တတိယစောင်စုနှစ်သို့ ဝင်ရောက်လာသည့် ဘာသာရေး
မီးလောင်နေတဲ့ အခန်းရဲ့ ပြတင်းကနေ
တယောက်၊ နှစ်ယောက်၊ ပြီးတော့ အများအပြား
လူတွေ မြေကြီးဆီ ခုန်ချ။
ဓာတ်ပုံတွေဆိုတာက
ဘဝကို တနေရာရာမှာ ရပ်တန့်နေစေသလို
မြေပြင်ဟာ သူတို့ဘဝကို ဓာတ်ပုံရိုက်နေပေါ့။
အောင်မြင်နေတဲ့ လူအများအပြားရဲ့ ဘဝကို
တခြားလူကနေ သိမ်းဆည်းပစ်လိုက်ဖို့
သူတို့မျက်နှာဆီကနေ သွေးတွေက
ပုန်းလိုက်ကြတာ မဟုတ်ပါဘူးနော်။
ငါတို့အင်္ကျီ အိပ်ကပ်ထဲကနေ
သော့၊ ဘောလ်ပင်၊ အကြွေစေ့တွေ ပြုတ်ကျဖူးတယ်
ဒါပေမယ့် ပြတင်းပေါက်ကနေ လူတွေ
ပြုတ်ကျနေတာမျိုးတော့ မကြုံဖူးခဲ့ဘူးကွယ်။
ဂုဏ်ပြုကဗျာ။ သို့မဟုတ် လူ ၃၀၀၀ နီးပါး တမနက်အတွင်း သေဆုံးသွားရမှုအတွက် သီဖွဲ့ကျူးရင့်သည့် အမှတ်တရကဗျာ။ ဤကဗျာမှာ ၂၀၀၅ ခုနှစ်က ပိုလန်ကဗျာဆရာမကြီး Wisława Szymborska မှ ပိုလန်ဘာသာဖြင့် ရေးစပ်ခဲ့သော “စက်တင်ဘာဆယ့်တစ်ရက်ဓာတ်ပုံ” ဆိုသည့် ကဗျာဖြစ်သည်။ ကဗျာဆရာမသည် နူးညံ့သောနှလုံးသား ချစ်တတ်သောနှလုံးသား စာနာသောနှလုံးသား မိမိရပ်ဝန်းမှ လူအများအပြား နှုတ်မဆက်ဘဲ ထွက်ခွာသွားမှုအပေါ် နာကျင်ကြေကွဲသော နှလုံးသားတို့ဖြင့် ဤကဗျာကို ရေးစပ်ခဲ့သည်။ လူတဦးတယောက်၏ မူလပကတိနှလုံးသားမျိုး ဖြစ်ပါသည်။ လူတိုင်းထံတွင် ဤနှလုံးသားမျိုးကို မွေးကင်းစမှ သိတတ်စအရွယ်အထိ ပိုင်ဆိုင်ကြပါသည်။ ဖြူစင်သောလူသား အပြစ်ကင်းသည့် အဖြူထည်လူသားဆိုသည့် အချက်သည် သိတတ်စအရွယ်၏ အလွန်၌ စ၍နိဋ္ဌိတံပါသည်။ ရသေ့နှစ်ပါးထံ ရောက်သွားသော ကျေးညီနောင်ပုံပြင်ကဲ့သို့ပင် လူတယောက်၏ သိမှုနယ်ပယ်တွင် လာရောက်ကျက်စားသော အရာများက အမျိုးမျိုးကွဲပြားလျက် ရိုးတွင်းခြင်ဆီထိ စတင်ခိုဝင်သည်။ တချို့သော လူများက ဤကဗျာဆရာမကဲ့သို့ မည်သည့် အသက်အရွယ်သို့ရောက်ရောက် ဖြူစင်သော နှလုံးသားကို မစွန့်လွတ်။ သို့သော် လူအများစုကတော့ သိတတ်စအရွယ်ကတည်းကပင် ဖြူစင်မှုကို စွန့်လွတ်ပစ်လိုက် ကြသည်။ ကဗျာဆရာမသည် ဤကမ္ဘာမှ လူအများအပြား နာနာကျင်ကျင် သေဆုံးသွားရသည့်အတွက် ရိုးရိုးသားသားကလေး ကြေကွဲသည်။ သို့သော် ကဗျာဆရာမကဲ့သို့ ဖြူစင်သော နှလုံးသားကို ဆက်လက် မမွေးမြူကြတော့သော လူတို့ကြောင့်ပင်လျင် ထိုလူအများအပြားသည် ရိုးရိုးသားသား သေဆုံးသွားရခြင်း မဟုတ်ခဲ့။ သာမန်အဖြစ်အပျက်ကလေး တခုလည်း မဟုတ်ခဲ့။ လူသားတို့အတွက် အငြိမ်းချမ်းဆုံး ခေတ်ကာလကို ဖြစ်ပေါ်စေခဲ့သည့် ယဉ်ကျေးမှုအမြင့်မားဆုံးကာလတွင် လူတိုင်း ဆွံ့အခဲ့ရသော အဖြစ်အပျက်ကြီး ဖြစ်သည်။ စစ်တမ်းတခုအရမူ ယခုရောက်ဆဲ သက္ကရာဇ်အထိ ထိုအဖြစ်အပျက်ကို ချောက်ခြားဆဲသောသူများ ၄၂ ရာခိုင်နှုန်းအထိ ရှိနေသေးသည်ဟူ၏။
လူသားတို့သည် မက်ဆိုပိုတေးမီးယားခေတ်ဖြစ်သော ဘီစီ ၄၀၀၀ မှစ၍ စိုက်ပျိုးရေး စီးပွားရေး ကုန်သွယ်မှု စသည့်လုပ်ငန်းများဖြင့် စုဝေးနေထိုင်ရာမှ မြို့ပြယဉ်ကျေးမှုစတင်ထွန်းကားလာသည်။ ထိုယဉ်ကျေမှုသည် အိန္ဒုမြစ်ဝှမ်းနှင့် မက္ကဆီကိုမှတဆင့် ယနေ့ ၂၁ ရာစုအထိ ကြီးကျယ်ခန်းနားသော ဗိသုကာလက်ရာများ၊ ထူးထွေဆန်းပြားသည့် အနုပညာလက်ရာများ၊ မျှဝေသုံးစွဲသည် ဆက်သွယ်ရေးများ၊ နယ်မြေသတ်မှတ်မှုများ၊ လူတန်းစားအလိုက် နေထိုင်မှုများကို အမျိုးမျိုးအဆင့်မြှင့်တင်ပေးလျက်ရှိသည်။ လူသားတို့အတွက်မူ ထိုမျှသော နေထိုင်မှုအတွင်း၌ သဘာဝကြီးက မီးတောင်ပေါက်ကွဲမှုများ၊ ရေခဲအရေပျော်မှုများ၊ ပင်လယ်ပြင်တွင်း လေဖိအားနည်းရပ်ဝန်းများ၊ ရေကြီးရေလျှံမှုများ၊ တောမီးလောင်မှုများစသော သဘာဝဘေးကြီးကိုသာမက လူသားတို့ ပြုလုပ်သော နေထိုင်ရာ မြေကမ္ဘာထံမှ အလွန်အကျွံထုတ်ယူ သုံးစွဲမှုများကြောင့် မြေပြိုမှုများ၊ သစ်တောပြုံးတီးမှုများ၊ မြစ်ချောင်းအင်းအိုင် ခမ်းခြောက်မှုများ၊ သောက်သုံးရေအတွင်း အဆိပ်အတောက်ပါဝင်မှုများ၊ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်လာမှုများတို့ မြင့်တက်လျက် ရောဂါဘယကပ်ဘေးများလည်း ဖြစ်ပေါ်လျက်ရှိခဲ့သည်။ ထိုမှတဖန် လူကို အစုအပြုံလိုက် သေစေသော ကပ်ရောဂါဂါများလည်း ဖြစ်လျက်ရှိသည့်အပြင် ပြောင်းလဲလာသော အစားအသောက်နှင့် နေထိုင်မှုစရိုက်ကြောင့် ရောဂါဘယများလည်း အမည်များပင် မတပ်နိုင်လောက်အောင် ထူပြောလှ၏။ နောက်ပိုင်း ပေါ်လာသော ရောဂါများမှာ ငွေကြေးဥစ္စာ တတ်နိုင်လျင်တတ်နိုင်၊ မတတ်နိုင်လျင် ဆံမဖြူ သွားမကျိုးသည့်ဘဝ ပါးရေနားရေမတွန့်သည့်ဘဝကိုသာ ပိုင်ဆိုင်သွားရမည်ဖြစ်၏။ ဝေဒနာ ပစ္စယာ တဏှာဟု တရားစခန်းရှိ ပဋိစ္စသမုပ္ပါဒ်သင်တန်းတွင် သင်ကြားပို့ချ၏။ ဖြစ်ပေါ်လာသော ဝေဒနာဟူသမျှ စွဲလန်းစရာချည်းသာဖြစ်ရ၏။ ဝေဒနာ ငါးပါးရှိသည်။ သုခ၊ ဒုက္ခ၊ ဥပေက္ခာ၊ သောမနဿနှင့် ဒေါမနဿတို့ ဖြစ်သည်။ မည်သည့် ဝေဒနာဖြစ်သည်ဖြစ်စေ တဏှာက ဖြစ်၏။ ဒုက္ခဝေဒနာသည် နာကျင်ရ၏။ ကြေကွဲရ၏။ ဆိုနစ်ရ၏။ သို့သော်လည်း စွဲလန်းစရာကောင်း၏။ ဥပမာအားဖြင့် အလွန်အမင်းပင် ဆုံဆည်းချင်သော်လည်း ဝေးကွာနေရသည့် ချစ်သူနှစ်ဦးမှာ လွမ်းဆွတ်ခြင်းများစွာဖြစ်ရ၏။ ထိုလွမ်းဆွတ်ရခြင်းသည် နာကျင်ရငြား အရသာကလေးရှိလှ၏။ လူတို့သည် နာကျင်ရသည့်အပေါ်လည်း အရသာတွေ့ရသည့်အလျောက် သဘာဝဘေး၊ လူလုပ်ဘေး၊ ရောဂါဘယဘေးများကို စွဲလန်းကြသည်ချည်းဖြစ်၏။ အနာကျက်သွားသည့်အခါ ဒဏ်ရာရစဉ်က ခံစားခဲ့ရသော ခံစားမှုမျိုးကို တခါခါ တမ်းတတတ်ကြသည်။ တခါတရံ ထိုမျှ နာကျင်ရလျက် မကျေနပ်ချင် သလိုလို အားမရသေးသလိုလိုက ဖြစ်တတ်သေး၏။ ထိုသောသဘာဝအရ ထိုထက်များ နာကျင်ရလျင်မူ ပိုများ၍ကောင်းမည်ဟု တမ်းတကြသူများလည်း ရှိကြသည်။ သို့နှင့် ထို့ထက်ပို၍ ပြင်းထန်သော ဆို့နင့်စရာကောင်းသော ဖြေသိမ့်ရန်ခက်သော ကပ်ဆိုးများကို ဖန်တီးရန်အတွက် ဂုဏ်ယူဝင့်ကြွားစရာ ကြေကွဲစရာ ဇာတ်လမ်းအများအပြားကို ရေးသားလိုကြသည် ထင်ပါ၏။ သမိုင်းအဆက်ဆက် ပြန်လှန်ကြည့်ပါက လူတို့စတင်ဖန်တီးလိုက်သော လူသားတို့၏ ဉာဏ်ရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ခဲ့သည့် အချိန်များမှ ထိုအချင်းအရာများ ဖြစ်ခဲ့သည်ဟု ယူဆရ၏။
ရှေးဦးပထမ တြိဂံ စတုရန်းစသည်တို့မှ စ၏။ ထိုကဲ့သို့သော ဆူမာရီယန်တို့ တီထွင်ခဲ့သော တြိဂံပုံစံစသည့် အက္ခရာများမှသည် လူသားတို့ဖန်တီးနိုင်စွမ်းမှာ နျူကလီးယားအထိ ရောက်လာခဲ့၏။ သို့သော် ထိုဖြစ်စဉ်များ၏ အကြားအလပ်တွင် အသာကလေး ခိုစီးလာသည့် အရာများမှာ ပြောဆိုရေးသားရန် ဘာသာစကားများ၊ အစုအဖွဲ့ပြုလုပ်ရန် လူမျိုးရေးများ၊ အခြောက်တိုက် ဂုဏ်ယူစရာ ဓလေ့ထုံးစံများ၊ ပိုမိုတိုးတက်စေရန်ဆိုသည့် အုပ်ချုပ်မှုပုံစံများ၊ ယခုဘဝ ညံ့ဖျင်းသော်လည်း နောက်ဘဝ ကောင်းစားရန်ဆိုသည့် အားကိုးချင့်စဖွယ် ဘာသာရေးများကိုလည်း တပါတည်း ဖန်တီးမိခဲ့ကြသည်။ ယခု သင်သည် အင်္ဂလိပ်စာ၊ ဂျပန်စာ၊ ကိုးရီးယားစာ တရုတ်စာ သင်နေရသည်။ ဤအရာများကို မတတ်မြောက်ပါက ထိုလူသည် စာမတတ်သူနှင့် အတူတူပင် ဖြစ်ပါလိမ့်မည်။ လူမျိုးစုတခုတည်း ပါဝင်သူသည် ထိုလူမျိုး စကားကို ပြောဆိုပေးရသည်။ မပြောဆိုပါက ထိုသူသည် အမျိုးမချစ်သောသူဟု သမုတ်ခံရပြီး သင်းကွဲမကြာခဏဖြစ်မည်။ တဦးတယောက်သည် မည်မျှ ငွေကြေးချို့တဲ့နေစေကာမူ သူတို့လူမျိုးဝတ်စုံ ဝယ်ထားရမည်။ ဝတ်ပေးရမည်။ အုပ်ချုပ်ရေးမျိုးစုံ ရှိသော်လည်း လူတဦးတယောက်မှာ မြန်မာနိုင်ငံသားဖြစ်လျင်မူ သခင်ဘသောင်း ဘာသာပြန်ထားသော ခြေလေးချောင်း တော်လှန်ရေးကို မဖတ်မိသမျှ ထိုလူကံကောင်းပါသည်။ ထိုသူစာအုပ်က ရှေးကျလွန်းပါသည်။ Tim ဆိုသည့် နောက်ပိုင်းတွင် ပေါ်လာသော စာရေးဆရာ၏ မိစ္ဆာလိုက်ပွဲ စာအုပ်ထဲမှ တရားရှင်နှင့် မျောက်ဘုရင် ဆိုသည့်ဝတ္ထုတိုကို မဖတ်သေးသည်အထိ ထိုလူသည် အတော်ကံကောင်းသည့် လူတဦးဖြစ်ပါသေးသည်။ ထိုကဲ့သို့သော စာပေမျိုး မြန်မာနိုင်ငံတွင် အများအပြား ရှိပါသည်။ မဖတ်လေနှင့်။ ဖတ်မိပါက ထို တဦးတယောက်သည် ကမ္ဘာပေါ်ရှိ ၁၉၈ နိုင်ငံထဲမှ ပထမအဆိုးဆုံးသော အုပ်ချုပ်သူများ လက်အောက်တွင် နေထိုင်နေရသည့် အဖြစ်ဆိုးကြီးကို သိသွားနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုစာများမှတဆင့် အာဏာရှင်တို့၏ အုပ်ချုပ်ပုံစနစ်ကို ထိုလူခမျာ မျက်ဝါးထင်ထင် တွေ့မြင်သွားနိုင်သည်။ လူသားတို့ ဖန်တီးလိုက်သည့် ကြားတနေရာတွင် ရင်ထဲသို့ စို့ကဲ့သို့ ထိုးစိုက်ခံထားရသော ဘာသာရေးလည်း ပါပါသည်။ ပညတ်တော်ဆယ်ပါးနှင့် ငါးပါးသီလကို အသာထား။ တဦးတယောက်သည် ခရိယာန်ဖြစ်ပါက လူသားတို့သည် အပြစ်သားများအဖြစ် မွေးဖွားလာကြသည်။ ထို့ကြောင့် ကယ်တင်ရန်အတွက် ငါ အဖဘုရားသခင် ထွက်ပေါ်လာရသည်ဟု ဆာလံကျမ်း ၅၁/၁ မှဆိုကြောင်း မှတ်သားရမည်။ ဗုဒ္ဓဘာသာဖြစ်မူ “ပါပသ္မိံ ရမတိ မနော”လူသားတို့သည် မကောင်းမှု၌သာ ပျော်မွေ့ကြ၏ ဓမ္မပဒအဋ္ဌကထာလာ စူဠေကသာဋကဗြဟ္မဏဝတ္ထုနှင့် ဣတိဝုတ္တက သတ္တမကထာဝဏ္ဏနာများ၌ ဆိုကြောင်း သင်ကြားရမည်။ ခရိယာန်ဘာသာ၌ လူစီဖာ၊ လိုကီ၊ အီရှု၊ အေးရိစသည့်နတ်ဘုရားတို့ကလည်း မကောင်းမှုပြုလုပ်ရန် သွေးဆောင်လျက်ရှိ၏။ ဗုဒ္ဓဘာသာ၌ လူ့ထံတွင် ရောင့်ရဲခြင်း၊ သည်းခံခြင်းနှင့် သိမြင်နားလည်ခြင်းတို့ ရှိသော်လည်း လောဘ ဒေါသ မောဟတို့က အချိန်ပြည့် စိုးမိုးလျက်ရှိသည် ဆို၏။ လူသားတို့သည် အပြစ်သားဖြစ်ခြင်းနှင့် လောဘ၊ ဒေါသ၊ မောဟတို့ လွှမ်းမိုး ခံရပုံမှာ သိစိတ်ရှိသော လူသားကို မဆိုထားဘိ။ ကျွန်ုပ်ဘေးနားတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်တခုကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ လူသာမက။ တရိစ္ဆာန်လည်း အိပ်စားကာမထက် အပြစ်သား သို့မဟုတ် လောဘ၊ ဒေါသနှင့် မောဟတို့၏ လွှမ်းမိုးမှုကို ခံရသည်သာတည့်။
ကျွန်ုပ်၏ ကျောင်းကလေးသည် သစ်ပင်များစွာထူထပ်နေသော လူနေရပ်ဝန်းတခု၏ အလယ်တွင်ရှိ၏။ ထို့ပြင် မည်သည့်ပိုးသတ်ဆေးမှ အသုံးပြုခြင်းမရှိသောကြောင့် ကျောင်းဝန်းကျင်သည် အင်းဆက်ပိုးများဖြင့် ပြည့်နှက်လျက်ရှိသည်။ မိုးရာသီတလျှောက်လုံး လူကို ယားယံစေတတ်သော ပိုးယားအမျိုးများလည်း စုံလင်လှ၏။ မိုးတွင်းဆိုလျင် ကိုရင်များ မကြာခဏ ပိုးယား ယားခြင်းဒဏ်ကို နှစ်ရက်ခြား သုံးရက်ခြား ခံရ၏။ အနီးတွင် ရှေးရိုးနည်းပညာဖြင့် ပိုးယားများ ယားသည်ကို ခြေဖဝါးတွင် မဖောက်ထုံးကို အတန်းကလေး သုံးတန်းခြစ်ပေးရုံဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်သူ ရှိ၍ တော်ပေသေးသည်။ လိပ်ပြာလည်း အမျိုးစုံလင်လှ၏။ သို့သော် လူကို ယားစေတတ်သည့် လိပ်ပြာက ပိုများ၏။ မယားစေတတ်သော လိပ်ပြာလည်း ရှိသည်။ သို့ကြောင့်ပင် ပြင်ဦးလွင် ကန်တော်ကြီးပန်းခြံ၌ရှိသော လိပ်ပြာပြခန်းကို ငါ့ကျောင်းလောက် စုံမှာ မဟုတ်ဘူးဟု တွေးလျက် တကြိမ်မှ ဝင်မကြည့်ခဲ့ပေ။ ဤမျှထက် အမျိုးအစားခွဲခြား၍ မရသော ပိုးမွှားများက စုံနေအောင် ရှိသည်။ မိုးတွင်းမနက်ခင်း၌ တံမျက်စည်းလှည်းလိုက်လျင် ကျွန်ုပ်၏ ၂၇ ပေပတ်လည် ကျောင်းကလေးတွင်ပင် တပြည်ခန့်ရသည်။ ထိုထဲမှ အများဆုံးက ပင့်ကူဖြစ်၏။ ကမ္ဘာပေါ်ရှိ ဖိုဘီးယားတွင် ပင့်ကူဖိုဘီးယားက အများဆုံးဖြစ်သည်ဟု သုတေသနတခုမှ ဆိုဖူးသည်။ ထို့ကြောင့် မတူကွဲပြားသည့် ဖိုဘီးယား အယောက် ၂၀ ခန့်စုမိလျင် ဖိုဘီးယားတယောက်မှာ ကျွန်ုပ်ကျောင်းကို လာ၍မဖြစ်ပေ။ ထိုများပြားလှသော ပင့်ကူများသည် ကျွန်ုပ်၏ ပျင်းရိမှုကို အခွင့်ကောင်းယူ၍ မပိတ်ဖြစ်သော ကျွန်ုပ်အခန်း ပြတင်းပေါက်တွင် အိမ်ဖွဲ့၏။ ကျွန်ုပ်ကလည်း ရုပ်ရှင်ဇာတ်လမ်းတွဲများ ထိုင်ကြည့်ရင်း ပျင်းရိသည့်အခါ ပြတင်းဘက်သို့ တချက်တချက် လှည့်ကြည့်တတ်သည်။ ပင့်ကူသည် သူ့အိမ်တွင် လာရောက်ကပ်ညှိနေသော အကောင်များမှာ သူ့ထက်အဆမတန်ကြီးသည့် လိပ်ပြာ၊ နှံကောင်နှင့် အခြားအမျိုးအမည်မသိသော အကောင်များဖြစ်၏၊ ပင့်ကူသည် ထိုအကောင်များကို နေ့စဉ်စားသုံးလျက်ရှိသည်။ တခါတခါလည်း ထိုပင့်ကူကိုကြည့်ရင်း “ဒီကောင်ကွာ အဆမတန်ကြီး” ဟုညည်းမိသည်။ စားသောက်ရန်အတွက်သာ မှတ်ဉာဏ်ရှိသော ပင့်ကူတကောင်အတွက်ပင် ဖွင့်ထားသော ပြတင်းတံခါးရွက်၏ ဟိုဘက်သည်ဘက်အထိ ကျယ်ဝန်းသော အိမ်ဖွဲ့ပြီး သူ့ထက် အဆမတန်ကြီးသော အကောင်ပလောင်များကို ဖမ်းဆီးထိန်းချုပ်တတ်ရာ နတ်ဆိုးများဖမ်းစားခြင်းခံထားရသော လောဘ ဒေါသနှင့် မောဟတို့ လွှမ်းမိုးထားသော လူသားတို့အတွက်မူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
မိသားစုတစုမှပင် အိမ်ထောင်ဦးစီးသည် သူ့မိသားစုကို သူထိန်းချုပ်လို၏။ ရွာတရွာတွင် တစုံတရာကို အားကိုးရာရှိသော လူတယောက်သည် သူ့ရွာကို သူထိန်းချုပ်လို၏။ ထိုကဲ့သော ထိန်းချုပ်လိုစိတ်များသည် သေးငယ်သော အဖွဲ့အစည်းမှသည် ကြီးမားသော အဖွဲ့အစည်းသို့ တက်လာသည်။ ကြီးမားသော အဖွဲ့အစည်းမှသည် အုပ်စုတခုလုံးကို ထိန်းချုပ်လိုလာ၏။ အုပ်စုမှသည် လူမျိုး။ လူမျိုးမှသည်နိုင်ငံ။ နိုင်ငံမှသည် တကမ္ဘာလုံးအထိ ထိန်းချုပ်လိုလာသည်။ မိမိတဦးတယောက်တည်း၏ ထိန်းချုပ်မှုအောက်တွင် တကမ္ဘာလုံး ရှိစေချင်လာသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အင်ပါယာအမျိုုးမျိုးပေါ်ပေါက်ခဲ့ရခြင်းဖြစ်၏။ အင်ပါယာစနစ်သည် ၂၀ ရာစုတွင် အပြစ်အမျိုးမျိုးအတင်ခံရ၍ တချို့က ကျဆုံးသွား၏။ တချို့က ကိုယ်ယောင်ဖျောက်သွား၏။ အင်ပါယာကို တည်ထောင်လိုခြင်းသည် လူသားတို့၏ အန္တိမပန်းတိုင် အဖြစ်မှ မည်သည့်အချိန်ကမှ မလျှောကျခဲ့ပေ။ တဦးတယောက်တည်းဖြင့် တည်ထောင်၍ မရလျင် အုပ်စုဖြင့် တည်ထောင်လျင် ရနိုင်သည်ဆိုသည့် နည်းလမ်း၊ လူဖြင့်မရလျင် လူတို့အတွက် အထိအခိုက်မခံသည့်အရာ သို့မဟုတ် လူတို့ စွန့်ပစ်၍ မရနိုင်သည့်အရာတို့နှင့် အရောင်ပြသည့်နည်းလမ်းများကို တွေ့ရှိခဲ့ကြလေသည်။ တချိန်တခါက ဤဒွန္နယာတွင် လူတဦးတယောက်က ထိန်းချုပ်ထားသည့် စနစ်အောက်တွင် ဉာဏ်ရည်မြင့်မား၍ အသစ်အဆန်းကို ဖန်တီးသော လူငယ်များကို ဖိနှိပ်သော အုပ်ချုပ်မှုစနစ်က ခေတ်စားခဲ့ဖူး၏။ ထိုစနစ်၏ ချို့ယွင်းချက်ကို မြင်လိုက်သော လူသားတို့သည် ခရစ္စတိုဖာကိုလံဘတ် တွေ့ရှိသော နယ်မြေသစ်ကို အမြန်ဆုံး ပြောင်းရွှေ့ခဲ့ကြသည်။ နောက်တွင် နည်းပညာဖြင့်ထိန်းချုပ်နိုင်သော အင်ပါယာတခုသည် ပေါ်ပေါက်လာခဲ့၏။ ထိုနည်းပညာအင်ပါယာကို လူ ၁၉ ယောက်က ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ကားဗုံးစနစ်ဖြင့် မအောင်မြင်ခဲ့သော ဖောက်ခွဲမှု၏ မအောင်မြင်မှုအတွက် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် မနက် ၈ နာရီ ၁၄ မိနစ်နှင့် ၉ နာရီ ၀၃ မိနစ်တွင် လေယာဉ်အမှတ် ၁၁ နှင့် ၁၇၅ နှစ်စင်းဖြင့် ၁၉၇၃ ဧပြီလ ၄ ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခဲ့သော အထပ်ပေါင်း ၁၁၀ ထပ်ရှိ ကုန်သွယ်တိုက်ညီနောင်နှစ်လုံးအား အသေခံတိုက်ခိုက်မှုဖြင့် အကော်အထည်ဖော်ရင်း နည်းပညာ အင်ပါယာကြီးကို နားရွက်တံတွေးဆွတ်လိုက်၏။ နည်းပညာအင်ပါယာသည် သူတို့၏နည်းပညာဖြင့် သူတို့ကိုသူတို့ အကောင်းဆုံး ကာကွယ်နိုင်သည် ဆိုသော ယုံကြည်ချက်သည် ထိုနေ့၌ ကျောက်သင်ပုံးတွင် ရေးသားထားသော စာများအား ရေစိုအဝတ်ဖြင့် ဖျက်လိုက်သည့်အလား အဖျက်ခံလိုက်ရ၏။ ထို့ပြင် အဆောက်အဦးအတွက် ဒေါ်လာ ၅၅ ဘီလျံ၊ စီးပွားရေး ဒေါ်လာ ၁၂၃ ဘီလျံဆုံးရှုံးရသည်။ လူပေါင်း ၂၉၉၆ ဦးသေ ဆုံးရသည်။ သို့သော် ဤအဖြစ်အပျက်၏ နောက်ဆက်တွဲကား ထင်ထားသည်ထက်ပို၍ ရှုပ်ထွေးလာ၏။ နာကျင်စွာသေဆုံးရမှုအပေါ် မစာမနာ ပြောသည် မဟုတ်။ ငွေကြေးဆုံးရှုံးမှုနှင့် လူများ သေဆုံးမှုသည်လည်း အရမ်းကြီး အဓိကမကျ။ အမေရိကန်ပြည်ထောင်စုတွင် မတော်တဆမှုကြောင့် နှစ်စဉ်လူသေဆုံးမှုနှုန်းမှာ နှစ်သိန်းနှင်အထက် အမြရှိခဲ့သောကြောင့် ဖြစ်သည်။ အဓိကကျသည်မှာ အဖြစ်အပျက်။ လူ ၁၉ ယောက်သည် အဘယ့်ကြောင့် လေယဉ်နှစ်စီးကို အနုကြမ်းစီး၍ ထိုလေယဉ်ဖြင့် ကမ္ဘာ့ကုန်သွယ်တိုက်ကြီး နှစ်လုံးကို အကြမ်းဖက် တိုက်ခိုက်ရလေသနည်း တည်းဟူသော မေးခွန်းသည် လူတိုင်း၏ ရင်ထဲသို့ စရောက်လာခဲ့၏။ တွေးကြသည်။ ဆင်ခြင်ကြသည်။ သုံးသပ်ကြသည်။ ထိုအခါ လူသားတို့ အသို့ သိမြင်ခဲ့ကြသနည်း။ ထို့အတူ အသို့လျင် မှတ်ချက်ချလိုက်ကြလေသနည်း။ သိမြင်မှုစွမ်းရည်၊ ခွဲခြားသတ်မှတ် ဆုံးဖြတ်နိုင်သော စွမ်းရည်၊ ထက်မြက်ပြီး ရေတို/ရေရှည် မှတ်သားနိုင်သော စွမ်းရည်နှင့် အားမန်ပြည့်နေသော စိတ်ကူးစွမ်းရည်တို့ ပြည့်နှက်လျက်ရှိသော လူသားတို့သည် လူ့ယဉ်ကျေးမှုသမိုင်းကို ဆထက်တန်ဖိုး တိုးတက်လိုသည်နှင့် သူတို့၏ ကျင့်ဝတ်ဆိုင်ရာကို ထိန်းကျောင်းပေးရန်အတွက် ရည်ရွယ်၍ ဖန်တီးခဲ့သော ဘာသာရေးကား လူသားတို့၏ အသုံးချခံအဖြစ်သို့ ရောက်လျက် ဇာတ်ညွှန်းအသစ်ကို ရေးလေတကားဟု အားလုံးပင် တညီတညာ မှတ်ချက်ပြု ကြကုန်ပါတော့သည်။ ဇာတ်ညွှန်းကား မည်သို့နည်း။
မြန်မာပြည်တွင် ဒွေးဆိုသည့် သရုပ်ဆောင်ကောင်းသလောက် နာမည်လည်းရှိသော ရုပ်ရှင်မင်းသားတဦး ရှိခဲ့ဖူး၏။ ရုပ်ရှင်ပရိသတ် အချို့ပင် သူ့ကို မမေ့ကြသေးသကဲ့သို့ သူ့သရုပ်ဆောင်မှုကိုလည်း တမ်းတလျက် ရှိကြသေး၏။ ထိုသရုပ်ဆောင်မင်းသား ဒွေးနှင့် မိုမို့မြင့်အောင်တို့ သရုပ်ဆောင်ခဲ့သော ရုပ်ရှင်တခုရှိ၏။ ဇာတ်ကားနာမည်မှာ မငြိမ်းသောမီးဟူ၍ ဖြစ်သည်။ ကျွန်ုပ်မှာ အကြီးစားရုပ်ရှင်ကြည့်ရှုသူ တဦးဖြစ်လင့်ကစား ရုပ်ရှင်ရုံတွင်းသို့ ဝင်ရောက်ခွင့်ရသူ အမျိုးအစားထဲမပါသဖြင့် ထိုရုပ်ရှင်ကို မကြည့်ဖူးခဲ့။ ရုပ်ရှင်ထွက်အပြီး ဗွီဒီယိုတိတ်ခေတ်တွင် တိတ်ဖြင့်လည်းကောင်း၊ ဒီဗီဒီခေတ်တွင် ဒီဗီဒီဖြင့်လည်းကောင်း ထိုရုပ်ရှင်ကို ရပ်ကွက်ထဲရှိ ဗွီဒီယိုရုံသို့ ရောက်လာတတ်၏။ ကျွန်ုပ်သည် ရဲကိုကိုနှင့် လင်းဇာနည်ဇော်ခေတ်မှသည် ရုပ်ရှင်မင်းသား ဒွေး၊ ဝေဠုကျော်နှင့် ကျော်ရဲအောင်တို့ခေတ်အထိ မြန်မာရုပ်ရှင်များကို ကြည့်ခဲ့သေး၏။ ထိုဇာတ်ကား ပါခဲ့သလား မပါခဲသလား မမှတ်မိတော့။ ဇာတ်ကား အမည်ကိုတော့ မှတ်မိနေသည်။ ထိုရုပ်ရှင်အတွက် ဟုတ်မဟုတ် မသိသော ခင်မောင်တိုးသီချင်းတပုဒ်လည်း ရှိသည်။ သီချင်းအမည်ကလည်း မငြိမ်းသောမီးပင်။ ကျွန်ုပ်ငယ်စဉ်က “အောရိုက် ရ တချိန်တုန်းက နမ်းခဲ့ဖူးတဲ့ ပါးပြင်လေးရေ မေ့မရတဲ့ တို့ရဲ့ နေ့စွဲများ” စသည့် ပါးပြင်ပေါ်က ရက်စွဲများမှ စသော ပင်လယ်အော်သံစီးရီးတခုလုံးကို ကြိုက်၏။ သို့သော် ကျွန်ုပ်မှာ ဦးပဇင်းငယ်ဖြစ်၏။ ခွေးလို နွားလိုအော်နေတာကို ပိတ်ထားလိုက်စမ်းဆိုလျင် ကက်ဆက်ကို ပိတ်ပေးရ၏။ ကျွန်ုပ်၏ အထက်က ဦးပဇင်းကြီးမှာမူ ခင်မောင်တိုးကို ကြိုက်၏။ ကျွန်ုပ်က မကြိုက်။ သို့သော် ထိုဦးပဇင်းကြီးသည် သူ့ကက်ဆက်ထဲက ခင်မောင်တိုးသီချင်းခွေကို ထုတ်မရသည်လား၊ သို့မဟုတ် သူ့ကက်ဆက်က ခင်မောင်တိုးတိတ်ခွေကိုပဲ လက်ခံသည်လား မပြောတတ်။ လူများအိပ်သော်လည်း ပိုင်ရှင်နှင့်အတူ သိစိတ်မရှိသော ကက်ဆက်သည် သုံးနှစ်သုံးမိုးခန့် ခင်မောင်တိုးသီချင်းကိုချည်း ဆိုနေခဲ့သဖြင့် ကြာလာတော့ ကျွန်ုပ်လည်း ခင်မောင်တိုးသီချင်များကို နားယဉ်ပြီး နောက်ပိုင်း၌မူ တခုတ်တရပင် နားထောင်ဖြစ်သွား၏။ ထိုမှ မငြိမ်းသောမီး သီချင်းကို သဘောထားမိသွား၏။ ” ဒီက ကမ်းလိုက်တဲ့ တို့လက်ကို၊ မင်းဆုပ်ချင်ဆုပ် ပုတ်ချင်ပုတ်၊ ဒါပေမယ့် လှမ်းခဲ့တဲ့ တို့ရဲ့လက်ကို မရုပ်၊ ရင်ခွင်ကြားစေ့စပ် ပွဲပျက်တဲ့ အဆုံး၊ ရှိုက်လိုရှိုက် ပြုံးလိုပြုံး၊ ဒါပေမယ့် လွမ်းတတ်တဲ့ တို့ရဲ့ဘက်က မမုန်း၊ တို့ရဲ့အချစ်မှာလေ မစိမ်းကားတတ်ပါဘူး” ဤခင်မောင်တိုး၏ မငြိမ်းသောမီး သီချင်းစာသာားထဲကဲ့သို့ ဒီက ကမ်းတိုက်တဲ့ တို့လက်ကို မင်းဆုပ်ချင်ဆုပ် ပုပ်ချင်ပုပ် ပုံစံသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီးတွင် ဖြစ်ပေါ်လာ၏။ ဗုဒ္ဓဘာသာ၊ ခရိယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ အစ္စလာမ်ဘာသာဝင်တို့သည် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့်သူများ အတွက် ဆုတောင်းပွဲ ကျင်းပသည်။ ထိုပွဲကို ထိုခေတ်သမ္မတဘုရှ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထိုပွဲတွင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တို့က ဤတိုက်ခိုက်မှုသည် ဘာသာရေးအရ တိုက်ခိုက်မှု မဟုတ်ပါကြောင်း ပြောဆို၏။ ထိုစကားကို အမေရိကန်ပြည်သူများအား အလေးအနက်ထားစေ လိုသဖြင့် သမ္မတဘုရှ်ကိုယ်တိုင်လည်း ထပ်လောင်းပြောဆို၏။ သို့သော် ထိုတိုက်ခိုက်မှုကို စီစဉ်ခဲ့သော သူ၏ စကားနှင့် အခြားနှစ်နိုင်ငံအစိုးရတို့၏ တုန့်ပြန်စကားဆိုလာပုံကား ကမ္ဘာ့ကြိုးဝိုင်းပေါ်ကို ဘာသာရေးချင်း စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်နေတော့၏။ အိုစမာဘင်လာဒင်သည် “ခင်ဗျားတို့ အမေရိကန်ဘုရား ကျေးဇူးတော်ရဲ့ အရသာကို ကျုပ်တို့အပေါ် နှစ် ၈၀ ကြာ အရသာခံကြည့်ခဲ့ပြီးပြီ၊ ယခု ကျုပ်တို့ဘုရားရဲ့ ကျေးဇူးတော်အရသာကို ခင်ဗျားတို့ ပြန်မြည်းစမ်းခွင့်ရခဲ့ပြီပေါ့၊ ဒီလုပ်ရပ်က ခင်ဗျားတို့အမေရိကန်ဘုရားရဲ့ လုပ်ရပ်ကို ကျုပ်တို့ဘုရားက မိတ္တူပွားတာပါပဲ။ အခု ခင်ဗျားတို့ အမေရိကန်ကို ဖျက်ဆီးပစ်ဖို့ အလ္လာအရှင်မြတ်ဟာ ရှေ့ပြေး မွတ်စလင်တွေ အတွက် ကောင်းကင်ဘုံမှာ နေရာအများကြီး ချထားပြီးပြီ” စသဖြင့်ဘာသာရေးနှင့်သာ ဆိုင်သော မိန့်ခွန်းကို ဆက်တိုက်ပြောခဲ့၏။ ထိုစကားကို အာဖဂန်ရှိ တာလီဘန်များနှင့် ဆော်ဒီအာရေဗီးယားနိုင်ငံ ဝန်ကြီးချုပ် တဖြစ်လည်း ဘုရင်လုပ်နေသူက ထောက်ခံခဲ့၏။ အမေရိကန်ကလည်း ငြိမ်၍မနေ။ မနေသည့်အပြင် စစ်ပွဲအတွက် ပြင်ဆင်ကြသည်။ ထိုအခြေအနေကို ကြားသဖြင့် အာဖရိက ဘာသာရေးပဋိပက္ခများကို ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်ပေးနေသည့် David R. Smock ဆိုသည့်သူက အမေရိကတို့ စစ်တလင်း မခင်းမီ အမီပင် “ဘာသာရေးစစ်ပွဲပေါ် အမြင်များ” ဆိုသည့် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုသူက ဘာသာရေးစစ်ပွဲ မဖြစ်မီ ဘာသာရေးတို့၏ အခြေခံ ဘုံတူညီချက်ကို ရရှိအောင် ရှာဖွေပါက ငြိမ်းချမ်းရရှိနိုင် သည်ဆိုကာ စစ်ပွဲနိယာမ ပေါင်းများစွာ ထုတ်ပြ၍ တားမြစ်ခဲ့၏။ သို့သော် အမေရိကန်ပြည်သူများသည် သမ္မတဘုရှ်၏ ရီဘတ်ဘလင်ကန်ထက် ဒီမိုကရက်တစ်က ကျူးကျော်တိုက်ခိုက်လိုမှုတွင် ပိုမို၍ အားမာန်ပါခဲ့ကြသည်။ သူတို့က ပိုမိုတိုက်တွန်းခဲ့သည်။ ၉/၁၁ တိုက်ခိုက်မှုတွင် အဓိကပါဝင်သည်ဟု ယူဆရသော အီရတ်ကို ကျူးကျော်စစ်ဆင်နွဲရန် ဒီမိုကရက်တစ်က ပိုလိုလားခဲ့ကြသည်။ ထိုအချိန်တွင် အီရိတ်သည် နျူလက်နက်များကို တိတ်တဆိတ် ထုတ်လုပ်နေသည်ဟူသော သတင်းကလည်း ပျံ့နေသည်။ အမေရိကန်တွင်ရှိသော ပရိုတက်စတင့်နှင့် ရိုမန်ကက်သလစ်သည် အခြားမည်သည့်နေရာ မည့်အသည်အချိန် ကမှ တူညီသော ဆုံးဖြတ်ချက်ကို မချဖူးဘဲ ဤကျူးကျော်စစ်ပွဲကိုမူ တသဘောတည်းရှိခဲ့ပြန်၏။ ကက်သလစ် အစည်းအဝေးမှမူ ဘုရှ်ထံ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် Casus belli သီအိုရအရ အီရတ်ကို ကျူးကျော်ခြင်းသည် တရားမျှတမှုရှိမရှိ စဉ်းစားသင့်ကြောင်း အိတ်ဖွင့်ပေးစာ ပို့ခဲ့သည်။ (Casus belli သီအိုရီဆိုသည်မှာ စစ်ပွဲ တခုစတင်ရန်အတွက် တိကျခိုင်မာသော အကြောင်းပြချက်ရှိရမည်ဟု ဆိုလိုပါသည်။) သို့သော် နောက်ကွယ်တွင်မူ Casus belli သီအိုရီအရ သီအိုရီသည် သီအိုရီသာဖြစ်၏။ မိမိတို့ကို အစုလိုက်အပုံ လိုက် ထပ်မံသတ်ဖြတ်နိုင်စွမ်းရှိပါက ထိုသူ သို့မဟုတ် ထိုနိုင်ငံကို လက်ဦးရယူပြီး ကျူးကျော်တိုက်ခိုက်သင့် သည်ဟု စာပို့ခဲ့ပြန်၏။ Casus belli သီအိုရီကြောင့် ကျွန်ုပ်တို့၏ လူမျိုးများအတွက် သင်္ချိုင်းမြေနေရာများ မပြင်ဆင်လိုဟုပင် ပါသေး၏။ ထို့နောက် အမေရိကန်တွင် အီရတ်အား ကျူးကျော်သင့် မကျူးကျော်သင့် စစ်တမ်းကောက်တော့၏။ ဘုရားကျောင်းတက်သူ ၅၅ ရာခိုင်နှုန်း၊ ဘုရားကျောင်း မတက်သူ ၅၅ ရာခိုင်နှုန်း၊ အသက် ၁၈ နှစ်အထက် လူငယ်များ ၉၅ ရာခိုင်နှုန်း မဲရရှိခဲ့၏။ ထိုနေ့မှသည် ၂၀၁၁ တွင် အမေရိကန် အီရတ်စစ်ပွဲပြီးသွားခဲ့၏။ အဘယ်သို့ ဆက်ဖြစ်လာသနည်း။ အီရတ်တွင် ISIS ပေါ်လာတော့၏။ ထိုအခါ ယနေ့အထိ စစ်ထပ်မံဖြစ်ရတော့၏။ အဆင်မြင့်လက်နက်ကို ကိုင်ဆောင်ထားသည် ဆိုသော အမေရိကန် စစ်သားပေါင်း ၄၅၈၆ ထိသေဆုံးခဲ့ပြီဖြစ်၏။ မငြိမ်းသောမီးသီချင်း၏ နောက်တပုဒ်ဖြစ်သည့် “မျော်ကာ လွမ်းမိတဲ့ ညဘက်ဆို၊ တေးရေးချင်ရေး ဆိုချင်ဆို၊ ဒါပေမယ့် စပ်ခဲ့တဲ့တေးသွားပိုဒ်တွေ မချို” ဟုပင် ဖြစ်သွားခဲ့တော့သည် မဟုတ်ပါလား။ မီးများ မငြိမ်းတော့။ ၂၁ ရာစုသည် ဘာသာရေး ပဋိပက္ခများ ဤမျှသာ ဖြစ်ခဲ့သည် မဟုတ်။ တော်တော်စိပ်စပ်ပင် ဖြစ်ခဲ့သည်။ အခြားဘာသာရေး ပဋိပက္ခများကို သိသာစေရန် အနည်းငယ်မျ ဖော်ပြပါမည်။
လူတယောက် ဆင်းရဲမွဲတေခြင်း၊ မိုင်းတွင်းတခုခုအပေါ် ရွာတည်မိသဖြင့် ကော်ပိုရိတ်များက ငွေအမ်း၍ ဖယ်ရှားခံရခြင်း၊ အာဏာရှင်တို့မှ အတင်းအဓမ္မဖမ်းဆီး နှိပ်စက်မှုခံရခြင်းတို့အတွက် ဘာသာရေးအမြင်က ရှင်း၏။ ဘုရားသခင်၏အလိုတော်အရနှင့် ရှေးဘဝမိမိပြုခဲ့သောကံတို့ကြောင့် ဖြစ်ရ၏။ သို့သော် ဘာသာရေး မပါသော အုပ်ချုပ်ရေးစနစ်၊ ဘာသာရေးမပါသော စီးပွားရေးစနစ်တွင် ထိုအချက်များကို အကြောင်းပြချက် တခုအဖြစ် မသတ်မှတ်။ ဘောဂဗေဒပညာရှင် Henry George (၁၈၃၉-၁၈၉၇) မှ ၁၈၇၉ ခုနှစ်တွင် ရေးသားခဲ့သော တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ လူသားသမိုင်းကို ပြောင်းလဲစေလိုသူတို့သည် ထိုစာအုပ်ကို သာမန်ထက် ကျမ်းဂန်တစောင်အဖြစ် သတ်မှတ်ထားကြသည်။ ထိုစာအုပ်ကြောင့် အုပ်ချုပ်ရေးစနစ်တွင် ပြုပြင်ပြောင်းလဲမှု များစွာ ဖြစ်ပေါ်စေခဲ့၏။ ဘောဂဗေဒ ပညာရှင်ကြီးက သူ့စာအုပ်တွင် အုပ်ချုပ်သော အစိုးရသည် လူတန်းစား မညီမျှမှုများ ဖြစ်နေရသည့် ဆင်းရဲမွဲတေမှု လျှော့ချရေးကဏ္ဍကို အထူးကဏ္ဍတရပ်အဖြစ် ဆွေးနွေးရေးသားခဲ့သည်။ ထို့ကြောင့် ယခုနောက်ပိုင်း နိုင်ငံတကာ အစိုးရများဖွဲ့၍ WB ကမ္ဘာ့ဘဏ်နှင့် IMF စသည့် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့များ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေအစိုးရတရပ် ပေါ်ပေါက်ခဲ့ဖူး၏။ ထိုအစိုးရက ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုသည်ကို မည်သို့နားလည်သဘောပေါက် ခဲ့ကြသည်ကိုတော့ မသိ။ ချို့တဲ့သူများကို ငွေကြေး အမြောက်အများအား အချိန်အကုန်ခံ၍ ထောက်ပံ့ခဲ့လေသည်။ ဤသည်လည်း မရိုးနိုင်သည့် မြန်မာ့နည်း မြန်မာ့ဟန်ပင် ဖြစ်လေသလားတော့ မသိ။ ထိုကဲ့သို့သာ ပြုလုပ်ခဲ့လျင် နိုင်ဂျီးရီးယားနိုင်ငံသည် ထိုသော ၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် မွတ်စလင်နှင့် ခရိယာန်တို့ ပဋိပက္ခမဖြစ်ဘဲ လူ ၁၀၀၀ ကျော်လည်း သေဆုံးပြီး လူ ငါးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စရာ ရှိခဲ့မည် မထင်။ အခုတော့ မွတ်စလင်နိုင်ငံရေးသမား အယ်ကာဂျီမောက်တာ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် Jos ခရိယာန်အသင်းဝင်တို့၏ လူတိုင်းအလုပ်အကိုင် ရရှိရေး ဆောင်ရွက်ချက်အကြား ပြင်းထန်သော ပဋိပက္ခများဖြစ်ခဲ့သည်။ ထိုပဋိပက္ခမှာ ယနေ့ထိ မငြိမ်းသေးပေ။
ကနေဒါနိုင်ငံသူ Deepa Mehta တဦးမှ ၁၉၉၉ ခုနှစ်တွင် ရိုက်ကူးခဲ့သော “ကမ္ဘာ” ဆိုသည့် ဇာတ်ကားကို လက်ရှိတွင် သူ၏မြို့တမြို့လုံးကို မီးရှို့ခံရသဖြင့် ဘေးကင်းရာတွင် ရှိနေပါသည်ဆိုသည့် ဆရာတစ်ဆူဖြစ်သူက ညွှန်းသဖြင့် ကြည့်ဖူး၏။ မကြည့်ဖူးသေးပါက ကြည့်သင့်သည့် ရုပ်ရှင်ဖြစ်ပါသည်။ ထိုဇာတ်ကားကို ငတုံးသုံးကောင် ဇာတ်ကားဖြင့် မြန်မာတို့ အသိများခဲ့သော ရန်ချိုဆိုသည် မင်းသားအမီယာခမ်းမှ ပါဝင်ရိုက်ကူးထား၏။ ရန်ချိုကို အရမ်းချစ်ပါသည်ဆိုလျင်တော့ မကြည့်ပါနှင့်။ ထိုဇာတ်ကားသည် ၁၉၄၇ အိန္ဒိယမှ ပါကစ္စတန်ခွဲထွက်သည့် သမိုင်းကို နောက်ခံရိုက်ကူးထားခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်းသို့ ရောက်နေသော မွတ်စလင်လေးသိန်းသည် ရထားဖြင့် ပါကစ္စတန်တွင် နေထိုင်ရန် ပြောင်းရွှေ့ခဲ့ကြသည်။ ထိုရထားခရီးစဉ် ပြေးဆွဲနေစဉ် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ ရက်၌ ရထားပေါ် ပါလာသော မွတ်စလင် သုံးထောင်သည် ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။ ကမ္ဘာ့တုန်လှုပ်ချောက်ခြားစရာ အကောင်းဆုံး အဖြစ်အပျက်များကို နံပါတ်စဉ်တပ်၍ ရေးလျင် ထိုအဖြစ်အပျက်သည် ဟိုလိုကော့ပ်ပြီးလျင် နံပါတ်တစ် ရလောက်သော အဖြစ်အပျက်တခု ဖြစ်ပါ၏။ ထိုဖြစ်ရပ်အား လက်စားချေသည့် ဖြစ်ရပ်ဆန်ဆန်ကမူ ၂၀၀၂ ခုနှစ်တွင် ဂူဂျာရတ်မြို့တွင် ဖြစ်ခဲ့၍ ဂူဂျာရတ်ဟု အမည်ပေးခဲ့သည့် အဓိကရုဏ်း တခု၌ ပုံစံတူဖြစ်ပွားခဲ့သည်။ အယုဒ္ဓယမှ အဟ်မဒါဘတ်ဘက်သို့ ပြန်လာသော ရထားပေါ်တွင် ဟိန္ဒူများပါဝင်သော မီးရထားတွင်တတွဲလုံး မီးလောင်ရာမှ မွတ်စလင်နှင့် ဟိန္ဒူများ အုပ်စုဖွဲ့၍ အစုအပုံလိုက် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုနှင့် မီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုအဓိကရုဏ်းတွင် မွတ်စလင် ၇၉၀ ဦးနှင့် ဟိန္ဒူ ၂၅၄ ဦးတို့ သေဆုံးခဲ့ကြသည်။ ထိုအဓိကရုဏ်းလည်း ယခုထိ မငြိမ်းသော မီးပင် ဖြစ်နေသေး၏။
စာရေးဆရာကြီးကိုတာမှ ယဉ်ကျေးဖွယ်ရာရှိသော နိုင်ငံချစ်စိတ်စာအုပ်၏ ထိုအမည်ဖြင့်ပေးထားသော ဆောင်းပါးတွင် Nationalism ကို အဘယ့်ကြောင့် အမျိုးသားရေးဝါဒဟု ဘာသာပြန်သနည်းကို ဆင်ခြင်ကာ နိုင်ငံချစ်စိတ်ဝါဒဟု ဘာသာပြန်လေသည်။ Nationalism ကို စွယ်စုံကျမ်းတစောင်က လူတဦးချင်း၏ သူနေထိုင်သော နိုင်ငံအပေါ် သစ္စာစောင့်သိမှု၊ သို့မဟုတ် မိမိနိုင်ငံသားတဦး၊ မိမိနိုင်ငံအတွင်းရှိအုပ်စုကို အကျိုးစီးပွား ဖြစ်ထွန်းစေမှုဟု ဆိုထားသည်။ များပြားလှစွာသော မြန်မာလူထုကမူ အမျိုးသားရေးဝါဒဟု ဘာသာပြန်ကြပြီး နှုတ်လည်း ကျိုးနေဟန်ရှိပါသည်။ အမှန်အားဖြင့် ဆရာကိုတာ ဘာသာပြန်သည်က ပိုသင့်လျော်ပါသည်ဟု ထင်ပါသည်။ ယခင် အင်ပါယာခေတ်တွင် ဘုရင့်အပေါ် သစ္စာစောင့်သိခြင်းတို့သည် နှင်းဆီတိုက်ပွဲအပြီး နိုင်ငံများပေါ်လာသောအခါ နိုင်ငံကို ချစ်သောစိတ်ကို ရည်ညွှန်း၍ ထိုစကားလုံး ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုစကားလုံးပေါ်လာချိန်၌ ဘာသာရေးအရ ထိုစကားလုံးကို ဘာသာရေးအလိုက် ကွဲပြားခြားနားသော ဖွင့်ဆိုချက်များဖြင့် ဖွင့်ဆိုခဲ့ကြပါသေးသည်။ သို့သော်လည်း ၁၈ ရာစုနောက်ပိုင်းတွင်မူ ကဗျာဆရာနှင့် အနုပညာရှင်တော်တော်များများက စာပေထဲသို့ ထည့်သွင်း ရေးသားလာကြသည်။ ရေးသားလာကြပုံမှာ ဥပမာအားဖြင့် သခင်မျိုးဟေ့ တို့ဗမာသီချင်းများတို့ကဲ့သို့ မြန်မာနိုင်ငံတွင်နေလျင် မြန်မာနိုင်ငံသားဖြစ်သည်။ မြန်မာမှာလျင် သွေးရဲရဲနီကာ သတ္တိဗျတ္တိနှင့် ပြည့်စုံသည်။ ထို့ကြောင့် ထိုသူသည် ထိုမြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး မြန်မာနိုင်ငံအတွက် အသက်ကိုပင် စွန့်ဝံ့ရမည် ဆိုသည့် သဘောမျိုးဖြစ်သည်။ ထိုအသုံးအနှုန်းသည် တွင်ကျယ်လာသည်နှင့်အမျှ ပိုပို၍ နက်နဲလာသည်။ ခံစားချက်များ ပိုပို၍ ပြင်းထန်လာသည်။ နိုင်ငံချစ်စိတ်ဆိုသည့် အသုံးအနှုန်းသည် ပို၍ ရှုပ်ထွေးလာသည်။ ထိုဝါဒသည် ကမ္ဘာကြီးကို အံ့ဖွယ်အတိပြီးသော ဆန်းကျယ်မှုများဖြင့် မည်ကဲ့သို့ ဖန်တီးလိုက်သနည်းဟူမူ အလွန်ပျင်းသော စားဖိုမှူးလက်ထောက်ကို စားဖိုမှူးကြီးက ကြက်သွန် ဂေါ်ဖီထုပ်စသည်ကို လှီးစေချိန်တွင် ထိုသူက ဓားဖြင့် တဒုန်းဒုန်း တဒန်းဒန်း ဖြစ်သလို ကြုံရာငြားရာ ခုတ်ထစ်နေသည်နှင့်ပင် တူလေတော့၏။ ထိုအချိန်မှစ၍ ပဒေသရာဇ်စနစ် ပြိုလဲလာသည်။ ဘာသာရေးစနစ် လည်း စတင်၍ ကွဲအက်လာသည်။ နိုင်ငံချစ်စိတ်နှင့် ဘာသာချစ်စိတ် ရောထွေးလာသည်။ သို့ငြားမင့် အီရတ်နွယ်ဖွား ဗြိတိန်သမိုင်းသိပ္ပံပညာရှင် Elie Kedourie က “အနောက်ကလူတွေ အဆန်းထွင်လိုက်တဲ့ Nationalism ဆိုတာက စကတည်းက ယဉ်သကိုးဆိုသလိုပဲဗျ။ ငြင်းနေကြတာ ခုထိမပြီးသေးဘူး။ တကယ်တော့ ဒီစကားလုံးက ၂၀ ရာစုနှင့် ၂၁ ရာစုအတွက် မကောင်းဆိုးဝါးပဲ။ အခု ကြည့်လိုက်စမ်း။ အာရှအလယ်ပိုင်းကို စစ်မက်ဘေးကြီးတခု တင်ပို့လိုက်ကြပေါ့” ဟု ပြောဖူးသည်။ ထိုသူက အမျိုးသားရေးဝါဒ (သို့) နိုင်ငံချစ်စိတ်ဝါဒသည် ဘာသာရေးနှင့် လုံးဝ မပတ်သက်ဟု ဆိုသည်။ အိန္ဒိယ ပါကစ္စတန်ပဋိပက္ခကို ဥပမာပြသည်။ ထိုပဋိပက္ခသည် ဘာသာရေးသီးသန့်ဖြစ်သည်။ နိုင်ငံရေးမဟုတ်။ ထိုအကြမ်းဖက်မှုသည်လည်း ကိုလိုနီခေတ်မှသည် ကိုယ်ပိုင်နိုင်ငံတည်းဟူသော ခေတ်သစ်သို့ အကူးအပြောင်း ကာလအကြား နိုင်ငံရေး စီမံကိန်းများ၊ နိုင်ငံအတွင်း ဖွဲ့စည်းပုံအားနည်းမှုများ၊ နိုင်ငံရေးအာဏာကို ပြောင်ပြောင်တင်းတင်း ပြိုင်ဆိုင်မှုများ၊ ဘာသာရေး ခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင်တို့ အားပြိုင်မှုများ၊ ခေတ်၏ ပြောင်းလဲလာသော အရွေ့တွင် ဖြစ်ပေါ်လာသည့် ဖိအားများ (pressures of globalization) ကို မိမိယဉ်ကျေးမှုနှင့် နှိုင်းစာ၍ လက်ခံရန် ခက်ခဲလွန်းသောကြောင့် အကြမ်းဖက်မှုတရပ် ဖြစ်ပေါ်သွားရခြင်းသာ ဖြစ်သည်ဟု Kedourie ကတော့ မှတ်ချက်ချသည်။ အောက်စဖို့ ပါမောက္ခတဦးဖြစ်သူ Frances Stewart ကလည်း ထိုအဆိုကို လက်ခံသည်။ သူက စီးပွားရေးဆိုင်ရာ အချက်အလက်များကိုပါ ထပ်မံ၍ ထည့်သွင်းစဉ်းစားသည်။ ယဉ်ကျေးမှုအရ မည်သို့မှ တူညီမှု မရှိသော အုပ်စုနှစ်စုသည် စီးပွားရေးနှင့် နိုင်ငံရေးကွဲလွဲမှုများ တထပ်တည်းကျလာသောအခါ မိမိတို့ဘက်က ပို၍အားနည်းသည်ဟု တွက်ဆမိလိုက်သော အုပ်စုမှ တဖြည်းဖြည်း နက်ရှိုင်းလာသော နာကျည်းမှုများကြောင့် ထွက်ပေါက်ရှာရင်း ပြင်းထန်သော တွန်းတိုက်မှုများ ဖြစ်ပေါ်သွားရခြင်းသာဟု ထောက်ခံ ပြောဆိုသည်။ ထိုသူနှစ်ဦးတို့၏ အဆိုကို အခြားသူများ လက်ခံပါသလား။
ဖြစ်နိုင်ချေများကို ဆွဲငင်ပစ်ခြင်း
ဆရာနိုင်ဦး ဘာသာပြန်သည့် သမိုင်း၏နိဂုံးနှင့် နောက်ဆုံးလူသား စာအုပ်ကို ရေးသားသည့် ဖရန်စစ် ဖူကူယားမား၏ ဆရာဖြစ်သော “ယဉ်ကျေးမှုတိုက်ပွဲ” (Clash of Civilization )ဆိုသည့် စာအုပ်ကို ကိုရေးသားသူ Samuel P. Huntington ကမူ သူရေးသားထားသည့် စာအုပ်ထဲမှ အချက်အလက်များကို ပြန်ကိုးကား၍ ဘာသာရေးနှင့် အကြမ်းဖက်မှုကိစ္စများကို ပြောဆိုသွားပါသည်။ ၂၁ ရာစုတွင် ဘာသာရေးနှင့် ယဉ်ကျေးမှုသည် နိုင်ငံတကာတွင် ပဋိပက္ခများစွာကို ဖြစ်စေမည့် အဓိကမောင်းနှင်အားဟု ဆိုသည်။ နိုင်ငံ တနိုင်ငံခန့်မျှ ကမ္ဘာအပေါ် ဩဇာညောင်းကောင်း ညောင်းနေမည်။ သို့သော် ယဉ်ကျေးမှုတိုက်ပွဲကိုကား ရပ်တန့်နိုင်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ယဉ်ကျေးမှုသည် ဘာသာရေးကို အရင်းအားဖြင့် အခြေခံ၍ ဖြစ်ပေါ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဘာသာရေးနှင့် တရားရုံးထဲတွင် ရန်အကြီးအကျယ်သတ်ပြီး အပြင်ဘက်တွင် ပခုံးဖက်ပေါင်းပေးမည့် ယဉ်ကျေးမှု ကိုးမျိုးရှိပါသည်။ အနောက်တိုင်း၊ ကွန်ဖြူးရှပ်၊ ဂျပန်နိုင်ငံရှိ ဘာသာများ၊ အစ္စလာမ္မစ်၊ ဟိန္ဒူ၊ အော်သိုဒေါ့ (Orthodox) လက်တင်အမေရိက၊ အာဖရိကနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများတို့ ဖြစ်ကြသည်။ အခြေခံအချက်များက အတော်ကလေးပင် ကွဲလွဲနေသောကြောင့် သဘောတရားအမျိုးမျိုး ဖွင့်ဆိုကြရင်း ဘာသာရေးကို ရင်ခွင်ပိုက်လာသော ယဉ်ကျေးမှုပဋိပက္ခမျဉ်းပေါ်သို့ ရောက်သွားကြရသည်။ သူ့အဆိုကို နားလည်သလောက် မကျဉ်းမကျယ် ရှင်းပြပါမည်။ ကျွန်ုပ်ထည့်ချင်သော အချက်အလက်များကို ထည့်သွင်းချင် ထည့်သွင်းသွားမည်၊ ဖြုတ်ချင်လည်း ဖြုတ်သွားမည်။ တချို့အချက်ကို လည်း ဒေသနှင့် လိုက်လျောအောင် ပြောင်းချင် ပြောင်းသွားမည်။ Huntington ပြောသော စကားများကို မပြောခင် ကျွန်ုပ်၏ အဖြစ်အပျက်ကလေးတခုနှင့် စပြချင်ပါသေးသည်။ ဤကား ကျွန်ုပ်၏ အဆိုးမြင်ဝါဒကို ပလ္လင်ခံပြီးဖြစ်၍ ထပ်မံအသုံးချခြင်းဖြစ်ပါသည်။ ကျွန်ုပ်သည် စာအလွန်ညံ့သူ ဖြစ်သည့်အပြင် အချိန်ပြည့် အပြင်စာကိုသာ ဖတ်ခြင်း၊ ဗွီဒီယိုရုံကို နေ့စဉ်နီးပါး ခိုးသွားခြင်း၊ ကျောင်းစည်းကမ်းဖောက်ခြင်း အလုပ်ကိုသာ လုပ်ခဲ့သူဖြစ်၍လော မဆိုတတ်။ ကျွန်ုပ်အပေါ် စာသင်ပေးခဲ့ကြသော ပရိယတ္တိဆရာ များအားလုံးက ကျွန်ုပ်အား လွန်လွန်မင်းမင်း မျက်မုန်းကျိုးမှုကို ကျွန်ုပ် စာသင်သားဘဝ တလျှောက်လုံး ကြိတ်မှိတ်၍သာ ခံခဲ့ရ၏။ ပမာဆိုရသော် ကျွန်ုပ်တောင်ကြီးတွင်နေစဉ် စာချဆရာတော်သည် တကျောင်းလုံး အေးသာယာဇတ်ပွဲသွား ကြည့်ပါလျက် ကျွန်ုပ်တဦးတည်းကိုသာ လက်မခန့်တုတ်သော တလံကျော်ကျော်ရှိ ဝါးစိမ်းတုတ်ဖြင့် ငါးချက်ရိုက်၏။ ထိုဒဏ်ရာသည် ၇ ရက်ကြာသည်အထိ ကောင်းကောင်း မပျောက်။ ညစဉ် ဗွီဒီယို ခိုးထွက်ကြည့်သည့် ကိုရင်မှာ တကျောင်းလုံးနီးပါးပါလျက် တဝုန်းဝုန်းပြေးနေကြသူ မည်သူ့ကိုမှ မဖမ်းဘဲ ဆရာတော်သည် ကျွန်ုပ်၏ အိပ်ယာပေါ်မှ ကျွန်ုပ်အား အသေအချာ ထိုင်စောင့်နေ၏။ ထို့နောက် ကျွန်ုပ်နေသော ကျောင်းဆောင်မှ ကိုရင်များအားလုံးကို အလွန်နက်သော သဲတွင်းကြီးကို ခုနှစ်ရက်နှင့်အပြီး ဖို့ခိုင်းဖူးသည်။ အခြားသော ကိုရင်များကို အောက်ပြည်အောက်ရွာ နာမည်ကြီး စာသင်တိုက် အသီးသီးကို တစ်နှစ်လျင် ကျောင်းတဝက်ခန့် ပို့ပေးနေသော်လည်း ကျွန်ုပ်မပါ။ ကျွန်ုပ်မှာ ထိုကဲ့သို့ စာသင်တိုက်များ သွားချင်လွန်း၍ တပိုင်းသေနေရာ နောက်ဆုံးတွင် ကိုယ်တိုင်ပင် တောင်းတောင်းပန်ပန် သွားပြောခဲ့ရ၏။ အောက်ပြည်တော့ မရတော့ဘူး၊ အေး စာသင်တိုက်နေချင်တယ်ဆိုလည်း ညောင်ရွှေသွားနေကွာ ဆိုကာ ကျွန်ုပ်နှင့်ပေါင်းသင်းနေကျ သံဃာတစုအပါ ကြုံရာကားနှင့်တင်ကာ စာတစောင်ရေးပေးလိုက်သည်။ ပိတ်ရက်များ၌ ကျောင်းသို့ အလည်ပြန်သည့်အခါ အခြားမြိုပြများ၌ နေသူတို့က သင်္ကန်းများ ဆပ်ပြာများစသည့် အသုံးအဆောင်အပြင် မုန့်ဖိုးများရ၏။ ကျွန်ုပ်လည်း ရချင်သည်။ အမှန်မှာ ထိုအချိန်က ရချင်သည့်အတွေးကို လှောင်ချိုင့်ထဲ မထည့်မိခဲ့သဖြင့် အခု ပြန်တွေးတိုင်း မျက်နှာပူသည်။ အဘယ့်ကြောင့်ဆိုမူ နည်းနည်းကလေး မျက်နှာပြောင် တိုက်ခဲ့ရခြင်းကြောင့်ပင်။ ထို့ကြောင့် ကျွန်ုပ်မှာ မရဖူးဘူးဟုလည်း ပြောရခက်သည့် အဖြစ်က ရှိသွားသည်။ အခြားသူများက အောက်ပြည်သို့ ပြန်တော့မည်ဟု သွားလျှောက်ချိန်နှင့် ကပ်၍ မိမိလည်း ပြန်တော့မည် ဖြစ်ကြောင်း သွားလျှောက်လိုက်၏။ ထိုအခါ သူများကို ပေးပြီး ကျွန်ုပ်ကို မပေးဆိုသည့် အဖြစ်သို့ မရောက်လိုသော ဆရာတော်မှာ ကျွန်ုပ်အားလည်း သင်္ကန်းတစုံပေးလိုက်ရန် အနီးနေတပည့်ကို ပြော၏။ အနီးနေတပည့်က မိမိအား အလွန်ညံ့သော သင်္ကန်းကိုသာ ပေး၏။ သင်္ကန်းကို ကိုင်ကြည့်လိုက်သည်နှင့် ကျွန်ုပ်ချက်ချင်း သိသည်။ သိ၍လည်း ကျွန်ုပ်၏ မျက်နှာနည်းနည်းပျက်သည် ထင်၏။ ဆရာတော်ဆိုသည် မှာလည်း အမှတ်အသား အင်မတန်မှ ကောင်းသည့်ပုဂ္ဂိုလ် ဖြစ်သည့်အလျောက် မိမိလက်ထဲမှ သင်္ကန်းသည် သင်္ကန်းအညံ့တန်းမှ ယူလာသည်ကို တန်းသိသည်။ ထိုအခါ ဝတ်လို့ရတဲ့ သင်္ကန်းကိုပေးလိုက်ပါဟု မိန့်သဖြင့် ကျွန်ုပ်ခမျာ သင်္ကန်းတစုံ ရဖူးသောကြောင့် ဆရာတော်စွန့်တာ ငါဖြင့် တခါမှ မရဖူးဘူးဟု ပြောရန် ခက်သွားခြင်း ဖြစ်သည်။ ကျွန်ုပ်ဆရာ၏ ကျွန်ုပ်အပေါ် ချစ်ခြင်းမှာကား ယခု ထိုင်ရသော ကျောင်းတွင် သိမ်မရှိသေးသဖြင့် သိမ်ဆောက်လိုကြောင်း မည်သို့ပြုလုပ်ရမည်၊ မည်သည့်အချက်များ လိုသည်ကို မိန့်ပေးပါရန် ကျောင်းထိုင်ပေါက်စ အငေါက်ခံရဘဝ၌ သွား၍လျှောက်ထား ဖူး၏။ “မင်း ဘာနားလည်လို့လဲ သွားသွား” ဟုဆိုသဖြင့် ကျွန်ုပ်မှာ ဆရာကံကောင်းလှသူ ပေတကားဟု စိတ်အကြိမ်ကြိမ်နာ ခဲ့ရ၏။ ဤကား တနေရာတည်းကိုသာ ပြောခြင်းဖြစ်ပါသည်။ ကြားမှ အဖြစ်အပျက်များကို ရှိပါသေးသည်။ အလျင်းသင့်မှ ကျွန်ုပ်တပါးထည့်ပေါင်း၍ မသူတော် ၈ ပါးပြည့်အောင် လုပ်ပါဦးမည်။ ကြားကာလကို ကျော်၍ လက်ရှိဘဝကို ပြောပြချင်လာသည်။ ကျွန်ုပ်ကျောင်းထိုင်ပြီးမှ ဘာလိုတာရှိလဲ ပြောဟု လာမေးသည့် ဆရာများလည်း ရှိပါသည်။ ကျွန်ုပ်မှာ အလကားသက်သက် ဆဲချင်ဆဲသွား ဆူချင်ဆူသွားဟု အစကတည်းက လျှောက်လိုက်လျင် အကောင်းသားဟု မေးခွန်းကို ဖြေလိုက်ပြီးမှ ပူလောင်လှသော နောင်တအစိုင်အခဲကြီးကို မြိုချခဲ့ရသောကြောင့် ဖြစ်သည်။ တကယ့်လိုအပ်ချက်ကို တောင်းမိပါလျက် မရောင်ရာဆီလူးသလိုလို ပိုက်ဆံပဲ ဖြုန်းနေသလိုလို ချီးပဲ တန်ဆာဆင်သလိုလို မြည်တွန်တောက်တီးသွားကြသောကြောင့် ဖြစ်၏။ အခြာဆရာများက ဘာကို အမြင်ကပ်သည် မသိသော်လည်း ဆရာတပါးကမူ သူဆေးရုံတက်စဉ်က ကျွန်ုပ်မှ လူနာလာမမေးခဲ့ခြင်းကို ငြိုး၍ စကားစရှာကာ လာကောခြင်းဖြစ်သည်။ ဤကိစ္စများကို Huntington ၏ စာကို စစဖတ်ချင်း တွေ့လိုက်ရသော စာကြောင်းကြောင့် ပြန်တွေးမိသွားခြင်း ဖြစ်သည်။ ရုပ်ရှင်ထဲကသို့ ဖြူမည်းလည်းမဟုတ်၊ ဝတ္ထုများထဲကလို အတွေးများသည် အတိတ်သို့ တဖြည်းဖြည်း ပျံ့လွှင်၍ သွားလေ၏လည်း မဟုတ်ပါ။ တာရာမင်းဝေကဗျာထဲ ကကဲ့သို့ အိပ်ပျော်သော ညများစွာထက် အိပ်ပျက်ညကို အမြဲတမ်း သတိရနေမိခြင်းသာ ဖြစ်ပါသည်။ Huntington၏ စာအဖွင့်ကိုလည်း ကြည့်ပါလေ။ မိမိဘဝကို သတိမရဘဲ အသို့လျင် နေချိမ့်နည်း။ သူ့စာ ဖွင့်ဖွင့်ချင်းပင် “ပညာတတ်သူများက သမိုင်းအဆုံးသတ်ပြီဟု ပြောနေချေပြီ” တဲ့ဟုပြောသည်။ ပညာတတ်များက ဆိုသူမှာ သူ့တပည့် ဖရန်စစ်ဖူကူယားမားကို ရည်ရွယ်ကြောင်း အားလုံး သိပြီးဖြစ်ပါလိမ့်မည်။ ဟုတ်ပါသည်။ ဖူကူယားမားပြောသကဲ့သို့ပင် သမိုင်းမှာ အဆုံးသတ်ပြီ ဖြစ်သည်။ ဆိုလိုချက်မှာ သမိုင်းအသစ် တခု ထပ်၍စတင်ဖြစ်ပြီ ဟူ၍ဖြစ်ပါသည်။ ဟိုမိုဆေပီယန်တို့ ခေတ်ကကဲ့သို့ လူမျိုးစုကြား ပြိုင်ဆိုင်မှု၊ ရိုးရာပြိုင်ဆိုင်မှု အုပ်စုလိုက် ပြိုင်ဆိုင်မှုစသည့် လူမျိုးအချင်းချင်းကြား ပဋိပက္ခများ တဖန်ပြန်ဖြစ်လာပြီး လက်ရှိလူသားတို့၏ ယဉ်ကျေးမှုများ စတင်ဆုတ်ယုတ်မည့်ခေတ် (ဝါ) ပြောင်းလဲမည့်ခေတ်ကို ရောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုခေတ်ကား ဆက်သွယ်ရေးစနစ် အလွန်အမင်းတိုးတက်နေပြီ ဖြစ်ရကား ယဉ်ကျေးမှု တရပ်အနေဖြင့် ဆုတ်ယုတ်နေသော်လည်း အသိပညာတိုးပွားမှုများကား လျှော့သွားမည်တော့ မဟုတ်။ တဝထို့မူမှာ ထိုတိုးပွားလာသော အသိပညာသည် လက်ရှိတွင် လူသားတို့၏ ကျင့်သုံးနေသော ယဉ်ကျေးမှုကို ကွဲပြားခြားနားသော ဖွင့်ဆိုချက်များဖြင့် အသကအသက ဖွင့်ဆိုကြလျက် ဤကမ္ဘာကြီးအား များစွာသော ပဋိပက္ခထံတော်ပါးသို့ တွန်းပို့ကြမည့် ဗဟိုချက် ဖြစ်လာခြင်းတည်း။
၂၁ ရာစုတွင် လူသားထံသို့ သယ်ယူလာသည့် ကြီးမားသော ပဋိပက္ခမှာ သဘောတရားရေးရာ မဟုတ်။ စီးပွားရေး မဟုတ်။ ယဉ်ကျေးမှုသာ ဖြစ်ပါသည်။ ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့ကြပါလိမ့်မည်။ ၁၈ ရာစုတွင် ဘုရင်စနစ် ပဒေသရာဇ်စနစ် အဆုံးသတ်သွားသည်။ မင်းညီမင်းသားများ မဟာဆီမဟာသွေးများဆိုသည့် အချက်နှင့် ပဒေသရာဇ်ဆန်သော အုပ်ချုပ်မှုစနစ်များ ပျောက်ကွယ်သွားပြီ။ ၁၉ ရာစုတွင် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာဝါဒများ ပုံးပေါလအော ပေါ်ခဲ့သည်။ ကွန်မြူနစ်၊ ဖက်ဆစ်၊ မာက့်စ်၊ လစ်ဘရယ်စသည့် ဝါဒများက နိုင်ငံပေါင်းများစွာကို ပဋိပက္ခဖြစ်စေခဲ့သည်။ ၂၀ ရာစုသည် ကမ္ဘာစစ်အဆုံးသတ်စေခဲ့ပြီး စစ်အေးတိုက်ပွဲကာလတခု ဖြစ်ခဲ့သည်။ စစ်အေးတိုက်ပွဲသည် ယဉ်ကျေးမှုများ ကူးလူးဆက်ဆံခဲ့သည့် ကာလတခု ဖြစ်လာသည်။ ဂလိုဘယ်လိုက် ဇေးရှင်းဆိုသည့် စကားလုံးကို တကမ္ဘာလုံး လက်ခံလိုက်ကြရသည်။ လူမျိုးတိုင်း၌ ဖွံ့ဖြိုးတိုးတက်လာသည် ဆိုသည့် ယဉ်ကျေးမှုက တကယ်တမ်းမှာ ရိုးရာယဉ်ကျေးမှုများသာ ဖြစ်ပါသည်။ ကျေးရွာ၊ ဒေသ၊ ထုံးတမ်းစဉ်လာ၊ လူမျိုးနှင့် အကွာအဝေးတို့ကြောင့်သာ ယဉ်ကျေးမှုများ ကွဲပြားလျက်ရှိသည်။ တောင်ပေါ်ဒေသ ပအိုဝ်း (ခမ်းကောင်ပအိုဝ်း) နှင့် အောက်ပြည်ပအိုဝ်း (ခမ်းဒွမ်ပအိုဝ်း) တို့ လူမျိုးဆိုသည့်အချက်မှလွဲ၍ ကျန်သည့် အချက်အလက်အကုန် လွဲနေပါလိမ့်မည်။ လူမျိုးဆိုသည့်အချက်ပင်လျင် ကွဲပြားသောဒေသကြောင့် အခေါ်အဝေါ်များ အသုံးအနှုန်းများ ပြောဆိုမှုပုံစံများ ကွဲပြားနေပါမည်။ သို့သော် မီဆိုရမ်ပြည်နယ်က လူများနှင့် မည်သည့်အချက်နှင့်မျှ တူမည် မဟုတ်ဘဲ၊ နှိုင်းယှဉ်လာခြင်း သို့မဟုတ်မူ၍ ယှဉ်ပြိုင်လာခြင်းစသည့် တခုခုဖြစ်လာပါက ပအိုဝ်းနှစ်စုတို့ ပေါင်းစည်းသွားမည် ဖြစ်ပါသည်။ ထို့ထက် ကမ္ဘာကို ကြည့်၍ နှိုင်းစာလျင် အာရှသားများသည် တဖက်သားအပေါ် ဟန်ဆောင်၍ ဆက်ဆံခြင်း၌ ကျင့်သားရနေပြီ ဖြစ်၏။ ထိုယဉ်ကျေးမှု မျိုးကို ဥရောပနိုင်ငံက မည်သည့်နည်းနှင့်မျှ ကျင့်နိုင်မည် မဟုတ်။ အာရပ်ယဉ်ကျေးမှုနှင့် အနောက်ယဉ်ကျေးမှု လုံးဝတူမည်မဟုတ်။ နယ်မြေကွာသည်နှင့်အမျှ ယဉ်ကျေးမှုများသည် လွန်စွာမှ ကွဲပြားသော စကား၊ သမိုင်း၊ ဘာသာရေး၊ ထုံးတမ်းစဉ်လာ၊ လူတို့၏ နေထိုင်မှု၊ အဖွဲ့အစည်း၏ အဓိဋ္ဌာန်များ စသဖြင့် ကွဲပြားလျက်ရှိလေ၏။
ပအိုဝ်းတဦးသည် သူ့ကိုယ်သူ ပအိုဝ်း၊ ဗုဒ္ဓဘာသာ၊ ရိုးရာဝတ်စုံ နက်ပြာကို ဝတ်ဆင်သူ၊ မြန်မာနိုင်ငံသား၊ အရှေ့တောင်အာရှသားစသဖြင့် သူ့ပိုင်ဆိုင်မှုကို သူ့တဦးတည်းအတွက် မြောက်များစွာ အဓိပ္ပါယ်ဖွင့်နိုင်သည်။ သူ့ဖွင့်ဆိုချက်သည် သူ့အတွက် အဓိပ္ပါယ်များစွာ ပြည့်စုံသည်။ သူ့အတွက် ပအိုဝ်းလူထုကြီးများနှင့် ထပ်မံ တွေ့ရှိသောအခါ ထို့ထက်ပိုသော ဖွင့်ဆိုချက်ဖြင့် ထပ်မံဖွင့်ဆိုခံရနိုင်သည်။ ရလဒ်အနေဖြင့် ထိုပအိုဝ်းတဦး၏ နယ်နိမိတ်သည် ပိုမိုကျယ်ဝန်းသွားသည်။ ဥရောပတွင် ရှိသော ပအိုဝ်းလူထုနှင့် ထပ်မံ၍တွေ့ရှိပြီး ဖွင့်ဆိုချက်များ ထပ်ဖြည့်ပါက ဥရောပရောက်ပအိုဝ်းဟု ယခင်ကထက် အဓိပ္ပါယ်ပို၍ ကျယ်ပြန့်သွားမည်။ ပအိုဝ်းတယောက်အတွက် ပအိုဝ်းတို့၏ အောင်မြင်မှုသည် ပအိုဝ်းတို့၏ ယဉ်ကျေးမှုနှင့် ကိုးကွယ်ရာကြောင့်ဟု လက်ခံ၏။ ယုံလည်းယုံကြည်၏။ မိမိတို့၏ နေထိုင်မှုပုံစံ၊ ထုံးတမ်းဓလေ့ ယဉ်ကျေးမှုကို ဖြန့်ကျက်ရခြင်း၊ ဝတ်ဆင်ရခြင်း၊ နေထိုင်ရခြင်းအပေါ် များစွာ ဂုဏ်ယူသည်။ ထို့ပြင် မိမိကိုးကွယ်သည့် ဘာသာတရားကြောင့်လည်း ပါသည်ဟု ယုံကြည်၏။ သို့သော် ထိုထဲတွင် ခရိယာန်ဘာသာဝင် ပအိုဝ်းတဦးပါလာသည်။ သို့မဟုတ် ဘုရားမဲ့ဝါဒီ တဦး ပါလာသည်။ ထိုအခါ ဥရောပရှိ ပအိုဝ်းအသိုင်းအဝိုင်းနှင့် ထိုပအိုဝ်းကလေးတဦးအတွက် ကိုးကွယ်သည့် ဘာသာချင်း မတူဘူးတည်းဟူသော မျဉ်းကြောင်းတခုက ကန့်လန့်ဖြတ် စတင်ဝင်ရောက်ပြီ ဖြစ်သည်။ ဘာသာရေးသည် ၂၁ ရာစုတွင် မည်မျှတူသော လူမျိုးဖြစ်စေ၊ မည်မျတူသော ရိုးရာရှိပါစေ၊ မည်မျှ ချစ်ကြသည့် မိဘနှင့် သားသမီး၊ မည်မျှ ကြင်နာသည့် လင်နှင့်မယား၊ မည်မျှ နားလည်သည့် ဆရာနှင့်တပည့်တို့ ဖြစ်ပါစေ အက်ကြောင်းလေးတခု ကောင်းကောင်းကြီး ဖန်တီးနိုင်သော အရာတခု ဖြစ်သွားပြီ ဖြစ်သည်။ လူသားတို့၏ စည်းလုံးခြင်းနှင့် လူသားတို့၏ ချစ်ခြင်းကို ခွဲမည့်ရန်သူသည် ဘာသာရေးဖြစ်လာပါသည်။ ဟုတ်ပါသည်။ ဘာသာရေးသည် ကိုးကွယ်ဖို့ထက် ဆက်သွယ်ရေးတွင် ကြားခံအသုံးအဆောင် တခုဖြစ်လာမည်။ ကမ္ဘာသည် ကျဉ်းလာသည်။ လူသားအချင်းချင်း ဆက်ဆံရေးကလည်း မြင့်လာသည်။ သူ့ယဉ်ကျေးမှုကို သင်အလွယ်တကူ သိရမည် ဖြစ်သကဲ့သို့ သင့်၏ ယဉ်ကျေးမှုကိုလည်း ထိုသူက လွယ်လင့်တကူပင် သိပါလိမ့်မည်။ ထိုအခါ ထိုသူနှင့် နောက်နောင် လက်တွဲမည် မတွဲမည်ကိစ္စသည် ဘာသာတူ မတူကိစ္စကို အဦးအဖျားတွင် တည်၍ ဆုံးဖြတ်ရမည့် ကိစ္စတရပ် ဖြစ်လာမည်။ လက်ရှိ အနောက်တွင် ဖြစ်နေသည့် ကြည့်ပါ။ ၂၁ ရာစုအတွင်း သူတို့၏ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် မည်သည့်အချက်ကို အခြေခံ၍ လှုပ်ရှားသွားလာ နေသနည်းဆိုသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ ရင်းနှီးမြုပ်နှံမှု ကုန်သွယ်မှုစသည့် စီးပွားရေးတခုခုအတွက် အမေရိကသည် တရုတ်နှင့် ဂျပန်ကို ခက်ခက်ခဲခဲ လက်ခံတတ်သလောက် ကနေဒါနှင့် မက္ကဆီကန်ကို အလွယ်တကူ ခွင့်ပြုသည်။ ဥရောပနှင့် အနောက်ကမ္ဘာ ကုန်သွယ်မှုမှာ ခရိယာန်တည်းဟူသော အုတ်မြစ်ပေါ် အခြေခံထားသည်။ ဂျပန်နိုင်ငံ ဆက်လက် ဖွံ့ဖြိုးလိုပါက ဘာသာချင်းတူသည့် နိုင်ငံများနှင့် ကုန်သွယ်မှုတရပ် တည်ထောင်ရတော့မည် ဖြစ်သည်။ ၂၁ ရာစုမှ ပေါ်လာသည့် ဘာသာရေး ခွဲခြားဆက်ဆံမှုကိုလည်း ကြည့်ပါဦး။ နိုင်ဂျီးရီးယားသူတဦး သည် လန်ဒန်တွင် နေထိုင်စဉ် သူမသည် နိုင်ဂျီးရီးယားသူသာ ဖြစ်မည်။ နယူးရောက်တွင် နေထိုင်လိုက်သည့်အခါ သူမသည် လူမည်းဖြစ်သွားသကဲ့သို့ပင် လူတဦးတယောက်အပေါ် ကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ် တံဆိပ်များကပ်လာကြသည်။ သုံးမည် မသုံးမည်ကို အုပ်စိုလိုက်ကြီး ဆုံးဖြတ်ချက် ချလာသည်။ အနောက်ခရိယာန်၊ ဗုဒ္ဓဘာသာ၊ ဂျူး၊ မွတ်စလင်တို့တွင် ထိုလှုပ်ရှားမှုများကို မကြာခဏ ကြီးကြီးကျယ်ကျယ်ပင် ပြုလုပ်ကြသည်ကို တွေ့မြင်ရနိုင်သည်။ သူတို့ကို တချက်ကြည့်လိုက်ပါက လူငယ်များ၊ ကောလိပ်ကျောင်းသာား၊ တက္ကသိုလ်ကျောင်းသား၊ စာတန်းပြုစုနေသူ၊ ဘွဲ့အမျိုးမျိုးရထားသူ၊ နည်းပညာသမား၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နယ်ပယ်တခုခုတွင် ကျွမ်းကျင်ပညာရှင်များ နှင့် ဘာသာရေးခေါင်းဆောင်များအထိ ဖြစ်နေပြန်၏။ ရှေးယခင်က မည်သူမှ ပစ္စည်းတခုကို မိမိတို့၏ ဘာသာဝင်များ ထုတ်ထားသည် ထုတ်ကုန်မဟုတ်သဖြင့် မသုံးပါဟု မရှိခဲ့သည့်အပြင် လူဆိုလျင်လည်း ဘာသာရေးကိစ္စများ ငြင်းခုန်းလင့်ကစား ပခုံးဖက်မြဲဖက်၏။ ယခုအခြေအနေမှာ ထိုကဲ့သို့ မဟုတ်တော့ပြီ။ ဘာသာရေးသမိုင်းဟောင်းသည် ပြီးဆုံးသွားလေပြီ။ ဘာသာရေးသမိုင်းသစ် ပြန်လည်ရေးသားမည့် အချိန်သို့ တဖန် ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။
အနောက်နိုင်ငံ ယဉ်ကျေးမှုသည် ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ အရှေ့သို့ ပျံ့လာသည်။ ထို အနောက်တိုင်း ယဉ်ကျေးမှုသည် အရှေ့တိုင်းအတွက် အဆင်မပြေ။ အဆင်မပြေရုံမက အချို့ကိစ္စများဆိုလျင် သင့်တော်ခြင်းပင် မရှိ။ ထိုကြောင့်ပင်လော မသိ။ အရှေ့တိုင်းသားများသည် အနောက်ယဉ်ကျေးမှုအပေါ် နှောကြေလာသည် နှင့်အမျှ မိမိတို့၏ယဉ်ကျေးမှုကို လုံးဝနောက်ပြန် လှည့်ပစ်လိုက် ကြသည်။ အစ္စလမ်မှုပြုခြင်း၊ အာရှမှုပြုခြင်း၊ ဟိန္ဒူမှုပြုခြင်း စသည်တို့ ပေါ်ပေါက်လာသည်။ ဘာသာရေးဖြင့်မဟုတ်ဘဲ တနိုင်ငံလုံးလိုက် နောက်ပြန်လှည့်သွား သည့် နိုင်ငံလည်း နှစ်နိုင်ငံပင် ရှိသည်။ မြောက်ကိုးရီးယားသည် မြောက်ကိုးရီးယား ယဉ်ကျေးမှုဖြင့်သာ နေထိုင်သည်။ ဗုဒ္ဓဘာသာမဟုတ် ခရိယာန်ဘာသာလည်း မဟုတ်သည့် Juche ကိုကိုးကွယ်သည်။ ထိုကိုးကွယ်မှု ဖြင့် ယဉ်ကျေးမှုတရပ်ကို တည်ထောင်သည်။ လက်မခံသည့် မည်သူကိုမဆို ကွပ်မျက်ပစ်သည်။ နောက် တနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မြန်မာသည် မြန်မာ့ယဉ်ကျေးမှုဖြင့်သာ နေထိုင်သည်။ မြန့်မာယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကို အခြေတည်သည်။ အနောက်ဘက်မှ ရွေ့လာသော မည်သည့်ယဉ်ကျေးမှု မျိုးကိုမှ လက်မခံ။ လက်ခံ၍လည်း မဖြစ်။ အနောက်ယဉ်ကျေးမှုသည် မြန်မာသို့ ရောက်လာသည်နှင့် မြန်မာတနိုင်ငံလုံးကို ကျားမ ခွဲခြားဆက်ဆံသည့်နိုင်ငံဟု စတင်အပြစ်ဖို့ခဲ့သည်။ မိမိအား စိတ်ကြည်လင်ကာ ကျေနပ်မှု ပေးနိုင်မည့် စေတီ သို့မဟုတ် ဘုရားကို ရွှေချခြင်းကိုလည်း သူတို့ပစ္စည်း ခိုးမိသည့်အလား ဇာချဲ့၏။ အနောက် ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှုကို ထဘီအား အတွင်းအပြင် သို့မဟုတ် အထက်အောက် လှည့်ဝတ်စေသကဲ့သို့ ကမောက်ကမ ဖန်တီးပြုပြင်နေ၏။ ထိုအခြင်းအရာများကို ဘာသာရေးကို အဓိကထားသည့် ခေါင်းဆောင်များက မနှစ်မြို့။ ထိုအချက်အပေါ် အနောက်ယဉ်ကျေးမှုက တစခန်းထပြန်၏။ ထို့အခါ အနောက်ယဉ်ကျေးမှုသည် ၁၂ ကြိုးကဝေတတ်သည့် မိန်းမလှတဦးလိုပင်တည်းဟု မြန်မာတို့ သတ်မှတ်လိုက်ကြသည်။ တခုခုဆိုလျင်ပင် မြန်မာနိုင်ငံသားများနှင့် အနောက်နိုင်ငံ လွှမ်းမိုးလာနိုင်သည့် အခြေအနေတရပ် မပေါ်ပေါက်ရေးအတွက် ပိတ်ပင်လို တားဆီလိုသော ဘာသာရေးခေါင်းဆောင်များသည် ချက်ချင်းဆိုသလိုပင် လက်နက်ကိုင်များနှင့် ပူးပေါင်း၍ ဖြေရှင်းလိုက်တော့၏။ မြန်မာတို့ အခြောက်တိုက် ကြောက်လန့်နေသည်မဟုတ်ပါ။ မြန်မာတို့မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့် ကိစ္စကြီးတခု ရှိနေသည်။ မြန်မာတို့အား ခြောက်လှန့်နေသော တစ္ဆေမှာ အမေရကန်တွင် ဖြစ်ပွားသွားသော လေယာဉ်နှစ်စီး အသေခံတိုက်ခိုက်မှု တစ္ဆေပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုလားဗမာအရေးအခင်းသည် မပြီးနိုင် မစီးနိုင် ဖြစ်ခဲ့ပြီးဖြစ်သည်။ ထိုသူတို့မှ မိမိတို့အား ရန်ငြိုးမဖွဲ့ဟု မတွေးနိုင်။ ထိုသို့ဖြင့် ၉/၁၁ အဖြစ်အပျက်ကို မိမိတို့ အမြင်ကိုယ်စီဖြင့် သုံးသပ်ကြရင်း “ဒီလူတွေက ပြောလို့ရတာမဟုတ်ဘူး” ဆိုသည့် ကြောက်စိတ်က လုံးဝ ကိန်းသွားခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်ခင်ကတည်းက မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသော်လည်း ၉/၁၁ ကိစ္စလောက် မခြောက်နိုင်ခဲ့။ ကြောက်လည်း မကြောက်လန့်စေခဲ့။ ထို ၉/၁၁ အဖြစ်အပျက်၏ တွန်းအားမှာ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးသူတို့သည် မိမိဘာသာကို ကာကွယ်လိုစိတ် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ကြတော့၏။ ထို့နောက် အနောက်တိုင်းနည်းတူ ယဉ်ကျေးမှုနှင့် ဘာသာရေးကို တထပ်တည်း ထားလိုက်ကြတော့၏။
အနောက်ကလည်း သူတို့ ယဉ်ကျေးမှုကို မည်သည့်လမ်းမှ တင်ပို့ရမည်နည်းဟု တပြင်ပြင်ဖြစ်နေသည်။ တချိန်က အနောက်နိုင်ငံသားများ သည် အောက်စဖို့ဒ်၊ ဆောဘွန်၊ ဆင့်ဒဟတ်စသည့် တက္ကသိုလ်တို့မှ အနောက်တိုင်း ယဉ်ကျေးမှုများကို အရှေ့တိုင်းသားဆီ ကောင်းကောင်းကြီး ရိုက်သွင်းခဲ့ကြသည်။ သို့စင်လျက် လက်ရှိခေတ်တွင် အနောက်တိုင်းသား မဟုတ်သည်နှင့်ပင် အနောက်တိုင်းသား စနစ်ချ ရိုက်သွင်းသည့် မည်သည့်ယဉ်ကျေးမှုကိုမဆို လစ်လျူရှု၍ သူတို့၏ မူလယဉ်ကျေးမှုကို စွဲစွဲမြဲမြဲကြီး ဆုပ်ကိုင်လျက် ကျောင်းပြီးအောင်သာ တက်လာကြတော့သည်။ ယခင်ခေတ်က ဆိုဗီယက်တွင် ကွန်မြူနစ်မဟုတ်ပါက နောင်တွင် ဖြစ်လာနိုင်သည်ဟု ဆက်ထားခဲ့ကြဖူးသည်။ သို့သော် လက်ရှိ ဘော့စနီးယားမှ ကော့ကေးဆပ်နှင့် ဆူဒန်အထိ ဘယ်ဘာသာ ကိုးကွယ်သလဲ ဆိုသည့် မေးခွန်းကို မှားဖြေ လိုက်သည်နှင့် ခေါင်းထဲသို့ ကျည်ဆံထည့်ပစ်လိုက်ခြင်းမှာ နောက်မေးခွန်းတခု ဖြစ်လာခဲ့ပြီ။ ၁၉၆၀ ခုနှစ်အလွန်တွင် အီရန်၊ ပါကစ္စတန်၊ တူရကီ၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ တက်ဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် အာဖဂန်နစ္စတန်ဆိုသော ခရိယာန်နှင့် မွတ်စလင်နိုင်ငံများ ရောနှောနေသော ၁၀ နိုင်ငံဖြင့် စီးပွားရေးမဟာမိတ် နိုင်ငံအဖြစ် ဖွဲ့ဖူးသည်။ ဥရောပနှင့်လည်း ချိတ်ဆက်၍မရ။ အမေရိကနှင့်လည်း ချိတ်ဆက်၍ မရဖြစ်ခဲ့ရရုံသာ ရှိခဲ့လေ၏။ အလားတူ အဖွဲ့ပေါင်းများစွာ ပေါ်ခဲ့သေးသည်။ အကုန် ပြန်ပျက်သည်သာ။ “ငါတို့” နှင့် “သူတို့” တို့သည် လူ့အခွင့်အရေးနှင့် လူဝင်မှုကြီးကြပ်ရေးမှတဆင့် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး မူဝါဒအထိ ခြားနားမှုများကို ဖန်တီးပေးလျက် ရှိ၏။ ဘာသာရေးသည် အဆင့်နှစ်ဆင့်ဖြင့် ယဉ်ကျေးမှုဟူသည့် စကားလုံးထဲသို့ တိုးဝင်နေ၏။ ပထမတချက်က နယ်မြေဖြစ်သည်။ ဒုတိယတချက်က ဘာသာရေးသည် မှန်စာအပြည့်ပါသော စွန်လွတ်ကြိုးကလေးပမာ အခြားသော လူမျိုး၊ ရိုးရာ၊ ထုံးတမ်း၊ ရပ်ရွာ၊ ဒေသစသည့် စွန်များကို အပြတ်အသတ် ဖြတ်ချလိုက်ပြီ ဖြစ်သည်။ ဤအချက်များကို သံသယဝင်ပါက ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့အပေါ် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို သေချာလေ့လာ၍ သိနိုင်ပါသည်။ သူတို့ပြောသည့် တကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုသည့်စကားမှာ ရယ်စရာ ဟာသတခုသာ ဖြစ်ပါသည်။ WB နှင့် IMF တို့ချမှတ်ထားသော စီးပွားရေး မူဝါဒကြောင့် လက်ငင်းအကျိုးရ သွားကြသော နိုင်ငံများသည် အမေရိကန်နှင့် အင်အားကြီးနိုင်ငံများ သာဖြစ်သည်။ ထိုထက် ရှင်းရှင်းလင်းလင်း သိချင်လျင် ထိုဌာနဥက္ကဋ္ဌဆိုသူများက မည်သူတို့နှင့် ပနံသင့်နေသည်လည်း ကြည့်တတ်လျင် မြင်နိုင်ပါသည်။ မဟုတ်ပါက ထိုဌာနများ၏ စည်းကမ်းချက်များနှင့် အပိုအလိုမရှိ ကိုက်ညီသော စာအစုံအလင်ဖြင့် ထောက်ပံ့ငွေ တောင်းကြည့်ပါ။ အနောက်နိုင်ငံနှင့် တိုးတက်ပြီးသော နိုင်ငံကြီးတို့မှ မဟုတ်ခဲ့ပါက David Malpass နှင့် Kristalina Georgieva က နောက်ထပ် စည်းကမ်းချက်အသစ်များ ချမှတ်ပြီး မကိုက်ညီကြောင်း ထို့ကြောင့် ထောက်ပံ့၍ မဖြစ်သေးကြောင်း နောက်တကြိမ်ကျလျင် အသေအချာ ပြန်လည်စဉ်းစားပေးမည် ဖြစ်ကြောင်းကိုသာ စာပြန်ပါလိမ့်မည်။ သူတို့ထံတွင် အမေရိကနှင့် တိုးတက်ပြီးနိုင်ငံကြီး မဟုတ်သမျှ ထောက်ပံ့ငွေချပေးဖို့ မည်သည့်စီမံကိန်းမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။
ဤအချက်အလက်များသည် ၂၁ ရာစု၏ အမှန်တရားဖြစ်ပါသည်။ ဤ ၂၁ ရာစုသည် အနောက်ကမ္ဘာမှ ပေးလိုက်သော သင်ခန်းစာကြောင့် အနောက်မဟုတ်သည့်သူများအတွက် သူတို့ဘာသာ ဖန်တီးခဲ့ကြသည့် ကမ္ဘာသစ်တခုကို ကောင်းကောင်းကြီး တွေ့ရှိ သွားသည်။ ထိုကမ္ဘာသစ်သည် အနောက်ကမ္ဘာမှ မဟုတ်သူများအတွက် အမှန်တရား၏ အစိတ်အပိုင်းအစစ် ဖြစ်လာသည်။ အရှေ့နှင့်အနောက်သည် အာဏာနှင့် စစ်ရေး၊ စီးပွားရေးနှင့် မူဝါဒတို့တွင် ယဉ်ကျေးမှုများ ကွဲပြားခြားနားခဲ့ခြင်းကြောင့် ပဋိပက္ခသို့သာ ဦးတည်သည်။ ထို့ပြင် ယခင်မူလ ကတည်းက အခြေခံတန်ဖိုးများ ယုံကြည်မှုများ ကွဲပြားခဲ့ကြပြီး ရောနှောရန် သို့မဟုတ် ဖုံးအုပ်ရန်ကြံစည်တိုင်း ပဋိပက္ခသာ ထင်ကျန်ရစ်၏။ သို့ပေတမူ အနောက်နိုင်ငံသားများက သူတို့၏ ယဉ်ကျေးမှုမှာ လူတိုင်းနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှု (Universal Civilization) ဖြစ်လေသည် သံကောင်းဟစ် လေသည်။ သူတို့ဟစ်ခဲ့သည့် အတိုင်းလည်း ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ အပေါ်ယံအားဖြင့် ကမ္ဘာခြုံခဲ့ပါ သည်။ ကမ္ဘာခြုံခဲ့ပုံကား ခင်ကြူကြူတင် ရေးသားသည့် စာအုပ်နာမည်ကဲ့သို့ ‘တိမ်ပဝါဇာနားကွပ်’ ဆိုသကဲ့သို့ သာ ဖြစ်သွားခဲ့ရသည်။ သူတို့လည်း သိပါသည်။ ထိုအခါ သူတို့ယဉ်ကျေးမှုပုံစံကို အရှေ့သို့ ချပြလာသည်။ သူတို့၏၏ လူတိုင်းနှင့်ဆိုင်သော ယဉ်ကျေးမှုဆိုသည်မှာ တဦးချင်းဝါဒ၊ လစ်ဘရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်သော စီးပွားရေး ဈေးကွက်စနစ် စသည်တို့ဖြစ်သည်ဟု ချပြလာ၏။ စင်စစ် ၎င်းအရာများသည် ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာ၊ ကွန်ဖြူးရှပ်ဘာသာ၊ ဂျပန်ရှိ ဘာသာရေးများနှင့် အော်သိုဒေါ့ စသည့်ဘာသာဝင်များအတွက် မူလရှိပြီးသား အခြေခံယဉ်ကျေးမှုနှင့် ဆွဲညှိ၍ မရဖြစ်နေသည်။ သီးသန့် အဓိပ္ပါယ် ဖွင့်ဆိုပြန်သည့်အခါတွင်လည်း နားလည်မှု လွဲမှားစေသည့် ဖွင့်ဆိုချက်များစွာဖြင့် အနက်အဓိပ္ပါယ် အမျိုးမျိုးဖြစ်ပေါ်စေပြီး အယူအကောက်လွဲလျက် ဘာသာဝင်အချင်းချင်းကြား ပဋိပက္ခသာ ဖြစ်စေခဲ့သည်။ တဦးချင်းဝါဒ (individualism) သည် အနောက်နိုင်ငံသားများအတွက်မူ မိမိကိုယ်ကို အားကိုးမှု၊ ကိုယ်ရေးကိုယ်တာကို တန်ဖိုးထားမှု၊ မိမိအား ချုပ်ကိုင်သည့် မည်သည့်ဝါဒကိုမဆို ဆန့်ကျင်မှု၊ မိမိယုံကြည်သည့် သီအိုရီအတိုင်း နေထိုင်မှု၊ မိမိလျှောက်ရမည့်လမ်းကို မိမိဘာသာရွေးချယ်မှုစသဖြင့်ဖြစ်၏။ အနောက်ကမ္ဘာနှင့် သင့်လျှော်လှပေ၏။ အထက်ပါ ဘာသာဝင်များဖြစ်သည့် အရှေ့ကမ္ဘာသားအတွက်မူ မည်သည့်အချက်နှင့်မှ အံဝင်ကွင်ကျ မဖြစ်။ အရှေ့သားများသည် မိသားစုသိုက်သိုက်ဝန်းဝန်း ဆိုသည့်အချက်၊ တဆွေတမျိုးလုံးလာကြသယ်ဆိုသည့် အလေ့။ မီးခိုးတိတ်ဟေ့ဆိုသည့် ကြွေးကြော်သံတို့ဖြင့်သာ နေသားကျသည်။ အသက် ၄၀ အရွယ်အထိ သားကလေ၊ သမီးကလေ ပြောကြတုန်းဖြစ်သည်။ မည်သည့်နိုင်ငံက ဖြစ်စေ အရှေ့ကမ္ဘာက မိဘများသည် သားသမီးများကို မျက်စိအောက်ကပင် အပျောက်ခံချင်သည် မဟုတ်ပါ။ အကယ်၍ ဤလူသားတိုင်းနှင့် သက်ဆိုင်သော ယဉ်ကျေးမှုသည် အနောက်ကဲ့သို့ အရှေ့ကလည်း အတူလိုက်နာရမည်ဆိုပါက ဤယဉ်ကျေးမှုသည် ယဉ်ကျေးမှု မစုတ်တော့။ လူသားနယ်ချဲ့ဝါဒ (Human imperialism) သာ ဖြစ်ပါသည်။ Huntington သည် အားလုံးနှင့်ဆိုင်သော ယဉ်ကျေးမှုကို အနောက်တိုင်း ယဉ်ကျေးမှုက အသင့်လျော်ဆုံးဟု ယူဆသည်။ သူက အနောက်တိုင်းက မှန်သည်ဟုဆိုလျင် တကမ္ဘာလုံးက မှန်သင့်သည့်အနေအထားတွင် ရှိသည် ဟုယူဆဖူးသည်ဆို၏။ သို့သော် နှိုင်းယှဉ်လေ့လာမှုများကို အသေအချာလုပ်ကြည့်လိုက်သည့်အခါ အရှေ့လူနေထိုင်မှုစနစ်သည် အနောက်တိုင်းယူဆသည့် လူတိုင်းနှင့်ဆိုင်သော ယဉ်ကျေးမှုအယူအဆနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အပြင် အရှေ့လူနေမှုတန်ဖိုးကို လျော့ကျစေသည့် လက္ခဏာများ ပါဝင်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုပါသည်။ ကုလသမဂ္ဂဆိုင်ရာ စင်ကာပူ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ပထဝီနိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Kishore Mahbubani ကမူ ကမ္ဘာနိုင်ငံရေး ဗဟိုဝင်ရိုးသည် ပဋိပက္ခများအကြားမှ အနောက်၏ အာဏာနှင့် တန်ဖိုးများကို တုန့်ပြန်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ တုန့်ပြန်ချက်မှာ တခု၊ သို့မဟုတ် သုံးခုဖြစ်နိုင်သည်။ အနောက်နိုင်ငံများက ကမ္ဘာအပေါ် အာဏာမလျော့သော်လည်း လူသားအားလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု ဆိုသည့်ကိစ္စကို အရှေ့ယဉ်ကျေးမှုနှင့် ရောနှောကျင့်သုံးခြင်းများ ပြုလုပ်လာမည်။ အရှေ့ရော အနောက်ကမ္ဘာများ နှင့် မပူးပေါင်းဘဲ ကျန်ခဲ့ပြီး သီးခြားခွဲထွက်နိုင်သည့် နိုင်ငံမှာ မြောက်ကိုးရီးယားနှင့် မြန်မာဖြစ်သည်။ ထိုနှစ်နိုင်ငံစလုံးကို အနောက်နိုင်ငံများမှ ချုပ်ကိုင်သွားနိုင်သည်။ ထိုနှစ်နိုင်ငံကို ပြုပြင်ရန်အတွက် နည်းသုံးနည်းဖြင့် စဉ်းစားမည်။ ပထမနည်းအနေဖြင့် ပြည်တွင်း၌ ဖြစ်ပျက်နေသော အကျင့်ပျက်ခြစားမှုကြီးကို ပပျောက်ရန် သင်တန်းပေးခြင်းမျိုးများ လုပ်မည်။ သို့သော်လည်း သင်တန်းအတွက် ကုန်ကျစရိတ်များခြင်း၊ ဒေသအလိုက် မြို့ပြများအသီးသီးတွင် ရှိသော များစွာသောဝန်ထမ်းများအား သင်တန်းပေးရသည့်အချိန်များ ကြာမြင့်ခြင်း၊ လက်တွေ့ကျင့်သုံးနိုင်ရန်အတွက်မူ အကျင့်ပျက်ခြစားမှု ကာလကြသည်နှင့်အမျှ ပြန်လည်ပြုပြင် ရန်အတွက် ကြီးမားသော အနှောက်အယှက်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုးကျော့သံသရာပိုရှည်ကြာ သွားနိုင်သည်။ ဒုတိယနည်းအနေဖြင့် bandwagoning နိုင်ငံရေးသီအိုရီကို သုံးမည်။ သေနတ်ကိုင်ထားသည့် အားပျော့သူအား စေ့စပ်ညှိနှိုင်းရမည်ဟု ပြဌာန်းချက်ရှိသော်လည်း ထိုသူက အဆိုးသံသရာထဲမှ မရုန်းထွက်နိုင်လျင် ထိုအဆိုး သံသရာကို ဖြတ်တောက်ပစ်ရန် အင်အားကြီးသူတို့က အင်အားသုံးခွင့်ရှိသည့် သီအိုရီဖြစ်ပါသည်။ တိုင်းပြည်အတွင်း ဌာနအားလုံးတွင် ဝန်ထမ်းအသစ်များဖြင့်သာ စတင်လည်ပတ်စေပြီး စိတ်ချရသည့် အနေအထားသို့ရောက်မှ တိုင်းပြည်ကို ပြန်လွဲပေးခြင်းဖြစ်သည်။ တတိယနည်းလမ်းမှာ စစ်ရေးအင်အား သုံးလိုက်ပြီး အခြားသော နိုင်ငံများနှင့်ပူးတွဲအုပ်ချုပ်၍ အနီးကပ် ပြုပြင်ပေးခြင်းဖြစ်သည်။ Mahbubani ခန့်မှန်းသကဲ့သို့သာ မြန်မြန်ဖြစ်ပါစေဟု မျှော်လင့်ရန်ရှိသည်။ Huntington ဆက်ပြောသည်မှာ ဘာသာရေးနှင့် ယဉ်ကျေးမှုသည် ခွဲခြားမရအောင် တူလာပြီး ဤ ၂၁ ရာစုသည် သူ့တပည့် ဖူကူယားမား၏ စကားကို ထောက်ဆလျက် သမိုင်းသစ်တခု ဖြစ်ပေါ်လာလိမ့်မည်ဟု ဆိုလေသည်။ ထိုကဲ့သို့ သမိုင်းသစ် ပေါ်လာပါက အခက်ကြုံနိုင်မည့် ဘာသာရေး ပြဿနာအသစ်များကို ဆွေးနွေးထားသည့် အချက်များ ရှိသော်လည်း ဤခေတ်သည် သူပြောသည့် ခေတ်သို့ မရောက်သေးဟု ယုံကြည့်သဖြင့် ထားခဲ့ပါသည်။ သို့သော် ဤ Huntington မှ သတိပေးသည့် အရာကိုတော့ ချန်ထား၍မဖြစ်။ ဘာသာရေးကို ဝေဖန်မည့်သူများအား ထိုသူက သတိပေးထားသည်။ ကျွန်ုပ်ဖတ်မိသလောက် ဤ Huntington ဆိုသော လူကြီးသည် “ဘာသာမဲ့ သို့မဟုတ် ဘုရားမဲ့ဝါဒကို လုံးဝလက်ခံသူမဟုတ်”ဟု ဖတ်လိုက်ဖူးခြင်း ဖြစ်သည်။ ထိုသို့သော သူ့သဘောထားကြောင့် သူ၏ ဘာသာရေးအပေါ် ထားသော စိတ်ထားက အခြားသူများနှင့် တူချင်မှ တူပေလိမ့်မည်။ သူပြောသည့် အချက်ကိုလည်း သတိချပ်သင့်သဖြင့် ထည့်သွင်းလိုက်သည်။ ဘာသာရေးသည် အကြမ်းဖက်ဖြစ်ရသော ပဋိပက္ခများ၏ အကြောင်းရင်းဖြစ်နေသည်ဟု ပြောဆိုခြင်းမှာ ဘာသာဝင်များ၏ သည်းခံနိုင်စွမ်းကို သွားတွန်းဖြိုနေသည်နှင့် တူသည်။ သို့သော် ဘာသာရေးဆိုသည့် စကားလုံးကို ချန်၍ပြောခြင်း၊ မပြောဘဲနေခြင်း ပြုလုပ်ဖို့အတွက်လည်း မလွယ်ကူလှ။ အကြမ်းဖက်သော ပဋိပက္ခများတွင် ဘာသာရေးဆိုသည့် အကြောင်းပြချက်ကို ပေးရပြီဆိုပါက မိမိပြောဆိုသည့်ဘက်မှ တရားနည်းလမ်းကျမှုကို ထည့်သွင်းပြောကြားခြင်း၊ ကာကွယ်လို၍ ခုခံသည့် သဘောဖြင့်ပြောခြင်းမျိုးကိုသာ ပြုလုပ်သင့်သည်။ ဤကဲ့သို့ ပြုလုပ်ရခြင်းမှာလည်း မိမိတို့ ပြောဆိုမှု/ ရေးသားမှုများက အထောက်အထား ဖြစ်သွားပြီး ပိုမိုပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်ရမှုများနှင့် ကြုံရနိုင်သောကြောင့် ဖြစ်ပါသည်ဟု မှာကြားသည်။
ပဋိပက္ခနှင့် ငြိမ်းချမ်းရေးကို လေ့လာနေသူလည်းဖြစ် နော်ဝေလူမှုဗေဒပညာရှင်လည်း ဖြစ်သည့် Johan Vincent Galtung ကမူ ပဋိပက္ခပေါင်း ၁၃ မျိုးရှိသည်။ ထို ၁၃ မျိုးတွင် အိမ်တွင်းအကြမ်းဖက်မှုဆိုသည့် ပဋိပက္ခများကို ကျဉ်ဖယ်လိုက်လျင် အကြမ်းဖက်မှု ပဋိပက္ခ ၁၀ မျိုးကျန်သည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ယုံကြည်မှု (ဝါ) ဝိညာဉ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ထုံးတမ်းဓလေ့ဆိုင်ရာ အကြမ်းဖက်မှု၊ အလွဲသုံးစားဖြင့် အကြမ်းဖက်မှု၊ ငွေကြေးဖြင့် အကြမ်းဖက်မှု၊ လစ်လျူရှုခြင်းဖြင့် အကြမ်းဖက်မှုနှင့် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုဟူ၍ ရှိသည်။ (အခြားသော မူကွဲများ ရှိနိုင်ပါသည်) ဘာသာရေးဆိုင်ရာ ပဋိပက္ခသည်လည်း ထိုပဋိပက္ခ ၁၀ မျိုးတည်းမှ တမျိုးဖြစ်နေသဖြင့် ထည့်ကို ပြောရမည်။ ငြိမ်းချမ်းရေးတကယ် ပြန်ရလာဖို့မှာ အကြမ်းဖက်ရသည့် အကြောင်းရင်းအမှန်ကို သိထားမှ နည်းမှန် လမ်းမှန် ဖြေရှင်းနိုင်မည်ဟု သူက ဆိုသည်။ Galtung ၏ အဆိုကို အမေရိကန် York မြို့ရှိ ပရဟိတအဖွဲ့တဖွဲ့က ဘာသာရေးအုပ်စုများ၏ အကြမ်းဖက်မှုကို အခြားနည်းဖြင့် သွယ်ဝိုက်၍ ရေးထားရာ သူတို့ကို ငွေများ လှူဒါန်းလိုက်မိသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တရပ် နှောင့်နှေးသွားဖူးသည်ဟု သူတို့ အတွေ့အကြုံတခုကို ပြောပြရင်း ထောက်ခံသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ Mats Berdal၊ ကုလသမဂ္ဂအကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့မှ Laitin, David ၊ အမျိုးသားရေးဝါဒနှင့် နိုင်ငံတကာဝါဒ စာအုပ်ကို ရေးသားသည့် စာရေးဆရာ James Mayall နှင့် အစ္စလာမ္မစ်ဘာသာရေးစစ်ပွဲအကြောင်း သုတေသနပြုစုသည့် ဆရာမ Monica Duffy Toft တို့လေးဦးကမူ ဘာသာရေး၊ နိုင်ငံရေးနှင့် အမျိုးသားရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ပဋိပက္ခများကို အခြားတစုံတရာဖြင့် ကန့်သတ်၍ ထားလို့မဖြစ်ပါဟု ဆိုထားသည်။ ဖြစ်ရသည့်အကြောင်းသည် နိုင်ငံရေး သို့မဟုတ် လူမျိုုးရေးတို့သည် ဖြေရှင်းရန် အလွန်ခက်တတ်သဖြင့် ပွင့်ပွင့်လင်းလင်း မပြောဘဲ သွယ်ဝိုက်ပြောပါက နိုင်ငံနှင့်အဝန်း အလွယ်တကူ ပျံ့နှံ့သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော ထိုနိုင်ငံရေးနှင့် အမျိုးသားရေးကိစ္စဖြစ်တိုင်း ဘာသာရေးက တပူးတွဲတွဲ ပါလာတတ်သောကြောင့်ဟုဆိုသည်။ သူတို့ လေးဦးစလုံး၏ တွေ့ရှိချက်အရမူ နိုင်ငံရေးနှင့် အမျိုးသားရေးမဟုတ်သည့်တိုင် အကြမ်းဖက်မှုတရပ် ဖြစ်ပေါ်လာတိုင်းတွင် ဘာသာရေးက တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝပါဝင်နေသည်က များသည်ဟုလည်း ဆိုကြသည်။ Fighting with Faith စာသားကို အသုံးပြုထားသည့် SAGE ဆိုသည့် ဂျာနယ်မှ အရှေ့အလယ်ပိုင်းနှင့် နိုင်ငံအချို့တွင် ဖြစ်နေကြသော အမျိုးသားရေး အမည်ခံ အကြမ်းဖက်မှုများသည် စင်စစ်မူ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများသာဖြစ်ကြလျက် ထိုနှစ်ချက်ကိုလည်း ခွဲသာပြောနေကွာခြားပြီး သဘောသဘာဝအားဖြင့် တပုံစံတည်း ဖြစ်ပါသည်။ အကြမ်းဖက်သော ဘာသာရေး ပဋိပက္ခအထိ ရောက်လာကြသည့် မူလပဋိပက္ခများမှာ အမျိုးသားရေးပဋိပက္ခနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မီးပွားလေးများမှ စခဲ့သည်က များသည်။ ဘာသာရေးသည် စနက်တံဖြုတ်ထားသည့် ဗုံးတလုံးနှင့် အလားသဏ္ဍာန်တူပါသည်။ အချိန်မရေး ပေါက်ကွဲနိုင်သည်။ မည်သည့် အချိန်ပေါက်ကွဲမည်ကိုသာ မသိသေးခြင်း ဖြစ်သည်။ မည်သည့် ပဋိပက္ခမဆို ဘာသာရေးနှင့် တစွန်းတစဆက်နွယ်လာပါက ဘာသာရေး ပဋိပက္ခဘက်သို့ လုံးလုံးလျားလျား ပြောင်းသွားတတ်သည်။ ဘာသာရေးကို အခြေတည်၍ ပဋိပက္ခဖြစ်ပြီဆိုလျင် ပြည်တွင်းသာမက ကမ္ဘာအထိပါ ကူးစက်နိုင်သော အဆိုးဆုံးသော ပဋိပက္ခဖြစ်ပါသည်။ စစ်အေးတိုက်ပွဲများ အဆုံးသတ်ခဲ့သည့် ၁၉၈၉ နောင်တွင် စတင်ခဲ့သော ဘာသာရေးအခြေခံသော လက်နက်ကိုင်အဖွဲ့တို့မှာ ယနေ့အထိ ၈၇ တပ်အထိ ရှိလာသည်။ ၂၁ ရာစု ဝင်ပြီးနောက် ၇ နှစ်အတွင်း နိုင်ငံအတွင်း ဘာသရေးတခုမှ အခြားဘာသာရေးတခုအား အကြမ်းဖက်ခဲ့သည့် နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ တရုတ်၊ ကော်မိုရို၊ အီဂျစ်၊ အီရစ်ထရီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဆီးရီးယား၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်နှင့် ယီမင်တို့ဖြစ်သည်။ ထိုခုနှစ်နှစ်အတွင်း ထိုနိုင်ငံများမှ ဘာသာရေးတည်းဆိုသော အကြောင်းပြချက်ဖြင့် လူသေပျောက်မှုမှာ ၂၆ ရာခိုင်နှုန်းအထိ သိသိသာသာတိုးခဲ့သည်။
ထပ်ဆက်ပါမည်။
ဂျေဂျူဝိုင်