<![CDATA[
ခုရေးမှာက အားလုံး ကြားဖူးပြီးသားပါ။ သမိုင်းနဲ့ ချီတာကိုး။ သမိုင်းကလည်း ဘုရင်တွေရဲ့ သမိုင်းဆိုတော့ ဒီဇာတ်လမ်းကို ထူးထူးထွေထွေ ပြောဖို့မလိုလောက်ပါဘူး။ အဖြစ်အပျက်နဲ့ ပတ်သက်လို့ စကားပုံတောင် ကျန်ခဲ့သေးတာပဲ။ “မောင်းထောင်ကလည်း မောင်းထောင်၊ တောင်ငူကလည်း တောင်ငူ” ဆိုတဲ့ စကားပုံလေ။ ဒီစကားပုံကိုတော့ လူတွေကြားမှာ သုံးတာ သိပ်မကြားဖူးဘူး။ ဆရာတော်ကြီးတွေ စာချရင်းတော့ ပြောလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ပုဒ်ပါဠ်တွေက များသောအားဖြင့် ရှေးဆရာတော်ကြီး ဖွင့်ခဲ့ကြတာရမှာ တစ်ပါးနဲ့ တစ်ပါး နည်းနည်းလေး တိမ်းစောင်းနေတတ်တယ်။ ကျမ်းပြုဆရာအလိုက် ကွဲတယ်၊ ဂိုဏ်းအလိုက် လွဲတယ်၊ နိုင်ငံအလိုက် တိမ်းစောင်းတယ်။ နိုင်ငံအလိုက် ပုဒ်ပါဠ်အဖွင့်မှားတာကို ဥပမာနဲ့ ပြောရရင် ထိုင်းနိုင်ငံနဲ့ မြန်မာ ကာယဗန္ဓန ကိုဖွင့်ရာကွဲတယ်။ ထိုင်းက ကာယ-ကိုယ်၊ ဗန္ဓန-ဖွဲ့သောသင်္ကန်း လို့ဖွင့်တယ်။ အဲဒါကြောင့် ရင်မှာ သင်္ကန်းစကို စည်းထားတယ်။ အဲဒါကို မြန်မာတွေက ဘာပြောလဲဆိုတော့ ကာယဗန္ဓန မဟုတ်တော့ဘူး။ ဥရဗန္ဓန ဖြစ်နေပြီလို့။ မြန်မာတွေကတော့ ကာယ ဆိုတဲ့ ပါဠိကို ကိုယ်လို့ မယူဘဲ ကိုယ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ခါးကိုယူတယ်။ ဒီတော့ ကာယဗန္ဓန- ခါးပန်းကြိုးလို့ ထွက်တယ်။ ထိုင်းကပြောတယ်။ မြန်မာမှားတယ်တဲ့။ မြန်မာက ပြောတယ် ထိုင်းလွဲနေတယ်တဲ့။ အဲလို လွဲတာတွေ တိမ်းစောင်းတာတွေကို တွေ့ရင် နောက်ပေါ်လာတဲ့ ခပ်ထက်ထက်ဆရာတော်တွေက “ဘယ်ဆရာတော်ကတော့ ဘယ်လို ဖွင့်တယ်၊ ဘယ်ဆရာတော်ကတော့ ဘယ်လိုဖွင့်တယ်၊ သူတို့ နှစ်ပါး အဖွင့်က ဘယ်လိုလွဲနေတယ်၊ မောင်းထောင်ကလည်း မောင်းထောင်၊ တောင်ငူကလည်း တောင်ငူ ဆိုသလိုပေါ့ကွာ၊ မလျှော့ကြလို့ ဖြစ်လာတာ၊ ဒါပေမယ့် ငါတို့က ဘယ်ဆရာတော်ရဲ့ နည်းနိဿျအတိုင်းတော့ မလိုက်နာနိုင်ဘူး၊ ငါတို့ဆရာ အဆက်ဆက်က နည်းကိုပဲ ယူရမယ်၊ သို့မဟုတ် သင့်တော်တဲ့ နည်းကို ယူရမယ်” ဒီလို ဒီလို မကြာခဏ ကြားရတတ်ပါတယ်။ အဲလို စာချရင်း ပြောတာက
“ဟေ့ မင်းတို့ မောင်းထောင်ကလည်း မောင်ထောင်၊ တောင်ငူကလည်း တောင်ငူဆိုတာ ကြားဖူးသလားကွ”
“မကြားဖူးပါဘုရား”
“အေး မင်းတို့ဘယ်ကြားဖူးမလဲကွ၊ စာဖတ်ပါဆိုတော့ ဖေတော့မောင်တော့ စာတွေ ဖတ်တယ်။ ပတ်ဝန်းကျင်လေ့လာပါဆိုတော့ ဂိမ်းဆိုင်တွေ သွားတယ်၊ ဆွေးနွေးတိုင်ပင်ပါဆိုတော့ လက်ဘက်ရည်ဆိုင်ထိုင်ပြီး ဘောလုံးပွဲအကြောင်းပြောတယ်၊ မင်းတို့တော့ တိုးတက်ဦးမယ်” ဆိုပြီး အဖြစ်အပျက်လေးကို ပြောပြတာက ဒီလိုပါတဲ့ခင်ဗျာ။
“ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရားလက်ထက်ကပေါ့ကွာ။ အဲဒီခေတ်က သာသနာပိုင်တွေ ဘာတွေ ခန့်တဲ့ခေတ်ဆိုတော့ ဒို့ မောင်းထောင်ဆရာတော်ကြီးကို သာသနာပိုင် ခန့်ထားချိန်ဆိုပါတော့။ သာသနာပိုင်ဆိုတဲ့ နေရာရဖို့ သိပ်မလွယ်ဘူး။ ခုခေတ်လို ပြောရရင် မဟနလို နေရာမျိုးလို့ ဆိုရမှာပေါ့။ စာတတ် အကျင့်ကောင်းစတဲ့ အရည်အချင်းတွေနဲ့စုံရမယ်ပေါ့။
တစ်နေ့ မောင်းထောင်ဆရာတော်ကြီးက မောင်ပဉ္ဇင်းတစ်ပါးကို ဝိနည်းပြန်ခိုင်းတယ်။ ပြန်ခိုင်းတာက အရင်က ဒါကျက်ပါ၊ ဒါပြန်ခိုင်းမယ်လို့ ကြိုပြောမထားဘူး။ ရုတ်တရက် ထပြန်ခိုင်းတယ်။ မောင်ပဉ္ဇင်းကလည်း ပြန်တာပါပဲ။ ဒါပေမယ့် အကုန်မရဘူး။ တစ်ဝက်လောက်ပဲ ရတယ်။ မရတော့ ဆရာတော်ကြီးက မောင်ပဉ္ဇင်းကို သဲဒဏ်ရေဒဏ်ပေးရောကွ၊ ပေးတော့ကာ မောင်ပဉ္ဇင်းက ထမ်းပါတယ်၊ ဒါကို မကျေနပ်သူက မောင်ပဉ္ဇင်းရဲ့ တကာ။ အဲ တကာက တခြားသူ ဟုတ်ရိုးလား၊ ဘိုးတော်မင်းတရားရဲ့ သားတော် တောင်ငူမင်းသားလေးပေါ့။ သူ ချက်ချင်း ဆရာတော်ကြီး လာလျှောက်တယ်။
“ဆရာတော် တပည့်တော်ရဲ့ ရဟန်းက စာမရပေမယ့် အကျင့်သိက္ခာနဲ့ ပြည့်စုံတယ် မဟုတ်လား”
“အကျင့်နဲ့ ပြည့်စုံတာက ပြည့်စုံတာပဲ၊ စာမရလို့ ဒဏ်ပေးတာ”
“စာမရဆို]
]>