ဖာမီဝိရောဓိကိုရေးပြီး ယူကျူ့မှာ အဲဒီဝိရောဓိကို သွားတွေ့တာပဲ။ ဖတ်တဲ့သူ ဝိယောဓိလို့ဖတ်နေလို့ နားတော့ မထောင်ခဲ့ဘူး။ မြန်မာစာမှာ ရကောက်နှင့် ယပက်လက် အသံက တူနေတာကိုး။ မြန်မာစာက ဗြဟ္မီအက္ခရာကို မှီငြမ်းခဲ့တာဆိုတော့ ရှိတဲ့အတိုင်း လိုက်ကူးခဲ့ကြပုံပဲ။ ထွင်လည်း မထွင်တတ်တော့ အရှိအတိုင်းပဲ ကူးရတာပေါ့လေ။ ၄၀ ကျော်ရော။ ပိုကုန်ရော။ ဒါနဲ့ အပိုအက္ခရာကို အလကားမဖြစ်အောင် ကြံရတာပေါ့။ ပါသက်တွေ ပေါသက်တွေလုပ်ရတာပေါ့။ ဒါတောင် အသံတွေအကုန် မရေးပြနိုင်သေးဘူး။ ပြီးတော့ သတ်ပုံစည်းကမ်းတွေ ထုတ်ကြပေါ့။ နောင်လာနောက်သားတွေလည်း အဲဒဏ်ခံကြရတာပေါ့။ ဗြဟ္မီကနေ ပျူပြီးရင် မွန်နဲ့ မြန်မာက ဆက်ကူးခဲ့တာပဲ။ အနောက်ကစာတွေ သွားကူးရင် ၂၆ ပတ်ချာလည်ပဲ။ ရုရှားတောင်မှ ၃၃ ပဲရှိတာ။ နီးရာကူးကြတာပေါ့လေ။
ကမ္ဘာပေါ်မှာ စာ၊ စကား၊ ယဉ်ကျေးမှု၊ တူရိယာ၊ အဝတ်အစားအားလုံးဟာ ပုံတူကူးခဲ့ကြတာချည်းပါပဲ။ ဟိုးအစကို ပြောရရင်တော့ အာဖရိက။ ဒါပေမယ့် ဂရိယဉ်ကျေးမှု ရှိနေချိန်မှာ အာရှမှာ မွန်ဂို၊ ခမာ၊ အိန္ဒိယ လူမျိုးလည်း ရှိနေပြီ။ လက်ရှိအာရှမှာတော့ သူတို့ဆီကနေ ပုံတူကူးခဲ့တာတွေချည်းပဲ။ အဲဒီကနေ အဆင့်ဆင့်ကို အထပ်ထပ်မြှင့်ပြီး ကိုယ့်စာ၊ ကိုယ့်စကား၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်တူရိယာ၊ ကိုယ့်အဝတ်အစားလို့ အတည်တကျ သတ်မှတ်ပြီးနောက် စည်းကမ်းကာလနားတွေ ထုတ်ခဲ့ကြတယ်။ အစကတော့ လူမျိုးစုတွေက ဒီအတိုင်းပဲ။ အဝတ်အစားရှိတယ်။ စကားရှိတယ်။ လူမျိုးလို့လည်း ရှိတယ်။ ဒါပေမယ့် သတ်မှတ်ထားတာက ပုံသေစည်းနဲ့ ကမ်းနဲ့ မဟုတ်ဘူး။ အိုင်ဒင်တတီလို့ခေါ်ကြတဲ့ ဖြစ်တည်မှုကြီးတရပ်အနေနဲ့ လူမျိုုးစုဆိုပြီး ခိုင်ခိုင်မာမာ ဖြစ်တည်နေအောင် တွန်းအားပေး ဖြစ်ခဲ့ချိန်က ၁၉ ရာစု ကုန်ခါနီးဆိုပါတော့။ ဒါပေမယ့် ၂၀ စု ကုန်ခါနီးလောက်မှာ စပြီး တကယ်ကို ခိုင်မာသွားတာ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးစနစ်မှာ မဲစနစ်ကြောင့် မဲရရှိရေးအတွက် လူမျိုးစုဆိုတာတွေကို အသုံးချခဲ့ကြလို့ပဲ။ ရွေးကောက်ပွဲလည်းပြီးရော လူမျိုးစုတွေက ပန်းပွတ်သည်သား ကောင်းစားနေလို့ ပန်းကပ်အပဲ့နဲ့ နန်းတက်နေရကြောင်း၊ လွတ်တော်အမတ်တွေကျတော့ ဘုရားပြီးရင်တော့ဖြင့် ငြမ်းဖျက်ရကြောင်း ရာဇသင်္ကြံနဲ့ နရသီဟပတေ့ ဇာတ်လမ်းဖြစ်တာပဲ။ ဒါတွေလည်း ဖြစ်ရော၊ ‘အနည်းငယ်သာရှိသော’ဆိုတဲ့ လူမျိုုးစုတွေဟာ အသုံးချခံဘဝကနေ ငါတို့လည်း ခေါင်းဆောင်နိုင်စွမ်းရှိတယ် ဆိုတဲ့ဇာတ်လမ်း စခဲ့တယ်။ မြန်မာနိုင်ငံမှာဆို ပိုသိသာပါတယ်။ ကယားပြည်နယ်ကို ကယားပြည်နယ်လို့ သတ်မှတ်ခဲ့ချိန်မှာ ဘယ်လူမျိုုးမှ ဘာမှလည်း ပြောပြောဆိုဆို မရှိခဲ့ပါဘူး။ သို့ပေမယ့် ဒီမိုကရေစီဆိုတဲ့ ဝေါဟာရနဲ့အတူ မဲရရှိရေးအတွက် လူမျိုးစုတွေအပေါ် အသုံးချမှုတွေ ရှိလာတဲ့အခါ ကရင်နီလူမျိုးတွေဟာ ကယားပြည်နယ်လို့ မခေါ် မသုံးနှုန်းကြတော့ပါဘူး။
ကမ္ဘာမှာ အစက “လူမျိုး” ဆိုတဲ့ ကန့်သတ်ချက် မရှိဘူးဗျ။ အိန္ဒိယမှာ လူမျိုးစု ဒီလောက်များခဲ့တာတောင် အမျိုးလေးပါးပဲ ရှိခဲ့တာ။ “လူမျိုး” ဆိုတဲ့ စကားလုံးကို အနုပညာလောကကနေ စခဲ့တာ။ ၁၅၀၈ ခုနှစ် ပြင်သစ်ပြဇာတ်မှာ စပြီး သုံးခဲ့တယ်။ တကယ်ပဲ အဲရှေ့က မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ပါတယ်။ ဂရိတွေလည်း “လူမျိုး” လို့သုံးခဲ့ကြပါတယ်။ ဒါပေမယ့် ဂရိသုံးခဲ့တာက genos ဗျ။ အခုက race ။ ဂရိသုံးတဲ့ ဂျီနိုရဲ့ အဓိပ္ပါယ်က အာရှမှာရှိတဲ့လူနဲ့ သူတို့နှင့် ပုံစံမတူတာကြောင့် သုံးတာ။ ဗီဇ Gens မတူဘူးပေါ့။ သူတို့က အာရှလူမျိုးနဲ့ ပတ်သက်ပြီး Asia genos လို့သုံးခဲ့တာပဲ။ အခု ပြင်သစ်က သုံးလိုက်တဲ့ လူမျိုးစာလုံးက Race ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခုလောက် လူမျိုးရေးခွဲခြားမှုကြီး ပေါ်လာမယ်မှန်း မသိကြလို့နေမှာပေါ့။ သိများသိခဲ့ရင် သူတို့ပြဇာတ်ရဲ့ လိုအပ်ချက်ကို ပြောင်းရင် ပြောင်းခဲ့ကြမှာ။
အခုတော့ လူမျိုးစုဆိုတာ နိုင်ငံရေးသမားရဲ့ အသုံးချခံလက်နက်ဖြစ်သွားပြီ။ ဂရိတို့ရဲ့ genos ဆိုတာ အာရှသား၊ ဥရောပသားလို့ပဲ အဓိပ္ပါယ်ထွက်နေတယ်။ အသားအရောင်မတူတာ၊ ဆံပင်မတူတာ၊ မျက်လုံးအရောင်မတူတာ၊ မျက်နှာ သွင်ပြင်မတူတာကို ခွဲခြားပေးတဲ့ စကားလုံး မဟုတ်ဘူး။ ဒါနဲ့ သူတို့က ပြဇာတ်ထဲ ကွဲပြားနေတဲ့ ပုံစံနဲ့ လူမျိုးစုကို ရည်ရွယ်ပြီးတော့ အီတလီစကားလုံး razza ကို ထည့်သုံးခဲ့တယ်။ အင်္ဂလိပ်လက်ထဲရောက်တော့ race ဖြစ်ရတာပေါ့လေ။ ကိုလိုနီခေတ်ရောက်လို့ နယ်ချဲ့ကြတော့ တချို့ဒေသက လူမျိုးစုတွေမှာ နာမည်မရှိခဲ့တာ။ နယူးဇီလန်က ဌာနေတိုင်းရင်းသားတို့ဆို ခုထိနိုင်ငံနာမည် အစွဲပြုပြီးတော့ ခေါ်နေရသေးတယ်။ ကိုလိုနီအပြီး ဒီမိုကရေစီ အုပ်ချုပ်မှု ထွန်းကားလာတယ်။ အဲဒီ ဒီမိုကရေစီစနစ်ကြောင့် လူမျိုးစုတွေကို ပိုပြီး သွေးစည်းစေခဲ့တယ်လို့ အနောက်တိုင်း သမိုင်းပညာရှင်တွေက ဆိုကြပါလေရော။
သူတို့က လူမျိုးစွဲဝါဒဟာ ဟစ်တလာက စခဲ့တယ်။ ဟစ်တလာက စခဲ့တယ်ဆိုပေမယ့် လိင်တူချစ်သူစတာတွေပါ ပါလေတော့ အသေချာကြီးတော့ မဟုတ်ဘူးလို့လည်း ပြောကြတယ်။ ဒါပေမယ့် လူမျိုးစုအရေး အပြင်းထန်ဆုံး စတင်ခဲ့ချိန်ကတော့ ကုန်သွယ်တိုက်ညီနောင်ကို လေယာဉ်နဲ့ တိုက်လိုက်အချိန်ပဲ။ ဒါက ကမ္ဘာ့အကြီးဆုံး လူမျိုးရေးတိုက်ပွဲ စစ်မျက်နှာကို ဖွင့်လိုက်တာပဲ။ သူတို့အဆိုအရတော့ ၂၁ ရာစုထဲဝင်မှ လူမျိုးရေးအစွဲတွေက ပိုကြီးလာကြတယ်လို့ ဆိုကြတယ်။ ဘယ်သူကနေ စခဲ့သလဲဆိုရင် အကြဉ်ဖယ်ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ယူဆကြတဲ့ လူမျိုးစုတွေကနေ စခဲ့တာတဲ့။ နိုင်ငံတကာစီးပွားရေး မူဝါဒရေးဆွဲတယ်။ တချို့နိုင်ငံနဲ့ တချို့လူမျိုးအတွက် မပါဘူး။ နိုင်ငံတကာနဲ့ စပ်လျဉ်းတဲ့ အဖွဲ့အစည်းတွေ ဌာနတွေမှာ အာရပ်လူမျိုး ထည့်မထားတာတော့ မဟုတ်ဘူး။ ထည့်ထားတယ်။ ဒါပေမယ့် အနောက်စွဲ အာရပ်တွေကိုပဲ ထည့်ခဲ့တာ။ သယံဇာတရချင်ရင်တော့ အဲဒီနိုင်ငံ အဲဒီလူမျိုးတွေအပေါ် ဝိုင်းပြီး ဖိအားပေးလာတယ်။ ဒါတွေကို လူမျိုးစုတွေဟာ သိလာကြ မြင်လာကြတယ်။ ကမ္ဘာနဲ့ချီတဲ့နေရာမှာ အဲလိုရှိသလို ကမ္ဘာနဲ့ မချီတဲ့ နေရာတွေမှာလည်း ရှိခဲ့ပါတယ်။ အခုဆို လူမျိုးစုတွေဟာ နိုင်ငံရေးသမားကိုတောင် ပြန်အသုံးချနိုင်နေပြီလို့ ဆိုတယ်။ လူမျိုးစုနဲ့ပတ်သက်ပြီး ပြောရတာ တော်တော်ရှက်စရာကောင်းတဲ့ ကိစ္စဗျ။ ဒါကြောင့် ဘယ်သူမှ ဘာမှ မပြောကြဘူး။ ဥပဒေမရှိပေမယ့် လူမှုရေးရာဇဝတ်မှုလို့ သတ်မှတ်ထားကြတယ်။ လူ့ယဉ်ကျေးဆိုသော လူမျိုးစုတွေရဲ့ လူမှုရေးရာဇဝတ်မှုဟာ ကြောက်စရာ အကောင်းဆုံးမလား။
အဲဒီ ပြင်သစ် ပြဇာတ်အပြီးမှာတော့ အဲဒီအနောက်နိုင်ငံမှာလည်း အဲဒီလူမျိုးစုဆိုတာ ရှိလာတယ်ပေါ့။ ဒါပေမယ့် အင်ပါယာတွေရဲ့ အောက်မှာပဲ နေခဲ့ကြတာပါပဲ။ ၁၉ ရာစု အစကလေးမှာမှ နယ်မြေကန့်သတ်မှု စတင်ခဲ့တယ်။ နိုင်ငံစခွဲတယ်ပေါ့။ သတ်မှတ်ထားတဲ့ ဧရိယာအတွင်း လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်တဲ့ လူမျိုးစုကို မူတည်ပြီး နိုင်ငံနာမည် စပေးတယ်။ ဒါကြောင့်လည်း ယူကေက ပြဿနာတက်တာ။ ယူကေမှာ ဝေးလ်က မူရင်းတိုင်းရင်းသား။ ဒါပေမယ့် ဗြိတိန်စကား ပြောတဲ့သူက ပိုများနေတယ်။ ဝေးလ်က သူတို့က မူရင်းတိုင်းရင်းသားဆိုတော့ သူတို့ဘာသာ သူတို့ လူမျိုးစုသီးသန့် လွတ်လွတ်လပ်လပ်နေချင်တယ်။ ခက်တာက ဗြိတိန်က အင်အားကြီးနေတယ်။ ဆိုဗီယက်ယူနီယံကိုတော့ သံဝေဂ ယူကြရမယ်။ ရုရှလူမျိုးနဲ့ ကျန်လူမျိုးတွေရဲ့ အရေအတွက်က မတိမ်းမယိမ်းဖြစ်နေခဲ့တယ်။ ဒါကြောင့် ၁၅ ခြမ်းတောင် ကွဲခဲ့ရတယ်။ မြန်မာမှာတော့ ဗမာက ကြေငြာထားတာက ၆၈ ရာခိုင်နှုန်း ရှိတာက ၅၆ ရာခိုင်နှုန်း။ ဆိုဗီယက်ယူနီယံနဲ့ နင်လား ငါလားပဲ။
လူမျိုးစုက အာရှမှာ အစကတည်းက ခွဲနေခဲ့သလားတော့ စဉ်းစားစရာပဲ။ ပျူကို မန်လူမျိုးက တိုက်တယ်။ ရှမ်းလူမျိုးက တိုက်တယ်စသဖြင့် ဆိုကြရေးကြတာကိုး။ နရသီဟပတေ့ဆီလည်း ကုလားမင်းသမီးကို ဆက်သတယ်လို့ ပါခဲ့တယ်။ မွန်မင်းဆက်ကို ဒေါက်တာနိုင်ပန်းလှက ရာဇဓိရာဇ်အရေးတော်ပုံ ဆိုပြီး ရေးခဲ့တယ်။ ရခိုင်လူမျိုးဆိုရင် သူတို့မင်းဆက်က ဘီစီ ၃၀၀၀ ကတည်းက စခဲ့တာတဲ့။ အိန္ဒိယမင်းဆက်ကို ကြည့်တော့ ၁၃ ရာစုမှ စပြန်တယ်။ မွန်ဂိုရဲ့ သမိုင်းကို သွားကြည့်တော့ ဂျင်ဂျစ်ခန်က ၁၃ ရာစုမှာ ပထမဦးဆုံးပါရေးရှားနိုင်ငံကို သိမ်းပိုက်ခဲ့တယ်ဆိုတာ ပါလာရော။ အဲတုန်းက နိုင်ငံမပေါ်သေးဘူး။ အင်ပါယာခေတ်ပဲ ရှိသေးတယ်မဟုတ်လား။ တရုတ်သမိုင်းသွားကြည့်တော့ အမေရိကတိုက်ကို သူတို့က ဟိုလူထက် ၇၁ နှစ်စောပြီးတွေ့ခဲ့တာဆိုပဲ။ ဖြစ်ပြန်ပြီ။ မဖြစ်မဖြစ်။ ဒါတွေ လိုက်ကြည့်လို့ မဖြစ်။ ရူးနိုင်တယ်။ ပါရှန်းဆီ ရောက်လိုရောက်။ ပါလက်စတိုင်းမှာ တွေ့ရှိတဲ့ သမိုင်းမတိုင်မီ နှစ် ၁၇၀၀ က ခါနန်စာ ဆီ ရောက်လိုရောက်။ ပိုလီနီးရှား လှပျိုဖြူတွေဆီ ရောက်လိုရောက်နဲ့။ နောက်ဆုံး ဟိုမိုဆေပီယန်မှာ ဇာတ်သိမ်းလိုက်ရတယ်။ ဒါပေမယ့် တဲ့။ ဒါပေမယ့်မှကို ဒါပေမယ့်မှရမယ့် ဒါပေမယ့်ကတော့ လူမျိုးစုတွေ ဖြစ်ပေါ်လာရခြင်း အကြောင်းက အရေးမကြီးတော့ပါဘူး။ ဘာကြောင့်ပဲ ပေါ်ခဲ့ပေါ်ခဲ့ ဘယ်လိုပဲပေါ်ခဲ့ ပေါ်ခဲ့ တကယ့်ကို အရေးမကြီးတော့ပါဘူးတဲ့။ ဘာလို့ဆို လူမျိုးရေးကိစ္စဟာ ရုရှားက နျူကလီးယားဗုံး သုံးရင်လည်း သုံး။ ဖာမီဝိရောဓိက မှန်ပြီး ဂြိုဟ်သားတွေ ဟောဒီကမ္ဘာကြီးကို လာတိုက်ရင်လည်း တိုက်။ ၃၂ မိုင်လောက်ရှိတဲ့ ဥက္ကာခဲကြီးကပဲ ဝင်တိုက်ရင်လည်း တိုက်။ သဘာဝဘေးအန္တရာယ် အကြီးကြီး ကျပြီး ကမ္ဘာပေါ်က လူတဝက်လောက် သေရင်လည်း သေ။ အရမ်းပြင်းထန်တဲ့ ရောဂါကပ်ဆိုက်ပြီး လူတဝက်လောက် ဟောဒီမြေပေါ်က ပျောက်ရင်လည်း ပျောက်တော့မှပဲ လူမျိုးစု အရေးက ပြီးတော့မှာမို့ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူမျိုးရေးခွဲခြားရေး ဆိုတဲ့မီးဟာ ၂၁ ရာစုမှာ စတင်လောင်ကျွမ်းပြီ ဖြစ်ပါတယ်။ သူတို့ကတော့ ခေတ် Era လို့ သုံးတတ်ကြတယ်လေ။ ၂၁ ရာစုဟာ လူမျိုးရေးအစွန်းရောက်ဝါဒခေတ်တဲ့။ သူတို့က မပြောကြပါဘူး။ သူတို့ပြောတဲ့ ၂၁ ရာစု အကြောင်းမှာ ဒါမပါဘူး။
လူသားသမိုင်းမှာ ဒီ ၂၁ ရာစုကို တော်တော်များများ တွက်ချက်ထားကြတယ်။ အေအိုင်နည်းပညာကိုသာ အားကိုးတော့မယ့်ရာစုလို့ ပြောတယ်။ အေအိုင်ဆိုတဲ့ လူသားဉာဏ်ရည်တုဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ဥပဒေ၊ ကုန်ထုတ်လုပ်ငန်းနဲ့ စာရင်းဇယားတွေအတွက် အလွန့်အလွန် အကျိုးရှိလာမယ်။ တိကျတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချပေးလိမ့်မယ်။ ဒါက အနောက်နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒမှုနဲ့ ကိုက်ညီနိုင်မှု ရှိမယ် မရှိဘူးကတော့ မသိနိုင်ဘူး။ နီယိုလစ်ဘရယ်လစ်ဇင်လို့ အော်သံကြားကြားနေရလို့လေ။ အေအိုင်ကြောင့် အပေါဆုံးဖြစ်လာမှက အလုပ်လက်မဲ့တွေကိုး။ အေအိုင်ဟာ လူသားတွေလို ဘောင်ကိုကျော်ပြီး ပြဿနာကို ဖြေရှင်းမှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ တွက်ချက်မှုနဲ့ပဲ တွက်ချက်သွားမှာ ဖြစ်တဲ့အတွက် အနောက်နိုင်ငံတို့ရဲ့ လူသားကျင့်ဝတ်ဆိုတာ ဘယ်နားထားကြမလဲပေါ့။ ဟုတ်ပါတယ်။ အေအိုင်မှာ ခံစားချက် မရှိပါဘူး။ နောက်တချက်က ရာဇဝတ်မှုပဲ။ အေအိုင်နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရင် အေအိုင်ဟာ သူ့အလိုလို ခြေရာဖျောက်နိုင်စွမ်းရှိတယ်။ အေအိုင်မှာ ကျင့်ဝတ်ရှိသလား။ ကျင့်ဝတ်ဆိုတာကို အေအိုင်က နားလည်ပါ့မလား။
ဒီမိုကရေစီ အငြင်းပွားမှုများ အဆုံးသတ်မည့်ရာစုပါ တဲ့။ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီကလေး ခပ်ရေးရေး ပေါ်ခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ်ဆိုတဲ့ အစိုးရမှာ အရေးအကြီးဆုံးအချက် နှစ်ချက်ဖြစ်တဲ့ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိခဲ့သလား။ ဒီနှစ်ချက်ကပဲ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ တို့ရဲ့လုပ်ရပ် ဆိုတာတော့ သိထားရမှာပဲ။ ဒီ Good Governance နဲ့ Clean Governance ဖြစ်ဖို့က ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ရှိရမယ်။ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံသားရဲ့ လိုအပ်ချက်နဲ့အညီ လိုက်လျောညီထွေမှု ရှိနေရမယ်။ ဖြစ်စဉ်တခုတိုင်းအတွက် ကောင်းမွန်တဲ့ရလဒ်ရဖို့ စာရင်းစစ်တွေက အမြဲစစ်နေရမယ်။ စည်းကမ်းနဲ့ မူဝါဒများကို ချမှတ်ပြီး တသွေမတိမ်း လိုက်နာရမယ်။ ဒေသဆိုင်ရာ ဥပဒေများကို ဒေသခံများနဲ့အတူ ချမှတ်ပြီး အုပ်ချုပ်သူတွေကလည်း လိုက်နာရမယ်။ ခြစားမှုနဲ့ ပဋိပက္ခတွေကို အချိန်နဲ့ တပြေးညီ ဖြေရှင်းရမယ်။ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကို အမြဲတမ်းစစ်ဆေးရမယ်။ ပြဿနာအသစ်တွေအတွက် ခေတ်မီတဲ့ ဖြေရှင်းနည်းကို လေ့လာထားရမယ်။ လက်ရှိမူဝါဒထဲမှာ အနာဂတ်မျိုးဆက်သစ် ကောင်းစားရေး အစီအစဉ်အားလုံး ထည့်ဆွဲထားရမယ်။ ဘဏ္ဍာရေးမှာ အလွန်အကျွံလျှော့ခြင်း၊ အလွန်အကျွံတိုးခြင်းမလုပ်ဘဲ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ စောင့်ကြည့်နေရမယ်။ မတူကွဲပြားတဲ့ လူမျိုးစုရဲ့ ယဉ်ကျေးမှုတွေအပေါ် လေးစားရမယ်။ ဆုံးဖြတ်ချက်တိုင်းဟာ အစီအရင်ခံစာတင်ပြသူနဲ့ ဆွေးနွေးခဲ့သူအားလုံး တာဝန်ခံရမယ်ဆိုတာ သိနေရမယ်။ ဘယ်လိုငြင်းခုံမှုတွေ အဆုံးသတ်သွားမလဲတော့ စဉ်းစားစရာပေါ့။
ညှိနှိုင်းမှုမရှိတော့သော၊ တရားမျှတမှုမရှိသော၊ ပညာမဲ့သော၊ အသင်းအဖွဲ့တခု၏ ဆုံးဖြတ်ချက်သာ အဓိကကျသော၊ အစွန်းရောက် လူမျိုးရေး ဘာသာရေးကိုသာ အခြေခံသောစနစ်ကြောင့်ပဲ ငြင်းခုံမှုတွေ အဆုံးသတ်သွားမလား။ ရိုးရာအုပ်ချုပ်မှုစနစ်၊ ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်ကတော့ ၁၉ ရာစုမှာ ကျန်ခဲ့ပြီ။ မငြင်းခုန်တော့ဘူးဆိုတာက တကမ္ဘာလုံး နိုင်ငံတနိုင်ငံငံရဲ့ စနစ်တခုကို အပြီးသတ် ယူလိုက်တာကြောင့်လား။ နျူလက်နက်အားလုံးကို ပူတင်၊ အမေရိကနဲ့ ချီတယောက်တည်း ပိုင်သွားတာမျိုးလား။ စူပါပါဝါ ပျောက်သွားမလား။ သို့မဟုတ် သူတလူ ငါတမင်းစနစ်နဲ့ ပြန်ရှင်သန်ကြမလို့ ကြောင့်လား။
လက်ရှိကျင့်သုံးနေကြဆဲ စနစ်များထဲက အာဏာရှင်စနစ်နဲ့ သွားမလား။ ဆော်ဒီကတော့ အားလုံးကို သူတို့ တော်ဝင်မိသားစုက ချုပ်ကိုင်တာပဲ။ စူပါပါဝါပိုင်ဆိုင်သွားခဲ့လို့ ဖက်ဒရယ်သမ္မတနိုင်ငံလို့ခေါ်ပြီး သူ့စနစ်ကပဲ ကောင်းတယ်လို့ ယူဆကြတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတဒီမိုကရေစီစနစ်နဲ့ ဆိုရင်ကော။ ယူကေလို ပါလီမန်ဒီမိုကရေစီ စနစ်နဲ့သွားမလား။ မနေ့တနေ့ကတော့ ခရမ်းချဉ်သီးပုပ်နဲ့ ချားလ်ကို ဝိုင်းပစ်ကြတယ်လို့ ကြားတာပဲ။ ဒီမှာလည်း အဲလိုပစ်ချင် ပစ်ရအောင်လေ။ ဆွစ်လို တိုက်ရိုက်ဒီမိုကရေစီနဲ့ ဆိုရင် ဘယ်လိုလဲ။ ဘုရင်စနစ်ဆိုရင်ကော။ ထိုင်းလို စည်းမျဉ်းခံဘုရင်ဆိုပြီး ကြိုးကိုင်နေသူလို့ပေါ။ ထိုင်းက အကြွမ်းမဲ့ ဘုရင်စနစ်လို့တောင် ယူဆရတာပဲ။ ဒီဘုရင်စနစ် နှစ်မျိုးထဲက တမျိုးမျိုးနဲ့လား။
အော်လီဂါခီစနစ်နဲ့ အုပ်ချုပ်မလား။ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ချမ်းသာမှု၊ အာဏာ၊ စစ်တပ်စတာတွေနဲ့ တနိုင်ငံလုံးကို အုပ်ချုပ်တဲ့ အော်တိုဂါခီစနစ်။ ဒီစနစ်နဲ့ ရုရှက ၅ ရာစုလုံးလုံး အုပ်ချုပ်ခဲ့တယ်။ ပူတင်ကို အာဏာလွဲလိုက်တော့မှ ဒီစနစ်ပျောက်သွားခဲ့တယ်။ ဒါပေမယ့် ပူတင်ကလည်း သူ့ရဲ့ စီနီယာလမ်းကြောင်းပေါ် တက်ချင်နေပုံပဲ။ ဒီဂါခီစနစ်က သုံးမျိုးရှိတယ်။ ပလူတိုခါဂီစနစ်။ ဒါက စပါတာတို့ အေသင်စတဲ့ ဂရိမြို့တွေကို အုပ်ချုပ်ခဲ့တဲ့ စနစ်ပေါ့။ ဒီစနစ်ကြောင့်ပဲ ကုန်သည်၊ ကျေးကျွန်၊ စိုက်ပျိုးရေးနဲ့ အလုပ်သမားဆိုပြီး လူတန်းစားခွဲခြား အုပ်ချုပ်ခဲ့လို့ ပိရမစ်ကြီးများ ပေါ်ခဲ့သလားလို့ တွေးကြတယ်။ ဥရောပမှာ ကျွန်စနစ်တွေ ကျန်ခဲ့ရတဲ့ အကြောင်းအရင်းက ဒါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စထရာတိုခါဂီစနစ်။ ဒီစနစ်က အာဏာရှင်ဘုရင်စနစ်ပါပဲ။ စစ်တပ်ကို ပြပြီး ဘေးနိုင်ငံတွေကို လာရောက်အညံ့ခံစေပြီး အုပ်ချုပ်ခဲ့တဲ့ စနစ်ပါ။ ရုရှက စစ်တပ်ကြီးပြပြပြီး လုပ်ကြတော့ ယူကရိန်းတဖက်ခြမ်းက လူတွေ ယိမ်းတိမ်းတိမ်းဖြစ်သွားတယ်။ ဒီစနစ်မျိုးက ရှေးမြန်မာရာဇဝင်တွေထဲမှာ ဖတ်ဖူးကြမယ်ထင်ပါတယ်။ အခုတော့ မရှိကြတော့ပါဘူး။ သီယိုခါဂီစနစ်။ ဒီစနစ်ကတော့ ဘာသာရေး အစွန်းရောက်မူဝါဒကို အခြေခံပြီး အုပ်ချုပ်တဲ့စနစ်။ ခေါင်းဆောင်အားလုံးဟာ ဘာသာရေးမှာ ထိပ်တန်းက ပုဂ္ဂိုလ်တွေ ဖြစ်ရပါမယ်။ ပြီးတော့ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ကြေငြာမယ်။ အီရန်အစ္စလာမ္မစ်နိုင်ငံ။ ဗာတီကန် တို့ပေါ့။
ဖက်ဆစ်စနစ်။ သမိုင်းမှာ ကျန်ခဲ့ပြီပေမယ့် ပြန်ရချင်သူ ရှိရင် ရှိမယ်။ ဒီစနစ်က လက်နက်ကိုင်ပြီး အလိုတူတူ မတူတူ ရှိသမျှလူနဲ့ ရှိတဲ့လူတွေကို အုပ်ချုပ်တယ်။ ဆန့်ကျင်တဲ့သူမှန်သမျှ အကြောင်းပြချက်မရှိ သုတ်သင်ခွင့်ရှိတယ်။ နိုင်ငံကို အလုံးစုံ ထိန်းချုပ်ရုံသာမက လူတဦးချင်းစီရဲ့ လွတ်လပ်ခြင်းကိုလည်း ထိန်းချုပ်ထားတယ်။ သူတို့ကတော့ ဟစ်တလာ၊ လီနင်၊ စတာလင်၊ မူဆိုလိုနီ၊ မော်စီတုံး၊ ကင်ကျုံအန်တို့ပါပဲ။ အော်လီဂါခီဆိုတဲ့ အုပ်ချုပ်မှုစနစ်မှာ အုပ်ချုပ်သူက တိုက်ရိုက် ထွက်ပေါ်မလာတာမျိုးလည်း အများကြီးရှိပါတယ်။ အမေရိကန်သမ္မတတွေရဲ့နောက်မှာ သူတို့နိုင်ငံက သူဌေးကြီး အယောက် ၃၀ ရှိနေတယ်လို့ ဆိုသူက ဆိုကြတယ်။ သမ္မတက စည်းမျဉ်းခံအဆင့်တော့လည်း မဟုတ်။ ရုပ်သေးရုပ်အဆင့်လည်း မဟုတ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဟိုအယောက် ၃၀ ရဲ့ စကားကိုလည်း နားထောင်ပေးရတာမျိုး။
လက်ရှိ နိုင်ငံကို အုပ်ချုပ်တဲ့ အုပ်ချုပ်သူက အသုံးမကျတဲ့အခါ မင်းမဲ့စနစ် ဆိုတာပေါ်လာတယ်။ ၁၉၉၁ ကနေ ၂၀၀၆ အထိ ဆိုမာလီယာနိုင်ငံဟာ ဒီစနစ်နဲ့ ကျင့်သုံးခဲ့တယ်။ လက်ရှိမှာတော့ ကိုပင်ဟေဂင်မှာ ဒီစနစ်ကို ကျင့်သုံးနေကြတယ်။ တရားဝင် မကြေငြာတာ။ ကြီးမလာတာပဲ ရှိသေးတယ်။ နောက်တခုက မျိုးရိုးစဉ်ဆက် အုပ်ချုပ်တဲ့စနစ်ပါ။ မြောက်ကိုးရီးလိုပါ။ လွှမ်းမိုးချုပ်ကိုင်မှုစနစ်တဲ့။ အကြွင်းမဲ့အာဏာရှင်လို့လည်း ပြောကြပါတယ်။ ဥပမာကတော့ ဟူစိန်တို့။ အာဏာခွဲဝေတဲ့ စနစ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်။ အာဏာအားလုံးကို ဗဟိုမှ ချုပ်ကိုင်ပေမယ့် ပြည်နယ်တွေမှာလည်း သူ့အာဏာနဲ့သူ ချုပ်ကိုင်ပါတယ်။ ပြည်ထောင်စုသမ္မတစနစ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၅၉ နိုင်ငံက ဒီစနစ်နဲ့ အုပ်ချုပ်တာပဲ။ တပါတီတည်းရှိတဲ့ တရုတ်နဲ့ ကျူးဘားတောင် တရုတ်/ကျူးဘားပြည်သူ့သမ္မတနိုင်ငံလို့ လုပ်ပါတယ်။ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးနေတာ ရှိနေသေးတယ်။ အယ်ဂျီးရီးယား၊ စကင်ဒီနေဗီးယား၊ တန်ဇန်းနီးယား၊ ဗင်နီဇွဲလားတွေက ခုထိ ဒီဝါဒနဲ့ အုပ်ချုပ်နေတာပဲ။ သူတို့ပြောတဲ့ ဒီမိုကရေစီ ငြင်းခုံမှု အဆုံးသတ်မယ့်ဆိုတော့ ကြောက်စရာကြီးလိုလို။ ဒါတွေထက် အကောင်းဆုံးဖြစ်စေမယ့် စနစ်လည်း ပေါ်လာနိုင်တာပါပဲ။ အရင်းရှင်နဲ့ ကွန်မြူနစ် တခုခုကိုပဲ ဝိုင်းလက်ခံလိုက်ကြမလား။
စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်ပြီး အခွင့်အရေး အပြည့်အဝရလာနိုင်မယ့် ရာစုတဲ့။ ဒါပေမယ့် အခု လိုအပ်တာပဲဝယ်ဆိုတဲ့ မူဝါဒပေါ်နေလေရဲ့။ မင်နီမယ်လစ်ဇင်ဆိုလား။ စီးပွားရေးပျက်ကွက် မကြာခဏဖြစ်မယ့် ရာစုလို့လည်း ပါတယ်။ နိုင်ငံတွေက နိုင်ငံတကာ စီးပွားရေးဥပဒေတွေကို လိုက်နာဖို့ ငြင်းဆန်လာနိုင်ကြလို့ ဆိုပဲ။ သဘာဝပေးပတ်ဝန်းကျင် ပျက်စီးတဲ့ကပ်လည်း ဆိုက်နိုင်တဲ့ရာစု။ ကမ္ဘာ့ရာသီဟာ ၁၉၇၀ ကတည်းက အမြန်ဆုံး နည်းနဲ့ ပျက်နေတယ်။ ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၉.၈ ထောင်ရှိလာမယ်။ ကုန်းမြေ မလုံလောက်မှု ဖြစ်မယ်။ အီလွန်မတ်ကြံစည်နေတဲ့ မာစ့်ဂြိုဟ်ကို ပြောင်းရွှေ့နေထိုင်တဲ့ အလုပ်က အလုပ်ဖြစ်ရင် အဆင်ပြေလောက်ရဲ့။ သို့မဟုတ်လည်း ကပ်ပလာ တွင်တီတူးဘီဂြိုဟ်ဆီ ပြောင်းကြပေါ့။ အလင်းနှစ် ခြောက်ရာကျော်လောက်တော့ ကြာမလားပဲ။ ရုပ်ကြွင်းလောင်စာကလည်း ၂၀၀၀ လောက်ကတည်းက အဆပိုတိုးပြီး သုံးလာလို့ ၂၀၅၀ မှာ ကုန်ခမ်းနိုင်တယ်။ အဲအတွက် ပြင်သစ်မှာ ၃၅ နိုင်ငံပေါင်း လုပ်ကြတဲ့ အိုက်တာနျူစက်ရုံကို ဆောက်လုပ်နေတယ်။ နေထက် ဆယ်စပူတဲ့ အပူရှိန်၊ ဒုံးကျည်ထဲ နှစ်ဆမြန်တဲ့ အမြန်နှုန်းနဲ့ အပူဒီဂရီ သန်း ၁၅၀ ဆပ်စီးယပ်နဲ့ လောင်ကျွမ်းမယ့် နျူစက်ရုံကြီး။ အလုပ်ဖြစ်ရင် ဝမ်းသာစရာကြီးပေမယ့် မတော်တဆတခုခုဖြစ်ခဲ့ရင် ဟောသည်ကမ္ဘာကြီး နောက်တကြိမ် ချော်ရည်လုံးကြီး ပြန်ဖြစ်ရချည်ရဲ့။ ဗာကျူရယ် ပညာရေးစနစ်ကြောင့် အစိုးရပညာရေးစနစ် ကျရှုံးပြီး စူပါပါဝါနိုင်ငံများ အာဏာကျဆုံးမယ့်ရာစုနဲ့ နိုင်ငံနယ်နိမိတ် ပြောင်းလဲနိုင်တဲ့ရာစု လို့လည်း ဆိုကြတယ်။ ဆိုးဝါးလွန်းတဲ့ ရာသီဥတုအရေးနဲ့ ခွဲခြားဆက်ဆံခံရတဲ့ အစွန်းရောက်လူမျိုးရေး ဝါဒကြောင့် စစ်မီးမငြိမ်းမယ့် ရာစု။ ကောင်းတာတွေလည်း ရှိတဲ့ရာစုပဲ။ အမျိုးသမီးများအပေါ် ဖိနှိပ်မှု အဆုံးသတ်မယ့်ရာစုတဲ့။ ဒါပေမယ့် အမျိုးသမီးဦးရေ များမယ့်ရာစုလည်း ဖြစ်ပါသေးသတဲ့။ ၂၀၂၀ မှာတင် မိန်းကလေးတွေ ၄.၆ ရာခိုင်နှုန်း တိုးနေပြီ ပြောပါတယ်။ အိန္ဒိယမှာပါ။ ကမ္ဘာအထိတော့ မကူးစက်သေးဘူး။ ဒါကလည်း မိန်းမမယူကြတဲ့ လူပျိုကြီးတွေ အရမ်းများတာကြောင့်တဲ့။ ကားတွေပျံတော့မှာ၊ ဆေးပညာတိုးတက်မှာ၊ လူဦးရေ ၇၅ ရာခိုင်နှုန်းက မြို့ကို ပြောင်းရွှေ့မှာ၊ ဒလီတွေက ဒရုန်းဖြစ်တော့မှာ။
ကမ္ဘာပေါ်မှာ သဘာဝတရားနှင့် ပတ်သက်လို့ ထူးခြားတဲ့ ဖြစ်ရပ်တခုက ၁၆၃၀ ခုနှစ် မှာ ဖြစ်ခဲ့တယ်။ ဟောသည် ဒွန္နယာကြီးဟာ ရေခဲတွေ စပြီး အရေပျော်ခဲ့တဲ့ နှစ်။ ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့တဲ့နှစ်လို့လည်း ဆိုပါတယ်။ အဲဒီနှစ်က စပြီးတော့ပဲ သဘာဝတရားကြီးဟာ အဆက်မပြတ် ပျက်စီးခဲ့တယ်။ အရင်တုန်းက ဒီနား ရေကန်ကြီး ရှိခဲ့တာ။ အခု မရှိတော့ဘူး ဆိုတာမျိုး ဖြစ်လာနေပြီ။ တရုတ်အနောက်မြောက်ပြည်နယ်မှ တပြည်နယ်လုံး အားကိုးရတဲ့ ပိုယန်ရေကန်က လေးပုံတပုံပဲ ကျန်တော့တယ်။ ဂျာမဏီနိုင်ငံထဲက ရိုင်းမြစ်ဆိုရင် ဒီတစ်နှစ်ထဲတင် ၄၅ ရာခိုင်နှုန်းခမ်းတာပဲ။ တရုတ်က ယန်ဇီလည်း ခမ်းတဲ့အထဲ ပါတာပဲ။ အီရတ်ထဲက တိုင်ဂရက်နဲ့ ယူဖရေးတီးမြစ် (ဥဖရတ်မြစ်လို့ ဖတ်တဲ့သူရှိသလိုပဲ) သုံးနှစ်ထဲနဲ့ ခြောက်သွားတာပဲ။ ကာဂျစ်စတန်က ဒူကန်ရေလှောင်ကန်ဟာ ၂ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း ခမ်းပြီ။ ကော်လိုရာဒိုကတော့ “နောက်နှစ် မင်းငါ့ကို သတိတရ လာကြည့်တဲ့အခါ မင်းငိုမိမှာပဲ” ဆိုတဲ့စာကလေး ရေးထားတယ်။ မစ္စစ္စပီကို အမေရိကန်က ၈၂ ရာခိုင်နှုန်း ခမ်းသွားတယ်လို့ ကြေငြာတာပဲ။ အာဖဂန်နစ္စတန်၊ အင်ဂိုလာ၊ ဘရာဇီး၊ ဘာကီနာဖာဆို၊ ချီလီ၊ အီသီယိုးပီးယား၊ အီရတ် ဒီနိုင်ငံက လူ ၅၅ သန်းဟာ လက်ရှိမှာ ရေရှားပါးမှုကို တိုက်ရိုက်တွေ့ကြုံနေရတယ်။ လာမယ့် ၂၀၃၀ မှာတော့ သန်း ၇၀၀ လောက်က သူတို့ကို ကိုယ်ချင်းစာကြတဲ့ အနေနဲ့ ရေရှားပါးမှုဒဏ်ကို အတူလိုက်ခံကြမယ်တဲ့။ လူပေါင်း ၈၈၄ သန်းဟာ သောက်ရေအတွက် ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး အသက်ဆက်ရုံ သောက်နေရတဲ့ အဆင့်မှာရှိတယ်။ အဲဒီထဲက ၇၃ ရာခိုင်နှုန်းက အာရှတိုက်ကတဲ့။
အဲဒီခုနှစ်ဟာ သဘာဝတရားတွေ ပြောင်းလဲပြီး လူသားအချင်းချင်းကြား ယဉ်ကျေးမှုတွေ ဖလှယ်နိုင်ဖို့ အစဆုံးနှစ် ဖြစ်ခဲ့သလို လူမျိုးစုအသစ်များ ထပ်မံ မပေါ်ပေါက်တော့တဲ့နှစ်လို့လည်း ဆိုကြပါတယ်။ ဖြစ်နိုင်ပါတယ်။ အဲဒီမကြာခင်ပဲ ကူးသန်းရောင်းဝယ်ဖောက်ကားမှု စတင်ပေါ်ထွန်းခဲ့ပြီး လူမျိုးစုတို့ တူရာ တူရာ စုစည်းနေထိုင် ခဲ့ကြပြီး အင်ပါယာတွေ စတင်ခဲ့ကြလို့ပါပဲ။ အခုတော့ဖြင့် လူမျိုးစုတွေကို ကြည့်ရင်လည်း ကော်လိုရာဒိုမြစ်က စာရေးထားသလို မျက်ရည်ကျရမယ့် အဖြစ်နဲ့ ကြုံကြရတော့မလားပါပဲ။ ၂၀၅၀ မှာဆိုရင်တော့ ကမ္ဘာပေါ်ရှိ လက်ရှိပြောဆိုနေတဲ့ ဘာသာစကားပေါင်း တသိန်းကျော်ကနေ ၇၀၀၀ ကနေ ၉၀၀၀ လောက်ထိပဲ ကျန်တော့မယ်။ အများသုံး ဘာသာစကား ၂၀ ပဲ ကျန်မယ်။ ကျန်တဲ့ သိန်းချီသော ဘာသာစကားများ လူမျိုးများ အထိမ်းအမှတ်များ လူမျိုးစုတို့၏ ယဉ်ကျေးမှုများ ပျောက်ဆုံးကုန်ပါလိမ့်မယ်တဲ့။ ဒါကိုတော့ သူများနိုင်ငံမှာနေတဲ့ မြန်မာတယောက် ရေးထားတာလည်း တွေ့ဖူးတယ်။ ဖတ်တော့ မဖတ်ကြည့်မိဘူး။ ဒါပေမယ့် လူမျိုးစု အတွက် အန္တရာယ်ကတော့ ကိုယ်ပိုင်ဥပဒေ မရှိတာ၊ မဟာလူမျိုးဝါဒနောက်ကို လိုက်ရတာ၊ အပြုသဘောမဆောင်တဲ့ ဝိသေသရှိတာ၊ အခြားလူမျိုးစုနှင့် ပြိုင်ဆိုင် ပဋိပက္ခဖြစ်တာ။ အထက်အောက် ဆက်ဆံရေးရှိတာ၊ ရှေးရိုးစွဲများတာ၊ လူမျိုးရေး ရှေ့တန်းတင်လွန်းတာ၊ စနစ်တကျ သပ်လျိုခံရတာစသဖြင့် တော်တော်များများ ရှိတယ်။ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့လေ။
ကမ္ဘာ့ဖြစ်တည်မှု အပြောင်းအလဲမှာ လူသားတွေ လိုက်ပြီး ပြောင်းလဲလာရင်း နောက်ဆုံး လူသားတို့ရဲ့ မရောင်ရာဆီလူး အတ္တတွေ ထည့်စဉ်းစားမိရတဲ့ အကြောင်းပေါ့လေ။ မရောင်ရာဆီလူး ဟုတ်လား။ မဟုတ်ပါဘူး။ မရှိပါဘူး။ လူသားတိုင်းမှာ အတ္တက လူသားတွေ ထင်တာထက် ပိုကြီးပြီး ရှိနေတဲ့အရာပဲ။ ပန်းသီးဆိုရင် အကိုက်ခံထားရတဲ့ ပန်းသီးမှ။ ပြင်သစ်ဆိုရင် ရေမွှေးမှ။ ဒေါ်လာဆို ပိုက်ဆံမှ။ Kho –I – Noor ခိုအိုက်နောဆိုရင် စိန်ဖြစ်နေမှ။ Tsar Bomba ဆို လူအများဆုံးသေမှ။ အဲဂလို စွဲလန်းနေကြတော့ မဟောသဓာရဲ့ သားတရားစီရင်ခန်းဆိုပြီး မြန်မာစာမှာ သင်ရတဲ့ ဆော်လမွန်ဘုရင်ကြီးရဲ့ သားတရားစီရင်ခန်းလိုပဲ။ သားကို တယောက်တခြမ်းစီ ပေးမယ်။ ယူကြလို့ပြောသလိုပါပဲ။ မိခင်အစစ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှာပဲ။ ရွေးချယ်စရာက သိစိတ် ဆင့်ကဲဖြစ်စဉ် အရှည်ကြီးကို ထိုးထွင်းဉာဏ်နဲ့ ဘက်ပေါင်းစုံကနေ သုံးသပ်ပြီး ကိုယ့်ဘာသာကိုယ် ရွေးချယ်ရမှာ။ ဒါကလည်း ကိုယ့်ဆင်ခြင်တုံတရားနဲ့ ကိုယ့်ဘာသာကိုယ် ချဉ်းကပ်ပြီး ခွဲခြမ်းစိတ်ဖြာမှ ရမယ်။ အလျားလိုက်ရေးထားတဲ့အပေါ် ဒေါင်လိုက်တွေးခေါ်နိုင်ရမယ်။ တခုခုဆိုရင် မေးခွန်းထုတ်။ ဒါပဲ။
ကမ္ဘာဆိုတာကြီး ဟိုပြောင်း ဒီလွှဲလုပ်တော့ လူဦးရေ ၂၆ အဆင့်မှာ ရှိတဲ့ မြန်မာကလည်း လိုက်ပါရသပေါ့လေ။ သူများယောင်တိုင် လိုက်လို့ယောင်ခဲ့တဲ့ ရွှေပြည်ကြီးအတွက် အခြေအနေအမှန်ကို ပြောချင်သေးသဗျ။ အုပ်ချုပ်မှုပုံစံ အမျိုးမျိုးကို သိလာပြီးတဲ့နောက် ဘာစနစ်နဲ့ အုပ်ချုပ်စေချင်လဲ မေးရင် ဒီရွှေပြည်ကြီးကို သီယိုခါဂီစနစ်နဲ့ အုပ်ချုပ်စေချင်သဗျာ။ အစ္စလာမ်မစ်ဆိုရင် လူမျိုးတွေ ဘာတွေ သိပ်မရှိတော့ဘူးမဟုတ်လား။ ဗာတီကန်ဆိုလည်း လူမျိုးတွေ ဘာတွေ ခွဲခြားမနေဘူးလေ။ မြန်မာနိုင်ငံကို သီယိုခါဂီစနစ်နဲ့ အုပ်ချုပ်စေချင်တဲ့အကြောင်း အထောက်အထားပေါင်း မြောက်များစွာ ရှိပါတယ်။ ဥပမာ အိုင်စတိုင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူသိတောင်မသိတဲ့ ဗုဒ္ဓဘာသာကြီးကို ကမ္ဘာကို စိုးမိုးမယ်လို့ ပြောခဲ့ရသမို့ကြောင့်ပါ။ အိုင်စတိုင်းဟာ ဘာသာရေးတွေကို မသိပါဘူး။ ဒါကြောင့် ဘယ်ဘာသာရေးကျန်ခဲ့နိုင်သလဲဆိုတဲ့ မေးခွန်းကို သူက တန်ခိုးကြီးတဲ့ နတ်ဘုရားက ကျန်ခဲ့မှာပေါ့လို့ပဲ ပြောခဲ့တာပါ။ ဒါကို ဘယ်ကမျဉ်းမသားက ဗုဒ္ဓဘာသာလို့ သွားထည့်ခဲ့သလဲတော့ မသိပါဘူး။
မြန်မာ့ရှေ့ရေး ကမ္ဘာ့ရှေ့ရေးနဲ့ ပတ်သက်ပြီး ဟောသည်လို ခက်ခဲကြမ်းထမ်းခဲ့ကြတဲ့ သမိုင်းထဲက နိုင်ငံရေး ပညာရှင်တွေကို များစွာသနားတာပဲ။ ‘အတိတ်ဆိုတာ ပစ္စုပ္ပန်အတွက် အိပ်မက်ဆိုးပဲ’ ဆိုတဲ့ ကွန်မြူနစ်သီအိုရီဆရာကြီး ကားမာစ့်။ ‘လွတ်လပ်တယ်ဆိုတာ ကျုပ်ကို ချုပ်မဲ့သံကြိုးကို ကျုပ်ကိုယ်တိုင် ရွေးနိုင်တာပဲ’ ဆိုတဲ့ တန်းတူညီမျှရေးဆရာကြီး ဂျင်းယက်ရူးဆိုး။ ‘ကျန်းမာရေးကောင်းပြီး ပျော်ရွှင်နေတဲ့လူအတွက် အကြွေးကလည်း ကင်းဦးမယ်ဆိုရင် စိတ်က ဘယ်လောက်များ ကြည်လင်လိမ့်မလဲ’ ဆိုတဲ့ သမိုင်းမှာ ဩဇာအရှိဆုံးသိပ္ပံပညာရှင် အဒမ်စမစ်။ ‘လူ့ဘဝဆိုတာ အပ်လ်တောင်တန်းလိုပဲ။ ကျပြီဟေ့ဆို မည်းမှောင်ရော။ တက်ပြီဟေ့ဆိုလည်း သာယာလိုက်သမှ ပြောစရာကို မရှိတာ’ လို့ပြောခဲ့တဲ့ ငြိမ်းချမ်းရေးဝါဒီကြီး အမ်မလီဂရင်းဘဲလ်။ ကက်ဘိနက်နဲ့ ပါတီများအကြား နားလည်မှုရရှိစေခဲ့တဲ့ ပြင်သစ်နိုင်ငံရေး သိပ္ပံပညာရှင် ဂျင်းဘလောင်းဒ်။ ရွေးကောက်ပွဲဆိုင်ရာ ပညာရှင် ဒေဗစ်ဂရင်း။ ‘မောင်မင်းလူကလေး ဉာဏ်အရမ်းကောင်းတဲ့သူဆီ အပြောနဲ့မလာနဲ့၊ သေချာမှ စနစ်ကျမှ လာပြ၊ သူတို့ရဲ့ ထပ်သိချင်စိတ်က ဘိန်းစွဲသလိုစွဲနေတာ’ မတူညီတဲ့ လူတွေကို ဘယ်လိုပြောင်းလဲပေးမလဲဆိုပြီး ပြောခဲ့တဲ့ ပြင်သစ်လစ်ဘရယ်နိုင်ငံရေး ပညာရှင် ရေမွန်အာရွန်။ ‘မျှော်လင့်ချက်ဆိုတာ အစစ်မဟုတ်ဘူး ငါ့ကောင်၊ ဘယ်ချိန် မင်းကို စိတ်ဆင်းရဲအောင် လုပ်မယ်မှန်း မသိတဲ့ဟာကြီးကွ’ လို့ပြောခဲ့တဲ့ ယဉ်ကျေးမှု တိုက်ပွဲကြား ဘယ်လို ဆက်ဆံကြမလဲလို့ ပြောခဲ့တဲ့ ဆင်မြူရယ်ဟန်တင်တန်။ ‘နိုင်ငံရေးမှာ စိတ်ကူးယဉ်နဲ့လက်တွေ့, အမှားနဲ့အမှန် ခွဲခြားမသိရင်တော့ ရှင်က နာဇီလက်သစ်ပဲ” ဆိုတဲ့ ဟိုလိုကော့ကနေ လွတ်မြောက်လာသူဖြစ်ပြီး ဒီမိုကရေစီ၊ အာဏာ၊ မကောင်းမှု၊ နိုင်ငံရေးစတာတွေရဲ့ ဆက်စပ်နေမှုကို ခွဲခြားဝေဖန်ပြခဲ့သူ ဟန်နာအာရင်။ ဆိုတဲ့ ပညာရှင်တွေပါပဲ။ သူတို့ကို သနားလည်း သနားပါတယ်။ တော်တော် ဝေးဝေးမှာ ကျန်ခဲ့ရှာတယ်။
မြန်မာ့ရှေ့ရေး ကမ္ဘာ့ရှေ့ရေးကို သာသနာသက္ကရဇာ် ၂၆၀၀ ခရစ်သက္ကရာဇ် ၂၀၅၀ အတွက် ဟောကိန်းပေါင်း များစွာ ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတာ ခရိယာန်သာသနာမှာပဲ ရှိခဲ့တာ မဟုတ်ပါဘူး။ မြန်မာသာသနာမှာလည်း ရှိပါတယ်။ မယုံရင် နဂါးပလ္လင်ဆိုတဲ့အကြောင်း ရှာဖတ်ပါ။ ဒီကနေ မြန်မာ့ရှေ့ရေး တချက်။ ဆစ်ဖလစ်နဲ့ပေမယ့် စာအုပ်ထဲ ကျွဲခတ်ခံရရှာတဲ့ အနော်ရထာနဲ့ ဟူးရားဆရာကြီးများတို့ရဲ့ လသာဆောင်ပေါ်က တိုးတိုးတိတ်တိတ် စကားဝိုင်းမှ ဓမ္မဒီပတိုင်း ပုဂံပြည်ရဲ့ အနော်ရထာ အိပ်မက်သုံးခုကနေ တချက်။ သစ်တောဝန်နဲ့ သဲအင်းဂူဆရာတော်တို့ရဲ့ စကားဝိုင်းမှာ တချက်။ ဦးနုနဲ့ စွန်းလွန်းဆရာတော်တို့ရဲ့ မင်းလေးပါးဆုံ ရွှေတိဂုံကျကိန်းမှာ တချက်၊ ဝေဘင်သူနဲ့ သာမညဆရာတော်ရဲ့ လမ်းမကြီးကကျယ်ကျယ် မင်းလောင်းကငယ်ငယ်ဆိုတဲ့ စကားမှာ တချက်။ အခုဆို အဲကောင် အသက် ၃၁ နှစ်တောင် ရှိပြီ။ ကန်သံမတ်ကြီးနဲ ချီရိုဆိုတဲ့ အိန္ဒိယကနေ သင်ခဲ့တဲ့ ဗေဒင်ပညာနဲ့ အနောက်နိုင်ငံက ဂဏန်းဗေဒင်ကို ထုတ်ဖော်နိုင်ခဲ့သူတို့ရဲ့ စကားဝိုင်းကနေ စူပါပါဝါလူသားဆိုတဲ့ ကပ္ပတိန်အမေရိကမဟုတ်တဲ့ ဗုဒ္ဓရာဇာဆိုတဲ့ လူသားကြီးအကြောင်းကနေ တချက်တို့ကြောင့် မြန်မာ့ရှေ့ရေးမှာ မေတ္တာလက်နက်ကိုင်ဆောင်ပြီး ကမ္ဘာကိုတောင် အုပ်ချုပ်မယ့်နိုင်ငံပါ။ ဘာဘာဗန်ဂါတောင် မဟောနိုင်ခဲ့တဲ့ ကမ္ဘာ့အပြောင်းအလဲကြီးပါ။ ဒါတွေကြောင့် မြန်မာဟာ ခုကတည်းက သီယိုခါဂီစနစ်နဲ့ သွားထားသင့်တဲ့ နိုင်ငံဖြစ်သင့်ပါတယ်။ ကော်လိုရာဒိုမြစ်ကမ်းမှာ ရေးထားတဲ့စာကို တချိန်ကျရင် ကမ္ဘာကလူသားတွေ မျက်ရည်နဲ့ ဖတ်ရသလို ၂၀၅၀ မြန်မာနိုင်ငံကိုလည်း အဲသလို ကြည့်ရတော့မယ် ထင်ပါရဲ့။ လောလောဆယ်တော့ အကြည့်ခံနေရရရဲ့။ ဆက်ပြီးတော့သာ အကြည့်ခံရဖို့ ရှိပေမယ့် ရသေ့လုပ်ရတာပေါ့။
ဒါက ဝိရောဓိကို ဝိယောဓိလို့ ဖတ်သံကြားလိုက်တာနဲ့ လျှောက်တွေးမိသွားတဲ့ အကြောင်းအရာတွေပါဗျာ။ မောင်သိန်းဇော်ရဲ့ အနုညာတ မဟုတ်ပေဘူးဆိုတာကို ဘယ်လိုဖတ်ကြမလဲ။ လခွမ်း စဉ်းစားရင်တောင် ကြက်သီးထတယ်။ အမှန်က ဖာမီဝိရောဓိအပြီး ကုန်ဈေးနှုန်းကပ်ထားတဲ့ တံဆိပ်များဆိုတဲ့ အတွေးကို စိုက်ထားတဲ့ ကော်ဖီတွေ သီးနေတာကြည့်ရင်း ပုံဖော်မလို့ပါပဲ။ ဘယ်ကနေ ဘယ်လိုတွေးဖြစ်မှန်း မသိလိုက်ဘူး။ စာရေးချိန် ဖျားနေလို့ စာပြန်မစစ်နိုင်တော့ အဆက်အစပ်လည်း မရှိဘူး။ နားမလည်သူလို နားလည်ကြပြီး မဖတ်သလို ဖတ်ကြပါလေ။ နားကလော၍ အော့ကြောလန်လည်း နည်းနည်းကလေးတိုတာရယ် ပုတ်ခတ်စော်ကားမှု အနည်းဆုံးစာကို ရေးဖူးတာကြောင့်ရယ် မြန်မာနိုင်ငံသားတွေ အင်တာနက်လို့ ထင်တဲ့နေရာပေါ် ဒီစာကို တင်လိုက်ပါတယ်။
ဂျေဂျူဝိုင်