“အရှင်ဘုရားတို့ ဘုန်းကြီးတွေက အလုပ်မရှိတော့ တရားထိုင်သင့်တယ် ဘုရား”
“ဟင်” ဆိုပြီး စိတ်ထဲ တော်တော်ခုသွားတယ်။ အေးလေ ထားပါတော့ဆိုပြီး အောင့်အီးနားထောင်တယ်။ ဘယ့်နှယ် ကိုယ့်မှာ နေရင်းထိုင်ရင်း အလုပ်လက်မဲ့ ဘဝရောက်ရတယ်လို့။ အများကလည်း အဲလို မြင်နေကျဆိုတော့ ခုပေမယ့်လည်း ခုရုံပဲမို့ ခုခုနဲ့ပဲ သည်းခံလိုက်တယ်။ သည်းမခံလို့မှ မရတာ။ အခန်းထဲ ထိုင်စာဖတ်နေလည်း ကျိန်းနေတာ ပျက်သွားပြီလားဆိုတာက ရှိသေးတာကိုး။ ကိုယ်က မနေနိုင်လို့ ပန်းခင်းကြားထဲက မြက်ထိုင်နှုတ်နေကြည့်။ ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ။ ကိုရင်တွေ မွေးထားတာပဲ၊ ရွာက တကာ တကာမတွေ ရှိနေတာပဲ။ သူတို့ကို ခိုင်းပါလားဆိုပြီး ကိုယ့်ကို အလုပ်လက်မဲ့ဘဝလည်း တွန်းပို့သေး။ အလုပ်လက်မဲလည်း စွပ်စွဲကြသေး။ အခုလည်း ရောက်လာတဲ့ တကာကြီးတယောက်က ရောက်ရောက်ချင်း ဆောက်နဲ့ မကဘဲ ပုဆိန်နဲ့ ထွင်းလိုက်ပုံက အဲလို။ သူက ဆက်ပြောတယ်။
“တပည့်တော် တရားထိုင်လာတာကြာပြီ၊ ဘာမှ မခံစားရဘူး၊ တရားစခန်းတွေ အများကြီး ဝင်ဖူးတယ်။ တစ်နာရီထိုင်၊ တစ်နာရီ စင်္ကြန်လျှောက်၊ တစ်နာရီပြန်ထိုင်နဲ့ ဘာ ဝေဒနာမှ မရခင်တရားစခန်းက ပြန်လာခဲ့ရတယ်၊ ဒါနဲ့ လိုက်ရှာရင်း လိုက်ရှာရင်း ကောင်စေတီဘုန်းကြီးနဲ့တွေ့မှ အဆင်ပြေသွားတော့တယ်”
“အော် တကာကြီးရဲ့ စရိုက်က သူ့နည်းနဲ့ ကိုက်ညီလို့နေမှာပေါ့”
“မဟုတ်ဘူး။ အဓိကက သစ္စာလေးပါး ဘုရား”
“အော် မဂ္ဂင်ရှစ်ပါးကို ကောင်းကောင်း ဟောပေးနိုင်တာလား”
“မဟုတ်ဘူးလေ၊ ဘုရားက သစ္စာလေးပါးကို ဟောထားတယ်လေ၊ တကယ်တော့ သစ္စာဆိုတာ သစ္စာရှိရတာကို ပြောတာ ဘုရား”
ကိုယ်ဖြင့် သိတာက ဖြစ်မလာတာ၊ ပျက်စီးသွားတာ အလိုမကျတာ ချစ်တာ မုန်းတာတွေကြောင့် ကြုံရတဲ့ဒုက္ခသစ္စာ၊ ဖြစ်ချင်တာ လိုချင်တာ ချစ်ချင် မုန်းချင်တာစတဲ့ သမုဒယသစ္စာ၊ အမြဲတမ်း အကောင်းချည်းပဲ လိုချင်နေတဲ့ နိရောဓသစ္စာ၊ နည်းလမ်းတကျနဲ့ ကောင်းအောင် မွန်အောင်လုပ်တဲ့ မဂ္ဂသစ္စာ။ ဒါပေတဲ့ သူက သစ္စာဆိုတာ သစ္စာ ရှိရမတဲ့။ ဘယ်အပေါ်များ သစ္စာသွားရှိရမှာပါလိမ့်။ နာမည်ပဲ သစ္စာလို့ ပေးလိုက်ချင်မိရဲ့။
“အဲဒါမှ ဝေဒနာပေါ်မှာ”[metaslider id=699]
ဒုက္ခော။ တစ်ဆင့်က တက်သွားပြန်ပြီ။ တရားထိုင်တာဟာ သစ္စာရှိရမယ်။ အဲဒါမှ ဝေဒနာပေါ်မယ်။ ဆိုတော့ ဝေဒနာ ဘယ်လိုပေါ်တာတုန်းဆိုပြီး မေးလိုက်တယ်။
“အရှင်ဘုရား ငါးကျွန်းသမ္ဗုဒ္ဓေကို သိလားဘုရား”
“လေးကျွန်းပဲ ရှိတယ်မဟုတ်လား၊ တစ်ကျွန်းက ဘယ်က ပိုလာတာလဲ”
“မြန်မာတနိုင်ငံလုံးက လေးကျွန်းလို့ပဲ သိတာ၊ တကယ်တော့ ငါးကျွန်းရှိတယ်ဘုရား၊ ငါးကျွန်း သမ္ဗုဒ္ဓေကြောင့် သာမညဆရာတော် တရားပေါက်သွားတာ ဘုရား”
အွမ်၊ သာမညဆရာတော်ကိုပါ ဆွဲထည့်ပြီဟ။
“တရားထိုင်တယ်ဆိုတာက ထိုင်နေရုံနဲ့ မရဘူး။ အရွတ်အဖတ်က ပါရတယ်။ အရှင်ဘုရားတို့ ပိုသိမှာပါ။ တပည့်တော်တောင် ထိုင်နည်း မသိတဲ့သူတွေကို အရဟံ ဗုဒ္ဓေါ သိဒ္ဓိ ဆိုတာလောက်ကိုတော့ ရွတ်ခိုင်းတယ်ဘုရား”
ကိုယ့်ဘုန်းကြီး ဆုံးမထားတာလေး သွားသတိရတယ်။ “မမှန်ဘူးဆိုတာ သိပေမယ့် ဒေသအနေနဲ့ လက်ခံနေတယ်ဆိုရင် ကလန်ကဆန် မလုပ်တာ အကောင်းဆုံးပါပဲ” ဆိုတာလေး။ မိကျောင်းမင်း ရေခင်းပြတဲ့ ကိစ္စ ဒီကနေ စတော့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့ မဲဆွဲကာလတုန်းက ပြောခဲ့တဲ့ စကားကလည်း ရှိသေးတယ်။ “မဟုတ်မမှန်လုပ်နေတာကို မြင်နေရက်နဲ့ မဟုတ်မမှန်ကြောင်း မပြောရဲတာဟာလည်း မဟုတ်မမှန်လုပ်တာပါပဲ” ဆိုတာလေး။ ကိုယ့်မှာဖြင့် ဘယ်ကို အမှန်ယူရမယ် မသိ။
တလောကလည်း နတ်ကိုးကွယ်သူများ ဆိုပြီး ပိုစ့်တင်ဖူးတယ်။ အဲဒါကတော့ ကိုယ်က နတ်ကို မကိုးကွယ်လို့ အလုပ်တွေ မအောင်မြင်ဘူးလို့ အပြစ်တင်ခံရတာ။ အဲဒီထက်ပိုဆိုးတာက ရှိသေးတယ်။ ကိုယ်တို့ကျောင်း ခုလို တည်မြဲနေတာ သူတို့ကြောင့်ဆိုတဲ့သူက ရှိသေးတယ်။ သူတို့ကြောင့်ဆိုတာက သူတို့လှူနေ ဒါန်းနေလို့ မဟုတ်ဘူး။ ပြောပုံကို နားထောင်ကြည့်။ အဲ ဖတ်ကြည့်။
“အရှင်ဘုရားတို့ ခုလို စိတ်ချမ်းချမ်းသာသာနဲ့ သီတင်းသုံးနိုင်တာဟာ တပည့်တော်တို့က အရှင်ဘုရားတို့ နေတဲ့ ဘုရားတောင်က နတ်တွေကို တောင်းပန်ထားပေးလို့ ဖြစ်တာ”
[yikes-mailchimp form=”1″ description=”1″ submit=”Submit”]
တံတွေးတောင် သီးတယ်။ တကယ်။ နောက်တခုရှိသေးတယ်။ ဒါကလည်း နောက်တယောက်ပြောတာ။
“အရှင်ဘုရားတို့ ဘယ်တိုးတက်မလဲ။ ကျောင်းဆောက်ထားတာကိုက ကန့်လန့်ကြီးကို” တဲ့လေ။ ကျောင်းကို ရှေ့နောက်ဆို ရှေ့နောက်၊ တောင်မြောက်ဆို တောင်မြောက်ပဲ ဆောက်သင့်တယ်။ အခု အရှင်ဘုရားတို့ကျောင်းက ရှေ့နောက်တွေရော တောင်မြောက်တွေရော စုံနေတာ။ မတိုးတက်နိုင်ဘူးဘုရား။ ပြီးတော့ ဒါက အရှင်ဘုရားအတွက် အတိုက်အခံတွေလည်း ပေါ်နိုင်တယ်ဘုရားဆိုပဲ။ ကျောင်းဘေးမှာ ရှိတဲ့ နတ်ဆရာကလည်း အလိုလိုနေရင်း လာဘ်ပိတ်လို့ဆိုပြီး မုန်းတီးရေးစခန်းဖွင့်ထားတယ်။ ကိုယ်တို့ ရောက်လာလို့ပဲ သူရို့ လာဘ်ပိတ်တယ်ပေါ့။ သဗ္ဗေ ဒေဝါလို့ မေတ္တာပို့ပို့နေတာ မရလောက်ဘူး ထင်ရဲ့။ ဒါက နတ်လိုလို တရားလိုလိုအဆုံးအမခံရတတ်တဲ့ တောဘုန်းကြီးရဲ့ အပိုင်း။ လုပ်ပုံ ကိုင်ပုံနဲ့ နေပုံထိုင်ပုံကို ဆရာလာလုပ်ကြတဲ့ အပိုင်းက အများကြီး ရှိသေးတယ်။ စားရေး သောက်ရေး နေရေးထိုင်ရေး ရေမီး ကျန်းမာရေးနှင့် သင်ကြားရေး အပိုင်းတွေ အုပ်ချုပ်ရေးအပိုင်းတွေ ရှုပ်ရတဲ့ကြားထဲ ပေါ်ပေါ်လာတဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာလေးတွေက အဲဒီလို။
လွန်ခဲ့တဲ့ရက်က စပိန်နိုင်ငံ ရီရဲမဲဒရစ်အသင်းနဲ့ တဖက်အသင်း ဘောကန်တော့ မက်ဆီဆိုတဲ့ နာမည်ကျော် ဘောလုံးသမားက တဖက်အသင်သားနဲ့ ဘောလုံးလုရင်း ခြေထိုးရာမှာ နှစ်ယောက်စလုံး လဲကျကြတယ်။ အဲမှာ တကယ် မှားတာက မက်ဆီ။ သို့ပေမယ့် အဝါကဒ် အပြခံရတာက တဖက်အသင်းသား။ နာမည်မရှိရင် အလိုလိုနေရင်း အပြစ်ဖြစ်နေရတာ ပုံမှန်ပဲလေ။