တနေ့တွင် အဝိုင်းလိုက် ခြင်ထောင်တလုံး ဝယ်မိသည်။ ညအိပ်ခါနီး ထိုခြင်ထောင်ကို ထောင်တုန်းက ဘာမှ မခက်သလို ဖြစ်နေသည်။ မနက် ထိုခြင်ထောင်ကို ခေါက်ဖို့ လုပ်တော့မှ လှည့်လိုက်တိုင်း ကျိုးတော့မည့်အသွင်တွင် ရှိနေသည်။ မည်သို့ပင် လှည့်လှည့် မရ။ ကျွန်တော့်၏ အလုပ်သစ်တခုအပေါ် မတိမကျ ဆုံးဖြတ်ချက်ချတတ်သော အကျင့်ကြောင့် ဖြစ်မည်ဟု ပြန်တွေးသည်။ ကျွန်တော်သည် မလုပ်ဖူးသော အလုပ်သစ်တိုင်း ဘယ်တော့မှ ရဲရဲဝံ့ဝံ့ မဆုံးဖြတ်နိုင်။ ပြတ်ပြတ်သားသား မရှိ။ အလုပ်သစ်အပေါ် ရဲဝံ့ပြတ်သားရန် စာတွေထဲ လိုက်ရှာဖတ်ကြည်မိသည်။ တွေ့ခဲ့သလား မတွေ့ခဲ့သလား မပြောတတ်။ သို့သော်လည်း ရေကူးနည်းရှာသလိုသာဖြစ်မည်မှန်း သိပြီးသားဖြစ်သည်။ ကျွန်တော်က အလုပ်သစ်အပေါ် ထိုကဲ့သို့ မပြတ်မသား ဖြစ်တတ်ရုံမက မိမိကျွမ်းကျင်သော အလုပ်ကို သူစိမ်းရှေ့တွင် လုပ်ပြဖို့လည်း အမြဲတမ်း ခက်တတ်သည်။ မရလည်း ထားလိုက်နော်ဟု လာပြောလျင် ကိုယ်တတ်ကျွမ်းသောအလုပ်ကို ပို၍ မှားမှားယွင်းယွင်း လုပ်မိတတ်သည်။ အလုပ်သစ်တခုဆိုလျင်တော့ မျက်စိမျက်နှာလည်းပျက် ခြေမကိုင်မိ လက်မကိုင်မိလည်း ဖြစ်သွားသည်။
ကျွန်တော် အမြဲကံကောင်းသူ တယောက်ဖြစ်သည်။ ကျွန်တော့်ဘေးတွင် မည်သည့်အရာကိုမဆို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်တတ်သော သူငယ်ချင်းများ အမြဲရှိသည်။ ထို့ကြောင့် ကျွန်တော် ထိုခြင်ထောင်ဝိုင်းကြီးကို မခေါက်တတ်တော့ဘူးဟု ပြောသည့်အခါ သူတို့ထဲက ဒါလေးများဟု ဆိုကာ တယောက်ယောက်ကတော့ ဝင်လုပ်ပေးတော့သည်။ မဟာဘုတ်ဗေဒင်အရ အင်္ဂါသိုက်ဖွား ကြာသပတေး အဓိပတိဖြစ်သောကြောင့်လား မသိ။ များသောအားဖြင့် ကျွန်တော့်ဘေးတွင် ရှိသော သူများသည် ကျွန်တော့်ကို ဆရာတင်ထားသူများသာ ဖြစ်နေတတ်သည်။ ကျွန်တော့်ကို ဆရာလုပ်မည့်သူ တယောက်ကိုမှ မပေါင်းသင်းတတ်သော အကျင့်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ တကယ်တမ်း သူတို့က ကျွန်တော့်ကို ခင်ကြသောကြောင့် ဖြစ်သည်ကို ကျွန်တော်က ဘဝင်မြင့်ပြီး ငါ့ကို ဆရာတင်ကြသူများဟု သွေးနားထင် ရောက်နေခြင်းသာဖြစ်သည်။ ကျွန်တော်က သိသော်လည်း ထိုအသိကို ကျွန်တော် လစ်လျူရှုထားပြီး ငါ့ကို ဆရာတင်ကြသယ်ဟူ၍သာ မှတ်ယူထား၏။ ကျွန်တော်ထိုသို့ မှတ်ယူသည်ကိုလည်း ကျွန်တော့်ကို ခင်ကြသဖြင့် ဗွေမယူကြ။ သူတို့ ဗွေမယူလေလေ ကျွန်တော် အောက်ခြေလွတ်လေလေဖြစ်သည်။ သို့ဖြင့် ထိုခြင်ထောင်အဝိုင်းကို ဘာလုပ်လုပ် အဆင်ပြေပြေရှိတတ်သော သူငယ်ချင်းတပါးက ထလုပ်ပေးသည်။ အတော်ကြာတော့ မရဘူးကွာဟု ဆိုကာ ခြင်ထောင်ကို ပစ်ချသည်။ နောက်ထပ် တပါး ထကြိုးစားသည်။ ဘယ်လိုတုန်းကွာ ဟုဆိုကာ ဟိုလိုလှည့် ဒီလိုလှည့်လုပ်သည်။ “သူ့မေကလွား ဒီကိစ္စခြင်တွေကြောင့် ဖြစ်ရတာ” ဟု လူစကားနားမလည်သော ခြင်ကိုသာ အပြစ်တင်လိုက်သည်။ သည်ခြင်တွေ ဘယ်က ရောက်လာမှန်း မသိ။
ယခင်တုန်းက တောင်ကြီးတွင်လည်းကောင်း တောင်ကြီးနှင့် အနီးတဝိုက် ဒေသများတွင် ခြင်မရှိပါ။ မရှိဘူးဆိုသော်လည်း တောထဲသို့ မှိုချိုး မျှစ်ချိုးသွားလျင်တော့ ခြင်အုပ်ကို အလုံးလိုက် အလုံးလိုက် ဝင်တိုက်မိသည်။ ဘုရားသခင် ကမ္ဘာကြီးကို ဖန်ဆင်းသောအခါ၌ ခြင်ကို မဖန်ဆင်းခဲ့ပါ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၉၀ ကျော်မှ ပေါ်လာသည်ဟုဆိုသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ အမျှဝေသည့် အခါ ပါပါတတ်သည့် ကုန်းနေကိုးကုဋေ ရေနေဆယ်ကုဋေဆိုသော အရေအတွက်တွင် ထိုပျံသန်းတတ်သည့် ခြင်အတွက်ပါခဲ့သလား။ ဘုရားက သတ္တဝါအနန္တဟုသာ ဟောသည်။ မည်သည့် ဗုဒ္ဓဘာသာ ပညာရှင်က သွားပြီး မည်သည့်အရာကို မည်သည့်နည်းဖြင့် တွက်ချက်လိုက်သည် မသိ။ အရေအတွက်လား အမျိုးအစားလားလည်း မပြောထား။ အခုတောလည်း ကုန်းနေကိုးသန်း၊ ရေနေဆယ်သန်းမျှပင် ရှိနေသေးသလား။ မရှိတော့ဘူးလား စဉ်းစားစရာ ဖြစ်လာချေပြီ။ ကျွန်တော်၏ ၂၃ နှစ်ပြည့် မွေးနေ့ဖြစ်သော ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာပေါ်ရှိ လူဦးရေ သန်းခြောက်ထောင် ပြည့်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် သန်းခုနှစ်ထောင် ပြည့်ခဲ့သည်။ အခုမူ သန်းရှစ်ထောင် ရှိပြီဟု ဆိုသည်။ ကျွန်တော်တို့ လူသားအားလုံး၏ မူလဘူတအစ အာဒမ်အမည်ရ မျောက်ဝံများ သစ်ပင်အောက်ကို ဆင်းလာသည်က စခဲ့သော လူသား၏ တိုးတက်မှုများသည် သတ္တဝါများ မျိုးသုဉ်းရန်အတွက် ဖြစ်သွားခဲ့ပြီဟု ယူဆပါသည်။
ဘုရားသခင်သည် သိပ္ပံပညာရှင် မဟုတ်။ သိပ္ပံပညာရှင်သည် ဘုရားသခင်မဟုတ်သောကြောင့် ဒီအန်အေအရ ဖြစ်နိုင် မဖြစ်နိုင်သည်ကို အပထား။ ထိုမျောက်ဝံများသည် အခွံမာသီးများကို စားသောက်နေရာမှ သစ်ဥသစ်ဖုများ၊ အသီးအနှံများကို စားတတ်လာသည်။ ထို့နောက် အသီးအနှံများကို စိုက်ပျိုး၍ ရနိုင်သည်ဟု တွေ့ရှိကြသည်။ ထိုမှ လူသားပုံစံ ပီပြင်လာပြီး လူသားတို့တွင် ရှိသင့်ရှိထိုက်သော ဆန္ဒများနှင့်အတူ ဦးနှောက်များ ဖွံ့ဖြိုးလာကာ မြေကို ထွန်ယက်နိုင်သော လက်နက်များ တီထွင်နိုင်လာသည်။ ပြီးလျင် မိမိ၏ စိုက်ခင်းကို ချဲ့ထွင်လိုမှုများ ဖြစ်ပေါ်လာပြီး သစ်ပင်ကို စတင်ခုတ်ခဲ့သည်။ သစ်ပင်ကို ခုတ်သည့် လက်နက်မှသည် နေအိမ်စသည်များ ဖန်တီးလာနိုင်သည်။ ထိုအချိန်မှစ၍ ယဉ်ကျေးမှုဟု ခေါ်ဆိုကြသော တိုးတက်မှုများ စတင်ခဲ့သည်။ ထိုခေတ်မှစ၍ ကုန်းနေ ရေနေများ စတင်၍ မျိုးသုဉ်းမှု စတင်လာခဲ့သည်။ သို့သော် ယခုခေတ်လောက် မျိုးသုဉ်းမှု မမြင့်မားဟု ထင်ပါသည်။ တွက်ဆကြည့်နိုင်ပါသည်။
မက်ဆိုပိုဆေးမီးယားဟု ဆိုသော ဆိုမားရီးယန်းလူမျိုးတို့ နေထိုင်ခဲ့ရာ ကမ္ဘာ့ပထမဆုံးမြို့ဖြစ်သည့် တချိန်တခါက ကူဝိတ်၊ အီရိတ်နှင့် ဆီးရီးယားတို့၏ မြေ၌တည်ရှိခဲ့ဖူးသော ဘေဘီလုံခေတ်။ ပိရမစ်ခေတ်ဟု ပြောမည်လုပ်တော့ တခု သတိရသည်။ တနေ့တွင် တွေ့ခဲ့ရသော လူမှုကွန်ယက်တခုတွင် ကာတွန်းပြကွက် တခု။ ပိရမစ်ဆောက်လုပ်နေသော စစ်သုံ့ပန်း သို့မဟုတ် အလုပ်သမားဟု ယူဆရသည့် လူတယောက်က “ငါတို့ရဲ့ ကြိုးစားလုပ်ဆောင်ခဲ့မှုကို နောက်လာနောင်သားတွေ အသိအမှတ်ပြုကြမှာပါ” ဟု ဆိုသည်။ ထိုကာကွန်းကွက်ထဲတွင်ပင် ဖုန်းဖြင့်ဓာတ်ပုံရိုက်နေသော ယနေ့ခေတ်လူတယောက်က “ဒါဂြိုဟ်သားတွေရဲ့ နည်းပညာပဲ” ဟု ပြောသည်။ ထိုကဲ့သို့ အပြောခံခဲ့ရသည့် ယခုထိ စိတ်ကူးယဉ်ဆန်နေဆဲ ပိရမစ်များကို ဆောက်လုပ်ခဲ့သော အီဂျစ်ခေတ်။ အင်ဒုမြစ်ကို အခြေခံကာ နေထိုင်ခဲ့ကြသော ကိုးကွယ်မှုကို စာပေဖြင့် အစောဆုံး မှတ်တမ်းတင်နိုင်ခဲ့ကြသည့် ဟိန္ဒူဘာသာဝင်များ နေထိုင်ခဲ့သော အင်ဒုခေတ်။ ယန်ဇီမြစ်ကို အခြေခံ၍ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သော တရုတ်လူမျိုးတို့၏ မွန်ဂိုရန်မှ တားဆီးရန် မင်းဆက်လေးဆက်တိုင်တိုင် မဟာတံတိုင်းကို ဆောက်လုပ်နိုင်ခဲ့သော တရုတ်ခေတ်။ ဘုရားသခင်၏ ကောင်းကင်ဘုံမြေဖြစ်ရာ ကိုလံဘီယာနှင့် ချီလီအထိ ရှေးဟောင်း ကြွေထည်များကို တူးဖော်တွေ့ရှိချက်ကြောင့် ယဉ်ကျေးမှုတိုးတက် ခဲ့သည်ဟု သိနိုင်သော အင်ကာခေတ်။ မက္ကဆီကိုနှင့် ဗဟိုအမေရိကတို့၏ နေရာ၌ ယခင်ကတည်ရှိခဲ့ပြီး ပိရမစ်ဆန်သော စာသင်ကျောင်းများ စိမ်းပြာရောင် လက်ဝတ်ရတနာများ စိုက်ပျိုးရေးသုံး ပစ္စည်းများကို အသုံးပြုခဲ့သော အဇ်ထက်ခေတ်။ ထိုခေတ်များတွင် မျိုးသုဉ်းမှု ဖြစ်ပေါ်ခဲ့မည်ဆိုသော်လည်း သတ္တဝါတော်တော်များများ အေးဆေးနေထိုင်နိုင်ခဲ့ပုံရသေးသည်။ သယံဇာတတူးဖော်ထားသော မြေတွင်းနက်ကြီးများ မရှိ။ သစ်ပင်တော့ ခုတ်ခဲ့ဟန် ရှိသည်။ ဂိုဘီသဲကန္တာရ၊ အာရေဗျသဲကန္တာရ၊ ဆာဟာရသဲကန္တာရနှင့် ဝင်ရိုးစွန်းရှိ ကန္တာရများကို ခန့်မှန်း၍ သိနိုင်သည်။ သို့သော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အမျှဝေသည့်အခါ ပါတတ်သည့် ကုန်းနေကိုးကုဋေနှင့်် ရေနေဆယ်ကုဋေတို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပုံရ၏။ ခေတ်များကို ပြန်ပြောင်းကြည့်ရင်း ခန့်မှန်းကြည့်မည်။
လူ့သမိုင်းတွင် တွေ့ရှိခဲ့သော ဂွါတီမာလာနိုင်ငံဘေးမှ အင်္ဂျင်နီယာအစွမ်းပြထားသော မာယာခေတ်၊ မည်ကဲ့သို့သော နည်းပညာများ ထွန်းကားခဲ့သနည်းဟု လေ့လာနေရဆဲ အန်ကောဝပ်နတ်ဘုရားကျောင်းဖြင့် သက်သေတည်ထားသော ခမာခေတ်၊ အထင်ကြီးစရာ ဗိသုကာပညာကို ကြီးမားသော အဆောက်အအုံများဖြင့် ပြခဲ့သော အင်ဒုခေတ်၊ ဧရာမကျောက်တုံးကြီးများကို အရုပ်ထုပြထားသော ပိုလီနီးရှားခေတ်၊ အိမ်ပုံစံကို လှေကားများ၊ ပြတင်းများနှင့် လက်ရှိခေတ်အိမ်ပုံစံကဲ့သို့ အဆင့်မီလှသော အိမ်ပုံစံများဖြင့် အစွမ်းပြခဲ့သော ခေတ္တဟုယွတ်ခေတ်၊ မြေအိမ်များဖြင့် မြို့ပြကြီးတခု တည်ဆောက်ပြခဲ့သော မစ္စစ္စပီယန်ခေတ် စသည့်ခတ်တို့ အဆက်ဆက်တွင် အမြင့် ၃၁၀ ပေ၊ အရှည် ၇၂၂ ပေရှိသော ဘက်ကာ မြေတူးစက်များ၊ တန်ချိန် ၃၂၀၀ လေးသည့် ဂဘီဝမ်းမြေတူးစက်များ၊ အလုပ်သမား ၁၀၀ ၏ နှစ်လေးဆယ် တူးရသော မြေကို တကြိမ်တည်းဖြင့် တူးနိုင်သော ဆယ်ဗာစပိတ်မြေတူးစက်များ၊ အလိုအလျောက် တူးနိုင်သော ကာတာပီလာမြေတူးစက်များ၊ ကမ္ဘာကြီးကိုပင် ငလျင်လှုပ်စေနိုင်သော လီထားနိုမြေတူးစက်များ၊ တဧကခန့်ရှိသော မြေထုကြီးကို ရွှေ့ပစ်ရန်အတွက် စက္ကန့်ခြောက်ဆယ်မလိုသော အေခေအေလေဘာတီမြေတူးစက်ကြီးများ၊ မြေကြီး တန် ၈၀၊ တန် ၄၀၀၊ တန် ၁၄၄၀ နှင့် တန်ပေါင်း ၃၀၀၀ ကို တကြိမ်တည်းတူးနိုင်သော စက်ကြီးများ မပေါ်သေး။ ၎င်းလူသားတို့၏ ခေတ်မီ လက်နက်ကို ကြည့်လိုက်ပါက ကျောက်ပုဆိန်နှင့် ကျောက်လှံသာ ရှိသေးသောခေတ် ဖြစ်သောကြောင့် ကုန်းနေကိုးကုဋေ စိတ်လွတ်ကိုယ်လွတ်နေခွင့် ရှိခဲ့ကြသေးဟန်တူသည်။
ရှေးခေတ်၌ ငါးကို မှိန်းဖြင့်သာ ထိုးဖမ်းခဲ့ကြသဖြင့် ရေနေဆယ်ကုဋေမှာ မည်သည့်နည်းနှင့်မှ ကုန်ခမ်းသွားစရာ မရှိ။ အခုခေတ်မှသာ ရှိပါမည်။ ငါးဆိုတာ ဟင်းသက်သက်ဟု ကျမ်းစာတွင် မပါသော်လည်း ဘာသာရေး ခေါင်းဆောင်များကပင် ဆိတ်ဆိတ်နေ၍ လက်ခံတော်မူသဖြင့် လူသားတို့သည် ပင်လယ်ကြမ်းပြင်တွင် ကုတ်တွယ်နေသည့် ရေနေသတ္တဝါများ ၅၀ ရာခိုင်နှုန်းအထိ သေဆုံးရသော ပင်လယ်ပြင်ကြမ်းတိုက် ငါးဖမ်းပိုက်တမျိုးနှင့် အသုံးပြုလိုက်သည့် ပိုက်ဖြင့်သာ တကယ်အုပ်လိုက်မည်ဆိုလျင် ကမ္ဘာကြီးကိုပင် အုပ်ပစ်လိုက်နိုင်သည့်အထိ ကြီးမားသည့် ငါးဖမ်းပိုက်တမျိုးကို တီထွင်ခဲ့ကြသည်။ ထိုနှစ်မျိုးဖြင့် ၂၀၀၅ နှင့် ၂၀၀၆ ၌ ပင်လယ်ပြင်တွင် ငါးဖမ်းခဲ့ကြသည်။ ပင်လယ်ပြင်တွင်ရှိသော သတ္တဝါများ သိသာထင်ရှားစွာ ပျောက်ကွယ်သွားခဲ့၏။ ဖမ်းမိသော အရာများကို တချို့က သေဆုံးကုန်သဖြင့် ပစ်ထုတ်ကြရာ ကမ်းစပ်မြို့တော်တော်များများ ပုပ်စော်နံကုန်သည်။ ထို့ကြောင့် ထိုပိုက်နှစ်မျိုးကို ၄၃ ဆက်မြောက် အမေရိကန်သမ္မတနှင့် မော်ဂန်ဖရီးမင်း မဟုတ်သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့၏ တားမြစ်ပိတ်ပင်လိုက်သည်။ သို့သော် ထိုပိုက်နှစ်မျိုးကို ဖယ်လိုက်လျင်ပင် အခုထိ ပင်လယ်တွင် ငါးများကို ဖမ်းယူနိုင်သော ပိုက်အမျိုးအစားပေါင်း ၂၂ မျိုးအထိ ရှိပြီး ထို ၂၂ မျိုးသည်လည်း တားမြစ်သတ္တဝါပေါင်းစုံ၏ သေဆုံးမှုမှ အခုထက်ထိ မကာကွယ်နိုင်သေးရကား ရေနေ ဆယ်ကုဋေမှာ တော်တော်လျော့လောက်ပြီဖြစ်သည်။
တန်ပြန်သက်ရောက်မှု နိယာမများဖြင့် ကျော်ကြားလာသူ ပန်းသီးမကြိုက်သည့် လူမိုက်နယူတန်၏ အုတ်ဂူဘေးတွင် အလေးထားကာ အမြုပ်ခံလိုက်ရသော ချားလ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲလာသော လူသတ္တဝါသည် လွန်လွန်ကဲကဲ ဆင့်ကဲပြောင်းလဲလျက်ရှိ၏။ လက်သည်းခွံလောက်ရှိသည့် ခဲပြားလေးမှသည် ကမ္ဘာကို ဖျက်ဆီးနိုင်သော အေအိုင်နည်းပညာကို ထွင်ကြ၏။ ယခင်နှစ်ကပင် အမေရိကား တနိုင်ငံလုံးရှိ လျှပ်စစ်စနစ်ကို ချို့ယွင်းအောင် လုပ်ပစ်နိုင်သည်ဟု ပြောခဲ့ကြဖူးသည် မဟုတ်ပါလား။ ထို့နောက် မည်သည့်နေရာက မိမိအား သေနတ်ဖြင့် တေ့ပစ်မည်နည်း၊ မည်သည့်အချိန်၌ မိမိအား လုပ်ကြံမည်နည်း၊ နျူကလီးယား ပေါက်ကွဲမည်လား၊ ဥက္ကာပျံတကယ်ကျမည်လား၊ ကားမှောက်ပြီးသေမည်လား၊ ဆိုင်ကယ်တိုက်မည်လား၊ အသေခံဗုံးခွဲသည့်အချိန်၌ မိမိက အနီးအနားတွင် ရှိနေမလားဆိုသည့် ကြောက်စရာပေါင်း သောင်းခြောက်ထောင်ကို ဖန်တီးနိုင့်သည့် “ဖာမီဝိရောဓိ”ကို ပြုလုပ်နိုင်ကြ၏။ ကိုဗစ်နိုင်တင်းစသည့် ဗိုင်းရပ်များနှင့် ဓာတုလက်နက်စသည်မျိုးကို တီထွင်တတ်၏။ ထိုမျှဖြင့် သတ္တဝါတို့အား ပြင်းထန်စွာ မထိခိုက်သေးဟု စောဒကတက်လျင် လက်ခံနိုင်၏။ သို့သော် ကော်ပိုရိတ်ကိစ္စတွင်ကား မည်သူတတ်နိုင်အံ့နည်း။
အင်တာနက်၊ အဲကွန်း၊ မော်ဒယ်မြင့်ကားစသဖြင့် ဇိမ်ကျကျနေနိုင်ရန်အတွက် လက်ရှိအနေအထားအတိုင်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်ဖြုန်းတီးနေလျင် နောက် နှစ်တစ်ရာနှင့် နှစ်နှစ်ရာအကြားတွင် ငတ်မွတ်ခေါင်းပါးမှု၊ အစုလိုက်အပြုံလိုက် သေဆုံးမှု၊ လူမှုရေးပြုကွဲမှု၊ ဘာသာရေးပျောက်ဆုံးမှုစသည့် အန္တရယ်သို့ မလွဲမသွေကျရောက်မည်ဖြစ်ကြောင်း လူဧတဒဂ်များက ဟောကြားကြ၏။ ထိုကဲ့သို့ မိမိ၏ချမ်းသာစွာနေထိုင်နိုင်ရေး ဦးစားပေးမှုကြောင့် သဘာဝကို စိတ်ကြိုက်ဖြုန်းတီးရာ သာမန်တောင်သူ လယ်သမားတို့အတွက် ရာသီစက်ဝန်းများလည်း မကြာမီတွင် ပျက်စီးသွားတော့မည်။ ထိုအခါ တောင်သူလယ်သမားများမှာ မိမိလယ်ယာကို မိမိကိုယ်တိုင် မစိုက်ပျိုးနိုင်တော့ဘဲ မိမိပိုင်သော လယ်ယာမြေများကို ကော်ပိုရိတ်များထံ မဖြစ်မနေ အပ်နှံရတော့မည့် အခြေအနေတရပ်သို့ ရောက်ရတော့မည် ဖြစ်သည်။ ကော်ပိုရိတ်များမှ ဒေသမျိုးစေ့များကို ဖျောက်ပစ်ခဲ့ရာ အောင်မြင်လည်း အောင်မြင်ခဲ့ပြီ ဖြစ်သည်။ အခုဆိုလျင် လူသားတို့အား ဇိမ်ကျခြင်းကို ပေးထားလျက် သဘာဝပျက်စီးမှုဆိုသည်မှာ အစွန်းရောက်တို့၏ လှိမ့်လုံး ထွင်လုံးများဟု ငွေထုတ်ဖြင့် ပစ်ပေါက်ပြီး ကော်ပိုရိတ်များက လယ်ယာမြေများကို စတင်သိမ်းပိုက်နေပြီဖြစ်သည်။ ထိုကော်ပိုရိတ်စနစ်များကြောင့် ယခုပင် တောတောင်များကို ခုတ်ထွင် ရှင်းလင်းနေကြရပြီ ဖြစ်သည်။ မကြာမီ ထိုးအပ်ကြရဦးမည်။ တောတောင် ပြုန်းတီးမှုသည် ခြေမရှိသော သတ္တဝါ၊ ခြေနှစ်ချောင်းရှိသော သတ္တဝါ၊ ခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေများစွာရှိသော သတ္တဝါတို့၏ ပျက်စီးရာ မဟုတ်ပါလား။
ထိုကော်ပိုရိတ်များသည် လူသားတို့၏ အစားကျူးမှုအပေါ်ကိုလည်း ဂရုစိုက်ပြန်သေးသည်။ အမေရိကန် တနိုင်ငံတည်းအတွက်ပင် တရက်လျင် နွား ၁၁ ကောင်၊ ဝက် ၂၇ ကောင်၊ ကြက် ၂၄၀၀ ကောင်၊ ကြက်ဆင် ၈၀ ကောင်၊ သိုး ၃၀ ကောင်နှင့် ငါး ၄၅၀၀ ကောင်တို့ အသတ်ခံရ၏။ တစ်နှစ်လျင် ဘုန်းဘုန်းတို့ အမျှဝေသော ကိုးကုဋေမကဘဲ ကုဋေပေါင်း တစ်ရာကျော် အသတ်ခံရ၏။ တရုတ်လူမျိုးတို့သည် တရက်လျင် ပျဉ်းမျှအသား ၅၀ ကျပ်သား စားကြသည်ဆို၏။ မြန်မာနိုင်ငံတွင် ကြက်တမျိုးတည်းကိုပင် တစ်နှစ်လျင် ကောင်ရေပေါင်း ၁၆ ကုဋေကျော် သတ်ရသည်ဟု ဆိုသည်။ ထို့ကြောင့် အရှင်ဘုရားတို့၏ ကျောင်းဝိုင်းအနီးတွင် ရှိသော ကြက်ခြံများကို ငြိုငြင်တော်မမူသင့်ပါ။ ကော်ပိုရိတ်များကဲ့သို့ပင် ထိုလူသားတို့ အစာအဖြစ် နေပေးကြရှာသည့် သတ္တဝါများအပေါ်ကိုသာ အထူးဂရုစိုက်သင့်ပါသည်။ ကော်ပိုရိတ်များ လုပ်သကဲ့သို့ ထိုသတ္တဝါများ စားသော အစာကိုသာ စိုက်ပျိုးရန် ညွှန်ကြားသင့်ပါသေး၏။ ဤအချက်ကြောင့် မဟာဗြဟ္မေ လျာကုဋေဖြင့် ဆန်းနေဂိုဏ်းညီ ဂါထာစီ၍ အမျှအတန်းများ ပေးဝေသည့်အခါ ပါလာသည့် ကိုးကုဋေ ဆယ်ကုဋေသည် အမျိုးအစားဟု ကောက်ချက်ချရန် အကြောင်းဖြစ်သွား၏။ အမျိုးအစားများသည်လည်း တည်ရှိသေးနိုင်၏လော ဟု ထက်အောက်စုန်ဆန် သုံးသပ်ပြန်ဦးအံ့။
အိန္ဒိယလူမျိုးတို့၏ ဗိသုကာထွန်းကားရာ အင်ဒုခေတ်တွင်လည်းကောင်း ခမာလူမျိုးတို့၏ အန်ကောဝပ် တို့သည်လည်းကောင်း မြစ်များ အင်းအိုင်များ ခန်းခြောက်သွားရခြင်းကြောင့် သတ္တဝါများသာမက လူမျိုးများ၊ ဘာသာများပျက်စီးခဲ့ကြ၏။ ထိုခေတ် နည်းပညာများကား ပုဆိန်သည် ကျောက်တုံးများကို ချွန်အောင် ပြုလုပ်ထားနိုင်သည်ထက် မပိုသေး။ ကြေးခေတ် သံခေတ်ဆိုသော်လည်း ကမ္ဘာလုံးဆိုင်ရာ မသုံးနိုင်ကြသေး။ ယခုမူ နာနိုနည်းပညာ ထွန်းကားလာသည်နှင့်အမျှ နျူကလီးယားဗုံးသည်လည်း အလွန်အမင်းသေးလာပြီး သတ်မှတ်သည့် မြို့ကိုသာ ဖောက်ခွဲပစ်ရန် မကြာမီ ပြုလုပ်နိုင်တော့မည် ဆို၏။ လက်ရှိ ရုရှားမှ နောက်ဆုံးလက်နက်အဖြစ် နျူကလီးယားကို မသုံးနိုင်သော်လည်း အိုဇုန်းလွှာ၏ ပါးလျလာမှုက နျူဓာတ်ပေါင်းဖို တခုခုကို တိတ်တဆိတ် အန္တရာယ်ပြုလျက် ရှိသည်ဆို၏။ နိုင်ငံရေးနှင့် စီးပွားရေးကြောင့် ကမ္ဘာ့ငွေကြေးစနစ်တွင် ချို့ယွင်းချက်များ ဖြစ်ပေါ်လာနိုင်သည်။ ဥပမာ နိုင်ငံတခုခု၏ ငွေကြေးကို လုံးဝလှဲလှယ်ပေးခြင်း မပြုတော့။ ထိုစနစ်ကို မကျင့်သုံးဖူးသေးသော်လည်း တချို့ပညာရှင်များက ဖြစ်ပေါ်လာနိုင်ချေ သုညဒသမ သုညငါးလုံးတစ် ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်သွားလျင် ဆင်းရဲသည့်နိုင်ငံများ ပိုမိုဆင်းရဲတွင်း နက်သထက်နက်နိုင်သည့် အခြေအနေတရပ်သို့ ဦးတည်နေသည့် အခြေအနေတရပ်လည်း ဖြစ်ပေါ်လျက်ရှိသည် ဆို၏။ လူပင်လျင် နေထိုင်ရန် ခက်ခဲလာသည့် ဤကမ္ဘာကြီးပေါ် မည်သည့် သတ္တဝါက မည်သည့်နည်းဖြင့် အသက်ရှင်အောင် နေထိုင်ကြမည်နည်း။ မည်သို့ပင်ဆိုစေကာမူ တိရစ္ဆာန်စသည့် သတ္တဝါများ မျိုးသုဉ်းခြင်း မသုဉ်းခြင်းသည် လူတို့ကိစ္စဖြစ်၏။ ကျွန်တော်မူကား ဘုန်းကြီးဝတ်နေသဖြင့် မဆိုင်ပါ။ ဘုန်းကြီးတို့မည်သည် လောကီကစ္စတွင် ဝင်မရှုပ်သင့်။ မိမိက ဝင်မရှုပ်သော်လည်း ဝင်ရှုပ်နေသည့် သတ္တဝါက ခြင်။
လူတို့သည် ဟိုမိုဆေးပီယန်ဟု တက္ကသိုလ်တခုမှ ရေးသားသည့် သုတေသနအရ လွန်ခဲ့သော နှစ်သန်းပေါင်း ၆ ထောင်ခန့်မှစ၍ အဖရိကတွင် နေထိုင်သောသူများမှ စတင်ကာ ဘာသာစကားများ စတင်ကွဲပြားလာပြီး လူမျိုးစုပေါင်း စတင်ကွဲပြားလာသည်။ ယခုအခါ လူမျိုးစုပေါင်း သိန်းနှင့်ချီ ရှိသွားလေသည်ဟု ဆို၏။ ခြင်သည်လည်း ထိုနည်းနှင်နှင်ဟုပင် ဆိုရမည်။ နှစ်သန်းပေါင်း ၁၉၀ မှစ၍ ပေါ်လာပြီးနောက် ယခုအခါ မျိုးကွဲ ၄၁ မျိုးနှင့် မျိုးစိတ်ပေါင်း ၃၆၀၀ ကျော်ရှိသွားလေသည်။ ခြင်သည် အိုသွေးနှင့် လူတို့မှ ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိုကြိုက်သည်။ ပေ ၂၀၀ ကျော်အထိ အနံ့ခံနိုင်သည်။ ယားသဖြင့် ကုတ်လိုက်ခြင်းသည် ခြင်ကို မြူဆွယ်သကဲ့သို့ ဖြစ်စေသည်။ ခြင်သည် သဝန်တိုတတ်သော ချစ်သူကဲ့သို့ နေ့ရောညပါ နားပူနားဆာ အလုပ်နိုင်ဆုံး သတ္တဝါလည်း ဖြစ်သည်။ ခြင်သည် အလုပ်လက်မဲ့ မဟုတ်ပါ။ လိင်ဆက်ဆံခြင်းနှင့် သွေးစုပ်ခြင်း အလုပ်အကိုင် နှစ်မျိုးပင် ရှိသည်။ နှစ်မိုင်အထိ ပျံသန်းနိုင်သည်။ စိတ်ဆင်းရဲအောင် သူ့တောင်ပံတို့ဖြင့် နားတွင် တဝီဝီပျံသန်းပြီး ဓားခြောက်ချောင်းဖြင့် အရေပြားကို ထိုးခွဲ၍ သွေးကို စုပ်သည်။ ဒိုင်နိုစောများ မျိုးသုဉ်းသွားရခြင်းသည် ခြင်မှ ရသော ရောဂါကြောင့် ဖြစ်ပါသည်။ ထို့အတူ ခြင်မှ ရသော ရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁.၄ သန်းနှင့် ၁.၈ သန်းအရေအတွက်ခန့် သေဆုံးလျက်ရှိ၏။ ထိုသေဆုံးမှုကြောင့်လည်း ကိုလိုနီနယ်ချဲ့စနစ်များ ကျရှုံးရသည့် အကြောင်းအရင်း တရပ်အဖြစ်လည်း သမိုင်းဝင်လျက် ရှိသည်။ ရဲဘော်သုံးကျိပ်ကြောင့်ဟု ဇွတ်မယုံကြည်ပါနှင့် မိတ်ဆွေ။ ကမ္ဘာပေါ်တွင် လူအသေအပျောက်အများဆုံးကို ဖြစ်စေခဲ့သော သတ္တဝါကို ဖြေပါ စာမေးပွဲတွင် မေးလာလျင် ခြင်ဟုသာ ဖြေလိုက်ပါ။ တပုဒ်တည်းမေးလျင် အမှတ် ၁၀၀ ရ၍ စာမေးပွဲ အောင်ပြီဟု မှတ်နိုင်သည်။
သိပ္ပံပညာရှင်များသည် ခြင်၏ မျိုးရိုးဗီဇကို ဖြတ်ရန်အတွက် မှိုတမျိုးကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တီထွင်လျက်ရှိ၏။ သို့သော်လည်း လကမ္ဘာသို့သာ သွားနိုင်ခဲ့သည်။ လောဟိမာတင်၊ ရေးသီယွန်စသည့် ကုမ္ပဏီကြီးများမှ ဒေါ်လာများစွာ ကုန်ကျသော စစ်လက်နက်များကို ထုတ်ဝေလျက် ရှိသည်။ အင်တာနက်ကိုကွန်ယက်စနစ်ကို တကမ္ဘာလုံး ဖြန့်ကျက်နိုင်ခဲ့၏။ ခြင်၏ ဗီဇကို သတ်နိုင်သည့် မှိုတမျိုးကို ခုထိ ထွင်၍ မပြီးသေး။ မည်သည့်အရာနှင့် တူသနည်းဟူမူ ခရစ္စတိုဖာကိုလံဘတ်သည် အမေရိကတိုက်ကို တွေ့ရှိပြီးနောက် ဌာနေတိုင်းရင်းသားကို အုပ်ချုပ် ဘုရင်လုပ်လိုစိတ် ပေါ်လာ၏။ ထိုည လကြပ်မည်ကို သိပြီး ကောင်းကင်ပေါ်က လဖျောက်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခြင်းနှင့် စခဲ့သည်။ ထို့နောက် ကြောက်နေသော ထိုဌာနေတိုင်းရင်းသားများကို ဘုရင်လုပ်သည်။ သို့သော် မအောင်မြင်။ သူ့ဘာသာသူ မင်းလုပ် အုပ်ချုပ်ရန် အဆင်မပြေသဖြင့် စပိန်ပြန်၍ နယ်မြေသစ်ကို တွေ့ရှိပြီဟုပြန်ကြွားသည်။ ရိုးရိုးမကြွား၊ ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ ကောင်းကင်ဘုံမြေဟု ဆိုလေသည်။ ခရီးသွားနတ်ဘုရားဆုကို ပုပ်ရဟန်းမင်းက သူသေမှ ပေးရခြင်းအကြောင်းက ဤအကြောင်းကြောင့် ဖြစ်သည်။ ကောင်းကင်ဘုံမြေဟု ပြောလိုက်သဖြင့် ဂျေရုဆလင်တွင်ရှိ မြင့်မြတ်သောမြေတို့ကြောင့် ပုပ်ရဟန်းများနှင့် ကိုလံဘတ်တို့ အချင်းများ ကြခဲ့ရသောကြောင့်ပင်။
ကောင်းကင်ဘုံမြေဟု ယုံကြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များက အမေရိကတိုက်သို့ စတင်ပြောင်းကြ၏။ ယုံကြည်သူများ ပါသွားသည်က တချက်၊ စီးပွားရေးလုပ်ငန်းရှင်များ ပါသွားသည်က တချက်ကြောင့် အမေရိက ဌာနေတိုင်းရင်းသားကို ဘုရားသခင်၏ ကောင်းကင်ဘုံမြေအား အုပ်စိုးထားသော မာရ်နတ်များဟုဆိုကာ အစုအပုံလိုက်သတ်ပစ်သည်။ ကျွန်တော်၏ မွေးသက္ကရာဇ်သည် ၇၆ ဖြစ်သည်။ ထို့ကြောင့် ၇၆ နှင့် ပတ်သက်သော သက္ကရာဇ်များနှင့် ပတ်သက်လျင် မကြာခဏ ရှာဖွေဖတ်မိသည်။ ၁၇၇၆ ခုနှစ်မှ ၁၈၇၆ ခုနှစ်များတွင် ဥရောပကိုလိုနီများသည် အမေရိကန်ဌာနေတိုင်းရင်းသားများအား လူသတ်ပွဲကျင်းပခဲ့သည့် ရာစုတခုဖြစ်ကြောင်း သေချာမှတ်မိနေသည်။ ဌာနေတိုင်းရင်းသားတို့၏ အရေပြားကို ၂၅ ဆင့်မှသည် ဒေါ်လာ ၅ သန်းအထိ ကြေငြာစာကပ်ပြီး အပျော်တမ်းလူသတ်ပွဲကိုပင် ကျင်းပခဲ့သေးသည်။ ၁၉၀၀ ခုနှစ်တွင် အမေရိက ဌာနေတိုင်းရင်းသားပေါင်း ၉၈ ရာခိုင်နှုန်းကို သတ်ဖြတ်ပြီးကြောင်း အစီရင်ခံစာ တစောင်က ဖော်ပြသည်။ ၁၉၇၆ တွင်လည်း ဌာနေတိုင်းရင်းသူ အမျိုးသမီးများ ၇၀၀၀ ကျော်ကို ကူးစက်ရောဂါပိုး ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သေးသည်။ ၁၉၇၆ သည် ပိုလန်ဂျူးတရားသူကြီးက geno မျိုးဆက်၊ cide သတ်ဖြတ်ခြင်း စာလုံးနှစ်လုံးကို ပေါင်းစည်း၍ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဆိုသော စကားလုံးကို ဂရိစကားလုံးမှ တဆင့် ထုတ်ဖော်ခဲ့သည်။ ထို့နောက် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း မပြုရဆိုသည့် ဥပဒေကို အမေရိကန်၌ ထုတ်ပြန်ခဲ့သည်မှာ ၃၂ နှစ်ပင် ကြာနေပြီဖြစ်သော ကာလတခု။ ကျွန်တော် စဉ်းစားမရဆုံး ကိစ္စတခုမှာ အမေရိကန်တွင် ကျူးကျော်နေထိုင်ခဲ့ကြသော စပိန်ဦးဆောင်သည့် ဥရောပသားများက အဘယ့်ကြောင့် ၁၇၇၆ ခုနှစ် ဂျူလိုင် ၄ ရက်ကို လွတ်လပ်ရေးနေ့ဟု ထုတ်ပြန်ရသနည်းဆိုသည့် အချက်ပင် ဖြစ်သည်။
ယခု နည်းပညာမြို့တော်ဟု အခေါ်ခံ ကျော်ကြားနေသည့် ဆီလီကွန်တောင်ကြားဟု မဖြစ်ခင် ဌာနေတိုင်းရင်းသားတို့ သွေးမျက်ရည်ကျခဲ့သော ဌာနေတိုင်းရင်းသားပိုင် နောက်ဆုံးမြေဖြစ်ခဲ့ပါသည်။ ယခုချိန်ထိ မည်သည့်အမေရိကန် နိုင်ငံသားမှ ဌာနေတိုင်းရင်းသားများ အားလုံးကို မျိုးတုံးသတ်ဖြတ်ခဲ့မှုအပေါ် မတောင်းပန်ခဲ့သလို အစအနပင် ဆွဲမထုတ်ခဲ့ကြပါ။ ပွင့်ပွင့်လင်းလင်းပြောရလျင် အမေရိကန်နိုင်ငံသားများသည် ကိုလံဘတ်စတင်တွေ့ရှိချိန်မှစ၍ ၂၀၂၀ ခုနှစ်အထိ အမေရိကဌာနေတိုင်းရင်းသား အပေါ် သတ်ဖြတ်နေဆဲဟု ပြောရမည်။ အမေရိကန်၌ ကိုဗစ်ကြောင့် သေဆုံးခဲ့သော သူများမှာ လူမည်းနှင့် ဌာနေတိုင်းရင်းသားတို့သာ အများဆုံးဖြစ်ခဲ့သည်။ ယနေ့အချိန်အထိလည်း အမေရိကဌာနေတိုင်းရင်းသားတို့၏ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကို ကန့်ကွက်မှုများ မြင့်တက်နေဆဲဖြစ်သည်။ တကယ်တမ်း အမေရိကန်၌ ရှိသော ဌာနေတိုင်းရင်းသား ဆိုသူများသည် မက္ကဆီကိုမှ ခိုးဝင်လာသူများဟုလည်း အမေရိကန်တရားရုံးပေါင်းများစွာမှ အကြိမ်များစွာ စွပ်စွဲလျက်ရှိသည်။
ကမ္ဘာပေါ်ရှိ စီးပွားရေး လူမှုရေး ပညာရေးနှင့် ပတ်သက်သည့် ပညာရှင်ပေါင်း အားလုံးတွင် ထိုအမေရိကန်နိုင်ငံတွင် နေထိုင်ကြသော ပညာရှင်သည် ၅၉.၈ ရာခိုင်နှုန်းရှိသည်။ သံလိုက်အိမ်မြောင်စနစ်၊ အနီအောက်ရောင်ခြည်စနစ်နှင့် ဒီဂျစ်တယ်စနစ်ပါသော ရိုင်ဖယ်ကို ထုတ်နိုင်သည်။ အမေရိကန်ရှိ ဌာနေတိုင်းရင်းသား နာမည်ရင်းကို မည်သူမှ မသိကြပါ။ အမေရိကန် ဌာနေတိုင်းရင်းသားတို့က ရက်အင်ဒီးယန်းဟု ခေါ်သည်ကို မကြိုက်မှန်း သိသော်လည်း ယခုထိ ဌာနေတိုင်းရင်းသားတို့အား ရက်အင်ဒီယန်းဟုသာ သိမ်းကျုံးခေါ်နေဆဲ ဖြစ်သည်။ ၂၀၁၉ ခုနှစ်ရောက်မှ ဌာနေတိုင်းရင်းသားအပေါ် လူမျိုးသုဉ်းဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သူ တဦးသာ ပေါ်ခဲ့သည်။ ထိုသူ့ကို အမေရိကန်တို့က ဝိုင်းဝန်းပြစ်တင်ကြသည်။ သူရေးသော ဆောင်းပါးအား အမေရိကန်လွတ်တော်၌ ဌာနေတိုင်းရင်းသားတဦးကို ဖတ်ရှုစေရန် စီစဉ်ခဲ့မှုကိုလည်း ကန့်ကွက်မှု မျိုးစုံနှင့်သာ ကြုံခဲ့ရသည်။ အမေရိကန်တွင် လက်ရှိအချိန်တွင် သုတေသနပညာရှင်ပေါင်း ၅၁.၉ ရာခိုင်နှုန်းရှိပါသည်။ သို့သော် မည်သူမှ ဌာနေတိုင်းရင်းသား အကြောင်းကို မစုံစမ်းခဲ့ပါ။ သိပ္ပံပညာရှင်ပေါင်း ၄၆, ၉၉၉ ဦးရှိသည့်အတွက် ကမ္ဘာနှင့် ယှဉ်လျင် ၄၃.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဟုဆိုနိုင်သည်။ သို့သော် ပညာရှင်ပေါင်းစုံမှ ကမ္ဘာဖျက်လက်နက်ကို အမျိုးပေါင်း စုံအောင်သာ ထုတ်ခဲ့သည်။ မည်သည့်ပညာရှင်မှ ခြင်ဗီဇကို ဖြတ်ပစ်မည့် မှိုကို စိတ်ပါလက်ပါ မတီထွင်သေး။ ခြင်သည် အမေရိကဌာနေတိုင်းရင်းသားများလား။ သို့တည်းမဟုတ် အမေရိကမှ တမင်တီထွင်ထားသည့် သတ္တဝါလား။ သူတို့ထုတ်ပြန်ချက်တိုင်း ယုံပေးရမည်လား။ ဘာကြောင့် ခြင်ဗီဇကို သတ်နိုင်သည့် မှိုတမျိုး မတီထွင်သေး သနည်း။ ဂေဟစနစ်တခုခုနှင့် ပတ်သက်နေသလား။ မော်စီတုန်း ငှက်များ သတ်သလို ဖြစ်မည် စိုးနေသည်လား။
ပညာရှင်တို့ လစ်လျူရှုသဖြင့် ခြင်သည် နှစ်ပေါင်း သန်း ၁၉၀ ကျော်တိုင် ဤကမ္ဘာပေါ်တွင် နေထိုင်ပြီး ကျွန်တော်တို့၏ သွေးကို စုပ်လျက် ရှိသည်။ ခြင်သည် မြေကြီး၏အထက်သို့ ၂၅ ပေထက်မြင့်လျင် သာမန်အားဖြင့် မနေနိုင်ပါ။ အလွန်အေးသော အန္တာတိကနှင့် အိုက်စ်လန်ကျွန်းတို့တွင် မနေနိုင်ပါ။ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ၏ အလယ်ဗဟိုတွင်လည်း မနေနိုင်ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၇၀၀၀ ကျော်လျင်လည်း မနေနိုင်ပါ။ လူ၏ ခန္ဓာကိုယ်မှ အပူဓာတ်မထွက်နိုင်လောက်အောင် အေးသည့် မည်သည့်ဒေသ၌မဆို ခြင်မနေနိုင်ပါ။ ယခင်က တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၇၁၈ ပေသာရှိခဲ့သော်လည်း လူခန္ဓာကိုယ်မှ အပူဓာတ်မထွက်သဖြင့် ခြင်မရှိခဲ့ပါ။ သို့သော် ယခုအခါမူကား ထိုသို့မဟုတ်တော့။ ကျွန်တော် တောင်ကြီးမြို့ မအေးတော့ပါဟု တခါက ရေးဖူးသည့်အတိုင်းပင် အေးခြင်းဟူသည် အဘယ်နည်းဟု စုံစမ်းကြရတော့မည့် တောင်ကြီးမြို့နှင့် အနီးတဝိုက်တွင် ခြင်များ တဝီဝီဖြတ်သန်းလျက်ရှိ၏။ တောင်ကြီးသားတိုင်း ညည်းညူလျက်ရှိ၏။ တခါက တောင်ကြီး၌ ခြင်မရှိသည်ကို ထောက်ဆရင်း ကျွန်တော်မှာ မန္တလေးတွင် ခြင်ရှိသည် မန္တလေးတွင် နေလျင် ခြင်ထောင်လိုသည် ဆိုသော စကားကို တစက်ကလေးမှ မယုံဘဲ မန္တလေးတွင်နေရန် တောင်ကြီးတွင် နေစဉ်ကအတိုင်း ဆင်းသွားခဲ့ဖူးလေ၏။ ထိုအချိန်က ခြင်ချီမသွားသဖြင့်သာ ယခုကဲ့သို့ တောမရောက် တောင်မရောက်စာများ ရေးနိုင်ခြင်းဖြစ်သည်။ အကျင့်ဆိုသည်ကလည်း ခက်သည်။ ခြင်ထောင်ပါမှ အိပ်တတ်သည့်အကျင့်က တောင်ကြီးထိ ပြန်ပါလာသည်။ ခြင်ထောင်မပါဘဲ အိပ်လျင် ဟာလာဟင်းလင်းကြီး ဖြစ်နေသောကြောင့် ခြင်ထောင်လေး တလုံးပြေးဝယ်လိုက်ရသည်။ ခြင်ကလည်း ညဦးပိုင်းတွင် လူမရှိသော ရွာထဲ စစ်သူပုန်များ ဝင်လာပုံနှင့် မခြားသည်မို့ မဝယ်လို့လည်း မရ။ ထို့ကြောင့် အိတ်ဝိုင်းဝိုင်းလေးနဲ့ ခြင်ထောင်တခု ဝယ်လိုက်သည်။ အိပ်ခါနီး ခြင်ထောင်ထောင်ဖို့ ဖြန့်စဉ်ကတည်းက သေချာတော့ မှတ်လိုက်ပါသေးသည်။ သို့သော်လည်း နောက်နေ့ ဘယ်လိုမှ ပြန်သိမ်းလို့မရ။ ထိုအခါ “ဟောင်းတူဖိုး” ဆိုပြီး ယူကျူ့လိုက်ရသည်။ ထိုစဉ်က ရှာသာ ရှာလိုက်သည်။ ဟောင်းတူကို သတိမထားမိ။ ပုံမှန် အလုပ်တခုအဖြစ်သာ လုပ်ခဲ့သည်။
ဟောင်းတူဆိုသည့်အချက်ကို ကျွန်တော် သတိထားမိလိုက်သည့် အချိန်က လူမှုဖွံ့ဖြိုးရေးသင်တန်း တခုတွင် ဖြစ်သည်။ သင်တန်းသား သင်တန်းသူများ အားလုံး စုံညီစွာ ရောက်ရှိလာမှု ရှိမရှိသိရန်အတွက် ခန်းမတခုတွင် စုဝေးသည်။ ရောက်ရှိလာသူများ ကြိုတင်စာရင်းပေးထားသူများ ဟုတ်မဟုတ်၊ လူပြောင်းလဲမှု ရှိမရှိ၊ ဖိတ်ကြားထားသော်လည်း မရောက်လာသူ၊ မဖိတ်ကြားထားသော်လည်း ရောက်လာသူ၊ ခရီးက ဝေးသဖြင့် ရောက်မလာသေးသူ၊ ခရီးက နီးလွန်းသဖြင့် သင်တန်းစမည့် အချိန်မှ ရောက်လာမည့်သူ စသည်များကို သင်တန်းစီစဉ်သူမှ ခေါ်ယူဆွေးနွေး ပြောပြသည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော သင်တန်းများသည် နိုင်ငံတကာအဖွဲ့အစည်းသို့ မြန်မာတွင် မရှိသော ပြဿနာများကို ရှိသယောင်တင်ပြမှု စီးပွားရေးဈေးကွက် တခုသာ ဖြစ်သည်။ ကျွန်တော့်မှာ ထိုကဲ့သို့သော သင်တန်းများကို တက်ခဲ့၍လား မသိ။ မရှိသော ပြဿနာကို ပြဿနာမဖြစ် ဖြစ်အောင် ဖန်တီးတတ်လာခဲ့သည်။ သို့မဟုတ်ပါက ကျွန်တော့် တယောက်တည်းသာ မိစ္ဆာဒိဋ္ဌိဖြင့် သင်တန်းတွေ တက်ပြီး မောဟကို အမောဟဟန် ကြံဖန်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ကိုတာ၏ ယဉ်ကျေးဖွယ်ရာသော နိုင်ငံချစ်စိတ်ဆိုသည့် စာအုပ် အစပိုင်းတွင် ပါလာသော ရှိမှုတွေ ဆိုသည့် ဆောင်းပါးမှ ဂရိမှလာသည်ဆိုသော အွန်ထော်လော်ဂျီကို ထောက်ဆလျင် မိမိ၏ ရှိမှုကြောင့်သာ ဖြစ်ပါလိမ့်မည်။ မည်သူမှ မိမိတွင်ရှိသော အခံအသိကို မကျော်လွန်နိုင်ကြပေ။ သို့နှင့် ထိုရှိမှုအတိုင်း ဟိုလူ့ခေါင်းပုတ် ဒီလူ့ခေါင်းပုတ် လုပ်ဦးအံ့။ ခေါင်းခေါက်ပြီးလည်း မတောင်းပန်ပါ။ ထန်းလက်ဖြင့်လည်း မကာပါ။ မထူးဘူးဟု ကျွန်တော့်လိုလူတွေ ပြောနေကြသောကြောင့်ဖြစ်သည်။
သင်တန်းသားများ စုဝေး၍ လူများစစ်ပြီးနောက် မိမိတည်းခိုရမည့် အဆောင်သို့ ပြန်လာချိန်တွင် သင်တန်းသူ တယောက်မှ သူ့ခရီးဆောင်အိတ်ကို ခတ်ခဲ့သော နံပါတ်များကို မမှတ်မိဟု ဆိုလေသည်။ ထိုအခါ သူမအတွက် အားလုံးက ဝိုင်း၍ ဟိုလိုလုပ်ပါလား ဒီလိုလုပ်လည်းရတယ်စသဖြင့် မကုန်နိုင် မခမ်းနိုင်သော အကြံဉာဏ်များ ဝိုင်းပေးကြသည်။ ထိုသင်တန်းသူ လှ၍ မဟုတ်ပါ။ လှချင်လည်း လှပါလိမ့်မည်။ ဝိုင်းဝန်းအကြံပေးရသည့် အကြောင်းမှာ သင်တန်းနာမည်များ တခုပြီးတခု ပြောင်းသွားသည့်တိုင် သင်တန်းကို လာတက်ကြသောသူများမှာ ဘယ်တော့မှ မပြောင်းသဖြင့် အားလုံးက ရင်းနှီးရင်းစွဲ ရှိနေကြသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသင်တန်းသူ မိန်းကလေးအား ကူညီကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသင်တန်းသူက သာမဉ်ညောင်ည သင်တန်းသူ မဟုတ်ခြင်းကလည်း တကြောင်း ဖြစ်ပါသည်။ သင်တန်းလောကတွင် သာမဉ်ညောင်ည မဟုတ်သော သင်တန်းသူဟု ဆိုလိုက်လျင် စစ်ကိုင်းသူနှစ်ဦး သို့မဟုတ် လားရှိုးသူသုံးဦးထဲမှ တဦးဦးဖြစ်မည်မှာ မလွဲပေ။ သူတို့လေးများကသာ သင်တန်းမှန်သမျှ တက်သည်။ တက်သမျှလည်း ကောင်းသည်ဟုချည်း ပြောသည်။ ဘယ်တော့မှ သင်တန်း မဝသွားသူများလည်း ဖြစ်သည်။ ကျွန်တော့်မှာ တောင်ကုန်းပေါ်က စံအိမ်က ပြောသလို တစုံတရာအပေါ် ထူးဆန်းလှသည်ဟု သိပ်ပြီး မခံယူတတ်မှုကြောင့်လည်း ဖြစ်မည် ထင်ပါ၏။ သင်တန်းပါးဝမှုကို လေးစားသမှုရှိကြသော အခြား သင်တန်းသား သင်တန်းသူများက ထိုငါးဦးထဲမှ တဦးဦးဖြစ်ဟန်တူသူ၏ ခရီးဆောင်အိတ်ဖြစ်သောကြောင့် ဝိုင်းဝန်းကူညီပေးချင်ကြခြင်းလည်း ဖြစ်ပါသည်။
ထိုသင်တန်းသူ မိန်းကလေး၏ လဂ်ကေ့ဟု ခေါ်သော ခရီးဆောင်အိတ်မျိုးကို ကျွန်တော်အနေဖြင့် လက်ဖြင့်ပင် မထိဖူး။ ကျွန်တော် ခရီးသွားလျင် လှဲစရာ သင်္ကန်းတစုံ၊ မျက်နှာသုတ်ပုဝါ၊ ကွန်ပျူတာနှင့် မီးခြစ်တလုံးသာ လိုသောကြောင့် ကျောပိုးအိတ်သေးသေးလေးဆို ရပြီဖြစ်သည်။ သွားတိုက်ဆေး သွားတိုက်တံကို သင်တန်းနေရာ ရောက်မှ ကြုံရာတွင် ဝယ်လိုက်သည်။ ဆပ်ပြာကိုတော့ အခန်းဖော်၏ ဆပ်ပြာများကို သုံးသည်။ ထို့ကြောင့် ထိုခရီးဆောင်မျိုးကို ယောင်လို့ပင် လှည့်မကြည့်ဖြစ်ဖူးခဲ့။ သို့သော် အခက်ဖြစ်နေသူမှာ မိန်းကလေးဖြစ်သည်က တကြောင်း၊ မိမိလည်း မည်သည့်အရာမဆို တတ်သည်ဟု ဝါလိုသည်က တကြောင်း၊ မိမိအား ဘာမှ မသိဟု အထင်အသေးမခံရဲသည်ကတကြောင်း၊ မြန်မာနိုင်ငံတွင် မွေးသည့်သူဖြစ်သည်နှင့်အညီ တတ်ယောင်ကား လုပ်လိုသည်က တကြောင်းကြောင့် ဝင်နှောက်ယှက်လိုက်သေးသည်။ သူများက သိသော်လည်း မဖြစ်နိုင်သဖြင့် မပြောသော ဖြေရှင်းနည်းကို ဝင်ပြောသည်။ အားလုံးက ကျွန်တော့်နည်းကို သိသော်လည်း မရနိုင်မှန်း သိသဖြင့် ဖြစ်နိုင်သည့်နည်းကို ကြံစည်နေကြစဉ် ကျွန်တော်က ဝင်ပြောသဖြင့် သူတို့က အားနာကာ ထိုနည်းမှာ မဖြစ်နိုင်ကြောင်း ပြန်ပြောကြသည်။ ကျွန်တော်က ငြိမ်ပြီး မခံပါ။ ကြိုးစားပါက ရနိုင်ကြောင်း မလုပ်ကြည့်ဘဲနှင့် မရနိုင်ဘူးဟု မပြောသင့်ကြောင်း တက်ကျမ်းများထဲ ပါသော စာသားများကို ကိုးကားကာ မိမိဖြေရှင်းနည်းအပေါ် တင်းခံသည်။ နောက်ဆုံးမှ သင်တန်းစီစဉ်သူ ချင်းအမျိုးသားကြီးက ယူကျူ့တွင် ရှာလိုက်ရန် ပြောသည်။ မည်သို့ရှာမည်နည်း။ ဟောင်းတူ အမ်းဇစ်၊ အမ်းလော့ခ် ဟူ၍ဖြစ်မည်ထင်။ သို့နှင့် ဟောင်းတူဆိုသည်ကို သတိတရ ရှိလာသည်။ များသောအားဖြင့် ဟောင်းတူက ယူကျူ့တွင် မဖြေရှင်းပေးထားသည့် ပြဿနာမရှိလောက်အောင်ကိုပင် ရှိနေသည်။ ယူကျူ့အကြောင်း စဉ်းစားရင်း ယူကျူ့နှင့် ပတ်သက်၍ တစုံတရာကို သတိတရရှိမိလာသည်။
ယူကျူ့ကို နည်းပညာဆရာတပါးက သင့်ပြွန်ဟု ထွင်ကာ ဘာသာပြန်သည်။ သို့သော်လည်း မည်သူမှ လိုက်မသုံး။ ထိုလူကြီးက စကားလုံးများ တလုံးပြီးတလုံး ထွင်နေသူဖြစ်သည်။ တချို့က သူထွင်လိုက်သည့် စကားကို ယူသုံးကြသည်။ ထိုသူ့ကို ကြည့်ရသည်မှာ တခါက အွန်လိုင်းပေါ်တွင် ငြင်းခုန်ခဲ့ကြသော မြန်မာစာ သတ်ပုံအမှား အမှန်ကိစ္စအပေါ် သိပ်အခဲကြေပုံမရခဲ့။ ဟုတ်ချင်မှလည်း ဟုတ်မည်။ ဟုတ်လျင်လည်း ဟုတ်နေမည်။ သို့သော် လက်ရှိတွင် နည်းပညာသမား တော်တော်များများက သတ်ပုံဟူသည် အချိန်ကာလအရွေ့အပေါ် မူတည်ပြီး လူငယ်တွေ အသုံးများသည်ကို လိုက်၍ သုံးပေးရမည်ဟု လှေနံဓားထစ် ယုံကြည်ထားကြသည်။ ထို့ကြောင့်လည်း ကျွန်တော့်အနေဖြင့် သူတို့ရေးသည့်စာများကို ဖတ်သည့်အခါတိုင်း အစမှ အဆုံး အောင့်သီးအောက်သက် ဖြစ်နေရသည်။
တသတ်နှင့် ကသတ်၊ စလုံးနှင့် ဆလိမ်များကို သေချာနေရာလွှဲရေးထားသော စာများကို ဖတ်ကြည့်ပါ။ ဘယ်လိုမှ အရသာမတွေ့။ သို့သော် တသတ်နှင့် ကသတ်၊ စလုံးနှင့် ဆလိမ်များကို အမှားအများဆုံးမှာ ဗမာလူမျိုးများသာဖြစ်သည်။ ကျွန်တော် မန္တလေးတွင် နေစဉ်ကတည်းက စာအတူရေးကြ ကဗျာအတူစပ်ကြသော ရပ်ဝန်းတခုမှ သူငယ်ချင်းအားလုံး တမင်တကာ သေသေချာချာများ ရေးကြလေသလားဟု မှတ်ထင်ရလောက်အောင်ကိုပင် မှားရေးကြသည်။ ကျွန်တော်က ပြင်ပေးသည့် အခါများတွင် မင်းလို ရှမ်းပြည်ကကောင်က ဘာတတ်မှာတုန်းဟု ပြောသည်။ ထိုအဖွဲ့ထဲတွင် ဆေးကျောင်းသားများ ပရိယတ္တိဘက်မှ ဘွဲ့ရဦးပဇင်းများ ဘူဇွာများ ပါဝင်ခဲ့သည်။ တနေ့ အဖွဲ့ထဲမှ တယောက် စပ်ထားသော ကဗျာတွင် ဗန်ဒါပင် ဟုပါသည်။ ကျွန်တော်က ဗန်ဒါပင်ဟူ၍ မရှိကြောင်း။ ဗာဒံပင်သာ ရှိကြောင်း ပြောသည်။ ငါတို့ ဗမာပြည်မှာရှိတဲ့ အပင်နာမည်ကိုတော့ ငါတို့သိပါတယ်ကွာဟု အပြောခံရသည်။ ထိုအရာများသည် သာမန်တိုင်းရင်းသားအတွက် သာမာန်ဗမာလူမျိုး၏ နိုင့်ထက်စီးနင်းမှုဟုဆိုလျင် မမှား။ ဤအရာကား လူမျိုးကြီးဝါဒပင် မဟုတ်ပါလော့။ ဗမာလူမျိုးကြီးဝါဒ မရှိ၊ သာမန်ဗမာပြည်သူများ မည်သည့်တိုင်းရင်းသားအပေါ်မှ တစုံတရာ မကျူးလွန်ခဲ့ဟု ငြင်းနေကြသောသူများကို ကြည့်လိုက်လျင် နိုင်ငံရေးလောကမှ လူများဖြစ်သည်။ ထိုနိုင်ငံရေးလောကမှ ဖြစ်သောသူများသည်လည်း နိုင်ငံရေး အသိအမြင်ပွင့်သော သူများသာ ဖြစ်သည်။
နိုင်ငံရေး အသိအမြင်ပွင့်သူဟု ပြောရခြင်းအကြောင်း များစွာရှိပါသည်။ ကျူဒေါဘုရင် ခုနှစ်ဆက်မြောက် ဟင်နရီဘုရင်ကစလို့ ကမ္ဘာပေါ်မှာ ဘုရင့်အာဏာများ လျှော့ချမှ ရတော့မည်ဟု လက်ခံသည့်အလျောက် လျော့ကျလာခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားပြီးနောက် ပါရဒိုင်းအသစ်တခု ထွက်ပေါ်လာပြီး စစ်အေးခေတ်ကြီး ပြီးဆုံးသွားသည်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဂလိုဘယ်လိုက်ဇေးရှင်းကြီးသည် နိုင်ငံတကာ၏ စံချိန်စံညွှန်းများ၊ လုပ်ငန်းစဉ်များ၊ သဘောတူညီချက်များကို ထိန်းညှိပေးလိုက်သဖြင့် နိုင်ငံတချို့ မူဝါဒများ ပြောင်းလဲပစ်လိုက်ရသည်။ အလုံးစုံသော ပြောင်းလဲမှုတွင် ကျွမ်းကျင်မှု၊ စွမ်းရည်နှင့် မိမိအုပ်ချုပ်သော နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချမှတ်သည့် မဟာဗျူဟာများ ပါဝင်သည်။ နိုင်ငံဖွံ့ဖြိုးသည်နှင့်အညီ လူလည်း ဖွံ့ဖြိုးသင့်သည်ဟု စံချိန်စံညွှန်းတခု သတ်မှတ်လျက် “ကိုယ်ကျင့်တရား” ဆိုသည့် အချက်ကို လူသားဖွံ့ဖြိုးရေး မဟာဗျူဟာထဲ ထည့်သွင်းခဲ့သည်။ ကိုယ်ကျင့်တရားဟု ဆိုသည်နှင့် ထိုစကားလုံး၏ အဓိပ္ပါယ်ကို အားလုံး ချက်ချင်း နားလည်ကြမည်ဟု ယုံကြည်ပါသည်။ နိုင်ငံတကာက ထိုကိုယ်ကျင့်တရားကို …အခွင့်အရေးအပေါ်လိုက်နာခြင်း ဆိုသည့်ပေတံဖြင့် တိုင်းတာခဲ့သည်။ ထို …အခွင့်အရေးဆိုသည့် စကားလုံးများကို မြန်မာနိုင်ငံတွင် အတော်မျက်စိစ,ပါးမွေး အစူးခံရဆုံး စကားလုံးဖြစ်သွားပြန်သည်။ အသို့ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့ရသနည်း။ အင်္ဂလိပ်လို မရေးပြလိုသော်လည်း ရေးရဦးမည်။ အရင် တောင်ကုန်းပေါ်က စံအိမ်တွင် အသုံးပြုခဲ့သော Impostor Syndrome ဆိုသည့် ယောင်တိယောင်ဝါး ရောဂါကို ရရှိနေသူများကြောင့်ဟု ဆိုချင်သည်။ ယောင်ဝါးရောဂါ ရှိရသည့် အကြောင်းသည် Impostorism ဆိုသည့် အချက်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ အင်္ဂလိပ်စာလုံး၏ နောက်ဆုံးတွင် ism ဆိုသည့် စာလုံးပါလာလျင် ထိုအသုံးသည် များသောအားဖြင့် ဝါဒတခုကို ရည်ညွှန်းလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ထို Impostorism ဆိုသည်ကို မြန်မာလိုပြောရလျင် “မသေမချာသိမှုဝါဒ” ဟု ပြောရမည်။ မြန်မာနိုင်ငံသားများသည် မသေမချာသိမှုဝါဒကို အသေအချာ လက်ကိုင်ထားသည်။ ဥပမာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တရုတ်အတွက် အရေးအကြီးဆုံးသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည် ဟူသည့်အချက်ကို ဦးလည်မသုန် ယုံကြည်ကြသည်။ ထိုအချက်သည် ဟိုးရှေးရှေးတုန်းက ပုံပြင်ထဲတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ အမေရိကန်တို့မှ တရုတ်နိုင်ငံအပေါ် နိုင်ကွက်တခု ရရှိရေးအတွက် မြန်မာနိုင်ငံတွင် စစ်စခန်းချလိုသည်ဟု ပြောနေကြသော နိုင်ံရေးသမားများ ရှိနေသေးသည်။ ၁၉၆၈ ခုနှစ်၊ ဂျူလိုင်လ ၁ ရက်နေ့တွင် နျူကလီးယား မပျံ့ပွားရေး စာချုပ်ကို ချုပ်ဆိုလိုက်ချိန်တွင် အမေရိကန်တို့က နျူစက်ရုံပေါင်း ၇၀ ကျော်ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။ ထိုစာချုပ်ရှိနေသော်လည်း နျူစွမ်းအင်ဖြင့် ထုတ်လုပ်သော လက်နက်များ လျှော့ချရေးကိုမူ ၁၉၉၁ မှသာ လက်မှတ်ထိုးခဲ့ကြသည်။ ထို ခုနှစ်မှစ၍ ၂၀၂၂ ဖေဖော်ဝါရီလတွင် ပူတင်ကျူးကျော်စစ်ကြောင့် နျူလက်နက်လျှော့ချရေး အစည်းအဝေးများ ဆိုင်းငံ့လိုက်ရသည်။ ၂၀၁၉ တွင် အမေရိကန်က နျူမပျံ့ပွားရေးစာချုပ်တွင်ပါဝင်သော နိုင်ငံအဖြစ်မှ နှုတ်ထွက်ထားသည်။ ဤအချက်ကို ထောက်ခြင်းအားဖြင့် နျူစက်ရုံများကို ထပ်မံတည်ဆောက်ခွင့် မရှိဆိုသည့် နျူကလီးယား မပျံ့ပွားရေး စာချုပ်က အမေရိကန်အပေါ် မသက်ရောက်။ နျူလက်နက်မထုတ်လုပ်ရဟူသည့် စာချုပ်ကို အကြိမ်ပေါင်း ၅၀ နီးပါး ဆွေးနွေးခဲ့သော်လည်း အောင်မြင်သည်ကို မတွေ့ရသဖြင့် အမေရိကန်သည် နျူလက်နက်များစွာကို ပိုင်ဆိုင်ထားသည်ဟု တွက်ဆနိုင်သည်။ ထိုအမေရိကန်ကသာ တရုတ်ကို တကယ်စင်စစ် စစ်ခင်းလိုလျင် အမေရိကန်စစ်သင်္ဘောများ ကျောက်ချထားသော တောင်တရုတ်ပင်လယ်မှနေ၍ ခင်းလိုက်ရုံသာ ရှိသည်။ ထို့ပြင် မြန်မာသည် တရုတ်နှင့် ပနံသင့်လှသဖြင့် တရုတ်မှ ခွဲထွက်လိုနေသော ထိုင်ဝမ်တို့ကဲ့သို့သော နိုင်ငံကိုသာ အမေရိကန်က စိတ်ဝင်စားမည်ဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံတွင် ရှိသော ကုမ္ပဏီများတွင် အမေရိကန်မှ ပိုင်ဆိုင်သော ကုမ္ပဏီပေါင်း ၅၉.၅ ရာခိုင်နှုန်းရှိသည်။ ကုမ္ပဏီအမျိုးအစားပေါင်း ၃၉၉ မျိုးရှိပါသည်။ စစ်ခင်းလိုပါက ထိုနေရာကနေ ခင်းပစ်၍လည်း ရပါသေးသည်။
သို့သော်လည်း အယူလွဲချင်၍လား မသိ။ ကြံဖန်အယူလွဲကာ အမေရိကန်မှ မြန်မာနိုင်ငံမြေကို အသည်းအသန် အလိုရှိနေသည်ဟု စွဲလျက်ရှိ၏။ အမေရိကန်မှ တခွန်းဟလိုက်သည်နှင့် မြေရချင်နေသည်ဟုချည်း ဖြစ်နိုင်စွမ်းများကို မတိုင်းတာတော့ဘဲ ယုံကြည်ပစ်သည်။ နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် ရှုမြင်သုံးသပ်ချက် အစီအရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော သူများသည် စာတတ်မြောက်မှုနှုန်း အလွန်နိမ့်ကျသဖြင့် ဘက်စုံတိုးတက်ရေးတို့၌ အလွန်နှေးကွေးမည်ဟု ဆိုထားသည်။ ထိုအစီအရင်ခံစာတွင် နိုင်ငံတကာ အသိအမြင်ချို့တဲ့မှုဟုလည်း သုံးထားသေးသည်။ မြန်မာနိုင်ငံလူထုသည် စာတတ်မြှောက်မှုနှုန်း နည်းပါးပြီး နိုင်ငံတကာ အသိအမြင်ချို့တဲ့မှုကြောင့် နိုင်ငံတကာမှ ပေးလိုသော အကူအညီများ အပြည့်အဝ မရကြဟု ဆိုထားသည်။ နိုင်ငံပေါင်းစုံမှ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသော်လည်း မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တက်ရန်အတွက် ယခုမှ ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်နေရသည်ဟု ဆိုထားသည်။ ထိုအစီအရင်ခံစာက ၂၀၁၃ ခုနှစ်တွင် ထွက်ခဲ့ပါသည်။
သို့သော်လည်း ထို “ပြုပြင်ပြောင်းလဲမှု” ဆိုသည်ကိုပင် လက်ခံဖို့ အဆင်မပြေကြသူများ အများအပြားရှိပါသည်။ ထိုသူများကား တစ်ပါတီအာဏာစနစ်ဖြင့် အုပ်ချုပ်စဉ်က အခြေအမြစ်မဲ့ ချမ်းသာလာကြသူများနှင့် သူတို့၏ ချမ်းသာကြွယ်ဝမှုကို ကာကွယ်လိုသဖြင့် ကပ်မြောင်သူများအား ဖန်တီးစေခဲ့သော အမျိုး ဘာသာ သာသနာဝါဒမှိုင်း အတိုက်ခံရသည့် သူများဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု ဆိုသည့် စကားလုံး ပေါ်ပေါက်လာခဲ့သည်မှာ နိုင်ငံတကာနှင့်ပေါင်းစပ်ရသည့် လုပ်ငန်းအတွက် ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ်ကို သဘောတူခဲ့ကြသော ၂၀၁၀ ရွေးကောက်ပွဲအပြီး အိုဘားမား လာရောက်ခဲ့ခြင်းမှ စသည်။ ၂၀၁၀ ရွေးကောက်ပွဲသည် အာဏာကို ဆုပ်ကိုင်ထားသူများ၊ အခြေအမြစ်မဲ့ ချမ်းသာနေသူများတို့ မည်သို့မှ မတတ်နိုင်သဖြင့် လုပ်ပေးခဲ့ရသော ရွေးကောက်ပွဲ ဖြစ်သည်။ နိုင်ငံတော် သမ္မတအနေဖြင့် စဝ်ရွှေသိုက်က သမ္မတဖြစ်လာပြီး ဦးနု ဝန်ကြီးချုပ်ဖြစ်လာသည့် ၁၉၄၇ ရွေးကောက်ပွဲသည် ကိုလိုနီတို့က လွတ်လပ်ရေး ပေးမည်ဆိုသောကြောင့်သာ လုပ်ခဲ့ရသော ရွေးကောက်ပွဲဖြစ်သည်။ ထိုရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှု မရှိသော ဆုံးဖြတ်ချက်များကြောင့် ကရင်၊ ကချင်၊ ကယား၊ မွန်၊ ပအိုဝ်းနှင့် ရခိုင်တို့ လက်နက်ကိုင်တော်လှန်မှု ပေါ်ထွက်လာသည်။ ဂိုဏ်းဂဏစွဲ များလာမှုကြောင့် ၁၉၅၁-၂ တွင် ရွေးကောက်ပွဲ နောက်တကြိမ်ပြုလုပ်၍ အိမ်စောင့်အစိုးရ ဖွဲ့ရသည်။ ထို့နောက် ပဆဖလကို လူကြိုက်နည်းလာသဖြင့် ဆူပူမှူများ မဖြစ်စေရန် ရည်ရွယ်၍ ၁၉၅၆ တွင် ရွေးကောက်ပွဲ ထလုပ်ပြန်သည်။ ထိုအချိန်တွင် ဦးနုက ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကာ ဘဆွေ ဝန်ကြီးချုပ် ဖြစ်လာသည်။ ထိုအချိန် ဦးနုက သန့်ရှင်း ဦးကျော်ငြိမ်းက တည်မြဲဟု နှစ်ခြမ်း ကွဲလာသဖြင့် ၁၉၅၈ တွင် နေဝင်းက တိုင်းပြည်အုပ်ချုပ်ရေးကို သိမ်းလိုက်သည်။ ထို့နောက် ၁၉၆၀ တွင် တဖန် ရွေးကောက်ပွဲ ထပ်လုပ်သည်။ ထိုရွေးကောက်ပွဲအပြီး အငြင်းအခုန်များသာ ရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်နေစဉ် နေဝင်း အာဏာသိမ်းလိုက်သည်။ ၂၆ နှစ်တိတိ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ၁၉၈၁ ခုနှစ်နှင့် ၁၉၈၅ တွင် ရွေးကောက်ပွဲများ ပြုလုပ်သည်။ တပါတီတည်းသာ ရှိသဖြင့် ထို သုံးကြိမ်သော ရွေးကောက်ပွဲ၌ မဆလ ဟု လူသိများခဲ့သော နေဝင်း၏ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီတည်းသာ အပြတ်အသတ်အနိုင်ရခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် ၁၉၉၀ တွင် တကြိမ် ရွေးကောက်ပွဲ ထပ်လုပ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ၄၉၂ နေရာတွင် ၃၉၂ နေရာရခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလဒ် စစ်တပ်မှ ပယ်ဖျက်သည်။ ဤသို့ဖြင့် ရှောင်လွဲလို့မရတော့သော ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပပေးရမည့် ခေတ်တခေတ်ကို ရောက်ရပါတော့သည်။
မြန်မာနိုင်ငံတွင် ၁၉၃၅ ခုနှစ် ဘားမားအက်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၃ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ ပါလီမန်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ယခင်က လေးကြိမ်သာ ရေးဆွဲဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲသည် လက်ရှိအနေအထားအတိုင်းပင် သူတို့ရေးဆွဲထားသော ၁၉၇၄ ဖွဲ့စည်းပုံမှလာသည့် အခန်း (၁၂) ရွေးချယ်တင်မြောက်သည့် စနစ်အတိုင်း ရွေးကောက်ပွဲ ဝင်ခဲ့သည်။ သို့သော်လည်း ထိုဖွဲ့စည်းပုံကို ရေးသားခဲ့ကြသည့် အဖွဲ့အစည်းကပင် ပြန်လည်၍ ဖျက်ဆီးခဲ့သည်။ ပန်းအတတ်နှင့် ဉာဏ်အထူး၊ လေးအတတ်နှင့် ဉာဏ်အထူးတည်းဟူသော စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည့် အကောင်းမြင်ဝါဒပိုင်ရှင် ဦးကြည်မောင်သည်ပင်လျင် ၎င်းကိုယ်တိုင် ပါဝင်ခဲ့ဖူးသော အဖွဲ့အစည်း၏ လုပ်ရပ်အား “သိက္ခာ” ဟူသော စကားလုံးကို သုံးနှုန်းသွားခဲ့သည်။ သို့သော် ၂၀၁၀ တွင်တော့ နိုင်ငံတကာ အသိအမြင်က ပွင့်စပြုနေပြီ။ ၁၄ နှစ်တိုင်တိုင် တနိုင်ငံလုံးရှိ ခေါင်းဆောင်များကို ခေါ်ပြီး သူတို့အလိုကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြောင့် လူရှေ့ထုတ်ပြခဲ့ရသည်။ ထုတ်ပြခဲ့ပြီးနောက် ထိုစာအုပ်ထဲအတိုင်း လုပ်ခဲ့ရသည်။ ဒီချုပ်မှ ရွေးကောက်ပွဲ မဝင်ခဲ့သဖြင့် ကြံ့ဖွံ့သာ အနိုင်ရခဲ့သည်။ သို့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ ၄၄ နေရာဝင်ပြိုင်သည့်အခါ လားရှိုးမှလွဲ၍ ၄၃ နေရာပေးလိုက်ရမှုကို သူတို့အုပ်စု လန့်သွားသည်။ ထို့အတွက် သူတို့ ကျရှုံးခဲ့ရသော အကြောင်းအရင်းဖြစ်သည့် ၂၀၀၇ ကို ပြန်သုံးသပ်သည်။ ထိုအခါ သံဃာကိုတွေ့သည်။ သံဃာ့အားကို တွေ့သည်။ ထို့နောက် ၁၉၀၆ ခုနှစ် ကောလိပ်ကျောင်းသားများ သီးသန့်ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကို အခြေတည်ကာ ၁၉၂၀ ခုနှစ်တွင် ဦးအုန်းသွင်တို့တည်ထောင်ခဲ့သည် ဂျီစီဘီအေ၏ မူဝါဒကို သံဃာတော်များမှစ၍ တနိုင်ငံလုံး သွပ်သွင်းလိုက်ရန် အကောင်အထည် ဖော်တော့သည်။ ဝံသာနု၏ မူရင်းအတိုင်း ငါတို့အမျိုး ဘာသာ သာသနာကို အနောက်တိုင်းသားများက ဖျက်ဆီးပြီး ငါတို့မြေကို ရချင်နေကြသည်၊ ငါတို့ ယဉ်ကျေးမှုများကို စော်ကားနေကြသည် ဆိုသည့် တမင်ဖော်ထုတ်ထားသော ယုတ္တိဗေဒများဖြင့် မှိုင်းတိုက်ခြင်းလုပ်ငန်းကို လုပ်ပါတော့သည်။ ယုတ္တိရှိမရှိ စသည်ကိုလည်းကောင်း လက်တွေ့နှင့် ကင်းကွာနေကြမှုကိုလည်း လက်တွေ့တခု ပြချင်ပါသည်။
ဤအဖြစ်အပျက်က လွန်ခဲ့သော သုံးရက်ကမှ ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ တောင်ကြီးသည်ကား တော်လှန်ရေးနှင့် မသက်ဆိုင်သောမြို့ဖြစ်သည့်အလျောက် ကထိန်ပွဲကို နေရာစုံ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျက်ရှိ၏။ ကျွန်တော်မှာ ဟိုဟိုဒီဒီ မကြွသော်လည်း ကျွန်တော်ကိုယ်တိုင် ကြွခဲ့ပေးပါရန် သေချာပင့်ထားသောကြောင့် ကထိန်ပွဲတခုကို မဖြစ်မနေသွားခဲ့ရပါသည်။ စကားတွေ ပြောနေရမည်စိုးသဖြင့် ဆွမ်းဘုဉ်းချိန်နှင့် အနီးဆုံးအချိန်ကို ရွေး၍ သွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုမူကား ကျွန်တော်တွေ့မိသလောက် ရှမ်းပြည်နယ်အတွင်းရှိ ဘုန်းကြီးများသည် မဘသများသာ ဖြစ်သောကြောင့် ဖြစ်သည်။ နိုင်ငံနှင့်ချီသည့် ပွဲများ လူအစုံပါဝင်သော အစည်းအဝေးများတွင် မဘသအကြောင်း တခွန်းမဟသော်လည်း ထိုနေရာမှ ထွက်လာသည်နှင့် နှာခေါင်းရှုံ့ကြသော ဘုန်းကြီးများကို အကြိမ်များစွာ တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ကျွန်တော့်ကို ဟိုလူစာ မဖတ်နှင့် ဒီလူစာ မဖတ်နှင့်၊ အနောက်နိုင်ငံက ငါတို့ဘာသာရေးကို ဖျက်ဆီးချင်နေကြတာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူးဟု အကြိမ်ကြိမ်အဖန်ဖန် မိမိသိမှုကို လိုက်ပြီး ဆွဲချုံ့နေသည့် ဘုန်းကြီးများကို သိပ်မတွေ့ချင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ကံမကောင်းပါ။
တောင်ကြီးမြို့ပေါ်တွင် ရှိသော ဗုဒ္ဓဘာသာကို အခြေပြုထားသည့် သာသနာမြတ်နိုးသူများအဖွဲ့၊ သာမဏေငယ် ထောက်ပံ့ရေးအဖွဲ့၊ အဘိဓမ္မာအဖွဲ့၊ အင်္ဂုတ္တိုရ်အဖွဲ့၊ ဓမ္မစင်္ကြာအဖွဲ့၊ ဝေယျဝစ္စအဖွဲ့စသည့် အဖွဲ့တို့ အပေါ် ဩဇာသက်ရောက်ရုံသာမက မကြာခဏ ဩဝါဒ ပေးရသော ဘုန်းကြီးတပါးနှင့် ဆွမ်းအတူစားရန် ကြုံလာပါသည်။ ငါးပါးစုံညီ ဆွမ်းဝိုင်း၌ သူက ကျွန်တော့်အား တချိန်တုန်းက သီတဂူဆရာတော်မှ ပြင်ဦးလွင် အောင်ချမ်းသာတိုက်တွင် ဟောသောတရားကို စိုးရိမ်ထိတ်လန့်ဖွယ် မျက်နှာပေးနှင့် ပြောရှာ၏။ အနယ်ဒီလုပ်ပုံကိုကြည့်၊ ပုဂံကို ယူနက်စကိုအဖွဲ့ကို ပေးလိုက်တယ်၊ ယူနက်စကိုကို အိုအိုင်စီက ပိုက်ဆံထောက်ပံ့လို့ အမေရိကန်တောင် နှုတ်ထွက်သွားတာတဲ့။ အခုဆို ငါတို့ ပုဂံဘုရားက ကုလားလက်ထဲ ရောက်သွားပြီ၊ ကုလားပိုင်သွားပြီ ဟူ၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ပင် စိုးရိမ်ပြသည်။ အခု ငါတို့နိုင်ငံကို မအလသာ မကယ်ရင် ကုလားနိုင်ငံဖြစ်နေလောက်ပြီဟုလည်း ပါသေးသည်။ နောက်တချက်သည် ပြောသူနှင့် ဆွမ်းဝိုင်းတွင် ပါဝင်သူတို့၏ အတွင်းဟဒယမှ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေသည့် အကြောင်းဖြစ်နေသဖြင့် ကျွန်တော်မှာ ဘာမှ ခွန်းတုံ့မပြန်ခဲ့။
ယူနက်စကိုမှ ပါလက်စတိုင်းကို ဝင်ခွင့်ပြုလိုက်ပြီး ဂျူးတို့၏ သန့်ရှင်းသောမြေကို ပါလက်စတိုင်းအား ပေးလိုက်သည့်အတွက် အစ္စရေးရော အမေရိကန်ပါ နှုတ်ထွက်သွားခြင်းဖြစ်သည်ကို ပြောချင်မိသည်။ ထိုသူပြောသည့်အထဲ ပါသေးသည်က ကုလားနိုင်ငံတို့က ထောက်ပံ့သောငွေဟူ၍ ဖြစ်သည်။ ယူနက်စကိုအား ငွေကြေး ထောက်ပံ့ပေးသည်မှာ အန်ဂျီအို ၃၅၀ ခုနှင့် ဖောင်ဒေးရှင်း ၂၀ ခုအပြင် အမေရိကန်မှ ၂၀ ရာခိုင်နှုန်းနှင့် ဂျပန်က ၁၈ ရာခိုင်နှုန်း ထောက်ပံ့ထားပါသည်။ ပါလက်စတိုင်းအား လက်ခံလိုက်မိသဖြင့် ဝင်ငွေလျော့ကျသွားသည်ကသာ ပိုခဲ့သည်ဟုလည်း ပြောချင်ခဲ့သေးသည်။ ထိုအချက်ကို ပြောသည့်အချိန်၌ ကျန်ဘုန်းကြီးများက စုတ်တသပ်သပ်နှင့် ဖြစ်နေကြသည်ကို ကြည့်၍ မပြောချင်တော့။ ပြောလည်း မိမိမှာ သာမဉ်ညောင်ည၊ ဟိုက ရာဇောဝါဒသုတ္တန်အရှိန်တောင် မကုန်သေးတဲ့ ဘုန်းကြီး။ လူတယောက်အား ကယ်တင်ရှင်အဖြစ် သတ်မှတ်နေကြသည့် အသိုင်းအဝိုင်းတခုရှိကြောင်းကိုလည်း တချို့သောသူများလည်း သိထားသင့်သည်ဟု ထင်ပါသည်။ ဤဒေသတွင် ကျွန်တော်က စကားပုံထဲကဲ့သို့ တဒေသလုံးနှင့်တပါး ဖြစ်ပါသည်။ ပြင်ပလောက၌ ဤကဲ့သို့ ဖြစ်ပျက်နေမှုကြောင့် ကျွန်တော် ဘယ်မှ မသွား၊ ဘယ်သူနှင့်မှ မဆက်ဆံ၊ အခန်းပုန်းကာ ဇာတ်ကားတကားပြီးတကား ထိုင်ကြည့်နေသည်။ ချိပင် ချိနေပြီဟု ပြောလျင် ယုံလိုက်ပါ။
ထိုကဲ့သို့ ယုံမိယုံရာ ယုံပြီးသကာလ မိမိယူမိသော အယူဝါဒကို စွဲစွဲမြဲမြဲပင် ယူလျက်ရှိသော သူတို့သည် ပြောင်းလဲမှုလုပ်ငန်းကြီးအား မည်ကဲ့သို့သောနည်းဖြင့် ကူညီမည်နည်း။ အားပေးမည်နည်း။ ပြောင်းလဲမှု လုပ်ခြင်းမှာ မိမိတို့နိုင်ငံ ကုလားနိုင်ငံဖြစ်ရေးလုပ်နေကြသည်ဟု ပိတ်ဆို့နေကြသော သူတို့ကို Impostorism ဟု စွပ်စွဲခြင်းသည် အပိုမဟုတ်။ ၁၉၅၃ ခုနှစ် ပြည်တော်သာစီမံကိန်း ပညာရေးမူဝါဒများ၊ ၁၉၅၈ ဗလငါးတန်ပညာရေးမူဝါဒများ စသဖြင့် ပညာရေးမူဝါဒ မငြိမ်မသက်ဖြစ်နေချိန် အာဏာသိမ်းမှု ဖြစ်သည်။ အာဏာရှင်က ပြည်သူပိုင် သိမ်းလက်စဖြင့် ပညာရေးကိုပါ သိမ်းခဲ့သည်။ ၁၉၆၄ တွင် နေဝင်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ကျေးလက် ဘက မပါ။)၊ ခရိယာန်သင် ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်းအားလုံးကို ဖျက်သိမ်းပြီး တိုင်းရင်းသားစာပေသင်ခွင့် ပိတ်သိမ်းခဲ့သည်။ ထပ်မံ၍ ၁၉၇၄ လူရည်ချွန်ဆိုသည့် ပညာရေးမူဝါဒများဖြင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို နိမ့်သထက် နိမ့်အောင် ထပ်မံ ပြောင်းလဲ လုပ်ဆောင်ခဲ့သည်။ ထိုအချိန် ကမ္ဘာက စာကို တွေးတောဆင်ခြင်ခြင်း စနစ်ဖြင့် သင်ကြားနေပြီ ဖြစ်သည်။ မူလက နိမ့်ပါးနေသော ပညာအရည်အချင်းက မည်သည့်အရာကိုမှ မတွေးတော မဆင်ခြင်တတ်တော့ရကား မသေမချာသိမှုဝါဒကိုပင် မသေချာမှုမှန်း မသိတော့။ သိထားသင်ထားသည့် ပညာက စူးစမ်းဆင်ခြင်နည်း မပါပြန်ရကား နိုင်ငံတကာ အသိအမြင်ချို့တဲ့မှု ဟု အစွပ်စွဲ ခံရပါတော့သည်။ သို့သော်လည်း မိမိအခြေအနေအမှန်ကို မသိ။ အခြေအမြစ်မဲ့ ချမ်းသာကြွယ်ဝသူများ၊ သူတို့၏ လုပ်ရပ်များ ထင်ရှားနေပါလျက် သတင်းအမှန်ကို သတင်းအမှားဟု ယုံကြည်၊ သတင်းအမှားကို သတင်းအမှန်ဟု ယုံကြည်နေမှုကြီးက မသေမချာသိမှုဝါဒကို အသေဆုပ်ကိုင်ရာဖြစ်သွားပါသည်။ ထို့ကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ရေးဆွဲထားသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် တက်ရန် စတင်သော ပြုပြင်ပြောင်းလဲမှု အကြောင်းကို နားမဝင်နိုင်ဖြစ်ကြတော့သည်။ ထိုလမ်းကြောင်းပေါ်မှ တခုတည်းသော ဥပဒေဖြစ်သည့် ကိုယ်ကျင့်တရားကို … အခွင့်အရေးဟု သုံးထားကြသည်။ ထိုမှ အခွင့်အရေးဟု ကြားမိသည်နှင့် ကျားလိုက်သလို ခံစားလိုက်ကြခြင်းဖြစ်သည်။ လူ့အခွင့်အရေးများကိုပင် ဖတ်ဖူးသည်လား မသိ။
လူ့အခွင့်အရေးဟူသည် လူ့ယဉ်ကျေးမှုတရပ်သာဖြစ်သည်။ ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းဝေးစေသည်။ လူဖြူလူမည်း ဆင်းရဲချမ်းသာ ပိန်ပုဝရှည် မခွဲခြား။ လူတယောက်ကို လူတယောက်လို ဆက်ဆံစေသည်။ ကျွန်လို အခိုင်းအစေလို မဆက်ဆံ။ လူ့အခွင့်အရေးသည် လူအချင်းချင်းအပေါ် သတ်မှတ်ပေးသောစည်းကမ်း၊ လူအချင်းချင်းအပေါ် ဆုံးဖြတ်ပေးသော တရားသူကြီးဖြစ်သည်။ မည်သူ့ကိုမဆို လေးလေးမြတ်မြတ် ဆက်ဆံသည်။ မိမိ၏ သင်ယူခွင့် ကိုးကွယ်ခွင့် လက်ထပ်ခွင့်ကို မိမိဘာသာ ရွေးချယ်နိုင်သည်။ မိမိ၏ အပြုအမူတိုင်း အပြောအဆိုတိုင်း မှားသည် မှန်သည်ကို ခွဲခြားဝေဖန်နိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ အမှားအမှန်ကို သိရှိရန် လေ့လာကြသည်။ အမှားအမှန်ကို မခွဲခြားနိုင်သဖြင့် တပါးသူ၏ အခွင့်အရေးကို ချိုးဖောက်မိပါက ထိုပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူသည်။ မိမိ၏ ဖြစ်တည်မှုကို မိမိဘာသာ ရွေးချယ်မှသာလျင် လူသားဆန်သည့် လူတယောက် ဖြစ်သည်။ လူသားဆန်လျင် လူ့ဂုဏ်သိက္ခာများ အပြည့်အဝရရှိပြီး မိမိ၏ အရည်အချင်းကောင်းများကို ကောင်းကောင်း ထုတ်သုံးနိုင်သည်။ လူသားတိုင်းတွင် တန်ဖိုးကိုယ်စီ ရှိကြသည်။ ထိုတန်ဖိုးကို လေးစားကြသည်။ အရည်အချင်းမရှိပါက အရည်အချင်းရှိသူအားလည်း မလေးစားနိုင်။ မလေးစားခြင်းသည် တန်းတူညီမျှမှုမဟုတ်ပါ။ မိမိ၏ ဆန္ဒနှင့် လုံးဝဆန့်ကျင်နေသည့် အလုပ်ကို လုပ်ရခြင်းသည် လူညွှန့်တုံးသည်။ လူဖြစ်လာသည်နှင့်အမျှ ထိုလူနှင့် ဆက်စပ်နေသည့် လူမျိုး၊ ဘာသာ၊ သမိုင်း၊ နောက်ခံ၊ လိင်၊ စကား၊ ယဉ်ကျေးမှု၊ အဆင့်အတန်း၊ နေရာ စသည်တို့က မတူခြားနား ကွဲပြားမြဲဖြစ်သည်။ ထိုကွဲပြားမှုကို လက်ခံ၍ တန်းတူဆက်ဆံရသည်။ လူဖြစ်လာသည်နှင့် လူတို့ ကျင့်ရမည့်အကျင့် လိုက်နာရမည့်ဥပဒေ စသည်တို့ကို လိုက်နာခြင်းနှင့် လူလိုကျင့်ကြံပြောဆိုခြင်းသည် လူလို ကျင့်ကြံပြောဆိုခံရခြင်းသည် လူ့အခွင့်အရေးပင် ဖြစ်သည်။ လူသားတို့ ငြိမ်းချမ်းစေရန်အတွက် ထုတ်ထားသော လူသားစည်းကမ်းက လူသားကို မုချငြိမ်းချမ်းစေမည်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုသည့် စကားလုံးကို ပြည်ဖျက်လက်နက်တခုဟု မှတ်ယူထားသူ အများအပြားရှိသည်။ ထိုသူများသည် လူ့အခွင့်အရေးဆိုသည်ကို တကယ်နားမလည်ကြပါ။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့် အယူဝါဒဟုလည်း တထစ်ချယုံကြပါသေးသည်။ ဗုဒ္ဓဘာသာကို ဖျက်ရန်ကြံနေသည့် နိုင်ငံတကာမူဝါဒဟုလည်း အကြွင်းမဲ့ယုံနေကြပါသည်။ ငါတို့ ဗုဒ္ဓဟောကြားထားသော တရားကသာလျင် မှန်သည်ဟု ဆိုကြပါသည်။ ဝိနည်းကို တကယ်လိုက်နာနေကြသော ရဟန်းများအား လေးစားကြည်ညိုပါ၏။ သို့သော် လူတို့က ဝိနည်းလေးစားသော ရဟန်းအား ပိုကြည်ညိုသည်ဆိုသဖြင့် ဝိနည်းကို လေးစားပြနေသည် ရဟန်းလည်း အများအပြားရှိ၏။ တရားဓမ္မကို တကယ်သိ၍ တကယ်ကျင့်ကြံနေသော ရဟန်းများအား ကြည်ညိုပါ၏။ သို့သော် ဗုဒ္ဓဟောကြားထားသည့် တရားများကို လူတကာအပေါ် ခြိမ်းချောက်ငွေညစ်သည့် လက်နက်တခုသဖွယ်သာ အသုံးပြုနေကြသော ရဟန်းများ အများအပြားရှိနေ၏။ ဤတိုင်းဆိုလျင် သာသနာအတွက် နောက်ထပ် ခွေးချေးမင်းနှင့် သိုဟန်ဘွားတို့ ပေါ်မလာနိုင်ဟု မဆိုနိုင်ပေ။ ပန်ထွာလို ကျိန်စာတိုက်နေရသည့် လူမျိုးများ ဖြစ်သွားကြမည်။ တကယ်တမ်းမှာကား လူ့အခွင့်အရေးကို သေချာစေ့စပ်လေ့လာကြပါလျင် ဘုရားဟောထားသည့် ၃၈ ဖြာမင်္ဂလာလောက် မစုံပါ။ မေတ္တာသုတ်လာ ကျင့်ကြံစရာ ၁၄ ဖြာလောက် မချောမွေ့ပါ။ ထို အချက် ၃၀ ကို ထိုတရားများနှင့်ညှိ၍ တပည့်တပန်းများကို သင်ကြားပြသပေးနိုင်သည်။ ဟော ကြည့်၊ ကမ္ဘာက ဒါလောက်ကလေးကို ကိုယ်ကျင့်တရားလို့ ခေါ်သတဲ့။ ငါတို့ ဘုရားဟောထားတာ ဟိုး နှစ်ပေါင်း ၂၅၆၀ ကျော်လောက်ကတည်းက။ ဒါကို အနောက်တိုင်းသားတွေ ၁၉၄၈ လောက်မှာ အသည်းအသန်ကြိုးစား ရေးကြတဲ့ ကိုယ်ကျင့်တရားတဲ့၊ ငါတို့ဘုရားခြေဖျားတောင် မမီဘူးဟေ့ ကြွားကာဝါကာ သည်စာကို ဘယ်နှစ်ဝါမှတောင် အမောင်ငါ့ရှင်တို့ သင်ရန်မလိုဟုပင် ဟစ်နိုင်သေး၏။ ဤသို့ဖြင့် ၃၈ ဖြာမင်္ဂလာရှိသော်လည်း မလိုက်နာသူများ၊ ၁၄ မေတ္တာရှိရာကျင့်စဉ် ရှိသော်လည်း မကျင့်ကြသူများတို့သည် လူ့အခွင့်အရေးဆိုသော စကားကိုလည်း လက်သင့်မခံဘဲ ရှိနေကြရာ မြန်မာ့လူမှုဆက်ဆံရေးနယ်ပယ်သည် ကြီးနိုင်ငယ်ညှင်းဝါဒအောက်တွင်သာ ရှိနေသေးသည်။ ထို့ကြောင့် လူမျိုးကြီးဝါဒသည် နိုင်ငံရေး အသိအမြင်ပွင့် သူများကသာ လူမျိုးကြီးဝါဒမရှိဟု ထင်ကြသည့်အဆင့်တွင်သာ ရှိပါသေးသည်။
နိုင်ငံရေး အသိအမြင်ပွင့်သူဟု ပြောရင်း ကျွန်တော့်ကျောင်းဘေးတွင် ရှိသော ဆိုင်တဆိုင်ကို ဖွင့်ထားသည့် စစ်ထွက်ကြီး တယောက်ကို သတိရပါသည်။ သူမည်သည့် ရာထူးဖြင့် စစ်တပ်ထဲတွင် နေခဲ့သည်ကို မသိပါ။ သက်ပြည့်ပင်စင်ယူခဲ့သည်ဟု ထင်ပါသည်။ တခါက သူတာဝန်ထမ်းဆောင်ခဲ့သည့် နေရာများ၌ သူသာ သူ့ကိုယ်ကျင့်တရားကို လစ်လျူရှုခဲ့မည်ဆိုလျင် ယခုလို မိသားစုတစုလုံးကို ဆိုင်သေးသေးလေး တဆိုင်ဖွင့်ပြီး ရှာကျွေးနေရန်မလိုဟုတော့ ပြောဖူးသည်။ ထိုစကားကို သူမပြောချင်ဘဲ ပြောခဲ့ရခြင်းသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်မှာလည်း အဘယ်ကဲ့သို့သော ရှေးရေစက်ကြောင့် မသိ။ စစ်တပ်အသိုင်းအဝိုင်းနှင့် မည်သည့်အချိန်ကမှ မကင်းခဲ့။ ထို့ကြောင့် ထိုစစ်ထွက်ကြီး၏ ဘဝကို ဆင်းရဲစွာ ကျောင်းနေရမှုကို ဦးတည်၍ ကျွန်တော်လည်းသိ သူလည်းသိသော စစ်ထွက်များကို လက်ညိုးထိုးပြရင်း ပြောလိုက်ခြင်းကြောင့် သူက ကိုယ်ကျင့်တရားဆိုသည့် စကားကို ထုတ်ပြောလာခြင်းဖြစ်သည်။ ထိုနေ့မှစ၍ ထိုစစ်ထွက်ကြီး ကျွန်တော့်ဆီမလာတော့ပါ။ သူ့ဈေးဆိုင်ငယ်ကလေးသည် ကလေးတယောက်ကို ဘယ်တော့မှ လက်လွတ်စံပယ် မရောင်းပေးပါ။ အရက်သမားတယောက်ကိုပင် နောက်ထပ်တကြိမ် ထပ်ဝယ်ခွင့်မပေးပါ။ လူငယ်တဦး ဖုန်းဘေလ်ဝယ်လျင် ဘာလုပ်ဖို့လဲဟု မေးတတ်သည်။ ဂိမ်းကစားဖို့ဆိုလျင် တထောင်ဖိုးပဲကစားဟုဆိုကာ ဘယ်လောက်ဖိုးဝယ်ဝယ် တထောင်ဖိုးသာ ရောင်းပေးသည်။ နောက်တကြိမ် မရမက ပြန်ဝယ်သူတိုင်း သူနှင့် တစ်နာရီခန့် စကားပြောရသည်။ တခါခါ ထိုစစ်ထွက်ကြီးကို တတပ်လုံးမှာ ဒီတယောက်တည်းသာ ရှိခဲ့မည်။ သို့မဟုတ် ဤမြန်မာနိုင်ငံတွင် သူ့လိုလူတယောက်သာ ရှိမည်ဟု ယုံကြည်သည်။ ဤသူ၏ အမူအကျင့်သည်ပင် လူ့အခွင့်အရေးကို လေးစားသော ကိုယ်ကျင့်တရားကို တန်ဖိုးထားသော အမူအကျင့် မဟုတ်ပါလား။ ဤကဲ့သို့ ရှောင်ရမည့်အချက်ကို သိသူ၊ ဆောင်ရမည့်အချက်ကို သိသူနည်းပါးလှသည့် မြန်မာ့လူနေမှုတွင် လူမျိုးကြီးဝါဒက ထင်ထင်ရှားရှားရှိနေသေးရကား ဇွတ်ငြင်းပယ်ရန် မသင့်သေး။
ကျွန်တော့်မှာ ထိုကဲ့သို့သော လူမျိုုးကြီးဝါဒကြောင့် နောက်ပိုင်း သူတို့ကဗျာများ စာများ၏ သတ်ပုံကို မပြင်ပေးတော့ပါ။ ဗာဒံပင်ဆိုသည့် စကားလုံးကိုဆိုလျင် ကျွန်တော့်မှာ ခက်ခက်ခဲခဲပင် သရဖူမဂ္ဂဇင်းတစောင်ကို ပြန်ရှာပြီး ပြခဲ့ဖူးသေးသည်။ သူတို့က စာအုပ်ကိုက မှားနေတာဟု ပြောသည်။ ကျွန်တော့်မှာ ထရော်မာပင် ရခဲ့ရသည်။ သူတို့စာကို ကျွန်တော်ရိုက်ပေးရပါက စလုံးနှင့် ဆလိမ်အမှားများ တသတ်နှင့် ကသတ်အမှားများ ပြင်ပေးခဲ့သည်။ သူတို့က ထိုစာလုံးများကို မတော်တဆပြန်မှတ်မိသွားလျင် အဲဒီဖိုင်ကို ဖျက်လိုက်ပြီ၊ ပရင်တာ ဂျမ်းဖြစ်နေသည် စသဖြင့် တခုခုကို ပြောပစ်သည်။ ထိုသူများသည် ကျွန်တော်စာကို မဖတ်ကြတော့သဖြင့် ကျွန်တော်အခုကဲ့သို့ ရေးခြင်းဖြစ်ပါသည်။ ရှိမှုများက ကာလကိုတည်၍ ရွေ့လျောတတ်သည် မဟုတ်ပါလား။ မည်မျှပင် ရွေ့လျောစေကာမူ တချို့က မည်သို့မှ လိုက်မပြောင်းသည့် ရှိမှုကလည်း ရှိသည်။ ဥပမာ ယူကျူ့ကို မည်သူမှ သင့်ပြွန်ဟု မခေါ်သကဲ့သို့ပင်။
ဤသို့ဖြင့် ခရီးဆောင်အိတ်၏ လျှို့ဝှက်နံပါတ်ကို မေ့သွားသည့် သင်တန်းကြိုက်သူတဦး၏ အိတ်ကို ဖွင့်နိုင်ရန်အတွက် သင့်ပြွန်ဟု မခေါ်ကြသော ယူကျူ့တွင် ဟောင်းတူ လုပ်ရန်မှ ဟောင်းတူကို စတင်ရင်းနှီးခဲ့ပါသည်။ ထိုစဉ်က ၂၀၁၄ ခုနှစ်သို့ပင် ရောက်နေပြီဟု ထင်သည်။ သို့သော် ယူကျူ့တွင် ဟောင်းတူလုပ်ဖို့ မလွယ်ကူလှသေး။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ ရောက်နေသည့် နေရာက ပြင်ဦးလွင်မြို့၊ အနီးစခန်းအကျော် အောင်ချမ်းသာနှင့် စည်သာဆိုသည့် ရွာနားတွင် ရှိသော အာရှအလင်းရောင် ဘုန်းတော်ကြီးကျောင်း။ ထိုစဉ်က ထိုကျောင်းဝိုင်းတွင် ဖုန်းလိုင်းမမိ။ ဖုန်းဆက်လိုပါက ကျောင်း၏ အမြင့်ဆုံးနေရာ ဖြစ်သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း မြုပ်ထားရာ နေရာသို့သွား။ ထိုနေရာတွင် ဖုန်းကို ဟိုထား ဒီထားထား၍ ဖုန်းတိုင်ဟုဆိုကြသော ဆစ်ဂနယ်လေးများ တက်လာလျင် ငြိမ်ငြိမ်နေပြီး သုံးနေရသေးသည်။ တချို့က ဤအခြေအနေကို အလွန့်အလွန်တိုးတက်နေပြီဟု ယုံကြည်ကြသည်။ ကျွန်တော့်တွင် ထိုရှေးမဆွကပင် ဤနိုင်ငံကြီး အလွန်အမင်းပင် တိုးတက်နေပြီဟု ယုံယုံကြည်ကြည် ပြောဆိုခဲ့သူ သူငယ်ချင်းတပါး ရှိခဲ့ဖူးပါသည်။
ထိုသူငယ်ချင်းတပါး ဆိုသူက ညောင်ရွှေမြို့တွင်နေခဲ့စဉ်က ဖြစ်သည်။ ဟိုးငယ်ငယ်ကတည်းက စာအတူဖတ်ဖက် ဟုပြောလျင်လည်း မမှား။ သူနှင့် ကျွန်တော် စာအတူဖတ်ဖက်ဟု ဆိုသော်လည်း သူဖတ်သည့်စာနှင့် ကျွန်တော်ဖတ်သည့်စာဟူ၍ သိုင်းဝတ္ထုတမျိုးသာ တူခဲ့သည်။ ထိုစဉ်က ကျွန်တော်မှာ သပြေ၊ ရှုမဝ၊ ကလျာ၊ မဟေသီစတဲ့ မဂ္ဂဇင်းတချို့နှင့် လွန်းထားထား၊ ရှင်မိုးစသည်တို့ ဖတ်သည်။ သူက လျှို့ဝှက်ဆန်းကြယ်စာပေနှင့် မှုခင်းမဂ္ဂဇင်းများကို ဖတ်သည်။ သူနှင့်ကျွန်တော် အတူဖတ်သည့် သိုင်းဝတ္ထုသည်ပင် သိပ်မတူခဲ့ဟု ထင်သည်။ သို့သော်လည်း စာအုပ်အငှါးဆိုင်ကို အတူလမ်းလျှောက်ဖို့က စာဖတ်ဖက်မှာ သူ့တဦးတည်းသာ ရှိသောကြောင့် အတူပေါင်းမိခဲ့ကြပုံ ရပါသည်။ ၁၉၉၃, ၉၄ ဝန်းကျင်တွင် ကျွန်တော်သည် မည်သည့်စာများကိုဖတ်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားခဲ့သည် မသိရ။ သူသည်လည်း မည်သည့်စာများကို ဖတ်၍ စစ်တပ်ကို အလွန်အမင်းယုံကြည်ခဲ့သည် မသိရ။ သူက ကျွန်တော့်ကို မိန်းမတယောက်အား ဘယ့်အတွက်ကြောင့် လေးစားရသနည်းဟု ဖိုဝါဒကို ကိုင်စွဲလျက် အမြဲတမ်း ပြစ်တင်ပြောဆိုသည်။ ကျွန်တော်က ထိုအချိန်ကတည်းက မချေပတတ်ခဲ့။ သူကြည်ညိုသည့် စစ်တပ်ကို မကောင်းဘူးဟုသာ ပြောနိုင်ပြီး တခြားအပို မပြောနိုင်ခဲ့။ ထို့နောက် ၁၉၉၇ ကုလားဗမာအရေးအခင်းကြောင့် သူနှင့် ကျွန်တော် ကွဲသွားသည်။ နောက်ကာလများ၌ ကျွန်တော် ညောာင်ရွှေမြို့သို့ အလည်ပြန်သည့်အခါ သူနှင့်တွေ့ဖြစ်ကြ၏။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အပြစ်များကို ထိုစဉ် သတင်းစာများတွင် ရေးကြသည့်အတိုင်း ကျွန်တော့်အား ကရားရေလွတ် ရွတ်ပြ၏။ ပြီးလျင် ကျွန်တော့်အား ဖိုဝါဒစွဲကိုင်လျက် အပြစ်အမျိုးမျိုးပြောသည်။
ကျွန်တော်သည် လူမှုဆက်ဆံရေးနှင့် စကားပြောညံ့သူ ဖြစ်သည်။ တစုံတယောက်အား ပက်ခနဲ ပြန်ပြောဖို့ ကျွန်တော့်ထံ ဘယ်တော့မှ စကားလုံးမရှိ။ သူများပြောလိုက်သည့် စကားကိုသာ တနုံ့နုံ့ခံစားလျက် နှစ်ရက် သုံးရက်လောက်ကြာမှ အဲအချိန် ငါအဲလို ပြန်ပြောလိုက်ရကောင်းသား ဟု ပြန်ပြောရမည့်စကားလုံးကို စဉ်းစားမိသည်။ ထို့ကြောင့်လည်း ကျွန်တော် ဤဒေသအတွင်း ဟိုဟိုဒီဒီ သိပ်မသွားတော့ခြင်း ဖြစ်သည်။ လူမှုဆက်ဆံရေး ညံ့ပုံမှာလည်း ဆန်းသည်။ ကျွန်တော်မှာ ကိုယ့်ညံ့ဖျင်းမှုအကြောင်းကို သိနေသူဖြစ်သဖြင့် လူတယောက်အပေါ် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆက်ဆံသည်။ ကျွန်တော်၏ အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်သော ဆက်ဆံရေးသည် ပြန်တွေးမိသည့် အချိန်တိုင်း စက်ဆုပ်စရာကောင်းသော ဆက်ဆံရေးမျိုးချည်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်က တဦးတယောက်နှင့် လူမှုရေးအရ ဆက်သွယ်ဆက်ဆံ ပြီးတိုင်း ဟိုဟိုဒီဒီပြန်တွေးကာ ဟိုအချက်က ငါလွန်သည်၊ ဒီအချက်က ငါမှားသည်ဆိုသည့်ဆိုပြီး အမြဲစိတ်ဆင်းနေရသူဖြစ်သည်။ ပြီးတော့လည်း နောက်တကြိမ်၌ ထိုအမှားကိုပင် ပြန်လည်ကျူးလွန်တတ်သူ ဖြစ်သည်။ လူတွေကို ဘယ်လိုစကားပြောရမည်မှန်း မသိသော၊ မည်သို့ဆက်ဆံရမည်မှန်း မသိသော ကျွန်တော်သည် ထိုငယ်ပေါင်း စာဖတ်ဖက်နှင့် ၂၀၁၈ တွင် ညောင်ရွှေ စာပြန်ပွဲတွင် ပြန်တွေ့သည်။
သူ့ကိုယ်သူ အင်းလေးဒေသဆိုင်ရာ ဓမ္မစကူးလ် ဥက္ကဋ္ဌဆိုလား အတွင်းရေးမှူးဆိုလား သူ့ဂုဏ်ဖြင့် ကျွန်တော့်ကို မိတ်ဆက်သည်။ မဘသလှုပ်ရှားမှုမှာ ဖိနှိပ်ခံနေရသည့် ကာလဖြစ်သော်လည်း နောက်ကွယ်တွင် အတော်ကြီးမားနေပြီ ဖြစ်ရာ သူ့ကိုယ်သူ ထိုအဖွဲ့အစည်းတွင် မည်သို့သော တာဝန်ယူထားကြောင်းလည်း ပြောသေးသည်။ ရှေးယခင်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမိသည့် ကျွန်တော်အား အပြစ်ကြီးတခု ကျူးလွန်ထားသူသဖွယ် ယခင်ကထက်ပိုပိုသာသာ ပြောသည်။ ကျွန်တော့်ကိုပင် ကိုယ်ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသူကိုမှ အားပေးရသလား၊ စာတွေဖတ်ပြီး အချိန်ကုန် လူပန်းဖြစ်တာပဲ၊ စာဖတ်တယ်ဆိုတာ စဉ်းစားဆင်ခြင်တတ်ဖို့ ဖတ်တာ၊ အခုထိ မင်းက အပျော်ဖတ် အဆင့်ပဲ ရှိသေးတာပေါ့၊ မြို့ကြီးတွေမှာ နေသူတွေက ဘာသာရေး မလိုက်စားကြဘူး။ မင်းက သူတို့နဲ့ပေါင်းပြီး လိုက်ပျက်စီးနေတာလား စသဖြင့် စုံစိနေအောင် ပြောပါသည်။ သူသည် ကျွန်တော်နှင့် အတူစာဖတ်ခဲ့သည့် ၁၉၉၀ နှစ်လွန်များကပင် စစ်တပ်၏ ကောင်းခြင်းများကို ပြောနေသူဖြစ်သည်။ စစ်တပ်ကြောင့်သာလျင် လမ်းကောင်းသွားသည်။ စစ်တပ်ကြောင့်သာလျင် စာထဲတွင်သာ ဖတ်ဖူးခဲ့သော ပန်းသီးကို စားခွင့်ရခဲ့သည်။ လက်ရှိလူတွေလက်ထဲကို ဖုန်းရောက်လာခြင်းမှာ စစ်တပ်ကြောင့် ဖြစ်သည်။ စစ်တပ်ကြောင့် လူတွေ တရုတ်ဆိုင်ကယ်ကို စီးနိုင်လာသည်။ သူကိုယ်တိုင် မောင်းလာသည့် လိုင်စင်မဲ့ကားကိုပင် စစ်တပ်ကြောင့်သာ မဟုတ်လျင် မစီးနိုင်ဟု ပြောခဲ့သေးသည်။ သူ၏ စစ်တပ်ဘုန်းတော်ဘွဲ့ကို ကျွန်တော် သေချာနားမထောင်၍ ကောင်းကောင်း မမှတ်မိခဲ့သော်လည်း သူက နာရီနှင့်ချီပြောနိုင်သူ ဖြစ်သည်။
ကျွန်တော်က သင်တန်းများလိုက်တက်ပြီး ယုန်ကလေးနားရွက်ထောင်ချိန် ဖြစ်နေရကား ကျွန်တော့် ငယ်ပေါင်းစာဖတ်ဖက် သူငယ်ချင်း မည်သည့်အခြေအနေအတွင် ရှိသည် မသိရ။ ၂၀၁၄ ခုနှစ်ဆိုတော့ ဖုန်းကိုင်ပြီး မုန့်ဟင်းခါးသည်ကို ဦးချနေသလား မသိ။ ပန်းသီးကို တလုံးတရာဖြင့် ဝယ်စားဖူးလိုက်သဖြင့် စာဖတ်သူနှင့် ဝေဘင်သူတို့၏ ဂုဏ်ကို အတော်ချီးကျူးခဲ့ဖူးသူ မဟုတ်ပါလား။ မြန်မာစကားတခွန်း ရှိသည်။ နေတတ်လျင် ကျေနပ်စရာချည်းပဲ ဆိုသည့်အတိုင်း နေတတ်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ကျွန်တော်ကတော့ မနေတတ်ပါ။ ၂၀၁၄ လိုနှစ်တွင် ဖုန်းလိုင်း မမိသော နေရာရှိနေသည်။ မန္တလေးက ဘုန်းကြီးတပါးက ၂၀၁၆ တွင် ကျွန်တော့်အား ဖုန်းဆက်လာသည်။ သူဆက်လာသည့်အချိန်က ကျွန်တော် မဲနယ်တောင်ဘက် ရောက်နေသဖြင့် ဖုန်းလိုင်း မမိ။ ဖုန်းလိုင်းမိသော နေရာကိုရောက်တော့ သူ့မစ်ခေါ အသိပေးစာ ဝင်လာသဖြင့် ကျွန်တော် ပြန်ခေါ်ပေးသည်။ “မင်းတို့ ရှမ်းပြည်ကကောင်တွေကို ရိုးတယ် မှတ်နေတာ၊ လိမ်ရင်လည်း ပိပိရိရိလိမ်ကွာ၊ ဖုန်းလိုင်း မမိတဲ့နေရာ ဘယ်နားရှိလို့လဲကွ” ဟု ပြင်းပြင်းထန်ထန် အငေါက်ခံရဖူးသည်။ ကျွန်တောာ်က ဖုန်းလိုင်း တကယ်မမိသည့်နေရာသို့ ရောက်နေကြောင်း ထပ်ပြောတော့ ထပ်အငေါက်ခံရတာပဲ အဖတ်တင်ခဲ့သည်။ နေတတ်၍လား မသိ။ ကျေနပ်ဖို့ ကောင်းပေစွ။ ကျွန်တော့်မှာကား ထိုယူကျူ့ကလေးကို ဖွင့်ဖို့ ဟိုနေရာသွား ဒီနေရာသွားကိစ္စကြီးကို အောက်သက်သက်ဖြစ်လျက် ရှိခဲ့ဖူးသည်။ ဤသို့ဖြင့် လျှို့ဝှက်နံပါတ်မမှတ်မိသည့် ခရီးဆောင်အိတ်အား မည်ကဲ့သို့ အလွယ်တကူဖြုတ်ရသနည်းကို ဟောင်းတူခဲ့ကြသည်။ ကျွန်တော် မဟုတ်ပါ။ မည်သူတွေ လုပ်ခဲ့သည်ကို ကျွန်တော် မမှတ်မိပါ။ ခဏတွင်တော့ ရပြီဟု ပြောပါသည်။ ထိုအချိန်ကစ၍ ကျွန်တော် ဟောင်းတူကို စတင် သတိထားမိခဲ့ခြင်းဖြစ်သည်။
တကယ်တမ်း ဟောင်းတူကို ထိုထက်စော၍ ကျွန်တော် ရင်းနှီးခဲ့ပါသည်။ ကျွန်တော် ဖြန့်ကျက် မတွေးတတ်ခဲ့၍ ဖြစ်ပါမည်။ ကျွန်တော့်မှာ ဘလော့စပေါ့နှင့် ပတ်သက်၍ ထရော်မာအကြီးကြီးရှိ၍ မပြောချင်သော်လည်း ပြောရပါဦးမည်။ ၂၀၀၇ ခုနှစ်တွင် ဘလော့စပေါ့ ခေတ်စစားသည်။ ထိုကတည်းကစ၍ ကျွန်တော်အား လူမှုရေးညံ့ဖျင်းသည့်အပြင် လူမှုကျင့်ဝတ်များကို မလေးစားတတ်သူဟု လူသိရှင်ကြား ဟစ်ကြွေးခံခဲ့ရသည်။ သူများစာကို ကူးသည်။ သူများကဗျာကို ကူးသည်။ တယောက်ယောက်က လာပြောလျင် မှားပါတယ်ဟု ဝန်မခံခဲ့။ မြို့မငြိမ်းနှင့် ပတ်သက်၍ ကျွန်တော်က နန်းတော်ရှေ့နှင့် မှားပြီး အကျယ်အကျယ် ငြင်းခဲ့သေးသည်။ မြန်မာသူငယ်ချင်းများနေ့ ဆိုသည့် လူမှုဝက်ဆိုက်ဖြင့် ရန်သူတွေ တိုးပွားခဲ့သည်။ ထိုကြားထဲ ကျွန်တော့်၏ လူမှုရေးဖောက်ပြန်မှုတခုက အတော်ကျယ်ပြန့်ခဲ့သည်။ ကြံဖန်ဂုဏ်ယူရလျင် အွန်လိုင်းလောကမှာ ပထမဆုံး နာမည်ပျက်ရသည့် ဘုန်းကြီးကွဟု ဂုဏ်ယူနိုင်သူ ဖြစ်ခဲ့ပါသည်။ ပတ်သက်မိသော သင်တန်းတခုကြောင့်လည်း နောက်တဖန် နာမည်ထပ်ပျက်ရပြန်သည်။ အွန်လိုင်းပေါ်တွင် ဝီဝီ ဂူဂူ ဟု တချို့သော ဒီမိုအစွန်းရောက်များ ရေးသားကြသည့် သောက်ကျင့်မကောင်းတဲ့ သင်္ကန်းဝတ် ဆိုသည်မျိုးကို နှစ်ကြိမ်ပင် ကြုံခဲ့ရသူဖြစ်ပါသည်။ သင်္ကန်းဝတ်ဆိုသည့်စကားလုံးသည်ပင် ကျွန်တော့်ကြောင့် တွင်ကျန်ခဲ့လေသလား မပြောတတ်။ ကျွန်တော့်တွင် ထိုထရော်မာများ အစဉ်အမြဲ နှိပ်စက်လျက်ရှိသဖြင့် အခုထိ ဂူးဂဲလ်ထဲတွင် မိမိနာမည်ကို မိမိပြန်မရိုက်ရဲပေ။ မှန်တာပြော သစ္စာဖြစ်ပါသည်။ ကိုယ့်နာမည် ကိုယ်ပြန်မရိုက်ရဲ ဟုဆိုသော်လည်း ဂူးဂဲလ်၏ ရှာဖွေရေး စာမျက်နှာတွင်သာ ဖြစ်ပါသည်။ ဂူးဂဲလ်နှင့် ဆက်စပ်သော တချို့စာမျက်နှာတွေက အတော့်ကို ကောင်းမွန်သဖြင့် အသုံးပြုမြဲ ပြုနေပါသည်။
သို့ဖြင့် ဘလော့စပေါ့တွင် စာရေးသည့်အတွက် ဘလော့ဂါဟု ခေါ်ကြသည့် ခေတ်တခေတ် ရှိခဲ့သည်။ ဘလော့ဂါဂျေဂျူဝိုင်ဟု ၂၀၀၉ မတိုင်ခင် အွန်လိုင်းတွင် နာမည်တခု ရှိခဲ့ဖူးသည်။ ထိုအချိန် အွန်လိုင်း အသုံးပြုသူ နည်းသေးသဖြင့် ဘလော့ဂါအားလုံး၏ နာမည်များ အကုန်မှတ်မိနေကြသည်။ နာမည်များ မှတ်မိနေကြသဖြင့်လည်း ရင်းနှီးနေကြသလို ခံစားကြရသည်။ ထို့ကြောင့် အွန်လိုင်းလှုပ်ရှားမှုတခုခု ရှိလျင် အချင်းချင်း အသိပေးကြသည်။ ကျွန်တော့်မှာ ဘလော့ပေါ်တွင် သူများစာကို ကူးချနေသော်လည်း မီးမလောင်သေးသော စကိုင်းဝေါ့ခ်ပေါ် ကျင်းပသည့် ဘားကမ့်ကို သွားတက်ခဲ့သည်။ ထိုမှ ဘလော့စပေါ့ဆိုသည်မှာ မကောင်း။ ဝပ်ပရက်ဆိုသည့် ပလက်ဖောင်းတခု ရှိသည်။ ထိုပလက်ဖောင်းသည် လွတ်လပ်သော အရင်းအမြစ်က လာသည်။ ဘလော့စပေါ့သည် စိတ်ကြိုက်ဖန်တီးခွင့်မရှိ။ သူတို့ပေးထားသည့် ပုံစံအတိုင်းသာ နေရသည်။ ဤသို့ဖြင့် မန္တလေးမှ နည်းပညာသမားအိုကြီးများက ပရော်ဂျက်တာကြီးနှင့် ထိုစဉ်က စတင်ခေတ်စားစ ပြုနေပြီဖြစ်သည့် ဖေ့ဘွတ်စာမျက်နှာပုံစံတခုကို ဖန်တီးပြသည်။ သူများယောင်လျင် လိုက်၍ ယောင်ချင်သူဖြစ်ရကား လိုက်ပြီးစမ်းသပ်သည်။ မသိလျင် ယူကျူ့တွင် ဟောင်းတူလုပ်သည်။ ဆက်လုပ်သည်။ ထို့အချိန်တွင် စလုံးတွင်နေသူ ကိုအောင်မြင့်ထွန်းဆိုသည့်သူက သူပေးဝယ်ထားသည့် ဝပ်ပရက်အိမ်ယာအပေါ် သီးသန့်အိမ်တလုံး ထပ်ဆောက်ခွင့်ပေးလာသည်။ ဆပ်ဒိုမိန်းဟု ခေါ်ကြသည်။ သို့သော်လည်း ကျွန်တော် ဘာလုပ်တတ်မည်နည်း။ ယူကျူ့တွင် ဟောင်းတူသည်ပေါ့။ နောက်ပိုင်း ကျွန်တော့်မှာ မည်သည့်ကိစ္စမဆို ဟောင်းတူဟု ယူကျူ့တွင် စာစရိုက်ပြီး ဖြစ်နေသည်။ ကျွန်တော် ဤဟောင်းတူကို ရေးရန် သတိရလိုက်ရသည့် အကြောင်းမှာ အွန်လိုင်းပေါ်တွင် သင်္ကန်းဝတ်ဟု ဝိုင်းစွပ်စွဲပြီး ကျွန်တော့်ကို မမြင်ချင်သူများ အုတ်တံတိုင်းကြီးဖြင့် ခတ်လိုက်ကြသော်လည်း ကျန်ခဲ့သည့် သူများထဲမှ မိန်းကလေးတဦးက ဝိုင်ပုလင်း ရောက်နေတယ် မဖောက်တတ်လို့ မသောက်ရသေးဘူးဆိုသည့် ပိုစ့်တခုကြောင့် ဖြစ်ပါသည်။ ငါ့ကိုသာ ပို့ပေးလိုက်ပါလား မိုမိုရယ်ဟုသာ ပြောလိုက်ချင်ပါသည်။ ဖောက်တတ်၍ မဟုတ်ပါ။ သူများ သောက်မြင်ကပ်အောင်နေနည်း ကျမ်းကိုသာ ငယ်ငယ်က အလွတ်ကျက်ထားသောကြောင့် အခြားသူများ မိမိအား စောက်မြင်ကပ်မည့် အလုပ်တခုကို လုပ်လိုက်ခြင်း ဖြစ်ပါသည်။ “မိမိ၏ရှိမှု”ဟု ဆိုသည့် အစွဲကို အသို့ပုံ ချွတ်မည်နည်း။ မရပေ။
ဂျေဂျူဝိုင်