ကျွန်တော်ငယ်ငယ်က တယ်ဖတ်ခဲ့တဲ့ ဝတ္ထုဆိုလို့ သိုင်းဝတ္ထုရယ်၊ အချစ်ဝတ္ထုရယ်ပဲ ရှိတယ်။ အဲဒီအရှိန်တွေရယ်ကြောင့်လားတော့မသိ။ စိတ်ထဲစွဲနေတဲ့ အိမ်ကလေးက ခမ်းခမ်းနားနား သိပ်မရှိလှဘူး။ ပြီးတော့ လူတွေနဲ့ ဝေးရာမှာ အမြဲဖြစ်လေ့ရှိတယ်။ စိတ်ကူးထဲ အိမ်ကလေးက စိုက်ခင်းတွေရဲ့ အလယ်မှာ ရောက်နေတတ်တယ်။ တောထဲမှာရှိနေပေမယ့် သတ်မှတ်တဲ့အနေနဲ့ စည်းရိုးကိုလည်း သစ်ကိုင်းလေးတွေ ဖြတ်ပြီး ခနော်ခနဲ့လေးစိုက်ပြီး နှီးလေးနဲ့ တန်းလေးကို တုတ်ထားတယ်။ အကျယ်ကြီးလည်း ဟုတ်ဘူးရယ်။ သောက်ရေတွင်း တိမ်တိမ်လေးနဲ့ ခြံထောင်တနေရာမှာ မြေသြဇာလုပ်လို့ရတဲ့ အိမ်သာလေးရှိမယ်။ ခြံထွက်သီးနှံလေးတွေ ရောင်းပြီး ဘဝကို ရပ်တည်မယ်ပေါ့လေ။ သူငယ်ချင်းတွေ ပြောတာတော့ တွေးတဲ့အတွေးကိုက ငမွဲအတွေးတဲ့။ တခါမှလည်း တိုက်တွေ တာတွေကို စိတ်မကူးဖူးဘူး။ အုတ်တံတိုင်းကို မုန်းတတ်တဲ့ အကျင့်ရှိတယ်။ အုတ်ရိုးကြီးကို တွေ့ရင် အော်ဂလီဆန်သလို ဖြစ်တယ်။ သံတန်းတွေပါရင် ပိုဆိုးရော။ ကြီးပွားချမ်းသာခြင်းရဲ့ အစကို တစ်ခါမှ မရှာဖူးဘူး။ လက်နဲ့ မစမ်းဖူးပေမယ့် ပူတယ်ရယ်လို့ ထင်တယ်။ ဓီရာမိုရ်ရဲ့ ခိုလုံရာအိမ် သီချင်းထဲကလို “နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်” လို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ ဝတ္ထုများက မှိုင်းအတိုက်ခံထားရသကိုး။
[metaslider id=752]လူတစ်စုက ဝိုင်းပြီးရေးထားတဲ့ ဟို ကမ္ဘာ့ကုလသမဂ္ဂပဋိဉာဉ်ဆိုတဲ့ စာတမ်းထဲမှာ လူတယောက်အတွက် အိမ်ဟာ ဘယ်လိုဘယ်ဝါဖြစ်မယ်တော့ မသိဘူး။ ကျွန်တော့်အတွက်တော့ အပေါ်က ပြောသလောက်နဲ့ လုံလောက်တယ်။ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်လို့ ဓီရာမိုရ်က သူ့သီချင်းထဲ ထည့်ဆိုထားတယ်မလား။ အိမ်ခြံမြေရောင်းဝယ်ရေးတို့အတွက်တော့ အိမ်ဟာ နှလုံးသားတွေ နွေးထွေးဖို့ ဟုတ်ချင်မှ ဟုတ်မှာပါ။ အဖေနဲ့ အမေရန်ဖြစ်နေရင် သို့မဟုတ် အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် မရှိတော့တဲ့ အိမ်ဟာလည်း နွေးထွေးချင်မှ နွေးထွေးတော့မှာပါ။ မောင်နှမတွေ ရန်ဖြစ်နေတဲ့ အိမ် မောင်နှမတွေ အဝေးရောက်နေတဲ့အိမ် အိမ်သားတယောက်ယောက်က ပြန်မလာချင်တော့တဲ့အိမ်တွေဟာလည်း နှလုံးတွေ မနွေးထွေးနိုင်ဘူး ထင်ရဲ့။ ဒလိုင်းလားမားက အိမ်က ကြီးလာသလောက် မိသားစုဟာ သေးလာတယ်လို့ ပြောတယ်လေ။ မိသားစုတွေဟာ အဖေက တနေရာ အမေက တနေရာ၊ ရှေ့ရေးအတွက်ဆိုပြီး သားသမီးကို အဘိုးအဘွားတွေနဲ့ ထားခဲ့တဲ့ အိမ်ဟာ သေးနေမှာပဲ။ သည်လို သည်လို မိသားစုတွေ သေးနေရတဲ့ အကြောင်းကြောင်းသော အိမ်တွေ အများကြီး ရှိနေမှာ။ ဒါပေမယ့် ဒါဟာ အိမ်ရှိတဲ့သူတွေ အတွက်ပါ။
ဌာနတစ်ခုမှာ အိမ်အကြီးကြီးပိုင်တဲ့ မန်နေဂျင်းဒါရိုက်တာကြီး တစ်ဦးရှိတယ်တဲ့။ တနေ့တော့ သူ့သားက မေးတယ်။ ဒါ သားတို့ပိုင်တဲ့ အိမ်လားလို့။ ဒါရိုက်တာကြီး လျှော့ဖြစ်သွားတယ်ဆိုပဲ။ အိမ်မှာနေနေပေမယ့် ကိုယ့်အိမ်မဟုတ်တဲ့သူတွေ ဘယ်လောက်များ များနေပြီလဲ။ လက်ထဲမှာ အခန်းတခန်းရဲ့ သော့လေး တချောင်းပဲ ပိုင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ထားရပြီလား။ မင်းတို့အခန်းပြောင်းရမယ်ဆိုတော့ ပုံးကလေးသုံးလေးပုံးနဲ့ နောက်ထပ် သော့အသစ်တချောင်းထပ်ရတဲ့ဘဝလေးတွေပဲ ပိုင်ထားတာလား။ အငဲသီချင်းလေးလို “ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ် မြက်ခင်းနဲ့ ခြံဝင်းနဲ့ အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့ ပိုက်ဆံလေးတွေ စုချင်ခဲ့ လကုန်တိုင်း ဆုတောင်းဆဲကွယ် တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်” ဆိုတဲ့ သီချင်းလေးက ရင်ကို ပရုပ်ဆီလာလူးဆဲလား။ မီးစများ ဖြစ်နေမလား။ စပ်ဖျဉ်းဖျဉ်းလေးလား။ အလုပ်ကို ကြိုးစားလုပ်သမျှ အိမ်လေးတလုံး မဖြစ်နိုင်တဲ့သူတွေအတွက် နှလုံးသားတွေ နွေးထွေးတဲ့ နေရာက ဘယ်နေရာများ ဖြစ်ကြမလဲ။ အနောက်နိုင်ငံရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရင် စစ်သားတွေဟာ “အိမ်ပြန်ချင်တယ်” ဆိုတဲ့ စကားတွေ အရမ်းပြောတာပဲ။ သူများအလုပ်ကို တာဝန်ကျေကျေလုပ်ပြီး အငြိုငြင်မခံရအောင် အလုပ်မပြုတ်အောင် ကြိုးစားရင်း အိမ်ကို ငတ်နေကြရတဲ့ လူတွေ ဘယ်လောက်များ များနေပါပြီလိမ့်။ မြင့်မိုးအောင်ရေးပြီး ဟန်ထွန်းဆိုထားတဲ့ “တို့ဆောက်မယ့် အိမ်လေးရယ်” ဆိုတာလေးနဲ့ သုညကို ကိုယ့်ဘာသာကိုယ် နောက်ထပ်သုညနဲ့ အဖော်ပြုပေးနေရလား။
ဓီရာမိုရ်အတွက် အရိုးရေးပေးခဲ့တဲ့ အိမ်ဆိုတဲ့ သီချင်းထဲက “အိမ်ခေါင်မိုးက မိုးမလုံလည်း ငါတို့လုံးဝ စိတ်မကုန်ပါ ရေခံခွက်အောက် မိုးစက်တပေါက်ပေါက်ကျသံဟာ တဒီးဒီးတေးသံလား” ဆိုရင် ဘယ်လောက် လွမ်းဖို့ကောင်းလိုက်လဲ။ မနက်ခင်း တံမျက်စည်းလှည်းရတာ ဘုရားသောက်တော်ရေလှဲရတာ ပြတင်းပေါက်လေး တွန်းဖွင့်ပြီး အပြင်က လေကို တဝကြီး ရှိုက်လိုက်ရတာ ဘယ်လို ယိုင်နဲ့နေပါစေ ကိုယ့်တံခါးမကို ကိုယ်တိုင် ဂျုန်းခနဲ တွန်းဖွင့်ရတာ ဘယ်လောက်အရသာ ရှိမလဲ။ တခါခါ အဝေးရောက်နေရင်ဖြင့် ပူစူးရဲ့ အိမ်ကိုလွမ်းတယ် ဒီနိုရဲ့ အိမ်လွမ်းသူ စတဲ့ သီချင်းလေးဆိုမယ်ပေါ့။[yikes-mailchimp form=”1″ description=”1″ submit=”Submit”]
အထူးမှတ်ချက်။ ။ ရေးချင်တာ ဒီလိုမဟုတ်ဘူးရယ်။ တွေးထားတာ တမျိုး။ ဖြစ်လာတာတမျိုးပဲ။ မထူးဘူး။ အချိန်ကုန်ရကျိုးနပ်အောင် ဘယ်သူမှ မဖတ်မယ့်အတူတူ ပိုစ့်အဖြစ်တင်လိုက်ဦးမယ်။