တောင်ကုန်းဟု ပြောလိုက်တော့ စိတ်က စနိုးစနောင့်ဖြစ်သွားသည်။ တောင်ထိပ်ဟု ပြောရမည်လား တချက်တွေးသေးသည်။ ပိုဆိုးကုန်မလားဆိုသည့် ကြောင့်ကြစိတ်က ဝင်လာပြန်သည်။ အကြောင်းမှာ ဗမာစကားကို ပြောသည့်အခါ၌ လိင်ကိစ္စနှင့် ဆက်နွယ်နေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ ပြောကြသည့် ယဉ်ကျေးမှုတခု ထွန်းကားနေသောကြောင့် ဖြစ်သည်။ လိင်ကိစ္စနှင့် အတော်ကလေး နီးစပ်လျင် မည်သူမဆို ထိုအသုံးအနှုန်းကို မိန့်ခွန်း၊ အစည်းအဝေး၊ သင်ကြားခြင်း၊ စကားဝိုင်းတွင် အားလုံးက သတိထားပြီး ရှောင်ရှားကာပြောသည်။ သိပ်မနီးစပ်သည့် စကားလုံးကိုပင် အရေးကြီးသည့် ပြောရေးဆိုရာကိစ္စများ၌ တမင်ရှောင်ပြီး ပြောရသည်။ ထိုစကားမျိုးကို ဥပမာပေးမည်ဟု စဉ်းစားလိုက်သေးသည်။ စကားလုံးများက ထွက်မလာ။ စာမကြည့်လာသည့်နေမှ အကြောက်ရဆုံးဆရာက စာမေးလိုက်သလို ဖြစ်နေသည်။ ကျွန်တော်မှာ တသက်လုံး ဗမာစကားသာ ပြောလာခဲ့သဖြင့် ဗမာစကားကို အကုန်နီးပါး တတ်ပါသည်။ သို့သော် အခုမူ အရေးရယ် အကြောင်းရယ်ဆိုလျင် ယောင်နနဖြစ်လေ့ရှိသည့် အကျင့်ကြောင့် ဥပမာပေးဖို့ စကားလုံး ရှာမရဖြစ်နေသည်။ ထို့ကြောင့် အထက်ပါ စနိုးစနောင့်ဖြစ်မိသော စကားလုံးမှစ၍ အခြားသော စကားလုံးများကို ဤစာဖတ်မိသည့်သူများ ထိုစကားလုံး အမျိုးအစားများကို သိမည်ဟု ထင်ပါသည်။ ကျွန်တော်ပြောလိုက်မှ ဆိုးသွားလျင်တော့ တောင်းပန်ပါ၏။
သို့ငြားလည်း ကာတစ်ဆိုသော စကားကို အခုအချိန်တွင် မည်သူမှ မပြောဆိုတော့မှုကို ထောက်ခြင်းအားဖြင့် ကာလရွေ့လျောမှုက အလေးထားရသော သတ်မှတ်ချက်များကို ပြောင်းလဲပေးနိုင်၍လား မဆိုတတ်။ ထို လိင်ကိစ္စနှင့် စပ်နွယ်သော စကားလုံးမျိုးကို ရှောင်ရှားနေရဆဲ ပုဂ္ဂိုလ်များ ရှိနေချိန်တွင် ထိုကိစ္စကိုမှ နှိုက်နှိုက်ချွတ်ချွတ်ပြောသည့်သူများ ပေါ်လာ၏။ ထိုသူတို့အား မည်သူမှလည်း ဖွဲ့နွဲ့ပြစ်တင်မနေဘဲ ခွင့်လွတ်၏ ခွင့်ပြု၏ နားလည်ပေးပါ၏ မိုက်ရိုင်းလှ၏ဟုလည်း တခွန်းမဆို။ လစ်လျူရှုတာလည်း မဟုတ်။ ထိုကဲ့သို့ ပြောဆိုသူက မိမိတို့၏ ယဉ်ကျေးမှု၊ မိမိတို့၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု ရှိခြင်း မရှိခြင်းနှင့် သက်ဆိုင်နေ၍လားတော့ မပြောတတ်။ စင်စစ် သာမန်လူတို့ ပြောဆိုမြဲပြောဆိုနေကြသော စကားလုံးများက ရိုင်းပြဟန်ဖြစ်သွားရပြီး ရိုင်းပြသောစကားလုံးများက သာမန်စကားလုံး ဖြစ်သွားရခြင်းသည် တခါက ရွှေပြည်တော်ကြီးမှ အလုပ်လက်မဲ့ ခေါင်းဆောင်များကြောင့် ဖြစ်သည်။
တချို့သောသူသည် အရည်အချင်းမရှိပါဘဲလျက် မိမိအနေအထားကို မသိကြ။ မူလအခံ အသိတရား နည်းပါးသည့် ရွှေခွက်နှိုက်ခဲ့ကြသော ခေါင်းဆောင်များကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေးဆိုသော လုပ်ဇာတ်တခု၌ “အငြိမ့်” သည် အဓိက ဇာတ်ဆောင်နေရာ၌ ပါဝင်ခဲ့ရလေ၏။ အငြိမ့်ဟူသည် ရှေးခေတ်က အုပ်ချုပ်ရေးလုပ်ငန်း၌ ဘုရင်ဆိုသည့် နိုင်ငံ့ခေါင်းဆောင်ကို သူ၏ ကြင်ယာနှင့် မောင်းမမိဿံများ ညုရာညှိရာများ၊ အနီးကပ်ဝန်များ၏ မလျှောက်ရဲသည့် ပြဿာနများ၊ တိုင်းရေးပြည်ရာအပေါ် နန်းတွင်းရှိ ပုဂ္ဂိုလ်တချို့တို့၏ ဆန္ဒများနှင့် ဘုရင်၏ မလျော်မကန် အပြုအမူများ တင်ပြလို၍ ညနေခင်း၌ ဘုရင်ကိုဖျော်ဖြေမည် အကြောင်းပြလျက် အကဖြင့် ဖျော်ဖြေရင်း အသိပေးခဲ့သည့်ကိစ္စနှင့် သတိမူစရာတို့ကို တင်ပြခြင်းကိစ္စမှ ဆင်းသက်လာသည်။ ယဉ်ကျေးမှုဟု ဆိုင်နိုင် မဆိုနိုင်ပင် မသိရသော ဘုရင်ကို တိုက်ရိုက်မပြောဝံ့သဖြင့် ကြံဖန်အကွက်ဆင်ခဲ့ရသော လုပ်ရပ်တခုသာ ဖြစ်ခဲ့သည်။
လက်ရှိ ကမ္ဘာပေါ်က လူတို့၏ ထုံးစံအတိုင်း မိမိတို့သည် ရှေးခေတ်ကာလကတည်းက ကြီးမြတ်သော ယဉ်ကျေးမှုတခုကို ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်ဆိုသည့် ဂုဏ်ကို လိုချင်ကြသည်။ လိုချင်သည့် အလျောက်လည်း ပညာရှင်များကို ရွေးထုတ်၍ မိမိတို့နိုင်ငံ မိမိတို့၏ မျိုးနွယ်ယဉ်ကျေးမှုကို ရှာဖွေစေသည်။ ဖော်ထုတ်စေသည်။ တင်ပြစေသည်။ ပြီးလျင် ဆက်လက်တည်တံ့နေစေရန်နှင့် အစဉ်အလာကို တိုးတက်ရန်အတွက် စီမံကိန်းတခု ရေးဆွဲသည်။ ပြီးလျင် သက်ဆိုင်သည့်သူများအား တာဝန်အသီးသီးပေး၍ မိမိတို့နိုင်ငံ မိမိတို့လူမျိုးတိုးတက်ရေး အခြားနိုင်ငံများနှင့် ယှဉ်၍ နောက်မကျရေး ဆက်လက်လုပ်ဆောင် သွားကြသည်။ ယဉ်ကျေးမှုဆိုသည့် ကဏ္ဍကို တိုးတက်မှုရှိမရှိ အခွင့်အခါသင့်လျင် စစ်ဆေးသည်။ အဆင့်မီမှု ရှိမရှိ ဘုတ်ထိုင်စစ်ဆေးသည်။ ထို့နောက် နိုင်ငံတကာနှင့် ပတ်သက်သော ပွဲများတွင် အရည်အသွေးပြသည်။ ယဉ်ကျေးမှု အခန်းကဏ္ဍက ကမ္ဘာပေါ်တွင် ဤမျှသာဖြစ်သည်။ ရွှေပြည်ကြီးတွင်ကား ထိုအရာကို ပင်မအလုပ် လုပ်ခဲ့သည်။ ဘုန်းကြီးရူးနှင့် လှေလူးဆိုသကဲ့သို့ ဟိုကရူးသည်ကို နောက်က တိုင်းရင်းသားတို့ လိုက်ရူးကြကုန်လေ၏။ ထိုတွင် ကြက်တူးရွေးကတော်တော် မယ်ဘော်က ကဲကဲဖြစ်ပြီးသကာလ တိုင်းရင်းသားများသည် သူ့ယဉ်ကျေးမှု မတိမ်ကောရေး ငါ့ယဉ်ကျေးမှုတိုးတက်ရေးဆိုကာ တွန်းတိုက်မှု အကြီးစားကြီးခု ဖြစ်သွားလေတော့သည်။ သင့်လျော်၏ မသင့်လျော်၏ မစဉ်းစားကြတော့ဘဲ လူမျိုးတိုးတက်ရေးက ယဉ်ကျေးမှုက အရေးကြီးသည်ဟု ဇွတ်တင်းယုံကြည်ကြပါတော့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် တိုင်းရင်းသားပေါင်း သိန်းနှင့်ချီရှိသည်။ တိုင်းရင်းသား၏ အရေအတွက်က နိုင်ငံကို အုပ်ချုပ်သည့် ခေါင်းဆောင်များအပေါ် မူတည်နေ၍ တွက်ချက်ရန် ခက်သည်။ ဥပမာ အနီးစပ်ဆုံး အိမ်နီးချင်း အိန္ဒိယတွင်ပင်လျင် တချို့က တိုင်းရင်းသားပေါင်း ၆၀၀ ဟုဖော်ပြပြီး တချို့က ၄၅၀ သာဖော်ပြသည်။ ကမ္ဘာပေါ်ရှိ မူရင်းတိုင်းရင်းသားကို ၁၀၉၀၀ ခန့်ဟုလည်းကောင်း၊ ၁၇၀၀၀ ခန့်ဟုလည်းကောင်း၊ ၂၄၀၀၀ ခန့်ဟုလည်းကောင်း မတိမကျသော အရေအတွက်ဖြင့် ဖော်ပြကြသည်။ တိုင်းရင်းသားမျိုးနွယ်စုအား တိကျစွာ မရေတွက်နိုင်ခြင်းမှာ အုပ်ချုပ်သူကြောင့်မဟုတ်ဘဲ ကိုလိုနီဝါဒ၊ ဖက်ဆစ်ဝါဒနှင့် စစ်ပွဲဖန်တီးခြင်းခံရသော ဒေသများကြောင့်ဟုလည်း ဆိုကြသည်။ တချို့ကလည်း ထိုတိုင်းရင်းသားတို့ကိုယ်တိုင်၏ ခံယူချက်ကြောင့် ဖြစ်ရသည်ဟု ဆိုကြသူရှိသည်။
ကျွန်တော်အနေဖြင့် ဤအဆိုကို လက်ခံပါသည်။ ကျွန်တော်လက်ခံရသော အကြောင်းကို ကျွန်တော်နှင့် အနီးစပ်ဆုံးသော ပအိုဝ်းတိုင်းရင်းသားကို ဥပမာပေးပါမည်။ လူတို့မည်သည် သူတို့သိထားသော အရာကို ကျော်လွန်ပြီး မသိနိုင်ဆိုသည့် စကားအတိုင်း ကျွန်တော်လည်း သိမိသမျှကို သိမိသည့်အလျောက် ပြောရခြင်း ဖြစ်ပါသည်။ ပအိုဝ်းဟု ဆိုလိုက်သည်နှင့် နက်ပြာရောင် အထက်အောက် ဝတ်ဆုံထားကြသော လူမျိုးစုဟု မြင်ကြသိကြမည် ထင်ပါသည်။ ပအိုဝ်းလူမျိုးစုသည် မူလ၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင်နေထိုင်ရင်း ပဋိပက္ခတချို့ကြောင့် ရွှေ့ပြောင်းခဲ့ရသည်။
ထိုမှ ပအိုဝ်းလူမျိုးများ ဒေသအသီးသီးသို့ ရောက်ခဲ့ရသည်။ ထိုဒေသအသီးသီးဆိုရာတွင် ရှမ်းတောင် တနေရာတည်းသို့ ရောက်ခဲ့ခြင်းမဟုတ်။ တရုတ်နိုင်ငံအထိ ရောက်ခဲ့သည့်ပအိုဝ်းရှိသကဲ့သို့ ထိုင်းနိုင်ငံအထိ ရောက်ခဲ့ရသော ပအိုဝ်းများ ရှိခဲ့သည်။ ယခုအခါ တရုတ်ပြည်၌ရှိသော ပအိုဝ်းသည်လည်းကောင်း ထိုင်းနိုင်ငံတွင်ရှိသော ပအိုဝ်းသည်လည်းကောင်း သူတို့ကိုသူတို့ မည်သည့်လူမျိုးနာမည်ခံယူသွားပြီး လက်ရှိ ပအိုဝ်းဟုဆိုသော ပအိုဝ်းများပြောသည့်စကားနှင့် မည်မျှထိ ကွဲထွက်သွားပြီနည်း။ ဤသို့မေးရခြင်းမှာ လက်ရှိ ပအိုဝ်းလူမျိုးများ အများဆုံးနေထိုင်ကြသည့် တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်တို့တွင်ပင် စကားချင်း သိပ်မတူကြသောကြောင့် ဖြစ်သည်။ ဤအချက်မျိုးကို ဗမာစကားပြောကြသည့် သူများလည်း နားလည်မည်ထင်သည်။ အညာစကားနှင့် အကြေစကားတို့ မတူကြသကဲ့သို့ပင် ဖြစ်ပါသည်။ သို့သော် အညာနှင့် အကြေသည် တပြေးတည်းရှိသည့်အလျောက် အစဉ်အမြဲ ဆက်စပ်နေသည့်အတွက် အဆိုအသုံးများအပေါ် အချင်းချင်း ပြင်ဆင်ပေးခြင်းများရှိပြီး မကြာမီနားလည် သဘောပေါက်ကာ နားကြားဆိုးသော အခေါ်အသုံးများပင် ပျောက်ကွယ်သွားရပြီး စကားလုံး အတော်များများ တူသွားကြသည်။ ပအိုဝ်းများကား ထိုသို့မဟုတ်။ လက်ရှိ မြန်မာနိုင်ငံတွင် ရှမ်းပြည်ဘက်ရှိ တောင်ပေါ်ပအိုဝ်းနှင့် ကရင်ပြည်နယ်ဘက်ရှိ အောက်ပြည်ပအိုဝ်းဆိုပြီး ကွဲနေသည်။ ဆက်သွယ်ရေးခေတ် မကောင်းမွန်သော ခေတ်ကဆိုလျင် ထိုနေရာ ဤနေရာ၌လည်း ပအိုဝ်းလူမျိုးရှိသတဲ့ဟု ကြားဖူးရုံသာ ရှိသည်။ ဆက်သွယ် ဆက်ဆံလာနိုင်သည့်အခါ သိလိုက်ရသည်မှာ အခေါ်အဝေါ်သာမက အပြောအဆိုတွေပါ ကွဲနေသည်။ တောင်ပေါ်နှင့် အောက်ပြည်တို့မှာ နယ်ဝေးလှသဖြင့် ကွဲပြားနေရမှုကို လက်ခံနိုင်သော်လည်း ပအိုဝ်းလူမျိုးစုသည် ပင်းတယဘက် ရွာငံဘက်တွင်လည်း ရှိသည်။ သူတို့ပြောသော ပအိုဝ်းစကားသည် လက်ရှိတောင်ကြီးဟိုပုံးဘက်ပြောသော စကားနှင့် ၅၀ ရာခိုင်နှုန်းခန့်မတူပါ။ ပအိုဝ်းဟု မိမိကိုယ်ကို ခံယူကြသော ပအိုဝ်းတို့က ထိုဘက်ပအိုဝ်းကို ပအိုဝ်းဟု သိပ်လက်မခံချင်ကြ။ ရှမ်းပြည်မှ ရှမ်းများသည် ကချင်ပြည်နယ်ဘက်၌ ရှိသော ရှမ်းနီကို ရှမ်းလူမျိုးဟု လက်မခံလိုကြသည့် နည်းနှင်နှင်ဖြစ်သည်။
ယခုအခါ ထို ပင်းတယ ရွာငံဘက်နေထိုင်သော ပအိုဝ်းများက နီးစပ်ရာ လူမျိုးအဖြစ်ခံယူသွားကြသည်။ အကယ်၍သာ ထိုနေရာ၌ ရှိသော ပအိုဝ်းတို့က လူဦးရေများပြီး တောင်ကြီး ဟိုပုံးနယ်က ပအိုဝ်းနှင့် တမြို့နယ်မျှ ခြားသွားပါက သီးသန့်လူမျိုးနာမည်တခု ထွင်ပြီး နေထိုင်သွားနိုင်သည်။ တရုတ်ပြည်နှင့် ထိုင်းဘက် ပြောင်းရွှေ့သွားသော ပအိုဝ်းလူမျိုးများကို ပြန်ရှာဖွေသော်လည်း ပအိုဝ်းစကားတလုံးနှစ်လုံးလောက်သာ သုံးကြသည့် လူမျိုးကိုသာ တွေ့ခဲ့ရသည် မဟုတ်ပါလား။ ယခုလည်း တောင်ပေါ်ပအိုဝ်းနှင့် အောက်ပြည်ပအိုဝ်းကို အတင်းအဓမ္မ အစည်းမပြေအောင် လုပ်နေရပြန်လေပြီ။ ဆက်လက်၍ မဖန်တီးနိုင်ပါက ပအိုဝ်းသည် နှစ်မျိုးကွဲသွားပြီး သီးခြားလူမျိုး တမျိုးဖန်တီး၍လည်းကောင်း သို့မဟုတ် ခံယူ၍လည်းကောင်း နေထိုင်သွားနိုင်ပါသည်။ ထိုအခါ လူမျိုးစုတခု ထပ်ပေါ်လာမည်။ ဤနည်းဖြင့် ကမ္ဘာပေါ်မှာ လူမျိုးစုတွေ ရေတွက်လို့မရသည်အထိ ပေါ်ပေါက်လာမည်၊ ပေါ်ပေါက်ခဲ့မည်ဟု ထင်သည်။ အခုအယူအဆသည် ကျွန်တော့်အယူအဆသာ ဖြစ်သည်။ ကျွန်တော်သည် စာဖတ်သူမဟုတ်ပါ။ ရုပ်ရှင်ကြည့်သူသာဖြစ်သည်။ ရုပ်ရှင်ကိုလည်း စူပါဟီးရိုးရုပ်ရှင်မျိုးကိုသာ စွဲစွဲလန်းလန်းကြည့်သူသာဖြစ်သည်။ ထို့ကြောင့် မည်သည့် သုတေသန အခံမှ မရှိပါ။ လူမျိုးစုများ မတည်ငြိမ်ခြင်းအပေါ် တွေ့မြင်မိသလောက် ကောက်ချက်ချခြင်းသာ ဖြစ်၍ အချော်ကြီးချော်နိုင်ပါသည်။
ကမ္ဘာပေါ်တွင် တိုင်းရင်းသားမျိုးနွယ်စုအရေအတွက် မတည်ငြိမ်မှုက ဖြစ်ပေါ်လျက်ရှိသည်။ မတူညီသော နေထိုင်မှု မတူညီသောစကားနှင့် မတူညီသောအသက်မွေးမှုကို ကမ္ဘာကြီး၏ တူညီသောနေထိုင်မှု တူညီသော စကားနှင့် တူညီသော အသက်မွေးမှုတို့က အစဉ်အမြဲတိုက်ခိုက်နေသဖြင့် ပျောက်ဆုံးနေရသော တိုင်းရင်းသားမျိုးနွယ်စုကလည်း မရေမတွက်နိုင်အောင် ဖြစ်ပေါ်လျက်ရှိသည်။ လူမျိုးမပျောက်ဖို့ ယဉ်ကျေးမှု လိုအပ်သည်ဆိုသော်လည်း မပျောက်ဆုံးလိုသော လူမျိုးများအတွက် လူမျိုးသင်္ကေတကို ထိန်းသိမ်းနိုင်သူ ၄၀ ရာခိုင်နှုန်းရှိရမည်။ ထိုလူမျိုးသည် စာရှိပြီး ထိုလူမျိုး၏ စာကို တတ်မြောက်သူ ၂၃ ရာခိုင်နှုန်းရှိလျင် ထိုလူမျိုး တည်မြဲနိုင်သည်ဟု ဆိုထားပါသည်။ ပီရူးနိုင်ငံတွင် တူးဖော်တွေ့ရှိသော ရှေးဖြစ်ရုပ်ကြွင်းများတွင် စာဟု ယူဆရသည့် အမှတ်အသား အများအပြားတွေ့ရှိခဲ့သော်လည်း ယနေ့ခေတ် ထိုစာကို စာဟုပင် မသိတော့သော လူများသာ ကျန်ရစ်သည်ကိုလည်း သတိမူပါကုန်။ ခေတ်မီမီ ကမ္ဘာကြီးကို တချက်ခန့်ကြည့်လိုက်ပါလေ။ ဂျပန်တယောက် ယဉ်ကျေးမှုကို ထိန်းသိမ်းသည်ဟုဆို၍ မည်သူက ကီမိုနိုကြီးတကားကားနှင့် ခရီးသွားနေသတည်း။ ထို့ကြောင့် ယဉ်ကျေးမှုဟူသည် တိုင်းပြည်တခု လူမျိုးစုတစုတို့၏ သင်္ကေတဆိုသည်မှာ မှန်သော်လည်း ယဉ်ကျေးမှုအား ထွန်းကားရေးဆိုသည်အချက်ကို ကျွန်တော် သိပ်သဘောမကျချေ။ မှန်သည်ဟုလည်း မထင်။ အရူးကပြော အပေါကယုံဟု ပြောလျင်လည်း အောင်မင်းလွန်ရာကျဦးမည်။
ကျွန်တော်ကသာလျင် သဘောမကျ မှား၏ ယူဆခြင်းဖြစ်ပါသည်။ လူကို ဂျီနိုဆိုက်လုပ်တာ မြင်သာသည်။ ထိုလူတို့၏ အသိဉာဏ်ကို ဂျီနိုဆိုက်လုပ်သည်ကိုကား ရေးရေးမျှပင် မထင်သာပေ။ ရွှေပြည်တော်ကြီးတွင် ရှိသော လူအားလုံးတို့၏ အသိပညာသည် ဂျီနိုဆိုက်သမားတို့၏ လက်ချက်ဖြင့် မျိုးသုဉ်းနေရကား ယဉ်ကျေးမှုတန်ဖိုးကို မသိတဲ့ကောင်ဟု စွပ်စွဲလျင်လည်း ခံပါမည်။ ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုကို ပြန်လည်ရှာဖွေပေးသည့် နိုင်ငံတကာ အဖွဲ့အစည်း ရှိပါသည်။ တခါခါ နိုင်ငံတခုခုမှ သူတို့ယဉ်ကျေးမှုကို သိလိုလှသည့်အတွက် လူနေထိုင်ခဲ့သည်ဟု ယူဆရသော ဒေသများတွင် တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်စေခဲ့သည်။ ရရှိလိုက်သည်မှာ အရိုးခေါင်းတခု ဖြစ်ချင်ဖြစ်မည်။ လက်သုံးပစ္စည်းတခုခု ဓား၊ ရေခွက်၊ ကုလားထိုင်၊ ပန်းအိုးစသည်တခုခုဖြစ်နိုင်ပါသည်။ ထို ပြန်လည်ရရှိလိုက်သော အရာကြောင့် ထိုနိုင်ငံ ထိုလူမျိုး ဂုဏ်တက်သွားနိုင်၏။ သို့သော် နောက်ဆက်တွဲတွင် ရှေးဟောင်းရတနာသိုက်တူးဖော်ရေး လုပ်ငန်းများ၊ သို့မဟုတ် ထိုထူးဖော်တွေ့ရှိမှုအနီး သယံဇာတများကြောင့် ထိုနိုင်ငံနှင့် ထိုလူမျိုး နေထိုင်ရာ ပျက်စီးသွားရသည့် သာဓကအများအပြားရှိပါသည်။ ကျွန်တော် ရုပ်ရှင်ကြည့်သူမျှသာ ဖြစ်သည်။ နိုင်ငံတနိုင်ငံမှ အခြားနိုင်ငံတခုအတွင်းရှိသော တစုံတရာကို လိုချင်သည့်အစကို ပြောကြလျင် ထိုကဲ့သို့သော သူတို့၏ လူမျိုးယဉ်ကျေးမှုကို ရှာဖွေခြင်းကသာ စခဲ့တာ များပါသည်။ တွေ့ရှိလိုက်သည့် တစုံတခုကြောင့် ဖြစ်ရသည့် တချို့အဖြစ်အပျက် ရှိပါသေးသည်။ ပြန်လည်တွေ့ရှိလိုက်သော ရှေးဟောင်းပစ္စည်းတခုခုကြောင့် ကြီးမားသော ငြင်းခုံမှုများ ထိုနိုင်ငံ ထိုလူမျိုးများကြား ကျန်ခဲ့သည်။ နိုင်ငံ၏ တစိတ်တပိုင်း ပုန်ကန်မှု အတော်များများသည် ထိုယဉ်းကျေးမှုဆိုသည့် အမွေအနှစ်ကို တွေ့ရှိပြီး မိမိတို့သည် သီးခြားလူမျိုးများဖြစ်သည်ဟု သိသွားခဲ့ကြသောကြောင့်ဖြစ်ပြီး လက်ရှိနေထိုင်သော လူမျိုးတို့၏ အုပ်ချုပ်မှုကို မခံယူနိုင်ဆိုသည့် အတွေးအခေါ်များက စခဲ့သည်ချည်းဖြစ်ပါသည်။ မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးသည်ဟု ဆိုကာ ဒေသအတွင်းသို့ ဝင်ရောက်လည်ပတ် မွေနှောက်သူတို့ ဝင်လာသည်။ တချို့သောအရာများကို ရှာဖွေတွေ့ရှိသွားပြီး ထိုဒေသက တိုင်းရင်းသား မျိုးနွယ်စုတခုလုံး ပျောက်သွားရသည့် သာဓကများလည်း အဖရိကတွင် အပြည့်ရှိပါသည်။ ဘာသာရေးကြောင့် စစ်ပွဲဖြစ်ရသည် မှန်သော်လည်း ကမ္ဘာ့စစ်ပွဲ တဝက်သည် ယဉ်ကျေးမှုကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ အဖရိကတွင် ဖြစ်ပွားသော စစ်ပွဲများက သယံဇာတတူးဖော်ခံရပြီးနောက် ကွဲကျန်ခဲ့သော မျိုးနွယ်စု စစ်ပွဲများသာ ဖြစ်ရသည်ကလည်း ယဉ်ကျေးမှု နောက်ဆက်တွဲပင်။ ထို့ကြောင့် ကျွန်တော့်အနေဖြင့် ယဉ်ကျေးမှုကို အဝတ်အစား အပြည့်အစုံဝတ်ထားပြီးသော လူတယောက်အတွက် ပိုကြည့်ကောင်းရန်အတွက် အပိုထည့်လိုက်သော ပစ္စည်းတခုမျှသာဟု ယုံသူဖြစ်သည်။ ထို့နောက် မိမိယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ရေး ကဏ္ဍသည် စစ်အေးတိုက်ပွဲကာလမှသာ စခဲ့ဖြင်း ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်ကုမ္ပဏီ၊ မည့်သည့်တက္ကသိုလ်၊ မည်သည့်သိပ္ပံဌာနမှ ယဉ်ကျေးမှုကို တန်ဖိုးထားသော လူကို မခေါ်ပါ။ ပညာရပ်တခုခုအား ကျွမ်းကျင်တတ်မြောက်ထားသည့် သူကိုသာ ခေါ်ပါသည်။ နိုင်ငံတကာတွင် အောင်မြင်နေသော မြန်မာဆိုသည့်သူများ၏ ဘဝကို စောဒနာကြည့်စေချင်ပါသည်။
သို့သော်လည်း ရွှေပြည်ကြီးတွင် ဘာကိစ္စ ယဉ်ကျေးမှုထွန်းကားရေးဆိုသည်ကို ပြုလုပ်ခဲ့သည် မသိ။ အကျိုုးရှိသော အလုပ်ကို မလုပ်တတ်၍ အကျိုးမရှိသော အလုပ်ကို အကျိုးရှိသယောင် ပြောလုပ်ခဲ့ခြင်း ဖြစ်မည် ထင်သည်။ အကျိုးမဲ့ကို အကျိုးရှိသယောင် ပြောဆိုသည့်ကိစ္စမျိုးကို ရွှေပြည်ကြီးက ပိုင်သည်။ နိုင်သည်။ ပိုင်ကြောင်း နိုင်ကြောင်း သာဓက တခု ပြချင်ပါသည်။ ရွှေပြည်ကြီးမှ စာရေးဆရာများသည် မည်သည့် အချက်ကို ထောက်ထားကိုးကား၍ ရခဲ့သည်မသိ။ ဆင်းရဲသားများက ရိုးသားကြသည် ဆိုသည့်အချက်ကို မရမက ပုံဖော်ကြလေသည်။ “ငါတို့က ဆင်းရဲပေမယ့် ရိုးသားတယ်” ဆိုသည့် စကားကို ထည်လဲသုံးပြသည်။ ဤမျှအထိ မည်သူ့ကိုမှ မထိခိုက်သေး။ ရေရှည်ကြာလာတော့ သူတို့အရေးအသားသည် ဆင်းရဲသားနှင့် ရိုးသားခြင်းကို တထပ်တည်းထားပစ်ကြသည်။ ထိုအခါ ရိုးသားခြင်း၏ ဂုဏ်ကို ချီးကျူးဂုဏ်ပြုသည့် အရေးအသားသည် ဆင်းရဲသားကို ဂုဏ်ပြုသည့် အရေးအသားအဖြစ် ရောက်ရှိသွားရတော့သည်။ ရွှေပြည်ကြီးတွင် မှီတင်းနေထိုင်ကြကုန်သော လူတို့သည်လည်း ဆင်းရဲခြင်းသည် ဂုဏ်တခုဟု မှတ်ယူလာလေတော့သည်။ ထို ဂုဏ်ရှိရှိ ဆင်းရဲနေရသည်ကို မကျေနပ်နိုင်သေးဘဲ အိမ်ထောင်ဘက်အတွက် သူဌေးသား သူဌေးသမီးကိုပါ မှန်းပြလိုက်သေးသည်။ ထို့နောက် အသည်းကွဲသည်။ အဆင့်အတန်းမတူလို့ဟူသော စာမျိုးဖြင့် အသည်းကွဲနေရုံနှင့် မပြီး။ ချမ်းသာသော အသိုင်းအဝိုင်းလူများသည် ဂုဏ်မက်သည်ဆိုသည့် အသုံးအနှုန်းမှစ၍ မရိုးသားကြသူများအဖြစ် ထည့်သွင်းလာသည်။ မရိုးသားမှုကိုလည်း ပုံမဖော်တတ်ကြပြန်တော့ ချမ်းသာသူများသည် ကောက်ကျစ်ယုတ်မာသူများ ဖြစ်ကြသည်အဆင့်ကို ပုံဖော်ကြတော့သည်။ တခြားသူများကို ကျွန်တော်မဆိုပါ။ ကျွန်တော့်မှာ သူတို့၏ စာများကြောင့် လူချမ်းသာတဦးဦးကို တွေ့လျင် ဘိန်းမှောင်ခိုလား၊ နွားမှောင်ခိုလား၊ သစ်မှောင်ခိုလား၊ သယံဇာတမှောင်ခိုလား။ သူခိုးလား သူဝှက်လား။ ဒီလူကြီး အဘယ်ကဲ့သို့သော ကောက်ကျစ်ယုတ်မာသည်နည်းဖြင့် သူဌေးဖြစ်လာသနည်းဟု ချက်ချင်းပင် တွေးပစ်သည်။ အခုချိန်မှာပင် ထိုအတွေးမျိုးကို ဖျေက်ဖို့ကြိုးစားနေဆဲ အဆင့်မှာပင်သာ ရှိချေသေး၏။ စာသည် ဖတ်တတ်မှ ဖြစ်သည်။ စာဖတ်လေ မှားလေ ဖြစ်နိုင်သည်။ ကျွန်တော် တယောက်တည်း မဟုတ်တန်ရာဟူသည့် အချက်တချက်ကို တွေ့ထားပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ထိုစာပေမျိုး လွှမ်းမိုးခံထားရသော အနေအထားတွင် အများကြီးရှိသည်။ ဤအချက်ကြောင့် ကျွန်တော် ပအိုဝ်းသီချင်း နားမထောင်ပါ။ ထိုစာပေမျိုး လွှမ်းမိုးခံနေရသည့် ပအိုဝ်းသီချင်းတွင် ၁၀ ပုဒ်တွင် ၉ ပုဒ်မှာ မိမိမှာ ငမွဲဖြစ်၍ ချစ်သူက ထားခဲ့သည်ဆိုသော စာသားများဖြစ်ပြီး ကျန်တပုဒ်မှာ အမျိုးသားရေး သီချင်းဖြစ်သောကြောင့် ဖြစ်သည်။ အမျိုးသားရေးဆိုသည်မှာလည်း ၁၉၂၀ ဝန်းကျင်က ရွှေပြည်တော်ကြီးတွင် ပေါ်ပေါက်ခဲ့သော ဂျီစီဘီအေ အစွမ်းကြောင့်ပင် ဖြစ်လိမ့်မည်။ အံ့မခန်းပင်တည့်။ အကျိုးမဲ့ကို အကျိုးရှိဟန် ပြုခဲ့ကြသည်မှာ စာပေတခုတည်းမဟုတ်။ အနုပညာရှင် အသိုင်းအဝိုင်းကြီး တခုလုံးပါသည်။
ဤသို့ တတ်သိပညာရှင်များနှင့် တိုင်းပြည်ကြီးအား အဘက်ဘက်မှ ယိုယင်းနေမှုကို ထိန်းသိမ်းပေးရင်း “အငြိမ့်” ကို ကြီးကျယ်ခန်းနားစွာပင် အကျိုးမဲ့ ပြုလုပ်ခဲ့သည်။ မရှိသောလှည်း၊ မရှိသောလှေ၊ မရှိသောမြင်းစောင်း တွေပါမကျန် တသောသော တညံ့ညံဖြစ်အောင် မရပ်မနားကျင်းပလေ၏။ ထိုဖြုန်းတီးမှု အကျိုးဆက်အဖြစ် တိုင်းပြည်သည် အချိန်ပြုန်း၊ ကံပြုန်း၊ ဉာဏ်ပြုန်းဖြစ်ခဲ့ရသည့်အပြင် ထိုအငြိမ့်တို့မှ သာမာန်စကားလုံးကို လိင်မှုကိစ္စနှင့် နွယ်သော ညစ်ညမ်းစကားလုံး ပုံစံအဖော်ခံရခြင်း ရလဒ်တခုသာ ကျန်ခဲ့ပါသည်။ အငြိမ့်၏ အကျိုးကျေးဇူးကြောင့် ကျွန်တော့်အနေဖြင့် တောင်ကုန်းဟုပြောလိုက်၍ တမျိုးထင်မည်လား၊ ထောင်ထိပ်ဆိုလျင်ကော ပိုဆိုးနေမည်လား စိတ်သောကပွားရပါတော့သည်။
ကျွန်တော် ပြောလိုသော စံအိမ်သည် တောင်တခု၏ ထိပ်တွင် ဆောက်ထားပါသည်။ သို့သော် ထိုတောင်သည် သူ့ဘေးပတ်ဝန်းကျင်၌ရှိသော တောင်တို့ထက် များစွာနိမ့်ပါသည်။ နိမ့်လွန်းနေသည်လည်း မဟုတ်ပြန်။ သူ့ထက်နိမ့်သော တောင်များလည်းရှိပါသည်။ တောင်ကြားတခုထဲက တောင်ကုန်းတခု၏ ထိပ်တွင် တည်ရှိသည်။ ရှမ်းရိုးမကို မြင်ဖူးကြမည် ထင်ပါသည်။ သို့သော် မြင်ဖူးချင်မှလည်း မြင်ဖူးကြပါလိမ့်မည်။ ရွှေပြည်ကြီးဆိုသော နိုင်ငံတော်မှ နေတိုင်ကြသော သူများသည် ထိုရွှေပြည်ကြီးအတွင်း နှံ့စပ်အောင် သွားရောက် လည်ပတ်ဖူးသူများ နည်းပါးလှသည်။ တကယ်တမ်း ရွှေပြည်ကြီးဟု ခေါ်ပါက မည်သူမဆို ရွှေစသည်ပေါများကာ မည်သည့်နေရာကိုမဆို ရောက်သင့်ပါသည်။ သို့လျက် မရောက်ဖူးကြ။ ရွှေပြည်ကြီးတွင် နေထိုင်ကြသော သူများသည် ရွှေမပေါများကြ။ သို့လျင် အဘယ့်ကြောင့် ရွှေကို မပိုင်ဆိုင်ကြပါဘဲလျက် ရွှေပြည်ကြီးဟု ခေါ်သနည်း။ ရွှေကို ပထမဦးဆုံး တွေ့ရှိသော နိုင်ငံဖြစ်၍လား။ မဟုတ်ပါ။ ရွှေကို စတင်တွေ့ရှိသော နိုင်ငံမှာ ဘူဂေးရီးယားဖြစ်သည်။ လူသားသမိုင်းဖြင့် ကြည့်လျင် အီဂျစ်နှင့် ဂရိဖြစ်သည်။ မံမီရုပ်အလောင်း အချို့ကို ရွှေချထားခြင်းကို ကြည့်၍ သိနိုင်သည်။ ဂရိကမူ နတ်ဘုရားများ၏ သွေးသည် ရွှေရည်များဖြစ်သည်ဟု ရေးသားကြသောကြောင့် ဖြစ်သည်။ ရွှေအများဆုံး ထွက်သောကြောင့်လား။ မဟုတ်ပါ။ ရွှေအများဆုံး ထွက်သော နိုင်ငံ ၅၀ စာရင်းတွင် ရွှေပြည်ကြီး မပါဝင်ပါ။ သို့သော်လည်း ရွှေပြည်ကြီး၏ နယ်နိမိတ်မြေပုံပေါ်တွင် ရွှေထွက်သည့်နေရာများအား မှင်အနက်ဖြင့် ခြစ်ကြည့်ပါက မြေပုံတဝက်လောက်ကို ခြစ်ပစ်ရမည့် အနေအထားတွင် ရှိနေပါသည်။ သို့သော် အဘယ့်ကြောင့် ရွှေအများဆုံး ထွက်သော နိုင်ငံစာရင်း တွင် မပါဝင်သနည်း။ ပါဝင်အောင် မလုပ်ခြင်းကြောင့်လား၊ မထိုက်တန်ခြင်းကြောင့်လား၊ ရွှေထွက်နေသည် မှန်သော်လည်း တကယ်ပဲ အနည်းငယ်သာ ထွက်နေသောကြောင့်လား။
ပါဝင်အောင် မလုပ်ခြင်း၏ အကြောင်းရင်းများစွာ ရှိသည်။ ရွှေမိုင်းတွင်းများကို နိုင်ငံမှ စာရင်းဇယားမရှိ နီးရာ သင့်ရာလူ ရောင်းထားခြင်းကြောင့် ဖြစ်နိုင်သည်။ ရောင်းရငွေများကိုလည်း နိုင်ငံပိုင်အဖြစ် အသွင်းမခံရခြင်းမျိုးရှိမည်။ ရွှေမိုင်းများကို တပိုင်တနိုင်လုပ်နိုင်သူလုပ်၊ ရှာနိုင်သူရှာ၊ ပိုင်ရာဆိုင်ရာနှင့် စပ်လျဉ်းပြီး သူဝင်လုပ် ငါဝင်လုပ်စနစ်ဖြင့် လမ်းဘေးဇရပ်ပမာ ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သတ္ထုတွင်းများ ရှိပါက သတ္ထုတွင်းနှင့် ပတ်သက်သော ဥပဒေရှိမည်။ ဝန်ကြီးဌာနရှိမည်။ ထိုဝန်ကြီးဌာမှ ဥပဒေသည် အသက်သွင်းလျက် အကျိုးရှိစွာ အကောင်အထည်ဖော်ရမည်။ အကျိုးဖြစ်ထွန်းမှုများနှင့် စပ်လျဉ်းသော စာရင်းဇယားကို ပွင့်လင်းမြင်သာစွာ ချပြရမည်။ သတ္ထုတွင်းရှိပါလျက် တွင်းထွက်ရွှေများလည်း ရှိခဲ့ပါလျက် ဝန်ကြီးဌာနနှင့် ဥပဒေလည်း ရှိပါလျက် ကမ္ဘာပေါ်တွင် ရွှေအများဆုံး ထွက်သော နိုင်ငံ ၅၀ စာရင်းထဲတွင် မပါခဲ့။ ပြောလျင်လည်း သိကြမည်ဟုတ်။ သူတို့ပြောနေကြသည့် အချုပ်အခြာအာဏာကို ထိပါးသည်ဆိုသော စကားကို အမေရိကမှ ထုတ်ပြန်လိုက်သော စာရွက်များကိုသာ ထင်ကြ သိကြ နားလည်ထားကြဟန်တူပါသည်။ အရမ်းမှောင်လွန်းသော နေရာတွင် ကြာရှည်စွာနေရင်း အလင်းကို ရန်သူထင်သွားသကဲ့သို့ ဖြစ်မည်။ သိရှိရန်ကြိုးပမ်းပါက ကိုယ့်နိုင်ငံကို စော်ကားထိပါးသည် ဆိုသော စွမ်စွဲမှုနှင့် ရင်ဆိုင်ရနိုင်၏။ မိမိနိုင်ငံ၏ သယံဇာတဝင်ငွေ ထွက်ငွေကိုပင် သိရှိခွင့်မရသော ပြည်သူများ။ မထိုက်တန်ခြင်းဆိုသည်မှာကား ရွှေပြည်ကြီးကို နိုင်ငံစာရင်းထဲ မသွင်းခြင်းဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ရွှေပြည်ကြီးမှာ မည်သူမှ လူလိုသူလို မနေရသည် မဟုတ်ပါလား။ ရွှေပြည်ကြီးတွင် ရွှေမည်မျှထွက်နေသည်ကို မည်သူမှ မသိရခြင်းကလည်း ထူးဆန်းလှပါသည်။ တချိန်က မိမိအိမ်ဝိုင်းတွင် ကိုယ်တိုင်စိုက်ထားသော ကျွန်းပင်ကြီးက နိုင်ငံမှ ပိုင်သည်နှင့် ယခုမိမိနေထိုင်သော မြေယာသည်လည်း နိုင်ငံမှပိုင်သည်ဆိုသော မတရားမှုကြီးကို အမှန်တရားဟု ယခုထိ မျက်စိမှတ်ယုံခဲ့ကြသည်။ ယခုထိလည်း ယုံဆဲပင်။ ထိုသို့သော ညီနောင်ပြည်ဖွား တိုင်းရင်းသားများ၏ ခေါက်ခက်သော အသိမဲ့မှုကိုသာ အပြစ်ဆိုရတော့လေမည်။ ရွှေပြည်ကြီးကတော့ ရွှေဆိုသော စကားလုံးကို တပြားသားမှ မလျှော့ပေ။
ရွှေသည် မက်မောစရာ အတိပြီး၏။ အခေါက်၊ ၁၅ ပဲရည်၊ ၁၄ ပဲရည်၊ ဒင်္ဂါးရည်၊ သုံးစပ်နှင့် မိုးကြိုးစသည့် မည်သည့်ရွှေမှ လူနှင့်မတည့်သော ရွှေဟူ၍ မရှိ။ ရွှေနှင့် မတည့်သော ပရိဘောဂဟူ၍ မရှိ။ ရွှေမချလိုသော မည်သည့်စေတီဘုရားမှ မရှိ။ ဤပြည်ကြီးရှိ ရွှေစေတီ၊ ရွှေကျောင်းဟူသော အသုံးအနှုန်းကို ကြည့်ပါလေ။ ကမ္ဘာ့ကုန်ဈေးနှုန်းပင်လျင် ရွှေ၏ တန်ဖိုးအပေါ် မှီခိုနေရသည်။ ရွှေသည် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဘဏ်တို့၏ မြေတိုက်ခန်းသည် နိုင်ငံအသီးသီး၏ ပိုင်ဆိုင်ထားသည့် ရွှေနှင့် ကြီးမားသည့် အဖွဲ့အစည်းတို့ ပိုင်ဆိုင်သော ရွှေများကို အဓိက ဦးစားပေးပြီး သိမ်းဆည်းပေးထားသည်။ ရွှေနှင့်ပတ်သက်၍ ရောင်းခြင်း ဝယ်ခြင်းပြုလုပ်လိုပါက တကမ္ဘာလုံးနှင့် ညှိထားသော ဈေးနှုန်းအတိုင်း ရောင်းဝယ်ဖောက်ကား ရသည်။ ရွှေသည် တကမ္ဘာလုံးကပင် ဂရုတစိုက် ကိုင်တွယ်နေရသည်။ ထိုသို့ တန်ဖိုးထားမြင့်လှသော ရွှေဖြင့် ဤပြည်ကြီးကို အဘယ့်ကြောင့် ရွှေပြည်ကြီးဟု တတွင်တွင် သုံးနေကြသနည်း။ ပြည်ကြီးကသာလျင် ရွှေဖြစ်ပြီး နေထိုင်ကြသည့်လူများက ရွှေမဖြစ်ခဲ့။ ရွှေသည် ရွှေမဟုတ်ဘဲ ရွှေဟန်ဆောင်ထားသော ရွှေများ ဖြစ်နေ၍လား။
ရွှေပြည်ကြီး၏ စကားပုံတွင် ဝါဝါမြင်တိုင်း ရွှေမထင်နှင့် ဟူသော စကားလုံရှိသည်။ ထိုရွှေမဟုတ်သော ဝါဝါအရောင်များကို ရွှေဟု သတ်မှတ်၍ ရွှေပြည်ကြီးဟု ခေါ်ခဲ့ခြင်းလား။ ဇင်းနစ်ခေါ် သွပ်၊ ကော့ပါးခေါ် ကြေးနီနှင့် စပ်ထားသော ကြေးဝါသတ္ထုတမျိုးကိုပင် ရွှေဟု သတ်မှတ်ခဲ့သည်လား။ သို့မဟုတ် ကြေးဝါကို အဆင့်မြင့်ထားသည့် ကြေးတမျိုးကို ရွှေဟု သတ်မှတ်ခဲ့သည်လား။ အစပိုင်းတွင် လက်ပတ်နာရီတွင်သာ ထည့်ခဲ့သော်လည်း ယခုအခါတွင် ရွှေရောင် တောက်နေသော အိမ်သုံးပရိဘောဂ ပစ္စည်းများအဖြစ်ပါ သုံးလာသည့် ခရစ္စတိုဖာပင့်ချ်ဘက် ဆိုသူ တီထွင်ထားသော ကြေးနီနှင့် ဇင့်နှစ်မျိုးစပ် ပင့်ချ်ဘက်ကိုပဲ ရွှေဟု ခေါ်ခဲ့သည်လား။ ပေါ့ပါးသည့် အသုံးအဆောင်အတွက် ဖန်တီးထားသော ရွှေနှင့် ကြေးဝါရောထားသည့် နှင်းဆီရွှေဆိုသည့် ရွှေမျိုးကို ရွှေဟုထင်ခဲ့ကြသည်လား။ နှင်းဆီရွှေတွင် ရွှေ ၇၅ ရာခိုင်နှုန်း ပါဝင်သဖြင့် ဤရွှေကို ယူ၍ ရွှေပြည်ကြီးဟု သုံးခဲ့လျင်ပင် အတော်ကလေး ဟုတ်ဦးမည်။ ကြေးနန်းကြိုးတွင် သုံးသည့် ရွှေဖြည့်ဟူသော ရွှေသည် ရွှေ ၅ ရာခိုင်နှုန်းပါဝင်သည်။ ကြေးဝါကို ခံ၍ သုတ်လိမ်းထားခြင်း ဖြစ်သည်။ ထိုရွှေဖြည့်ဆိုသည့် ရွှေကိုပဲ ရွှေဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့လေသလား။ နာရီထဲတွင် ပါဝင်သော ကြေးဝါကို သုတ်ထားသည့်ရွှေကို လိပ်ရွှေဟုခေါ်သည်။ ထိုလိပ်ရွှေသည် ရွှေအစစ် ၂.၅ ရာခိုင်နှုန်းပါဝင်သည်။ ထိုရွှေဆိုလျင်ပင် မဆိုးသေး။ နိုင်ငံတကာဈေးကွက်တွင် ရွှေချထားသည်ဟု ကြော်ငြထားသည့် ပစ္စည်းများ၌ ရွှေပါဝင်မှုက ၀.၀၅ ရာခိုင်နှုန်းပါဝင်သည်ဟု ဆိုသည်။ မည်သည့်ရွှေဖြင့် ရွှေပြည်ကြီးဟု ခေါ်ကြသနည်း။ ဂဏန်းလေးလုံး အစုအဝေးကြီးဖြင့်လာသော ယူပီဂျီ, တီအိုအေစသည့် ကုမ္ပဏီများမှ ရောင်းချသော ရွှေရောင်သုတ်ဆေးမှ ရွှေကို ဆိုလိုသည်လား။ စာဖတ်သူကြီး ဆိုသူအား ဂုဏ်ပြုလိုကြသဖြင့် နောက်နာမည်တလုံးကို ယူ၍ ဤပြည်ကြီးကို ရွှေပြည်ကြီးဟု ခေါ်ခဲ့လေသလား။
နောက်ဆုံးတခုက မှန်နိုင်ချေများသည်။ ထိုရွှေက ၂၄ ကာရက်အပြည့်ဖြစ်လောက်သည်။ ထိုသူ၏ ရှေ့မှ Isolationism ငနဲကြီးကြောင့် ကမ္ဘာပေါ် မည်မျှတိုးတက်သွားသည်ကို မသိခဲ့။ လူတိုင်းကိုယ်စီကလည်း ပညာမျိုးစုံ မဲ့ကုန်ကြသည်။ ကမ္ဘာပေါ်တွင်ကား စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများမှ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ အား ချေးငွေအတိုးနှုန်း လျှော့ချပေးခြင်း၊ နိုင်ငံတကာ မူဝါဒများပြောင်းလဲပေးခြင်း၊ စက်ရုံအလုပ်ရုံများအား တည်ဆောက်၍ ကုန်ကျစရိတ်သက်သာသော ကုန်ထုတ်လုပ်မှု လုပ်ငန်းများချဲ့ထွင်ပေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်။ ဤပြည်ကြီးအတွက် တံခါးဖွင့်ပေးသည့်နှစ်သည် ၁၉၈၀ ဟုထင်ပါသည်။ သို့သော် ထိုအချိန်တွင် အားလုံး ပိုလီယိုဖြစ်ကုန်ပြီ။ ဉာဏ်ချိနဲ့မှုကို ကုသချိန် ၁၀ ခန့်ကြာခဲ့ကြမည်။ ပြီးမှ ဖွင့်ပေးသော တံခါးပေါက်ဆီ ခြေလှမ်း လှမ်းနိုင်ခဲ့ကြသည်။ တံခါးပေါက်ဆီ လှမ်းနိုင်သွားချိန်က ထိုသူ၏ အဘက်ဘက်မှ ယိုယွင်းနေသော ဤပြည်ကြီးအား ကယ်တင်ပေးထားချိန် ဖြစ်နေသည်။ ထို့ကြောင့် ထိုသူ၏ နာမည်ကို ဂုဏ်ပြုလိုရကား ရွှေပြည်ကြီးဟု ခေါ်ခဲ့ကြဟန်တူပါသည်။ ဤသူ့ကိုမှ ဤသို့ခေါ်ရသည့်အကြောင်းက ခိုင်မာပါသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူ့မိခင်ဆိုသူကပင် ဖေဖေ့တပ်မတော် ဟု ကြွေးကြော်ခဲ့ရသည်။ ၂၀၂၁ မေလမတိုင်ခင်အထိ တရားသောစစ်ပွဲမှ ပြန်လာသည့် စစ်သားများကို သပြေပန်းတွေနဲ့ ကြိုခဲ့ကြသည်။ ညောင်နှစ်ပင် စခန်းတွင် ၁၄ နှစ်ကြာ ရေးဆွဲခဲ့သော စာအုပ်ကြောင့်လည်း ငါးနှစ်တာ လွှတ်တော်ထဲ ထင်ရာစိုင်းခွင့်ရခဲ့ပြန်သေးသည်။ ရှေးမဆွကပင် ဤပြည်ကြီး၌ အာခေါင်ကို လှံစူးသွားသော ငနဲ၊ ချောက်ကမ်းပါးက အပေါ်တင်ပေးတဲ့ မျောက်ကို ကျောက်တုံးနှင့် ထုသတ်သော ပုဏ္ဏား၊ နတ်ကွန်းမှ ထမင်းကို စားမိသော ငခင်ညိုစသည့် ပုံဝတ္ထုများ ကြိုတင် သင်ကြားပေးထားပြီး ဖြစ်သည်။ ကျေးဇူးရှိ၍ ကျေးဇူးသိသူတို့ ကြီးပွားသွားကြပုံ ကျေးဇူးကန်းသူများ ဆင်းရဲနွမ်းပါးသွားကြပုံစသည့် အပင်းများကို ကြိုသွင်းထားသည်။ ထိုအပင်းများကြောင့်ပင် ပြည်ရှေ့၌ ရွှေထည့်ခဲ့သည်ဟု ထင်မိပါသည်။
သို့တည်းမဟုတ် ဤပြည်၌ နေထိုင်ကြသော လူများသည် အတိတ်များ နိမိတ်များနှင့် တဘောင်များကို ဘုရားထက် ပိုယုံသောကြောင့် ဖြစ်မည်ထင်သည်။ တပေါင်းစစ်ချီ ဒေါင်းစစ်သည်ဆိုလည်း ယုံသည်။ အခုတော့ သောင်းချီတက်နေသည်လား ကျနေသည်လား မသိ။ သို့သော်လည်း အတိတ်များ နိမိတ်များနှင့် တဘောင်များအပေါ် ယုံကြည်မှုက တပြားသားမှ မလျှော့ပေ။ မကောင်းသော အတိတ်ဆိုသည့် စကားစုတွင် အတိတ်ဆိုသည့် စကားလုံးကို ရှေးဦးစွာ ကောက်သင့်သည်။ အတိတ်တွင် မကောင်းခဲ့ပါက အခုလည်း မကောင်းဟု ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း ကိုယ့်အယူဝါဒအတိုင်း ဆက်လွဲကြသည်။ ပန်းအိုးကျကွဲတာ၊ အိမ်မြောင်ပြုတ်ကျတာ၊ ပျားများ လမ်းမှားပြီး အိမ်၏ တနေရာရာတွင် စွဲမိတာစသည်တို့ကို အတိတ်ချည်း လိုက်ကောက်နေသည်။ ထိုသို့သော ပတ်ဝန်းကျင်ကြောင့် ကျွန်တော်လည်း အတိတ်ကောက်သည့် အကျင့်က အလိုလိုစွဲနေသလို ဖြစ်နေရသည်။ ထို့ကြောင့် ကျွန်တော် ဒုက္ခတွေ့နေရသည်။ ငှက်ဆိုးအော်လျင် အတိတ်မကောင်း။ ပြောပုံကိုလည်း ကြည့်။ “လူသေတတ်တယ်၊ ဒါမှမဟုတ် ကိုယ့်ဆွေမျိုးသားချင်းထဲက သေတတ်တယ်၊ အဲဒါတွေ မဖြစ်ခဲ့ရင်လည်း လူသေသတင်းကြားရတတ်တယ်” ဟုဆိုသဖြင့် အခုနေသော ကျောင်း၌ အတော်ပင် ဒုက္ခရောက်ရပါတော့သည်။ ကျွန်တော့် ကျောင်းသည် တောအုပ်တခုထဲတွင် ရှိပြီး လင်ကောင်ပိုးငှက်ကလည်း ပေါလှသည်။ အချို့က ထိုငှက်ကို မိန်ကောင်ဟု ခေါ်သည်။ သို့သော်လည်း မည်သူမှ လင်ကောင်ပိုးဟု မခေါ်၊ မိန်ကောင်ဟုလည်း မခေါ်။ သူ့အသံဆိုးကြီးကြောင့် ငှက်ဆိုးဟုသာ တွင်တွင်ခေါ်နေကြသည်။ ကျွန်တော်၏ နေ့ရက်တိုင်းတွင် ညမှောင်ရီစပြုတိုင်း မနက်အရုဏ် ကျင်းစပြုတိုင်း သူ့အသံကို မကြားချင်အဆုံး ကြားနေရသည်။ ကျွန်တော့်မှာလည်း တည်တည်ငြိမ်ငြိမ် မနေရ။ မိမိကျင်လည်ခဲ့သော ပတ်ဝန်းကျင်မှ ကြိမ်ဖန်များစွာ တွန်းတိုက်ခံရသောအခါ ဗဒင်သီချင်းထဲကလို နဲ့သွားသော ကျောက်တုံးကဲ့သို့ ဖြစ်ရရှာခဲ့ပြီ။ ထိုငှက်သံမကြားသည့် နေ့ရက် မရှိသော်လည်း ကြားတိုင်း ဘယ်သူများသေမလဲဆိုကာ စနိုးစနောင့် ဖြစ်ရသည်ချည်း။ နိမိတ်ဆိုတာကလည်း တမျိုး။
ကနောင်မင်းသားက ဗောင်းကို သေချာမဝတ်ဆင်မိသဖြင့် ခေါင်းပေါ်မှ ပြုတ်ကျသွားသည်ကို စာဖွဲ့ကြသည်။ သူ သိပ်အတူနေလေ့ မရှိသော ဇနီးချောက တားသည်။ သို့သော်လည်း ဖြစ်ရမည့် ကံပါလာ၍ ဖြစ်သွားရသည်။ ထိုအရာကိုပင် နိမိတ်ကို မယုံသဖြင့် အသက်ပေးလိုက်ရသော ကနောင်မင်းသားတဲ့။ ထိုနေ့ ကနောင်မင်းသားကို လှိုင်ထိပ်ခေါင်တင် တားရသည်မှာ စိန်ခြူးကြာညောင် လရောင်လင်းပါလို့ ရွှေမှန်ပြတင်းငယ်က မယ်ခုမျှော်ဆိုပြီး စသဖြင့် သူမထွင်လိုက်သည့် ဘောလယ်နောက်တပုဒ်အတွက် ကုန်ကြမ်းရှာရန် တားကြည့်ခြင်း ဖြစ်သည်။ တားမရသဖြင့် တားမရကြောင်း ဘောလယ်နောက်တပုဒ်ရေးရန်သာ ဖြစ်သည်။ သို့သော်လည်း ကနောင်မင်းသားမှ စိတ်မဖြောင့်ဘဲ သွားလာရသဖြင့် ကြုံခဲ့သည့် ဖြစ်အင်ကို မမြကလေး၏ သမီးအား အပြစ်မဆိုလို၍ ကြံဖန်ကာ နိမိတ်ကို အပြစ်ဖို့လိုက်ကြခြင်းသာ ဖြစ်၏။ သခင်ဖိုးလှကြီးကိုလည်း ဘာတွေ လျှောက်ပြောကြမှန်း မသိ။ အီတီဝန်တွင် သေသွားကြသော ကိုးရီးယားက လူတွေ မည်သည့် နိမိတ်မျိုးနှင့် ကြုံခဲ့ပြီး အိန္ဒိယနိုင်ငံ ကေဘယ်ကြိုးပြိုကျခဲ့သည့် တံတားပေါ်မှ လူများကော မည်သည့် နိမိတ်မျိုးတွေ့ခဲ့သေးသနည်း။ တဘောင်က တမျိုး။ အင်းဝခေတ်က တဘောင်များကို ခုထိ ပြောမပြီး။ ကုန်းဘောင်၊ ဦးဖိုးလှိုင်နှင့် ရွှေပေါ်ကျွန်းတဘောင်တွေ ရှင်းပြလို့ကို မပြီးနိုင်။ ယတြာဘယ်လိုကောင်းကောင်း တပေါင်းမကျော်ဟု ဆိုသည်။ မည်သည့်ခုနှစ်၏ တပေါင်းမှန်း မသိသေးသဖြင့် မကျော်ရသေးပုံတူသည်။ မကြာခင် တပေါင်းတခု ထပ်ရောက်ဦးမည် မဟုတ်ပါလား။ သို့သော်လည်း ဤပြည်ကြီး၌ နေထိုင်ကြသော သူများသည် ထိုကဲ့သို့သော အတိတ်၊ နိမိတ်နှင့် တဘောင်များကို ယုံကြည်၍ တပြည်လုံး ရွှေချနိုင်ရန် ရွှေတပ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။
ပြည်ကြီး၏ရှေ့၌ မီးလင်းရွှေကို တပ်ခဲ့သည်ဖြစ်စေ၊ ယူပီဂျီရွှေဆေးဖြင့် သုတ်ထားသည့် ရွှေကို တပ်သည်ဖြစ်စေ၊ ဟိုအကောင်၏ နာမည်နောက်တလုံးကို ယူ၍ ဖြစ်စေ၊ တဘောင်ကြောင့်တပ်ခဲ့သည့် ရွှေဖြစ်စေ မည်သည့်ရွှေမျှ အသုံးမကျခဲ့ပါ။ ထို့ကြောင့် ပြည်ကြီးမှ လူများသည် သူတို့နေသော ပြည်ကြီးအတွင်း နေရာစုံအောင် မရောက်ဖူးကြပေ။ ထို့ကြောင့် ရှမ်းရိုးမကို မမြင်ဖူးကြလျင် ရှမ်းရိုးမ၏ ပုံပန်းသဏ္ဍာန်ကို မသိနိုင်သဖြင့် ကျွန်တော်ပြောလိုသော တောင်ကုန်းပေါ်က စံအိမ်သည် တောင်တန်းများကြားရှိ တောင်တတောင်၏ ကုန်းပေါ်တွင်ဆိုသည့်အချက်ကို မျက်စိလည်သွားနိုင်သည်။ ကျွန်တော် ငယ်ငယ်တုန်းက အောက်ပြည်တွင် တောင်တန်းများမရှိ ဆိုသည့်အချက်ကို သိရပြီးသည့်အခါ တောင်တန်းမရှိဘူးဆိုတာ ဘယ်လိုမျိုးများပါလိမ့်ဟု ဇဝေဇဝါဖြစ်ခဲ့ရသည်ကို ပြန်သတိရမိသည်။ ထို့အတွက် မသိနိုင်ခြင်း ဆိုသည့် အခြေအနေကို ကိုယ်ချင်းစာမိပါသည်။ မသိသည့်အရာကို ခန့်မှန်းရခြင်းအလုပ်က အတော်ပင် ခက်ခဲသည်။ ကျွန်တော်သည် အောက်ပြည်ဘက်တွင် တောင်တန်းမရှိဟူသော အချက်ကြောင့် နေဘယ်လို ထွက်မလဲ ဝင်မလဲ တွေးမရ ဖြစ်ခဲ့ဖူးသည်။ မိုးအရမ်းကြီးလျင် ရေတွေ ဘယ်ကိုများ စီးသွားမလဲဟုလည်း စိတ်အမြဲရှုပ်ခဲ့ရသည်။ ရှမ်းရိုးမအတွင်း တောင်တလုံးပေါ်က တောင်တလုံးတည်ရှိ၏ ဆိုသည်ကို ခေါင်းအပိုပါသော လူတယောက်လို သွားမြင်ယောင်ကြည့်နေနိုင်သည်။ တောင်များသည် အထပ်ထပ်ရှိသည်ဟု ပြောလျင်လည်း တတောင်ပေါ် တတောင်ထပ်သည့်ပုံကို စောင်များ အဝတ်များခေါက်၍ ထပ်သားသည့်ပုံကိုသာ မြင်သွားနိုင်သည်။ ထို့ကြောင့် မသိသည့်အရာများကို သိအောင်မစဉ်းစားချင်ပါ။ စဉ်းစားခြင်းသည် တလွဲကြီး အဖြေထွက်နိုင်သည်။ စဉ်းစားခြင်းသည် အချို့နေရာ၌ အသုံးမဝင်ပါ။ ငါမှ မသိတာဟု ပြောလိုက်ရုံနှင့်လည်း မသိခြင်းကိစ္စက မပြီးပါ။ မသိခြင်းသည် အန္တရာယ်တခု ဖြစ်ပါသည်။
မသိခြင်းကို အန္တရာယ်ရှိသည်ဟု ပြောသည်၌ သိခြင်းကကော အန္တရာယ်မရှိဘူးလားဟု မေးနိုင်ပါသည်။ အန္တရာယ်သည် သိခြင်း မသိခြင်းအပေါ် မူတည်၍မလာပါ။ မုန်တိုင်းကျမည်ဟု သိနေပါကလည်း မုန်တိုင်းက လာပါသည်။ မုန်တိုင်းကျမည်ကို မသိပါကလည်း မုန်တုန်းက လာပါမည်။ သို့သော် မုန်တိုင်းလာသည်ကို သိသူနှင့်မသိသူတွင် မည်သူက အန္တရာယ်ကျရောက်နိုင်မှု ပိုမြင့်မားသနည်း။ လူသားတိုင်းသည် တကယ်တမ်း ဆော့ခရတ္တိပြောခဲ့သလိုပင် ကျွန်တော်သိတာက ကျွန်တော် ဘာမှ မသိသေးဘူးဆိုတာပါပဲ ဆိုသည့် အခြေအနေတွင်သာ အမြဲရှိနေပါသည်။ သို့ကြောင့် သိရန်အတွက် ကြိုးစားရမည်။ ယခင်ရက်က လူမှုကွန်ယက်တွင် “ငါတို့ဘာသာ ငါတို့ပွဲလုပ်တာ ဘယ်သူ့ကိုမှ အားနာနေစရာ မလိုဘူး” ဆိုသည့် ဤဒေသ အင်ဖလူဝင့်စာတဦး၏ ပိုစ့်အောက်တွင် သဘောကျသူပေါင်း ၁၀၀၀ ကျော် ရှိခဲ့သည့်အပြင် ထောက်ခံအားပေးမှတ်ချက်ပေး ပြန်လည်ပြောဆိုသူ ၁၂၇ ယောက်ပင် ရှိခဲ့သည်။ ဤနေရာတွင် ကျွန်တော်၏ သူတို့လက်ခံသော အမှန်တရားကို မသိ။ သူတို့နေထိုင်မှုပုံစံသည် ဒဏ္ဍာရီထဲတွင်သာ ပျော်မွေ့နေတတ်ခြင်းကို မသိ။ လွန်ခဲ့သော ငါးနှစ်တာကာလ ဤပြည်ကြီးကို အုပ်ချုပ်ခဲ့ကြသော နီပိန်းဆိုသူတို့၏ တိုင်းရင်းသားအပေါ် လစ်လျူရှုခဲ့မှုခြင်းအား တိုင်းရင်းသားများက ပြန်လည်၍ ဂရုမပြုခြင်းတို့ကို မသိ။ ဤနယ်တွင်က တော်လှန်ရေးကို ထိုမျှသာ သိသည်။ ဤအရာများမဟုတ်ဘဲ ဤပြည်ကြီးသည် ၁၉၃၀ ခုနှစ်နောက်ပိုင်းကတည်းက လူနှပ်တို့၏ ခြယ်လှယ်ခြင်းတို့၌သာ စိစိညှက်ကြေလျက်ရှိ၏ ဟူသော အခြေအနေတခု ထပ်မံတည်ရှိနေမှုကို သိမနေခြင်းလည်း ဖြစ်နိုင်ပါသည်။
မသိခြင်းသည် ကျွန်တော့်အား ဘေးဖြစ်စေလျက် ဝန်းရံကုန်၏။ မသိခြင်းသည် မိတ်ဆွေနည်းခြင်းများခြင်း၊ ရန်သူနည်းခြင်းများခြင်းကို ဖြစ်ပေါ်စေသည်။ အင်ဒိုစကားပြောသည့် ကာဒက်စတန်လူမျိုးတို့၏ ကာဒ့်စကားပုံတခု ရှိပါသည်။ “သင့်တွင် မိတ်ဆွေ တရာရှိပါသနား။ နည်းလွန်းသည်။ သင့်တွင် ရန်သူတယောက် ရှိပါသလား။ များလွန်းသည်” ဆိုသည့်အတိုင်း ကျွန်တော်တို့အားလုံး မိတ်ဆွေတိုးပွားရန် လိုအပ်ပါသည်။ ထို့ကြောင့် မသိသည့်အရာများကို သိအောင် ကြိုးစားရမည်။
သို့သော်လည်း သိခြင်းသည် အကန့်အသတ်ရှိပါသည်။ ကျွန်တော် ၁၁ နှစ်အရွယ်ကတည်းက သာသနာ့ဘောင်တွင် နေခဲ့ပါသည်။ ထို့ကြောင့် အိုင်စတိုင်းပြောသော နှိုင်းရသီအိုရီနှင့် ယေဘုယျနှိုင်းရသီအိုရီကို မည်သို့မှ မသိပါ။ ထိုအင်္ဂလိပ်စာ သုံးလုံး ညီမျှချင်းတခု၏ သက်ရောက်မှုကို မည်သို့မှ မတွေးတတ်ပါ။ ကျွန်တော် ရူပဗေဒနှင့် ပတ်သက်မည့် မည်သို့သော လုပ်ငန်းကိုမှ လုပ်မည်မဟုတ်သဖြင့်လည်း ထိုသီအိုရီများကို လေ့လာရန် မလိုပါ။ ကျွန်တော်နှင့် ပတ်သက်နေသည်ဆို၍ သာရေးနာရေးတွင် မည်သည့်တရားကို ဟောရမည်နည်း၊ မည်သို့သော တကာ တကာမလာလျင် မည်သို့ဆက်ဆံရမည်နည်း။ မိမိကျောင်းအတွင်း ကိုရင်ငယ်ကလေးများကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်ပြီး သူတို့၏ဘဝရှေ့ရေးလမ်းစများကို မည်သို့ချပြရမည်နည်းလောက်သာ ဖြစ်သည်။ ကျွန်တော်သိသော ဆရာမတယောက်သည် စီပြုလုပ်၍ ဖွံ့ဖြိုးပြီး နိုင်ငံတခုသို့ အိမ်အကူအလုပ်ဖြင့် ထွက်သွားသည်။ သူမ မသွားခင်တွင်လည်းကောင်း လက်ရှိရောက်ပြီး အလုပ်လုပ်နေစဉ်တွင်လည်းကောင်း သူမနှင့်ပတ်သက်သည့်အရာများကို အစဉ်အမြဲလေ့လာလျက် ရှိသည်။ သူမ နားမလည်သည့် အကြောင်းအရာများကို မေးသည်။ မဆိုင်လျင်တော့ မဆိုင်ကြောင်း သိပြီးဖြစ်လျင်လည်း ဗဟုသုတဟုသာ မှတ်စေလိုကြောင်း ပြောရသည်။ မသိခြင်းကို ဖြေရှင်းရမည်ဆိုသော်လည်း မသိအပ်သည်အထိ ဖြေရှင်းရန်မလိုဟု ဆိုလိုပါသည်။
“အရှင်ဘုရား ဗဟုသုတများတာ ကောင်းသလား ဘုရား” ဟု အာနန္ဒာက လျှောက်ဖူးသည်။ ဘုရားက စိတ်ပျံ့လွှင်မှုသာ ပိုဖြစ်စေနိုင်ကြောင်း ပြန်လည်မိန့်ခဲ့ဖူးသည်။ ထို့ကြောင့် သိခြင်းသည် သိသင့်သည်ကိုသာ သိကိုသိရမည်ဟု ဆိုလိုသည်။ ကျွန်တော်တို့သည် ကိုယ့်နေထိုင်မှုနှင့် ဆက်နွယ်နေသည့် ရပ်ရွာ၊ လူထု၊ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ အယူအဆစသည်တို့ကို သိရမည်။ မိမိ၏ အသက်မွေးမှု၊ နေထိုင်မှုနှင့် ပတ်သက်နေသည့် အလုပ်ကို သိကို သိရမည်ဆိုသည်ထက် နှံ့စပ်ရမည်ဟုပင် ဆိုသင့်သည်။ မိမိနှင့် ပတ်သက်သလောက်ပင် မသိလျင် Imposter Syndrom ဟု နာမည်တပ်ခံရတတ်သည်။ တခုခုဆိုလျင် ယောင်နန ဖြစ်နေခြင်း၊ တခုခုမေးလိုက်လျင် သံယောင်လိုက်ဖြေခြင်း၊ တခုခုညွှန်ကြားလိုက်လျင် တခြားသူများကို သွားမေးနေရခြင်းစသည့် အခြေအနေမျိုးသို့ ရောက်သွားနိုင်ခြင်းကို ဆိုလိုသည်။ ရှင်းရှင်းပြောရလျင် “ယောင်ဝါးရောဂါ” ရတတ်သည်။ ဤယောင်ဝါးရောဂါသည် ပေါ့သေးသေးမဟုတ်ကြောင်းလည်း သတိချပ်သင့်သည်။ တစုံတရာအပေါ် ထဲထဲဝင်ဝင် မသိခြင်း၊ အနောက်တိုင်း စကားငှါးပြောရပါက ပရော်ဖက်ရှင်နယ်မကျခြင်းသည် နောက်ဆုံး၌ မျက်ကန်းမျိုးချစ်ဖြစ်လာသည်ဟု ဆိုကြပါသည်။ ဘာသာရေး အစွန်းရောက်များ၊ ရှေးရိုးစွဲများ၊ မိမိဝါဒကသာ မှန်၏ ဟုယူဆ၍ အခြားသော အယူဝါဒကို ဖျက်ဆီးသူများ ဖြစ်တတ်၏။
နှိုင်းယှဉ်ပြလိုသေးသည်။ ခရိယာန်သာသနာပြုသူများနှင့် ဗုဒ္ဓဘာသာ သာသနာပြုသူများကို စေ့ငုကြည့်ပါလေ။ ခရိယာန်သာသနာပြုများသည် ရိုးရာကိုးကွယ်မှုဓလေ့ကို ဘယ်သောအခါမှ မဖျက်ဆီး။ ကိုးကွယ်ခွင့်ပြုရင်း သူတို့၏ ကျမ်းစာများကိုလည်း ဟောပြသွန်သင်လျက် ဘုရားသခင်အပေါ် ယုံကြည်ရန် ဟောပြော၏။ မိမိလမ်းကြောင်းပေါ်သို့ ရောက်ရန် သူတို့လမ်းကြောင်းအတိုင်း လိုက်၏။ ဗုဒ္ဓဘာသာ သာသနာပြုကား ထိုသို့မဟုတ်။ ရွာသို့ ရောက်သည်နှင့် မင်းတို့က နတ်ကိုးကွယ်တာလား၊ အဲဒါမှားတယ် ဆိုသည့်အချက်မှ စလေ၏။ ထိုသူကား အခြားမဟုတ် အခုဤစာကိုရေးနေသော သကောင့်သား ဒီမောင်ပင်ဖြစ်လေ၏။ ကျွန်တော့်မိုက်မဲမှုပါတည်။ ဗုဒ္ဓသည် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဆန့်ကျင်နေသဖြင့် ငရဲသို့ကျရောက်နိုင်သည့် အယူကို ယူနေသော ဝါဒကိုသာ နှိမ်နင်းခဲ့ပြီး အခြားသူတို့၏ ရိုးရာကိုးကွယ်မှုကို မတားမြစ်ခဲ့ပေ။ ကျွန်တော့်မှာ အခုမှ ဘုရားတ,လည်း မမီတော့။ ကျွန်တော်၏ ဆိုင်ဒရုန်းကြောင့် ကျွန်တော်ခံရလေပြီ။ မသိခြင်းနှင့် ကုန်စင်အောင် မသိခြင်းတို့သည် လူကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။ အင်္ဂလိပ်စာ တတ်လှသည်ဆိုပြီး တကယ်လည်း ရေးသည့်အခါ မည်သည့် ဝိဘတ်ထည့်ရမည်နည်း စသဖြင့် ဝေဝါးတတ်သည်။ ဝေဝေဝါးဝါးရေးလိုက်ပါကလည်း လူရယ်စရာ ဖြစ်သွားနိုင်သည်နှင့် သွားတူပါသည်။ မသိခြင်းနှင့် ပြည့်စုံအောင်မသိခြင်းသည် သင့်အား အစွန်းရောက်သူလည်း ဖြစ်စေနိုင်သောကြောင့် သိရန်ကြိုးပမ်းပါလေ။
ဤအကြောင်းအရာမျိုးကို ကျွန်တော် အကျယ်မချဲ့လိုပါ။ အားလုံး သိပြီးသော ကိစ္စဖြစ်သည်။ ကျွန်တော် အခုတလော ရေးချင်နေသည့် စာမျက်နှာ ၂၀ ပါ အက်ဆေးဆန်ဆန် တောမရောက် တောင်မရောက်စာများတွင် အင်္ဂလိပ်စာလုံးကို မထည့်ဟု တွေးထားသော်လည်း တချို့စကားလုံးက မထည့်၍ မရသဖြင့် ထည့်ရပါတော့သည်။ အခုလည်း ထည့်ရပေဦးတော့မည်။ အခု ကျွန်တော်ပြောသော အကြောင်းအရာများသည် Johari Window တွင်ပါသော အကြောင်းအရာများဖြစ်သည်။ ၁၉၅၅ ခုနှစ်ကတည်းက စိတ်ပညာရှင်နှစ်ဦး ဖြစ်ကြသော Joseph Luft နှင့် Harrington Ingham ဆိုသည့်လူနှစ်ယောက်က မသိခြင်းကြောင့် ဘေးဖြစ်ရသည့် လူ့အဖွဲ့အစည်းအတွက် ထုတ်ဝေခဲ့သော လမ်းညွှန်ချက်များကို ပြောနေခြင်းသာ ဖြစ်သည်။ သူတို့နာမည်ပေးခဲ့သည့်အတိုင်း ပြတင်းပေါက်ပုံစံ ရှိပါသည်။ ထိုပုံစံကို ဇယားကွက် လေးကွက်ဖြင့် ဖော်ပြခဲ့သည်။ ထိုဇယားတွင် Arena, Blind spot, Facade နှင့် The unknown ဆိုသည့် အချက်လေးချက်ဖြင့် ဖော်ပြခဲ့သည်။ လူတို့သည် သိခြင်းအတွက် သိရန်အတွက် အမြဲတမ်းပင် စူးစမ်းသင့်နေပါသည်။ သိလိုစိတ်ပြင်းပြမှုကြောင့် ရှာဖွေခြင်းနတ်ဘုရားဘွဲ့ကို ရရှိခဲ့သော ကိုလံဘတ်ကြောင့် လူသားများ၏ ကောင်းကင်ဘုံမြေကို ရှာဖွေတွေ့ရှိခဲ့ကြရသည် မဟုတ်ပါလား။
ကျွန်တော်မှ လွင်ပြင်ဆိုသည်ကို စဉ်းစားမရဖြစ်ရသလိုမျိုး ရှမ်းရိုးမတည်ရှိပုံကို စဉ်းစားမရ၊ မဖြစ်ရလေအောင် သိခြင်းကို ချဲ့ဖို့လိုပါသည်။ ကျွန်တော် တက်ကျမ်းလိုလို ဘာလိုလို မရေးချင်ပါ။ စာပေအမျိုးအစားထဲတွင် တက်ကျမ်းစာပေသည် အလွယ်ဆုံးအလုပ်ဖြစ်သည်။ အလွယ်ဆုံးအလုပ် ကျွန်တော် ပြောမိသည်ပင် အတော်ကလေးလွန်နေပြီ။ အညံ့စား စာပေမျိုးဖြစ်သည်ဟု ဆိုလျင်ပင် ကျွန်တော်ပြောတာ လိုနေသေးကြောင်း စာဖတ်သူများ သိကြပြီးသား ဖြစ်ပါမည်။ စာပေဟုပြောလျင်ပင် လွန်ပြီ။ ကျွန်တော်ပင် သရော်လိုသော စိတ်ဖြင့် “ဒါမျိုးတွေက လွယ်ပါတယ်” ဆိုပြီး တက်ကျမ်းအပုဒ် ၂၀ ကို ရေးပစ်ခဲ့ဖူးသည်။ ကျွန်တော်ပင် ပြန်မဖတ်ပါ။ ထိုစာပေမျိုးက လူကြိုက်သူကြိုက်လည်း များသည်။ လူကြိုက်သူကြိုက် မများသေးလျင် မီဒီယာသို့ကပ်ပြီး နည်းနည်းပါးပါး ပြောခိုင်းလိုက်သည်နှင့် လူတွေ အမြန်ဆုံး စိတ်ဝင်စားပြီးသား ဖြစ်ပါသည်။ မအောင်မြင်ချင်သောသူ မရှိသောကြောင့်မဟုတ်ပါ။ အားလုံး နတ်ရေကန်ထဲ အကန်ချခံရမလားဟု ထင်နေကြသောကြောင့် ဖြစ်သည်။ ထိုသို့ထင်နေကြသောသူများကလည်း ငပျင်းတွေချည်းသာ ဖြစ်သည်။ ရိုးရိုး ငပျင်းမဟုတ်။ ငပျင်းဟု ဝန်မခံလိုသော ငပျင်းများဖြစ်သည်။ အလုပ်ကို ပါဠိလို ကမ္မဟုရေးသည်။ ကမ္မကို အလွယ်ခေါ်လိုက်သောအခါ ကံ ဖြစ်လာသည်။ ကံမကောင်းလျင် ဘာမှ မရပါ။
သို့သော် ဤပြည်ကြီး၌ နေထိုင်ကြသော လူအများတို့သည် မိမိတို့သည် တရားဓမ္မနှင့် နေထိုင်ကြသူများ ဖြစ်သည်ဟု ကြွားဝါလိုသူများဖြင့်သာ ပြည့်နက်နေသည်။ မယုံလျင် တရားစခန်းက ပြန်လာသည့် ယောဂီသူတော်စင်ဆိုသည့် သူများနှင့် စကားစမြည် ပြောကြည့်ပါ။ ကျွန်တော့်အနေဖြင့် တရားစခန်းဝင်သူများအားလုံး ဈာန်တခုခုရလာသည်ဟု ယုံကြည်ပါသည်။ သူတို့၏ အပြန်လမ်းတွင် သူတို့ခြေထောက်သည် မြေကြီးနှင့် သိပ်မထိချင်သလိုလို ဖြစ်နေသည် မဟုတ်ပါလား။ တရားစခန်း မဝင်နိုင်သူများကလည်း ကျွန်တော် ကျွန်မတို့လည်း သိပါတယ်နော် ဟွန့်ဟု မျက်စောင်းခဲလိုကြပြန်သည်။ ထို့ကြောင့် မနက်လည်း တရားခွေဖွင့်သည်။ ညလည်း တရားခွေဖွင့်သည်။ အလုပ်ရုံ၌ပင် နားနေချိန်တွင် နားနားနေနေ မနေဘဲ တရားခွေဖွင့်သည်။ ထိုအခါ ကမ္မ ဆိုသည့်ကံကို ကံကောင်းရန် ကုသိုလ်များများလုပ်ရမည် ဆိုသည့် ကိစ္စကို ယုံပါတော့သည်။ မမှန်သည်တော့ မဟုတ်။ မမှားသည်လည်း မဟုတ်။ တကယ်တမ်းမှာ “ငါ့စကောတပ်လာပြီ”ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး အောက်တွင် ကျရှုံးကြခြင်းမျှသာ ဖြစ်ပါသည်။ သူများ ပေးမှကမ်းမှ စားရမည့် ဘုန်းကြီးများကတော့ ပေးရန်ကမ်းရန်သို့ မရမက ဇာတ်လမ်းဆင် ဟောရမည်တည်း။
ကျွန်တော်လည်း လုပ်ဦးမှ ဖြစ်မည်။ လူတို့၏ အပြုအမူကိုကြည့်ရင်း ဆင်ခြင်သုံးသပ်မည်။ သုံးသပ်ရင်း လူတို့၏ ခံစားချက်ကို ရှာဖွေမည်။ လူတို့၏ ခံစားချက်ကို သိလျင် သူတို့၏ခံစားချက်နောက်ကို ရအောင်လိုက်မည်။ ထိုခံစားချက်ကို နှိုက်နိုင်သမျှနှိုက်ပြီး ယုံကြည်လာအောင် နည်းအစုံသုံး၍ လုပ်မည်။ ယုံကြည်လာသည့်အခါ ဈေးကွက်ထဲမှ ပစ္စည်းများကဲ့သို့ တန်ဖိုးတခုခု ကပ်ပေးမည်။ လူတို့က ထိုအရာကို တန်ဖိုးရှိသည်ဟု သတ်မှတ်လိုက်သောအခါ စစ်ဆင်ရေးလက်နက်တခု ဖြစ်သွားပြီ။ စိတ်ဓာတ်စစ်ဆင်ရေး တခု အောင်မြင်လေပြီ။ သမိုင်းမတင်မီခေတ်မှ ပါရှန်းတို့ပင် သုံးနေပြီ။ ထို့ကြောင့် “ငါ့စကောတပ်လာပြီ” ဆိုသော စကားလုံးမှာ မတော်တဆမဟုတ်ပါ။ သမိုင်းဆရာတို့၏ ညံ့ခြင်းသာ ဖြစ်သည်။ ဆိုက်ဝါးနှင့် ပတ်သက်သည့် နော်ဝေနိုင်ငံမှ Mayhem အဖွဲ့၏ Metal သီချင်းဖြစ်သော Esoteric Warfare သီချင်းကို နားထောင်လိုက်ဦးမည်။ နားကွဲမည်လား။ သူများဆဲမည်လား မသိနိုင်။ နားထောင်၍ မဖြစ်ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာလူထုအား အခြားသူများ ဆိုက်ဝါးထည့်ပြီးဖြစ်သဖြင့် ရေသာခို၍ အချောင်နှိုက်ဦးအံ့။ “အို စာဖတ်သူတို့ နောက်ဘဝတွင် ဒေတာများ ဖရီးကြိတ်နိုင်ရန် အခုပင် ငါ့အား ဖုန်းဘေလှူကြပါလော့”။
အမှန်မှာကား ကျွန်တော့်အနေဖြင့် မသိခြင်း၏ ဘေးအန္တရာယ်ကို သိပြီးနောက် သိခြင်းကို မည်ကဲ့သို့ ကြိုးစားကြရမည်နည်းဆိုသည့် အချက်ကို ပြောချင်သည်။ သို့သော် တက်ကျမ်းဆန်သွားမည်ကို စိုးရိမ်သဖြင့် တက်ကျမ်းအကြောင်းပြောရင်း နည်းနည်းလက်လွန်သွားသည်။ ကျွန်တော့်မှာ သရဲဝတ္ထုရေးသော စာရေးဆရာမတယောက်၏ ကြောက်စရာ လန့်စရာတွေ ရေးနေတဲ့အခါ ကိုယ့်ဇာတ်ကြောင်းအပေါ် ကိုယ်တိုင်ကလည်း တကယ်ကြောက်နေရင် ပိုပြီပြင်တာပေါ့၊ ဒါပေမယ့် စာလုံးတွေ ဘယ်ထွက်လာတော့ မလဲ ဟုဖြေသကဲ့သို့ဖြစ်နေချေပြီ။ ထိပ်ပုတ်ခေါင်းပုတ်တွေလည်း အရမ်းများနေပြီ။ သို့သော်လည်း ကျွန်တော်မှာ သရဲဝတ္ထုရေးနေခြင်း မဟုတ်ပါသဖြင့် မသိခြင်းအန္တရာယ်မှ ကင်းဝေးသည့် သိခြင်းလမ်းကို ရှာဖွေပုံ ရှာဖွေနည်းများကို မကျဉ်းမကျယ် မိန့်တော်မူဦးအံ့။
၁၉၉၁ ခုနှစ်တွင် Judith Bardwick ဆိုသည့်သူက အမေရိကန်စီးပွားရေးနှင့် ပတ်သက်၍ ရေးထားသည့် အန္တရာယ်ရှိတဲ့နေရာနှင့် သက်သာတဲ့နေရာဆိုသော စာအုပ်တအုပ်ကို ထုတ်ခဲ့သည်။ ထိုစာအုပ်မှ သက်သာတဲ့နေရာဆိုသော စာလုံးကို ယူ၍ စကော့တလန်လူမျိုး ဂီတပညာရှင်တဦးဖြစ်သည့် Alasdair White က သက်တောင့်သက်သာ နေထိုင်ခြင်းမှ ခုန်ထွက်ခြင်း သို့မဟုတ် ရုန်းထွက်ခြင်းဆိုသော ဆောင်းပါးကို ၂၀၀၈ တွင် ရေးခဲ့သည်။ ထိုဆောင်းပါးထဲမှ စကားတခွန်းကိုသာ ပြောပါမည်။ ခန့်မှန်း၍ ပြောခြင်းဖြစ်သည်။ အင်္ဂလိပ်စာ မတတ်ပါ။ ထိုစာကိုလည်း ကူးမတင်ရဲပါ။ ကမ်းမရှိသော သင်္ဘောဖြစ်နေမည် စိုးသည်။ သူ့ဆောင်းပါးတွင် မည်သူက မရုန်းထွက်ခဲ့လျင် ဤကမ္ဘာကြီး၌ မည်သည့်အရာတို့ ရှိမလာနိုင်ပါ စသဖြင့် ရေးထားပါသည်။ သူရေးလိုက်သည့်စာမှာ “သင့်စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် စတင်လိုက်ခြင်းသည် စိတ်ဖိစီးမှုအမျိုးမျိုးနှင့် စတင်မိတ်ဖွဲ့လိုက်ခြင်းဖြစ်သည်” ဟူ၍ဖြစ်၏။ ဤကားသူ့ဆောင်းပါအစဖြစ်၏။ ၁၈ မျက်နှာ ရှိသဖြင့် မိမိတို့အစွမ်းဖြင့်သာ ရှာကြပါကုန်။ ကျွန်တော့်အနေဖြင့် တောင်ကုန်းဘက်သို့သာ ပြန်သွားလိုနေပါသည်။
ယခု ကျွန်တော်ရေးပြမည့် စံအိမ်သည် ရှမ်းရိုးမတောင်တန်းများကြားတွင် ရှိသော တောင်ကုန်းတခုပေါ်မှ စံအိမ် တလုံးအကြောင်း ဖြစ်သည်။ သို့သော် ရှမ်းရိုးမဘက်ကို မရောက်ဖူးပါက တော်တော်စိတ်ရှုပ် နိုင်ဖွယ်ရှိသောကြောင့် သက်တောင့်သက်သာဖြင့် ဇိမ်ကျကျမနေမူ၍ အနည်းငယ် စိတ်ညစ်ခံလိုက်ပါဟု တွန်တွန်းလိုက်ခြင်းသာ ဖြစ်ပါသည်။ မဟုတ်လျင် ကျွန်တော် ငယ်ငယ်က ဒိုးပတ်ဆိုသော စကားလုံးကို မည်သို့မှ နားမလည်ဘဲ ကျွန်တော်တို့ ကစားသည့် ဒိုးများ ခါးမှာပတ်ထားသည်ဟုသာ နားလည်ခဲ့သလို ဖြစ်မည်စိုးသောကြောင့် ဖြစ်သည်။ ပြောရလျင် မြန်မာဖတ်စာတွင် နားမလည်ခဲ့သော အရာက တော်တော်များခဲ့ပါသည်။ ငယ်ငယ်က သင်ခဲ့ ဖတ်ခဲ့သောစာများ၌ ရှမ်းရိုးမကိုတော့ ရှင်းရှင်းလင်းလင်း သိခဲ့ပါသည်။ သို့ရာတွင် ရခိုင်ရိုးမကိုကား မသိပါ။ အစက ရိုးမများ အားလုံးအတူတူဟု ထင်သည်။ နောက်မှ မတူနိုင်ခြင်း အကြောင်းတခုကို တွေ့ရှိသည်။ ပဲခူးရိုးမကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် သိအောင်လုပ်မှ သိမည်ဖြစ်ကြောင်း ပြောလိုသည်။ အောက်ပြည်က စကားများလို “မခက်ဘူးဆိုရင်ဖြင့် တချက်လောက်” ဟု မရ။ သိရှိဖို့ မည်မျှ ခက်ခဲပါစေ၊ စိတ်ညစ်ရပါစေ။ ထို့ ခက်ခဲမည့်အလုပ် စိတ်ညစ်ရမည့်အလုပ်ကိုသာ လုပ်ပါ ဟုတိုက်တွန်းလိုက်ပါသည်။
ကျွန်တော့်အနေဖြင့် ထိုတောင်ကုန်း ရှိနေသည့် အနီးဆုံးမြို့ကို ပြောမည်လုပ်တော့ အောက်ပြည်အောက်ရွာက လူများ၏ အထူးအဆန်းဆိုသောအရာကို ကျွန်တော့်အနေဖြင့် ရှေးဦးစွာ ထူးဆန်းပြချင်ပါသေးသည်။ နောင်ချိုတိမ်ပင်လယ်နှင့် ဘားနတ်ရွာ ရေခဲခြင်းဆိုသည့် ကိစ္စပင်ဖြစ်သည်။ ကျွန်တော့်ဝသီကြောင့်လည်း ဖြစ်ချင်ဖြစ်ပါမည်။ ကျွန်တော့်အတွက် ထူးဆန်းရသည် ဆိုသောအရာများသည် သူများက ထူးဆန်းသည်ဟု ပြောသည့်အရာနှင့် သိပ်တူနေလေ့မရှိပါ။ ကျွန်တော် မန္တလေးတွင် နေတုန်းက နေ့စဉ်သတင်းစာ အမြဲယူသည်။ ဤတစ်နှစ်က ကြေးမုံဆိုလျင် နောက်တစ်နှစ်က မြန်မာ့အလင်းယူသည်။ ရတနာပုံသတင်းစာလည်း ရှိပြီဖြစ်သဖြင့် ရတနာပုံကိုလည်း ယူသည်။ တစ်လမှ နှစ်ထောင်ကျပ်ဖြစ်၍ ဘာအခက်အခဲမှ မရှိဘဲ ယူနိုင်၏။ မနက်ခင်း သတင်းစာဆိုသော်လည်း ညနေ ၄ နာရီမှ ရ၏။ ကျွန်တော်တို့လည်း ညနေ ၄ နာရီမှ အားလပ်ချိန်ရသည်နှင့် ကွက်တိဖြစ်၏။ အတန်းက ပြန်လာသည်နှင့် ကျောင်းရှေ့က ခုံပေါ်တွင်ထိုင်၊ သတင်းစာဖတ်၏။ ကျွန်တော်တစောင်ဖတ်လျင် သူတစောင်ဖတ်တတ်သော သူငယ်ချင်း တယောက်ရှိ၏။ သူက နေဝင်းမြင့်တို့ ဂျူးတို့၏ ကုန်းဇောင်း ဇာတိသားဖြစ်သည်။ သူက ဟာ ဟျောင့် ဘာဖြစ်ကုန်ပြီ၊ ဟိုဟာတဲ့ကွ ဟု အမြဲတမ်း အံ့အားသင့်ပြသည်။ အံ့အားသင့်ပြသည်ဟူ၍လည်း မဟုတ်ပါ။ တကယ် အံ့အားသင့်စရာ ကိစ္စတွေလည်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။။ သူက မင်း ဒါမဖတ်လိုက်ဘူးလားဟု မေးလျင် ကျွန်တော်က ဖတ်လိုက်ကြောင်းပြော၏။ ကျွန်တော် အံ့ဩတကြီးမဖြစ်သည့် အရာများမှာ တရက်လည်းမဟုတ် နှစ်ရက်လည်းမကတော့သဖြင့် နောက်ဆုံး သူကပင် ကျွန်တော့်ကို အံ့ဩရတော့၏။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေခင်းတွင် ကျွန်တော် သူ့ကို သတင်းတပုဒ်ပြ၏။ ၁၁ ရက်ညနေလား သေချာ မမှတ်မိတော့ပေ။ “ဒီသတင်း ထူးခြားလား” ဟုမေးလိုက်သည်။ သူက ကျွန်တော်ပြသည့် သတင်းစာအပိုင်းကို ဖတ်သည်။ ကျွန်တော့်အတွက် ထိုသတင်းက မအံ့ဩသေးဘူးလားဟု သူမေးသည်။ ကျွန်တော်ကလည်း သေချာပြန်မေးပါသည်။ “အံ့ဩပေးရမလား” ဟူ၍ဖြစ်သည်။ ကြေးမုံသတင်းစာ နောက်ဆုံးစာမျက်နှာ၏ အောက်တဖြတ်တွင် ပါလာသော ကမ္ဘာ့ကုန်သွယ်ရေးတိုက်ညီနောင်အား လေယာဉ်ဖြင့် တိုက်ခိုက်ခံရသည့် သတင်းဖြစ်ပါသည်။
ကျွန်တော်က သတင်းစာကို ရွှေဘိုဆရာတော် ပြောသည့် သူ့သူငယ်ချင်းလိုဖတ်သူလည်း မဟုတ်ပါ။ ရွှေဘိုဆရာတော် မိန့်ပြတော်မူခဲ့ဖူးသော သူ့သူငယ်ချင်း ရှမ်းပြည်မှ ဦးပဇင်းတပါးသည်လည်း သတင်းစာ ယူသည်။ ထိုဦးပဇင်းကလေးသည် သတင်းစာကို ယူသာယူသော်လည်း မဖတ်ပေ။ မဖတ်ဘူးဟုလည်း မဆိုသာပြန်။ ထိုဦးပဇင်းက သတင်းစာမှ သတင်းတချို့ကို သူ့မှတ်စုထဲသို့ အသေအချာပင် ကူးထည့်ထားသေးသည် ဟုဆိုသည်။ အခြားမည်သည့်စာမျက်နှာမှ မလှန်။ သူကူးချင်သော စာမျက်နှာကိုသာ လှန်ခဲ့သည်။ သူသဘောကျသည့် သတင်းဆိုလျင် ရက်စွဲပါမကျန် အကုန်အတိအကျ ကူးသည်။ သူကူးခဲ့သော သတင်းများမှာ စာမျက်နှာ ၁၅ မှ သတင်းများ ဖြစ်သည်။ တခြားသတင်းလည်း မဟုတ်။ အဘယ့်ကြောင့် စစ်တပ်နှင့် ပတ်သက်သော သတင်းများကိုသာ ကူးယူသနည်းဟု ရွှေဘိုဆရာတော်က မေးသည်။ ထိုအခါ ထိုဦးပဇင်းက ငါတို့ကို ဒုက္ခပေးခဲ့တဲ့ကောင်တွေ သေတာကို ကြည့်ပြီး ဝမ်းသာချင်လို့ဟု ဆိုသတတ်။ ရွှေဘိုဆရာတော် ကျွန်တော့်စာကို မဖတ်ဟု ယူဆ၍ ရေးလိုက်ခြင်းသာ ဖြစ်ပါသည်။ သူစုံစမ်းခိုင်းထားသော ထိုဦးပဇင်းအားလည်း ခုထိ မစုံစမ်းဖြစ်သေးပေ။ အားနာလှပါ၏။ ကျွန်တော့် သတင်းစာဖတ်ပုံမှာ ရွှေဘိုဆရာတော် ပြောသော သူ့သူငယ်ချင်း သတင်းစာဖတ်ပုံမျိုးလည်း မဟုတ်။
အံ့ဩစရာများကို မအံ့ဩတတ်ခြင်း အကြောင်းများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ မစဉ်းစားတတ်။ ကျွန်တော် နေခဲ့သော ရှမ်းပြည်က ရွာအခြေအနေကြောင့် ဖြစ်နိုင်လေမည်လား။ ကျွန်တော့်ကို မွေးခဲ့သော ရွာသည် အညိုရောင်နယ်မြေမှ ရွာတရွာဖြစ်သည်။ ထို့ဝေါဟာရကြောင့် စာသင်ကျောင်းပင် မရှိခဲ့။ ရွာမှ အမျိုးသမီးတယောက်နှင့် အိမ်ထောင်ကျသော သမဝါယာမဝန်ထမ်းတဦးမှ ဆယ်တန်းအောင်စ အင်းသူမငယ်တဦးကို ရွာခန့်ပြုလုပ်ပေးခဲ့ခြင်းကြောင့်သာ စာသင်ခဲ့ရသည်။ ကျွန်တော့်ကျောင်းနေဘက်များသည် လူပျိုအပျိုများ ဖြစ်သည်။ ကျောင်းသားသူ ၂၅ ယောက်ခန့်တွင် စာလာသင်ပေးသော ဆရာမထက် အသက်ကြီးသူ လေးငါးယောက်ပင် ပါ၏။ အညိုရောင်နယ်မြေ၏ ဆိုးကျိုးပင် ဤမျှရှိလျင် အနက်ရောင်ဟု သတ်မှတ်ကာ ဖြတ်လေးဖြတ် ဒဏ်ခံနေရသာ မောက်မယ်မြို့နယ်၊ ဟိုနမ်းဒေသမှ စခန်းချနေသည့် ရလလဖမှ ၁၉၆၈ ခုနှစ်တွင် ခွဲထွက်ပြီးနောက် ပအလဖအမည်ဖြင့် လက်နက်ဆက်ကိုင်နေသော ပအိုဝ်းစစ်တပ်သည် သုံးကြိမ်မြောက် လက်နက်နှင့် ငြိမ်းချမ်းရေး မဆွေးနွေးစရာ မရှိ။ ထိုဒေသတွင် ဆားသည်ပင် မှောင်ခိုပစ္စည်းဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ကျွန်တော့်ရွာနယ်မြေကို မည်သူက မည်သို့ကြောင့် အညိုရောင် နယ်မြေဟု သတ်မှတ်ခဲ့သနည်း။ ကျွန်တော်နေခဲ့သော ရွာသည် ရှမ်းပြည်ကို အုပ်ချုပ်သော စော်ဘွားများ၏ စစ်တိုက်မလား ခွဲဝေအုပ်ချုပ်ခံမလား ဆိုသည့် ညှိနှိုင်းမှုတွင် ဒုတိယတခုကို ရွေးခဲ့သောကြောင့် အယ်လီဇဘက်၏ အာဏာသို့ အလိုအလျောက် သက်ရောက်ခဲ့သော်လည်း ထိုအမျိုးသမီးကြီး၏ စစ်သားများ မရောက်ခဲ့။ ကြံစိုက်ပျိုးသည့် နည်းပညာနှင့် ကြံပျိုးပင်များသာ ရောက်ခဲ့သည်။ ထိုကြံကို စိုက်ပျိုးခဲ့သော အခြားရွာကြောင့်လည်း ငယ်ငယ်ကတည်းက လမ်းပန်းဆက်သွယ်ရေး ကောင်းခဲ့သည်။ ထို့ကြောင့် တောင်ကြီးမြို့ပေါ်တွင် ရုရှားတို့ ဆောက်ပေးသည့် ဆေးရုံကို ဆေးတက်ကုရမှန်း သိကြသည်။ ရှေးတုန်းကတော့ ရုရှားဆေးရုံဟု ခေါ်သည်။ ကျွန်တော်တို့ ရွာဘက်က လူတွေကတော့ ရုရှားကို မသိပေ။ လျက်ဆားဆေးရုံဟု ခေါ်သည်။ ရုရှားတွေ ဖော်သွားသော တောင်ကြီးမြို့မှ ရေဝေကန်ကိုလည်း ရုရှားကန်ဟု အဖန်ဖန်ကြားရပါလျက် လျက်ဆားကန်ဟုသာ ခေါ်ကြသည်။ ဗမာစကားဖြင့် ရုရှားကိုပြောသောအခါ လျက်ဆားဆိုသည့် အသံနှင့် ခပ်ဆင်ဆင် ထွက်သည်ကြောင့် ဖြစ်မည်။ သို့မဟုတ် ထိုခေတ်အခါ၌ ဈေးတွင် လက်ဝါးပြရင် လျက်ဆားရမယ်ဟု လျက်ဆားအော်ရောင်းသူများ အမြဲရှိကြသောကြောင့် ဖြစ်မည်။ သို့သော် ဗိုလ်ချုပ်သွားခေါ်ခဲ့သည့် ဂျပန်ကတော့ ပြေးရင်းလွားရင်း ရောက်ခဲ့သည်။ ကျွန်တော်တို့ ရပ်ရွာသည် ဂျပန်ခေတ်ဆိုသည့် ခေတ်တွင်သာ ပစ်သံ ခတ်သံ ကြားခဲ့ရဖူးသည်။ ထိုတကြိမ်သာ ဖြစ်မည်ဟု ထင်သည်။
ထို့ကြောင့် ကျွန်တော်တို့ ရွာသည် ရှမ်းပြည်၌ ရှိသော်လည်း အတော်အေးချမ်းခဲ့သော ရွာဖြစ်ခဲ့သည်။ နယ်ချဲ့ကို တွန်းလှန်၊ သူ့ကျွန်မခံကြနှင့်၊ သခင်မျိုးဟေ့ဆိုသည့် သူများက လွတ်လပ်ရေးရပြီဟု ကြေငြာပြီး နိုင်ငံကို အုပ်ချုပ်သည့်နောက်ပိုင်းမှ ကျွန်တော်တို့ရွာဘက်ဆီသို့ ကျွန်တော်တို့ကို စောင့်ရှောက်ပေးနေသည်ဆိုသော ပအိုဝ်းစစ်သားများ သေနတ်တကားကားဖြင့် ရောက်လာ၏။ ဆက်ကြေးမထည့်သည့်သူကို ဖမ်းဆီးကာ ကျွန်တော်တို့ ရွာအမြောက်ဘက်တွင် ရှိသော တောင်တခုတွင် သုတ်သင်၏။ ကျွန်တော်တို့ကို သံသယဖြင့် လာကြည့်သော ဗမာစစ်တပ်မှ စစ်သားများက သေနတ်တကားကားဖြင့် ရောက်လာ၏။ စပါးမရောင်းပေးနိုင်သောသူကို ဖမ်းဆီးသွား၏။ ထို အဖမ်းခံသူ ပြန်မလာခဲ့။ ပြီးလျင် အညိုရောင်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။ တိုင်းရင်းသားများ ဗမာဆိုသည်ကို ရွံကြောက်မုန်းဖြစ်ရသည့် အကြောင်းတခု ဤနေရာတွင် ပြောပြချင်သည်။ ရွာထဲသို့ ဗမာလိုအော်သော အရောင်းသည်တယောက် ဝင်လာသည်။ ထိုသူပြန်သွားသည့်နောက် တရက် နှစ်ရက်ခန့်တွင် ဗမာစစ်ကြောင်းထိုးသည်။ ထိုစစ်ကြောင်းသည် ရွာအတွင်း ဘယ်နေရာ ဘာရှိသည် ဘယ်သူရှိသည်ကို မမှားမယွင်း ရှာဖွေသွားလေသည်။ ဤအခြင်းအရာမျိုးကား တကြိမ်တည်း မဟုတ်ပါပေ။ စစ်တပ်သည် ဗမာစကားကို ချနင်းသွားခဲ့သည်။ သို့သော်လည်း ထိုချိန်က ဗမာများကိုယ်တိုင် စစ်တပ်ကို အကြွင်းမဲ့ ယုံခဲ့သည်။ အရင်းစစ်လိုက်လျင် ထိုခေတ်က စာရေးဆရာများကြောင့် ဖြစ်မည်ထင်ပါသည်။ သူတို့က သတင်းစာဖတ်ဖို့ အမျိုးမျိုးအဖုံဖုံ တိုက်တွန်းခဲ့ကြသည်။ သတင်းစာကို မဖတ်လျင် လူအ,ဖြစ်မည် လူမိုက်ဟုပင်ဆိုသင့်သည် စသည်အထိ ပြင်းပြင်းထန်ထန်ပင် ပြောခဲ့ကြသည်ကို မှတ်မိပါသည်။ သူပုန်ဆိုသော စကားကို အတင်းအဓမ္မပင် လက်ခံခိုင်းစရာမလိုခဲ့။ လက်နက်ကိုင် သူပုန်၊ တောတွင်းသူပုန်များဖြစ်ကြသည့် ဗမာစစ်ကြောင်းလည်းဝင် ပအိုဝ်းစစ်ကြောင်းလည်းဝင်သော ကျွန်တော်တို့ရွာသည် လက်နက်ကိုင်များ အသွားအလာရှိမှုဖြင့် အညိုရောင်ဆိုသည့် နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
အညိုရောင်နယ်မြေဖြစ်သည့်အလျှောက် စစ်ပွဲမရှိခဲ့။ သို့သော် ကြားဖြတ်အနိုင်ကျင့်ခံရသော ရွာဟု ပြောလျင် မမှား။ ကျွန်တော်တို့ရွာကို ပအလဖ အမည်ဖြင့် တပ်ပြန်ဖွဲ့ထားသော ပအိုဝ်းဖြူတပ်ခေါ်သည့် တပ်က ဆက်ကြေး လာကောက်သည်။ သူတို့က တစ်နှစ်လျင် နှစ်ကြိမ် လာကောက်သည်။ လာကောက်လျင်လည်း အမြဲတမ်း မတန်တဆပေးရသည်။ ကျွန်တော့်အိမ်က သူကြီးအိမ်နှင့် ကပ်လျက်ဖြစ်သဖြင့် သူကြီးတို့ ရွာသားများနှင့် တိုင်ပင်သံ ညည်းသံကို အစဉ်အမြဲလိုလို ကြားခဲ့ရသည်။ ကျွန်တော်၏ ငယ်ငယ်ကတည်းက လူကြီးစကားပြောလျင် ဝင်ဝင်နားထောင်တတ်သော အကျင့်ကြောင့်လည်း ဖြစ်ပါသည်။ ထိုချိန် မည်သူမှ ရွာသူကြီး မလုပ်ချင်ဆုံးကာလတခု ဆိုလည်း မမှားပေ။ သူတို့က ပအလဖမှ ကျွန်တော်တို့ရွာတွင် ဆက်ကြေးလာကောက်သည်ဆိုကာ ရွာအပြင်ဘက် တောအုပ်ထဲတွင် စခန်းချနေထိုင်သည်။ အနည်းဆုံး သုံးရက်မှ တပတ်အထိ နေတတ်သည်။ စားစရာ ချက်ပြုတ်ပို့ပေးရသည်။ ဟင်းမကောင်းပါက အထောင်းခံရသည်။ တခါက သူတို့ ထိုကဲ့သို့ နေနေချိန် ရွှေညောင်မြို့ အရှေ့ဘက် အောင်သပြေ ၉၄ တပ်မှ စစ်ကြောင်းဆင်းသည်။ ရွာသူကြီးဆိုသူမှာကား ဘယ်ဘက်ကလာလာ မထောင်းသာပါချေ။ ဟိုဘက်ကလာလျင်လည်း ဒီဘက်က လာမလာစစ်သည်။ ဒီဘက်ကလာလျင်လည်း ဟိုဘက်က လာမလာ စစ်သည်။ မည်သည့်ဘက်ကမှ မေးခွန်းကို ရိုးရိုး မမေးတတ်ကြသူမပါ။ လက်ထဲ ကိုင်ပြီး ရွယ်ထားသည်က သေနတ်ဒင်မရှိလျင် မေးခွန်းကို မေ့တတ်သောကြောင့် ထင်ပါသည်။ မရှိဘူး မသိဘူးဟု ပြောလျင် ပိုဆိုးနိုင်သဖြင့် ပအလဖ ရှိကြောင်း ပြောရသည်။ အချိန်က ညနေဘက် နေဝင်ရီတရော အချိန်ခန့်ဖြစ်သည်။ မည်သူက မည်သူ့ကို ကြောက်သလဲ မသိ။ သေနတ်သံများ ထွက်လာသည်။ ဟိုဘက်လေးငါးချက် ဒီဘက်လေးငါးချက်သာ ဖြစ်သည်။ ခြောက်ပစ်ပစ်ခြင်း ဖြစ်သည်။ ရောင်းစားဖို့ ကျည်ကုန်သွားမည်စိုးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုအခါက တကြိမ်။ နောက်တကြိမ်ကျ ရွာထဲမှ ဓားပြတဦးကို လာဖမ်းခြင်းဖြစ်သည်။ ပလီစိခြောက်ချက် ဓားပြမဟုတ်။ စစ်တပ်ကိုမှ ဓားပြတိုက်သော ဓားပြ။ အဖွဲ့လိုက်လည်း မဟုတ်ဘဲ တယောက်တည်းဖြစ်သည်။ ထိုသူ မရှိမှန်း သိသော်လည်း ရွာထဲ သေနတ်တွေ တောက်လျောက်ဖောက် ဝင်လာပြီး ဝင်ဖမ်းသည်။ ကားဖြင့် လာခြင်းလည်း မဟုတ်။ မြင်းဖြင့် လာကြသည်။ သေနတ်သံ၊ မြင်းဟီသံတို့ဖြင့် တရွာလုံး ညံနေ၏။ မရှိသောသူကို မရှိမှန်း သိသိကြီးနှင့် လာဖမ်းသည်ဖြစ်ရာ မိစရာမရှိသဖြင့် သူ့ဆွေမျိုးသားချင်းအကုန် ဖမ်းသည်။ အမျိုးသမီးချည်းချည်း ပါသွားသဖြင့် နောက်နေ့၌ ယောက်ျားသားများ လိုက်အဖမ်းခံရသည်။ ရိုးရိုးဖမ်းထားခြင်းမဟုတ်ဘဲ ထိုသူ ပြန်အဖမ်းမခံသည့် ၇ ရက်လုံးလုံး အားလုံးကို စိတ်ထင်တိုင်း နှိပ်စက်သည်ဟု ဆိုပါသည်။ ဟုတ်မဟုတ်တော့ မသိ။ ပြန်ရောက်လာသည်ကို တလလောက်ကြာမှ သွားခိုးကြည့်ရဲသည်။ ဘာမှဖြစ်ပုံမရကြပေ။ ကျွန်တော့်ရွာတွင် သေနတ်သံ ကြားဖူးသော အချိန်ဟူ၍ ထိုနှစ်ချိန်သာ ရှိပြီး ကျွန်တော်ကလည်း သိပ်ပြီး မတွေးတတ်ခဲ့။ သို့သော် ကြောက်ရမည်မှန်းတော့ သိသည်။ အကြောင်းကား ယောက်ျားသားမများ မရှိတော့သော ရွာတွင်း၌ ကျန်ခဲ့သည့် မိခင်၏ မျက်နှာကြောင့် ဖြစ်ပါသည်။ ပြီးတော့ မိခင်ဖြစ်သူ၏ သူ့သားသမီးများကို မည်သည့်နေရာတွင် နေခိုင်းနေခိုင်း သူမခမျာ တုန်လှုပ်နေသည်ကို တွေ့ရသည်။ စောင်အထပ်ထပ်ကြား ကျွန်တော်တို့ ကြောက်ရမှန်းမသိပါဘဲလျက် ကြောက်ခဲ့ကြဖူးလေသည်။ ထိုကြောက်ခဲ့ဖူးခြင်းသည် အံ့ဩစရာများကို ကန့်သတ်ပစ်သလား မပြောတတ်။ ကြောက်ခြင်းသည် hippocampus ဆိုသည့် ဦးနှောက်၏ အစိတ်အပိုင်း ချို့ယွင်းခြင်း ဒဏ်ကို ကျွန်တော်ခံခဲ့ရသည်လား မသိပေ။
ထိုအရာကြောင့် မဟုတ်ဘဲ တောင်ကြီးတွင် နေစဉ် ကျွန်တော့်မှာ ပျင်းရိသူပီပီ ညနေပိုင်း ဆွမ်းချိုမ့်ပို့သည်။ နောက်နေ့ ဆွမ်းခံမသွားရ၊ စာမကျက်ရဘဲ နောက်တမနက်၌ ဆွမ်းကျိုင့်ကို သွားယူသည်။ ဆွမ်းချို့ပို့ရင်း တောင်ကြီးမြို့၏ မြောက်အစွန်ကျကျ ကြိုဆိုပါ၏ ဆိုင်းဘုတ်နှင့်ပင် ၃ ဖာလုံဝေးသော ကျောင်းမှသည် စာရေးဆရာ ငွေဥဒေါင်းနောက်ဆုံးခေါင်းချသွားသော သပြေပင်ရပ်ကွက်ရှိ “အတွေးသစ်” ဆိုသည့် စာအုပ်အငှါးဆိုင်ကို ညနေတိုင်း ရောက်သည်။ “ထိုညက လကွယ်ညဖြစ်၏၊ ညသည် ကြယ်ရောင်များပင် မတိုးနိုင်လောက်အောင် မည်းမှောင်လျက်ရှိသည်။ ထို မည်းမှောင်နေသော ည၏ တနေရာတွင်ကား ဓားသံများ တချွင်ချွင် မြည်နေ၏။ ဟုတ်ပါသည်။ ဓားသမားနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြ၏” စသော စာမျိုးကိုသာ ဖတ်ခဲ့၍ ဖြစ်မည်။ ကျွန်တော့်အံ့ဩတတ်မှုက သေသွားသည်တော့ မဟုတ်ပေ။ နောင်ချို တိမ်ပင်လယ်၊ ဘားနက်ရွာ ရေခဲသည်ကို မအံ့ဩသော်လည်း တောင်ကြီးက ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်သော လူငယ်တသိုက်မှ နောင်ချိုတိမ်ပင်လယ်ကို သွားကြည့်ကြသည်ကိုတော့ အတော်ပင် အံ့ဩခဲ့ပါသည်။ သူတို့အားလုံး စိတ်ပျက်လက်ပျက်နှင့် တိမ်ပင်လယ်ဆိုတာ ဘာများလဲလို့ကွာ ငါ့လခွမ်းဆိုသော အမူအရာများနှင့် ထိုတိမ်ပင်လယ်ဆိုသည်ကို နားမလည်ခဲ့သော သူတို့ကို အံ့ဩခဲ့ခြင်းဖြစ်သည်။ ဒင်းတို့လည်း ဤစာကို ဖတ်မည်မဟုတ်ဟု ယုံကြည်သဖြင့် ခပ်တည်တည်ဖြင့် ထည့်လိုက်ပါသည်။ သူတို့ ရိုက်ခဲ့သော ဓာတ်ပုံများ ပြန်ကြည့်ရင်း ရယ်နေကြသေးသလားတော့ မပြောတတ်။
ဤနောင်ချို၏ တိမ်ပင်လယ်၊ မိုးကုတ်မြို့နယ်ထဲရှိ ဘားနက်ရွာ၏ ရေခဲချိန်ကာလတို့ကို ပြောရခြင်းမှာ အခု ကျွန်တော်ပြောသည့် တောင်ကုန်းပေါ်က စံအိမ်နှင့် အနီးဆုံးရှိသော မြို့ကလည်း ရေခဲခြင်းနှင့် တိမ်ပင်လယ်မပြတ်ရှိသော ပင်လောင်းမြို့ ဖြစ်သောကြောင့်ဖြစ်သည်။ ပင်လောင်းမြို့သည် ပါစကယ်ခူးသွယ်ရေးပြီး သင့်လူဘာသာပြန်ပေးခဲ့သည့် အစိမ်းတို့မြေဖြစ်သော ဖယ်ခုံမြို့၏ မြောက်ဘက် ၃၂ မိုင်၊ ပြာစိမ်းစိမ်းတို့၏ မြေဖြစ်သော နေပြည်တော်၏ အရှေ့ဘက် ၇၁ မိုင်၊ ယွန်းလူမျိုးဟု ရှမ်းပြည်ဘက်မှ ခေါ်ဆိုကြသော ရှေးခမာလူမျိုးတို့၏ မြို့ဖြစ်သော စံကားမြို့ဟောင်း၏ အနောက်ဘက် ဖိုးအိုဖိုးနောက်ဖောင်း မိုင်။ ယောင်သွားပါသည်။ ၁၂ မိုင်ခန့်သာ ရှိလေ၏။ ထို့နောက် လက်ရှိ ရုပ်မြင်သံကြားတွင် သရုပ်ဆောင်ကြသော အများအခေါ် ဘောမသရုပ်ဆောင်များအနေဖြင့် မဖြစ်မနေ ဓာတ်ပုံလာရိုက်ကြရသည့် ကလောမြို့၏ တောင်ဘက် ၄၈ မိုင် အကွာအဝေးတွင် ရှိသော မြို့ဖြစ်သည်။ ၎င်းတို့ ဓာတ်ပုံလာလာရိုက်နေကြရသော ဗျိုက်တောင်ခေါ် နန်းအွန်တောင်ပေါ်တွင် ကျွန်တော် အမြဲစိတ်ကူးယဉ်သည့်အချက်က အခု ကျွန်တော်ပြောမည့် စံအိမ်မျိုးကို ဆောက်လိုသည့်ခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေရှိသည်ကိုသာ တွေးရသည်ဆိုသဖြင့် ထိုဒေသ၏ ရေရှားပါးမှုကိုပါ ထည့်တွေးပါသည်။ ထိုအခါ အတွေးက နည်းနည်းညစ်ပတ် သွားပါတော့သည်။ ညစ်ပတ်ဆိုပါက နည်းပါသေးသည်။ ယုတ်မာခြင်းသာ ဖြစ်သည်။ ကျွန်တော်၏ ယုတ်ယုတ်မာမာတွေးသည့် အတွေးကို ဖော်ပြရလျင် လက်ရှိမြင်နေရသည် ကျောက်တံတိုင်းပြင်ကြီးအပြင်ဘက်တွင် အိမ်သာထားမည်။ အိမ်သာအား ခေတ်အမီဆုံး ပုံစံဖြင့်ဆောက်မည်။ အတွင်းဘက်တွင်ကား ရှေးခေတ် တောအိမ်သာစနစ်ကို ကျင့်သုံးမည်ဟူ၍ ဖြစ်သည်။ ထိုတောင်နှင့် နောက်ခံရိုက်ထားသော ထိုသရုပ်ဆောင်များ၏ ဓာတ်ပုံများ တခါတက်လာတိုင်း ကျွန်တော်တခါတွေးမိသည်။ ထိုနေရာတွင် ရောင်းလျက်ရှိသော ကော်ဖီဆိုင်ကိုကား အားနာပါသည်။
ကျွန်တော်ပြောချင်နေသည့် ပင်လောင်းမြို့အနီးမှ တောင်ကုန်းပေါ်ရှိသော စံအိမ်အကြောင်း မပြောမီ စံကားမြို့ဟောင်းနှင့် ပတ်သက်၍ ပြောချင်သေးသည်။ ထိုစေတီကို ယွန်းလက်ရာစေတီဟု ပြောလိုက်မိသောကြောင့်ဖြစ်သည်။ ပြောချင်ရသည့် အကြောင်းရင်းက ရှမ်းပြည်၏ တနေရာရာတွင် ရှိသော စေတီဟောင်းများ ပြိုပျက်သွားသည့်အခါ ရောက်လာကြသော ဆရာတော်ကြီးများ၊ ဆရာတော်ထက်ကြီးသော သူများ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုသည့်အဖွဲ့များ၊ ဒေသအတွင်း အာဏာရှိသော အာဏာရှင်အုပ်ချုပ်သူများ၊ ဟိုအဖွဲ့ခန့် ဒီအဖွဲ့ခန့် ဒေသအတွင်း အာဏာရှင်အုပ်ချုပ်သူများ၊ ငွေရှိသဖြင့် မိမိကိုယ်ကို ဒေသအကြီးအကဲ ပြန်ခန့်သည့် ငွေအားသုံး အာဏာရှင်များကို ပြောချင်ပါသည်။ စေတီအတွင်း တွေ့ရသော ဆင်းထုတော်ငယ်များ၊ အသုံးအဆောင်များ၊ ဓာတ်တော် မွေတော်များ၊ ကွာကျသွားသော စေတီတွင် ပေါ်လာသည့် ဆေးသားများကို ကြည့်၍ “ဒါ ယွန်းလက်ရာပဲ” ဟု တညီတညာ ကောက်ချက်ချကြပါလျက် နောက်ဆုံးတွင် အဘယ့်ကြောင့် “မူလ အလှူရှင် အလောင်းစည်သူမင်းကို ဦးထိပ်ထားလျက်” ဆိုပြီး ကမ္ပည်းထိုးကြရသနည်း။ ပစ္စည်းတခုတွေ့လျင် ဒါ ယွန်းလက်ရာပဲ။ စေတီငယ်ပုံတခု တွေ့လျင် ဒါ ယွန်းလက်ရာပဲစသဖြင့် စေတီတဆူလုံး ယွန်းလက်ရာဖြစ်ပြီးကာမှ အလောင်းစည်သူမင်းက ဒီနေရာလည်း ရောက်ခဲ့တာပဲဟု ပြောကာ နောက်ဆုံး ဒီအလောင်းစည်သူမင်းဆီကိုသာ အဆုံးသတ်နေကြသနည်း။ နိုင်ငံတကာနှင့် ချစ်ကြည်ရေးဆက်ဆံရ၊ စီးပွားရေးအတွက် ကြိုးပမ်းရ၊ နိုင်ငံကာကွယ်ရေး လုပ်ဆောင်ရ၊ တိုးတက်ရေးလုပ်ရ၊ နိုင်ငံတွင်း အုပ်ချုပ်ရေး မပျက်ပြားအောင် လုပ်ဆောင်ရသည့်ကြားက အလောင်းစည်သူမင်းသည် ရှမ်းပြည်တပြည်လုံးတွင် ရှိသည့် မြို့များနေရာများတွင် စေတီတည်ခဲ့သည့်အပြင် တမြို့ပြီးတမြို့ ကျိန်စာတိုက်ဖို့ ဘယ်က အချိန်ကို သွားယူခဲ့သနည်း။ အလောင်းစည်သူမင်းက ဘယ်မြို့ကို ဘယ်ကဲ့သို့ ကျိန်စာတိုက်ခဲ့သည် ဆိုသည်ကို ရှမ်းပြည်က ရှေးရိုးစွဲများအား မေးကြည့်လျင် သိနိုင်ပါသည်။ ကျွန်တော်ကား မသိပါ။ ထိုအလောင်းစည်သူဆိုသည့် လူကြီးကိုလည်း မယုံပါ။ ကျွန်တော်က ထိုလူ့အကြောင်း စကားစပ်မိတိုင်း ပစ်ပစ်ခါခါ ပြောပစ်သည်။ ထိုအခါ ရှေးခေတ်က လူတွေရဲ့ဘုန်းကံကို မင်းနားမလည်ပါဘူးကွာဟု ဘုန်းကြီးတပါးမှ ကျွန်တော့်ကို ပြောဖူးသည်။ မိမိမသိတော့သည်နှင့် ဘုန်းကံကို ပုံချကြသည့် သည်ဆရာတော်များကြား ကျွန်တော် ဘယ်သူနှင့် ဘယ်စကား သွားပြောရမည်နည်း။ ကြောက်လွန်းသွားသောအခါ မိမိကြောက်ရသောသူကိုသာ အမွှန်းတင်ခဲ့ကြသည်မှာ ရှေးခေတ် မူးမတ်များသာ မဟုတ်။ ယခုခေတ် ရှမ်းပြည်မှ နေရာရနေကြသော လူကြီးသူမများလည်း ပါလေသတတ်။ ခမာလူမျိုးတို့၏ လက်ရာများဟု ဝန်ခံလိုက်ခြင်းဖြင့် အမှန်တရားကို ချပြန်လိုက်ပါက မည်သို့သော ဆိုးကျိုးများ သက်ရောက်သွားကြမည်နည်း။ သို့သော်လည်း အို ခရီးသွားတို့ စံကားမြို့ဟောင်းသည် မြို့ရိုးလည်း ရေထဲရှိသကဲ့သို့ စေတီများလည်း ရေထဲတွင်သာရှိ၏။ ရေခဲသည့်ရွာကို အရောက်သွားခဲ့သေးလျင် ရေထဲစေတီရှိသည့် မြို့ဟောင်းကိုလည်း လာသင့်လှပေ၏။
ကျွန်တော်ပြောမည့် တောင်ကုန်းပေါ်က စံအိမ်သည် ထိုစံကားမြို့ဟောင်းနှင့် သိပ်မဝေးလှသော်လည်း ရှမ်းပြည်နယ်တွင် သတ်မှတ်ခံ စည်းမျဉ်းအရ စံကားသည် ညောင်ရွှေမြို့နယ်တွင် ရှိနေသဖြင့် ဘေးဝန်းကျင်ရှိ မြို့တမြို့အဖြစ်သာ သတ်မှတ်လိုက်ပါသည်။ ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၈၀၀ ပေတွင်ရှိသည်။ ပျဉ်းမျအပူချိန်ကို ကျွန်တော် မသိ။ အမြင့်ဆုံးက ၃၀ ဒီဂရီဖြစ်ပြီးအနိမ့်ဆုံးက ၁ ဖြစ်သည်။ သို့သော်လည်း “ပဲရစ်သဘောတူစာချုပ်” ချုပ်ဆိုပြီးနောက် လူတွေကို အမြင်ကပ်သည့် ပုဒ်မဖြင့် အရှိန်ပြင်းပြင်း မြင့်တက်လာသော အပူချိန်နှင့် ၂၀၂၂ မေလ ၂၂ ရက်နေ့တွင် တိုးခဲ့သော အပူချိန်ကြောင့် ခါတိုင်းနှစ်ကဲ့သို့ ဤနှစ်များတွင်လည်း ရေခဲမည် မခဲမည်ကို ကျွန်တော် မသိ။ တိမ်ပင်လယ်ကား ရှိနေဦးမည်ဖြစ်သည်။ ဤမြို့အကြောင်းကို အွန်လိုင်းပေါ်တွင် ယူကျုချန်နယ်၊ ဖေဘုတ်စာမျက်နှာနှင့် ဝက်ဆိုက်စသည်ဖန်တီး၍ ကိုယ့်ဓာတ်ပုံကို နေရာစုံအောင် လိုက်ရိုက်နေကြသော ဓာတ်ပုံပိုင်ရှင်များကပင် ဤမြို့ကို ဓာတ်ပုံရိုက်လို့ အလွန်ကောင်းသော “နတ်ဖွက်ထားတဲ့မြို့”ဟု ဖွဲ့နွဲ့ခဲ့ကြသေးသည်။ ကျွန်တော်ပြောမည့် စံအိမ်သည် ထိုမြို့၏ အရှေ့ဘက် ၇ မိုင်အကွာတွင် ရှိပါသည်။ ဂလူးဂလူးမက်တွင် ထိုအိမ်ကို မတ်လုပ်ထားပါသည်။
ပင်လောင်းမြို့သည် ဒီမိုကရေစီကို မတရားလိုချင်ခဲ့ကြသော သူများကြောင့်မဟုတ်လျင်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲဖြစ်ပေါ်သွားပြီး လွှတ်တော်စသည် မပေါ်ပေါက်ခဲ့လျင်လည်းကောင်း အခုအချိန်တွင် ဒုတိယပြင်ဦးလွင် ဖြစ်နေလောက်ပြီဖြစ်သည်။ ထိုကဲ့သို့သော စီမံကိန်းချခံခဲ့ရဖူးသော မြို့လည်းဖြစ်သည်။ ထို့အစီအစဉ်ဖြင့် ထိုမြို့နှင့် ဆက်နွယ်သော မြို့အားလုံးကို လမ်းဖောက်ရန် အမိန့်တရပ် ကျခဲ့သည်။ ထိုအခါ စံကားမြို့ဟောင်း၏ မြို့နယ်ဖြစ်သည့် ညောင်ရွှေသို့ လမ်းသစ်တခု ယာထားခြင်းခံခဲ့ရလေ၏။ ဘယ်ချိန်က စလိုက်သည် မသိသော်လည်း ထိုလမ်းကို ၂၀၁၅ တွင် ကောင်းကောင်းမွန်မွန်ပြီးစီး နေသည်ကိုတွေ့ခဲ့သည်။ ကျွန်တော် ပင်လောင်းကို သွားသွားလာလာ ထိုလမ်းသစ်ကိုသာ အသုံးပြုခဲ့ရင်းက ထိုတောင်ကုန်းပေါ်က စံအိမ်ကို တွေ့ခဲ့ခြင်းဖြစ်သည်။ အဝေးမှ နှစ်ခါသုံးခါလောက် ဓာတ်ပုံရိုက်ဖူးသည်။ တနေ့တော့ ခရီးတထောက်နားရင်း အနီးရှိ ရွာမှ ရွာသားတဦးအား မေးကြည့်သည်။ ကျွန်တော် မေးလိုက်သည့်သူမှာ အိမ်က မိန်းမနှင့် ရန်ဖြစ်လာသည့်သူ ဖြစ်နေသည်။ “ဘယ်သူပိုင်တာလဲ”။ သူ့အဖြေက “စဲ့မန်းယ” ဆိုသည့်သုံးလုံးတည်းသာ ဖြစ်ပါသည်။ သွားဝင်လည်လို့ရလား စသဖြင့် ဆက်မေးမည် ကြံထားသော်လည်း အိမ်က မိန်းမနှင့် ရန်ဖြစ်လာသူ၏ ဖြေပုံကြောင့် ကျွန်တော် ဆက်မမေးတော့ပေ။
ထိုအိမ်ကို ဗမာစစ်ဗိုလ်တဦး ပိုင်သည်ဟုဆိုသည်။ တောင် တတောင်လုံးကို ဝယ်သည်။ ထို့နောက် လမ်းဖောက်မည်ဆိုသည့် အကြောင်းပြချက်ဖြင့် အခြားတောင်များမှ ထင်းရှူးပင်များကို လိုက်ခုတ်ပြီး စံအိမ်ကြီးဆောက်သည်။ သူဝယ်ထားသည့်တောင်တွင်တော့ သစ်ရွက်တရွက်ကိုမျှ ကောက်သွားခွင့် မရှိဟု ဆိုသည်။ သို့နှင့် ကျွန်တော်က တရွာလုံးရှိ အိမ်ခြေကို တွက်လျင် ၅၀ ပင်မပြည့်ချင်သော ရွာ၏ ခန့်ညားထည်ဝါလှသော ဘုန်းကြီးကျောင်းပေါ်ကို တက်လည်ကြည့်သည်။ တကယ့်ခေါင်သော နေရာဖြစ်ပါလျက် ကျောင်းရှိအသုံးအဆောင်များက ခေတ်မီသည့်အပြင် ကျောင်းကိုဆောက်ရာ၌ သုံးထားသော ဆောက်လုပ်ရေး ပစ္စည်းများကလည်း တကယ့်သူဌေးအိမ်များတွင်သာ သုံးနိုင်သော ပစ္စည်းအမျိုးအစားများ ဖြစ်သည်။ ထို့ကြောင့် ရွာသား၏ စေတနာကို ချီးကျူးဟန်ဖြင့် အလှူတကာကို နှိုက်ကြည့်၏။ ကျောင်းထိုင်မှ စာရွက်တရွက်ထုတ်ပေးလာသည်။ “သူတို့လှူတာကွ၊ ရွာက ဘယ်တတ်နိုင်လိမ့်မတုန်း၊ သိန်း ၇၀၀၀ ကျော် ကုန်တယ်” ဟုလည်း ဖြေသည်။ အလှူရှင် ကမ္ပည်းထိုးခွင့် မပေးသဖြင့် မထိုးရပါဆိုသော ထိုစာရွက်ထဲမှ အလှူရှင်နာမည်သည် ကုမ္ပဏီနာမည်တခုသာ ဖြစ်နေသည်။ ထို့နောက် ကျောင်းထိုင်အား ကိုရင်လည်းမရှိ ဦးပဇင်းလည်းမရှိ အရှင်တပါးတည်းသာ ရှိသော ကျောင်းကို အဘယ့်ကြောင့်များ ဤမျှ ကောင်းအောင် ဆောက်လုပ်လှူဒါန်းသနည်းဟု မေးမိသည်။ ထိုကျောင်းထိုင်က “ငါ့တကျောင်းတည်း မဟုတ်ဘူးကွ၊ ဒီနား တဝိုက်ကျောင်းအကုန် သူတို့လှူတာချည်းပဲ” ဟုဖြေသည်။ ကုမ္ပဏီနှင့် ဗမာစစ်ဗိုလ်ဆိုသူတို့သည် အစကတည်းက တွဲလျက်ရှိသည်ဆိုသည်ကိုတော့ ဆက်စပ်ကြည့်နိုင်ကြမည်ဟု ထင်ပါသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓဘာသာ ၉၉ ရာခိုင်နှုန်းရှိသည်ဟု အမြဲဂုဏ်ယူလျက်ရှိကြသည်။ ပအိုဝ်း လူထုအားလုံးလည်း ဘုန်းကြီးပြီးလျင် ပြီးသည်ဆိုသည့် အချက်ကို ထိုကုမ္ပဏီက သိဟန်တူသည်။ ဘာကြောင့် လှူရသနည်းဟု မေးမိလိုက်သောကြောင့်ဖြစ်သည်။ ထိုနေရာတဝိုက်တွင်ရှိသော တောင်များအားလုံးကို ထိုကုမ္ပဏီက ဝယ်ထားပြီးဖြစ်သောကြောင့်ဟု ဆိုသည်။ ၂၀၁၂ မြေယာဥပဒေသည် တောင်တန်းဒေသရှိ တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်ကို လုံးဝထည့်သွင်း စဉ်းစားထားခြင်းမရှိ။ ထပ်မံပြုလုပ်မည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုသော အရာများသည် တောင်တန်းဒေသရှိ တိုင်းရင်းသား၏ မြေယာများကို နှစ်သက်သလောက် ထပ်မံသိမ်းဆည်းခွင့် တရားဝင်ပေးလိုက်ခြင်းမျိုး ဖြစ်နေသည်။ တောင်တန်းဒေသရှိ တိုင်းရင်းသားများ ပိုင်ဆိုင်သော ဘုံမြေများ၊ ရေအရင်းအမြစ်များ၊ သယံဇာတထွက်သည့်မြေများ၊ ကြာရှည်စွာ စစ်ရှောင်ရသော သူတို့၏ လုပ်ကိုင်စားသောက်ရာ မြေကွက်များတို့အပေါ် ထိုတိုင်းရင်းသားများ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ပေးမထားဆိုသည့် အချက်က ရေရှည်တွင် တောင်တန်းဒေသရှိ တိုင်းရင်းသားများအပေါ် ကြီးမားသည့် သက်ရောက်မှုတခု ဖြစ်လာတော့မည်။ မကြာသေးမီက ရှမ်းပြည်၏ မြို့တော်ကြီးအနီးတွင်လည်း “တောင်ကြီးဂါးဒင်း” အမည်ရှိ မြို့သစ်တမြို့ထပ်မံ အကောင်အထည်ဖော်နေကြောင်း သိရပြီး ၂၀၂၃ ဒီဇင်ဘာတွင် အပြီးဟု သတ်မှတ်ထားကြောင်း ကြာားသိရသည်။ ကျွန်တော်က ဒေသခံတွေ ဝယ်တဲ့သူရှိလားဟု မေးမိသည်။ အခုခေတ် လူများသည် လိင်ကိစ္စနှင့် ယှက်နွယ်သော စကားများကို သိပ်မရှောင်ကြတော့။ တချို့ ဒဲ့ဒိုးပင် ပြောကြပါသေးသည်။
ဂျေဂျူဝိုင်