တနေ့ တနေ့ ကျွန်တော်တို့ အလျားတစ်လံ အနံတစ်ထွာရှိတဲ့ ခန္ဓာကိုယ်ထဲက မမြင်ဖူးတဲ့ စိတ်တွေနဲ့ မုန်းချင်တဲ့လူကို မုန်းပစ်တယ်။ ချစ်ချင်တဲ့လူကို ချစ်ပစ်တယ်။ ချီးမွှမ်းချင်တဲ့လူကို ချီးမွှမ်းပစ်တယ်။ ကဲ့ရဲ့ချင်တဲ့လူကို ကဲ့ရဲ့ပစ်တယ်။ စိတ်ပစ်ချရာမှာ ကိုယ့်ဘဝကို ပစ်ထားတယ်။ ကိုယ့်ဝါသနာအရ ဆိုပြီး တချို့အလုပ်ကို လုပ်ကြတယ်။ တချို့အလုပ်ကို မလုပ်ကြဘူး။ ကိုယ့်စိတ်အလိုကိုလိုက်ပြီး တွန်းထုတ်ပစ်ချင်တဲ့အရာကို တွန်းထုတ်ပစ်တယ်။ ဆွဲဆုပ်ယူထားချင်တဲ့ အရာကို မရမက ဆွဲဆုပ်ယူထားတယ်။ မရမက ကျောင်းတွေတက် ဘွဲ့တွေယူကြ။ နှစ်ပေါင်းများစွာ သင်ယူကြ။ ဘဝဟာ စာမေးပွဲဆိုပြီး စာမေးပွဲတွေ တစ်ခုပြီး တစ်ခု ဆက်ဖြေကြ။ အလုပ်လုပ်ရင်း လိုအပ်သေးတယ်ဆိုပြီး သင်တန်းတွေတက်ကြ။ သင်တန်းပေးတဲ့လူတွေကလည်း သင်တန်းတက်ဖို့ လိုနေကြ။
လိုအပ်တာထက် ပိုပြီးပြည့်စုံချင်ကြရာက တစ်ခုခုဆို ကိုယ့်လောဘနဲ့ တိုင်းထွာတယ်။ ကိုယ့်အတ္တနဲ့ ချိန်ထိုးတယ်။ အသွေးအသားတောင်းတမှုထက် စိတ်ဆန္ဒတောင်းတမှုက အသွေးအသားကို ပိုလိုအပ်လာတဲ့အခါ အသွေးအသားနဲ့ ဖွဲ့ဆည်းထားတဲ့ ခန္ဓာကိုယ်က ဒုက္ခရောက်တယ်။ ဒါကိုပဲ နာမည်လှလှပေးပြီး ဆေးမျိုးစုံ ပိုက်မျိုးစုံနဲ့ လေယာဉ်လက်မှတ်တွေဝယ်ပြီး နိုင်ငံခြား ဆေးကုထွက်တယ်။ ကားမှန်ပြတင်းကနေ ရထားမှန်ပြတင်းကနေ ကြည့်သလို ဘဝကို ကြည့်လိုက်တော့ တရိပ်ရိပ်ဖြတ်သန်းနေတဲ့ အလှတရားတွေပဲ ဖြတ်ခနဲ ကျန်ခဲ့တယ်။ တနေ့တနေ့ သက်ပြင်းမျိုးစုံကို လူမျိုးစုံဆီ မှုတ်ထုတ်ပြီး သူများသက်ပြင်းကို ရယ်သွမ်းသွေးကြတယ်။
မစိမ်းလန်းတော့တဲ့ မြက်ခင်းတွေကို ရေနဲ့ဖြန်းကြပြီး မစိမ်းလန်းတဲ့ ဘဝကို ခပ်စိန်းစိန်းကြည့်ရင်း နေပူထဲ အကုသိုလ်ပေါင်းစုံနဲ့ ဆွဲထုတ်တယ်။ ကော့လန်နေတဲ့ ကျောပြင်က ကြေးနီရောင်သန်းပြီး ရင်ဘတ်မှာ တရားကို တစ်စိတ်တစ်ပိုင်းနာကြားတယ်။ နားဝက ဝင်လာသမျှ နှလုံးသားက လက်မခံတဲ့ ဓမ္မတွေကြောင့် တရားတွေကပဲ အမှားဖြစ်ရတယ်။ မလွတ်လပ်သေးတဲ့ ငှက်ကလေးဟာ လှောင်ချိုင့်ထဲမှာ သံတိုင်တွေအကြောင်း စာဖွဲ့ဖို့က လွှဲလို့ ဘာလုပ်ဖို့ ရှိမှာတဲ့လဲ။ မုန်းချင်တိုင်း မုန်းမရတဲ့ အမုန်းတွေနဲ့ ချစ်ချင်တိုင်း ချစ်မရတဲ့ အချစ်တွေနဲ့ ဘယ်သူဘယ်ဝါကို ဘယ်လို ဥပေက္ခာတရားအကြောင်း ဟောပြောချင်ကြသေးတာလဲ။ ကိုယ့်စိတ်အတိုင်းဆိုရင်တော့ ပန်းများများစိုက်ပြီး အသစ်လွှင်ဆုံးအဝတ်အစားဝတ်ပြီး အားလုံးပန်းလို လန်းစေချင်တာပေါ့။ ဒါပေမယ့် အဆီရွှဲနေတဲ့ မျက်နှာနရဲ့ အညစ်အကြေးတွေ လမ်းက ချွတ်ချော်ရိရွဲနေပြီလေ။