ရေနောက်ပေမယ့် ခြေရာမပျောက်
“သရဲတွေက အဝတ်ဖြူဖြူကြီးတွေဝတ်လို့၊ သံကြိုးကြီးတွေ တကားကားနဲ့ လျှောက်သွားနေကြတယ် ဗူးဝူး”
အန်နီဆိုသည် အစ်မဖြစ်သူက သူမလက်ထဲတွင် ကိုင်ထားသည့် ကြိုးများသွယ်ထားသော အဖြူရောင်ဝတ်စုံနှင့် ရုပ်သေးရုပ်ကို ရုတ်တရက်လွဲလိုက်ရင်း သူ့မောင်လေးဖြစ်သူ နီကိုလပ်စ်အား ခြောက်လှန့်လိုက်သည်။ ဘေးနားတွင် ထိုင်နေသော နီကိုလပ်စ်လေးက မျက်မှောင်ကုတ်၍ စူပုပ်သော မျက်နှာဖြင့် နောက်ကိုယို့သွား သည်။ အန်နီနှင့် နီကိုလပ်စ်နှစ်ဦးကစားသည်ကို စောင့်ကြည့်နေသော အိမ်တော်ထိန်းအဘွားအို ဖီယွန်နူလာက အန်နီကို လက်ဖြင့် လှမ်းတားရင်း သတိပေးသည်။
“အန်နီ ဘာလို့ ပုံပြင်တွေကို ထွင်ပြောနေတာလဲ”
“သမီးထွင်မပြောပါဘူး၊ စာအုပ်ထဲက ပါတာတွေကိုပဲ ပြောတာပါ”
အန်နီက အဘွားပြောသည်ကို တချက်မော့မကြည့်ဘဲ သူမလက်ထဲရှိ ကြောက်စရာကောင်းနေသော ရုပ်သေးရုပ်ကို ဟိုဒီလှည့်ကစားရင်း ပြောသည်။
“ဟုတ်ပါပြီ၊ ဒါပေမယ့် စာအုပ်ထဲပါတဲ့ အရာအားလုံးကို မယုံသင့်ဘူးနော်”
အိမ်တော်ထိန်းအဘွား၏ စကားကို အန်နီက ပြန်ဖြေသည်။
“မေမေလည်း အဲလိုပြောတာပဲ၊ စာအုပ်တွေထဲမှာပါတဲ့ သရဲအကြောင်းတွေက လျှောက်ရေးကြတာတဲ့”
ထိုအခါမှ အန်နီက အိမ်တော်ထိန်းကို မော့ကြည့်ပြီး ဆက်ပြောသည်။
“နောက်ကျပြန်တော့ မေမေက သမ္မာကျမ်းစာအုပ်ထဲက ပါသမျှ အကုန်လုံးကို ယုံစေချင်ပြန်ရော”
အိမ်တော်ထိန်းအဘွားအိုက မည်သို့သော အမူအရာမျှ မပြောင်းလဲဘဲ “သမီးက မယုံဘူးပေါ့” ဟု တည်ငြိမ်စွာ မေးလိုက်သည်။ အန်နီက ခေါင်းငြိတ်ရင်း အိမ်တော်ထိန်းအမေးကို ပြန်ဖြေသည်။
“သမ္မာကျမ်းစာထဲ ပါတဲ့ တချို့အရာတွေကိုတော့ ယုံပါတယ်၊ ဒါပေမယ့် ဘုရားသခင်က ကမ္ဘာကြီးကို ခုနှစ်ရက်တည်းနဲ့ အပြီးဖန်ဆင်းတယ်ဆိုတာမျိုးကို မယုံဘူး၊ နောဧက သင်္ဘောကြီးတစင်းတည်းနဲ့ တိရစ္ဆာန်အားလုံးကို တင်နိုင်တယ်ဆိုကိုလည်း မယုံဘူး၊ သန့်ရှင်းတဲ့ ဝိညာဉ်တော်က ချိုးငှက်လို့ပြောတာလည်း မယုံပါဘူး”
အထက်ပါသော ဒိုင်ယာလော့ကား ၂၀၀၁ ခုနှစ်၌ ထွက်ခဲ့သော ပုရိသတို့အသည်းကျော် နစ်ကိုးကစ်မင်းပါဝင် သရုပ်ဆောင်ထားသည့် “အခြားတဖက်၌” (The Other) ရုပ်ရှင်ထဲမှ ဇာတ်ဝင်စကားပြောခန်း ဖြစ်ပါသည်။ ရုပ်ရှင်တော်တော်များများတွင် ယေဟောဝါကိုလည်းကောင်း၊ ဗုဒ္ဓကိုလည်းကောင်း၊ ကျမ်းစာများကိုလည်းကောင်း ဝေဖန်လိုတိုင်း ကလေးများကို ပြောခိုင်းလေ့ရှိသည်။ စာပေအနုပညာဘက်တွင်လည်း ထိုကဲ့သို့ပင် ဖြစ်ပါသည်။ ဥပမာ ဆရာမကြီးဒေါ်ကြည်အေး၏ မောင်,ကိုကိုနှင့် မြနန္ဒာစာအုပ်တွင် သားဖွားမီးယပ်ဆရာမတဦး၏ ငယ်ဘဝ၌ နတ်ဖွက်တတ်သည်ဆိုသည့် စကားကို “ကောင်းလိုက်တာ၊ နောက်ဆို တူတူပုန်းတမ်းကစားတိုင်း နတ်ဖွက်ပေးရင် ကောင်းမှာပဲ” ဟု ပြောဖူးသည်။ ဤနှစ်နေရာတွင် လူကြီးသူမများ ပြောကြခြင်းမဟုတ်။ ကလေးများ ဘာမှမသိသူများတို့ ပြောကြခြင်းသာ ဖြစ်သည်။ မိမိဆိုလျင်လည်း အချို့သော ဘာသာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဤကဲ့သို့ပင် ဝတ္ထုတပုဒ်ရေး၍ တနေရာရာတွင် ကြားညှပ်၍သာ ထည့်သွင်းချင်ခဲ့သူ ဖြစ်ပါသည်။ မြန်မာစာပေ၌ သာဓကများရှာမည်ဟု စဉ်းစားလိုက်သောအခါ စာသိပ်မဖတ်သော အကျွန်ုပ်မှာ ဖတ်ပြီးလျင်လည်း မေ့ပစ်တတ်သည်က များသောကြောင့် မှတ်မှတ်ထင်ထင်များမရှိ။ မောင်ထင့်ငဘ ထောင်တန်းကျချိန်အတွေးကို သတိရမိသော်လည်း ကလေးများပြောသည့် ဝတ္ထုတချို့ရှိသည်ကို ဘာကြောင့် မေ့နေမှန်း မသိ။ လူကြီးကပြောလျင် ရပါသော်လည်း ဆွေးနွေးသလို ပြောမှ ဖြစ်မည်။ ဥပမာ ဆရာကြီးဦးသုခ၏ ရတနသုတ်, မေတ္တသုတ်တို့ကဲ့သို့ စာမျိုးဖြစ်သည်။ ဝေဖန်သည့် အရေးအသားကို လူကြီးတို့ပုံစံဖြင့် ဆွေးနွေးပြ တွေးပြ ရေးပြပါက အကျိုးနည်းနိုင်သည်။ ထို့ကြောင့် မှတ်မိသလောက်သာ သာဓကပြလိုက်၏။
ဘာသာရေးသည် ကောင်းသည်မကောင်းသည် ဟုတ်သည်မဟုတ်သည် မှန်သည်မမှန်သည် မသေချာသော်လည်း လူတို့အားလုံး သူတို့သေဆုံးသည့်နောက်၌ ဘာသာရေးကို အရေးထားကြသူတိုင်း ဤကမ္ဘာပေါ် အထားခဲ့ချင်ဆုံး အမွေမှာ ထိုဘာသာရေးဆိုသည့် အမွေအနှစ်ပင် ဖြစ်ပါသည်။ လူသားတို့သည် သူတို့၏ ရိုးရာယဉ်ကျေးမှုများ ဓလေ့ထုံးတမ်းစဉ်လာများ ဝတ်စားဆင်ယင်ပုံများကို ဘာသာရေးထဲ ထည့်သွင်းထားပြီး သူတို့အမွေအနှစ်အဖြစ် ဘာသာရေးကို ထားခဲ့ချင်ကြသည်။ အမွေအနှစ်များ ပစ်ထည့်ထားသည့် ဘာသာရေးကို ဤသို့ လက်ဆင့်ကမ်းနေရုံနှင့် မရဟု ခန့်မှန်းမိကြသည့်အလျောက် ထိန်းသိမ်းပေးရမည့် သူများကိုလည်း ရွေးချယ်လိုက်သည်။ ထိုသူများကား ဘာသာအသီးသီးတိုင်း၌ ရှိကြသော ဘာသာရေးခေါင်းဆောင်ဆိုသည့်သူများ သို့မဟုတ် ဘုန်းကြီးများ ဖြစ်သည်။
ဘုန်းကြီးများ
ဘုန်းကြီး Monks ဆိုသောစကားလုံးသည် Monos ဆိုသည့် ဂရိစကားလုံးမှ ဆင်းသက်လာသည်။ တပါးတည်း (သို့) အထီးကျန်စွာ နေထိုင်နိုင်သူဟု အဓိပ္ပါယ်ရသည်။ ဘုန်းကြီးများသည် ဗုဒ္ဓမြတ်စွာဘုရားခေတ်ပြိုင်ဖြစ်သော မဟာဝီရခေတ်မှ စတင်သည်။ ဂျိန်းတို့သည် ဘုန်းကြီးများကို စတင်၍ ထားရှိသည်။ သူတို့အား လှည့်လည်စေသည်။ သို့သော်လည်း တင်းကြပ်သော စည်းကမ်းများဖြင့် သတ်မှတ်ထားသည်။ လူတို့၏ အလေ့အထများအထဲမှ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ခွင့်ပြသည်။ ဤသည်မှာ ဘုန်းကြီးတို့၏ အစဖြစ်သည်။ အချို့သော ပညာရှင်တို့ကမူ သမိုင်းဦးခေတ်တွင်လည်း ဘာသာရေးတွင် အဦးအထွဋ်ပြုအပ်သူအဖြစ် ထားရှိခဲ့သည့် သမိုင်းရှိကြောင်း ပြောဆိုကြသည်။ သက်သေအခိုင်အမာကား မရှိ။ မဟာဝီရဆိုသည့် ဂျိန်းဘာသာရပ် အိန္ဒိယတွင် ထွန်းကားနေစဉ် ဗုဒ္ဓဟုဆိုသော မြတ်စွာဘုရား၏ သာသနာစတင် ထွန်းကားလာသည်။ သူ့နောက်တွင် သံဃာဟုဆိုသော ရဟန်းများတို့ တပါတည်းပါလာသည်။ မြတ်စွာဘုရားသည် ရဟန်းတော်များကို တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းစသည့် အခွင့်အာဏာများကို တခါတည်း အပ်နှင်းသည်။ လူသားတို့ကို အကျိုးပြုရန်အတွက် တာဝန်များ တပါတည်း ညွှန်ကြားခဲ့သည်။ ဗုဒ္ဓဘာသာရဟန်းများအနေဖြင့် ဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာပြလုပ်ငန်းများကို ထောက်ပံ့သူနည်း၍ တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ခဲ့ဘဲ အသောကဆိုသည့် ဘုရင်ပေါ်ပေါက်လာပြီးနောက် ထိုဘုရင်၏ အထောက်အပံ့ဖြင့် သာသနာပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ခဲ့သည်။ ဘုန်းကြီးဟုခေါ်ဝေါနိုင်သည့် သဘောသဘာဝကို အသောကခေတ်နောက်ပိုင်းတွင် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသည်။
ဂျူးနှင့် ခရိယာန်တို့ကား အေဒီ ၆၈ ခုနှစ်၌ သဲကန္တာရများတွင် တပါးတည်းနေကြသော ရသေ့များကို ဘုန်းကြီးအဖြစ် စတင်သတ်မှတ်သော်လည်း မအောင်မြင်ခဲ့ပေ။ အေဒီ ၃၆၀ နှစ်မှ ရသေ့များကို အသိအမှတ်ပြုခဲ့သည်။ အီဂျစ်နှင့် အီသီယိုးပီးယားတို့မှ ခရိယာန်ဘုန်းကြီးများကို စတင်ခွင့်ပြုခဲ့သည်။ ထိုအချိန် မတိုင်ခင်နှစ်များ၌ နိုင်းမြစ်ဝှမ်းဒေသအချို့တွင်လည်း ဘုရားကျောင်းများတွင် ရသေ့များကို စတင်ထားရှိခဲ့ကြသည်။ အေဒီ ၃၈၂ ခုနှစ်တွင် ဘုန်းကြီးတို့လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ပြီး ပေါ့ပေါ့တန်တန် မနေကြရန် ခရိယာန်ဘုန်းကြီးများကို ကတိပြုစေခဲ့သည်။ သမ္မာကျမ်းစာကို လက်တင်ဘာသာသို့ ပြန်ဆိုစေသည်။ အရှေ့အလယ်ပိုင်း ခရိယာန်ဘုန်းကြီးများမှာ အပျိုစင်များကို ဘေးခန်း၌ အိပ်စေခြင်း၊ မုဆိုးမများကို အနီးကပ်စောင့်ရှောက်စေခြင်းစသည့် အပြုအမူမျိုးနှင့် စမ်းသပ်ခြင်း ခံခဲ့ရသေးသည်။ အေဒီ ၆ ရာစုတွင် အိုင်ယာလန်နိုင်ငံမှစ၍ ခရိယာန်ဘုန်းတော်ကြီးများ၏ ခေတ်စတင်ခဲ့သည်။
ရှေးခေတ်၌မူ ဘုန်းကြီးများသည် ဘုရားမှ သတ်မှတ်ထားသော ကျင့်ဝတ်များကို လိုက်နာကျင့်ကြံခြင်း၊ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ နေ့စဉ် အကြိမ်များစွာ ဘုရားဝတ်ပြုခြင်း၊ ဘုရားဟောကျမ်းစာများကို ကျက်မှတ်ခြင်းနှင့် ခြိုးခြံစွာနေထိုင်ခြင်းဆိုသည့် အလုပ်များကို လုပ်ဆောင်ကြသူအဖြစ် သတ်မှတ်ကြသည်။ ထောင်စုနှစ်မတိုင်ခင်တွင် ဘုန်းကြီးများ နှစ်မျိုးကွဲလာသည်။ ပထမတမျိုးမှာ ရပ်ရွာလူထုများကို တရားဓမ္မဖြင့် လမ်းညွှန်ခြင်း၊ သင်ကြားပေးခြင်း၊ ဦးဆောင်ပေးခြင်း၊ မကျန်းမာသူများကို ဆေးကုပေးခြင်း၊ လူမှုအသိုင်းအဝိုင်းမှ ကြဉ်ဖယ်ခံရသူများနှင့် အထီးကျန်သောသူများကို နေရာပေးခြင်း၊ စာကြည့်တိုက်များ ထားခြင်း၊ စာမသင်နိုင်သည့် ကလေးသူငယ်များကို စာသင်ပေးခြင်း၊ လူမှုရေးကိစ္စနှင့် တရားစီရင်ရေးကိစ္စအချို့၌ လိုက်ပါဆောင်ရွက်ခြင်းစသည်တို့ ပြုလုပ်ခဲ့ကြသည်။ ထောင်စုနှစ် အကူးတွင် ဘုန်းကြီးများသည် လူမှုဝန်းကျင်အတွက်သာမက ဘုရင့်အတွက်ပင် အခရာကျလာသည့်အဆင့်သို့ ရောက်လာခဲ့သည်။ စာသင်ပေးရုံမက အတတ်ပညာမျိုးစုံကိုပင် ဘုန်းကြီးကျောင်းမှ သင်ပေးနိုင်သည့်အဆင့်သို့ ရောက်လာသောကြောင့် ဖြစ်သည်။ ကျွန်ုပ်အထင် ပွဲကျောင်းသည် ဤအလေ့အထမှ ပေါ်ပေါက်လာခဲ့ဟန် တူပါသည်။ ပုဂံခေတ်တွင် ပေါ်တူဂီကုန်သည်များနှင့်အတူ ခရိယာန်ဘုန်းကြီးများပါလာခြင်း သို့မဟုတ် ဘုန်းကြီးများထံ ဆည်းကပ်၍ ခရိယာန်ဘုန်းကြီးများ ပြုလုပ်သည့် ဤအမူအကျင့်ကို ပြောပြခြင်းတို့ ရှိခဲ့ကောင်း ရှိခဲ့နိုင်သည် မဟုတ်ပါလား။ သို့သော်လည်း ဆရာကြီးရန်အောင်၏ ဓနုမလေးမိဝိုင်းဆိုသည့် ဝတ္ထုထဲကကဲ့သို့ ဘာလို့ ဓနုလူမျိုးလို့ ခေါ်သလဲ။ အော် အောက်ပြည်မှာ ဓနုဖြူဆိုတဲ့ မြို့ရှိတယ်၊ အဲဒီ ဓနုဖြူဆိုတဲ့ မြို့ကလူတွေ ဒီမှာ လာစုနေရင်း ဓနုလူမျိုးဖြစ်လာတာဟု တယောက်ကပြောရာ နောက်တယောက်က ထိုစကားကို အဲလိုမဟုတ်ဘဲ ဓနုလူမျိုးတွေက အဲမှာ မြို့သွားတည်လို့ ဓနုဖြူမြို့လို့ နာမည်ပေးလိုက်တာကော မဖြစ်နိုင်ဘူးလားဆိုသည့် ပုံစံဖြင့်တွေးကြည့်လျင်လည်း တွေးကြည့်နိုင်ပါသည်။ ဒုတိယတမျိုးမှာကား ဘုရားဟောသော ကျင့်ဝတ်များကိုသာ ကျင့်ကြံလျက် တပါးတည်း ကျင့်ကြံနေထိုင်ကြသူများ ဖြစ်သည်။ ဤအကျင့်မျိုးကား ယခုခေတ်၌ ခရိယာန်တွင်သာမက ဗုဒ္ဓဘာသာတွင်ပါ မရှိတော့ဟု ထင်ပါ၏။ အလယ်ခေတ်အရောက်တွင် ဘုန်းကြီးများသည် ကောင်းမွန်သော အဆောက်အအုံများ အသုံးအဆောင်များနှင့် စည်းစိမ်ဥစ္စာများကို တောင်းဆိုလာကြသည်။ အဘယ်ကြောင့် တောင်းဆိုရသနည်းဟူမူ ဘုန်းကြီးများသည် ဘော်ဒါဆောင်ကျောင်းသားများလို ဘော်ဒါဆောင်သာသာကျောင်းတွင် နေထိုင်နေကြရသောကြောင့် ဖြစ်သည်။ ထို့နောက် ဘုရင်များက ခွင့်ပြုသည့်အခါ ဘုန်းကြီးများက အဆောက်အအုံများကိုလည်း ဆန်းသထက်ဆန်းအောာင် ဆောက်လုပ်လာကြသည်။ အသုံးအဆောင်များကိုလည်း အများအပြား ထားလာကြသည်။ ကောင်းပေ့ညွှန့်ပေ့ဆိုသည့်အရာများကို ကျောင်းတွင် ပိုလျှံလာသည်။ ဗုဒ္ဓဘာသာတွင်မူကား ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကတည်းက ဥဒါယီသည် ကျောင်းကို ဆန်းသထက်ဆန်းအောင် ဆောက်လုပ်ခဲ့သည်။ သူတို့ ခေတ်နောက်ကျသည်ပေါ့။ ဗုဒ္ဓဘာသာဘုန်းကြီးများက ကုဋိကာရသိက္ခာပုဒ်နှင့် မဟာဝိဟာရသိက္ခာပုဒ်တို့ဖြင့် တားမြစ်ပြီးဖြစ်သဖြင့် ကျေင်းများကို သိပ်ပြီးအဆန်းကြီးဆောက်မရ။ သို့သော်လည်း အာပတ်လွတ်အောင် လုပ်နိုင်ကြပါပေသည်။ ကျောင်းများကို ဆန်းပြားအောင်ဆောက်ခြင်း စည်းစိမ်ဥစ္စာများအား အလှူခံခြင်းတို့ကို နောက်ဆုံး၌ ဘုရင်များကပင် တားယူရသည်။ နောက်ဆုံး ဘုန်းတော်ကြီးကျောင်းများကို ဆွစ်ဇာလန်နိုင်ငံ ဘုန်းကြီးကျောင်းပုံစံအရ ကျမ်းစာအုပ်များထားရန်၊ စပိန်နိုင်ငံ ဘုန်းကြီးကျောင်းပုံစံအရ ဘုရားနှင့်ပတ်သက်သော ရုပ်ထုများ ပန်းချီများထားရန် လူများဆုတောင်းသည့်နေရာ ပေးရန်ဆိုသည့် စည်းကမ်းချက်များနှင့် သတ်မှတ်ခဲ့ရသည်။ တရုတ်နိုင်ငံဘုန်းကြီးများ၊ ဗီယက်နမ်နှင့် တိဗက်၊ ဂျပန်နိုင်ငံရှိ ဘုန်းကြီးများမှာကား ကြီးမားသော အပြောင်းအလဲ အချိုးအကွေ့တို့နှင့် ရင်ဆိုင်ခဲ့ကြရသည်။ ကွန်ဖြူးရှပ်ဘာသာနှင့် တာအိုဘာသာတို့ကို ကိုးကွယ်သည့် ဘုရင်များပေါ်ပေါက်လာတိုင်း တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးများမှာ ပြင်းထန်သော နှိပ်ကွပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျန်နိုင်ငံများလည်း အတူတူပင်ဖြစ်ပါသည်။ ထိုနိုင်ငံများတွင် နရသီဟပတေ့နှင့် သိုဟန်ဘွားတို့ အတော်များခဲ့သည်။ အလွန့်အလွန်ရှည်လျားလှသဖြင့် အောက်တွင် ညွှန်းပြထားသည့် ဝက်ဆိုက်များတွင် သွားရောက်လေ့လာနိုင်ပါသည်။ နောင်တွင် ဘုန်းကြီးများမှာ ဘာသာရေးထိန်းသိမ်းသူ ဆိုသည့်အဆင့်ထက် ကျော်လွန်လာသည်။ ရိုးရာယဉ်ကျေးမှုများ ဓလေ့ထုံးတမ်းများကိုပါ ထိန်းသိမ်းပေးကြသူများ ဖြစ်လာကြသည်။ ဘာသာရေးနှင့် ပတ်သက်၍ စစ်ပွဲများ ပဋိပက္ခများ အတိအလင်းဖြစ်လာသည့်အခါ ဘုန်းကြီးများကို ဘာသာရေးထိန်းသိမ်းသူအဖြစ် လုပ်ပိုင်ခွင့် အပြည့်အဝအပ်နှင်းခြင်းမျိုး ရှိလာသည်။ (မူရင်းတွင် Monks နှင့် Monastic ဟုသာသုံးထားသဖြင့် ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းဟုသာ သုံးလိုက်ခြင်းဖြစ်ပါသည်)
ထိုတာဝန်ကို ပေးအပ်ပြီးသည့်နောက်တွင်လည်း ထိုဘာသာရေးခေါင်းဆောင် ဘုန်းကြီးများကို ဘာသာဝင်များက ဖူးဖူးမှုတ်ကာ တရိုတသေဆက်ဆံကာ ထားလာကြသည်။ အဆင့်တခုတွင် ထား၍ လိုလေသေးမရှိအောင် ထောက်ပံ့သည်။ ဘာသာရေး အမွေအနှစ်များကို ထိန်းသိမ်းသူအဖြစ် အခွန်ဆောင်ရသည်။ နာမည်လှအောင် အလှူဒါနဟု ပြောင်းလဲသုံးစွဲသည်။ ဘာသာရေးအမွေအနှစ်များကို ထိန်းသိမ်းပေးရခြင်း အခွန်ဆောင်ရခြင်းနှင့် ဘာသာရေးအမွေအနှစ်များကို မထီမဲ့မြင်ပြုသူများ မလေးစားသူများကို ပြင်းထန်သော အပြစ်များပေးနိုင်ခြင်းစသည့် အခွင့်အရေးပေါင်းများစွာကိုလည်း အပ်နှင်းခံရသည်။ ကြာလာသည့်အခါ ဘုန်းကြီးများသည် ဘာသာရေးနှင့် ပတ်သက်သော အာဏာပိုင်ဖြစ်လာသည်။ ဥပဒေများအပေါ် သက်ရောက်မှုရှိလာသည်။ ထို့ကြောင့်ပင်လားမသိ။ အာရပ်ကမ္ဘာ၌ ဘာသာရေးရဲများပင် ရှိလာပြီဖြစ်သည်။ ထိုဘာသာရေးရဲများက မင်းတုန်းမင်းပြောသကဲ့သို့ ငါမကောင်းလျင် ငါ့အကြောင်းရေးဆိုသည့်နှယ် ဘုန်းကြီးမှားမှား နောက်လိုက်မှားမှား ကိုးကွယ်သူမှားမှား မှားသည့်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်များနှင့် ရင်ဆိုင်ကြရမည့် လုပ်ပိုင်ခွင့်ရထားသည့် ရဲများဖြစ်သည်။ မွတ်စလင်များတွင် ဘာသာရေးရဲရှိသော်လည်း အခြားဘာသာများ၌မူကား ဘုန်းကြီးများတွင်သာ အာဏာအပြည့်အဝ အပ်ထားဆဲဖြစ်သည်။
ထိုကြောင့်ပင် ဘုန်းကြီးများသည် ရှေးယခင် သက်ဦးဆံပိုင်ဆိုသည့် ဘုရင်ကြီးများ၏ အာဏာပြင်းသူများ ဖြစ်လာကြသည်။ ရှေးဘုရင်များ အမျက်တော်ရှလျင် ထိုတဦးတယောက်သည် သူသာမက သူ့မိသားစု သူ့အသိုင်းအဝိုင်းတခုလုံး ပါးကွက်သားထံ အပ်နှံခံရနိုင်သည်။ ရှေးခေတ် ဘုရင့်အမျက်တော်ထက် ပြင်းသော ယခုခေတ် ဘုန်းကြီးများအမျက်တော်ရှလျင်ကား ပို၍ဆိုးရွားနိုင်ပါသည်။ ထို့ကြောင့် ကလေးဆိုတာ အရူးလိုပဲဆိုသည့် စကားအတိုင်း လူသားများအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိသော ဘာသာရေးပါ အချက်အလက်တချို့ကို ဝေဖန်လိုသည့်အခါ ဒါရိုက်တာများ ဇာတ်ညွှန်းရေးသူများ စာရေးဆရာ ကဗျာဆရာများက ကလေးများကို ပြောခိုင်းရသည်။ ရုပ်ရှင်ကြည့်သူ စာဖတ်သူကလည်း ထိုအခြင်းအရာကို ကလေးများပြောသည့် အချက်အဖြစ်ဖြင့်သာ မြင်၍ သိပ်ပြီးတော့ အလေးမထားတော့။ ခြေရာလည်းပျောက် ရေလည်းနောက်မဟုတ်။ ရေနောက်ပေမယ့် ခြေရာမပျောက်။ ထို့ကြောင့် ထိုသို့သာ ရေးရလျင် ကောင်းလေစွဟု တမ်းမိသည်။ ဝတ္ထုအရှည်ကြီးရေး၍ ဇာတ်အိမ်တနေရရာတွင် ဘာသာရေးအပေါ် ဝေဖန်ချက်များကို မသိမသာကလေး ပစ်သွင်းလိုက်မည်။ သို့သော် ကျွန်ုပ် မရေးတတ်။ ရေးတော့ ရေးကြည့်ပါဦးမည်။ ဝတ္ထုရှည်ကြီးဆိုပါစို့။ ထိုထဲတွင် အောက်ပါ အခန်းကလေးတခန်းထည့်မည်။ အယ့်လယ်။
ဝတ္ထုတိုတပုဒ်ရေးကြည့်ခြင်း
ကျွန်ုပ်ထံ၏ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်း ပိုစ့်တွင် မင်းသားနှင့် မင်းသမီးနှစ်ဦး လက်ထပ်ပြီးသား ဖြစ်သည်။ ထိုသူနှစ်ဦး၏ အကြောင်းကိုသာ ဆက်ရေးမည်။ ထိုဇာတ်လမ်းတွင် ကျွန်ုပ်၏ ဇာတ်လိုက်ကျော် သကောင့်သားဒီမောင်နှင့် မအဝှါဟိုဒင်းတို့ နှစ်ဦးသည် လက်ထပ်လိုက်သည်။ လက်ထပ်ပြီးနောက် ပိုစ့်၏ နောက်ဆုံးပါ အကြောင်းအရာတို့ကြောင့်ကား သူတို့နှစ်ဦး မကွာရှင်းဖြစ်ကြပေ။ သူတို့နှစ်ဦးသည် လက်ထပ်ပြီးနောက်၌ စီးပွားရေးတဖက် သားသမီးနှစ်ယောက်ကတဖက် ရှုပ်နေသဖြင့် သူတို့၏ မိဘများ နေထိုင်သောနယ်ကို မပြန်ဖြစ်ကြ။ ခုတော့ “မဒီ” ဆိုသည့်သမီးနှင့် “မောင်ဒင်း” ဆိုသည့်သားတို့ နှစ်ယောက်စလုံး အရွယ်ရောက်ပြီ။ သူတို့ကိုယ်ကို သူတို့နိုင်ပြီ။ တချို့အရာများကို ကောင်းကောင်းနားလည်တတ်စပြုပြီ။ တချို့အရာများကို မေးမြန်းစုံစမ်းတတ်ပြီ။ ထို့ကြောင့် နယ်တွင် ရှိကြသော သူတို့၏အဘိုးအဘွားထံ အလည်ခေါ်ခဲ့သည်။ ရွာက သူတို့နေထိုင်သည့် မြို့ကြီးနှင့် သိပ်မဝေးလှသော်လည်း အဝေးပြေးလမ်းမကြီး ပေါ်တွင် Meurtrier error တက်နေသော Algorithm များ၏ မေးခွန်းသုံးခုကို အက်စပတ်ကားကြီးပေါ်က ဆင်းပြီး Résolu အကြိမ်ရေက များသဖြင့် သူတို့ရွာလမ်းခွဲသို့ ရောက်ရမည့်အချိန်ထက် လေးနာရီခန့် နောက်ကျပြီးရောက်ခဲ့သည်။ ခါတိုင်း နေ့လည်ခင်း ၁၂ နာရီဆို ရောက်ပြီ။ ခုတော့ ညနေ ၄ နာရီရှိပြီ။ အဝေးပြေး ကားလမ်းမကြီးဘေးတွင် ဖုန်းဆက်ထားသဖြင့် စောင့်နေသော ကမ္ဘာဦးလက်ကျန် ရွာကနွားလှည်းကို စီးသည်။ လှည်း၏ ဘယ်တင်ညာယိမ်းကနေသည်ကို သူ့ကိုယ်သူလည်း ထိန်း၊ သမီးနှင့် သားကိုလည်းထိန်းရင်း ရွာသို့ရောက်ခဲ့သည်။ ပထမည၌ သမီးနှင့်သားက ပင်ပန်းသဖြင့် ချက်ချင်းအိပ်ပျော်သွားရာ လျှပ်စစ်မီး မရှိသည်ကို သတိမထားမိကြ။ နောက်တနေ့မနက်ခင်းတွင်တော့ မနေ့က မြို့ပြင်က ထွက်သည်နှင့် ရွာရောက်သည်အထိ အဖြစ်အပျက်များနှင့် ရွာလမ်းမှာ ကတ္တရာမဟုတ်ပုံများ၊ လျှပ်စစ်မီးမရသေးပုံများ ရွာမှ အလုပ်အကိုင်များအကြောင်းကို အနည်းငယ်နားလည်နေပြီဖြစ်သော သမီးနားလည်နိုင်စွမ်းရှိသည့် အနေအထားအထိ ရှင်းပြရသည်။ နောက်တနေ့တွင်တော့ လယ်ကွင်းပြင်သို့ ဆက်ခေါ်သွားပြီး အင်းများ စားပင်သီးပင်များနှင့်အတူ စပါးပင်များကို ပြကာ ဆက်ရှင်းပြသည်။ မြို့ပေါ်နေသော သူ့သူငယ်ချင်းတချို့မှာ စပါးပင်ကို တကယ်ပင် မမြင်ဖူးသည်ကို တွေ့ဖူးသဖြင့် သူ့သမီးနှင့် သားကိုတော့ မြင်ဖူးစေချင်သည် မဟုတ်ပါလား။ သို့နှင့် သူတို့ရောက်ပြီး သုံးရက်နေ့တွင် ဘုရားပွဲရက် ရောက်လာသည်။
“ဘုရားပွဲ သွားချင်လား သမီး”
“သွားချင်တယ်” ဟု သမီးဖြစ်သူက မဝံ့မရဲပြောသည်။ ထိုကဲ့သို့ ပြောရသည်မှာလည်း ရွာဘုရားပွဲက ရွာနှင့် အနည်းငယ်လှမ်းသည့်အပြင် တောင်ထိပ်တနေရာတွင် ရှိသဖြင့် ရွာတွင်ရှိသော ထော်လာဂျီကို စီးသွားရမည် ဖြစ်သောကြောင့် ဖြစ်သည်။ သမီးဖြစ်သူမှာ ရောက်လည်းရောက်ချင်နေပုံရသည်။ နောက်ဆုံး ထော်လာဂျီ၏ စိတ်ဆိုးမာန်ဆိုးပုံစံဖြင့် တထုန်းထုန်းနှင့်် ရုန်းကန်လျက် ဆွဲခေါ်သွားသော နောက်တွဲတွင် ပါလာသူများကို မနာလိုဘဲ ခါချသလို ခုတ်မောင်းနေသည့် ကြားထဲမှ ကိုင်ရိုက်ထားသလို တကိုယ်လုံးနာအောင်စီးရင်း ဘုရားပွဲရှိရာဆီသို့ သူတို့ မိသားစုလေးယောက် ရောက်သွားသည်။ တောင်ခါးပန်းလောက်ရောက်တော့ စောင်တန်းရှိသဖြင့် ထော်လာဂျီမှ ဆင်းကား စေတီပေါ်သို့ ဆက်တက်ခဲ့သည်။ ရွာဘုရားပွဲဖြစ်သဖြင့် ရွာတွင်ရှိသော မုန့်သည်များ၊ ကွမ်းယာဆေးလိပ် အရောင်းသည်များ၊ အရက်ဘီယာဆိုင်များနှင့် နေအထပ်ထပ်လောင်ထားသဖြင့် အရောင်ပင်ပြောင်းနေပြီဖြစ်သော ကလေးကစား စရာအရုပ်များရောင်းသည့် ဆိုင်များကို တွေ့ရသည်။ ရွာသူရွာသားများသည် သူတို့အနေဖြင့် အကောင်းဆုံးဟု သတ်မှတ်ထားသော ရေအထပ်ထပ်နှင့် တွေ့ဖူးပြီးသား ဝတ်ကောင်းစားလှများဖြင့် ဟိုဟိုဒီဒီသွားလာနေကြ၏။ စေတီရှိရာဆီသို့ စောင်းတန်းတွင် တထောက်ပြီး တထောက်နားရင်း တက်လာခဲ့သည်။ ထို့နောက် စေတီဘေးနားတွင် ရှိသောကျောင်းဆောင်၌ သီတင်းသုံးနေသော ရွာမှ ဦးပဇင်းကလေးအား ဝင်ရောက်ဝတ်ချပြီး ပဋိသန္ဓာရစကားများပြောသည်။ ထို့နောက် ဦးပဇင်းအား နဝကမ္မအနည်းငယ်ကပ်ပြီး စေတီများ ပြန်လည်မွမ်းမံရန်အတွက်ဆိုသည့် အလှူခံဌာနတွင်လည်း သွားရောက်၍ အလှူငွေများထည့်၏။ ထို့နောက်မှ စေတီရှိရာသို့ ဆက်တက်လာသည်။ “ဘုရားမြတ်ထံပါးဝယ် လျှောက်လို့လည်ကြမယ်၊ နှစ်ယောက်သားတွဲဖက်လို့ ရင်ပြင်ပေါ်ဝယ်” သီချင်းကလေးအတိုင်း စေတီရင်ပြင်ပေါ် ဟိုကြည့်ဒီကြည့် လည်ပတ်လိုက်သည်။ ခုခေတ် စေတီပေါ်ရောက်လို့ မည်သူကများ စေတီကြီး ထိုင်ရှိခိုးတာ ရှိလို့လဲ။ ထိုတောင်မှ ဆီးမြင်နိုင်သော မြင်ကွင်းများကို သမီးအားပြရင်း တချိန်က ဟိုနားမှာ “ကန်ချယ်”ဆိုတဲ့ အင်းပြင်ကြီးပေါ့၊ စိမ်းလန်းစိုပြေရေး စီမံကိန်းဆိုပြီး တောင်သူပိုင် မြေယာကို သိမ်းထားကြတဲ့ ဒီတောင်ဘက်တကြောင်လုံးဟာ အရင်က သစ်ပင်ကြီးတွေနဲ့ ထူထပ်လွန်းလို့ နေ့ခင်းဘက်တောင် ဘယ်သူမှ တယောက်တည်းမသွားရဲခဲ့တဲ့ နေရာကြီးပေါ့ဟု ယုံတမ်းဒဏ္ဍာရီများ ဖြစ်သွားရရှာသည့် ရွာနှင့် ဘေးပတ်ဝန်းကျင်များကို တခုခုအား နားလည်လိုက်သည့်အလား ခနဲ့တဲ့တဲ့ပြုံးရင်း သမီးသိနိုင်စွမ်းရှိသည်အဆင့်အထိ ရှင်းပြသည်။ သမီးလည်း ကြားချင်မှ ကြားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အော်လံက စေတီမကြီး၏ အရံစေတီငယ်လေးဆူတွင် ချိတ်ထားသဖြင့် အသံများ ဆူညံနေသည်။ တွံတွေးနှင့် ဟင်္သာတဆိုသည်မှာ ဘယ်နေရာမှာရှိမှန်း မသိကြသော်လည်း ဤဒေသက လူများမှာ သူတို့သီချင်းကိုသာ သီချင်းထင်ကြသဖြင့် သူတို့သီချင်းသံ၊ အိုးစည်ဒိုးပတ်ဝိုင်းမှအသံနှင့် ကလေးအရုပ် ရောင်းသည့်အရောင်းသည်များ ရေခဲသည်စသည်များတို့မှ အသံသွင်းထားသည့် လက်ကိုင်အော်လံမှ အသံတို့အပြင် ရွာနီးချုပ်စပ်မှ ရောက်လာကြသည့် ကာလသားများ ကလေးသူငယ်များအသံနှင့် ဆူညံ့ပွက်လျက်ရှိနေသောကြောင့် ဖြစ်သည်။ ထို့နောက် အောက်ကိုဆင်းလာရင်း မုန့်သည်များထံတွင် သမီးနှင့် သားတို့ စားချင်သော မုန့်များဝယ်၍ သူတို့ မိသားစုလေးယောက် နားနေလောက်သည့် သစ်ရိပ်တခုကို ရှာသည်။ ထယ်သားမြေများကြားတွင် ရှိနေသော လက်ခုပ်တဖောင်ခန့်မြင့်သည့် သစ်ပင်သေးသေးလေး တပင်ကိုတွေ့သဖြင့် ထိုသစ်ပင်အောက်သို့သွား၍ မလုံမလဲ နေခိုသည်။ သားက တောင်တက်စကပင် လမ်းမလျှောက်နိုင်တော့သဖြင့် သူချီထားသော်လည်း သမီးမှာ သူမ၏ အမေနှင့် ဘေးကနေ တကောက်ကောက် လမ်းလျှောက်လိုက်လာရသဖြင့် အတော်ပင်ပန်းနေဟန် ရှိသည်။ မြေကြီးပေါ် ထိုင်ချရခက် မထိုင်ချရခက် ချီတုံချတုံဖြစ်နေသည်ကို သူ့ဇနီးမအဝှါဟိုဒင်းက ထိုင်ချလိုက်သမီး အဝတ်ပေတာ ပြန်လျှော်လို့ရပါတယ်ဟု ပြောရင်း ထိုင်စေသည်။ အမောပြေလောက်တော့ စူးစမ်းလိုသည့် အရွယ်သို့ရောက်နေသော သမီးကြီး မဒီက မေးခွန်းစလာသည်။
“ဒီစေတီက ဘာလို့ ဒီမှာ လာတည်ထားတာလဲ၊ ပြီးတော့ ဒီဘုန်းဘုန်းလေးက ဘာလို့ ဒီလောက်ဝေးတဲ့ နေရာမှာ လာနေတာလဲဟင်”
“ရွာကျောင်းက ကျောင်းထိုင်နဲ့ မတည့်လို့ ဒီမှာ လာနေတာပေါ့၊ လာနေပြီးတော့လည်း လူမလေး ခွေးမခန့်မဖြစ်ရအောင် စေတီတည်လိုက်တာပေါ့” ဟုရှင်းပြလိုက်လျင် ဘာလို့မတည့်တာလဲ၊ ရန်ဖြစ်ကြတာလား၊ သူတို့ စာမသင်ရဘူးလား၊ စာမတတ်ကြလို့ ရန်ဖြစ်တာပေါ့နော်ဟု မေးခွန်းတွေ ဆက်လာနိုင်သဖြင့် အတန်ကြာမှ ကျောင်းနာမည်ပါတွင် ပါသော စကားလုံးအတိုင်း ဖြေလိုက်သည်။
“တောရလာဆောက်တည်တာ သမီးရဲ့၊ တောရဆောက်တည်တယ်ဆိုတာ တရားလာထိုင်တာ၊ ရွာနဲ့နီးရင် ဆူညံလို့ လူနဲ့ဝေးတဲ့နေရာမှာ လာပြီး တရားထိုင်တာ”
သူက သည်လောက်ဆို ပြီးလောက်ပြီဟု ထင်လိုက်သည်။ သို့သော် မဟုတ်။
“တရားထိုင်ရင် ဘာမှ မစားတော့ဘူးလားဟင်၊ ရေလည်း မချိုးတော့ဘူးလား”
သမီးမေးသည်မှာ မှန်ပါသည်။ ဆွမ်းကွမ်းကိစ္စ အတော်ခက်မည်။ တောင်ထိပ်ဖြစ်သဖြင့် ရေလည်း မရှိ။ ခုနက ဦးပဇင်းကလေးပြောသော စကားလုံးများကို ပြန်ကြားယောင်မိသည်။ သူနှင့် စကားငါးမိနစ်ခန့်သာ ပြောလိုက်ရသည်။ ထိုငါးမိနစ်စာ အပြန်အလှန်ပြောဆိုမှုတွင် “ငါတို့မြန်မာ ဗုဒ္ဓဘာသာဆိုတာက” ဆိုသည့် စကားလုံးများ၊ “ဗုဒ္ဓဘာသာမှန်ရင်” ဆိုသည့် စကားလုံးများ အခွန်းနှစ်ဆယ်လောက်ပါသည်။ ရွာထဲတွင် ရွာဘုန်းကြီးနှင့် သိပ်အစေးမကပ်ကြသော တကာ တကာမများတို့က အလှည့်ကျစနစ်ဖြင့် မနက်တိုင်း နှစ်တိုင် လေးမိုင်ခန့်ဝေးပြီး အတော်ကလေးတက်ရသော ဤတောင်ပေါ်သို့ အရုဏ်အမီ ဆွမ်းပို့ကြရသည်။ ယခုလို မိုးကုန်ခါစတွင် မိုးရေကျန်သေးသဖြင့် မပို့ရသေးသော်လည်း ဤပွဲပြီးသည်နှင့် ထော်လာဂျီဖြင့် အဖိတ် ဥပုသ်တိုင်း ရေပို့ကြရဦးမည်ဖြစ်သည်။ ထိုဦးပဇင်းလေးပြောသော ဗုဒ္ဓဘာသာမှန်ရင်ဆိုသည့် စကား၏ နောက်တွင် ကိုယ့်တကာ တကာမတွေ အလုပ်ရှုပ်တာမရှုပ်တာ၊ ရှိတာမရှိတာ နားမလည်ဘဲ အလှူရေစက် လက်နှင့်မကွာဆိုသည့် အတိုင်းလုပ်ရမည်၊ ဒါမှ ဗုဒ္ဓဘာသာဆိုသည့် တသွေးတသံ တမိန့်ပါနေကြောင်း သမီးကို မည်သို့ ရှင်းပြရပါ့။ ထိုစဉ် သူတို့နားနေသော နေရာအနီးသို့ အခြားရွာမှလူပျိုအပျိုတစုက အရက်ဝိုင်း လာထောင်နေသဖြင့် သူတို့မိသားစုလည်း စေတီရှိရာပေါ်သို့ ပြန်တက်လာကြသည်။ ခဏအကြာတွင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်အပျိုများ၊ ကာလသားများ၊ လူကြီးသူမများတို့က အလှူစာကို ရွက်လျက် စေတီအား အိုးစည်ဒိုးပတ်ဖြင့် လက်ယာရစ် သုံးပတ်ပတ်နေသည်နှင့် ကြုံရတော့၏။ ထိုအချိန် သူတို့လိုက်လာသော ထော်လာဂျီပိုင်ရှင်က တရားမနာတော့ဘဲ ပြန်တော့မည် ရွာတွင် အလုပ်ရှိသေးသည်ဟု လာခေါ်သဖြင့် သူတို့လည်း တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြသည်။ တောင်အောက်သို့ စောင်းတန်းအတိုင်းဆင်းလာရင်း သမီးကြီးက မေးခွန်းတခု မေးသည်။
“သူတို့ ဘာလို့ စေတီကြီးကို ပတ်နေကြတာလဲဟင်”
စေတီကြီးအား ရိုသေသမှုဖြင့် ပတ်ရသည်။ နာရီလက်တံကဲ့သို့ ညာရစ်ရသည်။ ဤအလေ့အကျင့်သည် ဗုဒ္ဓဘာသာတို့၏ အလေ့အကျင့် မဟုတ်။ ထုံးစံလည်းမဟုတ်။ အိန္ဒိယတောင်ပိုင်းရှိ တမီလ်လူမျိုးများ၏ မိုးရွာစေရန် မိုးနတ်ဘုရားရှိသည့် Mariamman ဘုရားကျောင်းကို လှည့်ပတ်၍ မိုးကိုတောင်းဆိုသည့် ထုံးတမ်းစဉ်လာဖြစ်သည်။ ၁၄ ရာစုက စတင်ခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကမူ အမ္ဗဋ္ဌအမည်ရှိသော လုလင်တဦးသည် မြတ်စွာဘုရားထံတွင် လက္ခဏာတော် ၃၂ ပါးနှင့် ပြည့်စုံမှုရှိမရှိကို ဆရာဖြစ်သူ ပေါက္ခရသာတိက သွားရောက်စုံစမ်းခိုင်းရာ မြတ်စွာဘုရားကို တပတ်ပတ်၍ကြည့်ဖူး၏။ ထိုအမ္ဗဋ္ဌအား မြတ်စွာဘုရားက ဇာတ်နိမ့်ဟူသော စကားဖြင့် ကဲ့ရဲ့တော်မူ၏။ (ဒီ၊ဋ္ဌ၊၁၊၂၂၇-အမ္ဗဋ္ဌော ပန မာဏဝေါ အဖွင့်) ယခုခေတ် ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်းအား လက်ယာရစ်သော အလေ့အကျင့်မှာ ဗဒုံမင်း၏လက်ချက်တခု ဖြစ်ဟန်တူပါသည်။ သူက အိန္ဒိယကလာတာအကုန် အမှန်တွေချည်းပဲဟု မြန်မာ့ယဉ်ကျေးမှုတိုးတက်ရန် ကြံစည်ခဲ့သူတဦးဖြစ်သည်။ ဟူး တော်သေးသည်ဟု သူ သက်ပြင်းချမိသည်။ ဗဒုံမင်းလွတ်လိုက်သော အမတ်များ တော်ကြပါပေ၏။ ထိုဒေသတွင် ပြုလုပ်ကြသော မီးနင်းပွဲဓလေ့ ထုံးစံများကို ယူမလာခဲ့ကြသဖြင့် ဖြစ်ပါသည်။ မဟုတ်ပါက အစာရှောင်ခြင်းစနစ်များစွာ ပါဝင်သော အကျင့်ကို ခြောက်ရက်တာမျှကျင့်၍ နောက်ဆုံးရက်၌ မီးထဲပြေးပြနေရမည်။ နောက်တမျိုးမှာကား အိန္ဒိယအနောက်ပိုင်း Ajmer မြို့ရှိ ခြောက်ရက်တာ တရားထိုင်ပြီး ခုနှစ်ရက်မြောက်၌ မိမိကိုယ်ကို ဓားနှင့်ထိုးခြင်း၊ လျှာကို ဖောက်ခြင်းစသည့် အလေ့အကျင့်များ မယူခဲ့။ သို့သော်လည်း အဘယ်ကြောင့်မှန်းတော့ မသိ။ ဂျိမ်းဘုန်းကြီးများ၏ သီလတခုဖြစ်သည့် သက်သတ်လွတ်စားခြင်းကိုကား ယူခဲ့ပြန်၏။ သူသည် သမီးကိုကြည့်ရင်း သမီးကြီးလာတဲ့အခါ ဒီလိုရွာမှာ ရှိနေကြသေးတဲ့ “မြန်မာတို့ မွေးစားခဲ့သော ဓလေ့ထုံးတမ်းစဉ်လာများ”ကို စာတမ်းပြုစုပြီး ဘွဲ့တခုခုကိုသာ ရအောင်ယူပါတော့ သမီးရေဟု စိတ်ထဲပြောမိသည်။ အခုတော့ ဒါတွေပြောလို့ သမီးနားလည်မှာမဟုတ်ဟု နားလည်သည်။ ထို့ပြင် သူ့ဘေးတွင် တရားမနာတော့ဘဲ ပြန်နေကြသော အခြားသူများလည်း သူတို့နှင့်အတူ စောင်းတန်းအတိုင်း ဆင်းနေကြသည်။ မုသားမပါ လင်္ကာမချော ဖြေလိုက်သည်။
“အဲဒါ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာပေါ့ သမီးရဲ့”
သကောင့်သားဒီမောင်သည် သူ၏ သမီးကြီး မော့ကြည့်နေသော နားမလည်သလို ဖြစ်နေပုံကို မသိချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် … စသဖြင့် ဝတ္ထုကို အခြားသော လူတို့အကြိုက် အလွမ်းအသောလေးများ ရယ်မောစရာများ သို့မဟုတ် မယ်ကျွိဘာသာပြန်သော ရွက်ကြွေကဲ့သို့ မယ်ဒလင်း၏ နာကျင်စရာကောင်းလွန်းလှသောဘဝနှင့် ကောင်းမွန်လှသောစိတ်ထားဖြင့် ညန်အား ခွင့်လွတ်ပြနေမှု၊ မောင်နှမများ၏ ရလိုမှုဆိုသည့် လွန်စွာနာကျင်စရာကောင်းသော အနာများ၏ကြားထဲသို့ အနာဖြစ်ရသည့် အကြောင်းရင်းဖြစ်သော တရုတ်နိုင်ငံရေးအပြောင်းအလဲများနှင့် လူကို လူဟုအထင်မခံခဲ့ရသော ရှန်ကေရှိုက်၏ ရက်စက်မှုသမိုင်းတခုလုံးက သာမန်စာဖတ်သူများကို မျက်လှည့်ပြလိုက်သည့် ပုံစံဖြင့် ရေးမည်။ ဤသို့ ရေးနိုင်လျင်မူ ဟန်မည်။ လက်ရှိခေတ်ကလည်း ဝတ္ထုထဲတွင် အလွဲအချော် အထေ့အငေါ့ နည်းနည်းပါးပါးကို မည်သူမှလည်း သတိထားမိမည်မဟုတ်။ အမှန်မရှိသည့် လောက၌ အမှားတခုကို ထပ်တွေ့ရခြင်းသည် အမှောင်ထဲ၌ မည်းမည်းအရာတခုကို ထပ်တွေ့ရခြင်းနှင့်သာ တူပါလိမ့်မည်။ ဤသို့ရေးနိုင်လျင် ဆရာသိန်းဖေမြင့်ကဲ့သို့ တက်ဘုန်းကြီးရေးအပြီး အိမ်ကို ဘုန်းကြီးတွေ ဆယ်ရက်လောက် လာဝိုင်းတော့မည် မဟုတ်။ မကျေနပ်သော်လည်း ဇာတ်ကြောင်းအရ ပါလာသည်ဟု ထင်ကာ အောက်သက်သက်နှင့် နားလည်ပေးကြမည်။ ခေတ်ကလည်း ပြောင်းနေပြီ မဟုတ်ပါလား။ သို့မဟုတ် ပြောင်းလဲသွားပြီ။ ၂၁ ရာစုတွင် ထိုကဲ့သို့ လုပ်ကြမည်တော့မဟုတ်။ လုပ်စရာလည်း လိုတော့မည် မထင်။ ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ်တွင် ဘာသာရေးက ပုံစံတမျိုးသို့ စတင်၍ ခရီးဆက်သည်။
ဘာသာရေးဘာသာရပ်
သူ့ဘာသာသူ နေပါစေအေ။ ဘာသာလဝါပဲ ထားလိုက်။ မဆိုင်ဘူးဆိုပြီး ဘာသိဘာသာ နေခဲ့မိတာ။ မြန်မာစာဘာသာ၊ သင်္ချာဘာသာ၊ အင်္ဂလိပ်ဘာသာ။ ဤနေရာတွင် အသုံးပြုသော “ဘာသာ“ဆိုသည့် စကားလုံးသည် တခုခုမှ ခွဲထွက်သည်ဆိုသော သီးသန့်ဆိုသည့်အဓိပ္ပါယ်ကို ဆောင်သည်။ ဤအကြောင်းအရာသည် ထိုအကြောင်းအရာနှင့် မဆိုင်ဆိုသော အဓိပ္ပါယ်ကို ပြသည်။ ဤသို့တွေး၍ ရှေးခေတ်သောအခါက ဗုဒ္ဓဘာသာ၊ ခရိယာန်ဘာသာနှင့် အစ္စလာမ်ဘာသာအား ဗုဒ္ဓလမ်းစဉ်ကို လိုက်နာသူ၊ ရောမအင်ပါယာဥပဒေကိုလိုက်နာသူနှင့် အော်တိုမန်အင်ပါယာဥပဒေကို လိုက်နာသူများဆိုသည့်အစာား အမည်တခုခု ပေးရန် စဉ်းစားကြပြီး Religio ဆိုသည့် စကားလုံးမှ Restraint နှင့် ‘to repeat, to read again’ ဟုလည်း အဓိပ္ပါယ်ရသည့် Religion ဟု ထုတ်ပြန်သောအခါ မြန်မာပညာကျော်တို့က Religion ကို “ဘာသာ” ဟု ဖွဲ့ဆိုခဲ့ဟန်ရှိပါသည်။ ထို့ကြောင့် Buddhist, Buddhism တို့ကို Religion နှင့် တွဲလိုက်သောအခါ ဗုဒ္ဓဘာသာဟု ပြောင်းခဲ့ကြသည်။ အခုတော့ Religion ကို Subject အဖြစ်ပြုလုပ်၍ စာသင်ကျောင်းများ တက္ကသိုလ်များ၌ စာအဖြစ် သင်ကြားကြပြီ။ စာများကိုလည်း ကဏ္ဍအလိုက်ခွဲသင်သည်ကို အင်္ဂလိပ်လို Subject ဟုသုံးသော်လည်း မြန်မာတို့က ဘာသာဟုသာ အသုံးပြုခဲ့သည်။ ထိုအခါထို ဗုဒ္ဓ, ခရိယာန်, အစ္စလမ်ဘာသာဆိုသည့် ဘသာရပ်ကို သင်ကြားသည့်အခါ ဘာသာရေးဘာသာရပ် ဖြစ်သွားသည်။
ဟုတ်ပါသည်။ ယနေ့ခေတ်တွင် ဘာသာရေးများကို စာသင်ကျောင်း၌ သင်ကြားရသည့် ဘာသာရပ်တခုအဖြစ် စတင်အသုံးပြုလာကြပြီ ဖြစ်သည်။ ဟားဗတ်၊ ယေး၊ ချီကာဂို၊ ကိုလံဘီယာနှင့် Duke တက္ကသိုလ်များ၊ Pomona, Claremonk McKenna, Swarthmore, Williams နှင့် Amherst ကောလိပ်များနှင့် အွန်လိုင်းတက္ကသိုလ်များဖြစ်သည့် အနောက်မီချီကန်၊ ဖလော်ရီဒါအပြည်ပြည်ဆိုင်ရာ၊ Missouri ၊ ဖလော်ရီဒါဗဟိုတက္ကသိုလ်နှင့် ဟိုနိုလူလူရှိ Chaminade တက္ကသိုလ်များတွင် ဘာသာရေးကို ဘာသာရပ်တခုအဖြစ် သင်ကြားပေးနေပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့တက္ကသိုလ်၊ ကောလိပ်၊ အွန်လိုင်းကျောင်းများ စုစုပေါင်း ၉၀၀ ကျော်ရှိသည်။ ဘာသာရေးဘာသာရပ်တွင် ရှေးခေတ်ဘာသာရေး၌ အသုံးပြုသော ဘာသာစကားများ၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗုဒ္ဓဝင်၊ ယဉ်ကျေးမှု၊ ဒဿန၊ ကျင့်ဝတ်နှင့် အခြားဘာသာများနှင့် နှိုင်းယှဉ်ခြင်း၊ ခရိယာန်ဘာသာမှ သမ္မာကျမ်းစာ၊ သာသနာပြုခရီး၊ အရှေ့တိုင်းဘာသာရေး၊ တရားဟောကြားသူ (Clergyperson) ၊ ဟိန္ဒူဘာသာရေး၊ အစ္စလာမ်ဘာသာရေး၊ ဂျူးဘာသာရေးနှင့် ၎င်းတို့၏ ဇစ်မြစ်များ၊ ထုံးတမ်းစဉ်လာများ၊ သမိုင်းမတင်မီက ဘာသာရေး၊ သမိုင်းသစ်ဘာသာရေးစသည့် ဘာသာရပ်များအပြင် ဘာသာရေးနှင့် ကျားမတန်းအတူအနေအထား၊ အစ္စလာမ်ဘာသာရေးနှင့် အကြမ်းဖက်မှု၊ ဘာသာရေးနှင့် အေအိုင်ကျင့်ဝတ်များစသော ဘာသာရပ်ပေါင်းများစွာကို သင်ကြားပေးနေပြီ ဖြစ်သည်။ ဘာသာရပ်ပေါင်း ၅၀ ကျော်ရှိပါသည်။ ဤကဲ့သို့ ဘာသာရေးဘာသာရပ်ကို သင်ကြားပြီးသည့်နောက် အသက်မွေးဝမ်းကြောင်းဆိုင်ရာများကိုလည်း ရှာဖွေပေးထားပါသည်။ အလုပ်အကိုင်အခွင့်အလမ်း အနေများဖြင့် တက်ကြွလှုပ်ရှားသူ၊ အုပ်ချုပ်သူ၊ ပရဟိတ၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ သံတမန်စသဖြင့် အလုပ်အမျိုးအစားပေါင်း ၃၃ မျိုးအထိ ရှိသည်။ (York university စာမျက်နှာတွင် လေ့လာပါ) အထက်ပါ လုပ်ငန်းများတွင် သက်ဆိုင်ရာ အလုပ်အလိုက် လစာများရမည်ဖြစ်ပြီး လက်ရှိကာလတွင် သင်ကြားပေးသူများ အနေဖြင့် လစာမှာ ပျဉ်းမျှ ဒေါ်လာလေးသောင်းမှ ခုနှစ်သောင်းကြား ရရှိနိုင်မည် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းများတွင် ဘာသာတရားကြောင့် ဖြစ်ပေါ်လာသော မတူညီသော လူ့အဖွဲ့အစည်းများ၊ အယူဝါဒများ၊ ယုံကြည်မှုများ၊ ယဉ်ကျေးမှုများ၊ ဘဝနှင့်ဆိုင်သော ရှုထောင့်အမျိုးမျိုးများ၊ လူ့ဘဝတွင် ကြုံလာသည့် ဝိညာဉ်ဆိုင်ရာများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းသော အနာဂတ်ကမ္ဘာကို ဖန်တီးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်လာကြသည်။ ဘာသာရေးဘာသာရပ်များကို သင်ကြားပြီးသည့်နောက် ရရှိနိုင်သော ဘွဲ့များမှာ AA ဘွဲ့ (ဘာသာရေးဆိုင်ရာတွဲဘက်)၊ BA ဘွဲ့၊ BTh (Bachelor of Theology) ဘွဲ့၊ MA ဘွဲ့၊ Mth (ဘာသာရေးဆိုင်ရာ မဟာဘွဲ့)၊ PhD ဘွဲ့၊ Dth (Doctor of Theology) ဘွဲ့များကို ရရှိကြမည် ဖြစ်ပါသည်။ ဂျူးအဖွဲ့အစည်း၏ ပံ့ပိုးပေးမှုဖြင့် ဂျူးဘာသာရေးကို သင်ကြားသူများအတွက် သီးသန့်ဘွဲ့ ပေးအပ်မှုများလည်း ရှိပါသည်။ နိုင်ငံတကာအသီးသီးမှ ဤဘာသာရေးဘာသာရပ်နှင့် ပတ်သက်၍ ပေးအပ်သောဘွဲ့ပေါင်း ၃၈ မျိုးရှိပါသည်။
ဤကဲ့သို့ ဘာသာရေးကို စာသင်ကျောင်းနှင့် တက္ကသိုလ်များတွင် စတင်ထည့်သွင်းလာကြသည်မှာ ၁၉၈၁ တွင် ပြင်သစ်နိုင်ငံမှ စတင်ခဲ့သည်။ ထို့နောက်ပိုင်း အင်္ဂလန်နိုင်ငံကလည်း ၁၉၈၈ ခုနှစ်တွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအက်ဥပဒေတခုကို ရေးဆွဲလျက် နိုင်ငံတော်၏ အထောက်အပံ့ကို ရယူထားသော ကျောင်းသားမှန်သမျ မသင်မနေရ စတင်ပြဌာန်းခဲ့သည်မှ စသည်ဟု ဆိုရမည်။ ထိုစဉ်က ကမ္ဘာပေါ်ရှိ ဘာသာကြီးများနှင့် ထိုဘာသာကြီးတို့၏ အဓိကကျင့်ဝတ်များကိုသာ စတင်သင်ကြားခြင်းဖြင့် စတင်ခဲ့သည်။ ထိုစတင်သည့်နှစ်က ကျောင်းသား ၅၁ ရာခိုင်နှုန်းသည် ခရိယာန်များဖြစ်ပြီး သူတို့ကိုသာလျင် သီးသန့်ဝတ်ပြုခွင့် ပြုခဲ့သည့်။ နောက်ပိုင်းတွင် ဘာသာအလိုက် သီးသန့်စီ ဝတ်ပြုခွင့်ပေးသည်။ အင်္ဂလန်နိုင်ငံ၏ ဘာသာရေး ဘာသာရပ်ကို စာသင်ကျောင်းတွင်းသို့ ထည့်သွင်းခဲ့မှုကို အစ္စရေး၊ အိုင်ယာလန်၊ ဂျပန်၊ လက်ဘနွန်၊ မလေးရှား၊ နော်ဝေး၊ စကော့တလန်နှင့် တောင်အာဖရိကနိုင်ငံများကလည်း ပုံစံတူဥပဒေများ ပြဌာန်းလာခဲ့ကြပြီး စာသင်ကျောင်းတွင် ဘာသာရေးဘာသာရပ်များကို နိုင်ငံအလိုက် ကိုယ်စီယုံကြည်မှုများဖြင့် ပြဌာန်းခဲ့ကြသည်။ ကိုယ်စီယုံကြည်မှုဟု ဆိုရာတွင် ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာနှင့် ရှင်တိုဘာသာ၏ ဇစ်မြစ်နှင့် စာရိတ္တများကို သင်ကြားပေးခြင်း၊ မလေးရှားမှ မွတ်စလင်များအတွက် ကိုရန်ကျမ်းစာကို သင်ကြားပေးပြီး မွတ်စလင်မဟုတ်သူများအတွက် ကိုရန်ကျမ်းစာလာ ကျင့်ဝတ်များကို သင်ကြားပေးခြင်း၊ စကော့တလန်မှ ၁၄ နှစ်အောက်ကို ဘာသာရေးလာ ကျင့်ဝတ်များနှင့် ၁၄ နှစ်အထက်ကို ဘာသာရေးအယူဝါဒများကို သင်ကြားပေးခြင်း စသဖြင့် နိုင်ငံအလိုက် ကွဲပြားခြားနားမှုများ ရှိကြပါသည်။ အိုင်ယာလန်သည် ကမ္ဘာပေါ်ရှိ ဘာသာရေးမျိုးစုံတို့၏ အယူဝါဒများနှင့် ဘာသာမဲ့တို့၏ အယူဝါဒများကိုပါ သင်ကြားသည်။ အိုင်ယာလန်နိုင်ငံသည် ၂၀၁၆ စစ်တမ်းအရ လူဦးရေ လေးသိန်းရှစ်သောင်း ရှိရာတွင် ဘာသာတရားကို အလေးမထားသူ (မည်သည့်ဘာသာကိုမှ မကိုးကွယ်သောသူ) လေးသိန်းခြောက်သောင်း၊ ဘာသာမဲ့ဟု ပြောသူ ၇၇၆၉ ဦးနှင့် သက်ဆိုင်ရာဘာသာကို ကိုးကွယ်သူ ၅၁၉၈ ဦးသာရှိခဲ့သောကြောင့် ဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့ ဘာသာရေးကို စာသင်ကျောင်းများ၌ မသင်ကြားကြသော်လည်း ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ဗလီများတွင် သင်ကြားလာနေသည်မှာ နှစ်ပေါင်း ၂၀၀ နှင့် ၄၀၀ အကြားကြာမြင့်ခဲ့ပြီဟု ဆိုကြသည်။ သို့သော်လည်း ယခုကဲ့သို့ ဘာသာရေးဘာသာရပ်များကို ပွင့်ပွင့်လင်းလင်း ထည့်သွင်းလာကြသည်မှာ ၂၀၁၂ မှသာဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်တွင်သာ တက္ကသိုလ်များ၌ ဘာသာရေးဘာသာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာကြခြင်း ဖြစ်ပါသည်။
၂၁ ရာစုသည် ဤသို့ပြောင်းလဲသွားပြီ ဖြစ်ရကား ဘာသာရေးနှင့် ပတ်သက်၍ လူငယ်အတော်များများက ဘာသာရေးအကြောင်း၊ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များ၊ ဘာသာရေး အယူဝါဒများအကြောင်းကို ကောင်းကောင်းကြီး သိပြီးသည့်နောက် ဘာသာရေးနှင့် ပတ်သက်၍ ရမ်းကားသူများ အစွန်းရောက်သူများ ခွဲခြားဆက်ဆံသူများအပေါ် သိမြင်နားလည်လာကြပြီး တနည်းတဖုံဖြေရှင်းကြမည် ထင်သည်။ ရယ်ကြမည်တော့ မထင်။ ပြုံးရုံ ပြုံးကြမည်။ ဤသို့ဖြစ်ချင်မှလည်း ဖြစ်မည်။ သို့မဟုတ် ဘုရားထံတွင် ဆုတောင်းကြမည်လား။ ဆုတောင်းသည့် အလုပ်ကို ဘာသာဝင်တိုင်း လုပ်ကြသည်။ ဗုဒ္ဓဘာသာသည်ပင် ကျင့်ကြံရမည့်ဘာသာဟု ပြောထားပါလျက် နောက်ပိုင်းတွင် ဆုတောင်းမှုများကို သိသိသာသာပင် ပြုလုပ်လာကြပြီ။ ဆုတောင်းခြင်းသည် တကယ်ပြည့်ဝမည်လား။
တခုသော ခေတ်၌ အာရှအလယ်ပိုင်းတွင် လူသားတို့သည် ဆိုးရွားလှသော ကံကြမ္မာများနှင့် ဆုံရလေ့ရှိ၏။ ဖြစ်ချင်သည့်အတိုင်း ဖြစ်လို့မရ။ ထိုအရာများ ပြေပျောက်သွားစေရန်အတွက် ဘုရားထံသွား၍ ဆုတောင်းသည်။ ထိုဘုရားမှာ သူတို့၏ ဆိုးရွားလှသော ကံကြမ္မာကြောင့် ရင်ဆိုင်နေရသည့် ဆင်းရဲဒုက္ခအစုံအလင်ကို ဖြေလျှော့ပေးဖို့ ရောက်မလာကြ။ ‘ရောက်မလာကြ’တွင် “ကြ”ဟုပြောလိုက်ရခြင်း သည် လေးစားသမှုနှင့် အများနှင့်ဆိုင်သော ကြိယာဝိသေသနကို သုံးလိုက်ခြင်းဖြစ်သည်။ အမှန်မှာ ရောက်မလာ ဟုပြောရပေမည်။ ထိုအခါ ဤဘုရားမှာ လိုအင်ကို ဖြည့်မဆည်းပေးနိုင်ပါတကားဟု တွေးကြလေသည်။ ထိုသူတို့၏ နေထိုင်ရာဒေသကား အရှေ့အလယ်ပိုင်းဒေသ။ သို့မဟုတ် ယေဟောဝါအမည်ရ ကောင်းကင်မှ ဘုရားသခင်သည် သူ့မြေကို သူပြန်လုခဲ့သည့်ဒေသဖြစ်သည်။ သူ့မြေကို သူပြန်လုနေခြင်းမှာ အခြားသူများ ပိုင်ဆိုင်သွား၍မဟုတ်ဘဲ သူပိုင်နေဆဲမြေပင်ဖြစ်သည်။ သူပိုင်နေဆဲ သူ့မြေကို သူပြန်လုနေသည်မှာ ရာစုနှစ် သုံးခုပင်ရှည်လျားခဲ့သည်။ ထိုနောက် သူပင် ပြန်ပိုင်ခဲ့သည်။ သူရောက်လာသဖြင့် သူ့ဘာသာမှ ကွဲထွက်လာသော ဘာသာကြီးများဖြစ်ကြသည့် အာရှအလယ်ပိုင်းမှ လူတချို့သည် ဂျူးဘာသာကို ကိုးကွယ်ခဲ့ကြ၏။ ခရိယာန်များ၏ ဘုရားကျောင်းသို့ သွားခဲ့ကြ၏။ အစ္စလာမ်ဘာသာသို့ ဝင်ခဲ့ကြ၏။ ထို့နောက် အမည်ကွဲပြားနေသည့် ဘာသာတရားတို့၏ နည်းစနစ်များအတိုင်း အမည်ကွဲနေသော ဘုရားထံ သူတို့၏ ရင်ထဲသို့ သိပ်ထည့်ပေးခဲ့သော စိတ်သောကများကို ပြန်ယူပေးပါရန် ဆုတောင်းခဲ့ကြ၏။ ဘုရားသခင်သည် ကောင်းကင်တွင် လူ့သောကများ ထည့်စရာအိမ်များ ဖိသိပ်စရာအိုးများ ပြည့်နှက်နေ၍လား၊ သို့မဟုတ် ဤဒေသမှ လူများ၏ ဇကိုမြင်ပြီး သွေးနည်းသွားလေသလား မသိ။ ဘုရားသခင်သည် သူတို့ဆုတောင်းများကို မကြားချင်ယောင်ဆောင်ခဲ့လေသည်။
သမိုင်းဦးခေတ် နတ်ဘုရားများ
ဤနေရာ ဤဒေသသည် သာမန်နေရာ သာမန်ဒေသ မဟုတ်သည့်အတွက်ကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ ဟုတ်ပါသည်။ ဤနေရာ ဤဒေသသည် သာမန်နေရာဒေသမဟုတ်ခဲ့။ သူတို့လို ဘုရားသခင်ကို ကိုးကွယ်ကြမည့် ဘာသာတရားယဉ်ကျေးမှုကို စတင်ခဲ့သည့် နေရာဖြစ်ခဲ့သည်။ ယခု အီရတ်ဆိုသည်မှာ တချိန်က မက်ဆိုပိုတေးမီးယားဒေသကြီး ဖြစ်ခဲ့၏။ တူရကီသည် တခါက အာရှမိုင်းနား (Anatolia)။ အီရန်ဆိုသည်မှာ လည်း ဒဏ္ဍာရီများနှင့် ပြည့်နှက်ခဲ့သော ပါရှားဖြစ်ခဲ့ဖူးလေပြီ။ ထိုမက်ဆိုပိုတေးမီးယားခေတ်၌ ဇီနိုဖန်း (Xenophanes)တို့၊ ဖာရိုးဘုရင်တို့ကိုးကွယ်သည့် ဘာသာတရားများ၏ ထွန်းကားခဲ့ရာဒေသဖြစ်သည်။ ဇီနိုဖန်းက လူသားတို့အပေါ် အုပ်ချုပ်သည့် ရုပ်မရှိ နာမ်မရှိ အမည်မရှိသော နတ်ဘုရားရှိလိမ့်မည်ဟု ဟောပြောခဲ့ဖူးသည်။ အတိအကျဟောပြောခြင်းကား မဟုတ်။ ဗျာဒိတ်ပုံစံ ဟောပြောမှုမျိုးဖြစ်သည်။ ရှိလိမ့်မည်။ သို့မဟုတ် ရှိလာလိမ့်မည်ဆိုသည့် သဘောမျိုးဖြစ်သည်။ ထို့ပြင် ဘုရားများသည် ကျွန်ုပ်တို့၏ ချစ်ခြင်းများ၊ မိသားစုများ၊ စီးပွားရေးများ၊ စစ်ပွဲများတို့နှင့်အတူ ရှိနေမည်။ ကျွန်ုပ်တို့ ချစ်ကြသည့်အခါ အချစ်နတ်ဘုရားရှိမည်။ မိသားစုများ ဖြစ်ပေါ်လာအောင် ဖန်တီးပေးသည့် မိသားစုနတ်ဘုရားရှိမည်။ ထို့အတူ စစ်ပွဲများတွင်လည်း စစ်ပွဲနတ်ဘုရားများရှိမည်ဟုလည်း ဟောပြောခဲ့ပါသည်။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုကို နားလည်သော နတ်ဘုရားများသည် မတူညီသော ပုံစံများဖြင့် ရှိနေလိမ့်မည်ဟုဆိုသည်။ သူ့ဟောပြောချက်ကြောင့် ဘုရားများစွာကို ကိုးကွယ်သူနှင့် ဘုရားတဆူတည်းကို ကိုးကွယ်သူများပေါ်ခဲ့သည်။ တွေးခေါ်သူများ (၅) ပိုစ့် နောက်ဆုံးပိုင်းတွင် ရေးသားခဲ့သော Monotheist နှင့် Polytheist သည် ဤတွေးခေါ်ပညာရှင် ဇီနိုဖန်း၏ အယူအဆပင်ဖြစ်ပါသည်။ Polytheist တွင် ဖာရိုးဘုရင်၏မိခင်ဟု ယူဆကြသော ခံနိုင်ရည်အရှိဆုံး Isis နတ်ဘုရားမ၊ ပိရမစ်များတွင် ပထမဦးဆုံးတွေ့ရှိခဲ့ရသော နေလနတ်ဘုရား အမုန် (Amun) (အမည်ကွဲများ Amon, Ammon , Amen, Amun-Ra)၊ ကမ္ဘာကြီးပေါ်ရှိ မြေကြီး, ပင်လယ်နှင့် လူသားတို့၏ ကံကြမ္မာအား ပရမ်းပတာဖြစ်စေ တတ်သော Tiamat နတ်ဘုရားမ၊ တရားမျှတခြင်း, ကရုဏာ၊ ပြန်လည်ဆန်းသစ်ခြင်း စသည်တို့ကို ဖန်တီးတတ်သော Marduk နတ်ဘုရားစသဖြင့် ဘုရားပေါင်းများစွာ ပေါ်ပေါက်ခဲ့သည်။ Inanna နတ်ဘုရားမသည်ကား ကာမဂုဏ်၊ မွေးဖွားမှု ချစ်ခြင်းမေတ္တာ စသည်တို့ကို ကိုယ်စားပြုသည်။ ဤကမ္ဘာမြေကြီး ဖြစ်ပေါ်ပြီးနောက် အစောဆုံး ရောက်လာသည့် နတ်ဘုရားမအဖြစ်ယုံကြည်ကြသဖြင့် တန်ခိုးကြီးသည့်အပြင် Inanna အား စစ်ပွဲနတ်ဘုရားမအဖြစ်လည်း အများသူငါက လေးစားကြည်ညိုခဲ့သည်။ လက်ရှိ ဇော်ရိုတိဘာသာဟု ကျွန်ုပ်က ရေးလေ့ရှိသော Zoroastrianism များသည် ထိုခေတ်အခါကအမြင့်မြတ်ဆုံးသော Ahura Mazda နတ်ဘုရား၏ အယူဝါဒများကို ကိုးကွယ်နေကြဆဲသူများ ဖြစ်ပါသည်။ ကြီးမြတ်ပြီးလျင် မဖန်ဆင်းရသေးသောဝိညာဉ်တော်ဟု ဆိုပါသည်။ ဤနတ်ဘုရား၌ Ahuramazda၊ Harzoo၊ Hormazd၊ Hourmazd၊ Hurmuz၊ Ohrmazd၊ ‘Lord’ သို့မဟုတ် ‘Spirit’ ဟူသော အမည်ကွဲများစွာ ရှိပါသည်။ ကျွန်ုပ်မှာ ဤဆောင်းပါးများကို စရေးစဉ်၌ ဘိလပ်စကားကိုမသုံးဟု တွေးထားသော်လည်း ထိုဘုရားများ၏အမည်များကို မိမိဘာသာ မိမိလျှောက်ရေးလိုက်လျင် တကယ့်တကယ်ကိုးကွယ်နေကြသူများ၏ ယုံကြည်မှုကို စော်ကားသည့် အနေသို့ရောက်နေမည်စိုးသဖြင့် ဘိလပ်စကားအတိုင်းသာ ကူးထည့်လိုက်ပါသည်။ ထိုခေတ်က Isis နတ်ဘုရားမနှင့်အတူ Osiris ၊ Ptah၊ Hathor ၊ Atum၊ Set၊ Nephthys နှင့် Horus ဆိုသည့်နတ်ဘုရားများလည်း ရှိပါသေးသည်။ ဤနတ်ဘုရားများ၏ သက်တမ်းမည်မျှကြာပြီနည်း။ ယခုအချိန်တွင် မည်သည့်ဘုရားများ ပျောက်သွားပြီး မည်သည့်နတ်ဘုရားများကို လူတွေက ကိုးကွယ်နေကြသေးသနည်း။ စိတ်ဝင်စားစရာ ကောင်းသည့်အချက်က အရှေ့အလယ်ပိုင်းတွင် ခရိယာန်၊ မွတ်စလင်နှင့် ဂျူးတို့သာ ရှိခြင်းမဟုတ်ပါ။ ထိုနတ်ဘုရားများထဲမှ အချို့နတ်ဘုရားကို ကိုးကွယ်နေကြသူများ ရှိနေသေးသည်။ သက်တော်ရှည်နတ်ဘုရားဟု ဆိုကြပါစို့။ မည်သည့်နတ်ဘုရားက သက်တော်ရှည်နတ်ဘုရားများ ဖြစ်လာမှာပါလိမ့်။
ပြက္ခဒိန်
သမိုင်းဦးခေတ်မှ နတ်ဘုရားများ၏ သက်တမ်းကို မပြောမီ ပြက္ခဒိန်အကြောင်း အနည်းငယ် လျှာရှည်ပါဦးမည်။ သက္ကရာဇ် ၅၂၅ ခုနှစ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး Dionysius Exiguus သည် ခရစ်တော်မွေးနေ့မှစ၍ ခုနှစ်များကို ရေတွက်ရန် တိုက်တွန်းခဲ့သည်။ ထို့နေ့မှစ၍ ဂျူလီယန်နှင့် ဂရီဂိုရီးယန်း (Julian and Gregorian) ပြက္ခဒိန်စနစ်အောက်ကို ခရစ်တော်မွေးနေ့မှစတင်သည့် စနစ်တခု ရောက်ခဲ့ရသည်။ ထိုပြက္ခဒိန်ကို ခရိယာန်များ စတင်၍ သုံးစွဲခဲ့ကြသည်။ နောက်ပိုင်း တကမ္ဘာလုံး သုံးလာကြရသည်မှာ စက်မှုတော်လှန်ရေးကြောင့်အပါအဝင် ထိုစက်မှုတော်လှန်ရေးကြောင့် ပေါ်ပေါက်လာခဲ့ရသော စာသင်ကျောင်းစနစ်ကြောင့် ဖြစ်ပါသည်။ စက်မှုတော်လှန်ရေးမတိုင်မီ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။ စာသင်ကျောင်းစနစ်တွင် ကလေးစိတ်ပညာရှင်များက ကလေးများဉာဏ်ရည်နှင့် ခံစားမှုကို တွက်ချက်၍ နားရက်သတ်မှတ်စေခဲ့သည်။ (ဤအကျယ်ကို ရေးသားသူများ ရှိသဖြင့် မရေးတော့ပါ)။ ဤသို့ဖြင့် အနောက်တိုင်းသားများ ကျင့်သုံးလာရင်း ကိုလိုနီစနစ်အောက်တွင်တော့ ထိုဂရီဂိုရီယန်ပြက္ခဒိန်ကို တကမ္ဘာလုံး သုံးလာကြသည်။ လက်ရှိ မြန်မာတို့သုံးနေသော ပြက္ခဒိန်သည် အိန္ဒိယဗြဟ္မဏအယူဝါဒများထံမှ လာသည်။ ထိုဗြဟ္မဏတို့ကလည်း ဂရိတို့ထံမှ ယူခဲ့သည့် ကောင်းကင်နက္ခတ်တာရာများ၏ သင်္ကေတမှ အသုံးပြုခဲ့သော ရာသီခွင်များမှ လာခဲ့ခြင်းဖြစ်သည်။ Aries ကို ပါဠိလို မိဿ၊ Taurus ကို ပြိဿစသဖြင့် ခေါ်ဆိုသည်။ တန်ခူး၊ တာကူးဟု မည်သည့်ခေတ် မည်သူက မည်သည့်အကြောင်းကြောင့် မှည့်ခေါ်ခဲ့သည်ကိုတော့ မည်သူမှ မသိ။ မြန်မာပြည်ကြီး ချောက်ထဲကျဖို့ တလက်မအလိုတွင် နှစ်တရာနောက်ကျသွားအောင် တွန်းချပစ်သူကြီး အာဏာရှင်နေဝင်း၏ သင်္ကြန်စာတွင် အကောင်းချည်းရေးရန်နှင့် သင်္ကြန်ကျရက်ကို ပုံသေသတ်မှတ်ပေးရန်၊ အမိန့်အတိုင်း မပြုလုပ်လျင် မြန်မာနိုင်ငံတွင်း ပြက္ခဒိန်ကို တွက်ချက်ကြသော ပုဏ္ဏားဗေဒင်ဆရာများ ထွက်သွားရန်ဆိုသည့် တဇောက်ကန်းအမိန့်ကြောင့်သာ မဟုတ်ခဲ့လျင် လက်ရှိမြန်မာနိုင်ငံ ပြက္ခဒိန်သည် ပုဏ္ဏားဖြူညိုများ ရက်ကြမ်းရက်ယုတ်များ ထိုသက္ကရာဇ်၏ မှန်ကန်သောနှစ်သစ်ကူးနေများ ရှိနေဦးမည်ဖြစ်ပါသည်။ ခုတော့ ကပ်မြောင်ဗေဒင်ဆရာများတို့၏ ကပ်မြောက်တွက်ချက်ပြမှုနှင့်သာ ကျေနပ်နေကြရပါတော့သည်။ မည်သူမှလည်း မှားပါသည်ဟု စောဒကမတက်ကြ။ သို့သော်လည်း မကြာမီ ပျောက်ပါတော့မည်။ မည်သူမှ မြန်မာလအမည်ကို မသိကြတော့သကဲ့သို့ လပြည့်နှင့် လကွယ်ကိုပင် ဘယ်ဆီနေမှန်း မသိကြတော့သည် မဟုတ်ပါလား။ အနောက်တိုင်း ပြက္ခဒိန်သာ သုံးကြပါလေ။ ဤဂရီဂိုရီယန်ပြက္ခဒိန်ပါ သက္ကရာဇ်များတွင် Anno Domini (AD) သည် ဘုရားသခင်၏နှစ်ဟု အမည်ပေးထားပြီး ထိုပြက္ခဒိန်၏ ရက်စွဲမှ နောက်ကို ပြန်ရေတွင်သော် Before Chris (BC)ဟုအမည်ပေး လိုက်ကြသည်။ အချို့က BCE ဟုရေးတတ်ကြပါသည်။ ဤသို့ရေးရခြင်းမှာ ခရိယာန်ဘာသာကို ကန့်ကွက်ကြသည့်သူများက ပို၍သုံးကြသည်။ “Before the common era” ဘုံခေတ်မတိုင်မီ ဟုအဓိပ္ပါယ်ရပါသည်။ အချို့ကBCE ကို လက်ရှိခေတ် မတိုင်မီ Before the current era ဟုဖွင့်သည်။ သက္ကရာဇ်များ ပေါ်ပေါက်ပြီးသည်ကိုကား CE ဟုသုံးသည်။ Common or Current era ဟုဆိုသည်။ BC နှင့် AD ကို ခရိယာန်တို့၏ အသုံးဖြစ်၍ မသုံးချင်ပါက ဤသို့သုံးနိုင်ပါသည်။ သို့သော်လည်း နားလည်သူများ နည်းကြပါသည်။ ဩစတေးလျနိုင်ငံတွင်တော့ ကျောင်းသုံးစာအုပ်တွင် ၂၀၁၁ ကတည်းက BC အစား BCE နှင့် AD အစား CE ဟုပြောင်းလဲ ပြဌာန်းပြီးဖြစ်သည်။ အစ္စရေးနိုင်ငံတွင်လည်း ဘာသာရေးနှင့် ပတ်သက်သော အရေးအသားများတွင် BCE နှင့် CE ဟုအသုံးများပါသည်။ ဤပိုစ့်တွင်မူ မူလကတည်းက AD နှင့် BC ကိုသာ သုံးလာသဖြင့် သူ့ကိုသာ ဆက်သုံးသွားပါမည်။
ဤကဲ့သို့သော စနစ်များဖြင့် တွက်ပြရလျင် ထိုသမိုင်းခေတ်ဦးမှ နတ်ဘုရားများ ပေါ်ပေါက်ခဲ့သော နှစ်မှာ ဘီစီ သို့မဟုတ် ဘီစီအီး ၃၀၀၀ နှင့်အထက်များတွင်သာ ရှိခဲ့ပါသည်။ ထိုနတ်ဘုရားများ ပေါ်ပေါက်ခဲ့သော နေရာကား အေဒီ (ဝါ) စီအီးဟုဆိုကြသည့် လက်ရှိဘုရားသခင်၏နှစ်တော် ထောင်စုနှစ်တခုကုန်သည်နှင့် ဘုရားသခင်၏ မြင့်မြတ်သောမြေကို ပြန်လုသည့်နေရာဖြစ်သော ခရူးဆိတ်စစ်ပွဲ ဖြစ်ပွားခဲ့ရာဒေသ ဖြစ်ပါသည်။ ထိုဒေသ၌ ထိုမက်ဆိုပိုတေးမီးယားခေတ် အာရှမိုင်းနားခေတ် ပါရှန်းခေတ်တို့ ဖြစ်ထွန်းခဲ့သည့် ဒေသဖြစ်သည်။ လက်ရှိတွင် မည်သူမှ မသိတော့သည့် ဘာသာများရှိသည်။ ထိုခေတ်က ဘာသာတရားကို ဆက်လက်ကိုးကွယ်ကြသူများ ရှိသည်။ ဘာသာအသစ်ကို တီထွင်ကိုးကွယ်သူများ ရှိသည်။ ၂၀၂၁ ခုနှစ်တွင် အီဂျစ်သင်္ချိုင်းမြေတွင် တူးဖော်ရရှိသော လက်ဝါးကပ်တိုင်သည် ယေရှုအား ကားစင်တင်ချိန်က အသုံးပြုခဲ့သည့် လက်ဝါးကပ်တိုင် မဟုတ်သော်လည်း ရှေးခရိယာန်ဘာသာဝင်များ နဖူးဖြင့်ထိခြင်း နမ်းရှုပ်ခြင်းတို့ အကြိမ်ကြိမ်ပြုခဲ့သည်။ လက်ရှိအချိန်တွင်မူ ထိုကဲ့သို့ လက်ဝါးကပ်တိုင်ကို ကိုးကွယ်သူများ ထိုဒေသတွင် မရှိတော့ပေ။ ဖာရိုး (Pharaoh) ဘုရင် ကိုးကွယ်ခဲ့သော Osiris နှင့် Anubis နတ်ဘုရားများလည်း မရှိတော့။ ထိုဖာရိုးဘုရင်အဆက်ဆက်ကို ကိုးကွယ်ခဲ့မှုလည်း မရှိတော့။ ညစ်ညမ်းနတ်ဘုရားမကိုးကွယ်မှုလည်း မရှိတော့။ အနောက်ပါလက်စတိုင်းဘက်တွင် အာဗြဟံမှလာသော ဂျူးဘာသာအစစ်ကို ကိုးကွယ်ကြသည်။ လက်ရှိ ဂျူးတို့ ကိုးကွယ်နေသည်မှာ အတုသာဖြစ်သည်ဆိုသည့် ရှမာရိဘာသာရှိသေးသည်။ အီရတ်တွင် လူပြန်ဝင်စားသည်ကို ယုံကြည်သော ရာဇန်နီဘာသာနှင့် ဒရူဇီဘာသာကို ကိုးကွယ်သည့် လူမျိုးများလည်း ရှိသေးသည်။ အီရန်တွင် အကြမ်းအဖက်အခံရဆုံး ဘဟာဘာသာနှင့် ယာဇီဒီဘာသာကို ကိုးကွယ်သည့် လူမျိုးများ အများအပြားရှိသေးသည်။ မိုဟာမက်၏ သားတော်အလီကိုသာ ကိုးကွယ်သည့် ဘာသာလည်းရှိသည်။ အီရတ်တွင် အာဒံ၊ ဧဝနှင့် နောအေးကို ကိုးကွယ်ကြသည့် လူမျိုးစုများ၊ ကမ္ဘာမြေကို ဘုရားသခင်မှ ဖန်ဆင်းသည် မဟုတ်ဘဲ မကောင်းဆိုးဝါးမှ ဖန်ဆင်းသည်ဟုဆိုကာ ခရိယာန်ဘာသာလည်း မဟုတ်သည့် Gnosticism ဆိုသည့် ဘာသာဝင်များနှင့် Shabakism ဆိုသည့် သဘာဝတရားကိုသာ ကိုးကွယ်ကြသည့် ဘာသာဝင်များရှိကြပါသည်။ ရှေးခေတ်ကတည်းက ကျန်နေသည်မှာ Ahura Mazda နတ်ဘုရားကို ကိုးကွယ်ကြသည့် ဇော်ရိုတိကာဘာသာ ဖြစ်သည်။ ဤဘဟာ၊ ယာဇီဒီ၊ ရှဘကီစသည့် ဘာသာဝင်များမှာ အရှေ့အလယ်ပိုင်းတွင် အများဆုံးသော လူဦးရေမှာ နှစ်သိန်းခွဲအများဆုံးဖြစ်ပါသည်။
ဆုတောင်း၍ ပြည့်လျင်ကား ဤကမ္ဘာကြီး ငြိမ်းချမ်းနေသည်မှာ ကြာလေပြီ။ ထိုအကျွန်ုပ်တို့ ဆုတောင်းခြင်းကို ပြုကြသော ဘာသာရေး ဝါ ဘာသာတရားသည် ယခုအခါ ဘာသာရပ်ဖြစ်သွားလေပြီ။ ဤအပိုင်း ၆ ပိုစ့်ကား ဤတွင် နားပြီ။ လူသားဝါဒသို့ နောက်ပိုစ့်တွင် ကူးပြီ။ လေ့လာလိုသူများအတွက် ဤပိုစ့်အတွက် ကျွန်ုပ်လိုက်ဖတ်ခဲ့သော စာမျက်နှာများကို ဖော်ပြပေးလိုက်ပါသည်။
ဂျေဂျူဝိုင်
- ကိုးကားများ
- TripleW dot newworldencyclopedia dot org
- TripleW dot worldhistory dot org
- TripleW dot worldhistory dot net
- TripleW dot learnreligions dot com