ဒေဝိလ ရသေ့သည် အလွန်ခေါင်းမာသူ ဟုဆိုရပေမည်။ ကျစ်တစ်တစ် ဂွကျကျ ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။ ဤသို့ဖြင့် သူ့အတွေးများက ဤဖြစ်ရပ်တွင် သူ့ဘက်က မှန်သည်ဟုချည်း တွေးထင် ယူဆနေသည်။ မှန်သည်ဟုလည်း ထင်စရာရှိနေသည်။ ဟိမဝန္တာတောထဲတွင် ရှစ်လလောက် သတင်းသုံးပြီး မြို့ပေါ်သီတင်းသုံးဖို့ သူဆင်းလာခဲ့သည်။ လမ်းခရီးတွင် ခေတ္တတည်းခိုဖို့ရန် အလို့ငါ အိုးထိန်းသည်တစ်ယောက် အိမ်တွင် ခေတ္တတည်းခွင့်တောင်းသည်။ မကြာမတင်တွင် နာရဒရသေ့လည်း သူ့လိုပင် အိုးထိန်းသည်အိမ်၌ ခေတ္တ တည်းခွင့်တောင်းရာ အိုးထိန်းသည်ကပင် သူ့ကို လျှောက်လိုက်သေးသည်။ ရသေ့ချင်းချင်းမို့ သူခွင့်ပြုလိုက်သည်။ မအိပ်မီကပင် ရှေးဟောင်းနှောင်းဖြစ်များ သူ့အဖြစ် ကိုယ့်အဖြစ် သူ့အတွေ့အကြုံ ကိုယ့်အတွေ့ကြုံများ ပြောဖြစ်ကြသေးသည်။ ညဥ့်နက်လို့ အိပ်ကြတော့ သန်းခေါင်ကျော်ကျော်လောက်မှာ တပို့တပါး သွားချင်ယောင်ဆောင်ပြီး သူ့ခေါင်းကို နင်းသည်။ ခေါင်းနင်းဆင်းလို့ ခေါင်းရင်းနှင့် ခြေရင်းလှည့်အိပ်လိုက်ပြန်တော့လည်း လည်ပင်းကို တက်နင်းသည်။ ကြည့်ရသည်မှာ အစကတည်းက သူ့ကို သတ်ချင်နေပုံရသည်။ ထို့ကြောင့် နောက်ယောင်ခံလိုက်လာခြင်း ဖြစ်မည်။ သည်လိုလူကို ကျိန်စာတိုက်သင့်သည်။ ထို့ကြောင့် သူကျိန်စာတိုက်သည်။ ကောင်းသော ကိုယ်ကျင့်တရား ရှိခဲ့သူ၏ ကျိန်စာဖြစ်၍ ကျိန်စာက အသက်ဝင်သည်။ ထိရောက်မှုရှိသည်။
“ရောင်ခြည်တစ်ထောင်ဆောင်တဲ့ နေမင်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် သင့်ဦးခေါင်း ခုနှစ်စိတ်ကွဲစေသတည်း” ကဲ။ ကောင်းရော။ မှတ်ရောကွာ ဆိုပြီး ဒေဝိလ စိတ်ထဲ ကြိတ်ကျေနပ်နေမိသည်။ ငါ့ခေါင်းကို နင်းတဲ့ကောင်၊ ငါ့လည်မျိုကို နင်းတဲ့ကောင် ခေါင်းကွဲတာကို ကြည့်ရဦးမယ် ဟား ဟား ဟားဟု ဝမ်းထဲ ကြိတ်ပြုံးနေသည်။
အကျိန်ခံရသူ နာရဒက အခြေအနေအားလုံးကို သုံးသပ်ကြည့်သည်။ ည မအိပ်မီက ဒေဝိလ၏ အိပ်သည့်နေရာကို သူသေချာမှတ်ခဲ့သည်။ ထို့နောက် တပို့တပါးသွားလျှင် လွယ်အောင် တံခါးပေါက်ကို မှတ်ခဲ့သည်။ သို့နှင့် သူက မှတ်ထားသည့်အတိုင်း အောက်သို့ဆင်းခဲ့သည်။ ဘယ်ကနေ ဘယ်လို ဒေဝိလသည် တံခါးပေါက်၌ အိပ်နေသည်ကို သူမသိပါ။ ထို့ကြောင့် ပထမအဆင်းတုန်းက ဆံကျစ်ကို နင်းမိသည်။ နင်းမိစဉ်ကလည်း ခွင့်လွတ်ပါ၊ မသိ၍ နင်းမိခြင်း ဖြစ်သည်ဟု သူတောင်းပန်ခဲ့သည်။ အတက်တွင် ခေါင်းကို ထပ်မနင်းမိစေဖို့ ခြေရင်းဘက်က တက်ခဲ့သည်။ ဒေဝိလရသေ့ ခြေရင်းခေါင်းရင်း လှည့်အိပ်နေလိမ့်မည်ဟု မထင်။ ထိုအခါ လည်မျိုကို နင်းမိပြန်သည်။ နင်းမိလျှင် နင်းမိချင်း သူတောင်းပန်ခဲ့သည်။ ထိုသို့ တောင်းပန်နေသည့်ကြားက ဒေဝိလက ကျိန်စာတိုက်သည်။ သို့အတွက် မတတ်နိုင်ပါ။ တန်ပြန်ကျိန်စာတိုက်ရုံသာ ရှိတော့သည်။
“အကယ်၍ နေမင်းထွက်လာလျှင် အပြစ်ရှိသူ၏ ဦးခေါင်းသာ ခုနှစ်စိတ်ကွဲစေသတည်း” မတတ်နိုင်ပါ။ တန်ပြန်ကျိန်စာ တိုက်လိုက်ရပါတော့သည်။ ဖြစ်နိုင်လျှင် မည်သူ့ကိုမှ ဒုက္ခမရောက်စေချင်ပါ။ မိမိက နောက်သို့ ဆုတ်နေပါလျှက် ရှေ့သို့ အတင်းတက်လာသူ၏ အမှားသာ ဖြစ်သည်။ ခံနိုင်ရည်ထက် ကျော်လာလျှင် တန်ပြန်တိုက်စစ်ဆိုတာ ရှိမည်။ ထို့ကြောင့် အခိုက်အတန့် အတွင်း ကျိန်စာ ပြန်လည် တိုက်မိလိုက်သည်။ ကျိန်စာ တိုက်ပြီး မိမိ၏ ရရှိထားသော ရှေးကမ္ဘာလေးဆယ်ထိ မြင်နိုင်စွမ်းသော တန်ခိုးဖြင့် ကြည့်လိုက်ရာ ခေါင်းခုနှစ်စိတ်ကွဲမည့်သူမှာ ဒေဝိလ ရသေ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤကဲ့သို့ ထင်ထင်လင်းလင်း သိလိုက်ရပြန်တော့လည်း သူစိတ်မကောင်း။ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်မွေးနိုင်သူအဖို့တော့ မခက်။ င့ါကို ဒုက္ခပေးချင်တဲ့ကောင် ခု သူဒုက္ခရောက်တော့မယ်ဆိုပြီး ဝမ်းသာ အားရဖြစ်နေမည့် အတ္တ၊ မာန်မာနမျိုးလည်း သူ့ထံတွင် မရှိ။ ထို့ကြောင့် သူရိုးရိုးသားလေ ဖြေရှင်းလိုက်သည်။ ဒေဝိလကို တောင်းပန်ခိုင်းသည်။ သို့သော် ဒေဝိလက မတောင်းပန်ပါ။ မတောင်းပန်သည့်အပြင် စကားကို ပြောင်းပြန်ပြောနေသေးသည်။ သူချော့သည်။ ခြောက်သည်။ မရပါ။ ဘယ်လိုပြောပြော နားလည်သဘောပေါက်မည့် အစားထဲမဟုတ်။ ကိုယ့်ဘာသာကိုယ်တွေး ကိုယ့်ဘာသာကိုယ် ကောက်ချက်ချပြီး ကိုယ့်ဘာသာကိုယ် မှန်တယ်လုပ်နေမည့်လူစားမျိုး ဖြစ်သည်။ သည်လိုလူမျိုးကို တစ်ယောက်ယောက်မှ ဓူဝံကြယ်က တောင်ဘက်မှာ ပြောလိုက်လျှင် မြောက်ဘက်မှာ ရှိတယ်ဆိုသူအား ခံငြင်းကာ အပြစ်ပြောမည့်လူစားမျိုး ဖြစ်သည်။ သည်လိုလူစားမျိုး ပေါသည့်ခေတ်လည်း ဖြစ်သည်။ ဘယ်လိုမှ တောင်းပန်ခိုင်း၍ မရသည့်အဆုံး ရသည့်နည်းကို နာရဒရသေ့သုံးလိုက်သည်။ ထိုနည်းကာ ဤနေ့တစ်နေ့လုံး နေမထွက်နိုင်အောင် တန်ခိုးဖြင့် တားလိုက်သောနည်း ဖြစ်လေသည်။
ခက်ပြီ။ နေမထွက်တော့ တိုင်းနိုင်ငံ မြို့ရွာမှ လူများက ဆူပူလေပြီ။ ဆူပူသည့်နေရာက မင်းရင်ပြင်တော်။ ရှင်ဘုရင်ဖြစ်သူကလည်း စဉ်းစားပြီ။ နေမထွက်။ နေမထွက်သည်မှာ အကြောင်းရင်း ရှိရမည်။ ဘယ်လိုအကြောင်း ဖြစ်မည်လဲ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ ကိုယ်ကျင့်တရား မကောင်းသဖြင့်လည်း ဤအဖြစ်မျိုးက ကြုံတတ်သည်။ ထို့ကြောင့် ဗာရဏသီပြည်ကို အုပ်စိုးနေသော ဗြဟ္မဒတ်မင်း သူ့ကိုယ်သူ ပြန်လည်သုံးသပ်သည်။ ဤနည်းသည် အလွန်ကောင်းသည့်နည်း ဖြစ်သည်။ မိမိ သို့မဟုတ် မိမိပတ်ဝန်းကျင်တွင် မကောင်းသည့် အရာတစ်ခုခု ဖြစ်ပေါ်လာပြီဆိုလျှင် ပထမဦးစွာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ရမည်။ ငါ မကောင်းလို့ ဒီအမှုကြီး ဖြစ်သလား။ ငါ တစ်ခုခုများ မှားယွင်းနေမလားဟု သုံးသပ်ကြည့်ရမည်။ မိမိ အပြစ်မရှိခဲ့လျှင် မိမိအပြစ်မဟုတ်ခဲ့လျှင် မည်သူကြောင့် ဖြစ်နိုင်မည်လဲ ဟုသုံးသပ်ရမည်။ စဉ်းစားရမည်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချရမည်။ ထိုသို့မဟုတ်ဘဲ ငါဒီလိုဖြစ်တာ ဘယ်သူ့ကြောင့်ဟု လက်ညိုးထိုးလိုက်လျှင် လက်ညိုး အထိုးခံရသူနှင့် ရှင်းမရဖြစ်လာပြီး ဆက်နွယ်မှုမှာ မလိုအပ်ဘဲ ကြီးထွားသွားမည်။ ဆက်နွယ်မှုမှာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အုပ်စုလိုက်ဆိုလျှင်ဖြင့် ထိုအမှုသည် ပြီးဆုံးတော့မည် မဟုတ်။ တစ်ဖက်ဖက်က တတ်သိနားလည်မှုမရှိခဲ့လျှင် ပိုဆိုးကုန်မည်။ မဆီမဆိုင် ဘေးက ပွဲကြည့်ပရိသတ်လည်း ထင်ယောင်ထင်မှား ဖြစ်ကုန်ကာ မလိုလားအပ်သည့် အမှားအယွင်းတွေ ကျူးလွန်မှုတွေ ဖြစ်ကုန်မည်။ ဗြဟ္မဒတ်သည် အမတ်တို့ကို ချက်ချင်းစေလွတ်လိုက်သည်။ တိုင်းပြည်မှာ ရသေ့ရဟန်းများ ရောက်နေလျှင် ထိုရသေ့ရဟန်းများကို အကြောင်းစုံ လျှောက်ထားရန် ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ တိုင်းပြည်တစ်ပြည်တည်း နေကွက်၍ မထွက် ဖြစ်နေခြင်းမှာ သီလရှိသူ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်နိုင်သည်ဟု ဗြဟ္မဒတ်သိလိုက်သည်။ တစ်နေရာတွင် ရသေ့နှစ်ပါးတွေ့ကြောင်းနှင့် ရသေ့နှစ်ပါး၏ အဖြစ်စုံကို အမတ်များက လျှောက်ထားရာ ဘုရင်ကိုယ်တိုင် ထိုနေရာသို့ လိုက်ခဲ့သည်။
ဘယ်လိုပင် တောင်းပန်ခိုင်း တောင်းပန်ခိုင်း လုံးဝမတောင်းပန်သော ဒေဝိလရသေ့ကို မင်းချင်းများက ကြိုးဖြင့်တုတ်ကာ ကန်တော့ တောင်းပန်ခိုင်းသည်။ မင်းကို ကြောက်သဖြင့်သာ တောင်းပန်လိုက်ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထဲပါ၍ တောင်းပန်ခြင်း မဟုတ်သော တောင်းပန်ခြင်းက တောင်းပန်မှုမမြှောက်။ ဗုဒ္ဓ၏ ဥပဒေတော်တို့တွင် စေတနာခေါ် စိတ်ရင်းက အဓိကကျသည်။ စိတ်ရင်းမပါပါက လုပ်သည့်အလုပ်မှာ ကံမမြောက်။
“သူတောင်းပန်တာ စိတ်ရင်းမှန် မပါတဲ့အတွက် နေထွက်လျှင် ထွက်ချင်း သူ့ခေါင်းက ကွဲမှာပဲ တကာတော် မင်းတရား”
“လုပ်ပါဦးဘုရား၊ အရှင်ဒေဝိလရသေ့ ခေါင်းလည်း မကွဲအောင် နေလည်းထွက်အောင် အရှင်ရသေ့ ကြံပေးပါဦး”
သို့နှင့် ဒေဝိလရသေ့ကို ရေတွင် ငုပ်စေကာ သူ၏ ဦးခေါင်းပေါ် မြေစိုင်မြေခဲကို တင်စေပြီးလျှင် နေကို ထိန်းချုပ်ထားမှုကို လွတ်လိုက်သည်။ နေထွက်သည်နှင့် တပြိုင်နက် ဒေဝိလရသေ့၏ ဦးခေါင်းပေါ်မှ မြေစိုင်မြေခဲတို့သည် ခုနှစ်စိတ်ကွဲလေသည်။ ဒေဝိလမှာလည်း နာရဒမှာကြားထားသည့်အတိုင်း ခေါင်းပေါ်မှ မြေစိုင်မြေခဲတို့ ကွဲသည်နှင့် တပြိုင်နက် ရေငုပ်ကာ ထွက်ပြေးလေသည်။ စိတ်ကို တစ်ဆင့်လျှော့ကာ မတောင်းပန်လိုက်ခြင်းကြောင့် ဒေဝိလမှာ လူပုံအလယ်တွင် မျက်နှာ မပြရဲတော့။ အကယ်၍သာ ဒေဝိလက သူမသိလို့ နင်းမိတာပဲဆိုပြီး ခွင့်လွတ်လိုက်လျှင် ပြီးသွားသည်မှာ ကြာပြီဖြစ်သော ဇာတ်လမ်းလေး ဖြစ်သည်။ မိမိကို အကြောင်းပြု၍ ရှင်ဘုရင်နှင့်တကွ တိုင်းသူပြည်သားတို့လည်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ်မရှိ။ ဤတွင်မက နာရဒရသေ့မှာလည်း ဒေါသ ပြန်မထွက်သင့်။ ဒေါသသည် ချက်ချင်းဆိုသလို သူတပါးအား တန်ပြန်ဒုက္ခပေးလိုသည်။ ငါ ဒုက္ခရောက်သလို သူလည်း ဒုက္ခရောက်စေရမည်ဟူသော စိတ်က ဦးဆောင်နေသည်။ သူတပါးမှားနေသည်ကို မှားနေသည်ဟု မပြောဘဲ မေတ္တာဖြင့် မချေဖျက်ဘဲ နားလည် ခွင့်မလွတ်ဘဲ ယောနိသော မနသိကာရ မထားဘဲ မိမိက ထပ်ဆင့်မှားလိုက်သော အမှားက ဆင့်လိုက်သောအခါ အမှားသံသရာသည် မပြီးနိုင် မစီးနိုင် ဖြစ်သွားလေသည်။ သူတပါးမှားနေလျှင် ဘာကြောင့်သူမှားရတာလဲဟု ဆင်ခြင်သုံးသပ်သင့်သည်။ အမှားကို အမှားမှန်း သိလျှင်လည်း မြန်ဆန်စွာ ပြုမူ ပြင်ဆင်သင့်ပါသည်။
Your article helped me a lot, is there any more related content? Thanks!