ပဏာမတွင် သိအပ်သည်ဟူ၍ ရှိနိုင်၏။
လွတ်လပ်စွာတွေးခေါ်သူများဟု ဆိုသော်ငြား အကယ်တန္တု ယခုရေးမည့် အကြောင်းအရာများသည် ဘုရားမဲ့ဝါဒဟု ခေါ်ဆိုကြသော လူသားဝါဒအကြောင်းသာ ဖြစ်ပါသည်။ ဒေတာဝါဒအထိလည်း ပြောမည်မဟုတ်ပါ။ ဤနိုင်ငံက နှစ်ပေါင်း ၁၅၀ ထက်မနည်း နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဒေတာဝါဒသို့ရောက်ရန် ၁၇၅ နှစ်ခန့်မျှ လိုနေပါသေးသည်။ လူသားဝါဒသို့ပင် မရောက်သေးပါ။ သို့သော်လူသားဝါဒ ဒေတာများကို ပေးပါမည်။ အချို့သောသူများ ပြောဆိုနေကြသည်ကို တွေ့ဖူးသောကြောင့် ဖြစ်ပါသည်။ လူသားဝါဒဟု ဖြစ်ပေါ်လာရခြင်းမှာ အစွန်းရောက်များ ပြဿနာများ ပဋိပက္ခများ စစ်ပွဲများကို ဖန်တီးလာသည့် လူတို့၏ ငယ်ထိပ်ပေါ်မှ စူးဝင်နေသော ဘာသာရေးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာရေးအကြောင်းကို ရှေးဦးစွာ ဆွေးနွေးပါမည်။ ဘာသာရေးကိစ္စနှင့်ပတ်သက်၍ ကျွန်ုထက် ကေင်းကောင်းကြီးသိသူ စုံစုံလင်လင်သိသူများ အများအပြားရှိသည်ကို သိထားပါသည်။ ကျွန်ုပ်တွေးဖြစ်သမျှ တွေ့ဖြစ်သမျှနှင့် ထင်မိသမျှ မြင်မိသမျှများကို ဆင်ခြင်သင့်သလောက် ဆင်ခြင်ပြီး ပြောချင်သလောက် ပြောသွားရေးသွားပါမည်။ သို့သော် ကျွန်ုပ်ကား အကောင်းမြင်ဝါဒသမား မဟုတ်ပါ။ ထို့ကြောင့် ဤစာ၌ပါဝင်သော အကြောင်းအရာများကို ဖတ်လိုပါက ဆင်ခြင်ဉာဏ်ကြီးကြီးထား၍ ဖတ်ပါဟုအကြံပြုလိုပါသည်။ ဤအချက်ကြောင့် ရေးသားထားသည့် အချက်အလက်များ မမှန်ကန်ဟု မဆိုလိုပါ။ မှန်မှန်ကန်ကန် ရေးသားမည့်အပြင် တိကျခိုင်မာမှုရှိသော သုတေသနကိုသာ အခြေခံပါသည်။ ကိန်းဂဏန်းများကို လျှော့ချင်း ပိုပိုသာသာထည့်ခြင်းလည်း လုံးဝပြုလုပ်မည် မဟုတ်ပါ။ ဘာသာဝင်များနှင့် ဘာသာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ဘာသာဝင်များကိုယ်တိုင် ပြောထားကြသည့်အတိုင်းသာ ရေးပါမည်။ အကယ်၍ ဘာသာသာတခုခုကို အခြားဘာသာဝင်တခုက ပြောခဲ့သည်များကို ရေးသားပါက နေရာ၊ အဖြစ်အပျက်နှင့် အချိန်ကာလများကို ညွှန်းပြပါမည်။ ဥပမာ ထိုင်းတောင်ပိုင်း၌ ဗုဒ္ဓဘာသာနှင့် မွတ်စလင်ပြဿနာများကို ထိုင်းနိုင်ငံရေး လေ့လာသူတဦးက ဒါဘာသာရေး ပြဿနာမဟုတ်၊ သီယိုကရက်တစ်သာဖြစ်တယ်ဟု ပြောသူ၊ နိုင်ငံနှင့် အခြေအနေကို ထည့်သွင်းသွားမည်ဖြစ်သည်။ ဤမျှလျက် အသို့ကြောင့် ဆင်ခြင်ဉာဏ်ဖြင့် ဖတ်ရန်လိုသည်ဟု ကြိုပြောထားရသနည်းဆိုမူ ကျွန်ုပ်၏ အဆိုးမြင်ဝါဒကြောင့်ဟုသာ ပြောချင်ပါသည်။ ကျွန်ုပ်အနေဖြင့် အကောင်းမြင်ဝါဒ သင်ခန်းစာထဲကဲ့သို့ ဖန်ခွက်ထဲတွင် ရေတဝက်ပြည့်နေသေး၏ဟု ပြောမည့်သူမဟုတ်ပါ။ ရေတဝက်သာ ကျန်တော့သည်ဟု ပြောရုံသာမက မည်သူသောက်သွားသနည်း၊ ရေကောသန့်ပါရဲ့လား။ မည်သည့်နေရာ၌ ခပ်ခဲ့သနည်း။ ရေကို ခပ်တဲ့ကောင်က တော်တော်အပျင်းကြီးသည်၊ အပြည့်ပင် မခပ်ခဲ့။ နောင်ဆို သည်လုပ်မလုပ်လေနှင့်ဟု ပြောဆိုမည့်သူမျိုး ဖြစ်ပါသည်။ ဘာသာရေးအပေါ်၌ အစွန်းမရောက်ဘဲ ဘာသာရေးကျင့်ဝတ်များကို ရိုသေလေးစား လိုက်နာကြသော မိသားစုသည် ပျော်ရွှင်မှုချမ်းမြေ့မှု ၇၄ ရာခိုင်နှုန်းရှိ၏ ဟူသောတွေ့ရှိချက်နှင့် ဘာသာရေးကို အလေးမထားသော ဘာသာမဲ့မိသားစုဝင်များသည် ပျော်ရွှင်ချမ်းမြေ့မှု ၉၂ ရာခိုင်နှုန်းရှိ၏ ဟူသော တွေ့ရှိချက်နှစ်ခု ယှဉ်လာပါက နောက်တွေ့ရှိချက်ကိုသာ ဦးစားပေးရေးသားမည်ဖြစ်၏။ ထို့ကြောင့် ဆင်ခြင်ဉာဏ်အပြည့်ဖြင့် ဖတ်စေလိုကြောင်း တင်ကြို ပြောထားရခြင်း ဖြစ်ပါသည်။ ဤမျှနှင့်ကား မပြီး။ တနည်းအားဖြင့်လည်း ရှိသေး၏။
ရွာကမိအေးကိုလည်း ခွေးကိုက်ခိုင်းလိုက်ရသည်တမုံ့။
“ညောင်ဦးကကမ်းပါးပြို စမ္ပါနဂိုရ်ကနွားမပေါင်ကျိုး” ဆိုသည့် စကားပုံကိုသာ ရေးလိုပါသော်လည်း ထိုစမ္ပါနဂိုရ်က မည်သည့်နေရာတွင် ရှိမှန်းမသိ။ ဂူးဂူးဂဲဂဲလိုက်သောအခါတွင်မူ အိန္ဒိယနိုင်ငံအတွင်းရှိ Champa Nagar ဆိုသည့်ရွာကို ဆိုလိုဟန်တူကြောင်း ပြောကြ၏။ ဤကဲ့သို့ ညောင်ဦးနှင့် မည်သို့မှ မဆိုင်သည့် နေရာတခုခုဖြစ်မှလည်း စကားပုံ၏ ဆိုလိုရင်းဖြစ်သည့် တစုံတရာသည် ယိုးမယ်ဖွဲ့နေခြင်း ယိုးမယ်ရှာနေခြင်း သက်သက်သာဖြစ်ကြောင်းကို မြန်မြန်ဆန်ဆန် ရှင်းရှင်းလင်းလင်းသိနိုင်မည် ဖြစ်၏။ ဤဒုတိယပိုဒ်သည်လည်း ရွာကမိအေးကို ခွေးကိုက်ခိုင်းလိုက်ရခြင်းသည် ယိုးမယ်ရှာခြင်းသက်သက် ဖြစ်ပါသည်။ If it is raining, water exists. It is raining. Water exists. George Washington is the Pope. “မိုးရွာလျင် ရေရှိသည်။ မိုးရွာသည်။ ရေရှိ၏။ ဂျော့ဝါရှင်တန်သည် ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ ဤဝါကျတွင် “မိုးရွာလျှင် ရေရှိသည်” ဤဝါကျက သူ့ဘာသာသူ မှန်နေ၏။” မိုးရွာသည်။ ရေရှိ၏” ဤတွင်မူကား မိုးရွာခြင်းနှင့် ရေရှိခြင်းသည် မိုးရွာခြင်းကြောင့် ရေရှိနေခြင်း ဖြစ်ချင်မှ ဖြစ်မည်။ မိုးရွာခြင်းနှင့် ရေရှိခြင်းက သိပ်မဆိုင်တော့။ ထိုဝါကျနောက်မှ တဆက်တည်း ဂျော့ဝါရှင်တန်က ပုပ်ရဟန်းမင်းကြီးဖြစ်သည်ဟု တဆက်တည်း ပါလာ၏။ မည်သို့မှ ဆက်စပ်၍မရ ဖြစ်သွားသည် မဟုတ်ပါလား။ သို့သော် ဆရာမင်းသိင်္ခက သူ့ဝတ္ထုတပုဒ်တွင် ရွာက မိအေးတွင် ချစ်သူရှိ၏။ သူ့ချစ်သူသည် သင်္ဘောသားဖြစ်ပြီး သင်္ဘောနောက်လည်း လိုက်လျက်ရှိ၏။ ထိုအချိန် ရွာသူကြီးအိမ်ရှိ ရေဒီယိုမှ ပင်လယ်တွင် သင်္ဘောတစင်းမှောက်သွားကြောင်း ကြေငြာလေသည်။ ထိုသတင်းကို ကြားရသူတယောက်က သင်္ဘောသား ချစ်သူရှိသော မိအေးကို ပြေး၍ ပြော၏။ မိအေးမှာလည်း ချစ်သူဇောဖြင့် လက်ရှိလုပ်လက်စ အလုပ်ကို ပစ်ချ၍ ဖိုးရိုးဖားရားပင် သူကြီးအိမ်သို့ ထ၍ပြေးလေ၏။ လမ်းထဲရှိသော ခွေးများကလည်း ရုတ်တရက် မိအေးကို မမှတ်မိတော့ဘဲ ကိုးရိုးကားရားပြေးနေသည်ကိုသာ မြင်သဖြင့် ပြေး၍ ကိုက်လေတော့၏။ ဤသို့အားဖြင့် ပင်လင်တွင် သင်္ဘောမှောက်ခြင်းသည် မိအေးကို ခွေးကိုက်ရခြင်းနှင့် သက်ဆိုင်သွားရလေသည်။ ဤသို့သောနည်းအားဖြင့် ဤအပိုင်းသည် ဤပိုစ်နှင့်ဆိုင်ချင်လည်း ဆိုင်သွားမည်ဖြစ်၏။
ဤကဲ့သို့ မဆက်စပ်ပါဘဲလျက် ဆက်စပ်သယောင်ပြောသည်ကို Entailment Paradox ဟု ခေါ်ကြ၏။ ဆက်စပ်မှုဝိရောဓိဟု ဆိုရပါမည်။ အသက်ရှင်နေသေးသမျှ ဘုရင်ဖြစ်သူမှစ၍ အောက်ခြေလူတန်းစားအထိ ဝင်ရောက်ရေးသားခွင့်ရှိရုံသာမက ကမ္ဘာပေါ်မှ သတ္တမမြောက်လူကြိုက်အများဆုံးဖြစ်သည့်အပြင် တကမ္ဘာလုံးရှိ လူများပိုင်သော တခုတည်းသော ဝက်ဆိုက်ဖြစ်သည့် ဝီကီပေါ်သို့ မသိသူများကျန်၍ သိသူများတင်ထားသော ပိုစ့်အရ ဝိရောဓိသည် ၃၉၀ မျိုးဖြစ်သည်။ ထို ၃၉၀ မျိုးအထဲမှ Fermi Paradox (ဖာမီဝိရောဓိ) ကို လွန်ခဲ့သည့်လက ရေးဖူးသည်။ ထိုပိုစ့်ကြောင့် ဝိရောဓိအများအပြားထဲမှ အချို့သောဝိရောဓိကို ရေးပါဦးမည်ဟု တေးမိလိုက်သော်လည်း နောက်ပိုစ့်တပုဒ်မှာ ရေးရင်းရေးရင်း ကော်လိုရာဒိုကရေးတဲ့စာ ဖြစ်သွားခဲ့ပြီး မည်သည့်ဝိရောဓိကိုမှလည်း မထည့်သွင်းဖြစ်ခဲ့။ သို့သော် ချင်ခြင်းမပြေသေးရကား အာသာဖြေသည့်အနေဖြင့် ဝိရောဓိများကို ထပ်ရေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် ဝိရောဓိတခုလောက် ထပ်တိုးချင်သည့် ဆန္ဒကလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။ ထပ်တိုးလိုသည့် ဝိရောဓိမှာလည်း တခြားသူထံများတွင် တွေ့ရှိရသော ဝိရောဓိမဟုတ်။ ကျွန်ုပ်ထံတွင် ရှိသော ဝိရောဓိဖြစ်ပါသည်။ ဝိရောဓိဟူသည် ဟုတ်သလိုလိုနှင့်မဟုတ်။ မဟုတ်သလိုလိုနှင့် ဟုတ်နေတတ်ပြန်သည်။ ဤအချက်ကို ထောက်ဆရင်း ကျွန်ုပ်အတွက် ကျွန်ုပ်ဘာသာ တမျိုးတိုးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်ထံတွင် ရှိနေသော ဝိရောဓိမှာ Syndrome Paradox ဖြစ်ပါသည်။ ထို Syndrome သာမန်မဟုတ်ပါ။ အရာတော်တော်များများကို မေ့နေခြင်း အန်နိုစီးယား (Anosognosia) လိုလို၊ sociopath ဆန်ဆန် မည်သည့်တစုံတခုကိုမှ ပိုင်ဆိုင်လိုခြင်းမဟုတ်ဘဲ လူမှုရေးကိစ္စများ ချို့ယွင်းသည့် ASPD (Antisocial personality disorder) လိုလို၊ မိမိကိုယ်ကို အကျဉ်းချသည့် Ganser Syndrome လိုလိုသော “စိတ်နှင့်ဆိုင်သည့် ရောဂါလက္ခဏာများရှိသည်ဟုထင်မှတ်ရသော ဝိရောဓိ” အမျိုးအစား ဖြစ်ပါသည်။ ထိုထိုသုံးမျိုးသော စိတ်ရောဂါနှင့် ပတ်သက်၍ ဖြစ်တတ်သော လက္ခာများထဲမှ ကျွန်ုပ်ထံတွင် “လူနှင့်နာမည်များကို မမှတ်မိခြင်း၊ အများနှင့်သက်ဆိုင်ရာတွင် မိမိအကြောင်း မှားယွင်းသော အချက်အလက်များကိုပေးခြင်း၊ မိုက်မိုက်ရိုင်းရိုင်း ပြုမူဆက်ဆံတတ်ခြင်း၊ တပါးသူ၏ အမှားများကို ပြင်မပေးတတ်ခြင်း၊ နက်နက်နဲနဲ မစဉ်းစားတတ်ခြင်း၊ စိတ်ထက်သန်သည့် အလုပ်ကိုသာ လုပ်တတ်ခြင်း၊ တဖန် အလွယ်တကူငြီးငွေ့သွားခြင်း၊ တာဝန်မဲ့ ပြောဆိုလုပ်ကိုင်တတ်ခြင်း၊ နှစ်ဦးနှစ်ဖက် နစ်နာမည်ကို ဂရုမစိုက်ခြင်း၊ အများလက်ခံထားသည့်အရာကို ငြင်းပယ်ခြင်း” လက္ခဏာများ ရှိနေသောကြောင့် ဖြစ်ပါသည်။ လက်ရှိမြန်မာနိုင်ငံအခြေအနေရ စစ်မက်ဘေးကြောင့် နိုင်ငံသူ/သား ၇၀ ရာခိုင်နှုန်းနီးပါး Posttraumatic Stress Disorder (PTSD) စိတ်ရောဂါကို ခံစားကြရမည်ကို အားနားစွာဖြင့် ကျွန်ုပ်၏ Syndrome Paradox ကို ရေးသားပြလိုက်ခြင်းသည် ပိဋကတ်သုံးပုံ ပါဠိများပြီးလျင် လူဖတ်အနည်းဆုံးပိုစ့်ဖြစ်သည့် ဤပိုစ့်အား မတော်တဆ လာရောက်ဖတ်မိသူများအနေဖြင့် ချင့်ချိန်နိုင်ရန် ဖြစ်ပါသည်။
တခုသော မိအေးကို ခွေးကိုက်ခိုင်းရခြင်း နောက်တကြောင်းကား ကမ္ဘာပေါ်ရှိ ဘာသာရေးအရေအတွက်များ၊ ဘာသာရေးကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသော နိုင်ငံများ၊ ဘာသာတခုခုကို ကိုးကွယ်သူတို့၏ အရေအတွက်များ၊ ဘာသာရေးအပေါ် ဒဿနပညာရှင်၊ သမိုင်းပညာရှင်၊ ကိုယ်ကျင့်တရားသုတေသနပညာရှင်၊ သမိုင်းသုတေသနပညာရှင်၊ သိပ္ပံပညာရှင်၊ ဘာသာရေးသုတေသနပညာရှင် စသည်တို့၏ အယူအဆများကို ကျွန်ုပ်သိမီသလောက် ဖမ်းထည့်လိုက်သော်လည်း တခါတရံမည်သူကပြောသည် မည်သည့်အတွက်ပြောသည်ကို ကိုးကားမနေတော့ဘဲ စိတ်ကထည့်ချင်နေသည့်အခါ ထည့်လိုက်သဖြင့် အချို့သော စာဖတ်သူအတွက် ကသိကအောက်ဖြစ်ချင်စရာ ဖြစ်နေပါလိမ့်မည်။ အထူးသဖြင့် ဘာသာရေးနှင့် ပတ်သက်၍ အထိအခိုက် အတိမ်းအစောင်းမခံနိုင်သော ဘာသာရေးခေါင်းဆောင်များအတွက် ယမ်းပုံနှင့်မီးစတပြိုင်တည်း လက်ဆောင်အပေးခံလိုက်ရသကဲ့သို့ ဖြစ်သွားစေနိုင်ပါသည်။ ဤကား ကျွန်ုပ်ကြောင့် မဟုတ်ပါ။ နိုအာဟာရရီရေးသည့် ဟိုမိုဒီးယပ်စာအုပ်တွင် ပြောဖူးသော စကားတခွန်း ရှိပါသည်။ “ထွက်လာခဲ့သမျှ သုတေသနတွေဟာ ကမ္ဘာလုံးဆိုင်ရာနှင့် ပတ်သက်နေသလိုလိုနဲ့ တကယ်တမ်းကျတော့ လူတွေ့သုတေသန ဆိုတာကလည်း အမေရိကရောက်နေတဲ့ ဥရောပသားတချို့ အရှေ့တိုင်းသားတချို့ကို မေးခဲ့တာဆိုတော့ တကမ္ဘာလုံးဆိုင်ရာ အမေရိကသုတေသနများလို့သာ နာမည်တပ်သင့်ပါတယ်” ဆိုသည့် ကမ္ဘာလုံးဆိုင်ရာ သုတေသနများကြောင့်သာ ဖြစ်ပါသည်။ မိအေးကို ခွေးနှစ်ခါပင် ကိုက်ခိုင်းလိုက်သည်။ ထိုခွေးများကို တပေါင်းလတွင် မရူးစေရန် ဂရုစိုက်ပေးကြပါ။ သင့်အနေဖြင့် မရူးသေးလျင် ဆက်ဖတ်တော်မူနိုင်ပါပြီ။
ဤမြေမဟီတွင် နေထိုင်သူအားလုံး စစ်ပွဲနှင့် ကင်းလွတ်သူ မရှိပါ။
ယခုအချိန်တည့်တည့်၌ သင့်လက်ထဲတွင် သေနတ်တလက်ရှိနေနိုင်ပါသည်။ သို့မဟုတ် လောင်ချာအမြောက် တခုကို ထမ်းထားနေသူဖြစ်နိုင်ပါသည်။ စစ်ပွဲအတွက် ညွှန်ကြားနေသူ၊ စစ်တိုက်ရန် လေ့ကျင့်နေသူ၊ တင့်ကားမောင်းနေသူ၊ ကတုတ်ကျင်းထဲမှ ခုခံပစ်ခတ်နေသူ၊ တင့်ကားထဲရောက်နေသူ၊ ဝေဟင်မှ ဗုံးကျဲရန် လေယာဉ်မောင်းနေသူ၊ စစ်လေယာဉ်များစွာကို တင်ဆောင်လာသော သင်္ဘောပေါ်မှ ဝန်ထမ်းတဦးစသဖြင့် စစ်ပွဲနှင့် အတွင်းကျကျ ပတ်သက်နေသူတဦး ဖြစ်ကောင်းဖြစ်နေ နိုင်ပါသည်။ သင့်လက်ထဲတွင် စစ်ပွဲဖြစ်စေနိုင်သည့် လက်နက်တခုမှ မရှိပါက သင်သည် စစ်ပွဲကြောင့် အခြားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခုံလှုံနေသူသူ၊ အခြားမြို့နှင့် ရွာသို့ ပြောင်းရွှေ့နေထိုင်ရသူ၊ စစ်ရှောင်စခန်းတွင် နေရသူ၊ တောတွင်းတနေရာရာတွင် စစ်ဘေးကို ရှောင်ပုန်းနေရသူတဦးဦး ဖြစ်နေနိုင်ပါသည်။ မည်သည့်စစ်ပွဲမှ သင့်နိုင်ငံတွင် ဖြစ်နေခြင်းမရှိ၊ သင့်မြို့ရွာတွင် ဖြစ်နေခြင်းမရှိပါ။ သို့သော် သင့်လက်ထဲရှိနေသော ဖုန်း၊ သင့်အိမ်တွင် ရှိသော ရုပ်မြင်သံကြားမှ စစ်ပွဲသတင်းကို ထုတ်လွှင့်လျက်ရှိနေသည်။ သတင်းအဖြစ်ကြေငြာကြသော အကြောင်းအရာဆယ်မျိုးထဲတွင် စစ်ပွဲနှင့်ပတ်သက်သော သတင်းလေးပုဒ်ပါနေမည် ဖြစ်ပါသည်။ ဘောလုံးပွဲသတင်းကို ဝါသနာမပါသဖြင့် သင်လစ်လျူရှုနိုင်ပါသည်။ စစ်ပွဲသတင်းကို သင်နားမစွင့်၍ မရပါ။ သင့်သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စကားပြောနေလျင်လည်းကောင်း၊ သင့်ရုံးတွင်လည်းကောင်း၊ သင့်မိသားစုတို့ အကြားတွင်လည်းကောင်း စုဖွဲ့စကားပြောသည့် စကားဝိုင်းတော်တော်များများ၌ ပြောဖြစ်ကြသည့် အကြောင်းမှာ စစ်ပွဲအကြောင်းက မပါမဖြစ် ဖြစ်နေပါသည်။ ထိုစစ်ပွဲသတင်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ မူဝါဒများ၊ ဖြစ်သင့်ဖြစ်ထိုက်မှုများ၊ လူဆိုးလူကောင်းများ၊ မှန်ကန်သော/မှားယွင်းသော အဖွဲ့အစည်းများ၊ ကံကြမ္မာများနှင့် ဘက်များတို့က သင့်ပတ်ဝန်းကျင်တွင် သင်မမြင်နိုင်သော ဖုန်းလိုင်း အင်တာနက်လိုင်းများလို တောက်လျှောက်ရှိနေသည်။ ယနေ့ခေတ်၌ စစ်ဖြစ်ခြင်း၊ စစ်ပွဲ၊ စစ်ပွဲ၏ အဓိကတရားခံ၊ စစ်ပွဲအတွင်း မြေစာပင်စသော အကြောင်းအရာများသည် သာမန်လူထုများအတွင်းသာမက ဘာသာရေးခေါင်းဆောင်ကြီးများ၏ စကားဝိုင်းသို့ပင် သွားရောက်ဧည့်ခံ တည်ခင်းလျက်ရှိ၏။ ထိုခေါင်းဆောင်ဆိုသူများမှာ ခဏခဏစားရ ထိုထက်မြိန်သောအရာများကိုစားရ ဟိုနားစားရ ဒီနားစားရဖြစ်နေသဖြင့် စားပွဲပေါ်ရောက်လာသော စစ်ပွဲများကို တို့ကနန်းဆိတ်ကနန်းသာ စားနိုင်ကြတော့သည်ကား စစ်ပွဲဒေသမှ မြေစာပင်များ၏ ကံကြမ္မာပင်ဖြစ်ရသည်တော့ ကျွန်ုပ်လည်း ဘုရားများကို အမိန့်ပေးနိုင်သူမဟုတ်၍ မတတ်နိုင်။
သို့သော် ဆင့်ကဲဖြစ်စဉ် စိတ်ပညာရှင် Steven Pinker ဆိုသူကမူ ယနေ့ခေတ်သည် လူသားတို့နေထိုင်ခဲ့သည့် သမိုင်းတလျှောက်တွင် အငြိမ်းချမ်းဆုံး ကာလဖြစ်၏ဟု ထိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတနိုင်ငံ၏ ကောင်းမွန်သောအစိုးရသည် သူ့နိုင်ငံအတွင်းရှိ တိုင်းသူပြည်သားများ၏ ပဋိပက္ခဖြစ်မှုကို လျှော့ချရန် အမြဲတမ်းကြိုးပမ်းလျက် ရှိနေသည်။ ကောင်းမွန်သောအစိုးရသည် ရာဇဝတ်မှုများ အကြမ်းဖက်မှုများကို အကောင်းမွန်ဆုံး ကိုင်တွယ်လျက်ရှိသည်။ အရင်ခေတ်ကဲ့သို့လည်း တိုင်းသူပြည်သားများသည် အငတ်ဘေး၊ ရောဂါဘယဘေး၊ စီးပွားရေးအတွက် ရုန်းကန်ရမှုဘေးများ အတော့်ကို လျော့ပါးနေပြီ ဖြစ်သည်။ ယခုအခါ အစာငတ်ခြင်းကြောင့် သေဆုံးမည်မဟုတ်ဘဲ အစားအစာကို အလွန်အကျွံစားခြင်းနှင့် ကျန်းမာရေးနှင့် မညီသော အစားအစာများကို စားသုံးခြင်းကြောင့်သာ သေဆုံးနေကြရမည့် ခေတ်ဖြစ်သည်ဟု ဆိုသည်။ စစ်ပွဲဖြစ်နေစဉ်အတွင်းပင် ခေတ်မီလာသော ကာကွယ်ရေးစနစ်၊ သမိုင်းအရ သင်ယူတတ်မြောက်ထားသော မိမိကိုယ်ကို ကာကွယ်ရေးနည်းပညာနှင့် အဆင့်မြင့်လာသော စစ်လက်နက်တို့ကြောင့် လူတို့၏ အသက်သေဆုံးနိုင်မှု အတော်နည်းပါးသွားပြီ ဖြစ်သည်။ နည်းပညာဆန်းသစ်မှုများသည် လူသားများကို ရောဂါများ သဘာဝဘေးများနှင့် အခြားသော အန္တရာယ်ပေါင်းများစွာမှလည်း ကာကွယ်ပေးလျက် ရှိ၏။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်းများစွာတို့ကလည်း ကောင်းမွန်သော အဖွဲ့အစည်းအမျိုးမျိုး ဖွဲ့စည်းပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိနေကြသည်။ ထို့ပြင် လက်ရှိအမေရိကန်မှ တီထွင်လိုက်သော ခြေတုလက်တုသည် လူ၏ ခံစားချက်အတိုင်း လိုက်လံပြုမူနိုင်သော စက်ရုပ်နည်းပညာ ပါဝင်သည်။ ယခင်က ဖြစ်ပျက်ခဲ့သော ပိုလီယို၊ ပလိပ်၊ ငှက်ဖျား၊ ကျောက်ရောဂါ၊ အသည်းရောအသားဝါစသည့် ရောဂါများအတွက် အရှင်းပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆေးဝါးများအပြင် ယခုနောက်ဆုံးတွင် HIV ရောဂါကို အပြီးသတ်ပျောက်ကင်းအောင် ကုသပေးနိုင်သည့် ရိုးတွင်းချင်ဆီအား အစားထိုးသည့် နည်းကိုတွေ့ရှိခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ AIDS ရောဂါသည် ၃၆.၇ သန်းတို့သည် မကြာခင် လူတယောက်အတွက် နေသင့်နေထိုက်သည့် အသက်ကာလအတိုင်း နေထိုင်နိုင်တော့မည်။ ကင်ဆာဖြစ်စေနိုင်သည့် DNA သို့မဟုတ် RNA ကို ခွဲခြားသိနိုင်သွားပြီဖြစ်သည်။ ထို့ကြောင့် ကင်ဆာကင်းစင်သည့် လူသားကမ္ဘာ ဖြစ်လာတော့မည်။ လူတို့အတွက် ပျက်စီးသွားသော အရေးပြားအတွက် ဆဲလ်အသစ်အစားထိုးမှု နည်းပညာလည်း ရှိပြီဖြစ်သည်။ ထို့ကြောင့် Pinker ဆိုသူက ယနေ့ခေတ်လောက် ငြိမ်းချမ်းသော ခေတ်မရှိသေးပါဟု ဆိုခဲ့ပါသည်။
ထိုသူပြောသကဲ့သို့ လက်ရှိမျက်မှောက်ခေတ်သည် အကယ်ပင် ငြိမ်းချမ်းနေပြီလော။ ကျွန်ုပ်တို့ ရောက်ရှိနေသော ရုပ်ရှင်ရုံ၊ အားကစားကွင်း၊ ရှော့ပင်မောလ်စသည့် လူထူထပ်သည့် မည်သည့်နေရာတွင်မဆို အချိန်မရွေး ဗုံးထပေါက်ကွဲမှု ဖြစ်နိုင်သည့် အနေအထားတွင် အမြဲရှိနေသည်။ သေနတ်သမား တယောက်က စတင်းဂန်းနဲ့ အတိုင်းအဆမရှိ ပစ်ခတ်နိုင်သော နေရာတခုလည်း ဖြစ်နေနိုင်သည်။ ထိုဖောက်ခွဲပစ်ခတ်မှုတွင် မပါဝင်သော်မှ သင့်အိမ်အတွင်းရှိ လျှပ်စစ်ပစ္စည်းများနှင့် ဂက်စ်အိုးများက သင့်ကို အန္တရာယ်ပြုဖို့ အသင့်ရှိသည်။ ကော်ပိုရိတ်တို့၏ ကမ္ဘာ့သယံဇာတများကို အလွန်အကျွံ ထုတ်ယူမှုနှင့် စွန့်ပစ်ပစ္စည်းများကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှုကြောင့် ပျက်စီးလာသော ရာသီဥတုဒဏ်ကို ဆင်းရဲသား ၁၅%၊ ဝင်ငွေနိမ့်မိသားစု ၅၆% နှင့် အလယ်အလတ် မိသားစု ၁၃% ဆိုသည့် စုစုပေါင်း ၈၄ ရာခိုင်နှုန်းခန့်သော လူများက အလူးအလဲ ခံရဖို့ ရှိနေပါသည်။ သင်စားရသော အသင့်အစားအစာများက ကျန်းမာရေးနှင့်မညီဟု ဆိုစေကာမူ သင့်အလုပ် အချိန်အရ ထိုအစားအစာကိုသာ စားရပါမည်။ ဤ ၂၁ ရာစု၏ ဆယ်စုနှစ်နှစ်ခုအတွင်း အစားအစာကြောင့် ဖြစ်သော ရောဂါများနှင့် အစားအစာ မစားရသည့် အငတ်ဘေးကြောင့် လူပေါင်း ၂၇၀ သန်း သေဆုံးခဲ့ပါသည်။ သင်သောက်နေသည့် ရေသည် နာမည်ကြီး ကုန်အမှတ်တံဆိပ်ကပ်ထားသော ရေသန့်ကုမ္ပဏီမှ ထုတ်သည်ဟု ဆိုလင့်ကစား စိတ်ချရသည့် အနေအထားတွင် မရှိပါ။ ထို့အပြင် စနစ်တကျ သန့်စင်ထားမှု မရှိဘဲ လက်ရှိလူသားတို့ မဖြစ်မနေ သောက်သုံးနေရသော ရေတွင် ကျန်းမာရေးထိခိုက်စေနိုင်မှု ၇၀% အထိ ပါဝင်နေပါသည်။ ဒုက္ခသည်စခန်းတွင် သောင်တင်နေသည့် ဒုက္ခသည်ပေါင်း ၆၈.၅ သန်းရှိနေပါသည်။ ပြည်တွင်းပဋိပက္ခဖြစ်နေသည့် နိုင်ငံများမှ အမေရိကနှင့် ဥရောပတွင် ခိုလှုံခွင့်တောင်းခံထာသူ စုစုပေါင်း ၄၆ သိန်းကျော်ရှိသည်။ လူဦးရေ ၈၁၅ သန်းသည် စစ်ဘေး၊ ပြည်တွင်းပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ပညာရေးကို ကောင်းမွန်စွာ မသင်ကြားနိုင်ကြချေ။
ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြေငြာနေသည့် အငြိမ်းချမ်းဆုံးသောနိုင်ငံဆိုသည့် နိုင်ငံကို ကြည့်နိုင်ပါသည်။ ကမ္ဘာ၏အစွန်းတဘက်တွင် တည်ရှိနေသော အိုက်စလန်နိုင်ငံသည် နံပါတ်တစ်နေရာအား ၁၅ နှစ်တိုင်တိုင် ဆက်ခံထားသည်။ သို့သော် အငြိမ်းချမ်းဆုံးနိုင်ငံ ဆိုသည်ကို မည်သည့်အချက်များဖြင့် တိုင်းတာသနည်း။ မြေပြင်တွင် ဖြစ်ပျက်နေသော ကိစ္စရပ်များနှင့် စာရင်းထုတ်ပြန်မည့် အဖွဲ့အစည်းသို့ တင်ပြသော အစီအရင်ခံစာများ မလွဲမချော်ပါဟု ယုံကြည်လို့ရသလား။ ထို့ကြောင့် အိုက်စလန်လွှတ်တော်အတွင်း ပြဿနာများ၊ အစိုးရ၏ တင်းမာသော ဘဏ္ဍာရေးမူဝါဒကြောင့် ငွေကြေးဖောင်းပွမှုများ၊ ၂၀၂၁က ရဲများ တားဆီးနိုင်ခဲ့သည့် အကြမ်းဖက်မှု၊ ရာသီဥတု အပျက်အစီးမြန်လာမှုကြောင့် နှစ်စဉ်ခက်ခဲနေရသော စိုက်ခင်းသီးနှံများအကြောင်းကို အငြိမ်းချမ်းနိုင်ငံစာရင်း ထုတ်ပြန်မည့် ဌာနသို့ မှန်ကန်စွာ တင်ပြမည်ဟု ယုံကြည်၍ မရ။ ၎င်းအိုက်စလန်နိုင်ငံသည် သီးသန့်နေထိုင်သော ကျွန်းစုနိုင်ငံဖြစ်ပြီး နိုင်ငံသားပေါင်း လေးသိန်းနှင့် တနိုင်ငံလုံးမှ ရဲ ၁၁၂ ယောက်သာရှိသော နိုင်ငံဖြစ်သည်။ နောက် ဒုတိယအမြဲလိုက်နေသော နိုင်ငံမှာလည်း ကျွန်းစုနိုင်ငံပင်ဖြစ်ပြန်ပါသည်။ နယူးဇီလန်နိုင်ငံ ဖြစ်ပါသည်။ ဤနိုင်ငံကို ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လိုက်လျင် ငွေကြေးဖောင်းပွမှု (၅၃%) နေထိုင်မှုစရိတ် (၅၁%) ကျန်းမာရေးစရိတ် (၂၇%) ဓာတ်ဆီဈေး (၂၅%) စီးပွားရေးအရှုပ်အထွေး (၂၄%) တွင်ရှိပြီး ဆင်းရဲနွမ်းပါးမှုနှုန်းနှင့် ရာဇဝတ်မှု ကျူးလွန်သည်နှုန်းလည်း (၂၁%) ရှိပါသည်။ အငြိမ်းချမ်းဆုံးနိုင်ငံ၏ ညွှန်းကိန်းများက မှားနေ၍လား။ ထုတ်ပြန်သော အဖွဲ့အစည်း၏ ဘက်လိုက်မှုလား၊ သို့မဟုတ် ဤမျှသော အတိုင်းအတာကသာလျင် အငြိမ်းချမ်းဆုံးလား စသည်ကိုတော့ စဉ်းစားရခက်စေသည်။ အငြိမ်းဆုံးနိုင်ငံဟု ထုတ်ပြန်ရသည့် အချက်များမှာ အကြမ်းဖက်မှု အမျိုးအစား ၁၃ မျိုးအတွက် ကုန်ကျစရိတ် အနည်းဆုံး အသုံးပြုသည့် နိုင်ငံဖြစ်ရမည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသော အဖွဲ့အစည်းတည်ရှိပြီး ထိုအဖွဲ့ကလည်း လက်တွေ့အကောင်အထည် ဖော်မှုများ အစဉ်မပြတ်ရှိနေရမည်။ ဂေဟဗေဒစနစ် ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်ပြီး ထိုပျက်စီးမှုကို နိုင်ငံတော်စရိတ်ဖြင့်အပြင် စီးပွားရေး လုပ်ငန်းရှင်များနှင့် လူထုများကလည်း အကောင်းမွန်ဆုံး ကာကွယ်ဖြည့်စည်းပေးနိုင်သည့် အနေအထားတွင် ရှိနေရမည်။ တနိုင်ငံလုံး ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ပြဿနာများကို အစိုးရမှ ပွင့်လင်းမြင်သာမှုရှိရှိ ချပြပြီး လူထုကလည်း နားလည်လက်ခံနိုင်သည့် အခြေအနေတွင် ရှိရမည်။ GDP ငြိမ်ရမည်။ ဤအချက်များဖြင့် တွက်ချက်ထားသည်ဟု ဆိုပါသည်။ ထိုသို့ဆိုလျင် အခြားသော နိုင်ငံများက ဤအချက်များကို လိုက်နာဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ ဝန်လေးကြခြင်း၊ မလိုက်နာခြင်း၊ မလုပ်ကြခြင်းများ ရှိနေသောကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မြန်မာလူမျိုးများ အတော်ကလေး ပြောကြသည့် ဘူတန်နိုင်ငံမှာ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံများ စာရင်းတွင် ၁၉ နေရာတွင်ရှိသည်။ ၎င်းစာရင်းကို ထုတ်ပြန်သည့် အဖွဲ့အစည်းမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေကို ထုတ်ပြန်မထားပေ။ သူတို့ အဖွဲ့အစည်းက ၂၀၂၂ အစ၌ မြန်မာစစ်ကောင်စီထံ စာပို့သော နိုင်ငံတကာအဖွဲ့အစည်းများထဲမှ တခုဖြစ်နေသည့် အတွက်ကြောင့် သူတို့၏ အွန်လိုင်းစာမျက်နှာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး “အခြေအနေအမှန်ရရှိအောင် ပြန်လည်ကြိုးစားပါ့မည်” ဆိုသော တောင်းပန်စာကိုသာ တင်ထားပါသည်။
ကမ္ဘာ့သမိုင်းကို ကြည့်၍လည်း ချင့်ချိန်နိုင်ပါသည်။ လူသားတို့ သိမီသော သမိုင်းခေတ်မှ အငြိမ်းချမ်းဆုံးဆိုသော ကာလနှစ်ကြိမ် ရှိခဲ့ပါသည်။ ဘီစီ ၂၇ ရာစုခေတ် ရောမအင်ပါယာကြီးတွင် ဂျူးလီးယက်ဆီဇာ လုပ်ကြံခံရပြီးနောက် ဆက်တက်လာသော ဩဂတ်စတပ်လက်ထက်မှသည် အင်ပါယာတည်ဆဲကာလ တလျှောက်လုံး အငြိမ်းချမ်းဆုံးကာလဖြစ်ခဲ့သည်ဟု ဆိုသည်။ သို့သော် သူတို့အင်ပါယာကို ဟိန်းစပီးယားတို့က ၉ ရာစုတိုင်တိုင် တော်လှန်ခဲ့ပါသည်။ ထို့နောက် လက်ရှိအေဒီကာလတွင် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်၏ အင်ပါယာတည်ထောင်နိုင်ခဲ့သည့် ကာလသည်လည်း ငြိမ်းချမ်းသည့် ကာလတခုဖြစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် သူတို့သိမ်းပိုက်လိုက်သည့် နိုင်ငံမှ သူတို့အုပ်ချုပ်စဉ်ကာလတလျှောက်လုံး ပုန်ကန်သည့် အခြေအနေများကိုသာ ရင်ဆိုင်နေရသည်ဆိုသည့် သက်သောအထောက်အထားများ ယနေ့တိုင် ကျန်နေသေးသည်။ ငြိမ်းချမ်းသည်ဟု ယူဆခြင်း ခံခဲ့ရသော နှစ်ကာလများကို ဆင်ခြင်ကြည့်ရုံမျှနှင့် ဤကမ္ဘာကြီးသည် ငြိမ်းချမ်းတည်ငြိမ်မှုရှိခဲ့ မရှိခဲ့သိနိုင်ပါသည်။ ထို့ကြောင့် Pinker ဆိုသူက ယနေ့မျက်မှောက်ကာလကို အငြိမ်းချမ်းဆုံးကာလဟု ဆိုခဲ့သည်လော။
ကမ္ဘာကြီးပေါ်တွင် လူသားများနေထိုင်လာသည်နှင့် စစ်ပွဲများ ဖြစ်ပွားခဲ့သလား။ စစ်ပွဲဖြစ်သောကာလသည် လူသားတို့၏ သမိုင်းတွင် မည်သည့်အချိန်က စတင်ခဲ့သနည်း။ လူသားတို့ ဂူထဲသို့ အုပ်စုဖွဲ့နေထိုင်သည့် ကာလကတည်းက စခဲ့သည်။ လူတို့သည် အုပ်စုဖွဲ့နေထိုင်ပြီးနောက် အစားအသောက်အတွက် အမဲလိုက်ရန် လက်နက်များကို စတင် တီထွင်ခဲ့ကြသည်။ ထိုကဲ့သို့ လက်နက်များ ပိုင်ဆိုင်သည့်အချိန်မှစ၍ လူသားတို့သည် အခြားသော လူသားအုပ်စုကို တိုက်ခိုက်ခြင်း လုယက်ခြင်းများ စတင်ပြုလုပ်ခဲ့ကြပါသည်။ ထိုအချိန်က တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပွဲဟု မသုံးနှုန်းကြသေး။ သို့သော်လည်း လူသားတို့သည် တိုက်ခိုက်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် လက်နက်များကို ကောင်းသထက်ကောင်းအောင် တီထွင်လာကြသည်။ ရှေးဟောင်းမြေကို တူးဆွရာတွင် တွေ့ရှိခဲ့သော အချို့အရာများသည် စားသောက်ချက်ပြုတ်ရန်နှင့် အမဲလိုက်ရန်အတွက် မဟုတ်သော လက်နက်များဖြစ်ပါသည်။ အီဂျစ်အနီးရှိ ကျောက်ဖြစ်ရုပ်ကြွင်း လူသားမံမီအစုအပုံတခုကို တွေ့ရှိခဲ့ဖူးသည်။ ထို လူသားများ၏ ခန္ဓာကိုယ်ထဲတွင် ချွန်ထက်သော အရာများစိုက်ဝင်နေသည်။ စစ်ပွဲကြောင့်လား၊ ရာဇဝတ်မှုကျူးလွန်၍လား မသေချာသော်လည်း အစုလိုက်အပုံလိုက် သုတ်သင်ရှင်းလင်းမှုရှိခဲ့ဖူးသည် ဆိုကတည်းက ငြိမ်းချမ်းစွာ နေထိုင်ကြသည်ဆိုသည့် အသွင်အပြင်မရှိ။ စစ်ပွဲများမရှိဟုလည်း မဆိုနိုင်တော့ပေ။ သမိုင်းပညာရှင်တို့ လက်ခံယုံကြည်ကြသည့် အစောဆုံး လူ့ယဉ်ကျေးမှုသမိုင်းဟု မှတ်တမ်းတင်ခဲ့သည့် မက်ဆိုပိုတေးမီးယားမှသည် ယနေ့အထိ စစ်မဖြစ်ခဲ့သောနှစ် မရှိခဲ့ဟု သမိုင်းသုတေသီများက အခိုင်အမာဆိုကြသည်။ ရှေး၌ အဘယ့်ကြောင့် စစ်ဖြစ်ရသနည်းကို ၎င်းတို့ ကောက်ချက်ချသည်မှာ နိုင်ငံတည်ဆောက်ရေး၊ စည်ပင်ထွန်းကားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ အစောပိုင်းတွင် ထိုအကြောင်းပြချက်များဖြင့် စစ်တိုက်ကြသော်လည်း နောက်ပိုင်း မိမိတို့ကိုးကွယ်သည့် နတ်ဘုရားတို့ စေခိုင်းချက်အရ ဆိုသည့်စကားလုံးများ ပါဝင်လာသည်။ ထိုမှတဖန် ကွဲပြားခြားနားသည့် အခြားသော လူမျိုးတို့၏ နေထိုင်သည့်ပုံစံ ဓလေ့ထုံးစံများကို မနှစ်ခြိုက်သည့်အတွက်ကြောင့် စစ်တိုက်ရပါသည်ဟုလည်း ပါဝင်လာသည်။ ထို့ကဲ့သို့သော အကြောင်းပြချက်တို့ကြောင့် စစ်ပွဲများဖြစ်လာသည့်နောက် မိမိတို့နိုင်ငံကို စောင့်ရှောက်ရန်ဟူသော တိုက်ခိုက်ရေးအဖွဲ့အစည်းများ စတင်ပေါ်ပေါက်လာခဲ့တော့သည်။ ထို့ပြင်လည်း တရုတ်နိုင်ငံ၏ မဟာတံတိုင်းကဲ့သို့သော တံတိုင်းများ ပေါ်လာခဲ့သည်။ ထိုတရုတ်တံတိုင်းထက် ရှေးကျသော တံတိုင်းမှာ ဆူးမားဒေသအတွင်းရှိ အုတ်တံတိုင်းများဖြစ်ပါသည်။ ဘီစီ ၃၀၀၀ ခုနှစ်အရောက်တွင် စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်အဖွဲ့အစည်းများ၊ တိုက်ခိုက်ရေးနည်းပညာများ ပေါ်လာခဲ့ပြီဖြစ်သည်။ လောင်ဇူး၏ စစ်ရေးနည်းပညာကျမ်းသည် ဘီစီ ၅၀၀ တွင် ထွက်ပေါ်ခဲ့သည်။ ဘီစီ ၃၀၀ တွင်တော့ စစ်ပွဲများတွင် စစ်ပွဲတွင် အသုံးပြုသော လက်နက်များ အဆင့်မြင့်စ ပြုခဲ့ပြီဖြစ်လေသည်။ မျက်မှောက်ခေတ်တွင်တော့ နိုင်ငံတိုင်း စစ်ပွဲအတွက် အကောင်းဆုံးလက်နက်များ ပိုင်ဆိုင်နိုင်ရန်ကို ကြိုးစားနေကြသည်ကို တွေ့နိုင်ပါသည်။ ထို့အပြင်လည်း ထိုကဲ့သို့သော လက်နက်များ ပိုင်ဆိုင်ရန်အတွက် နိုင်ငံတော်ငွေ အမြောက်အများ သုံးလျက်ရှိကြသည်။ ဘီစီ ၂၇ ရာစုမှသည် အေဒီ ၂၁ ရာစုအထိ အကြီးမားဆုံး စစ်ပွဲနှင့် လူသေဆုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့သော ရာစုမှာ ၂၀ ရာစုဖြစ်သည်။ ဗြိတိသျှအင်ပါယာနှင့် ဓနသဟာယနိုင်ငံများမှ စတင်လိုက်သည့် ပဋိပက္ခများကြောင့် ဖြစ်ခဲ့ရသော စစ်ပွဲအတွင်း နိုင်ငံပေါင်း ၃၀ က ပါဝင်ခဲ့ပြီး လူပေါင်း ၁၈၇ သန်း သေဆုံးခဲ့ရသည်။ ၎င်းတို့၏ အကျိုးဆက်အဖြစ် နိုင်ငံများ ပေါ်ပေါက်လာသည့်အပြင် စစ်အုပ်ချုပ်ရေး စနစ်များကျန်ရနစ်နေပြီး ကျူးကျော်စစ်များ ပြည်တွင်းစစ်ပွဲများ ဖြစ်ပေါ်လျက် ရှိနေပါသေးသည်။ ထို့ကြောင့် ကမ္ဘာ့သက်တမ်းတလျှောက်တွင် မည်သည့်ခေတ်ကမှ မငြိမ်းချမ်းခဲ့ပါပေ။ ယနေ့ခေတ်ကာလ စမတ်ဖုန်းများ ရုပ်မြင်သံကြားများနှင့် ဆက်သွယ်ရေး စနစ်ကောင်းမွန်၍သာ တကမ္ဘာလုံး အခြေအနေကို မျက်မြင်ကိုယ်တွေ့ တွေ့နေရ၍ သင့်အနေဖြင့် စစ်ပွဲကိစ္စများနှင့် ကြုံနေရသည်မဟုတ်ပါ။ ကမ္ဘာပေါ်တွင် စစ်ပွဲ မဖြစ်သော ကာလ မရှိခဲ့ပါ။ ဤမြေမဟီတွင် လူဖြစ်နေသည့်ကာလတလျှောက်လုံး မည်သူမှ စစ်ပွဲနှင့် ကင်းမည် မဟုတ်ပါ။ ထို့ကြောင့် ခရစ္စရှနားမူးတီး ပြောသကဲ့သို့ပင် အများပြည်သူ ငြိမ်းချမ်းဖို့ကိုလည်းလုပ် မိမိငြိမ်းချမ်းဖို့ကိုလည်း လုပ်ကြပါဟုသာ ပြောချင်ပါတော့သည်။
လူတို့ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာရေးကြောင့် စစ်ပွဲဖြစ်ခဲ့ဖူးသလား။
ကမ္ဘာပေါ်တွင် လူသားတို့ သိမီသော သမိုင်းကာလ တလျှောက်လုံး စစ်ပွဲများ ပြတ်လပ်ခဲ့ခြင်း မရှိ။ ထိုစစ်ပွဲများတွင် ဘာသာရေးကိုအရင်းပြု၍ သို့မဟုတ် ဘာသာရေးတည်းဟူသော အချက်ကို အကြောင်းပြု၍ ဖြစ်ရသည့်စစ်ပွဲကို ဘာသာရေးစစ်ပွဲ ဖြစ်ခဲ့ပါလားဟု မေးလျင် ဖြစ်ခဲ့ပါသည်ဟုသာ အဖြေရှိပါသည်။ သို့သော် မည်သည့်ခေတ်ကစ၍ ဘာသာရေးစစ်ပွဲများ စတင်ခဲ့သနည်း။ ခရူးဆိတ်စစ်ပွဲသည် ဘာသာရေး စစ်ပွဲဟုတ် မဟုတ်။ ချားဖိလစ်ရေးသားသော စစ်ပွဲစွယ်စုံကျမ်းတွင် ကမ္ဘာပေါ်၌ မှတ်တမ်းထင်ထားထိုက်သည့် စစ်ပွဲကြီးပေါင်း ၁၇၆၃ ခုတွင် ဘာသာရေးကို အရင်းပြု၍ ဖြစ်ခဲ့သော စစ်ပွဲပေါင်း ၁၂၁ ခုဖြစ်ခဲ့သဖြင့် ဤလူ့လောက မြေမဟီအတွင်း မှီတင်းနေထိုင်ကြသော လူသားများအချင်းချင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် တိုက်ခိုက်ကြသော စစ်ပွဲများတွင် ဘာသာရေးစစ်ပွဲများ ပါဝင်ခဲ့ပါသည်ဟု ဆိုင်နိုင်သည်။ (ခရူးဆိတ်စစ်ပွဲသည် ဘာသာရေး စစ်ပွဲဟုတ်၏ဟုလည်းကောင်း၊ မဟုတ်ပါဟုလည်းကောင်း ဘာသာရေးစစ်ပွဲ စစ်စစ်ကြီးဟုလည်းကောင်း အမျိုးမျိုးသော စစ်တမ်းကောက်ယူသည့် ပညာသည်များ၏ အယူအဆများကို နောက်ပိုစ့်တွင် များစွာ တွေ့ရဦးမည်ဖြစ်သည်)။ ရာခိုင်နှုန်းးအားဖြင့် တွက်ဆသော် ၆.၈၇% ရှိပါသည်။ ဘာသာရေးအား အရင်းတည်၍ စစ်ပွဲဖြစ်ပွားခဲ့သော ခုနှစ်မှာ ၁၇၅၆ မှ ၁၇၆၃ ခုနှစ်များတွင် ဖြစ်ခဲ့သော “ခုနှစ်နှစ်စစ်ပွဲ” ဟုအမည်ရသော အင်္ဂလန်၊ ပြင်သစ်နှင့် ဩစတြီးယား၊ ပရက်ရှားတို့အကြား အားပြိုင်ရာမှ စတင်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာပဋိပက္ခစစ်ပွဲကြီး ဖြစ်ခဲ့သည်။ စင်စစ် ထိုစစ်ပွဲသည် ဘာသာရေးကို အခြေပြု၍ ဖြစ်ရသော စစ်ပွဲမဟုတ်ခဲ့ပါ။ စစ်ပွဲ၏အစတွင် ပြင်သစ်နှင့် ဗြိတိန်တို့က နယ်ချဲ့လုပ်ငန်း စတင်ခဲ့သည်။ အမေရိကဘက်ကို သိမ်းအပြီး အာရှဘက်ကို ဦးတည်လာစဉ် ပရက်ရှားနှင့် ဩစတြီးယားတို့၏ ခုခံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပရက်ရှားနှင့် ဩစတြီးယားတို့ကလည်း အင်အားသာသည်နှင့် ပြန်လည်ခုခံနိုင်သည့်အပြင် ထိုဗြိတိန်နှင့် ပြင်သစ်ကို အသာအယာပင် အနိုင်ယူနိုင်ခဲ့သည်။ ထိုအခါ ပရက်ရှားနှင့် ဩစတြီးယားတို့သည် အင်ပါယာတည်ထောင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် နယ်ချဲ့စစ်တိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုစစ်ပွဲကို သူတို့က သန့်ရှင်းသောစစ်ပွဲဟု အမည်ပေးခဲ့ရာမှ ဘာသာရေးစစ်ပွဲဟု အမည်တပ်ခံခဲ့ရခြင်းသာ ဖြစ်ခဲ့သည်။ ၎င်းစစ်ပွဲများဖြစ်ပွားနေချိန်အထိ လူတို့သည် ကိုးကွယ်ရာများကို ဘာသာရေး (Religion) ဟု အမည်မတပ်ကြပါ။ ထိုကာလအထိ ဘာသာရေးဟုလည်း မသုံးနှုန်းရဲကြပါ။ မြင့်မြတ်သောအရာကို အမည်မတပ်ရဲပါ။ ခရိယာန်တို့ကိုးကွယ်သည့်ဘာသာများကို အင်ပါယာဥပဒေကို လိုက်နာသူများဟု သုံးနှုန်းခဲ့ကြသကဲ့သို့ ဗုဒ္ဓဘာသာကိုလည်း ဗုဒ္ဓတရားတော်ကို လိုက်နာသူများဟုသာ သုံးနှုန်းခဲ့ကြပါသည်။ ထိုအချိန်က လူများသည် မိမိကိုးကွယ်သည့် ဘာသာမှ ဆုံးမသော တရားဒေသနာတော်များကို အလွန်လေးစားကြသည်။ ထို့ပြင် ဘုရားဟောကြားထားသည့် တရားတော်များကို လိုက်နာရန်သာနှင့် ဘုရား၏ တရားတော်များကိုလည်း ဘုန်းတော်ကြီးများကိုလည်းကောင်း ရိုသေလေးမြတ်ရန်ကိုသာ အလေးထားကြသည်။ ၁၈၅၃ ခုနှစ်တွင် အမေရိကန်သင်္ဘောတစင်းမှ ဂျပန်ကမ်းရိုးတမ်းသို့ မှားယွင်းရောက်သွားပြီး ဂျပန်တို့အား ကိုးကွယ်သည့်အရာကို အတင်းအကြပ်မေးရာမှ မိမိတို့ကိုးကွယ်သည့်အရာများကို အမည်တခုခုဖြင့် ခေါ်ဝေါ်ရန်လိုအပ်ကြောင်း သုံးသပ်ခဲ့ကြသည်။ ထို့နောက်မှ ဘာသာရေးဆိုသည့် စကားလုံးကို ဖော်ထုတ်ခဲ့ကြသည်။ ပြင်သစ်ရှေးဟောင်း စကားလုံးဖြစ်သည့် မှန်ကန်သော အသိတရား၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော ဝတ္တရား၊ သန့်ရှင်းမှု မြင့်မြတ်မှုဟု အဓိပ္ပါယ်ရသည့် ဘာသာရေးဆိုသည့် စကားလုံးကို စတင်သုံးနှုန်းခဲ့သည်။ ထိုစကားလုံး၏ ဇစ်မြစ်မှာ လက်တင်ဘာသာစကား Religio မှ ဖြစ်ပါသည်။ လက်တင်ဘာသာစကားအရ အဓိပ္ပါယ်မှာ “သေချာစဉ်းစား” ဟုအဓိပ္ပါယ်ရပါသည်။ ထို Religion ဟူသည့်စကားလုံးကို ကိုးကွယ်ရာဘာသာဟု မသတ်မှတ်ရသေးသည့်အချိန်များ၌ တချို့သော စာပေများတွင် အသုံးပြုခြင်းမျိုး ရှိခဲ့ပါသည်။ အကယ်၍ ထိုခေတ်မတိုင်ခင် စာပေများတွင် Religion ဟု တွေ့ရှိခဲ့ပါက အခြားအဓိပ္ပါယ် ထွက်နေမည် ဖြစ်ပါသည်။ ဘုရင်၊ အိမ်နီးချင်း၏ ဝတ္တရားဟုလည်းကောင်း၊ အီဂျစ်နတ်ဘုရားတို့အား သတိထားဆက်ဆံခြင်းဟုလည်းကောင်း၊ အမျိုးသမီးတို့၏ ရှက်ရွံ့မှုဟုလည်းကောင်း တခုခုဖြစ်သွားနိုင်ပါသည်။ ထိုထိုမတိုင်ခင်သောကာလတွင် ဘာသာရေး၌ Threskeia ဟုဆိုသော စကားလုံးကို တွေ့နိုင်ပါသည်။ ကိုးကွယ်ခြင်းဟု အဓိပ္ပါယ်ရသော်လည်း နောက်ပိုင်းတွင် ထိုစကားလုံးမှာ ဘာသာရေးကို ဆိုလိုခဲ့ခြင်း ဖြစ်ဟန်ရှိသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာလို ဘာသာရေးဟု မည်သည့်အချိန်တွင် စတင်သုံးခဲ့ကြသည်တော့ မသိပေ။ ထို Religion ဟူသော စကားလုံးသည် ဗုဒ္ဓဘာသာနှင့်မဆိုင်ဟု ကမ္ဘာ့ဒဿနနှင့် ဗုဒ္ဓ၏ဒဿနများကို သင်ကြားနေသည့် သင်တန်းဆရာ ဒေါက်တာ ဖီးလစ်ပက်ကရီနိုမှ ပြော၏။ ဗုဒ္ဓဘာသာသည် နတ်ဘုရားများနှင့် မဆိုင်သောကြောင့်ဟု သူကဆိုသည်။ ထိုသူက နတ်ဘုရားများအား ကိုးကွယ်သည့် ဘာသာကိုသာ Religion ဟုဆိုလိုဟန်ရှိသည်။ ထိုသူမှ ပြောသေးသည့် အချက်တချက်မူကား ဗုဒ္ဓဘာသာဝင်များသည် နတ်ဘုရားကို မကိုးကွယ်ဟုဆိုသော်လည်း ဗုဒ္ဓဘာသာဝင်တိုင်း နတ်ကိုကိုးကွယ်နေကြသည်ကို ကြိမ်ဖန်များစွာ တွေ့ဖူးသည်ဆို၏။ ထို့ကြောင့်နတ်ကိုပါ ကိုးကွယ်ကြသည့် ဗုဒ္ဓ၏ဒဿနကို လိုက်နာသူအချို့အား ဗုဒ္ဓဘာသာဟု သုံးနှုန်းရန် သင့်တော်ပါသည်ဟုလည်း ဆိုထားပြန်ပါသည်။ ဗုဒ္ဓဘာသာဝင်များက ထိုသူ၏ အယူအဆကို မည်သို့သဘောရသည်တော့ ကျွန်ုပ်မမှန်းနိုင်။ ကျွန်ုပ် စာဖတ်တတ်စတွင် ဤအချက်ကို ငြင်းကြသည့် ဆောင်းပါးများကို မဂ္ဂဇင်းအချို့၌ တွေ့ခဲ့ဖူးသည်ကိုတော့ မှတ်မိပါသည်။ ဗုဒ္ဓဘာသာဟု စတင်သုံးနှုန်းခဲ့မှုအား ယေးလ်နှင့် ချီကာဂိုတက္ကသိုလ်မှ စာတန်းနှစ်ခုတွင် ၁၉ ရာစုမှသာ စတင်ခဲ့သည်ဟု ဆိုသည်။ ဗုဒ္ဓ၊ ဟိန္ဒူနှင့် တာအိုနှင့် ကွန်ဖြူးရှပ်ကို ဘာသာ Religion ဟု စတင်ထည့်သွင်း အသုံးပြုခဲ့သည်။
ဘာသာရေးစစ်ပွဲဟူသော အခေါ်အဝေါ်ကိုကြားသည်နှင့် မည်သူမဆို ခရူးဆိတ်စစ်ပွဲကို ပြေးမြင်မိကြမည်မှာ သေချာပါသည်။ သို့သော် ထိုစစ်ပွဲသည် ဘာသာရေးစစ်ပွဲလား။ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ပုပ်အာဘန် ၂ မှ စတင်ခဲ့သော ၁၀၉၅ ခုနှစ်မှ ၁၂၉၁ ခုနှစ်အထိ နှစ်ပေါင်း ၁၉၆ နှစ်ကြာ ခရိယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ စစ်ပွဲကို ယခုခေတ်မှသာ ဘာသာရေးစစ်ပွဲဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ထိုစစ်ပွဲဖြစ်ချိန်ကမူ မွတ်စလင်တို့လက်ထဲတွင် ရောက်ရှိနေသော သန့်ရှင်းသော မြေကိုပြန်လည်ရယူလိုသော ကက်သလစ်ခရိယာန်တို့၏ နယ်မြေလုသည့် စစ်ပွဲသာဖြစ်ပါသည်။ ထိုစစ်ပွဲတွင် bellum iustum ဆိုသော အသုံးအနှုန်းကိုသာ သုံးခဲ့ပါသည်။ မြန်မာတို့ သုံးလေ့သုံးထရှိသော တရားသောစစ်ပွဲဆိုသည့် အသုံးအနှုန်းပင် ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက စခဲ့သည်ဆိုသော်မှ နိုင်ငံရေး စီးပွားရေးများပါဝင်နေမှုကြောင့် နောက်ပိုင်း ဘုရင်များစွာကပင် ပါဝင်ခဲ့သော စစ်ပွဲဖြစ်ခဲ့ရပါသည်။ ထိုစစ်ပွဲဖြစ်ပွားနေချိန်တွင် ဘာသာရေးစစ်ပွဲဟု မသုံးနှုန်းခဲ့ကြသကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ ဓမ္မကျမ်းများတွင် ပါဝင်သည့် မဟာဘာရတနှင့် ရာမယာနတို့၏ စစ်ပွဲကိုလည်း ဘာသာရေးစစ်ပွဲဟုလည်းကောင်း တရားမျှတသော စစ်ပွဲဟုလည်းကောင်း သုံးနှုန်းခေါ်ဝေါ်ထားခြင်း မရှိပြန်ပါ။ မွတ်စလင်ဘာသာဝင်များဖြင့်သာ ဖွဲ့စည်းထားသော အော်တိုမန်အင်ပါယာ၏ ၁၄ ရာစုမှ ၂၀ ရာစု အချိန်ကာလများအတွင်း အရှေ့ဥရောပ၊ အနောက်အာရှနှင့် မြောက်အာဖရိကတို့အား သိမ်းပိုက်ပြီးနောက် မွတ်စလင်ဘာသာဝင်များအဖြစ် အတင်းအဓမ္မ ကူးပြောင်းစေခဲ့သည်။ မွတ်စလင်ဘာသာသို့ မကူးပြောင်းသူများအား သေဒဏ်ပေးခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အလ္လာအရှင်မြတ်၏ နာမတော်ကို ဂုဏ်ပြုသောအားဖြင့် ဟုဆိုကာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများ၊ ခရိယာန်ဘုရား ကျောင်းများကိုလည်း ဖြိုချဖျက်ဆီးခဲ့ကြသည်။ ထိုအနေအထားကို အစ္စလာမ်ဘုန်းတော်ကြီးများက ဂျီဟတ်ဟု သုံးနှုန်းခြင်းနှင့် ဘာသာရေးအရ စစ်တိုက်ခြင်းဆို စွပ်စွဲမှုကို လုံးဝဆန့်ကျင်ခဲ့သည်။ သူတို့က စီးပွားရေးအရ စစ်တိုက်ခဲ့ခြင်းသာ ဖြစ်သည်ဟုဆိုသဖြင့် ထိုအင်ပါယာ၏ စစ်ပွဲများကိုလည်း ဘာသာရေးစစ်ပွဲဟု ခေါ်ဝေါ်၍ မရကြောင်း သမိုင်းပညာရှင်တချို့ကလည်း ဆိုပြန်သည်။ ထို့ပြင် ဂျီဟတ်ဟူသော စကားသည် ဘာသာရေးအရ စစ်တိုက်ခြင်းမဟုတ်ဘဲ မိမိအလုပ်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း မွတ်စလင်တို့လိုက်နာရန် စည်းကမ်း ၁၀ ချက်ကို ကိုးကားပြခဲ့ကြသည်။ ပန်ချာပီတို့ ကိုးကွယ်သည့် ဆစ်ဒ်ဘာသာဝင်တို့နေထိုင်သည့် ပန်ဂျပ်ပြည်ကို အော်တိုမန်အင်ပါယာအကူအညီဖြင့် မူဂယ်အင်ပါယာက ၁၅၆၂ တွင် သိမ်းပိုက်ခဲ့၏။ ထို့နောက် ၁၆၀၆ ခုနှစ်တွင် ဘုရင်ဖြစ်သူအား အစ္စလာမ်ဘာသာဝင်သို့ ကူးပြောင်းရန် ငြင်းဆန်ရာမှ ကွပ်မျက်ခံရပြီးနောက် ဆစ်ဒ်တို့က ပုန်ကုန်ခဲ့ကြသည်။ ထိုပုန်ကုန်မှုကြောင့် ဖြစ်ရသော စစ်ပွဲများကို ဆစ်ဒ်တို့က သီလအတွက် အနစ်နာခံခြင်းဟုသာ သုံးနှုန်းခဲ့ကြသည်။ လက်ရှိခေတ်ကာလတွင် ဖြစ်ပွားနေသော ဂျူးနှင့် ပါလက်စတိုင်း စစ်ပွဲကိုလည်း ၂၀ ရာစုအထိ ဘာသာရေးစစ်ပွဲဟု မသုံးနှုန်းကြပေ။ အိန္ဒိယ ပါကစ္စတန်စစ်ပွဲသည် လူသား တန်းတူအခွင့်အရေးရရန် တိုက်ရသော စစ်ပွဲဟု ဆိုကြသည်။ ၁၉၆၆ ခုနှစ် ဗီယက်နမ်တွင် ဝန်ကြီးချုပ်ဖြစ်သူက ကက်သလစ်ဖြစ်ပြီး တပ်မှူးချုပ်က ဗုဒ္ဓဘာသာဖြစ်နေရာမှာ အာဏာသိမ်းမှု ဘာသာဝင်အချင်းချင်း သတ်ဖြတ်မှု ကိုလည်း အာဏာလုစစ်ပွဲဟုသာ သုံးနှုန်းခဲ့ကြသည်။ တရုတ်နိုင်ငံတွင်လည်း အော်တိုမန်အင်ပါယာ ကြီးစိုးစဉ်က ကျန်ခဲ့သော ကာဇတ်လူမျိုး ဝီဂါမွတ်စလင်တို့၏ ဒွန်ဂန်ပုန်ကန်မှုသည် လူမျိုးရေးဟု မှတ်တမ်းတင် ထားကြသည်။ သို့သော် ဘီစီ ၅၉၅ မှ ၂၈၀ အထိ ဂျူးနှင့် ခရိယာန်တို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲငါးခုကို မြင့်မြတ်သောစစ်ပွဲ (Holy War)ဟုသာ သုံးနှုန်းကြပြန်သည်။
မိမိဘက်က ဘာသာရေးစစ်ပွဲဟု အမည်တပ်သော်လည်း လူတို့ရေးသားမည့် သမိုင်းဖြစ်စဉ်တွင် စစ်ပွဲတခုခုသည် ဘာသာရေးစစ်ပွဲဟု အမည်တွင်ချင်မှ တွင်မည်လည်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲများအပေါ် အယူအဆဆိုင်ရာ ပညာရှင်များက ကင်ပွန်းအမျိးမျိုးတပ်လေ့ ရှိပါသည်။ အင်အားပြိုင်လိုမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူဦးရေဆိုင်ရာ၊ မူဝါဒ၊ အတွေးအခေါ်၊ နည်းပညာ၊ ဥပဒေ၊ တင်ကြိုကာကွယ်ရေး၊ အချုပ်အခြာအာဏာ၊ တော်လှန်ရေး၊ သယံဇာတရလိုမှု၊ အာဏာဖြန့်ကျက်လိုမှုစသဖြင့် ချဉ်းကပ်ပုံ ကွဲပြားသည့်အလျောက် အယူအဆများလည်း ကွဲပြားလျက်ရှိသည်။ စစ်ပွဲအယူအဆကို ထုတ်ပြန်မည့်သူသည် မည်သည့်ထောင့်မှ ချဉ်းကပ်ပြီး ခွဲခြမ်းစိတ်ဖြာသနည်း ဆိုသည့်အပေါ် မှီတည်နေသည်။ ထို့အပြင် ထိုသူ၏ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်သူ၏ စိတ်ကျန်းမာရေးအခြေအနေ၊ အတွေးအခေါ်၊ ကျင်လည်ရာဝန်းကျင်၊ ရင်ဆိုင်နေရသည့် အခက်အခဲများ စသည်များနှင့်လည်း ပတ်သက်နေကြောင်း ဆိုထားပါသည်။ ဥပမာတခု ကြည့်နိုင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် နာမည်ကျော် ကုန်အမှတ်တံဆိပ်တခုမှ ဝန်ထန်းပေါင်း ၃၀၀၀ အား သူတို့ကုန်အမှတ်တံဆိပ် ရောင်းအားကောင်းမှုအပေါ် ခွဲခြမ်းစိတ်ဖြာစေရာ အချက်အလက်ပေါင်း ၁၈၀၀ ရရှိခဲ့ပါသည်။ ဤနည်းအတိုင်းပင် စစ်ပွဲအပေါ် ခွဲခြမ်းစိတ်ဖြာမှုများလည်း ခွဲခြမ်းစိတ်ဖြာသူတို့၏ ခံယူချက်ပေါ်မူတည်ပြီး ကွဲနိုင်ပါသည်။ ဤကဲ့သို့ ကွဲပြားမှုများ ရှိနေခြင်းကြောင့်ပေလား မသိ။ အွန်လိုင်းပေါ်တွင် Religious Conflicts (or) War Graphs ဟု ပုံများကို ရှာကြည့်ဖူးပါသည်။ ထိုအခါ အဖြစ်အပျက်တခုကိုပင် ပြေးမြင်မိတော့၏။ အင်းဝခေတ် ဆရာတော်ဦးဗုဓ်ထံ ရဟန်းငယ်တပါးမှ သူပြုစုထားသည့် ကျမ်းတစောင်အား လာပြ၏။ ထို့နောက် မှားသည့်နေရာများကို ထုံးတို့ထားပေးရန် လျှောက်ထားပြီး ပြန်သွားသည်။ နောက်သုံးရက်အကြာ ထိုရဟန်းငယ်မှာ သူ့ကျမ်းကို လာပြန်၍ တောင်းယူ၏။ ထိုအခါ ဆရာတော်ဦးဗုဓ်က မှားတဲ့နေရာ ထုံးတို့လို့ဆိုတာနဲ့ အောက်က ထုံးအိုးထဲနစ်ထားတယ်ဟူ၍ ထိုရဟန်းငယ်အား ပြန်ပြောလိုက်လေသည်။ အွန်လိုင်းပေါ် တွေ့ရမည့် ဂရဖ်သည်လည်း ဤနည်းအတိုင်းဖြစ်နေသည်။ စစ်စစ်မူ ဘာသာရေးကြောင့်ဖြစ်သောစစ်ပွဲနှင့် ဘာသာရေးကြောင့်ဖြစ်သော ပဋိပက္ခများသည် ဘီစီ ၆၀၀ ကတည်းက ယနေ့အထိ ဖြစ်ပျက်လျက်ရှိ၏။ ဘာသာရေးဟူသော စကားလုံး မပေါ်သေး၍ဖြစ်လည်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် မသုံးရဲကြ၍ ဖြစ်ရမည်။ ဘာသာရေးစစ်ပွဲဆိုသည့် အသုံးအနှုန်းကို ၁၇ ရာစုမှသာ သုံးရခြင်းမှာ ဂျာမာန်ဒဿနပညာရှင်၏ ဘုရားသခင်သေပြီဆိုသော စကားလုံးသည် ၁၇၉၇ ခုနှစ်ထုတ် ဝတ္ထုတပုဒ်မှ ရရှိခဲ့သည်ဟု ဆိုသည်။ ထိုခေတ်မှစ၍ လူတို့သည် ကိုးကွယ်သည့် ဘာသာအပေါ် ရဲရဲတင်းတင်း စတင် စိစစ်ခဲ့ကြနိုင်ပြီဖြစ်ရာ ထိုခေတ်မတိုင်ခင်က လူတချို့ ကိုးကွယ်ကြသည့်အပေါ် စတင်သံသယဝင်ခဲ့ခြင်း ကြောင့်သာ ဖြစ်မည်။ စင်စစ် ဘာသာရေးစစ်ပွဲဟု မသုံးနှုန်းခဲ့ကြခြင်းမှာ လူတို့သည် မိမိတို့ ကိုးကွယ်သည့် ဘာသာတရားအပေါ် မြင့်မြတ်လှ၏ဟု ယုံကြည်ထားကြသည်။ ယုံကြည်သည့်အလျောက်လည်း မြတ်နိုး၏၊ တန်ဖိုးထား၏။ ထိုမိမိတို့ တန်ဖိုးထားမြတ်နိုးသော အရာအတွက် ယုံကြည်ချက်အပြည့်ဖြင့် စစ်တိုက်ရန်လိုပါက စစ်တိုက်မည်။ အသက်စွန့်ရန်လိုပါကလည်း စွန့်မည်။ လုပ်ကြံသတ်ဖြတ်ရန်လိုပါကလည်း လုပ်ကြံသတ်ဖြတ်မည်။ အကြမ်းဖက်ရန်လိုပါက အကြမ်းဖက်ပါမည်။ သို့တိုင် မိမိတို့ မြတ်နိုး တန်ဖိုးထားသည့် ဘာသာတရား၏အမည်ကို အကြောင်းမဲ့ မထိခိုက်စေချင်။ နာမည်မရလျင်နေ၊ နာမည် မပျက်စေချင်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းလို၏။ ထို့ကြောင့် စစ်ပွဲကို စေခိုင်းသူ၊ စစ်ပွဲထဲပါဝင်သူနှင့် မှတ်တမ်းတင်သူ စသည့်မည်သူမှ ဘာသာရေးစစ်ပွဲဟု မသုံးနှုန်းခဲ့ကြခြင်းသာဖြစ်ပါသည်။ ပြီးလျင်လည်း ဘာသာရေးဟူသော စကားလုံးသည် အထိအခိုက်အလွန်လွယ်သည်။ ထိုစကားလုံးကို အသုံးပြု၍ စစ်ပွဲနှင့် တွဲစပ်လိုက်ပါက ခြိမ်းချောက်မှုနှင့် ကြုံရနိုင်ဖွယ်ရှိသောကြောင့်လည်း ဖြစ်ပါမည်။ ဂျနီဗာကွန်ဗင်းရှင်း အပိုဒ် ၅၃ တွင် စစ်ပွဲအတွင်း ယဉ်ကျေးမှုအဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများကို မထိခိုက်စေရဟု ပါဝင်သည်။ တချိန်က ဆားဒ်ခါမီခါစီများက နှစ် ၂၀၀၀ ကျော်က ကမ္ဘာအမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကို အမြောက်များ လောင်ချာများဖြင့် အဆက်မပြတ်ပစ်ခတ်ကာ ဖျက်ဆီးခဲ့သည်။ အမေရိက၊ ဂျာမဏီ၊ ရုရှား၊ အိန္ဒိယနှင့် ဥရောပပါလီမန်များက ထိုစာပိုဒ်ကို ထောက်ပြ၍ တားမြစ်ကြသည်။ ထိုအခါ မူလာမိုဟာမက်အိုမာက ဘာသာရေးကို ထိခိုက်စော်ကားခြင်း တိုက်ခိုက်ခြင်းမဟုတ်။ စစ်ရေးလေ့ကျင့် စမ်းသပ်ပစ်ခတ်ခြင်းဖြစ်သည်ဟု အဖြေပေးခဲ့ခြင်းကလည်း ဘာသာရေးစစ်ပွဲဟူသော အသုံးအနှုန်းကို သုံးဖို့ ခက်ခဲစေသည်။ သို့အတိုင်းဆိုလျင် ကမ္ဘာပေါ်တွင် ဘာသာရေးစစ်ပွဲ အရေအတွက်သည် ၁၂၁ ခုဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။
ယနေ့ဘာသာဝင်များ သူတို့ကိုးကွယ်သည့်ဘာသာအပေါ် မည်သို့ ပြောဆိုကြသနည်း။
လူတို့၏ ကိုးကွယ်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ကမ္ဘာမှ လက်ခံထားသော သမိုင်းကို ကျွန်ုပ်၏ နတ္ထိဆိုသော ပိုစ့်တွင် ရေးသားခဲ့ပြီး ဖြစ်ပါသည်။ ထိုပိုစ့်တွင် ကျွန်ုပ်က ဘာသာကြီးနှင့် ဘာသာငယ်များကို မြန်မာတို့ ယုံကြည်သည့်အတိုင်း ဘာသာကြီး ၄ ခုနှင့် ထိုဘာသာကြီးကို မှီ၍ ပွားလာသော ဘာသာပေါင်း ၁၂၀၀ ရှိသည် ပြောဖြစ်သည်။ တချို့အယူတွင် ဂျူးဘာသာကိုလည်း ဘာသာကြီးထဲ ထည့်သွင်းထားသည်။ ထို့ကြောင့် ဘာသာကြီး ၅ ခုဟု ဆိုသည်။ ထိုပြင် ထိုဘာသာကြီး ၅ ခုကို မှီ၍ ပေါ်ပေါက်ရသောဘာသာ၊ လက်ရှိ အသစ်ဖြစ်ပေါ်လျှက်ရှိသော ဘာသာသစ်များကို အားလုံးစု၍ ပေါင်းလိုက်ပါလျင် ကိုးကွယ်ခြင်းဆိုင်ရာ ဘာသာငယ်ပေါင်း တသောင်းကျော်ရှိလေ၏ဟု ဆိုထားပြန်ပါသည်။ တချို့စာမျက်နှာ၌ ၃၀၀၀ ခန့်ဟုလည်းကောင်း ၄၀၀၀ ခန့်ဟုလည်းကောင်း တွေ့ရသည်။ ကြည့်ရသည်မှာ လက်ရှိမြန်မာနိုင်ငံ၌ ရှိသော သာမည၊ ရွှေပေါ်ကျွန်း၊ ဖိုးတခေတ်၊ ဟိုပုံးကိုရင်လေးစသည်တို့ကို ဗုဒ္ဓဘာသာကို အခြေပြုထားသော ဝိဇ္ဇာဓိုရ်ဘာသာ, အင်းတော်ကြီးဘာသာ, ပထမံသိဒ္ဓိဘာသာစသည်ကို ထည့်တွက်သူ ထည့်တွက်၍ ထည့်မတွက်သူ ထည့်မတွက်ဟု ဆိုရမည်။ ဤသို့သော ဂိုဏ်းများကလည်း မူဝါဒများ ကျင့်ဝတ်များကို အသင်းဝင်အချင်းချင်းတို့အပေါ်သာ ထုတ်ပြန်တတ်သောကြောင့် ဘာသာရေးတခုအဖြစ် အချို့က မသတ်မှတ်ကြသည်လည်း ရှိသည်။ ကျွန်ုပ်ဤသို့ ပြောရသည်မှာ တလောက မြန်မာနိုင်ငံထဲမှ သံဃာနှင့် ပတ်သက်သည့် နာမည်ကြီးမြို့တမြို့တွင် ရဟန်းသံဃာပေါင်း ၂၀၀ နီးပါးသည် လူတဦး၏ ဦးဆောင်မှုဖြင့် ဝိဇ္ဇာဓိုရ်ရဟန္တာအားပူဇော်ခြင်းဆိုသည့် အစီအစဉ်ကြီးတခု Facebook ပေါ်တွင် တွေ့ခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ ဝိဇ္ဇာဓိုရ်နှင့် ရဟန္တာတွဲမတွဲကို ကျွန်ုပ်အနေဖြင့် တပ်အပ်ကြီးမတွဲနိုင်ဟု မပြောနိုင်ပါ။ မင်းတို့ မသိသေးတာတွေ လောကကြီးမှာ အများကြီးရှိသေးတယ်ဟု ထိုဝိဇ္ဇာလိုင်းကို လိုက်နေသော ဘုန်းကြီးများနှင့်တွေ့သောအခါ ကျွန်ုပ်အား ထိုသို့ဩဝါဒ ခြွေတတ်ကြသောကြောင့် ဖြစ်သည်။
လက်ရှိ ကမ္ဘာ့ဘာသာရေးတွင် ကိုးကွယ်လျက်ရှိသော လူဦးရေများကို အနည်းငယ် ဖော်ပြပါမည်။ ခရိယာန် ၂၃၈၂ သန်း၊ အစ္စလာမ် ၁၉၀၇ သန်း၊ ဟိန္ဒူ ၁၁၆၁ သန်း၊ ဗုဒ္ဓ ၅၀၈ သန်း၊ တရုတ်ရိုးရာ ၂၉၄ သန်း၊ နတ် ၃၀၀ သန်း၊ အာဖရိကရိုးရာ ၁၀၀ သန်း၊ ဆစ်ဒ ၂၆ သန်း၊ ပေါင်းစပ်နတ် (Spiritism) ၁၅ သန်း၊ ဂျူး ၅ သန်း၊ ဘဟာဟူလာ ၅ သန်း၊ ဂျိန်း ၄.၂ သန်း၊ ရှင်တို ၄ သန်း၊ ဆောဒိုင် (Coa Dai) ၄ သန်း၊ ဇော်ရိုတိကာ ၂.၆ သန်း၊ တန်ရီကျို (Tenrikyo) ၂ သန်း၊ ဝိညာဉ် (Animism) ၁.၉ သန်း၊ ရှေးခေတ် (paganism) ၁ သန်း၊ စင်္ကြဝဠာနတ်များ (Unversalism) ၀.၈ သန်း၊ လွတ်မြောက်ခြင်းနတ် (Rastafari) ၀.၆ သန်းဖြစ်၏။ လက်ရှိလူဦးရေသည် သန်းပေါင်း ၇၇၉၀ ထောင်ဖြစ်၏။ သို့ဆိုလျင် ၁၁၉၃ သန်းလိုနေသေး၏။ နောက်ပိုင်းတွင် ထို ၁၁၉၃ သန်းသောလူများ၏ မည်သည့်ဘာသာကိုမှ မကိုးကွယ်သူများနှင့် ယနေ့ခေတ်နှောင်းပိုင်းမှ ပေါ်ပေါက်လာသော ဘာသာသစ်အကြောင်း ပါဝင်လာမည်။ ထိုဘာသာကြီးငါးခုနှင့် ဘာသာရေးအငယ်များ NRM ခေါ် ဘာသာရေးအသစ်များတို့သည် သူ့ချည်းသက်သက် တည်ရှိနေ၍ မရ။ လူတို့ ကိုးကွယ်မှုရှိမှသာလျင် ဘာသာတခု တည်ရှိနေမြဲ တည်ရှိနေမည် ဖြစ်ပါသည်။ လူတို့မှ ကိုးကွယ်သည်ဆိုသည့်အချက်က ဘာသာရေးများအတွက် စိန်ခေါ်မှုတရပ်ဖြစ်လာပါသည်။ လက်ရှိကိုးကွယ်နေကြသည့် ဘာသာရေးများသည် လူတို့၏ သဒ္ဓါ (ယုံကြည်မှု)နှင့် ပညာ (ဆင်ခြင်မှု) တို့ကြောင့် မတည်မငြိမ်ဖြစ်လျက် ယိမ်းယိုင်လျက် တည့်မတ်လျက် ကွေ့ကောက်လျက် ဖြောင့်တန်းလျက် ဆင်းလျက် တက်လျက်ဖြစ်ရလေ၏။ ရှေးရိုးစွဲများ၊ ခေတ်ကိုအမှီလိုက်လိုသောသူများနှင့် အရှိကို အရှိအတိုင်းထားလိုသူများကြား ဘာသာရေးများတွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားရသည်။ အချို့သော အပြောင်းအလဲက ကောင်းမွန်သော်လည်း အချို့သော အပြောင်းအလဲက ဘာသာတခုအား တိုးတက်စေခြင်းထက် ယုတ်လျော့သွားစေခြင်းက ပို၍အားသာနေသည်ကို တွေ့ရ၏။ ထိုသို့သော ပြောင်းလဲမှုကို သတိထားစောင့်ကြည့်သူများ လေ့လာသူများလည်း ဘာသာရေးတိုင်းတွင် ရှိ၏။ ဤကဲ့သို့ပြောင်းလဲနေမှု ထိုပြောင်းလဲမှုကို စောင့်ကြည့်လေ့လာသူ၏ သုံးသပ်မှုများ ရေးသာထားသော ဘာသာရေးများအတွက် အားနည်းချက် ဖြစ်လာသော အချက်များကို အနည်းအကျဉ်းကို ဖော်ပြပါမည်။ အောက်ပါအကြောင်းအရာများသည် ဘာသာဝင်များကိုယ်တိုင် ပြောထားသောအကြောင်းအရာများ ဖြစ်ပါသည်။
၁။ ဗုဒ္ဓဘာသာဝင်သည် အတ္တကို လျှော့ချရန်အတွက် များပြားသော ဟောပြောမှုများကို ပြုလုပ်နေသော်လည်း အတ္တအကြီးဆုံးဘာသာ တခုသာဖြစ်ပါသည်။ ဂေါတမဗုဒ္ဓသည် သူ့အားကိုးကွယ်သည့် ဘာသာဝင်များကို တမင်ပင် ထင်ထင်ရှားရှားတွေ့လိုဟန် ရှိသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အဆောက်အအုံများသို့ ဝင်လျင် အဝတ်အစားသည် အသိပညာကို ရရှိစေသည့်အလား အထူးပင်အလေးထားကာ ဝတ်စားဆင်ယင်ရပါသည်။
၂။ ဗုဒ္ဓဘာသာဝင်များသည် အလွန်နူးညံ့သိမ်မွေ့ကြသူများဖြစ်သည် တည်းဟူသော ဂုဏ်သိက္ခာကို တန်ဖိုးထားကြ၏။ တန်ဖိုးထားသည့်အလျောက်လည်း ကျင့်ကြံနေထိုင် ပြောဆိုကြ၏။ သို့သော် လက်ရှိအွန်လိုင်းပေါ်တွင် ရေးသားကြသော အရေးအသားအပြောအဆိုများကို ကြည့်မိပါမူကား ထိုအဆိုနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်လျက်ရှိ၏။ စိတ်ပညာသဘောအရ မည်သည့်ဘာသာဝင်မဆို မိမိကိုးကွယ်သည့် ဘာသာကို ကာကွယ်လိုသည်ကို နားလည်ပါ၏။ သို့သော်လည်း အခြားဘာသာကို ယုတ်နိမ့်သော စကားလုံးများဖြင့် စော်ကားပုတ်ခတ်ခြင်းမှာ များစွာမသင့်လျော်ဟု နားလည်ပါမူကား ကောင်းလေစွ။
၃။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်တဦး၏ နေရာမှ ဝင်ရောက်ခံစားကြည့်ဖို့ တွန့်ဆုတ်လျက် ရှိသည်။ ဂေါတမဗုဒ္ဓတည်းဟူသော ခေါင်းမှ ခွဲထွက်လာပါလျက် ထေရဝါဒနှင့် မဟာယာနတို့သည် ယခုထိ ပြန်လည်ပေါင်းစည်းရန်အတွက် မည်သည့်ဘက်ကမှ မလှုပ်ရှားခဲ့ဖူးပေ။ တချိန်က ဆက်သွယ်ရေး အခက်အခဲကြောင့် အယူဝါဒများ ကွဲပြားခဲ့သော်လည်း ယခုမူပေါင်းစပ်ရန် အလွန်ပင် လွယ်ကူနေပြီဖြစ်သည်။
၅။ ဗုဒ္ဓဘာသာဝင်တိုင်းတွင် ဆရာကို မျက်ကန်းကွယ်တတ်ကြ၏။ ထို့ကြောင့်ပင် ဗုဒ္ဓဘာသာဝင်တိုင်း အယူဝါဒအမှားကို ကျူးလွန်ရန် အသင့်အမြဲရှိနေ၏။ ဗုဒ္ဓဘာသာဝင်အဆက်ဆက် ဆရာကို ကိုးကွယ်ရန် အလေးထားရန်နှင့် မရိုမသေမပြုရန် ဥပဒေကို ပြင်းပြင်းထန်ထန်ထုတ်ထားခြင်း၏ အကျိုးဆက်ဖြစ်ပါသည်။
၆။ ဗုဒ္ဓ၏ ဓမ္မအလိုအရ ဗုဒ္ဓဘာသာဝင်တိုင်း မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ ညွှန်ကြားထားသော်လည်း အရှေ့တိုင်းရှိ ဗုဒ္ဓဘာသာဝင်များသည် သူတို့၏လူမျိုးနှင့် မိရိုးဖလာအစဉ်အလာအပေါ်ကိုသာ မာန်မာနအပြည့်ဖြင့် တွယ်တာလျက်ရှိ၏။ အနောက်နိုင်ငံသားများ လာရောက်ခြင်းအပေါ် မိမိတို့ တရားဓမ္မကို ဦးစားပေး ဟောပြောရမည့်အစား သူတို့သုံးဖြုန်းလိုက်သော ငွေကြေးများစွာဖြင့် ပြုလုပ်ခဲ့သော အဆောက်အအုံများ ပွဲတော်များအကြောင်းကိုသာ မပြီးနိုင် မဆုံးနိုင် ဝါကြွားပြောဆိုလျက်ရှိ၏။ သာသနာတည်မြဲရန်အတွက် ဟုပြောဆိုလျက် သာသနာနှင့်မလျော်သော ရုပ်ဝတ္ထုများအတွက် အလှူငွေကို ဖြုန်းတီးနေကြ၏။
၇။ ဘာသာရေးအပေါ် သစ္စာစောင့်သိမှုများက လွှဲချော်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာဝင်များသည် မျက်မှန်စိမ်းတပ်၍ ကမ္ဘာကြီးကို ကြည့်ကာ မိမိ၏ ဘာသာကို ချစ်မြတ်နိုးလွန်းသဖြင့် နိုင်ငံရေးတရားကို ဟောပြောရပါသည်ဟု ဆင်ခြေပေးလျက် ဗုဒ္ဓဟောကြားထားသော တရားတော်များကို သာမန်သာ ထည့်သွင်း ဟောကြားပြီး ပါတီတခုခုအတွက် ပေါ်ပေါ်ထင်ထင်ပင် ဟောကြားလျက်ရှိကြ၏။
၈။ ဗုဒ္ဓဘာသာဝင်များသည် ဘုရားဟောကြားထားသော မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးကို လစ်လျူရှုလျက် ပြောဆိုကြ၏။ အခြားသူများ ဟောသောတရားနှင့် နိုင်ငံ့အုပ်ချုပ်ရေး မူဝါဒများကို ကိုယ်ပိုင်အမြင်ဖြင့် မသုံးသပ်တော့ဘဲ ဝေဖန်တိုက်ခိုက်လျက်ရှိ၏။ မက်စ်ဝါဒသည် ဗုဒ္ဓဘာသာကို ဖျက်ဆီးနေ၏။ ဆိုရှယ်လစ်ဝါဒသည် ဗုဒ္ဓဘာသာကို ကောင်းကျိုးပြု၏။ ဤအမူအကျင့် ထိုအမူအကျင့်၊ ဤအယူ ထိုအယူသည် ဗုဒ္ဓဘာသာဝင် အကျင့်မဟုတ် အယူမဟုတ်စသဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေး ပြင်ပကိုသာ ကြည်ရှုဝေဖန်ရင်း တရားပွဲများ ကျင်းပပြုလုပ် ဟောကြားလျက်ရှိ၏။
၉။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာကို လက်ဆင့်ကမ်းရန်သာ ကြိုးစားကြ၏။ အလွန်ပင် ချီးမွှမ်းထိုက်လှ ပေသည်။ သို့သော် အဘိုးအဘွား၊ မိဘ၊ ကိုယ်တိုင်၊ သားသမီး၊ မြေးမြစ်တို့ အားလုံး ဗုဒ္ဓဘာသာဝင် အဆက်ဆက်ဖြစ်ရေးကိုသာ ဦးစားပေး၏။ ထိုကဲ့သို့ သွန်သင်ခြင်းကိုလည်း ကုသိုလ်ရ၏ဟု တွက်ချက်လျက် ရှိ၏။ မိမိသင်ပေးလိုက်သော ဓမ္မကို မိမိကိုယ်တိုင် ကျင့်ကြံရန် မည်သည့်ဗုဒ္ဓဘာသာဝင်မှ မကြိုးပမ်းကြ။
၁၀။ တရားဓမ္မကို ကျင့်ကြံရန်အရွယ်အား တတိယအရွယ်ဟု သတ်မှတ်လျက် အသက်အရွယ်ကြီးရင့်မှ ဘုရားသွားကျောင်းတက်ခြင်း ကျင့်ကြံခြင်း ပြုကြ၏။ ထိုအရွယ်မှဆိုလျင် စိစစ်တွေးခေါ်နိုင်စွမ်း နည်းသွားပေပြီဟူ၍ အကြံပေးရမည့်အစား အားပေးလျက်ရှိ၏။ ငယ်ရွယ်သူများကို လေ့ကျင့်သင်ကြားပေးရန် အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းဆန်မြဲ ငြင်းဆန်လျက်ရှိသည်။
၁၁။ ဗုဒ္ဓဘာသာဝင်တို့သည် သေးငယ်သော အသိုင်းအဝိုင်းများကို ဖွဲ့စည်းတည်ထောင်လျက်ရှိသည်။ ပြီးလျင် ထိုအသိုင်းအဝိုင်းအပေါ် သစ္စာစောင့်သိဖို့ ဟောပြောပြီး အခြားသော ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းအပေါ် လျစ်လျူရှုလျက်ရှိ၏။ ရွာတရွာ၊ ဒေသတခု၊ လူမျိုးတစု၊ ဂိုဏ်းဂဏတခုခုတို့ဖြင့် ဖွဲ့စည်းထား၏။ တခါတရံ ၎င်းဗုဒ္ဓဘာသာဝင် အဖွဲ့အချင်းချင်းပင် မိမိဖွဲ့စည်းတည်ထောင်သော ဂိုဏ်းများနှင့် စပ်လျဉ်း၍ ငြင်းခုန်ခြင်း ခိုက်ရန်ဖြစ်ပွားခြင်း ဥပဒေအရရင်ဆိုင်ရခြင်းအထိ ဖြစ်ပွားလျက်ရှိ၏။ မည်သည့်အခါမှ ယှဉ်တွဲလုပ်ကိုင်ဖို့ မစဉ်းစားခဲ့ကြ။ ထိုကဲ့သို့ဖြစ်ရာမှ ဗုဒ္ဓဘာသာဝင်ဦးရေ လျော့ပါးလာသည်ကို သတိမပြုမိကြသေး။
၁၂။ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့၏ ကလေးငယ်များကို ဘာသာရေးသွန်သင်ရာတွင် ဒဏ္ဍာရီဆန်သော ပုံဝတ္ထုများဖြင့် ပြောဆိုသင်ကြားကြ၏။ ဒေသန္တရထုံးတမ်းစဉ်လာဖြင့် ရောနှောပြောဆိုလျက်ရှိ၏။ ရိုးရာနှင့် ဘာသာမကွဲပြား။ မဂ္ဂင် ၈ ပါး၊ သစ္စာ ၄ ပါးတို့ကို သင်ကြားရာတွင်လည်း သာယာနာပျော်ဖွယ်မရှိဘဲ ရှုပ်ထွေးပွေလီလျက်ရှိ၏။ ဗုဒ္ဓ၏ ဓမ္မအပေါ် နဝေတိမ်တောင်ဖြစ်လျက် ကျန်ခဲ့သည့် လူငယ်က များနေ၏။
၁၃။ ဗုဒ္ဓဘာသာဝင်များသည် ကုသိုလ်အကုသိုလ်ဟု ကွဲကွဲပြားပြားသင်ခဲ့ပါလျက် ကုသိုလ်အကုသိုလ် အပြုအမူများအပေါ် သုံးသပ်ဆင်ခြင်ခြင်းမရှိ။ ဗုဒ္ဓဘာသာဝင်တို့၏ တန်ဖိုးကို လျော့ကျစေသော လောကီလူသားများ မိမိအား နှစ်သက်သဘောကျရေး အပြုအမူများကို ပြုမူလျက်ရှိ၏။ ဗုဒ္ဓဟောကြားသည့် တရားများကို ဝေဖန်သည့်အရေးအသားများ ဟောပြောသူများကိုလည်း သင့်တင့်လျောက်ပတ်စွာ ပြန်လည်ဖြေရှင်းမျိုး မပြုလုပ်ကြဘဲ ပြန်လည်တိုက်ခိုက်သည့်နည်းကိုသာ အားထားနေကြ၏။
၁၄။ ဗုဒ္ဓဘာသာ၏ အယူအဆသည် မည်သည့်ဘာသာ အယူအဆနှင့်မဆို ရောနှောနိုင်သည်။ ဗုဒ္ဓ+ခရစ်၊ ဗုဒ္ဓ+ဟိန္ဒူ၊ ဗုဒ္ဓ+ဆစ် စသဖြင့် ပေါ်ပေါက်လာသည်ကို များစွာတွေ့ရ၏။ ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓဟောကြားသော တရားအပေါ် သိမြင်ခြင်းများ မည်မျှအားနည်းသွားပြီကို အထင်အရှားပြသလျက်ရှိသည်။
၁၅။ ဗုဒ္ဓဘာသာဝင်များသည် ပိဋကတ်သုံးပုံကို ဖတ်ရှုရန် မလိုလားကြ။ အလွန်များပြားသည်။ ရှည်လျားသည်။ အရေးအသား မရှင်းလင်းဟု ဆိုကာ သက်ဆိုင်ရာစာရေးဆရာများက ဗုဒ္ဓဘာသာဝင်များအတွက်ဟုဆိုလျက် စာပေအမျိုးမျိုးကို ထုတ်ဝေလျက်ရှိ၏။ သို့သော် ထိုစာပေများသည် ဗုဒ္ဓ၏ ဓမ္မကို အတိအကျကောက်ထားသည် ဟု ဆုံးဖြတ်ချက်ချရန်ခက်ခဲပြီး ဗုဒ္ဓဘာသာဝင်များကို ပိုမိုရှုပ်ထွေးသော အယူဝါဒများကို ပေးလျက်ရှိ၏။
၁၆။ ပိဋကတ်သုံးပုံသည် များစွာသော ဟောပြောပို့ချချက်များဖြင့် ပြည့်နှက်လျက်ရှိ၏။ တဦးတယောက်သည် ထိုစာပေများကိုဖတ်ရှုလျက် ဗုဒ္ဓသည်ဤသို့ဟောကြား၏ဟု ဆို၏။ အခြားတဦးတယောက်ကမူ ထိုဟောပြောမှုကို မဖတ်ဖူး။ ထိုနှစ်ဦးမှသည် အဖွဲ့အစည်းအထိ ငြင်းခုန်ခြင်းများကို ပြုမူလျက် နောက်ဆုံး ရန်သူအဖြစ် သတ်မှတ်ကာ ဘာသာဝင်အချင်းချင်း ကွဲပြဲလျက်ရှိ၏။
၁၇။ ဗုဒ္ဓဘာသာဝင်များသည် ဗြဟ္မစိုရ်တရားတွင် ပါဝင်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့၏ ဖွင့်ဆိုချက်များမှအစ ဘုရားသည် ဤသို့ဟောကြား၏ ဤအယူဝါဒသည် ဤကဲ့သို့ဆိုလိုသည် စသဖြင့် အစဉ်ငြင်းခုန်လျက်ရှိ၏။ ဤကဲ့သို့ ဟောပြောချက်များကို ရှင်းလင်းချက်ထုတ်ရာတွင် ပို၍ရှုပ်ထွေးသော ဝါဒသစ်များဖြစ်ပေါ်စေလျက် ရှိ၏။ တခါတရံ အဟိံသအား ဘုရားမဟောဟု အကျိုးမရှိသည်ကိုသာ ငြင်းခုန်ကြသေးသည်။
၁၈။ အချို့သော သွန်သင်ဟောပြောချက်များတွင် ဗုဒ္ဓ၏ ဓမ္မကို ကျော်လွန်လျက်ရှိ၏။ ဟောပြောသူသည် သူ၏ အတွေ့အကြုံကို မှန်သည်ဟုယူဆလျက် လူ့ပတ်ဝန်းကျင့်နှင့် မသင့်လျှော်သော အယူအဆများကို ထည့်သွင်း ဟောကြားလျက်ရှိ၏။ တခါတရံလည်း အန္တရာယ်ကို ကာကွယ်ရန်ဟုဆိုကာ မှားယွင်းသော လှုပ်ရှားမှုများ တက်ကြွစေသော ဟောပြောချက်များကို ထည့်သွင်းရေးသား ဟောကြားလျက်ရှိ၏။
၁၉။ အခြားသော ဗုဒ္ဓဘာသာဝင် မဟုတ်သူများသည် ဗုဒ္ဓဘာသာဟုဆိုလိုက်လျင် ဒလိုင်းလားမားနှင့် သစ်နက်ဟန်တို့ကိုသာ မြင်ကြ၏။ သူတို့နှစ်ပါး၏ ဗုဒ္ဓဘာသာဝင် ကျယ်ပြန့်စေမှုကို လေးစားသင့်၏။ သို့ငြားလည်း ဗုဒ္ဓဘာသာဝင်များသည် ထိုနှစ်ပါး၏ လုပ်ဆောင်ချက်များကို အပြစ်တင်လျက်ရှိ၏။
၂၀။ ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်ဖို့ ဗုဒ္ဓဘာသာဝင်အကြီးကဲများကို တင်ပြလိုက်တိုင်း တင်ပြသူများမှာ သံသယစိတ် အဆိုးမြင်စိတ်များနှင့် ရင်ဆိုင်နေရသည်။ ရဟန်းငယ်များနှင့် ဗုဒ္ဓဘာသာအခြေပြု သေးငယ်သော အဖွဲ့အစည်းတို့၏ လှုပ်ရှားမှုတိုင်းအတွက် ဆိုးရွားသော ဥပမာများကိုပေးကာ အားပေးအားမြောက် မပြုကြ။ ဗုဒ္ဓဘာသာဖွံ့ဖြိုးရန်အတွက် ဗုဒ္ဓက ဤသို့မမိန့်ဖူး၊ ဆရာများက မဟောကြားဖူးဟု ငြင်းဆန်ခံရမြဲဖြစ်သည်။
၂၁။ ဗုဒ္ဓဘာသာဝင်နိုင်ငံများသည် တဖြည်းဖြည်း နည်းလာသည်။ ထိုအချိန်တွင် မဘသနှင့် ၉၆၉ ကိစ္စသည် အနောက်နိုင်ငံ သတင်းမီဒီယာ၌ ဗုဒ္ဓဘာသာ၏ အကြမ်းဖက်ဂိုဏ်းဟူသော နာမည်ဖြင့် ခေါင်းကြီးပိုင်း တော်တော်များများတွင် စိုးမိုးသွားသည်။ ဘာသာရေးအား နိုင်ငံရေးနှင့် ရောထွေး၍ ပါဝင်လာခြင်းသည် KKK နှင့် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ သဏ္ဍာန်ဖြစ်နေသည်။ လက်ျာယိမ်း အမျိုးသားရေးဝါဒသာမက မည်သည့်ပါတီဘက်ကိုမှ ဘာသာရေးနှင့် မယှက်နွယ်သင့်သည်ကို ဆင်ခြင်မိသင့်ပြီ ဖြစ်သည်။
ခရိယာန်ဘာသာ။
ခရိယာန်ဘာသာဝင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် လူ့အသိုင်းအဝိုင်းမှ စကားများကို ပိုမိုယုံကြည်ကြသည်။ ဘာသာဝင်အတုအယောင်တို့ များပြားလာမှုကြောင့် ဝိညာဉ်ရေးရာတွင် သန့်ရှင်းခြင်း မရှိတော့ဘဲ ရုပ်ဝတ္ထုအပေါ်ကိုသာ အာရုံစိုက်နေကြသည်။ ယနေ့ဘာသာဝင်များသည် သမ္မာကျမ်းစာ မတတ်မြောက်မှု၊ ခရိယာန်၏ အကျင့်စရိုက်နှင့် စာရိတ္တအပေါ် မသိမှုတို့ဖြင့် ပြည့်နေ၏။ ခရိယာန်ဘုရားကျောင်း အဖွဲ့အစည်းများက လူ့ဘောင်အဖွဲ့အစည်းများထက် အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အကြမ်းဖက်မှု၊ အလိုကြီးမှု၊ လိင်ကိစ္စအရှုပ်အရှင်း၊ အကျင့်ပျက်ခြစားမှုတို့ ပို၍များနေ၏။ ဘုရားကျောင်းသည် လူတို့အား အကျင့်ကောင်းမွန်စေဖို့၊ အပြစ်အားသိဖို၊ အားလုံးကို ချစ်ဖို့တည်းဟူသော ဝိညာဉ်ရေးရာများကို ဟောပြော သွန်သင်ရမည့်အစား မင်္ဂလာပွဲအတွက်သာ လုံးပမ်းနေကြ၏။ ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှု ပြဿနာများအပေါ် အသင်းတော်များအနေဖြင့် အသေးစား အသက်မွေးဝမ်းကျောင်းများကို သင်ကြားပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းပြုမည့်အစား အလှူငွေထည့်စေခြင်းကို ပြုမူသည်သာမက ဘုရားသခင်အား မယုံကြည်ခြင်းကြောင့်သာ ဖြစ်ရသည်ဟု အပြစ်ဖို့လျက်ရှိ၏။ အသင်းတော်များသည် လူဖြူလူမည်းလူဝါ စသည့်ခွဲခြားမှုများကို အပြောအားဖြင့်သာ မခွဲခြားသော်လည်း လက်တွေ့တွင်မူ ခွဲခြားဆက်ဆံလျက်ရှိ၏။ အမျိုးသမီးများနှင့် ပတ်သက်၍ သာတူညီမျှကိစ္စကို ယခုတိုင် ဘေးဖယ်ထားဆဲဖြစ်၏။ အသင်းတော်များသည် လက်ဝဲယိမ်း၊ လက်ယာယိမ်း၊ ဗဟုဝါဒစသည့် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တဖက်သတ်ပတ်သက်လျက်ရှိ၏။ ၁၉၉၃ ခုနှစ် ပုပ်ရဟန်းမင်းကြီးမှ ဒီမိုကရက်တစ်ပါတီအား မဲပေးရန် ဟောပြောမှုက သက်သေဖြစ်၏။ ဘုရားသခင်၏ စကားတော်ကို နက်နက်နဲနဲစဉ်းစားမှု နည်းပါးလာခြင်း၊ လူငယ်များ ဘုရားကျောင်းသို့ မလာခြင်း၊ ကျမ်းစာပါ အကြောင်းအရာများသည် လက်ရှိခေတ်အတွက် မသင့်လျော်သော အချက်များပါဝင်နေခြင်း၊ ဓမ္မတေးများ သီဆိုတီးခတ်ပေးမည့်သူ နည်းပါးလာခြင်း၊ အာရုံစိုက်မှု အားနည်းခြင်းကြောင့် လွှဲမှားသည့် အယူကို လက်ခံမိခြင်း၊ အသင်းတော်ခေါင်းဆောင်များကိုယ်တိုင် ချို့ယွင်းချက်များခြင်း၊ ဘုရားသခင်ကို တွေ့ဖို့ထက် ဘုရားအကြောင်းသိဖို့ ဦးစားပေးခြင်း၊ အသင်းတော်များကိုယ်တိုင် လူမှုရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း၊ အသင်းအဖွဲ့ငယ်များကို လစ်လျူရှုခြင်းစသည့်အချက်များကို ခရိယာန်ဘာသာဝင်များ ရင်ဆိုင်ရလျက် ရှိ၏။
အစ္စလာမ်ဘာသာ။
မွတ်စလင်မဟုတ်သော နိုင်ငံများမှ မွတ်စလင်လူမျိုးများအပေါ် ကြည်ဖြူစွာ မဆက်ဆံမှု၊ မွတ်စလင်ဘာသာဝင် အနည်းငယ်သာ ရှိသော နိုင်ငံများ၌ ပို၍ ခွဲခြားဆက်ဆံခံနေရမှုကို မွတ်စလင်နိုင်ငံကြီးများ ဘာသာရေး ခေါင်းဆောင်များ နာမည်ကြီးဟောပြောသူများတို့က သိလျက်ပင် လစ်လျူရှုနေကြ၏။ ကမ္ဘာနိုင်ငံအချို့၌ မွတ်စလင်အမျိုးသမီးကို နီကပ် (Niqāb) ဝတ်ရုံဖို့ တားမြစ်ခြင်းခံနေရသည်။ အချို့နိုင်ငံတွင် စိတ်အခန့်မသင့်သည်နှင့်အမျှ ပလီဝတ်ပြုချိန်ကိုပင် ပိတ်ပင်ခံရသည်နှင့် ကြုံနေရ၏။ မွတ်စလင်အကြီးအကဲများ နားတွင် ဂွမ်းဆို့ထားလေ သလားမသိ။ မွတ်စလင်ဘာသာဝင် ၁၀ ဦးတွင် ၆ ဦးက ဆင်းရဲမွဲတေမှု ပညာရေးနိမ့်ကျမှုနှင့် ရင်ဆိုင်နေရသည်။ ပညာရေးတွင်လည်း အထက်တန်းအထိ ပညာသင်ကြားနိုင်သည့် မွတ်စလင်ဘာသာဝင်ဦးရေ ၃၈ ရာခိုင်နှုန်းသာ ရှိ၏။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ ကောင်းမွန်သော လူနေမှုဘဝကို မရရှိကြသည့် မွတ်စလင်ဘာသာဝင်ပေါင်း ၇၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ မွတ်စလင်ဘုန်းတော်ကြီးများ တရားဟောဆရာများနှင့် ချမ်းသာသည့် နိုင်ငံများသည် ဘာသာဝင်အချင်းချင်း ကူညီရန် ဝန်လေးလျက်ရှိသည်။ ကမ္ဘာပေါ်မှ လူဦးရေ ငါးပုံတပုံက မွတ်စလင်များကို အကြမ်းဖက်သူဟု စွပ်စွဲမှု၊ ကမ္ဘာပေါ်ရှိ အကြမ်းဖက်မှု ၅၇ ရာခိုင်နှုန်းကို မွတ်စလင်များက ကျူးလွန်ခဲ့သည့် ကြေငြာမှုများအပေါ် ငြင်းဆန်ပေးမည့်သူ အနည်းအကျဉ်းသာ ရှိခဲ့၏။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ လူမျိုးရေးကို အခြေခံသော ဘာသာရေးပဋိပက္ခ၌ မွတ်စလင်ဘာသာဝင် ခုနှစ်သိန်းလေးသောင်းခန့် (ဤ ကိန်းဂဏန်းသည် UNHRC ၂၀၁၉၊ စက်တင်ဘာ ၉ ရက်ထုတ်ပြန်ချက်မှ ရယူပုံရပါသည်။ ဤပိုစ့်ထဲမှာပင် အချို့သော ဝက်ဆိုက်၌ ဖော်ပြသည့်အတိုင်း ဤကိစ္စကို အခြားသော ကိန်းဂဏန်းများဖြင့် ဖော်ပြထားပါသည်။ ထိုဝက်ဆိုက်တို့၌ ၁၄၅၀၀၀ ဟုသာဖော်ပြထားသဖြင့် ထိုအတိုင်း ထည့်သွင်းခြင်းသာ ဖြစ်ပါသည်။) တိုင်းပြည်မှ ထွက်ပြေးခဲ့ရမှုအပေါ် မည်သည့်အဖွဲ့ မည်သည့်နိုင်ငံမှ တာဝန်မယူလိုကြ။ ဂျူးများနှင့် ဖြစ်နေသော ပြဿနာကလည်း အဆုံးသတ်လာခြင်းမရှိသေး။ အစ္စလာမ်ဘာသာဝင်အစစ်နှင့် အစွန်းရောက်ဘာသာဝင်များကြောင့် မွတ်စလင်များအပေါ် ကမ္ဘာ့နိုင်ငံတော်တော်များများမှ နားလည်မှုလွဲမှားခြင်းမျာစွာနှင့် ရင်ဆိုင်နေရပြန်သည်။ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ကမ္ဘာ့နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးနှင့် လူမှုရေးကို သင်ယူလေ့လာခွင့် အလွန်နည်းပါးသည်။ အစ္စလာမ် ဘာသာဝင်များသည် ကိုရန်ကျမ်းစာမှ ကိုရန်နှင့် ဟဒီးသ်ပြင်ပအယူဝါဒများကို ယုံကြည်အောင် အသင်ခံနေရသည်။ လက်ရှိကမ္ဘာပေါ်၌ ခေတ်စားနေသည့် ခေတ်သစ်နည်းပညာများကို သင်ယူရန် အခွင့်အရေး အလွန်နည်းပါးမှုကြောင့် ဉာဏဖွံ့ဖြိုးမှုအားနည်းရသည်။ မွတ်စလင်ဘာသာဝင်များတွင် ရူပဗေဒပညာရှင်၊ နက္ခတ္တပညာရှင်၊ သိပ္ပံပညာရှင်၊ နိုင်ငံရေးဒဿနပညာရှင်၊ ခွဲစိပ်ဆရာဝန်၊ ဇီဝပညာရှင်၊ အထူးကုဆရာဝန်စသဖြင့် ခေတ်မီပညာရှင် အလွန်ရှားပါးနေမှုနှင့် ကြုံနေရသည်။ မည်သည့်ကြီးမြတ်မှုမှ အလ္လာအရှင်မြတ်၏ ကြီးမြတ်မှုကို မမီပေ။ ထို့ကြောင့် အရာအားလုံးကို အလ္လာအရှင်မြတ်၏ အလိုတော်အတိုင်း ဖြစ်ရသည်မှာ မှန်သော်လည်း ခေတ်သစ်ပညာရှင် အများအပြားထွက်ပေါ်ရန် လိုနေသေးသည်။ ထိုကဲ့သို့ ပညာရှင်တို့ များများစားစား ပိုင်ဆိုင်ထားပါမှ လူမှုနေထိုင်ရေးများလည်း အဆင်ပြေမည်ဖြစ်သည်။
ဂျူးဘာသာနှင့် ဆစ်ဒ်ဘာသာများကို သူတို့ဘာသာဝင်များကိုယ်တိုင် ထင်မြင်ယူဆသည့် ကောက်ချက်များ ရှိပေလိမ့်မည်။ မရေးသားတော့ပါ။ ကိုးကွယ်သူ လူဦးရေများပြားသည့် ဘာသာရေးအပေါ် ကြည့်၍ သူတို့၏ ဘာသာရေးကိုလည်း ချင့်ချိန်မိလိမ့်မည်ဟု ယုံကြည့်ပါသည်။ ဘာသာရေးကိစ္စများ၌ ပြောဟောကြသည့် ပုံစံမှာ အချို့က ဗန္ဓသရက် ပိုးချက်မကင်းဆိုအဆင့်တွင်ရှိသော်လည်း အချို့ကမူ ပုဆိုးမရှိသူက လုံအောင်ထိုင်ခိုင်းသည့် အနေအထားမျိုးရှိနေတတ်ပါသည်။
ဆက်လက်၍ ရေးသားပါ့မည်။ မျှော်ပါလေ။