ကျွန်တော် ကာယကံရေးပြီဖြစ်တဲ့အတွက် မကင်းရာ မကင်းကြောင်း ၀စီကံကို ဆက်ရေးသွားပါမယ်။ ၀စီကံ လေးပါးရှိတယ်ဆိုတာကို အားလုံးသိပြီးသား ဖြစ်တယ်။ အဲဒီထဲက မုသာဝါဒကံကို ကျွန်တော်က “မုသား” ဆိုပြီး ပိုစ့်တင်ပြီးသားလည်း ဖြစ်တဲ့အတွက့် ကျန်တဲ့ ဖရုသ၊ ပိသုဏနဲ့ သမ္ဖပ္ပလာပသုံးခုကို ရှင်းပြသွားပါမယ်။ သိပ်ရှင်း စရာတော့ မရှိပါဘူး။
ဖရုသ – ကြမ်းတမ်းခြင်း၊ ၀ါစာ – စကားပါပဲ။ ပြောရရင် မကြားကောင်းမနာသာ ညစ်ညစ်ညမ်းညမ်း ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုမှုကို ဆိုလိုတယ်၊ ဒီထက်ပိုပြီး ပေါ်လွင်အောင် ပြောရရင် တစ်စုံတစ်ယောက်ရဲ့ အားနည်းချက်(အမျိုး အနွယ်စသည်) သို့မဟုတ် အပြစ်အနာအဆာကို ကိုင်ပြီး နားမခံသာတဲ့စကားလုံးတွေနဲ့ ကိုင်ပေါက်တာ၊ အနာပေါ် ဒုတ်ကျသလို မခံသာတဲ့ အသုန်းအနှုန်းတွေနဲ့တိုက်ခိုက်ပြောဆိုတာကို ဖရုသဝါစာလို့ ခေါ်တယ်။
အပြစ်မကင်းတဲ့စကား၊ နားမချမ်းသာတဲ့စကား၊ စိတ်နှလုံးကို ညစ်နွမ်းစေတဲ့စကား၊ ပြည်ကြီးသား မဆန်တဲ့စကား၊ လူအများမကြိုက် မနှစ်သက်တဲ့စကား … ဒါတွေကိုလည်း ဖရုသဝါစာလို့ ခေါ်တယ်၊ နောက်ဆုံး ကျွန်တော်တို့ ကျိန်လိုက်ကြတဲ့ မြွေကိုက်ပါစေ ကားတိုက်ပါစေ ဘုရားစူးပါစေ မိုးကြိုးပစ်ပါစေ သွေးအန်ပါစေ ဒီလိုကျိန်ဆဲတာတွေကလည်း တကယ်ဖြစ်စေချင်တဲ့ စေတနာပါရင် ဖရုသဝါစာ ဖြစ်တယ်။
စကားကြမ်းတိုင်းတော့ ဖရုသမဖြစ်ပါဘူး။ ဥပမာ ဆရာမိဘတို့ အော်တာ ငေါက်တာ ကျိန်တာတွေပေါ့။ နှုတ်ထွက် ကြမ်းတာ မှန်တယ်။ သို့သော် စေတနာက အကျိုးကို လိုးလားတဲ့အတွက်ကြောင့်ပါ။ ပြုံးပြုံးလေး ညင်ညင်သာသာ လေးပြောပေမယ့် ဖရုသဖြစ်တာ ရှိပါတယ်။ အဲဒါက “ချမ်းချမ်းသာသာ နေပစေလိုက်တော့” ဆိုတဲ့ တရားသူကြီးတို့ရဲ့စကားပါပဲ။ ကံမြောက်မမြောက်ကတော့ တစ်ဖက်သားနားဆီရောက်တာနဲ့ ကံမြောက်တာပါပဲ။
နောက်တစ်ခုက ပိသုဏ၀ါစာ။ ပိသုဏ – ညီညွတ်နေသူကို ကွဲပြားခြားနားစေသော၊ ၀ါစာ – စကားပါ။ အဓိပ္ပါယ်ကတော့ ကုန်းတိုက်တာပါ။ ဒါက သိပ်ရှင်းပြစရာ မလိုပါဘူး။ တစ်ယောက်ချင်းစီဆီကိုသွးပြီး “မင်းကို ဟိုက ဘယ်လိုပြောတာ” “ဟိုက မင်းကိုဘယ်လိုပြောတာ” စသဖြင့် မပြန်သင့်တဲ့စကားကို ပြန်တာ၊ ပိုပြောချဲ့ပြောတာတွေဟာ ကုန်းတိုက်တာတွေပါ။ သူ့ရည်ရွယ်ချက်မှာ မုန်းစေလိုလို့ ဆိုတာလေးလည်း ပါမယ်ပေါ့။ အဲလိုပြောလို့ ရန်တိုက်လိုက်လို့ လူနှစ်ယောက် သွေးကွဲသွားရင် ကံမြောက်ပါတယ်။ မုသားကျတော့ မမှန်တာတွေပြောတာနော်။ ဒီကြားထဲ မမှန်တာတွေပါ ထည့်ပြောရင် မုသာဝါဒကံလည်း မြောက်ပြန်တာပေါ့။ ချစ်ခင်စေဖို့ စကားပို့တာကျတော့ ရပါတယ်။ အခေါ်လေးတောင် ရှိသေး။ အောင်သွယ်တဲ့။
နောက်ကျန်တာက သမ္ဖပ္ပလာပ၀ါစာ။
သံ – စီးပွားချမ်းသာနှင့်ဆိုင်သော
ဖ – ဖျက်ဆီးတတ်သော
ပလာပ – ပြိုင်းဖျင်းသော
ဝါစာ – စကား လို့အဓိပ္ပါယ်ရပါတယ်။ စကားပုံစံကတော့ ပြောလို့လည်း အဓိပ္ပါယ်မရှိတဲ့ စကားနဲ့ သူတပါးရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို ဖြုန်းပစ်ခြင်းကို သမ္ဖပ္ပလာပလို့ခေါ်တယ်။ ကျွန်တော် တစ်ခုသတိရတယ်။ မေကျော်မေးဖူးတဲ့ မေးခွန်းတစ်ခု။ စာရေးဆရာတွေ စာရေးတာ အကုသိုလ်ဖြစ်လား ဆိုတဲ့စကား။ အေးဗျ။ စာဖတ်လိုက်လို့မှ ဖတ်သူအချိန်ကုန်ရုံသက်သက်သာ ဖြစ်စေမယ်ဆိုရင် ဒီကံမြောက်သွားမလားဘဲ။ (ကျွန်တော် တွေးကြည့်တာပါ။ ဖြစ်တော့ မဖြစ်နိုင်ပါဘူး) ဘာဖြစ်လို့လဲ ဆိုတော့ အကျိုးယုတ်စေတဲ့ စကားဆိုတာမျိုးက ဒီစကားကို နားထောင်လိုက်လို့ အမှတ်မှားသွားစေနိုင်တဲ့ အနေအထားမှာမို့ပါ။ ၀တ္ထုဆိုတာမျိုးက စိတ်အလွန်မွန်းကြပ်တဲ့အခါမှာ ဖျော်ဖြေတဲ့အနေအထားမျိုးရောက်သွားတဲ့ ပုံစံမျိုးရောက်သွားတာလည်း ရှိသေးသကိုး။ ဒါပေမယ့် အဲဒီစာက အမှတ်မှားသွားစေနိုင်ခဲ့ရင် အတိတ်မရှိပါ။ အနာဂတ်မရှိပါ။ ဒီတရားမျိုး ဘုရားမဟောပါ။ စသဖြင့် သိမှတ်သွားလို့ ရှိရင်တော့ဖြင့် ကံမြောက်ပါတယ်။ စကားလည်း ထို့အတူပေါ့လေ။ ပြောတုန်းမှာတော့ အပြစ်မဖြစ်ဘူး။ နားထောင်သူ မလိုက်နာ သေးသမျှ မဖြစ်ပါဘူး။ လိုက်နာပြီဆိုရင် ကံမြောက်ပါပြီ။
အကျိုးတွေကတော့ ရှင်းပြီးသားပါ။ နှစ်ခါရှိ မှတ်မိစေအောင်လို့ ထပ်ပြောလိုက်ပါတယ်။ ဒီလို ၀စီကံကျူးလွန်သူများကို ဘုရားရှင်က မြေစောင့်ကြီးလို့ ခေါ်တော်မူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်နဲ့ အပါယ်က မလွတ်နိုင်လို့ပါဘဲ။ ၀စီကံကျူးလွန် သူတွေ မကပါဘူး။ မိစ္ဆာအယူရှိသူကိုလည်း ဘုရားရှင်က ဒီလိုခေါ်တော်မူတာပါပဲ။ ဒီဝစီကံကြောင့် ဘ၀ဆက်ဆက် အသံမကောင်းဘူး။ မကျူးလွန်ဘဲနဲ့ စွပ်စွဲခံရတတ်ပါတယ်။ ကိုယ်က အနစ်နာခံပေမယ့် ကိုယ့်အပေါ် သစ္စာမဲ့တဲ့ သူငယ်ချင်းကိုပဲ ရမယ်။ ဆိုးညစ်တဲ့ အသံကို ပိုင်ဆိုင်ရမယ်။ အသံသြဇာမညောင်းဘူး။ ဒါတွေပါပဲ။
စကားစပ်လို့ ကျွန်တော် တစ်ခုပြောပါဦးမယ်။ ကာယကံ။ ၀စီကံနှင့် မနောကံမှာ ဘယ်ကံကြီးသလဲလို့ မေးရင် ၀စီကံလည်းကြီးကြောင်း ဖြေကြပါတယ်။ ဘာကို ထောက်ပြကြသလဲဆိုတော့ ကျွန်တော်တို့ ဘုရားရှင်ဟာ အလောင်းတော်ဘ၀မှာ ဘယ်တော့မှ မုသာဝါဒကို မကျူးလွန်လို့ပါပဲ။ မုသာဝါဒကို ကျူးလွန်ရဲတဲ့သူဟာ မကျူးရဲတဲ့ မကောင်းမှုမရှိဘူးလို့လည်း ကျွန်တော်တို့ဘုရားလောင်းက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလုံး မှတ်ယူကျင့်ကြံလာခဲ့တယ်။