အကုသိုလ်စိတ် ၁၂ မျိုးရှိတာကို သိပြီးပြီလို့ ထင်ပါတယ်။ အဲဒီ ၁၂ မျိုးမှာ လောဘက (၈) မျိုး၊ ဒေါသက (၂) မျိုး၊ မောဟက (၂) မျိုးရှိတယ်။ လောဘ ရှစ်မျိုးကို သေချာမှတ်မိရဲ့လား မသိဘူး။ မှတ်မိတယ်ဆိုရင် အဲဒီ လောဘကို ဒီလိုလေး ခွဲလို့ ရတယ်။ ပုံစံ တစ်မျိုးနဲ့ အစုလိုက် ခွဲပြတာပေါ့။
အကုသိုလ်မှန်း သိတာ ၄ မျိုး
အကုသိုလ်မှန်း မသိတာ ၄ မျိုး က တစ်မျိုး။
လုပ်ချင်လို့ လုပ်တာ ၄ မျိုး
မလုပ်ချင်ဘဲနဲ့ လုပ်တာ ၄ မျိုး က တစ်မျိုး။
တိုက်တွန်းလို့လုပ်တာ ၄ မျိုး
တိုက်တွန်းမှုမပါပဲနဲ့လုပ်တာ ၄ မျိုးကတစ်မျိုးဆိုပြီးတော့ အမျိုးမျိုးခွဲလို့ ရတယ်လေ။
ဟုတ်ပြီ။ အကုသိုလ်ဆိုတာ ဒီလောက်ပဲလား။ အကုသိုလ်မှာ လောဘ၊ ဒေါသ၊ မောဟတို့ပဲလား။ မနာလိုတာလည်း အကုသိုလ်မဟုတ်ဘူးလား။ ၀န်တိုတာလည်း အကုသိုလ်မဟုတ်ဘူးလား။ မကောင်းမှုမှာ မရှက်တဲ့ အဟိရိကနှင့် မကောင်းမှုမှာ မကြောက်တတ်တဲ့ အနောတတ်တို့ကလည်း အကုသိုလ်မဟုတ်ဘူးလား။ ဘာလို့ ဒီထဲမပါသလဲ။ မတွေ့သလဲ။ ဘယ်လို ဘာကြောင့် ဖြစ်ရတာလဲ။
ပဋ္ဌာန်းမှာတုန်းက ကျွန်တော် ခဏခဏ ထည့်ပြောဖြစ်တဲ့ အကြောင်းအရာတစ်ခု ရှိတယ်။ အဲဒါက စိတ်ဖြစ်တိုင်း စေတသိက်ဖြစ်တယ်ဆိုတာပါပဲ။ ဟုတ်လား။ တွဲပြီးတော့ ဖြစ်တယ်။ ဘယ်လို တွဲဖြစ်သလဲ။
ဒီစိတ်ဖြစ်ရင် သူနဲ့ သက်ဆိုင်တဲ့ စေတသိက်တွေ လိုက်ဖြစ်တယ်။ ဒီစိတ်ပျောက်ပျက်ရင် သူနဲ့ သက်ဆိုင်တဲ့ စေတသိက်တွေ လိုက်ပျောက်ပျက်တယ်။ ဒီစိတ်က ဒီအာရုံဆိုရင် သူနဲ့သက်ဆိုင်တဲ့ စေတသိက်ကလည်း အဲဒီ အာရုံပဲ။ ဒီစိတ်က ဒါကို မှီပြီးမှ ဖြစ်တယ်ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ စေတသိက်ကလည်း အဲဒီစိတ်မှီတာကို လိုက်မှီပြီး ဖြစ်တာပဲ။ ဟုတ်ပြီ။ တွဲနေတယ်။
အကုသိုလ်စိတ်အတွက် အကုသိုလ်စေတသိက်က ရှိပြီးသားပါပဲ။ အကုသိုလ်စိတ်ဖြစ်တိုင်း အကုသိုလ်စေတသိက်ဖြစ်ရရောလား။ ဟင့်အင်း ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ လောဘစိတ်ကြောင့်တစ်မျိုး။ ဒေါသစိတ်ကြောင့် တစ်မျိုး၊ မောဟစိတ်ကြောင့်တစ်မျိုးဖြစ်သင့်တာတွေပဲ ဖြစ်သွားမယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာ အတိုင်း ဖြစ်သွားမယ်။ ဘယ်လိုတွေ ဖြစ်တတ်သလဲ။ အကုသိုလ်စိတ် (၁၂) ပါးတည်းရှိတယ်။ အဲဒီထဲက စိတ်တွေကို တစ်ပါးချင်းစီ ရှင်းပြရင် အဘိဓမ္မာနဲ့ အလှမ်းဝေးသူအဖို့ မျက်စိရှုပ်သွားနိုင်လို့ တတ်နိုင်သမျှ အစုလိုက်ရှင်းပြသွားပါမယ်။
အကုသိုလ် စိတ် ၁၂ ပါးလုံးထဲက ဘယ်တစ်ပါးပါးဖြစ်ဖြစ် လိုက်ဖြစ်နိုင်တဲ့ စေတသိက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ မကောင်းတဲ့ အာရုံကို ထိတွေ့ခံစားတတ်တဲ့ ဖဿ၊
၂။ မကောင်းတဲ့ အာရုံရဲ့ အရသာကို ခံစားတတ်တဲ့ ဝေဒနာ၊
၃။ မကောင်းတာတွေကို မှတ်သားတတ်တဲ့ သညာ၊
၎။ မကောင်းတာတွေအတွက် အမြဲတမ်းတက်ကြွနေတဲ့ ၀ီရိယ၊
၅။ မကောင်းမှုသာ စီးမိုးထားတဲ့ ဧကဂ္ဂတာ၊
၆။ မကောင်းမှုအတွက် ကိုယ့်ကိုကိုယ်စောင့်ထိန်းတဲ့ ဇိဝိတိန္ဒြိယ၊
၇။ မကောင်းမှုအာရုံအပေါ်ကိုသာ ဦးညွတ်နေတဲ့ မနသိကာရ။
၈။ မကောင်းမှုအတွက်သာ ကြံစည်နေတဲ့ ၀ိတက်၊
၉။ မကောင်းမှု အတွက် အကြိမ်ကြိမ်အဖန်ဖန်သုံးသပ်နေတဲ့ဝိစာရ၊
၁၀။ ဒီမကောင်းမှုကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အဓိမောက္ခ၊
၁၁။ မကောင်းမှုအတွက် အချက်အလက်အပြည့်အစုံရှာတဲ့ ၀ီရိယ၊
၁၂။ မကောင်းမှုအတွက် ကျေနပ်တဲ့ ပီတိ၊
၁၃။ မကောင်းမှုကို ပြုလိုတဲ့ ဆန္ဒ၊
၁၄။ တရားသလား မတရားဘူးလား မဆင်ခြင်နိုင်တဲ့ မောဟ
၁၅။ ၀က်တွေ မစင်မှာပျော်သလို မကောင်းမှုအတွက် မရှက်တဲ့ အဟိရိက၊
၁၆။ ပိုးဖလံမီးကို မကြောက်သလို မကောင်းမှုကို မကြောက်တဲ့ အနောတ္တပ္ပ၊
၁၇။ မမှန်မကန်တဲ့လမ်းကိုမှ နှလုံးသွင်းတဲ့ ဥဒ္ဓစ္စ စတဲ့ စေတသိက် (၁၇) ပါးဖြစ်ပါတယ်။
ဒီ (၁၇) ပါးလုံးဟာ အကုသိုလ်စိတ် (၁၂) ပါးထဲက စိတ်တစ်ခုခု ဖြစ်တိုင်းလိုက်ဖြစ်ပါတယ်။ ဥပမာ …
အကုသိုလ်မှန်းသိ၊ အကုသိုလ်အလုပ်ကို လုပ်ချင်၊ တိုက်တွန်းသူရှိတဲ့ လောဘစိတ်မှာလည်း ဒီစေတသိက်တွေ ဖြစ်တယ်။ အကုသိုလ်မှန်းသိ၊ အကုသိုလ်အလုပ်ကို လုပ်ချင်၊ တိုက်တွန်းသူမရှိတဲ့ လောဘစိတ်မှာလည်း ဒီစေတသိက်တွေ ဖြစ်တယ်။ အဲလို ကနေစ နောက်ဆုံး အမှားအမှန်ကို မခွဲခြားနိုင်တဲ့ ယုံမှားမှု မောဟစိတ် ဒီစေတသိက် (၁၇) ပါးဖြစ်ပါတယ်။ ပျံ့လွင့်မှု မောဟစိတ်မှာလည်း ဒီစေတသိက် (၁၇) ပါးဖြစ်ပါတယ်။ တစ်ပါးမှ မလျော့ဘူး။ (၁၇) ပါးလုံးဖြစ်ပါတယ်။
နောက် အပိုင်း (၂) ကိုတင်ပြသွားပါမယ်။ အထက်က ဖဿ ၊ ဝေဒနာ စတဲ့စေတသိက်တွေကို အလျင်းသင့်ရင်ဖြင့် အကျယ်တ၀င့် ရှင်းပြသွားပါမယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.com/ru-UA/register?ref=OMM3XK51