ကျွန်တော် ဒီအဖြစ်အပျက်ကို ရေးမယ်လုပ်ခါမှ မင်းကွန်းဆရာတော် နေခဲ့ကျောင်းနာမည်ကို မေ့နေလို့ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးရသေးတယ်။ နောက် မေ့နေတာက ဒီအဖြစ်အပျက်ကို စာအုပ်နှစ်အုပ်မှာ ဖတ်ဖူးလိုက်တယ်။ အဲဒီနှစ်အုပ်လုံးက “ရတု” စာအုပ်။ ရွှေရတု၊ ငွေရတုစာအုပ်။ မင်းကွန်းဆရာတော်ရဲ့ ရွှေရတု၊ ငွေရတုလား၊ မိုးမိတ်ရဲ့ ရွှေရတု ငွေရတုလား၊ သာသနာ့တက္ကသိုလ်ရဲ့ ရွှေရတု ငွေရတုလား။ ဘယ်ရတုမှန်း မမှတ်မိတော့တဲ့ စာအုပ်နှစ်အုပ် ဆီက ဖတ်လိုက်ဖူးတယ်။ ဒါပေမယ့် အောက်က ကျွန်တော်ရေးမယ့်အတိုင်း ဖြစ်ပျက်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။ များသောအားဖြင့် ကျွန်တော်က အဖြစ်အပျက်ကိုသာ မှတ်မိတတ်ပြီး ဘယ်က ဘယ်လို ဘယ်အချိန်ဆိုတာကို မေ့တတ်တာ အကျင့်ဖြစ်နေလို့။ တကယ်တော့ မူရင်းအတိုင်း ရေးပြချင်ပါတယ်။ ခုတော့ ကျွန်တော် မှတ်မိသလိုပဲ ရေးပြပါတော့မယ်။ အဲဒီ ဆောင်းပါးလေးများရှိရင် မူရင်းအတိုင်း ကျွန်တော့်ကို ကူးပေးကြပါဦး။
အဖြစ်အပျက်က ဒီလိုပါ။ တစ်ခါက လူတစ်ယောက် မင်းကွန်းဆရာတော် နေထိုင်ရာ ဓမ္မနာဒကျောင်းတိုက်ကို ရောက်လာတယ်။ ကြည့်ရတာ အဲတုန်းက မိုးမိတ်တို့ ဘာတို့ မလုပ်ရသေးဘူးထင်ပါတယ်။ ပြီးတော့ မင်းကွန်းဆရာတော်တို့လို ဆဋ္ဌသင်္ဂါယနာ ဝသဇ္ဇကဆရာတော်၊ မဟာဗုဒ္ဓဝင်ကျမ်းပြုဆရာတော်၊ တိပိဋကနိကာယကျောင်းတိုက်ကို တည်ထောင်တဲ့ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) ဖွင့်လှစ်တဲ့ဆရာတော်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ၊ ဇိဝိတဒါနသံဃာ့အထူးကုဆေးရုံကို တည်ထောင်တဲ့ဆရာတော် စတဲ့ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို ကြည်ညိုချင်တဲ့ တကာဖြစ်ပုံရပါတယ်။ အဲဒီလူ မင်းကွန်းဆရာတော်နဲ့ တွေ့တာ အတော်ကံကောင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘယ်သူမဆိုမှာ လူသူသိပ်သတိမထားမိတဲ့ အရည်အချင်း တစ်ခုစီ ရှိတတ်ပါတယ်။ အဲလို လူသူမသိတဲ့ အရည်အချင်းတစ်ခုစီ ပိုင်ဆိုင်ထားကြတဲ့အထဲက မင်းကွန်းဆရာတော် ပိုင်ဆိုင်တဲ့ အရည်အချင်းတစ်ခုဟာ ဘယ်သူကိုမဆို သာသနာကို ကြည်ညိုတတ်အောင် သွန်သင်ဆုံးမနိုင်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။ ခု ရောက်လာတဲ့ လူကတော့ အဲဒါတွေ သိလို့ မဟုတ်ပါဘူး။ သူက မန္တလေးက။ ပြီးတော့ သူနေတဲ့ မန္တလေးက သံဃာတွေကို ကြည်ညိုလို့ မရတဲ့သူ။ ဒီတော့ သူ မင်းကွန်းဆရာတော်ဆီ ရောက်လာ။ အလာပ သလ္လာပ ပြော။ ပြီးတော့ သူလျှောက်ချင်တာဆီ ရောက်အောင်ဆွဲသွားပြီး လျှောက်ခဲ့တယ်။
“တပည့်တော်တော့ အရှင်ဘုရားလို ပုဂ္ဂိုလ်မျိုးကိုပဲ ကြည်ညိုတယ်ဘုရား၊ အခြား သာသနာမှာနေပြီး သာသနာနဲ့ မအပ်စပ်အောင် နေထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေတော့ ဘယ်လိုမှ ကြည်ညိုလို့ မရပါဘူးဘုရား”
“အင်း ဆိုပါဦး၊ ဘယ်ကသံဃာတွေ ဘယ်လို လုပ်နေတာမြင်လို့ မကြည်ညိုနိုင်တာတုန်း”
“တပည့်တော်က မန္တလေးကဆိုတော့ဘုရား၊ မန္တလေးသံဃာတွေက သိတဲ့အတိုင်းပါပဲဘုရား၊ ဘောလုံးပွဲကြည့်တယ်၊ ဗွီဒီယိုကြည့်တယ်၊ ကွမ်းယာဆိုင်ထိုင်တယ်။ လက်တောက်ခုံထိုင်တယ်။ နေ့ညမရွေး လက်ဘက်ရည်ဆိုင်ထိုင်တယ်၊ ကိုယ်တိုင်တောင် ဘောလုံးကန်ကြသေးတယ်၊ တချို့ဆို အမျိုးသမီးတွေကို စတာ နောက်တာက ရှိသေးတယ်ဘုရား”
“အင်း တကာက သဒ္ဓါနဲ့ ပညာနည်းသေးတာကိုးကွယ့်၊ ဒါကြောင့် သံဃာကို မကြည်ညိုတတ်တာ”
“တပည့်တော်မှာ ပြည့်စုံတဲ့သဒ္ဓါတရားလည်း ရှိတယ်ဘုရား၊ ချင့်ချိန်နိုင်တဲ့ ပညာလည်း ရှိပါတယ်ဘုရား၊ ဒါပေမယ့် သံဃာဟာ သံဃာလို နေသင့်တာပေါ့ ဘုရား”
“ခုလို တကာကြီးမြင်တဲ့ သံဃာတွေက သံဃာကြီးတွေလား၊ သံဃာငယ်တွေလား”
“သံဃာငယ်တွေပါဘုရား”
“အိမ်း ဒါဆို တကာကြီးကို မေးကြည့်ဦးမယ်၊ အနှစ်ရှိတဲ့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ရှား၊ စန္ဒကူးစတဲ့ အပင်တွေဟာ ငယ်ရွယ်စဉ်မှာ အနှစ်တည်သလား၊ ကြီးမှ အနှစ်တည်သလား”
“ကြီးမှ အနှစ်တည်ပါတယ်ဘုရား”
“အိမ်း ဒါဆိုလည်း အနှစ်မရှိတဲ့ ကျွန်းပင်ငယ်၊ ပျဉ်းကတိုးပင်ငယ်၊ ပိတောက်ပင်ငယ်တွေကို အနှစ်မှ မတည်ဘဲဆိုပြီး ခုတ်လှဲပစ်လိုက်ကြရင် မကောင်းဘူးလား၊ အနှစ်မှ မရှိဘဲကိုး တကာကြီးရဲ့”
“မှန်ပါ၊ အဲလို လုပ်လို့တော့ မဖြစ်ဘူးဘုရား”
“အေး တကာကြီးတို့လို သံဃာကို သံဃာလို မနေရကောင်းလားဆိုပြီး လိုက်ပြောနေရင် နောက်ပိုင်း တို့မြန်မာနိုင်ငံမှာ သင်္ကန်းရောင်တောင် မြင်ရတော့မှာ မဟုတ်ဘူးကွယ်”
“ဒါပေမယ့် ဝတ်ထားတဲ့ သင်္ကန်းကိုတော့ အားနာသင့်တာပေါ့ဘုရား”
“အိမ်း တကာကြီး ဆောက်တည်တဲ့ သီလက ဘယ်နှစ်ပါးတုန်းကွယ့်”
“ငါးပါးပါဘုရား”
“နေ့တိုင်း ငါးပါးသီလလုံလားကွယ့်”
“မှန်ပါ တပည့်တော်တို့က ပုထုဇဉ်လူသားတွေပါဘုရား”
“အိမ်း ကိုယ်မှားတာကျတော့ ပုထုဇဉ်၊ သူများမှားတာကျတော့ ပုထုမဇဉ်ရဘူးဆိုရင်တော့ မဟုတ်သေးဘူးကွယ်၊ ပြီးတော့ ကိုရင်ငယ်တွေ ဦးဇင်းငယ်တွေ ထိန်းသိမ်းတဲ့သိက္ခာပုဒ် ပေါင်းများစွာထဲက တစ်ပါးနှစ်ပါးလောက်ပဲ ကျူးလွန်ကြတယ်၊ အလွန်ဆုံးရှိ လေးငါးခြောက်ပါးပေါ့၊ ကျန်တဲ့ သိက္ခာပုဒ်ထိန်းသိမ်းတာကို ကြည့်ပြီး အော် ဒီသိက္ခာပုဒ်ကိုတော့ သူထိန်းသားပဲဆိုပြီး ကြည်ညိုလို့ရတဲ့ အကြောင်းအရာကို ရှာပြီး ကြည်ညိုကွယ့်”
“မှန်ပါဘုရား”
“ရဟန်းသံဃာကလည်း ရဟန်းသံဃာကို ကြည်ညိုတဲ့ အရပ်ကိုသာ ရဟန်းသံဃာတွေ သွားတာပါကွယ်၊ မကြည်ညိုတဲ့ အရပ်ကိုတော့ဖြင့် လားလားမှ မသွားဘူးကွယ့်၊ ရွှေလမ်းငွေလမ်းနဲ့ ကြွပါဆိုရင်တောင် ကိုယ့်မကြည်ညိုတဲ့ အရပ်မှာ ရဟန်းသံဃာတွေ မနေဘူးကွယ့်၊ တခြား ဘုန်းကြီး ရဟန်းမှ မဟုတ်ပါဘူးကွယ်၊ ဦးဇင်းကိုယ်တိုင်လည်း မကြွပါဘူး။ တကာ မကြည်ညိုလို့ မကန်တော့နိုင်ရင် မကန်တော့နဲ့၊ မလေးစားလို့ ရှောင်ချင်ရင် ရှောင်နေကွယ့်၊ သွားတော့ မပြစ်မှားလေနဲ့”
“မှန်ပါ၊ တပည့်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်ဘုရား”
“မကြိုးစားပါနဲ့၊ ဒီလိုလုပ်၊ တကာကြီးမြင်နေရတဲ့ သာသနာနဲ့ မအပ်စပ်တာကို လုပ်နေတယ်လို့ ယူဆတဲ့သံဃာတွေကို နေ့တိုင်းဆွမ်းလောင်း၊ ပြီးတော့ တကာကြီးဟာ သံဃာကို ပြစ်မှားထားပြီးပြီကွယ့်၊ အဲဒီတော့ တောင်းပန်၊ နေ့တိုင်း ဆွမ်းလောင်းပြီးတောင်းပန်”
အဲလိုနဲ့ အဲဒီလူဟာ မန္တလေး ပြန်ရောက်လာတယ်။ အဲဒီနေ့ကစပြီး မနက်တိုင်း ဆွမ်းလောင်းတယ်။ ဆွမ်းလောင်းပြီးတိုင်း “တပည့်တော် ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိတာကို ခွင့်လွတ်တော်မူပါဘုရား” လို့လျှောက်တယ်။ ဒီလိုနဲ့ လေးငါးနှစ်ကြာလာတယ်။ ရဟန်းသံဃာတွေကလည်း အဲဒီ တကာကြီးရှေ့မှာဆိုရင် မသင့်တော်တာ မလုပ်ရဲတော့ဘူး။ တကာကြီးရှေ့မှာဆိုရင် သံဃာနဲ့ တူအောင် နေသွားကြတယ်။ ဒါကိုကြည့်ပြီး တကာကြီးက မင်းကွန်းကို ပြန်သွားပြီး ဆရာတော်ကို အကြောင်းစုံ လျှောက်တယ်။ အဲဒီတော့ မင်းကွန်းဆရာတော် တစ်ခွန်းပဲ မိန့်လိုက်တယ်။
“အေး ဒါဆို တကာကြီးက ဆဒ္ဒန်ဆင်းမင်းလောက် လိမ္မာသွားပြီ”
တဲ့။