ဟုတ်ပါတယ်။ ထင်းရှာတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူတဦးဖြစ်သည်ဆိုတဲ့ ထင်းရှာသူပါ။ ဆရာညီပုလေးရဲ့ မြေးသူကြီးကို ဘယ်ချိန်ဖတ်ဖတ် မြေသူကြီးလို့ပဲ ဖတ်ဖတ်မိသလို ကျုပ် ထင်းရှာသူကို ထင်ရှားသူလို့ ဖတ်မိသွားကြလေမလားလို့ အထူးပင် ရင်လေးနေရပါတယ်။ စာအုပ်တအုပ်နာမည်ကို ထည့်ရေးလိုက်လို့ အဲစာအုပ်ကို ဖတ်တယ်၊ ဖတ်ဖူးတယ်လို့ မထင်ပါနဲ့။ မဖတ်ဖူးဘူးလို့လည်း မထင်ပါနဲ့။ ဖတ်ဖူးခြင်း မဖတ်ဖူးခြင်းကလည်း ထင်းရှာခြင်းအကြောင်းနဲ့ မဆိုင်လို့ ပြောမပြနိုင်ပါဘူး။ အားလုံးကို စွန့်လွတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်ဆိုသလိုပဲ အားလုံး သိချင်နေရင်တောင်မှ ပြောဆိုပိုင်ခွင့်ကို ကျုပ်ပိုင်တာမို့ ပြောမပြတော့ပါဘူး။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ထင်းရှာမယ့်အကြောင်းကို ဆက်ပြောမယ်။ ရန်ကုန်မှာ လျှပ်စစ်မီးကို ၁၉၃၃ မှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကတဆင့် လျှပ်စစ်မီး ဖြန့်ခဲ့တယ်။ ဗိုလ်ချုပ်တို့က ၆ မိုင်ခွဲမှာ နေကြတာဆိုတော့ လျှပ်စစ်မီးရရင် ရမှာ။ ရချင်မှလည်း ရမှာ။ ၆ မိုင်ခွဲဆိုတာ ရန်ကုန်မှာ ဟုတ်မဟုတ် မသိဘူး။ ဟုတ်ခဲ့ရင်တောင် မီးပေးတဲ့နေရာနဲ့ အိမ်နဲ့ ဘယ်လောက်ဝေးလဲ မသိဘူး။ လျှပ်စစ်မီးရတယ် ဆိုဦးတော့ သူတို့လက်ထပ်တာက ၁၉၄၂ ခုနှစ်။ အဲအခုနှစ်က ထင်းမီးနဲ့ ချက်ရမယ့် ထမင်းအိုးစနစ်ကို အိုးတော်လှန်ရေးဆိုတဲ့ လျှပ်စစ်ပေါင်းအိုး တော်လှန်ရေးတရပ် မပေါ်ပေါက်သေးဘူး။ ၁၃ နှစ်လိုသေးတယ်။ ဒီတော့ သေချာပေါက် ဒေါ်ခင်ကြည်က ထမင်းနဲ့ဟင်းကို ထင်းမီးနဲ့ ချက်ရမှာပဲ။ ဒီထင်းကို ဘယ်သူရှာပေးမလဲ။ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ အိမ်သူသက်ထား သက်တောင့်သက်သာ ထမင်းချက်နိုင်ဖို့ တာဝန်က အိမ်ထောင့်ရှင် ယောက်ျားမဟုတ်လား။ သူ့မှာ အပျော့စွမ်းအား အမာစွမ်းအားနှစ်မျိုးလုံးရှိလေတော့ သူကိုယ်တိုင် ရှာစရာ လိုချင်မှ လိုမှာ။ သို့ပေမယ့် အဆုံးသတ်က ထမင်းဟင်းချက်ဖို့ ထင်းရှာရမယ့်နေရာမှာ တာဝန်အရှိဆုံးကတော့ သူပဲ။
ဆိုတော့ ပြဋ္ဌာန်းစာအုပ်မှာ၊ သမိုင်းစာအုပ်ရေးမယ့် တောင်တွေးမြောက်တွေး လျှောက်တွေးပြီး ရေးချင်ရာရေးမယ့် သမိုင်းပညာရှင် နာမည်ခံ စာရေးသူတွေရဲ့ လက်ထဲမှာ၊ သမိုင်းကို သင်တာ မအ,အောင်လို့ဆိုတဲ့ ဖိအားအောက်မှာ၊ စာတတ်မှ လူရာဝင်တယ်ဆိုတဲ့ ခေတ်သစ်စကားပုံအတွက်နဲ့ အသိအမှတ်ပြု လက်မှတ်များလေလေ စာတတ်လေလေ ထင်ကြသော လူအ,ကြီးများတသိုက်ရဲ့ အလုပ်ခေါ်စာအတွက် စာတတ်ကြောင်းလက်မှတ် တခုရဖို့ သမိုင်းနဲ့ စာတမ်းပြုစုမယ့် ကျောင်းသား/ကျောင်းသူရဲ့ စာတမ်းမှာ၊ ဘတ်ဂျက်အများကြီး တောင်းပြီး စာရွက်အညံ့စားနဲ့ ထုတ်ဝေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာပေရေချမ်းစင်မှာ စတဲ့ စာအုပ်တွေမှာ “မြန်မာ့ တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူ တဦးဖြစ်သည်” ဆိုတဲ့ စာကြောင်းတကြောင်း ထည့်သွင်းရေးသားပေးလိုက်ရတာပေါ့။
ငါတို့ဗိုလ်ချုပ်၊ ငါတို့ရဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးကို ဒင်းက သည်လို စော်ကားမော်ကား ရေးရသလား။ ကျုပ်ကလည်း ခင်ဗျားတို့ ဒီတိုင်းပြောမှ ပြောပါ့မလား စိုးရိမ်တကြီးနဲ့ မျှော်နေရတာပဲ။ ဒီကစ္စမှာ တမင်သက်သက်ကို ခင်ဗျားတို့ အထိခိုက်မခံနိုင်ဘူးဆိုတဲ့ အချက်ကို ထိတာ။ လုံးဝ လာမထိနဲ့ ဗိုလ်ချုပ်ကို ထိ၊ သမိုင်းကိုသိဆိုပြီး ဒေါ်ဖောင်း၊ ကိုယ်သိကိုယ်ထင်တာနဲ့ ကပြောင်းကပြန် ကမောက်ကမဆိုရင် ဝိုင်းအုံချစ်။ ရွှေပြည်ကြီးမှာက သည်လို မတော်တရော်တွေကပဲ အောင်မြင်သည်ကိုး။ အဲဒီအချက်ကို နင်းပြီး ကျုပ်အားကျတဲ့ ဆရာကြီးသော်တာဆွေလို ကျွန်တော့်ဘဝ ဇာတ်ကြောင်းဆိုတဲ့ စာအုပ်မျိုး ရေးနိုင်တဲ့အထိ ဆက်လက်ကြိုးစားမလားလို့ စဉ်းစားမိလို့ပါ။ စာအုပ်တအုပ်ရဲ့ နာမည်ပါလာပြန်ပြီ။ ဒါပေမယ့် အဲစာအုပ်ကို ကျုပ်မဖတ်ဖူးဘူးဗျ။ ဆရာ့စာအုပ်ကို တအုပ်လား နှစ်အုပ်လားပဲ ဖတ်ဖူးတာ။ သော်တာဆွေကိုမှ အားကျသတဲ့။ ကြည့်ရတာ ဆရာ့ဇာတ်လိုက်တွေထဲက ကျော်စံကေးတို့လို ဖြတ်စတို့လို ရုပ်ရည်မျိုးနဲ့ ထင်ပါရဲ့လို့ တွေးချင်လည်း တွေးလို့ရပါတယ်။ အဲလိုမတွေးဘဲ အားလုံးက မြန်မာစာ အသုံးအနှုန်းပုံစံကို အတုယူသင့်တယ်လို့ ဝိုင်းပြောကြတဲ့ ဆရာရွှေဥဒေါင်းနဲ့ စာပေအရေးအသား ညှက်တယ်လို့ အားလုံးက ချီးကျူးကြတဲ့ ဆရာမြသန်းတင့်ကို အားမကျရကောင်းလားဆိုပြီး အပြစ်တင်ချင်လည်း ရတယ်။ အကျိုးတင်ချင်လည်း ရတယ်။ သူများအားကျခိုင်းတာကို အားမကျရင် တကွက်တည်းနဲ့ တသက်လုံးပေါက်ပြီး ရွှေပြည်ကြီးမှာ အင်ဖလူဝင်စာဖြစ်သွားနိုင်တယ် မဟုတ်လား။ လုပ်ကွက်ရှာရမှာ။ ဒါဖြင့် ကိုယ်မဖတ်ဖူးတဲ့ စာအုပ်နဲ့ ပုံစံတူစာအုပ်ကိုများ ရေးမယ်ကြံရသလားလို့ ပြောချင်စရာ ဖြစ်လာပြန်ရော ဆိုပါတော့။ ပြောဦးမလား။ ပြောလေ။ ရန်သူများတာပေါ့။ အဲ ရင်ထဲပေါ့တာပေါ့။ ကျုပ်ရဲ့ ဒီစာအုပ်ကတော့ဖြင့် အရမ်းကောင်းတယ်လို့ ဝိုင်းပြောရင် လုံးဝ စိတ်မဝင်စားတော့တဲ့ အကျင့်ကြောင့်လည်း ဖြစ်နိုင်တယ်ပေါ့လေ။ စာအုပ်စုစုပေါင်း ၁၀၀၁ အုပ်ရှိလို့ ဖတ်သင့်သောစာအုပ်က ၁၀၀၀ ဖြစ်နေရင် ကျုပ်က ကျန်တအုပ်ကိုပဲ ဖတ်မှာ။ ကျန်တထောင်ကို ဆောင်းတွင်း ထင်းမရှိရင် မီးလှုံပစ်မှာ။ ကျုပ်မဖတ်ဖူးပေမယ့် ကျွန်တော့်ဘဝဇာတ်ကြောင်း ဆိုတဲ့ အဲစာအုပ်က နာမည်ကြီးတယ် ထင်လို့လေ။ နာမည်လေးဘာလေး ချန်ဖို့ရေးခွင့်ရရင်တော့ ကမန်းကတန်းနဲ့ ကပျာကသီ ကောက်ဖတ်ပြီး ကပျစ်ကညစ်နဲ့ ကဖျက်ယဖျက်ရေးမှာပေါ့။ ဟုတ်ဘူးလား။
ဖတ်သင့်တယ်လို့ ညွှန်းကြတာနဲ့ ပတ်သက်ပြီး ကျုပ်ပြောဦးမယ်။ ဘယ်စာအုပ်က ဘာကြောင့် ဖတ်သင့်တဲ့ စာအုပ်ဖြစ်နေရတာလဲ။ ဘယ်သူက ပြောလို့လဲ။ အဲပြောတဲ့သူက ဘာမို့လို့လဲ။ လူဖြစ်လျက်နဲ့ တသက်လုံး တခါမှ မမှားဖူးတဲ့လူလို့ သူ့ဘဝအကြောင်း အရေးခံရတဲ့လူလား။ ဘယ်ဘုရားဖြစ်ဖြစ် ဘယ်သကောင့်သား ဖြစ်ဖြစ်။ နိုး။ ကျုပ် ကိုယ်တွေ့ အဖြစ်အပျက်ကလေး တခု ပြောပြမယ်။ တနေ့တော့ ကျုပ်ငယ်ဆရာဆီ အလည်သွားတယ်။ ရောက်သွားချိန်က နေ့လယ် ၁၁ နာရီ။ ရောက်ပြီး သိပ်မကြာဘဲ ငယ်ဆရာနဲ့ ဆွမ်းတဝိုင်းတည်း စားရရော ဆိုပါတော့။ ဆွမ်းစားနေတုန်း ငယ်ဆရာက ကျုပ်ဆွမ်းပန်းကန်ထဲကို ငရုတ်သီးချက်ဟင်း ထည့်ထည့်ပေးတာ။ ကောင်းတယ်။ စား။ ဆွမ်း ပိုမိန်သွားတယ်။ စား။ ဆိုပြီး သုံးဇွန်းလောက်ကို ခပ်ထည့်ပေးသကိုး။ ကျုပ် ငရုတ်သီးကြိုက်တဲ့သူ မဟုတ်ဘူးဗျ။ မစားဘူးရယ်တော့ မဟုတ်ပါဘူး။ သွေးတောင်းတဲ့ အချိန်လောက်ပဲ စားတာ။ အဲဒါကလည်း နှစ်လသုံးလလောက်နေမှ တခါလောက်ပဲ။ ကျုပ်ရဲ့ ငယ်ဆရာကတော့ ဆွမ်းဝိုင်းမှာ ငရုတ်သီးချက်ဟင်း၊ ဒါမှမဟုတ် ငရုတ်သီးစပ်စပ်နဲ့ဟင်း မပါရင် ငရုတ်သီးတောင်းတာပဲ။ စိမ်းစိမ်းမှည့်မှည့်။ ခြောက်ခြောက်စိုစို။ ငရုတ်သီးပါမှကို စားတာ။ သူ့ခံတွင်းတွေ့တဲ့ အစားအစာနဲ့ ကျုပ်ခံတွင်းတွေ့တဲ့ အစားအစာ မတူတာကို သူက သတိမထားဘဲ ကျုပ်ကိုလည်း ငရုတ်သီးချက်ကြီးကို ကောင်းတယ် စား မိန်တယ်စားဆိုပြီး ပန်းကန်ထဲ လာထည့်တော့ ဆရာမို့လို့ အောင့်စား၊ ဒုက္ခရောက်။ ငယ်ဆရာဆိုတာ သိတယ်နော်။ ငယ်ကြောက်စိတ် ရှိတယ်။ မစားရင်လည်း တခုခု အပြစ်တင်မှာ ကြောက်။ ဒုက္ခရောက်ရသပေါ့။
နောက်ထပ် အကြောင်းတခု ပြောဦးမယ်။ ကျုပ် မြင်ဖူးနေလို့ အသိလို့လည်း ခေါ်ရခက်တဲ့ အသိ ဦးပဇင်းတပါးက ဖေမြင့်ရဲ့ ဘာကြောင့် ခုထိ မချမ်းသာသေးတာလဲ ဆိုတဲ့ စာအုပ်ကို ဖတ်ပြီး လူထွက်သွားတယ်ဗျ။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ဒေဝန်းရပ်ကွက်မှာ ရှိတဲ့ မဟာဝိသုဒ္ဓါရုံစာသင်တိုက်ကပဲ အဲဦးပဇင်းက။ ပြီးတော့ ရွာငံမြို့နယ်ဘက် တက်သွားပြီး လိမ္မော်သီးစိုက်တယ်။ အောင်မြင်တယ်လို့ ကြားတယ်။ ဒါပေမယ့် ကျုပ် အဲစာအုပ်ကို သူ့ထက် အရင်တောင် ဖတ်ဖူးသေးတယ်။ ဒီနည်းနဲ့ဆို ကျုပ်လည်း လူဝတ်လှဲ။ စီးပွားလုပ်။ အောင်မြင်မှာပဲလို့ သူ့ထက်အရင်လည်း မတွေးမိဖူးသလို သူ့ကိုကြည့်ပြီး ကျုပ်လည်း လိုက်လုပ်မယ်လို့ တခါမှ မတွေးဖူးဘူး။ လူဟာ တယောက်နဲ့တယောက် ခံစားချက်မတူဘူး။ ဝမ်းနည်းစရာအကြောင်းတိုင်း ဘယ်သူမှ မင်းနောက် လိုက်ဝမ်းမနည်းဘူး။ ရယ်စရာအကြောင်းတိုင်းလည်း လူတိုင်းမရယ်ဘူး။ အီမီနန်ကိုပဲ ကြိုက်တဲ့သူရှိသလို အဒဲမှ အဒဲဆိုတဲ့သူလည်းရှိတယ်။ ဘာအီမီနင်လည်း ဂျွန်ကွတ်လောက် ကတတ်လို့လားရှိသလို၊ ဘာအဒဲလည်း လီဆာလောက်တော်လို့လားဆိုတဲ့ လူည်းရှိတာပဲ။ ခပ်ကြောင်ကြောင် စာသမားတွေထဲ တချို့စာကြောင်က ဒီစာအုပ်မှမဖတ်ရင် လူဖြစ်ရကျိုးမနပ်သလိုရေးတာ ရှိသေး။ သူ့အမေ သူ့ကို ဉာဏ်စဉ်မမီအောင် မွေးပေးလိုက်တာကိုကျ မပြောဘူး။ သောက်ကျိုးနဲ လူဖြစ်ရကျိုးနပ်မှုကြီး။ ကျုပ်ဘာသာကျုပ် သူများညွှန်းတဲ့ စာအုပ်မဖတ်မှုကြီးပါလေ။ ဘယ့်နှယ်။ ခေါင်းညိတ်လျှာလွဲ။ ထမင်းရည်ပူ လျှာလွဲ။ မျက်နှာလွဲ ခဲပစ်။ ပိဿာလေး ဘေးပစ်။ ဆီတပိဿာ ဈေးသုံးဆတက်နေပြီ။
ကျုပ်က စာဖတ်တာကို ဖျော်ဖြေရေးအတွက်လို့ပဲ ယုံကြည်တယ်။ ဖျော်ဖြေရေးအားလုံးထဲက ကျုပ်အတွက် အကောင်းဆုံး ဖျော်ဖြေရေးပဲ။ ကျုပ်အတွက်လို့ပြောတာ။ ခင်ဗျားအတွက် မဟုတ်ဘူး။ ဖျော်ဖြေရေးဖြစ်လို့ ကျူးကျူးလွန်လွန်တောင် မလုပ်သင့်တဲ့အရာပဲ။ စိတ်ဖိစီးတဲ့အခါ စိတ်ဓာတ်ကျတဲ့အခါ စိတ်ဝေလေလေ ဖြစ်နေတဲ့အခါ ပျင်းတဲ့အခါလောက်ပဲ ကျုပ်စာဖတ်တယ်။ မဖြစ်မနေ စာဖတ်ရမယ်ဆိုပြီး တခါမှ ကျုပ်စာမဖတ်ဘူး။ တခုခုကို ရချင်လို့ စာမဖတ်ဘူး။ စာအုပ်ပေါ် ရောက်လာရင် အဲဒီကိစ္စ ခေတ်ကုန်သွားပြီ။ ဂရုမစိုက်ခြင်းအနုပညာဖတ်မလို့လား၊ ငါ့အတွက် ငါရှိတယ်ဖတ်မလို့လား၊ ကျွန်မဖတ်ဖို့အတွဲလိုက် ဖတ်မလို့လား။ အရောင်းရဆုံး စာအုပ်မှ ဖတ်ချင်ရင်လည်း သမ္မာကျမ်းစာ ရှိတယ်။ ဂရမ်မာစာအုပ်တွေ ရှိတယ်။ ဖတ်လေ။ အတင်းအဓမ္မအရောင်းရဆုံး စာအုပ်တွေ များမှများ။ ညွှန်းတဲ့ စာအုပ်ကို ဖတ်တာက ဘာနဲ့တူသလဲဆိုရင် လွတ်လပ်ရေးမရသေးဘဲနဲ့ လွတ်လပ်ရေးနေ့သည် ဇန်နဝါရီ လေးရက်နေ့ဖြစ်၏ ဆိုတဲ့ စာစီစာကုံးကို ဖတ်နေရသလို ဖြစ်သွားမယ်။ ကြောင်ကို မုန်းလျက်နဲ့ ကြောင်ချစ်သူများအဖွဲ့ ဝင်လိုက်ရင် ဘာဖြစ်သွားမယ် ထင်လဲ။ ကျုပ်က တိချစ်သူများ ဟောဒီဒွန္ဒယာမှာ မရှိလေ တိတွေနည်းလေလို့ တွေးပြီး အကုန်သိမ်းကြုံးမုန်းနေတဲ့ကောင်ဗျ။
နောက် ဖတ်သင့်တဲ့ စာအုပ်ကို မဖတ်ခြင်းအကြောင်းက စိတ်ဝင်စားစရာ မကောင်းလောက်အောင်လည်း ဖတ်ညွှန်းတွေက အရမ်းများပြီး အပိုတွေဆာဒါးနဲ့ ညွှန်းကြလို့ပါပဲ။ ပြီးတော့ ဖတ်ညွှန်းတွေ ဖတ်လိုက်ရုံနဲ့ အဲဒီစာအုပ်ထဲပါတဲ့ အကြောင်းအရာတွေကို ပါတာထက်ပိုပြီး ကြိုသိလိုက်ရတာတွေကြောင့်လည်း ပါတယ်။ အဲစာအုပ်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဆုရစာအုပ်တွေလည်း တအုပ်မှ မဖတ်ဖူးပါဘူး။ ဆုရစာအုပ်တွေဆိုတာက တိုင်းကျိုးပြည်ပြု အကြောင်းအရာမျိုးနှင့် လူတယောက် လူ့အဖွဲ့အစည်းကြီး စတဲ့ တစုံတရာတို့အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေပဲ ဖြစ်နေမှာမို့ပဲ။ ဖြစ်နေမှာလို့ပဲ ခန့်မှန်း ရေးနိုင်တယ်။ ဘယ်ဆုရ စာအုပ်မှ မဖတ်ဖူးလို့ ဘာအကြောင်းတွေ ရေးလို့ ဘာဆုတွေ တွေရကြသလဲတော့ တကယ် မသိပါဘူး။ ပြီးတော့ ဆုရစာအုပ်တော်တော်များများကို ကပ်ဖားစာအုပ်လို့ အပြည့်အဝ ယုံကြည်တယ်။ ဆုရ စာအုပ်တွေပါမကဘူး။ ဘွဲ့ရဖို့ ပြုစုစာတမ်းတွေလည်း မဖတ်ဘူး။ ဘွဲ့ပေးမယ့်သူတွေတောင် ဖတ်ရဲ့လား မသိဘူး။ တက္ကသိုလ်တို့ရဲ့ မော်ကွန်းတိုက်မှာ အကျိုးမရှိဆုံးစာက ဘွဲ့ရစာတမ်းတွေပဲနေမှာ။ တက္ကသိုလ် တခုထဲ ရောက်တာနဲ့ တောင်းကြည့်ဖူးတယ်။ အကြောင်းအရာတခုခုကို ဖားကန့်မှာ ကျောက်စိမ်းရှာသလို ရှာရေးထားတာပဲ။ ဖတ်ကြည့်လိုက်တော့ မကျက်တဲ့ အသားဟင်းကို အတင်းစားရသလို ခံစားရတယ်။ ဘွဲ့ရစာပေက ဘွဲ့ရဖို့အတွက် ဖြစ်သလို ဆုရတဲ့စာပေတွေလည်း အဲလိုပဲနေမှာ။ ဆုရအောင်ရေး ဆုရသင့်ကြောင်း ဖောင်းနေတဲ့ အိတ်ပြားအောင် လုပ်ရတာမျိုးလည်း ရှိရင်ရှိမှာ။ ဒါကြောင့် ဆုရစာပေတွေ ဘယ်သူရေးရေး ဘာအကြောင်းရေးရေး မဖတ်ဘူး။ အမျိုးသားစာပေဆုဆိုရင် အဖားနိုင်ဆုံးဆုဖြစ်မှာပဲ။ စာပေဗိမာန်ဆု၊ ဦးအုံးဖေဆု၊ ဝိုင်အမ်ဘီအေဆုတွေလည်း ထူးမခြားနားဖြစ်မှာပဲ။ ဘာစာမှ မရေးဖူးတဲ့ကျုပ် စောက်ကျိုးနည်း မနာလိုတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ မကောင်းတဲ့စိတ်ဆိုတာ သေချာကို မွေးစရာမလိုတာ။
ကျုပ်ဖတ်ဖူးတဲ့ တအုပ် နှစ်အုပ်သော သော်တာဆွေရဲ့ စာအုပ်ကို ဆက်မပြောခင် အဲစာအုပ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကျုပ်အတွေ့အကြုံကို ပြောရဦးမယ်။ စာအုပ်ဖတ်ပြီး ကျုပ်အနေနဲ့ “ဟာ တကယ်ကြီးပဲ၊ တကယ်ဟုတ်မှာပဲ” ဆိုပြီး ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ရူပကလျာဏီဆိုတဲ့ စာအုပ်ထဲက ဇာတ်လမ်းကြီးကို တွေ့သမျှ သူငယ်ချင်းတွေအားလုံးကို ပုံဝတ္ထုပုံစံ ခဏခဏပြောပြဖြစ်တယ်။ တကယ်ထင်မှာပေါ့။ မဟာကစ္စည်းရဲ့ ညီဆိုတာကြီး ပါတာကိုး။ မဟာကစ္စည်းဆိုတာ ဘုရားရှင်လက်ထက်က အချောဆုံးရဟန်း။ ဝေဖန်ပိုင်းခြား စဉ်းစားရမှာလည်း ဘုရားရှင်ကတောင် ဘွဲ့တခုနဲ့ ချီးမြှောက်ခြင်း ခံရတဲ့ရဟန်းလေ။ နောက် စန္ဒာဒေဝီဆိုတဲ့ စာအုပ်ကို ထပ်တွေ့တယ်။ အဲစာအုပ်ကို မဖတ်ခင်ကလေး မဂ္ဂဇင်းတအုပ်မှာ အဲဒီစာအုပ်တွေအကြောင်း ဆောင်းပါးတခု ဖတ်လိုက်ရတယ်။ ဒီ ရူပနန္ဒီနဲ့ စန္ဒာဒေဝီဆိုတဲ့ စာအုပ်တွေဟာ ဘာသာပြန်တဲ့။ ဟင် ဒါဆို လုပ်ဇာတ်ပေါ့။ မဟာကစ္စည်းရဲ့ညီ ဆိုတာကနေ ငါ့ကတကယ်ထင်ပြီး တကယ့်ရာဇဝင်ကြီးတခုလို ယုံခဲ့မှုကြီးက အခုတော့ ငါက သောက်ပေါကြီးဖြစ်ပေါ့။ ဘယ်သူမှ သတိမထားမိတဲ့ အတ္ထုပ္ပတ္တိကြီးလို့ ယုံကြည်မှုကြီးက ဂွမ်းပေါ့။ တကယ်တမ်း ဒီနေရာမှာ ကိုယ့်ဂွမ်းချက်ကို ဦးတည်ပြီး ဖိရေးရင် ဖတ်လို့ အားရစရာကြီးဖြစ်ပေါ့။ ဒါပေမယ့် ဆက်မရေးတတ် တော့ဘူးလေ။ ဒီနေရာမျိုးမှာ ဆရာသော်တာဆွေကို အားကျတယ်ဆိုတဲ့ အချက်က ဒီမှာတွေ့တာပဲ။ သည်လိုနေရာဆိုရင် သူက ဥပမာကြီးတခုခုနဲ့ နင့်နေအောင် ရေးချပစ်တာပဲ။ အားရချက်။ ပြီးတော့ တလွဲ။ ထင်ယောာင်ထင်မှားဖြစ်စရာ။ ဆရာသော်တာဆွေကို အဲလို အားကျခဲ့တာ။ ဒါပေမယ့် သူ့စာအုပ်ကို ဘယ်ထိ မဖတ်ခဲ့ဖူးသလဲဆိုရင် ဤမြေမဟီဝယ်ဆိုလား ဘာလားရှိတယ်။ ဆုရတယ်တဲ့။ မဖတ်ပါဘူး။ မဖတ်ဖူးပေမယ့် မြင်တော့ မြင်ဖူးတယ်။ မြင်ဖူးရခြင်း အကြောင်းကတော့ ကျုပ်မန်းလေးမှာ နေတုန်းက ကျုပ်တို့ စာအုပ်ငှါးဖတ်တဲ့ အငှါးစာအုပ်ဆိုင်က အဲသလို စာအုပ်ကောင်းတွေ တင်လေ့ရှိတယ်။
စာအုပ်ဆိုင်နာမည်က ဖိုးကျော်။ ဖိုးကျော်ဆိုတဲ့သူက သူ့နာမည်နဲ့ပဲ ဖွင့်ခဲ့တဲ့ အငှါးစာပေလေး။ စာအုပ်စာပေတွေဟာ လူတွေကို ကြီးပွားတိုးတက်စေနိုင်တယ်ဆိုတာကို သက်သေပြခဲ့သူပဲ။ အောင်မြင်ကြီးပွားဖို့ မုံရွာကနေ ဆင်းလာပြီး မန်းလေးမှာ စာအုပ်စာပေနဲ့ လုပ်ငန်းစရင်း အခုဆို တမိသားစုလုံး ဝတ်နိုင်စားနိုင်မိသားစု စာရင်းဝင်သွားပြီလေ။ ရှေးခေတ် ဒဂုန်မဂ္ဂဇင်း အရှုံးပေါ်လို့ ခဏခဏရပ်ရတယ်။ အခုခေတ် ချင်းတွင်းမဂ္ဂဇင်း ခဏခဏရပ်ရတယ်လို့ ကြားဖူးတယ်။ လူငယ်တွေ စာဖတ်ပါတယ်။ ဘာတွေ လျှောက်ရေးပြီး စာအုပ်ထုတ်မှန်းမှ မသိတာ။ စာဖတ်တဲ့ လူငယ်တွေကြောင့် ကြီးပွားသွားပြီး ဖိုးကျော်စာပေကတော့ စွန့်ဦးတီထွင်သူ ဖိုးကျော်က အရင်းအနှီးစုမိတာနဲ့ တခြားလုပ်ငန်းတွေ ဆက်လုပ်ကိုင်ခဲ့ပေမယ့် ကျေးဇူးမမေ့တဲ့အနေနဲ့ သူဖွင့်ခဲ့တဲ့ စာအုပ်ဆိုင်ကို နိုင်သလောက်ချဲ့ရင်း အခု အငယ်ဆုံး သူ့ညီမ “ပပသူ” ဆိုတဲ့ အပျိုကြီးကိုဆီ လက်လွဲထားတယ်။ သူ့ကို အပျိုကြီးလို့ ပြောတာကို ရယ်ကျဲကျဲ ငြင်းနိုင်ပြီလား မငြင်းနိုင်သေးဘူးလားတော့ မသိဘူး။ နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ ၂၀၁၉ အထိ အိမ်ထောင် မပြုသေး။ သူတို့ဆိုင်က အရင် ကျုပ်တို့ နေတဲ့ အသိုက်ဘေးမှာဖွင့်ခဲ့ပေမယ့် အခုတော့ နဂါး၊ နဂါး ၂၊ နောက်ဆိုင်ခွဲနာမည်တခုက နဂါးပိုင်ရှင်နာမည် ဦးထွန်းဦးနဲ့လား ဘာလား မမှတ်မိ၊ ၈၄ နဲ့ ၂၉ ထောင့်နားက၊ အဲဒါရယ် သကောင့်သား ဒီမောင် သိသလောက် စာပေနောက်တဆိုင်က မောင်မောင်ပြေ ဆိုတာရယ် တို့နဲ့အပြိုင် ၈၄ လမ်း၊ ၃၁ လမ်း ၃၂ လမ်းပေါ် မှာ ‘ဖိုးကျော် စာဟောင်းစာကောင်း ရောင်းဝယ်ရေး’ ဆိုပြီး ပြောင်းဖွင့်ထားတယ်။ အငှါးဆိုင်လည်း မဟုတ်တော့ဘူး။ အထက်မြန်မာပြည် ဖြန့်ချီရေးတောင် ဖြစ်နေပြီ။ အပြိုင်ဆိုတဲ့စကားက ဒါကြောင့်ပြောတာပဲ။ စာအုပ်တွေကတော့ နာမည်ထဲ ပါတဲ့အတိုင်း စာဟောင်း စာကောင်းတွေ အဓိကတင်တယ်။ တကယ့်ရှားပါးစာအုပ်တွေ ရချင်ရင် အဲစာအုပ်ဆိုင်မှာ မေးလိုက်။ မရှိဘူးလို့ အပြောခံရရင် ခင်ဗျားကို စာပေသမားလို့ မထင်လို့ မရောင်းပေးလိုက်တာပဲ။ သူတို့ဆိုင်ရဲ့ သဘောထားက အဲလို။ ကိုယ့်ကိုယ်ကို စာသမား ဟုတ်မဟုတ် သိချင်ရင် အဲစာပေ သွားပြီး ရှားပါးစာအုပ် တအုပ်လောက် ဝယ်ကြည့်လိုက်ရင် သိနိုင်တယ်။ သူတို့က လူမသိ သူမသိ စာပေကို ချစ်မြတ်နိုးကြသူတွေ။ ဒါကြောင့်လည်း သူတို့က အငှါးဆိုင်အဖြစ် ဖွင့်ကတည်းက စာကောင်းပေကောင်းတွေ တယ်တင်ကိုး။ အင်တာနက်ဆိုတာကြီး မပေါ်ခင် ၂၀၀၅ အထိ သူ့တို့စာအုပ်ဆိုင်မှာ ကျုပ်က နေ့တိုင်း ငမ်းနေကြ။ အဲ မဟုတ်ပါဘူး။ ငှါးနေကြ။
သူတို့ဆိုင်ရဲ့ ပုံစံက အငှါးဆိုင်ဆိုတဲ့ ဘဝကတည်းက ဘယ်သူမှ ငါ့ဆီ ဒီစာအုပ်ရှိတယ်လို့ ထုတ်မပြနိုင်တဲ့ အနေအထားမျိုးမှာတောင် သူတို့ဆိုင်က အဲစာအုပ် ရှိနေတတ်တာမျိုး။ ကျုပ်က နေ့စဉ်နဲ့အမျှ မပြတ်တမ်း စာအုပ်ကို ငှါးဖတ်နေလေတော့ ရင်းနှီးမှုကို ခုတုံးလုတ်ပြီးသလကာ သကာလ၊ စာအုပ်စင်ရဲ့ ခပ်မြင့်မြင့်နေရာမှာ ဦးနှောက်လှမ်းမမီအောင် ထားခဲ့တဲ့ စာအုပ်တွေကို ဖတ်ဖို့ ကြိုးစားခဲ့တာပဲ။ ဦးနှောက်လှမ်းမမှီတာကို သိလျက် အဲစာအုပ်တွေကို ကျုပ်အတွက် ဖတ်ပြီးကြောင်း ဖြစ်ရမယ့် စာအုပ်တွေ ဖြစ်နေပြန်တယ်။ ကျုပ်ဦးနှောက်ကများ မတော်တဆ လက်လှမ်းမီသွားမလားရယ်လို့တော့ မဟုတ်ပါဘူး။ ဖတ်ပြီးကြောင်း ဆိုတဲ့ အကြောင်းပြချက် သက်သက်အတွက်ပဲ ဖတ်ခဲ့တာ။ ဖတ်ပေမယ့် ဟိုလိုလား ဒီလိုလားဆိုတဲ့ အဆင့်ရောက်ဖို့ ဝေဝေဝါးဝါး သိဖို့ဝေးပဲ။ မူလတန်းကျောင်းက ကလေးတွေလို စာကို စာလုံးပေါင်းကြည့်သလို ဖတ်ခဲ့တာပဲ ရှိတယ်။ စာကြောင်းကို စာကြောင်းအတိုင်း စာပိုဒ်ကို စာပိုဒ်အတိုင်း ဖတ်ခဲ့တာပဲ။ ဘာဆိုဘာမှ နားမလည်ခဲ့တာ။ ဘယ်သူ့စာအုပ်မျိုးလဲဆိုရင် ကျော်ဝင်းလိုမျိုး။ ဆရာကျော်ဝင်းရဲ့ ကမ္ဘာလုံးတာရော၊ ပြားတာရော၊ အစိတ်စိတ်အမွာမွာကွဲတာရော။ ဘာမှ နားမလည်လည်း ဖတ်တာပဲ။ သူရေးတဲ့အထဲ နားလည်ခဲ့တာဆိုလို့ တက်ကျမ်းမဟုတ်ဘူးလို့ ပြောပြီးရေးတဲ့ ၂၁ရာစု သားရွှေဥ တက်ကျမ်းစာအုပ် တအုပ်ပဲ ရှိခဲ့တာ။ ယဉ်ကျေးမှုချင်း တွန်းတိုက်မိခြင်းဆိုတဲ့ စကားလုံးကိုတော့ နာလည်လိုက်တယ်။ အရှေ့တောင်အာရှက လူပျို အပျိုဖော်ဝင်ကြသူများအားလုံး ကိုးရီးယားက နာမည်ကျော်မင်းသား မင်းသမီးတွေပုံစံ အကုန်ဖြစ်နေလို့။ မန်းလေးသူကို ကြည့်မိလို့မဟုတ်ပါဘူး။ တောင်ကြီးသူ ရှမ်းမ၊ ပအိုဝ်းမပျိုဖြူချောတွေ ကြည့်မိလို့။ ကိုယ့်မျက်စိယဉ်ရာ ယဉ်ရာပဲ။ မန်းလေးသူက ဘယ်တော့မှ မချော မလှခဲ့ဘူး။ ဒီလိုနဲ့ ဪ ယဉ်ကျေးမှုချင်း တွန်းတိုက်မိခြင်းဆိုတာ နင့်ပုံစံတွေက တုံးပြီ၊ ဒိတ်အောက်ပြီ။ ငါ့ပုံစံကမှ ခေတ်မီတယ်ဆိုပြီး ကဲ့ရဲ့ရင်း ဈေးရောင်းတာကိုးလို့ သိလိုက်တာ။ ဒါတောင် အထဲက စာနည်းနည်းကြောင့် နားလည်တာ၊ ကျန်တဲ့စာတွေကို နားမလည်ပါဘူး။
နောက်ပိုင်း အကြမ်းဖက် အဖွဲ့အစည်းတခုဘက်က နေပြီး စာတွေရေးမိလို့ နာမည်ကျသွားတယ်လို့ ကျုပ်ဘက်က တဖက်သတ်ယူဆတဲ့ မောင်စူးစမ်းတို့ရေးတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဈေးကွက်စီးပွားရေး ဘာညာသာရကာ။ သူ့နာမည်ကျသွားတယ်လို့ ယုံပါတယ်၊ ဖတ်ခဲ့ရတဲ့ နောက်ဆုံး သူ့စာက နာဂစ်အကြောင်းရေးတာလို့ မှတ်တာပဲ။ ဓားမကို ဒေါင်လိုက် တံခါးဝမှာ ထားရတဲ့အကြောင်းလားလို့။ ကျုပ်ကတော့ ကျုပ်ကောက်ချက်နဲ့ ကျုပ် ဟုတ်နေတာပဲ။ နာမည်ကျကျ မကျကျ သိလည်းမသိ။ ကျုပ်နဲ့ ဘာမှလည်း မဆိုင်။ သူ့နာမည် ပြောရတာက သူရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သူ့စာခေါင်းစီးတွေကြောင့်။ ခေါင်းစီးက မဆိုင်တဲ့ အကြောင်းအရာ သုံးခုကို ပေါင်းထားတာမျိုးချည်း။ ဘယ်လိုမျိုးလဲ ဆိုရင် “ဂျင်နီရဲ့ ကားဒီဇိုင်း၊ အဖရိကဘီယာအရသာနဲ့ တောင်အရပ်ကို ရွှေ့လာတဲ့ ဓူဝံကြယ်” ဆိုတာမျိုး။ သူ့စာအုပ်တွေလား မဂ္ဂဇိန်တွေထဲ ပါတတ်တဲ့ သူ့ဆောင်းပါးတွေ ဖတ်ဖူးခဲ့တာလားတောင် သေချာမမှတ်မိဘူးရယ်။ ဟဲ။ ဟနောက်ပစ်ကို နှစ်လုံးတွဲပြီး မရယ်ရဲဘူး။ သူများ အထင်သေးမှာစိုးလို့။ ရယ်ကျကျဲ လုပ်ရင် ရှက်သွားလို့ ဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား အားတီတို့။ အားတီတဲ့ ဘာအဓိပ္ပါယ်မှန်းလည်း မသိဘူး။ သူများ အားတာနဲ့ အားလိုက်။ တီတာနဲ့ တီလိုက်တာ အားတီတို့။
အိမ်း စာဖတ်ကြသူများဟာ စာကောင်းကောင်း မကောင်းကောင်း၊ မကောင်းတာလည်းဖြစ်နိုင်တာပဲ၊ ကိုယ်က စာသေချာဖတ်တဲ့သူမှ မဟုတ်တာ။ စားရေးဆရာတယောက်က နိုင်ငံကို ဖျက်ဆီးနေတဲ့ အဖွဲ့အစည်းဘက်ကနေ နေလိုက်တာနဲ့ ချက်ချင်း ခွာပြဲကြတာပဲလို့တော့ သတိထားမိတယ်။ ဒီလိုဖြစ်အောင် စာတွေထဲမှာ ဘာတွေ ပါနေလို့လဲ။ စာတွေ များများဖတ်ရင် သည်ဟာက မှားတယ်၊ သည်ဟာကတော့ဖြင့် မှန်တယ်လို့ ခွဲခြား သိမြင်နိုင်သွားတဲ့ အစွမ်းရှိသလား။ သိမြင်ဖို့အတွက်က စာထဲမှာပါသလား။ စာတော်တော်များများကတော့ တွေးဖို့ပဲ ရေးမှာ။ တွေးတော့ မပြလောက်ဘူး။ တွေးပြရင်လည်း ဖျင်းလို့နေမှာပေါ့။ ကိုယ်ကတော့ ခပ်ဖျင်းဖျင်း အစားထဲကပဲ။ စာတွေက ဘယ်လိုတွေ တွေးဖို့များ ရေးလိုက်သလဲ။ ဘက်လိုက်တွေးဖို့လား။ ကွဲပြားအောင် တွေးဖို့လား။ ဟိုပေါင်း သည်စပ်တွေးဖို့လား။ ခွဲခြားပြီးတွေးဖို့လား။ ပိုင်းခြားပြီး တွေးကြည့်ဖို့လား။ ဆက်လက်ကွန့်မြူးပြီး တွေးဖို့လား။ စာဖတ်ပြီး တကယ်ရော တွေးဖို့ လိုလို့လား။
တွေးခြင်း။ တွေးတယ်။ တွေးရင် ဘာဖြစ်သွားနိုင်လဲ။ စာတွေကို တွေးရင်း မတော်တရော် တွေးမိရင် ရူးနိုင်တာပဲ။ ဟိုတွေးဒီတွေး တွေးရင်းက စိတ်ထိခိုက်ပြီး ရူးနိုင်တာပဲ။ စိတ်ဓာတ်ကျပြီးတော့လည်း ရူးသွားနိုင်တယ်။ ဟုတ်နိုးနိုး မှန်နိုးနိုး လွဲနိုးနိုး သေချာနိုးနိုး ဝေခွဲမရ ဖြစ်ပြီးလည်း ရူးသွားနိုင်တယ်။ တွေးရင်း စိတ်ဖိစီးလာပြီး ရူးနိုင်တယ်။ ငါ မတွေးတတ်ဘူးပဲဆိုပြီး သံသယတွေ ဘာတွေဝင်ပြီး ရူးနိုင်တယ်။ မှားမှာလည်းကြောက် မမှန်မှာလည်းကြောက်ပြီး စိုးရိမ်ပူပန်ရာက ရူးနိုင်တယ်။ အမှန်တရားဘာလဲ အမှန်မတရားကဘာလဲ အမှန်ကို မရနိုင်တာနဲ့ အမှန်ကို မတွေးနိုင်တဲ့အတွက်ကြောင့် ရူးနိုင်တာပဲ။ အသိမိတ်ဆွေနည်းပြီး ကူတွေးမယ့်သူ လောက်လောက်လားလားမရှိလို့ စိတ်ဓာတ်ကျသွားရင်း ရူးတာမျိုးလည်း ဖြစ်နိုင်တာပဲ။ တွေးလေလေ ရှုပ်လေလေ ဘယ်လိုမှ ရှင်းမရလေဖြစ်ပြီးလည်း ရူးနိုင်တာပဲ။ စာတွေဖတ်ပြီး ဘာမှလည်း အဖတ်မတင်တဲ့အခါ မိဘနဲ့ ဆရာသမားတွေ ‘စာဖတ်တာ အလုပ်ပျက်တယ်’လို့ စေတနာအပြည့်နဲ့ ဝိုင်းဆုံးမတာကို ငါက နားမထောင်ဘဲ စာရေးဆရာတွေက သူတို့စာအုပ် ရောင်းမစွံမှာစိုးလို့ စာမဖတ်ရင် လူညံ့ဖြစ်မယ်ဆိုပြီး လိမ်ရောင်းတာကို အဟုတ်မှတ်တဲ့ငါ၊ မိဘနဲ့ဆရာစကား နားမထောင်မိတဲ့အတွက် မိုက်လေခြင်းလို့ ကိုယ့်ဘဝအဖြစ်မှန်ကို လက်ခံမိသွားရင်လည်း ရူးနိုင်တာပဲ။ စာဖတ်ရင်း အဖြေရှာရာမှာ ဒီနေ့က ဒီလိုမှန်ပြီး နောက်နေ့ကျ မမှန်ပြန်ဘူးလို့ ပြောင်းပြောင်းပြန်ပြန် မရေမရောတဲ့ အဖြေတွေပဲ ရနေရင်လည်း ရူးစေနိုင်တာပဲ။ စာရဲ့ဆိုလိုချက်ကတမျိုး ကိုယ်တွေးမိတာက တမျိုးဖြစ်ပြီး ဒီအပေါ် စာရဲ့ အပြစ်လား၊ ဖတ်မိတဲ့ ကိုယ့်အဖြစ်လား အပြစ်တင်ရမယ့်သူ မရှိရင်လည်း ရူးနိုင်တာရှိတာပဲ။ မြစ်ချောင်းနား၊ ခပ်မြင့်မြင့် တံတားနား၊ အထပ်မြင့် အဆောက်အဦးရဲ့ ခေါင်မိုးနားစတဲ့ စိုးရိမ်စရာ နေရာတခုခုဆီ မတော်တဆ ရောက်သွားပြီးမှ စာဖတ်ခဲ့သလောက် မဖြေရှင်းနိုင်တဲ့အပြင် အရေးပေါ်ဖုံးနံပါတ်ကို မမှတ်မိရာကလည်း ရူးသွားနိုင်တာပဲ။ စာတွေအငမ်းမရဖတ်ရင်း ဉာဏ်ရှိယောက်ျား မှားလတ်သောခါ ဆေးလွန်နာကို ဆရာဆက်ဆက် အကုခက်၏အဆင့်ကို မတော်တဆ ခြေချော်လက်ချော် ရောက်ပြီး ဘဝင်ကိုင်လွန်းလို့လည်း ရူးနိုင်တာပဲ။ ဟိုစာလည်းဖတ် ဒီစာလည်းဖတ် စာမှန်သမျှဖတ်၊ အင်း ငါလောက်စာဖတ်တာ ဘယ်သူမှ မရှိဘူးဆိုပြီး ကွန်ဖီးဒင်လယ်ဗယ်ဆိုးဟိုက်နဲ့လည်း ရူးနိုင်တာပဲ။ ဒါတွေက စာဖတ်ပြီးတော့ တွေးရင်း တွေးရမယ်ဆိုပြီး ရူးသွားတာ။
တခြားနည်းနဲ့ ရူးအောင်ရေးတဲ့ စာကြောင့် ရူးတဲ့ အရူးတွေ ရှိပါသေးတယ်။ စာကိုက နဂိုကတည်းကိုက ရည်ရွယ်ချက်ရှိရှိနဲ့ ရေးခဲ့တာ။ ဒီစာဖတ်ကြတဲ့သူတွေ ရူးကို ရူးရမယ်ဆိုတဲ့စာမျိုး။ ဟုတ်ပါတယ်။ တချို့စာတွေက စာဖတ်သူတွေ ဘယ်လောက်ပဲ ပါးနပ်ပါးနပ် မရရအောင် အမှောင်ထဲကို သေသေချာချာဆွဲခေါ်သွားနိုင်စာမျိုး။ ဖတ်ရင်း ဖတ်ရင်းကနေ တနေရာရာကို ရောက်သွားပေမယ့် အပို့ခံလိုက်ရမှန်း မသိအောင် အဖွဲ့အနွဲ့ကောင်းလွန်းတဲ့ စာမျိုး။ တချို့စာက ပန်းချီကားတွေလိုပဲ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဖွင့် အဖြေနှစ်ခွထွက်နေတဲ့စာမျိုး။ မူးယစ်ဆေးဆိုတာကို သာမာန်လူတွေ သုံးမှာစိုးလို့သာ အစိုးရက ပိတ်ထားတာ၊ နာမည်ကို မူးယစ်ဆေးလို့ခေါ်ရတာလဲ သာမာန်လူတွေ ကြောက်အောင်လို့ ခေါ်တားတာ။ နတ်ဆေးလို့ ခေါ်သင့်တဲ့ဆေးပဲ။ ဒီဆေးသုံးရင် အဆိုတော်တွေအတွက် အသံတွေ တချက် မပျက်စေရဘူး။ တေးရေးဆရာတွေ အတွေးတချက်မပျက်ဘဲ အသစ်လွင်ဆုံး စာသားတွေရစေတယ်။ တကယ်တော့ ဟိုတယ်ကယ်လီဖိုးနီးယားကို ဆေးချရင်း ရေးခဲ့တာ။ မူးယစ်ဆေးကို ရှိတ်’သာမသုံးခဲ့ရင် ရိုမီယိုနဲ့ ဂျူးလီးယက်ဆိုတာ ကမ္ဘာမှာရှိလာမှာ မဟုတ်ဘူး၊ ဗန်ဂိုးရဲ့ အာလူးစားသူများတွေ နေကြာပန်းတွေ ဆွဲဖြစ်သွားနိုင်တဲ့ နောက်ကွယ်က ဘာလဲ သိလား အခုခင်ဗျားတို့ မူးယစ်ဆေးဝါးဆိုပြီး ဥပဒေတွေနဲ့ သေချာတားမြစ် သာမန်လူတွေ မသုံးနိုင်အောင် နိုင်ငံတော်နဲ့ ပေါင်းကြံခဲ့တဲ့ဟာကြောင့်ပဲလို့ တိကျခိုင်မာတဲ့ သက်သေတွေနဲ့ ရေးတဲ့စာမျိုး။ ရှားလော့ဟုမ်း၊ စုံထောက်မောင်စံရှားတို့ရဲ့ စာတွေ ဖတ်ဖူးတယ်မဟုတ်လား။ တကယ်တမ်း သူတို့က ဟိုဆွဲဒီဖော် ပြန်လုပ်ပြကြလို့ အဖြေသိရတာ။ အဲဒီစာတွေမှာ စကတည်းက အဖြေက တခြားတခုကို ပေးထားပြီးသား၊ ပြီးတော့ တလွဲအဖြေနဲ့ စာဖတ်သူအတွေးကို ကြောတဲ့စာမျိုး။ တချို့ကျ အဆုံးသတ်မှပဲ အမှန်တရားလိုလိုနဲ့ ချပြသွားတယ်၊ ချပြတဲ့ အမှန်တရားကိုလည်း ကြည့်ဦး။ စိတ်ကောင်းထားရင် အလုပ်မဖြစ်ဘူး၊ နိုင်ငံအတွက်ဆိုပြီး အကောင်းဆုံး ကြိုးစား၊ သေအောင်ကြိုးစား၊ သေသွား၊ ပြီးတော့လည်း ဘယ်သူမှ အသိအမှတ်မပြုဘူး၊ ဆေးရုံတက်နေတဲ့ အကြည်တော်ကို ပြောတာ မဟုတ်ပါဘူး။ သူ့စာထဲကလို။ မနက်ဖန်အထိ ရွှေ့လို့ရတဲ့ အလုပ်ကို ဒီနေ့လုံးဝ မလုပ်မိစေနဲ့ ပုံစံ၊ အားလုံး အရှုံးနဲ့ပဲ ရင်ဆိုင်ရင်း နောက်ဆုံး ထပ်ရှုံးပြီး အဆုံးသတ်မှာ အမှန်တရားက ဒါပဲဆိုတဲ့စာမျိုး။
လူကို ရူးစေနိုင်တဲ့ စာတွေက နောက်တပုံစံနဲ့ ရှိသေးတယ်။ ကိုယ့်အိမ်နဲ့ ကိုယ့်ကိုနေနေတာကမှ လှည်းဦးလှေတိုက်ဖြစ်ရ၊ သုံးထားတဲ့အသားကမှား၊ နေ့နံနဲ့ ဆေးရောင်မတည့်လို့ စီးပွားပျက်မယ်၊ သင့်နာမည်က သင့်ကို ဘယ်လောက်ဒုက္ခပေးနေပြီလဲ စတဲ့စာမျိုး။ (ကျုပ် ဗေဒင်တတ်ပါတယ်၊ မဟောပါ ဤကား စကားချပ်) ဘာသာရေးကဒီလို မင်းနေတာကဒီလို ဆိုပြီး ဘောင်တွေခတ်၊ စည်းတွေသတ်မှတ် အနေကြပ်သထက် ကြပ်အောင် ရေးတဲ့စမျိုး။ ဘာသာခြားက ဘာဖြစ်တယ်ဆိုပြီး ကိုယ့်သူငယ်ငယ်ချင်းကိုမှ သံသယဝင်ခိုင်းတဲ့ စာမျိုး။ သမ္ပဖလာစာမျိုးလို့ တိုတိုပြောရင်တော့ ရှင်းပေမယ့် ဒီသကောင့်သားတော့ ပါဠိထည့်လာပြန်ပြီလို့ ပြောနေမှာစိုးလို့ မထည့်တော့ပါဘူး၊ ရှည်ရမှာမို့ ရှည်ပေးပါ့မယ်။ ကျုပ်ရဲ့ အခုထွက် စင်ပေါ်ရောက်နေတဲ့ “လကမ္ဘာပေါ်မှာ ရေကူးပြီး ဂဏန်းသုပ်စားကြတဲ့ ဘဲနဲ့ငန်း’ စာအုပ်ကိုအခုလို တခဲနက် အားပေးကြလို့ ကျေးဇူးတင်ပါတယ်၊ နောက်လ ထွက်လာမယ့်” အရှက်ကို ရေနွေးခွက်ထဲငှဲ့ရင်း ပန်းဖြစ်သွားတဲ့ငှက်” စာအုပ်ကိုလည်း အားပေးပါဦး”လို့ အဓိပ္ပါယ်ဘယ်လိုဖော်ဖော် မပေါ်တဲ့စာမျိုး။ မာဗယ်ရဲ့ ယူနီဗာစ့်မှာ သားနို့ဟာ အကြောင်းနှစ်ခုကြောင့် လက်ဖျောက်တီးခဲ့ရတာပဲ၊ ပထမတခုက သေမင်းနတ်ဘုရားမ အချစ်ကို လိုချင်တာနဲ့ သူ့အစွမ်းပြချင်တာ၊ ဒုတိယက လူသားတွေရဲ့ ကြပ်တည်းမှုကို ဖြေရှင်းချင်တာ၊ ဒါတွေက တချို့သောသူတို့ရဲ့ နတ်ဘုရားအပေါ် ယုံကြည်မှုနဲ့ ကမ္ဘာမှာ ဖြစ်လာနိုင်ချေရှိတဲ့ ကြပ်တည်းမှုဒဿနတွေ အပေါ် အခြေခံပြီး ရေးထားတဲ့ ဇာတ်လမ်းဖြစ်လေတော့ သားနို့စ်ကို တကယ်လိုလို ထင်စေသွားနိုင်တဲ့ စာမျိုး။ ဒီတိုင်းဆိုလျင် ၂၀၃၄ မှာ ဂျေဂျူဝိုင်ဟာ သားသမီး ၃ ယောက် ထွန်းကားပြီး ဘီလျံနာ ၁၀ ယောက်စာရင်းထဲ ဝင်ရောက်သွားနိုင်တယ်ဆိုတဲ့ ကိန်းဂဏန်းအညွှန်းတွေကို လက်ရှိ အောင်မြင်နေတဲ့ အဖွဲ့အစည်းကြီးတွေ နာမည်ကြီးသုတေသနပညာရှင်တွေ ထိပ်ဆုံးကပြေးတဲ့ နိုင်ငံတွေကလာတဲ့ အချက်အလက်ဆိုပြီး တိတိကျကျ အညွှန်းကိန်းတွေနဲ့ စာမျိုး။ လူကို ရူးစေနိုင်တဲ့စာမျိုးတွေက အများကြီးရှိပေမယ့် တခုပဲ ထပ်ရေးပြတော့မယ်။ အဲဒါက ပေတံ စာမျိုးပဲ။ ဆန့်ပြီးတွေးမယ်ဆိုရင်တော့ ရှင်းပါရဲ့။ မဆန့်နိုင်သူတွေအတွက်တော့ ရှင်းပြရဦးမှာပဲ။ ထက်မြက်တဲ့အမျိုးသမီးဆိုတာ၊ လင်ဝတ္တရားကျေပွန်တဲ့ အိမ်ထောင်ရှင်ကောင်းဆိုတာ၊ ပေါ့စတားတယောက်ရဲ့ နေထိုင်မှု ကနေစပြီး ဗုဒ္ဓ၊ ခရိယာန်၊ အစ္စလာမ်ဘာသာဝင် ကောင်းတယောက်ရဲ့ နေထိုင်နည်းစတဲ့ လူတို့ရဲ့ ဖြစ်တည်မှုအပေါ် ကာလနားတွေချပြီး စော်ကားတဲ့ ခြိမ်းခြောက်တဲ့စာမျိုးတွေဟာ လူကို ရူးစေနိုင်တဲ့ စာမျိုးတွေ ဖြစ်ပါတယ်။ ရူးသွားစေနိုင်တယ်ဆိုတဲ့စကားမှာ ရူးတယ်ဆိုတာက သွက်သွက်ခါရူးတယ်ကို ပြောလိုတာ မဟုတ်ပါဘူး။ ကျုပ်ကပဲ အတင်းရူးခိုင်းတာ။ ဖတ်တာပဲ ငါဖြင့် မရူးပါဘူးဆိုပြီး ပေါတောတော ဖြစ်သွားလည်းရပါတယ်။ ကြောင်တောင်တောင် ဖြစ်သွားလည်းရပါတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်သွားလည်း ရပါတယ်။ ယဉ်ယဉ်လေးဖြစ်လည်း ရပါတယ်။ နိုင့်ထက်စီးနင်းနေတတ်သွားလည်း ရပါတယ်။ ဟိုဟာဆိုလည်းမဟုတ် ဒီဟာဆိုလည်းမဟုတ်ဖြစ်သွားလည်း ရပါတယ်။ တယောက်တည်း အမှန်တရားကို သိပြနေရင်လည်းရတယ်။ စာဖတ်ပြီး စာပဲစားနေလိုက်လို့ အိမ်ထောက်ဘက်က ပြောတာခံရလည်း ရပါတယ်။ မရူးဘူးဆိုလည်း ပြီးတာပဲ။ ဒါတွေကို အဆိပ်အတောက်ဖြစ်တဲ့စာလို့ ပြောရင် ကျုပ်ဆင်ထားတဲ့ ဇာတ်ကွက်ထဲ မဝင်မှာစိုးလို့ ပေါကားဇာတ်လမ်း ပုံစံထွင်လိုက်သပေါ့ဗျာ။ မြန်မာ့ရုပ်ရှင်လောကဆိုတာ ဈေးကွက်စီးပွားရေး စနစ်တခုပုံဖမ်းပြီး ကိုယ့်နိုင်ငံသားတွေ ညံ့သထက်ညံ့အောင် ဖန်တီးနေကြသူတွေပဲ။ ဒါက သူတို့ဇာတ်။ ဒါပေမယ့် ‘စာဖတ်တယ်’ဆိုသူတော်တော်များများက ရူးနေလို့လည်း ဖြစ်နိုင်တာပဲ။ ဟုတ်တယ်လေ။ စာရူး လို့ ကြားဖူးတာပဲ။ ဂိမ်းရူး ဆိုလည်းရှိတယ်ဟ။ ဖုန်းရူးတော့ မရှိဘူး။ ၂၀၁၃ မတိုင်ခင်အထိ ဖုန်းက ၂၅ သိန်းဖြစ်ဈေးပဲ ရှိသေးတာတောင် ဖုန်းကိုင်ချင်နေသူကို ဖုန်းရူးလို့ မပြောခဲ့ကြဘူး။ တလောကလုံး အကုန်ဝိုင်းပြီး ပြုမူနေထိုင်ရင်တော့ မရူးတော့ဘူးဆိုတဲ့ သဘော။ အဲဒါကြောင့် လူတွေ စာသိပ်မဖတ်တော့ရင် ကိုယ်လည်း စာတွေဘာတွေ သိပ်မဖတ်သင့်ဘူး။ တမူထူးနေရင် အရူးလို့ အပြောခံရနိုင်ချေက များနေလို့ပဲ။ လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ ပြောကြသူတွေ ရှိတယ်။ ရူးကြဟလို့ ပြောတာပဲ။ ဒါပေမယ့် အရူးလို့ အပြောခံရတဲ့ လူတွေကပဲ တခုခုမှာ အောင်မြင်သွားကြတာပဲ။ အောင်မြင်ချင်ရင်တော့ ရူးရမှာပေါ့။ တခြားနည်းနဲ့ ရူးချင်ရင်လည်းရူး။ ရူးပြီဆိုရင်လည်း ရိုးရိုးမရဘူး တမူးလည်းသာတတ်ပေမှ။ တမူးမသာနိုင်ဘဲနဲ့ ရူးရင်တော့ မေးငေါ့ခံရတာသာ အဖတ်တင်မှာပ။
ဒီလိုနဲ့ သူများ အထင်ကြီးလိုကြီးငြား ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ ကျော်ဝင်းတို့ မောင်စူးစမ်းတို့ပြီးရင် ကိုတာ ဆိုတဲ့ စာရေးဆရာရဲ့ စာအုပ်တွေလည်း ပါတာပဲ။ ကိုယ်က ရှမ်းပြည်ဘက်က ဗမာစကားလောက်ပဲ နားလည်တာ။ ဘယ့်နှယ် သူ့စာတွေက သူ့ရွာက စကားပြောသလို ရေးထားတာတုန်း။ သူ့စာအုပ်ကိုလည်း အများကြီတော့ မဖတ်ဖူးဘူးရယ်။ ဖတ်ဖူးတာလည်း တအုပ် နှစ်အုပ်ပဲ။ ဖတ်ဖူးကြောင်း ကြွားချင်တာနဲ့ သူများ အထင်ကြီးစေချင်တာတွေကြာင့် တလုံးမှ မမှတ်မိဘူး။ စာအုပ်နာမည်ကြောင့် မှတ်မိနေတာက ရယ်ရွှင်ဖွယ်တို့၊ နှစ်ပါးသွားတို့၊ တွေးသူများတို့၊ လူသည်မျောက်က ဆင်းသက်လာ၏တို့ လူတွေက ဘာလို့ သစ်ပင်လို မရှည်လာတာလဲစတဲ့ မေးခွန်းတွေ ပါတဲ့စာအုပ်တွေ။ “ဖတ်ပြီးပြီ၊ ကြာပေါ့။ “ကောင်းတယ်နော် အင်း။ ဒီအဆင့်မှာဆို အေးဆေး။ ဆက်တော့ မတက်လာနဲ့။ အပြင်သွားစရာ ပေါ်သွားမယ်။ ဆက်ပြောရရင် “ဤသကောင့်သားမှာ ရှေးရှေးကတည်းက စာအုပ်များအတွက်ဖြင့် ဤသို့ဖြစ်ဖူးသည်မဟုတ်။ ယခုကာလမှာလည်း ထိုသူသည် တုံးမြဲတုံးအ၍ ကြွားဝါလိုခြင်းကိုသာ အခြေပြုလျက် စာအုပ်များကို ဖတ်လေ၏” လို့ ကျုပ်ရေးမယ့် ကျုပ်အကြောင်းထဲ ထည့်ရမှာပဲ။ ဆရာ အလကားအမြဲပေးတဲ့ ‘ပြည်သူ့အဖွဲ့အစည်းလေးများ’ ဆိုတဲ့ စာအုပ်တွေကို တခါပေးတိုင်း ဆယ်အုပ်လောက် အသာသယ်တာပဲ။ စာအုပ်စင်မှာ ပြည့်သွားတာပဲ ရှိတာ။ ဘယ်ချိန်ဖတ်ဖတ်။ ဆိုလိုရင်းကို မခေါက်မိဘူး။ သူ့ကိုပြောပြရင်တော့ အလကား ဘာမှ စောက်သုံးမကျတဲ့ ဦးဇင်းဆိုပြီး ငေါက်မလား၊ ကျုပ်ကသာ ညံ့တာပါဗျာ၊ လူတိုင်းနားလည်အောင် မရေးတတ်ဘူးလို့ သူ့ကိုယ်သူ ပြန်အပြစ်တင်မလား မပြောတတ်ဘူး။ ကပ်ကာလမှာ သူလည်း ကပ်ရဲ့ နှိပ်စက်ခြင်းကို ခံလိုက်ရတော့ တော်တော်လေး ပြောင်းလဲသွားတယ်လို့ ကြားလို့ နောက်တခွန်းကို ပြောနိုင်ချေရှိမယ်ထင်ပြီး ထည့်လိုက်တယ်။ သေလောက်တဲ့ အဖြစ်အပျက်က ပေါ့သေးသေး မဟုတ်ဘူး။ ဦးနှောက်ထဲ မီးသီးတလုံး တပ်ပေးနိုင်စွမ်းရှိတယ်။ သူက တရားစာအုပ်တွေဖတ်ပြီး သူသဘောကျသလို ပြန်ရေးပြီး ထုတ်နေတယ်ကြားတယ်။ တရားဆိုရင် မသိပေမယ့် မစိမ်းလို့ သွားဖတ်ရင်တော့ တခြားဖြစ်နိုင်ချေ မတွေးလေနဲ့။ အဲဟာတွေ ဖတ်ရင်လည်း သကောင့်သား ဒီမောင်တော့ဖြင့် အရင်အတိုင်းနေမှာ။ သို့ပေတဲ့ နားလည်သယောင်ယောင် ဖတ်ရဦးမယ်။ သူများကို ညွှန်းသင့် ညွှန်းဖို့ လိုတယ်။
ကျုပ်ရဲ့ အထင်ကြီးခံချင်စိတ်က အရမ်းများလွန်းမက များနေတော့ မဂ္ဂဇင်းတွေ အခြားစာတွေကနေ အထင်ကရလို့ ညွှန်းတဲ့ စာရေးဆရာရဲ့ စာအုပ်မှန်သမျှကို ဖတ်တာပဲ။ ဘယ်ထိလဲဆိုရင် ဟက်ပီးနျူးရီးယားကို မြန်မာနိုင်ငံထက် တရက်နောက်ကျပြီးမှ အော်ခွင့်ရတဲ့ နိုင်ငံမှာ ဇိမ်ကျနေတဲ့ ပုဂ္ဂိုလ်ရဲ့ စာလည်း ဖတ်တာပဲဗျ။ နားလည်း မလည်ပါဘူး။ အရင်က သူ့ဘာစာအုပ်တွေ ဖတ်ဖူးမှန်း မသိပေမယ့် နောက်ဆုံးဖတ်မိတဲ့ မူရာကာမိလည်း နားမလည်ပါဘူး။ နားလည်သလိုလိုဆိုလို့ ကြောင်အကြောင်းပါတဲ့ တပုဒ်ပဲရှိတာ။ အရင်ကတော့ ဒီလူကြီးက တောရွာမှာနေပြီး ဘာတွေ လျှောက်ရေးနေမှန်း မသိ။ ကျောင်းထိုင်ဘုန်းကြီးရယ်၊ အညာရွာအကြောင်းတွေရယ်ပဲ ဖတ်မိလို့ထင်ပါရဲ့။ သူ့နာမည်ကလည်း ရိုးရိုးကြီးကိုး။ မြင့်သန်း တဲ့။ ဆိုတော့ ရွာမှာ တကယ်နေတဲ့ လူကြီးလို့ ထင်ခဲ့တာပဲ။ ဘသန်းကိုလည်း အဲသလိုထင်တာ။ ဓမ္မိကဆိုတာကို ဪ သူ့ ဘုန်းကြီးဘဝနာမည်ပါ ထည့်တာပဲလို့။ သူရေးတာက ဘာသာရေးနဲ့လည်း မကင်းဘူးလေ။ နောက် တခြားစာတွေ ဖြစ်တဲ့ မအေးပွင့်ကို မဖတ်ဖူးပေမယ့် မချောလေးယောက်ဖတ်တော့ အံမယ်။ ကျုပ်လည်း သူများနည်းတူ ဆရာဆွေလှိုင်ဦးကို အမျိုးသမီးထင်ခဲ့သူပါဗျ။ ကျုပ်က တောကကိုရင်ကိုးဗျ။
တောကကိုရင်လို့သာ ကျုပ်ကိုကျုပ်ပြောရတာ။ သဲပူလွင်ပြင် ကြားမှာဖြစ်ရတဲ့ ဖားတပိုင်းငါးတပိုင်းပါ။ ကျုပ်အခုနေတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ။ ပအိုဝ်းတွေအကြောင်း မသိဘူး။ ဒီဒေသအကြောင်း မသိဘူး။ ရှမ်းပြည်အကြောင်းကိုလည်း မသိဘူး။ အရင်ကျုပ်က နောင်တောင်းဆိုတဲ့ ပရဟိတ,တခုမှာနေတယ်။ ဒါနဲ့ ပအိုဝ်းမှန်ရင် ဒီကျောင်းကို သိမယ်ထင်တာပေါ့။ အောက်ပြည်ထိ နာမည်ရှိတာကိုး။ ဒီရောက်တော့ ဘယ်သူမှ မသိဘူး။ သူတို့သိတာ တလောက ကိုဗစ်ပီးတယ်ဆိုတဲ့ ကိုရင်လေး။ ဒါပေမယ့် ကျုပ်က အဲကိုရင်လေး အကြောင်းကိုလည်း မသိပြန်ဘူး။ ဒေသတခုလုံး ကိုးကွယ်တာလည်း မသိဘူး။ ဧည့်သည်က ပို့ဆိုလို့ ပို့ပေးတဲ့အခါ သမိုင်းကိုမေးရင် ကျုပ် မရေးဖြစ်သေးဘူးလို့ ရွှတ်နောက်နောက် ပြောနိုင်ရုံ ရှိခဲ့တာပဲ။ အင်း ကြည့်ရတာ စာကြီးပေကြီးတွေ နင်းကန်ဖတ်လို့ ဒေသခံတွေအပေါ် အထင်သေးနေတဲ့ ကျုပ်ကြောင့်ပဲ ဖြစ်မယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်က ကိုရင်လေးရဲ့ စစ်သားတယောက် အသုဘ ရှိတယ်။ ဒီနားရွာက။ ကျုပ်က ကျောင်းမှာ ဦးပဇင်းတွေ လာဘ်လာဘ မရမှာစိုးလို့ ကျုပ်မကြွဘဲနေလို့ရရင် ဘယ်နေရာဖြစ်ဖြစ် မကြွလို့ သူ့အသုဘ မသွားဖြစ်ဘူး။ သူမသေခင် ကျောင်းကို တခေါက် နှစ်ခေါက် ရောက်ဖူးတယ်။ ကျုပ်က စစ်ဝတ်စုံ၊ ကိုင်ဆောင်တဲ့လက်နက်၊ ဆက်စပ်အသုံး အဆောင်ကို ကိုရင်လေးက ထုတ်ပေးတယ်ထင်တယ်။ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် ဝယ်ကြရတာတဲ့။ မိုးကုတ်ဘက်မှာ ကိုရင်လေးကျောက်တွင်း ကျောက်တူးဖို့ စစ်သားတယောက် ငါးသောင်းကောက်လို့ ထည့်လိုက်ရသေးသတဲ့။ ငါးသောင်းကလည်း ခြောက်လ တကြိမ်ကောက်ဆိုပဲ။ ပအိုဝ်းရွာတွေက ပြည်သူတွေဟာ ကိုရင်လေးဆီ ဝေယျဝစ္စပြုလုပ်ခွင့်ရဖို့ လာဘ်ထိုးရသတဲ့။ ကိုရင်းလေးရဲ့ ပြည်သူစစ် နှစ်သောင်းတဲ့။ စစ်ရေးပြသတဲ့။ ကျုပ်က သိဘူး။ ဒါတောင် ကိုယ့်ဘေးနားဖြစ်နေတာတွေ။ သူတို့က ရွှေတိဂုံကို ဘာသာရေးအဆောက်အအုံ တခုလောက်ပဲ ယူဆလို့ ထင်ပါရဲ့။ အရမ်းဂုဏ်ယူနေကြတယ်။ အဲဒါ နိုင်ဇေးရှင်းဟ ရှင်းပြချင်သပေါ့။ ကျုပ်ကို ဒီဘက်ကမိစ္ဆာဒိဋ္ဌိ အောက်ဘက်ကလူမျိုးစွဲဝါဒလို့ စွပ်စွဲမှာစိုးလို့ ဘယ်သူ့ကိုမှ မပြောဖြစ်ဘူး။ လူမျိုးစွဲဝါဒနဲ့ပတ်သက်ပြီး ကျုပ်ဘေးနားက စက်ရုံဝန်ထမ်းတွေက ကျုပ်ကို ပအိုဝ်းလူမျိုးစွဲဝါဒရှိတယ်တဲ့။ သူတို့ အဲလိုထင်နေတဲ့ကြားက တနေ့မှာ ပတ်သက်ရာ ပတ်သက်ကြောင်း နေရာတခုမှာ စေတီပြိုကျသွားတာကို ပြန်ပြင်ကြချိန် စေတီကို ဟိုလိုတည်တာ မသင့်ဘူး။ ဒီလိုတည်တာ မတော်ဘူးနဲ့ စာအုပ်ကြီးတကားကားနဲ့ ပြောနေကြတော့ “စေတီကို ဟိုလိုတည်ရမယ်၊ ဒီလိုတည်ရမယ်လို့ ပြောကြတာ ဗမာဘက်ကပဲ ရှိတယ်။ ကျမ်းဂန်တွေ ဘာတွေနဲ့ ထုတ်တာလည်း ဗမာတွေပဲ။ ဘုရားဟော ထားတာ မရှိဘူး။ ဒါကြောင့် မတူဘူး မတန်ဘူးလို့ အရှင်ဘုရားတို့ ယူဆတဲ့ မဟာယာနတို့ ဇင်တို့ကို ဘေးဖယ်ထား။ ထေရဝါဒဆိုတဲ့ နိုင်ငံတွေက စေတီကိုပဲ ကြည့်လိုက်၊ တနိုင်ငံနဲ့ တနိုင်ငံတူသလား၊ ရှင်းရှင်းပြောရရင် ဒီနားက ကက္ကူနဲ့ ပုဂံကစေတီတွေတောင် မတူဘူး။ အရင်ခေတ်နဲ့ ခုခေတ်စေတီပုံတွေလည်း မတူဘူး။ အရှင်ဘုရားတို့ ဗမာနည်း ယူချင်လည်း ယူကြပေါ့၊” ဆိုပြီး ဖြီးလိုက်သပေါ့။ ဟုတ်ပ။ ဘုရားရှင်ရဲ့ဆံတော်တဲ့။ စေတီတည်တဲ့။ ဘုရားတောင် ဓမ္မစင်္ကြာတရား မဟောရသေးဘူး။ ဒီကလူတွေက စေတီတည်နည်းတွေတောင် သိနေပြီ။ ပုံစံတွေတောင် ချပြီးနေပြီ။ တော်လိုက်တဲ့ ဗိသုကာ။ ဘုရားရှင်လက်ထက် ကျန်ခဲ့တဲ့ အဆောက်အဦးနဲ့ ယှဉ်ကြည့်ရင် ဗမာတွေဟာ နှစ်တထောင် ပိုဉာဏ်ကောင်းနေတာပေါ့နော်။ ဒါမှမဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို အချိန်ခရီးသွားခဲ့တာများလား။ ဥက္ကလာပတိုင်းဆိုတာ ဘယ်နားရှိလဲ ဘုရားဟောထားတဲ့တရားရယ် အခုအိန္ဒိယနိုင်ငံ မြေပုံရယ်ကို ကြည့်ကြဟ။ ဘုရားရှင်ရဲ့ ပုံတူကို မကိုးကွယ်ရဲလို့ ဗောဓိညောင်ကိုပဲ ရာစု ဘယ်နှစ်ခုထိ ကိုးကွယ်ခဲ့သတုန်း။ ဗမာ့သမိုင်းရယ်။ ဗမာတို့ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေရယ်။ စေတီပေါ်ပေါက်လာခဲ့တဲ့ ဖြစ်စဉ်ရယ်။ တွက်ကြည့်ဦးဟ။ ပုဂံက ခေတ်မီတယ်လို့ ပြောတဲ့လက်ရာနဲ့ ရွှေတိဂုံလက်ရာကိုလည်း ယှဉ်ကြည့်ကြဦး။ ပန်းလက်ရာတွေလည်း ကြည့်။ မြန်မာတွေ နိုင်ငံခြားရောက်ရင် ဘာလို့ ကိုယ့်ကိုကို ရွှေလို့ ပြောကြလဲ။ အဓိပ္ပါယ်လည်း လေ့လာကြဦး စသဖြင့် လျှောက်ပြောသပေါ့လေ။ ဟုတ်တယ်။ စေတီတည်ပါတယ်ဆိုမှ ဟိုထောင့်မှာ ဒါထည့်၊ ဒီထောင့်ဟာ ဟိုဟာထား။ ဘယ်နားက ဘာချတွေ။ ဘယ်နေ့ ဘယ်နှစ်နာရီမှာ ဘာလုပ်တွေက လာသေး။ ဘယ်ဆရာတော်က ဒီလိုမိန့်ထားတယ်က ပါသေး။ ဒီလို လျှောက်လုပ်နေတာနဲ့ စေတီက ယတြာချေဖို့လား၊ ဘုရားဂုဏ်ကို အာရုံပြနိုင်ဖို့လား။ ဗုဒ္ဓဘာသာရိုးရား မီးထွန်းပွဲဆိုပြီး ဗုဒ္ဓဘာသာမှာ မရှိတဲ့ ရိုးရာတွေ ဓလေ့တွေထည့်ဖို့လားတောင် မေးခွန်းထုတ်ခဲ့သေးတယ်။ မရတော့ မရပါဘူး။ ဒီက လူတွေအကုန်လုံးက စေတီကို စိန်ဖူးမပါရင် စေတီမဟုတ်တော့သလို၊ ငှက်မြတ်နားမပါရင် အင်္ဂါမစုံသလိုလို လျှောက်ပြောထားတာကို အတည်ယုံနေကြသူတွေဆိုတော့ ကျုပ်က ဘာမဟုတ်တဲ့သူမို့လို့ ပိဋကတ်ထဲမှာ ပါလို့လား မေးချင်ပေမယ့် နောက်ထပ် ဗေဒင်လိုလိုဟာတွေပါ သူတို့က ထည့်စဉ်းစားနေကြတော့ ကျုပ်နဲ့ မဆိုင်သလိုပဲ နေလိုက်ရတယ်။ ဗုဒ္ဓဘာသာပျောက်မှာ စိုးတယ်ဆိုတဲ့ ဗုဒ္ဓဘာသာတွေအတွက် ဗုဒ္ဓဘာသာက ပျောက်နေတာကြာပြီ။ ဒါတောင် မသိကြသေးဘူး။ ဒီလိုနဲ့ စက်ရုံဘက်ကလူရော၊ ရွာဘက်ကလူရော စုံနေတဲ့အချိန်။ ဗမာနည်း ဘာညာနဲ့ပါတဲ့အတွက် စက်ရုံဘက်ကတော့ ကျုပ်အပေါ် သူတို့ စွပ်စွဲတာ အတည်ဖြစ်တဲ့အပြင် သူတို့ကြား ပအိုဝ်းမှ ပအိုဝ်းပဲ အဲဘုန်းကြီးက ဖြစ်ရပါရော့လား။ တာချီလိတ်က ရှမ်းတွေတောင် ငါတို့မြို့မှာ ရွှေတိဂုံရှိတယ်လို့ ဂုဏ်ယူကြသေးသလားမှ မသိဘဲ။ နိုက်ဇေးရှင်းတွေကို နိုက်ဇေးရှင်းမှန်းတောင် ဒီက ငါတို့ပအိုဝ်းတွေ၊ ငါတို့ရှမ်းတွေ၊ ငါတို့ဓနုတွေ မသိကြပါဘူး။ နိုက်ဇေးရှင်းခံနေရမှန်းလည်း မသိပါဘူး။ ဒရယ်ဆိုတဲ့အကောင်ကို သမင်၊ ဆတ်စတဲ့အကောင်တွေနဲ့ မှားတတ်တဲ့ ကျုပ်အတွက် ဖက်ဒရယ်ဆိုတဲ့ အကောင်ရောက်လာရင် သမင်လား ဆတ်လားလို့ မှားဦးမယ် ထင်တယ်။ ဒရယ်မျိုးစိတ် ၄၃ မျိုးထဲမှာ ဒီဖက်ဒရယ်ကောင်က ဘယ်မျိုးစိတ်ထဲ ပါလဲ မသိဘူး။ ယူဖြူစကိုဆိုတဲ့ အဖွဲ့ကတော့ မြန်မာမှာ ရှိတဲ့ ရေဝေရေလဲ ဒေသက ဒရယ်မျိုးစိတ် ၈ မျိုး ပျောက်ကွယ်သွားမှာ စိုးရိမ်ကြောင်း စာတစောင် ထုတ်ထားတယ် ကြားတာပဲ။ အဲလို ဖားတပိုင်း ဖားရဲ့ ငါးမဖြစ်တဲ့ ဖားတပိုင်းအနေနဲ့မို့ ဒေသအကြောင်းလည်း ကောင်းကောင်း မသိဘဲ ထင်ချင်ရာ လျှောက်ထင်တာ။ ဒီဖား ရောက်နေတဲ့ သဲက ကမ်းစပ်နားလည်းမဟုတ်။ သဲပူကြားတဲ့။
တောကကိုရင်ပေမယ့် ဆွေလှိုင်ဦးကိုပဲ အမျိုးသမီးလို့ ထင်ခဲ့တာဗျ။ အကြာကြီးတော့ မထင်ခဲ့ပါဘူး။ စဖတ်ဖူးတဲ့ မချောလေးယောက်ကနေ သူ့စာအုပ် အကုန်ရှာဖတ်လို့ သိခဲ့တာ။ တချို့က အမျိုးသမီးနဲ့ မှားတယ်ဆိုတဲ့ မြသန်းတင့်ကိုတော့ တချက်ကလေးမှတောင် မတွေးမိခဲ့ပါဘူး။ ထုံစံအတိုင်း ကျုပ်ကတော့ ကြွားဖို့ဆိုတော့ ဖတ်တယ်။ များများစားစား မဟုတ်ဘူး။ ငှါးပဲ ဖတ်ရတာမို့ နည်းနည်းပါးပါးပဲ။ နည်းနည်းပါးပါးဆိုပေမယ့် သူ့စာအုပ်က အထူကြီး။ ထူပြီး စာလုံးကလည်း စိပ်သေး။ ပြီးတော့ ဒီတကြောင်းလောက်တော့ ကျော်ဖတ်လိုက်မယ် လုပ်လို့မရတဲ့စာတွေ။ ဟိုစာအုပ်လည်း ဖတ်ဖူးကြောင်း ဒီစာအုပ်လည်း ဖတ်ပြီးကြောင်း ကြွားဖို့သက်သက် ကျုပ်အတွက်ကတော့ လုံလောက်ပါတယ်။ သုခမြို့တော်၊ အချစ်မိုးကောင်းကင်၊ လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း၊ ဘဝနေနည်းအနုပညာ။ ဟ လေးအုပ်ကြီးများတောင်။ သုခမြို့တော် မခံစားနိုင်လို့ အဆုံးထိ မဖတ်ဖူးဘူး။ အချစ်မိုးကောင်းကင် စစ်သားနဲ့ မယ်သီလရင် ဇာတ်လမ်းရယ် ဟို သူများတွေ အရမ်းအားကျတဲ့ သီလရင်ကြီးရယ်အကြောင်းပဲ ဖတ်တယ်။ မာသာထရီစာ အကြောင်း သိချင်ရင် ဖတ်ကြည့်လို့တော့ လုပ်ဆောင်ချက်တွေ မပါတဲ့ သူ့အတ္ထုပ္ပတ္တိတွေပဲ ဖတ်ဖူးတဲ့သူတွေ မေးတဲ့ မေးခွန်းကို ပြောခဲ့ဖူတယ်။ လိင်တူကိစ္စနည်းနည်း ဖတ်လိုက်တယ်။ ကျုပ်ပြောတာ ဟုတ်ချင်မှ ဟုတ်မှာ။ ကျုပ်က ကြွားဖို့ပဲ ဖတ်ခဲ့တော့ သေချာ မမှတ်မိဘူး။ လမင်းကို ထရံပေါက်ကနေ ချောင်းကြည့်တဲ့ကိစ္စ မေ့ပြီ။ ဘဝနေနည်းလည်း အနုပညာဆန်မလို့ကို မေ့ပေါ့။ သူ့ရဲ့ မိန်းမအကြောင်း ဖတ်ကြည့်ဖို့ ခဏခဏငှါးဖြစ်တယ်။ ငှါးခပဲ ကုန်တယ်။ လေလွင့်သူကိုတောင် အဆုံးထိ မဖတ်တာ ကျုပ်စာဖတ်စွမ်းရည်ကို သိပြီပေါ့။ ဓားတောင်ကိုကျော်လား မဖတ်ဘူး။ သူများတွေ အရမ်းညွှန်းလို့။ စာရေးမယ်ဆို သူ့စာအုပ်တွေ မဖတ်သင့်ဘူး။ လေရူးသုန်သုန်တို့၊ ပါရကျဆုံးခန်းတို့၊ ဘာပြည်တော် ဘာဖြစ်တယ်၊ ဟိုအိန္ဒိယက အကြောင်းလေ။ မဖတ်ဖူးလို့ မသိဘူး။ တောင်သမန်အင်းတို့ တကယ် မဖတ်နဲ့။ ဖတ်လိုက်လို့ စာတကြောင်းလောက် ကောက်ရေးကြည့်။ သူ့စာအုပ်ထဲမှာ ပါဖူးပြီးသား အကြောင်းအရာပဲ။ ကျုပ် နိုင်ငံရေးစာပေတွေကို စိတ်မဝင်စားတာကြောင့်လည်း ပါရင် ပါမှာပေါ့။ ငယ်ငယ်က ဦးကုလား မဟာရာဇဝင် ဆိုတာကြီးကို ဖတ်ပြီးကတည်းက သမိုင်းဆိုတာကို မယုံတော့တာ။ အဲစာအုပ်ဖတ်တဲ့အခါ ဖြစ်စဉ်ကိုပဲ ဦးစားပေးဖတ်မယ်ဆိုရင်တော့ မပြောတတ်ဘူး။ အဲဒါကြောင့်ထင်တယ် ဆရာသိန်းဖေမြင့် အရှေ့က နေဝန်းထွက်သည့်ပမာကို မဖတ်ခဲ့ဘူး။ ပြောရရင် ကျုပ် သမိုင်းနဲ့ဆက်စပ်ရင် ဘယ်စာအုပ်မှ မဖတ်ခဲ့ဖူးဘဲ။ ချစ်ဦးညိုရဲ့ ဟိုဒဿဂရီဘက်ကနေ ရေးထားတဲ့ စာအုပ်တောင် တမျိုးအရသာခံစားရတယ်ဆိုလို့ ဖတ်ခဲ့တာ။ စိမ့် ပညာရေးစာအုပ်တွေလည်း မဖတ်ခဲ့ဘူးပဲ။ မိုက်ချက်။ မတင်ဝင်းရဲ့ မင်းဆယ်ပါးရာဇဝင်လား။ ပုဂံအကြောင်းနဲ့ စတယ်မှတ်တယ်။ နတ်တွေက ဘယ်သို့ဘယ်ဝါဆိုတာနဲ့ မဖတ်တော့ဘူးဗျ။ ကျုပ်က အဲသလို။ နာမည်ကြီးလို့ မဖတ်တာ။ မဖတ်ဘူးဆိုပေမယ့် တက်ဘုန်းကြီးကတော့ ကိုယ်က အဲဘဝကဆိုတော့ ဖတ်ရတယ်။ ဒါနဲ့ တက်ခေတ်နတ်ဆိုးဆိုတာ ဆက်ဖတ်တာ။ ဆစ်ဖလစ်ရောဂါဆိုတာကို နားမလည်တာနဲ့ မဖတ်တော့ဘူး။ ကျုပ်က တောက ကိုရင်ပီသမှုကြီး။ သိန်းဖေမြင့်စာအုပ်ဆိုလို့ ကျော်ငြိမ်းနဲ့ တွဲရေးတဲ့ စာအုပ်ပဲ ဖတ်ခဲ့တာ။ ဒါတောင် ကျုပ်တို့ရွာအကြောင်းပါလို့။ ရှမ်းပြည်ဘက် ခရီးသွားတဲ့ အကြောင်းပေမယ့် ကျုပ်မွေးတဲ့အထိ ဂနိုင်နီးပါး တောထူအုံ့ဆိုင်းခဲ့တဲ့ ကျုပ်တို့ရွာက ကပ်ပါလာရခြင်း အကြောင်းသိချင်လို့။ ကျုပ်ရွာနာမည်ပါတဲ့ အဲအပိုင်းပဲ ဖတ်တာပါ။ ကျုပ်တို့ ဒီလိုရွာကို ဒီလိုစာရေးဆရာကြီးများ ဘာလို့ ရောက်ခဲ့ကြတာပါလိမ့်ထက် ကိုယ့်ရွာအကြောင်းမို့လို့သာ ဖတ်ခဲ့တာ။ ဗြိတိသျှ နယ်ချဲ့ ကိုလိုနီ အင်္ဂလိပ်တွေ ချန်ခဲ့တဲ့ သကြားလုပ်ငန်းကို လာလေ့လာကြသတဲ့။ ကျုပ်တို့ရွာဘက်မှာ သကြားထုတ်တဲ့စက် ရှိတာတော့ မဟုတ်ဘူး။ ကြံစိုက်ခင်းနဲ့ ကြံစိုက်ခင်းအတွက် လယ်ထွန်စက်ကို မမြင်ဖူးကြလို့ မှတ်တာပဲ။ အိမ်း နိုင်ငံတကာရောက်၊ မြန်မာပြည်အနှံ့ရောက်၊ နိုင်ငံရေးမှာ ကျွမ်းကျင်နှံ့စပ်၊ ပညာတတ် စာရေးဆရာကြီးတွေကို သာမညောင်ညမှတ်ခဲ့တဲ့ ကျုပ်ကိုကျုပ် တတ်လှသိလှလုပ်ပြီး စာတွေကို အဲသလိုဖတ်ခဲ့ပေါ့။
စကားမစပ် “ဗြိတိသျှ နယ်ချဲ့ ကိုလိုနီ အင်္ဂလိပ်တွေ” တဲ့။ မယဉ်မကျေးစကားကို ဘာလို့ တွင်တွင် သုံးကြပါလိမ့်။ မိခင်နို့ ကောင်းကောင်းမစို့ရရင် ဖွံ့ဖြိုးမှု အကုန်ညံ့သလို ကြင်နာမှုဆိုတဲ့မေတ္တာတွေ ကောင်းကောင်း မသောက်စို့ရတဲ့ လူတွေဟာလည်း အသိဉာဏ်တွေ မဖွံ့ဖြိုးပဲ အကုန်ညံ့ကြရတာပဲ။ အဖိနှိပ်ခံဘဝနဲ့ နေသားကျလာရင်း သူများကိုလည်း ဖိနှိပ်ရမယ်လို့ပဲ နားလည်ခဲ့ကြတဲ့ ဘဝတွေ။ ဒီနိုင်ငံမှာ နေတဲ့သူ ဘယ်သူကိုမဆို ကြည့်လိုက်ရင် ဖိနှိပ်ခံဘဝက လွတ်ကြဖို့ပဲ အာရုံရှိကြတယ်။ ဖိနှိပ်ခံဘဝကလွတ်ဖို့ ရုန်းကန်ရင်း မလွတ်မြောက်တော့တဲ့အခါ ဖိနှိပ်နိုင်ခွင့်ကိုပဲ ယူလိုက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပြန်တယ်။ ငါလည်း ဖိနှိပ်ခွင့်ရဖို့ ကြိုးစား၊ သူလည်း ဖိနှိပ်ခွင့်ရဖို့အားထုတ်။ ဒီလိုနဲ့ ဖိနှိပ်ခွင့်ဆိုတဲ့ အခွင့်အာဏာဟာ ဒီနိုင်ငံသားတွေအတွက် အဓိကပန်းတိုင် ဖြစ်လာတယ်။ ပန်းတိုင်တည်ရှိပုံကလည်း အောက်ပြည်ဘုရားပွဲက ချောတိုင်ထက်က အလံလိုပဲ။ ကျုပ်မြင်မိသလောက်တော့ ချောတိုင်တော်တော်များများရဲ့ အလံကို ယူနိုင်သူတွေဟာ ချောတိုင်တက်ကြေးစားဖြစ်ရင်ဖြစ် မဖြစ်ရင် ရပ်ကွက်ထဲက လူမိုက်လူကြမ်းတွေဖြစ်တာပဲ။ ချောတိုင်ထက်က အလံနဲ့တူတဲ့ ဖိနှိပ်ခွင့်အာဏာကို ကြေးစားစနစ်နဲ့ ယူမလား။ မိုက်မိုက်ကြမ်းကြမ်းစနစ်နဲ့ ယူမလား။ ဒါ ရှိတာပဲ။ ဘယ်ဖိနှိပ်ခွင့် အခွင့်အာဏာမှ လွယ်လွယ်လေးမရဘဲ လုနိုင်သူ မိုက်နိုင်သူ ကြမ်းနိုင်သူ ရမ်းနိုင်သူပဲ ရနိုင်ချေ ရာနှုန်းပြည့်တဲ့ အခြေအနေ။ ဒီလိုနဲ့ အခွင့်အာဏာကိုပဲ လုနေရင်းက အသိပညာကို မရနိုင်ကြတော့တာ။
အိမ်း သလောက်ဆိုရင်ဖြင့် ကျုပ်ရဲ့ ခန့်နားထည်ဝါလှတဲ့ ရည်ရွယ်ချက်ချက် အကြီးကြီးနဲ့ ဦးနှောက်လှမ်းမမီတဲ့ စာအုပ်တွေကို ဖတ်ခဲ့ပုံကြောင့် ဘယ်စာဖတ်ဖတ် နားမလည်တဲ့ အရည်အသွေးကောင်းကြီး တခုကို ဂုဏ်ယူဖွယ် ပိုင်ဆိုင်ထားရကြောင်း သိရပြီဆိုပါတော့။ ဒါကြောင့်ပဲ ရူပနန္ဒီ ရူပကလျာဏီကို တကယ်ကြီး ထင်ခဲ့တာ မဆန်းကြယ်တော့ဘူး မို့လား။ တကယ်လို့ထင်ပြီး ဂုဏ်ယူစွာ တွေ့သမျလူတိုင်း ပြောခဲ့မိတဲ့ ကိုယ့်ကိုယ်ကို ဘယ် ဘယ်လို ကြိယာဝိသေသနနဲ့ ဆက်ကြိယာရမယ်မှန်း မသိလို့ ဆရာသော်တာဆွေရဲ့ အလင်္ကာမျိုးစုံနဲ့ ဖွဲ့နွဲ့နိုင်တဲ့ အရည်အချင်းကို သဘောကျမိရတာပဲ။ သူ့စာအုပ်ကို အများကြီး မဖတ်ဖူးဘူးလို့ ပြောပြီး ရူပနန္ဒီ ရူပကလျာဏီစာအုပ် အကြောင်း ဆက်ပြောရတာက ကျုပ်ဖတ်ဖူးခဲ့တာ မှီငြမ်းစာအုပ်ဖြစ်တဲ့ ပတ္တမြားဝင်းထိန်ဖြစ်လို့။ အဲဒါပဲ ဖတ်ဖူးတယ် မှတ်တယ်။ ကျုပ် တယ်သဘောကျတာပဲ။ ခွေးမွေးတယ်။ ခွေးကို ဆပ်ကပ်သင်၊ ရောင်းစား ထပ်တိုးဝယ်။ ထပ်သင်။ ထပ်ရောင်းစား။ သူဌေးဖြစ်။ အံမယ်။ ကျုပ်ကြိုက်တဲ့ စာပေက အဲလို။ ကြက်တိုက်တဲ့အကြောင်း၊ ဝီစကီအကြောင်း၊ မြင်းလှည်းအကြောင်း၊ ဟိုစာရေးဆရာကိုဖော်၊ ဒီစာရေးဆရာအကြောင်းကို ဖော်တဲ့ ဂေါ် တွေ မဖတ်ပါဘူး။ ဖိုးကျော့အကုန်ဖတ်ဖူးတယ်။ သူ့ကြောင့် ဟူးကောင်းတောင်ကြားတောင် သွားနိုင်တဲ့တနေ့ ငါသွားကြည့်ဦးမယ်လို့ တေးမိတဲ့အထိ။ မတွေးဘူး၊ တေးတာ။ မင်းသိင်္ခစာအုပ်ကိုတော့ အကုန်ဖတ်ဖူးတယ်။ အကုန်။ အကုန်ဆိုတော့ မနောမယနဲ့ ပတ်သက်တာလည်း ဖတ်သပေါ့။ ဒါပေမယ့် ဘယ်ချိန်ဖြစ်ဖြစ်ကြိုက်တာက မုတ်ဆိတ်ဖြူနဲ့ အခြားဝတ္ထုတိုများ စာအုပ်ပါပဲ။ အပေါ်က ရေးခဲ့သလို နောက်ဆုံး အတွေးမှားကို ပေးနိုင်တဲ့ စာမျိုးပဲ။ မုတ်ဆိတ်ဖြူကြီးက ရေစီးသန် ချောင်းပေါ် အရမ်းလိုအပ်နေတဲ့ တံတားတစင်းကို တယောက်တည်းဆောက်တယ်။ ဆောက်နေချိန် ရွာသားတွေ ကဲ့ရဲ့တာ ခံရတယ်။ ဆောက်ပြီးတော့ သူထွက်သွားတယ်။ နောက်တစ်နှစ်ကျော်လောက် သူပြန်ရောက်လာတော့ အဲတံတားဖြတ်ခ အကောက်ခံလိုက်ရတယ်။ ဘာလို့ဆို ဒီတံတားဖြစ်မြောက်ရေးအဖွဲ့နဲ့ ရွာသားတွေရဲ့ ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ တံတားဖြစ်တာမို့ ဖြတ်ကူးသူမှန်သမျှ အခွန်ဆောင်ရမှာတဲ့။ စာအုပ် အကုန်ဖတ်ခံရတဲ့ ကျုပ်ရဲ့ စာရေးဆရာတွေက တက္ကသိုလ်နေလင်းအောင်၊ ရဲမာန်အောင်၊ တက္ကသိုလ်ဘုန်းကြွယ်၊ နှင်းဆွေတို့ပဲ။ ပြိုင်ပြောမလား။ ဒါတော့ ရတယ်။ မဂ္ဂဇင်းဆို မင်းသမီးလှလှ တယောက်ပါမှ။ ကျုပ်တို့လို စာဖတ်တဲ့သူတွေကြောင့်ထင်တယ်။ စာပေမဂ္ဂဇင်းဆိုတဲ့ မဂ္ဂဇင်းတွေတောင် အရုပ်လှလှတွေ ထည့်လာတယ်။
ကျုပ်စာပေအဆင့်ကို ထပ်ဖော်ပြနေရင် ပေါင်ကိုသာမက ကြားကိုတောင် ကျည်ပွေ့နဲ့ထောင်းမိတတ်လို့ ဆက်မဖော်ပြတော့ဘူး။ မင်းတို့က ပုထုဇဉ် ပုထုဇဉ်နဲ့ ဇဉ်ကို ဇဉ်နိုင်လွန်းတယ်ဆိုတဲ့ ဆရာတော်တပါးရဲ့ ဩဝါဒအတိုင်း ကျုပ်လည်း ပုထုဇဉ်မို့ ပွပေါက်တခုခု အင်ဖလူဝင်စာဖြစ်နိုင်တဲ့ အကွက်တကွက်ကွက်ကို နင်းများ နင်းမိလေမလားဆိုတဲ့ အထင်နဲ့ ထင်းရှာတယ်လို့ ရေးလိုက်တာ။ ရေးမိရခြင်း အကြောင်းကလည်း နောက်တချိန်မှာ ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း၊ ပီမိုးနင်း၏ ပီမိုးနင်းလိုမျိုး ရေးနိုင်စရာ အကြောင်း ပေါ်လာလို ပေါ်လာငြားရယ်၊ ဒဂုန်တာရာ၏ ရုပ်ပုံလွှာလို စာအုပ်တွေထဲ ပါလာလို ပါလာငြားရယ်ကြောင့် ဖြစ်ရတာပဲ။ ဒါပေမယ့် ဆရာသော်တာဆွေရဲ့ ခေတ်က စာရေးဆရာတချို့ရဲ့စာတွေတောင် ခုခေတ် ဘယ်သူမှ မသိတော့ဘူးပဲ။ ဒါကြောင့် အပြောင်းအလဲတခုခုကို မဖန်တီးနိုင်တဲ့သူတွေ ပါမယ်တော့ မထင်ဘူး။ ဟာသစာပေဆိုရင် နာမည်များ ကြာကြာခံမလားလို့ တွေးပေမယ့် မင်းလူရဲ့ တချို့ဟာသဆို ခေတ်တုံးဟာသကြီး။ ဟီး။ သူ့ပရိသတ်တွေ ထင်းရှာပြီ။ မရှာနဲ့ စာအုပ်ပဲ ရှို့လိုက်။ ထမင်းချက်ရင်တော့ မကျက်ဘူး။ လှုံဖို့ပဲ ရမှာ။
ထင်းရှာတယ်လို့ပြောရတာက တချို့က ထင်ရှားကို မှားရေးတတ်တာကြောင့်ရယ် ဗမာစကား သိပ်မတတ်ကြသူတွေ ခဏခဏမှားဖတ် တတ်တာကြောင့်ရယ်ပါ။ အောက်ပြည်ကလူတွေတော့ မကြားဖူးလောက်ဘူး။ ခပ်ရွှတ်ရွှတ်ဆိုရင်တော့ သက်သက်မဲ့ ဖတ်ချင် ဖတ်မှာပေါ့။ ဒါလောက် ပြောဖို့ဆို ဗိုလ်ချုပ်အောင်ဆန်းကို ထည့်ပြောစရာလားလို့ မေးစရာရှိရဲ့။ ဒီကိစ္စက ပရာမီးသီးယပ်ကို အရင်ဆုံး အပြစ်တင်ရမှာ။ သူမီးကို ခိုးပေးခဲ့လို့ လူတွေ အခုလို ထင်းရှာရတာ။ တချို့က သူ့ကို ပြန်ရှာကြသတဲ့။ ကော့ကေးဆပ်တောင်ကြားမှာ အပြစ်ပေးခံထားရတယ်ပြောတယ်။ လွတ်ထားလိုက်။ သွားပြီး မလွတ်ပေးကြနဲ့။ စွန်းဝူခုံးလို ဖြစ်နေဦးမယ်။ လောကကြီးမှာ အိမ်ခြေတရာလောက်ကို ခဏလေး လောင်မီးကျစေနိုင်တဲ့ မီးသေနတ်ရှိရင် လုံလောက်ပါပြီ။ လွန်ခဲ့တဲ့ နှစ်သောင်း နှစ်ထောင် နှစ်ဆယ့်နှစ်ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ ကုန်သွယ်ဖို့အတွက်နဲ့ ငွေကြေးစနစ်ကို တီထွင်ခဲ့တဲ့ လူကြီးလည်း ထင်းရှာသူပဲ။ အခုတော့ ဒီမှာ မဲတာရော ဖြူတာရော ပိတ်တာရော ပွတာရော စုံလို့။ ရေနွေးငွေ့အင်္ဂျင်တီထွင်သူကလည်း ထင်းရှာသူပဲ။ သူ့ကြောင့် ကမ္ဘာကြီးမှာ အဲဒီနည်းသုံးနိုင်သူတွေက ကမ္ဘာကို ဝယ်ပစ်နိုင်တဲ့အထိ ချမ်းသားပြီး အဲဒါကို မသုံးနိုင်တဲ့ နိုင်ငံတွေကတော့ အငတ်ဘေးတွေနဲ့ ဒုက္ခပင်လယ် ဝေနေကြပေါ့။ ဟင်နရီဖို့ဒ်လည်းပါတယ်။ မြန်မာမှာ ထုတ်ကုန်နှစ်ဆတိုးမြင့်ကြကို အခုမှ အော်တာ။ ဟိုက ထုတ်ကုန်အဆတသိန်း ထုတ်ပိုးနည်းကို တီထွင်ပြီးနေပြီ။ သူ့ကြောင့် အလုပ်အကိုင်ရှားပါးမှုဆိုတာ ပေါ်လာတာ။ အလုပ်သမားလစာကို ဘာလို့ လျှော့ချင်ရတာလဲ အဲလူကြီးက။ တော်တော် ထင်းရှာသူ။ အလုပ်သမား လူတန်းစား ဝမ်းဗိုက်ထဲ မီးမွေးပေးလိုက်တာ သက်သက်ပဲ။
နိုင်ငံနဲ့ တိုင်းသူပြည်သားကို အုပ်ချုပ်ဖို့ ဒီမိုကရေစီစနစ်ကို တီထွင်သူက ရိုးရိုးမတီထွင်ဘူး။ အုပ်ချုပ်သူတွေ အတွက် အခွန်စနစ်ကိုပါ တပါတည်းတီထွင်ခဲ့ကြတယ်။ ဒီဂရိတွေလည်း ထင်းရှာသူပဲ။ ဒီမှာ စားခွက်လုကုန်ပြီ။ အဒလဗ်လက်ဆိုတဲ့ ငနဲမကလည်း ကွန်ပျူတာ ဘာသာစကားကို သွားတီထွင်သတဲ့။ ဘီလ်နဲ့ စတိဗ်တို့ ချမ်းသာ သွားတာက အရေးမကြီးဘူး။ ဒီမှာ ကလေးတွေ ဂျာဗားကျွန်းသွားရမလို၊ မြွေဟောက် အကိုက်ခံရမလို ဖြစ်ကုန်ရော။ တဦးချင်း အမြတ်မရအောင်ဆိုပြီး ကော်ပိုရေးရှင်းစနစ်ကို တီထွင်ခဲ့သူတွေလည်း ထင်းရှာသူပဲ။ ဘယ့်နှယ် ကော်ပိုးရေးရှင်းကြီးတွေ လုပ်လို့ တဦးချင်းသာ အမြတ်မရတာ။ အုပ်စု တစုပဲ အမြတ်ရကြပါရောလား။ ကျန်တဲ့သူတွေ တောင်းစားကြပေါ့။ အကုန်လုံး ခြုံပြောရရင် ခရစ္စတိုဖာ ကိုလံဘတ်ဆိုသူက ပိုအခရာကျတယ်။ စွန့်ဦးတီထွင်သူ ၉၀ ရာခိုင်နှုန်းဟာ အမေရိကန်ကတဲ့။ အိန္ဒိယကို ကုန်းလမ်းကနေ ရှာခဲ့တာ မဟုတ်ဘူး။ ပင်လယ်ထဲ အလေလိုက်လွန်းလို့ ရေကြိုက်တာက အရေးမကြီးဘူး။ အခုတော့ သူတွေ့ခဲ့တဲ့ ကုန်းမြေပေါ်ရှိတဲ့ နိုင်ငံကြောင့် သူ့တို့ ထွင်သမျှ ဝယ်နေရပေါ့။ တီဗွီတို့ ဖုန်းတို့က အကြောင်း သိပ်မများဘူး။ လူသတ်ပစ္စည်းတွေ ထုတ်ချင်တိုင်း ထုတ်ပြီး ရောင်းစွံအောင် တခြားနိုင်ငံငယ်ကို စစ်တိုက်ခိုင်းတာက ဆိုးတာ။ ခရစ္စတိုဖာကိုလံဘတ်နဲ့ ပရာမီးသီးယပ် အတူတူပဲနေမှာ။ သူ့ထက်ဆိုးတာ ရှိပါသေးတယ်။ ဂရိပညာရှင်ခုနှစ်ပါးထဲက သိပ္ပံပညာကို တီထွင်တဲ့ မီလဲတပ်ဆိုသူကလည်း ထင်းရှာသူပဲ။ ဘယ့်နှယ် ပုံပြင်တွေ ဒဏ္ဍာရီတွေကို မယုံတာက မယုံတာပေါ့။ မယုံတိုင်း ကြယ်တာရာကြည့် ပညာတွေနဲ့ သိပ္ပံပညာတွေကို တီထွင်ခဲ့စရာလား။ ဒီမှာ အိုင်ဖုန်းသုံးဖို့ဆိုပြီး ကျောက်ကပ်ထုတ်ရောင်း နေရပြီ။ အလက်ဇန္ဒားဂရေဟမ်ဘဲလ်ကြောင့် မြေကြီးတွေ ပျောက်ဆုံးသွားပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းက အရေးကြီးလား မကြီးလား မသိပေမယ့် စွန့်ပစ်ပစ္စည်းရဲ့ ဆိုးကျိုး လေထဲမှာမမြင်ရတဲ့ ရောင်ခြည်တွေနဲ့ သင့်ကုန်ပေါ့။ လူတွေလည်း အကုန် ခေါင်းငိုက်စိုက်နေတတ်ကုန်ပြီ။ သောမတ်အယ်ဒီဆင်ကလည်း သူများရဲ့ အေစီစနစ်ကို ခိုးခဲ့တာကလည်း ထင်းရှာသူပဲ။ ဘယ့်နှယ် အခုတော့ မီတာခဘာကြောင့် မပေးတာလဲ၊ ဒီကျောင်းက မီးဖြတ်မှ ထင်တယ်လို့ ဖြစ်ကုန်ပေါ့။ အာခိမိဒက်ရောပေါ့။ ဘာ ဂျီဩမေတြီလဲ။ တကယ် ထင်းရှာခဲ့သူ။ ဒီမှာ ဝပြည်နယ်တွေ ပအိုဝ်းပြည်နယ်တွေ ခွဲထွက်ချင်ကုန်ပြီ။ ဒါနဲ့ စာကို ဘယ်သူက တီထွင်ခဲ့တာ တဲ့လဲ။ အီဂျစ်တွေ နေမှာ။ ကိုယ့်ဘာသာကို ပိရမစ်တွေချည်း သိမ်းပိုက်ထားတဲ့ မြေအနှံ့ လိုက်ဆောက်ခဲ့တာ မဟုတ်ဘူး။ ခုတော့ ကျုပ် စာတွေ ရေးနေရပြီ။ အကြောင်းအရာ တခုခုကို စုဖွဲ့ပြီး စခဲ့လို့ ပုံပြင်ဆိုတာမျိုး ဖြစ်လာတာ ဘယ်သူလဲ။ အီစွတ်တွေလား။ ဒီထင်းရှာသူတွေကြောင့် အခုကျုပ် ထင်းရှာထားတဲ့ စာစုတွေကို ဖတ်နေရပေါ့။ ဒီစာက ထင်းရှာသူစာပါ။ ထင်းရှူးဆီနဲ့ မီးခြစ်ယူခဲ့ဟေ့။ ညနေစောင်းပြီ။ ရေနွေးတည်ကြစို့။
ဂျေဂျူဝိုင်