“ခေါင်းပါးခြင်း” ဆိုတာက ရေးနိုင်သူတွေရေးပြီး ထုတ်နိုင်သူတွေ ထုတ်ဝေထားကြတဲ့ စာအုပ်၊ ဂျာနယ်၊ ကျမ်းစာတွေဆီမှာ ဝေးဝေးမှတခါ ပါလာတတ်တဲ့ စာတလုံးမျှသာဖြစ်ပါတယ်။ ပြောခြင်း၊ ဆိုခြင်း၊ ဩဝါဒတရားနဲ့ မိန့်ခွန်းစတာတွေမှာ တခါမှတလေ ညှပ်ပါလာတတ်တဲ့ စကားတခွန်းလောက်ပဲ။ မကြီးကျယ်ပါဘူး။ ကြီးကျယ်စရာ အကြောင်းလည်း မရှိပါဘူး။ ကြီးကျယ်နေရင်လည်း ဒီမောင်နဲ့ မဆိုင်ပါဘူး။ ခေါင်းပါးခြင်းကို စာဆန်ဆန်ပြောရရင် “ဝေါဟာရတခု” ပေါ့လေ။ ဟုတ်ကဲ့ သကောင့်သား ဟောဒီမောင်ကနေပြီးတော့ “ခေါင်းပါးခြင်း” ဆိုတဲ့ ဝေါဟာရသေးသေး ကလေးကို နည်းနည်းပါးပါး ချဲ့ကားပါရစေ။
အစအားလုံးရဲ့ အစအနေနဲ့ ဖြစ်တည်မှုကနေ စရမှာပဲ။ ဝေါဟာရတခု ဖြစ်တည်လာရပုံအမျိုးမျိုး ရှိပါတယ်။ ဝေါဟာရတခုဟာ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို ဖန်ဆင်းခံရတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ဘောင်းဘီဝတ်မိုးတိမ်။ ‘ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို’ လို့ ပြောတဲ့အတွက် ဘောင်းဘီဝတ်မိုးတိမ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဗလာဒီမီယာ မာယာကော့စကီးကို ဘုရားသခင်နဲ့ နှိုင်းစာမိသလို ဖြစ်သွားမလား။ သို့ငြား ဥပမာအဖြစ်မို့ ဥပမာကို ဥပမာလို့ပဲ မှတ်သင့်ပါတယ်။ ဥပမာလို့ မမှတ်နိုင်ရင်တောင်မှ ကဗျာရေးတဲ့ ကဗျာဆရာကို ဘယ်သူကမှ ဘုရားသခင်အမှတ်ထားပြီး ကိုးကွယ်ကြမှာ မဟုတ်ဘူး။ လူတွေက မင်းတို့က မတော်ရမ်းကား မိုက်မဲလှချည့်တကား ဒီလို နေထိုင်ကြလို့ ဆိုပြီး ဒဿနတွေ အတွေးအခေါ်တွေ ရေးတဲ့လူတွေကိုပဲ ကိုးကွယ်ကြတာ။ မာရီယာဆိုတဲ့ ကောင်မလေးတယောက်ကို ကြွေတာနဲ့ မိုးတိမ်ကို ဘောင်းဘီထဲ ထည့်ထားတဲ့ မာယာကော့စကီးနဲ့ သင်ယူခဲ့တဲ့ ပညာကို လက်တွေ့အသုံးချလိုက်ရရင် ပျော်စရာဖြစ်သွားပါတယ်လို့ပြောတဲ့ ကွန်ဖြူးရှပ်ကိုတွဲပြီးတော့ တွေးကြည့်။ ဘယ်သူက ကိုးကွယ်မှုကို ခံယူရမလဲပေါ့။ ဒါကြောင့်များ ရုရှားက တိုးတက်ရာကနေ ဆုတ်ယုတ်လာပြီး တရုတ်က ဆုတ်ယုတ်ရာကနေ တိုးတက်လာတာများလား တွေးဆချင်စရာပဲ။ ဝေါဟာရတခု ဝေါဟာရသက်သက် ဆိုပေမယ့် ချို့ဝေါဟာရက ကိုးကွယ်ခံရတဲ့အထိ ဖြစ်သွားနိုင်တာမျိုးလည်း ရှိတတ်ပါတယ်ပေါ့။
ဘုရားသခင်က ကမ္ဘာကြီးကို ဖန်းဆင်းခဲ့သလိုပြောတော့ ကမ္ဘာကြီးဟာ ဖန်ဆင်းခြင်းခံရတာမျိုးမဟုတ်ဘူး။ ဘစ်ဘန်းသီအိုရီအရ မဟာပေါက်ကွဲမှုကြီးကြောင့် ဖြစ်လာရတာဆိုတဲ့ အယူမျိုးရှိသူတွေလည်း ရှိနေတယ်။ ဘစ်ဘန်းသီအိုရီအရ မဟာပေါက်ကွဲမှုကြီးကြောင့် ဖြစ်လာရသလို ယူဆတာမျိုးရှိရင်လည်း သူနဲ့ဆိုင်တဲ့ ဝေါဟာရတွေလည်း ရှိပါတယ်။ ပေါက်ကွဲမှုအားကြောင့် အရေးပါတဲ့အရာတွေ ဖြစ်တည်လာသလိုမျိုးပေါ့။ ဥပမာ ဂေဟစနစ်ပျက်ယွင်းလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်လာနေခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စိုက်ပျိုးမြေပျက်ခြင်းဆိုတာမျိုး။ ရွှေပြည်ကြီးမှာတော့ဖြင့် တကျော့ပြန် အာဏာသိမ်းမှုကြီးဖြစ်သွားလို့ ဒီလိုဝေါဟာရအပေါ် ဘယ်သူမှ ဂရုမစိုက်နိုင်ကြတော့တာပါ။ သွေးကိုသာ ဆာလောင်နေတဲ့ မျက်ဝန်းတွေဟာ ရွှေပြည်ကြီးမှာ ပစ်ကြခတ်ကြ သတ်ကြဖြတ်ကြတာကို ကြည့်ရတာ အားမရသေးဘူးနဲ့ တူပါရဲ့။ စစ်ပွဲ ဖန်တီးတိုင်း အမှားတွေချည်း ဆက်တိုက်ကျူးလွန်တတ်တဲ့ ရုရှားကိုမှ အတွေးမှားတွေ ဆက်တိုက်ပံ့ပိုးပြီး စစ်တလင်းတခု ဖန်တီးပြန်ပေါ့။ ဒီလိုနဲ့ ဘစ်ဘန်းသီအိုရီလို ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေါဟာရတချို့ အမေ့ခံဖြစ်ရရှာပြီလေ။ ပိတ်ကားထက် ခပ်သွက်သွက်လှုပ်ရှားဖို့ လုပ်ရင်း ရိုက်ကွင်းအပြီးမှာ ပိုက်ဆံပိုက်ပြီး အိမ်ပြန်ကြသူတွေ ရှိသလိုပဲ သတင်းအပြီးမှာ အလောင်းပိုက်ပြီး နိုင်ငံတော်သီချင်းဆိုမယ့်သူကိုပဲ လိုချင်နေတဲ့ကမ္ဘာကြီးကြောင့်ပဲ ဖြစ်မှာပါလေ။ တချို့ဝေါဟာရဟာ စိတ်ဝင်စားစရာ ဖြစ်ကိုဖြစ်ရမှာ ဖြစ်ပေမယ့် ဘယ်သူမှလည်း စိတ်မဝင်စားနိုင်တော့တာမျိုး ရှိတတ်ရဲ့။ ကမ္ဘာကြီးပူနွေးလာခြင်း၊ မြစ်ရေများ ခမ်းခြောက်လာခြင်း၊ မြေများပျက်စီးနေခြင်းစတဲ့ ဝေါဟာရတွေ ရွှေပြည်ကြီးမှာ ကျည်ဆံမှန်သွားပါပေါ့။
ဝေါဟာရဖြစ်တည်လာတဲ့ အကြောင်းအရင်းတွေထဲမှာ ရေခံမြေခံ သဘာဝကြောင့် ဖြစ်တည်လာရတာမျိုးလည်း ရှိပါတယ်။ ဒီဝေါဟာရမျိုးက သူ့ရေခံမြေခံမှာပဲ ပေါက်ဖွားရှင်သန်ပြီး သူ့ရေခံမြေခံမှာပဲ ဆက်လက်တည်တံ့ နေတတ်တာမျိုး။ ရှမ်းအိုးစည်၊ ဒိုးပတ်၊ သံချပ်ဆိုတာတွေလိုပေါ့။ ဒီဝေါဟာရတွေဟာ သိပ်ပြီးတော့ စည်းကျော်လေ့ မရှိပါဘူး။ ဝေးဝေးလံလံခရီးထွက်ဖြစ်ရင်တောင် တရက်နှစ်ရက်လောက်ပဲ။ ဒီလို ကိုယ့်ရေခံ မြေခံမှာပဲ ဖြစ်တည်လာတယ်ဆိုပေမယ့် တချို့ဝေါဟာရကတော့ ကမ္ဘာကိုပတ်ပြီး ဒုက္ခပေးတတ်ကြတာလည်း ရှိတတ်ပါတယ်။ ဥပမာ ဂလိုဘယ်လိုက်ဇေးရှင်း။ တချို့က ကမ္ဘာ့ရွာ၊ ကမ္ဘာခြုံစနစ်လို့ ဘာသာပြန်ကြတယ်။ အဲလို ဘာသာပြန်ပေမယ့်လည်း သိပ်တော့ မကျေနပ်ကြပါဘူး။ ဒီဝေါဟာရကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်မှာရှိတဲ့ ဟားဗတ်တက္ကသိုလ်က စီးပွားရေးဈေးကွက်ရှာဖွေရေး ပါမောက္ခ သီယိုဒေါ လက်ဗစ်ဆိုတဲ့ ပုဂ္ဂိုလ်က ဖန်တီးခဲ့တာ။ သူ့တက္ကသိုလ်ရယ် စီးပွားရေးရယ်ဆိုတဲ့ ရေခံမြေခံကြောင့် ဖြစ်ပေါ်ခဲ့ပြီး အစပိုင်း စီးပွားရေးမှာပဲ ဒီစကားလုံးကို သုံးနေကြပေမယ့် ကြာတော့ နိုင်ငံရေးအထိ သုံးစွဲဖို့ ဝိုင်းဖိအား ပေးကြတယ်။ နောက်တော့ ဒီစကားလုံးကြောင့်ပဲ စစ်အေးတိုက်ပွဲအပြီး နည်းပညာတွေနဲ့ ဆင်းရဲတဲ့နိုင်ငံကို အလွယ်တကူ ကျွန်ပြုနိုင်ခဲ့ပါတော့တယ်။ ဒီနည်းပညာတွေနဲ့ ကျွန်ပြုမှုက အမေရိကနဲ့ ဥရောပအတွက် ထိခိုက်မှုနည်းပါးပေမယ့် အထိအခိုက်မခံတဲ့ ယဉ်ကျေးမှုတွေနဲ့ ယဉ်ပါးပြီး နေသားကျနေတဲ့ အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အာဖရိကတို့အတွက် အတော်လေး ပြဿနာတက်စေခဲ့ပါတယ်။ ဝေါဟာရတခုဟာ အစွမ်းအစအများကြီး ရှိနေတယ်ဆိုတာမျိုးကို ပြသချင်တဲ့ သဘောပါပဲ။
ချန်ပန်စီတို့ လင်းပိုင်တို့လည်း ဉာဏ်ကောင်းကြတယ်ဆိုပေမယ့် လက်တွေ့မှာတော့ ကမ္ဘာပေါ်မှာ လူတွေကပဲ ဖန်တီးမှုမျိုးစုံကို ပြလုပ်တတ်ကြလေတော့ ဖန်တီးခံရတဲ့ ဝေါဟာရတွေလည်း ရှိသပေါ့။ ဝေါဟာရတွေ သေလုမျောပါးဖြစ်ခဲ့ရတဲ့ ခေတ်တခုဖြစ်တဲ့ စက်မှုတော်လှန်ရေးခေတ်နောက်မှာမှ ပေါ်လာခဲ့လို့ တချို့ဝေါဟာရဆို တခြားဘာသာစကားနဲ့တောင် ပြောင်းခေါ်လို့ မရတော့တဲ့အထိပါ။ ဥပမာ ကွန်ပျူတာ၊ ကား၊ စမတ်ဖုန်း စတာတွေပေါ့။ ဒါပေမယ့် ဒီဝေါဟာရမျိုးက ဖြစ်တည်လာတယ်ဆိုတာထက် မွေးဖွားလာတယ်ဆိုရင် ပိုမှန်တဲ့ စကားလုံးပါ။ မွေးဖွားဆိုတဲ့အတိုင်း အတော်ခက်ခက်ခဲခဲကြီး ရင်ဆိုင်ခဲ့ရတာတွေရှိတာပေါ့။ ဥပမာ သုညတစ်ဆိုတဲ့ စာကလေး နှစ်လုံးနဲ့ ကွန်ပျူတာကြီး အလုပ်လုပ်မယ်ဆိုတာ ဘယ်သူမှ မယုံကြည်ခဲ့ဘဲ နောက်တော့ သုညတစ်များစွာနဲ့ပဲ ကွန်ပျူတာဖြစ်လာရတာ၊ ၁၆ ရာစုမှာ စပေါ်ခဲ့ပေမယ့် ယုံကြည်မခံရလို့ ၁၈ ရာစုလောက်မှ ကောင်းကောင်းတီထွင်နိုင်ခဲ့တဲ့ကား။ ၁၉၈၀ အထိ လုံးဝမဖြစ်နိုင်ဘူးလို့ ကမ္ဘာပေါ်ရှိ အင်ဂျင်နီယာတော်တော်များများ ယုံကြည်မှုကို ဖြတ်သန်းလာရတဲ့ စမတ်ဖုန်း။ တော်တော်ခက်ခက်ခဲခဲ ပေါ်ပေါက်လာရတဲ့ ဝေါဟာရတွေရှိသပေါ့။
ဖြစ်တည်လာမှုကို မွေးဖွားလာမှုလို့ သုံးနှုန်းလို့ ဝေါဟာရတွေဟာ မိခင်တပါးက မွေးဖွားလိုက်သလိုဖြစ်တဲ့ ဝေါဟာရတွေလည်း ရှိမှာပေါ့။ မိခင်က မွေးဖွားလိုက်သလို လို့အလွယ်တကူပြောလိုက်ပေမယ့် ကမ္ဘာပေါ်ရှိ မိခင်တွေနဲ့ နှိုင်းစာကြည့်ရင် သာမန်အတိုင်း မွေးဖွားနိုင်ကြတဲ့ မိခင်ပေါင်း မြောက်များစွာ ရှိလေတော့ သာမန်အတိုင်း မွေးဖွားပေါ်ပေါက်ပြီး တည်ရှိနေတဲ့ ဝေါဟာရတွေ အများကြီးရှိမယ်လို့ ယုံကြည်လို့ရပါတယ်။ ဘောင်းဘီထဲရောက်နေတဲ့မိုးတိမ်လို၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း လို၊ ရှမ်းအိုးစည်လို၊ ကွန်ပျူတာလို မဟုတ်တဲ့ ဝေါဟာရတွေဟာ သာမန်အတိုင်း မွေးဖွားလာ သာမန်အတိုင်းဖြစ်တည်နေတဲ့ ဝေါဟာရတွေပေါ့။ ဟဲ့ စားပြီးပြီလား။ နင့်ဘဲက ငါ့ဘဲလောက် ချမ်းသာလား။ ဆိုတာမျိုးတွေဖြစ်မှာပေါ့။ ဝေါဟာရတွေက ကိုယ်ရေးကိုယ် သိပ်ဝင်စွက်ဖက်နေတာပဲ။
မွေးဖွားလာခြင်းကို မိခင်နဲ့ တွဲနေလို့ တင်စားမှုများ ဆက်ပြုလုပ်ပါရစေ။ တင်စားမှုက ရိုင်းနေရင်လည်း သည်မောင်ကိုသာ ကြိုက်တဲ့ အပြစ်ဖို့ပါ။ မိတ်ကပ်နဲ့ လာဖို့လည်း စိတ်မဆိုးပါဘူး။ သည်မောင်က ၂၀၁၀ မတိုင်ခင်တုန်းက မန္တလေးမှာ နေခဲ့တယ်။ သကောင့်သားဖြစ်တဲ့ ဒီမောင်ဆိုသူကက လမ်းပေါ်ကကောင်ဆိုတော့ နေထိုင်ရာအနီးက သင်္ဂဇာချောင်းပေါ် ဆောက်လုပ်ထားတဲ့ တံတားပေါ်မှာ ညနေတိုင်း ရေပုပ်နံ့သင်းသင်းကို သွားပြီး လေညှင်းခံ လေ့ရှိတယ်။ အဲဒီအချိန် သည်မောင်လိုငနဲတွေရှူဖို့ သူတို့ရဲ့ အပုပ်နံ့ကို လာထုတ်ကြတဲ့ အသက် ၁၆, ၁၇ ဝန်းကျင်ရှိတဲ့ ကောင်လေးတသိုက်ရဲ့ အာပုပ်နံ့များကို ရှူဖြစ်တယ်။ လေလွင့်နေကြတဲ့ လူငယ်တွေ။ မြသန်းတင့်ရဲ့ လေလွင့်သူ စာအုပ်ထဲက လူငယ်လိုမဟုတ်တဲ့ အသိဉာဏ်မပါနေတဲ့ လူငယ်တွေ။ အခြားသော သယံဇာတကျိန်စာသင့်နေတဲ့ နိုင်ငံများလို လက်နက်ကိုင် အကြမ်းဖက်တဲ့အုပ်စုကသာ နိုင်ငံရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးကို ချုပ်ကိုင်ထားတဲ့ ဖြစ်စဉ်အတိုင်း သည်ရွှေနိုင်ငံတော်ကြီးကလည်း သယံဇာတတွေနဲ့အတူ ကျိန်စာအသင့်ခံရင်း လက်နက်ကိုင်များအောက်မှာ နေရတဲ့ ကာလဖြစ်နေတာလည်း ပါရင်ပါမပေါ့။ သယံဇာတကို ရင်ခွင်ထဲကနေ ဓားခွဲပြီး ထုတ်ပေးနေရင်း မောင်းတင်ထားတဲ့ သေနတ်နဲ့ သေကွင်းသေကွက်ကို အချိန်ခံထားလို့ ခေါင်းမဖော်ဝံ့ဘဲ ပညာရေးဆိုတာက နောက်လှည်ပြေးတဲ့စနစ်နဲ့ ပြေးနေခဲ့တာကိုး။ ဘယ်လိုအရေးပဲရှိရှိ လူဆိုတာက သွေးသားဆန္ဒကိုတော့ ဖြေရှင်းတတ်သလို ဖြေရှင်းနေကြတာပဲဆိုတော့ အဲဒီ သွေးသားဆန္ဒကို အထိန်းအကွပ်မဲ့ ဖြေရှင်းကြရာက ဖြစ်လာတဲ့ အခက်အခဲကိုလည်း တော်ရာညားရာ ဖြေရှင်းကြပုံပါပဲ။ တယောက်က မေးတယ်။ “မနေ့က မင်းဘယ်သွားနေလဲ” လို့။ ကောင်လေးတယောက်က ဖြေတယ်။
“ငါ့ ကောင်မ ကိုယ်ဝန်ဖျက်ချဖို့ လိုက်ပို့နေတာ”
ဒါပေမယ့် ကောင်မလေးဘက်က လက်မခံတဲ့အကြောင်း ခပ်ပေါ့ပေါ့ ညည်းတယ်။ တယောက်က သူ့ကောင်မလေးကဖြင့် ပြောရလွယ်ပြီး ကိုယ်ဝန်ဖျက်ချခဲ့ကြောင်း ပြောပါတယ်။ ဝေါဟာရတခုဟာ ဖြစ်တည်လာပေမယ့် မမွေးဖွားလိုက်တဲ့ ပုံစံပေါ့။ သည်မောင်က လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ ဝတ္ထုကို တစ်ကနေ ရာပြည့်အထိ ဖတ်ဖူးတယ်လို့ ပြောထားဖူးတယ်မဟုတ်လား။ သူ့ဝတ္ထုတပုဒ်ထဲမှာ အတ္တကြီးသူ ဆိုတဲ့စကားလုံးကို ငါးရောင်းတယ်လို့ ဘန်းစကားပုံစံ မွေးဖွားလိုက်ဖူးတာပေါ့။ ဒါပေမယ့် ဘယ်သူမှ မသုံးခဲ့ကြဘူး။ အဲသလို ဝေါဟာရမျိုး။ သို့မဟုတ် ရွှေပြည်ကြီးဆီက၊ ရွှေပြည်ကြီးတဲ့ ရွှေတိဂုံကိုအားနာလိုက်တာ။ တချို့စာရေးဆရာရေးသလို ချာရဏသီပြည်ကြီးဆိုတော်သေး။ ဒီပြည်ကြီးဆိုရင်ပဲ ရပါပြီ။ ဒီပြည်ကြီးက မြေအောက်ရထားတို့၊ လျှပ်စစ်ကားတို့လည်း ဒီဝေါဟာရမျိုးဖြစ်မှာပေါ့။ ဖြစ်ဖို့မပြောနဲ့ ဖြစ်ဖို့ မထိုက်တန်တဲ့ ဝေါဟာရ။ မထိုက်တန်တာကို အတင်းလုပ်ယူရင်တော့ အရင်းအနှီးများတတ်တယ်။
ကမ္ဘာပေါ်က “ဘယ်သူလဲ” ဆိုတဲ့နာမည်နဲ့ အဖွဲ့က ကလေးမွေးဖွားနှုန်း၊ မွေးကင်းစကလေး သေဆုံးနှုန်းနဲ့ မွေးပြီးနောက် စွန့်ပစ်နှုန်းကို ရှုပ်ပွနေတဲ့ ဂဏန်းသင်္ချာနဲ့ ထုတ်ပြန်နေတော့ နှုန်းတွေကို မေ့ထားပြီး ပြောဦးမယ်။ မွေးတာကတော့ ထုံးစံအတိုင်း များနေမှာပဲ။ ကလေးသေဆုံးမှုနှုန်းကတော့ အရေအတွက်တခုနဲ့ ရှိနေမှာ ဖြစ်သလို ကလေးစွန့်ပစ်နှုန်းကလည်း သူ့အရေအတွက်နဲ့သူ ရှိမြဲရှိနေကြမှာပါ။ ကမ္ဘာကြီး၊ ဘုရားသခင်၊ တရားဓမ္မနဲ့ ဥပဒေတွေကက လူတွေရဲ့ ခံစားချက်ကို ထိန်းပေးနိုင်တာမှ မဟုတ်တာ။ သည်လိုပဲ ကလေးတွေ အများအပြားမွေးဖွားသလို ဝေါဟာရတွေလည်း အမြဲတမ်းအများအပြား မွေးဖွားနေမှာပဲပေါ့။ အမေရိကန်သမ္မတတွေဟာ သူတို့သက်တမ်းတလျှောက် စကားလုံးအသစ်တွေကို မဖြစ်မနေ သုံးရလေ့ရှိတယ်။ သူတို့ အနောက်နိုင်ငံက အဘိဓာန်တွေဆိုရင်လည်း စကားလုံး အသစ်တွေကြောင့် နှစ်တိုင်းနီးပါး အီဒီးရှင်းလုပ်နေရတာ။ တချို့ဝေါဟာရတွေရဲ့ မွေးဖွားလာပုံက အဲသလို။ မွေးကင်းစကလေးသေဆုံးနှုန်းနဲ့တူတဲ့ ဝေါဟာရလား။ ချာရဏသီပြည်ကြီးနဲ့ပဲ နှိုင်းတော့မယ်လေနော့။ လူတိုင်းဟာ နိုင်ငံရေးနဲ့ မကင်းဘူးဆိုတဲ့ အဆုံးအမကြောင့် ကြီးကြီးကျယ်ကျယ် ပြောတယ်လို့လည်း မထင်စေချင်ပြန်ဘူး။ မကင်းကောင်းသမို့ မကင်းလိုက်ခြင်းသာဖြစ်ပါတယ်။ ဒီအချိန်မှာ ကင်းနေရင်တော့ အတော်ဒူတဲ့ကောင်ဖြစ်မယ့် အနေအထား ခေတ်ကာလပဲ။ စစ်ကောင်စီကသာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အဖွဲ့အစည်းလို့ ယုံကြည်ကြသူ မဘသများနဲ့ စစ်ကောင်စီကသာ အမျိုးသားအကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပေးနိုင်တယ်လို့ ထင်ကြတဲ့ ကြံ့ဖွံ့ပါတီဝင်များထက် ညံ့သွားမှာ။ မဘသတွေက သူများချပြတဲ့ အတွေး၊ သူများဆင်တဲ့ ဇာတ်လမ်းတွေကို အဟုတ်မှတ်ပြီး ဗုဒ္ဓဘာသာကြီး ပျောက်သွားတော့မယ့်ဘေးကနေ လက်နက်နဲ့ ကာကွယ်နိုင်တယ်ထင်ကြလို့ စစ်ကောင်စီကို ထောက်ခံကြတာ။ ကြံ့ဖွံ့ကတော့ တမျိုးပါ။ ကြံ့ဖွံ့မှာ မူကွဲတွေ အများကြီး ရှိပါတယ်။ နဝတတို့ရဲ့ ညောင်နှစ်ပင်ညီလာခံစခဲ့တဲ့ ၁၉၉၃ နောက်ပိုင်းမှာ ကတည်းက နိုင်ငံဝန်ထမ်း ရုံးဝန်ထမ်းမှန်သမျနဲ့အတူ ပညာရေးဝန်ထမ်းအားလုံးပါမက မူလတန်းကျောင်းသားကလေးကမှအစ ကြံ့ဖွံ့အသင်းဝင် မဖြစ်မနေအနေနဲ့ ဖြစ်ခဲ့ရပါတယ်။ အသင်းဝင်ရင် ကဒ်ပြားလေးတခု ရပါတယ်။ ကဒ်ပြားလေးဆိုပေမယ့် အထင်မသေးပါနဲ့။ ကဒ်ပြားကလေးက မှတ်ပုံတင်ထက်တောင် အသုံးဝင်ခဲ့ပါတယ်။ မှတ်ပုံတင်ထက်တောင် အသုံးဝင်တယ်လို့ ပြောလို့ ဘာများထူးမှာမို့လို့လဲလို့ တွေးချင်ရင် တွေးမယ်။ ၂၀ ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်မှာ သူဌေးဖြစ်သွားတဲ့ မြန်မာနိုင်ငံက သူဌေးတွေ ကျေးဇူးသိတတ်မယ်ဆိုရင် အဲဒီကဒ်ပြားလေးကို ရွှေချပြီး ကိုးကွယ်ထားကြမှာ အမှန်ပဲ။ ဪ လုပ်တတ်ကိုင်တတ်ရင် သူဌေးဖြစ်မှာပေါ့လို့ ပြောချင်လို့လား။ နိုးပါ။ အဲအချိန် တခုတည်းရှိတဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ (မြဝတီက ၁၉၉၅ မှာ ထုတ်လွှင့်ပေမယ့် နယ်မှာက ၂၀၀၀ လောက်မှ ရတာ) စွန်းဝူခုန်း၊ ပြည်သူ့တရားရှင်လို့ ဇာတ်ကားမျိုးနဲ့ မြူဆွယ်ပြီး သီချင်းနည်းနည်း သတင်းကို နှစ်နာရီစာလုပ်ပြီး ငါးနာရီလောက်သာ လွှင့်ထုတ်နိုင်တဲ့ အစီအစဉ်မှာ တို့တာဝန်အရေးသုံးပါးဆိုတာရယ်၊ ဦးတည်ချက်ပေါင်း ထောင်သောင်းမက တွေ့ပါရစေရယ်နဲ့ အကော်ဒီယံအုန်းကျော်ရဲ့ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆိုတဲ့သီချင်းကို ငါးနာရီအတွင်းမှာတောင် သုံးခါလောက် ထုတ်လွှင့်ပြီး နိုင်ငံတကာ စီးပွားရေးပိတ်ထားတာကို ဟာသလုပ်ထားချိန်မျိုး။ အဲချိန်မှာ ကြံ့ဖွတ်ကဒ်ကိုင်ခဲ့မှုကြောင့် လုပ်ငန်းရှင်ကြီးဖြစ်ခဲ့ပြီး ယနေ့ခေတ်မှာ သူဌေးဖြစ်လာသူက တယောက်။ သယံဇာတထွက်တဲ့ နေရာမှာ သယံဇာတအပေါ် နားလည်ကြသူကို လက်နက်ကိုင်တွေက ဝိုင်းဝန်းစောင့်ရှောက်ခဲ့ကြပုံကို ထိုခေတ်ကပုံရိပ်ကို ပြန်တွေး ပြန်ပြောနိုင်ကြသူများရှိရင်တော့ နားထောင်ကြည့်ကြပေါ့။ လက်နက်ကိုင်တွေ ဘာကို ကာကွယ်ခဲ့တယ်။ ဘာကို ကာကွယ်နေတယ်။ ဘာကို ဆက်ကာကွယ်သွားမယ်ဆိုတာ သိရလိမ့်မယ်။ ထိုခေတ်ကာလ စီးပွားရေးဖြစ်ထွန်းလာသူများအပေါ် မှီခိုရင်း အလတ်စားစီးပွားရေးတည်ထောင်နိုင်သူက တယောက်။ သူတို့ကို ကပ်မြောင်သူများက တယောက်။ ကဲ အဲသလို ခေတ်ပျက်ကို ခေတ်ပျက်လို့ မသိနိုင်စေရေး၊ မတွေးထင်စေရေး ပန်းတိုင်ကြီးချမှတ်ပြီး မြန်မာကွရယ်လို့ ကြိမ်ဖန်ထပ်ထပ် အသံကောင်းဟစ်ကြွေးကြော်ရင်း မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းကြသလိုလို ဗုဒ္ဓဘာသာအထွန်းကားဆုံးလိုလို ဆိုကရေးတီးတခုနဲ့ ကမ္ဘာကြီးမှာ မြန်မာကပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခဲ့ကြသလိုလို ခပ်ကြောင်ကြောင် ထ,ထပြောခဲ့ကြတဲ့ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ပိတ်ကားပေါ်က လူတွေကိုထားခဲ့လို့ မရပါဘူး။ မြန်မာနိုင်ငံက အနုပညာလောကမှာ မင်းသား မင်းသမီးနဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆိုတာတွေပြောပြီဆိုရင်ဖြင့် ဇာတ်သဘင်လောကက မင်းသားမင်းသမီးနဲ့ လူရွှင်တော်တွေပါထည့်ပြီး ဆက်ပြောမှ ဖြစ်မှာပါ။ သူတို့တော်တော်များများဟာ ပရိသတ်ကြီးက ကျွေးမွေးလို့ ပေးကမ်းလို့၊ ပရိသတ်ကြောင့် ခုလို အောင်မြင်တာဆိုပြီး အမှောင့်တကာ အမှောင်ခေတ်ထဲ ထွက်ပေါက်ကို သံကွန်ချာထပ်လုပ်ကြပြီး ကျွန်သက်ရှည်ရေး ဖျော်ဖြေရေးနဲ့ သိမ်းသွင်းခဲ့ကြတဲ့ ကြံ့ဖွံ့အသင်းဝင်များက တယောက်။ မြန်မာပြည်သိန်းတန်ရဲ့ စနေထောင့်မှာ ပန်းလှူကြတဲ့ မျှော်သာမျှော်သာ မယုံကြည်ဆိုသောသူများကလည်း မယုံကြည်ခြင်းဟာ မိစ္ဆာဒိဋ္ဌိဖြစ်ရတယ်ဆိုလို့ မိစ္ဆာဒိဋ္ဌိလို့ အစွပ်စွဲမခံရဲတာနဲ့ ထွန်းအိန္ဒြာဘိုရဲ့ မီးနဲ့ရေ ဘာကိုရွေးမလဲ ဆုံးဖြတ် ရဲရဲဆုံးဖြတ်ဆိုပြီး အေး နာ နာ၊ အိုး နာ နာ ဆိုတာမျိုးနဲ့ နာကြရတဲ့ ကြံ့ဖွံ့အဖွဲ့ဝင်က တယောက်။ မယုံလည်း ပင်နီဝတ်တွေကို မယုံဘူး၊ သူတို့က ပြည်ပအားကိုးတွေလို့ အယုံသွင်းခံရတဲ့အတိုင်း ယုံနေကြသူများဆိုရင်လည်း မမှားပါဘူးလေ။ နားစရာ ခိုစရာရှာရင်းက မောပန်းလွန်းလို့ ထမင်းလေးတနပ် ကျောခင်းဖို့ ဖျာကလေးတချပ် ရတာနဲ့ ပီတိဖြာရှာတဲ့ အဖွဲ့ဝင်ကတယောက်၊ ခပ်ညံ့ညံ့မိဘဝင်များ၊ ခပ်ဖျင်းဖျင်းဆရာသမားများကို မိဘဆရာတော်ကြရသူများက တယောက်။ မူလအဖွဲ့ကမို့ မူလအဖွဲ့အစည်းဝင်ရတဲ့ အဖွဲ့ဝင်က တယောက်။ သားက မူလအဖွဲ့မှာမို့ အဖွဲ့ဝင်ရသူကတယောက်။ သားမက်က မူလအဖွဲ့အစည်းထဲမှာမို့ အဖွဲ့ဝင်ဖြစ်ရသူကတယောက်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ်မှာ ပါတီဟေ့ဆိုပြီး မူလဘီလူးခေါင်းကို ချွတ်ပြခဲ့တဲ့အပေါ် စီးပွားရေးအရ ချဉ်းကပ်သူ ခွာပြဲသူတွေနဲ့ စည်ကားပြီး မဆလ၊ တစညကနေ နောက်ဆုံးကြံ့ဖွံ့က ပါတီအတွက်ရည်ရွယ်ထားပါလားလို့ သိပြီး ချဉ်းကပ်သူ ခွာပြဲသူဖြစ်ခဲ့တဲ့ပါတီဝင်တွေ စုံစုံလင်လင် ရှိခဲ့တယ်။ ပါတီဝင်ဖြစ်ခဲ့ကြပုံသမိုင်းပါ။ လေ့လာ မှတ်သားသင့်တယ်။ ဒါပေမယ့် သူတို့အားလုံး ယုံကြည်လား မယုံကြည်လား မသိကြပေမယ့် စစ်တပ်ရဲ့ လက်ကိုင်တုတ်ပါတီ ဖြစ်တာနဲ့အညီ အမျိုးသားအကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ကြသူက စစ်ကောင်စီသာ ရှိတယ်လို့ စစ်ကောင်စီကို ထောက်ခံကြတာ။ စစ်ကောင်စီက တကယ်တမ်း ဘာသာရေးကိုလည်း ခုတုံးလုပ်နေတာပဲ အမျိုးသားအကျိုးစီးပွားဆိုတာကို ခုတုံးလုပ်နေတာပဲဆိုတာကို ကောင်းကောင်းယုံကြည်ကြသူ တော်လှန်ရေးသမားများလည်း ရှိပါတယ်။ တော်လှန်ရေးသမားဆိုတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေပဲလို့ မသတ်မှတ်သင့်ဘူး။ ဒါကို လွှဲချော်ချော်တွေးနေကြတာက မဘသတွေနဲ့ ကြံ့ဖွံ့ပါတီဝင်တွေ။ သူတို့ကလည်း နဂိုက ခပ်တိမ်တိမ်မို့ အပြစ်သွားပြောလို့ မဖြစ်။ သူတို့ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ နီပိန်းတို့ ပါတယ်။ တကတည်းမှပဲ။ အာဏာရှင်ကို မကြိုက်တာနဲ့ သူတို့ပါတီဝင်ထင်နေတာ။ ထားပါတော့။ ပြောချင်တာက နိုင်ငံရေးနဲ့ ကင်းလို့မဖြစ်ဘူးတဲ့လို့ တွေးရင်း နိုင်ငံရေးနည်းနည်းဆန်သွားတယ်။ မွေးကင်းစ သေဆုံးမှုနဲ့ တူတဲ့ ဝေါဟာရတွေက တောင်တန်းပြည်မ ပူးပေါင်းရေး၊ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥပဒေရေးဆွဲရေးဆိုတဲ့ ဝေါဟာရတွေပေါ့။ ဥပမာမို့လို့ နည်းနည်းလေးပဲ ပေးတာပါ။ အများကြီးရှိပါရဲ့။ မွေးပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေရှိသလို မွေးဖွားပြီး စွန့်ပစ်ခံရတဲ့ ဝေါဟာရ ဖွင့်ဆိုတာပါ။ မွေးပြီး သေဆုံးသွားတဲ့ ဝေါဟာရအသစ်တွေလည်း ရှိပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်၊ ပြည်သူတွေက ကျွေးထားမှာရယ်။ နောက်တပတ်ဆို အရေးတော်ပုံအောင်ပြီ ဆိုတာမျိုးရယ် ပေါ့။
ကဲ ဝေါဟာရတွေက မွေးဖွားပြီးပါပြီတဲ့။ ပြီးသေးဘူးဗျ။ ကလေးကို စွန့်ပစ်တယ်ဆိုရာမှာ များသောအားဖြင့် မိဘရယ်လို့ မမှတ်မိနိုင်ကြသေးတဲ့ သုံးနှစ်အောက်တွေပဲ စွန့်ပစ်ကြတာ။ သုံးနှစ်ကျော်ရင်တော့ မိဘရင်ခွင်နဲ့သာ အဆင်ပြေတော့တဲ့အရွယ်။ အဲချိန် သူများကို ပေးရင်လည်း သူ့အမေကို သူသိပြီးသားဖြစ်နေလို့ အဲအချိန်မှာရော နောက်တချိန်မှာပါ မွေးစားသူကို ဒုက္ခတွေ တသီကြီး ပေးတတ်ကြတယ်။ ဒါက ကိုယ်တွေ့ စကားချပ်ပါ။ ပိုစ့်နဲ့ မဆိုင်ပါဘူး။ ပြန်ဆက်ရအောင်။ ကလေးက သုံးနှစ်ကျော်လာပြီဆိုပါတော့။ နှိုင်းစာပြခြင်းခံနေရတဲ့ ကလေးနော်။ သုံးနှစ်ဆိုရင် မိဘက စီစဉ်ရေးဆွဲ ချမှတ်ထားတဲ့ အချုပ်နဲ့ထောင်ကို ကျရတဲ့ အရွယ်ပါပဲ။ ဟုတ်ပါတယ်။ ဝေါဟာရတခုကို မမွေးဖွားခင်၊ မွေးဖွားရင်း သေဆုံး၊ မသေဆုံးသော်လည်း မွေးကင်းစကလေးအား စွန့်ပစ်ခြင်း စတဲ့ ဘေးနဲ့ ဝေးသွားတဲ့ ပုံမှန်ကလေးတယောက်ဟာ အခုသုံးနှစ်ထဲ ရောက်လို့လာခဲ့ပါပြီ။ လာပါပြီ။ မင်းက ဗုဒ္ဓဘာသာ၊ မင်းကခရိယာန်၊ မင်းက မွစ်စလင်၊ မင်းက ဟိန္ဒူ၊ မင်းက ဆစ်ဆိုတဲ့ ဘာသာရေးထောင်။ မင်းက ယောက်ျားလေး၊ မင်းက မိန်းကလေးဆိုတဲ့ ကျားမထောင်။ မင်းကဗမာ၊ မင်းက ကချင်၊ မင်းက ရှမ်း၊ မင်းက ရိုဟင်ဂျာဆိုတဲ့ လူမျိုးရေးထောင်။ မင်းက လူဖြူ၊ မင်းက လူမည်း၊ မင်းက လူဝါဆိုတဲ့ အသားအရေထောင်ဆိုတဲ့ မြင်သာထင်သာရှိတဲ့ ထောင်တန်းနဲ့ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့၊ ထုံးတမ်းစဉ်လာအပြင် မြင်သာထင်သာမရှိတဲ့ လူမျိုး ဘာသာ သာသနာစတဲ့ အစွန်းရောက်ဝါဒီများကြောင့် ဖြစ်ရမယ့်ထောင်တို့က သုံးနှစ်ပြည့်သွားတဲ့ ကလေးတယောက်ကို စတင်စောင့်ကြိုပြီး ပြစ်မှုစီရင်ဖို့ စောင့်နေပါပြီ။ ကလေးပြုစု ပျိုးထောင်နည်းစာအုပ်မှာ ဘယ်လိုရေးထားသလဲဆိုရင် ကလေးတယောက် သုံးနှစ်ပြည့်သွားခြင်းဟာ ရွှေထီးဆောင်းသော သက်တမ်းကုန်ဆုံးသွားးခြင်း ဖြစ်ကြောင်းပါတဲ့။ ဒါကပဲ ဝေါဟာရတချို့ကို ဥပမာဖြစ်စေပါတယ်။ တရားမျှတရေးတို့၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေးတို့လို ဝေါဟာရတွေပေါ့။
သည်လိုသည်လို ဤသို့ဤသို့နဲ့ ထိုသို့ထိုသို့သော ဝေါဟာရတခု ဖြစ်တည်လာမှု မွေးဖွားလာမှု ကြီးပြင်းရှင်သန်လာမှုတို့ရဲ့ ကြားထဲကနေ ငွေကြေးဓနချမ်းသာတဲ့ ဆွေကြီးမျိုးကြီး မိသားစုတစုကနေ အဆင့်မြင့်မြင့် အထက်တန်းကျကျ ရွှေဇွန်းကိုက်ပြီး ဟောသည်လောကထဲ ရောက်ချလာတဲ့ ဝေါဟာရတခုလည်း ရှိလာခဲ့ပါတယ်။ ရွှေဇွန်းကိုက် မွေးဖွားလာသူပီပီ မာနကလည်း တခွဲသားနဲ့အပြင် တခြားသူတွေကိုလည်း မတူသလို မတန်သလိုဆက်ဆံတတ်သေးတဲ့ ဝေါဟာရပေါ့။ သူ့မှာလည်း သူ့အလှတရားတခုကို သူကောင်းကောင်းမွန်မွန်ပိုင်ဆိုင်ထားတော့ ချစ်သူခင်သူကလည်း ပေါမှပေါတဲ့အပြင် သူနဲ့ သိကျွမ်းခင်မင်ခွင့်ရရင်ကိုပဲ ဘုရင်တပါးလို ခံစားရစေတတ်တဲ့ ဒိတ်ဒိတ်ကြဲဝေါဟာရပေါ့။ သူကတော့ “ခေါင်းပါးခြင်း” တဲ့။ တကယ်ပါ။ ခေါင်းပါးခြင်းဟာ တခြားဝေါဟာရတွေလို ဆတ်ကော့လတ်ကော့ မဟုတ်ဘူး။ ပျာယီးပျာယာ မရှိဘူး။ ရင်သားအစုံ ပေါ်ပေါ်လွင်လွင်လေးဖြစ်အောင် ဘရာကို ပင့်ဝတ်လာပြီး လူပုံအလယ်ရောက်မှ ရှက်သလိုလို ရွံ့သလိုလို လက်ကလေးတကာကာနဲ့ ဟန်မလုပ်ဘူး။ ဘယ်အကြည့် ဘယ်အပြောကြောင့်မှ ဣန္ဒြေတချက် မပျက်ဘူး။ ဟုတ်ပါတယ်။ အဲဒီဝေါဟာရကတော့ “ခေါင်းပါးခြင်း” ဆိုတဲ့ ဝေါဟာရပါ။
ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရရဲ့ ငွေကြေးဓနချမ်းသာပုံကို ပြောပြရဦးမယ်။ ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရရှေ့မှာ လူတွေဟာ ငတ်မွတ်ခြင်းဆိုတဲ့ ဝေါဟာရနဲ့တွဲပေးလေ့ရှိတယ်။ ငတ်တာကတော့ ထမင်းစတဲ့ အစာပါ။ အနောက်နိုင်ငံတော့ ဂျုံနဲ့ လုပ်ထားတဲ့ အစာတမျိုးမျိုးပေါ့။ မွတ်တာကတော့ ရေပါ။ ရေ မသောက်ရသေးလို့ ရေဆာနေတာကို မွတ်တယ်လို့ သုံးပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြသေးတဲ့ ဗမာစကားအသုံးပြုသူ အနွယ်တွေထဲက တိုင်းရင်းသားတချို့တွေ မွတ်တယ်လို့ သုံးပါသေးတယ်။ နောက်တော့ ရုံးကန္နား၊ စာသင်ကျောင်းနဲ့အတူ ဝင်လာတဲ့ ဗမာစကားကြောင့် ကိုယ့်အသုံးက ရှက်စရာလိုလို ဖြစ်သွားကြပြီး မသုံးကြတော့တာ။ တော်တော်များများကတော့ ခေါင်းပါးခြင်းဆိုတာကို တွေ့တာနဲ့ ငတ်မွတ်ခေါင်းပါးခြင်းဆိုတာကို တွဲမြင်ကြတယ်။ ဝေါဟာရတခုအနေနဲ့တော့ တွဲမမြင်စေချင်ပါဘူး။ သူ့ဘာသာသူ သီးသန့်နေချင်တာပါ။ ‘မောင်’ လို့ ခေါ်ဆိုမှုနောက်မှာ ချစ်သူစုံတွဲ နှစ်ယောက်ရှိသလို ရှိတာမျိုး မရချင်ပါဘူး။ ပြီးတော့ ‘မောင်’ လို့ခေါ်လိုက်ခြင်းကြောင့် ခွင့်လွတ်ပေးရ၊ နားလည်ပေးရ၊ နားထောင်ပေးရ၊ အနစ်နာခံပေးရ၊ ကျီစယ်ပေးရ၊ ရယ်ပေးရ၊ အာရုံစိုက်ပေးရ၊ အကြည့်ချင်းဆုံပေးရ၊ သက်သေတွေပြရ၊ ဖုန်းခဏခဏဆက်ရ၊ စာခဏခဏပို့ရ ချော့ရတာတွေအပြင် ရှေ့ရေး ရှိလာသလို အိမ်ထောင်ရေးလည်း ရှိလာတယ်။ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေ ပါဝင်လာသလို နှစ်ဖက်မိဘတွေလည်း ပါဝင်လာတယ်။ ခေါင်းပါးခြင်းက အဲသလိုရှုပ်ရှုပ်ထွေးထွေး မလုပ်ချင်ဘူး။ မနေချင်ဘူး။ မဖြစ်ချင်ဘူး။ သူလည်းလေ လောကီသားပေမို့ ကြွားချင်လှပေလိမ့်မည်ထဲကလိုလည်း မကြွားချင်ဘူး။ သို့သော်လည်း သူ့လို ငွေကြေးဓနချမ်းသာတဲ့ ဝေါဟာရတခုအနေနဲ့ မကင်းရာ မကင်းကြောင်းကတော့ ရှိပေမှာပဲ။ ငတ်မွတ်နဲ့တွဲလို့လည်း သူဟာ ငွေကြေးဓနချမ်းသာလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် ခေါင်းပါးမှုဆိုတဲ့ ဝေါဟာရကလေးတလုံးနဲ့ ဘယ်သူမှတော့ အဆိုပြုလွာတွေအပေါ် ငွေကြေးတွေ ပုံမပေးဘူးလေ။ ဟုတ်ပါတယ်။ ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရရဲ့ ငွေကြေးချမ်းသာပုံပါ။
ခုလောက်ဆိုရင်တော့ဖြင့် သူ့ရဲ့ ဆွေကြီးမျိုးကြီး မိသားစုကို သိကြရောပေါ့။ ငတ်မွတ်နဲ့ တွဲပြီးနေထိုင်ရတဲ့ အကျိုးကျေးဇူးကြောင့်လည်း သူဆွေကြီးမျိုးကြီး စာရင်းထဲ ပါရပြန်ပါသေးတယ်။ ဗုဒ္ဓဘသာ ဘုရားရှိခိုးထဲမှာ ကပ်သုံးပါးဆိုပြီးပါတယ်။ သူ့ရှေ့မှာတော့ စီနီယာကြီး အပါယ်လေးပါးပေါ့။ ပြီးရင်သူပဲ။ ဆွေကြီးမျိုးကြီးကို ချပြရတာ အားရစရာမဟုတ်လား။ လူတွေဆိုတာက အရမ်းအောင်မြင်နေတဲ့ ကျော်ကြားသူတယောက်နဲ့ ပတ်သက်လာရင် ငါ့အမျိုးလေလို့ ကြွားတတ်ကြတယ်လေ။ တကယ်တမ်း ဘယ်လိုစပ်ပြရမယ်မှန်း သိပ်သေချာတာမဟုတ်ဘူး။ အမျိုးစပ်လို့မရရင်လည်း ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းနဲ့ သူနဲ့က သူငယ်တန်းမှာ အတူတက်ဖူးတယ်လို့ ဂုဏ်ယူချင်ကြတယ်မဟုတ်လား။ သူကတော့ အဲလိုမဟုတ်ဘူး။ တကယ့် ဆွေမျိုးရင်းချာ စစ်ပါ။ သူ့ဂျူနီယာတွေလည်း အများကြီးရှိတယ်။ ရပ်ပြစ်ရှစ်ပါးတို့၊ ရန်သူမျိုးငါးပါးတို့ပေါ့။ အံမယ်။ ကပ်သုံးပါးထဲ ပါတာသေချာလို့လားလို့ စောဒကတက်ချင်စရာကြီး ဖြစ်နေတယ်မို့လား။ ပါဠိလိုတောင် ပြောနိုင်သေးတယ်။ ဖတ်ကြတဲ့သူတွေ စောက်တလွဲဖတ်ကြလွန်းလို့ မရေးပြချင်တာ။ ဟုတ်ပ။ တက္ကသိုလ်မှာ အရှေ့တိုင်းဘာသာကို မေဂျာအဖြစ် ယူပါတယ်ဆိုတဲ့ တချို့သူတွေတောင် ဘွဲ့လည်းရ စာလည်းမေ့ဖြစ်ပြီး ပါဠိကို ပါဋိလို့ရေးပြီး ဖတ်ရင်လည်း တလွဲတွေဖတ်နေကြတာ။ အသံစာအုပ်ဆိုတာတွေမှာ ခဏခဏကြားနေရသားပဲ။ ဒါကြောင့် လျှာကို အထူးတတွေ ရှည်ပြီး ပါဠိကို ချန်လှပ်ထားလိုက်မယ်။ ကဲ ကပ်သုံးပါးထဲမှာတောင် သူက အကြီးဆုံး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး တဲ့။ သူပြီးမှ ရောဂါဘယဘေး၊ စစ်မက်ဘေးဆိုပြီးလာတာ။ သူက အကြီးဆုံးလို့ ကြွားပြရပေမယ့် ဒီထဲမှာတော့ ဝေါဟာရသုံးခုစလုံးက လုံးဝညီအစ်ကိုရင်းချာပဲ။ ခွဲလို့မရဘူး။ စဦးဆုံး ခေါင်းပါးကြည့်။ အဲ ကိုယ့်ဝေါဟာရကို ခဏမေ့ထားဦးမှ။ ငတ်ကြည့်။ ငတ်တာနဲ့ အာဟာရချို့တဲ့ပြီး ရောဂါဝင်ပြီပဲ။ ငတ်နေရင် စားဖို့ လုတန်လု ယက်တန်ယက်ရတာကစပြီး စစ်ဇာတ်လမ်းစပြီ။ ရောဂါကနေ စ ကြည့်မလား။ ရတယ်။ ရောဂါချည်းဖြစ်နေရင် ငတ်လာမှာ။ ငတ်ရင် လုယက်မှာ။ အဲမှာ စစ်ဇာတ်လမ်းက စပြီပဲ။ စစ်ကနေ စ,မလား။ ရတယ်။ စစ်ဖြစ်ရင် စိုက်ပျိုးရေးပျက်ပြီ။ စိုက်ပျိုးရေးပျက်တာနဲ့ ငတ်ပြီ။ ငတ်တာနဲ့ ရောဂါဝင်ပြီ။ စစ်ဖြစ်လို့ သေတာက နည်းနည်း။ ငတ်ပြီးတော့ သေကြမှာနဲ့ ရောဂါဝင်ပြီး သေကြမှာက များများ ဖြစ်လာဦးမှာ။ အံမလေး တွေးကြည့်ရင် ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရဟာ ငတ်မွတ်ခြင်းနဲ့ တွဲပြီး ငတ်မွတ်ခေါင်းပါးခြင်းလို့ ဖြစ်လိုက်တာနဲ့ တပြိုင်နဲ့ အသိုင်းအဝိုင်းကလည်းအကြီးကြီး ဆွေကြီးတမျိုးကြီးကလည်း အကြီးကြီးပါပဲလား။
သူက အဆင့်မြင့်မြင့် အထက်တန်းကျကျ ရွှေဇွန်းကိုက်ပြီး ဟောသည်လောကထဲ ရောက်ချလာတဲ့ ဝေါဟာရ တဲ့။ တယ်ဆိုတဲ့ စာပါလား။ မယုံချင်ကြသလိုလိုပဲ။ ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရ အဖြစ်များတဲ့ နေရာကို ကြည့်မလား။ လောလောဆယ်တော့ ငတ်မွတ်နဲ့ တွဲပါရစေဦး။ တွဲတယ်ဆိုတာက ချစ်သူတွေလို တွဲတာ မဟုတ်ဘူး။ သူငယ်ချင်းတွေလို တွဲတာလည်း မဟုတ်ဘူး။ လက်ထောက်အနေနဲ့ တွဲတာ။ ခေါင်းပါးခြင်းရဲ့ လက်ထောက်ဖြစ်သူ ငတ်မွတ်ခြင်းပေါ့လေ။ သူ ဘယ်လောက် အဆင်မြင့်ပြီး အထက်တန်းကျကျ ရွှေဇွန်းကိုက်ပြီး ဟောသည်လောကထဲ ရောက်လာသလဲ ရှုစားချင်သပဆိုရင် သယံဇာတထွက်တဲ့နေရာကို တချက်ရှုရုံ။ ဂါနာ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား၊ မိုဇမ်ဘစ်စတဲ့ အဖရိကနိုင်ငံတွေကိုရှု၊ ဝေးတယ်ထင်ရင် မြန်မာကိုရှု၊ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတာကို တချို့နေရာကနေဆိုရင် စိန်စီထားတဲ့ ဇွန်းကိုတောင် ကိုက်ပြီး မွေးလာသေး။ ရွှေဇွန်းဆိုတာ ပမွှား။ ပတ္တမြား၊ နီလာ၊ မြနဲ့ ကျောက်စိမ်းစတဲ့ နဝရတ်တဆင်စာ ပြည်လုနီး အဖိုးအနဂ္ဃထိုက်တန်လှချည်ဆိုပြီး အထွဋ်အမြတ်ထား ပေးဝယ်သိမ်းဆည်းရတဲ့ ရတနာတွေနဲ့ မွေးဖွားလာတာ။
မာနကြီးတခွဲသားနဲ့ တခြားသူတွေကို မတူသလို မတန်သလို ဆက်ဆံရတဲ့ အကြောင်းရင်းကို သိပြီ မဟုတ်လား။ ငတ်မွတ်ခြင်းဆိုတဲ့ သူ့လက်ထောက်အပြင် သူ့ကို ဝိုင်းပံ့ပိုးပေးကြတဲ့ မိတ်သင်္ဂဟအပေါင်းတွေကြောင့်လည်း ဒီလိုနေထိုင်နိုင်ရတာပါ။ တဦးက ‘လူတန်းစား မညီမျှမှု’ ဖြစ်ပါတယ်။ လူမျိုးရေး ဘာသာရေး အသာထား၊ စီးပွားရေးနဲ့ လူမှုရေးကို မျှတအောင် စဉ်းစားနိုင်ခွင့် စီမံနိုင်ခွင့် မရှိရင် ငတ်မွတ်ခေါင်းပါးခြင်းနဲ့ မိတ်ဆွေ ဖြစ်ရပါတယ်။ ဒုတိယတဦးက ‘ပဋိပက္ခ’ တဲ့။ ကြိုက်တဲ့ပဋိပက္ခဖြစ်ကြပါဗျာ၊ လူမျိုးရေးဖြစ်လည်းရတယ်။ တရွာတည်း အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ရန်ဖြစ်လည်းရတယ်။ မွတ်စလင်ဈေးမရောင်းရတို့ ဘုရားကျောင်းမဆောက်ရတို့ စသဖြင့် ဘာသာရေးနဲ့ ဖြစ်လည်းရတယ်။ တောင်ကျောင်းဘုန်းကြီးနဲ့ မြောက်ကျောင်းဘုန်းကြီး အတူမကြွနိုင်ဘူးဆိုရင်လည်းဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ ပဋိပက္ခဖြစ်လိုက်ကြစမ်းပါ။ သူ့ မိတ်ဆွေကောင်း တန်းဖြစ်ကြရတာပါပဲ။ တတိယတဦးကတော့ သူနဲ့ သိပ်မဆိုင်သလိုပဲ။ နိုင်ငံ အစိုးရမှ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း တဲ့။ ကမ္ဘာပေါ်မှာ လက်ရှိ လူဦးရေ ၂ သန်းလောက်ဟာ ကျန်းမာရေးကြောင့် ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ သူနဲ့မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေကြတယ်တဲ့။ ယုံပေးလိုက်ပါမယ်။ စတုတ္ထကတော့ သေချာတယ်။ ‘ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု’ တဲ့။ စိုက်ပျိုးခြံတွေထဲမှာ အရင်တုန်းကဆို ပီဗွီစီဆိုတဲ့ ပိုက်စိမ်းစိမ်းတွေ ဟိုတခြံဒီတခြံ။ အခုဆို ခြံတိုင်း ခြံတိုင်း နှစ်ထပ်ပိုက်၊ ခွေပိုက်၊ ရစ်ပိုက်၊ သုံးလွှာပိုက်၊ ငါးဆင့်ပိုက်စတာတွေမပါရင် စိုက်ပျိုးလို့ မရတော့ဘူး။ ရေချောင်းနဲ့ဝေးရင် လာထား အဝီစိပဲ။ မြေကိုကြည့်ပြီး ဘာဓါတ်လိုနေလို့ ဘာမြေဩဇာသုံးဆိုတာရယ်၊ ဘာပင်စိုက်မှာမို့ ဘာမြေဩဇာသုံးဆိုတာတွေ တောင်သူနီးပါးတိုင်း သိ။ မသိလည်း မေးကြ၊ ပြောကြတာပဲ။ အပွင့်ပွင့်လာဖို့၊ အသီးသီးဖို့၊ ဥအုဖို့ စတဲ့ မြေဩဇာ၊ ဘယ်အရွယ်ရောက်ရင် ဘာအားဆေး၊ ဘယ်ပိုးဝင်ရင် ဘာပိုးသတ်ဆေး စသဖြင့် စိုက်ပျိုးရေးဘက်ကို တချက်လောက်ကြည့်လိုက်တာနဲ့ ရာသီဥတုဘယ်လောက် ဖောက်ပြန် ပျက်စီးနေသလဲဆိုတာ ကောင်းကောင်း သိရသားပဲ။ တောင်သူလယ်သမားတွေက အာလူး ၄ ဧက စိုက်ပျိုးဖို့ အတွက် ငွေက သိန်း ၄၀ ရှိမှ ဈေးကွက်ထဲဝင်တဲ့ အာလူးရဲ့ အရွယ်အစားနဲ့အတူ ခွဲကြည့်လိုက်ရင် အစီးတွေ တဖြည်းဖြည်းချင်း ထွက်လာပြီး ချက်လိုက်ရင်လည်း နူးလွယ် စားရင်လည်း အရသာရှိတဲ့ အာလူးဖြစ်လာမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ ဒါတွေ ဘယ်ကဦးမလဲ။ ရာသီဥတုဖောက်ပြန်လာ ပျက်စီးလာတာကို မြင်နေရတဲ့ စိုက်ပျိုးမြေ ပျက်စီးလာတာ၊ မြေဆီခမ်းခြောက်လာတာ၊ ခါတိုး စီးဝင်ကျေ ချောင်းရေ မစီးတော့လို့ စိုက်ပျိုးလို့ မရတော့တာ စတဲ့ စိုက်ပျိုးရေးမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာ အများကြီး။ ကိုယ့်အသက်ဘေးနဲ့ နီးနေတဲ့ ကိုယ့်သဘာဝပတ်ဝန်းကျင်ကို မထိန်းကြတော့လည်း သူ့လို ငတ်မွတ်ခေါင်းပါးခြင်းအတွက် မိတ်သင်္ဂဟ ပေါသပေါ့။ နောက် ပဉ္စမတဦးက ‘ပညာရေးချို့တဲ့မှု’ တဲ့။ ပရက်ရှားတို့ရဲ့ စာသင်ကျောင်း တည်ထောင်တဲ့ ရည်ရွယ်ချက်ကို ခဏဘေးချိတ်ထား။ စာသင်ကျောင်းရှိတဲ့ ကျေးလက်နဲ့ စာသင်ကျောင်းမရှိတဲ့ ကျေးလက်က လူထုတွေရဲ့ စားဝတ်နေရေးကို ကိုင်တွယ်ဖြေရှင်းကြပုံကို ကြည့်ရင် သိနိုင်သား။ ဒါက စာတတ်ခြင်း မတတ်ခြင်း ပေါ်ကို တည်ပြောတာ။ ပညာရေး ချို့တဲ့မှုလို့ ပြောရင် ယူအက်စ်လို နိုင်ငံကြီး ခပ်ချေချေမိုးမိုးနဲ့ တည်ထောင်ထားတဲ့ တက္ကသိုလ်တချို့ဟာ စက်ရုံ အလုပ်ရုံ သို့မဟုတ် ဌာနတခုခုမှာ အရိုးဆွေးအောင် အလုပ်လုပ်မယ့် ဝန်ထမ်းတွေ မွေးထုတ်ရေးကိုသာ ဦးစားပေးသင်ကြားသတဲ့။ ဒီမှာလည်း အဲသလိုပါပဲ။ အာဏာရှင်အလိုကျ သင်ရိုးညွှန်းတမ်းတွေနဲ့ဆိုတော့ ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ သူ့ဆီ တနေ့ကို ဖိနပ်တရံ ပါးတဲ့အထိ လမ်းလျှောက်လာနေပြီပေါ့။ နောက် ခြောက်ယောက်မြောက်ကို ပြောရမှာတော့ဖြင့် ခပ်ကြောက်ကြောက်ရယ် ဆိုတဲ့အထဲကပါပဲ။ ဒါပေမယ့်လည်း မရိုက်လျင်မနာ မသတ်လျင်မသာမပေါ် ဆိုသလိုမို့ ရိုက်သတ်ရ အို ဘာတွေတုန်း။ ဆဋ္ဌမက ‘အစိုးရညံ့ဖျင်းခြင်း’ တဲ့။ ကြည့်ပါဦး။ ခေါင်းပါးခြင်း ဆိုတဲ့သူ ငတ်မွတ်ခြင်းကို လက်ထောက်အနေနဲ့ ထားတုန်းထားခိုက် အားလုံးအပေါ် မတူသလို မတန်သလို ဆက်ဆံရခြင်း အကြောင်းကို သိပြီမဟုတ်လား။ ညံ့ဖျင်းတဲ့ အစိုးရကြီး ကိုယ့်ဘက်ပါနေမှတော့ ဘယ်သူ့ကို အဖက်လုပ်ပြီး ပြောနေရဦးမလဲ။
ဝေါဟာရဆိုတဲ့ သူ့မှာ သူ့အလှတရားတခုကို သူကောင်းကောင်းမွန်မွန်ပိုင်ဆိုင်ထားတော့ ချစ်သူခင်သူကလည်း ပေါမှပေါတဲ့အပြင် သူနဲ့ သိကျွမ်းခင်မင်ခွင့်ရရင်ကိုပဲ ဘုရင်တပါးလို ခံစားရစေတတ်တဲ့ ဒိတ်ဒိတ်ကြဲဝေါဟာရပေါ့။ နည်းနည်းကြမ်းသွားလား။ ဆူဒန်မိန်းကလေးငယ်ရဲ့ ဘေးနားမှာ မိန်းကလေးငယ် သေတာနဲ့ စားဖို့ စောင့်နေတဲ့ လင်းတတကောင်ပုံလေးနဲ့ ဓာတ်ပုံတွဲရိုက်ပြနိုင်ခဲ့တဲ့ ကီဗင်ကာတာဟာ ပူလစ်ဇာဆု ရသွားခဲ့တယ် မဟုတ်လား။ များများစားစားတောင် မပြောလိုက်ရလို့ စိတ်မသက်မသက် ဖြစ်မိရပါသေးတယ်ဗျာ။
ခေါင်းပါးခြင်းဟာ တခြားဝေါဟာရတွေလို ဆတ်ကော့လတ်ကော့ မဟုတ်ဘူး။ ဟုတ်ပါရဲ့။ ဆတ်ကော့ လတ်ကော့ မဟုတ်ရပါဘူး။ မဟုတ်ပုံ မဟုတ်နည်းလေးကို ဖြည်းဖြည်းနွဲ့နွဲ့ ချပြချင်ပါသေးရဲ့။ ဆတ်ကော့လတ်ကော့ ဆိုတဲ့စကားက ဘန်းစကားမဟုတ်။ နန်းစကားမဟုတ်။ လမ်းစကားလည်းမဟုတ်။ လွမ်းစကားလည်းမဟုတ်။ တမ်းစကားလည်း မဟုတ်။ တန်းစကားလည်း မဟုတ်။ ထောင်စကားလည်းမဟုတ်။ ချုပ်စကားလည်းမဟုတ်။ မိန်းကလေးတွေ အပေါ် ပြစ်တင်ပုံချ စွပ်စွဲပြောဆို ကဲ့ရဲ့ဝေဖန်လေ့ရှိတဲ့ ခပ်ဆန်းဆန်းကျယ်ကျယ် စကားလုံးတလုံး အဲ ဝေါဟာရတခုပါပဲ။ ဒီဝေါဟာရရှင်းပြတာကို တခုတ်တရ လိုက်ရေးပေးနေရသူ သကောင့်သားရဲ့ မွေးမေမေကတော့ ငယ်ငယ်တုန်းက ဆတ်ကော့လတ်ကော့ကို ကြိယာဝိသေသနလုပ်ပြီးတော့ မလုပ်နဲ့ မသွားနဲ့ မစားနဲ့ဆိုတဲ့ ကြိယာနဲ့ တွဲဆုံးမဖူးတာပဲ။ လုပ်တာ ကိုင်တာ သွားတာ စားတာ ထောင့်မကျိုးလို့ထင်ပါရဲ့။ ဒါပေမယ့် အခု ဒီခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရ ဆတ်ကော့လတ်ကော့ မဟုတ်ပုံက ဒီအသွားအလာတွေနဲ့ ဆိုင်ချင်မှ ဆိုင်ပါလိမ့်မယ်။ ဒီတခါ ငတ်မွတ်ခြင်းဆိုတဲ့ ဝေါဟာရကို လက်ထောက်အဖြစ် မခေါ်တော့ပါဘူး။ ငတ်မွတ်ခြင်းဆိုတဲ့ ဝေါဟာရကြီးက ဆာလိုက်တာ။ သူ့ကြောင့် ပိုက်ဆံတွေလည်း အများကြီးရ၊ ဆွေကြီးမျိုးကြီးတွေနဲ့လည်း တွေ့ရ၊ ရတနာမျိုုးစုံ စီခြယ်ရတဲ့အပြင် မိတ်ကောင်းဆွေကောင်းတွေ အများကြီးတွေ့ခဲ့ရတဲ့ ကျေးဇူးကို မထောက်လို့မဟုတ်ပါဘူး။ ကျေးဇူး ဆိုတဲ့ စကားကို သူက နဂိုကတည်းက နည်းနည်းမုန်းနေတာကြောင့်ပါ။ ရာဇဝင်ထဲက မိန်းမသား၊ မင်းဆယ်ပါးရာဇဝင်ဆိုတဲ့ စာအုပ်ကြောင့် နာမည်ရပြီး မြန်မာ့အလင်းသတင်းစာထဲမှာ ထိုင်းနဲ့ မြန်မာပဋိပက္ခကို မထော်မနန်းတွေလျှောက်ရေးပစ်လို့ နာမည်ကျသွားတဲ့ ဒေါက်တာမတင်ဝင်းရဲ့ စာအုပ်တအုပ်မှာ အကူအညီ မတောင်းဘဲ အကူအညီသွားပေးလိုက်ရင် ကျေးဇူးတင်ခံရဖို့ မမျှော်လင့်နဲ့ဆိုတဲ့ စာကြောင်းလေး တခုကြောင့်ပါ။ တချို့က လာလည်းကူညီပေးသေး။ ကျေးဇူးကန်းတယ်ဘာညာနဲ့ ဟောဒီသကောင့်သားကို တခန်းတနားကြီး ပြောကြလွန်းလို့ ကျေးဇူးတွေ ဘာတွေကို နည်းနည်းမုန်းနေမိတာ။ ကျေးဇူးပြန်ဆပ်မယ်ရယ်လို့တော့ မဟုတ်ဘူး။ ငတ်မွတ်ခြင်းဆိုတဲ့ ဝေါဟာရအနေနဲ့ သူ့ကို ကူညီဖူးလေတော့ တနေ့တချိန် သူ အကူအညီလိုအပ်ခဲ့ရင် အကူအညီကလည်း ကူညီသင့် ကူညီထိုက်တဲ့ အကူအညီမျိုးဆိုရင် သူ့အနေနဲ့ ကျေးဇူးဆပ်ကို ဆပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျေးဇူးရှိဖူးလို့ ကျေးဇူးဆပ်တယ်ဆိုတဲ့ ဝေါဟာရကို သုံးလိုက်တာပါ။ တကယ့်တကယ် တဖက်ကလိုအပ်နေချိန် သူက ကူညီဖို့ အားလုံး အဆင်ပြေနေချိန်ဆိုရင် ဘယ်သူ့ကိုမဆို ဘာကြောင့်မဆို ကူညီမှာပါပဲ။ အခုတော့ လက်ထောက်အဖြစ်ထားရင်တောင် ဘယ်နား ထားရမှန်း မသိတဲ့ ငတ်မွတ်ခြင်းဆိုတဲ့ ဝေါဟာရကို ထားခဲ့တော့မယ်။ ဘုရားဟောသလို ငှက်မွေးကဲ့သို့ ပေါ့ပါးသောဝန်ဖြင့်သာ နေထိုင်ကျင့်ကြံရာ၏ ဆိုသလိုပေါ့လေ။ ပေါ့ပါးလွန်းရင်လည်း ဒီခေတ်ဒီခါကြီးမှာ ထမင်းငတ်နိုင်လို့ အသိဝေါဟာရတခုကိုတော့ ခေါ်ဦးမှ။ သူ့အသိဝေါဟာရက အသိပါပဲ။ အသိနဲ့ သူနဲ့က ငယ်ပေါင်းဖြစ်ပါတယ်။ အသိနဲ့ ခဏခဏလည်းတွေ့ဖြစ်ပါတယ်။ အထူးသဖြင့် ခုလိုကာလမျိုးမှာပေါ့။ ငတ်မွတ်ခြင်းလိုမျိုး ရှေ့မှာ နေရာပေးပေမယ့် ငတ်မွတ်ခြင်းကို ဘော်ဒါကဏ္ဍနဲ့ပေါင်းတာမဟုတ်ဘဲ လက်ထောက်သဘောနဲ့သာ ပေါင်းပေမယ့် အသိကိုတော့ တကယ်ထဲထဲဝင်ဝင်ပေါင်းပါတယ်။ ချစ်သူအဆင့်အထိတော့ သူအရောက်မခံနိုင်ပါဘူး။ အသိကို သူမချစ်ပါဘူး။ အသိရဲ့ နေထိုင်မှုပုံစံကို သူ သဘောမကျလို့ပါ။ အသိဆိုတဲ့ ဝေါဟာရက အရမ်းကြီးးကျယ်ချင်သူပါ။ ဣတ္ထိယပုဒ် အနေနဲ့ ပြောရရင် အရမ်းလည်း ပဲများတတ်သူပါ။ ကြီးကျယ်ချင်စိတ် ပဲများချင်စိတ်တွေကြောင့် သူဟာ တရား ဆိုတဲ့ဝေါဟာရနဲ့ အမြဲတပူးတွဲတွဲနေထိုင်ပါတယ်။ သူ့ကို အသိလို့ခေါ်ရင် သိပ်မကြိုက်ဘူး။ အသိတရားလို့ခေါ်မှ မချိုမချဉ်ပြုံးပြတတ်တဲ့ ဝေါဟာရပါ။ ခေါင်းပါးခြင်းဆိုတဲ့သူက အမြဲနိမ့်ချတဲ့အနေနဲ့ နောက်မှာပဲ အမြဲနေပေးလေ့လည်း ရှိပါတယ်။ သူတို့နှစ်ဦးပေါင်းဖက်နေပုံကို ကြည့်လိုက်ပါဦး။
“အသိတရားခေါင်းပါးခြင်း”
ဒီစကားကို အတ္ထယောဇနာ၊ အဓိပ္ပါယတ္ထ၊ အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ မဟာဋီကာ၊ ကဏ္ဍိ စတာတွေနဲ့ တက္ကသိုလ်မှာ သင်ကြားတဲ့ဆရာ ဆရာမဘဝက ပါမောက္ခချုပ်ရထူးအထိ ရလိုသလို၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းမှာ လုပ်နေတဲ့ ဝန်ထမ်းများ မြန်မာမှသည် ထိုင်းမှစ၍ နောက်ဆုံး အမေရိကမှာ ရုံးထိုင်ရဖို့ကြိုးစားသလို၊ စစ်သည်ရဲဘော်မှသည် ဗိုလ်ချုပ်မှူးကြီးကဲ့သို့ အာဏာထိမ်းတာဆိုပြီး စိတ်တိုင်းကျလုပ်ခွင့်ရဖို့ တက်လှမ်းသလို တစချင်း တမျင်ချင်း အဆင့်ဆင့် ရှင်းရပေဦးမပေါ့လေ။ အတ္ထယောဇနာဆိုတာကတော့ အနက်ဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ အနက်ဖွင့်ဆိုဖို့ကလည်း နဂိုဆိုထားတဲ့ ဝေါဟာရနှစ်ခုမှာကိုက အနက်ဖွင့်ပြီးသား ဖြစ်နေလို့ သူ့လုပ်ငန်းစဉ် ပြီးမြောက်ပြီးသား ဖြစ်နှင့်နေပြီ။
အဓိပ္ပါယတ္ထကျတော့ တိကျရှင်းလင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ့။ တိကျရှင်းလင်းတဲ့ဆိုတာ အပိုထည့်တာ။ အသိတရားခေါင်းပါးခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုရရင် အသိတရား-ဆင်ခြင်တုံတရား၊ ခေါင်းပါးခြင်း-ရှားပါးခြင်း (ဝါ) မရှိ။ အခြားဆရာများအလို– အသိဉာဏ်မရှိ။ ဘာသာဋီကာမူ – ထုံ၏၊ နုံ၏၊ ဖျင်း၏။ သည်လိုပါပဲ။ တခုခုကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်တိုင်း ယူဆပုံယူဆနည်းတွေ ကွဲပြားကြတာတွေ ရှိတတ်ကြပါတယ်။ ဒီသကောင့်သားကို ငယ်ငယ်တုန်းက စာသင်ပေးတဲ့ ဆရာများက “အေး သူတို့က စာအုပ်တွေ ဘာတွေထုတ်ပြီး ရေထားတာဆိုတော့ သူတို့ပြောတဲ့ အတိုင်းပေါ့ကွာ၊ ငါသာဆိုရင်တော့ လူစိတ်မရှိတဲ့ကောင်လို့ အဓိပ္ပါယ်ဖွင့်မှာကွ” လို့ လိုရင်းပြောတတ်လေ့ရှိတဲ့ ဆရာ့ဆီမှာ စာသင်ခဲ့ရတာတော့ ရှိပါတယ်။ အခုလို ဝေဝေဝါးဝါးဖွင့် အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်တဲ့ အချက်အလက်ကို တွေ့ပြီဆိုရင်တော့ သူတမျိုး ငါတဖုံ ဖွင့်ကြတာပဲ။ ဒီမှာက အသိတရားခေါင်းပါးခြင်းဆိုတဲ့ မြန်မာစကားဖြစ်နေတာကြောင့် ပြောရတာ ရှုပ်သလို ဖြစ်သွားမယ် ထင်တယ်။ တကယ်တမ်း အနက်ဖွင့်ခြင်း၊ အဓိပ္ပါယ်ဖွင့်ခြင်းဆိုတာတွေက ပါဠိတွေနဲ့ သက်ဆိုင်တဲ့ အရာတွေပါ။ လျှာကလည်း နည်းနည်းရှည်ချင်သေးတော့ ရှည်ပါရစေ။ မူ ဆိုတဲ့အကြောင်း ပြောပြချင်လာလို့လည်း ပါရဲ့။ ပါဠိပါဠ်သားတွေအတွက် ကျမ်းတတ်ပေတတ်ဆရာတော် တော်တော်များများက သူတို့နားလည်စေချင်သလို သူတို့ စေတနာတွေ ထည့်သွင်းပြီး အဓိပ္ပါယ်ဖွင့် ဘာသာပြန်ဆိုထားကြတာတွေ အများအပြားရှိပါတယ်။ သဟာကို “မူ” လို့ပဲ ခေါ်ဝေါ်သုံးစွဲကြလေ့ ရှိပါတယ်။ ဒီထဲမှာ အခြားဆရာများအလို ဆိုတာရယ် ဘာသာဋီကာမူ ဆိုတာရယ် နှစ်မျိုးထည့်ထား ပေးပါတယ်။ အခြားဆရာများအလိုလို့ပါရင် ဒီကျမ်းစာကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဆရာတော်ကိုယ်တိုင် သူဖွင့်ဆိုမှုအပေါ် အားမရတာကတကြောင်း၊ အခြားသော ဆရာတော်တပါးပါးရဲ့ ဖွင့်ဆိုချက်က ပိုကောင်းနေတာတကြောင်းကြောင့် ဒီလို အခြားဆရာများအလို ဆိုပြီး ထည့်သွင်းတတ်လေ့ ရှိကြပါတယ်။ နောက် ဘာသာဋီကာမူ ဆိုတာက ခြင်္သေ့ရုပ်ထည့်ထည့်ပြီး ရတနာ့ဂုဏ်ရည်တို့ ကိုယ်ကျင့်အဘိဓမ္မာတို့စတဲ့ စာအုပ်တွေထုတ်ခဲ့တဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ဖွင့်ဆိုချက်ကို ပြောတာပါ။ ဆရာတော်က ဖွင့်ဆိုချက်တော်တော်များများကို ခေတ်လူငယ်တွေ နားလည်သဘောပေါက်နိုင်တဲ့ စကားလုံးမျိုးတွေကို အဓိကရွေးသုံးပြီး ရေးသားခဲ့တာကြောင့် ဖွင့်ဆိုချက်တော်တော်များများ သူ့စာအုပ်ကို လှန်လှန်ကြည့်ရလေ့ ရှိပါတယ်။ သည်ဆရာတော်က သူအဓိပ္ပါယ်ပြန်ဆိုခဲ့တဲ့ ကျမ်းအားလုံးရဲ့ အမည်ကို ဘာသာဋီကာ လို့နာမည်ပေးခဲ့လို့ “ဘာသာဋီကာမူ” လို့ထည့်လိုက်ရတာ ဖြစ်ပါတယ်။ အဲသလိုပဲ ပါဠိစာပေအပေါ် သို့မဟုတ် သက်ဆိုင်ရာ ကျမ်းစာတွေအပေါ် မူတွေက အများကြီးရှိပါတယ်။ အင်းဝခေတ် ဆရာတော်ဦးဗုဓ်မူ၊ သံပျင်မူ၊ ဘုရားကြီးမူ၊ စံကျောင်းမူ၊ ဝေယံဘုံသာမူ၊ သစ်ဆိမ့်မူ၊ ပခုက္ကူမူ၊ နေရင်းမူ၊ မိုးထိမူ၊ မြင်းခြံမူ၊ သင်္ဂဇာမူ၊ ညောင်ကန်မူ၊ ထနောင်းဝန်းမူ၊ ရာဇဂုရုမူ၊ နန္ဒမေဓာမူ၊ ညောင်တုန်းမူ၊ ဘာသာဋီကာမူ၊ မအူမူ၊ ရွှေဥမင်မူ၊ ရေစကြိုမူ၊ ဝိသုဒ္ဓါရုံမူ၊ သဲအင်းမူ၊ မိုးထိမူ၊ ပြဿဒ်မူ၊ ဒန့်တိုင်မူ၊ သဒ္ဓမ္မနန္ဒီမူ၊ ရွှေစေတီမူ၊ ရွှေသီးမူ၊ ပစ္ဆိမာရုံမူ၊ ပြည်မူ၊ မူဟောင်း၊ မူသစ်၊ တောင်ဖီလာမူ စသဖြင့် ဆရာတော်ကြီးများက သူတို့အားသန်တဲ့ ဘာသာရပ်နဲ့ ဆက်စပ်ပြီး သူတို့နားလည်သလို ရေးသားဖွင့်ဆိုခဲ့တဲ့ ကျမ်းတွေအသီးသီးရှိကြပါတယ်။ သိသလောက် မီသလောက် မူပေါင်း ၃၃ မူကို ချရေးပြလိုက်ရပါတယ်။ သူ့မူကိုယ့်မူဆိုပေမယ့် ကျမ်းတူနေတာမျိုးရှိပါတယ်။ အဓိပ္ပါယ်က တထပ်တည်းပါပဲ။ သုံးနှုန်းပုံ ဝေါဟာရအယူအဆ ထည့်သွင်းပုံတွေပဲ ခြားနားပါတယ်။ ဘယ်သူ့မူက ကိုယ်နဲ့ ကိုက်သလဲရှာပြီး ဖတ်ရုံပ။
ဒါကတော့ ပါဠိကို အနက်အဓိပ္ပါယ်ပြန်ဆိုရာမှာ မူအမျိုုးမျိုးကွဲပြားတဲ့ ဆရာတော်တွေနဲ့ သူတို့မူအမျိုးမျိုး အကြောင်းပါ။ ဘုရားရှင်ရဲ့ နှုတ်က ဖွင့်ဟဟောကြားထားတာကိုတော့ ပါဠိတော်လို့ ခေါ်ပါတယ်။ ပါဠိတော်ကိုပဲ ဖတ်လိုက်ရင် တချို့နေရာမှာ ထင်ယောင်ထင်မှားဖြစ်နိုင်ချေရှိသလို တချို့နေရာမှာတော့ လုံးဝကို နားမလည်နိုင်တဲ့ အကြောင်းအရာတွေ ပါဝင်နေတတ်တာ ရှိပါတယ်။ အဲဒီအတွက် နိဿယလို့ခေါ်တဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုကြခြင်းဖြစ်ပါတယ်။ ပါဠိတော်တွေကို အနက်ပြန် အဓိပ္ပါယ်ဖွင့်လိုက်ကြပေမယ့် ဆက်ပြီး သံသယဝင်စရာ တွေးတောစရာ တွေဝေနိုင်စရာ နားမလည်နိုင်စရာတွေရှိလာတာကြောင့် အဋ္ဌကထာဆိုပြီး အကျယ်ထပ်ဖွင့်ပါတယ်။ အဋ္ဌကထာရယ်လို့ ဖွင့်ရာမှာ ပါဠိတွေနဲ့ချည်း ပြန်ဖွင့်ပြတာပါ။ ဘုရားရှင် နှုတ်က ဖွင့်ဟဟောကြားထားတဲ့ တရားသားပါဠိတွေ စာစီထားတဲ့ စာအုပ်က တစ်လက်မလောက် ထူပေမယ့် သူ့ကိုဖွင့်တဲ့ အဋ္ဌကထာကျတော့ နှစ်လက်မနီးပါးထူတဲ့ စာအုပ်နှစ်အုပ်ဖြစ်သွားတာမျိုး၊ သုံးအုပ်ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအဖွင့်ကျမ်းကိုတော့ ဘုရားရှင်ရဲ့ နှုတ်တော်က ဖွင့်ဟတဲ့ တရားအနှစ်သားတွေကို နောက်နောင် ရဟန်းသံဃာများအတွက် နားလည်ရခက်မှာစိုးတဲ့အတွက် ဘုရားဟော ကျမ်းစာတွေ ပျောက်ပျက်ကုန်ပြီလား တည်မြဲနေသေးလားစတဲ့ စိစစ်ပွဲကြီးကို ရဟန်းသံဃာတွေအားလုံး စုဝေးပြီး ပြန်လည်ရွတ်ပြကြတဲ့ပွဲကျင်းပလာရင်းက တချို့အဓိပ္ပါယ်တွေ ပျောက်မှာစိုးလို့ စူဠအဋ္ဌကထာလို့ ခေါ်တဲ့ နည်းနည်းပါးပါး အကျယ်ချဲ့ပြခဲ့တဲ့ အဖွင့်ကို ရဟန်းတွေက ထည့်သွင်းရွတ်ဆိုခဲ့ကြတယ်။ ဒါပေမယ့် အကျယ်ဖွင့်ပါတယ်ဆိုတဲ့ အဖွင့်ကျမ်းကိုယ်နှိုက်က ကျဉ်းလွန်းလို့ သီဟိုဠ်မှာ နေထိုင်တဲ့ ဦးဗုဓ်အမည်ရ ရဟန်းတပါးက အခုလက်ရှိ သုံးနေကြတဲ့ အဖွင့်ကျမ်းအကျယ်ကို ဖွင့်ဆိုရေးသားခဲ့တယ်။ ဦးဗုဓ်မတိုင်ခင် ဆရာတော်တပါးက “ဒီပဝံသ” ဆိုတဲ့ နာမည်နဲ့ အဖွင့်ကျမ်း ရေးဖူးတယ်လို့ ဆိုတယ်။ သို့ပေမယ့် အမှန်နည်းလို့လား။ ဂုဏ်မရှိလို့လားမသိ။ ဘယ်သူမှ မသုံးကြဘူး။ အမှန်နည်းလို့လားလို့ ပြောရတာက ဆရာတော်ဦးဗုဓ်အနေဲ့ ပထမဆုံးအဖွင့်ကျမ်းရေးပြီးပြီးချင်းမှာပဲ စာမူကို နတ်ဖွက်ခြင်းခံရတယ်။ ဒုတိယအကြိမ် ထပ်ရေးလည်း နတ်ဖွက်ခြင်းခံရတယ်။ ဒါပေမယ့် စိတ်မလျှော့ဘဲ ထပ်ရေးပြန်တယ်။ သုံးမူလုံးအပြီး နတ်တွေက ဖွက်ထားတဲ့ အရင်အဖွင့်ကျမ်းတွေကို ထုတ်ပြီး အရင်စာမူတွေနဲ့ တိုက်ညှိပြီး အလွဲအချော်မရှိ တထပ်တည်းကျခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတွေ ရှိလို့ အမှန်နည်းလို့လားလို့ ပြောရတာ။ ဂုဏ်ကတော့ သိတဲ့အတိုင်းပဲ။ လူတွေဟာ တခြားတဦးတယောက်ကို ကြည်ညိုလေးစားဖို့ ရုပ်ကို အရင်ကြည့်တာပဲ။ ရုပ်ကလေး သပ်သပ်ပယ်ပယ်ရှိမှ၊ ရုပ်ရှိဦးတော့ ဝတ်စားတာကလေးလည်း သပ်သပ်ရပ်ရပ် ရှိပေမှ။ ရုပ်ပြီးတော့လည်း အသံ။ ပါဝါသံလေးနဲ့မှ၊ ပါဝါရှိလည်း နှုတ်ရွှင်ဦးမှ။ ရုပ်သွင်ခန့်ညား အသံဩဇာလည်းရှိ ဝစီကလည်းကောင်း ဒီလိုမှ ကြည်ညိုကြတာကိုး။ တခုခုတော့ ကွဲပြားခြားနားသမှု ရှိခဲ့လေဟန်တူပါရဲ့။ ဦးဗုဓ်ရဲ့ အဖွင့်ကျမ်း ရေးသားချိန်က အေဒီ ၅ ရာစု။ တချို့က အေဒီခြောက်ရာစုတဲ့။ ဒီမောင့်လောက်လည်း ယောင်တိယောင်ကန်း မလုပ်တတ်ဘဲနဲ့။ အေဒီ ၅ ရာစုဆိုတော့ ပျူခေတ်၊ ပျူနိုင်ငံမှာ ယဉ်ကျေးတဲ့ လူမှုဝန်းကျင်နဲ့အတူ ဗုဒ္ဓဘာသာကို အတည်တကျ ကိုးကွယ်နေချိန်။ ပျူတွေ ဗုဒ္ဓဘာသာကိုနေပြီ။ ဒါတောင် ကျမ်းတွေ ဘာတွေ ပြုစုခဲ့မယ် မရှိဘူး။ ပိဋကတ်တွေ ပေထက်ရောက်နေတာတောင်နော်။ ဗုဒ္ဓဘာသာပီပီ ရောင့်ရဲခဲ့ကြတယ်ထင်ပါရဲ့။ ဒီလောက်ကျယ်တဲ့ နိုင်ငံအဝန်းက လူတွေ ဂျီနိုဆိုက်အလုပ်ခံလိုက်ရလို့ ကျမ်းတွေ ဘာတွေ မကျန်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ပျူတွေ ပျောက်ဆုံးသွားတာ ၉ ရာစု၊ ပထမမြန်မာနိုင်ငံဆိုပြီး တည်တာ ၁၁ ရာစု။ ဆိုတော့ ကြားထဲ ရာစုနှစ် ၂ ခုနီးပါး ဧရာဝတီမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ကြီးမှာ ဘာတွေဖြစ်နေလို့လဲ။ တယ်ဟုတ်တဲ့ သကောင့်သား ဒီမောင်ပါလား။ ကြားဖူးနားဝတွေ၊ ထင်တာတွေ၊ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဟာတွေကို သေချာဇာတ်လမ်းဆင်ပြီး အကျအနတင်ဆက်လိုက်ပြီး “အဟိ” ဒီမောင်ရှာဖွေဖော်ထုတ်လေ့လာထားသော ပျူသမိုင်းအစစ်အမှန် ဆိုပြီး နောက်လာနောက်သား အငြင်းပွားဖို့ ကျမ်းတစောင် ပေတဖွဲ့လောက် ထားခဲ့ရချည်သေးရဲ့။ အော် တော်ပါပြီလေ။ သူများ သေချာဖြီးထားတဲ့ သမိုင်းကို ဖျက်လို့ မတော်ပေဘူး။ အေဒီ ၅ ရာစုဆိုတော့ ပလေတိုတို့ အရစ္စတိုတယ်တို့ရဲ့ အေသင်မြို့တော်ကြီးဆီက ဒီမိုကရေစီယဉ်ကျေးမှု စာပေကဗျာယဉ်ကျေးမှုတွေ တိုးတက်ဖြစ်ထွန်းပျံ့ပွားပြီး နှစ်တထောင်ဝန်းကျင်အကြာ။ ဒါကြောင့်ပဲ ဆရာတော်ဦးဗုဓ်ရဲ့ အဖွင့်ကျမ်းမှာ ပိုပြီး ထင်ရှားသွားအောင် ထည့်သွင်းပေးရတဲ့ ပုံတိုပတ်စတွေ၊ ဇာတ်တော်တွေ၊ ဥပမာ ဥပမေယျတွေက အနောက်တိုင်းက ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ဖြစ်နေခဲ့တာနေမှာ။ အဖွင့်ကျမ်းဆိုတာကို သိကြမယ်ထင်ပါတယ်။ မြန်မာစာပေမှာလည်း အဖွင့်ကျမ်းတွေ ရှိခဲ့သားပဲ။ ဦးဖိုးလတ်ရေးတဲ့ မြန်မာစကားအဖွင့်ကျမ်း၊ မောင်ချစ်တင်ရေးတဲ့ ဆေးအဘိဓာန်အဖွင့်ကျမ်း ဆိုတာမျိုးပေါ့။ ဦးဗုဓ်ကတော့ ဘုရားဟောထားတဲ့ ပါဠိတော်တွေကို ဖွင့်သပေါ့။ ဒီက ဦးဗုဓ်က နန်းမတော်မယ်နုအုတ်ကျောင်းမှာ သီတင်းသုံးသွားတဲ့ ဆရာတော်နဲ့ ဘွဲ့တော်ချင်းတူတယ်။ ဗုဒ္ဓဃောသ တဲ့။ မယ်နုရယ်၊ အုတ်ကျောင်းရယ်၊ ဆရာတော်အတ္ထုပ္ပတ္တိရယ်၊ ဦးပေါ်ဦးဇာတ်ကြောင်းရယ်၊ ဘုရင်တွေရယ်၊ ညိုမြရေးထားတဲ့ ကုန်းဘောင်ခေတ်ရှာပုံတော်ဆိုတာရယ် ယှဉ်တွဲကြည့်လိုက်ရင် သမိုင်းစာအုပ်တွေကို ငါမရူးချင်သေးသမျှ မဖတ်လို့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးနေတယ်။ သမိုင်းဆိုတာ လိမ်ဆင်ကြီး။ အာ လိမ်ဆင်ဆိုတဲ့ စကားလုံးကြီးက ဘာကြီးလဲ။ ဆင်ပြီးတော့ လိမ်ထားခြင်း ဆိုတာမျိုးလား။ “ဆင်” ကို သေချာပြင်ဆင်သည်၊ အစီအစဉ်တကျထားသည် စသဖြင့် ထပ်ဖွင့်ရမှာပေါ့။ လိမ်ဆင်မဟုတ်ဘဲ လိမ်စဉ်လား။ ဒီစဉ်ကိုတော့ “အစဉ်အတိုင်း” စသဖြင့် ဖွင့်ရမပေါ့။ အစဉ်အတိုင်းလိမ်သည်။ အစဉ်အလာအရလိမ်သည်။ အစီအစဉ်တကျဖြင့် လိမ်သည်လို့ ဖြစ်သွားမလား။ လိမ်ဆင်ရော လိမ်စဉ်ရော သတ်ပုံကျမ်းထဲမှာလည်း မပါဘူး။ ဝေါဟာရအသစ်ကြီးလား။ မြန်မာမှာတော့ ဝေါဟာရအသစ်ပေါ်လာတယ် ဆိုရင်ဖြင့်လည်း ပေါ်ပေါ်ပဲ ထားလိုက်ပေါ့။ ကျွန်ုပ်မှာမူကား ဟာသစာရေးဆရာဖြစ်သည့်အလျောက် ဤနေရာတွင် တာဝန်မရှိသဖြင့် အကျယ်တဝင့် ရှင်းလင်း၍ ဖော်ပြမနေတော့ဆိုတဲ့ ဆရာသော်တာဆွေကို အတုခိုးလိုက်ရရင်ဖြင့် တောရောက်တောင်ရောက် စိတ်ရူးပေါက်သလို လျှောက်လျှောက်ပြီး ရေးတတ်တဲ့ သကောင့်သား ဒီမောင်မှာလည်း ဘာတာဝန်မှ မရှိ။ တာဝန်မရှိလို့ ပြောလိုက်ရင် မိတ်ဆွေနည်းနည်းနဲ့ ရှေ့ဆက်ရမယ့်ကိန်းလည်း ကြုံပြန်ချေနိုင်သေးတာက တမုံ့။ ကိုးရီးယားဇာတ်လမ်းတွဲ အစပိုင်း စာတန်းထိုးသလို၊ တချို့ စာရေးဆရာတွေ ရေးသလို ဤရုပ်ရှင် ဤဝတ္ထုတွင် ပါဝင်သော ဇာတ်လမ်းများ၊ အဖြစ်အပျက်များသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ အချို့သော အယူအဆများ အပြောအဆိုများသည်လည်း ဇာတ်ကောင်၏ အတွေးအခေါ် မျှသာဖြစ်ပါသည် လို့ ချော်တောငေါ့မရ။ မျက်နှာလွှဲခဲပစ်ရင်ဖြင့် ကိုယ်ရေးတဲ့အကြောင်းမှ အားမနာ ပြာပုံတိုးချင်ရှာသကိုးလို့ ဖြစ်သွားနိုင်တာကြောင့် ကိုယ်တာဝန် ရှိတဲ့ ကိုယ်ဆင်တဲ့ဇာတ်ကွက်ကိုပဲ ဆက်လက်ပြီး ကတော်မူပါတော့မယ်လေ။ သည်စာမှာ သည်မောင်ဆိုသည်ခဲ့တဲ့ တာဝန်ယူစရာက ဆင်ခြင်တုံတရားမရှိ။ အသိဉာဏ်မရှိ။ လူစိတ်မရှိတဲ့ကောင် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အကျယ်ဖွင့်ပြဖို့ပဲ။
ဆင်ခြင်တုံတရားမရှိ ဆိုတာက ကျိုးကြောင်းမဆက်စပ်တတ်။ ဖြစ်သင့် မဖြစ်သင့်။ လုပ်သင့် မလုပ်သင့်၊ ပြောင်သင့်မပြောသင့်ကို မသိခြင်းလို့ ဖွင့်ဆိုပါတယ်။ ဆင်ခြင်တုံတရားဆိုတာ လူနဲ့ တိရစ္ဆာန် ခြားနားစေတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆင်ခြင်တုံတရားမရှိလို့ ပြောလိုက်ရင် လူဖြစ်လင့်ကစား တိရစ္ဆာန်ပင်ဖြစ်တယ်လို့ ဆိုပါတယ်။
အသိဉာဏ်မရှိလို့ ဆိုရာမှာ ဒီမှာပါတဲ့ အသိဉာဏ်က အသိနဲ့ ဉာဏ် ကွဲမနေဘဲ တွဲလျက်စကားလုံးဖြစ်ပါတယ်။ အသိနဲ့ ဉာဏ်ကွဲနေရင် အသိက အဓိပ္ပါယ်တမျိုး။ ဉာဏ်ရဲ့ အဓိပ္ပါယ်က တမျိုးဖြစ်သွားနိုင်ချေရှိတဲ့အတွက် ဒီနေရာမှာတော့ ခွဲလို့မရတဲ့ ဝေါဟာရအဖြစ်နဲ့ ဆက်သွားပါတယ်။ အသိဉာဏ်ဆိုတာက ခလုတ်တိုက်မိလို့ ခြေမနာသွားရင် နာသွားမှန်း သိတဲ့ဉာဏ်မျိုး။ အသိဉာဏ်မရှိခြင်းဆိုတာက ခလုတ်တိုက်မိလို့ ခြေမနာသွားတာ သိပြီးတဲ့နောက် ဘာကြောင့် ခလုတ်တိုက်မိတာလဲ၊ ဘယ်လိုတိုက်မိခဲ့သလဲ။ ခလုတ်တိုက်ရခြင်း အကြောင်းပြချက်က ဘာလဲ၊ နာသွားတဲ့ ခြေမရဲ့ အခြေအနေက ဘယ်လိုလဲ၊ ခြေမအနာကြောင့် ဘာဖြစ်သွားနိုင်သလဲ။ ဘယ်လိုကုသ သင့်မလဲ။ မကုသရင် ဘာဖြစ်သွားနိုင်လဲ။ ကုသရင် ဘာဖြစ်သွားနိုင်လဲ။ ဖြစ်ရခြင်းအကြောင်း၊ ဆက်ဖြစ်လာနိုင်ချေရှိတဲ့ ကောင်းကျိုး ဆိုးကျိုး မသိ၊ မစဉ်းစား၊ မသုံးသပ် မဆုံးဖြတ်တတ်တာဟာ အသိဉာဏ်မရှိခြင်းလို့ ခေါ်ပါတယ်။
တဖက်အိမ်မှာ နာရေးရှိရင် ဒီဘက်ကလည်း တိတ်တိတ်နေပေးတာ အသိဉာဏ်ရှိပြီး အချစ်သီချင်းဖွင့်တာ၊ သီချင်းဆိုတာ၊ တဟေးဟေး တဟားဟားလုပ်နေတာဆိုရင် အသိဉာဏ်မရှိခြင်းပါ။ ပြန်မဆုံကြတော့တဲ့ ချစ်သူတွေ၊ မိသားစုဝင်တွေ အများကြီးရှိနေချိန်မှာ ကိုယ့်အနီးနားဝန်းကျင်မှာလည်း ဒီလိုနည်းတူ ဆုံးရှုံးရခြင်းမျိုးတွေ ကြုံရမှာပဲ။ ကိုယ့်မိသားစု မဟုတ်ခဲ့လို့ ကိုယ့်ဝန်းကျင် မဟုတ်ခဲ့လို့ မကြုံရဘူးဆိုရင်တောင် သတင်းမီဒီယာခေတ်မှာ ကြေကွယ်ဖွယ် ဆုတ်နစ်ဖွယ် ရင်နင့်ဖွယ်သတင်းတွေက ရှောင်လွဲလို့ မရပါဘူး။ သည်အခြေအနေကို ကိုယ့်ဘက်က ကူညီနိုင်ရင် ကူညီတာ၊ မကူညီနိုင်ရင်လည်း ကူညီနိုင်သူကို အသိပေးတာက အသိဉာဏ်ရှိပြီး ငါ့ဘာသာငါလုပ်တာ သူတို့ကို ငါဘာမှ စော်ကားတာမှ မဟုတ်ဘဲဆိုတာ အသိဉာဏ်မရှိတာ။ တိတ်တိတ်ဆိတ်ဆိတ်မနေတတ်တာ အသိဉာဏ်မရှိတာ။ ကြွားဝါတတ်မှုကို မချုပ်တီးတာက အသိဉာဏ်မရှိတာပါပဲ။ ဘေးအိမ်မှာ နာရေးရှိတာကို ကိုယ့်မိသားစုဝင်မဟုတ်လို့ဆိုပြီး သီချင်းအကျယ်ကြီး ဖွင့်ခြင်းဟာ အသိဉာဏ်မရှိခြင်းလို့ ခပ်ကျဉ်းကျဉ်းဖွင့်ပါရစေ။ လက်ရှိ ကမ္ဘာမှာ သက်ရှိတွေနဲ့ အများကြီး အတူယှဉ်တွဲနေထိုင် ကြပါတယ်။ အသိဉာဏ်ရှိတဲ့သက်ရှိနဲ့ အသိဉာဏ်မရှိတဲ့ သက်ရှိတွေကို နှိုင်းယှဉ်လိုက်ရင် အသိဉာဏ်မရှိတဲ့ သက်ရှိတွေဟာ မြေကြီးကိုပဲ အိပ်ယာလုပ်ရပါတယ်။
လူစိတ်မရှိတဲ့ကောင် လို့အဓိပ္ပါယ်ပြန်တာက အထက်ပါ အချက်နှစ်ချက်ကို စနည်းနာပြီးဖြစ်လို့ တချက်တည်း ရှင်းလင်းအောင် ဖွင့်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကို အဋ္ဌကထာနည်းနဲ့ အကျယ်ဖွင့်ပြီးရင် ဋီကာဆိုတဲ့ဘက်ကို သွားကြဦးစို့။
ဘုရားဟော ထားတဲ့ ပါဠိတော်ကို အဋ္ဌကထာဆိုပြီး ဖွင့်ထားတာတောင်မှ နောင်လာနောက်သားတွေ နားဝေးကြတယ်။ ညံ့ကြတယ်။ ဖျင်းကြတယ်။ တုံးအကြတယ်။ အငြင်းသန်ကြတယ်။ မဖြစ်ချေဘူးလို့ ယူဆပြီး အဋ္ဌကထာကို ကျဉ်းသေးတယ်လို့ လုပ်ကြသူကတော့ ဋီကာဆရာတော်တွေ ဖြစ်ပါတယ်။ သကောင့်သား ဒီမောင်ကတော့ဖြင့် အရင်ခေတ်က လူတွေကို ပိုညံ့တယ်၊ ပိုဖျင်းတယ်၊ ပိုတုံးတယ်လို့ ထင်တာပဲ။ မယုံရင် လျှောက်ထုံးတွေ လိုက်ဖတ်ကြည့်ပါလား။ ဘာမဟုတ်တာလေးတွေကိုလည်း ရေးကြီးခွင်ကျယ်လုပ်ကြတဲ့ ဘုရင်တွေ တိုင်းသူပြည်သားတွေ။ စာတတ်ပေတတ်ကလည်း ဘုရင်လေးငါးဆက်မှ တယောက်တည်း။ ဒါကြောင့် တမိပေါက် တယောက်ထွန်းဆိုတဲ့ စကားပုံထွင်ခဲ့ရကြရှာတာ။ အဲ လျှောက်ထုံးရဲ့ နောက်ခံသမိုင်းနဲ့ တခြားသမိုင်းယှဉ်ကြည့်။ သက္ကရာဇ်တွေကလေ။ ရူးချင်စရာကြီးတွေ။ အဲဒါကြောင့်ထင်တယ်။ ဦးဖေမောင်တင်က မြန်မာ့သမိုင်းကို မရေးတော့ဘဲ မြန်မာ့စာပေသမိုင်းပဲ ရေးလိုက်တော့တာ။ အဟိ။ စာမဖတ် ပေမဖတ်၊ စာမတတ် ပေမတတ်တွေက သူများကို အပြစ်တင်တဲ့နေရာမှာတော့ဖြင့် ကျွမ်းကျင်သတဲ့။ သကောင့်သား ဒီမောင့်ကို ပြောခဲ့ရောထင့်။ ဒီထဲမှာ လျှောက်ပတ်ရေးထားတဲ့ စာအုပ်ကို ဒီမောင် ဖတ်ဖူးတယ်လို့ ထင်နေလား။ မထင်လေနဲ့။ ဒီမောင့်ကို အထင်ကြီးနည်းလားဆိုပြီး ဂူးဂဲလ်ကနေ ရှာထည့်ထားတာ။ ထားပါလေ။ ထားလိုက်တော့။ ဋီကာအကြောင်းပဲ ဆက်ပြောရအောင်။ သခင်ကိုယ်တော်မှိုင်းခေါ် ဆရာကြီး ဦးလွန်းရဲ့ မှိုင်းဋီကာတို့၊ ဒေါင်းဋီကာတို့။ သခင်နုရဲ့ မိတ္တဗလဋီကာ၊ သော်တာဆွေရဲ့ ကြက်ဋီကာ။ အကြည်တော်ရဲ့ မိန်းမဋီကာ စသဖြင့် ဋီကာတွေက မြန်မာ့စာပေသမိုင်းမှာ ချဲ့ချင်စရာတွေအပေါ် ချဲ့သင့်သလောက် ချဲ့ပြထားပြီးကြပြီမို့ ဋီကာဆိုတဲ့ ဝေါဟာရကို အကျယ်အကျယ် မပြောလိုဘူး။ မြန်မာတွေက ဋီကာပေါင်းစုံနဲ့ စိတ်ကြိုက်အချဲ့ခံထားရလို့များ ကြီးကျယ်လေသလား မသိ။ ချဲ့ဖို့လိုလောက်အောင်လည်း ကျဉ်းခဲ့ကြပုံပဲ။ ဋီကာအကြောင်းပြောလို့ အင်းဝခေတ်မှာပဲ ဆရာတော်တွေ ရေးသားကြ၊ ချဲ့ကားကြ၊ ရှင်းပြကြတဲ့ ဋီကာတွေကို အထင်သေးတဲ့ ဦးပဇင်းလေးတပါး ပေါ်ဖူးသတဲ့။ သင်သမျှစာတွေ အကုန်တတ်ပြီဆိုပြီး ဋီကာဆရာဆီမှာ ဋီကာသွားသင်တာ။ ဘာများမှတ်တယ်။ အပိုတွေပဲလို့ ဆိုသတဲ့။ ဒါဖြင့်ရင် ကိုယ်တော်လေးလည်း တစောင်ရေးပြလေဆိုတော့ သူက တထိုင်တည်း ဆယ်ရက်နဲ့အပြီး ကျမ်းတစောင်ရေးပြီး နာမည်ကိုလည်း တခါတည်းပေးလိုက်တယ်။ ဋီကာကျော် တဲ့။ အခုတော့ မကျော်တော့ပါဘူး။ ဋီကာ လောက်နဲ့ပဲ တော်ပါပြီ။ ဒီတော့ မူလဝေါဟာရ “အသိတရား ခေါင်းပါးခြင်း” ဖွင့်ထားတဲ့ အဖွင့်အပေါ် ထပ်ပြီး ချဲ့စို့။
အဓိပါယတ္ထခေါ်တဲ့ အဓိပ္ပါယ်အနေနဲ့ ဆင်ခြင်တုံတရားမရှိ။ အသိဉာဏ်မရှိ။ လူစိတ်မရှိတဲ့ကောင်လို့ ဖော်ပြလို့အပြီး အကျယ်ဖွင့်။ ဖွင့်ပြီးတာနဲ့ အဖွင့်ကိုရှင်းတဲ့ အပိုင်းက ဋီကာပေါ့။ ဋီကာချဲ့လှချည်လို့တော့ အပြစ်မတင်စေလိုပါ။ ဋီကာကို ဋီကာချဲ့ချင်သေးလို့ပါ။ ဋီကာစစ်ပွဲတခု တဖန်ထပ်ပြီး ဖန်တီးချင်လို့ပါ။ ဟုတ်ပါတယ်။ ဋီကာ စစ်ပွဲဖြစ်ခဲ့ဖူးပါတယ်။ ဟိသစ္စံ – ထိုစကား မှန်ပေစွ၊ အတီတေ – တရံရောအခါ၌၊ ဧတံ – ထိုဋီကာစစ်ပွဲသည်ကား၊ သံဃာယ – ရဟန်းဟုဆိုအပ်သော အပေါင်းအပါများကြားတွင်သာ၊ ဘဝံတေ – ဖြစ်ခဲ့လေကုန်၏။ ပါဠိတွေလည်း ပျက်ကုန်ပါပြီ။ ဆိုပေမယ့် ဖြစ်ခဲ့ဖူးတဲ့ ရဟန်းအပေါင်းလို့ ဆိုအပ်တဲ့ သံဃာတွေကြားမှာ ဖြစ်ဖူးတဲ့ ဋီကာစစ်ပွဲကို မပြောလို ဋီကာမချဲ့ ဇာမချဲ့လိုပါ။ အခု ကိုယ့်ဘာသာရေး ကိုယ့်ဘာသာရှုပ် ကိုယ့်ဘာသာရှင်းတဲ့ ဋီကာတွေကိုပဲ စစ်ရေးပြ စစ်ခင်းပြီး ရလဒ်ရှာမှာပါ။ စစ်ပွဲဆိုတာနဲ့ ရပ်ကွက်လမ်းကြားထဲက ကလေးလို ‘ဟျောင့် မင်းနဲ့ငါ ဘယ်သူအားပိုကြီးလဲ’ဆိုပြီး လူလူချင်း သတ်ကြတဲ့ ကမ္ဘာ့စစ်ပွဲ။ မာခ်ဝါဒ၊ လီနင်ဝါဒ၊ အရင်းရှင်ဝါဒ၊ အာဏာရှင်ဝါဒ၊ ဒီမိုကရေစီဝါဒဆိုပြီး မတော်မရော် စာတွေလျှောက်ရေးကြတဲ့ စာရေးဆရာတွေကြောင့် လူလူချင်း နိုင်ငံသားချင်းချင်း ထသတ်ကြတဲ့ စစ်ပွဲ။ ကိုယ့်ဘုရားကိုယ် တိတ်တိတ်မရှိခိုးဘဲ သူများဘုရားကို လိုက်အပြစ်ရှာပြီး ဘုရားစကားနားမထောင်ကြတဲ့ ဘာသာဝင်အချင်းချင်း သတ်ဖြတ်ကြတဲ့ စစ်ပွဲ။ သူများ ပစ္စည်း အလကားလိုချင်တာနဲ့ သူများယဉ်ကျေးမှုကို စော်ကားပြီး ဓားပြတိုက်လူသတ်တဲ့စစ်ပွဲ စတဲ့ စတဲ့ ဘယ်စစ်ပွဲမှာမှ ရလဒ်မထွက်ခဲ့သလိုပါပဲ ဒီဋီကာစစ်ပွဲမှာလည်း ရလဒ်မထွက်ခဲ့ပါဘူး။ ဒါများ ပြောနေရသေးလို့တော့ အပြစ်တော်တင် မစောလိုက်ပါနဲ့။ မပြောလို့လည်း မဖြစ်တာကြောင့်ပါ။ စစ်ပွဲတိုင်း ရလဒ်မရပေမယ့် အပြောင်းအလဲ တခုတော့ ရှိသလို စာကြည့်တိုက်မှာလည်း စာအုပ်တွေ ပိုလာပါတယ်။ ဒီနေရာမှာ အတ္ထယောဇနာ၊ အဓိပ္ပါယတ္ထ၊ အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ မဟာဋီကာ၊ ကဏ္ဍိဆိုပြီး သိသမျှဝေါဟာရအားလုံး အကုန်ချရေးထား အပြစ်ကို ကျူးလွန်ထားမိတဲ့ အပြစ်ကြီးကြောင့် စစ်ခင်းလိုက်ရတာပါပဲ။ ဒီလိုရယ်ကြောင့် ဋီကာစစ်ပွဲဆိုပြီး ရူးချင်ယောင်ဆောင်ပြီး ဘွာတေးတယ်ပေါ့။ ဒီလိုပါ၊ ဟိုလိုပါ။ ဋီကာ၊ မူလဋီကာ၊ အနုဋီကာနဲ့ မဟာဋီကာဆိုတာတွေဟာ တကယ်တော့ အဆင့်တွေ မဟုတ်ပါဘူး။ ဋီကာကို မူလဋီကာလို့ ထပ်ဖွင့်။ မူလဋီကာကို အနုဋီကာလို့ဆင့်ဖွင့်စတဲ့ အဆင့်တွေမဟုတ်ဘူးလို့ ဆိုလိုရင်းပါ။ တဆင့်တည်း ရှိပါတယ်။ အဋ္ဌကထာကို တချို့ဆရာတော်တွေက ဋီကာလို့ ထပ်ပြီး ရှင်းလင်းပေမယ့် သူတို့ကျမ်းစာကို သူများနာမည်နဲ့ မတူချင်လို့ အနုဋီကာ မဓုဋီကာဆိုပြီး နာမည်ပေးကြတာပါ။ ဋီကာကိုမှ ထပ်ဖွင့်တာမျိုးဆိုရင် ကဏ္ဍိလို့ ခေါ်ကြပါတယ်။ ကဏ္ဍိကို မြန်မာတွေ ရင်းနှီးပြီးသားပါ။ ထုံးစံအတိုင်း သခင်ကိုယ်တော်မှိုင်းကြီးရဲ့ မျောက်ကဏ္ဍိ၊ ဒေါင်းကဏ္ဍိ၊ ခွေးကဏ္ဍိဆိုပြီး ရှိပြီးသားဖြစ်နေလို့ပါပဲ။ ဒီလောက်ဆို ပါဠိတွေလျှောက်ရေးနေတဲ့ကိစ္စ တော်သင့်ပြီလို့ ယူဆပါတယ်။ အသိတရားခေါင်းပါးခြင်းဆိုတာကိုသာ ရှင်းရှင်းဘွင်းဘွင်းလေးဖြစ်နေအောင် စာဆန်ဆန်ကြီး မရေးတော့ပါဘူး။ စာဆန်ဆန်ကြီး ဖတ်ချင်ရင်တော့ ဘုရားဟောပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနဲ့ ကဏ္ဍိကိုပဲ ရှာဖတ်တော်မူကြပါ။
အသိတရားခေါင်းပါးခြင်းကို နည်းနည်းပါးပါး အကျယ်ချပြထားပြီးနောက် ဋီကာချဲ့မယ်ဆိုရင် ချဲ့ရင် ချဲ့သလောက် မပြီးနိုင် မစီးနိုင် ရှိပါတယ်။ ဋီကာပြီးလို့ ကဏ္ဍိဆိုပြီး ရှင်းပြီးသားကို ထပ်ရှင်းရင်လည်း မပြီးနိုင်တဲ့ အနေအထားမှာရှိပါတယ်။ သက်သေတွေ၊ ပုံတိုပတ်စတွေ၊ ဥပမာ ဥပမေယျတွေအတွက် ဘယ်ကိုပဲကြည့်လိုက် ကြည့်လိုက် တန်းစီပြီး ရှိနေပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကြီး ရစရာမရှိအောင် ပျက်စီးလာနေတာကို သိသိပါလျက် ဇိမ်ရှိစွာနေထိုင်ရေးကို ဦးစားပေးနေကြတဲ့ လူတွေအားလုံး၊ ကျည်ဆံရယ် သေနတ်ရယ်နဲ့ လက်နက်အမည်ရှိတဲ့ အရာအားလုံးဟာ လူကို သေစေနိုင်တဲ့ လက်နက်တွေမှန်း သိပါလျက်နဲ့ အလုအယက် ဖန်တီးနေကြ ဝယ်ယူနေကြသူအားလုံး။ ခွဲဝေသုံးစွဲလိုက်ရင် ကိုယ့်ဘက်က မနစ်နာတဲ့အပြင် ဌာနေလူထုလည်း အဆင်ပြေသွားနိုင်မှန်း သိသိလျက်နဲ့ သယံဇာတတွေကို သိမ်းကြုံးထုတ်ယူကြတဲ့ လူတွေအားလုံး။ လူတွေရဲ့ လွတ်လပ်စွာ နေထိုင်သွားလာခွင့် ကိုးကွယ်ခွင့်ကို ယုံကြည်ခွင့်ကို အလွဲသုံးစားလုပ်မိနေမှန်း သိနေပါလျက် ဘာသာဝင်တံဆိပ် အတင်းခတ်နှိပ်ကြတဲ့ ဘာသာရေးခေါင်းဆောင်တွေအားလုံး။ ကိုယ့်အဝန်းအဝိုင်းနဲ့ကိုယ် အေးချမ်းစွာ နေထိုင်ကြတဲ့ လူမျိုးစုတွေအပေါ် ဖိနှိပ်မှုပဲလို့ သိနေပါလျက် ကျူးကျော်ချင်နေကြတဲ့ ခေါင်းဆောင်တွေ အားလုံးဟာ အသိတရားခေါင်းပါးခြင်းရဲ့ ပြယုဂ်ပါပဲ။
ဒါကြောင့် အသိတရား ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရကို ဇာမချဲ့တော့ပါဘူး။ အကျဉ်းလေးပဲ ပြောပါတော့မယ်။ အဋ္ဌကထာ၊ ဋီကာတွေနဲ့ ချဲ့ထွင်စရာ ရှိလို့ ချဲ့ထွင်ကြပေမယ့် ဆရာတော်ကြီးတွေဟာ လူတွေ လွယ်လွယ်ကူကူနဲ့ သင်ယူနိုင် နားလည်နိုင်အောင် နိယံတွေ သံပေါက်တွေ လင်္ကာတွေနဲ့ သံခိပ်တွေ လုပ်ပေးတတ်ကြပါတယ်။ သကောင့်သား ဟောဒီမောင်မှာတော့ နိယံလည်း မစပ်တတ်။ သံပေါက်လည်း မဖွဲ့တတ်။ လင်္ကာအနေနဲ့လည်း မစွမ်းနိုင်သူမို့ သံခိပ်ပဲ လုပ်ပါတော့မယ်။ သံခိပ်ဆိုပေမယ့်လည်း နိယံမပါ၊ သံပေါက်မတင်၊ လင်္ကာမစွဲတဲ့ သံခိပ်ပါ။
သိခြင်းဆိုတဲ့ အရာက လူတွေ အားလုံးမှာ ရှိပါတယ်။ သိနိုင်စွမ်းက တိရစ္ဆာန်မှာလည်း ရှိပါတယ်။ ရုပ်ဝတ္ထုတွေမှာလည်း ရှိပါတယ်။ တိရစ္ဆာန်မှာ ရှိတဲ့ သိခြင်းက နာခြင်း၊ ဆာလောင်ခြင်းဆိုတဲ့ သိခြင်းမျိုးပါ။ ရုပ်ဝတ္ထုမှာ ရှိတဲ့ သိခြင်းဟာ တစ်နဲ့တစ်ပေါင်းရင် နှစ်ဖြစ်တယ်ဆိုတာကို သိနေတဲ့ ကွန်ပျူတာလို ပစ္စည်းတွေပါ။ သို့သော်လည်း သိခြင်းကို ရရှိနိုင် အသုံးပြုနိုင်ကြတဲ့ တိရစ္ဆာန်နဲ့ ရုပ်ဝတ္ထုမှာ တရားဆိုတဲ့ စကားလုံးနဲ့ တွဲကပ်ပြီး မပါဝင်ပါဘူး။ သူတို့က သိခြင်းသက်သက်ကိုပဲ ပြုလုပ်နိုင်ပါတယ်။ သိခြင်းတရားဆိုတာမျိုး မပြုလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တရားဆိုတဲ့ ဝေါဟာရက ကြီးမားပါတယ်။ တရားဆိုတာ ဓမ္မကို ဆိုလိုတာပါ။ ဓမ္မဆိုတာကို အဆင့်တွေ သွားမနေဘဲ တခါတည်းသင့်လျှော်အောင် ပြန်ဆိုရရင် အကျိုးအကြောင်းပါ။ အသိတရားဆိုတဲ့ ဝေါဟာရမှာ တရားက အကျိုးအကြောင်းဆိုတော့ အဓိပ္ပါယ်က အကျိုးအကြောင်းကို သိခြင်းဖြစ်ပါတယ်။ အကျိုးအကြောင်းကို သိခြင်းဆိုရာမှာ အကျိုးအကြောင်းက ရိုးပါတယ်။ ရှင်းပါတယ်။ ဒီကဲ့သို့သော အကျိုးဟာ ဒီကဲ့သို့သော အကြောင်းကြောင့် ဖြစ်ရတယ်။ ဒီအကြောင်းကြောင့် ဒီအကျိုးဖြစ်တယ်လို့ သိပါတယ်။ ရိုးတယ်ရှင်းတယ် ဆိုတာထက်တောင် ရိုးတဲ့ရှင်းတဲ့ အဖြေကိုပေးနိုင်တဲ့အစွမ်းရှိတာကတော့ အသိတရား ဆိုတာပါပဲ။ အသိတရားရှိနေရင် လောကကြီးက ငြိမ်းချမ်းမြဲ ငြိမ်းချမ်းနေမှာ ဖြစ်ပြီးတော့ မရှိတော့ရင် မငြိမ်းချမ်းခြင်း စတာတွေ ဖြစ်ပြီပဲ။
အကြောင်းနဲ့အကျိုးမှာ မရိုးရှင်းရင် အသိတရားခေါင်းပါးခြင်းဆိုတဲ့ အသုံးအနှုန်း အသုံးခံရတော့တာပါပဲ။ အကျိုးမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ လူတွေ ငတ်မွတ်ခြင်း၊ လူတွေဆင်းရဲခြင်း၊ လူတွေ သေခြင်း၊ ခိုက်ရန်ဖြစ်ပွား ငြင်းခုံရခြင်း၊ တရားရင်ဆိုင်ရခြင်းစတဲ့ အကျိုးတွေ ရရှိလာပြီဆိုရင် အကြောင်းကလည်း မရိုးရှင်းတော့ပါဘူး။ လူတယောက်၊ ခေါင်းဆောင်တဦး၊ အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံဟာ သူတို့ရသင့်တဲ့ ဝေစုကို ကျော်လွန်ပြီး ရယူနေတာ သေချာသွားပါပြီ။ ဒါမှမဟုတ် ဒီကိစ္စရပ်မှာ လူတယောက်၊ ခေါင်းဆောင်တဦး၊ အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံဟာ အကြောက်တရားကြီးစိုးမှု ခံနေရပြီမို့ ဖြစ်ပါတယ်။ အကြောက်တရားက အမျိုးမျိုး ရှိပါမယ်။ စည်းစိမ်၊ မိသားစု၊ တိုင်းရင်းသား လူမျိုးစု၊ ဘာသာရေး၊ သယံဇာတ၊ ကြွယ်ဝမှု၊ နယ်မြေဆိုတဲ့အရာတွေမှာ တခုခု ထိခိုက်သွားမယ် ဆုံးရှုံးသွားရမယ်ဆိုတဲ့ အကြောက်တရား စိုးမိုးမှု ခံနေရပြီဖြစ်ပါတယ်။ အကျိုးတရားမှာ ထိခိုက်ခြင်းတွေ ပါလာတဲ့ အကြောင်းတွေထဲမှာ လူတယောက်၊ ခေါင်းဆောင်တဦး၊ အဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံဟာ ယုံကြည်မှု လွန်ကဲနေလို့လည်း ဖြစ်တတ်ပါတယ်။ ယုံကြည်မှုလွန်ကဲခြင်းဆိုတဲ့ ကိစ္စရပ်က အကြောက်တရားထက် ပိုပြီးကြောက်စရာကောင်းပါတယ်။ ပထမယုံကြည်မှုက ဖြစ်တည်မှု ဖြစ်ပါတယ်။ ဖြစ်တည်မှုထဲမှာ မြင့်မြတ်ခြင်းဆိုတာပါဝင်ပါတယ်။ ဒုတိယက အာဏာဖြစ်ပါတယ်။ တတိယက လုပ်ဆောင်နိုင်စွမ်းရည် ဖြစ်ပါတယ်။ စတုတ္ထကတော့ ဘာသာရေးပါပဲ။ ဒီမောင်ကတော့ ဒီနှစ်မျိုးကို မြင်ပါတယ်။ ကြောက်နေခြင်း။ ယုံကြည်လွန်းခြင်းနှစ်ခုဟာ မှားယွင်းတဲ့ ကျိုးကြောင်း ဆင်ခြင်မှုကို ဖြစ်ပေါ်စေတယ်လို့ပါ။
ကိုယ်နဲ့မတူရင် မှားယင်းသော အယူရှိသူ မိစ္ဆာဒိဋ္ဌိပဲလို့ ပြောဆို စွပ်စွဲတဲ့ အသုံးအနှုန်းတခု ဘာသာရေး လောကမှာ ရှိပါတယ်။ ဒီမောင်ကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်နေခြင်း၊ လူသားများ အန္တရယ်နဲ့ ရင်ဆိုင်နေရခြင်းကို မြင်နေပါလျက် သိနေပါလျက် မှားနေတယ်လို့ မပြောဝံ့သူ၊ မပြောသူနဲ့ ပြောရမယ်မှန်း မသိသူတို့ကိုသာ မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲလိုပါတယ်။ ဒါကတော့ အသိတရားရှိခြင်း၊ အသိတရားခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရနှစ်ခုရဲ့ အလွန်က စည်းဘောင်တခုလို့ မြင်ပါတယ်။ သိခြင်းကို တိရစ္ဆာန်နဲ့ ရုပ်ဝတ္ထုထက် ပိုတယ်။ ကြောက်ရခြင်းအကြောင်းအကျိုးနဲ့လည်း မပတ်သက်။ ယုံကြည်မှုအကန့်နဲ့လည်း မဆိုင်ပါဘဲလျက် သဘာဝပတ်ဝန်းကျင်ပဲ လူတွေကောင်းစားဖို့ ဒီလောက်တော့ ပျက်ပေးရမှာပေါ့။ အာဏာရှင်ပဲ သူ့ကို ဆန့်ကျင်တယ်ထင်ရင် သတ်မှာပေါ့လို့ဆိုတဲ့ ကျိုးကြောင်းကိုသာ ဆင်ခြင်နိုင်ရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုချင်ပါတယ်။
ဟုတ်ကဲ့။ ဒါတွေကတော့ ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရကို ဆတ်ကော့လတ်ကော့ မဟုတ်ကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ တကယ်ပါ။ ဆတ်ကော့လတ်ကော့ မဟုတ်ပါဘူး။ ခန့်ညားနေပုံက မျက်စိတောင် ကျိန်းရော မဟုတ်လား။
သကောင့်သား ဒီမောင် ဆက်ပြီး ရှင်းမှာက ခေါင်းပါးခြင်းဟာ ပျာယီးပျာယာမရှိဘူးဆိုတဲ့ အပိုင်းပါပဲ။ ခေါင်းပါးခြင်းဟာ ဘယ်တော့မှ ပျာယီးပျာယာဖြစ်အောင် မလုပ်ပါဘူး။ ပျာယီးပျာယာလည်း မရှိပါဘူး။ အေးဆေးပါ။ ခေါင်းပါးသောအကျင့်ဆိုတဲ့ ဓုတင် ၁၃ ပါးကိုလည်း အေးအေးဆေးဆေးပဲ ကျင့်ပါတယ်။ တနိုင်ငံလုံး တဖြည်းဖြည်း အစုံအစုံ ခေါင်းပါးလာတယ်။ အေးဆေးပါပဲ။ ပျာယီးပျာယာ မရှိပါဘူး။ လူတွေ ငွေကြေးခေါင်းပါးလာတယ်။ လူတွေ အကြင်နာတရား ခေါင်းပါးလာတယ်။ လူတွေ ကိုယ်ချင်းစာစိတ် ခေါင်းပါးလာတယ်။ မြင်ပါတယ်။ သိပါတယ်။ အေးအေးဆေးဆေးပဲ ကြည့်နေပါတယ်။ ပျာယီးပျာယာ မရှိပါဘူး။ နိုင်ငံရဲ့ လူငယ်သားကောင်းတွေ နိုင်ငံရဲ့ အသိအမြင်ကြွယ်ဝမှုတွေ နိုင်ငံရဲ့ ခွန်အားတွေ ခေါင်းပါးလာပါပြီ။ ဟုတ်ကဲ့ သိပါတယ်။ အိမ်နီးခြင်းနိုင်ငံတွေ ဟိုးရှေးရှေးတုန်းက ဒီနိုင်ငံထက် ဆင်းရဲခဲ့လေရဲ့ ဆိုတဲ့နိုင်ငံမှာ သွားပြီး ကျွန်အဖြစ် အသုံးတော်ခံနေရတာ သိပါတယ်။ ခေါင်းပါးခြင်းတွေ တတိတိနဲ့ လူဂုဏ်သိက္ခာဆိုတာကို တိုက်စားနေပါတယ်။ အေးဆေးပါပဲ။ ပျာယီးပျာယာမရှိမိပါဘူး။ သေနတ်ကိုင်ထားတာပဲ လူသတ်မှာပေါ့၊ မင်းတို့က စစ်တပ်အကြောင်း မသိသေးလို့ ငါတို့တော့ ၉၁ ခုကတည်းက သိလို့ သေနတ်ကိုင်တွေကို ကြောက်တယ်။ ငါတို့လူမျိုးတိုးတက်ဖို့ပဲ အရေးကြီးတယ်ဆိုတဲ့ အကြောက်တရားကြောင့် အမှန်တရားတွေ ခေါင်းပါးလာတဲ့ လူမျိုးစုတွေကို မြင်နေ သိနေပါတယ်။ ပျာယီးပျာယာမလုပ်မိပါဘူး။ အေးဆေးပါပဲ။ ပြီးတော့ အဆုတ်ဟာ လေအပြည့်အဝ မရှုရဘဲ လေကိုရှုရှိုက်မှု တဖြည်းဖြည်း ခေါင်းပါးလာတယ်။ ဒါပေမယ့် ဆေးလိပ်ငွေ့ကို အေးဆေးပဲ ရှုသွင်းပါတယ်။ ပျာယီးပျာယာမဟုတ်ပါဘူး။ အသည်းဟာ တစ်ရှူးတွေ တဖြည်းဖြည်းမာလာတယ်။ ခါတိုင်းလို အဆိပ်ကို မြန်မြန်ဆန်ဆန် မစွန့်ထုတ်နိုင်တော့ပါဘူး။ သွေးထဲကို ဂလူးဂိုစ့်ထုတ်ဝေပေးမှု ခေါင်းပါးလာတယ်။ အရက်ကို အေးဆေးပဲ သောက်ပါတယ်။ ပျာယီးပျာယာ မဟုတ်ပါဘူး။ မိသားစုဝင်ရဲ့ စည်းစိမ်တွေ ခေါင်းပါးလာတာကို လောင်းကစားကို ဝိုင်းမှာ အေးဆေးပဲ ထိုင်ကစားပါတယ်။ စိတ်တွေ ခုတလော ဟိုဟိုဒီဒီမှတ်တဲ့ အလုပ်မလုပ်နိုင်ဘူး။ မှတ်နိုင်စွမ်းတွေ ခေါင်းပါးလာပါတယ်။ မူးယစ်ဆေးကို အေးဆေးပဲ သုံးပါတယ်။ တခါမှ ပျာယီးပျာယာ မသုံးခဲ့ရဖူးပေါင်ဗျာ။ ဟုတ်ကဲ့။ ပျာယီးပျာယာနဲ့ တခါမှ မကျူးလွန်မိပါဘူး။ ပျာယီးပျာယာနဲ့ တခါမှ ပျာယီးပျာယာမဖြစ်ခဲ့တဲ့ ခေါင်းပါးခြင်းအကြောင်းက ဒီလောက်ပါပဲ။
ရင်သားအစုံ ပေါ်ပေါ်လွင်လွင်လေးဖြစ်အောင် ဘရာကိုပင့်ဝတ်လာပြီး လူပုံအလယ်ရောက်မှ ရှက်သလိုလို ရွံ့သလိုလို လက်ကလေးတကာကာနဲ့ ဟန်မလုပ်ဘူး။ ဟုတ်ကဲ့ ခေါင်းပါးခြင်းဆိုတဲ့ ဝေါဟာရဟာ ဒီလိုပဲ။ ဒီမောင်တို့ ဘုရားရှင်ဟာ ဘဝတပါးမှာ တရားဓမ္မခေါင်းပါးခဲ့လို့ ဒီဘဝမှာ ဝိပါက်တော် ၁၂ ပါးဆိုပြီး တရားဓမ္မတွေနဲ့ ခြွေချွတ်ရမယ့် အနေအထားရောက်ခဲ့တယ်။ ခေါင်းပါးခဲ့ကြောင်း ဟန်မလုပ်ပါဘူး။ ကာမတဏှာပေါ်စွဲလန်းပြီး သတိတွေ ခေါင်းပါးပြီး ကျူးလွန်မိခဲ့တဲ့ ရူပါကြောင့် မျက်စိအာရုံက အနာခံပါတယ်။ ခံနိုင်ရည်ရှိထက် အသံထက် ပိုဆူညံတဲ့ နေရာတွေမှာ အလုပ်လုပ်ခဲ့ရတဲ့အတွက် နားလေးခြင်းဆိုတာကို ခံပါမယ်။ အဲလို မနေရဘူးဆိုတာကို နားမလည်ခဲ့တဲ့ ခေါင်းပါးမှုရှိခဲ့ကြောင်း ဟန်မလုပ်ဘဲ ဝန်ခံပါတယ်။ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေအားလုံးကို ကိုယ်ကပဲ ပြန်ခံရမှာပဲ။ အပြစ်ခံရချိန်မှ တပါးသူကို စွပ်စွဲတာမျိုး မလုပ်ဘူး။ ကိုယ့်ရဲ့ မေတ္တာခေါင်းပါးခဲ့ခြင်း၊ ကရုဏာခေါင်းပါးခဲ့ခြင်း၊ သတိခေါင်းပါးခဲ့ခြင်း လက်ကလေး တကာကာနဲ့ ဟန်လုပ်မှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့ ဝိပါကကို နားလည်ပါတယ်။ အတုံ့အလှည့်ကို သိပါတယ်။ တန်ပြန်ခံရမယ်ဆိုတာ သိပါတယ်။ ကိုယ်တရားဓမ္မ ခေါင်းပါးရင် ခေါင်းပါးတဲ့အလျောက် ပြန်ခံစားရ ပြန်နာကျင်ရ ပြန်ကျိုးပျက်ရ ပြန်ပြိုကွဲရရင်လည်း ကိုယ့်ခေါင်းပါးခဲ့မှုကို ဝန်ခံပါတယ်။ လက်တကာကာနဲ့ ဟန်မလုပ်ပါဘူး။ ရင်သားကို မြင်စေချင်လို့ ဖော်လာခဲ့တဲ့ အမျိုးသမီးတယောက် နေရထိုင်ရ သွားရလာရ မခက်ခဲတဲ့ ပုံစံမျိုးပါ။
ဘယ်အကြည့် ဘယ်အပြောကြောင့်မှ ဣန္ဒြေတချက် မပျက်ဘူး။ ဟုတ်ပါတယ်။ ခေါင်းပါးခြင်းဟာ ဘာကြောင့်နဲ့မှ ဣန္ဒြေမပျက်နိုင်ပါဘူး။ အခုကိစ္စက ခေါင်းပါးခြင်းကို ရရှိအောင် လုပ်တဲ့အပိုင်း ဖြစ်ပါတယ်။ ခေါင်းပါးခြင်းတရားကို သောသည်မောင်ရဲ့ ရင်ထဲကိန်းဝပ်အောင် လုပ်နေတာဖြစ်ပါတယ်။ ပုဂံမြစေတီဘုရားရဲ့ အောင်မြေမှာ၊ ရွှေဘိုအောင်မြေမှာ ရွှေတိဂုံရဲ့အောင်မြေမှာ ဒီမောင် ဘာကို အောင်ချင်ခဲ့သလဲ။ ကိလေသာရန်သူကို အောင်ရပါလို၏တဲ့လေ။ အခုလောလောဆယ်တော့ ဆထက်တန်ပိုး တိုးပြီးရင်းတိုးနေတဲ့ ရွာထဲက ဝက်လိုဖြစ်နေပေမယ့်ပေါ့။ နည်းနည်းကြီးကျယ်သွားလား။ ဟုတ်ကဲ့။ သည်မောင် အခေါင်းပါးစေချင်ဆုံး အရာတွေပါပဲ။ တနေ့တော့ ငါတကယ်ခေါင်းပါးစေရမယ်လို့လည်း တွေးတွေးမိတာပဲ။ တနေ့ဆိုတဲ့ အခွင့်အရေးကတော့ ခေါင်းပါးခြင်းတရားဓမ္မနဲ့ ဒီမောင်ကို စီရင်နေပြီ။ တနေ့တွေ အဆုံးမသတ်သွားခင်တော့ ခေါင်းပါးခြင်းတရားတွေ ရင်ထဲမှာ ကိန်းဝပ်သွားစေချင်တယ်။ အနည်းဆုံး ကိလေသာ ၁၀ ခုထဲက တခုခုပေါ့။ တပ်မက်စွဲလန်းနေတဲ့ လောဘပဲဖြစ်ဖြစ်၊ အီမိုရှင်းများတယ်လို့ ပြောကြတဲ့ ခံစားချက်နောက်ပဲ လိုက်နေတတ်တဲ့ ဒေါသပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်အမှားတွေကို အမှန်လို့ ထင်မှတ်စေတတ်တဲ့ မိုက်မဲတွေဝေမှု မောဟပဲဖြစ်ဖြစ်။ ခေါင်းပါးသွားစေချင်ပါတယ်။ ဘုရားကတော့ ဟောထားပါတယ်။ ဒါတွေကို စဉ်းစားဆင်ခြင်တဲ့နည်းလမ်းနဲ့ ဘယ်တော့မှ မရနိုင်ပါဘူး။ နားလည်အောင် ရှင်းပြလို့လည်း ဘယ်တော့မှ နားလည်လို့ ရတဲ့တရားမျိုး မဟုတ်ပါဘူး။ ဘယ်တော့မှ အလိုအလျှောက် သိလာမှာလည်း မဟုတ်သလို အလိုအလျောက်သာပဲ အတ္တဆိုတဲ့ ဗဟိုချက်ကနေ ကင်းသွားမှာ မဟုတ်ပါဘူး။
ဟုတ်ကဲ့ ပြီးပါပြီခင်ဗျာ။ ဝေါဟရတခုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ စိတ်ကူးထားတာရှိပေမယ့် ရေးရင်း ပျင်းလာလို့ ချန်ထားလိုက်သဗျ။ နက်ဖန်သဘက်တော့ သင့်ဘဝကို ပြောင်းလဲစေနိုင်တဲ့ စာအုပ်ဆိုပြီး ထပ်ရေးပါ့မယ်။
ဂျေဂျူဝိုင်