“မင်းတို့ ပရဟိတ လုပ်နေတယ်။ အများအကျိုး လုပ်နေတယ် ဆိုပြီးတော့ သွေးနားထင်တွေ သိပ်ရောက်မနေကြနဲ့၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီး မနေကြနဲ့၊ မင်းတို့ဘက်က ဘယ်သူမှ ပါလာမှာ မဟုတ်ဘူး။ မင်းတို့ကို ဘယ်သူမှလည်း အားပေးမှာ မဟုတ်ဘူး၊ အဲဒီအပြင် နှောက်ယှက်ကြဦးမယ်၊ ရန်ရှာကြပါလိမ့် ဦး မယ်၊ အဲဒါတွေကို သိထား”
ဆိုတဲ့ နောင်တောင်းဆရာတော်ရဲ့ စကားကို သတိရမိပါတယ်။ “လူငယ်စွမ်းရည်မြှင့်သင်တန်း” သင်တန်းဆင်းပွဲ တစ်ခုမှာ ဆရာတော်က သူ့ရဲ့ တပည့်တွေကို သြဝါဒပေးပြီး ပရဟိတ လုပ်ကြဖို့ တွန်းအားပေးခဲ့တယ်။ တွန်းအားပေးပြီးနောက် အထက်ပါ စကားကို ပြောခဲ့တာပါ။ ကျွန်တော်ရွာဆီကို အကြောင်းတစ်ခုနဲ့ ပြန်ခဲ့ပါတယ်။ ရွာမှာ “ဓမ္မစကူးလ် သင်တန်း” ပေးနေတယ်။ အဲဒါ လာပြန်ကြည့်ပေးပါဦး ဆိုတဲ့ ရွာက ကောင်မလေး နှစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဖြစ်ပါတယ်။ သူတို့တွေ ရွာမှာ သင်တန်းပေးနေပေမယ့် အဆင်ပြေပြေ မဟုတ်ပါဘူး။ ရွာကျောင်းဆရာတော်က အားပေးပေမယ့်
ရွာရ့ဲ အုပ်ချုပ်ရေးမှူးနှင့် ရွာက ကာလသားခေါင်းဆောင်က သရော်တော်တော် စကားတွေ ပြောတယ်။
“ငါတို့ ရွာမှာ သုံးလေးလနဲ့ ပညာတတ်တွေ ဖြစ်လာကြတာပဲ” လို့ ပြောင်ပြောင်တင်းတင်းပဲ ဝေဖန်ခဲ့ကြတယ်။ ရွာအုပ်ချုပ်ရေးမှူးကလည်း နင်တို့ လုပ်တတ်တာ နင်တို့လုပ်ပေါ့၊ ငါတော့ ဘာမှ နားမလည်ဘူးဆိုပြီး လစ်လျူရှုခဲ့တယ်။ ကလေးမိဘ အချို့ကလည်း နင်တို့က ဘာလုပ်ဖို့ ကျောင်းဓမ္မာရုံကို နေ့တိုင်းသွာနေရ တာလဲ တဲ့။ ပျော်စရာ မကောင်းလိုက်ပုံကတော့ ဟစ်သာငိုတော့ ချစ်တိုင်းပြည် ဆိုသလိုပါပဲ။ တက္ကသိုလ်က ပေးလိုက်တဲ့ ဘွဲ့တွေနဲ့ ဘဝင်ကို မိုးထောင်နေကြတယ်။ ဘယ်ဆီကို သွားလို့ ဘယ်အကျိုးတွေ ပေးနေပြီး ဘဝမှာ ဘယ်လို အသုံးဝင်မှန်း မသိ၊ အလွတ်ရေးဖြေလာခဲ့တဲ့ စာတွေနဲ့ အသုံးချခံ ဘွဲ့တွေအတွက် ဂုဏ်ယူနေကြတဲ့ လူတွေကိုလည်း သနားမိပါတယ်။
ဒါပေမယ့် ကျွန်တော်သာဆိုရင် နောက်ဆုတ်ချင်တဲ့ နေရာမျိုးမှာ သူတို့ စေတနာကို လေးစားမိပါတယ်။ သူတို့ရဲ့ တက်ကြွနေတဲ့ လှုပ်ရှားမှုကို အားပေးခဲ့တယ်။ တနေ့တော့ သူတို့လေးတွေကို ရွာသားတွေ မှတ်တမ်းတင် ဖြစ်သွားပါလိမ့်မယ်။