သတို့သား သကောင့်သားဒီမောင်နှင့် သတို့သမီး မအဝှာဟိုဒင်းတို့နှစ်ဦးသည် လက်ထပ်စာချုပ်၏ မိမိတို့နှင့် သက်ဆိုင်သော ကွက်လပ်များတွင် မှတ်ပုံတင်ထဲပါသည့် မိမိတို့၏ နာမည်အစစ်ကို သေချာကူးချပြီး၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်နှင့် ကိုးကွယ်သည့်ဘာသာတို့ကို သေချာစွာရေးချလိုက်သည်။ ထို့နောက် အတူပါလာသည့် သတို့သားဘက်မှ အသိသက်သေနှင့် သတို့သမီးဘက်မှ အသိသက်သေတို့ဆီ တလှည့်စီ ပေးလိုက်ပြီး နာမည်စသည့်အပြည့်အစုံများကို ဖြည့်စေ၍ လက်မှတ်ထိုးစေသည်။ ထိုသူများမှတဆင့် နှစ်ဖက်မိဘများထံသို့ လက်မှတ်ထိုးရန် တလှည့်စီ ကမ်းပေးလိုက်ပြန်သည်။ အားလုံး မိမိတို့မှတ်ပုံတင်တွင်ပါသော နာမည်များ၊ မှတ်ပုံတင်များ၊ အလုပ်အကိုင်များ၊ ကိုးကွယ်သည့် ဘာသာများကို သေချာစွာထည့်ရေးပြီး မိမိတို့ထိုးမြဲလက်မှတ်ကို ထိုးပြီးနောက် သတို့သားနှင့် သတို့သမီးထံ ပြန်ကမ်းပေးလိုက်သည်။ သတို့သားနှင့် သတို့သမီးက လက်မှတ်နှင့် ဖြည့်စွက်ရမည့် အချက်များ ချွင်းချက်မရှိ ပြည့်စုံနေပြီဖြစ်သော စာချုပ်အား သေချာစေရန်အတွက် နှစ်ခေါက်မျှ ဖတ်ရှုသည်။ အားလုံး မှန်ကန်သည်ကို တွေ့ရသဖြင့် ထိုစာချုပ်အား တရားသူကြီးထံ ကမ်းလိုက်၏။ တရားသူကြီးဆိုသူကလည်း ထိုစာချုပ်ကို မှန်ကန်မှုရှိ မရှိ သေချာလိုသဖြင့် သတို့သား၏နာမည်၊ သတို့သမီး၏နာမည်များမှစ၍ လက်မှတ်ထိုးထားသူအားလုံး၏ အသေးစိတ်အချက်အလက်များကို ဖတ်ပြရင်း မေး၏။ တရားသူကြီးက သတို့သားနှင့် သတို့သမီးတို့ လက်မှတ်မထိုးခင်ကပင် ကျမ်းကျိန်ပြီးဖြစ်သော်လည်း မေးမြန်းရမည့် မေးခွန်းအချို့ကို မေးမြန်းလေသည်။ နိုင်ငံတကာက သတ်မှတ်ထားသည့် ဥပဒေ၊ ဤနိုင်ငံက သတ်မှတ်ထားသည့် ဥပဒေ၊ ဘာသာရေးက ချမှတ်ထားသည့် ဥပဒေ၊ ကန့်ကွက်ရန်ရှိသည့် ဥပဒေစသည့် သက်ဆိုင်ရာဥပဒေများဖြင့် မေးမြန်းပြီးနောက် တရားသူကြီးက ဘေးနားချထားသော ဘောလ်ပင်ကို ကောက်ကိုင်ကာ စာချုပ်ပေါ် လက်မှတ်ထိုးလိုက်သည်။
တရားသူကြီးက ပြုံးလိုက်သည်။ အနီးအနားရှိ ရှေ့နေဆိုသူများနှင့် စာရေးဆိုသူတို့ကလည်း ပြုံ၏။ သတို့သားနှင့် သတို့သမီးတို့လည်းပြုံး၏။ ပါလာသော အသိသက်သေများ၊ နှစ်ဖက်မိဘများ၊ မိတ်တွေများ၊ ဓာတ်ပုံရိုက်ရန် စောင့်နေသော ဓာတ်ပုံဆရာများကလည်း ပြုံးကြလေ၏။ ဤနေရာတွင် စာရေးဆရာဆိုသူများ၊ ကဗျာဆရာဆိုသူများ ရှိပါက သူတို့၏ အပြုံးကို ကျေနပ်သော၊ ကြည်နူးသောာ၊ ချစ်ရည်ရွှန်းသော၊ ဝမ်းသာနေသောစသည့် အဖြည့်ပုဒ်တခုခုဖြင့် တယောက်ချင်းစီ၏ အပြုံးကို ဖွင့်ဆိုချက်တခုခုထည့်၍ ပြုံးခိုင်းမည်မှာ သေချာပါသည်။ သူတို့ မည်သို့များ နားလည်၍ ပြုံးခိုင်းပြီး မည်သို့များ ဖွင့်ဆိုမည်နည်း။
အပြုံးကို အဓိပ္ပါယ်ဖွင့်ပေးမည့် စာရေးဆရာနှင့် ကဗျာဆရာတို့သည် တဖြည်းဖြည်း ပေါ်လာသကဲ့သို့ ရှိ၏။ သူတို့နှစ်ဦး တဦးနှင့်တဦး တချက်ကြည့်၍ အပြုံးများဘက် တပြိုင်နက်ပြန်လှည့်လာကြ၏။ ဤအဝန်းအဝိုင်းအတွင်းမှ ပြုံးနေကြသူများသည် သတို့သားဖြစ်သူ သကောင့်သားဒီမောင်နှင့် သတို့သမီးဖြစ်သူ မအဝှါဟိုဒင်းတို့နှစ်ဦး၏ လက်ထပ်စာချုပ်ချုပ်ဆိုခြင်းတည်းဟူသော အကြောင်းရင်းကြောင့် ဖြစ်ရကား သူတို့နှစ်ဦး၏ အပြုံးကို ရှေးဦးစွာ အဓိပ္ပါယ်ဖွင့်မည်ဟု ထင်ပါသည်။ ဤတွင် နှစ်ဦးစလုံး၏ ပြုံးကြသော အပြုံးအား အဓိပ္ပါယ်တခုခု အရင် ဖြည့်စွက်ပေးရမည်လား။ သူတို့နှစ်ဦးထဲမှ တဦးကို သီးသန့်ရွေးထုတ်မည်လား။ ဤနေရာတွင် အကဲဆတ်နေသည့် ဘာသာရေးများနှင့် အထိခိုက်လွယ်လှသည့် ကျားမခွဲခြားမှု ပပျောက်ရေး လှုပ်ရှားမှုများ၊ ရိုးရာဓလေ့နှင့် ခေါက်ရိုးကျိုးထုံးတမ်းစဉ်လာများ ယဉ်ပြိုင်နေသော ကာလလည်းဖြစ်သည်။ ထို့ကြောင့် သတို့သား၏ အပြုံးကို ရှေးဦးစွာ အဓိပ္ပါယ်ဖွင့်ပါက “ဖိုဝါဒ၊ ရှေးရိုးစွဲဝါဒ” ဆိုသော စွပ်စွဲချက်များဖြင့် ခွဲခြားဖိနှိပ်မှုဖော်ထုတ်ရေးနှင့် တန်းတူညီမျှရေးဦးစားပေး ဆိုသည့်အမျိုးသမီးများ၏ အပြစ်ဆို ထောက်ပြစရာ ဖြစ်နေမည်။ သတို့သမီး၏ ပြုံးကို အဓိပ္ပါယ်ဖွင့်ပါက ဘာသာရေးအရ၊ တသက်လုံး ပြုမူလာသော ထုံးတမ်းစဉ်လာအရဆိုကာ အမျိုးသားရေးဝါဒသမားတို့၏ အပြစ်တင်စရာ ဖြစ်သွားနိုင်ပြန်သေးသည်။
စာရေးဆရာနှင့် ကဗျာဆရာတို့ အနေဖြင့် ဤကိစ္စကို ဒီမိုကရေစီဝါဒဖြင့် မဲခွဲကာ ဖြေရှင်းကြမည်လား။ ကွန်မြူနစ်ဝါဒဖြင့် ဘုံပိုင်ဟုဆိုကာ အားလုံးကိုခြုံငုံရေး၍ကား မဖြစ်နိုင်။ အခုကိစ္စမှာ စီရင်ချက်ချသည့်ကိစ္စ ဖြစ်သည်။ တဦးချင်း၏ အပြုံးကို ဖြစ်နိုင်ချေရှိသော အချက်အလက်များဖြင့် စီရင်ချက်ချရမည် ဖြစ်သည်။ လီနင်ဆိုသည့် ကောင်လေးတယောက် ထွင်ခဲ့သည့် မာ့ခ်ဝါဒဖြင့် အကြမ်းဖက်ကာ မည်သူကို ရှေးဦးစွာ ရေးရမည်နည်းဟု စစ်ဆေးမေးမြန်းပါကလည်း မဖြစ်နိုင်။ သတို့သားနှင့် သတို့သမီးတို့သည် အခုမှ လက်ထပ်ထားကြသည့် ကြင်စဦး ဇနီးမောင်နှံဖြစ်သည်။ မာ့ခ်ဝါဒဖြင့်ဆိုလျင် အပြန်တွင် တယောက်ယောက်ကို ကားဖြင့် တိုက်သတ်တာမျိုးလုပ်ပြီး ကျန်သည့်သူအပြုံးကို ဖွင့်ဆိုရမည်ဖြစ်သည်။ အရင်းရှင်ဝါဒသည်ကား စီးပွားရေးကို ဦးစားပေးသည့် ဝါဒဖြစ်သည်။ ထိုဝါဒဖြင့်ဆိုလျင် စာရေးဆရာနှင့် ကဗျာဆရာတို့က ပိုက်ဆံပိုရနိုင်သည့်ဘက်ကို ဦးစားပေးရေး၍ ရသည်။ လစ်ဘရယ်ဝါဒဖြင့်ဆိုလျင်ကော။ ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ ရွေးချယ်ပြီး ကိုယ်ကြိုက်သည့် မည်သူကိုမှ ပထမ ဒုတိယစသည် ထားစရာမလိုတော့။ မရှိ။ သို့သော် စာရေးဆရာနှင့် ကဗျာဆရာသည် အမျိုးသားရေး ဝါဒဖြစ်လေသည်လော မသိရ။ သတို့သား၏ အပြုံးကို ရှေးဦးစွာ အဓိပ္ပါယ်ဖွင့်မည်။ နောက်ပိုင်းတွင်လည်း သတို့သားဘက်ကိုသာ ဦးစားပေးသွားမည်ဟုဆိုသည်။ ကျွန်ုပ်ဖြစ်လျင်မူ သတို့သမီး၏ လှခြင်းမလှခြင်းကို ကြည့်၍ ဆုံးဖြတ်လိုက်ရုံပဲဖြစ်သည်။ သို့သော် သူတို့လိုလူမျိုးသည်ကား နည်းနည်းကလေး ကွန့်လိုက်ရမှ ကျေနပ်တတ်ကြသူများဖြစ်သည်။ ထို့ကြောင့် ဘာကြောင့် သတို့သားကို ဦးစားပေးလိုက်သနည်း မသိရ။ ငွေကြေးကြောင့်လော။ အာဏာကြောင့်လော။ ချစ်ရေးကို ရှေးဦးစွာ ဖွင့်ဆိုခြင်းကြောင့်လော။ ဖြစ်ထိုက်သည်ဟု ယုံယုံကြည်ကြည် ချလိုက်သည့် ဆုံးဖြတ်ချက်ကြောင့်လော။ သို့မဟုတ် လူတို့သည် သူတို့ ချမှတ်ထားသည့် စည်း၊ ကာလနား၊ မူ၊ ဝါဒ၊ ဥပဒေဆိုသည့် အချုပ်အနှောင်မှ အလိုအလျောက် ကင်းနေကြသူလော။
စာရေးဆရာနှင့် ကဗျာဆရာတို့သည် သတို့သား၏ အပြုံးကို ချိုချဉ်စပ်ခါးသည့် အရသာများဖြင့် စဦးစွာ တွဲစပ်ဖွဲ့သီ၏။ သတို့သား၏ ချိုသော အပြုံးမှာ သူ့ဘဝတခုလုံး အလှဆုံးဟု သတ်မှတ်ထားသူကို ပိုင်ဆိုင်ရခြင်း၊ သူ့ကို နားအလည်ပေးနိုင်ဆုံး သတို့သမီးအား ပိုင်ဆိုင်ရခြင်း၊ သူအချစ်ရဆုံးကို ပိုင်ဆိုင်ရခြင်း၊ ချမ်းသာသည့် ဓနရှင်တဦးအား ပိုင်ဆိုင်ရခြင်း၊ မိမိတို့ ရိုးရာဓလေ့နဲ့ ကိုက်ညီသူကို ပိုင်ဆိုင်ရခြင်းနှင့် အားလုံးသတ်မှတ်ထားသော စံနှင့် ကိုက်ညီသည့် သတို့သမီးကို ပိုင်ဆိုင်ရခြင်းတို့အထဲက တခုခုသော အကြောင်းကြောင့် သတို့သားအပြုံးသည် ချိုလေ၏ဟု စတင်ဖွင့်ဆိုသည်။ ဤသို့ဖြင့် စာရေးဆရာနှင့် ကဗျာဆရာတို့သည် လောက၌ အမျိုးသားတို့၏ ထုံးစံနှင့် အကျင့်စာရိတ္တများကို ထောက်ဆလျက် လော၌ဖြစ်ပျက်မြဲ ဖြစ်ပျက်နေသော အကြောင်းအရာများကို ဥပမာပြု၍ သတို့သား၏ ချဉ်သော စပ်သော ခါးသောအပြုံးများကို အဓိပ္ပါယ်များစွာ ဆက်ဖွင့်ဆို၏။ ထို့နောက် စာရေးဆရာနှင့် ကဗျာဆရာတို့က ၃၈ ဖြာ မင်္ဂလာထဲမှ တပါးဖြစ်သည့် သည်းခံခြင်းဆိုသည့် မင်္ဂလာတရားကို ကျင့်သုံးရရှာတော့မည့် သတို့သား၏ အသက်နှင့် ခန္ဓာကိုယ် အိုးစားမကွဲသမျှ ပေါင်းသင်းရမည့် သတို့သမီး၏ အပြုံးအဓိပ္ပါယ်ကိုလည်း အရသာအမည်များဖြင့် ဖွင့်ပြန်လေသည်။ ချိုချဉ်စပ်ခါးနှင့် ပိုလာသည့် အငန့်အဆိမ့်ဆိုသည့် အရသာခြောက်မျိုးသာမက သုတ္တန်ပိဋကတ်၊ သမ္မာကျမ်းစာ၊ ကိုရန်ကျမ်းစာတို့အပြင် ရှိုက်စပီးယားမှသည် တက္ကသိုလ်ဘုန်းနိုင်၏ စာများနှင့် အမေရိကန်သမ္မတကတော်မှသည် ရပ်ကွဲထဲက မုဆိုးတပိုင်း မိန်းမရိုင်းဟုဆိုသည့် မိန်းကလေးများတို့၏ အမူအကျင့်စသည်တို့ကို ကိုးကား၍ အပြုံးအဓိပ္ပါယ်ကိုဖွင့်ရကား စာရေးဆရာနှင့် ကဗျာဆရာတို့ အတော်ကလေး ပင်ပန်းသွားကြဟန်တော့ ရှိလေသည်။
စာရေးဆရာနှင့် ကဗျာဆရာတို့က အခြားသူတို့၏ အပြုံးများကို အဓိပ္ပါယ်များကို ဆက်၍မဖွင့်ခင် သတို့သားနှင့် သတို့သမီးတို့၏ နှစ်ဦးသားအပြုံးကို တတ်သည့်ပညာမနေသာ လက်ထဲ စုတ်တံရှိလျင် ဟိုဆွဲဒီဆွဲ၊ ဓားရှိလျင် ဟိုခုတ်ဒီခုတ် ဝသီပါသူများဖြစ်ကြသည့်အတိုင်း သတို့သားနှင့် သတို့သမီးတို့၏ ကြားထဲမှ လျှို့ဝှက်သော အပြုံးကို အဓိပ္ပါယ်ဖွင့်လိုက်ကြ၏။ အရသာက အဆိမ့်နှင့် အဖန်သာရှိ၏။ အခုက၍ အကြင်လင်မယားဘဝ ဖြစ်သွားသော်လည်း တယောက်နှင့်တယောက် ယခင်ကထက် ပိုပြီး အထင်ကြီးအောင် ပိုလုပ်ပြရမည်။ ဤနေ့ပြောသောစကား စားသောအစားအစာ ပြုမူသောအပြုအမူတို့ကို နောက်နေ့တွင် မပြုမူတော့ဘဲ မရိုးနိုင်သော ဆက်ဆံရေးများကို ဖန်တီးရမည်။ တဦးနှင့်တဦး မည်သူက ဆွဲဆောင်မှု ပိုရှိသနည်းပြိုင်ဆိုင်ရင်း ဆွဲဆောင်ရမည်။ အမုန်းပွားနိုင်သည့် စကားများကို ရှောင်ရမည်။ ဖောက်ပြားဖို့ မစဉ်းစားရ။ အချစ်လျှော့လာပြီဟုထင်လျင် ကိုယ်ဘာမှားနေလဲ ပြန်စစ်ရမည်၊ တဖက်ကိုမေးရမည်။ နှစ်ဦးကြား ပြဿနာဖြစ်လျင် အများမသိစေဘဲ နှစ်ကိုယ်ကြားသာ ဖြေရှင်းရမည်။ တယောက်၏ အမှောင်ဘက်ခြမ်းကို တယောက်က ခွင့်လွတ်ရမည်။ အသေးအမွားကအစ မှတ်မိရမည်။ မမှတ်မိပါက စိတ်တိုစိတ်ဆိုးမပြုဘဲ လမ်းစဖော်ပေးရမည်။ အခက်အခဲကြုံတိုင်း ယုံကြည်မှုဖြင့် အားပေးရမည်။ စိတ်ပျက်စရာအကြောင်းကြောင့် စိတ်ပျက်သွားသည့်တိုင် အဆက်အသွယ်မဖြတ်ဘဲ နေရမည်။ အသေးအဖွဲများကို အပြစ်တခုအလား တဦးကိုတဦး မစွပ်စွဲရ။ စကားတိုင်းကို အထအနမကောက်ရ။ ပြဿနာဖြစ်လာနိုင်သည့်အခါ သို့မဟုတ် ပြဿနာဖြစ်သွားသည့်အခါ ငယ်ကျိုးငယ်နာမှစ၍ အပြစ်များ တခုချင်းစီ မဆွဲထုတ်ရ။ သတို့သားဘက်က အချစ်ကို မထုတ်ပြတတ်ခြင်း၊ သတို့သမီးဘက်က တခုပြီးတခုရစ်ခြင်း စသည့် အချက်များနှင့် ထပ်ကာ ထပ်ကာ ပြုလုပ်ခြင်း၊ ပြောဆိုခြင်းများ မပြုရ။ အထင်လွဲအောင် သံသယဝင်အောင် မနေထိုင် မပြောဆိုရ။ အကြင်လင်မယားဆိုသော်လည်း တဦး၏ ကိုယ်တွင်းရေးကို မစွက်ဖက်ရ။ ဥပမာ ဖုန်းစစ်ခြင်းမျိုး မပြုရ။ မိမိအားမလိုက်လျောလျင် သဝန်တိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်မကောင်းဖြစ်နေပုံကို ပြသခြင်း၊ အမြဲအနိုင်သာ လိုချင်ခြင်း၊ တခုခု မလုပ်ပေးသည်နှင့် မချစ်တော့ဘူးပေါ့ဟု ငေါ့ခြင်း ထေ့ခြင်းစသည်တို့ကို ရှောင်ရမည်ဆိုသော အဓိပ္ပါယ်များကို ဖြည့်စွက်ထားသောအပြုံးနှင့် မည်သူမှ နားမလည်နိုင်သော လျှို့ဝှက်ချက်အပြည့်ပါသည့် အပြုံးများကို ပြုံးလျက်ရှိကြောင်း စာရေးဆရာနှင့် ကဗျာဆရာတို့က ဖွင့်ဆိုနေလေသည်။
စာရေးဆရာနှင့် ကဗျာဆရာတို့က သတို့သားဘက်သက်သေနှင့် သတို့သမီးဘက်သက်သေနှစ်ဦးတို့၏ အပြုံးတို့အား အရောင်တို့ဖြင့် ဖွင့်ဆို၏။ အရောင်ကားမရှိ။ ဘလိုင်းကာလာဟုဆို၏။ ကြေကွဲနေသလား ပီတိဖြစ်နေသား ကြိတ်မှိတ်ထားသည်ပုံလား ကြိတ်ဝမ်းသာသည့်ပုံလား မသဲကွဲ။ သတို့သား၏ မိဘနှင့် သတို့သမီး၏ မိဘတို့၏ အပြုံးကိုမူ စာရေးဆရာနှင့် ကဗျာဆရာတို့က အဖြူအမည်းအရောင်ဖြင့် ဖွင့်ဆိုသည်။ သတို့သားဘက် မိဘများက အိမ်ဖော်မလေးတယောက်ရပြီဆိုသည်နှင့် သတို့သမီးဘက် မိဘများက ခိုင်းနွားတကောင်တော့ ရပြီဆိုသည့် အဓိပ္ပါယ်ကို သဲသဲကွဲကွဲအရောင်ဖြင့် ဖွင့်ဆို၏။ အနည်းငယ်ပါလာသည့် မိတ်ဆွေများ၊ ဓာတ်ပုံဆရာနှင့် မီးထိုးသူများ၏ အပြုံးကား သဟဇာတသိပ်ဖြစ်လှသည့် အရောင်မဟုတ်။ သတို့သားနှင့် သတို့သမီး၏ လက်ထပ်စာချုပ် ချုပ်ဆိုနိုင်ခြင်းကို ကြည်နူးပေးနေရလိုလို ဖြစ်ရာမှာ ယနေ့ ပေးဆပ်လိုက်ရသော အချိန်ကိုနှမြောတသနေမှုပါသလို အိမ်တွင် ဂက်စ်ဖွင့်ခဲ့မိလေသလား၊ မိမိအလုပ်လုပ်ရာ နေရာတခုခုတွင် တခုခုဖြစ်နေပြီလားဆိုသည့် အဓိပ္ပါယ်များ ရောထွေးနေသည့် အရောင်မျိုးဖြစ်သည်။ ရှေ့နေများနှင့် စာရေးဆိုသူ၏ အပြုံးကိုမူ ခပ်ဝေးဝေးက လှမ်းကြည့်ရသဖြင့် မည်သည့်အရောင်ဟု တိတိကျကျ မပြောနိုင်။ အရောင်ဆိုသည်ထက် အရာဝတ္ထုနှင့်တူသည်ဟု ဆိုသည်။ ဘယ်ချိန်ကြည့်ကြည့် ဘာကိုတွေး၍ ဘာကိုခံစားနေရသည် မသိရ။ သူတို့အပြုံးက သေသွားတာ ကြာပြီဖြစ်၍ အပြုံးအသေ ဖြစ်နိုင်သည်။ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ပုန်ကန်မှု၊ တော်လှန်မှု၊ ကလေးအလုပ်သမားမှု၊ ဖောက်ပြန်မှုစသည်တို့ကို ဖြစ်ရိုးဖြစ်စဉ်တခုဟုသာ မြင်ပြီး ထိုအမှုက ငါ့ကို ပိုက်ဆံ ဘယ်လောက်ပေးနိုင်သလဲဆိုသည့် လက်သည်းဖွက်ထားသည့် ကြောင်လက်ပမာ အပြုံးမျိုးသာ ဖြစ်သည်။
စာရေးဆရာနှင့် ကဗျာဆရာတို့သည် တရားသူကြီး၏ မျက်လုံး မျက်နှာ နှုတ်ခမ်းစသည်တို့ကို ကြည့်လိုက်၏။ သူတို့နှစ်ဦး တယောက်မျက်နှာ တယောက်အကြာကြီး ပန်ကြည့်စရာဖြစ်နေတော့သည်။ ထို့နောက် နှစ်ယောက်သား မျက်မှောင်ကုတ်လျက် တရားသူကြီးကို ကြည့်ပြန်၏။ သူတို့နှစ်ဦးသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာ ဖွက်ထားသည့် ရတနာသေတ္တာကို အလွယ်တကူ တွေ့ရုံသာမက သော့လည်းရပါလျက် ဖွင့်နည်းမသိသော သူတို့နှင့် တူနေချေတော့၏။ ထိုလူကြီးမည်သို့ ပြုံးချေမည်နည်း။ အဘယ်သို့သော အပြုံးဖြစ်မည်နည်း။ တရားသူကြီးသည် သာမန်လူများနှင့် ကွဲထွက်နေသည့် ဝတ်စုံဆန်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားလျက် အခုထိ မပြုံးသေးသဖြင့် သူတို့နှစ်ဦးကလည်း ခက်နေ၏။
စက်ရုပ်ဆန်သော အပြုံးမျိုး ဖြစ်မည်လား။ လက်ထပ်စာချုပ်တွင် လက်မှတ်ထိုး၍ ငွေ နှစ်သောင်းခွဲအတွက် နည်းလှသည် ဆိုသည့်အပြုံးမျိုးဖြစ်မည်လား။ အစိုးရဗျူရိုကရေစီယန္တရား၏ ခွေးသွားစိတ် လက်မှတ်ထိုးမှုမျိုး မဟုတ်သဖြင့် ပေါ့ပါးသော အပြုံးမျိုး ဖြစ်မည်လား။ သင်တန်းပေါင်းစုံတက်ပြီး သက်ဆိုင်ရာ စာအုပ်များကို အလွတ်ရသည့်နီးပါး အထပ်ထပ် ဖတ်မှတ်ခဲ့သော သူ၏ ကျွမ်းကျင်နှံ့စပ်လှသည့် အရည်အချင်းများရှိလျက်ပင် မည့်သည့်ဆုံးဖြတ်ချက်မျိုးမှ မချရသည့် လက်ထပ်စာချုပ်မျိုးကိုမှ ကျမ်းကျိန်ခြင်း၊ မှန်မမှန် မေးမြန်းခြင်း၊ ဥပဒေနှင့် ညှိစွန်းမှုရှိမရှိ စိစစ်ခြင်းတို့ ပြုလုပ်နေရသဖြင့် ဝမ်းနည်းနေသည့် အပြုံးမျိုးဟု ဖြစ်မည်လား။ ပြုံးလိုက်သလား မပြုံးလိုက်သလား မသိ၍ စာရေးဆရာနှင့် ကဗျာဆရာတို့က တရားသူကြီးအပေါ် ထုံးစံအတိုင်း ကောက်ချက်တွေ ချကာ ဟုတ်နိုးနိုးဖြစ်နေရ၏။
ဤတရားသူကြီးဆိုသူသည် တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မျှတသည့် တရားစီရင်ရေးကို စီရင်လိုသူလား။ ခက်ခဲနက်နဲလှသော အမှုကို ဖြေရှင်းလျက် ပညာခန်းကို ပြလိုသူလား။ ဝက်ခြံမှ တရားခံ၏ မျက်နှာကိုပင် တချက်မကြည့်ဘဲ စာအိတ်တအိတ်ကိုဖောက်၍ စီရင်ချက်ကို ဖတ်ပြလိုသူလား။ ဥပဒေပြုရေး ဆိုသည့်နေရာအထိ တက်လှမ်းလိုသူလား။ အားလုံးတခုမှ မဟုတ်ဘဲ လုပ်ရမည့် အလုပ်တခုတော့ဖြင့် ပြီးလေပြီဟု လုပ်ရမည့် အလုပ်အပေါ်ကိုသာ အာရုံပြုသူလား။ လက်ထပ်ထိမ်းမြားခြင်းစာချုပ်ကို ယခုလို လက်မှတ်ထိုးသွားပြီးနောက် လာမည့် တရက်ရက်တွင် ကွာရှင်းခွင့်တင်ခြင်း၊ ကွာရှင်းလက်မှတ်ထိုးခြင်း၊ ပိုင်ဆိုင်မှု တောင်းဆိုခြင်း၊ အုပ်ထိန်းခွင့် လျှောက်ထားခြင်း၊ ကလေးထောက်ပံ့စရိတ်တောင်းခံခြင်းတို့ဖြင့် ရောက်လာကြဦးမည့် အနေအထားကို ကြိုသိနေပြီး အခု လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးကြသော စုံတွဲ၏ကြွယ်ဝမှုကို တွက်ဆ၍ တချိန်တွင် မည်သည့်ရှေ့နေနှင့် သင့်တော်ပြီး မည်သည့်တရားရုံးနှင့် သင့်တော်မည်နည်းဟု တွက်ချက်ကြည့်နေသူလား။ အဆုံး၌ စာရေးဆရာနှင့် ကဗျာဆရာတို့သည် တရားသူကြီး၏ လုပ်ရပ်၊ ဖြစ်စဉ်နှင့် အတွေးကိုသာ ကြည့်နေလိုက်တောမိတော့သည်။
တရားသူကြီးအနေဖြင့် ဥပဒေကိုသာ နားလည်သည်ဆိုသော်လည်း ကင်း၍မရသော လူဖြစ်ရခြင်းဝဋ်မှ လူတယောက်အား ပေးလာသော ဒုက္ခသုက္ခများ ကြောက်ရွံမှုများ ရှုံးနိမ့်မှုများ ဝမ်းနည်းမှုများ ကြုံခဲ့ပြီးသူ ဖြစ်သည်။ ထိုအရာများကို လက်ခံခဲ့ ကျော်လွှားခဲ့ ရင်ဆိုင်ခဲ့ ကြံ့ကြံ့ခဲ့ပြီးနောက် သတိတရားရှိရှိ အသိပညာ အစုံအလင်ဖြင့် ယထာဘူတကျသောဉာဏ်ကိုပင် ပိုင်ဆိုင်ထားသော အရွယ်သို့ပင် ရောက်နေပြီ။ ထို့ကြောင့် ဤလင်ဤမယားမျိုး ကွာရှင်းခွင့်လာတောင်းမည့် အချိန်ကိုပင် သူတွက်ချက်လိုက်ပြီး ဖြစ်သည်။ အိမ်ထောင်ရေးသည် ဖြေရှင်းရမည့် ပြဿနာများနှင့် ပြည့်နက်နေသော ပုစ္ဆာကြီးတခု ဖြစ်သည်။ ဆရာတော် ဦးဇောတိက မိန့်သကဲ့သို့ “ဘဝဆိုတာကျောင်း” ကဲ့သို့ ပြောရလျင် “အိမ်ထောင်ရေးဆိုသည့်ပုစ္ဆာ” ဟုပင် ပြောချင်သည်။ ထိုမျှမကသေး အိမ်ထောင်းရေးဆိုသည်မျိုးက ယုံဖို့ပင် ခက်ခဲလှသော ရှုထောင့်ပေါင်းစုံမှ ရှုပ်ထွေးနက်နဲသော အခက်အခဲများကို အချိန်ပြည့်ချပြကာ စိတ်ဖိစီးမှုအတော်ဖြစ်စေသည်။ ငွေကြေးကြောင့် မဟုတ်ခဲ့လျင်ပင် အိမ်သို့ရောက်လာသော ဧည့်သည်များ၊ အလုပ်လုပ်ချိန်၊ သားသမီးအပေါ် ဆုံးမသွန်သင်မှု၊ အိမ်ထောင်ဘက်၏ ပေါ်လာသည့်အကျင့်ဆိုး၊ ဝင်နှောင့်ယှက်လာသော ကြားလူများ၊ အချိန်အတော်ကြာအောင် မပွင့်လင်းမှုများက အိမ်ထောင်ရေးပဋိပက္ခဖြစ်ဖို့ အကြောင်းအရာတွေ ဖြစ်လာသည်။ ကြာလာသည်နှင့်အမျှ နမ်းဖို့ပင် ခက်လာခြင်း၊ တယောက်စကား တယောက်နားမထောင်တော့ခြင်း၊ အိမ်ထောင်ဘက်ကိစ္စများအပေါ် လစ်လျူရှုလာခြင်း၊ တခုခုဖြစ်လာတိုင်း ဘေးလူကိုသာတိုင်ပင်လာခြင်း၊ လိင်ကိစ္စ၊ မိသားစုဝင်အတွင်း ကျန်းမာရေးချို့ယွင်းမှုကြောင့် လူမှုရေးများချွတ်ယွင်းလာခြင်း၊ အိမ်မှုကိစ္စများ မညီမျှခြင်း၊ မူးယဇ်သေစာ အသုံးပြုလာခြင်း၊ ပြဿနာတခုတက်လိုက်သည်နှင့် အသေးအမွှားကိစ္စကအစ ဆွဲထုတ်တတ်လာခြင်း၊ ကိုယ်ရေးကိုယ်တာများ စွက်ဖက်လာခြင်း၊ လူစုံသည့်အခါ အိမ်ထောင်ဘက်၏ မကောင်းသည့်အချက်များကို ထုတ်ဖော်ပြောဆိုခြင်း၊ မိသားစုအစီအစဉ်များကို သတိမထားခြင်း၊ အလုပ်အကိုင် မကြာခဏပြောင်းရွှေ့ရ သို့မဟုတ် အလုပ်ပြုတ်၍ အလုပ်ပြန်ရှာမရခြင်း/ အလုပ်မလုပ်ခြင်း၊ အိမ်ထောင်ဘက်အကြား ငွေကြေးကိစ္စ လိမ်လည်ခြင်း၊ အိမ်ပြန်နောက်ကျခြင်း၊ တခုခုဆိုလျင် ကွာရှင်းဖို့သာ တွန်းအားပေးပြောဆိုခြင်း၊ သားသမီးကိစ္စဖြင့် အချင်းချင်း ပြန်အပြစ်တင်ခြင်း၊ အလျှော့မပေးကြခြင်း၊ အိမ်ထောင်ကွဲ သူငယ်ချင်းများနှင့် တိုင်ပင်ခြင်း၊ မသင့်မလျှော်ကို စွဲလန်းနေခြင်းစသည့် အကြောင်းအရာများသည် အိမ်ထောင်ပြုထားသည့်သူများ မလွဲမသွေကြုံနေကြရသည့် ပြဿနာများဖြစ်သည်။ ဤထဲပါသော အကြောင်းအရာများက ထင်သာမြင်သာရှိသည့် အကြောင်းအရာများဖြစ်ပြီး ထင်သာမြင်သာ မရှိသည့်အကြောင်းအရာများ ရာထောင်ချီ ရှိသေးသည်။ အကြောင်းရှာလိုသည့်အခါ ကိုယ့်ဘာသာကိုယ် ရေသောက်၍ နင်သည်ပင်လျင် အိမ်တွင်းရှိလူ အကုန်လုံးပါမက ယောက္ခမပါမကျန် အပြစ်တင်ပြောဆိုတာမျိုး လုပ်လာသည်။ ကလေးကစားစရာကို နင်းမိလိုက်သဖြင့် တဖက်သား၏မျိုးရိုးကို ကဲ့ရဲ့ခြိမ်းခြောက်တာမျိုး လုပ်တတ်သူလည်း ရှိသည်။ နေရင်းထိုင်ရင်းပင် အထီးကျန်လာခြင်း၊ စိတ်ဖိစီးလာခြင်းများ၊ ထိန်းချုပ်ခံနေရသည်ဟု ထင်လာခြင်းများအထိ ဖြစ်လာတာမျိုးရှိသည်။ ဤသို့ဖြင့် နှစ်ဖက်မိဘများ၊ အသိသက်သေများ၊ မိတ်ဆွေများနှင့် လူစုံတက်စုံပျော်ပျော်ပါးပါး လက်ထပ်စာချုပ်တွင် လက်မှတ်ကို ကြည်နူးမှုအပြည့်ဖြင့် တပြုံးပြုံးထိုးခဲ့သော အကြင်လင်မယားတို့သည် နောက်ဆုံး တုန်လှုပ်ချောက်ချားစရာ အကောင်းဆုံးလမ်းဖြစ်သည့် ကွာရှင်းပြတ်စဲခြင်း လမ်းကြောင်းပေါ်သို့ ရောက်သွားကြရတော့သည်။
အကြင် သူစိမ်းပြင်ပြင်ဖြစ်ကြသော လူနှစ်ဦးမှ ဇနီးမောင်နှံဟု ဆိုအပ်သော အကြင်လင်မယားဘဝသို့ ရောက်ပြီးနောက် တဖန်ပြန်၍ သူစိမ်းပြင်ပြင်ပြန်ဖြစ်ရန်မှာ ယခင် လက်ထပ်စာချုပ်ကို နှစ်ဦးသဘောတူ ချုပ်ဆိုတုန်းကလို မလွယ်ကူတော့ပေ။ ပိုင်ဆိုင်သည့် ပစ္စည်းများ ခွဲဝေမှု၊ ကလေးထိန်းကျောင်းမှု၊ ကလေးစရိတ်၊ အိမ်ထောင်မပြုမီ ချုပ်ဆိုထားသော စာချုပ်အရ စည်းကမ်းချက်များ၊ အိမ်ထောင်ဘက်အား ထောက်ပံ့မှု စသည်တို့အတွက် မိမိတဦးတည်းဆုံးဖြတ်ချက်နှင့် လုပ်၍မရတော့။ ပြီးတာပဲ ကြိုက်တာလုပ် ရတယ်ဟု လုပ်၍မရတော့။ မိမိ၏ အသက်အရွယ်နှင့် ရရှိလာမည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအပြင် မိဘဆွေမျိုး၊ မိတ်ဆွေ သင်္ဂဟနှင့် ဟိုဘက်ဒီဘက်အသိုင်းအဝိုင်းမှ အကြည့်များကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ပိုင်ဆိုင်သည့်ပစ္စည်းများ ခွဲဝေမှုတွင် မိမိအတွက် မရှိတာမျိုးကြုံနိုင်သည်။ ကလေးထိန်းကျောင်းမှုတွင် ရှုံးနိုင်သည်။ ကလေးစရိတ်မရတာမျိုး ရှိနိုင်သည်။ လက်ထပ်ပြီးနောက် အိမ်ထောင်ဖက်အား ချစ်လွန်း၍ ဘာမှ မမြင်နိုင်ဘဲ ပိုင်ဆိုင်သမျှ အိမ်ထောင်ဘက်၏ နာမည်ဖြင့်သာ အမည်ပေါက်ဖောက်ထားသည့် သူတွေလည်း ရှိသည်။ စီးပွားရေးလုပ်ငန်းမှ ရရှိလာသော အမြတ်များကို အကုန်လှူဒါန်းနေသဖြင့် ဆက်စပ်ရင်း သိရသူ တယောက်ရှိဖူးသည်။ ဤပုံစံမျိုးကို ရင်ဆိုင်ရသဖြင့် နောက်ဆုံး ကွာရှင်းဖို့လည်း မလုပ်ရဲတော့ဘဲ ငြိမ်ခံရလျက် မကွာရှင်းလျင်လည်း မတွေ့ဖူးတာ ကြာပြီဖြစ်သည့် သူ့အိမ်ထောင်ဘက်က ဘယ်တိုင်း ဘယ်ပြည်မှာ ဘယ်သူနှင့် ပေါင်းသင်းနေမှန်း မသိဖြစ်ကာ လုပ်ငန်းရှင်များအကြား များစွာ အရှက်ရလျက် နေထိုင်နေရသည်ကို တွေ့ဖူး၏။ သို့ကဲ့သို့ စုံလှသော အကြောင်းကြောင့် ကွာရှင်းပြတ်စဲခြင်း ပြုလုပ်တော့မည့်သူသည် ဥပဒေပညာရှင်များနှင့် အဆင့်ဆင့်ဆွေးနွေးပြီး ရှေ့နေကောင်းတယောက်ကို ခေါင်းမီးတောက်အောင် ရှရတော့မည် ဖြစ်သည်။ တခုမှ အလကားမရ။ ငယ်ငယ်က ပေါင်းလာသည့် ငယ်ပေါင်းထဲမှ ရှေ့နေဆိုသူများပင် စာရွက်စာတမ်းဖိုးတော့လုပ်ကွာ ဟု ခြစ်ကုတ်မည်ဖြစ်သည်။ အိမ်ထောင်ဘက်ဖြစ်သူမှ ကွာရှင်းခွင့်လျှောက်လွှာတွင် ရိုးရိုးသားသား မလျှောက်ခဲ့ပါက ထိုအမှုကိုလည်း ရင်ဆိုင်ဖြေရှင်းရနိုင်သည်။ ကွာရှင်းခြင်းကသာ အဖြေရှိတော့သည်ဟု ဆုံးဖြတ်လိုက်ခြင်းသည် ပဋိပက္ခတခုမှ နောက်ထပ်ပဋိပက္ခတခုသို့ ပြောင်း၍ ခုန်ချခြင်းမျှသာ ဖြစ်သည်ဟုလည်း သတိမြဲမြဲကပ်ထားရမည်ဖြစ်သည်။
ကွာရှင်းပြတ်စဲပုံတွေက အမျိုးမျိုးရှိကြသည်။ တိုင်းရင်းသားဒေသဘက်မှ ကွာရှင်းပြတ်စဲမှုက ရှင်းနေတတ်သည်။ ဘာမပြောညာမပြော တယောက်ယောက်မှ မိဘအိမ်သို့ ထပြန်သွားပြီး ကျန်တယောက်ကလည်း လိုက်မခေါ်တော့သည်နှင့် ကွာရှင်းပြတ်စဲသွားတတ်ကြသည်။ တိုင်းရင်းသားဒေသများတွင် အိမ်ထောင်ကျပြီးသည့်နောက် အိမ်တလုံးရရန် သိပ်မပူရ။ အရင်းအနှီး နည်းနည်းပါးပါးရှိလျင် အရပ်က ဝိုင်းကူပေးတတ်သည်။ ထိုအနေအထားမှ စိတ်တချက်ကောက်၍ တယောက်ယောက်က ထထွက်သွားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုခုသို့ ဝင်သွားခြင်း၊ ဘိန်းစိုက်ခင်းများသို့သွား၍ ဇာတ်မြုပ်ခြင်း၊ တရုတ်ပြည်ဘက်မှ လာရောက်လုပ်ကိုင်သော ပိုးလုပ်ငန်း၊ သံလွင်မြစ်ထဲမှ ရွှေတူးဖော်ရေးလုပ်ငန်းတို့တွင် နေထိုင်လိုက်ခြင်း နယ်စပ်ဒေသသို့ သွားရောက်နေထိုင်ပစ်လိုက်ခြင်းကြောင့်လည်း တခုလပ် တလင်ကွာဂုဏ်ပုဒ်ကို လက်ခံလိုက်ကြကာ ကွာရှင်းပြတ်စဲဆိုသည့် အချက်ကို မသိတောင် မသိလိုက်သူများလည်း ရှိသည်။ ကလေးတစ်ယောက် သို့မဟုတ် နှစ်ယောက်ရပြီးသည့်နောက် ရပ်ရွာဘက်မှ ဆောက်ပေးသောအိမ်ကလည်း အချိန်တိုက်စားမှုကြောင့် ပိုးရွခြပုန်းတို့၏ ရန်ဖြင့် ယိုင်နဲ့နဲ့ ဖြစ်လာသောအခါ အိမ်နီးချင်းနိုင်ငံများသို့ စီးပွားရှာမည်ဆိုပြီး မွေးထားသည့် ကလေးကို အဘိုးအဘွားထံ အပ်၍ သွားသည်။ တဖက်နိုင်ငံတွင် အလုပ်လုပ်သည့်နေရာ မတူ။ အစပိုင်း တစ်နှစ် နှစ်နှစ်လောက်တော့ အဆင်ပြေနေသေးသော်လည်း နှစ်ဦးသား ကိုယ့်ပြည်ကိုယ့်ရွာမပြန်ဖြစ်တော့။ ပြန်ဖို့လည်း စိတ်မကူးကြတော့ဘဲ နောက်ထပ် အိမ်ထောင်သစ်ပြုကာ ကွာရှင်းမှုကို လုပ်လိုက်သလား မလုပ်လိုက်သလားတောင် မသိကြသော ကွာရှင်းမှုမျိုးရှိသည်။ ထို့နောက် ဤဒေသတွင် အမျိုးသားဖြစ်သူက စီးပွားအရှာကောင်း၍ တနေ့သ၌ အိမ်ပေါ်ကို နောက်တယောက်ခေါ်တင်လာသဖြင့် အရင်တယောက်က အလိုအလျောက် ဆင်းပေးရသည့် ကွာရှင်းမှုမျိုးလည်း ရှိသည်။ များသောအားဖြင့် ထိုလူမျိုးမှားက ဗိန္ဓောပညာဖြင့် ဆေးကုရင်း အင်္ဂလိပ်ဆေးထိုးနည်းသင်တန်းဟု ခေါ်ကြသော တရားမဝင်ဆေးသင်တန်းတခုခုကို တက်ရောက်ပြီး နယ်ထွက်ဆေးကုသူများ၊ ကွက်စပ်ဟောသူဟု အောက်ပြည် အောက်ရွာက ခေါ်သော နိပါတ်တော် ဇာတ်တော်များကို သံနေသံထားဖြင့် သာရေးနာရေးနှင့် အလှူများတွင် ဟောတတ်သည့် မော်ဟု ခေါ်သူများ၊ နတ်ကတော်ဟု ခေါ်ကြသော နတ်လိုလို ဓာတ်လိုလို ဆေးကုသူများနှင့် ဗေဒင်ဆရာဆိုသူများက အိမ်တွင်ကျန်ခဲ့သည့်ဇနီးကို နင်နဲ့ငါ မပေါင်းနိုင်တော့ဘူးဟု တခွန်းတပါဒမှ စကားမဆိုဘဲ ဇနီးမယားအသစ် တယောက်ကို အလွယ်တကူ ခေါ်ပြန်လာလေ့ရှိသည့် ကွာရှင်းမှုမျိုးလည်း ရှိသည်။ ထိုမှ မိမိသဘောအလျောက် အိမ်ပေါ်မှ ဆင်းသွားသူဖြစ်ပြီး ပိုင်ဆိုင်မှုလည်း မရကြတော့ဘဲ မိမိရင်သွေးများရှိလျင် ထိုရင်သွေးကိုပါ ပြန်ခေါ်လာရသည်ပဲ အဖတ်တင်သည့် မယုံနိုင်ဖွယ် ကိစ္စရပ်တွေ ရှိသည်။ အသက်ရမှ အိုမှ မင်းမှ အိမ်ပေါ်က ဆင်းကာ ခြံတလုံးလုံးတွင် တဲကလေး သွားဆောက်ပြီး နေတတ်သည့် ကွာရှင်းမှုမျိုးလည်း ရှိတတ်သည်။ ဤကွာရှင်းမှုမျိုးကား ငါးရွာစုတစုမှ တခါတရံ တယောက်လောက် ပေါ်လာတတ်တာမျိုးဖြစ်သည်။ တချို့က မူးယစ်ဆေးဝါး စွဲသူတဦးဦးကြောင့် ကွာရှင်းကြသည်။ ဤကဲ့သို့ အမျိုးမျိုး ကွဲပြားသော ကွာရှင်းးမှုတို့သည် အပြစ်ဖြစ် မဖြစ်။ အကြမ်းဖက်မှု ဖြစ် မဖြစ်။ စော်ကားခြင်းသို့ ရောက် မရောက် ဘယ်သူဘယ်ဝါ တဦးတယောက်မှ မစောဒနာ၊ မစောကြော။ အားလုံးက အလွယ်တကူ သဘောတူလိုက်ကြသည်ချည်း။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးမှူးစသည့် ပုဂ္ဂိုလ်များ၊ ဒေသအတွင်း အာဏာရှိသော ဘုန်းတော်ကြီးများ၊ မြို့ကြီး ပြကြီးသာမက နိုင်ငံတကာထိပင် ပညာသင်ကြားဖူးကြသော မည်သူတဦးတယောက်မှ မတားမြစ်ကြ။ မကန့်ကွက် မပြောဆိုကြ။ ဒီလိုပဲ၊ အဲဒါ သူတို့ကိစ္စဟူသော အပြောနှင့်သာ ပြီးသွားကြသည်။ ဒေသန္တရဥပဒေလည်း မရှိ။ သို့သော် ဤကဲ့သို့ ကိစ္စမျိုး ခင်ဗျားတို့ဆီမှာ တကယ်ရှိသလားဟု မေးလျင်တော့ အကုန်ငြင်းမည်ဖြစ်သည်။ အယောက် ၁၀၀ မေးလျင် ၁၀၁ ယောက်က ငြင်းမည်ဖြစ်သည်။ မည်သည့် တိုင်းရင်းသားမှ သူတို့လူမျိုးနာမည် အပျက်မခံပါ။ ဤအချက်က ဉာဏ်ပညာဟုလည်း မဆိုသာ။
သို့သော် ဉာဏ်ပညာကို အကြီးအမူးပြုလျက် ချစ်ခြင်း ပေါင်းသင်းဆက်ဆံခြင်းတို့ကို အဖန်ဖန်အထပ်ထပ် သုံးသပ်ပြီးမှ လက်ထပ်တတ်ကြသော အောက်ပြည်အောက်ရွာတွင်ကား အသို့ရှိချိမ့်မည် မသိ။ ယခင်ကမူ ဆယ်တန်းစသည့် အတန်းပညာနှင့် တက္ကသိုလ်ဘွဲ့တခုခုကို ရရှိထားသည့် လူငယ်များက တစ်နှစ်လျင် ခြောက်သောင်းခန့် ရန်ကုန်တည်းဟူသော ရွှေမြို့တော်သို့ အလုပ်အကိုင်ရှာဖွေရန် ဝင်ရောက်လျက် ရှိသည်ဆို၏။ လက်ရှိအခြေအနေနှင့်တော့ မဖြစ်နိုင်။ ဖြစ်ဖို့လည်းမရှိ။ အမျိုးဘာသာ သာသနာကို စော်ကားလာလျင် မိမိတို့၏ အရိုးဖြင့် စည်းရိုးထိုး၍ ကာပစ်လိုက်မည်ဟု ကြွေးကြော်သံပင် မတိတ်သေးသော မြန်မာပြည်မှ အမျိုးသမီးငယ်များသည် ယခုအခါ မိမိတို့၏ ဗုဒ္ဓဘာသာကို ဖျက်ဆီးရန်ကြံစည်နေကြသည် မြန်မာမြေကို မွတ်စလင်မြေဖြစ်အောင် ကြိုးပမ်းနေကြသည်ဟု ပဋိပက္ခတခု အလွယ်တကူ ဖန်တီးနိင်ရန် စီစဉ်နေကြသူများ၏ အပြောအဆိုဖြင့်သာ သိရသော ကြားဖူးနားဝ သက်သေအတုများဖြင့် စွပ်စွဲခြင်းကို ခံရသည့် မွတ်စလင်နိုင်ငံများတွင် ကျွန်အဖြစ်သွားရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ အမျိုးသမီးငယ်များကို ဦးစားပေး၍ ရေးလိုက်ခြင်းမှာလည်း မ.ဘ.သ အဖွဲ့အစည်းကြီး၏ ထုတ်ပြန်ချက်တော်တော်များတွင် မြန်မာအမျိုးသမီးထုအပေါ်ကိုသာ ဖိနှိပ်လိုသည့် သဘောထားကို ထင်ထင်ရှားရှားတွေ့ရပြီး ၎င်းတို့ကာကွယ်ပေးနေရသည် ဆိုသည့် အမျိုးဘာသာ သာသာနာမှာလည်း မြန်မာအမျိုးသမီးအပေါ်၌သာ တည်သည်ဟု အမျိုးသမီးများကို ကလေးမွေးပေးသည့်ကျွန်ပုံစံဖြင့်သာ တွင်ကျယ်စွာ ရေးသားပြောဆို ဟောပြောကြသောကြောင့် အမျိုးသမီးငယ်များဟု သုံးနှုန်းလိုက်ရခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာ ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီ လုပ်ဆောင်ချက်များအပေါ် အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သော ညောင်ရွက်ထဲ ၂၄ ပစ္စည်းပုံကို ဘယ်ဘက်ထောင့်မှာထည့်ထားသည့် စာများမှာ မြန်မာနိုင်ငံတွင် အင်တာနက်ဟု ခေါ်ကြသော ဖေ့ဘွတ်တွင် အခုထိ ပြန်ပြန်ပေါ်နေတုန်း ဖြစ်သည်။
သူတို့ပြောကြ၊ ဆိုကြ၊ ရေးသားကြ၊ အော်ကြ၊ လှုံ့ဆော်ခဲ့ကြသည့် အချက်များတွင် “လူမျိုးဆိုသည်မှာ” ၁၃၅ မျိုးဖြစ်သည်ဟု အသေဆိုးဖြင့် သေသောနေဝင်း၏ သတ်မှတ်ချက်ကို အတည်ယူသည်။ စစ်တပ်ကသာလျင် မိမိလူမျိုး မိမိတိုင်းပြည်ကို စောင့်ရှောက်နိုင်သည်ဟု အကြွင်းမဲ့ယုံကြည်ဆဲ ဖြစ်ကြသောကြောင့် မပြောလိုပေ။ သန်းခေါင်စာရင်းကိုလည်း လူမျိုး ၁၃၅ မျိုးဟု မူအသေကို တည်ပြီး ကောက်ခံသဖြင့် ထောက်ခံကြ ကြိုဆိုခဲ့ကြသေးကြသူများ ဖြစ်ကြသည်မို့ တိတ်တိတ်သာ နေပါမည်။ “ဘာသာဆိုသည်မှာ” ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကြီး၏ အခန်း၈ ပုဒ်မ ၃၆၁ အရဟုဆိုကာ ဗုဒ္ဓဘာသာကို ညွှန်းခဲ့သည်။ ထို့နောက် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကြမည့် သူတော်ကောင်းအားလုံးအတွက် စောင့်ရှောက်နည်းများဟုဆိုကာ ၁) ဓမ္မဖြင့် စောင့်ရှောက်ခြင်း၊ ၂) ဥပဒေဖြင့် စောင့်ရှောက်ခြင်း၊ ၃) ညီညွတ်မှုဖြင့် စောင့်ရှောက်ခြင်း၊ ၄) ဆန္ဒမဲဖြင့်စောင့်ရှောက်ခြင်းဟု လက်တွေ့မကျသော စောင့်ရှောက်နည်းများကို စာအုပ်အမည်အမျိုးမျိုးဖြင့်လည်း ထုတ်ခဲ့ကြသကဲ့သို့ လက်ကမ်းစာစောင်ဖြင့် ပေးဝေခြင်း၊ ဗီနိုင်းထောင်ခြင်း၊ လူအုပ်စုဖြင့် ကြွေးကြော်ခြင်း၊ နိဗ္ဗာန်ရောက်းကြောင်းဟု လိမ်လည်ထားသော တရားပွဲတွင် ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။ လိမ်လည်ထားသော တရားပွဲဟု ပြောဆိုရာတွင် ထိုတရားပွဲဟောခဲ့သူများ အနေဖြင့် သီလ ဆိုသည့်စာလုံးနှစ်လုံးကိုမျှ အသံထွက်ကိုပင် ရွတ်ကြည့်ပါလေဟု အကြံပေးလိုပါ၏။ သူတို့ ပြောခဲ့သော စောင့်ရှောက်ခြင်းအနက်အဓိပ္ပါယ်ကို ထပ်၍ ဖွင့်ရလျင် နံပါတ်တစ် စောင့်ရှောက်ခြင်းမှာ ယဉ်ကျေးလိမ္မာသင်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဓမ္မစကူးလ်ဆိုသည့် အဖွဲ့အစည်းသို့ပင် ဈေးမဝယ်ရဆိုသည့် ကိစ္စမျိုး ကူးစက်ခဲ့ချေပြီ။ နံပါတ်နှစ် စောင့်ရှောက်ခြင်းမှာ သဘောက်သားဥပဒေပညာရှင်က ရေးပေးလိုက်သော မျိုးစောင့်ဥပဒေဖြစ်၏။ နံပါတ်သုံး စောင့်ရှောက်ခြင်းမှာ လုပ်ဆောင်ချက်မရှိ။ နံပါတ်လေး စောင့်ရှောက်ခြင်းမှာ မဲဆွယ်စည်းရုံးခြင်းမှာ ပါတီတခုခု၏ လက်ကိုင်တုတ်ကိစ္စသာဖြစ်သည်။ လုပ်ဆောင်ချက်လည်းမဟုတ်ပါ။ မိုက်မဲသော သူတို့သည် မိမိကိုယ်ကို ပေါက်ချွန်းပြု၍ မိမိကိုယ်ကိုအား ပြန်တူး၏။ ရေကျွမ်းသူ ရေဖြင့်သေရသကဲ့သို့ မီးကျွမ်းကျင်သူ မီးဖြင့်သေရ၏။ ငါဘုရားသာသနာလည်း သာသနာအတွင်း၌ နေထိုင်ကြသော ရဟန်းသံဃာများကသာ ပြန်လည်ဖျက်ဆီးရာ၏လို့ ဟောခဲ့ပါလျက် ဒီမိုကရေစီလိုလားသူများက သာသနာဖျက်နေသည်ဟု အကြိမ်ကြိမ်ဟောပြောခဲ့မှုကလည်း အံ့ဖွယ်ဘနန်းဖြစ်ရသည်။ သို့သော် ယခု ဒူဘိုင်းနှင့် အိုမန်တွင် ဒုက္ခရောက်နေကြသော မြန်မာအမျိုးသမီးများကို မည်သည့် မဘသမှ မကယ်တင်။ ကယ်လည်း မကယ်တင်နိုင်။ ကယ်လည်း မကယ်တင်တတ်။ လူတစု၏ အကျိုးစီးပွားအတွက် မြှောက်ပေးခံရသည့်အတိုင်းသာ လုပ်တတ်ခဲ့၍ ကျန်တာလည်း ဘာမှ မသိ။ သိမည်လည်း မထင်။ သိနိုင်စွမ်းလည်း မရှိ။ သင်္ကန်းဝတ်လိုက်သည်နှင့် အလိုအလျောက် အရှိခိုးခံ အရိုသေခံ ဖြစ်ရုံမက ဘာပြောပြော မှန်သည်၊ ဘာငေါက်ငမ်း ငေါက်ငမ်း ခေါင်းငုံ့ခံရမည်ဟု အသိပညာကို အခြေခံသည့် သင်ပြမှုကို မခံစားရဖူးသော တကာ တကာမတို့၏ အကြွင်းမဲ့ ဦးထိပ်ထားမှု ရာထူးကို ရရှိသဖြင့် သွေးကနားထင်ကို ရောက်နေသူများဖြစ်၍ သိအောင်ပြောပါကလည်း ရန်လုပ်ကြမည်ပင်။ သိမည် တတ်မည်ဆိုလျင် ဒူဘိုင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ဆိုသည့် စာလုံးတလုံးကို အွန်လိုင်းပေါ် ရိုက်ရှာ၍ သူတို့နှင့် ဆက်သွယ်ကာ မိမိတို့စိတ်ကြိုက် ခြယ်လှယ်ပြောဆိုနိုင်ပါသည်။ သို့မဟုတ်လည်း ယူအေအီးဆိုသော စာလုံးကို မြန်မာလို ရိုက်တတ်လျင်ပင် ရပြီ။ ထို့ထက်ပိုသေးလျင် ငါရဲ့ အလုပ်သမားတသန်း ဆိုသော ဝက်ဆိုက်တွင် ဖုန်းနံပါတ်ပါသည်။ အသင့်စောင့်နေသော စကားပြန်ပြောမည့်သူ ရှိသည်။ သို့သော်လည်း အားလုံးက ပြည်ပရန်ကို ကာကွယ်ရန်ဟုဆိုကာ နေပြည်တော်၏အပြင်ဘက်ကို ပြည်ပမှတ်နေကြသော စစ်တပ်ထဲ ဝင်ကုန်လေပြီလား မသိပေ။ မြန်မာပြည်ကို ဖျက်ရန် ကြံစည်နေသော အနောက်နိုင်ငံဟု မဘသများ ခေါ်ဆိုကြသည့် အမေရိကန်အား ဆန့်ကျင်ခွင့်ရဖို့ မည်သည့်အလုပ်ပင် လုပ်ရလုပ်ရ စိတ်အားထက်သန်ကြသော မဘသများသည် အမေရိကန်မှ ၁၈၆၃ ခုနှစ်တွင် ဖျက်သိမ်းလိုက်သော ကျွန်စနစ်ကို ယခုအခါ အမျိုးပျောက်မည်ဟု စိုးရိမ်တကြီးဖြင့် ကာကွယ်ပေးခဲ့ကြသော မြန်မာ အမျိုးသမီးများသည် အာရပ်စော်ဘွားများနိုင်ငံတွင် တချိန်က အာဖရိကကျွန်သဖွယ် ကျွန်ခံစေခြင်းဖြင့် အမေရိကန်၏ ကျွန်မဲ့စနစ်ကို ဆန့်ကျင်ခွင့် ရခဲ့သောကြောင့် ဂုဏ်ယူမည်ဆိုလည်း ယူနိုင်ပါသည်။ အိုမန်နိုင်ငံကို မြေပုံတွင်ကြည့်၊ အင်တာနက်ပေါ်တွင် သေချာရှုစားကြပါ။ ထိုကဲ့သို့သော နိုင်ငံများသို့ပင်လျင် ကျွန်အဖြစ် သွားရောက်လုပ်ကိုင်နေကြရပြီဆိုလျင် ယခုနှစ်များတွင် ရန်ကုန်သို့ ဝင်သော တက္ကသိုလ်ဝင်တန်းအောင်နှင့် တက္ကသိုလ်တခုခုမှ ဘွဲ့ရသူများ ရှိပင်ရှိနိုင်လေမည်လား မသိ။
ရှေးယခင်ကတည်းက ရန်ကုန်သို့ ဝင်ရောက်ကြသော ဆယ်တန်းအောင်နှင့် ဘွဲ့ရတို့သည် အတည်တကျ အလုပ်အကိုင်ရရှိရေးနှင့် အတည်တကျနေထိုင်ရာရရေးကိုသာ အဓိက ဦးစားပေးနေရသည်။ အတည်တကျ နေထိုင်ရာ မရှိသဖြင့် အိမ်ထောင်ပြုဖို့ ဝန်လေးကြသည်။ နေထိုင်ရာရဦးတော့ မိမိတဦးတည်းလျင်ပင် စားဖို့ သောက်ဖို့နှင့် အိမ်လခများကို အနိုင်နိုင်ဖြစ်နေစဉ် နောက်ထပ်တယောက် ထပ်ရောက်လာမည့်အရေးကို စိုးရိမ်ခဲ့ကြသည်။ ထိုနှစ်ခု ပြည့်စုံကြသည့်တိုင် တကယ့်တကယ် သား သမီးများ ရလာခဲ့လျင်ဆိုသည့် အခက်အခဲကလည်း ရှိရာ ရန်ကုန်တွင် နေထိုင်ကြသော နယ်ဝေး ရန်ကုန်သားတို့သည် အိမ်ထောင်ပြုရန် ခက်၏။ မူလရန်ကုန်သားများကလည်း နယ်မှ လာရောက်သူဖြင့် နှစ်စဉ် အလုပ်ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရရာ နယ်မှ တက်လာသူများနှင့် ပညာအရည်အချင်း တူ၍ မဖြစ်ရကား သင်တန်းတက်၊ ဘွဲ့တခုပြီးတခု ထပ်ယူ အလုပ်ကို တွင်တွင်လုပ်ကြရရှာ၏။ ထို့ကြောင့် မူလရန်ကုန်သားများလည်း အိမ်ထောင်ပြုရခက်ကုန်၏။ သို့သော်လည်း မနှောင်းခင်ဆိုသည့်စကားနှင့် သီးချိန်တန်သီးဆိုသည့် မြန်မာစကားပုံကလည်း ရှိသေးရာ မလွဲသာ မရှောင်သာ အိမ်ထောင်ပြုကြရသည့် သူများလည်း ရှိလာခဲ့သည်။ သူတို့၏ ဃရာဝါသကိစ္စမှာလည်း ကမ္ဘာပေါ်ရှိ အိမ်ထောင်ပြုသူများနည်းတူ တွေ့ကြရမည်မှာ မလွဲဧကန်။ သူတို့၏ ကွာရှင်းပြတ်စဲမှုများကား အသို့ရှိသနည်း။ တကြော့ပြန် အာဏာသိမ်းမှုကြောင့် မြန်မာ သို့မဟုတ် ဘားမားကို နိုင်ငံတကာက သူတို့နှင့် သက်ဆိုင်သည့် စာမျက်နှာများပေါ်မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်နိုင်သမျှအကုန် ဖြုတ်ချလိုက်ကြသဖြင့် နိုင်ငံသား တဦးချင်း၏ လွတ်လပ်ခွင့်၊ နိုင်ငံသား တဦးချင်း၏ တစ်နှစ်တာ ဝင်ငွေစသည့် ကြီးကြီးမားမား စာရင်းအင်းသာမက အိမ်တွင်းအကြမ်းဖက်မှု ရောဂါအခြေအနေ စသည်တို့ကိုပင် မဖော်ပြကြတော့။ ထို့အတူ ကွာရှင်း ပြတ်စဲခြင်း ဇယားမှာလည်း မြန်မာ ဘားမား မပါတော့။ အိမ်နီးချင်းနိုင်ငံနှင့်သော်လည်းကောင်း၊ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေး နှိပ်ကွပ်မှု ရှိသည်ကိုလည်းကောင်း ထိုအချက်များကို မူတည်၍ အခြားနိုင်ငံများနှင့် ယှဉ်တွက်ကြည့်မည်။ ကွာရှင်းပြတ်စဲမှုနေရာတွင် အနည်းဆုံး ဖြစ်နိုင် မဖြစ်နိုင် အများဆုံးဖြစ်နိုင် မဖြစ်နိုင် ဘားမားခေါ် ရွှေပြည်တော်အပေါ် ချင့်မိရန် နိုင်ငံတကာကို စေ့ငုကြည့်ပါဦးမည်။
အိမ်ထောင်ရေး ၁၀၀၀ တွင် ၁၃ ခုသာ ကွာရှင်းသည့် ကွာရှင်းမှုအနည်းဆုံးနိုင်ငံက အတော်အံ့ဩစရာ ကောင်းသည်။ မိမိတို့နိုင်ငံနှင့် ကပ်လျက်။ ကပ်လျက်ပါမက သူတို့၏ ယဉ်ကျေးမှုကို ကိုးကား၍ မိမိတို့ ယဉ်ကျေးမှုဆိုကာ တိုင်းရင်းသားချင်း ပြိုင်စေသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယဖြစ်သည်။ ကွာရှင်းမှုနှုန်းက ၁ ရာခိုင်နှုန်းဖြစ်သည်။ သူတို့၏ လက်ထပ်မှုတိုင်းတွင် မိဘနှင့် သူတို့အသိုင်းအဝိုင်းပါဝင်သည်။ နောက်တခုမှာ အလိုအလျောက် သိထားကြသည့် ရင်တွင်းကိန်းဝပ်ပြီးသား မိရိုးဖလာစည်းကမ်းကြောင့်ဟု ဆိုပါသည်။ ဒုတိယအနည်းဆုံးနိုင်ငံကလည်း အံဩစရာ ဖြစ်သည်။ ချီလီနိုင်ငံဖြစ်သည်။ တောင်အမေရိကတွင် ရှိသည်။ ခရိယာန် ၆၃ ရာခိုင်နှုန်း၊ ဘာသာမဲ့ ၃၆ ရာခိုင်နှုန်းနှင့် အခြားကိုးကွယ်သူ ၁ ရာခိုင်နှုန်းရှိသည်။ နေထိုင်သူများမှာ မက်စတီဇိုလူမျိုးများဖြစ်ပြီး နောက်ထပ် တိုင်းရင်းသား ၃ မျိုးရှိသည်။ ဧည့်နေထိုင်သူများပါတွက်လျင် ဘာသာစကားပေါင်း ၁၅ မျိုးနှင့်အထက် ပြောဆိုကြသည်။ တစ်နှစ်တာ လူဦးချင်း၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၆၁၂ ဖြစ်သည်။ သူတို့တွင် မည်သည့်ထူးခြားချက်မှ မရှိ။ သူတို့၏ အိမ်ထောင်ရေး ကွာရှင်းမှုနှုန်းက ၃ ရာခိုင်နှုန်းသာဖြစ်သည်။ အခြား မည်သည့်အကြောင်းပြချက်မှလည်း မရှိဟုတွေ့ရသည်။ သူတို့နိုင်ငံ၏ မဲပေးနိုင်သော စနစ်ကလည်း ထူးခြားသည်။ စာဖတ်တတ်သူ မည်သူမဆို မဲပေးခွင့်ရှိသည်။ ၂၀၁၉ တွင် လူတန်းစားမညီမျှမှုဖြင့် သမ္မတကို ဆန္ဒပြမှု အကြီးအကျယ်ဖြစ်ခဲ့ဖူးပါသည်။ ကွာရှင်းပြတ်စွဲမှု အနည်းဆုံး သုံးနိုင်ငံခန့် ဖော်ပြချင်သည်။ တတိယရသည့် နိုင်ငံကလည်း မယုံနိုင်ဖွယ် အံ့ဩစရာကောင်းသော နိုင်ငံဖြစ်သည်။ ရွှေပြည်တော်ကြီးကဲ့သို့ နီဂါရာကွာဆိုသည့်နိုင်ငံမှ တနိုင်ငံလုံးကို အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)တွင် တရားစွဲခံရဖူးသကဲ့သို့ ထိုအိုင်စီဂျေတရားရုံးမှ ဖြေရှင်းခဲ့သော အမှု စုစုပေါင်း ၁၈၄ မှုတွင် ဤနိုင်သား(၄)ဦးအထိပင် ပါခဲ့ဖူးပါသည်။ ခရိယာန်ကိုးကွယ်မှု ၈၇ ရာခိုင်နှုန်း၊ မက်စတီဇိုလူမျိုးအများဆုံးနေထိုင်ပြီး တိုင်းရင်းသားပေါင်း မျိုးနွယ်စုပေါင်း ၁၅၀ ကျော်နေထိုင်သည့် စပိန်စကားနှင့် အခြား ဘာသာစကားပေါင်း ၁၅၀ ပြောဆိုကြပြီး တဦးချင်း၏ တစ်နှစ်တာ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၇၇၂ ရှိသော တောင်အမေရိကတိုက်က ကိုလံဘီယာဆိုသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြမ်းဖက်မှု အများဆုံးနိုင်ငံဖြစ်၍ ကိုလံဘီယာဟု သိပ်မခေါ်ကြဘဲ အကြမ်းဖက်နိုင်ငံဟုသာ အခေါ်ခံရသော နိုင်ငံဖြစ်သည်။ ဆေးခြောက်နှင့် ပတ်သက်လျင် ကိုလံဘီယာနိုင်ငံမှလွှဲ၍ အခြားမည်သည့်နိုင်ငံကိုမှ စဉ်းစားမည်မဟုတ်။ ထိုနိုင်ငံက အိမ်ထောင်ရေး ပြိုကွဲမှု သို့မဟုတ် ကွာရှင်းပြတ်စဲမှု ၉ ရာခိုင်နှုန်းသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ မိသားစုဘဝကို ထိန်းသိမ်းသည့် အလေ့ရှိကြပြီး ကတိကဝတ်များကို လေးစားတတ်ကြသော အကျင့်ကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ သုံးနိုင်ငံခန့်ဟု ဆိုမိသော်လည်း နောက်တနိုင်ငံမှာလည်း ထူးထွေသည့် အံ့ရာသော်နိုင်ငံဖြစ်နေ၍ ထိုနိုင်ငံကိုမှ မဖော်ပြရလျင် ဤပိုစ့်ကို တင်ပြီးသော်လည်း ထိုနိုင်ငံလေးကို မထည့်မိရလေခြင်းဟု စာမဝင် အိပ်မပျော် ကြား၍မတော် ကျော်သည့်မကောင်းသည်အထိ ဖြစ်ဖွယ်ရှိနေသောကြောင့် တင်ပြလိုက်ပါသည်။ ထိုနိုင်ငံတွင် ခရိယာန် ၈၈ ရာခိုင်နှုန်း၊ ၎င်းတို့ဘာသာစကား၊ စပိန်နှင့် တိုင်းရင်းသား လူမျိုးစု ၆၈ စု၏ ဘာသာစကားကို ပြောဆိုသော နိုင်ငံ။ လူတဦး၏ တစ်နှစ် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၁၃၆၂ ဒေါ်လာ။ ရွှေပြည်ကြီးမှာလိုပဲ ပိုပိုဆိုတဲ့ တောင်ကို ဒဏ္ဍာရီတွေဖွဲ့ထားတဲ့နိုင်ငံ။ အရုပ်ကျွန်းရှိတဲ့နိုင်ငံ။ မူးယစ်ဂိုဏ်းနှင့် ရာဇဝတ်မှု အထူပြောဆုံးနိုင်ငံ။ ပစ်ခတ်မှုနှင့် သေနတ်သံတို့ဆိုသည်မှာ ထမင်းစားရေသောက်နိုင်ငံ၊ အမေရိကန်နိုင်ငံထဲ သူနိုင်ငံသားတွေ အများဆုံး ခိုးဝင်တဲ့ မက္ကဆီကန်တွေရဲ့နိုင်ငံ မက္ကဆီကိုနိုင်ငံ။ သူက မြောက်အမေရိကတိုက်တွင် ရှိ၍ အမေရိကတိုက်ရှိ မူလလူမျိုး အင်ဒီးယန်းတို့ အများဆုံး နေထိုင်ကြဆဲနိုင်ငံ။ ကမ္ဘာပေါ်ရှိ ကပ်ရောဂါ ၁၀ မျိုးစလုံးကို အလူးအလှဲခံခဲ့ရသဖြင့် ကုလသမဂ္ဂမှ ဝန်ထမ်းပေါင်းများစွာဖြင့် ကိုဗစ်မပြန့်ပွားရေး စောင့်ရှောက်ပေးနေရသော ထိုနိုင်ငံ၏ ကွာရှင်းမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းဖြစ်သည်။ အကြောင်းပြချက်မှာ သူတို့၏ ဘုရားကို ယုံကြည်ကာ ဘုရားကျောင်းကို လေးစားသည့်အနေဖြင့် ကွာရှင်းခြင်းမပြုကြဟုဆိုပါသည်။ ကွာရှင်းမှု အနည်းဆုံး နိုင်ငံသည် ချီလီမှလွဲ၍ ကျန်သုံးနိုင်ငံသည် အားလုံး၏ ရင်ဘတ်ထဲသို့ အံ့ဩခြင်းကျည်ဆံတတောင့် တချက်စီ ပစ်သွင်းခံလိုက်ရသလို ခံစားရစေသော နိုင်ငံများ ဖြစ်နေသည်။
အနည်းဆုံးကို သိပြီးနောက် အများဆုံးကိုလည်း သိထားသင့်သည်။ ပထမရသည့်နိုင်ငံသည် ဥရောပတိုက်ထဲတွင် အသေးဆုံးဖြစ်သည့် လူဇင်ဘတ်ဖြစ်သည်။ လူဇင်ဘတ်လူမျိုး ၃ မျိုးနှင့် နှင့် အခြားဥရောပနှင့် အာရှလူမျိုး ၂၃ မျိုးနေထိုင်သည်။ ဘာသာစကား ၂၆ မျိုးခန့် ပြောကြသည်။ ရိုမန်ကက်သလစ် ၈၇ ရာခိုင်နှုန်းရှိသည်။ လူတဦးအတွက် တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀,၈၇၀ ဖြစ်သည်။ အချမ်းသာဆုံးနိုင်ငံ စာရင်းဝင်သည်။ တနိုင်ငံလုံး ပျင်းပျင်းရှိ ရဲတိုက်ဆောက်ကြသဖြင့် ရဲတိုက်အများဆုံး နိုင်ငံလည်းဖြစ်သည်။ ထိုတွင် ကမ္ဘာ့အဆိုးဆုံး အိမ်ထောင်ရေး ကွာရှင်းမှု အများဆုံး နိုင်ငံဖြစ်ပါသည်။ ချမ်းသာ၍ တရားရုံးတွင် လက်မှတ်ထိုးတမ်းကစားကြသည်လည်း ဖြစ်နိုင်ပါသည်။ ၈၇ ရာခိုင်နှုန်းဟုဆို၍ တနိုင်ငံလုံး ကွာရှင်းပြတ်စဲ နေကြရ၍ အလုပ်မှ အားပါ့မလားဟု စိုးရိမ်မိပါသည်။ နောက်တနိုင်ငံမှာ စပိန်ဖြစ်သည်။ ပီကာဆို၏ နိုင်ငံ။ နာမည်ကျော် ဘောလုံးသမားတွေလည်း ရှိပါလိမ့်မည်။ ကွာရှင်းမှုနှုန်းက ၆၅။ ငွေကြေးပြဿနာကြောင့် ဖြစ်သည်ဟုဆို၏။ နောက်နံပါတ်သုံးမြို့မှာ အချစ်အလွမ်းတွေနှင့် ပြည့်သိပ်နေသော နိုင်ငံ။ အနုပညာနိုင်ငံ။ ယန်ပေါဆတ်နှင့် ဆီမွန်ဒီဗူးဗွား ဂြိုဟ်မွေတာ ခံခဲ့ရတဲ့နိုင်ငံ။ ဟူဂိုး ဒူးမတ် ကမူးတို့ကို ပြင်သစ်လို ဒီလိုမဖတ်ရဘူးဟု ရွှေပြည်တော်မှ ဆရာများက ပြင်သစ်စာကို သူသိသလို ဖတ်ပြသောခံရသည့် နာမည်ကြီးအနုပညာရှင် အများဆုံး နေထိုင်သောနိုင်ငံ။ ဖြစ်တည်မှုပဓာနဝါဒစတဲ့ စာပေဝါဒတွေ ထွက်တဲ့နိုင်ငံ။ ပြင်သစ်နိုင်ငံ။ ကွာရှင်းမှု ၅၅ ရာခိုင်နှုန်း။ အကြောင်းပြချက်များထဲတွင် ဖောက်ပြန်သည်ဟု ပါသော်လည်း ထောက်ပံ့မှုစရိတ်အရနည်းမှု ဆိုသည့်အချက်က ပိုအရေးပါပုံရသည်။ နောက်နိုင်ငံတခုက မဖော်ပြလိုတော့ပေ။
စာရေးဆရာနှင့် ကဗျာဆရာတို့သည် တရားသူကြီး၏ အပြုံးအပေါ် မည်သို့သော အကြောင်းအရာများနှင့် ဖြည့်စွက်လျင် သင့်တော်မည်နည်းဟု စဉ်းစားရင်း တရားသူကြီး၏ မျက်ဝန်းမှ ပြောင်းနေသော အရောင်များကို ကြည့်ရင်း တရားသူကြီး၏ အတွေးကို ဆက်ဖတ်နေမိသည်။ တရားသူကြီးသည် ကွာရှင်းပြတ်စဲသွားကြသည့် နိုင်ငံအလိုက်မှ ကွာရှင်းကြပုံ အကြောင်းအရာများကို တွေးရင်း သူ့လက်မှတ်ထိုးပြီးသည့် လက်ထပ်စာချုပ်အား ကောင်းကင်ပြာရောင်ဖြင့် ပြုလုပ်ထားသည့် အဖုံးထဲ သေချာစွာ ထည့်နေကြသော ဇနီးမောင်နှံနှစ်ဦးကို ကြည့်နေမိသည်။ တရားသူကြီးက လက်ထပ်ခြင်းနှင့် ဆက်စပ်၍ ဆက်တွေးနေသည်။
လက်ထပ်ထိန်းမြားမှုဆိုသည့်ကိစ္စက ဘီစီ ၂၃၀၀ ခန့်ကတည်းက ရှိခဲ့ပါ၏။ သို့သော် စာချုပ်ဖြင့် ချုပ်ဆိုခြင်းကိုကား လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်မှ စခဲ့သည်။ တူရကီနိုင်ငံ၏ ရှေးဟောင်းမြို့ဖြစ်သော ခန်နက်မြို့တွင် တူးဖော်ရရှိသည့် ကျောက်တုံးပြားမှ လတ်ဂွီဖန်ဆိုသည့် အမျိုးသားနှင့် ဟိတ်ထလာဆိုသည့် အမျိုးသမီးနှစ်ဦးတို့၏ လက်ထပ်ထိန်းမြားကြောင်းစာကို ကမ္ဘာ့ပထမအစောဆုံး လက်ထပ်စာချုပ်အဖြစ် တူးဖော်တွေ့ရှိခဲ့သည်။ ထိုစာချုပ်ကြောင့်ပင် ရှေးခေတ်ကတည်းက လက်ထပ်ရာတွင် စာချုပ်ဖြင့် ချုပ်ဆိုမှု ရှိခဲ့သည် ယုံကြည်ကြသူအချို့ ရှိခဲ့လေသည်။ ထိုတွင် စာချုပ်ဆိုသည့် အကြောင်းအရာက စိတ်ဝင်စားစရာ ကောင်းပါသည်။ စာချုပ်ကို လူတွေမည်သည့် ခေတ်ကာလက စတင်တွေ့ရှိပြီး အသုံးပြုခဲ့သနည်း။ စာချုပ်ဆိုသည်ကို စတင်တွေ့ရှိခဲ့သူသည် မီးကို စတင်တွေ့ရှိခဲ့သော လူလိုလို မျောက်လိုလို ဟိုမိုခရီးတပ်ကဲ့သို့သော သတ္တဝါတမျိုး ဖြစ်ချိမ့်မည်ကား မလွဲပေ။ အီဂျစ်များ ဂရိများကို ဤစာချုပ်ကိစ္စတွင် စတင်၍ ပလပ်လိုက်၍ ရပြီထင်သည်။ အသို့ကြောင့်နည်းဟူမူ စာချုပ်ကို အင်္ဂလန်တို့က စခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဦးနု၊ အောင်ဆန်းနှင့် ဗိုလက်ျာဆိုသူတို့ကလည်း အင်္ဂလန်က လူတွေနှင့် စာချုပ်များကို ချုပ်ဆိုခဲ့ဟန်တူသည်။
စာချုပ်တည်းဟူသော အချုပ်အနှောင်တခုဖြစ်ဖို့ သို့မဟုတ် စာချုပ်တခုဖြစ်ဖို့သည် မယုံကြည်မှုကို မြစ်ဖျားခံမည်ဟု ထင်ပါသည်။ မိမိဝါဒမို့ မိမိက ထင်သည်ဟုသာ သုံးရဲပါသည်။ “မင့် ငါမယုံဘူး၊ ဒါကြောင့် စာချုပ်ကလေး ချုပ်ထားရအောင်” ဟု စပြောပါလိမ့်မည်။ “စာချုပ်ထဲမှာ ဘာပါမတုံး၊ ခင်ဗျား တယောက်တည်း သဘောထားနဲ့တော့ မရဘူး” ဟုဆိုကာ နှစ်ဦးသဘောတူသည့် တစုံတခုအကြောင် အရင်းခံ၍ စတင်ခဲ့မည်။ ထိုတွင် နှစ်ဦးသဘောတူ ဆိုသည့် စကားလုံးပါလာပြန်သည်။ ထိုစကား မည်သည့်ခေတ်က စခဲ့ပြန်သနည်း။ ဂရိဆိုသည့်နိုင်ငံကား အတော်ပင် ဂြိုဟ်မွေသည့် နိုင်ငံပါတကား။ ထိုနိုင်ငံမှ စရပါဦးအံ့။ ဒီမိုကရေစီ စနစ် ထွန်းကားနေပြီ ဖြစ်သော ဂရိတွင် ပလေတိုက စာသင်ကျောင်းဖွင့်၍ သူ့ကျောင်းတွင် သူစာသင်သည်။ ဘယ့်နှယ်။ စာသင်ကျောင်းတဲ့။ ဟုတ်လား။ စာသင်ကျောင်းက ပရက်ရှားတွေ စစ်သားစုဆောင်းဖို့အတွက် တီထွင်ခဲ့တာဆိုဟု မေးဖွယ်နိုင်၏။ မှန်ပါသည်။ ပရက်ရှားတို့သည် ၁၃ ရာစု ခရူးဆိတ်စစ်ပွဲမှ လက်ကျန်ဂျာမန်ကက်သလစ် လက်နက်ကိုင်များက စုဖွဲ့ထားသော အဖွဲ့ဖြစ်ပြီး နေရင်း ပျင်းလာသဖြင့် နိုင်ငံတည်ထောင်၍ နေထိုင်ခဲ့ရာ နပိုလီယန်ခေတ်တွင်အား ကျူးကျော်သူ နပိုလီယံအား ရှုံးနိမ့်ရာမှ ပြန်လည်တော်လှန်မည်ရန် စီစဉ်ခဲ့ကြသည်။ သို့သော် ထိုကာလတွင် မည်သူမှ စစ်မတိုက်တတ်တော့။ တချိန်က စစ်သားမျိုးနွယ်များ ဖြစ်ခဲ့သည်ဆိုသည့် သူတို့၏ ဘ,ဘိုး,ဘေး,ဘီ,ဘင်,ဘဲ,ဘောတို့သည် လွန်ခဲ့သော ၆ ရာစုအလွန်က ဖြစ်၍ ဘောဆိုသည့်မျိုးဆက်၏ ဂရိတ် ဂရိတ် ဂရိတ်ဘောလက်ထက်ကသာ ဖြစ်ရကား အခု သူတို့ အနေဖြင့်တော့ လက်နက်ကိုင်ဖို့ စစ်ပွဲသို့ဝင်ရောက်ဖို့ စိတ်ပင် မကူးနိုင်တော့။ သို့သော်လည်း ကျူးကျော်သူက ကျူးကျော်နေပြီ။ သူတို့ ပရက်ရှားမျိုးနွယ်စုများအားလုံး လက်နက်ပြန်ကိုင်ချင်စိတ် ရှိလာအောင် ပြုလုပ်ရမည်။ ထိုအခါ ‘စာတတ်လျင် သူများအနိုင်ကျင့်တာ မခံရဘူးပေါ့” စသောမက်လုံးများစွာတို့ဖြင့် စကူးလဉ်းဆိုသည့် စာသင်ကျောင်းကို စတင်လိုက်ပါတော့သည်။ ငါးနှစ်နှင့်အထက် ကလေးအားလုံး တက်ရမည်ဟုဆိုကာ သူတို့သင်ပေးသော စာမှာကား ယခုခေတ် ကျောင်းသားများကို စက်ရုံ အလုပ်ရုံလုပ်သားနှင့် ရုံးဝန်ထမ်းဖြစ်ရန် ငွေအပေးခံရသည့် ပညာရှင်များမှ ရည်ရွယ်ချက်ရှိရှိ ရေးသားထားသော စားများသင်ရသကဲ့သို့ သူတို့လည်း တော်လှန်ရေးအတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားထားသော စာများကို သင်ပေးခဲ့ကြသည်။ ထိုပရက်ရှားမှ စစ်သားအိုကြီးတို့၏ သား မြေး မြစ် တီ တွတ် ကျွတ် ကျွတ်ဆက် ဆိုသည့်အထဲမှ ဂရိတ် ဂရိတ် ဂရိတ်ကျွတ်ဆက်တို့၏ စနက်ကြောင့် ကမ္ဘာပေါ်ရှိ ကလေးတွေအားလုံး ဒုက္ခအတိရောက်ရန် ငိုကြွေးရန် ထောင်ဟု နာမည်မခံထားသော်လည်း ထောင်ကျသည့်အလား နေထိုင်ရန် အနိုင်ကျင့်ခံရန် မိမိကိုယ်ကို သတ်သေရန်တို့အတွက် စာသင်ကျောင်းကြီး ပေါ်ခဲ့လေသည်။ ယခု ပလေတိုသင်သည့် ကျောင်းမူကား စာသင်ကျောင်းမဟုတ်ပါ။ အကယ်ဒမီခေါ် သင်ကြားပေးသည့် နေရာဆိုသည့် အတန်းမရှိ ဘာမရှိ ဒါတတ်လျင် တတ်ပြီ၊ ဒါကို သိချင်သလား ဒီလိုလေ့လာဟု ယခု ဘုန်းကြီးလောက၌ ပခုက္ကူကျမ်းကြီးပေါက်ဟု ခေါ်အပ်သော ကျမ်းကြီးပေါက်စနစ်ဖြင့် မိမိစိတ်ထက်သန်သည့် ပညာတခုကို တတ်အောင် သင်ပေးလိုက်သော စနစ်ဖြစ်လေသည်။
နှစ်ဦးသဘောတူ ဆိုသည့် စကားကို ပေါ်ပေါက်အောင် ပြုလုပ်ခဲ့သူမှာ အကယ်ဒမီများရှင် ပလေတိုသာ ဖြစ်လေသည်။ ဒီမိုကရေစီစနစ်တွင် ကြီးပြင်းလာသူပီပီ သူ့ကျောင်းသားများကို ကျောင်းမတက် မနေရဟု စည်းကမ်းထုတ်မထား။ ထို့အစား သူနှင့် ကျောင်းသားများကြား သဘောတူညီမှု ရယူတာမျိုးသာ ရှိခဲ့သည်။ သို့ဖြင့် “နှစ်ဦးနှစ်ဖက်သဘောတူညီမှု” ဆိုသည့်စကားကို ဆိုကရေးတီး၏တပည့်ဖြစ်သူ၊ အရစ္စတိုတယ်ဆိုသူမှ ဆရာခေါ်ရသူ၊ စာသင်သည့်ပုံကို ဒိုင်ယာလော့ခ်ပုံစံဖြင့် တီထွင်ဖန်တီးခဲ့သူဖြစ်သည့် ပလေတိုမှ ထွင်ခဲ့သည့် စကားဖြစ်သည်။ ကာလကား အသက်ရှင်နေထိုင်ခဲ့သည့်ကာလ ဘီစီ ၄ ရာစု ဖြစ်လေသည်။ ထိုအချိန်က ပိုင်ဆိုင်မှုလွဲပြောင်းခြင်း ကူးသန်းရောင်းဝယ်ခြင်းတို့နှင့်ပတ်သက်၍ ကတိစကားဖြင့်သာ သွားခဲ့ပြီး အခုဤစာကို ဖတ်နေသည့် သင်ကဲ့သို့ ဘိုင်ပြတ်နေသည့်သူများအား ငွေချေးခြင်းကိစ္စတခုအတွက်သာ မည်သည့်လတွင် ပြန်လည်ပေးဆပ်နိုင်ရန် မမေ့စေဖို့ ရည်ရွယ်လျက် သဘောတူညီမှုစကားလုံးကို သုံးခဲ့သည်ဟု ဆိုလေ၏။ သဘောတူညီမှုဖြင့် စာချုပ်ချုပ်သည်ဟုဆိုသော သူတို့သည် ဥပဒေဆိုသည့် ချုပ်နှောင်ခြင်းဆိုင်ရာ ကန့်သတ်ခြင်းဆိုင်ရာစကားကို ဒီမိုကရေစီစနစ်ဖြင့် နေထိုင်ကြသူများ ဖြစ်သဖြင့် အချုပ်အနှောင်ကို မလိုကြသူတို့ ဖြစ်ကမည်ကား ပြောရန်မလို။ ထို့ကြောင့် သူတို့သည် နှစ်ဦးသဘောတူမှုကို သင်္ကေတတခုခုဖြင့် ပြုခဲ့ကြသည်။
ထိုတွင်တမူ ဥပဒေဆိုသည့် အသုံးအနှုန်း မည်သည့်ခေတ် မည်သည့်ကာလက ပေါ်ခဲ့လေသနည်းဟု တဖန်ထပ်၍ စူးစမ်းဖွယ်ရာ ဖြစ်လာပြန်သည်။ ဂရိတို့ အီဂျစ်တို့နှင့်ကား လွတ်အံ့မထင်။ ဥပဒေဆိုသည့်စကားက ဘီစီ ၃၀၀၀ ရှေးဟောင်းအီဂျစ်တို့ လက်ထက်ကတည်းက ရှိခဲ့သည် တဲ့။ ဥပဒေဟုကား မခေါ်။ Themis နင့်မေကလွား၊ ဘိုလိုမရေးချင်ပါဘူးဆိုမှ။ “ဘုရားအမိန့်”ဟုတမျိုး၊ Nomos “စာရိတ္တအမိန့်”ဟုတဖုံ၊ Dike ထုံး”တမ်းစဉ်လာအမိန့်”ဟုတသွယ် သုံးနှုန်းခဲ့ကြသည်။ ဥပဒေတော့ မဟုတ်သေးပေ။ သို့သော်လည်း ဥပဒေကဲ့သို့ တည်သောအမိန့်တော့ ဖြစ်ခဲ့ဟန် တူလေသည် ဟူသတတ်။ ခရစ်ဒစ်ဟု အများသုံးကြသည့် တပါးသူ၏ အားထုတ်မှုကို အသိအမှတ်ပြုမှု သည့်ကိစ္စရပ်အား ဂရိကိုချည်းပေးနေရသဖြင့် မကိုက်သေး။
ဥပဒေဟု မခေါ်တွင်သော်လည်း ဥပဒေပုံစံ ဖြစ်နေသည့် ထိုအရာကား မွစ်စလင်တို့ ထွန်းကားခဲ့ရာနှင့် အိန္ဒိယဆိုသည့် အာရှတောင်ပိုင်းတွင် ဘီစီ ၄၀၀ မှ ဘီစီ ၁၀၀ အတွင်း အာသာရှာစတြာဟုလည်းကောင်း၊ မန်နုစထရတီဟုလည်းကောင်း ဟိန္ဒူကျမ်းစာနှင့် မွတ်စလင်ကျမ်းစာများတွင် ထည့်၍သုံးခဲ့ကြသေး၏။ ထို့နောက် အလယ်ခေတ်များတွင် ခရူးဆိတ်စစ်ပွဲအထိ ဥပဒေဆိုသော စကားလုံးကို ဟုတ်တိပတ်တိ မသုံး။ မသုံးဟုဆိုသော်လည်း ဥပဒေဟူသော စကားနှင့်တူသော ထုံးတမ်းစဉ်လာဆိုသည့် စကားလုံးများကိုသာ သုံးခဲ့ကြသည်။ မည်သည့်အချိန်မှ ဥပဒေဟု သုံးခဲ့သနည်းကို မပြောမီ မိမိသိသော ဘာသာရေးဘက်သို့ လှည့်ဦးအံ့။ ဗုဒ္ဓဘာသာတို့၏ ကျမ်းတွင်မူကား ဥပဒေဆိုသည့် စကားလုံးနှင့် ဆင်တူသော စကားလုံးက ကမ္ဘာဦးစကတည်းက တည်ရှိခဲ့လေ၏။ ရှော်ပူများ အေးခဲ့ပြီးနောက် ပျောက်ကွယ်သွား၍ ကုန်းမြေများ ပေါ်ပေါက်လာပြီးသကာလ ကမ္ဘာကြီးပေါ် ဗြဟ္မာများလာရောက် နေထိုင်ပြီးကြလေသည်။ ထိုဗြဟ္မာနည်းတူ အခြားဗြဟ္မာများလည်း လိုက်ဆင်းလာရာ အရင်ဆုံး ရောက်နှင့်နေသော ဗြဟ္မာက သူ့ကိုယ်သူ ငါဆရာလုပ်ကာ အုပ်ချုပ်နေ၏။ အုပ်ချုပ်မှုစနစ်သည် ဗုဒ္ဓဘာသာ ကျမ်းဂန်အရမူ ကမ္ဘာဦးကတည်းက စခဲ့သည်ဟုဆိုရချေမည်။ ပြီးလျင် ကမ္ဘာ့ပထမဆုံး အုပ်ချုပ်မှုစနစ်မှာ ဘုရင်စနစ်ဖြစ်သည်ဟုလည်း ဂဏှာဟိ။ ထိုစဉ်က အုပ်ချုပ်သူမှ ဥပဒေဟု မထုတ်သေးသော်လည်း လိုက်နာရမည့် စည်းကမ်းထား ထုတ်ထား၏။ ထိုခေတ်က အစားအစာကို တနေရာတွင် သွားယူ၍ စားလိုက်ရုံဖြစ်သည်။ တယ်ကောင်း တယ်နှိပ်လိမ့်မည် ဖြစ်ခြင်း။ ကြာလာသည့်အခါ လူတို့သည် သင်တို့ကဲ့သို့ပင် ပျင်းရိလာသည်။ အစားအစာကို တနေ့တာမဟုတ်တော့ဘဲ နောက်နေ့အတွက် အစားအစာများ ပိုယူခဲ့သည့် အကျင့်ဖြစ်လာသည်။ ပိုပိုပျင်းရိပြီးနောက် အစားအစာယူသည့်နေရာသို့ပင် မသွားတော့ဘဲ သူများယူလာသည့် အစားအစာကို ခိုးယူတော့သည်။ ကမ္ဘာ့ပထမဦးဆုံး ပြစ်မှုသည် ခိုးမှုဖြစ်သည်ဟု ဗုဒ္ဓကျမ်းဂန်များတွင် လာ၏။ ထိုခိုးမှု ကျူးလွန်သူအား သင်ခိုးသလားမေးသော် မခိုးဟုလိမ်၏။ ဤသို့ဖြင့် လိမ်မှုသည် ကမ္ဘာ့ဒုတိယချန်ပီယံဆုရ ပြစ်မှုဖြစ်လာခဲ့သည်။ ခိုးပါလျက် မခိုးဟု လိမ်သဖြင့် ဒေါသအလျောက် ရိုက်နှက်မိရာ သေသွားသောကြောင့် ကမ္ဘာ့တတိယ ပြစ်မှုဆုကို လူသတ်မှုက ရသွားလေသည်။ ထိုအခါ လူတို့ကို အုပ်စိုးနေသူက မခိုးရ၊ မလိမ်ရ၊ မသတ်ရဆိုသည့် ဥပဒေများကို စထုတ်ခဲ့သည်ဟုဆိုလေသည်။ ဥပဒေဟုမခေါ်၊ သီလဟု ခေါ်ခဲ့သည်။ လိုက်နာရမည့် အကျင့်ဟု အဓိပ္ပါယ်ရမည်။ ဤသို့ဆိုလျင်ကား သီလနှင့် Law တို့သည် အတူတူပေလား။ သီလတွင် စာရိတ္တသီလနှင့် ဝါရိတ္တသီလဟူ၍ ရှိ၏။ စာရိတ္တဟူသည် လိုက်နာရမည်။ ဝါရိတ္တဟူသည် ရှောင်ရမည်ဆို၏။ သီလကို လိုက်နာလျင် ချမ်းသာသည်ဟု ဆိုသည်။ Law လည်း လိုက်နာလျင် ချမ်းသာနိုင်မည်ဟု ထင်ပါသည်။
ဥပဒေဆိုသည့် စကားလုံးကို ခရူးဆိတ်စစ်ပွဲအထိ သေချာမသုံးသေးဟု ဆိုသော်လည်း ကြိကြားကြိုကား သုံးနေချေပြီ။ သို့သော် စကားလုံးတလုံး၏ သမိုင်းကို မလိုက်တတ်သဖြင့် ထိုစဉ်ကာလက ဥပဒေကို မည်ကဲ့သို့ ခေါ်ခဲ့မှန်း မသိနိုင်တော့။ ခရူးဆိတ်စစ်ပွဲ နောက်ပိုင်း ဘုရားကျောင်းများမှ ချမှတ်သော ဆုံးဖြတ်ချက်များကို မလိုက်နာသည့်သူများ ပေါ်ပေါက်လာသည်။ ထို့နောက် တရားစီရင်မှုများ စတင် တွင်ကျယ်လာပြီးနောက် ဥပဒေဆိုသည့်အရာ ပေါ်လာခဲ့လေသည်။ ဥပဒေအကြောင်း ဤမျှဖြင့် နားစို့။
ဥပဒေဟု ရှိသော်လည်း စာချုပ်ဟုကား ဂရိတို့လက်ထက်တွင် ငွေချေးသည့်အကြောင်းကိစ္စများနှင့် စာချုပ်ဆန်ဆန် နှစ်ဦးသား အသိအမှတ်ပြု ကျောက်တုံးတခုခုပေါ် ရေးခြစ်ထားမှုမျိုး အမှတ်အသား တခုခု ပြုထားခြင်းမျိုးသာ ရှိခဲ့သည်။ စာချုပ်ဆိုသော စကားလုံးမှာ ထိုတွင် တကြိမ် နိဌိတံဖူးလေသည်။ နောက်ပိုင်း မည်သူမှ မသုံးတော့။ သို့သော် ဥပဒေဆိုသည့် စကားလုံး အတည်တကျ မဖြစ်သေးသော်လည်း ငွေကြေး ချေးငှါးသည့်ကိစ္စရပ်များတွင် အကြေပြန်မဆပ်ခြင်း၊ ပေးဆပ်ရမည့်ရက် ကျော်လွန်ခြင်း၊ ခြံစသည် သိမ်းသောအခါ ပြန်လည်ငြင်းဆန်ခြင်းစသည့် ပြဿနာများ မကြာခဏပေါ် သောကြောင့် ၁၂ ရာစု အစတွင် ငွေကြေးချေးငှါးခြင်းကိစ္စများကို စာချုပ် ချုပ်ဆိုခြင်းဖြင့် စာချုပ်ဆိုသည့် စကားလုံးက လူ့လောကကြီးထဲ တဖန်ရှင်သန်ထမြောက်လာပါတော့သည်။ စာချုပ်သည်လည်း ဘုရားသခင်နီးပါးပင် မဟုတ်ပါလော့။ သို့သော် စာချုပ်ဆိုသော စကားရပ်သည် သက်ဆိုးမရှည် တဖန်ကားစင်သို့ ရောက်ရပါတော့၏။ ထိုမှ ၁၆ ရာစု အင်္ဂလန်နိုင်ငံတွင် ဘာသာရေးတော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့လေ၏။ ဘာသာရေး တော်လှန်ရေး စာရေးရသည်မှာ ထောက်လှချည့်။ ထိုတော်လှန်ရေးတွင် ဘုန်းကြီးများနှင့် ဘုရင့်မူးမတ်များတို့အကြား ပြော၍မကုန်နိုင်လောက်အောင် ရှုပ်ပွေခဲ့ကြ၏။ ကြာလာသည့်အခါ မူးမတ်များက ဘုန်းတော်ကြီးများအား နှိပ်ကွပ်လိုသည်နှင့် ဘုရားကျောင်းတွင် လက်ထပ်ထိန်းမြားခြင်းကို တားမြစ်လိုက်သည်။ လက်ထပ်ခြင်းကို နန်းတော်တရားရုံးမှ ဥပဒေဖြင့်သာ ခွင့်ပြုတော့မည် ဆိုသဖြင့် လက်ထပ်စာချုပ်ဆိုသည့်အရာကြီးက လွန်ခဲ့သော ဘီစီ နှစ်ထောင်ခန့်တွင် လတ်ဂွီဖန်ဆိုသည့် အမျိုးသားနှင့် ဟိတ်ထလာဆိုသည့်အမျိုးသမီးတို့ လက်ထပ်ထိမ်းမြားခြင်း စာချုပ်မှ တခန်းရပ်ခဲ့ရာက ပြန်ပေါ်လာခဲ့ရချေတော့သည်။ ဓမ္မဟောင်းကျမ်းကို မည်သူက ရေထဲ သွားဆယ်လိုက်သနည်း။ ထိုအမျိုးသမီးကလေး ထိုနေ့ ရေချောင်းဘက် မသွားခဲ့သင့်။ ဓမ္မဟောင်းကြောင့် အင်္ဂလန်စသည့် ဥရောပတခွင်တွင် ဘာသာရေးမီးတောက်ခဲ့သည်။ ထိုဓမ္မဟောင်းကျမ်းမွေသဖြင့် ဘုန်းကြီးတို့သည် နန်းတွင်းသို့ဝင်၍ ဟိုဘုရင်အားဖား၊ ဒီမူးမတ်အားကပ် လုပ်ကြသဖြင့် နန်းတော်တွင်း ကမောက်ကမဖြစ်သည့်အပြင် ဘုရားကျောင်းများပါ ဖျက်ဆီးခံရသည်အထိ ပွေလီကုန်၏။ ထိုအခါ ဘုန်းကြီးနှင့် မူးမတ်များကြား ပြဿနာတက်၍ သတို့သားနှင့် သတို့သမီးတို့နှစ်ဦး စိတ်မပွေလီဖို့အရေး၊ အာဏာသည် မူးမတ်တို့လက်တွင်သာရှိသည်ဟု ဘုန်းကြီးတွေသိရေး ကြိုးစားကြရင်း လက်ထပ်စာချုပ်ဆိုသည့်အရာ ပေါ်လာရချေတော့၏။ စာချုပ်ကိစ္စသည် အင်္ဂလန်နိုင်ငံ ဘုန်းတော်ကြီးများအား အရာရှိ မူးမတ်များတို့၏ အမြင်မကြည်ရာမှ ပေါက်ပေါက်ခဲ့သည်။ စာချုပ်ကလည်း တခြားစာချုပ်မဟုတ်။ လက်ထပ်စာချုပ်။ ထို့နောက် လက်ထပ်စာချုပ်ကိစ္စနှင့် ပတ်သက်၍ ဘုန်းကြီးတွေ အသိတရားဝင်ကုန်၏။ ဘုန်းကြီးတွေ အသိတရားဝင်သည်နှင့် လက်ထပ်စာချုပ်ကိစ္စသည်လည်း ပျောက်ရတော့၏။ ထိုကြားထဲ နိုင်ငံမှ ရေးဆွဲသော ဥပဒေများနှင့် မဟုတ်ဘဲ ဘုရားကျောင်းမှ သတ်မှတ်သော စည်းကမ်းများဖြင့်သာ လက်ထပ်ခြင်းကိစ္စ ပြန်လည်ထွန်းကားခဲ့ပြန်သည်။ ရွှေပြည်ကြီးတွင်ကား ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ်မှ လူကြီးများကို ဖိတ်၍ ဧည့်ခံလိုက်လျင် လင်မယားမြောက်၏။ သည်လိုလွယ်ရာကနေ နောက်ပိုင်း ဘာကြောင့် ခက်လာရသနည်း။
လက်ထပ်ထိမ်းမြားခြင်းကို ဘုရားကျောင်းမှတဖန် တာဝန်ယူလာသော်လည်း နောက်ပိုင်းတွင် လက်ထပ်ပြီး သားမယားအပေါ် မထောက်ပံ့မှုများ ဖြစ်ပေါ်လာသဖြင့် အလှမယ်ဟန်လေးအား ခိုလှုံခွင့်ပေးခဲ့သော နိုင်ငံတော်ကြီးမှ လက်ထပ်မှုကို စာချုပ်ဖြင့် စတင်ချုပ်ဆိုခဲ့လေသည်။ ထို့ကြောင့် လက်ထပ်စာချုပ်ကို အစပိုင်းတွင် ကနေဒါစာချုပ်ဟု ခေါ်ခဲ့ကြသေးသည်။ ထိုအချင်းအရာကို အမေရိကားက ခိုး၍ ပြည်နယ်အချို့ တရားရုံးတွင် စတင်ကျင့်သုံးလာရင်း ဂလိုဘယ်လိုက်ဇေးရှင်းဆိုသော ကမ္ဘာဆန်မှုကြီး၏ အတွန်းအတိုက်တွင် ရွှေပြည်ကြီးမှ ဇနီးမောင်နှံမှန်သမျှသည်လည်း လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးကြရပါတော့သည်။ ရှေးခေတ်ကလည် လက်ဖက်ကျွေးရုံနှင့်မရ။ စာချုပ်ကို ဈေးကြီးကြီး ပေးဝယ်ရသည်။ မနက် ၉ နာရီအချိန်ဟု တရားသူကြီးနှင့် ချိန်းထားလျင် မနက် ၈ နာရီကတည်းက သတို့သားရော သတို့သမီးပါ အလှပြင်ပြီးသား ဖြစ်နေရမည်။ သူတို့နှစ်ဦးပါမက ဆက်စပ်သူများအားလုံးလည်း စောစောထ၊ မျက်နှာသစ်၊ သွားတိုက်၊ အိပ်ယာသိမ်းကာ အလှပြင်ရပါတော့သည်။ ကျမ်းကျိန်ခြင်း၊ လက်မှတ်ထိုးခြင်း၊ တရားသူကြီးမှ မေးမြန်း၍ လက်မှတ်ထိုးပေးခြင်းကိစ္စများ တရစ်ပြီးတရစ် ပတ်၍ ရစ်လိုက်သော ဥပဒေများဖြင့် လုပ်ငန်းစဉ်ကြီးတခု ပြုလုပ်ကြရလေတော့သည်။ သကောင့်သားဒီမောင်နှင့် မအဝှါဟိုဒင်းလည်း ဂလိုဘယ်လိုက်ဇေးရှင်း၏ ဆောင့်ကန်ခြင်းကို ခံလိုက်ရသော ဓားစခံများ ဖြစ်ကြရတော့သည်တမုံ့။ သူတို့နှစ်ဦးက စာချုပ်ကိစ္စအားလုံး ပြီးပြီဖြစ်၍ ကြင်စဦးမောင်နှံဖြစ်သွားကြလေပြီ။ သူတို့မှာ တရားသူကြီးနှင့် ဟိုဘက်က ကြောင်ငေးငေးရပ်နေသော ရှေနေနှင့် စာရေးကိုပါ ကျေးဇူးများ အထပ်ထပ်တင် ဦးညွှတ်ရင်း နှစ်ဖက်သော မိဘများနှင့်တကွ နှစ်ဦးသဘောတူ စာချုပ်ကြီးကို စာချုပ်ထည့်သည့် အဖုံးထဲ ထည့်ပြီး ဆိုင်က ချည်ပေးသောကြိုးကို ဖြည်ပြီးကာမှ ဆိုင်ကချည်ပေးသည့်အတိုင်း ကြိုးစား၍ ပြန်ချည်နေကြသည်။
နှစ်ဦးသဘောတူသည့်ကိစ္စသည် နှစ်ဦးတည်းဖြင့် ပြီးသလား။ စာချုပ်ကိစ္စများအကြောင်း တွေးမိသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ လန်ဒန်မြို့ ဆာအာသာကိုနင်ဒွိုင်း၏ ဇာတ်လိုက်ကျော် ရှားလော့ဟုမ်းနေထိုင်ရာ ဒေါင်းနင်းလမ်းတွင် အောင်ဆန်းမှ အက်တလီနှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးပေးဟုဆိုကာ စာချုပ် ချုပ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တောင်တန်း ပြည်မပူးပေါင်းရေး စာချုပ်ကို ပြည်မနှင့် တောင်တန်းအတွက်ဆိုကာ အောင်ဆန်းနှင့် တောင်ပေါ်သားလူအများတို့ တောင်တန်းအစား နှစ်ဦးသဘောတူစာချုပ်တွင် လက်မှတ်ထိုးခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ လန်ဒန်မြို့တွင် ဦးနုနှင့် အက်တလီဆိုသူ နှစ်ဦးသား လွတ်လပ်ရေးပေးတော့လေဟု ထပ်ဆိုကာ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြန်သည်။ ဒုကာချုပ်ဗိုလ်လကျာဆိုသူက လက်ျာဖရီးမင်းစာချုပ်ကို နုအက်တလီစာချုပ် အဆက်အဖြစ် နောက်ထပ် စာချပ်တခု ထပ်မံချုပ်ဆိုသည်။ စာချုပ် စာချုပ်။ ဝမ်းချုပ်တာနှင့် မည်သို့ကွာသလဲ မသိ။ အင်ဒိုနီးရှား ဂျာကာတာမြို့မှာ ၂၀၂၁ ဧပြီ ၂၄ ရက်နေ့မှာ လက်မှတ်ထိုး၊ ထိုစာလုံးကို အခြေပြု၍ တခြားစာလုံး ရေးမည်ကြံမိ၏။ ရိုင်းလှသဖြင့် မရေးတော့။ လက်မှတ်ထိုးကြသည်ဆိုသည့် သဘောတူချက်ငါးရပ်ဟု အမည်ရ မင်းတို့ကို ငါက စောက်ဂရုစိုက်လို့လားဆိုသည့် စာချုပ်မျိုးးလည်းရှိသည်။ နှစ်နိုင်ငံကြား စာချုပ်အများဆုံး ချုပ်ဆိုမှု မှတ်တမ်းဝင်နိုင်လောက်သည့် အစ္စရေးနှင့် ပါလက်စတိုင်းစာချုပ်များ တပုံတခေါင်းကြီးရှိသည်။ မည်သည့်စာချုပ် အလုပ်ဖြစ်ခဲ့သနည်း။ တရားသူကြီး၏ ပြုံးလိုက်ပါသည်။ သူ့အပြုံးသည် မျက်စိတမှိတ် လျှပ်တပြက်အတွင်းတွင် ခန္ဓာပေါ်မှ ဆဲလ်တို့ ဖြစ်ပျက်နေသည့် အဖြစ်အပျက်နှင့် တပြေးညီဖြစ်ပျက်နေသည်။ စာရေးဆရာနှင့် ကဗျာဆရာတို့သည် တရားသူကြီး၏ မျက်ဝန်း၊ နှုတ်ခမ်း၊ ပါးရေအတွန့်များကို ကောက်၍ တရားသူကြီး တွေးခေါ်ရာနောက် လိုက်ခဲ့သည်။
စာချုပ်တခုသည် လက်ထပ်စာချုပ် ဖြစ်နိုင်သည်။ ထို့အတူ နှစ်ဦးသဘောတူစာချုပ်များသည် အကြွေးယူသည့် စာချုပ်လည်း ဖြစ်နိုင်သည်။ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်နိုင်သည်။ ငြိမ်းချမ်းရေး စာချုပ် ဖြစ်နိုင်သည်။ သယံဇာတတူးဖော်ခွင့် စာချုပ်ဖြစ်နိုင်သည်။ စာချုပ်တခုအား ‘ချုပ်ဆိုလိုက်ခြင်း’ဟူသော စကားတွင် ‘ချုပ်ဆိုလိုက်ခြင်း’ ဆိုသည့်စာလုံးက ရိုးရှင်းလှသည်။ အထိအခိုက်မရှိ။ နှစ်ဦးသဘောတူ ပြေလည်ဟန်ရှိသည်။ သို့သော် ထို ချုပ်ဆိုလိုက်ခြင်းဆိုသော စကားလုံး အမှန်မှာ ချုပ်ဆိုလိုက်ရခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ချုပ်ဆိုလိုက်ရ ဟု ရကောက်ကို ထည့်ရသနည်းဟူမူ မယုံကြည်မှုကြောင့်ဖြစ်သည်။ စာချုပ်ချုပ်လိုက်ရခြင်းနှင့်အတူ သင့်အား ငါမယုံဟု သွယ်ဝိုက် ပြောလိုက်ခြင်းဖြစ်သည်။ သင်သည် ကတိမတည်သူဟု စွပ်စွဲလိုက်ခြင်းဖြစ်သည်။ ငါတို့သဘောတူထားတာကို ချိုးဖောက်ရဲ ချိုးဖောက်ကြည့်ဟု စိန်ခေါ်ခံလိုက်ရခြင်းဖြစ်သည်။ ဗီတိုအာဏာအား ဥပမာကြည့်ပါလေ။ သင့်လုပ်ကိုင်နိုင်စွမ်းအပေါ် သံသယဝင်လိုက်ခြင်းလည်းဖြစ်သည်။ မိမိ၏ မြင့်မြတ်မှု ဂုဏ်သိက္ခာစသည်တို့ကို သွယ်ဝိုက်၍ ရောင်းလိုက်ခြင်းဖြစ်သည်။ အကယ်တန္တု များစွာရင်ဆိုင်နေရသော ဥပဒေများကြား နောက်ထပ်ဥပဒေ တခုထပ်မံပြုလုပ်လိုက်ခြင်းမျိုးဖြစ်သည်။
လူတို့သည် မွေးစကပင် သင်ဘယ်သူဖြစ်သည်ဟူသော ဥပဒေတရပ်နှင့် စတင်ရင်ဆိုင်ရသည်။ မည်သို့ဆက်ဆံရမည်၊ မည်သို့နေထိုင်ရမည်မှ ဒါလေးတောင် မသိဘူးလား’နှင့် နင့်ကို ဘယ်နှစ်ခါ ပြောရမလဲဟူသော ပြစ်ဒဏ်တချို့ စီရင်ခြင်းခံရနိုင်သည့် မပျောက်ဆုံးသေးသော နိဗ္ဗာန်ဘုံနှင့် ဘဝကို စရသည်။ စာတတ်ရမည် ဆိုသော လူ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွေးဖြစ်မယ့်ကောင်နှင့် လှေကားခုံမှာ အိပ်ခိုင်းသည့်ညများ။ ထိုမှ ရပ်ကွက်ဥပဒေ။ ရပ်ကွက်ထဲမှ သီးခြားရပ်ကွက်ဥပဒေ။ ရပ်ကွက်ထဲမှ ဟိုလူရဲ့ ဥပဒေ။ ရပ်ကွက်ထဲမှ ဟိုဘက်ခြမ်းက ဥပဒေ။ ပြည်တွင်းဥပဒေ၊ ပြည်ပဥပဒေ၊ ရေးလို့မှ မကုန်နိုင်အောင် ပေါများတဲ့ ဥပဒေကြားထဲ အန်ဂျီအို၊ အိုင်အင်ဂျီအို၊ ကလေး၊ အိမ်တွင်း၊ မိန်းကလေး၊ တလင်တမယား၊ မူးယစ်ဆေးဝါး စသဖြင့် အရာအားလုံးက ဂျူးဝတ္ထုဖတ်ပြီး အရင်တုန်းက အကောင်း၊ ခုမှ ပျက်ကုန်ပြီဆိုတာနဲ့ လိုက်ပြင်ပေးရမလိုလို၊ ခင်မောင်ဝင်းစာအုပ်ဖတ်ပြီး စားတဲ့အစားအစာ မှန်သမျှ အသည်းကို ထိနေပြီလိုလို ဖြစ်ရ၏။ လူတို့သည် မိမိကိုယ်ကို တနေရာရာတွင် ချုပ်နှောင်ထားခြင်းကို ငမ်းငမ်းတက်နေကြ၏။ ပအိုဝ်းအမျိုးသားတပ်မတော်ဟု ဆိုကာ ပအိုဝ်းလူမျိုးအချင်းချင်းကိုသာ ပြန်သတ်ပြီး မည်သည့်အန္တရာယ်မှသည် မည်သူကို ကာကွယ်ပေးနေမှန်း မသိသော ဥပဒေတို့ကို နှစ်သက်ခုံမင်ကြ၏။ ဥပဒေသည် ငယ်ငယ်က နားထောင်ခဲ့ရသည့် ထူးခတ်ခံရသော ဆင်လိုမဟုတ်။ ပုံပြင်ထဲက ဆင်က ဆင်တည်းဟူသော အဟိတ်ဖြစ်သည်။ မိမိတို့အတွက် အခတ်ခံရသော ထူးအခြေအနေမှာ ကြီးလာလေ သံကြိုးက ပိုကြီးပြီး ပိုများလာလေဖြစ်၏။ ဥပဒေများစွာအပေါ်မှ နိုင်ငံတကာဥပဒေ၊ ထိုဥပဒေပေါ်မှ ကုလသမဂ္ဂ။ ရှုပ်ပွလှပါတကား။
“သားတို့အဖွဲ့ကလေ သိလား။ စဖွဲ့တုန်းကဆိုလေ ဟင့် သိလား။ ၅၁ နိုင်ငံပဲ ရှိတာ။ တကယ်။ တကယ်။ မယုံရင် ဒုတိယကမ္ဘာစစ်ကို ပြန်တိုက်ကြည့်။ ရိုင်ဖယ်တလက်ပေးလိုက်မယ်သိလား။ သူများ အကောင်းပြောနေတာကို လူကိုများ။ ဟွင့်။ အစက ၅၁ နိုင်ငံပဲရှိတာ။ အခုဆိုလေ ၁၉၃ နိုင်ငံကြီးတောင် ရှိနေပြီ။ သူများက ယူအင်န်လို့ပဲ ခေါ်တာ။ ဗမာကျမှ ကုလသမဂ္ဂတဲ့။ ကုလ အမျိုး၊ သမဂ္ဂ အပေါင်း။ အမျိုးအပေါင်းပေါ့။ ရှင်းအောင် ပေါင်းစပ်လိုက်ရင် “အမျိုးတို့”ပေါ့။ ဟတ်လား။ ဒါကြောင့် ဟိုလေ ဇကာဖတ်လုပ်ထားတဲ့ နှာဗူးကွန်ယက်မှာ အမျိုးတို့ဆိုတဲ့ စာတွေ ခဏခဏတွေ့ရတာ။ ဗမာတွေက အမျိုးတို့ကို သိပ်အားကိုးတာပဲနော်။ ဒါကြောင့် တခါမှ ပစ်မထားဘူးသိလား။ တခုခုဆို ဂူကြီးကိုယ်တိုင် လက်မှတ်ထိုးပေးတာ။ အမလေး သူ့လက်မှတ်ရဖို့များ လွယ်တယ် မမှတ်နဲ့။ တန်းစီနေရတာ။ ဒီ ၂၀၂၂ ထဲမှာပဲလေ။ ဂျူလိုင် ၂၈ ရက်ကလား မသိဘူး။ မုန့်ဆိုင်မှာ မုန့်မရှိတော့တာ မသိဘဲနဲ့ တန်းစီနေကြတဲ့ လက်ဘနွန်နိုင်ငံက လူတွေလို တမျော်တခေါ်ကြီး တန်းစီနေကြတာ။ အမျိုးတို့ရဲ့ အမျိုးတို့ဆီမှာလည်း ကျိုက်ထီးရိုးမှာ ဘာကုသိုလ်မှ မရနိုင်မှန်း မသိဘဲ တောင်တက်တာ ကုသိုလ်ရတယ်ဆိုပြီး တက်နေကြတဲ့လူတန်းထက်တောင် ရှည်တဲ့ နိုင်ငံတကာကလူတွေ အများကြီးကြားမှာ အမျိုးတို့က အမျိုးတို့နိုင်ငံအတွက်နော် လုပ်ပေးတယ်။ သိလား။ ပြီးတော့လေ။ စာအများကြီး ထပ်ထုတ်ပေးဦးမှာ၊ ထုပ်ပြီးတော့တောင် ပေးမှာ။ တကယ်ပြောတာ သိလား။
အခုဆို အမျိုးတို့အဖွဲ့ကြောင့် ဟောဒီ ၆၁၆ ကမ္ဘာဂြိုဟ်တောင် မကဘူး။ စကားလက်ဝှစ်က သူ့ကလေးတွေ သွားပြန်ခေါ်ခဲ့တဲ့ ၈၃၈ စင်္ကြဝဠာအထိတောင် အမျိုးတို့အဖွဲ့ရဲ့ ဥပဒေတွေကို လိုက်နာနေကြပြီ။ အခုဆို ကလေးသူငယ်တွေကို လေယဉ်နဲ့ ပစ်တာတို့၊ ညကြီးမင်းကြီး ဂီတဖျော်ဖြေပွဲက လူတွေကို အစုလိုက် အပုံလိုက်သတ်တာတို့၊ အကြမ်းဖက်တာ ကြိုးပေးသတ်တာ စတဲ့စကားလုံးတွေတောင် မကြားဖူးကြတော့ဘူး။ သိလည်း မသိကြတော့ဘူး။ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လိုက်နာကြလွန်းလို့ နောက်ဆို ဒုက္ခသည်တို့၊ လူတွေကို အခြောက်တိုက် လိုက်သတ်တာတို့ကို မသိကြတော့မှာ စိုးရိမ်ပြီး တံခါးချက်ချအိပ်ကြသေးတယ်။ နောက်ပိုင်း အမျိုးတို့အနေနဲ့ အမျိုးတို့က မချီးမြှောက်သင့်သူကို ချီးမြှောက်ခြင်း၊ မပူဇော်သင့်သူကို ပူဇော်ခြင်းကိစ္စကို ဂရုဂါရဝထားနေကြတာနဲ့ ဒီ ၆၁၆ ကမ္ဘာဂြိုဟ်က အမျိုးတို့အဖွဲ့မပေါ်ခင် ကမ္ဘာစစ်မှာ လူတွေအချင်းချင်း သတ်ကြတာ ဒီလိုလေဆိုပြီး သေချာစီစဉ်တာ။ မလွယ်ဘူးသိလား။ ခေါင်းပွင့်သွားတာ၊ အူပွင့်ကျတာ၊ အရှင်လတ်လတ်မီးရှို့တာ အမျိုးတို့အဖွဲ့ပေါ်ပြီး အားလုံးက ဂါရဝေါစ နိဝါတောစ အပြည့်နဲ့ ဒီ ၆၁၆ ဂြိုဟ်က ဆူကြုံနိမ့်မြင့်သတ္တဝါတွေက နားထောင်လွန်းလို့ တမင်လုပ်ခိုင်းရတာ။ အခုလည်း ဖြုန်းတာ များသွားလို့ ကျည်ဆန်ကုန်နေပြီကြားတာနဲ့ လေယာဉ်နဲ့ ဆော်ခိုင်းရတာပဲ။ ဝေဟင်ဗုံးနဲ့ လေယဉ်လောင်စာ ဟုတ်လား။ ဟီး ပြောလိုက်ရင် ပေါ်သွားမှာ စိုးရသေးတော့။ ဒါပေမယ့် အမျိုးတို့အဖွဲ့ကလုပ်ရင် ဘယ်သူမှ မသိဘူး။ အမျိုးတို့ကို အဲလိုလုပ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ဘူးလေ။ ရုပ်ရှင်ထဲမှာက သေပြီး ပြန်ထတယ်။ ဒီမှာက တကယ်သေတယ်။ အားရထှာ။ ဟီး။ အဲဒါ ဒီဘက်နည်းနည်းရိုးလာတာနဲ့ ဟိုးဘက်က ငပူတင်းတို့ကို ထပ်မြှောက်ပေးထှာပဲ။ ကြည့်ကောင်းထှာ။ စာလည်း အများကြီးထုတ်ပေးသေးတယ်။ ယုံအောင်လည်း လုပ်ပြရသေးတယ်လေ။ စကားကောင်းနေတာ ပြန်ရဦးမယ်။ ဒီဘက်က နောက်ထပ် ရွာတရွာကို ဝေဟင်ဗုံးချပြီး မီးဆင်းရှို့တယ်ဆိုလား။ ကြားတယ်။ ကြားတယ်။ မကြားလည်း သိပြီးသား။ အဲဒါကြောင့် စာကိုတောင် ကြိုရေးထားတာ။ နောက်တခါအတွက် အကြံပေးချင် ပေးဦးနော်။ ဘယ်လိုမျိုးရေးရင် ပိုရယ်ရလဲလို့။ ဒီတခါ ကစားပါဆိုတဲ့ ကောင်ကို လက်မှတ်ထိုးခိုင်းမှလား မသိဘူး။ အော် အောက်ဆိုက်ကိစ္စရှိသေးတယ်။ လက်နက်တွေ ကျည်ဆံတွေ ဝေဟင်ဗုံးတွေ လေယဉ်လောင်စာဆီတွေလည်း အောက်လမ်းကနေ ပို့ရဦးမယ်။ ၆ ဘီလျံနဲ့ဆို လောလောဆယ် ကပ္ပတိန်မာဗယ် ရောက်နေတဲ့ ယူနီဗာ့ကို သွားလို့ လောက်ပါ့မလား မသိဘူး။ စတားလော့ ယူထားတဲ့ ကြွေး ၁၂ ဘီလျံတော့ တောင်းမှ ဖြစ်တော့မယ်။ ဒီအမျိုးတွေက မွဲနေပြီ။ ဈေးကလည်း ဆစ်သလား မမေးနဲ့။ ကတောက်။ ကပ္ပတိန်မာဗယ်မျက်နှာလေးကို ရှု၊ ကာစီနိုကစား တခြားမြာချောချောကို ညှု အဟိ”
နတ်ဘုရားမြို့တော်တွင် ဇုနှင့်အပြိုင် ကဲခဲ့ပြီးနောက် ဘယ်ချောင် ဘယ်ကြားမှ ရောက်လာမှန်း မသိသော အမျိုးတို့ဟု သူ့ဘာသာသူ အဓိပ္ပါယ်ပြန်ဖွင့်သွားသည့် အဖွဲ့အစည်းကြီး၏ အလုပ်ဖြစ်ပုံများကို တခုတ်တရ ပြောသွားသည်။ သူတို့၏ မဏ္ဍိုင်သုံးရပ်ဖြစ်သည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ စီးပွားရေး လူမှုရေးတို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် မဏ္ဍိုင်သုံးရပ်သည် သူတို့အဖွဲ့ကို ဖွဲ့ခဲ့သည်မှာ နှစ်ပေါင်း ၇၇ နှစ်ရှိခဲ့ပြီ။ ကမ္ဘာကြီးနှင့် ချီသော အဖွဲ့အစည်းအမည်နှင့် ပါဝင်သောနိုင်ငံကို ထည့်ရေးလိုက်ပါက ဆာဗာတောင်ဟန်းသွားနိုင်သေးသည်။ ထို့ကြောင့် တရားသူကြီးသည် သွားတော့မယ်ဟု နှုတ်ဆက်နေသော စုံတွဲအား သေချာစိုက်ကြည့်ရင်း ကမ္ဘာပေါ်က ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးကြသူများအကြောင်း စဉ်းစားမိသွား၏။
ကပ်ကာလမှ စကြည့်ပါမည်။ အိမ်တွင်း အကြမ်းဖက်မှု သိသိသာသာ တိုးလာသော ကာလဟု ဆိုထားကြသည်။ ထို့နောက် အွန်လိုင်းစနစ်ဖြင့် အလုပ်မလုပ်နိုင်ကြသော အာရှအလယ်ပိုင်းနှင့် အဖရိကတို့တွင် ကွာရှင်းမှုက အမြင့်ဆုံးအနေအထားသို့ တရိပ်ရိပ်တက်လျက်ရှိပြီး ခါတိုင်းနှစ်ထက် ၂၀ ရာခိုင်နှုန်းပင် ကျော်သွားနိုင်သည်ဟု ဆိုသည်။ ကျန်ဒေသများတွင်က ပျဉ်းမျအားဖြင့် ၂ မှသည် ၃ ရာခိုင်နှုန်းသာ ထပ်တိုးနိုင်ဖွယ်ရှိသည်ဆို၏။ အတိုချုံး၍ စံနှုန်းကို ချပြရလျင် နှစ်မိနစ်တွင် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးနေသူ စုံတွဲတတွဲရှိသော်လည်း ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးနေသော စုံတွဲသုံးတွဲ ရှိပါသည်။ နှစ်နာရီကြာသော ဇာတ်ကားတကားကို သင်ထိုင်ကြည့်ပြီးသွားလျင် ကမ္ဘာပေါ်တွင် ကွာရှင်းပြီးသော စုံတွဲပေါင်း ၁၇၂ တွဲရှိပြီဟုမှတ်ပါလေ။ မင်္ဂလာပွဲ တပွဲအတွက် ကြာမြင့်ချိန်သည် ၅ နာရီခန့်ရှိ၏။ ထိုအချိန်အတောအတွင်း ကွာရှင်းလက်မှတ်ထိုးလိုက်ကြသော စုံတွဲပေါင်း ၄၃၀ ရှိသွားပြီဖြစ်သည်။ လက်ထပ်စာချုပ်တွင် ထိုးရသော လူဦးရေမှာ တကယ်တမ်း မဆိုင်သူကို ဖယ်လိုက်ပါက နှစ်ဦးတည်းသာ ရှိ၏။ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးကြသော လူဦးရေကိုလည်း မည်သို့ပင် တွက်တွက် နှစ်ဦးမျှသာ ရှိပါသည်။ လူနှစ်ဦးမျှသာ ရှိသော စာချုပ်တခုတွင်ပင် တရက်၌ နှစ်ဦးသဘောတူ လက်ထပ်စာချုပ်လက်မှတ်ဖြစ်ပြီး တရက်တွင်မူ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲကြောင်း လက်မှတ်ဖြစ်နေပြီ။ ထို့ကြောင့် လူအများကြီး လက်မှတ်ထိုးရသော စာချုပ်အား ဘာ့အတွက်ကြောင့် ဘာကိုမျှော်ကိုးကာ စောင့်စားနေသနည်း။
မကြာသေးမီက သတို့သားဟု အခေါ်ခံခဲ့ရပြီး သိပ်မကြာခင်တွင် ခင်ပွန်း၊ ယောက်ျား၊ အမျိုးသား၊ လင်၊ အိမ်ဦးနတ်၊ တော်၊ ဟိုလူကြီး၊ အဖေ၊ အရက်သမား၊ ဘိန်းစား၊ ကျက်သတုံးကောင်၊ သေနာကြီးစသည့် တခုခုသော ဝေါဟာရနှင့် ရင်ဆိုင်ရတော့မည့် သကောင့်သားဒီမောင်သည် အမရာ၊ ကိန္နရာ၊ မဒီ၊ သမ္ဘူလ၊ မဟေသီ၊ အချစ်၊ ဒေဝီ၊ အိမ်ရှင်မ၊ ပူတူးတူးလေး၊ အသည်းတုံး ကောင်မစသဖြင့် မကြာခင် သူအနေဖြင့် မည်သည့်နာမည်ဖြင့် ခေါ်ရမည်မှန်း မသိသေးသော မအဝှာဟိုဒင်းအား ဖက်နမ်းချင်နေပြီဖြစ်သော်လည်း မတော်သေးဟု တွေးလျက် လက်ကိုကိုင်ကာ စာရေးဆရာ ကဗျာဆရာတို့စာမဖွဲ့နိုင်သော ရယ်ခြင်းမျိုးဖြင့် ရယ်ကာ တရားရုံးမှ ထွက်လာကြပြီး တရားရုံးတံခါးဝကို နောက်ခံပြုလျက် ဓာတ်ပုံလေးငါးပုံ၊ တရားရုံးကို နောက်ခံပြုလျက် ဓာတ်ပုံလေးငါးပုံကို လေးငါးမိနစ်ဖြင့် အမြန်ရိုက်ကာ မဖြစ်မနေ သူတို့ဓာတ်ပုံရိုက်ရမည့် နေရာများကို တတွတ်တွတ်ရွတ်ရင်း ကားပေါ်တက်သွားကြ၏။ ကင်မရာသမားကလည်း သူတို့၏ကားရှေ့ခန်းတွင် ဝင်ထိုင်၏။ အခြားသော ကားများနှင့်အတူ သူတို့ကားလည်း ထွက်ခွာသွား၏။
တရားသူကြီး၊ စာရေးဆရာ၊ ကဗျာဆရာတို့သည် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားလေတော့သည်။ ရှေ့နေ ဆိုသူများနှင့် စာရေးဆိုသူတို့လည်း မီးခိုးမှုံလိုလို ဖြစ်လာပြီး ပျောက်သွား၏။ ထိုအရာအားလုံးထဲတွင် ကျွန်ုပ်ဆိုသည့် အရာကလည်း အလိုလိုပျောက်သွား၏။ တရားရုံးဘက်ကို ဘယ်သူမှ ပြန်မကြည့်နိုင်တော့။ တရားရုံးဆိုသည်မှာ နဂိုကတည်းကလည်း ရှိမှ မရှိတာ မဟုတ်ပါလား။
ဂျေဂျူဝိုင်