ဒါကတော့ လျှို့ဝှက်ချက်အမျိုးမျိုးထဲက လျှို့ဝှက်ချက်တခုအကြောင်းပါ။ လျှို့ဝှက်စရာကို လျှို့ဝှက်ရင်း လျှို့ဝှက်ချက်ဖြစ်လာတဲ့ လျှို့ဝှက်ချက်ကလေးပေါ့။ လျှို့ဝှက်ချက်ဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရိုးရိုး လျှို့ဝှက်ချက်ပါ။ ပီယဆေးဖော်နည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ သာမန်လျှို့ဝှက်ချက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ထားနည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ရုပ်ရှင်မင်းသမီးတယောက်ရဲ့ လျှို့ဝှက်ချက်မဟုတ်သလို စီအီးအိုတယောက်ရဲ့ လိင်ကိစ္စအရှုပ်တော်ပုံ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ရိုးရိုးမှ တကယ့်ရိုးရိုး လျှို့ဝှက်ချက်ပါ။ သင်္ချာပုစ္ဆာဖြေရှင်းနည်း လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဟင်းချက်နည်းလျှို့ဝှက်ချက် မဟုတ်သလို အောင်မြင်ရေးလျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ လျှို့ဝှက်ထောက်လှမ်းရေးရဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ကိုကာကိုလာစပ်နည်းလျှို့ဝှက်ချက် မဟုတ်သလို မနက်စောစောထနည်း လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ရိုးရိုးလျှို့ဝှက်ချက်ကလေးပါ။ ကိုယ်ဝန်ဖျက်ချတဲ့ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ မဲစာရင်း လျှို့ဝှက်ချက်မဟုတ်သလို ကိုယ်ပေးခဲ့တဲ့ မဲလျှို့ဝှက်ချည်လည်း မဟုတ်ပါဘူး။ ရည်းစားဟောင်းရဲ့ လျှို့ဝှက်ချက်မဟုတ်သလို ကုလညီလာခံအစီရင်ခံစာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ထည့်သွင်းစဉ်းစားစရာ မလိုတဲ့ လျှို့ဝှက်ချက်မျိုးပါ။ ဧရိယာ ၅၁ အတွင်းရေးလျှို့ဝှက်ချက် မဟုတ်သလို ဘာသာရေးလျှို့ဝှက်ချက် မဟုတ်ပါဘူး။ လျှို့ဝှက်ချက်လို့ ပြောဖို့တောင် မထိုက်တန်တဲ့ လျှို့ဝှက်ချက်မျိုးရယ်ပါ။ အိုင်ဖုန်းနည်းပညာ လျှို့ဝှက်ချက်မဟုတ်သလို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လျှို့ဝှက်ချက်လည်း မဟုတ်ရပါဘူး။ လိင်စိတ်အပြောင်းအလဲ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ လျှို့ဝှက်ချက်မဟုတ်သလို သုံးလအတွင်း ချမ်းသာနည်းလျှို့ဝှက်ချက် မဟုတ်ပါဘူး။ တရားမဝင်တဲ့လျှို့ဝှက်ချက် မဟုတ်သလို တရားဝင်တဲ့လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ လျှို့ဝှက်ချက်က ရိုးရိုးလျှို့ဝှက်ချက်ပါ။ ဘာများပါလိမ့်။ လျှို့ဝှက်ချက်က “တနေ့တော့ အချိန်တခုမှာ နိုင်ငံတခုက သမ္မတရဲ့နှလုံးသားတည့်တည့်ဆီ ကျည်ဆံတတောင့်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို တန်းတန်းမတ်မတ် ပြေးလွားနေသည်” တဲ့။ လျှို့ဝှက်ချက်က ဒါပဲ။ လျှို့ဝှက်ချက်က ဒါပဲဆိုပေမယ့် ဒါကိုပဲ လျှို့ဝှက်ထားလို့ မဖြစ်သေးဘူး။ လျှို့ဝှက်ချက်ဆိုတာ လျှို့ဝှက်ချက်တခုအဖြစ် ပီပီပြင်ပြင် လျှို့ဝှက်နေမှ လျှို့ဝှက်ချက်ဖြစ်တာ။ သေသေသပ်သပ်လည်း ရှိရပါတယ်။ ကဲ အစကနေပဲ စပြီး လျှို့ဝှက်ချက်ကို လျှို့ဝှက်ကြရအောင်လား။
‘တနေ့တော့’ ဆိုတာက လျှို့ဝှက်ချက်ပါ။ တနေ့တော့ဆိုတာ မနေ့တနေ့ကလား။ မနေ့ကလား၊ ဒီနေ့လား၊ ဘယ်နေ့များလဲ။ မနက်ဖန်နေ့၊ ဖိန်းနွှဲခါနေ့၊ တနင်္ဂနွေနေ့၊ တနင်္လာနေ့၊ ချစ်သူမွေးနေ့၊ လွတ်လပ်ရေးနေ့၊ ဘုရားပွင့်သောနေ့၊ ကိုလိုနီစနစ်ပေါ်ပေါက်တဲ့နေ့၊ တော်လှန်ရေးနေ့၊ အမျိုးသားနေ့၊ ဓာတုရောင်ခြည်သင့်တဲ့နေ့၊ အိပ်မက်မက်တဲ့နေ့၊ ဖုန်းမသုံးရနေ့၊ အရင်းရှင်ပေါ်ပေါက်တဲ့နေ့၊ အလံနီနေ့၊ ပင်လယ်ထဲ အမှိုက်ပစ်တဲ့နေ့၊ ကျွန်ပြုခွင့်ရှိတဲ့နေ့၊ နာဇီမျိုးဆက်သစ်နေ့၊ ကလေးသူငယ် အလုပ်သမားနေ့၊ ငွေကြေးစနစ်စတင်တဲ့နေ့၊ ပြည့်တန်ဆာနေ့၊ ကူးစက်ရောဂါပိုး ဖြန့်တဲ့နေ့၊ လူသတ်ခွင့်လိုင်စင် ထုတ်ပေးသည့်နေ့၊ မထင်မရှား သူရဲကောင်းများ အာဇာနည်နေ့၊ တာဝန်ယူမှု တာဝန်ခံမှုနေ့၊ ဓာတုလက်နက်ထွင်တဲ့နေ့၊ အိုဇုန်းလွှာပေါက်တဲ့နေ့၊ ရေခန်းခြောက်တဲ့နေ့၊ ရွာဘုန်းကြီးပျံပွဲနေ့၊ လူကို ရောင်းကုန် ဝယ်ကုန်ပြုတဲ့နေ့၊ ရန်ငါပြတ်တဲ့နေ့၊ မုန်လာဥနေ့၊ ပြက္ခဒိန်ထဲ မထည့်သောနေ့၊ ဟုတ်ကဲ့။ ဒါတွေကတော့ ‘တနေ့တော့’ ဆိုတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ဘယ်နေ့မှန်း မသိအောင် လျှို့ဝှက်ပေးရတဲ့ လျှို့ဝှက်ချက်ကလေးမို့ ဘာမှ ထူးထူးခြားခြား ပြောမသွားတဲ့ လျှို့ဝှက်ချက်ကြီးပေါ့။ ဒါပေမယ့် လျှို့ဝှက်ချက်ဆိုကတည်းက လျှို့ဝှက်ချက်ဟာ လျှို့ဝှက်ချက်ပဲမို့ လျှို့ဝှက်ချက်ကို လျှို့ဝှက်လိုက်လို့ ဘာမှ မထူးခြားသလို ဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ။
‘အချိန်တခု’ ဆိုတာကလည်း လျှို့ဝှက်ချက်ပါ။ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီဆိုတဲ့ အချိန်။ တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်ဆိုတဲ့ အချိန်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်ဆိုတဲ့ အချိန်။ နာရီစင်ပေါ်က နာရီ၊ တိုင်ကပ်နာရီ၊ နှိုးစက်နာရီ၊ အမျိုးသားဝတ်နာရီ၊ အမျိုးသမီးဝတ်နာရီ၊ အနာလော့နာရီ၊ ဒီဂျစ်တယ်နာရီ၊ စမတ်နာရီစတဲ့ နာရီထဲမှာမပါတဲ့ အချိန်။ ဇန်နဝါရီလမိုးရွာချိန်၊ ချစ်နေတဲ့အချိန်၊ မုန်းနေတဲ့အချိန်၊ လွမ်းနေသည့်အချိန်၊ နမ်းနေတဲ့အချိန်၊ ချစ်သူနှစ်ဦး လမ်းခွဲချိန်၊ ခိုးရာပါပစ္စည်း ပြန်အပ်ချိန်၊ မီးလောင်တိုက်သွင်းချိန်၊ စနက်တံ ဖြုတ်နေတဲ့အချိန်၊ ယေရှုနောက်ဆုံး ညစာစားနေချိန်၊ ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးဖြေချိန်၊ အမျိုးသမီးတဦး သေတဲ့အထိကနေချိန်၊ ဆယ်တန်းစာမွေးပွဲ ဖြေနေချိန်၊ တရားသူကြီး အမိန့်ချနေချိန်၊ အကျဉ်းသားတယောက် အသတ်ခံရချိန်၊ အစာအငတ်ခံချိန်၊ လွတ်လပ်ရေးကြေငြာစာတမ်းဖတ်နေချိန်၊ နွားစာကျွေးချိန်၊ ဟုတ်ကဲ့ အချိန်တခုဆိုတာလည်း လျှို့ဝှက်ချက်တခု ဖြစ်ပါတယ်။ လျှို့ဝှက်ထားမှသာ လျှို့ဝှက်ချက်က လျှို့ဝှက်ချက်ဖြစ်နေမှာမို့ လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ချက်အဖြစ် လျှို့ဝှက်ထားလိုက်ပါတယ်။ အချိန်နဲ့ပတ်သက်ပြီး အချိန်က ကုစားလိမ့်မယ်ဆိုတဲ့အချိန်ရော အချိန်က အဖြေပေးလိမ့်မယ်ဆိုတဲ့ အချိန်ကိုပါ လျှို့ဝှက်ထားလိုက်တယ်။ အချိန်က အပြောင်းအလဲကို ဖန်တီးပေးနိုင်တယ်ဆိုတာတောင် အဆစ်အဖြစ်လျှို့ဝှက်ထားလိုက်တယ်။ သီးခြားအချိန်နဲ့ ပတ်သက်လာတဲ့ အချိန်မှန်သမျှ အကုန် လျှို့ဝှက်ချက်အဖြစ် ထားလိုက်ပါတယ်။
ထိပ်တန်းလျှို့ဝှက်ချက်၊ မဟာလျှို့ဝှက်ချက်၊ စူပါလျှို့ဝှက်ချက်မဟုတ်တဲ့ ရိုးရိုးလျှို့ဝှက်ချက်ဆိုပေမယ့်လည်း လျှို့ဝှက်ချက်က တခုကိုဝှက်တာနဲ့ အများကိုလည်း ဆက်ဝှက်ရမယ်မဟုတ်လား။ ဒီတော့ ‘နိုင်ငံတခု’ ဆိုတာက လျှို့ဝှက်ချက်ပါ။ ‘သမ္မတ’ဆိုတာ လျှို့ဝှက်ချက်ပါ။ ‘နှလုံးသားတည့်တည့်’ဆိုတာ လျှို့ဝှက်ချက်ပါ။ ‘ကျည်ဆံတတောင့်’ဆိုတာ လျှို့ဝှက်ချက်ပါ။ ‘အရှိန်အဟုန်ပြင်းပြင်း’ဆိုတာ လျှို့ဝှက်ချက်ပါ။ ‘လေဟာနယ်တခု’ဆိုတာ လျှို့ဝှက်ချက်ပါ။ ‘တန်းတန်းမတ်မတ်ပြေးလွားနေ’ ဆိုတာကလည်း လျှို့ဝှက်ချက်ပါပဲ။ လျှို့ဝှက်ချက်ဆိုတာ လိမ်ညာမှုတခုမဟုတ်ပေမယ့် လိမ်မာမှုရဲ့ အသွားအလာနဲ့ တူပါတယ်။ လိမ်ညာမှုတခုကို ဒီနေရာမှာ လိမ်လိုက်မိပြီဆိုရင် နောက်တနေရာရောက်ရင်လည်း ထိပ်ပြီးလိမ်ရပါတယ်။ လိမ်ညာမှုတခုကို လုပ်လိုက်ပြီးပြီဆိုတာနဲ့ ဆက်စပ်ပတ်သက်ရာမှန်သမျှအပေါ် အကုန်လိုက်ပြီး အကြိမ်များစွာ ဆက်လိမ်ရသလို လျှို့ဝှက်ချက်ကလည်း တခုကိုလျှို့ဝှက်ပြီးတာနဲ့ ဆက်စပ်သမျှအကုန်လုံးကို အကြိမ်များစွာ လိုက်ပြီး လျှို့ဝှက်ရပါတယ်။ ဒါကြောင့် အကုန်လိုက်ပြီး လျှို့ဝှက်ရတော့မှာပါ။
‘နိုင်ငံတခု’ဆိုတာကို လျှို့ဝှက်ချက်အဖြစ် ထားဖို့အတွက် – တည်နေရာ၊ နယ်နိမိတ်၊ လူဦးရေ၊ လူမျိုးစု၊ ယဉ်ကျေးမှု၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်မှု၊ သမိုင်း၊ ဥပဒေ၊ အစိုးရဌာနများ၊ အုပ်ချုပ်မှုပုံစံ၊ ဖွဲ့စည်းမှုပုံစံ၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သွင်းကုန် ထုတ်ကုန်၊ လမ်းပန်းဆက်သွယ်မှု၊ လူမှုရေး ဆက်ဆံမှု၊ သယံဇာတ၊ ပိုင်ဆိုင်မှု၊ ကြွယ်ဝမှု၊ သတင်းလွတ်လပ်ခွင့်၊ ငွေကြေးစနစ်၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု၊ ခြစားမှု၊ ကြွေးမြီ၊ စာတတ်မြောက်သူဦးရေ၊ အမှီအခိုကင်းမှု မကင်းမှု၊ တက္ကသိုလ်အရေအတွက်၊ ကောလိပ်အရေအတွက်၊ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းအရေအတွက်၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင်တက္ကသိုလ် အရေအတွက်၊ သင်ကြားရေးစနစ်၊ အမြင့်ဆုံး ပေးနိုင်တဲ့ ဘွဲ့ဒီဂရီ၊ ဘွဲ့ရသူဦးရေ၊ စာတတ်သူဦးရေ၊ ကျောင်းမတက်နိုင်သူဦးရေ၊ ဘာသာရေးအဆောက်အအုံ၊ သမိုင်းဝင်အဆောက်အအုံ၊ သမိုင်းဝင်နေရာ၊ စက်ရုံ၊ ကုန်ကြမ်းစက်ရုံ၊ မော်တော်ကားစက်ရုံ၊ ဖုန်းစက်ရုံ၊ ရုပ်မြင်သံကြားစက်ရုံ၊ နည်းပညာ အဆောက်အအုံ၊ အမျိုးသား လုံခြုံရေး၊ လူသားအချင်းချင်း တန်ဖိုးထားမှု၊ မြို့ပြအနေအထား၊ ကျေးလက်ပုံစံ၊ ဖိုဝါဒကြီးစိုးမှု၊ လူမျိုးကြီးဝါဒ၊ ဝတ်စားဆင်ယင်မှု၊ မိခင်လောင်း သေဆုံးမှု၊ ကလေးသူငယ် သေဆုံးမှု၊ အာဟာရချို့တဲ့သူဦးရေ၊ နိုင်ငံအလိုက် ချမ်းသာမှု ဆင်းရဲမှုအဆင့်၊ နိုင်ငံတွင်းရှိ ကမ္ဘာကျော်ပုဂ္ဂိုလ်၊ သမိုင်းမှာ စံထားထိုက်တဲ့ ပုဂ္ဂိုလ်၊ အစားအသောက်ပုံစံ၊ မိုးလေဝသ၊ သဘာဝဘေးအန္တရာယ်၊ တောရိုင်းတိရစ္ဆာန်၊ သစ်တောပိုင်ဆိုင်မှု၊ မြစ်ချောင်းအင်းအိုင် ပိုင်ဆိုင်မှု၊ အညွှန်းကုဒ်၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်းလမ်းကုန်သွယ် စီးဆင်းမှု၊ ရေလမ်းကုန်သွယ်စီးဆင်းမှု၊ လျှပ်စစ်ကား၊ ကျည်ဆံရထားလုပ်ငန်းစဉ်၊ ပညာတတ်များ အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်အခွင့်အလမ်း၊ ပညာရေးအခွင့်အလမ်း၊ အလုပ်လက်မဲ့ အခြေအနေ၊ တနေ့လုပ်အားခ၊ နိုင်ငံခြားအလုပ်သမား၊ နိုင်ငံရေးပါတီများ၊ နိုင်ငံအပေါ် အမြတ်ထုတ်နေသူများ၊ နိုင်ငံမှ ထွက်ပြေးရသူဦးရေ၊ အိမ်ဖော်ဖြစ်သွားသော ပညာတတ်ဦးရေ၊ ဆေးဖြတ်စခန်း၊ အရက်ဖြတ်စခန်း၊ မူးယစ်ဆေးသုံးစွဲသူဦးရေ၊ အချုပ်ထောင်တွင်းရှိသော လူအမျိုးအစား၊ ကျောင်းသားအကျဉ်းသား၊ သူတောင်းစားဦးရေ၊ အစိုးရမဟုတ်သော ဌာနများ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အကူအညီ ဝင်ရောက်မှု၊ နိုင်ငံတကာ စောင့်ကြည့်ခံရမှု၊ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်သော နိုင်ငံအဖွဲ့အစည်းအမည်များ ဒါတွေကို လျှို့ဝှက်ချက်အဖြစ် ထားရပါတယ်။ ‘နိုင်ငံတခု’ ဆိုတဲ့ လျှို့ဝှက်ချက်ဟာ နည်းနည်းလေးတော့ ကျယ်ပြန့်ပါတယ်။ ဒီလောက်လျှို့ဝှက်ထားပေမယ့် ပေါ်လာနိုင်စရာ တခြားအကြောင်းတွေ ရှိလို့ အဲအကြောင်းများစွာကိုလည်း လျှို့ဝှက်ထားရပါမယ်။ ဘာတွေလဲဆိုတော့ နိုင်ငံတခုမှာ နေထိုင်ကြတဲ့ လူတို့ရဲ့ မေတ္တာတရားခေါင်းပါးခြင်းရဲ့ သရုပ်မှန်ကို ပြသတဲ့အနေနဲ့ လူအချင်းချင်း သတ်ဖြတ်ကြတဲ့ ၁၂ ရာသီပွဲတော် တမျိုးလည်းရှိတယ်။ စစ်ပွဲလို့နာမည်ပေးထားတဲ့ ပွဲ။ အဲဒီကနေ လျှို့ဝှက်ချက်ပေါ်နိုင်လို့ လျှို့ဝှက်ထားမှ ဖြစ်မယ်။ နာမည်တွေကတော့ စုံနေတာပဲ။ နိုင်ငံတခု ဆိုတာမှာ လျှို့ဝှက်အပ်သော အရာလေးဖြစ်လို့ ဆက်လက်လျှို့ဝှက်ထားလိုက်ပါတယ်။
ဖြစ်ခဲ့ဖူးသော စစ်ပွဲ၊ နိုင်ခဲ့သော စစ်ပွဲ၊ ရှုံးခဲ့သော စစ်ပွဲ၊ စစ်မှန်သောစစ်ပွဲ၊ မစစ်မှန်သောစစ်ပွဲ၊ တရားသော စစ်ပွဲ၊ မတရားသောစစ်ပွဲ၊ လိုအပ်သောစစ်ပွဲ၊ မလိုအပ်သောစစ်ပွဲ၊ စစ်စည်းကမ်းကို လိုက်နာသောစစ်ပွဲ၊ စစ်စည်းကမ်းကို မလိုက်နာသောစစ်ပွဲ၊ ဗျူဟာကျသောစစ်ပွဲ၊ ဗျူဟာမကျသောစစ်ပွဲ၊ ပါဝင်ပတ်သက်ခဲ့သော စစ်ပွဲ၊ ပါဝင်စွက်ဖက်ခဲ့သော စစ်ပွဲ၊ ကျူးကျော်ခဲ့သော စစ်ပွဲ၊ ကျုးကျော်ခံခဲ့ရသော စစ်ပွဲ၊ ပြည်တွင်းစစ်ပွဲ၊ ပြည်ပရန် ခုခံစစ်ပွဲ၊ ပြည်ပစစ်ပွဲ အရေအတွက်၊ ပြည်တွင်းစစ်ပွဲအရေအတွက်၊ ကလေးစစ်သား၊ စစ်ပွဲအတွင်း သေဆုံးသော စစ်သားဦးရေ၊ စစ်ပွဲအတွင်း အသက်ပေးဆပ်ရသော ပြည်သူ၊ စစ်ပွဲအတွင်း သေဆုံးရသော မိခင်၊ စစ်ပွဲအတွင်း ထိခိုက်သေဆုံးရသော ကလေးသူငယ်၊ စစ်ပွဲအတွင်း မုဒိမ်းမှု၊ စစ်ပွဲအတွင်း သုံ့ပန်းအဖြစ် အဖမ်းခံရသူ၊ စစ်ပွဲအတွင်း ပေါ်တာဆွဲမှု၊ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးမှု၊ စစ်ပွဲအတွင်း ကျေးလက်နဲ့ လယ်ယာမြေ ထိခိုက်မှု၊ စစ်ပွဲအတွင်း တိရစ္ဆာန်သေဆုံးမှု၊ စစ်အသုံးစရိတ်၊ စစ်ပွဲအတွင်း အသုံးပြုသော လက်နက်အမျိုးအစား၊ တော်လှန်ရေးစစ်ပွဲ၊ ခုခံစစ်ပွဲ၊ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၊ လူထုဆန္ဒပြပွဲ၊ ကျောင်းသားဆန္ဒပြပွဲ၊ အလုပ်သမား ဆန္ဒပြပွဲ၊ ဘာသာရေးဆန္ဒပြပွဲ၊ အုပ်ချုပ်သူနဲ့ ပြည်သူကြား ပဋိပက္ခ၊ အကျဉ်းသားသေဆုံးမှု၊ ဆန္ဒပြသူ သေဆုံးမှု၊ တိုင်းရင်းသားပဋိပက္ခ၊ ပြည်တွင်းပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ၊ ထပ်တလဲလဲပဋိပက္ခ၊ နယ်ခြားစည်း ပြဿနာ၊ အိမ်နီးချင်းပြဿနာ၊ သူပုန်သူကန်ပြဿနာ၊ တောကြောင်ပြဿနာ၊ လူမျိုးကြီးပြဿနာ၊ ထပ်တလဲလဲပြဿနာ၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှု၊ ကလေးသူငယ်အပေါ် အကြမ်းဖက်မှု၊ ကလေးလူငယ် အလုပ်သမား၊ လူသတ်မှု၊ လူသေမှု၊ ယဉ်တိုက်မှု၊ မုဒိမ်းမှု၊ ခိုးဆိုးလုယက်မှုအခြေအနေ စတဲ့ အရာအားလုံးကလည်း လျှို့ဝှက်ချက်ပါ။ လျှို့ဝှက်ချက်ဆိုတာ လျှို့ဝှက်ကို လျှို့ဝှက်ရပါတယ်။ အမယ်ဘုတ်ရဲ့ သူ့ချည်ငင်ဖြစ်စေဦးတော့။ လျှို့ဝှက်ချက်ဟာ လျှို့ဝှက်ချက်ပါပဲ။
နိုင်ငံရယ်လို့ ဖြစ်တည်စေခဲ့တဲ့ တည်နေရာ၊ နယ်နိမိတ်၊ လူဦးရေ၊ လူမျိုးစု၊ ယဉ်ကျေးမှု၊ စာပေ၊ ကိုးကွယ်မှု၊ သမိုင်းကစလို့ ခိုးဆိုးလုယက်မှုအခြေအနေ ဆိုတဲ့အထိပဲ ရှိတာ မဟုတ်သေးပါဘူး။ အဲဒီအပြင် ရှိသင့်ရှိထိုက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ တခြားသော အခရာကျနိုင်တဲ့ အားလုံးရဲ့ အရင်းအမြစ် တခုချင်းစီတိုင်းက လျှို့ဝှက်ချက်ပါ။ ကိန်းဂဏန်းအဆုံးတခုတလေမျှလည်း လျှို့ဝှက်ချက်ပါ။ လေးထောင့်၊ အဝိုင်း၊ တြိဂံ၊ စတုဂံ၊ ပဉ္စဂံ၊ ဆဋ္ဌဂံစသဖြင့် ပုံပန်းသဏ္ဍာန်ကလည်း လျှို့ဝှက်ရပါမယ်။ လူသားတယောက်ချင်းစီတိုင်းကနေ မိခင်နိုင်ငံရယ်လို့ ခုံခုံမင်မင်ပြောဖို့၊ ကျေကျေနပ်နပ်ကြီး ဝန်ခံဖို့ ၊ မဝံ့မရဲ ပြောဖို့၊ ကိုယ့်နိုင်ငံအစား တခြားနိုင်ငံနာမည်ကို သုံးလိုက်ရရင် ငါတော့ အဆင်ပြေမှာရယ်လို့ ရှက်ရှက်ရွံ့ရွံ့ဖြစ်ရဖို့ မဖြစ်မနေ လိုအပ်နေတဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ ဆိုတဲ့ မေတ္တာသုတ်က စကားကို ထောက်ရင် မြင်ရတာရှိသလို မမြင်ရတာလည်း ရှိတယ်။ တဦးချင်းဆိုင်တဲ့နာမ်၊ အများဆိုင်နာမ်နဲ့ အစုပြနာမ်ဆိုတဲ့ မြင်ရထိတွေ့ရတဲ့ နာမ်ရှိသလို မမြင်ရ ထိတွေ့မရတဲ့ စိတ္တဇနာမ်ဆိုတာ ရှိပါတယ်။ နိုင်ငံမှာလည်း မြင်ရတဲ့အရာရှိသလို မမြင်ရတဲ့ အရာတွေ ရှိပါတယ်။ နိုင်ငံရဲ့ ဝိညာဉ်လို့ တချို့က ဆိုပါတယ်။ အဲဒါကတော့ နိုင်ငံတခုရယ်လို့ ခေါ်ဆိုထိုက်တဲ့ နိုင်ငံမှာ ကြန်အင်လက္ခဏာ ဆိုတာမျိုးတွေနဲ့အတူ အနံ့အသက်ဆိုတာ ရှိပါတယ်။ ဆိုစမတ်ပြုရတာတွေ ရှိပါတယ်။ ဂုဏ်အင်္ဂါတွေ ရှိပါတယ်။ နှိုင်းဆပြတဲ့ သင်္ကေတတွေရှိပါသေးတယ်။ သတ်မှတ်ခံရတဲ့ အဆင့်အတန်းတခုလည်း ရှိသေးတယ်။ အခြားသော နိုင်ငံနဲ့ တိုင်းတာလိုက်တဲ့အခါ သိက္ခာ ဘယ်လောက်ရှိသလဲ ဆိုတာလည်းပါတယ်။ နိုင်ငံအတွင်းမှာ အုပ်ချုပ်သူနဲ့ စီးပွားရေးကြောင့် နေထိုင်သူတွေက ပရိဒေဝဆိုတဲ့ ကြိမ်အုံးမီးတွေနဲ့ ပူပင်ငိုကြွေးနေရသလား၊ အပြုံးချိုမြမြ ရယ်မောသံ တလွင်လွင်တွေနဲ့ ငြိမ်းချမ်းနေကြသလား။ ဒါလေးတွေလည်း လျှို့ဝှက်ချက်အနေနဲ့ နေပေးရပါတယ်။ နိုင်ငံရဲ့ ကြန်အင်လက္ခဏာက အလည်အပတ်ခရီး မသွားကြဖို့ တားမြစ်ခံရလောက်တဲ့အထိလား။ ပြည်ပလေယာဉ်ခရီးစဉ် ထပ်မံတိုးချဲ့သင့်တဲ့ နိုင်ငံမျိုးလား။ အနံ့အသက်က သွေးနံ့ညီနေတဲ့ နိုင်ငံမျိုးလား။ ပန်းရနံ့သင်းနေတဲ့ နိုင်ငံမျိုးလား။ ဆိုစမတ်တွင်နေတာက ကမ္ဘာပေါ်မှာ အဲသည်နိုင်ငံကပေါ့ကွယ်ဆိုပြီး ပြည်သူတွေ မကြုံသင်တဲ့ သမိုင်းဆိုးနဲ့ ကြုံနေရရှာတယ်ဆိုပြီး အိမ်နီးချင်းတို့ရဲ့ သမိုင်းမှတ်တမ်းမှာ တွင်ကျန်မယ့် နိုင်ငံလား။ ငြိမ်းချမ်းလွန်းလို့ လူတွေ အလုပ်မရှိဘဲ အသစ်အသစ်တွေ ဖန်တီးကြလိုက်တာများလေ၊ နည်းပညာအသစ်တွေ မရေမတွက်နိုင်အောင် ထွက်တဲ့ နိုင်ငံပေါ့ကွယ်လို့ မှတ်တမ်းဝင်မယ့် နိုင်ငံလား။ ဂုဏ်အင်္ဂါဆိုတာမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အချက်လက်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အချက်အလက်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်၊ လူတဦးချင်းရဲ့ ဝင်ငွေနဲ့ ပတ်သက်တဲ့ အချက်အလက်စတဲ့ အချက်အလက်တွေကနေ စီးဆင်းလာတာမို့ ဆိုးတဲ့ဂုဏ်အင်္ဂါတွေ များနေသလား။ ကောင်းတဲ့ ဂုဏ်အင်္ဂါတွေပြည့်နေတဲ့ နိုင်ငံလားဆိုတာတွေကို လျှို့ဝှက်ထားရမှာ။ နိုင်ငံ့သိက္ခာကလည်း အရေးပါတဲ့ အချက်ပါပဲ။ နိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ လေးစားမှု၊ တိုင်းရင်းသားအနေအထား၊ နည်းပညာတိုးတက်မှု၊ ဆင်းရဲသားဦးရေ နည်းပါးမှု စတဲ့နိုင်င်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း လျှို့ဝှက်ထားရပါမယ်။ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိတာ မရှိတာ ပြောချင်လို့မဟုတ်သလို ပြောမှာလည်း မဟုတ်ပါဘူး။ ဖွဲ့ထားတဲ့ ဝါကျတကြောင်းထဲမှာပါတဲ့ နိုင်ငံတခု ဆိုတဲ့ စာပိုဒ်တပိုဒ်ကို လျှို့ဝှက်ထားဖို့ လိုအပ်နေလို့ လျှို့ဝှက်သင့်တဲ့အရာတွေကို လျှို့ဝှက်ထားပြီဖြစ်ကြောင်း ပြောလိုရင်းပါ။ လျှို့ဝှက်ရမယ့် အချက်အလက်ဟာ လျှို့ဝှက်ရမယ့်အရာပေါ် မူတည်ပြီး သေးရင်သေးသလို ကြီးရင်ကြီးသလို၊ ကျဉ်းရင်ကျဉ်းသလို ကျယ်ရင်ကျယ်သလို လျှို့ဝှက်ရမယ်ဆိုတာ ဘယ်သူမဆိုသိကြတာပဲမို့ များများစားစား ဆက်မပြောတော့ပါဘူး။ ဆက်မပြောတော့ဘူးဆိုပေမယ့် နိုင်ငံဆိုတာ ကျယ်ပြန့်တဲ့အရာမို့ တခြားအချက်တွေ ရှိနေပါသေးတယ်။ ခင်ဗျားပြောချင်နေသလား။ မပြောပါနဲ့။ လျှို့ဝှက်ထားပေးပါ။ အရေးကြီးလို့ပါ။ လျှို့ဝှက်ရမယ့်အရာတွေလည်း တော်တော်လေး ကျန်နေသေးတယ်။
တနေ့တော့ အချိန်တခုမှာ နိုင်ငံတခုက သမ္မတရဲ့နှလုံးသားတည့်တည့်ဆီ ကျည်ဆံတတောင့်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို တန်းတန်းမတ်မတ် ပြေးလွားနေတဲ့ ဝါကျမှာ နိုင်ငံတခု’ ဆိုတာကို စွမ်းသမျှလေး လျှို့ဝှက်ထားလိုက်ပြီးရင်တော့ ဝါကျထဲဆက်လျက် စာပိုဒ် သမ္မတဆိုတာကို ဆက်ပြီး လျှို့ဝှက်ပေးရမှာပေါ့။ သမ္မတဆိုတော့ ပေါ့ပေါ့ပါးပါးလေး လုပ်ရမယ့် အလုပ် မဟုတ်ပြန်ဘူး။ သမ္မတဆိုတာ နိုင်ငံအတွက် အရေးအပါဆုံးပုဂ္ဂိုလ်၊ တကမ္ဘာလုံးကလည်း သိတဲ့သူ။ နိုင်ငံ့အကျိုးစီးပွားအားလုံးက သူ့လက်ထက်မှာ သွန်လိုသွန် မှောက်လိုမှောက် သောက်လိုသောက် လုပ်နိုင်သူမျိုးလေ။ သမ္မတဆိုတာမျိုးက လုပ်ဆောင်ချက်ကောင်းရင် ငြိမ်းချမ်းရေးဆုတွေ ဘာတွေတောင် ရတတ်တဲ့သူမျိုး။ နောက်တချက် သမ္မတလို့ဆိုလိုက်တာနဲ့ အာဏာရှင်မဟုတ်ဘူး၊ ဝန်ကြီးချုပ်မဟုတ်ဘူး၊ ဘုရင်လည်း မဟုတ်ဘူးဆိုပါတော့။ အာဏာရှင်ဆိုတာကတော့ ကိုယ့်လုံခြုံရေး ဦးစားပေးပြီး လက်နက်ကိုင် အများကြီးနဲ့ နိုင်ငံကို အုပ်ချုပ်တဲ့သူမျိုး၊ ဘုရင်ရှိနေလို့ နိုင်ငံအုပ်ချုပ်ဖို့ အဆင့်တခုနဲ့ အုပ်ချုပ်နေရတာက ဝန်ကြီးချုပ်။ သမ္မတလည်း အမျိုးမျိုုးရှိလေရဲ့။ တချို့က တနိုင်ငံလုံး တပါတီတည်းရှိပြီး အဲဒီကနေ ဖြစ်လာတဲ့သမ္မတ၊ ရွေးကောက်ပွဲတောင် မသိလိုက်ရဘဲ လွှတ်တော်နဲ့ အကြီးအကဲက စိတ်ကြိုက်လက်လွဲလိုက်တဲ့ သမ္မတ၊ ကိုယ့်ကိုယ်ကို သမ္မတဆိုပြီး သမ္မတတက်လုပ်တဲ့ သမ္မတ၊ သို့ပေမယ့် များသောအားဖြင့်တော့ ပြည်သူလူထုတရပ်လုံးက ရွေးချယ်ပြီး ငါတို့ရဲ့ သမ္မတ လုပ်ပေးပါ၊ ငါတို့အတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရအောင် ဖန်တီးပေးပါဆိုပြီး ပြည်သူက အာဏာအအပ်ခံရတဲ့ သမ္မတ၊ စသဖြင့် သမ္မတက အမျိုးမျိုးရှိလေတော့ တော်တော်လေး လျှို့ဝှက်ရမှဖြစ်မယ် ကိစ္စပဲ။ ဒီတော့ သမ္မတဆိုတာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ငယ်ဘဝနဲ့ မိသားစု၊ သမ္မတရဲ့ မိသားစုရာဇဝင်၊ သမ္မတရဲ့ နိုင်ငံရေးလမ်းကြောင်း၊ သမ္မတရဲ့ နိုင်ငံရေး အတွေ့အကြုံ၊ သမ္မတရဲ့ မူလပါတီ၊ သမ္မတပါတီရဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်၊ သမ္မတရဲ့ ကိုယ်စားလှယ်လောင်းဘဝ၊ သမ္မတရွေးချယ်မှုစနစ်၊ သမ္မတရွေးချယ်ပုံ၊ သမ္မတဖြစ်ရခြင်းအကြောင်း၊ သမ္မတရဲ့ ပထမဆုံးမိန့်ခွန်း၊ သမ္မတရဲ့ သက်တမ်းအတွင်း အစီအစဉ်၊ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအမြင်၊ သမ္မတရဲ့ ကိုယ်စားလှယ် ရွေးချယ်မှုပုံစံ၊ သမ္မတအပေါ် နိုင်ငံသား ထောက်ခံမှု၊ ဘယ်နှစ်ဦးမြောက်သမ္မတ၊ သမ္မတရဲ့ ဦးစားပေး လုပ်ဆောင်မှု၊ သမ္မတရဲ့ နိုင်ငံရေး, စီးပွားရေး, ပညာရေးအမြင်၊ သမ္မတကိုးကွယ်သည့်အရာ၊ သမ္မတရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် သဘောထား၊ သမ္မတအပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှု၊ သမ္မတရဲ့ နိုင်ငံတကာအပေါ် ဆက်ဆံရေး၊ သမ္မတရဲ့ သံတမန်ဆက်ဆံရေး အပြောင်းအလဲ၊ သမ္မတဖြစ်လာပြီးနောက် ပြုလုပ်တဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖြုတ်ပစ်တဲ့ ဥပဒေ၊ ပြုပြင်တဲ့ ဥပဒေ၊ အသစ်ရေးဆွဲတဲ့ ဥပဒေ၊ ဒေသဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပေါ် ပြုပြင်ပြောင်းလဲမှု၊ နိုင်ကျဉ်းအပေါ် တုံ့ပြန်မှု၊ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်၊ တိုင်းရင်းသားအပေါ် ဆက်ဆံမှုစတာ စတာတွေကို အကုန်လျှို့ဝှက်ထားရပါမယ်။ ဒါပဲလားဆိုတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေဖြစ်တဲ့ အိမ်ထောင်ဖက်၊ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက်၊ အသားအရေ၊ အရပ်အမောင်း၊ အသက်အရွယ်၊ အချိုးအစား၊ ဝတ်စားဆင်ယင်မှု၊ ပုံပန်းသဏ္ဍာန်၊ ပညာအရည်အချင်း၊ မွေးဖွားရာဇာတိ၊ ဇာတိမြေအပေါ် သဘောထား၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ အိမ်ထောင်ရေးတည်မြဲမှု၊ လူမှုရေး ဖောက်ပြန်မှု၊ ကိုယ်ကျိုးစီးပွား၊ ဆွေးမျိုးဉာတိအပြောင်းအလဲ၊ ရင်းနှီးတဲ့မိတ်ဆွေ အပြောင်းအလဲ၊ ဝါသနာ၊ အားလပ်ချိန် လုပ်တတ်သော အလုပ်၊ အမူအကျင့်အဲဒါတွေကိုလည်း လျှို့ဝှက်ရပါမယ်။ လျှို့ဝှက်ချက်က ကြီးလျင်ကြီးတဲ့အလျောက် ငယ်လျင်ငယ်တဲ့အလျောက် လျှို့ဝှက်ရမယ်ဆိုပေမယ့် တချို့အချက်တွေက လျှို့ဝှက်စရာမလိုတာမျိုးလည်း ရှိတတ်ပါတယ်။ သမ္မတအားလုံးရဲ့ တူညီတဲ့အရာပေါ့။ ဥပမာ သမ္မတသည် လူတယောက်ဖြစ်သည် ဆိုတာမျိုး။ ပါးစပ်ဖြင့်စားသည်။ ခြေထောက်နှစ်ချောင်းရှိသည် ဆိုတာမျိုးတွေပေါ့။ ဟုတ်ပါတယ်။ လျှို့ဝှက်ချက်ကို လျှို့ဝှက်တယ်ဆိုတာ မိမိမှတပါး သို့မဟုတ် သက်ဆိုင်သောသူမှတပါး အခြားသောသူများကို မသိစေချင်တဲ့ အချက်အလက်တွေကို ထိန်းသိမ်းထားတာမျိုး ဖြစ်ပါတယ်။ အဲသလို အချက်အလက်တွေကို ထိန်းသိမ်းထားရာမှာ မလိုအပ်တဲ့ အချက်အလက်တွေကို အပိုအဖြစ်ထိန်းသိမ်းနေရရင် ဝန်ပိုဖြစ်ပြီး အားပိုကုန်သလို ပိုပင်ပန်းပါတယ်။ အားပိုကုန် ပိုပင်ပန်းတာက အရေးမကြီးပေမယ့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရသူက ဝန်လျှော့မယ်ဆိုပြီး တချို့အချက်အလက်ကို ဖွင့်ပြတာမျိုး လုပ်ပစ်လိုက်တတ်တယ်။ အဲဒါကြောင့် လျှို့ဝှက်ရမယ့် အချက်အလက်တွေဟာ တိကျမှုရှိသင့်ပါတယ်။
တနေ့တော့ဆိုတဲ့ လျှို့ဝှက်ချက်၊ အချိန်တခုဆိုတဲ့ လျှို့ဝှက်ချက်၊ နိုင်ငံတခုဆိုတဲ့လျှို့ဝှက်ချက်၊ သမ္မတဆိုတဲ့လျှို့ဝှက်ချက်တွေက လျှို့ဝှက်ချက်ရယ်လို့ လျှို့ဝှက်ချက်အဖြစ် လျှို့ဝှက်သင့်သလောက် လျှို့ဝှက် ပြီးသွားပြီဆိုပါစို့။ နှလုံးသားကိုလည်း လျှို့ဝှက်ချက်အဖြစ် ထားကိုထားရပါမယ်။ နှလုံးသားလို့ ကဗျာမှာ တင်စားတဲ့ နှလုံးဆိုသောအရာက အချို့သော တိရစ္ဆာန်နဲ့ ရေနေသတ္တဝါ တချို့ကလွဲလို့ လူဆိုတဲ့ သတ္တဝါနဲ့ သက်ရှိသတ္တဝါ အားလုံးတိုင်းမှာ မဖြစ်မနေရှိမှ ဖြစ်တဲ့အရာပါ။ ပြီးတော့ နှလုံးသားဟာ လူ ဒါမှမဟုတ် ဘယ်သတ္တဝါတို့မဆိုရဲ့ အသက်ဓာတ် မှီတည်ရာ ကိုယ်တွင်းအစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ မြင်ရတဲ့အရာမှ မဟုတ်တာပဲလေလို့ ပေါ့ပေါ့တွေးရင်တော့ လျှို့ဝှက်ချက်အဖြစ် ထားစရာ မလိုပါဘူး။ မှတ်သားတာတွေကို ဦးနှောက်က လုပ်ပေမယ့် စိတ်အားလုံးတို့ရဲ့ အလုပ်လုပ်ရာ နေရာကတော့ နှလုံးဖြစ်ပါတယ်။ နှလုံးရဲ့ ဘယ်နေရာက အလုပ်လုပ်သလဲ။ ထင်းထင်းလင်းလင်းရှင်းရရင် မျက်လုံးဆိုတာ ရှိပင်ရှိငြား မမြင်ရပါဘူး။ မျက်လုံးကနေ မြင်ပါတယ်ဆိုတဲ့အရာက မျက်လုံးမှာပါတဲ့ အကြည်ဓာတ်ကြောင့် မြင်ရတာဖြစ်ပါတယ်။ အဲသလို နားကလည်း နားအကြည်ဓာတ်ကြောင့် ကြားရတာ ဖြစ်ပါတယ်။ အဲဂလိုပဲ စိတ်အားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ နှလုံးရဲ့ အကြည်ဓာတ်မှာ ဖြစ်ပါတယ်။ မျက်လုံးရဲ့ မြင်နိုင်စွမ်းကို ပေးနိုင်တဲ့ မျက်ကြည်လွှာဆိုတာရှိသလို နှလုံးမှာလည်း အကြည်ဓာတ်တည်ရှိရာ နှလုံးအခန်း လေးခန်းရဲ့ အလည်တည့်တည့်မှာ မုန်ညှင်းစေ့ပမာဏထက် သေးငယ်တဲ့ပမာဏနဲ့ တည်ရှိနေပါတယ်။ အဘိဓမ္မာဆရာများကတော့ နှလုံးသွေးတို့ရဲ့ လှုပ်ရှားမှုအားလုံးကို အဲဒီအကြည်ဓာတ်ကပဲ စေခိုင်း ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအကြည်ဓာတ်ကနေပြီးတော့ အဲသလို စေခိုင်းထိန်းချုပ်နိုင်အောင် စိတ်က နှိုးဆော်ပေးပါတယ်။ ဒေါသထွက်တဲ့အခါ နှလုံးသွေးတွေ မည်းညစ်လာပြီး မျက်နှာပါ မည်းလာတာမျိုး၊ ဝမ်းနည်းတဲ့အခါ နှလုံးရဲ့အကြည်ဓာတ်က အလုပ်မလုပ်ပေးတော့လို့ သွေးလည်ပတ်မှု ရပ်တန့်ပြီး နှလုံးအောင့်တာမျိုးဟာ စိတ်တို့ရဲ့ ပံ့ပိုးမှုက ပေးစွမ်းတဲ့ အကြည်ဓာတ်ကလေး ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်တခုလုံးကို ထိန်းချုပ်ထားတဲ့ သွေးကြောအားလုံးတို့ရဲ့ အဝင်အထွက် ဂိတ်ဖြစ်တဲ့ နှလုံးသားဟာ လူတယောက်၊ သက်ရှိသတ္တဝါတို့ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဆိုတော့ နှလုံးသားဆိုတာ စိတ်ခံစားမှုတို့ရဲ့ ဖြစ်တည်ရာဖြစ်နေတော့ လျှို့ဝှက်ချက်အဖြစ် ထားမှကို ဖြစ်တော့မှာဖြစ်လို့ နှလုံးသားကိုလည်း လျှို့ဝှက်ထားရပါမယ်။
အဲသည်နှလုံးသားရဲ့ ကြံစည် သုံးသပ် ဆုံးဖြတ် လုပ်ကိုင်တတ်တဲ့အစုအထွေး၊ ထိတွေ့ ခံစား မှတ်သား တိုက်တွန်းတတ်တဲ့အစုအထွေးတွေဟာ သမ္မတဆိုသူကို ဖော်ထုတ်နိုင်ပါတယ်။ သမ္မတကြောင့် နိုင်ငံတခုဆိုတာကို ဖော်ထုတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတခုရဲ့သမ္မတမှာ ဖြစ်ပေါ်နေတဲ့ စိတ်ဇောအစဉ်အားလုံးရဲ့ မှီတည်ရာ နှလုံးသားကို လျှို့ဝှက်ချက်အဖြစ်ထားဖို့ ဘယ်လိုနှလုံးသားမျိုး ထားရှိနေသလဲဆိုတာကို လျှို့ဝှက်ချက်အဖြစ် ထားရပါမယ်။ နှလုံးသားက ကိုယ်ကျိုးကိုသာ ဦးစားပေးနေတဲ့ နှလုံးသားမျိုးလား၊ ကိုယ့်မိသားစုကျိုးကိုသာ ချီးမြောက်နေတဲ့ နှလုံးသားမျိုးလား၊ အတ္တကို ရှေ့တန်းတင်ထားတဲ့ နှလုံးသားမျိုးလား၊ သားစဉ်မြေးဆက် ကြီးပွားရေးကို ဗဟိုပြုနေတဲ့ နှလုံးသားမျိုးလား။ ဖြူစင်မှု၊ ချစ်ခင်မှု၊ နွေးထွေးမှု၊ ကြင်နာတတ်မှု၊ ကရုဏာပြည့်ဝမှု၊ ချီးမြှောက်တတ်မှု မင်္ဂလာတရားတွေ ပြည့်နေမှုစတဲ့ မှန်ကန်မှု လျော်ကန်တဲ့ တွေးခေါ်မှုတွေနဲ့ ပြည့်ဝတဲ့ နှလုံးသားမျိုးလား။ မိတ်ဆွေနဲ့ ရန်သူအပေါ် တပြေးညီ ချစ်နိုင်တဲ့ နှလုံးသားမျိုးလားဆိုတာတွေက အရေးပါပြန်တယ်။
နှလုံးသားဆိုတာ လူတယောက်ရဲ့ ဘယ်ဘက်ရင်ဘတ်အောက်မှာ ရှိပါတယ်။ သာမန်ပဲ ကြည့်ကြစို့၊ သူ့ကို နံရိုးက ဖုံးထားတယ်။ အကြောတွေ ဖုံးထားတယ်။ အသားတွေ ဖုံးထားတယ်။ အရေပြားဖုံးထားတယ်။ အရေပြားအပေါ်မှာ အင်္ကျီတွေ အထပ်ထပ် ဖုံးထားပါသေးတယ်။ အင်္ကျီရဲ့ အထပ်တွေကလည်း သရုပ်အမျိုးမျိုး သကန်အမျိုးမျိုးနဲ့ တန်ဖိုးအနိမ့်အမြင့်တွေကို စုပ်ယူပြီး အဆင့်အတန်းတွေကို ချပြနေတာမို့ အပြင်ဘက် အပြင်အဆင်ကို တွေးဆရင် အတွင်းပိုင်းကိုလည်း မြင်နိုင်တာမျိုး ရှိတတ်ပါသေးတယ်။ ဒါပေမယ့် လျှို့ဝှက်ထားရမှာပေါ့။ အင်္ကျီအမျိုးအစားအပြင် ကျည်ကာပါသလား မပါသလားအထိလည်း လျှို့ဝှက်ရမှာပဲ။ နှလုံးသားကို ကျည်ကာတွေ အင်္ကျီပုံစံ အမျိုးမျိုးတွေနဲ့ ဟန်ဆောင်ဖုံးထားလို့ ရသလို နှလုံးသားရဲ့ ဦးစားပေးလုပ်ရပ်ကိုလည်း ဟန်ဆောင်ဖုံးထားလို့ ရပါသေးတယ်။ ဒီလိုဆိုရင်ဖြင့် နှလုံးသားကို မသိနိုင် မမြင်နိုင်တောဘူးလားလို့ မေးစရာ ရှိပါသေးတယ်။ သိနိုင်စရာ မြင်နိုင်စရာ အများကြီးရှိပါသေးရဲ့။
နှလုံးသားဟာ ရှိနေရုံ ရှိနေခြင်းမဟုတ်ဘဲ စိတ်၊ စေတသိက် အားလုံးရဲ့ ဖြစ်ရာနေရာဖြစ်ပြန်တော့ အဲဒီနှလုံးသားရဲ့ ပိုင်ရှင်ဖြစ်တဲ့ လူနဲ့ သက်ရှိကို စိတ်စေခိုင်းရာအတိုင်း ပြုမူနေထိုင်လာရင်းကနေ စရိုက်ဆိုတာတွေ ဖြစ်ပေါ် လာပါတယ်။ စရိုက်တွေ အများကြီး မရှိပါဘူး။ ၆ မျိုးပဲ ရှိတယ်။ လိုချင်မှုတွေပြည့်နေတတ်သူ၊ ကြမ်းကြမ်းတမ်းတမ်းပြုတတ်သူ၊ မသိမိုက်မဲသူ၊ ယုံကြည်သူ၊ ဆင်ခြင်တတ်သူ၊ ကြံစည်တတ်သူဆိုတဲ့ ခြောက်မျိုးပဲ။ ဒီခြောက်ပါးအကြောင်းကိုတော့ ရှေးရှေးသောဆေးကျမ်းတွေရဲ့ အဆုံးသတ်မှာ ရေးသလို ရေးပြရရင်တော့ မိမိဉာဏ်ရှိသလို ချဲ့ပါလေ ဆိုသလိုပဲ ရေးပြရမှာပဲ။ သည် ၆ ပါးကို တရားဟောဆရာတော်တွေ ဟောထားတာ၊ စာရေးဆရာတွေ ရေးထားတာ ရှိကောင်းရှိနိုင်ပါတယ်။ ရှာဖွေကြည့်ကြပေါ့။ သည် ၆ ပါးဆိုတာကတော့ နှလုံးသားကို မူတည်ပြီး လူအမျိုးအစားကို ခွဲပြတဲ့ အဘိဓမ္မာဘက်က နည်းလမ်းဖြစ်ပါတယ်။ အရှေ့တိုင်းနည်းဆိုပါတော့။ အနောက်ဘက်ခြမ်းမှာတော့ အမေရိကန်ဌာနေတိုင်းရင်းသားတို့ရဲ့ နည်းအားဖြင့် တရိစ္ဆာန်လေးမျိုး၊ ဂျော့ဂတ်ဂျက်ဆိုတဲ့သူ နည်းအားဖြင့်ဆိုရင်တော့ အင်နာဂရမ်ဆိုပြီး ကိုးမျိုးပေါ့။ ခြောက်မျိုးဖြစ်ဖြစ်၊ လေးမျိုးဖြစ်ဖြစ်၊ ကိုးမျိုးဖြစ်ဖြစ် စရိုက်ဆိုတာကတော့ လူတယောက်ဆီမှာ တခုတည်းပဲ မရှိပါဘူး။ နှစ်မျိုး၊ သုံးမျိုး ရှိနေတတ်ပါတယ်။ အဲဒီထက် ပိုလည်း ပိုနိုင်ပါသေးတယ်။ ဘယ်သူမှာ စရိုက်တွေ ဘယ်နှစ်မျိုးပဲရှိရှိ အားကြီးတဲ့ တမျိုးကတော့ လူတိုင်းမှာ အခြေခံအားဖြင့် ရှိပါတယ်။ ဘယ်လိုမှ ဖုံးထားဖုံးထား။ ဖုံးထားလို့ မရနိုင်တဲ့ တမျိုးသောစရိုက်ရဲ့ ကြီးစိုးမှုကို ကြည့်မြင်နိုင်ပါတယ်။ စရိုက်ဆိုပေမယ့် နှလုံးသားကလာတာမို့ ဘယ်လိုနှလုံးသားပိုင်ရှင်မျိုးလဲဆိုပြီး ခွဲကြတာပေါ့။ အကုန်လုံးကို သိမ်းကြုံးရချင်နေတဲ့ နှလုံးသား၊ အရာအားလုံးကို ကြမ်းကြမ်းကြုတ်ကြုတ် ကိုင်တွယ်ဖြေရှင်းတဲ့ နှလုံးသား၊ လုပ်သမျှကိုင်သမျှတိုင်း အသိဉာဏ်နည်းကြောင်း ပြနေတဲ့နှလုံးသား၊ ပေးဆပ်မှုတွေနဲ့ ပြည့်နေတဲ့နှလုံးသား၊ တွေးတွေးဆဆ ဆင်ဆင်ခြင်ခြင် ပြောတတ် ဆိုတတ် လုပ်ကိုင်တတ်တဲ့ နှလုံးသား၊ အလုံးကောင်းဖို့အတွက်သာ ကြံစည်တတ်တဲ့နှလုံးသား ဆိုပြီးခွဲခြားသိနိုင်ပါတယ်။ လက်တွေ့ လုပ်ကိုင်ရာမှာ ပေါ်မလာရင် ပြောတဲ့နေရာမှာပေါ်တယ်။ ပြောတဲ့နေရာမှာ မပေါ်ရင် လုပ်ကိုင်တဲ့နေရာမှာ ပေါ်ပါတယ်။ ဒါတွေကို တရက်လောက်တော့ ထိန်းနိုင်ရင် ထိန်းနိုင်မယ်။ ရက်ပေါင်းများစွာတော့ မရပါဘူး။ ဒါတွေကိုတော့ လျှို့ဝှက်ချက်အဖြစ် ထားရမယ့် အကြောင်းတွေ ရှိနေလို့ သမ္မတရဲ့ စိတ်သဘောထားများ ဖြစ်ပေါ်ရာ နှလုံးသားကိုလည်း လျှို့ဝှက်ထားလိုက်ပါတယ်။
လျှို့ဝှက်ချက်က “တနေ့တော့ အချိန်တခုမှာ နိုင်ငံတခုက သမ္မတရဲ့နှလုံးသားတည့်တည့်ဆီ ကျည်ဆံတတောင့်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို တန်းတန်းမတ်မတ် ပြေးလွားနေသည်” ဆိုတဲ့ ဝါကျတခုလုံးကို လျှို့ဝှက်ချက်အဖြစ်ထားလိုက်ရင် ပြီးတာပဲ မဟုတ်လား။ ဝါကျတခုလုံးကို ကုဒ်တခုအဖြစ် ပြောင်းလဲလိုက်တာမျိုး၊ ဟိုက်လုပ်တာမျိုး၊ လုံခြုံရေး အာမခံတဲ့ ဒရိုက်တခုခုမှာ တင်ထားလိုက်တာမျိုး၊ ဖိုင်နာမည် ပြောင်းလိုက်တာမျိုးလုပ်လို့ရသားပဲ။ စာရွက်ပေါ် ထုတ်ပြီးသားဆိုရင်လည်း အလုံခြုံဆုံးဘဏ်ရဲ့ လောခ့်ကာတခုမှာ ကိုယ်ပိုင်နံပါတ်နဲ့ ထည့်သိမ်းတာမျိုး၊ လျှို့ဝှက်ချက်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းတာမျိုး၊ စောင့်ကြပ်မှု မြှင့်လိုက်တာမျိး။ ဖြစ်နိုင်ချေရှိတဲ့ သူလျိုတွေကို ဖော်ထုတ်ပြီး သီးခြားထားတာမျိုး။ ကာကွယ်ရေးဝန်ကြီးဌာကို အပ်ထားတာမျိုး တခုခုလုပ်လိုက်ရင် ဖြစ်တာပဲ မဟုတ်လား။ နောက် မြန်မာလိုရေးထားတာဆိုရင် မြန်မာစာမှာ လျှို့ဝှက်စာရေးနည်းတွေ များများဘိသနဲ့။ တခုချင်းစီ လျှို့ဝှက်နေရင်း အခုမှ ထဇီဇာကြောင်လို့ မဖြစ်တော့ပါဘူးလေ။ ဒါပေမယ့်လည်း ‘တည့်တည့်ဆီ’ ဆိုတာလေးကို လျှို့ဝှက်ရမလား။ လျှို့ဝှက်သင့်သလား။ တည့်တည့်ဆီဆိုတာ ပန်းတိုင်လား။ မျှော်မှန်းချက်လား။ ရည်ရွယ်ချက်လား။ လုပ်ဆောင်ချက်လား။ လျှို့ဝှက်ချက်ဆိုတာမျိုးက မသိစေချင်တဲ့ အရာမျိုးမဟုတ်လား။ ဒါဆိုရင်ဖြင့် တည့်တည့်ဆိုတာကိုလည်း လျှို့ဝှက်ရမှာပါပဲ။ ဟုတ်ကဲ့ တည့်တည့်ဆီဆိုတာလည်း လျှို့ဝှက်ချက်ပါ။ ဒါပေမယ့် လျှို့ဝှက်ရမယ်ဆိုရာမှာ မလျှို့ဝှက်သင့်တာလည်း ရှိပြန်တော့ တည့်တည့်ဆီဆိုတာက လျှို့ဝှက်စရာလား။ ဝါကျတခုမှာ နာမ်ကိုပဲ အဓိကထားရမှာ မဟုတ်လား။ ကြိယာကသာလျင် အဓိကကျတာ မဟုတ်ဘူးလား။ ကတ္တား ကံ ကြိယာမှာ လက်တွေ့ကျသူက ကြိယာပါပဲ။ ဒီဝါကျမှာတော့ တည့်တည့်က ကြိယာမဟုတ်ပါဘူး။ ကြိယာဝိသေသနကြီး။ ဘာလို့ စာတကြောင်းမှာ နာမည်တွေ ကွဲပြားနေရတာလဲ။ နာမည်တွေခွဲလိုက်တာနဲ့ ဝါကျတခုဟာ ဖတ်လို့ ကောင်းသွားသလား။ ကပ်ဖကာတို့ မူရာကာမီတို့ရဲ့ စာကြောင်းတကြောင်းချင်းစီမှာကော တပိုဒ်ချင်း နာမည်တပ်လို့ရသလား။ နာမည်တပ်လိုက်တာနဲ့ ဝါကျက အဓိပ္ပါယ်ရှိပြီး ပြည့်စုံသွားလား။ ဒီလိုဆိုပြန်တော့ အခု ဝါကျက ဝါကျသက်သက်လား။ လုပ်ဆောင်ချက်ကို စာအဖြစ်ရေးထားသလား။ လုပ်ဆောင်ချက်စာကို ဝါကျလုပ်ရုံနဲ့ လျှို့ဝှက်စရာလား။ လျှို့ဝှက်ချက်ထားတော့မယ် ထားရတော့မယ်ဆိုရင်ဖြင့် အရာအားလုံးဟာ ဒီလိုပဲ ရှုပ်ထွေးတတ်သလား၊ တိုင်းတာတတ်ရသလား။ နှိုင်းစာပြရသေးသလား။ အစပိုင်းက လျှို့ဝှက်ချက်အဖြစ် ထားခဲ့ပြီးကာမှ နောက်ပိုင်းကျတော့ လျှို့ဝှက်ချက်ကို ဆက်မထိန်းသိမ်းနိုင်တော့ဘူးလား။ မထိန်းသိမ်းချင်တော့ဘူးလား။ ဒီလိုနဲ့ လမ်းခုလပ်မှာ ဘယ်လောက်ကျန်ခဲ့လဲ။ ဘယ်လောက် လမ်းပျောက်သွားကြသလဲ။ အဆုံးထိသွားရတာ ထွေပြားလှချည့်။ အဆုံးဆိုတဲ့နေရာမှာ အဆုံးဆိုတာက သေကောသေချာရဲ့လား အိုး သက်ပြင်းများစွာနဲ့ အခါခါတွေးမိချက်။ လျှို့ဝှက်ချက်လို့ ဆိုလိုက်တာနဲ့ကိုပဲ တန်ဖိုးကြီးပါတယ်။ လေးနက်ပါတယ်။ လူတယောက်ရဲ့ အသက်ဖြစ်သလို၊ မိသားစုတစုရဲ့ အသက်လည်းဖြစ်ပါတယ်။ လူမျိုးစုတစုရဲ့ အသက်ဖြစ်သလို သူတို့ပိုင်နယ်မြေရဲ့ အသက်လည်းဖြစ်ပါတယ်။ တောင်တန်းတခုရဲ့ အသက်ဖြစ်သလို ပြည်မရဲ့ အသက်လည်းဖြစ်ပြီး နိုင်ငံရဲ့ အသက်လည်းဖြစ်ပါတယ်။ ဆိုရင်တော့ဖြင့် ကျန်နေသေးတဲ့ ကျည်ဆံတတောင့်၊ အရှိန်အဟုန်ပြင်းပြင်း၊ လေဟာနယ်၊ တန်းတန်းမတ်မတ်၊ ပြေးလွား ဆိုတဲ့ စကားလုံးတွေထဲမှာ ဘယ်စကားလုံးက လျှို့ဝှက်ချက်အဖြစ်ထားသင့်သလဲ။ စစ်တန်းချကြဦးစို့။ နောက်က စကြည့်မယ်။ ‘ပြေးလွား’ဆိုရင် ရပြီလား။ ‘ပြေးလွားနေ’ ဆိုမှ ဖြစ်မှာလား။ လျှို့ဝှက်ချက်ဆိုတာ အရေးပါတဲ့အရာကိုပဲ လျှို့ဝှက်သင့်တာဆို။ ပတ္တမြားအဖြစ်၊ ကျောက်စိမ်းအဖြစ် ပွင့်မယ့်ကျောက်ကိုပဲ သယ်ရမှာပေါ့။ ဘယ့်နှယ်ကြောင့်များ လမ်းခင်းကျောက်ကို သယ်နေရမှာလဲ။ အဓိကနဲ့ သာမညမခွဲတတ်လို့ ပိုမောခဲ့ရတဲ့အချိန်တွေလည်း များခဲ့ပြီးပြီ။
“တနေ့တော့ အချိန်တခုမှာ နိုင်ငံတခုက သမ္မတရဲ့နှလုံးသားတည့်တည့်ဆီ ကျည်ဆံတတောင့်ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို တန်းတန်းမတ်မတ် ပြေးလွားနေသည်” ဆိုတဲ့ ဝါကျမှာ အရေးပါတဲ့ အရာတွေက ကုန်ပြီထင်တယ်။ ‘ကျည်ဆံတတောင့်’ ဆိုတာက အရေးမပါဘူးလား။ အရှိန်အဟုန်ပြင်းပြင်း ကကော၊ လေဟာနယ်ဆိုတာက ဘာမှ မဟုတ်ဘူး။ တန်းတန်းမတ်မတ်ကလည်း ဘာမှ မဆိုင်ဘူးလေ လျှို့ဝှက်စရာမလိုဘူး။ ဒီလိုနဲ့ ဝါကျတခုလုံးမှာ ဘယ်ဟာကို လျှို့ဝှက်သင့်သလဲ စဉ်းစားရကြပ်နေချိန် ဝါကျထဲက စာပိုဒ်တွေဟာ အသက်ဝင်လာသလို ဖြစ်လာပါတော့တယ်။ တကယ်ပဲ စာလုံးတလုံးချင်းစီကနေ စာစုလေးတခု စာစုလေးကနေ စာပိုဒ်တခုဖြစ်ခွင့်ရခဲ့ကြတဲ့ ဝါကျထဲက စာပုဒ်တွေဟာ သူတို့ကို အရေးတယူ လျှို့ဝှက်နေရတာနဲ့ အသက်ဝင်သွားတာပဲ။ နောက် သူတို့အချင်းချင်း ဘယ်သူက ပိုအရေးပါတယ် မပါဘူးနဲ့ စတင်ငြင်းခုန်လာပါတော့တယ်။ ‘တနေ့တော့၊ အချိန်တခု၊ နိုင်ငံတခုနဲ့ သမ္မတ’ ဆိုတဲ့ စကားလုံးကတော့ ဆရာကြီးအထာနဲ့ ဟိတ်ကြီးဟန်ကြီး။ အမ်စီယူဇာတ်ကားအကြည်များမှုလား။ အင်န်ဒါဆင်ဝတ္ထု အဖတ်များသွားမိတာကြောင့် နေမယ်။ ထားတော့ သူတို့တွေ အသက်ဝင်လာပြီး ငြင်းခုန်တာ နားထောင်ရင်း လိုအပ်တာရှိရင် ဝင်ဖြည့်ကြစို့ရဲ့။
ဝါကျထဲက စာပိုဒ်အချင်းချင်း ငြင်းခုန်နေချိန် ‘ပြေးလွား’ က ဘာမှ ဝင်ပြောလို့မရ ဖြစ်နေတယ်။ ဒါနဲ့ ‘ပြေးလွား’က အိပ်စက်ဖို့ အိပ်ယာခင်းလိုက်ပါတယ်။ အိပ်ယာခင်း၊ ခေါင်းအုံးချ၊ ခြင်ထောင်ကိုတောင် ထောင်လိုက်သေးတယ်။ သူ့ခြင်ထောင်ပုံကိုလည်း ကြည့်လိုက်ပါဦး။ လက်သုံးချောင်းထောင်နေတဲ့ပုံကြီးနဲ့။ အားလုံးက ကြောင်စီစီ ငေးနေကြရင်း အတိုင်းအတာတခုစာ ငြိမ်သွားတယ်။ ပြေးလွားဆိုတဲ့ စကားလုံးက ပက်လက်ကလေးအိပ်ရင်း ခေါင်းအုံးဘေးနားချထားတဲ့ ဖုန်းကို ထုတ်ပြီး သူ့ပြေးလွားနှုန်းကို လူမှုကွန်ယက်စာမျက်နှာမှာ ပိုစ့်တခုအဖြစ် တင်လိုက်ပါတော့တယ်။ သူတင်တဲ့ပိုစ့်က “တစက္ကန့်မှာ နောက်ဆုံးပေါ် ကင်မရာက ရိုက်ကွက်ပေါင်း ၉၆၀ ထိရိုက်ပြီး အချိန်ဆွဲနိုင်ပေမယ့် ငါတော့ တစက္ကန့်ကို ရက်ပေါင်း ၃၆၅ ရက်အထိအချိန်ဆွဲနိုင်တယ်” တဲ့။
လူမှုကွန်ယက်ပေါ်တင်လိုက်တဲ့ ‘ပြေးလွား’ရဲ့ ပိုစ့်ကြောင့် ကျည်ဆံက သတိတချက်ဝင်လာတယ်။ ဘာကြောင့် သူ ပြေးလမ်းထဲ ရောက်နေရတာလဲ။ ‘ပြေးလွား’ကို လျှို့ဝှက်သင့် မသင့်ငြင်းရင်း ‘ပြေးလွား’က ဘယ်သူမှ မထင်ထားတာကြီးလုပ်ပြီး ပိုစ့်တခုတောင် ကောက်တင်လိုက်သေးတာဆိုတော့ ၃၆၅ ရက်ဆိုတာ တနှစ်ပဲလို့ သိလိုက်တယ်။ ဒီတော့ ‘ကျည်ဆံ’ကလည်း သူ့အတွက် အချိန်ရသွားတာနဲ့ ငြင်းခုန်တာကို ရပ်လိုက်တယ်။ သူ့အတွက် သူများစဉ်းစားတာ မခံဘဲ သူ့ဘာသာသူ ပြန်စဉ်းစားလိုက်တယ်။ ကျည်ဆံဟာ သူ ဘာလို့ ပြေးလမ်းထဲ ရောက်နေရတာလဲဆိုပြီး သူ့လမ်းကြောင်းကို သူပြန်ငှဲ့ကြည့်မိလိုက်တယ်။ သူ့လမ်းကြောင်းမှာ တနေ့ဆိုတဲ့အချက်၊ အချိန်တခုဆိုတဲ့ အချက်၊ နိုင်ငံတခု ဆိုတဲ့အချက်၊ သမ္မတဆိုတဲ့အချက်တွေ ပါဝင်နေတာကို တွေ့လိုက်ရတယ်။ လမ်းကတော့တူပါပြီ။ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့လမ်းမို့ အချင်းချင်း မတွေ့ဖြစ်ကြဘူး။ တွေ့ရလောက်အောင်လည်း အဆင့်အတန်းချင်းက မတူဘူး။ ဟုတ်ပါတယ်။ ကျည်ဆံဆိုတာ နယ်နယ်ရရ မဟုတ်ပါဘူး။
ကျည်ဆံက အားလုံးနဲ့ အဆင့်အတန်းချင်း မတူတဲ့ပုံကို စဉ်းစားတယ်။ သိပ်မဝေးသေးတဲ့ ကာလများမှာ ယန္တယားရဲ့ လောင်ကျွမ်းနေတဲ့ အပူများနဲ့အတူ အခြားသော မိတ်ဆွေကျည်ဆံများလို သူက ကျည်ဆံတတောင့်အဖြစ် တီထွင်ဖန်တီးခြင်းကို ခံလိုက်ရပါတယ်။ လူတွေဟာ သူတို့ဖန်တီးတီထွင်ထားတဲ့ ကျည်ဆံကို အခြားသော ကား၊ လယ်ထွန်စက်၊ တီဗွီ၊ ဖုန်း၊ စာအုပ်နဲ့ ခဲတံ၊ ဘိုမရုပ်တို့လိုပဲ လူကြားထဲ ဖြန့်ထားပါတယ်။ ဈေးဝယ်စင်တာမှာ အလှပြအခန်းမှာတော့ မဟုတ်ပါဘူး။ အမှောင်ထဲမှာပါ။ မျက်နှာဖုံးနဲ့ပါ။ မတန်တဆ ငွေကြေးနဲ့ပါ။ မတန်တဆငွေကြေးနဲ့ ပေးရပေမယ့် မတန်တဆရအောင် ဝယ်ပြီး မတန်တဆတွေ အသုံးခံရတဲ့ ပစ္စည်းပါ။ မူလတန်းကျောင်းက ကလေးငယ်ရဲ့ ခဲတံကလေးကျိုးသွားရင် အပြစ်တင်ချင်တင်မယ်။ ကျည် အတောင့်တရာသုံးလိုက်ရင် ဘယ်သူမှ ဘာမှ မပြောပါဘူး။ ဒါကိုကြည့်ရင်ဖြင့် ကျည်ဆံကို ဈေးကြီးကြီးပေးဝယ်ရတဲ့ တန်ဖိုးမဲ့ပစ္စည်းတခုလို့ ထင်မှာပေါ့။ အဲဒီအပြင် သူ့ဖြစ်ရပ်ကိုကြည့် တန်ဖိုးမရှိဘူးလို့ ယူဆပြီး အခု သူနဲ့ တတွဲတည်းကျပြီး တခရီးတည်းသွားနေကြတဲ့ တနေ့၊ အချိန်တခု၊ နိုင်ငံတခု၊ သမ္မတလောက်တောင် အဆင့်မရှိဘူးလို့ ထင်ချင်စရာပေါ့။ ဒါပေမယ့် အဲလို မဟုတ်ပါဘူး။ သူဟာ နယ်နယ်ရရမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ ကလေးခဲတံကျိုးသွားတဲ့အခါ ကြောက်စိတ်ဝင်ရသူက အဲဒီကလေး တယောက်တည်းပဲ။ ကျည်ဆံတရာထွက်သွားတာ ကြောက်ရသူက ကြားကြားသမျှ လူအားလုံးအပြင် ကျေးငှက်တွေအပါ အိမ်မွေးတိရစ္ဆာန်နဲ့ စိုက်ပျိုးရေးကျွဲနွားတွေအထိ ကြောက်စိတ်ကိန်းဝပ်သွားပါတယ်။ ထရော်မာအကြီးစား ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါတောင် ဒါမျိုးက သူ့ရဲ့ အောက်ခြေအဆင့်ပဲ ရှိပါသေးတယ်။ စာရင်းထဲတောင် ထည့်စရာမလိုတဲ့ သူ့အစွမ်းတခုပါ။ တကယ်တမ်း သူက ဒါထက်ပိုပါတယ်။
ဒီပြေးလမ်းထဲ မလွတ်တင်ခင်အထိ သူ့ဘဝရဲ့ ဖြတ်သန်းမှုကြီးက အကြောင်းကို ပြောလိုက်ရင် သဘောပေါက်သွားမယ် ထင်ပါတယ်။ သူကျည်ဆံဘဝရောက်ပြီးတာနဲ့ သူ့ကို ကိုင်တွယ်တဲ့ လက်ချောင်းတွေဆီကနေ တဆင့် လူတွေရဲ့ မျက်လုံးတွေကို သူမြင်ခဲ့ရတယ်။ သူမြင်ခဲ့ရတဲ့ အားလုံးသော မျက်လုံးတွေဟာ ရတနာတွေလို့ နာမည်တပ်ထားတဲ့ စိန်ရွှေပတ္တမြားတွေလို တန်ဖိုးကြီးပစ္စည်းတွေထက် သူ့လို ကျည်ဆံကို ပိုလိုချင်ကြတယ် ဆိုတာပါပဲ။ သူတို့ ဘာလို့များ ကျည်ဆံဆိုတဲ့ သူ့ကို ငမ်းငမ်းတက်လိုချင် နေကြတာပါလိမ့်လဲ။ ရောင်းသူ ဝယ်သူ အသံတူနေပုံက ကာကွယ်ဖို့နဲ့ တိုက်ထုတ်ဖို့တဲ့။ ဒီ စကားလုံးနှစ်လုံးတည်းနဲ့ သူ့ကို အဲလောက် လိုချင်ကြသတဲ့လား။ တကယ်တမ်းတော့ အဲဒီနောက်ကွယ်မှာ ခြိမ်းခြောက်ဖို့၊ ဗိုလ်ကျဖို့၊ အာဏာရဖို့၊ နယ်မြေသစ်လုဖို့ဆိုတာတွေ ပါမှန်းတော့ သိပေမယ့် ဘယ်သူကမှ ဘာမှ မပြောတာရယ်။ တယောက်ကတော့ဖြင့် အဲဒီယုတ်ယုတ်ညံ့ညံ့စကားလုံးကို လှပအောင်တန်ဆာဆင် ပေးလိုက်ပါတယ်။ ‘ငြိမ်းချမ်းရေး’အတွက် တဲ့။ သည်စကားကိုတော့ သူနည်းနည်း သဘောကျသွားတယ်။ လူတွေကို ငြိမ်းချမ်းစေဖို့ တရားဓမ္မထက်၊ ဖီလော်ဆော်ဖီထက် ကျည်ဆံပဲ လိုအပ်ကြောင်း စကတည်းက သူသိပြီးသား။ လူတွေက အမှန်ကို အမှန်အတိုင်း မပြောရဲကြလို့သာ။ များများစားစား ကျော်တွေးကြည့်လိုက်။ အံမယ်။ လူတွေ ငြိမ်းချမ်းရင်တော့ ကမ္ဘာကြီးလည်း ငြိမ်းချမ်းပြီပေါ့။
တကယ်ပဲ အားလုံးကို ငြိမ်းချမ်းသွားအောင် သူ့အနေနဲ့ ပြောင်းလဲပေးနိုင်သလား။ ဒါ ချဲ့ကားချက်သက်သက် မဟုတ်ပါဘူး။ တကယ်ပဲ သူပြောင်းလဲပေးနိုင်ပါတယ်။ သူ့အနေနဲ့ ရေနံသိုက်၊ ဓာတ်ငွေ့သိုက်၊ တန်ခိုးအာဏာ၊ လူမျိုးဘာသာစတဲ့ အပူမီးတွေ လောင်မြိုက်နေတဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေးဆိုတာကြီးဖန်တီးပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်းသာ ရှိခဲ့ရင် သူဟာ အကိုးကွယ်ခံအဖြစ်နဲ့ ရှိသင့်သူပေါ့။ မဟုတ်ဘူးလား။ တကမ္ဘာလုံးကို ငြိမ်းချမ်းသွးစေနိုင်သော ကျည်ဆံဟာ ကိုးကွယ်စရာ ဘာသာတွေထဲက နောက်ထပ် ဘာသာတခုအနေနဲ့ သူရှိရမှာပေါ့။ ဘယ်လိုနာမည်နဲ့လဲ။ ကျည်ဆံဘာသာနဲ့ ကျည်ဆံနတ်ဘုရား အဲလိုလား။ ဟုတ်ပါရဲ့။ မှန်ပါရဲ့။ သူက ရိုးရိုးမှ မဟုတ်ဘဲ။ သူက နတ်ဘုရားပဲ။ ဒီလိုမျိုးဆိုရင် သူကို ယုံကြည်သူတွေ ရေးသားတဲ့ ကျည်ဆံကျမ်းစာဆိုပြီး ရှိရမှာပဲ။ ကျည်ဆံကျမ်းစာမှာ ဘာတွေ ရေးမလဲ။ ထွေထွေပြားပြားနဲ့ များများစားစားကြီး ရေးထားရမှာဆိုပေမယ့် ဆိုလိုရင်းကတော့ တခုတည်း ဖြစ်မှာတော့ သေချာတယ်။ အဲဒါကတော့ “မည်သို့သောသူ၏ အသက်မှ ကျည်ဆံလောက် တန်ဖိုးမရှိ” လို့ပါ။ အို လိုက်နာသင့်ပေစွ။ ဒီကျမ်းစာကို မယုံကြည်လို့တော့ မရဘူး။ ဗုဒ္ဓဖြစ်ဖြစ်၊ ယေရှုဖြစ်ဖြစ်၊ အလ္လာဖြစ်ဖြစ် သူတို့ကို ယုံကြည်ပါ သူတို့စကားကို လိုက်နာပါလို့ပြောရင် သက်သေတွေပြခိုင်းပြီး သူတို့ရဲ့ ဖြစ်စဉ်အပေါ် စောဒကတက်သူနဲ့ သူတို့နှုတ်ကပတ်တော်တွေကို အထွန့်တက်သူနဲ့။ ကျည်ဆံကို ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေအတွက်တော့ လွယ်တယ်။ မယုံဘူးလား။ ဒီမှာ ရော့ ဆိုပြီး၊ မြန်မာလိုဆိုရင် ဒိုင်းခနဲ။ အများသုံးစကားနဲ့ဆို ဘန်းခနဲ။ မယုံကြည်သူအတွက် ဆောရီး မှားသွားပါတယ်မရှိတဲ့ ဘာသာတရား။ ကျည်ဆံဘာသာတရားကို မယုံကြည်လို့ ကျည်ဆံရဲ့ အပြစ်ပေးခြင်းကို ခံရတာက မိုက်ပေမယ့် ယုံကြည်သူအတွက် ဘာများရမလဲ။ ဒါကိုတော့ ကျည်ဆံ စဉ်းစားစရာ မလိုပါဘူး။ ကျည်ဆံကျမ်းစာထဲ သူ့ကို ယုံကြည်ကြသူကြား ပါလာမယ့် အစွန်းရောက်တွေ ရေးလိမ့်မယ်။ အစွန်းရောက်တွေဆိုတာ အသုံးချလို့ကောင်းတဲ့ နောက်လိုက်ကောင်းတွေပါ။ အစွန်းရောက်တွေ နောက်လိုက်ကောင်းဖြစ်စေနိုင်တဲ့ စကားလုံးတွေက ရှိပြီးသား။ ‘ကိုယ်မှ မလုပ်ရင် ဘယ်သူမှ လုပ်မှာမဟုတ်ဘူး’ ‘ကိုယ့်ဘာသာတည်မြဲဖို့အတွက် အများမုန်းရင်လည်း မုန်းပါစေတော့ လုပ်သင့်တာကိုတော့ လုပ်ရမှာပဲ’ ‘ကိုယ့်ဘာသာကို ကိုယ်မှ မကာကွယ်ရင် ဘယ်သူက လာပြီးကာကွယ်ပေးမလဲ၊ ဘယ်သူ ဘာပြောပြော ကျည်ဆံကို ကိုးကွယ်တဲ့ဘက်က ငါအမြဲရှိနေမယ်’ ဆိုတာမျိုးတွေပေါ့။ ဒါကိုတော့ သူကောင်းကောင်းသိပါတယ်။ သူတို့တွေထဲမယ် အောက်စဖို့က ဘွဲ့ရသူ၊ စတန်းဖို့က ဘွဲ့ရသူ၊ ဟားဗတ်တို့ ကင်းဘရစ်တို့ကဘွဲ့ရသူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘွဲ့ရသာမကဘူး။ အဲတက္ကသိုလ်မှာ စာသင်ပေးနေကြသူတွေတောင် ပါလာနိုင်သေး။ အရာရှိဆိုတဲ့သူများလည်း ပါလာနိုင်တယ်။ ဗိုလ်ချုပ်မှူးကြီးလား၊ ဗိုလ်ချုပ်ကြီးလား၊ ဗိုလ်မှူးချုပ်လား ပါနိုင်သေးတယ်။ ရှေ့နေများအသင်းချုပ်ကလည်း ပါနိုင်တာပဲ။ ရပြီ။ ဒီလောက်ရပြီဆိုရင် သူတို့နဲ့ ဆက်စပ်ပြီး သူဌေးအမျိုးမျိုး အဖုံဖုံတွေပါလာပြီ။ သူဌေးနဲ့ သူတို့တွေဟာ စွယ်တော်ရွက်ပမာ မခွာမခွဲ တူနှစ်ဖြာဂဟေဆက်ရတဲ့ ပါတနာတွေမဟုတ်ပါလား။ အစွန်းရောက်သူ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဖြစ်လာကြမယ့် သူတွေဟာ စာသင်ကျောင်းတက်ပြီး စာတတ်လာကြသူတွေ စာသင်ကျောင်းစနစ်နဲ့ စာတတ်လာကြသူတွေဖြစ်ရင် ပိုကောင်းပါတယ်။ သူတို့အတွက် ယုတ္တိရှိတဲ့ အချက်အလက်သုံးလေးချက်လောက် ချပြလိုက်ဖို့ပဲ လိုတယ်။ သူတို့ဘဝတလျှောက်လုံး ယုတ္တိဗေဒတွေပဲ သင်လာကြရတာ၊ သင်္ချာကစလို့ ဓာတု၊ ရူပ၊ ပထဝီ၊ သမိုင်း၊ ဒဿနိက၊ နိုင်ငံခြားဘာသာစကားရပ်တွေကို အရင်းအမြစ်ရှာ၊ ပေါင်းစပ်၊ ရလဒ်ရဆိုတဲ့ ယုတ္တိဗေဒနဲ့ သင်ခဲ့ကြတာ။ ဒီ့ပြင် လူမှုရေးဘာသာရပ်ကိုတောင် ယုတ္တိဗေဒတခုတည်းနဲ့ ဖြေရှင်းခဲ့တာ။ သူတို့ပြောသင်တဲ့ စကားက ကျိုးကြောင်းဆီလျှော်ရမယ်တဲ့။ လူကို ကွန်ပျူတာပရိုဂရမ်လို သတ်မှတ်ပြီးသင်ပေးလိုက်တဲ့ စာသင်စနစ်နဲ့ သင်ပေးခံရတဲ့သူတွေကို အစွန်းရောက်သူတွေ ဖြစ်ဖို့ ယုတ္တိဗေဒတွေက လွယ်ပါတယ်။ ကျိုးကြောင်း ဆီလျှော်တဲ့ အချက်အလက်တချို့နဲ့ မင်းတို့ ကိုးကွယ်နေတဲ့ ဘာသာကို တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။ တခါက ကမ္ဘာ့လူဦးရေ ရာခိုင်နှုန်းဘယ်လောက်တောင် ရှိခဲ့တာ။ အခု တော်တော်လေး လျော့နေပြီ။ စကားဆိုတာ ပြောတတ်ရင် ပြောသလို ချဲ့ကားလို့ရတယ်ဆိုတာ သိပြီးသားပဲ မဟုတ်လား။ စကားကို စာအုပ်၊ ဓာတ်ပုံ၊ ရုပ်ရှင်စတာတွေနဲ့ တန်ဆာဆင် ပရော်ဂျက်တာနဲ့ ဆက်ပြလိုက်။ အဲအပြင် ဝံသာနုအသင်းကြီးအကြောင်းတွေ ချပြ၊ အာရှအလယ်ပိုင်းက နိုင်ငံရဲ့ ဥပဒေတွေချပြ။ အဲမှာ ပွဲသိမ်းဂိုး သွင်းထားလိုက်ပြီ။ ဆက်စပ်ရာရာ ကမ္ဘာပေါ်က သိမီသလောက် အချက်တွေကိုလည်း ထုတ်ပြလိုက်ရင် သတ်မှတ်ခံ အစွန်းရောက်သူဆိုတာ ဖြစ်ပါပြီ။ ဖြစ်စဉ်ကို လိုက်ကြည့်လိုက်ရင် အစွန်းရောက်ဖို့ လွယ်လွယ်နဲ့ မဖြစ်ဘူးဆိုတာတော့ သတိချပ်စေချင်တယ်။
အထက်ကလို ‘ဘာသာတရားကို မလိုက်စားကြဘူး’ ‘ဘာသာဝင်တွေ ပေါ့လာတယ်’ စတဲ့ စေတီ၊ ဘုရားကျောင်း၊ ဗလီတက်တဲ့သူ နည်းလာတယ်ဆိုတဲ့ သဘောတရားမျိုးပါဝင်တဲ့ ဖိအားဟာ သူတို့ရင်ထဲ အသည်းထဲမှာ အစိုင်အခဲအဖြစ် စတည်လာပြီးမှ ယုတ္တိကျကျဆန်းစစ်ရင်း မိမိဘာသာ မိမိလူမျိုးအပေါ် ချစ်ခြင်း မြတ်နိုးခြင်း တန်ဖိုးထားခြင်းစတဲ့ အနူးညံ့ဆုံးသဘောတရားတွေ စတင်ဖြစ်တည်လာပါတယ်။ ကိုးကွယ်သူနည်းလာတယ် မှသည် ဘာသာပျောက်နိုင်တယ်ဆိုတဲ့ ဒီတုန်လှုပ်ချောက်ခြားဖွယ် သတင်းဆိုးမျိုးကလည်း နှိုင်းယှဉ်ချက်များစွာနဲ့ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ပြန်ဆန်းစစ် ပြန်လေ့လာမှု ဖြစ်စေပါတယ်။ ဒီလိုလူတွေအတွက် တွန်းအားဖြစ်စေနိုင်တဲ့ သက်သေမျိုးကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပြန့်နေပြီးသား ဖြစ်လေတော့ သူတို့တတွေဟာ စိုးရိမ်စိတ်ပါဝင်ပေမယ့်လည်း ကိုယ့်လူမျိုး ကိုယ့်ဘာသာအပေါ်မှာ စစ်စစ်မှန်မှန်နဲ့ ပိုချစ် ပိုမြတ်နိုး ပိုတန်ဖိုးထားမိသွားကြပါတယ်။ ကိုယ့်တယောက်တည်း သိနေလို့ဖြင့် မတော်ဘူးဆိုပြီး ဒီလူမျိုး ဒီဘာသာဝင်တွေအားလုံး ဒီလူမျိုး ဒီဘာသာဝင်ကို အရင်ကထက် ပိုချစ် ပိုမြတ်နိုး ပိုတန်ဖိုးထားသင့် ကြတယ်လို့ တွေးမိကြတာနဲ့ တပြိင်နက် မျိုးချစ်လှုပ်ရှားမှုကြီး ဖြစ်ပေါ်တတ်ကြပါတယ်။ တချို့က ဒီလှုပ်ရှားမှုကို အပေါ်ယံကပဲ မြင်ခဲ့ကြပါတယ်။ သူလည်း ရေပြင်ပေါ်ပေါ်တဲ့ ရေခဲတောင် အယူအဆမျိုး ရှိခဲ့ပါတယ်။ အပေါ်မှာ နိုင်ငံခြား တက္ကသိုလ်က ဘွဲ့ရတွေထည့်ထားတာ အလကားမဟုတ်ပါဘူး။ တကယ်ပါဝင်ပါတယ်။ လူပေါ့လူသွမ်းချည်းဆိုရင် မမြင်ရတဲ့အဖွဲ့အစည်းကြီးက အခိုင်အမာကြီး ဆက်ရှိနေနိုင်မလားဆိုတာကို ထည့်သွင်း စဉ်းစားသင့်တာပေါ့။ အစွန်းရောက်လို့ နာမည်အတပ်ခံရသူများမှာ စာတတ်ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ နယ်ပယ်တခုခုမှာ ကျော်ကြားနေသူတွေ၊ လူမျိုးစုတစုမှာ ဩဇာရှိသူတွေ၊ ချမ်းသာကြွယ်ဝမှုနဲ့ ဒေသတခုလုံးကို ထိန်းချုပ်နိုင်သူတွေ ပါပါတယ်။ သူတို့အားလုံးဟာ သူတို့လူမျိုး သူတို့ဘာသာ သူတို့သာသနာကို ချစ်ခြင်း၊ မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်းဆိုတာတွေနဲ့ ထိန်းသိမ်းကာကွယ်နေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် အစွန်းရောက်တွေကို ကိုင်တွယ်ရာမှာ ကြမ်းလို့ မဖြစ်ပါဘူး။ ကြမ်းလည်း မကြမ်းသင့်သလို ကြမ်းလို့လည်းမကြမ်းရပါဘူး။ စကားလုံးတွေကိုလည်း သေချာရွေးသင့်ကြပါတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ အစွန်းတဖက်ကို ရောက်နေပါလားလို့ မတွေးပါဘူး။ သင့်လျှော်တဲ့ အလုပ်ကို လုပ်နေရတာလို့ ယုံကြည်နေကြသူများ ဖြစ်ပါတယ်။ ကိုယ်မှ မလုပ်ရင် ဘယ်သူမှ လာမလုပ်ဘူးစတဲ့ စကားလုံးတွေ ထွက်လာရတာကလည်း အကြောင်းမမဲ့ဘူးလေ။ သူတို့စိတ်ထဲမှာလည်း ကိုယ့်ဘာသာကို ကိုယ်မြတ်နိုးတာ၊ ကိုယ့်လူမျိုးကို ကိုယ်တန်ဖိုးထားတာမှာ သူများကို စော်ကားနေတာ တခုမှမပါဘူး။ သူများကို ထိခိုက်အောင် လုပ်နေတာလဲ မဟုတ်ဘူးလို့ အတိအကျကို တွေးထားတာ။ ဟော့ရမ်းနေကြတဲ့ လူတန်းစားတရပ်က အဖွဲ့အစည်းတိုင်းမှာပါတယ်ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ လူမျိုး ဘာသာ သာသနာ ချစ်ကြသူများကတော့ အစွန်းရောက်သူများလို့ သူတို့ကို ပြောလိုက်တာမျိုးကို သူတို့ပြန်ကြားပြီဆိုရင် သူတို့လူမျိုး သူတို့ဘာသာက ပိုပြီးကာကွယ်သင့်တဲ့ အဆင့်ကိုရောက်လာနေပြီလို့ သတိပေးလိုက်သလိုပါပဲ။ ပုံကလေးတပုံ စာကလေးတကြောင်း ချပြလိုက်တာမျိုးတွေဟာ သူတို့ဘာသာကြား၊ သူတို့လူမျိုးကြား သွေးခွဲမယ့်လူတွေ အစီအစဉ်နဲ့တကွ ဝင်ရောက်နေပြီလို့ တပ်လှန့်လိုက်သလိုလည်း ဖြစ်စေပါတယ်။ သူတို့ကို အစွန်းရောက်ပြောပြော မျိုးချစ်ပြောပြော မဘသပြောပြော ကြိုက်သလိုပြော ကိုယ့်ဘာသာ ကိုယ့်လူမျိုး မထိခိုက်ဖို့အရေးက ဦးစားပေးပဲ။ ဒါကိုလည်း တွေးထားရမယ်။ တချို့က အစွန်းရောက်အဖွဲ့အစည်းအပေါ် ကိုယ့်ရန်သူကြီးတွေနဲ့ တတန်းထဲထားလိုက်ကြတဲ့ အမှားမျိုးကို ကျူးလွန်နေကြတယ်။ မှားလိုက်လေခြင်းလို့ ပြောချင်ပါရဲ့။ ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်လာရင် နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ပဲ ဖြေရှင်းရမှာ။ အခုမြင်နေရတဲ့ ဖြေရှင်းနည်းက ဘယ်လိုမှ အထိခိုက်မခံတဲ့ လူမျိုးနဲ့ ဘာသာဆိုတာကို မေ့နေကြတယ် ထင်ရဲ့။ ရိုင်းရိုင်းပြပြ စော်ကားပြီး မင်းတို့မှားတယ်လို့ ဇွတ်အော်နေသလိုပဲ။ သမိုင်းကပြောသလို လူတွေဟာ သမိုင်းထဲကနေ မသင်ယူဘူးဆိုတဲ့ စကားကို ကိုးကားရရင် အင်္ဂလိပ်တွေ စော်ဘွားနဲ့ ဒူးဝါးအပေါ် ကိုင်တွယ်ခဲ့သလိုမျိုး သိမ်သိမ့်မွေ့မွေ့ကြီးကို ကိုင်သင့်ကြတာ။ ဖြေရှင်းလိုက်ကြပုံကတော့ ကျောက် ကျောက်ချင်း ပွတ်တိုက်နည်းနဲ့ဆိုတော့လည်း မီးပွင့်သွားတာပဲ အဖတ်တင်တာပေါ့။ အစွန်းရောက်ဆိုတာကိုလည်း ကိုယ်က အသုံးကျရင် ကိုယ့်ဘက်ပါအောင် ဆွဲခေါ်လို့ရတာပါပဲ။ ကျည်ဆံက ကျည်ဆံဆိုပေမယ့် လူတွေ ဘာကိုအရေးထားတယ် ဘာကို အရေးမထူးဘူးဆိုတာ သိတယ်။ ဒါတွေကို သိနေတဲ့ ကျည်ဆံဟာ သူ့အားကိုးနဲ့သူ သူ့ကို ကိုးကွယ်ရင် ရရှိမယ့် အကျိုးများကို ကျမ်းစာထဲမှာ ဓမ္မဒိဋ္ဌာန်ကျတဲ့ တွေးခေါ်စွမ်းရည်တွေနဲ့ ကြုံခဲ့ရတဲ့ အခက်အခဲနဲ့အတူ ဖြစ်လာနိုင်တဲ့ အောင်မြင်မှုအကျိုးဆက်တွေ သာမာန်လူဖတ်တိုင်း ဘာများဆိုလိုတာပါလိမ့်လို့ အခေါက်ခေါက် ပြန်ဖတ်ရလောက်တဲ့ ဥပဒေသများစွာ ချပြထားတဲ့ ကျမ်းကောင်းကျမ်းမြတ်ကြီးဟာ ပထမတွဲ ဒုတိယတွဲ တတိယတွဲ ဆိုတဲ့ ၁၂ တွဲအပြင် အဖွင့်ကျမ်းအစောင်စောင်တွေနဲ့ သူ့ကို အထွဋ်အမြတ်ထား ကိုးကွယ်ခံရ ပေဦးတော့မှာပဲ။ အဟမ်း။ လောလောဆယ်မှာ တခြားဘုရားတွေလို ကျမ်းစာမရှိသေးပေမယ့် သူ့ကို အိုဆိုင်းရပ်၊ အိုင်းစစ်၊ ဟိုးရပ်၊ အိုဒင်ဆန်နဲ့ တံခွန်တိုင်နတ်ဘုရားတို့လိုတော့ ဖြစ်နေပြီ။ သူက ခေတ်ပြိုင် နတ်ဘုရားဖြစ်တဲ့ မီဒီယာနတ်ဘုရား၊ နည်းပညာနတ်ဘုရားထက်တောင် သာနေပြီ။ အတော်ကလေးလည်း ခရီးရောက်နေပြီ။ ကျည်ဆံ နည်းနည်းပြုံးလိုက်တယ်။ သို့ကလိုဆိုရင်ဖြင့် သူ့နဲ့ ပတ်သက်နေကြတဲ့ အထက်က တနေ့၊ တချိန်၊ နိုင်ငံနဲ့ သမ္မတတို့တောင် လျှို့ဝှက်ချက်တွေ ထားစရာမလိုပါဘူးလို့ တွေးမိတယ်။ အားကိုးသင့်တဲ့သူကို အားမကိုးလို့ လျှို့ဝှက်ချက်တွေနဲ့ အလုပ်များသွားကြတဲ့ တနေ့၊ တချိန်၊ နိုင်ငံနဲ့ သမ္မတကိုတောင် သနားမိသေးတော့။
ဪ ကမ္ဘာပေါ်ရှိတဲ့ ကျည်ဆံတွေနဲ့ပါ သူတွေးမိသွားတာပဲ။ လောလောဆယ် သူက တကိုယ်တည်းလေ။ သူ အခုလို အရှိန်အဟုန်ပြင်းပြင်းနဲ့ လေဟာနယ်တခုကို မဖြတ်သန်းမိခင်မှာ သူ့ကို ကိုင်တွယ်ခဲ့တဲ့ လက်ချောင်းကို တချက်ပြန်တွေးမိတယ်။ ကျည်ဆံက ပြန်တွေးမိရင်း အထက်က နတ်ဘုရားအကြောင်းကိုပါ တပါတည်း တွေးမိပြန်ရော။ သူက သက်မဲ့ပဲ။ သက်မဲ့က စဉ်းစားတတ်သလား။ ဟုတ်သား။ သူစဉ်းစားတတ်သလား။ သူများ စဉ်းစားပြတာတွေကို သူ ဘဝင်ကပ်သွားမိတာလား။ ဒါတွေဟာ လူတွေကြောင့်ပဲ။ အငြိမ်မနေတတ်တဲ့ လူတွေကြောင့်။ ဘယ့်နှယ် သက်မဲ့ကိုများ နတ်ဘုရားလုပ်ပြီး ကိုးကွယ်မယ်၊ ကျမ်းစာရေးမယ်ဆိုတာနဲ့ သူ့ကိုယ်သူလည်း တကယ်ထင်သွားတယ်။ လူတွေဆိုတာ သူ့ဘေးပတ်ဝန်းကျင်က လူတွေ လုပ်တဲ့အတိုင်း လုပ်တတ်ကြသူတွေ။ သူတို့မိဘ မှန်တယ်ဆိုတဲ့အတိုင်း မှန်တတ်ကြသူတွေ။ ပုတ်သင်ညိုလို သူတို့ပတ်ဝန်းကျင်မှန်ရင် မှန်ပြီး သူတို့ပတ်ဝန်းကျင်မှားရင် မှားကြသူတွေ။ သူတို့ ဆရာဆိုတဲ့သူတွေ ပြောတာကို ဓမ္မလို့ထင်ကြသူတွေ။ သူက လူမဟုတ်ဘူး။ ဒါကြောင့် လူလိုမဟုတ်ဘူး။ လူလိုမဟုတ်ဘူးဆိုတာက ယုတ္တိဗေဒတွေ တသီကြီး ချပြရုံနဲ့ တကယ်ကြီးလို့ မယူဆဘူး။ ကျည်ဆံက ကိုယ့်ကိုယ်ကို လူတွေလိုပဲ နည်းနည်းလေး မတ်မတ်လေး နေမိပြန်တယ်။ ဒါပေမယ့် သူလည်း သူ့ကို မှားတယ်လို့ လာပြောရင်တော့ တဖက်သားအပေါ် မြန်မြန်ဆက်ဆက် ပြန်ပက်ဖို့နဲ့ ဘူးခံငြင်းဖို့ ဝန်မလေးတဲ့အပြင် မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲဖို့ပါ နှုတ်မနှေးဘူးဆိုတာ သိထားစေချင်တာပဲ။ သည်ဟာကတော့ဖြင့် လျှို့ဝှက်ချက်ပါမှ။ လျှို့ဝှက်ပါမှဆိုလို့ သွေးနားထင်ကပ်ပြီး လျှို့ဝှက်ချက် ထားစရာမလိုဘူးထင်နေတာ။ တော်ပါသေးရဲ့။ မဖြစ်ဘူး လျှို့ဝှက်ချက် ကတော့ဖြင့် ထားကိုထားမှ။ လျှို့ဝှက်ချက်ဆိုတာ ဘယ်သူ့ဆီမှာမဆို ဘယ်အရာဆီမှာမဆို ရှိကောင်းတဲ့အရာပဲ။ တခြားအကြောင်းကို ပြောင်းစဉ်းစားကြည့်မှ ဖြစ်တော့မယ်။ မဟုတ်ရင် မသူတော် ခုနှစ်ပါး ဖြစ်နေဦးမယ်။
ပြေးလမ်းထက်က သူ။ အခု သူ ပြေးလမ်းပေါ်မှာ။ သူ့ကို ပြေးလမ်းပေါ်ပို့လိုက်တဲ့ လက်ချောင်းဟာ မသိမသာချွေးစို့နေတာကလား။ စီးကပ်ကပ်ချွေးတွေ စို့နေခဲ့တဲ့ ခပ်သွယ်သွယ်လက်ချောင်းလေး။ သူအတပ်သိလိုက်တာ ရှိပါသေးရဲ့လေ။ အဲဒီ သူ့ကို တဟုန်ထိုးပြေးစေခဲ့တဲ့ လက်ချောင်းပိုင်ရှင်ဟာ ဒီမတိုင်ခင်တုန်းက လယ်ယာမြေထဲ ကိုင်းတောထဲခြေတောင် ချဖူးသူမဟုတ်သလို မြေကြီးကို လက်နဲ့တောာင် မထိဖူးခဲ့ဘူးဆိုတာပေါ့။ လက်ချောင်းတွေက သွယ်သွယ်လျလျလေးရယ်။ ပြီးတော့ ဖွေးဖွေးဥဥ။ လူကိုယ်တိုင်လည်း အဲလိုပဲ။ ပညာရေးလောကထဲကလား။ ကျန်းမာရေးလောကထဲကလားပဲ။ အခုတော့ သူ့ကို ကိုင်တွယ်ခဲ့တဲ့ လက်ချောင်းပိုင်ရှင် ချွေးစေးတွေစို့နေတယ်ဆိုငြား သူ့ အသွင်သဏ္ဍာန်ကတော့ဖြင့် ဗန်ဗိုင်းယား တကောင်ရဲ့ အသွင်သဏ္ဍာန်ပေါက်နေလေရဲ့။ ဟုတ်တယ်။ အသက်ရှူနေတာ မသေချာဘူး။ အသားအရေတွေ အေးစက်နေတယ်။ အသွေးအသားက ခြောက်သွေ့နေတယ်။ မျက်လုံးတွေက မလှုပ်ရှားဘူး။ နှုတ်ခမ်းက ဖြူရော်ရော်၊ သူ့သွေးကြောတွေမှာ သွေးမရှိဘူး။ ဗန်ဗိုင်းယားကို မြန်မာတွေက သွေးစုပ်ဖုတ်ကောင်လို့ ဘာသာပြန်သတဲ့။ တကယ်တော့ မဟုတ်ပါဘူး။ သူ့ သွေးမစုပ်ပါဘူး။ သူကပဲ သွေးတွေမရှိတော့တဲ့အထိ အစုပ်ခံထားရတာပါ။ ဟုတ်ပါတယ်။ ကျည်ဆံက သူ့ကို ပြေးလမ်းထဲ လွှတ်တင်လိုက်တဲ့ လက်ပိုင်ရှင် ဗန်ဗိုင်းယားရဲ့ အနေအထားကို သိတယ်။ သူ့အကြောင်းကို ရိပ်မိတယ်။ သွေးဆာနေတဲ့ သားရိုင်းစိတ်နဲ့ လူတစုက သူ့သွေးတွေကို စုပ်သွားခဲ့တာ။ သူ့မှာ အိမ်ယာဆိုတဲ့သွေး မရှိတော့ဘူး။ လယ်မြေစိုက်ခင်းဆိုတဲ့သွေး မရှိတော့ဘူး။ သူကိုးကွယ်တဲ့ ရွာဦးကျောင်းဆိုတဲ့သွေး မရှိတော့ဘူး။ ရွာဆိုတဲ့သွေး မရှိတော့ဘူး။ မိဘဆိုတဲ့သွေး မရှိတော့ဘူး။ ဇနီးဆိုတဲ့သွေး မရှိတော့ဘူး။ ညီအစ်ကိုဆိုတဲ့သွေး မရှိတော့ဘူး။ အစ်မနှမဆိုတဲ့သွေး မရှိတော့ဘူး။ အဆိုးဆုံးက စာသင်ကျောင်းမှာ စာသင်နေတဲ့ သူ့ရင်နစ်သည်းခြာ သားငယ်လေးဆိုတဲ့သွေး မရှိတော့ဘူး။ ပြီးတော့ သူ့ဇနီးဝမ်းဗိုက်ထဲကနေ သူ့ရင်သွေးငယ်လေး ဘယ်တော့မှ လူ့လောကထဲ မလာတော့ဘူးဆိုတဲ့သွေး မရှိတော့တာ။ အဲဒါကြောင့် သူဗန်ဗိုင်းယားဖြစ်သွားတာ။ သွေးအကုန် အစုပ်ခံလိုက်ရတဲ့ ဗန်ဗိုင်းယား။ ဒီဗန်ဗိုင်းယားလို လူသားက သူ့ကို အသုံးပြုလိုက်တာ။ အို လျှို့ဝှက်ချက်တွေ ဖော်ပြလိုက်မိသလို ဖြစ်သွားပြီလား။ ဘွာတေးပါဗျာ။ ကဲ ကဲ မေ့ထားကြ။ ကျည်ဆံရဲ့ ဘဝတွေ ဖြစ်ရပ်အထွေထွေတွေကို မေ့ထားကြ။ ကျည်ဆံက သူလွန်များလွန်သွားလေသလားလို့ စဉ်းစားရပါတယ်။ ဟုတ်ပါတယ်။ အားလုံးက လျှို့ဝှက်ချက် ကိုယ်စီနဲ့ နေထိုင်နေကြချိန်မှာ သစ္စာဖောက်အဖြစ်တော့ မရပ်တည်နိုင်ပါဘူး။ တခရီးတည်း သွားကြသူချင်း မဟုတ်ပါလား။ ကျည်ဆံဟာ သက်မဲ့ပီပီ တွေးတောခြင်း၊ ကြံဆခြင်း၊ ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းစတဲ့ လုပ်ငန်းစဉ်တခုလုံးကြီးကို လျှပ်စစ်မီး အဖြတ်ခံရတဲ့ စက်ရုံကြီးတခုလိုမျိုး ရပ်တန့်ပစ်လိုက်တယ်။ သက်မဲ့ပေမယ့်လည်း ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး ကျန်တဲ့ဝါကျတွေကို အလှည့်ပေးလိုက်တယ်။ ဘယ်သူက ဒီလျှို့ဝှက်ချက်ကိစ္စတွေကို ဆက်စဉ်းစားမလဲဆိုတာကိုတော့ သူလှည့်မကြည့်ဖြစ်လို့ မသိလိုက်ဘူး။
ဝါကျမှာ အရှိန်အဟုန်ပြင်းပြင်းဆိုပေမယ့် ဘယ်လောက်ပြင်းပြင်းလဲဆိုတာ ပြေးတဲ့သူအပေါ် မူတည်ပါတယ်။ ကိုယ်သဘောနဲ့ကိုယ် တင်းချင်တင်း လျော့ချင်လျော့ လုပ်လို့မရဘူး။ ကြိယာက ဒီလိုဆိုရင် ဝိသေသနတွေလည်း ဒီလိုပဲ။ ဟိုလိုမရဘူးလားတွေ ဘာတွေ မရှိတော့ဘူး။ တိခနဲပဲ။ တန်းတန်းမတ်မတ်ဆိုတဲ့ စာပိုဒ်ကလည်း အရှိန်အဟုန်ပြင်းပြင်းဆိုတဲ့ စာပိုဒ်နဲ့ တတန်းတည်းပါပဲ။ ဝိသေသနတွေဟာ သူပံ့ပိုးပေးရတဲ့ နာမ်နဲ့ ကြိယာလှဖို့လောက်ပါပဲ။ ကြိယာက မလိုရင် မလိုသလို ဖြုတ်ထားလို့ရသေးတယ်။ သူ့ထားရာနေ စေရာသွားဘဝမှာ သူပြောတဲ့အတိုင်း ၃၆၅ ရက်ဆို ၃၆၅ ရက်ပဲ။ ဟင် လျှို့ဝှက်ရမှာလေ။ ဘယ့်နှာ အပေါ်မှာလည်းဖော်၊ ဒီရောက်တော့လည်းဖော် ဆိုတော့ ကုန်ပြီပေါ့။ ဝါကျတခုလုံးမှာပါတဲ့ အရေးကြီးတဲ့ အရာတွေကို နည်းနည်းပါးပါး အားနာသင့်ပါတယ်။ တကယ်တမ်း ဒါက လျှို့ဝှက်ချက်ဖြစ်တယ်ဆိုတာ ဝါကျတခုလုံးမှာပါတဲ့ ဘယ်စာပိုဒ်ကမှ မသိကြပါဘူး။ တချို့လျှို့ဝှက်ချက်ဆိုတာ အဲသလို တလွဲလမ်းညွှန်ချက်ကြီး ချပြရမျိူးလည်း ရှိတာပဲ။ အားလုံးထဲ ဒီလိုလျှို့ဝှက်က အကောင်းဆုံးပဲ။ လျှို့ဝှက်ချက်တွေကတော့ ပိုပိုနက်နဲလာပြီပဲ။ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ ယှဉ်ပြိုင်ရမှု ဖြစ်လာပြီဆိုရင် လျှို့ဝှက်ချက်က အရေးကြီးတယ်။ လျှို့ဝှက်ချက်များတဲ့သူက အနိုင်ရခွင့် ပိုသာတယ်။ ဒီလိုနဲ့ ဘယ်သူမှ ထည့်သွင်းမစဉ်းစားမိကြတာကတော့ ‘လေဟာနယ်’ ကိုပါပဲ။ လေဟာနယ် သစ္စာဖောက်တာ မဟုတ်ပါဘူး။ သူလျိုဝင်လုပ်နေတာလည်း မဟုတ်ပါဘူး။ သူလည်း သူစွမ်းသမျှ မြူတမှုန်စာလောက်ပဲဖြစ်ဖြစ်ဆိုပြီး အားဖြည့်ခဲ့ရှာပါတယ်။ ဒါပေမယ့် တခြားသူများလို ဘာကိုလျှို့ဝှက်ချက်အဖြစ် ထားရမှန်း မသိတာကနေ မျှော်လင့်မထားတာတွေ ဖြစ်ကုန်တာ။ သူ့အပြစ်ရယ်လို့လည်း မဆိုသာပြန်ပါဘူး။ ဘာလို့ဆို လေဟာနယ်မှာ ကြားခံမရှိဘူး။ ပြီးတော့ သူ့ထဲမှာ လျှပ်စစ်သံလိုက်လိုင်းတွေ အများကြီးရှိနေတယ်။ အသံတွေလည်း အများကြီးမှ အများကြီးပဲ။ ဒီလိုနဲ့ အဲဒီလိုနဲ့ပဲ။ ဘယ်သူမှန်းမသိတဲ့ ဘယ်သူကပဲ တချက် သတိပေးသံထွက်လာတယ်။ လျှို့ဝှက်ချက်ပေါက်ကြားသွားပါပြီ။ ကျန်တဲ့သူတွေ သတိထားပြီးသာ နေထိုင်ကြပေတော့ တဲ့။
(ဤလျှို့ဝှက်ချက်ကိစ္စတွင် ဝှက်ဖဲဆိုသည့်အရာက သူ့အားလည်း အရေးတယူ လုပ်ပေးပါရန် အကြိမ်ကြိမ်လာရောက် တောင်းဆိုသော်လည်း လျှို့ဝှက်ချက်နဲ့ ဝှက်ဖဲတို့မှာ အဆင့်အတန်းချင်းလည်းမတူ၊ ဂုဏ်ဒြပ်ချင်းလည်း မမျှ၊ ပညာအရည်အချင်းကလည်း အကွာကြီးကွာသည့်အပြင် သိက္ခာတရားပိုင်းဆိုင်ရာဖြင့် တိုင်းတာလျင်လည်း ဟင်္သာနှင့် ကျီးကန်းပုံပမာလိုဖြစ်နေသောကြောင့် ပြောင်ပြောင်တင်းတင်းပင် ငြင်းချက်ထုတ် ချန်လှပ်ထားခဲ့ပါသည်။ ဤကား စကားချပ်။)
ဂျေဂျူဝိုင်