ကိုယ် ဉာဏ်မမီလိုက်တာတွေကို ရေးကြည့်ချင်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကို မှန်ပါတယ် လုပ်သင့်တယ်လို့ ယူဆကြ တွေးခေါ်ကြ ထောက်ခံကြတဲ့ အသိုင်းအဝိုင်းထဲမှာ ကျနော် နေရပါတယ်။ သူတို့ဟာ NLD ကို အပြစ်ပုံချပြီး ပြောတယ်။ စီမံခန့်ခွဲမှုညံ့တယ်လို့ပြောတယ်။ ကုလားပါတီကို အားမပေးနိုင်ဘူးပြောတယ်။ NLD ကို ၁၉၉၀ ကတည်းကနေ ခုထိ တောက်လျှောက် အပြစ်ပုံချလာခဲ့တဲ့ အုပ်စုဟာ ဘယ်အုပ်စုကဆိုတာ သူတို့မသိဘူး။ NLD အပြစ်ဖြစ်ရင် ပြီးရော လိုက်ပြီးတော့ စုရုံးဆောဩခဲ့တာ ဘယ်သူဆိုတာ သူတို့ မသိဘူး။ မသိတာလည်း ဖြစ်နိုင်သလို မသိချင်ယောင်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် သိသိလျက်နဲ့ မိုက်ကြတာလည်း ဖြစ်ချင်ဖြစ်မယ်။ စီမံခန့်ခွဲမှုညံ့တယ်ဆိုတာ ဘယ်အချက်အလက်ပေါ် မူတည်ပြီးပြောမှန်း မသိဘူး။ သတင်းအချက်အလက်ဟာ အရေးကြီးတယ်ဆိုပေမယ့် အချက်အလက်မဲ့ သူတို့ ယုံကြည်နေကြတာကို တွေ့ရတယ်။ ဒါမှမဟုတ် သတင်းအချက်အလက်အမှားတွေ အပေးခံရတာလည်း ဖြစ်နိုင်တယ်။ ဥပမာ အော်ရီဒူးနဲ့ တယ်လီနောဆင်းကဒ်၊ နှစ်ခုစလုံးက မွတ်စလင်နိုင်ငံက လာတာ။ တယ်လီနောက ပိုဆိုးတယ်။ ပါကစ္စတန်အခြေစိုက်တာ။ ဒါပေမယ့် သူတို့ဟာ အော်ရီဒူးသည် ကုလားဆင်းကဒ်ဆိုတာလောက်နဲ့ အသိဇာတ်သိမ်းသွားကြတယ်။ အော်ရီဒူးဆင်းကဒ်ပိုင်တဲ့ နိုင်ငံက မြန်မာကို ထောက်ပံ့သေးတယ်။ ဟိုပါကစ္စတန်က ဘာမှ မထောက်ပံ့တာကိုလည်း မသိကြဘူး။ နောက်တစ်ခုက ကိုယ့်အသိုင်းအဝိုင်းကြားမှာ NLD ကို ကုလားပါတီလို့ ပြောကြတာပါပဲ။ မွတ်စလင်ဆိုလို့ ဦးကိုနီဟာ ဥပဒေအကြံပေးအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ ပါဝင်ခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်းပေါင်း ၁၁၃၂ မှာ နှစ်ယောက်သာလျင် မွတ်စလင်ဘာသာဝင် အဖြစ်ပါဝင်ခဲ့တယ်။ ဘယ်ကနေ ဘယ်လို ကုလားပါတီဖြစ်ပါတယ်လို့ ပုံမှားရိုက်ကြတာကို ယုံကြည်ကြတာလဲ မသိဘူး။ နောက်တခုက သူတို့ဟာ လက်ရှိ အာဏာလုထားတဲ့ အစိုးရပိုင် မီဒီယာတွေကိုများ သက်ဝင်ယုံကြည် လေသလား။ သို့မဟုတ် ‘အမကြီးနဲ့ ယှဉ်ရဲတယ်’ ဆိုပြီး ထောင်ကျတော့မှ ဘာအချက်အလက်မှလည်း လက်ဆုပ်လက်ကိုင်မရှိတဲ့ ဆံဖြူ (နာမည်မေ့နေလို့) ကြီးကို ယုံကြတာများလား။ ပြီးတော့ အာဏာသိမ်းတာကို NLD ပါတီကို ပျက်စီးစေတယ်လို့ပဲ မြင်ကြတဲ့ သူတို့ကို အံ့ဩတာပါ။ စစ်အာဏာသိမ်းတာဟာ NLD နဲ့ လားလားမှ မသက်ဆိုင်ပါဘူး။ လိုက်ဖမ်းနေတာကလည်း သူတို့အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ သူတို့ရဲ့ စီးပွားနဲ့ လာဘ်လာဘကို ဖျက်ဆီးနေတယ်လို့ ယူဆရတဲ့ သူတွေကိုသာ လိုက်ဖမ်းတာပါ။ ပြီးတော့ NLD ကို ဖမ်းပြခြင်းအားဖြင့် တချို့ကငပိန်းတွေကို NLD ကြောင့် အာဏာသိမ်းရတယ်လို့ ယူဆစေခြင်လို့ပါပဲ။ အထကတော့ မြောက်ခဲ့ပါတယ်။
ခပ်ပိန်းပိန်းလို့ ပြောရင်တောင် ဒီစကားလုံးနဲ့ မတန်တဲ့ တချို့က မဲကိစ္စကိုသာ NLD ဖြေရှင်းလိုက်ရင် အာဏာသိမ်းစရာ အကြောင်းမရှိဘူးလို့ ဆိုကြတယ်။ မဲကိစ္စမှာ မဲနာမည်ကိုက လျို့ဝှက်မဲပါ။ ပေါ်တင်မဲ မဟုတ်ဘူး။ အထူးအားဖြင့် မဲရုံပေါင်း ၄၀၀၀၀ ကျော်မှာ မဲရုံပေါင်း ဘယ်လောက် တပ်ပြင်ထုတ်ခဲ့ရတယ် မသိပေမယ့် တပ်မိသားစုတွေသာ အဓိက မဲပေးရတဲ့ မဲရုံ (၃) ရုံဟာ NLD အပြတ်အသတ်နိုင်သွားတာ ရှိပါတယ်။ ဒီလျှို့ဝှက်ပေးထားတဲ့ မဲကြီးကို ပေါ်တင် ပြန်ထုတ်စစ်ရင် တပ်ထဲမှာ ဘာဖြစ်သွားမယ်ထင်လဲ။ ကျနော် Before and after coup ဆိုတဲ့ ပိုစ့်မှာ ရေးခဲ့သလိုပဲ။ မဲကိစ္စဟာ အာဏာသိမ်းဖို့ အကြောင်းပြချက်များစွာထဲက Plan A ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီ Plan A သာ မအောင်မြင်ခဲ့ရင် Plan B, C စတာတွေဟာ လူထုအနာတရ အများကြီးဖြစ်မယ့် Plan မျိုးဖြစ်နေနိုင်တာကြောင့် မဲကိစ္စနဲ့ တိတ်တဆိတ်လေး အာဏာသိမ်းလိုက်တာ လူထု အများကြီး သက်သာသွားစေပါတယ်။ သို့ပေမယ့် မဲကိစ္စကြောင့် အာဏာသိမ်းတာကို ဟုတ်တယ်လို့ ယုံကြည်နေကြသေးသူတွေ မသိသူတွေ ရှိနေတာ နားကို မလည်နိုင်ဘူး။
အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စပြီး အင်တာနက်ဖြတ်တောက်ပါတယ်။ ဒါ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲ ဆိုတာ နားမလည်ဘဲ အာဏာသိမ်းတာကို ပျော်ပျော်ကြီး လက်ခံနေကြတယ်။ အစက ဖေဖော်ဝါရီလ ၇ ရက်အထိလို့ ကြေငြာခဲ့ပေမယ့် ကြေငြာချက်က လေထဲမှာ ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး ယနေ့တိုင်ထိ တည်မြဲနေပါတယ်။ နောက် မြန်မာတွေ အသုံးများတဲ့ လူမှုကွန်ယက်တွေကိုလည်း တပါတည်းပိတ်ချပစတယ်။ ၆ ရက်မြောက်နေ့မှာ အင်တာနက်တွေ ပိတ်လိုက်ပါသေးတယ်။ ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလို့ ပြန်ဖွင့်ပေးခဲ့တာ။ နောက် ဖေဖော်ဝါရီ ၁၅ ရက်ကနေ စပြီး ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက်ကို ပိတ်ချလိုက်ပြန်တယ်။ ဒါဟာ ကျနော်တို့ရဲ့ ရပိုင်ခွင့်ကို Rape လုပ်လိုက်တာပဲ။ ဒါနဲ့များ ဒီလိုပိတ်ချလိုက်ပြီး ပြန်အဖွင့် အာဏာရှင်တွေ အာဏာသိမ်းတာကို မှန်တယ်လို့ ယူဆကြသူများ VPN ဖွင့်ပြီး သိုက်သိုက်ဝန်းဝန်းထောက်ခံနေသေးသတဲ့။ မဆိုင်တဲ့ ဥပဒေတွေ ပြန်အသက်သွင်းတယ်။ ညမထွက်ရ ကာဖျူးထုတ်တယ်။ ငါးယောက်ထက် ပိုမစုရလုပ်တယ်။ ဒါလည်း အာဏာသိမ်းတာကို အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ကြားက ထောက်ခံပြန်သေးသတဲ့။ ဘယ်လို စဉ်းစားဆင်ခြင် ဉာဏ်နဲ့များ စဉ်းစားလိုက်တာလဲ။ ကျနော့်အထင် သူများ စဉ်းစားပြတာကို သူများ သက်သေအတုတွေနဲ့ ပါဝါပွိုင့်လေး လုပ်ထားတာကို မြင်ဖူးပြီး အဟုတ်မှတ်နေကြတယ်လို့ ထင်ပါတယ်။ စိတ်မကောင်းပေမယ့် သူတို့ မစဉ်းစားတတ်တာကို နားမလည်ပါဘူး။
သူတို့ အာဏာရှင်ကို ဘယ်လိုလက်ခံနားလည်သလဲ မသိပေမယ့် အာဏာရှင်ဆိုတာကို ကျနော်ကတော့ ဒီလို သိထားတယ်။ နေဝင်း အာဏာသိမ်းပြီးတဲ့ ၁၉၆၂ နောက်ပိုင်း တစ်နှစ်တောင် မကြာဘဲ ၁၉၆၃ မှာပဲ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရှိတဲ့ အောက်ခြေစီးပွားရေးကမှအစ ဘဏ်အထိ ပြည်သူပိုင်သိမ်းတယ်ဆိုပြီး သူ့အိပ်ကပ်ထဲ အကုန်ထည့်လိုက်ပါတယ်။ မြို့နေ ပြည်သူတွေ စပြီး အငတ်ဘေး ကြုံခဲ့ရတယ်။ တောနေ ပြည်သူတွေကကော မငတ်ဘူးလားလို့ မေးရင် ခုချိန် မင်းတို့ အဘိုးအဘွားတွေကို မေးလို့ ရပါသေးတယ်။ ကိုယ်စိုက်တဲ့ စပါး ကိုယ်ပြန်ဝယ်စားခဲ့ရပြီး အပ်လေးတချောင်း ဓာတ်ခဲလေးတလုံး ပိုင်ထားရင်တောင် မှောင်ခိုမှုနဲ့ ဖမ်းပါတယ်။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့လိုက်လို့ ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး လုပ်လိုက်တယ်၊ ချည်ကနေ ပိတ်စဖြစ်အောင် ဘယ်လို လုပ်ရမှန်းတောင် မသိလို့ ပြည်သူတွေ အဝတ်အစားတွေကလည်း ရှားပါးခဲ့ရတယ်။ ပြည်သူ ချွတ်ချုံကျသွားပေမယ့် နေဝင်းကတော့ ရတနာနတ်မယ် အပါအဝင် မယားငါးယောက်ယူပြီး ဇိမ်နဲ့ ထိုင်စားလာလိုက်တာ ဟော ခု သူ့မြေးအေးနေဝင်းတို့တောင် စားလို့မကုန် တောင်ပုံ ယာပုံ ချမ်းသာနေသေးတယ်။
၈၈ မှာ အာဏာသိမ်းတာက စောမောင်၊ အာဏာသိမ်းပြီး ကိုင်တွယ်သူက ခင်ညွှန့်၊ နောက်ကွယ်ကြိုးကိုင်နေသူက သန်းရွှေ။ မြန်မာနိုင်ငံမှာ ရှိရှိသမျှ ကုန်းတွင်းနဲ့ ရေပိုင်နက်ထဲက သယံဇာတတွေဖြစ်တဲ့ ရေနံ၊ ဓာတ်ငွေ့တွေကို နှစ်ရှည်ရောင်းခဲ့တယ်။ ဖားကန့် မိုင်းရှူးနဲ့ မိုးကုတ်က ကျောက်လုပ်ကွက်တွေ အကုန်ရောင်းစားတယ်။ သပိတ်ကျင်းစတဲ့ ရွှေထွက်တဲ့မြေတွေကို ရောင်းစားတယ်။ လက်တောင်းတောင်က ကြေးနီတွေကို နှစ်ရှည်ရောင်းခဲ့တယ်။ ပိုက်ဆံတွေ ဘယ်မှာလဲ ဘယ်သူမှ မသိဘူး။ ရမည်းသင်းစတဲ့ ရေနံမြေတွေကို ရောင်းစားတယ်။ အကုန် သူ့အိပ်ထဲထည့်ပြီး အရိုးအရင်းကို ကျန်တဲ့ စစ်ဗိုလ်တွေကို ပေးတယ်။ နိုင်ငံခြားကလည်း စီးပွားရေးပိတ်ဆိုထားလို့ သွင်းကုန် ထုတ်ကုန် အကုန် ဒုက္ခရောက်ကြရတယ်။ ညတိုင်း တီဗွီဆိုလို့ နှစ်လိုင်းပဲ ရှိတဲ့ ငါတို့ကို အကော်ဒီယုံအုန်းကျော်ဆိုသူက “စီးပွားရေး ပိတ်ဆို့လည်း တို့မမှုပါ၊ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာပြည်” ဆိုပြီး ဂျင်းအကြီးကြီးထည့်တာ ခံခဲ့ကြရတယ်။ အကြွင်းအကျန်နဲ့ ပြည်သူတွေ မျက်လှည့်ပြပြီး ခပ်ညံ့ညံ့လမ်းတွေ လုပ်ပြတယ်။ ကလေးမြို့က မီးရထားမသွားတဲ့ မီးရထားလမ်းကြီးဟာ ချွေးတပ်စခန်းဖြစ်သွားတဲ့အထိပဲ။ ငါးလောင်းပြိုင်လူသတ်မှုဆို ဘယ်သူမှ မကိုင်ရဲတာလဲ လူတိုင်း သိနေတဲ့ ကိစ္စ။ ပြီးတော့ သူတို့ တပ်မိသားစုရင်းနှီးနေတာမို့လို့ ဗစ်တိုးရီးယားအမှုတောင် စုပ်စမြုပ်စပျောက်ကရော။ ပိုက်ဆံ ဘယ်လောက်နဲ့ ဘယ်သူ့ကို လက်စဖျောက်ပေးရမလဲ၊ ကိုင်ပေါက်ပေးရမလဲ သူတို့အတွက် အာဏာလက်လွှဲပြီးတာတောင် ခုထိ အေးဆေးပဲ။ တခါခါ သူ့သားတောင် မဟုတ်တဲ မွေးစားခံရတဲ့မြေးဖြစ်သူ နေရွှေသွေးအောင် နေထိုင်ပြနေတဲ့ ပုံကိုကြည့်။ သူ့မြေးအရင်းတွေ အခု မြန်မာနိုင်ငံမှာ ဘယ်သူက မြင်ဖူးကြလို့လဲဟင်။ ပွဲအကြီးကြီးလုပ်မှ မျက်နှာပြန်ပြတဲ့ သူ့သားသမီးတွေတောင် ဘယ်နိုင်ငံမှာ နေပြီး ဘယ်လို ကြယ်ငါးပွင့်ဟိုတယ်တွေမှာ ဇိမ်နဲ့ နှပ်နေမလဲ မသိရ။
အခု အာဏာထသိမ်းတဲ့ မင်းအောင်လှိုင်။ ယဇ်မျိုးမှန်သမျှ သူ့စီးပွားရေးချည်းပဲ။ မြန်မာမှာရှိတဲ့ ဦးပိုင်လီမိတက်နဲ့၊ စီးပွားရေးကော်ပိုရေးရှင်းအောက်က လုပ်ငန်းမှန်သမျှ သူနဲ့ ဆက်စပ်တာချည်းပဲ။ တပ်မတော်သားတွေ မဖြစ်မနေ အာမခံကြေးသွင်းနေရတဲ့ အောင်မြင့်မိုရ်မင်းကုမ္ပဏီကလည်း သူ့ရှယ်ယာတွေချည်းပဲ။ နိုင်ငံခြားသွင်းကုန် ထုတ်ကုန်မှာ သူ့နာမည်နဲ့ လုပ်ထားတဲ့ ကုမ္ပဏီ အနည်းဆုံး ၆ ခု ရှိတယ်။ Mytel မှာ သူ့ Share ဘယ်လောက်ပါတယ်ဆိုတာကိုတော့ လူတိုင်း သိနေတဲ့ ကိစ္စတစ်ခုပါပဲ။ အခုဆို အွန်လိုင်းမှာ သူ့လုပ်ငန်း အစိတ်အပိုင်းတွေကို လူတွေ ဖော်ထုတ်နေကြတာလဲ လူတိုင်း အသိပါပဲ။ သူသာ အာဏာ မသိမ်းရင် ဘာဖြစ်လာနိုင်လဲ။ မကြာခင် နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာမှာ ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်တော့မယ်။ အဲဒီအခါ မြန်မာကို ဂျင်းထည့်ထားတဲ့ သူ့ရဲ့ အရည်အသွေးမပြည်မီတဲ့ သူ့ထုတ်ကုန်တွေဟာ ဘာဖြစ်လာနိုင်မယ်ထင်လဲ။ ပြုတ်မှာ။ ဒါကြောင့် သူက ကာလုံဆက်ချင်တယ်။ ဒါမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မလာအောင် ဟိုနေရာ စစ်သွားတိုက်လိုက်၊ ဒီနေရာ စစ်သွားတိုက်လိုက် လုပ်လို့ရမယ်။ တိုင်းရင်းသားတွေကို ခေါင်းဆောင်ချင်းချင်းပေါင်းပြီး သူတို့လွတ်လပ်ရေး နယ်မြေပိုင်ဆိုင်ခွင့်ရရေးဆိုပြီး အီးပေါက်ပြမယ်။ ဒါဆို ရင်းနှီးမြုပ်နှံမှုတွေက မလာနိုင်ဘူး။ ဒါပေမယ့် သူ့သက်တမ်းက ကုန်တော့မယ်။ ဒါကြောင့် သမ္မတရာထူး ရချင်တယ်။ မဖြစ်နိုင်ပြန်ဘူး။ သူ့စီးပွား ကာကွယ်ဖို့ အရမ်းကြီး အရေးကြီးလာတော့ အာဏာထကောက်သိမ်းရတာပဲ။ အာဏာသိမ်းရခြင်းအကြောင်းက သူ့စည်းစိမ်တွေကို ကာကွယ်ဖို့ပဲ။ တခြား စိုးဝင်းစတဲ့သူတွေလည်း အဲလိုပဲပေါ့။
သူ့က သူ့စည်းစိမ်ကြောင့် လွယ်လွယ်လေး အာဏာသိမ်းလိုက်ပေမယ့် သူအာဏာသိမ်းတဲ့ ရက်မှာပဲ ထိုင်းနိုင်ငံက အိမ်ရာတိုးတက်ရေး လုပ်ငန်းကြီး ချက်ချင်း ရပ်ဆိုင်းသွားတယ်။ ဆူဇူးကီလည်း ချက်ချင်း ရပ်ဆိုင်းတယ်။ စတော့အိတ်ချိန်း ရပ်ဆိုင်းတယ်။ အိမ်ခြံမြေရောင်းဝယ်ရေး ရာနှုန်းပြည့် ကျဆင်းတယ်။ ဂျပန်လုပ်ငန်းရှင်တွေ ပြန်သွားတယ်။ ကီရင်ကုမ္ပဏီ အဆက်အသွယ်ဖြတ်လိုက်တယ်။ ဗာဂျီးနီးယား ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းခဲ့တယ်။ ပြင်သစ်ရေနံကုမ္ပဏီပြန်ဖို့ လုပ်နေတယ်။ ဂျိုးဘိုင်ဒန်က နိုင်ငံတကာဆိုင်ရာ ငွေကြေးကို ထိန်းသိမ်းခဲ့တယ်။ အခု စီးပွားရေးပိတ်ဆို့မှုတွေ ထပ်ကာ ထပ်ကာ ကြေငြာခံရတယ်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေများလို့ နှာစေးခဲ့တဲ့ ထိုင်းကလည်း ဆန့်ကျင်လာတယ်။ စစ်ဘက်မှာရော အရပ်ဘက်မှာပါ ရင်းနှီးမြုပ်နှံမှု အများဆုံး လုပ်ထားတဲ့ စင်ကာပူကလည်း မန္တလေးက ကလေးတယောက်ရဲ့ခေါင်းကို သေနတ်နဲ့ ပစ်လိုက်တဲ့ ညကတည်းက ညတွင်းချင်း ရှုတ်ချလာတယ်။ ကူညီမယ်လို့ ထင်တဲ့ တရုတ်ကလည်း နိုင်ငံတကာ ဖိအားကြောင့် အာဏာရှင်တွေကို ဖိအားပေးလာပြီ။
အခု စစ်တပ်အာဏာသိမ်းတာကို လက်ခံနေကြတဲ့ သူတွေဟာ ဒါတွေကို တကယ်ပဲ နားမလည်ကြတာလား။ ကျနော် ဘယ်လို့မှ စဉ်းစားလို့ မရပါဘူး။
ဝန်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုလုပ်တာ၊ တပ်မတော်ပိုင် စီးပွားရေးတွေကို သပိတ်မှောက်တာ၊ ဖဲကြိုးနီလှုပ်ရှားမှုလုပ်တာ၊ သံပုံးတီးတာ၊ ဆန္ဒတွေ ထပ်ခါထပ်ခါ ပြတာ၊ ရွေးကောက်ပွဲ ရလာဒ်ကို ထောက်ခံတာနဲ့ ဒီမိုကရေစီရချင်တယ်လို့အော်တာဟာ တကယ်တော့ ဒါတွေကို သိနေကြလို့ပါ။
မျိုးဆက်တွေအနေနဲ့ ကြည့်ကြည့်။ Silent Generation နဲ့ Baby Boomer တွေကို ခဏထား။ သူတို့က ခုဆို ၅၆ နဲ့အထက်တွေ ဖြစ်နေပြီ။ လုံးဝ အာဏာရှင်လက်ထက်နဲ့ တည့်တည့်ကြီးတိုးခဲ့ကြတဲ့ မျိုးဆက်။ အဲဒီ အိုကြီးအိုမတွေကများ ဒီအာဏာသိမ်းတာကို ထောက်ခံမယ်ဆိုရင်တော့ သူတို့အတွက် စကားလုံးမရှိဘူး။ အာဏာရှင်ကို ထောက်ခံကြတဲ့ အထဲမှာ အသက် ၄၁ နှစ်ကနေ ၅၅ အထိ အသက်အရွယ်နဲ့ ၁၉၆၅ မှ ၁၉၈၀ ဖွားတွေဖြစ်တဲ့ Generation X တွေ ပါနေတာကိုလည်း နားမလည်ဘူး။ သူတို့ဆို အာဏာရှင် နေဝင်းရော အာဏာရှင်သန်းရွှေကိုပါ ကောင်းကောင်းကြီးမီကြသူတွေချည်း။ အမှန်ဆို သူတို့က ပိုပြီးတော့ တော်လှန်ရမှာ။ ဒါပေမယ့် ထောက်ခံသူတော်တော်များများကို တွေ့ရတယ်။ ထောက်ခံသူတွေကို ကြည့်လိုက်တော့ ၂၀၁၃ က စစ်အုပ်စု ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့ဝင်တော်တော်များများကို တွေ့ရတယ်။ အဖွဲ့ဝင် မဟုတ်ခဲ့ရင်တောင် စစ်အုပ်စုကြောင့် အကျိုးအမြတ် ရရှိနေကြသူတွေဖြစ်တာကို တွေ့ရတယ်။ အဖွဲ့ဝင်လည်းမဟုတ် စစ်အုပ်စုကြောင့် အကျိုးအမြတ်ရရှိသူလည်း မဟုတ်ဘူးဆိုရင်တော့ သူများတွေ ပြောနေသလိုပါပဲ လူယုတ်မာမို့လို့ လူသတ်အာဏာလုနေတဲ့ လူယုတ်မာကို အားပေးထောက်ခံနေကြတာလို့သာ ပြောရမှာပါပဲ။
အသက် ၂၆ ကနေ ၄၀ ကြား လူလတ်ပိုင်း။ ၁၉၈၁ နဲ့ ၁၉၉၄ ဖွား Y Generation တွေထဲမှာ အာဏာရှင်ကို ထောက်ခံနေကြတဲ့ တချို့တွေ့ရတယ်။ အရည်အသွေးမပါတဲ့ ပညာရေးကြောင့်လား။ ဆွေတော်မျိုးတော်ကို ကပ်ဖားရပ်ဖားပြီး အလုပ်ရခဲ့လို့လား။ ဒီ Gen က စာဖတ်ကြတဲ့ Gen တွေပါ။ စာအုပ် စာပေတွေ တထောကြီးနဲ့ ကြုံခဲ့ရပေမယ့် စာမဖတ်ကြလို့များလား။
နောက်ဆုံးကတော့ Gen Z။ သူတို့က အသက် ၁၁ ကနေ ၂၅ အတွင်းလူငယ်တွေ။ ၁၉၉၅ ကနေ ၂၀၁၀ ကြားမှာ ဖွားတဲ့သူ။ ဒီတော်လှန်ရေးမှာ ဘာကြောင့် သူတို့တက်တက်ကြွကြွပါဝင်ကြသလဲဆိုတော့ သူတို့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ကောင်းကောင်းမီခဲ့ကြပြီး အာဏာရှင်တွေ စာအုပ်စိမ်းကို ချက်ချင်း အပြီးသတ်လောက်ရတဲ့အထိ တော်လှန်နိုင်ခဲ့တာကို မြင်ဖူးကြတယ်။ ဒါကြောင့် သူတို့တွေဟာ ပြင်းပြင်းထန်ထန်ယုံကြည်မှုနဲ့အတူ အာဏာရှင်ကို တော်လှန်နေကြတယ်။ နည်းနည်းပါးပါးတော့ မပါဝင်လာသူတွေ ရှိပါတယ်။ သူတို့တွေက မိဘတွေက အာဏာရှင်တွေနဲ့ ပတ်သက်နေတာမို့လား။ နားမလည်ပါဘူး။
ကျနော် နေတဲ့နေရာက စစ်ထွက်အသိုင်းအဝိုင်းနဲ့ နီးတယ်။ သူတို့ကတော့ အာဏာသိမ်းတာကို ထောက်ခံတယ်။ စစ်တပ်နဲ့ စီးပွားရေးချင်း ယှက်နွယ်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့လည်း အာဏာသိမ်းတာကို ထောက်ခံတယ်။ စစ်တပ်သားသမီးတွေရှိတယ်။ ဒီနေရာမှာ တချို့က ထောက်ခံပေမယ့် တချို့ကတော့ ဆန့်ကျင်နေတာကို တွေ့ရတယ်။ စစ်နဲ့နွယ်နေတဲ့ ရည်းစားသနားနဲ့ ပြတ်မှာစိုးလို့ဆိုပြီးတော့ ဘာမှ မပြောရဲတာကိုလည်း တွေ့ရတယ်။ ဒီလူတွေ စစ်တပ်ကို ထောက်ခံတာက သူတို့အကျိုးအတွက်မို့ ထောက်ခံကြတယ်။ ထောက်ခံမှ ရမယ်လေ။ အမှုက ကြီးနေပြီကိုး။
နားမလည်တာက NLD ကြောင့်၊ ရွေးကော်ကြောင့် အာဏာသိမ်းလိုက်တယ်လို့ ထင်ကြတဲ့ လူတစ်စု။ ပြီးတော့ NLD ကို ကုလားပါတီဆိုပြီး စွပ်စွဲကြသူ လူတစ်စုတို့က ဥပဒေကို ထုတ်ချင်တိုင်းထုတ်၊ လူတွေကို ဖမ်းချင်တိုင်းဖမ်း၊ အများသုံးနေတဲ့ အင်တာနက်ကို ပိတ်ချင်သလိုပိတ်တဲ့အပြင် ပြန်ဖွင့်တော့လည်း Speed လျှော့ပြီး လုပ်ချင်တိုင်း လုပ်နေတာကို မှန်တယ်လို့ ထင်နေကြတာပါ။ လူလည်ခေါင်မှာ လူသတ်ပြပြီး ဘာအရေးယူမှုမှ မလုပ်၊ သူတို့ပိုင်တဲ့ မီဒီယာကနေ မိုးပေါ်ထောင်ပစ်တယ်လို့ အရှက်မရှိပြောနေတာတွေကို မမြင်တာလား။
အခု စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို မမြင်သေးဘူးဆိုရင် အရင်က စစ်အာဏာရှင် လုပ်ရပ်ကို ပြန်ပြောင်းတွေးကြည့်။ အကုန် မတရားမှုတွေချည်း။ စစ်တပ်ကလုပ်တာ မှန်တယ်လို့ ဘယ်နေရာကနေကြည့်ကြည့် ဘယ်ရှုထောင့်ကနေတွေးတွေး မရှိတာကို အခုလို အာဏာသိမ်းတော့လည်း မှန်တယ်လို့ ထောက်ခံပေးနေကြသော စစ်တပ်ကလူလည်းမဟုတ်။ စစ်တပ်နဲ့ အကျိုးစီးပွားလည်း မဆက်စပ်၊ စစ်တပ်မှာ ဆွေမျိုးသားချင်းလည်းမရှိ။ တနိုင်ငံလုံးက ဆန့်ကျင်နေတာကို တွေ့ပါလျက်ကယ်နဲ့ စစ်တပ်ကိုမှ မှန်တယ်လို့ လုပ်နေကြသေးသူတွေ ဘယ်ဦးနှောက်နဲ့ ဘယ်အတွေးအခေါ်နဲ့များ လူလုပ်နေကြတာပါလိမ့်။