ကထိန်ခေတ်နဲ့ နီးလာတာရယ်။ တစ်စုံတစ်ယောက်က မေးထားတာကြောင့်ရယ် ကထိန်နဲ့ ပတ်သက်သမျှကို post လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကထိန်ခေတ်။ ကထိန်ကာလကို “ခေတ်” ဆိုတဲ့ စကားလုံးနဲ့ ကြီးကြီးကျယ်ကျယ် သုံးကြတယ်။ ကာလလေး တစ်ခုကို ခေတ်အဖြစ် ပြောဆို သုံးနှုန်းလိုက်ရအောင်လည်း ကထိန် ရဲ့ အစွမ်းက မြင့်မားတယ်။ ဘယ်လိုမြင့်မားတာလဲဆိုတော့ ဆရာတော်ကြီးများမိန့်ကြားကြတာက ကထိန်ဆိုတာ “ကားဖရိုင်” ပါတဲ့။ အင်ဂျင်ထည့်ပြီးရင် လိုရာကိုမောင်းနှင်နိုင်တဲ့ အနေအထားအထိ ရောက်အောင် ပို့ပေးပါတယ်တဲ့။
ကထိန်ဖြစ်ပေါ်လာတာက ဘဒ္ဒ၀ဂ္ဂီညီနောင် ရဟန်းပေါင်း သုံးဆယ်တို့ကြောင့် ဖြစ်ပါတယ်။ သူတို့က တောထဲမှာပဲနေတယ်။ ဆွမ်းကို ခံပြီးတော့ပဲ စားတယ်။ အမှိုက်ပုံတို့ သုဿာန်တို့က ရတဲ့ အ၀တ်အပိုင်းအစကိုပဲ သင်္ကန်းချုပ်ဝတ်တယ်။ သင်္ကန်းသုံးထည်ပဲ ဆောင်တယ်။ တစ်နေ့တော့ သူတို့ဟာ ၀ါဆိုအမီလေး ဘုရားရှင်ကို ဖူးမြော်ဖို့ ဘုရားရှင်ရှိရာကို ကြွခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာ မိုးသည်းထန်စွာ ရွာခဲ့ပါတယ်။ ဒါ့ကြောင့် လမ်းခုလတ်မြို့တစ်မြို့မှာပဲ ၀ါဆိုခဲ့ကြရပါတယ်။ ၀ါကျွတ်ပြီးတော့မှပဲ အဲဒီမြို့ကနေ ဘုရားရှင် ရှိရာမြို့ကို ထွက်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် မိုးက အငြိုးကြီးတုန်းပါပဲ။ လမ်းတစ်လျှောက်လုံး မိုးမိပါတယ်။ ဒီတော့ သူတို့ သင်္ကန်းတွေက ရွံ့တွေ ပေပွနေပြီပေါ့။ အဲဒီ ပေပွနေတဲ့ သင်္ကန်းနဲ့ပဲ ဒုက္ခတွေ တသီကြီးနဲ့ ဘုရားရှင်ကို ဖူးမြော်ဖို့ လာခဲ့ကြရပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဘုရားရှင်က ၀ိနည်းကံတစ်ခုကို ပြုတော်မူပါတယ်။ အဲဒါကတော့ သင်တို့ အာနိသင်တစ်ခုခုရခဲ့လျှင် ယခုလို သင်္ကန်းသုံးထည်လုံး ယူလာစရာမလိုပါဘူး။ နှစ်ထပ်သင်္ကန်းကို ထားချင်ခဲ့မယ်ဆိုရင် ထားပြီး လာခဲ့လို့ရပါတယ် လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။ ရဟန်းများက ဘယ်လိုအာနိသင်လဲလို့ ပြန်လျှောက်တော့ ၀ါဆိုလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါတွင်းသုံးလလုံး ၀ါမကျိုး ၀ါမပေါက်ဘဲ ရဟန်းများ ကထိန်ခင်းခဲ့လျှင် ကထိန်အာနိသင်ကို သင်တို့ရနိုင်ပါတယ် လို့မိန်တော်မူခဲ့ပါတယ်။ အဲဒီကနေ ကထိန်ဖြစ်ပေါ်လာခဲ့ပါတယ်။
ရဟန်းတော်များရှိတဲ့ ကျောင်းမှာ ကထိန်ခင်းတဲ့ ဒါယကာတစ်ဦးဦး ရှိခဲ့ပြီးနောက် ကထိန်ခင်းခဲ့လျှင် ဆိုပေမယ့် နောက်ပိုင်း အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ဘုရားရှင်က ပညတ်ချက်များ ထပ်မံထုတ်ခဲ့ရပါတယ်။ အဲဒါတွေကတော့ ဘယ်တော့မှ ရဟန်းသံဃာက မိမိတို့ကျောင်းမှာ ကထိန်ခင်းပေးပါရန် တကာတကာမများထံ အလှူခံခွင့်မရှိ၊ စောင်းပါးရိပ်ချည်ပြောခွင့်မရှိ။ ကျောင်းနေ ရဟန်းတစ်ပါးပါး၏ အမိန့်ဖြင့် စကားဖြင့် ပရိယာယ်ဖြင့် လမ်းတွင် ရပ်ကွက်တွင် တစ်ဦးတစ်ယောက်ထံတွင် အလှူခံခွင့်မရှိစတဲ့ ပညတ်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။ အယုတ်ဆုံး ကိုယ့်မိဘ ကိုယ့်ဆွေမျိုးကိုတောင် “ဘုန်းကြီးတို့ကျောင်းမှာ ကထိန်မရှိသေးဘူး”လို့ မမိန့် ကောင်းဘူး။ ကထိန်လှူရမလား ဘာလိုလဲလို့ လာမေးရင်လည်း “ဘာလိုနေတယ်” မမိန့်ကောင်းဘူး။ မိန့်တော့ ဘာဖြစ်လဲ။ ဘာမှ မဖြစ်ဘူး။ ကထိန် မဖြစ်တော့တာ တစ်ခုပဲ။ ကထိန် မဖြစ်တော့ပြီဆိုမှတော့ဖြင့် မိုးပေါ်ကကျလာတဲ့ ရေလို သန့်ရှင်းပါတယ်ဆိုတဲ့ ကထိန်မဟုတ်တော့တဲ့အတွက် အပြစ်ဖြစ်ပြီပေါ့ဗျာ။ သဒ္ဓါပေါက်ပြီးလှူတာ။ သဘောတူတဲ့လူတွေ ပေါင်းစည်းပြီးလှူတာ၊ တစ်ယောက်ယောက်က လှူချင်သော်လည်း မပြည့်စုံ၍ လိုက်လံအလှူခံပြီး လှူတာမျိုးကို ကျတော့ ဘုရားရှင်က လက်ခံစေခဲ့ပါတယ်။ လှူနိုင်ခွင့်ရှိတဲ့သူတွေကိုလည်း ဘုရားရှင်က မိန့်ကြားခဲ့ပါတယ်။ ဘယ်သူတွေ လှူနိုင်တာလည်းဆိုတော့ ရဟန်း၊ သံဃာ၊ သီလရင်၊ တကာ တကာမတွေ ဘယ်သူမဆို ကထိန်ကို လှူဒါန်းနိုင်ပါတယ်။
ဒါပေမယ့် ကထိန်ခင်းတဲ့ ရက်စွဲကိုတော့ ဘုရားရှင်က တင်းတင်းကြပ်ကြပ် ပညတ်တော်မူပါတယ်။ အဲဒီရက်စွဲကတော့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတိတိပါပဲ။ ကထိန်ကြိုခင်းတာ၊ နောက်ကျခင်းတာ လုံးဝမလုပ်ရပါဘူး။ ဘုန်းကြီးတွေလည်း မလုပ်ပါဘူး။ တချို့က နတ္တော်လမှ ကထိန်ခင်းတာ ကထိန်အလှူဆိုပြီး လုပ်ကြတာတွေကို တကယ့်ကထိန်မှတ်နေတယ်။ အဲဒါ ကထိန်ခင်းတာ မဟုတ်ပါဘူး။ ကထိန် အလှူရံကို ဘုန်းကြီးကျောင်းဆီ ပို့ချင်တဲ့ ပုံစံနဲ့ ပို့တာလို့ခေါ်ပါတယ်။
ကထိန်ခင်းတယ်ဆိုတာက ကထိန်သင်္ကန်းတစ်ထည်ထည်ကို ဘုန်းကြီးတွေက သိမ်မှာ လှူဒါန်းမယ့်သူကို လှူဒါန်းစေပြီး ကမ္မ၀ါစာနဲ့ ကထိန်ခင်းမယ့်ရဟန်းကို ပေးရပါတယ်။ အဲဒီရဟန်းက သံဃာအားလုံးရှိရာကို ပြန်လာပြီးနောက် ကထိန်ခင်းရပါတယ်။ ကထိန်ခင်းတာ ဒါပါပဲ။ ပြီးပြီ။ ကထိန်ခင်းပြီးတဲ့အခါ သံဃာအားလုံးကို ကထိန်ခင်းပြီးပြီဆိုတဲ့ အကြောင်း လျှောက်ကြားရပါတယ်။ သံဃာတွေအားလုံးက သာဓု ခေါ်ရပါတယ်။ အဲဒီအခါ ကထိန်အာနိသင်ကို သံဃာတွေအားလုံး ရသွားပါတယ်။ ကထိန်ခင်းတဲ့အခါ သင်္ကန်းတစ်ထည်တည်းပါ။ တစ်စုံတောင် မဟုတ်ပါဘူး။ ရဟန်းတွေ မဖြစ်မနေ ဆောင်ရတဲ့ သင်္ကန်းသုံးထည်မဟုတ်ပါဘူး။ တစ်ထည်တည်းပါ။ ရဟန်းတွေ ဆောင်ခွင့်ရှိတဲ့ သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး) သုံးထည်ထဲက တစ်ထည်ထည်ကိုဆိုရင် ရပါပြီ။
ဘယ်သူတွေက ကထိန်သင်္ကန်းကို အလှူခံခွင့်ရှိလဲ။ ကျောင်းမှာ သံဃာ ၃၀၀၀ လောက်ရှိတဲ့ကျောင်းအတွက် သင်္ကန်းက တစ်ထည်တည်းဆိုတော့ ဘယ်ရဟန်းက အလှူခံခွင့်ရမလဲ။ ပထမဦးဆုံး ၀ါမကျိုးတဲ့ ၀ါမပေါက်တဲ့ရဟန်းဖြစ်ရမယ်။ဒုတိယအနေနဲ့ကတော့ ကျောင်းမှာ အနွမ်းပါးဆုံး ဦးဇင်းတစ်ပါးဖြစ်ရမယ်။ ဒါပေမယ့် ကျောင်းမှာ အဲဒီလို ဦးဇင်းတွေမရှိဘူးဆိုရင်ကော..။ ဒါဆို အကြီးဆုံးမထေရ်ပါ။ အကြီးဆုံးက မတတ်နိုင်ခဲ့ဘူး။ ဥပမာ နေထိုင် မကောင်းဖြစ်နေတာမျိုးတို့ကြောင့် မတတ်နိုင်ခဲ့ရင် ဒုတိယမထေရ်က ခင်းရပါတယ်။ သူကလည်း မတတ်နိုင်ခဲ့ရင် အောက် ၀ါအစဉ်အတိုင်း ခင်းရပါတယ်။
ဟင် ! သင်္ကန်းတစ်ထည်တည်းနဲ့ ကထိန်ခင်းလို့ ရတာပဲ။ ဘာ့ကြောင့် ကျောင်းကို အများကြီးလှူကြတာလဲ။ ကထိန်ဆိုပြီး ခင်းကြတာ ပဒေသာပင်ဆိုတာကြီးကို ပြည့်နှက်အောင် အစုံအစုံဆင်ထားကြလဲ။ အဲဒါက တတ်နိုင်လို့ လှူတဲ့ ကထိန်ရဲ့ အလှူရံတွေ ဖြစ်ပါတယ်။ အဓိကက ကထိန်ဟာ ရဟန်းတွေ ချမ်းသာရေးအတွက် သက်သက် ဘုရားရှင်က ခွင့်ပြုတော်မူထားခြင်း မျှသာဖြစ်တယ်။ ရဟန်းတွေကို ငဲ့ညှာထားခြင်းမျှသာဖြစ်တယ်။ ဒါကြောင့် ကထိန်ဟာ အလွန့်အလွန် သန့်ရှင်းပါတယ်။ အလွန့်အလွန် အကျိုးများပါတယ်။
ကိုယ့်ကျောင်းမှာ ကထိန်ရှိရင် အဲဒီကျောင်းမှာရှိတဲ့ ရဟန်းတွေက သာဓုအနုမောဒနာ ခေါ်လိုက်ပြီးနောက် အားလုံး အာနိသင်တွေ ရကြပါတယ်။ ဘယ်လို အာနိသင်တွေရကြလဲ။
ကထိန်အာနိသင်သာ ရနေခဲ့ရင် …
၁။ အမျိုးတွေရဲ့ အိမ်ဆီကို သွားလိုတဲ့အခါ ထင်ရှားရှိတဲ့ ရဟန်းကို ခွင့်ပန်စရာ မလိုဘဲ ဆွမ်းမစားခင် ဆွမ်းစားပြီး ကြိုက်တဲ့ အချိန်မှာ သွားနိုင်ပါတယ်။ တကယ်လို့ ကထိန်အာနိသင်သာ မရခဲ့ရင် အာပတ်သင့်တယ်။
၂။ သင်္ကန်းသုံးထည်ကို ယူဆောင်ပြီး ခရီးသွားရမယ်ဆိုတဲ့ သိက္ခာပုဒ်ကို ကျူးလွန်နိုင်ပါတယ်။ ကျူးလွန်သည့်အတွက် အပြစ် မဖြစ်တော့ဘူး။ ကထိန်အာနိသင်သာ မရခဲ့ရင် သင်္ကန်းကို စွန့်ရတဲ့ အာပတ်သင့်တယ်။
၃။ “ထမင်းစားကြွပါဦး”လို့ မအပ်မစပ်လျှောက်ပေမယ့် ကထိန်အာနိသင်ရတဲ့ရဟန်းက ဘယ်သူ့မှ လျှောက်မနေဘဲ ရွာထဲသွားပြီး ဆွမ်းကို ဘုဉ်းပေးသုံးဆောင်နိုင်ခွင့်ရှိပါတယ်။ ပညတ်တော်မူထားတဲ့ မပန်ကြားပဲ ရွာတွင်း မြို့တွင်းသို့မ၀င်ရ သိက္ခာပုဒ်အရ အာပတ် မသင့်တော့ဘူး။ စုပေါင်းဘုဉ်းပေးခွင့်လည်း ရှိတယ်။ (မအပ်မစပ်လျှောက်တယ် ဆိုတာက “အရှင်ဘုရား ဒံပေါက် ဘုဉ်းပေးကြွပါဘုရား” လို့ လျှောက်တာ “မုန့်ဟင်းခါးစားကြွပါဘုရား”လို့ လျှောက်တာမျိုးတွေ ဖြစ်ပါတယ်။ အပ်စပ်အောင်က “ဆွမ်း” ဆိုတဲ့ စကားလုံးထည့်ပေးရတယ်။ “ဘုဉ်း” ဆိုတဲ့စကားထည့်လျှောက်ရပါတယ်။ ဥပမာ “ဒံပေါက်ဆွမ်း ဘုဉ်းပေးကြွတော်မူပါဘုရား” လို့ ပင့်လျှောက်ရမှာ ဖြစ်ပါတယ်။)
၎။ ကထိန်ကာလအတွင်း ရလာတဲ့ သင်္ကန်းမှန်သမျှကို ၀ိနည်းတော်နဲ့အညီ အပ်စပ်အောင် ပြုလုပ်စရာမလိုဘဲ ၀တ်ရုံပိုင်ခွင့် ထားပိုင်ခွင့်ရှိပါတယ်။ ကထိန်အာနိသင်သာ မရရင် အပြစ်ဖြစ်တယ်။
၅။ ကထိန်ခင်းစဉ်ကာလအတွင်း ကထိန်အလှူရံအဖြစ် ဖြစ်ပေါ်လာသော သင်္ကန်းနှင့် အခြားသော အရာဝတ္ထုများကို ကထိန်ခင်းတဲ့ ကျောင်းတိုက်အတွင်းရှိ ရဟန်းတို့ ကြိုက်သလို ဝေဖန်ပိုင်ခွင့်ရှိတယ်။ အဲဒီ ပစ္စည်းတွေကို အများကြီး သိမ်းထားလို့ အာပတ်မသင့်ဘူး။ (ရဟန်းတွေဟာ တကယ်တော့ သင်္ကန်းသုံးထည်သာ သုံးဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲဒီထက်ပိုရင် ပိုသည့် အလျှောက် အာပတ်တွေ သင့်ပါတယ်။) ဒါပေမယ့် သင်္ကန်းအမှတ်နဲ့ မသုံးစွဲဘဲ ပရိက္ခရာစောဠ(သာမန်အသုံးအဆောင်)အဖြစ်နဲ့ သုံးစွဲမယ်ဆိုရင်တော့ သင်္ကန်းတွေကို ဗီဒိုတစ်လုံးအပြည့်ထားလည်း ရတယ်။ ရောင်းစားရင်တော့ အပြစ်ဖြစ်တာပေါ့။ ဒါပေမယ့် အချင်းချင်း လဲလှယ်သုံးဆောင်ပိုင်ခွင့်တော့ ရှိတယ်။ တကာ တကာမတွေက အပ်စပ်အောင် လုပ်ပေးတယ်ဆိုရင်လည်း ဘယ်လိုပုံစံဖြစ်ဖြစ် ရတယ်။ ကထိန် အာနိသင်ရမှနော်။
အဲဒါကြောင့် ကထိန်ဟာ ကားဖရိုင်နဲ့ တူပါတယ်လို့ ပြောပါတယ်။ “ဇနေတိ သဒိသံ ပါကံ” ဆိုတဲ့ စကားအရ တူသော အကျိုးကို ပေးပါလိမ့်မယ်။ တူသော အကျိုးဆိုတာကတော့ သံဃာတော်တွေ အတွက် ဒီလောက် အကျိုးများ ရရှိစေတဲ့ ကထိန်ကို လှူလိုက်ရတဲ့အတွက် လှူတဲ့သူ ဘယ်လောက်အကျိုးများမယ်ဆိုတာကို စဉ်းစားသာ ကြည့်ပါတော့။
ကထိန်နဲ့ ပတ်သက်လို့ ကျွန်တော် သိလိုက်သမျှကတော့ ဒါပါပဲ။ မရှင်းတာရှိရင် မေးနိုင်ပါတယ်။ “ကားဖရိုင်” ဆိုတဲ့ စကားက ကျွန်တော့်ရဲ့ ကောက်ချက်ပါ။ ဆရာတော်တွေ မိန့်ခဲ့တာက “ကားဘောင်” လို့ဖြစ်ပါတယ်။ “ကားဘောင်” ဆိုရာမှာ ပန်းချီကားဘောင်လည်းဖြစ်နိုင်သလို ယက်ကန်းကားဘောင်လည်း ဖြစ်နိုင်ပါကြောင်း။
ကထိန်အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါသော မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းမှ ဦးဝါသ၀ါလင်္ကာရနှင့် ဦးထေရ၀ံသ(၀ိနယဓရ) ဆရာတော် နှစ်ပါးကို အထူးကျေးဇူးတင်ရှိပါသည်။
စကားမစပ် တစ်ခါတည်း ကြော်ငြာခဲ့ပါတယ်။ ကျွန်တော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲလို့ အသိများကြတဲ့ ကထိန်ပွဲဟာ နှစ်မိုင်ကျော်ရှည်လျှားလောက်အောင် စည်ကားပါတယ်။ တစ်နိုင်ငံလုံး သတိထားမိကြတာက မီးပုံးပျံဖြစ်ပါတယ်။ မီးပုံပျံတစ်လုံးကို ၁၅ သိန်းကနေ သိန်းခြောက်ဆယ်အထိကျတာလည်းပါတယ်။ အဲဒီနောက် တောင်ကြီးမှာပဲ ဒီမီးခိုးမှိုင်းနဲ့ မီးပုံးပျံလုပ်တဲ့ အလေ့အထက ကျန်တော့လို့လည်း ဖြစ်နိုင်ပါတယ်။ ရပ်ကွက်ချင်း ပြိုင်ကြတယ်။ နာမည်ကြီးကတော့ မြို့ဦးနဲ့ ရတနာသီရိပါ။ နိုင်ငံသား တော်တော်များများ မသိတဲ့ ပြိုင်ပွဲကြီးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ပဒေသာပင်ပြိုင်ပွဲပါ။ လပြည့်နေ့ မနက်ပိုင်းမှာ မြို့တောင်ဘက်ကနေ မြို့မြောက်ဘက်နေ တချို့လည်း ကိုယ့်ရပ်ကွက်ကနေ ဥပမာ ရေအေးကွင်းတို့ စိန်ပန်းတို့လိုရပ်ကွက်မျိုးက သူတို့လမ်းကနေ ဓမ္မာရုံဆီလာတဲ့ ပဒေသာပင်တန်းကြီးဟာ “တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဆိုတဲ့ သဘောထားကို ထုတ်ပြလိုက်တဲ့ မြင်ကွင်းလည်းဖြစ်သလို အလွန့်အလွန် ကြည်နူးစရာ ကောင်းလွန်းမက ကောင်းလှတဲ့ မြင်ကွင်းလေး သာဓု အကြိမ်ကြိမ်ခေါ်မိတဲ့ မြင်ကွင်းလေးဖြစ်ပြီး တော်တော်များများ သတိမထားမိလိုက်ကြတဲ့ မြင်ကွင်းလေးဖြစ်လို့ တောင်ကြီးကပါ ဆိုတဲ့ ဘလော့ဂါများ အဲဒီပဒေသာပင်တန်းကြီးကို ဓာတ်ပုံရိုက်တင်စေချင်တယ်လို့ ပြောရင်း အကယ်၍ တောင်ကြီး တန်ဆောင်တိုင် တက်ဖြစ်ခဲ့ရင် မြို့သူမြို့သားအပြင် ပဒေသာပင်ကို ကြည့်ရင်း ကြက်သီးဖြန်းဖြန်းထတဲ့ သူဟာ သင်တို့ဖြစ်နိုင်ပါစေလို့။
Your article helped me a lot, is there any more related content? Thanks!