျွတ်ပြတ်တာလည်း ရှိပြီးပြီဆိုတော့ ရှေ့ဆက်အရမ်းအရမ်းကြီး ဆန့်ကျင်လို့မဖြစ်တော့ဘူး။ တချို့ကတော့ ဘုန်းကြီးက တရားဟောတိုင်း ဒါချည်းထည့်ထည့်ဟောနေတော့ ကျောင်းကိုပို့ဖို့ဆိုပြီး ခွဲချက်ရတယ်ဆိုတာလေးလည်း ရှိတယ်။ တော်တော်များများကတော့ အဲလိုပါပေမယ့် တချို့ကျတော့လည်း တသက်လုံးစားလာတာ ဘာမှမဖြစ်ဘူးဆိုတဲ့ သူတို့ယုံကြည်ချက်ကြီးက ခံနေသေးတာကိုး။ ဘုန်းကြီးဘဝက ဟိုးအပေါ်မှာ ပြောခဲ့တဲ့ Culture Quotient နဲ့ပိတ်မိပြီးသားဗျ။ အဲဒါကြောင့်နေထင်တယ်။ သူငယ်ချင်းတပါးကတော့ ဘုန်းကြီးဖြစ်ရတာ ဘရန်းလည်း မဝတ်ရဘူးကွာ။ ဘရန်းတွေ ဝတ်ချင်တယ်ဆိုပြီး လူထွက်သွားတယ်။ သူငယ်ချင်းက ခုထိ သူငယ်ချင်းက သူ့အဝတ်အစားနဲ့ ပတ်သက်ပြီး ဘရန်းကို ရူးသွပ်နေတုန်းပဲ။
အရင်တုန်းကလူတွေကတော့ အဝတ်မဝတ်ကြပါဘူး။ နောက်ပိုင်းကျ အကောင်ပလောင်တွေ အကိုက်မခံရအောင် အဝတ်အထည်ကို စတင်ဖန်တီးကြတယ်။ အဝတ်အထည်ဟာ ကမ္ဘာ့ပထမဆုံး ထုတ်ကုန်ဖြစ်ခဲ့ပြီး အခုထိလည်း ရပ်နားလို့မရသေးတဲ့ ထုတ်ကုန်ဖြစ်နေတုန်းပါပဲ။ အစကတော့ မြန်မာစကားပုံထဲကအတိုင်း လူမှာအဝတ် တောင်းမှာအကွပ်လောက်ပဲ ရှိခဲ့ပေမယ့် ဆန်းမှ သစ်မှ ခေတ်မီမှဆိုတဲ့ လူတွေရဲ့အတ္တကြောင့် ဘရန်းဆိုတာတွေ ဖြစ်လာခဲ့တယ်။ အခုထိ သူငယ်ချင်းလူထွက်ကတော့ ဘရန်းမှ ဘရန်းဖြစ်နေတုန်း။ သူဝတ်နေကျက ဘရန်းတွေထဲ တခုက H&M လားမသိဘူး။ ကြားထဲမှာ & ပါတာတော့ သိတယ်။ ကျွန်တော်က လူ့အဝတ်အစားတွေ မသိဘူးလေ။ တကယ်လို့ H&M ဆိုရင် ၂၀၁၈ ခုနှစ်မှာ အမျိုးသမီး အလုပ်သမပေါင်း ၈ သန်းခွဲကို လစာသုံးပုံတပုံပဲပေးထားပြီး ခုထိခေါင်းရှောင်နေတုန်းဆိုတာ သူသိချင်မှ သိမှာ။ အဲဒီအလုပ်သမလစာငွေက ဒေါ်လာပေါင်း ၁.၈ သန်းပဲ။ H&Mရဲ့အဝတ်အစားတွေ နှစ်စဉ်ရောင်းရငွေက ဒေါ်လာပေါင်း ၁၇၇ သန်းရှိတယ်။ ခုထိ မရောင်းသေးတဲ့ အဝတ်အထည်ပေါင်း သန်း ၄၀၀ ကျော်ရှိနေသေးတယ်။ ပြီးတော့ H&M က သဘာဝပတ်ဝန်းကျင်နဲ့ ၅၀ ရာခိုင်နှုန်း လိုက်လျောညီထွေရှိတဲ့ အဝတ်အစားကို ၂၀၃၀ လောက်မှာ အပြီးသတ် ထုတ်လုပ်နိုင်ပြီလို့ ပြောပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက ဘာလို့တော့ မပြောပါဘူး။ အဝတ်အစားတွေက ဖိုက်ဘာချည်မျင် ၇၀ ရာခိုင်နှုန်းနဲ့ ထုတ်လုပ်တာဖြစ်တဲ့အတွက် ဘယ်မှာပဲ စွန့်ပစ်စွန့်ပစ် သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးပြီးသားပါပဲ။ Shine အဝတ်အထည်ဆို ဖိုင်ဘာချည်မျင် ၉၄ ရာခိုင်နှုန်းအထိပါတယ်။ ဖိုက်ဘာချည်မျင်ဆိုတာကို မြန်မာနားနဲ့ နားလည်အောင် ပြောရရင်တော့ ပလပ်စတစ်ကော်ပေါ့။ နာမည်ကြီးဘရန်းတွေထဲမှာ Zara က ၂၀၄၀ ခုနှစ်ကို ရောက်ရင်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချပေးပါ့မယ်လို့ ပြောနိုင်ရုံပဲရှိသေးတယ်။ ဘရန်းဆိုတဲ့ အဝတ်အထည်ကြောင့်ချည်း ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ၁၀ ရာခိုင်နှုန်းထုတ်နေပါတယ်။ Forever 21 က အလုပ်သမားတွေကို အနိမ့်ဆုံးလစာဆိုတာထက် အဆမတန်နိမ့်တဲ့ လစာကိစ္စကြောင့် မကြာခဏ တရားစွဲခံနေရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ပြီးတော့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကို အကြိမ်များစွာ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် အလှူငွေထည့်ဖို့ အမြဲငြင်းတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ Uniqlo ကတော့ အင်ဒိုနီးရှားမှာ အလုပ်သမားတွေကို လစာမပေးဘဲ ကုမ္ပဏီကို ပိတ်သိမ်းခဲ့ပါတယ်။ စုစုပေါင်း လစာငွေ ၅.၅ သန်းပါ။ ဒါက အချိန်ပိုလုပ်အားခ ထည့်တွက်မထားပါဘူး။ Shine ကတော့ တစ်တော့မှာ နာမည်အတော်ကြီးနေပါတယ်။ မူပိုင်ခွင့်မျိုးစုံ ချိုးဖောက်ခဲ့မှုကို ပုံစံမျိုးစုံနဲ့ အချိန်ပြည့်ကာကွယ်နေရတယ်။ Mango ကတော့ ၂၀၁၃ မှာ အလုပ်သမား ၁၀၀၀ ကျော်သေပြီး ၂၄၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ ကိစ္စကို ခုထိ မသိကျိုးကျွံပြုနေတုန်းဖြစ်ပါတယ်။ အဝတ်အထည်ကုမ္ပဏီတွေဟာ ကမ္ဘာပေါ်ရှိ လူဦးရေပေါင်း ၇၅ သန်းကျော်ကို အလုပ်ပေးထားပါတယ်လို့ မကြာခဏကြွားဝါလေရှိပေမယ့် အလုပ်လုပ်ချိန် ရှစ်နာရီကိုတောင် တဒေါ်လာသုံးစရာမလိုတဲ့ အလုပ်သမား ၆၀ ရာခိုင်နှုန်းကျော် ပါဝင်နေတာကို လုံးဝထုတ်မပြောကြပါဘူး။ အဲဒီထဲမှာ အသက် ၁၈ နဲ့ ၂၄ နှစ်ကြား မိန်းကလေး အလုပ်သမား ၈၀ ရာခိုင်နှုန်းလည်း ပါဝင်နေပါသေးတယ်။ ဘရန်းအထည်ကို လျှော်လိုက်လို့ ထွက်လာတဲ့ ရေတန်ချိန် ၅ သိန်းထဲမှာ ပလပ်စတစ်အမှုန် ၅ တန်လောက်ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ ညစ်ညမ်းရေ ၂၀ ရာခိုင်နှုန်းဟာ ဘရန်းတွေထုတ်တဲ့ စက်ရုံတွေဆီကနေ လာတာဖြစ်ပါတယ်။ ဘရန်းတွေဟာ ပျဉ်းမျှ ပလပစတစ် ၆၀ ရာခိုင်နှုန်းနဲ့ ထုတ်လုပ်ထားတာကြောင့် ဖြစ်ပါတယ်။ အဝတ်အထည်စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ပြုပြင်ဖို့ ကမ္ဘာ့ရံပုံငွေ ၂၆ ရာခိုင်နှုန်းအထိ သုံးလာရဖွယ်ရှိနေတယ်။ အထည်အလိပ်လုပ်ငန်းဆီကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုက ၆၀ ရာခိုင်နှုန်းအထိ တိုးလာနေလို့ဖြစ်ပါတယ်။ ပြီးတော့ အင်္ကျီတထည်ရဖို့ ရေဂါလံပေါင်း ၇၀၀ ကနေ ၂၀၀၀ အထိ ကုန်ကျလို့လည်းဖြစ်ပါတယ်။ ရေနံရုပ်ကြွင်းလောင်စာကို သုံးတာဖြစ်တဲ့အတွက် ဟိုက်ဒရိုဂျင်ကလိုရိုက် အက်ဆစ်ငွေ့ကို အမြဲထုတ်ပေးနေလို့ ရေနဲ့ လေထဲမှာရှိတဲ့ သေးငယ်တဲ့ ဇီဝပိုးတွေ အမြဲသေဆုံးနေရပါတယ်။ သို့ပေမယ့် ဘရန်းမှ ဘရန်းလူသားတွေကလည်း ကမ္ဘာပေါ်မှာ ရှိနေမှာဆိုတော့ ကျွန်တော်လည်း ထိုင်ကြည့်နေလိုက်ပါမယ်။
ဘရန်းကောင်းကောင်း ကော်ဖီသောက်ပြီး ထိုင်ကြည့်မှာပါ။ ကော်ဖီမှာတော့လည်း ဘရန်းလို့ မသုံးဘူးပေါ့လေ။ အကောင်းဆုံး ကုန်အမှတ်တံဆိပ် ကော်ဖီနဲ့ပေါ့။ ရှမ်းပြည်မှာတော့ ရွှေရွာငံနဲ့ ဉာဏ်ကြီးရှင် (ရွာငံ)၊ ရွက်ပုံးသီး(ပင်လောင်း)၊ မဲနယ်တောင်(ဟိုပုံး)တွေ ရှိမှာပေါ့။ ကော်ဖီအတွက် အတော်ကောင်းတဲ့ အမှတ်တံဆိပ်ရဖို့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကော်ဖီပင်ကို သေချာစိုက်ပျိုးမှ သုံးနှစ်နဲ့သီးမှာဖြစ်ပါတယ်။ မှည့်တဲ့အချိန်ကျရင် ခူးတယ်။ ခူးပြီး အခြောက်လှန်းတယ်။ ကုန်အမှတ်တံဆိပ် ကောင်းကောင်းနဲ့ ကော်ဖီဖြစ်လာဖို့ ဒီအခြောက်လှန်းတဲ့ ကိစ္စမှာ စကားပြောပါပြီ။ ကော်ဖီမှာပါတဲ့ အချွဲတွေ သေချာဆေးကြောရပါတယ်။ တချို့က ပျားရည်ရောစပ်ထားတဲ့ ရေနဲ့ဆေးတယ်လို့ ဆိုပါတယ်။ ပြီး နေရောင်အောက်မှာ ဖြန့်ခင်းထားရပါတယ်။ ရေမရှိတော့ရင် လေဝင်လေထွက်ကောင်းတဲ့ အပူချိန် ၄၀ ဒီဂရီရှိတဲ့နေရာ ဆက်လှန်းရပါတယ်။ အစိုဓာတ်ပမာဏ ၄၀ နဲ့ ၅၀ ရာခိုင်နှုန်းကြားမှာ ပြန်သိမ်းရပါတယ်။ အချွဲတွေကို ဆေးတုန်းက ရိုးရိုးရေနဲ့ဆေးရင် ခြောက်ရက်နဲ့ ကိုးရက်ကြာပြီး ပျားရည်တွေနဲ့ဆေးမယ်ဆိုရင် ဆယ်ရက်နဲ့ ဆယ့်လေးရက်ကြာ လှန်းရပါတယ်။ လှန်းနေတုန်း အကောင်ပလောင် မနားအောင် အပူချိန်ညီနေအောင် မိုးမမိအောင် မှိုမတက်အောင်အကုန် ဂရုစိုက်ရပါတယ်။ ကုန်အမှတ်တံဆိပ် ကောင်းကောင်းအတွက် ဒီနေလှန်းချိန်မှာ ဂရုမစိုက်လိုက်မိတာနဲ့ ဂိုးဝင့်ဂေါင်းပါပဲ။ လူတွေရဲ့ စိတ်ကလည်း ထူးဆန်းတယ် မဟုတ်လား။ ကော်ဖီကို တခြားအနံ့နဲ့ သောက်ချင်တဲ့သူက ရှိသေးတာကိုး။ ဒီ့အတွက် အဲလို နေလှန်းချိန်မှာပဲ ကော်ဖီကို စတော်ဘယ်ရီအနံ့ရစေချင်ရင် ကော်ဖီလှန်းစင်အောက်မှာ စတော်ဘယ်ရီသီးထားပေးရပါတယ်။ သူ့ကိုလည်း ဂရုစိုက်ရသေးတယ်။ စံပါယ်အနံ့ရချင်ရင် စံပါယ်ပန်းတွေ ထားရတယ်။ အဲပန်းကိုလည်း ဂရုစိုက်ရတာပဲ။ ဒါကတော့ သဘာဝအတိုင်း အနံ့ကိစ္စပေါ့လေ။ ဒါပေမယ့်လည်း စက်နဲ့ အခြောက်လှန်းတာကို ပိုအားပေးကြပါတယ်။ ပိုမွှားအန္တရာယ်၊ မှိုတက်တဲ့အန္တရာယ်စတာကင်းတယ်။ အချိန်အကုန်သက်သာတယ်။ အနံ့ကို ဓာတုတမျိုးမျိုးနဲ့ စပ်လိုက်မယ်။ အမှုန့်ကြိတ်လိုက်မယ်။ ကဲ ရပါပြီ။ ကော်ဖီတံဆိပ်တွေလည်း အဝတ်အထည်ဘရန်းတွေလိုပါပဲ။ နာမည်ပေါ်လိုက်ပြီး ဈေးနှုန်းကွာပါတယ်။
ကျောင်းမှာ ကော်ဖီပင်တွေ ရှိပါတယ်။ မလုပ်တတ်ပါဘူး။ နာမည်ရှိပြီးသား ဘရန်းတခုခု ဝယ်သောက်လိုက်မယ်။ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ Free radicalကို မပျက်စီးအောင်ထိန်းပေးတဲ့ Antioxidant ဓာတ်ပါတယ်တဲ့။ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေတဲ့ Riboflavin ဓာတ်ပါဝင်တယ်။ လူကို မဝစေတဲ့ Pantothenic acid ပါတယ်။ ခန္ဓာကိုယ်တွင်း တစ်ရှူးကိုတည်ဆောက်ပေးပြီး အရိုးတွေကို သန်မာစေတဲ့အပြင် သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ Manganese ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းပေးတဲ့ Potassium ပါတယ်။ ခန္ဓာကိုယ်တွင်း ကွဲပြားတဲ့ ဇီဝထုတ်ပြန်မှုတွေကို ထိန်းပေးတဲ့ Magnesium လည်းပါတယ်။ ဖြည့်စွက်အစားအစာ Niacin လည်းဖြစ်ပါတယ်။ အားလုံးသိကြတဲ့ ဦးနှောက်နဲ့ အာရုံကြောကို လှုံ့ဆော်ပေးတဲ့ Caffeine ကတော့ သေချာပြီးသားပဲ။ ဆီးချိုရောဂါ၊ ဦးနှောက်ဆဲသေတဲ့ အယ်ဇိုင်းမားရောဂါ၊ ခြေတုန်လက်တုန်နဲ့ ဟန်ချက်မထိန်းနိုင်တဲ့ ပါကင်ဆန်ရောဂါကို ကာကွယ်ပေးပြီးသားလည်းဖြစ်တယ်။ မိုးဇက်ရဲ့တေးသွားကိုလည်း နားမလည်ပါဘူး။ ဘီသိုဗင်ရဲ့တေးသွားကိုလည်း နားမလည်ပါဘူး။ ကိုယ်နားလည်တဲ့ ထူးအိမ်သင်ရဲ့ နာရီပေါ်က မျက်ရည်စက်များကိုဖြစ်ဖြစ် ဗင်းဆင့်ဗန်ဂိုးတမ်းချင်းဖြစ်ဖြစ် အကြိမ်ကြိမ်ပြန်ဖွင့်နေအောင်ထားပြီး နားထောင်နေလိုက်မယ်။
ခုတလော စာရေးရတာ အရသာမရှိဘူးဖြစ်နေတယ်။ တွေးထားတာတွေကို မရေးနိုင်ဘူး။ မတတ်နိုင်ဘူး။ နောက်တပုဒ်ကျမှ ကောင်းကောင်းရေးတော့မယ်။ အဲလိုပဲ တွေးနေတာပဲ။
ဂျေဂျူဝိုင်