ဘာမှမရှိတော့ဘူး။ ဇော်ဝင်းထွဋ် ဆိုခဲ့ဖူးတဲ့ သီချင်းက “အပြင်းဆုံးသော မီးများ၊ ပြင်းလွန်းသော အပူများ ငါ့ရင်ထဲက မီးတောက်များကို မီနိုင်မှာလား” တဲ့။ သူ့ရင်ထဲမှာ မီးတောက်ရှိသေးတယ်။ ဒီမှာက ဘာမှ မရှိတော့တာ။ ဘာမှမရှိတာတော့ မဟုတ်ဘူး။ ဘာမှမရှိဘူးဆိုတာကြီးက လာရှိနေတာ။ ၂၀၂၀ အကူးမှာ တကမ္ဘာလုံး ရောဂါတွေ ပျံ့လာတော့ လူတွေအားလုံး ၂၀၁၉ မှာ ယဉ်ခဲ့တဲ့စိတ်ကူးတွေ အကုန်လုံးကို လွှတ်ချလိုက်ကြတယ်။ သို့တည်းမဟုတ် ရပ်တန့်ပစ်လိုက်ကြတယ်။ ပြန်လည်ပြီး အကောင်အထည်ဖော်နိုင်လုလုမှာပဲ လက်နက်ကိုင်ထားတဲ့ လူတစ်စုဟာ လိုဘမပြည့်စွာ အာဏာကို အာသာငမ်းဖမ်းပြီး ဘီလူးဆိုင်းတီးပါတော့တယ်။ ဘီလူးဆိုင်းမှာ ဘီလူးအကကိုမှ ကျွမ်းကျင်တဲ့ လူတစ်သိုက် အရှင်လတ်လတ်ကြီး ပြန်လည်ရှင်သန်ထမြောက်လာကြတယ်။ ဘုရားတွေမှာ ဘီလူးရုပ်ထွင်းထုကြပေမင့် ဘီလူးကို မြန်မာတို့ရဲ့ ပုံပြင်ထဲမှာတော့ ဘီလူး ဘုတ် ပြိတ္တာအဆင့်မှာ ထားကြတယ်။ ဗုဒ္ဓဘာသာ ကျမ်းစာထဲမှာ ဘီလူးနဲ့ ပတ်သက်တဲ့ စာစုပေါင်း ၃၀ တိတိရှိတယ်။ တကယ်တမ်းကျ ဘီလူးဆိုတာ ဒဏ္ဍာရီလာ သတ္တဝါကြီး။ တကယ်ရှိလား မရှိလားတော့ မသေချာဘူး။ သို့ပေမယ့် ဘီလူးဆိုရင် အကြမ်းပထန်းနိုင်တယ်။ ကြောက်စရာကောင်းတယ်။ လူသားတွေစားတယ်။ ဆိုးတယ်။ မဟားတရားနိုင်တယ်။ မကောင်းတဲ့ သတ္တဝါကြီးလို့ သတ်မှတ်ကြတယ်။ အော် ဒါနဲ့ ခင်ဗျားက ဘီလူးလား။ မသိဘူး။ မဖတ်နဲ့။ ဘီလူးဆိုရင်။ တော်ကြာ။ ကိုယ့်ရုပ်ကိုယ်မှန်ထဲ ပြန်ကြည့်နေမိဦးယ်။ ဟယ် ငါဟဲ့ဘီလူး။
ဒါက ဘီလူးဆိုင်းပါလားလို့ သိတဲ့ လူတွေလည်း ရှိတယ်။ တာနောပွဲလည်း မကြုံဖူး။ ဒဿပွဲလည်း မကြည့်ဖူးတော့ ဘီလူးဆိုင်းကို ဘယ်လိုတီးတယ် မသိဘူး။ တင်စားတာပဲ တွေ့ဖူးတာဆိုတော့ တင်စားတာနဲ့ပဲ ဆက်ပြောကြည့်ပါဦးမယ်။ လင်းလင်းရဲ့ ဘီလူးဆိုင်းနဲ့ ပူဇော်ခြင်း သီချင်းထဲက စာသားနဲ့ ပြောင်းပြန်ပြောရရင် လူဟာ လူလိုတွေးတောတတ်ဖို့ နည်းနည်းလွယ်တဲ့သူတွေကတော့ ဘီလူးဆိုင်းကို ဘီလူးဆိုင်းမှန်း သိသပေါ့လေ။ စိတ်ကူး စိတ်သန်းတွေ လွတ်လပ်ဖူးတယ်။ သွားလမ်းလာလမ်းတွေ လွတ်လပ်ဖူးတယ်။ ရည်မှန်းချက်တွေ အိပ်မက်တွေ လွတ်လပ်ဖူးတယ်။ အားလုံးမဟုတ်ရင်တောင် ဘဝဟာ တစိတ်တပိုင်းလောက် လွတ်လပ်ဖူးတယ်။ လွတ်လပ်ဖူးသူမှ လွတ်လပ်ခြင်းအရသာကို သိတယ်။ အရသာကို သိသူမှ စွဲလန်းတယ်။ စွဲလန်းမှ တပ်မက်တယ်။ တပ်မက်မှ လိုချင်တယ်။ လိုချင်နေသူတွေအတွက် တံခါးကြီး ပိတ်သွားမှန်း သိတယ်။ ကိုယ့်လက်နဲ့ ကိုယ်ပိတ်ခဲ့တဲ့ ၂၀၂၀ မှာ ကိုယ့်လက်ကို ကိုယ်ခွင့်လွတ်တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတော့ လိုက်နာရတ လွယ်သလေ။ ခုတော့ သူများဆုံးဖြတ်ချက်အမှားကြီးက ကိုယ့်တံခါးနဲ့အတူ လူအားလုံးရဲ့ အနာဂတ်ကြီးကို ပိတ်ချပစ်လိုက်တယ်။ နိုင်ငံအနာဂတ်ကြီးကို နွံထဲဆွဲနစ်ပစ်တယ်။ ဟုတ်လို့လားဆိုပြီး ဆိုရှယ်မီဒီယာသုံးနေကြသူတွေနဲ့အတူ ဝက်ဆိုက်တွေအထိ ဝင်ကြည့်တတ်တဲ့သူတွေ ပြီးတော့ သူများချက်ပြီးသား ထမင်းကို အသင့်ထိုင်စားနေကြသူတွေက အံ့ဩကြတယ်။ ခင်ဗျားတို့ကို ပြောတာ မဟုတ်ဘူး။ တကယ်တမ်း ခင်ဗျားတို့က ဘာသိဘာသာပါ။ ကျုပ်နဲ့အတူတူပဲ။ ပြည်သူ့တော်လှန်ရေးထဲလည်းမပါ။ အဲအတွကိုလည်း ငွေကြေးမလှူ။ ဘိန်းဖြူလေးများရရင် ရှူကြည့်ချင်သေးတယ်ဆိုတဲ့ ခင်ဗျားတို့ အသာလေးနေစမ်း။ မအေးလို့ရှိရင် စောင်ပတ်နေကြ။ ကျုပ်ကတော့ ခင်ဗျားတို့ ဖတ်လည်း နားမလည်တာတွေ ဆက်ရေးလိုက်ဦးမယ်။
မြန်မာနိုင်ငံရဲ့ ကြောက်ခေတ်ကာလ ၂၀၀၇ ခုနှစ်မှာ ဦးကြည်မောင်ရဲ့ နှစ်ပတ်လည်အမှတ်တရအတွက် လမ်းလျှောက်ကြတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူအချို့ ကို ရိုက်နှက်အဖမ်းခံရပြီးနောက် ပခုက္ကူမှာ သံဃာတော်ကို ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက်တာမျိုး အာဏာရှင်တွေ ထပ်ကျူးလွန်တယ်။ အားလုံး သွေးဆူသွားကြတယ်။ ၂၀၀၇ မှာ အင်တာနက် စရနေပြီ။ သုံးတဲ့သူလည်း ရှိနေပြီ။ မြန်မာပုလဲစတဲ့ အာဏာရှင်ဘလော့ကလွှဲလို့ ကျန်တဲ့ ဘလော့ကနေ သတင်းအမှန်တွေ စတက်တဲ့ခေတ်ရောက်ပြီ။ ဒီကိစ္စကြောင့် သံဃာတော်တွေ လမ်းပေါ်ထွက်ချင်နေကြပြီ။ အဲဒီအချိန် စားသောက်ကုန်ဈေးကလည်း မတရားတက်လာတယ်။ ဒီအတိုင်း ဆန္ဒထွက်ပြရင် မတရား ရိုက်နှက် အဖမ်းခံရတာက လွှဲလို့ဘာမှ မဖြစ်နိုင်ဘူးဆိုတာ သိလို့ “အနတ္တသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ” ဆိုပြီး ကုန်ဈေးနှုန်းကျဆင်းရေးအတွက်လိုလို စတင်လမ်းလျှောက်ခဲ့တယ်။ လူထုတွေ ပါဝင်လာတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အခရာဖြစ်ခဲ့တယ်။ သံဃာအား ဘုရားတောင်မှ မလွန်ဆန်နိုင်တာ။ အာဏာရှင်လောက်ကတော့ သနားသပေါ့။ သို့ပေတဲ့ အာဏာရှင်တွေဆိုတာ ဉာဏ်နီဉာဏ်နက်များတဲ့အမျိုး။ အာဏာကို လက်လွှဲလိုက်ပေမယ့် ပြန်ရဖို့ ဘယ်ချိန် ဘီလူးဆိုင်းထတီးရမလဲ စောင့်နေတာ။ စောင့်နေရင်း ပြည်သူတွေ အများကြီး သူတို့ဘက် ပါလာနိုင်တဲ့ နည်းကိုလည်း စဉ်းစားနေတာ။ ရွှေဝါရောင်တော်လှန်ရေးအပြီး သံဃာတော်တွေဟာ နိုင်ငံအပြောင်းအလဲမှာ အသုံးချလို့ရတယ်လို့ သူတို့ သတိထားမိသွားတယ်။ ၂၀၁၂ ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနယ်ဒီခေါင်းဆောင်ကြီး လွှတ်တော်ထဲ ဝင်သွားတာက အာဏာရှင်တွေအတွက် အနာကိုဆားပက်ခံရသလို ဖြစ်သွားတော့ မဖြစ်မနေ စီစဉ်ရမယ့် အစီအစဉ်တွေကို ထစီစဉ်တယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်ဘက်မှာ ဘာသာရေးအဓိကရုဏ်း မဖန်တီးခင်၊ ၂၀၁၃ မိတ္ထီလာမှာ ဘုန်းကြီးတစ်းပါးကို သတ်ပြပြီး ဘာသာရေးအဓိကရုဏ်းတို့ မဖန်တီးခင်အထိနှင့် ၂၀၁၄ ဇန်နဝရီလ ၁၅ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ မဘသအဖွဲ့တို့ ပေါ်မလာခင်အထိမှာတော့ ဘုန်းကြီးတွေ ဖာသိဖာသာပါပဲ။ အမှန်များပြောရရင်ဖြင့် ၂၀၀၇ မတိုင်ခင်တုန်းကဆို မြန်မာ့အလင်းနဲ့ ကြေးမှုံမှာပါတဲ့ ကပ္ပိယကံကောင်းစတဲ့ ဖော်လံဖားတို့ရဲ့ ဆောင်းပါးကို ဖတ်ကြတဲ့ ဘုန်းကြီးနည်းနည်းပါးပါးလောက်ပဲ အနယ်ဒီကို စမြင်ကပ်တာ။ မဘသဖွဲ့ပြီး မဘသပွဲကြီးတွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပရင်း အနယ်ဒီမုန်းတီးရေး အမုန်းတရားကို စနစ်တကျမုန်းခိုင်းလိုက်တာ ဘာပြောကောင်းမလဲ ဘုန်းကြီးတွေ အနယ်ဒီကို မုန်းတာ မုန်းတာ။ မုန်းတာဆိုတာများဗျာ။ တချို့ဆို ချန်နယ်ဖွင့်ပြီးတော့ကို မုန်းတာ။ တချို့ တရားပွဲကြီး ကျင်းပပြီးကို မုန်းတာ။ တချို့က ယဉ်ကျေးလိမ္မာအမည်ခံ သင်တန်းတွေဖွင့်ပြီး မုန်းတာ။ ကိုယ်မုန်းတာသာမကဘူး။ လူငယ်တွေကို အမုန်းတရားလက်ဆင့်ကမ်းပြီး မုန်းခိုင်းတာ။ The face of Buddhist terror ဘွဲ့ကြီးများတောင် The Time က ကပ်လှူကြတဲ့အထိ။ တကယ်တော့ ဒီဘွဲ့ က အဖြစ်အပျက်များ အားလုံးရဲ့ မတိုင်ခင် ၂၀၁၃ ဇူလိုင်လမှာ ရတာ။ ကြည့်ရတာ သူရို့များဟာ ဆင်ခြင်ဉာဏ်ကောင်းကြပုံရတယ်။ ဖြစ်လာနိုင်ချေကို စဉ်းစားနိုင်ပုံရတယ်။ ကိုယ်တို့ဆီမှာများနဲ့တော့ ကွာသပေါ့။ ဒိဋ္ဌေန ဒိဋ္ဌ မတ္တံ။ သုတေန သုတ မတ္တံ လောက်ပဲ။ တရားသဘောနဲ့ ပြည့်နေကြတာတော့ မဟုတ်ဘူး။ ဖြည့်စွက် မစဉ်းစားတတ်ကြတာ။ ခင်ဗျားတို့လား မသိပါဘူး။ ခင်ဗျားတို့က ယုံချင်တာ ယုံကြတာ။ ပုဂ္ဂိုလ်ခင်မှ ဘာဖြစ်တယ်ဆိုလား။ ခင်ဗျားတို့ ခင်တဲ့ ပုဂ္ဂိုလ်ကြီးက မှားနေမှန်း ခင်ဗျားတို့ မသိတာပဲ။ မန်းလေးသား စကားပြောရရင် ဆရာ့ ဆရာရဲ့ ဆရာတောင် ဆရာ့လောက် မဆရာပါဘူးဆရာရယ်။
မဘသတွေကြောင့်ပဲ နိုင်ငံရေးမှာ ဘုန်းကြီးတွေ ပါမလာခဲ့တာလား။ မဟုတ်ပါဘူး။ ဘုန်းကြီးတွေက ကိုယ်နဲ့ မဆိုင်တဲ့ ခြင်ထောင်ကိစ္စကို ဥပဒေထုတ်တယ်။ အာဏာရတာမှ မကြာသေးဘဲ အာဏာပြချင်တဲ့ ဖြိုးမင်းသိန်းက ကိုယ်နဲ့ မဆိုင်တဲ့ သာသနာရေးကိစ္စကို မဘသမလိုဘူးဆိုပြီး အာဏာထပြတယ်။ နှစ်ဦးနှစ်ဖက် အဲမှာ တိုက်ခိုက်မိကုန်ရော။ ဘုန်းကြီးတွေ အားလုံးဟာ ဒီကိစ္စမှာကတည်းက အနယ်ဒီကို နည်းနည်းမျက်စစူးနေပြီ။ မဘသတွေရော မဘ မသတာတွေရောပဲ။ ၂၀၁၈ ခုနှစ် အကုန်လောက်လေးမှာ မြန်မာနိုင်ငံထဲက နာမည်ရနေတဲ့ ဘကကျောင်းက ဆရာတော်များဆုံကြတယ်။ ဆရာတော်တပါးက အဲပွဲမှာ ထညည်းတယ်။
“ဒီအစိုးရ လက်ထက်မှာ ငါတို့ကလေးတွေ စာမေးပွဲ အကျများလာတယ်”
အဲဒီဆရာတော်ရဲ့ ညည်းချင်းကို အားလုံးလက်ခံသလိုလို ဖြစ်သွားတယ်။ ဟုတ်တယ်လို့ထောက်ခံသူရှိသလို ဘာမှလည်းမပြောကြတော့တဲ့ ဆရာတော်တွေ ရှိတယ်။ ဒီကိစ္စက တကယ်လား။ မတော်တဆလား။ မရွယ်ဘဲ ဖြစ်ပျက်သွားသလား။ တိုက်ဆိုင်သွားတာလား။ တိုက်ဆိုင်ဟန်ဆောင်လိုက်တာလား။ ညွှန်ကြားချက် မရှိပေမယ့် သခင်အလိုကျမယ်ထင်လို့ လိုက်လုပ်ကြတဲ့ ဝန်ထမ်းတွေကြောင့်လား။
အနယ်ဒီလက်ထက်မှာလို့ ထင်ပ။ ဝန်ကြီးတပါးက ပြောတယ်။ အနယ်ဒီလက်ထက် ဟုတ်မဟုတ် မမှတ်မိပေမယ့် ဝန်ကြီးတပါးရယ်လို့တော့ မှတ်မိပါတယ်။ သူပြောတာကလည်း ခပ်ကောင်းကောင်းပါပဲ။ ဒီစကားအသွားအလာကြောင့်ပဲ အနယ်ဒီဟာ ဘကကိစ္စတွေကို သူတို့လက်ထက်မှာ လျစ်လျူရှုခဲ့လေသလား။ ဝန်ကြီးက
“ဆရာတော် သံဃာတော်များဟာ မိမိကိုယ်တိုင်ကလည်း သံသရာဝဋ်က ကျွတ်အောင် ကြိုးစားရမှာဖြစ်သလို မိမိကို ကိုးကွယ်ကြတဲ့ တကာ တကာမတွေကိုလည်း သံသရာဝဋ်က လွှတ်အောင် ကြိုးစားပေးကြရမယ် ဖြစ်ပါတယ်၊ အဲဒီအစား ဆရာတော် သံဃာတော်တွေက ပြည်သူတွေရဲ့ လိုအပ်ချက်ကို လိုက်ဖြည့်စွက်ပေးနေရတာကို တပည့်တော်တို့ အားနာလှပါတယ်ဘုရား၊ တပည့်တော်တို့ရဲ့ လက်ထက်မှာ အရှင်ဘုရားတို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ပရိယတ် ပဋိပတ်ကို ကြိုးကုတ်နိုင်အောင် တပည့်တော်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားမှာပါဘုရား”
လို့ အဓိပ္ပါယ်ရတဲ့ စကားအရှည်ကြီးကို ပြောသွားဖူးတယ်။ ဒီစကားကြောင့် အနယ်ဒီလက်ထက်မှာ သာသနာ့ဝန်ထမ်းတွေ လူမှုကိစ္စကို ဝင်ရောက်ဝန်ထမ်းပေးနေကြတာကို မရှုစိမ့်လို့ ဖြစ်သွားတာလေများလား။ လက်မဲကြီးတမျိုး ပေါ်ပေါက်ခဲ့လေသလား။ သို့သော်ငြားလည်း ဘကဘုန်းကြီးတွေအတွက် အနယ်ဒီလက်ထက်မှာ တိုက်ဆိုင်မှုကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဆိုတော့ မဘသရယ်၊ ဘကရယ်ဟာ အနယ်ဒီကို သိပ်ပြီး စိတ်လက်ကြည်သာ မရှိခဲ့ရာက အာဏာသိမ်းတာကို အနယ်ဒီကို ဖျက်တယ်လို့သာ သဘောပေါက်ကြတဲ့ သာသနာ့ဝန်ထမ်းတသိုက်ဟာ လက်ရှိ စကစဘက်ကို အလိုလို ယိမ်းကုန်ရော။
တကယ်တမ်း အာဏာရှင်က ပညာရေးကို စနစ်တကျကြီးဖျက်ခဲ့လို့သာလျင် ဘကပညာရေးက တကျော့ပြန် ထွန်းကားလာတာပါလေ။ မဟုတ်များမဟုတ်ရင် ကုလားဖြူတွေ မအုပ်ခင်က လူတွေ ဘုန်းကြီးကျောင်းမှာ စာသင်ရသတဲ့လို့သာ ကြားဖူးကြမှာပါ။ အာဏာရှင်ကြောင့် ဘကတွေ ပြန်ထွန်းကားလာတယ်။ ဘကနဲ့ လုပ်စားလို့ ကောင်းတယ်။ အနယ်ဒီသာ ဆက်ရှိနေရင် ကိုယ်ပိုင်ကျောင်းတွေ နိုင်ငံခြား ပညာသင်ကြားခွင့်တွေ အခမဲ့စနစ်တွေကြောင့် ဘကက ပြန်ပြီးပျောက်သွားဖွယ်ရှိတော့ မထူးဘူး။ စစ်တပ်က ပညာရေးစနစ် ပြန်ဖျက်ဆီးပါစေလို့များ မျှော်လင့်ဆုတောင်းကြလေသား မသိ။ ငါလည်း ကံကြီးတော့ ထိုက်ကုန်တော့မှာပဲ။ မရဘူး။ ငါဟဲ့ ဂျန်ဝိုင်။ ဂျန်ဇီတွေလောက်တော့ ဘာသာရေးအမြင်မပွင့်လင်းသေးဘူး။ ဘုရားရှိခိုးအိပ်ရင် အိပ်မက်လှတယ်လောက်ပဲ သင်ခဲ့ရတာ။ စိတ်ဒဏ်ရာတွေ ပြည့်နေရင် အိပ်မက်မလှနိုင်ဘူးလို့ အနောက်တိုင်း စိတ်ပညာတွေ မသင်ခဲ့ရဘူး။
ကိုယ်က ဘုန်းကြီးဆိုတော့ ဘုန်းကြီးတွေနဲ့ မကြာခဏတွေ့ရတတ်တယ်။ တနေ့တော့ ပွဲတခုမှာ ဘုန်းကြီးတပါးက
“အစိုးရ အသစ်ပြောင်းတော့ ကုန်ဈေးနှုန်းတွေ အပြောင်းအလဲ ရှိမှာပဲ။ လူတွေ ဒုက္ခနည်းနည်းပါးပါး ခံရဦးမှာ”
လို့ အသံခပ်ဩဩနဲ့ ပြောတယ်။ ယုံယုံကြည်ကြည်ပါပဲ။ သူ့အသံမှာ သည်စကစက ပိုကောင်းပါတယ်လို့ ထောက်ခံတဲ့အသံမျိုးပါတယ်။ ကိုယ်ကတော့ အနယ်ဒီနဲ့ ရဟန်းတွေ ဘာကြောင့်များ အဲလောက်ထိ ဝေးကွာသွားရတာလဲ။ အမှန်တရားကြီးတခုလုံးကို မျက်ကွယ်ပြုပြီးတော့ စကစကို ထောက်ခံရလောက်အောင် အနယ်ဒီတွေနဲ့ ရဟန်းသံဃာတွေ ဘာနေရာကနေများ ငြိုးတွေးသွားရတာလဲ။ လယ်တီသိမ်ဖျက်တာ၊ လက်ပန်းတောင်း သံဃာတွေကို မီးလောင်ဗုံးချဲတာစတဲ့ စကစတို့ရဲ့ ယုတ်မာမှုတွေကို ရဟန်းသံဃာတွေ ဘာကြောင့်များ ခွင့်လွတ်သွားနိုင်ရတာလဲ။ ကပ္ပိယ၊ ဖေကံကောင်း၊ ဦးဖြိုး၊ ခြင်ကျား(မအူပင်)၊ ကေတုနီလာ၊ ဖိုးရှုပ်တို့နှင့် လွိုင်လင်မဟာစည်ဆရာတော်စတဲ့ ရှေးခေတ်သတင်းစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန်တွေ စွပ်စွဲရေးသားနေတုန်းကတောင် အခြေအနေက သည်လောက် မဆိုးသေးဘူး။ အခုက ရဟန်းသံဃာတွေနဲ့အနယ်ဒီ ဘယ်လိုမှ အစေးမကပ်တာ။ လူမှုကွန်ယက်မှာ နာမည်အတုတွေနဲ့ ဒေါ်စုကို တိုက်ခိုက်နေပြီဆို သူတို့အကောင့်သေချာမွှေကြည့်လိုက်။ ရဟန်းသံဃာမဟုတ်ခဲ့ရင်တောင် နီးစပ်တယ်လို့ ယူဆရတဲ့ အထဲမှာပါတယ်။ ဆိုတော့ လောကကြီးမှာ ငါမှန်သဟဲ့ဆိုပြီး ထင်ရာစိုင်းလို့ မရဘူးဆိုတာမျိုးကိုလည်း ပြသခဲ့တဲ့ အနေအထားတွေလို့ နားလည်ရမလားဘဲ။ အနယ်ဒီ ဘာသာရေးအပေါ်မှာ ထင်ရာစိုင်းတဲ့ ဘီလူးဆိုင်း တီးတာမျိုးများ ရှိခဲ့လေမလား။ မွတ်စလင်အမတ်ဆိုလို့ ကြံ့ဖွတ်ပါတီထဲမှာ ဘူးသီးတောင်ဦးရွှေမောင်ပဲ ရှိခဲ့တာ။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အနယ်ဒီဘက်က မွတ်စလင်အမတ်လောင်း ၂ ဦးပါလာတယ်။ မန်းလေး စဉ့်ကိုင်မြို့ကဒေါ်ဝင်းမြမြနဲ့ ရန်ကုန်ပန်းဘဲတန်းမြို့နယ်က စည်သူမောင်။ အာဏာမသိမ်းခဲ့ရင်တော့ သူတို့နှစ်ယောက် လွှတ်တော်ထဲ ရောက်စရာ ရှိသပေါ့။ သို့ပေတဲ့ မွတ်စလင်နိုင်ငံတော်ကြီး ဖြစ်သွားနိုင်စရာ အကြောင်းက မရှိပြန်ဘူး။ သည်ထက် အနယ်ဒီနဲ့ ရဟန်းသံဃာကွဲပြဲရခြင်းအကြောင်းက ရှိချင်လည်း တခြားလမ်းနဲ့ ရှိချင်ရှိနေမှာ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ အာဏာရှင်တွေ ရိုက်သွင်းခဲ့တဲ့ အသိမှားတွေ ရဟန်းသံဃာတွေအပေါ်မှာ ဩဇာရောက်သွားခဲ့လေသလားပေါ့လေ။ ဒါပဲ စဉ်းစားစရာ ရှိတော့တယ်။
ရေးနေရင်း မီးပျက်မှာစိုးနေရတယ်။ နေ့ခင်းဘက် နည်းနည်းကြာကြာလာရင် ညဘက် လူခြေတိတ်လောက်မှ ထပ်လာတော့မှာ။ မနက်လင်းအားလည်းကြီးရော မီးက ပျက်ပြီ။ တခါခါ အိမ်လေး ဘာလေးပြန်ချင်တယ်။ ကားဓာတ်ဆီက ဈေးမတန်တဆဖြစ်နေတာကြောင့် မပြန်ချင်ဘူး။ ပိုမပြန်ချင်တာက မြို့တမြို့လောက်များ ဖြတ်ရရင် လေးကြိမ်လောက် အစစ်ခံရတာ။ ကိုယ်သွားတဲ့အချိန်မှာ အသွားအလာများတဲ့ အချိန်မျိုးများနဲ့ ကြုံရင် ကားတန်းကြီးကို စောင့်ရတာ။ အဲထဲမှာ ၂၂ ဘီးကုန်တင်ကားကြီးတွေ သုံးလေးစီးလောက် ပါပြီဆို စောင့်ပေတော့ ၂ နာရီလောက်။ မြို့ပေါ်မကြာခဏတက်တဲ့ ကိုယ့်ပတ်ဝန်းကျင်က လူလတ်ပိုင်း ၂ ယောက်လောက်ကတော့ ဖုန်းထဲမှာ VPN ပါတာကြောင့် ၅၀၀၀၀ ကျပ်စီနဲ့ ဖုန်းထဲမှာ သေနတ်ပစ်ဂိမ်းပါတဲ့ ၁ ယောက်က ၅၀၀၀၀ ကျပ်ပေးခဲ့ရသေး။ မြင်းဆေးတွေ ဈေးပေါလာတယ်။ ကျွဲဈေးတွေ တက်လာတယ်။ အဲဒါစိုက်ဖို့ မြေဩစာ တအိတ်ကို တသိန်း။ ပြောင်းဈေးကောင်းတယ်။ ပြန်ဝယ်လိုက်ရတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မြေဩစာအတွက် ပြောင်းစိမ်းရောင်းခဲ့ရတယ်။ အကြွေးယူခဲ့ရတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေကို ဘာစာသင်လဲလို့ မေးကြည့်သေးလား။ ကျောင်းတကျောင်းက ဆရာကတော့ သူ့မှာ ဘက်စုံကြောက်နေရတာနဲ့ ဆရာဆရာမ မစုံတာနဲ့ စာသင်ရတဲ့ ရက်တောင် မရှီသလောက်ပါပဲတဲ့။
“ဘာအလုပ်မှ မလုပ်ဖူးရင် ဘာမှ မသိဘူး”
“ထမင်းတလုပ်အတွက် မပေးဆပ်ဖူးရင် မသိနိုင်ဘူး”
“ကျောတခင်းစာအတွက် မရုန်းကန်ဖူးရင် ဘာမှ သိဦးမှာ မဟုတ်ဘူး”
လခွမ်း။ ဘာသာရေးအရ တင်းကြပ်လှတဲ့ လူမှုဝန်းကျင်ဟာ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးမှာ နှောင့်နှေးသဟ။
ပြည်သူလူထုနိုင်မှ ဖြစ်မှာ။