ကိုယ့်အယူမှားနေတာကို မှားမှန်းမသိတဲ့ ပူရဏကဿပရဲ့ ကိုယ့်အယူဝါဒအပေါ် အစွဲအလန်းကြီးစွာ ဖက်တွယ်မှု တဏှာ မာန ဒိဋ္ဌိတွေကြောင့် ဘုရားနဲ့ တန်ခိုးပြိုင်ဖို့ ကြိုးစားရာက အသေဆိုးနဲ့ သေသွားခဲ့ပြီးနောက်မှာ ဘုရားရှင် တန်ခိုးပြဖို့ နေရာအတွက် ခေါင်းခဲရသူက သိကြားမင်း။ လာတဲ့ ပရိသတ်ရယ် ဘုရားတပည့်တွေရယ်အတွက် မဏ္ဍပ်အကျယ်ကြီး ပြုလုပ်ပေးဖို့က သူ့တာဝန်ဖြစ်လာပြီလေ။ ဒီတော့ ၀ိသကြုံကို ခေါ်ရတယ်။ ၀ိသကြုံက (၇၂) ယူဇနာကျယ်တဲ့ မဏ္ဍပ်ကို တစ်ခဏချင်း ဖန်ဆင်းလိုက်ပါတယ်။ တကယ်ဆို အိန္ဒိယနိုင်ငံက ကျဉ်းကျဉ်းလေး။ ဖန်ဆင်းလိုက်တာ (၇၂) ယူဇနာဆို တစ်ယူဇနာ (၁၂) မိုင်းနှုန်းနဲ့ မိုင်ပေါင်း (၈၆၄) မိုင်လောက်ရှိတယ်။ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ အစိန္တေယျလေးပါးရှိတယ်။ အစိန္တေယျ – မကြံစည်ကောင်းတဲ့ အရာလေးပါးပေါ့။ ဘာတွေလဲ ဆိုတော့
၁။ ဘုရားရှင်ရဲ့ သဗ္ဗညုဉာဏ်တော်အရာ
၂။ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာ
၃။ ကုသိုလ် အကုသိုလ်ရဲ့ အကျိုးပေးရာ
၎။ လောကရဲ့ အဖြစ်အပျက် ဒီလေးမျိုးကို ဘယ်သူမှ ဘယ်တော့မှ မကြံစည်အပ်ပါဘူး။ အဲဒါကို ကြံစည်နေခြင်းဖြင့်လည်း အကျိုးမရှိပါဘူး။ အဲဒီတော့ အဲဒါတွေအပေါ် ကြံစည်မနေပါနဲ့တော့။ ၀ိသကြုံဖန်ဆင်းလိုက်တာမှာ နံပါတ် ၂ နဲ့ ၄ နဲ့ရဲ့ ကဏ္ဍလည်းဖြစ်ပါတယ်။
မဏ္ဍပ်ထဲမှာ ရဟန်းပရိသတ်အပြင် လူပရိသတ်အများအပြား ပါဝင်ပါတယ်။ အဲဒီ လူပရိသတ်ကလည်း တချို့ ပရိသတ်က အနာဂမ်တွေဖြစ်ပါတယ်။ ဘုရားရှင် တန်ခိုးပြမယ်ဆိုတော့ နိုင်ငံအသီးသီးမှ လူတွေကလည်း အုံးအုံးကြွက်ကြွက် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ပါပဲ။ အဲဒီမှာ “ဃရဏီ” ဆိုတဲ့ အမျိုးသမီးက ဘုရားရှင်ဆီ ဆည်းကပ်ပြီး ဒီလို လျှောက်ထားတောင်းပန်တယ်။
“တပည့်တော် ရှိနေပါလျက်နဲ့ အရှင်ဘုရားက ဘာလို့ အပင်ပန်းခံပြီး တန်ခိုးပြနေမှာလဲဘုရား၊ တပည့်တော်ကို ခွင့်ပြုပါ၊ တပည့်တော် တန်ခိုးပြပါ့မယ်ဘုရား” ပါတဲ့။
ဘုရားရှင်က
“ချစ်သမီး၊ သင်က ဘယ်လိုပုံစံနဲ့ တန်ခိုးပြမလဲ”
“တပည့်တော်က ဟောဒီစကြာဝဠာကြီးကို ရေပြင်ဖန်ဆင်းလိုက်ပြီး တောင်စွန်းမှာ မြောက်စွန်းမှာ အနောက်စွန်းမျာ အရှေ့စွန်းမှာ တပည့်တော်ရှိနေတာကို ပြပါ့မယ်ဘုရား၊ အဲဒီအခါ ဘုရားရှင်ရဲ့ သမီးတော်ကလေးတောင်မှ ဒီလို တန်ခိုးပြနိုင်ရင် ဘုရားရှင်မှာ ဘယ်လောက်တန်ခိုးရှိမလဲ ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်လောက်အောင် ဖြစ်ပါလိမ့်မယ်ဘုရား”
“ချစ်သမီး၊ အခု ကိစ္စက ငါဘုရားရဲ့ ကိစ္စမို့လို့ ငါဘုရားသာလျှင် တန်ခိုးပြပါမယ်”
ဘုရားရှင်က ဃရဏီသတို့သမီးငယ်လေးကို အဲလိုမိန့်လိုက်တော့ ဘုရားရှင်က ငါ့ကို တန်ခိုးပြခွင့်မပြု၊ ငါ့ထက် သာတဲ့လူကို ဘုရားရှင် ရွေးချယ်လိမ့်မယ်ဆိုပြီး သင့်တော်တဲ့နေရာအထိ ပြန်ဆုတ်ကာ နေပါတယ်။
ဘုရားရှင်က ဤအစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်ကို မမြင်နိုင်လောက်အောင် များပြားလှသော ပရိသတ်ကြား ခြင်္သေ့ပမာ ရဲရင့်သော စကားများကို လျှောက်ထားခြင်းဖြင့် ငါဘုရားရှင်၏ ချစ်သား ချစ်သမီးတို့၏ ဂုဏ်ကို ထင်ရှားစေအံ့” လို့ အကြံရှိတော်မူတဲ့အတွက် ခုနှစ်သမီး သမဏေရီကစလို့ အရှင်မဟာမောဂ္ဂလာန်အထိ တန်ခိုးပြခွင့် တောင်းကြပါတယ်။ အရှင်မဟာမောဂ္ဂလာန် လျှောက်ထားအပြီးမှာတော့ ဘုရားရှင်က ဒီလိုမိန့်တယ်။
“ငါဘုရားရား၏ ၀န်ကို ငါဘုရားမှ တပါး အခြားဆောင်နိုင်သူမရှိ၊ ဒီလို မဆောင်နိုင်ခြင်းဟာ အခုမှ မဟုတ်။ ငါဘုရားရှင် အလောင်းတော်ဘ၀ဖြင့် ပါရမီဖြည့်စဉ်ကတည်းက ဆောင်နိုင်သူ မရှိခဲ့ကြပါ” လို့မိန့်တော်မူပြီး ကဏှဥသဘဇာတ်တော်ကို ဟောကြားတော်မူပါတယ်။ ဇာတ်တော်ကို ဟောကြားပြီးနောက် ဆွေတော်မျိုးတော်တို့ရှေ့မှာ တန်ခိုးပြတော်မူခဲ့စဉ်ကလိုဘဲ ကောင်းကင်မှာ ရတနာစင်္ကြံဖန်ဆင်းပြီး ရေမီးအစုံတန်ခိုးပြတော်မူပါတယ်။ ဒီတကြိမ် ဘုရားရှင် တန်ခိုးပြခြင်းဟာ ဘုရားရှင်တိုင်း ပြုကျင့်တော်မူတဲ့ တန်ခိုးသုံးကြိမ်ပြရမည့် ဓမ္မတာထဲက ဒုတိယအကြိမ်မြောက် “တိတ္ထိတို့၏ ထောင်လွှားပကြွားမှုကို နှိမ်နှင်းခြင်းငှါ ပြတော်မူခြင်း”ဖြစ်တဲ့ တန်ခိုးတော် ပြခြင်းဖြစ်ပါတယ်။
တန်ခိုးပြတော်မူစဉ်အတွင်းမှာ ဘုရားရှင်ဟာ တရားအနုမောဒနာကိုလည်း ချီးမြွက်တော်မူပါတယ်။ အဲဒီကာလ အတောအတွင်းမှာတော့ လူတွေဟာ လာရောက် ကြည့်ရှုတရားနာကြတဲ့ နတ်ဗြဟ္မာများအပြင် အထက်နတ်ပြည်နှင့် ဗြဟ္မာပြည်က နတ်ဗြဟ္မာတို့ နတ်စည်းစိမ် ဗြဟ္မာစည်းစိမ် ခံစားနေပုံကို မြင်ရသလို အောက် ငရဲရှစ်ထပ်မှ ငရဲသားတို့ရဲ့ ငရဲခံရပုံကိုလည်း ဘုရားရှင်ရဲ့ အာနုဘော်ကြောင့် ဒိုးယိုပေါက် မြင်ရပါတယ်။ ဘယ်သူမှ ဘုရားကို မချီးကျူး မအံ့သြ မရှိခိုးဘဲ မနေနိုင်လောက်အောင် ဖြစ်ကြတယ်။ ရေမီးအစုံနဲ့ တန်ခိုးပြအပြီးမှာ တချို့က တောင့်တကြတယ်။ ဘုရားက ဒီလိုပဲ တန်ခိုးပြတတ်သလား။ ငါကတော့ ဒီလိုလေးလည်း မြင်ချင်ရဲ့စတဲ့ တောင့်တမှုဖြစ်တဲ လူတို့အတွက် ဘုရားရှင်ဟာ တန်ခိုးကို တောင့်တသူရဲ့ ဆန္ဒအလိုက် အမျိုးမျိုးပြတော်မူရင်း ၎င်းပုဂ္ဂိုလ်တို့ရဲ့ ၀ါသနာဆန္ဒအလိုက် တရားတော်ကို ချီးမြှင့်ဟောကြား တော်မူပြန်ပါတယ်။ အဲဒီနောက် နိမ္မိတရုပ်ဖန်ဆင်းပြီးနောက် လူနတ်ဗြဟ္မာတို့အားလုံးမေးအပ်တဲ့ ပုစ္ဆာမှန်သမျှကို တန်ခိုးပြရင်း ဖြေကြားတော်မူပါတယ်။ ကောင်းချီးမပေးဘဲ နေလို့မရအောင် ကြည်နူးပီတိဖြစ်ရ ကြည်ညိုရတဲ့ အဲဒီပွဲသဘင်ကို “ယမိုက်ပြဋိဟာဘွဲသဘင်” လို့ခေါ်ကြပါတယ်။
ပြပွဲအဆုံးမှာ ဘုရားရှင်က ဒီလို တန်ခိုးပြပြီး ရှေးဘုရားများ ပြုလုပ်ခဲ့သလိုဘဲ မယ်တော် နတ်သားကို တရားဟောဖို့ တာဝတိံသာကို ခြေလှမ်းနှစ်လှမ်းနဲ့ လှမ်းတော်မူပါတယ်။ သိကြားမင်းက ခေါင်းခဲပြန်တယ်။
“ဟင် ဒုက္ခပါပဲ။ ဘုရားရှင် ကြည့်ရတာ နတ်ပြည်မှာ ၀ါဆိုမယ့်ပုံပဲ။ နတ်တွေအတွက်တော့ အကျိုးများပါရဲ့။ ဒါပေမယ့် ဘုရားရှင်က ဒီ ငါထိုင်တဲ့ မြကျောက်ဖျာပေါ် ထိုင်နိုင်လောက်အောင် တန်ခိုးရှိပါ့မလား၊ တခြားနတ်သားတွေလို ထိုင်ဖို့ မပြောနဲ့ လက်တောင် တင်ကြည့်လို့မရတဲ့ အဖြစ်မျိုးဆိုရင် ဒုက္ခရောက်ရချည်ရဲ့။ အဲဒါထားဦး။ ကျော်ဖျာက အကြီးကြီး။ ဘုရားရဲ့ ကိုယ်တော်က သေးသေးလေး။ ဒီကျောက်ဖျာပေါ် ဘုရားရှင်များ တက်ထိုင်လိုက်ရင် စကောထီး ဇီးဖြူသီးလိမ့်သလို ဖြစ်တော့မှာပဲ” လို့ တွေးပူ ခေါင်းခဲတယ်။ ဘုရားရှင်က ဒါကို သိတော်မူတဲ့အတွက် သိကြားမင်းရဲ့ နူးညံ့လွန်းတဲ့ ကျောက်ဖျာပေါ် ဒုကုဋ်သင်္ကန်းကို ခင်းလိုက်ပါတယ်။ ဒါတောင် သိကြားက ခေါင်းခဲတုန်း။ ဒုကုဋ်သင်္ကန်းကတော့ ဟုတ်တာပေါ့။ ဘုရားရှင်ကိုယ်တော်က သေးသေးလေးတဲ့။ ဘုရားရှင် တင်ပျဉ်ခွေ ထိုင်ချလိုက်တယ် ဆိုရင်ပဲ မြကျောက်ဟာ ပျောက်ထွက်သွားတယ်။ အဲဒီအချိန်မှာ သိကြားမင်းက ကိုယ့်နဖူးကိုယ်ပြန်ရိုက်ပါတယ်။
သိကြားမင်းက တစ်မျိုးဖြစ်သလို လူ့ပြည်မှာ ကျန်ခဲ့တဲ့ ပုထုဇဉ်လူသားတွေကလည်း တစခန်းထကြပြန်တယ်။
“ဘုရားရှင် ဆိုတာမျိုးက ဆိတ်ငြိမ်တဲ့ အရပ်ကို ကြိုက်တယ်၊ ဆိတ်ငြိမ်ရာအရပ်ရဲ့ ကျေးဇူးကိုလည်း ဟောကြားတယ်။ ခု ဘုရားရှင်က ဒီလို ဟောထားတဲ့ တရားကို အလေးမထားဘဲ လူတွေ အုံးအုံးကြွက်ကြွက် ဖြစ်အောင် တန်ခိုးပြမိတော့ ရှက်ပြီး ထွက်ပြေးသွားပြီထင်တယ်” လို့ တွေးသူက တွေးကြတယ်။ ဟုတ်တယ်လေ။ ဘုရားရှင်က ကောင်းကင်မှာ စင်္ကြံဖန်ဆင်းပြီး တန်ခိုးပြပြီးနောက် ဘယ်ပျောက်သွားမှန်းမှ သူတို့မှ မသိလိုက်ရတာကိုး။ တချို့လူတွေက ဆင်ခြင်တွေးဆပြီး “ဘုရားရှင် ဘယ်သွားတယ်ဆိုတာ ဘုရားရှင်တွေရဲ့ သာဝကတော့ သိမှာပဲ” ဆိုပြီး တန်ခိုးအရာမှာ အကြီးဆုံးဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်ကို သွားရောက် မေးမြန်း လျှောက်ထားကြတယ်။ အရှင်မဟာမောဂ္ဂလာန်ရဲ့ စိတ်ဓာတ်က ချီးကျူးစရာပါ။ “ဒီအချိန်မှာ ငါတန်ခိုးကြီးသလို အရှင်အနုရုဒ္ဓါလည်း တန်ခိုးကြီးတယ်ဆိုတာ ဘယ်သူမှ မသိကြသေးဘူး၊ သိအောင်လုပ်လိုက်ဦးမှပဲ” ဆိုပြီး “အရှင်အနုရုဒ္ဓါကိုသာ မေးကြည့်ကြပါ” လို့ပဲ ပြန်မိန့်ပါတယ်။ အရှင်အနုရုဒ္ဓါက
“၀ါတွင်းသုံးလပတ်လုံး တာဝတိံသာမှာ အဘိဓမ္မာ တရားဟောတော်ပြီးနောက် ပ၀ါရဏာနေ့မှ လူ့ပြည်ကို ပြန်ကြွလာပါလိမ့်မယ်” လို့ မိန့်ပါတယ်။ ဒီအဖြေကြားတော့ လူထု ပရိသတ်ကြီးက ဆူပူအုံကြွမှု ဖြစ်သွားပါတယ်။ “ဘုရားရှင်ကို မမြင်ရရင် ဒီနေရာကနေ ဘယ်မှ မသွားဘူး” တဲ့။ အဲလို ပြောရုံဘယ်ကမလဲ။ အဲဒီမှာဘဲ တဲဖျင်လေးတွေ ထိုးပြီး နေထိုင်လိုက်ကြပါတယ်။ ဒီမှာ ဘုရားရှင်ကိုပဲ ကြည်ညိုကြတဲ့ လူတွေရဲ့ စိတ်ကြောင့် သဘာဝကြီး ကူညီပုံက လူတွေ စွန့်ပစ်တဲ့ အညစ်အကြေးမှန်သမျှကို စုတ်ယူဝါးမြိုပစ်လိုက်ခြင်း ပါပဲ။ အဲဒါကြောင့် အဲဒီ နေရာမှာ လူပရိတ်ပေါင်း ထောင်သောင်း ရှိနေပေမယ့် မိုးရွာပြီးစအချိန်လို အမြဲ စိုပြေလန်းဆန်းနေပါတယ်။ ဒီအဖြစ်ကို ဘုရားရှင်က ကြိုသိထားပြီး ဖြစ်တဲ့အတွက် အရှင်မဟာမောဂ္ဂလာန်ကို မှာကြားထားပြီးလည်း ဖြစ်တယ်။ ဘုရားရှင် မှာကြားထားတာက
“ချစ်သား၊ ဒီပရိသတ်ကြီးဟာ ငါဘုရားရှင်ကို မမြင်ရမချင်း ပြန်ကြလိမ့်မည်မဟုတ်။ ထိုအခါ သင်ချစ်သားက ထိုပရိသတ်ကို တရားအနုမောဒနာ ဟောကြားရစ်။ စူဠအနာထပိဏ်မှ အစာရေစာများ ကျွေးမွေးပါလိမ့်မယ်” လို့ မိန့်ကြားထားပြီး ဖြစ်ပါတယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/si-LK/register?ref=V2H9AFPY