မြန်မာစာတန်းထိုး ဇာတ်လမ်းလေးတွေ တင်ထားတဲ့ ဝက်ဆိုက်စာမျက်နှာကို ဖွင့်လိုက်တယ်။ Review ဖတ်တယ်။ ဒေါင်းလိုက်တယ်။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
နှိပ်လိုက်တယ်။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
ထပ်နှိပ်လိုက်တယ်။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
ဒီသုံးဆင့်ကို ကျော်နိုင်ပြီဆိုရင်တော့ ဒီမှာဒေါင်းပါဆိုတဲ့ စာတမ်းလေးတွေ့ပါလိမ့်မယ်။ သိပ်ပြီးတော့ ဝမ်းသာမနေနဲ့ဦး။ အဲဒါလေးကို နှိပ်လိုက်မှ Link က သေနေသလား Active ဖြစ်နေသေးလား သိရမှာ ဖြစ်ပါတယ်။ Active ဖြစ်နေသေးရင်တော့ နှိပ်လိုက်ပါ။ သေနေရင်တော့ ထပ်ရှာပါ။ G-Drive လား။ Yandex လား။ Soliddrive လား။ Fastload လား။ Mirrorace လား။ Miga လား။ ရှိသေးတယ်။ Openload စတာတွေ။ ဟော Active ဖြစ်တဲ့ Link ကိုတွေ့ပြီ။ နှိပ်လိုက်တယ်။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
ခဏစောင့်ပါ။
ဒီမှာ နှိပ်ပါ။
ဆိုပြီးပြန်တွေ့ရပါမယ်။ ဒီမှာမှ
Download Now
ဆိုတာလေးကို တွေ့မှာ။ ကံကောင်းရင်တော့ တစ်ခါတည်းရမယ်။ ကံမကောင်းရင်တော့ အဲဒါကို သုံးခါလောက်နှိပ်မှ Internet Download Manager လေးပေါ်လာပြီး ဒေါင်းနေပြီဖြစ်ကြောင်း အသိပေးလာမယ်။ Wifi နဲ့ဆိုရင် par sec ကို 100 kb ဝန်းကျင်ပဲ ကျတယ်။ တခါခါ Time left က 2 hours ကနေ 3 hours ဖြစ်လိုက် 4 hours ဖြစ်လိုက် ဆိုတော့ Data နဲ့ ဒေါင်းလိုက်တယ်။ ဒါမှ 1 Mb 2 Mb တက်မှာလေ။ စိတ်အဲလောက်မရှည်တော့ Data နဲ့ ဒေါင်းတယ်။ Time left ကို အရမ်းကြီး မစောင့်ချင်ဘူး။ လူဆိုတာ စောင့်ရတာကို သိပ်မုန်းတတ်တဲ့ သတ္တဝါမျိုးလေ။ ဖုန်းနဲ့ဆိုရင် ပြန်ပြန်ဆုတ်ရတာ အလုပ်တခု။ ပိုဆိုး။
အရင်တုန်းကတော့ တစ်ကားတည်းပြီးတဲ့ ဇာတ်ကားတွေပဲ ကြည့်တယ်။ နောက်ပိုင်းတော့ အဲဒါတွေက အားမရတော့ဘူး။ ဒါနဲ့ ဇာတ်လမ်းတွဲတွေပဲကြည့်ဖြစ်တော့တယ်။ ဘယ်အချိန်ကတည်းက ကိုယ့်ကိုယ်ကို ဇာတ်လမ်းတွဲတွေ စွဲသွားလည်း ပြန်ဆန်းစစ်ကြည့်တယ်။ Jenny ကတည်းကလား။ ပေါင်ချိန်ကတည်းကလား။ ကျန်ဝူကျိပါဝင်တဲ့ နဂါးနိုင်ဓားကတည်းကလား။ အဲဒီတုန်းက တော်တော်လေး စောင့်ကြည့်ခဲ့တယ်။ Jenny က ကြသပတေးနေ့ညမှာလား။ သောကြာနေ့ညမှာလား မသိဘူး။ စောင့်ကြည့်ခဲ့ဖူးတယ်။ ကျန်းဝူကျိတို့။ ဓားပျံတို့ ဘာတို့ကြည့်ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေနဲ့ ပြတ်သွားတယ်။ စွဲလန်းပေတဲ့ ကိုယ့်မှာ TV မရှိ။ ပြစက်မရှိ။ နေရာမရှိမို့လား။ ကြားထဲ Vampire of Diary ကြည့်သေးတယ်။ ဒီတုန်းက ခွေဝယ်ကြည့်ရတာ။ Season 02 လောက်ထိပဲ ကြည့်လို့ရတယ်။ အရမ်းခေါင်တဲ့ နေရာမှာ နေရတော့ ဇာတ်လမ်းက ပြတ်သွားပြန်တယ်။ အတော်လေးကြာမှ Super Natural ကို ပြန်ကြည့်ဖြစ်တယ်။ ဒန်နဲ့ ဆမ်နှစ်ယောက်သား သေတမ်းကစားပြနေတာနဲ့ တော်စမ်းပါကွာ လုပ်ပြီး မကြည့်ဖြစ်တော့ဘူး။ Arrow ကြည့်လိုက်သေးတယ်။ အစပျိုးပုံကို သိပ်မကြိုက်တာနဲ့ မကြည့်ဖြစ်ဘူး။ ဒီလိုနဲ့ တစ်ကားတည်း ဇာတ်ကားတွေ ပြန်ကြည့်တယ်။ ဒီကြားထဲ wifi က တော်တော်လေးကောင်းလာတယ်။ ဒါနဲ့ တကားတည်း ဇာတ်ကားတွေ ကုန်သလောက် ဖြစ်လာတယ်။ ဖြစ်မှာပေါ့လေ။ ဒေါင်းလိုက် ကြည့်လိုက်က 1TB ဟာဒ်ဒစ်က ပြည့်လုနီးဖြစ်သွားတာကိုး။ အချိန်တွေပိုနေတာနဲ့ Flash ဆိုတဲ့ ဇာတ်ကားလေး ဒေါင်းကြည့်လိုက်တယ်။ အိုး ကြိုက်တယ်။ season 04 ထိရောက်လာတယ်။ ဇာတ်လမ်းက အိုင်လာတယ်။ ဒါနဲ့ ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်မျိုးပါတဲ့ ဇာတ်လမ်းတွေ ဒေါင်းကြည့်တယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်မျိုးက သဘာဝနည်းနည်းလွန်နေတာမျိုး။ တခုခုမှ စွမ်းနေတာမျိုး။ Jumper လို။ Time Travel လိုမျိုး။ Vampire လိုမျိုး။ ဒါကြောင့်လား မသိ။ XXX Men ထဲက Logan ဆိုအရမ်းကြိုက်။ ကိုယ့်ဆီမှာ အဲလို တခုခုအပေါ် စွမ်းနေတဲ့ ဇာတ်လမ်းတွဲတွေချည်းပဲ။ ထူးဆန်းတာ တခုခုပါတာမျိုးပေါ့။
တခြားသော ဇာတ်လမ်းတွဲတွေ တော်တော်များများလည်း ကြည့်ဖြစ်တယ်။ အဲဒီတုန်းက Legion ကိုတော့ တော်တော်ကြိုက်တယ်။ ဒါပေမယ့် တင်နေကျဝက်ဆိုက်က S02 မှာ E02 လောက်ထိတင်ပြီး ဆက်မတင်တော့ဘူး။ ဆန့်တငင်ငင်နဲ့ ကျန်ခဲ့တယ်။ ထူးဆန်းတယ်။ ကိုယ် ကိုးရီးယားကားကို လုံးဝမကြိုက်ပါဘူး။ အွန်စောတို့ ဂျွန်စောတို့ သူတို့တွေ ပြောကြတယ်။ အွန်စောကို ယောကျာ်းထင်ပြီး ဂျွန်စောကို ခုထိ မိန်းကလေးလို့ထင်တုန်းပါ။ နောက် အိုင်းရစ်ဆိုပြီး နာမည်ကြီးသေးတယ်။ မကြည့်ဖြစ်ဘူး။ ဟောလီးဝုဒ်ဘက်က ဇာတ်လမ်းတွဲတွေ ကြည့်ရင်း ရိုးလာတော့မှ ကိုးရီးယားဘက်လှည့်ဖြစ်တယ်။ သို့ပေတဲ့ ဒေါင်းထားပြီး ခုထိ မကြည့်ရသေးတဲ့ ဇာတ်ကားတွေ ရှိသေးတယ်။
၁။ Are you Human too
၂။ Lovely Horribly
၃။ Law Lass
၄။ Good Doctor
ဆိုရင် ဒေါင်းသာ ဒေါင်းထားတာ။ E01 လောက်ကြည့်လိုက်တာနဲ့ ပျင်းပျင်းသွားလို့ မကြည့်ဘူး။ သာမာန်ပဲ ကြည့်ဖြစ်တာတော့ ရှိတယ်။ ကိုးရီးယားကားတွေကို မကြိုက်တာ မဆန်းပါဘူး။ သို့ပေမတဲ့ ကြည့်ဖြစ်တာလေးလည်း ရှိပ။
၁။ Black
၂။ Black Night
၃။ Memories of the Alhambra
၄။ Korean Odyssey
၅။ The Player
၆။ Time stop
၇။ Who are You
၈။ The Guest
၉။ Where Stars Land
၁၀။ Her private life
ဒီဇာတ်ကားတွေကိုတော့ တကြိမ်ကြည့်ဖြစ်တယ်။ I’m not Robot က ဒေါင်းထားပြီး ဘယ်သူက cut လုပ်ပြီးကူးသွားလဲ မသိဘူး။ ဒါမှမဟုတ် တယောက်ယောက်က မှားဖျက်မိတာလား မသိဘူး။ ပျောက်သွားတယ်။ တလောကလည်း 500 Gb ဟာဒ်ဒစ်တလုံးက ပျက်သွားတယ်။ အဲဒီထဲမှာလည်း ဇာတ်လမ်းတွဲတွေ မနည်းဘူး။ Download လုပ်ပြီးရင် ပြီးပြီးရော ကွန်ပျူတာနဲ့ ချိတ်နေတဲ့ Hard Disk ထဲ ဆွဲဆွဲထည့်ပြီး မစီဖြစ်တဲ့ ဇာတ်လမ်းတွဲတွေလည်း ပါတော့ ဟိုတပိုင်း ဒီတစ်စဖြစ်ပြီး အဆုံးပါလိုက် အစပါလိုက် ဇာတ်လမ်းတွဲတွေက လက်ရှိ အကောင်းတိုင်းလိုလို ကျန်နေတဲ့ Hard Disk ထဲမှာ ကြောင်တိကြောင်တောင် နေရာယူထားနေပါရော။ လေးလုံးမြောက် ပျက်တဲ့ ဟာဒ်ဒစ်ဖြစ်တဲ့အတွက် သိပ်ပြီးလည်း ကြေကွဲမနေတော့ပါဘူး။ Chilling Adventures of Sabrina S02 ဆိုရင် ကြိုက်လွန်းလို့ သေချာဒေါင်းထားတာ။ ကြည့်ပြီး သူ့အတွဲထဲ သွားထည့်မထားတော့ ပျက်တဲ့ ဟာဒ်ဒစ်ထဲပါရော။ ပြန်ဒေါင်းရင်လည်း ကြည့်ပြီးသား။ မဒေါင်းရင်လည်း ပြန်ကြည့်ချင်ရင် အစုံအလင်က မရှိ။ အဲဒီလိုနဲ့ စက်ရုပ်မဟုတ်တဲ့ကောင်ကလည်း စက်ရုပ်မဟုတ်တာနဲ့ ကိုယ့်ဟာဒ်ဒစ်ထဲကနေ ထွက်သွားတာပေါ့။ သူက ဒေါင်းပြီး မကြည့်ရသေးတဲ့ ဇာတ်ကားထဲပါတယ်။ ပျက်သွားပြီဆိုတော့လည်း အကြည့်လွတ်သွားတာပေါ့။ ကိုးရီးယားကားမှ မဟုတ်ပါဘူး။ ဟောလိဝုဒ်ကားတွေလည်း ဒေါင်းပြီး မကြည့်ဖြစ်တဲ့ ကားတွေ ရှိတယ်။ Shooter, Narcos စသဖြင့်တို့ မကြည့်ရသေးပါဘူး။ စပိန်ဇာတ်ကားတစ်ကားဖြစ်တဲ့ Money Heist ကို ကြိုက်ရာက တွဲဒေါင်းမိတဲ့ Elite လည်း မကြည့်ဖြစ်ပါဘူး။ ဒါကြောင့် Season 02 ထွက်လာတာ စိတ်ကို မဝင်စားတာ။ ဒါပေမယ့် ပြောစရာ ရှိတယ်။ ဒိန်းမတ်ကားတွေလည်း ဘာသာပြန်တွေက ပြီးတဲ့အထိ မပြန်ဘဲ တင်ထားကြတယ်။ အဲဒီဇာတ်ကားတွေလည်း ပြန်ရှာမကြည့်ဖြစ်ဘူး။ အထက်ပါ တခြားဇာတ်ကားတွေက မင်းသမီးတွေ ဘယ်လောက်ချောချော ဘယ်လောက်လှလှ မကြိုက်ခဲ့ပေမယ့် Where Stars Land ဇာတ်ကားထဲက မင်းသမီးကိုတော့ ကြိုက်တယ်။ Chae Soo bin ဆိုတဲ့ မင်းသမီးလေး။ ကိုယ်က အခုမှ နာမည်ကြီးသလားလို့။ ကောင်မလေးက Love in Moonlight မှာကတည်းက နာမည်ကြီးနေတာကိုး။
တကြိမ်ကြည့်ဖြစ်တယ်ဆိုတာက နှစ်ကြိမ်မက ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေ ရှိလို့ပါပဲ။ အကြိမ်အနည်းကနေ အများကို စီပြရရင်
၁။ Goblin
၃။ What’s Wrong With Secretary Kim
တို့ပါပဲ။ သူတို့ရဲ့ Original Song track ကိုတောင် နားထောင်ရတဲ့အထိ Cast တွေရဲ့ Wiki တွေကို ဝင်ကြည့်ရတဲ့အထိပါပဲ။ တခြားကားတွေလည်း အမြည်းအဖြစ် ကြည့်ဖြစ်တယ်။ ခုတလော နာမည်ကြီးနေတဲ့ မြောက်ကိုးရီးယား ဗိုလ်ကြီးကား အပါအဝင် မိတ်ကပ်ဆရာတွေက အစ။ နန်းတွင်းကားကလွဲလို့။ တချို့သော ဇာတ်ကားတွေကို အပြီးအထိ မကြည့်ဘူး။ ဝိဘစ္ဆရသအရမ်းဖြစ်လွန်းလို့။ သူတို့က ယုတ်မာတဲ့အခန်းတွေကို သေချာကြီးထည့်ကြတယ်လေ။ သေသေချာချာ ယုတ်မာနေတဲ့ လူတွေ ဟောဒီလောကမှာ ရှိမရှိ မသိပေမယ့် အဲဒီ ဗိဘစ္ဆရသကို မကြိုက်ဘူး ဖြစ်နေတယ်။ ရသတွေကို စာပေမှာပဲ ညှိလို့မရဘူးထင်ပါတယ်။ ရုပ်ရှင်တွေမှာလည်း ရသပါမှာပဲ။ What’s Wrong With Secretary Kim လိုဇာတ်ကားမျိုးကျတော့ ရသအကုန်ပါတယ်လို့ ထင်တယ်။ ဒါကြောင့် အဲဒီဇာတ်ကားမှာ Park_Min-young က ဆုတွေအများကြီးရတာပေါ့။ ဇာတ်လမ်းအသွားအလာကို ကိုယ်က ကြိုက်လွန်းမိလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကြိုက်မိတဲ့ အသွားအလာက “ဟာသရသ” ပါ။ တဝါးဝါးရယ်နေရတာမျိုး မဟုတ်ဘဲ ပြုံးပြုံးဖြစ်သွားတယ်။ ဝါးလုံးကွဲရယ်ရတယ်ဆိုရင်တော့ ဟာသရသမမြောက်နိုင်ဘူး ထင်တာပဲ။ ဝါးလုံးကွဲရယ်နေရတဲ့ ဇာတ်ကားတွေတော့ ရှိတယ်။ အိမ်နီးချင်းကားပဲ။ ထိုင်းက။ Sook Ruk Chan La Moon ဆိုတဲ့ ဇာတ်ကား။ အရွေ့တွေအများကြီးမပြဘဲ စတိတ်စင်ဆန်ဆန် ပြင်ဆင်ပြီး ရိုက်တဲ့ကား။ အောက်လုံးတွေ နှုတ်လိုက်လည်း ရယ်ရတဲ့ ဇာတ်ကားပဲ။ What Wrong With Secretary Kim မှာကျတော့ ပြုံးရတဲ့အခန်းတွေက ဟာသရသမြှောက်သလား။ သိင်္ဂါရ ရသဖြစ်သွားသလားတောင် မသိရဘူး။ သိင်္ဂါရရသဆိုလည်း မှားမယ်မထင်ဘူး။ ချစ်ဖို့ကောင်းအောင် သရုပ်ဆောင်နိုင်ကြလို့။ ရုဒ္ဓရသကို ခပ်ပါးပါးလေးထည့်တယ်။ အတွင်းရေးမှူးကင်ရဲ့ ကြိုးစားအားထုတ်မှုတွေ ကြည့်ရင်း ဝီရရသလည်းဖြစ်တယ်။ သူတို့ရဲ့ ငယ်ဘဝလေးကို ပြန်ပြရင်း ဘယရသကိုပေးတယ်။ အမ္ဘုတရသ အပိုင်းကိုတော့ ကိုးရီးယားဇာတ်ညွှန်းဆရာတွေ ဒါရိုက်တာတွေက ပိုပိုင်တယ်လို့ထင်ပါတယ်။ ပရိသတ်ကို အမြဲတမ်း အံ့ဩသွားစေတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကားတိုင်းလိုလို ထည့်နိုင်တယ်။ ဘယာနကရသကော ပါမလား။ ပါတယ်လို့ ဆိုရမယ်။ မန်နေဂျာနဲ့ လက်ထောက်မန်နေဂျာတို့ဟာ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကင်နဲ့ တွဲနေပြီဆိုတဲ့ အပြောမျိုး အပြုအမူမျိုးထိရောက်အောင် ပြုမူပြတတ်တယ်။ ဂရုဏာရသကတော့ ပြောမနေနဲ့တော့။ ကိုးရီးယားဇာတ်ကားတွေကို ကြိုက်ကြတာဟာ ဒီရသကြောင့်အများကြီး ပါတယ်။ ကြည်နူးဖြစ်တာတော့ သန္တရသလို့ဆိုတယ်။ မကြည်နူးပဲ မနေနိုင်တဲ့ အခန်းတွေ အများကြီး ထည့်ထားတယ်။ အထဲက သရုပ်ဆောင်တွေ ကြည်နူးရသလို အပြင်က ကြည့်တဲ့သူတွေလည်း ကြည်နူးရတယ်။ ငြိမ်းချမ်းရတယ်။ ဒီတော့ ရသကိုးပါးလုံးပါတဲ့ ဇာတ်ကားဖြစ်နေတယ်။
ဒီလိုတွေ ကြည့်ရင်း မြန်မာကားကို ပြေးမြင်မိတယ်။ ကိုယ်က ရဲကိုကိုကနေ ဝေဠုကျော်အထိပဲ ကြည့်ခဲ့တာ။ ခုလောက်ဆိုရင်တော့ အဆင့်တွေ မြင့်နေလောက်ပြီ။ အပြင်လောကနဲ့ တထပ်တည်း ကျတဲ့ အပြုအမူတွေ ပြုမူနေလောက်ပြီ။ အရင်တုန်းက ကြည့်ရတာ အပြင်လောကမှာ နေထိုင်တဲ့ လူတွေ ပြောသလို ဆိုသလို ရယ်မောသလို နေထိုင်သလို မဟုတ်ဘဲ သရုပ်ဆောင်နေမှန်း သိသာအောင် ဇာတ်စင်ပေါ်မှာ သရုပ်ဆောင်သလို သရုပ်ဆောင်နေကြလို့ ဆက်မကြည့်တော့တာ။ မြန်မာဒါရိုက်တာတွေက ငွေမျက်နှာတခုပဲ ကြည့်တာပဲ ပါတယ်ပေါ့လေ။ မြန်မာသရုပ်ဆောင်တွေလည်း အဲလိုပဲနေမှာပါ။ နိုင်ငံက ဆင်းရဲတော့ သရုပ်ဆောင်စွမ်းရည်တွေလည်း ဒီလောက်ပဲ ဖြစ်မှာပေါ့။ ဘာများ မျှော်လင့်လို့ရမလဲ။ သူတို့အကြောင်း Wiki ထဲ ဝင်ကြည့်လိုက်ရင် အားတောင်နာရတယ်။ film ဆိုတဲ့ နေရာ Over 400 ဆိုပြီး ထည့်ထားရတယ်။ award မှာ ဇယားကွက်တွေက အလွတ်တွေ။ မြန်မာအနုပညာလောကသားတွေလည်း Wiki တွေတော့ ဝင်ကြည့်မယ်လို့ ထင်တာပဲ။ မြန်မာ့ နည်းပညာလောကသားတွေကလည်း Wiki မှာ သင်းတို့ကြိုက်တဲ့ အနုပညာရှင်တွေကိုပဲ တင်တာလားမသိဘူး။ khin wint wah ဆိုတရင် ချက်ကြိုးဖြတ်ပေးသူ နာမည်ပဲ ကျန်တော့တာ။
ကိုးရီးယားကားတွေမှာလည်း အားနည်းချက်တွေ ရှိတာပါပဲ။ ခုထိ တေ့လွဲအခန်းတွေ ရိုက်လို့ မပြီးနိုင်ဘူး။ ပြီးနေရက်သားနဲ့ ဇာတ်မသိမ်းနိုင်ဘူး။ ဘာသာပြန်တွေကိုတော့ တခါခါ ချီးကျူးတယ်။ သတ်ပုံတွေ လွဲနေတာကလွဲလို့။ ကိုယ်လည်း ဘာသာပြန်ကြည့်မှ တော်တော်လေး ဇာတ်လမ်းအသွားအလာကို လိုက်ပြီး အနီးစပ်ဆုံး ဘာသာပြန်ရတာကို။ နောက်တချက် နာမည်တွေကိစ္စ။ သူတို့နာမည်တွေက တော်တော်ခက်တယ်။ ဘိုနာမည်တွေလည်း ခက်တာပဲ။ ကိုယ်ဘာသာပြန်တုန်းက Dion ကို ဒိုင်ယွန်လို့ စပြန်တာ။ နောက်မှ ဒီယွန်လို့ ဖြစ်သွားတယ်။ အမလေး ဒီယွန်ဆိုတဲ့နာမည်နဲ့ မြန်မာအဆိုတော်မလေးတယောက် ရှိတယ်ကိုး။ နောက်မှ သိလိုက်တယ်။ အခုကစပြီး ဘာသာပြန်တာ စပါတော့မယ်လို့။ Enneagram လည်း ရပ်ထားလိုက်တယ်။ ဆက်ပါ့မယ်။ 9-1-1 လည်း ရပ်ထားလိုက်တယ်။ စလိုက်ပါမယ်။ 9-1-1 Season 01 ပြီးရင် The Twilight Zone ကိုပြန်လိုက်ဦးမယ်။ 9-1-1 မှာက လုပ်ထုံးလုပ်နည်းတွေ အများကြီးပါတော့ ဘာသာပြန်ရတော်တော်ခက်တယ်။ တခါခါ နားလည်နေရက်သားနဲ့ ဘယ်လို ပြန်ပြရမှန်း မသိတာတွေကို တွေ့တဲ့အခါ ဘာသာပြန်တွေကို ချီးကျူးမိရင်း ချီးကျူးမိပ။
ဘဝဆိုတာ ဘာလဲမသိဘူး။ အမှန်တရားက ဘာဆိုတာ တိတိကျကျ မသိဘူး။ သူများတွေလို စာသင်ကျောင်းတက်။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ ဝန်ထမ်းဖြစ်ရေးစိတ်ဓာတ်ဝင်။ သူဌေးပြောတဲ့ အောင်မြင်ရေးအချက်အလက်တွေနားထောင်ပြီး သူဌေးအပေါ် သစ္စာရှိပေးတတ်တဲ့ ဝန်ထမ်းလောက်သာ ဖြစ်လာခဲ့ရင် ကောင်းသား။ အဲဒါဆို ခွဲခြားအုပ်ချုပ်ရေး စနစ်အောက်မှာ သူ့ငါပြိုင် ငါ့သူပြိုင်နဲ့ သူဌေးတယောက် ချမ်းသာသထက် ချမ်းသောအောင် ရုန်းကန်ပြနေ။ ပြီးရော။ ခုတော့ သဘာဝပတ်ဝန်းကျင်အကြောင်း၊ လူ့အခွင့်အရေးအကြာင်း စသဖြင့် ဖွံ့ဖြိုးရေးကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံတွေက ဆိုးကျိုးအကြောင်းတွေကို လိုက်သိနေတယ်။ တခုခုလောက် တန်ဖိုးထားတတ်ရင် သိပ်ကောင်းမှာ။ ခုတော့ ဘာကိုမှ တန်ဖိုးမထားတတ်ဘူး။ အနာဂတ် မရှိလိုက်တာ။ အချိန်တွေ ကုန်သွားတာကို နှမြောရမလား မနှမြောရဘူးလား မသိဘူး။ ဇာတ်ကားတွေကို ကြည့်ရင်း အိပ်ရေးတွေလည်း ပျက်။ အစားအသောက်တွေလည်းပျက်။ ကိုယ့် Enneagram နဲ့ ကိုယ်တော့ ကိုက်နေတာပဲ။ မကြိုက်တဲ့ အချက်တွေတော့ ပြင်မှ ဖြစ်မယ်။ ပြင်လည်း မထူးတော့ မထူးပါဘူး။
ဒီလောက်ထိ ဖတ်တဲ့သူတော့ ရှိမယ်မထင်ဘူး။ သူငယ်ချင်းတွေက ပြောတယ်။ မင်းရေးတဲ့ စာ ဘယ်သူမှ မဖတ်ဘူး မင်းဘာသာ ဘာရေးရေး ပူမနေနဲ့တဲ့။ သင်တန်းတွေ ပေးဖြစ်တုန်းကလည်း participants တွေ ပြောကြတယ်။ ဝင်ဖတ်တယ်။ နားမလည်ဘူးတဲ့။ ဒီတော့ ရေးလိုက်ဦးမယ်။ Park Min young ပါဝင်တဲ့ Her Private Life နဲ့ What’s Wrong with Secretary Kim မှာ နောက်ခံ Theme တခုတူတယ်။ အဲဒါက မှတ်ဉာဏ်ပျောက်တာ။ အဲလို ရှိလား။ အဲလိုရှိရင် ငယ်ငယ်တုန်းက အလိမ်ခံခဲ့ရတဲ့ ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုကို မှတ်ဉာဏ်ထဲကနေ ဖျောက်ပစ်ချင်တယ်။ အခုထိ အလိမ်ခံရတာကို မုန်းတုန်း။
ကဲကဲ ပျင်းလို့ရေးတဲ့ စာ ပြီးပြီဗျာ။ ဘေးကပ်ရက်ခုံလေးများတွေကိုပဲ ဆက်ရေးတော့မယ်။