ခုတလော လုပ်ချင်စိတ် ကိုင်ချင်စိတ်တွေ ပျောက်နေတာနဲ့ ကုလားဖြူစာတွေ လေ့လာဖြစ်တယ်။ လေ့လာတယ်ဆိုတာကလည်း မယ်မယ်ရရရယ်တော့ မဟုတ်ပါဘူး။ မဖြစ်ညစ်ကျယ်လေးပါ။ တောမရောက် တောင်မရောက် တော်အိရော်ရိလေးပါပဲ။ အဲဒါကြောင့် ကျွန်ုပ်နဲ့ စဉ်းစားဆင်ခြင်ခြင်း အပိုင်းလေးတွေကိုတောင် ဆက်မရေးဖြစ်သေးဘူး။ နက်ဖန်ကျရင်တော့ သဘောအခွေ့ဆုံး ဇာတ်လမ်းတွဲမျိုးဖြစ်တဲ့ evil ဆိုတဲ့ ဇာတ်လမ်းတွဲလေး ဘာသာပြန်မယ်။ လောလောဆယ်တော့ သူက season 1 episode 1 ပဲ ထွက်သေးတယ်။ သူပြီးရင်တော့ 9-1-1 ဇာတ်လမ်းတွဲလေး ဘာသာပြန်မလားလို့လေ။ သူကတော့ ဆီဆင်န် ၃ တောင်ရောက်နေပြီ။ ခြေခင်းလက်ခင်းသာတဲ့ချိန်လေး လုပ်ရတာပ။ သီတင်းက ကျွတ်တော့မယ်ကိုး။
ကိုယ်က သင်တန်းတွေ ဘာတွေသွားရင် သူများတွေက မေးမေးတယ်။ သူများတွေက ဆိုတာလည်း တခြားသူတွေ မဟုတ်ပါဘူး။ ဆရာတွေပါ။
“ဘိုစာတတ်လား”
“ဘိုလိုပြောတတ်လား”
“ဘိုလိုပြောမယ်ဆိုရင် နားလည်မလား”
ကိုယ့်မှာ မတတ်ဘူးချည်း ပြန်ပြောရတာ။ ဆရာတစ်ဆူကတော့ဖြင့်
“ဘိုစာတတ်အောင်လုပ်၊ မြန်မာလိုရေးထားတာတွေက အလကားတွေ”
လို့ ပြောပြောတတ်တယ်ကိုး။ မန်းလေးမှာ နေတုန်းကဖြင့် ဘိုစာသင်တန်းလေး တစ်ခုနှစ်ခု တက်ဖူးတယ်။ တက်တယ်ဆိုတာကလည်း အားတဲ့ချိန်လေး ပြေးတက်ရတာဆိုတော့ တစ်လ မခံဘူး။ ကျောင်းစစ်စာမေးပွဲကျရင် အဲဒီသင်တန်းသွားတဲ့အချိန်မှာပဲ စာခေါ်ကျက်ခံရတာနဲ့ ပျက်တာပဲ။ စာကလည်း ခပ်ညံ့ညံ့ဆိုတော့ ဘာရယ်မှ ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး။ အဲဒီလိုအဖြစ်မျိုးကို Mark Cuban ဆိုတဲ့ ကုလားဖြူကြီးပြောတာကတော့ဖြင့် If you have an exit strategy. It’s not an obsession. ပါတဲ့။ ဘယ်သူပြောထားမှန်းမသိတဲ့ စကားတစ်ခွန်းလည်း ရှိသေးတယ်။ လုပ်ချင်တဲ့သူမှာ နည်းလမ်းရှိပြီး မလုပ်ချင်တဲ့သူမှာ ဆင်ခြေရှိတယ်ဆိုတာလေး။ ဆင်ခြေတွေ ပတ်ပေးရတာပေါ့။
ဆင်ခြေတွေ ပတ်ပေးရမယ်ဆိုရင် နောင်တောင်းမှာနေတုန်းက အမေရိကန်သံရုံးနဲ့ တွဲပြီး ကောင်တုဲင်အဖွဲ့က Micro Scholarship လေးတွေပေးပြီး နှစ်နှစ်စီမံကိန်းနဲ့ ဘိုစာသင်တန်းပေးတယ်။ အပေါ်က ပြောခဲ့တဲ့ ဆရာကပဲ ဘာပြောသလဲဆိုတော့ ဘိုစာက အဲလောက် အရေးမကြီးဘူး ဘိုစာ တတ်သွားလည်း ရှေ့တက်ရမယ့် လမ်းမရှိရင် ဘာမှ မထူးဘူး၊ အရေးကြီးတာက သူတို့တွေ ဖွံ့ဖြိုးရေး လုပ်သားဖြစ်ချင်စိတ်ရှိအောင်ပဲ လုပ်ပေးရမှာတဲ့။ ဟုတ်လည်း ဟုတ်မှာပဲ။ အဲဒီစီမံကိန်းက သုံးကြိမ်လုပ်ခဲ့တယ်။ တစ်ကြိမ်မှာ ကျောင်းသား လေးဆယ် လက်ခံတယ်။ အခုဆိုရင် ကျောင်းသား ၁၂၀ ရှိသွားပြီ။ ကိုယ် ထဲထဲဝင်ဝင်လိုက်ပါဖြစ်တဲ့ စီမံကိန်းနှစ်ဆိုလို့ ပထမကြိမ်နဲ့ ဒုတိယကြိမ်ပဲဆိုတော့ သူတို့တွေကိုတော့ ကောင်းကောင်းမှတ်မိတယ်။ ပထမနှစ်စီမံကိန်းမှာ တစ်ယောက်အဖတ်တင်တယ်။ ဒုတိယနှစ်မှာ သုံးယောက်အဖတ်တင်တယ်။ ဒါတောင် ပထမနှစ်စီမံကိန်းက ကျောင်းသားတွေဟာ အမေရိကန်မှာ သုံးလသွားနေရသူနဲ့ တစ်လ သွားနေရသူတွေ ၆ ယောက်တောင် ပါတာနော်။ အဲဒီလူတွေ အခုဘယ်ရောက်နေလဲ။ တယောက်က ယိုးဒယားမှာ အိမ်ဖော်လုပ်နေတယ်။ တယောက်က ဆရာမလုပ်နေတယ်။ တယောက်က ဖွံ့ဖြိုးရေး လုပ်သားလိုလို ဘာလိုလို လုပ်နေတယ်။ တယောက်ကတော့ ရွာမှာ ဒီတိုင်းပဲ။ တယောက်ကလည်း ရန်ကုန်မှာ မူကြိုဆရာမလုပ်နေတယ်။ ဆိုတော့ ကုလားဖြူစာတတ်လည်း ကိုယ့်မှာ ရှေ့ကို သွားရမယ့်လမ်းမရှိရင် အလကားပဲ၊ ဖွံ့ဖြိုးရေးလုပ်သားဖြစ်ချင်တဲ့ စိတ်လေးပဲ လိုတယ်ဆိုတာက မှန်ပြန်ရောလား။ ပြီးတော့ သူတို့လေးတွေကို ပြန်မေးဖြစ်တာ ရှိတယ်။ တတ်သေးလားလို့။ သူတို့ ခေါင်းခါပြပုံက အားကိုး မရှိတဲ့ ဖြစ်ပုံကိုကြည့်ရင်း ကိုယ့်မှာ စိတ်ဓာတ်တွေပါ လိုက်ကျလို့။
တကူးရယ်မှ တကလိုက်စားနေတဲ့သူတွေလည်း တွေ့ဖူးတယ်။ နောက်ဆုံးတော့လည်း ဒုံရင်း ဒုံရင်း တွေ့နေရတဲ့ အဲလိုလူက ကိုယ့်ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေး။ ဒီတော့ နဂိုကမှ ဘယ်ကနေ စရမှန်းမသိတဲ့သူက ဘာလုပ်ချင်မှာတုန်း။ ခုလည်း ကလေးတွေကို စာသင်ရင်း သူတို့လေးတွေ ဖတ်ဖြစ်အောင် ဆိုပြီး http://highway.parame.org/ ဝက်ဆိုက်လေး လုပ်ဖြစ်တယ်။ (သူခမျာလည်း 502 ခဏခဏတွေ့တယ်။ 502 ဆိုရင် ကော်ကလည်း ကပ်လွန်းတယ်။ အွန်လိုင်းမှာဆိုတော့ Bad Gateway ဖြစ်တယ်။ ဖွင့်မရဘူးပေါ့လေ ဟဲဟဲ) နောက် ဇာတ်ကားတွေ ဘာသာပြန်ဖြစ်တယ်။ ဝက်ဆိုက်လုပ်တာလည်း ဝါသနာပါတယ်။ ဇာတ်ကားကြည့်တာလည်း ဝါသနာပါတယ်။ ဆိုတော့ ကိုယ့်ဝါသနာနဲ့ ကွက်တိဖြစ်နေတော့ လေ့လာဖြစ်သွားတယ်။
အနောက်နိုင်ငံက ဇာတ်ကားဖြစ်တဲ့အတိုင်း Dialogue တွေက 90 ဝန်းကျင်က အဆိုတော် တယောက်ရဲ့ သီချင်းလို မိုက်တယ် ခိုက်တယ်ပဲ။ ရိုးရိုးသားသား ဝန်ခံရရင်တော့ ဇာတ်ကားကိုသာ ဘာသာပြန်လိုက်တာ။ ဇာတ်ကားနာမည်ကို ဘာသာမပြန်နိုင်ဘူးရယ်။ ဆိုတော့ “ပရိသတ် အယောက်တစ်ရာရဲ့ အဖြေက” ဆိုပြီး ထပ်လုပ်ရမလို ဖြစ်နေတယ်။ ဇာတ်ကားနာမည်က Pretty Little Liars The Perfectionists တဲ့။ ဇာတ်လမ်းကတော့ အမေရိကန် အနောက်မြောက်ပိုင်းက နာမည်ကြီး ကျောင်းတကျောင်းမှာ လူတယောက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး လုံခြုံရေး ကင်မရာတပ်လိုက်ရာက လုံခြုံရေးကင်မရာကို တယောက်ယောက် ထိန်းချုပ်လိုက်ပြီး ကျောင်းသား ကျောင်းသူနဲ့ ဆရာမတွေကို ထိန်းချုပ်ပစ်လိုက်တဲ့ ဇာတ်လမ်းပါပဲ။ လူကို လုံခြုံအောင်ဆိုပြီး လုပ်လိုက်တဲ့ CCTV တွေဟာ တကယ်တမ်း လုံခြုံရဲ့လားဆိုတာကို ရိုက်ပြသွားတယ်။ အဓိက ဇာတ်ကောင်တွေကိုလည်း အဆိုတော်တွေကို သရုပ်ဆောင်ခိုင်းထားတယ်။ မိန်းကလေးတွေများတယ်။ ယောက်ျားလေးတယောက်ပါတယ်။ ဂေးဖြစ်နေတယ်။ ဒီဇာတ်ကားမှာ ယောက်ျားချင်းချင်း လက်ထပ်တာ၊ မိန်းမချင်းချင်းလက်ထပ်တာချည်း ဖြစ်နေတယ်။ ပါဝင်တဲ့ ကျောင်းအုပ်ကြီးက လင်ရော သားရော သမီးရော အသတ်ခံထားရသူ။ စုံထောက်က FBI က အလုပ်ထုတ်ချင်နေသူ။ ကျောင်းသူတယောက် သူခိုးတယောက်ရဲ့သမီး။ တယောက်က ဆီနိတ်တာရဲ့ သမီး။ ဂေးလေးက မြို့ငယ်လေးက လာခဲ့သူ။ ဆရာမနှစ်ယောက်က သူတို့ဇာတိမြို့ကနေ နာမည်ပျက်ရှိလို့ ထွက်ပြေးချင်နေသူ။ ဒါတွေထားပါလေ။ ဇာတ်လမ်းတွဲထုံးစံအတိုင်း ပြောရရင် ဂျပန်မူလီဆိုတာမျိုး။
ဘာသာပြန်ရတာက သူတို့တွေ ပြောတဲ့ စကားတွေသာ ပြီးသွားတယ်။ ဘယ်လို ဘာသာပြန်ရမှန်း မသိဖြစ်တာပဲ။ အဲဒါကြောင့် တခါက ချမ်းငြိမ်း (မှော်ဝန်း) ရမ်းသမ်းဘာသာပြန်သည်လို့ ထွက်ခဲ့တာပေါ့။ တချို့စာလုံးတွေက ဘယ်အဘိဓာန်ထဲကြည့်ကြည့် သူတို့ပြောတဲ့ အသွားအလာနဲ့ ဘယ်လိုမှ မဆက်စပ်တာပဲ။ ဒါကြောင့် တချို့ဘာသာပြန်ဇာတ်ကားတွေမှာ သူတို့ဘာပြောမှန်းမသိဘူး ရမ်းတုတ်လိုက်တာလို့ ထည့်ကြတာ။ ခုလည်း ပထမဆုံး အတွေ့အကြုံဆိုတော့ ရမ်းတုတ်တွေအများကြီး။ ကြည့်ချင်ရင်တော့ဖြင့် https://subscene.com/ မှာသွားတင်ထားတယ်။ ရှာ၍ ဒေါင်းတော်မူ။ srt ပဲ ရမယ်။ ဇာတ်ကားကိုတော့ http://www.todaytvseries2.com ဒီမှာ ဒေါင်းရင် နည်းနည်းပေါ့တာရမယ်။