ကျွန်တော် ဤဖာမီဝိရောဓိ ဆိုသော စကားလုံးကို အတော်ပင် ကြိုက်သွားမိ၏။ ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်မှတ်မိနေဆဲ အကြောင်းတခုကြောင့် ဖြစ်ပါသည်။ လူတယောက်က “မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော ပဋိပက္ခများပင် ရှိနေစေဦးတော့၊ အကောင်းမြင်စိတ်ဖြင့် မြန်မာ့လူမှုရေးနှင့် စီးပွားရေး တိုးတက်စေရန်အတွက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်သင့်ကြောင်း၊ လက်ရှိ ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းများကိုလည်း ထပ်မံတိုးချဲ့သင့်ကြောင်း၊ ထပ်မံ ပေါ်ပေါက်လာမည့် မူဝါဒအသစ်များနှင့် အလိုက်သင့်အလျားသင့် ဆောင်ရွက်နိုင်ကြောင်း” စာတစောင်ကို ဖတ်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ထိုသူပြောချိန်က အာဏာသိမ်းပြီး တစ်နှစ်ပြည့်ပြီးသော အချိန်တွင် ဖြစ်ပါသည်။ သိပ်မထူးခြားပါပဲနဲ့ဟု ပြောချင်စရာကလေးတော့ ရှိသည်ပေါ့။ သို့သော်လည်း ထိုစကားကို ပြောခဲ့သူသည် တချိန်က ကျွန်တော်နေခဲ့သည့်ကျောင်းသို့လာ၍ ကျွန်တော့်သင်တန်းသားများကို ဒီမိုကရေစီ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် ဝင်ဟောပြောခဲ့သူ တဦးဖြစ်ပါသည်။ မြန်မာတဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေပုံမရ။ ထိုစကားကိုလည်း ထိုသူက အင်္ဂလိပ်လို ပြောခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီဆိုသော စကားလုံးများကို သုံးကြသည့် အဖွဲ့အစည်းတခုမှဟု ယူဆရသည့် ထိုသူကြောင့် ဖြစ်ပါသည်။
ကျွန်တော် ရုပ်ရှင်ကြည့်သူ တဦးဖြစ်သည်။ ထို့ကြောင့် ထိုသူ၏ အပြုအမူကို ရယ်မောမိရင်း ကြည့်ဖူးခဲ့သည့် ရုပ်ရှင်တခုက အသိစိတ်ထဲ အတင်းအဓမ္မတိုးဝင်လာခဲ့သည်။ ဇာတ်ကားကို ကျောင်းသားထုများ ဆန္ဒပြနေသည့် ဇာတ်ကွက်ဖြင့် စထားသည်။ ခေါင်းဆောင်ဖြစ်သော ကျောင်းသားကိုလည်း ဦးစားပေးပြီး ပြပေးသည်။ မကြာမီ ထိုဆန္ဒပြကျောင်းသားထုကြီးက အနှိမ်နင်းခံရလေသည်။ သို့သော်လည်း ခေါင်းဆောင်ကျောင်းသားက ရသည့်အခွင့်အရေးကို အသုံးချကာ ထပ်မံ၍ ဆန္ဒပြသည်။ အနှိမ်နင်းခံရပြန်သည်။ ခေါင်းဆောင်ကျောင်းသားသည် အားမလျှော့ပါ။ အခွင့်အရေး သေးသေးကလေးကိုမှပင် ရအောင် အသုံးချသည်။ အခွင့်ရသည်နှင့် ဆန္ဒပြပွဲများကို အားကြိုးခွန်စိုက် ပြုလုပ်နေသော ထိုခေါင်းဆောင်လူငယ်၏ တက်တက်ကြွကြွ လှုပ်ရှားနေပုံကို ကြည့်ရသည်မှာ အတော်ကလေးပင် အားရစရာကောင်းလှသည်။
ထို့နောက် ထိုရုပ်ရှင်သည် ရာသီစက်ဝန်းများ အလီလီ ပြောင်းလဲသွားပုံကို ပြသည်။ ဇာတ်ကွက်က ဆန္ဒပြနေသည့် လူတစုကို ပြလာသည်။ ထိုဆန္ဒပြသည့် လူတစုကို မည်သို့ကိုင်တွယ်ကြမည်လဲဟု အစိုးရအရာရှိများက ဆွေးနွေးနေကြသည်။ ဆွေးနွေးသည်ဆိုသော်လည်း ဖြိုခွင်းဖို့ အစီအစဉ်ချနေသည်ဟု ပြောပါက ပိုမှန်ပါသည်။ ဆန္ဒပြသူများ အားလုံးကို ဖမ်းဆီးမည်။ ဖမ်းဆီးရာ၌ လူထု မသိအောင် ပြုလုပ်ရမည်။ ဖြိုခွဲစဉ် ဆန္ဒပြသူများ ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို တွက်ချက်ပြသည်။ လူထုမမြင်နိုင်သည့် တနေရာမှ မည်သူက မည်ကဲ့သို့စောင့်ဖမ်းရန် ညွှန်ကြားသည်။ ဆန္ဒပြသူများ တယောက်မကျန် ဖမ်းမိနိုင်ရန် သေချာအကွက်ချနေသည်။ ဖမ်းမမိနိုင်သည့် အခြေအနေတရပ် ရှိသည်။ ထို ဆန္ဒပြသူများက လူထုထဲ ဝင်ပြေးခြင်းဖြစ်သည်။ ထို့ကြောင့် အရပ်ဝတ်နှင့် စောင့်ဖမ်းရန် တာဝန်ခွဲသည်။ ထိုသူများက မတော်၍ ဖမ်းမမိခဲ့ပါက ထိုသူတို့က မည်သည့် အစိုးရအဆောက်အအုံရှေ့တွင် ဆန္ဒထပ်ပြလိမ့်မည်။ ထိုသူများအား စောင့်ဆိုင်း၍ အင်အားကြိုပြပြီး ထိုနေရာမှ ရှောင်ပြေးကြမည့် လမ်းတွင် မည်သို့စောင့်ဖမ်းရန် ညွှန်ကြားသည်။ အပြန်အလှန်ဆွေးနွေးရန် မေးရန်မလို တယောက်တည်းသော စီစဉ်ညွှန်ကြားသူ၏ စေ့လှသော အကွက်ကို ရဲတပ်ဖွဲ့များက နားထောင်ရုံ လိုက်နာရုံသာ။ စီစဉ်ညွှန်ကြားနေသူ၏ ဆန္ဒပြမှုကို ဖြိုခွင်းပုံကို နားထောင်ရင်း တော်ရုံတန်ရုံ အတွေ့အကြုံရှိသူမဟုတ်။ အတော်ပင် ကျွမ်းကျင်နေသူဖြစ်မှန်း သိသာသည်။
ထိုရုပ်ရှင်ဇာတ်လမ်းတွင် ညွှန်ကြားနေသူကို မပြသေးဘဲ အသေးစိတ်ညွှန်ကြားနေပုံကို အားရစရာကောင်းအောင် သေချာပြနေသည်။ ရုပ်ရှင်အထာနှပ်သူများ သိပြီးဖြစ်ပါလိမ့်မည်။ အစောပိုင်း ဆန္ဒပြသည့် ရိုက်ကွက်များတွင် ခေါင်းဆောင်ကျောင်းသားတဦးကို အသေအချာရိုက်ပြထားပြီးကာမှ နောက်နှစ်များစွာ ပြောင်းလဲသွားသည်ကို ပြသည်။ ထို့နောက် ဆန္ဒပြမှုကို ဖြိုခွင်းမှုအစီအစဉ်အား သေချာစီစဉ်နေသည့် ဇာတ်ကွက်တွင် ပြောနေသူ၏ မျက်နှာကို တော်တော်နှင့် မပြဘဲ ထားခြင်းသည် ယခင် ဆန္ဒပြရာတွင် ခေါင်းဆောင်လုပ်ခဲ့သူနှင့် ဆန္ဒပြမှုကို ဖြိုခွင်းရန်အစီအစဉ် ချနေသူ တယောက်တည်း ဖြစ်သည်ကို သိကြပြီး ဖြစ်ပါလိမ့်မည်။ ရုပ်ရှင်တို့ ထုံးစံအတိုင်း ထိုဆန္ဒပြမှုကို ဖြိုခွင်းရန် ညွှန်ကြားနေသူ၏ မျက်နှာကို တဖြည်းဖြည်းချင်း ပြလာသည်။ ထို့နောက် ပုံရိပ်ဟောင်းကို သတိရသွားသကဲ့သို့သော ပြကွက်တချို့နှင့် ထိုသူ၏ အောင်နိုင်သော ခပ်မဲ့မဲ့အပြုံးတချက်။
ထိုသရုပ်ဆောင်၏ သရုပ်ဆောင်ကောင်းချက်ကြောင့်လား မသိ။ သူ၏ ခပ်မဲ့မဲ့အပြုံးကို တွေ့လျင်တွေ့ချင်း တံတွေးနှင့် ပြေးထွေးပစ်ချင်သည့် ခံစားချက်က ရင်ထဲကနေ တဟုန်ထိုး ထကြွခဲ့ရသည်။ ဤသို့ဖြစ်ငြားမူလည်း ဤအရာကား ရုပ်ရှင်ဖြစ်ပါသည်။ စိတ်ကူးယဉ်၍ ပရိသတ်စိတ်ဝင်စားမည့် ဇာတ်ကွက်မျိုးကို ဖန်တီးခြင်းသာ ဖြစ်သည်။ မည်သည့်စိတ်ကူးယဉ်ဇာတ်လမ်းမှ လက်တွေ့ဖြစ်ရပ်ကို မမီနိုင်ဟု ပြောကြသူ အများကြီးရှိပါသည်။ ဤလောကကြီးကား သံသရာတကျော့ပြီးတကျော့ လည်နေသော လောကဖြစ်သည်။ ဖြစ်ရပ်တို့ အများကြီး မရှိ။ ဇာတ်ကွက်မတူသော်လည်း ကျောရိုးတူသည့် ဇာတ်လမ်းက အများကြီး ရှိသည်။ ထိုဇတ်ကျောရိုးပေါ်က ခပ်ဆင်ဆင်ဇာတ်ကွက်ကို ကလိုက်သူက ကျွန်တော်၏ ဇာတ်လိုက်ကျော်ဖြစ်သည်။ သူ့အနေဖြင့် ရင်းနှီးမြုပ်နှံမှု လုပ်ရန် တိုက်တွန်းနိုင်ရလောက်အောင် တရားမျှတမှု မရှိခြင်းအပေါ် အကောင်းမြင်စိတ်ကို မည်ကဲ့သို့ မွေးခဲ့သနည်း။ ဒီမိုကရေစီအရေး ဟောပြောခဲ့သူတဦး၏ ဒီမိုကရေစီအပေါ် နားလည်ပုံမှာ အဘယ်သို့ ရှိမည်နည်း။ သူလာပြောခဲ့စဉ်က ကျွန်တော် နားထောင်ကြည့်ခဲ့သင့်ပါသည်။ သို့သော်လည်း သင်တန်းသို့ စပီကာတဦး ရောက်လာလျင် ထိုစပီကအတွက် အခြားသော စီစဉ်စရာတွေက များသည်။ မများလျင်သော်မှ ကျွန်တော့် ကြည်ညိုရင်းစွဲ ဆရာများ၏ ရေးသားသော ပို့ချသော စာများ သင်တန်းများကြောင့် ဒီမိုကရေစီအကြောင်းကို အတော်ပင်နားဝနေပြီ။ ထိုကြားထဲမှ ကျွန်တော် မသိသော၊ သင်တန်းလောကမှ မဟုတ်သော လူတဦး၏ ကျွန်တော့်သင်တန်းထဲ ကြားဖြတ်ဝင်ပြောခြင်းကို ကျွန်တော် နားထောင်ဖြစ်မည် မဟုတ်ပါ။ ဤအချက်သည် ကျွန်တော်၏ မကောင်းသော သောက်ကျင့်ဖြစ်ပါသည်။ ကျွန်တော့်မှာ ကျွန်တော် လုပ်သော အလုပ်အပေါ် အတော်ခေါင်းမာသူဖြစ်သည်။ သင်တန်းနှင့် ပတ်သက်လာလျင် ပိုဆိုးပါသည်။ ဤဖြစ်စဉ်အတိုင်းသွားလိုက်လျင် ဤပန်းတိုင်သို့ရောက်မည်ဟု သတ်မှတ်ထားပြီးလျင် ထိုဖြစ်စဉ်အတွက် ရေးဆွဲထားသော လမ်းပြမြေပုံအတိုင်း မရရအောင် မဖြစ်ဖြစ်အောင် သွားတတ်သည်။ ဖြစ်စဉ်က လွယ်ကူပြီး ပန်းတိုင်သို့ ရောက်ဖို့ အသင့်ပင် ရှိနေစေဦးတော့ ကြားဖြတ်အစီအစဉ်များကို လုံးဝလက်မခံခဲ့သူ ဖြစ်သည်။
ကျွန်တော့်ထံတွင် ကျွန်တော့် သင်တန်းသားများအတွက် တိကျသေချာသော ပန်းတိုင်တခု ချမှတ်ထားပြီးဖြစ်၍ ပန်းတိုင်တခု သေချာရှိ၏။ ထိုပန်းတိုင်သည် သိသာထင်ရှားခြင်း မရှိ။ ပန်းတိုင် တည်းဟူသော တည်ရှိမှုကား ရှိ၏။ သက်သေမရှိ။ မရှိဘူးလားဟုမေးလျင် ရှိနေ၏။ ထိုရှိနေခြင်းက အဘယ်မှာနည်းဟု မေးလာသည့်အခါ ထိုရှိနေခြင်းက ရှိမနေပါ။ မင်း အဲဒီဖြစ်စဉ်အတိုင်းသွားလိုက်တော့ကော ဘာဖြစ်သွားမှာမို့လဲဟု မေးလျင် ရောက်သွားမည့် ပန်းတိုင်တခုကို ပြောနိုင်ပါသည်။ ထိုပန်းတိုင်ကို တကယ်ရောက်သွားသောအခါ ငါ့ကို ပြစမ်းပါဟု ပြောလျင် သင်တန်းသားတို့၏ ရင်ထဲရောက်နေသော သိမြင်နားလည်သွားမှုကို ကျွန်တော် ထုတ်မပြနိုင်ပါ။ သင်တန်း နောက်ဆုံးရက်တွင် သူတို့ကို အချိန်တခုပေး၍ ပြောင်းလဲသွားမှုကို ရေးပြကြည့်ပါဆိုသည့် စာရွက်များကလည်း တကယ်တမ်း သူတို့ရင်ထဲက တကယ့်ပြောင်းလဲမှုကို စာလုံးဖြင့် ရေးမပြနိုင်ဟု ကျွန်တော်က ယုံနေမိသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ကျွန်တော် စီစဉ်သည့် သင်တန်းတိုင်း ကျွန်တော်ချမှတ်သည့် ပန်းတိုင်ကို မရောက်မည်စိုး၍ ကြားဖြတ်အစီအစဉ်ကို ငြင်းပယ်လေ့ရှိ၏။ ထိုသူ၏ ကြားဖြတ်အစီအစဉ်ကိုတော့ ကျွန်တော် မငြင်းနိုင်ခဲ့သည့် အကြောင်း တခုရှိလာခဲ့ပါသည်။ တခါသား ဦးအောင်ခမ်းထီနှင့် တွေ့ပေးရမည်ဆိုသော ကြားဖြတ်အစီအစဉ်ကို ကျွန်တော် လုံးဝ ငြင်းပယ်ဖူးသည်။ ထိုအဖြစ်အပျက်ကြောင့် နောက်ပိုင်းမည်သည့် သင်တန်းကိုမှ ကျွန်တော့်အား စီစဉ်ခွင့် မပေးတော့။ နောက်ပိုင်း ရေးဆွဲရသော သင်တန်းအစီအစဉ်အား ကျွန်တော်မှ ဝင်ဆွေးနွေးလျင်ပင် ကျွန်တော် ပါးစပ်ဟလိုက်သည်နှင့် မင်းအစီအစဉ်က ဘယ်သို့ဘယ်ညာဆိုကာ အကြောင်းပြချက်ပေါင်း ၃၂ ချက်နှင့် ချက်ချင်း အငြင်းခံရသည်။ ၃၂ ချက်ပင် နည်းသွားသလား မသိ။ တခါတရံ သင်တန်းတွင် ကျွန်တော် သင်သည်ကို တပိုင်းတစကြားသည်နှင့် ထိုအချက်မှာ မှားနေကြောင်း အများရှေ့တွင် အပြစ်တင်တော့သည်။ နောက်ပိုင်း သင်တန်းနှင့် ပတ်သက်၍ပင် မကတော့။ ကျွန်တော် ပြောသမျှ လုပ်သမျှ အကုန်အမှားချည်း ဖြစ်ရပါတော့သည်။ ထို့ကြောင့် ကျွန်တော့်သင်တန်း လုပ်ငန်းစဉ်အတွင်း အင်စတီကျူ့တခုမှ ထိုသူ့အား ကြားဖြတ်ဝင်ခွင့်ပေးခဲ့ရသည်။
သင်တန်းတခု စီစဉ်သူတိုင်း ကင်မရာဆိုသည့်အရာကို လိုအပ်ကြသည်။ သင်တန်းပေးခဲ့ကြောင်း ဓာတ်ပုံ သက်သေရှိဖို့ ဖြစ်သည်။ သက်သေသည် တခါခါ သက်သေမဟုတ်ပါ။ သက်သေ မဟုတ်သည့်အရာကလည်း သက်သေ ဖြစ်လာတတ်ပါသည်။ သင်တန်းကို သက်သေအဖြစ် ဓာတ်ပုံရိုက်ခြင်းသည် ပြန်ကြည့်ရန်အတွက် ဖြစ်ချင်မှ ဖြစ်မည်။ ပြန်ကြည့်ရန်မဟုတ်ဟူသော သက်သေလည်း မရှိပါ။ ငါလုပ်တာလေဟု ကြွားဖို့ မဟုတ်ပြန်ပါ။ သို့ဖြင့် ဘယ်သူမှ မကြွားပါ။ ကြွားဖို့လိုမလိုပင် မလိုပါ။ မည်သူမှ မကြွားပါဟု ပြောပါသည်။ ကျွန်တော့်ကို မပြောပါ။ ဓာတ်ပုံနှင့် ကြွားခြင်းသည် လိုသည့်အခါ လိုပြီး မလိုသည့်အခါလည်း လိုတတ်သည်။ ကင်မရာရှိသဖြင့် ရိုက်မိသော စိတ်ကထင်သည့် အလှမျိုးစုံ ပုံသောင်းချီ ထည့်သိမ်းရသေးသည်။ လွမ်း၍ ပြန်မကြည့်ရဲပါ။ မကြည့်ရဲစရာ အကြောင်း မရှိပါ။ မိမိရိုက်ထားပြီး မိမိနားမလည်သော ဓာတ်ပုံများကို ဘာကြောင့်များ ဒီဓာတ်ပုံကို ငါရိုက်ခဲ့သလဲဟု အသေအလဲ စဉ်းစားရသည်။ ပြန်သတိရသည့်အခါ ဒါကြီးကို ဘာလုပ်ဖို့လဲဟု တွေးမိသည်။ နောက်တွင် မည်သည့်အချိန်မှ ပြန်ကြည့်ဖြစ်မည် မသေချာသော်လည်း ထိုဓာတ်ပုံကို ဖျက်ဖို့ မသေချာပြန်။ ဖျက်၍ မဖြစ်သည့်အကြောင်း မရှိ။ ဖျက်ဖို့ အကြောင်းလည်း မရှိ။ ဖျက်လိုက်သလားဆိုလျင် မဖျက်လိုက်။ မဖျက်ဘူးလားဟု ဆိုလျင် ဖျက်သင့်သော ဓာတ်ပုံဆိုသည်ကို သိသည်။ ဖျက်ရန်သင့်သော သက်သေမရှိ။ သက်သေမရှိဘူးလား မေးလျင် မည်သည့်နေရာမှာမှ အသုံးမဝင်။ ဓာတ်ပုံ၏ မူရင်း အကြောင်းကို ပြန်သတိမရသည့်အခါ တနေ့တော့ ပြန်သတိရမည်ဟု မျှော်လင့်သည်။ ထိုသို့သော ဓာတ်ပုံများကို ပြန်ကြည့်ဖြစ်ဦးမည်လားမေးလျင် ပြန်ကြည့်မည်ဟု ဖြေဖို့အတွက် အဖြေမရှိပါ။ အဖြေမရှိဘူးလားဟု မေးလျင် အဖြေကတော့ ရှိပြီးဖြစ်ပါသည်။ သို့ဆိုလျင် ဖြေပါဟု ပြောလာပါက ဖြေစရာအဖြေမရှိပါ။ ထို့ကြောင့် ကျွန်တော့်သင်တန်းတွင် ကြားဖြတ်ဝင်ခဲ့သူည့် သူကို ဓာတ်ပုံမရိုက်ခဲ့။ သို့သော် မှတ်မိပါသည်။
ကျွန်တော် ထိုသူကို မှတ်မိနေသောကြောင့် ထိုသူ့ပြောသော စကားကို အမှတ်ထားမိလိုက်ခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ကျွန်တော် လူများကို သိပ်မမှတ်မိပါ။ လူကို မမှတ်မိသကဲ့သို့ နာမည်ကိုလည်း မမှတ်မိပါ။ ကျွန်တော့်နာမည်အရင်းကိုပဲ ခေါ်ခေါ်၊ အဖျားကိုပဲခေါ်ခေါ်၊ ပြောင်ထားသော နာမည်ဖြင့်ခေါ်ခေါ် တယောက်ယောက် ကျွန်တော့်အား နှုတ်ဆက်လာလျင် ဤလူနှင့် ငါနှင့် ရင်းနှီးဖူးခဲ့သလား။ သိဖူးခဲ့သလားဟု ပြန်စဉ်းစားရသည်အထိ ကျွန်တော် အမေ့ကြီးပါသည်။ တခါခါ ကျွန်တော် တလွဲဆံပင်ကောင်းပါသည်။ “အံမယ် ငါတော်တော်နာမည်ကြီးပါလား။ ငါ့ကို သိကြသယ်” ဟုတွေးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် တခါမှ မမြင်ဖူးသည့်သူက ကျွန်တော့်ကို နာမည်ဖြင့် တရင်းတနှီး နှုတ်ဆက်သည်။ ရှေးဟောင်း နှောင်းဖြစ်တွေပင် ပြောလာသေးသည်။ ကျွန်တော်က သူပြောနေသော အကြောင်းအရာများကို တခါမှ မကြားဖူးသော်လည်း ယောင်ဝါးလိုက်ပေးသည်။ ကျွန်တော်၏ ယောင်ဝါးလိုက်မှုက လွဲသည်က များသည်။ မင်း မမှတ်ဘူးလားဟု မေးလျင် ငါမှ မသိတာ ငါဘာကိစ္စမှတ်မိရမှာလဲဟု ပြောလိုက်သည်။ ဒါဆို မင်းငါ့ကို မမှတ်မိဘူးပေါ့ဟု မေးလာသည်။ မင်းနဲ့ ငါက သိကြတာလားဟု ကျွန်တော် ပြန်မေးရသည်။ ထိုပုံစံဖြင့် ကျွန်တော့်ကို ရယ်ကြသူရှိသည်။ စိတ်ဆိုးသွားသူရှိသည်။ အစကနေ ပြန်စသူရှိသည်။ ကျွန်တော် စိတ်မကောင်းပါ။ သူတို့ကို မကြာခင် ကျွန်တော် ပြန်မေ့မည် ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော့် မေ့တတ်ခြင်း မည်မျှ ကြီးသလဲဆိုလျင် ကျွန်တော့်ကျောင်းတွင် မနှစ်က နေသွားသော ဦးပဇင်းများ ပြန်လာလည်လျင်ပင် ကျွန်တော်က ဘယ်ကလဲဟု မေးတတ်ပါသည်။ ဝါဆိုဦးတွင် ကျွန်တော်ကျောင်းကို ဆန် ဆီ စသည်လှူပြီး ထောက်ပံ့နေသည့် တကာက ကျောင်းကို ရောက်လာသည်။ ကျွန်တော်လည်း ဘယ်ရွာကလဲဟု မေးလိုက်သည်။ တကယ်ပဲ မမှတ်မိခဲ့။ သို့သော် ကံကောင်းသွားသည်။ ထိုလူက ကျောင်းကို ခဏခဏ မလာသဖြင့် သတိပေးခံရသည်ဟု အခြားအဓိပ္ပါယ်တမျိုးဖြင့် နားလည်သွား၍ဖြစ်သည်။ ဖုန်းထဲက မှတ်ထားသော နာမည်များကို ပြန်ကြည့်မိသည့်အခါ ဘာကိစ္စ ဘယ်သူ့နာမည်ကို ငါကမှတ်ထားရတာတုန်း ဟုအမြဲဖြစ်သည်။ ပြီးတော့ ဖျက်လိုက်သည်။ စကားပြောက ညံ့၊ လူမှုဆက်ဆံရေးကညံ့ သည်ကြားထဲ မည်သူ့ကိုမှ မမှတ်မိတတ်သည့် ကြားမှ ကျွန်တော်မှတ်မိနေသူဟူ၍ နှစ်ယောက်သာ ရှိပါသည်။ ကျွန်တော် အလွန်ခင်မိသူနှင့် အမြင်ကပ်မိသူ နှစ်ယောက်ဖြစ်၏။
ထိုသူသည် ကျွန်တော့် သင်တန်းကို ကြားဖြတ် ဝင်လာသူဖြစ်သည်။ ကျွန်တော့် ခွင့်ပြုချက်ဖြင့် မဟုတ်ပါ။ သီးခြား အာဏာရှင်တဦး၏ အာဏာကို အသုံးပြု၍ ဝင်လာခြင်းဖြစ်သည်။ သင်တန်းဟု ပြောနေသဖြင့် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ စက်ချုပ်သင်တန်း၊ အဘိဓမ္မာသင်တန်း၊ ဥပဒေသင်တန်း၊ လက်မှု သင်တန်းစသည့် မည်သည့် သင်တန်းမှ မဟုတ်ပါ။ ကျွန်တော်တို့ သင်တန်းမှာ ဒီမိုကရေစီ စံနှုန်း၏ အနှစ်သာရများကို တခုချင်းစီ သင်တန်းတက်သူတို့၏ ရင်ထဲသို့ ရောက်ရှိသွားအောင် တလွှာချင်း တထပ်ချင်း ပရိယာယ်အမျိုးမျိုးတို့ဖြင့် ဖြည်းဖြည်းညင်းညင်း ထည့်သွင်းသော သင်တန်းမျိုးဖြစ်သည်။ ဒီမိုကရေစီကို သားရဲတိရစ္ဆာန်တကောင်လို ကြောက်နေကြသော ပတ်ဝန်းကျင်အတွက် သင်တန်းနာမည်ကိုလည်း နားဝင်ချိုအောင် ပေးထားရသည်။ ဘာသင်တန်းလဲဟု လာမေးကြသော အရက်သမားတွေအတွက်လည်း ကြားဖူးနေကျ နာမည်မျိုး ဖြစ်အောင် ပေးရသည်။ ထိုလမ်းဘေးတေလေ အရက်သမားမျိုးမှ သင်တန်းနာမည်ကို နိုင်ငံရေးနှင့် နွယ်သယောင်ယောင် ထင်သွားသည်နှင့် မကြာမီ တူညီဝတ်စုံဝတ်ထားကြသူ မျိုးစုံကို ထပ်မံ ဖြေရှင်းရနိုင်သောကြောင့်လည်း ဖြစ်သည်။ သင်တန်းလာတက်မည့် သူများ၊ သူတို့မိဘများ၊ သူတို့ရပ်ရွာ သူကြီးများနှင့် သူတို့ရပ်ရွာဘုန်းကြီးများလည်း လက်ခံမည့် သင်တန်းနာမည်ကို ပေးရသည်။ ပြီးတော့ သင်ချင်တာကို သင်ပါသည်။ လေးစားမှု၊ တန်ဖိုးထားမှု၊ ကိုယ်ကျင့်သီလ၊ သိက္ခာ၊ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ တွေးခေါ်တတ်မှု၊ ဆင်ခြင်တတ်မှု စသည်များကို တလွှာချင်းရှင်းပြီး သင်နေသည့်ကြား ဒီမိုကရေစီဆိုတာဟု အထက်မကြည့် အောက်မကြည့်လာပြောခဲ့သည့်သူကို ကျွန်တော် ဘာကိစ္စမေ့ထား ရမည်နည်း။
အမေ့ကြီးသော ကျွန်တော်မှ ထိုသူ့ကို ခင်လွန်း၍ မမေ့ခဲ့ခြင်း မဟုတ်သည်မှာ သေချာပါသည်။ မုန်းသည် အထိလည်း မရောက်ပါ။ ကျွန်တော် လူတွေကို မမုန်းတတ်ပါ။ ရယ်စရာ ပြောသည်ဟု မှတ်ပါက မှတ်နိုင်ပါသည်။ ကျွန်တော် မမုန်းတတ်သည့်အကြောင်းကို ပြောပြပါမည်။ ကျွန်တော်သည် ဆရာဖြိုးဆိုသူ၏ စိတ်ညှို့အိပ်မွေ့ချကျမ်းနှင့် စိတ်ပညာအလင်းပြကျမ်း ဆိုသည့် စာအုပ်ကို အလွန်ကြိုက်ခဲ့ပါသည်။ ဆရာကြီးရွှေဥဒေါင်း၏ စာအုပ်တအုပ် ရှိပါသေးသည်။ နာမည် မမှတ်မိပါ။ ထိုစာအုပ်အစတွင် ကျန်းမာသည့်သူသည် မနက်အိပ်ယာက နိုးနိုးချင်း ကောင်းကင်ကို ဒူးနှင့်တိုက်ချင်သည့် အနေအထားတွင် အမြဲရှိနေသည်ဟု အစတွင်ပါသော စာအုပ်ဖြစ်သည်။ ထို့နောက် မင်းသိင်္ခစာအုပ်များထဲမှ စနေမောင်မောင်၏ စရိုက်ကို အလွန်ကြိုက်ပါသည်။ ထိုဆရာဖြိုး၏ စာအုပ်ထဲက နေထိုင်နည်း၊ ရွှေဥဒေါင်းစာအုပ်ထဲက နေထိုင်နည်း၊ စနေမောင်မောင်၏ နေထိုင်နည်းများအတိုင်း ကျွန်တော် လိုက်နေလေ့ရှိပါသည်။ ကျင့်စဉ်များကို မကျင့်ခဲ့သော်လည်း စိတ်ကို ပျော့စေနိုင်သော အသေးဆုံး အလုပ်များဖြစ်သည့် သက်ပြင်းချခြင်းအလုပ်မျိုုး ဒူးနန့်သည့်အလုပ်မျိုး ကျွန်တော် မလုပ်ပါ။ ထိုစာအုပ်များထဲမှ နည်းလမ်းတွေကို လိုက်နာနိုင်သူများသည် စိတ်ကို အနာတရဖြစ်စေတတ်သည့် မည်သည့်အလုပ်မျိုးကိုမှ လုပ်ကြမည် မဟုတ်ပါ။ ဘုန်းကြီးစာကို သင်ကြသူများ ပိုသိကြပါသည်။ ရုပ်အားလုံးကို စိတ်က အုပ်ချုပ်ထားသည်ဆိုသည့် စာရှိပါသည်။ ပါဠိလိုဖြစ်၍ ကျွန်တော် မေ့သွားပြီဖြစ်သည်။ ဤအချက်တို့ကြောင့် မုန်းခြင်းဆိုသည့် အလုပ်ကို ကျွန်တော်မလုပ်ပါ။ ထို့ကြောင့် ကျွန်တော် သူ့ကို မမုန်းပါ။ အမြင်ကပ်သည်နှင် မုန်းသည်ကို ကွဲကွဲပြားပြား သိစေချင်ပါသည်။ မုန်းလျင် သူဘာပြောပြော ဘာလုပ်လုပ် ဂရုမစိုက်တော့။ အမြင်ကပ်သည်က ထိုသို့မဟုတ်။ သူပြောသည့်အရာ သူပြောသည့်အချက်များကို အကုန်အဆိုးဘက်သို့ရောက်အောင် ဆွဲတွေးခြင်းဖြစ်ပါသည်။ အမှန်မှာ ဤစာကို သောက်မြင်ကပ်တဲ့ လူတယောက်ကို မည်မျှ သောက်မြင်ကပ်ကြောင်း ရေးသည့်စာ ဖြစ်ပါသည်။ ဤစာကို ထိုသူတွေ့မည် မဟုတ်ပါ။ လျှပ်စစ်သံလိုက်လိုင်းပေါ်တွင် သူနှင့် သူငယ်ချင်း မဖြစ်ပါ။ ကျွန်တော် လျှာရှည်ပြီး သူ့ဝက်ဆိုက် သွားကြည့်မိ၍သာ ဖြစ်ရသဖြင့် ဘယ်လိုမှ ကျွန်တော်ရေးသော စာကို မတွေ့နိုင်ပါ။ မတော်တဆသော်မှ မတွေ့နိုင်ပါ။ တွေ့သွားပြီးလျင် ငါ့ကို ဤသို့ ပြောရက်လေခြင်းဟု တွေးတွေးပြီး တောက်တခေါက်ခေါက် ဖြစ်စေချင်သည့်ဆန္ဒကတော့ အပြည့်ရှိပါသည်။ “ငါ့မှာတော့ ဧည့်သည်ဖြစ်လို့ အိမ်ရှင်ဆိုပြီး သူ့ကို ခင်ခင်မင်မင်ဆက်ဆံခဲ့တာ၊ ကြည့်စမ်း စိတ်ဓာတ်က တော်တော့်ကို အောက်တန်းကျတာပဲ၊ အမလေး သိလိုက်ရလို့တော်သေး” လောက်နှင့် မပြီးဘဲ ကျွန်တော့်ကောင်းကြောင်းများကို ထို့ထက်ပိုသော စာတတန်ပေတဖွဲ့ဖြင့် ချီးကျူးနေမည်ကိုလည်း ကြောက်ရပါသည်။
“မြန်မာနိုင်ငံတွင် မည်သို့သော ပဋိပက္ခတွေ ရှိနေစေဦးတော့” ဟု ပြောရဲသည့်သူကို တွေးကြည့်ပါ။ သူ ပဋိပက္ခများကို လက်မခံသည်မဟုတ် လက်ခံပါသည်။ သို့သော် ထိုပဋိပက္ခများကို ဘေးချိတ်ထားလိုက်စမ်းပါ၊ ဂရုမစိုက်ဘဲ နေလိုက်စမ်းပါဟု ပြောလိုက်ခြင်းဖြစ်သည်။ သူ့ တွေးခေါ်ပုံ၊ သဘောထား၊ နားလည်မှု၊ ခံယူချက်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်သူများနှင့် ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသည်။ ဆန့်ကျင်သူများကို ဆန့်ကျင်ကြောင်း တိကျသော သက်သေတော့မရှိပါ။ သို့သော် ရှိနေစေဦးတော့ ဆိုသော စကားသည် တိကျသော သက်သေဖြစ်ပါသည်။ တိကျသော သက်သေဆိုသော်လည်း ရွေးကောက်ပွဲ၏ မဲမသာမှုဆိုသည်ကို လက်ခံလိုက်သလား မခံဘူးလားဆိုသည်ကို မသိရ။ ခေါင်းဆောင်များကို လိုက်ဖမ်းပြီး အရေးပေါ် ကြေငြာခဲ့မှုအပေါ် မည်သို့ တွေးခဲ့သည် မသိရ။ ထိုအချိန်က အပြစ်မဲ့ သေဆုံးရသူ ၁၂၀၀ ကျော်ရှိပြီး ပုဒ်မမျိုးစုံဖြင့် အဖမ်းခံရသူများ ၁၇၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ ထိုအချက်အပေါ် သူဘယ်ကဲ့သို့ သဘောထားသည်ကို မသိရသဖြင့် တိကျသော သက်သေသည် မရှိ။ ဤကဲ့သို့ မြင်နေရပါလျက် သက်သေမရှိသဖြင့် လက်ခံရခက်သော ကိစ္စဖြစ်ရသည်။
ပဋိပက္ခဟူသည် မှန်ကန်သည့် ကိစ္စများ၌ မှန်ကန်စွာ မဆုံးဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ လင်နှင့်မယား ပဋိပက္ခဖြစ်လျင် ထိုမိသားစုအတွင်း အရာအားလုံး အဆင်မပြေတော့ပေ။ အကုန် ခက်ခဲကုန်သည်။ အိမ်တအိမ်မျှပင် ထိုမျှ ဖြစ်လျင် တိုင်းပြည်တခုလုံး ပဋိပက္ခဖြစ်နေသည်ဆိုပါက အရာအားလုံးသည် မငြိမ်မသက် ဖြစ်ကုန်ပါသည်။ လူလူချင်း မယုံကြည်နိုင်ပါ။ လမ်းပေါ် တယောက်တည်း မလျှောက်ရဲပါ။ ကိုယ့်အိမ်ကိုယ်တွင်ပင် ရတနာများမဆိုထားဘိ ငွေကြေးအရေအတွက် များများမထားရဲပါ။ အချိန်မရွေး အစွပ်စွဲ ခံရနိုင်သည်။ အသတ်ခံရနိုင်သည်။ အချိန်မရွေး အစွပ်စွဲခံရနိုင်သည် ဆိုသည့်စကားသည် နားထောင်၍ပင် မကောင်းပါ။ ကျွန်တော့်ထံ အလည်အပတ်ရောက်လေ့ ရှိသော အမျိုးသမီးတဦးရှိပါသည်။ အောက်ပြည်ဘက်က ဖြစ်ပါသည်။ သူ့ ဇာတိမြို့နယ်နာမည်ကို သေချာမမှတ်မိပါ။ မေးဖူးသည်။ သုံးကြိမ်ထက်မက မေးခဲ့ဖူးသည်။ ထိုမှထပ်၍ မေးလျင် ဆွမ်းငတ်နိုင်ပါသည်။ သူ့ရွာမှာ ချင်းတွင်းနှင့် ဧရာဝတီအဆုံတွင် ရှိသည့် ကျွန်းပေါ်က ရွာတရွာဖြစ်ပါသည်။ “တပည့်တော်တို့ရွာက စစ်တပ်ကို အားပေးတာလည်း မဟုတ်ပါဘူး။ တပည့်တော်တို့ ရွာကနေ ပီဒီအက်ထဲဝင်သွားပြီး ပြန်တိုက်နေတဲ့သူလည်း တယောက်မှ မရှိပါဘူး။ ဒါပေမယ့် အမြင်မကြည်သူက စစ်တပ်အားပေးတယ်ဆိုပြီး တို့ထောင်လိုက်လို့ လာသတ်မှာ ကြောက်နေရတယ်။ ပီဒီအက်တွေ လက်ခံထားတယ်ဆိုပြီး လာသတ်မှာလည်း ကြောက်နေရတယ်။ ကိုယ်က ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် တခုခုကြားတာနဲ့ ပြေးပဲ။ ကောင်းကောင်းကို မလုပ်စားရဘူး၊ ကိုယ့်ယာကိုယ်ဆင်းတာတောင် ဘယ်သူများ ငါ့လာပစ်မလဲဆိုပြီး လန့်နေရတာပါပဲ၊ အခုထိတော့ ရွာမှာ ပစ်တာလည်းမရှိပါဘူး၊ ဒါပေမယ့် ဟိုစုစု ဒီစုစု မလုပ်ရဲလို့ အသုဘတောင် ခိုးလုပ်ရတယ်” ဟုပြောသည်။ ဤအခြေအနေတွင် ပဋိပက္ခတွေ ဖြစ်နေစေဦးတော့ဟု ဘယ်သို့များ ပြောလိုက်ပါသနည်း။
ပဋိပက္ခဖြစ်ပွားနေသောနေရာတွင် မည်သည့် အကျိုးစီးပွားမှ မဖြစ်ထွန်းပါ။ ပဋိပက္ခသည် စိတ်ပိုင်းဆိုင်ရာမှစ၍ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာသို့ စတင်ကူးစက်ပါသည်။ ပဋိပက္ခဖြစ်နေသည့် အကြောင်းအရာကြောင့် သဘောထား ကွဲလွဲမှုများ ဝင်လာသည်။ လက်ရှိ မြန်မာနိုင်ငံ ပဋိပက္ခသည် ပါတီအချင်းချင်းတို့၏ ပဋိပက္ခဟု အလွယ်ယူကြ သော်လည်း ထိုနောက်ကွယ်တွင် အာဏာရရှိရေး၊ ဘာသာရေးနှင့် စီးပွားရေးများ ပါဝင်နေသည်။ မည်မျှ သည်းခံစေနိုင်ဦးတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွင် သဘောထားကွဲရာမှ တင်းမာမှုဝင်လာနိုင်သည်။ ထို့နောက် ခိုက်ရန် ဖြစ်ပွားသည့် အဆင့်သို့ ရောက်သွားမည်။ ထိုအဆင့်သို့ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ လူမှုအသိုက်အဝန်းကြီးသို့ မီးကူးသွားဖို့ အကြာကြီး စောင့်ရန်မလို။ တဦးနှင့် တဦးကူညီသည် ဆိုသည့်ကိစ္စများ မရှိတော့ဘဲ မကောင်းသတင်းထုတ်ပြန်ခြင်း၊ လီဆယ်အမှုဆင်ခြင်း၊ ကဲ့ရဲ့ပြစ်တင် လောင်ပြောင်မှုကို နာကျင်ရသည်အထိ ပြုလုပ်ခြင်း၊ ချောင်းမြောင်းလုပ်ကြံခြင်းများ ကြုံလာလိမ့်မည်။ ထိုမှသည် အဖွဲ့အစည်းသို့ ကူးသည်။ အဖွဲ့အစည်းသို့ ကူးပြီဆိုလျင် အားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား ဖြစ်ထွန်းရန် နေနေသာသာ အကုန်ပျက်စီးမည် ဖြစ်သည်။ ဤမီးမျိုးသည် လောင်ဖို့ လွယ်ကူသလောက် ပြန်လည် ငြိမ်းဖို့ အလွန်ခက်သည့် ကိစ္စဖြစ်သွားပါပြီ။ ဓားရှ ညှောင့်စူးခြင်းတွင် တစက္ကန့်ခန့်သာ ကြာပါသည်။ ထိုအနာကို ကုသည့်အခါ ၁၅ ရက်ခန့် ကြာမည်။ အနာသက်သာ သွားဦးတော့။ အမာရွတ်ကျန်ခဲ့မည် ဖြစ်သည်။
ပြီးတော့ ပဋိပက္ခကို ဖန်တီးသူများက နိုင်ငံနှင့်အဝန်းပြည့်နေသည်။ စိမ်းစိမ်းမြင်လျင် ချီးစိမ်းပန်းတတ်ကြသော ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ လပြည့်နေ့တွင် ရန်ကုန်သားများ ပြောသကဲ့သို့ ပြောရလျင် တောသားတွေ ဆိုသောသူများ တဖွဲဖွဲထွက်ကြ၏။ မအေရိုး မင်းတို့ကို စုစု စုစုမနေကြနဲ့လို့ ပြောနေတာ မကြားဘူးလား ပစ်ထည့်လိုက်ရမလားဆိုသည့် ဘီလူဆိုင်းကသည်ကို ကြည့်ခဲ့ရ ကြုံခဲ့ရကြသည်။ အရိုက်ခံရသောသူများ သူတို့ဓာတ်ပုံကလေး အွန်လိုင်းပေါ် တင်ကြမလားဟု ကျွန်တော်သေချာ ရှာဖွေ စောင့်ကြည့်ခဲ့သေး၏။ ငါ ဒီလိုအရိုက်ခံခဲ့ရတယ်ဟု ဂုဏ်ယူကြပါ အားတီတို့။ ကြည့်ရသည်မှာ ဘကြီးဘုန်းကြီးများက ဂုဏ်မယူသင့်သည်ကို မယူကြလင့်ဟု မကြာခဏဟောကြားသည့် တရားတော်ကို လိုက်နာကြဟန်တူသည်။ ရှမ်းပြည်သားများ၏ ခံနိုင်ရည်ကို ချီးကျူးမိပါ၏။ မိမိမှာ ရှမ်းပြည်သားဖြစ်ရမှုအပေါ်လည်း ဂုဏ်ယူမိပါ၏။ ဤသို့ နံပါတ်တုတ်မိသူများ မတင်ပါက ပံ့သကူပစ်တယ်ကြားလို့ပါခင်ဗျာ ဟုလက်အုပ်ချီခဲ့သောသူများသာ ပုံတင်ဖို့သာ ကျန်ပါတော့သည်။ တင်ကြပါလေ။ မြှောက်သာပေးရသည်။ မိမိဆိုလည်း တောင်ကြီးမြို့ပေါ်သို့ တက်ခဲ့ကြောင်းပင် တင်ဝံ့မည်မဟုတ်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကို ဖန်တီးနေသူများက နေရာအနှံ့ရှိနေသည်။ လှုံ့ဆော်သော တရားတော်များပင် ဟောကြားနေကြပါလျက် အဘယ့်ကြောင့် ထိုမောင်မင်း လူကလေးသည် ပဋိပက္ခတွေ ရှိနေစေဦးတော့ဟု ပြောဝံ့လေသနည်း။ အံ့ပေစွ။ ပဋိပက္ခများ ရှိနေစေဦးတော့ ဟုဆိုသော်ငြား ပဋိပက္ခကို မမြင်။ မြင်သော်ငြား ပဋိပက္ခဟုမသိ။ သိဦးတော့ ငါ့မထိ ငါနှင့်မဆိုင်ဟု ပြောနေသည်နှင့် မတူပေဘူးလား။
“အကောင်းမြင်စိတ်ဖြင့်” ဟုပြောသည်။ လူလည်ခေါင်မှာ မိမွေးတိုင်းဖမွေးတိုင်း လိင်ဆက်ဆံတဲ့ စုံတွဲနှင့် တူသောစိတ်ဟု ဆိုကြသည်။ မှန်ပါသည်။ အကောင်းမြင်စိတ်ဆိုသည်မှာ အရှက်မရှိသောသူများ၏ ဝါဒဖြစ်ပါသည်။ လက်ရှိအခြေအနေနှင့် ပြောကြည့်မည်။ မီးလောင်ခဲ့သော အိမ်ပေါင်း ၂၈,၄၃၄ သည် ၃၀,၀၀၀ မဟုတ်သဖြင့် အတော်ကလေးကို စိတ်ချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။ အဖမ်းခံရသူပေါင်း ၁၆၁၂၉ ဦးမျှသာ ရှိသည်။ ၂၀,၀၀၀ ပင်မပြည့်။ တနိုင်ငံလုံးနှင့် ရှိလူဦးရေနှင့်စာလျင် ဘဝင်အေးရ၏။ ထောင်ဒဏ်ကျသွားသူဟူ၍ ၁၁,၃၁၅ ဦးရှိ၏။ မည်သို့ဆိုစေ ၁၂,၀၀၀ ပင်မရှိ။ စိတ်မရွှင်စရာ ဘာရှိသေးသနည်း။ ကြိုးပေးသတ်ခံရသူမှာ လေးဦးသာရှိ၏။ အနယ်ဒီတွင် ပါတီဝင် အများအပြားရှိသေးသည်။ ထိုထဲမှ နှစ်ယောက်သာ ကြိုးပေးခံရ၏။ စုစုပေါင်း၍ ၅ ဦးပင် မရှိသဖြင့် နေပျော်ချင်စရာ မဟုတ်ပါလား။ နေ့စဉ် ကြားနေရသည့်သတင်း မြင်နေရသည့်သတင်းနှင့် ကြုံတွေ့ရသည့် အတွေ့အကြုံကြောင့် နိုင်ငံနှင့်အဝန်း ရှိသောလူအားလုံး စိတ်ဒဏ်ရာ ရကုန်သည်ဟုဆိုသော်လည်း အမေရိကန်နိုင်ငံတွင်ပင်လျင် စိတ်ဒဏ်ရာကြောင့် မိမိကိုယ်ကို သတ်သေသူမှာ ၂၀၂၁ တနှစ်တည်းပင်လျင် ၃၀,၀၀၀ ရှိသည်။ ဤနိုင်ငံတွင် ရေထဲခုန်ချသွားသူများအား တွက်ကြည့်နိုင်သည်။ လက်ဆယ်ချောင်းပင် မပြည်။ စိတ်ကြည်ကြည်လင်လင်ဖြင့် နေထိုင်၍ ရပါ၏။ တိုးတက်လှသည်ဆိုသော နိုင်ငံတွင်ပင်လျင် စိတ်ဒဏ်ရာ ရှိသူများ ၉၀ ရာခိုင်နှုန်း ရှိသည်ဆို၏။ မြန်မာနိုင်ငံမှာတော့ ပဋိပက္ခကလေး ဘာလေး နည်းနည်းပါးပါး ရှိသဖြင့် စိတ်ဒဏ်ရာ ရကြသည်မှာ ဆန်းကြယ်သည့် ကိစ္စမဟုတ်တော့။ ဝါးလုံးခေါင်းထဲ လမသာနှင့် ဟူသောစကားကို ပညာရှိများ အလကား ထားခဲ့သည်မဟုတ်ပါ။ ဝန်ထမ်းလည်း တနေကုန် အလုပ်လုပ်သည်။ စီအီးအိုလည်း တနေကုန် အလုပ်လုပ်သည်။ ဝန်ထမ်းလစာက တသိန်းရှစ်သောင်း။ စီအီးအိုလစာက သိန်း ၂၅၀။ ဤကိစ္စမျိုးကို မကျေနပ်ဟု သူတို့နှစ်ဦးစလုံး မည်သူမှ မပြော။ ထိုသူတို့၏ သူ့အတိုင်းအတာ သူ့အရည်အချင်းဖြင့် ကွဲပြားရသည့်ကိစ္စကို ဘေးကနေ စိတ်တိုနေ၍ အကျိုးရှိသွားသူဟူ၍ မရှိ။ ကြံဖန်အပြစ်တင်ခြင်း၊ ရှာရှာဖွေဖွေ လိုက်ပြီးစိတ်ဆင်းရဲခြင်းတို့သည်လည်း အကျိုးမရှိသည့်အလုပ်များဟု သိသင့်ပါသည်။ ပညာရှိသတိဖြစ်ခဲဆိုသော စကားကြောင့် မြန်မာနိုင်ငံမှ သူတပါးကိစ္စကိုမှ စိတ်ဝင်စားနေကြသူများ၏ သတိချွတ်ချော်နေမှုကို သတိပေးလိုက်ရခြင်းဖြစ်သည်။ ဤနည်းအားဖြင့်လျင် အကောင်းမြင်စိတ် မွေးချင်ပြီလား ညိုကီ။
လူသားမဆန်စွာ အသတ်ခံရသည့် အမှုပေါင်း ၁၃ မှုနှင့် ထိုအမှုတွင် သေဆုံးသူဟူ၍ ၃၇၇ ရှိခဲ့သည်။ ကိုဗစ်ရောဂါ တင်းကြမ်းထနေချိန်၌ တရက်တာ သေဆုံးသောသူ၏ စာရင်းလောက်ပင် မများ။ မိမိမြင်ချင်သည့် အချက်အလက်ကိုချည်း ရှာကြည့်နေခြင်းကြောင့် တဖက်ပိတ်ဟု အပြောခံရဖူးသည်ကိုလည်း သတိရကြသင့်၏။ တရားမဲ့ လုပ်ကြံသတ်ဖြတ်မှုပေါင်း ၁၈၇၅ မှုရှိသည်။ ကမ္ဘာပေါ်မှာ အချိန်တိုင်း လုပ်ကြံသတ်ဖြတ်မှု အမြဲတမ်း ပြည့်လျက်ရှိသည်။ နှစ်နှစ်ပြည့်လုနီးသည်အထိ ၂၀၀၀ လည်း မပြည့်သေး။ နှစ်စဉ် ရဲစခန်းမှ ထုတ်ပြန်နေသည့် ယဉ်တိုက်မှုစာရင်းကို ကြည့်ဖူးပါသလား။ တနှစ်လျင် ယဉ်တိုက်မှုကြောင် သေဆုံးသူ ၆၀၀၀ ဝန်းကျင်တွင် အမြဲရှိနေခဲ့သည်ကို ပြန်တွေးကြည့်စေလိုသည်။ ရွာထဲသို့ အကြောင်းမဲ လက်နက်များ ပစ်ခတ်ကာ သောင်းကြမ်းခဲ့မှု ၄၀၀ ကျော်ရှိသည်။ အလိုက်သင့် အလျားသင့် မနေတတ်ကြ၍ ဖြစ်ရခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ ရှေးပညာရှိများ ပြောဆိုခဲ့ကြသည့် ဩဝါဒတခု ရှိသည်။ သစ်ပင်လိုမကျင့်နှင့် မြက်ပင်လိုကျင့်ဟု ဆိုမိန့်ထားဖူးသည်။ ထိုပညာရှိစကားကို နားထောင်ခဲ့ကြလျင် ထိုမျှ ခက်ခဲစရာ မရှိ။ မြင့်သည်ဟုဆိုသော တောင်ထက် နောက်တတောင်က ပိုမြင့်၏။ မိမိကိုယ်ကို မိုက်ရဲလှပြီဟု မမှတ်ယူလင့်။ မိမိထက် ပိုဆိုးမိုက်သောသူရှိ၏ ဆိုသော စကားကို နားမထောင်ခဲ့ကြ သောကြောင့်သာ ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်ပါသည်။ မင်္ဂလသုတ်ထဲတွင် ပညာရှိကို မှီဝဲရာ၏ဟု ဟောကြားထားသော တရားကို နားမလည်ကြ။ မှီဝဲရာ၏ ဆိုသည်မှာ အရက်လုပ်သောက်ဖို့ အမြည်းလုပ်ဖို့ ပြောခြင်းမဟုတ်။ မှီဝဲဆိုလျင် သောက်တာချည်းဟု မှတ်နေကြသရွေ့ ဘယ်တော့မှ တိုးတက်မည်မဟုတ်။ မှီဝဲဆိုသည်မှာ ပေါင်းသင်းပါဟု အဓိပ္ပါယ်ရကြောင်း မသိကြ၍ ဖြစ်သည်။ ပညာရှိကိုသာ ပေါင်းသင်းခဲ့ပြီး ပညာရှိတို့၏ စကားကို နားထောင်ခဲ့လျင် ဤမျှ ဆိုးဆိုးဝါးဝါး ဖြစ်ရန် မရှိ။ ၃၈ ဖြာမင်္ဂလာတရားကို အလွတ်ကျက်ဖို့ ဟောခဲ့သည်မဟုတ်ဘဲ ကျင့်ကြံဖို့ ဟောခဲ့သည်ဟု မှတ်ကြပါလေ။ အချို့ မီးရှို့ကာ အသတ်ခံရသည်တဲ့။ တိဘက်မှ ဘုန်းတော်ကြီးများဆိုလျင် မိမိကိုယ်ကို မီးရှို့ကြ၏။ ထိုမြင်ကွင်းမျိုး မမြင်မိဖူးကြ၍လားဟုပင် မေးကြည့်ချင်သည်။ ရုပ်မြင်သံကြားမှ သတင်းကို အပျင်းပြေလွှင့်နေသည်ဟု မထင်ကြပါနှင့်။ အသက်မပြည့်သော ကလေးပေါင်း ၃၈၈ ဦးအဖမ်းခံရသည်။ အစကတည်းက မြန်မာနိုင်ငံတွင် အသက်မပြည့်သော ကလေးများ အလုပ်ကြမ်းလုပ်နေကြရသည်ပဲ။ ဆန်းလှသည်တော့ မဟုတ်။ အဖမ်းခံရသည်ကို အပြစ်တင်လိုလျင် နိုင်ငံနှင့်အဝန်း လက်ဘက်ရည်ဆိုင် စားသောက်ဆိုင် ဝပ်ရှော့ စသည့်ဆိုင်များမှ အလုပ်လုပ်နေကြသော ကလေးများကို ရှေးဦးစွာ ပြောသင့်၏။ ထိုကလေး ၁၀ ယောက်တွင် ၇ ယောက်မှာ အကြွေးဖြင့် အသိမ်းခံထားရသူများဖြစ်ကြောင်း သိလျင် ဤ၃၈၈ ယောက်ကို စာဖွဲ့ဖြစ်မည်မဟုတ်ပါ။ အသက်အရွယ် အပိုင်းအခြားမရှိ အမျိုးသမီးများကို မုဒိမ်းကျင့်သည့်အပြင် မိန်းမအင်္ဂါဇတ်များ ပျက်စီးသည်အထိ ဝါးလုံးများ အချွန်များစသည်ဖြင့် ထိုးသွင်းသည်အထိ ပြုလုပ်မှုများ ရှိခဲ့ကြသည်။ ဂျိုးဆက်မင်ကလေ ဟုဆိုသော နာဇီဆရာဝန်အကြောင်း မကြားဖူးကြသေးဟန်တူ၏။ သူ့အကြောင်းသာ ကြားဖူးလျင် ဤမျှသော ကိစ္စမျိုးသည် အသေးအမွားသာ ဖြစ်သည်။ သေမင်းတမာန် ဘွဲ့ရခဲ့သည့် ဂျိုးဆက်မင်ကလေ၏ လုပ်ရပ်ကို မြင်ဖူးလျင် ဤဖြစ်ရပ်သည် သာမန်ပမွှားမျသာ။
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ခုနှစ်သိန်းခွဲရှိလာပြီ ဖြစ်သည်။ ကချင်၊ ကရင်၊ ရှမ်းနှင့် ကယားတို့တွင် နှစ်စဉ် စစ်ရှောင်သူပေါင်း တသိန်းဝန်းကျင် အမြဲရှိသည်။ တချို့ဆိုလျင် မယ်လစခန်းတွင် နေရင်း သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟုပင် မေ့သွားကြသူများ ရှိသည်။ တချို့ တရုတ်တွင် အခြေကျနေပြီ။ တချို့ ထိုင်းးနိုင်ငံသားနှင့် လက်ထပ်ပြီးနေပြီ။ ထိုသူများ တခါမှ အခုလို ညည်းပြကြသည်ဟု မကြားဖူး။ ယခုကဲ့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခြင်းကြောင့် ကုလအကူအညီ ရသဖြင့် ရိုဟင်ဂျာ ခုနှစ်သိန်းသည်ပင် ပြန်ခေါ်၍ မရတော့။ ကလေးလိမ္မာလျင် ကလေးအတွက်ချည်းပဲ ဆိုသောစကားသည် မိမိလက်ရှိအနေအထားကို လက်ခံပြီး လမ်းအသစ်ရှာကာ လိမ္မာပြရခြင်းဖြစ်သည်ကို နားလည်လျင် ခုလို စစ်ရှောင်ဘဝကို စောစောကပင် မဖြစ်ခဲ့ရလေခြင်းဟု တမ်းတမိကြမည်။ ငါ့ကို အစိုးရက လိုက်သတ်နေတယ်ဟု အော်နေရုံနှင့် အရာအားလုံး အဆင်ပြေမသွား။ ခေါင်းကျကျ ပန်းကျကျနှင့် ဒေါင်ကျကျ ပြားကျကျ ဟူသော လှုံ့ဆော်ရေးစကားလုံးများ။ ရှိတာလေးနှင့် လှအောင်ဝတ်၊ ရတာလေးနှင့် ဝအောင်စား စသည့် ဆုံးမစာများ၊ တော်ရာမှာ မနေရ၊ ပျော်ရာမှာနေရ စသည့် စကားပုံများ။ ဘယ်ချိန်ပစ်ပစ် ပစ်လိုက်တိုင်း ထောင်နေသဖြင့် ပစ်တိုင်းထောင် အရုပ်နှင့် အားပေးသည့်စာများကို သင်ရိုးညွှန်းတမ်းထဲ အလကား ထည့်ခဲ့ခြင်း မဟုတ်ကြောင်း ယခုအချိန်တွင် စဉ်းစားမိသင့်ကြပြီ။ ၁၆ နှစ်လုံးလုံး အရိုးစွဲအောင် သင်ပေးထားသည့် စာသည် မြန်မာ့လူမှုအတွက် နေ့စဉ်ဘဝနေထိုင်နည်းကို သင်ပေးထားခြင်း ဖြစ်သည်။ ၁၆ နှစ်လုံးလုံး သင်ယူခဲ့သမျှ စာများကို ပြန်အသုံးချ နိုင်သည့်ကာလဖြစ်ပါသည်။ သင်ရသော သမိုင်းအကြောင်းတွင်လည်းကောင်း မြန်မာစာတွင်လည်းကောင်း တော်လှန်ရေးကို အဓိက ဦးစားပေးထည့်သွင်းထားခြင်းမှာလည်း အလကားသက်သက်မဟုတ်ပေ။ ထိုစာများဖြင့် အရိုးစွဲနေကြသည့် မြန်မာနိုင်ငံသားများအားလုံး တခုခုဆို မခံနဲ့ ပြန်ချဆိုသည့် အတွေးတခုတည်းကို ဦးနှောက်သေချာဆေးပြီး ထည့်ပေးထားခြင်း ဖြစ်သည်။ စဉ်းစားရမည့် စာမျိုး မသင်၊ မထည့်ထားပါ။ ဆင်ခြင်စရာဆိုလည်း တခုမှ ထည့်မထား။ ထည့်ထားသည့် စဉ်းစားစရာ ဆင်ခြင်စရာများကလည်း စဉ်းစားပြ ဆင်ခြင်ပြသည့် စာများသာ ဖြစ်သည်။ စဉ်းစားတတ်သွားမည်စိုး၍ စာမေးပွဲစနစ်ကိုပင် မအောင်မရှိနှင့် ၏ သည် မလွဲမှန်မှ အမှတ်ပေးသည့် စနစ်ကို ထွင်ခဲ့ရသေးသည်။ စာသင်ချိန်များနေမည်စိုး၍ အပိုဘာသာများ အခြားလုပ်ဆောင်ရမည့် လုပ်ငန်းများ ထည့်ပေးခဲ့ရသည်။ တက္ကသိုလ်အများအပြား ဖွင့်သော်လည်း ပညာရေးတက္ကသိုလ်ဆို၍ စစ်ကိုင်းတခုသာ တိုးခဲ့ရသည်။ ဆရာ ဆရာမတို့ များသွားမည် စိုးသည့်အတွက် ကန့်သတ်ချက် အများအပြားလည်း ထုတ်ခဲ့ရသေး၏။ သင်ရိုးညွှန်းတမ်းတွင်လည်း ယုတ္တိယုတ္တာ သက်သေသာဓကများ ဖန်တီးတတ်သော လူမျိုးရေး ဘာသာရေး အစွန်းရောက်များကို သေချာရွေးချယ်၍ ရေးထားစေသော စာများတွင် ဇာတိသွေး ဇာတိမာန်၊ လှေခွက်ချည်းကျန် အလှံမလဲ၊ မည်သည့်တိုက်ပွဲတွင် မြန်မာတို့ မည်ကဲ့သို့ ရွတ်ရွတ်ချွံချွံတိုက်သဖြင့် အောင်မြင်ခဲ့သည် စသဖြင့် သွေးဆူလွယ်သည့် စကားလုံးများ နစ်ဝင်နေကြသည့်စာများနှင့် အရှုံးပေးခဲ့ရသူတို့အတွက် အလွန်ရှက်ဖို့ကောင်းပုံများ လူဖြစ်ရှုံးပုံများကို စနစ်တကျ မြှုပ်ပြီး ရေးသားထားခဲ့ရသည်။ ဤအသိပညာသာ စွဲနေကြသော မြန်မာနိုင်ငံသားတို့၏ ဦးနှောက်ကို မီးကလေး နည်းနည်းထိုးထိုးပေးလိုက်သည်နှင့် ကွေးနေအောင် ကခိုင်းလို့ ရသည်။ ဤအကြောင်းများကို သိပြီဖြစ်၍ စစ်ရှောင်များ မိမိကိုယ်ကို ပြန်စဉ်းစားသင့်ကြပြီဖြစ်၏။ နွားခြေရာခွက်ထဲ၌ ရှိသော ဖားသည် နွားခြေရာခွက်ထဲမှ ရေကို ပင်လယ်ဟု မှတ်ယူလျက်ရှိသကဲ့သို့ဟု အပြစ်တင်လျင် မိမိတို့၏ မလေ့လာတတ် မလိုက်စားတတ် စနည်းမနာတတ် မရှုမြင် မသုံးသပ်တတ်ကြသည့် အဖြစ်ကိုသာ အပြစ်တင်စေချင်သည်။ ဤကဲ့သို့ အကောင်းမြင်တတ်စေရန်အတွက် ဆရာဝန်များ၊ စာရေးဆရာများ၊ ဟောပြောသူများကို မည်မျှလှုံ့ဆော်ခဲ့ရ တွန်းအားပေးခဲ့ရ ဖိအားပေးခဲ့ရသည်ဟု ထင်ပါသနည်း။ မြန်မာနိုင်ငံတွင် အကောင်းမြင်စိတ် စသည်နှင့် ပတ်သက်သော စာအုပ်သည် အရောင်းရဆုံးစာရင်း မဝင်ခဲ့သော်လည်း ဘယ်တော့မှ တောပ်တင်းမှ မဆင်အောင် လုပ်ခဲ့ရသည့်အကျိုးက ရှိလေပြီ။
အကောင်းမြင်ဝါဒသည် ထိုကဲ့သို့သော သဘောရှိ၏။ အကောင်းမြင်တို့၏ အကောင်းမြင်စဉ်းစားနည်း တချို့ကို စဉ်းစားပြချင်သေးသည်။ ငါဆင်းရဲလိုက်တာ၊ အိုး ငါ့ထက်ဆင်းရဲတဲ့သူ အများကြီးရှိသေး၏ဟု စဉ်းစားသည်။ နိုင်ငံက လူ့အခွင့်အရေးနှင့်ပတ်သက်၍ သုညရ၏။ အိုး အရင်တုန်းက ရဖူးတာကျလို့ဟု စဉ်းစားသည်။ အင်တာနက် လွတ်လပ်ခွင့်အနည်းဆုံးတွင် နံပါတ်ကိုး ရ၏။ အိုး ငါတို့ထက်ဆိုးသူတွေ ရှစ်နိုင်ငံကြီးတောင် ရှိသေး၏ဟု စဉ်းစားသည်။ တမျိုးရှိသေး၏။ အစားအစာ ဝဝလင်လင် မစားရသည်ကို အစားအစာ ဝဝလင်လင် မစားရကြောင်း ကြည့်မြင်ခြင်းအား အကောင်းမြင်စိတ်ဟု ဆိုကြသည်။ ထပ်ရှင်းဦးအံ့။ အသားမည်းသည့် မိန်းကလေးကို အသားမည်းသည်ဟု မြင်ခြင်းသည် အကောင်းမြင်ခြင်းဟု ဆိုသည်။ ငတ်နေသူကို ငတ်နေသူဟု မြင်ခြင်းနှင့် မည်းသူကို မည်းသူဟု မြင်ခြင်းဆိုသည့် အမှန်ကိုအမှန်အတိုင်း မြင်ခြင်းက အကောင်းမြင်စိတ်ဟု ဖွင့်ဆိုသူ တချို့ရှိကြသည်။ သူ့ဆိုလိုချက်က သစ်ပင်ကို ဝါးပင်ဟု မမြင်သင့်။ ဝါးပင်ကို သစ်ပင်ဟု မမြင်သင့်ဟု ပြောသည်နှင့် တူနေပါသည်။ တဖန် ဖန်ခွက်ထဲ ရေတဝက်ပင်ပြည့်နေသည်နှင့် ရေတဝက်သာရှိသည်တွင် ရေတဝက်ပြည့်နေသည်ဟု မြင်သူက အကောင်းမြင်စိတ်ဟု ဖွင့်ကြသည်။ မည်သို့မြင်မြင် ထိုရေ ပြည့်မလာသည်ကိုတော့ ကျွန်တော် သိပါသည်။
ဤကဲ့သို့ အကောင်းမြင်စိတ်နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက ထင်လင်းဘာသာပြန်ထားပေးသည့် ပေါ်လီယာနာကို ဖတ်စေချင်သည်။ ကျွန်တော် ဆရာဖြိုး၏ စာအုပ်မှ နည်းနာများ လိုက်နာသကဲ့သို့ လိုက်နာလိုက်ကြပါက အကောင်းမြင်စိတ် ကောင်းစွာ ရှိသွားမည် ဖြစ်သည်။ ၂၀၀၅ ခုနှစ်လောက်က ဟုထင်ပါသည်။ ဝတ္ထုတပုဒ် ဖတ်ဖူးသည်။ ဝတ္ထုနာမည်က အကောင်းမြင်စိတ်ဟု ထင်သည်။ တော်တော်ကောင်းသည်။ ဖြစ်ကြောင်းကုန်စင် မမှတ်မိတော့။ အသက် ၂၀ အရွယ်ရှိ ကောင်လေးတယောက် ထီအကြိမ်ကြိမ်ပေါက်သည်။ ကောင်လေးခမျာ ထိုမျှ များပြားလှသော ငွေကို မြင်ရ၍ စိတ်ဓာတ်ကျသွားသည်။ ထို့နေက် ထိုစိတ်ပျက်စရာကောင်းလှသော ပိုက်ဆံများကို လွှင့်ပစ်ပလိုက်သည်။ သူ့အား အမှိုက်ဖွသည်ဟု ဘေးအိမ်က ဝိုင်းအော်သည်။ ပြန်မကောက်ချင်သဖြင့် အိမ်မှ တိတ်တိတ်ကလေး ခိုးထွက်သည်။ အိမ်ပြန်လျင် ဘေးအိမ်မှ သူလွှင့်ပစ်ထားသော ထိုရွံဖို့ကောင်းသော ပိုက်ဆံများကို ပြန်ကောက်ခိုင်းကြမည်။ ကောက်နေရမည် စိုးသောကြောင့် ခရီးတခုကိုသာ ထွက်ခဲ့တော့သည်။ ခရီးတခုထွက်လာရာ ပတ္တမြားတောင်ကို တွေ့သည်။ ကောင်လေးက ငှက်ပစ်ဖို့ လောက်စာလုံးအရွယ် ပတ္တမြားဆယ်လုံး ကောက်ခဲ့သည်။ ကံဆိုးချင်တော့ လူငယ်လေး ရှေ့ဆက်သွားလိုက်စဉ် စိန်တွေကို တပုံတခေါင်းကြီး တွေ့လိုက်ရခြင်းဖြစ်၏။ ပတ္တမြားကို ကောက်ခဲ့တုန်းက နည်းနည်းရွေးခဲ့ ရသေး၏။ စိန်ကိုကား ကောက်ယူလိုက်ရုံဖြစ်သည်။ လောက်စာလုံးအရွယ် ကွက်တိ။ စိန်ကို လောက်စာလုံးအဖြစ် အသုံးပြုလျင် ကောင်းသလား။ ပတ္တမြားကို လောက်စာလုံး အဖြစ် အသုံးပြုလျင် ကောင်းသလား တွေးရင်း ကောင်လေးတယေက် စိတ်အတော်ဆင်းရဲသွား၏။ စိန်က နည်းနည်းလေးသော်လည်း ပတ္တမြားကို သူ တော်တော်ကြာကြာ သယ်ခဲ့ရသည်။ သူ ခြေလှမ်းပေါင်း ၁၀၀ နီးပါးပင် သယ်ခဲ့ပြီးကာမှ စိန်များကို တွေ့ရသည်။ သူ့ခရီး၌ စိန်က အရှေ့က ရှိသင့်ပါလျက် နောက်မှ ရှိနေခြင်းကို တော်တော် စိတ်တိုမိသည်။ ကောင်လေးက တရားမျှတစွာပင် ဆုံးဖြတ်၍ ပတ္တမြားငါးလုံးကို လွှင့်ပစ်ပြီး ထိုအစား စိန်ငါးလုံးကို ကောက်လိုက်ရသည်။ သူခါးနည်းနည်းကုန်းပြီး ကောက်ရသည့်အတွက်လည်း မကျေမချမ်း ဖြစ်ရသည်။ စိတ်ပေါက်ပေါက်နှင့် ရှေ့ဆက်သွားလိုက်ရာ ခြေလှမ်းကို သတိမထားမိသဖြင့် ချောက်ကမ်းပါးထဲ ကျသွားသည်။ သူ သေရမည့်အခွင့်အရေးကို ရရှိလိုက်ပြီဟု ထင်ကာ အလွန်အမင်း ဝမ်းသာသွားသည်။ သို့သော် မဟုတ်။ သူ့အနေဖြင့် ဤမျှလှသူများ ရှိလိမ့်မည်ဟု ထင်ပင် မထင်ထားဖူးသော အလှများကို ပိုင်ဆိုင်ကြသည့် နတ်သမီး ၇ ယောက်က ရုတ်တရက် သူ့ကို ပွေ့ချီခေါ်ဆောင် သွားကြခြင်း ဖြစ်နေသည်။ သူငိုမိမတတ် ဝမ်းနည်းသွားသည်။ သူ့ဖြစ်အင်ကို ကြည့်၍ နတ်သမီးများထဲမှ နတ်သမီးတဦးက ရွှင်မြူးနေသော သီချင်းကို ဆို၍ သူဝမ်းမနည်းအောင် ချော့မြူသည်။ ကျန်ခြောက်ဦးကလည်း အငြိမ်မနေ။ သူ့အား ချိုချိုမြိန်မြိန်ပြုံးကြည့်ရင်း သီချင်းကို ဟာမိုနီလိုက်သည်။ ကောင်လေး သဘောပေါက် သွားသည်။ ဤလောက၌ စိတ်ဆင်းရဲစရာများကို ရှောင်မရနိုင်။ ထပ်မံခရီးဆက်လိုက်ပါက ဤထက်ဆိုးဝါးသော အခြေအနေများ ထပ်မံကြုံရနိုင်ဖွယ်ရှိသည်။ ဤသို့ ရိပ်စားမိလိုက်သည်နှင့် ကောင်လေးသည် နတ်သမီး ၇ ပါး၏ ခန်းနားလှသော အဆောက်အအုံတွင် နတ်သမီးတွေ ပြုစုသမျှ ကြိတ်မှတ်၍ ငုံခံနေတော့မည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။ ကျွန်တော်မှာ ထိုသူ၏ ဝတ္ထုကို ဖတ်မိသဖြင့် ဆွဲံကြိုးမချခဲ့မိသည်မှာ အတော့ပင် ကြုံတောင့်ကြုံခဲ ကံကောင်းမှုကြီးနှင့် ကြုံတွေ့ခဲ့ရသည်ပဲဟု ပြန်တွေးရင်း ယခုမှပင် ပြုံးနိုင်တော့သည်။ ထို့သို့မဟုတ်ပါက ဤကဲ့သို့ မိမိနှင့် သိကျွမ်းသူများကို စော်ကား ခွင့်ရမည်မဟုတ်။ ကံကောင်းပေစွ။ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိ၍ နတ်သမီးများ တဖက်ငါးရာ ကလိထိုးသည်ကိုသာ ခံယူရတော့အံ့။ အကောင်းမြင်စိတ် များများမွေးပါ မိဆွေ။ ဒါမှ ယောက်ျားမြန်မြန်ရမှာ။
“မြန်မာ့လူမှုရေး တိုးတက်အောင်” ဟု ဆိုကြပါစို့ရဲ့။ အူမ,တောင့်မှ သီလစောင့်နိုင်သည် ဆိုသော စကားကို တီထွင်ခဲ့သော ရှေးပညာရှိအား အချိန်ခရီးသွား၍ ပြန်သတ်ကြပါလေ။ အိမ်တိုင်းတွင် အသတ်ခံရသည့်သူ ရှိသည်။ အဖမ်းခံရသည့်သူ ရှိသည်။ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ ခင်ပွန်း၊ ဇနီး၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ခဲအို၊ ခယ်မ၊ ယောင်းမ၊ ယောက်ဖ၊ အစ်ကို၊ အစ်မ၊ ညီ၊ မောင်၊ နှမ၊ ညီမလေး၊ တူ၊ တူမ၊ ဝမ်းကွဲ၊ အိမ်နီးချင်း၊ ချစ်သူ၊ ကြိတ်ကြိုက်ရသူ၊ ရည်းစားဟောင်း၊ အမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ စီးပွားဖက်၊ အားကစားဖက်၊ စာရေးဖော်စာရေးဖက်စသဖြင့် မိမိနှင့် ဆက်စပ်၍ အသတ်ခံရသည့်သူ၊ အဖမ်းခံရသည်သူ ရှိနေကြ၏။ တချို့ မနှစ်က၊ တချို့ ဒီနှစ်မှ။ အိမ်မီးရှို့ခံရလို့။ လိုက်ဖမ်းနေလို့။ ရှောင်နေရလို့။ ထိုလူမှုရေးကို တိုးတက်အောင်ဆိုသည့်အချက်ကို မည်ကဲ့သို့ လုပ်မည်နည်း။ လူမှုရေးဟု ဆိုလိုက်သည်နှင့် အချင်းချင်း ရိုင်းပင်းခြင်း၊ ကူညီခြင်း၊ ဝိုင်းဖွဲ့ခြင်း၊ အချင်းချင်းနားလည်ကြခြင်း၊ ခွင့်လွတ်ကြခြင်း၊ ရပ်ကျိုး ရွာကျိုး အများအကျိုးတွင် တက်ညီလက်ညီ လုပ်အားပေးခြင်းစသည်ကို လူမှုရေးဟု ခေါ်သည်ဟု ကျွန်တော့်အနေဖြင့် ယူဆပါသည်။ “ပဋိပက္ခရှိနေစေဦးတော့။ သည်လူမှုရေးကို တိုးတက်အောင်” ဟုဆိုသည်။ လူတွေ အချင်းချင်း အစေးမကပ်အောင် ဖြစ်နေချိန် မည်သည့်အကြောင်းအရာဖြင့် အချင်းချင်းဆိုသည့် စကားလုံး ထွက်လာမည်နည်း။ သူကတော့ ရင်းနှီးမြုပ်နှံမှုကို ခေါ်ခြင်းဖြစ်ရာ သူနားလည်သော လူမှုရေးမှာ ကျွန်တော်နားလည်သော လူမှုရေးမျိုးတော့ မဟုတ်နိုင်။ ပိုက်ဆံရှိလျင် လူမှုရေးအဆင်ပြေတယ်။ ပိုက်ဆံသာရှာ။ မင်းကို လူတွေ လေးစားလာလိမ့်မယ်၊ ပိုက်ဆံ ရှိရင် ဘာလုပ်လုပ် တင့်တယ်တယ်ဆိုသည့် လူမျိုးဖြစ်နိုင်ပါသည်။
မြန်မာ့စီးပွားရေး တိုးတက်အောင် ဟုဆိုကာ ရင်းနှီးမြုပ်နှံမှု အသစ်များကို ခေါ်ခဲ့ခြင်းနှင့် ရင်းနှီးမြုပ်နှံမှု အဟောင်းများအား သက်တမ်းတိုးခြင်း၊ စီမံကိန်းအသစ်ထပ်မံ တိုးချဲ့စေခြင်းအတွက် ပြောသော စကားကိုတော့ ကျွန်တော်လက်ခံပါသည်။ မြန်မာနိုင်ငံတွင် “ကိုယ်လုပ်မှ ကိုယ်စားရတာ”ဆိုသည့် ဆလိုဂမ်သည် အထင်ရှားဆုံး လူကြိုက်အများဆုံးနှင့် အသုံးအတည့်ဆုံး ဆလိုဂမ်ဖြစ်သောကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်သူမှ ရွေးချယ်တင်မြောက်လိုက်သည့် သမ္မတဘိုင်ဒင်၏ အပြည်ပြည်ဆိုင်ရာ အရေးပေါ် အခြေအနေနှင့် အမေရိကန်ဆိုင်ရာ စီးပွားရေး အက်ဥပဒေအရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၁၄၀၁၄ ဆိုသည်မှာ ကမ္ဘာ့တဖစ်ခြမ်းက ကိစ္စဖြစ်၏။ ထို အမိန့်ကြော်ငြာစာအမှတ် ၁၄၀၁၄ အရ ယခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့အထိ ထုတ်ပြန်ခဲ့ကြာသော အမိန့်စာအစောင်ပေါင်း ၂၉ စောင်သည် အမေရိကန်နိုင်ငံမှ စာရွက်များ ဆုံးရှုံးသွားရခြင်း၊ ပရင်တာမင်ကုန်ရခြင်း၊ စာရိုက်သူ လက်ညောင်းခြင်း၊ စီးပွားရေးကုမ္ပဏီနှင့် နိုင်ငံတကာ ကုမ္ပဏီများကို စာပို့ရသည့်အတွက် တံဆိပ်ခေါင်းနှင့် စာတိုက်ခကုန်ခြင်း၊ အီးမေးလ်ပို့ရသည့်အတွက် အင်တာနက်ဒေတာကုန်ခြင်းတို့သာ အဖတ်တင်မည်။ အမေရိကန်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်အလွန်ကတည်းက မြန်မာကို ခပ်ခွာခွာ စတင်ဆက်ဆံ လာခဲ့သည်။ ထိုစဉ်ကတည်းက ဒဏ်ခတ်ပိတ်ဆို့ဆိုသည့် စကားလုံးကို စတင်သုံးခဲ့သည်။ အကော်ဒီယံအုန်းကျော်တို့က သီချင်းဖြင့် သရော်ခဲ့သည်ကို မနာကြသေး။ သူတို့က မြန်မာနိုင်ငံကို ညံ့ဖျင်းသော အုပ်ချုပ်မှုဖြင့် တိုင်းပြည်ကို ချွတ်ချုံကျအောင် လုပ်နေသည်ဟု ဆို၏။ တတ်သလို သေနတ်ကိုင် အုပ်ချုပ်နေမှုအား အာဏာရှင်စနစ်ဟု စွပ်စွဲလျက် မအောင်မြင်သောာနိုင်ငံဟုပင် မရ ရသကချိုင်လိုက်သေးသည်။ တဖန်လည်း အမေရိကန်ဥပဒေနှင့် မြန်မာဥပဒေမဆိုင်ပါဘဲလျက် ထင်ရာမြင်ရာ စွပ်စွဲပြီး ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဓိုလ်များ ၇၀ ခန့်ကိုလည်း အမည်ပျက်စာရင်း သွင်းပြန်သည်။ တကယ်တမ်း ထိုကဲ့သို့ အမည်ပျက်စာရင်း သွင်းရခြင်းမှာ မရှိဆင်းရဲသားဘဝမှ သုံးမကုန် ဖြုန်းမကုန်အောင် ချမ်းသာကြွယ်ဝသည့် ဘဝသို့ရောက်အောင် ကြိုးစားရုန်းကန်ခဲ့မှုအပေါ် မစာနာတတ်ကြ။ နားမလည်တတ်ကြခြင်းသာ။ ရှင်းရှင်းပြောရလျင် မနာလိုစိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြခြင်းသာဖြစ်သည်။ အမေရိကန်၏ ကြောင်တောင်တောင် လုပ်ရပ်အား ဥရောပကလည်း လိုက်လုပ်သည်။ သူက လူ ၈၄ ယောက်နှင့် ကုမ္ပဏီ ၁၁ ခုကို ပိတ်သည်တဲ့။
ထိုနှစ်ပြည်ထောင်စုမှ အပိတ်ခံရသည်ဆိုသည့် သူများအနေဖြင့် မြန်မာနိုင်ငံရှိ ခရိုင်ပေါင်း ၇၅ ခုနှင့် မြို့ပေါင်း ၅၂၃ မြို့တို့တွင် အဆင့်အတန်း မြင့်မြင့် အိမ်တလုံးစီဆောက်၊ ကားတစီးစီထား၊ အလုပ်သမား ၅ ယောက်ခန့်ကို အငြိမ်းစား လစာထက် ကောင်းသည့် လစာများပေးပြီး ထားနိုင်သည့် အဆင့်တွင် ရှိနေမှန်း မသိကြ။ မီတာကုမ္ပဏီမှ လက်ရှိအရှုံးပေါ်နေသည့် ဖေ့ဘွတ်၏ တစက္ကန့်တာဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၀၀ ဆိုသည်မှာ ဤစာရင်းပါသူတို့ တစက္ကန့်ဝင်ငွေလောက်မများကြောင်း မသိကြခြင်းသာ ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သော ငွေများစွာပိုင်ဆိုင်ထားသည်ကို သိကြပါက အမေရိကားကို တရက်လောက်ဖြစ်ဖြစ် လာလည်ပါဟု စာထုတ်ကြမည် ဖြစ်သည်။ ထို့နောက် အခွန်အများဆုံးရနိုင်မည့် ကြယ်ငါးပွင့်ဆိုသည့် ဟိုတယ်များတွင် တည်းစေမည်။ အဆင့်အမြင့်ဆုံး စားသောက်ဆိုင်များကို ပို့ပေးမည်။ အမေရိကန်နိုင်ငံသားတို့ပင် ကောင်းကောင်း မမြင်ဖူးကြသော နောက်ဆုံးပေါ် အသုံးအဆောင်များ ဝယ်ခိုင်းမည်။ နောက်ဆုံး တစ်တော့ခ်ပေါ်တွင် ကြည့်ရှုသူပေါင်း ဘီလျံနှင့်ချီရှိခဲ့သည့် အကောင်းဆုံး အသားအရေပြုပြင်သည့် ရက်တီနော် ကော့စမက်တစ်များ၊ ဂရပ်ဖစ်လိုင်နာများ၊ တရုတ် မင်မင်းဆက်မှ ယနေ့အထိ အသုံးပြုနေကြသော ဂူးရှ ကော့စမက်တစ် စသည်များကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အတွက် သာမက အောက်ဆွဲအချောင်သမားများအတွက်ပါ ဝယ်သွားခိုင်းပြီး နိုင်ငံတော် အခွန်တိုးအောင် ဆောင်ရွက်နိုင်သည်။ အနောက်နိုင်ငံသားများ၏ ညံ့ဖျင်းမှုကို တွေ့ရှိလိုက်မှုကြီး ဖြစ်ပေတော့သည်တကား။
ထို့ကြောင့်သာ မမြင်မစမ်း မသိမကန်းနှင့် စီးပွားရေး ပိတ်ဆို့ခံရပြီဟု ဆိုသည်နှင့် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၃၀ ဝန်းကျင်က ယောင်ယောင်ကန်းကန်းနှင့် လိုက်ထွက်သွားကြသည်။ ရက်ဘတ္တလာဝါဒဟု သိကြသော ဝါဒကို မြန်မာနိုင်ငံစကားဖြင့် ပြောရလျင် တောကြောင်ဝါဒဟု ခေါ်ရမည်။ ထိုဝါဒဖြင့် လက်ဘနွန်ကုမ္ပဏီမှ ၈၇၅ သန်းတန် ကုမ္ပဏီကြီးကို ဒေါ်လာ သန်းတရာမျှဖြင့် ဝယ်နိုင်ကြသည်ကို ကြည့်ကြပါလေ။ ဤမျှ စွန်းတန်လှသော အခွင့်အရေးများကို ခွင့်သာခိုက်မှ မလိုက်ချင်လျင် အမိုက်နင့်ပြင်ရှိသေးလေလိမ့်လော ဟူသော လယ်တီဆရာတော်၏ သူ့တပည့်ကို ဆိုဆုံးမသည့် ကဗျာလင်္ကာဖြင့်ပင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများအား ဆုံးမချင်စမ်းပါဘိတော့သည်။ ငါးအာရုံ ဘင်အစု ခင်မှုနှင့် နေကုန်၊ နင်ယခု မေ့ပုံလို တွေ့မကြုံစခန်း တဲ့။ နိုင်ငံတကာတို့၏ မာယာသာထေယျဖြင့် ဘင်ပုပ်အညစ်အထေးနှင့်တူသော စကားလုံးများ ထုတ်ပြန်ချက်များ မူဝါဒများ ဥပဒေများနှင့် ရောင်ယောင်၍ မေ့မောတွေဝေနေကြသူများကို ကျွန်တော်ဖြင့် မတွေ့ဖူး။ နှစ်အရှည် နစ်မည်လမ်းကိုလ နင်မျော်စမ်း နင့်ကိုယ်တည်းဟူသော အပိုဒ်ကဲ့သို့ နောက်နောင် ဝင်လာရန် ခက်ပြီး အခြားသော တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားရှာရခက်မည်။ ဈေးပေါသော အလုပ်သမားများလည်း ရှားက ရှားပါဘိ။ ထို့ကြောင့် နှစ်အရှည် မနစ်ရအောင် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် စဉ်းစားသင့်ကြပါသည်။ ထပ်မံ အသစ်ရေးဆွဲလာနိုင်သည့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မူဝါဒအသစ်များနှင့် စပ်လျဉ်း၍လည်း လယ်တီဆရာတော် မိန့်တော်မူသည့် နောင်အသစ် တကယ်ပြင်လျင် ကောင်းဖို့အစဉ် ဆိုဘိသကဲ့သို့ ကောင်းဖို့သာ ရှိပါသည်။ ထို့အတွက် မြန်မာများ ချွင်းချက်မရှိ လက်ခံကြသော စကားပုံကို ပြောပြချင်ပါသည်။ အကြံတူ နောက်လူသာစမြဲ ဟူသော စကားပုံဖြစ်သည်။ အထူးပင် ရှင်းလင်းစရာ မလိုဟု ထင်မြင်မိပါသည်။ ထို့ကြောင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများအား ဝင့်ကြွားစွာ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ထိုသူမည်သို့ ပြောသေးသနည်းကို ကျွန်တော် ထပ်မကြည့်ဖြစ်တော့။ တချိန်က ဒီမိုဟု အော်ခဲ့သူ၏ မချိမဆန့်ဘဝများကို ကျွန်တော် မမြင်ချင်။ ဒီမိုကရေစီကို လိုချင်ကြသည်မှန်၏။ သို့သော် အဘယ်မှာနည်း။
ထို့ကြောင့်ပင် ဖာမီဝိရောဓိ ဆိုသော စကားလုံးကို ကျွန်တော် ကြိုက်မိခြင်းဖြစ်သည်။ ဖာမီဝိရောဓိကို မြန်မာ စာရေးဆရာများ ရေးခဲ့ကြသည် မရေးခဲ့ကြသည်ကိုတော့ ကျွန်တော်လည်း မသိ။ ကျွန်တော်က စာတွေ ဘာတွေ သိပ်ဖတ်သူမဟုတ်။ ကျွန်တော်အကြိုက်ဆုံး စာရေးဆရာ မင်းသိင်္ခပြောသည့် စာဖတ်သူတွေ ဘာကြောင့် စာဖတ်ကြသလဲဆိုသည့်အချက်ကို ကျွန်တော် လက်ခံသည်။ “ဘာကြောင့် စာဖတ်ကြတာလဲ” တပည့်ဖြစ်သူက ဆရာအား မေးလိုက်သည်မှ စသည်။ ဆရာက အမေးကို ထပ်မေးသည်။ “စာထဲမှာက ဆိုးဖို့ တေဖို့ရေးသလား၊ ကောင်းဖို့ မွန်ဖို့ ရေးသလား” “အိုး ကောင်းဖို့ မွန်ဖို့ပဲ ရေးတာပေါ့” “ဒါဆို ဆိုးတေချင်လို့ စာဖတ်တာလား၊ ကောင်းမွန်ချင်လို့ စာဖတ်တာလား” “ကောင်းမွန်ချင်လို့ပေါ့” “ကောင်းမွန်ချင်လို့ဆိုရင် ကိုယ်က ဆိုးတေနေလို့ပေါ့ ဟုတ်လား” အတိအကျ မမှတ်မိ၍ ခန့်မှန်း ပြန်ရေးခြင်းသာ ဖြစ်ပါသည်။ ထိုစကား မှန်ပါသည်။ ဟုတ်ပါသည်။ ကျွန်တော် သူ့အယူအဆကို ကောင်းကောင်းကြီး လက်ခံသည်။ ထိုစာကို တွေ့ပြီးကတည်းက ကျွန်တော် စာမဖတ်တော့။ ထို့ပြင် စာဖတ်သူများကိုတွေ့လျင် တော်တော်ဆိုးတေကြတဲ့ လူတွေပဲ၊ သူတို့ခမျာ ကောင်းဖို့ မွန်ဖို့ စာတွေ ဖတ်နေကြရရှာတယ်ဟု အထင်အမြင်ခပ်သေးသေးဖြင့် ကြည့်သည်။ ယခုအချိန်အထိ ကျွန်တော့်မှာ စာဖတ်မိမှာပင် အတော်ကြောက်သည်။ မတော်၍ ကျွန်တော် စာဖတ်မိသည့်အချိန်နှင့် သူများ မြင်သွားသည့်အချိန် ဆုံခဲ့၍ သူများတကာက ကျွန်တော့်ကို လူဆိုးလူတေကလေးဟု ကြည့်မှာ မြင်မှာ ကြောက်သည်။ ကျွန်တော် လူဆိုး လူတေ မဟုတ်ပါ။ ထို့ကြောင့် ဖာမီဝိရောဓိကို မြန်မာစာရေးဆရာတွေ ရေးခဲ့ မရေးခဲ့ ကျွန်တော် ဘယ်လိုမှ မသိနိုင်ပါ။ ကျွန်တော် ဟိုအကြောင်း ဒီအကြောင်း ရေးမည်ဟု တွေးပြီး ရေးလိုက်တိုင်း ထိုစာမျိုးက ရှိနှင့်နေပြီးဖြစ်တတ်သည်။ ထို့အပြင် ကျွန်တော်က အချက်အလက်ကိုအားကိုး၍ ရေးနေခြင်းဖြစ်ရာ ခိုးချသည့်သဏ္ဍာန် ဖြစ်သွားနိုင်သောကြောင့် ကြိုတင် အကာအကွယ် ယူလိုက်ခြင်းသာဖြစ်သည်။ ကြယ်တွေမှာ လွယ်လွယ်ကြွေဖို့ အခက်မရှိဘူးဟု ကျွန်တော် ၂၀၁၂ တွင် ကဗျာတပုဒ်ထဲ ထည့်ရေးခဲ့ဖူးသည်။ သို့သော် ထိုစကားလုံးကို ကျွန်တော် နာမည်ကြီးကဗျာဆရာ၏ ကဗျာတွင် သွားပြန်တွေ့သည်။ သူ့ကဗျာက နောက်ကျနေသော်လည်း ကျွန်တော်က သူအရင်ရေးဖူးသည်ကို သတိမရဘဲ စိတ်ထဲက စွဲနေသည့် စကားလုံးကို ချရေးမိလိုက်သည်ဟု ထင်ပါသည်။ သို့တည်းမဟုတ် အတွေးတူသွားတာလား။ သို့သော် ထိုစကားလုံးမျိုးက ခပ်ဆန်းဆန်း။ ကျွန်တော် မတွေးနိုင်။ သို့ဖြင့် ကျွန်တော် ကူးချမိပြန်ပြီဟု တွေးမိသည်။ ကူးချမိပြန်ပြီဟု တွေးပြန်သော် ထိုအချိန်တုန်းက ထိုစာသားကို အတော်စဉ်းစားခဲ့ရသည်ကို ပြန်သတိရပြန်၍ မကျေနပ်ပြန်။ ကျွန်တော့်မှာ တချိန်က မင်းအကြောင်း ပြောရတာလောက် ဘယ်မြစ်မှ ရေးစီးမသန်ဘူး ဆိုသည့်စာသားကို သူများကဗျာထဲက စာသားဟု မမှတ်မိဘဲ ကိုယ့်စာသားထင်ခဲ့ဖူးသည့် အတွေ့အကြုံကလည်း ရှိနေပြန်သည်။ ထို့ကြောင့် ဖာမီဝိရောဓိကို သူများ ရေးဖူးသလား မရေးဖူးဘူလားဟု စနည်းနာကြည့်ခြင်းဖြစ်ပါသည်။ ရေးဖူးခဲ့၍ ကျွန်တော် ဖတ်ခဲ့ဖူးပြီး ထိုစကားလုံးကို ယခုထက်ထိကြိုက်မိနေသည့် အဖြစ်မျိုးရှိနိုင်သည် မဟုတ်ပါလား။ ဝိရောဓိသည် အသွားနှစ်ဖက်ရှိသော ဓားနှင့်ပင် တူလှတော့၏။
ဤလူ့ဘုံခန်းဝါ၌ ဝိရောဓိပေါင်း သောင်းခြောက်ထောင်ရှိ၏။ စိတ်စနိုးစနောင့်ဖြစ်စရာ မတင်မကျဖြစ်စရာသည် ဝိရောဓိပင်ဖြစ်၏။ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော အရာမဟုတ်။ မှားသလား မှန်သလား ဝေခွဲရခက်သော ဌာနတိုင်းတွင် ဝိရောဓိဟု သုံး၏။ တရားထိုင်သည့်အခါ ဝင်သက် ထွက်သက်ကို ဘုန်းကြီးများ မိန့်သလို ပုံမှန်ရှူပါ၏။ သို့သော် စိတ်က ပျံ့ပျံ့သွားသည်။ ခပ်ပြင်းပြင်းရှူ၍ဖြစ်စေ၊ ဖြည်းဖြည်းချင်း ရှူ၍ဖြစ်စေ ရှူလျင် အသိကပ်၏။ ထိုအခါ မည်ကဲ့သို့ ရှုမှတ်ခြင်းသည် ပိုပြီးကောင်းမည်နည်းဟု မတင်မကျဖြစ်ခြင်းသည် ဝိရောဓိဖြစ်ခြင်းပါတည်း။ ကမ္ဘာပေါ်တွင် ဝိရောဓိများစွာ ရှိ၏။ အကျော်ကြားဆုံး ဝိရောဓိမှာ ဆော့ခရတ္တိ၏ ဝိရောဓိဖြစ်သည်။ ကျွန်ုပ်သိသမျှ ကျွန်ုပ်ဘာမှ မသိဟူသော စကားတွင် သိ၏ဟုဆိုပါလျက် မသိဟုဆိုခြင်းသည် ဝိရောဓိဖြစ်သည်။ ငြိမ်းချမ်းရန်အတွက် စစ်တိုက်ရသည်ဆိုသော စကားသည်လည်း ဝိရောဓိသာတည့်။ မြန်မာနိုင်ငံတွင်လည်း ကျော်ကြားထင်ရှားသော ဝိရောဓိများရှိပါ၏။ ပြစ်မှုများစွာကို ကျူးလွန်သော်လည်း အပြစ်မရှိ။ မည်သည့်အပြစ်ကိုမှ မကျူးလွန်သော်လည်း သေဒဏ်ချသင့်သည် စသော နှိုင်းစာဖွယ် မကုန်မခမ်း စကားများသည် ဝိရောဓိဆိုအပ်သော ဝေခွဲရန်ခက်သော စကားများတည်း။
များစွာသော ဝိရောဓိအထဲမှ ဤဖာမီဆိုသော ဝိရောဓိသည် တွေ့ရှိခဲ့သူ၏ အမည်ကိုစွဲသော နာမည်ဖြစ်သည်။ အနောက်နိုင်ငံသား တော်တော်များများက သူတို့တွေ့ရှိချက်များကို သူတို့လေးစားသည့် ပုဂ္ဂိုလ်၏ နာမည်၊ သို့မဟုတ် သူတို့၏နာမည်နှင့် သူတို့ချစ်ခင်လေးစားရသူ တဦးဦး၏ နာမည်တခုခုဖြင့် မှည့်ခေါ်တတ်ကြသည်။ တချို့လည်း ဒဏ္ဍာရီလာ နာမည်များ၊ နိုင်ငံနာမည်များ၊ သူတို့ကြိုက်သော ဇာတ်ကောင်နာမည်များ၊ မြို့နာမည်များ၊ လူမျိုးနာမည်များပေးတတ်ကြ၏။ ပုံမှန်အားဖြင့် ကြယ်တံခွန်ကြီးများ၊ ကြီးတံခွန်းသေးများ၊ နဂါးငွေ့တန်းများ၊ ကြယ်အစုအဝေးများ၊ ကြယ်များ၊ ဂြိုဟ်များ၊ ဂြိုဟ်သိမ်များစသည့် နက္ခတ္တဆိုင်ရာများတွင် ဖြစ်သည်။ သို့သော်လည်း ကမ္ဘာပေါ်ရှိ တောင်များ၊ မြစ်ချောင်းအင်းအိုင်များ၊ မီးတောင်များ၊ ချောက်ကမ်းပါးများ၊ လျိုများကိုလည်း သူတို့နာမည် ပေးတတ်ပါသေးသည်။ အထူးသဖြင့် ဓာတုဗေဒဆိုင်ရာတွင် နာမည်အသစ်များကို ပေးလေ့ရှိ၏။ ဓာတုဗေဒနာမည်များအပေါ်တွင်တော့ အစဉ်အမြဲ ငြင်းခုန်ကြရလျက် ရှိသည်။ တချို့အရာများက အမည်ပေးပြီးရုံသာမကာ ထပ်တန်းလျှို့ဝှက်အဖွဲ့အစည်းတို့မှ အသုံးပြုနေသည်မှာ ကြာပြီဖြစ်သော်လည်း မထုတ်ပြန်ခဲ့သော အမည်များကြောင့် ငြင်းခုန်မှု ဖြစ်ကြရသည်။ သို့သော်လည်း အငြင်းခုံရန်ဆုံး အမည်များမှာ ဒဏ္ဍာရီလာ သတ္တဝါတို့၏အမည်၊ ပြတိုက်အတွင်းရှိ တူးဖော်ရရှိလာသော ပစ္စည်းများအမည်နှင့် ကလေးအမည်များသာ ဖြစ်နေသည်။ မငြင်းမခုန်ဘဲ အားလုံး သဘောတူပြီး ခေါင်းကြီး တညိမ့်ညိမ့်နှင့် ကျေနပ်ခဲ့ကြသော နာမည်တခုတော့ ရှိသည်။ ကမ်းခြေတွင် ရေးကူးသည့်အခါ ဝတ်ကြသည့် မိန်းကလေးများ၏ အသားကပ်ဝတ်စုံကို ဥရောပသူများက ၁၉၃၀ ခုနှစ်ကတည်းက ဝတ်ခဲ့သော်လည်း အမည်မရှိခဲ့။ ထိုအခါ ဈေးဝယ်သည့်အခါ ပြောဝယ်ရ အတော်ခက်သည်။ တနေ့ ထိုဝတ်စုံကို အမည်တခုပေးမှ သင့်တော်မည်ဟု အကြံပေးကြသဖြင့် ဝိုင်းဝန်းကြံစည်ကြလေသည်။
ဤကိစ္စကို ပြောလျင် နျူကလီးယားဗုံးဖြစ်စဉ်ကိုပါ ပြောမှ ဖြစ်မည်။ အမေရိကန်တို့သည် နာဇီတို့ နျူဗုံးတီထွင်နေပြီဟု သတင်းထုတ်ပြန်ပြီး သူတို့ကိုယ်တိုင်ပင် ၁၉၄၀ ခုနှစ်မှစ၍ နျူဗုံးကို ခိုးလုပ်ကြသည်။ သတင်းသမားတို့က သိသွားသည့်အခါ နာဇီတို့ လက်မှ ကာကွယ်ရန်ဟု အကြံအဖန်ထုခဲ့သည်။ ထိုအချိန်က နာဇီကျရှုံးပြီးဖြစ်ပါသည်။ သို့သော် အမေရိကန်သည် အခုချိန်ထိ နာဇီ၏ ခြောက်လှန့်မှုကို ခံနေရဆဲဖြစ်ပါသည်။ သို့သော်လည်း မည်သူမှ မထုတ်ပြန်ပါ။ ထို့နောက် ပထမဦးဆုံး မက္ကဆီကိုနိုင်ငံမှ သဲကန္တာရတခုထဲသို့ စတင်စမ်းသပ် ဖောက်ခွဲခဲ့သည်။ ကမ္ဘာ့ပထမဦးဆုံး နျူဗုံးဖြစ်သည်။ စမ်းသပ်ခဲ့သူ ထုတ်လုပ်ခဲ့သူ တခြားသူပိုင် နယ်နိမိတ်ထဲ ဖောက်ခွဲခဲ့သူမှာ အမေရိကန်ဖြစ်သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးရန် အကြောင်းပြချက်ဖြင့် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမားမြို့ပေါ်သို့ ပေါက်ကွဲပြင်းအား တန်ချိန် တသောင်းခွဲနှင့်ညီမျှသော B-29 အနုမြူဗုံးဟုခေါ်သည့် နျူဗုံးကို ချခဲ့သည်။ တကယ်တမ်း ပုလဲဆိပ်ကမ်းအတွက် လက်စားချေခြင်းဖြစ်သည်။ ကမ္ဘာ့ပထမဦးဆုံး လူသားများကို ဦးတည်၍ ဖောက်ခွဲခဲ့သော နျူဗုံးကို အမေရိကန်တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုနျူဗုံးကြောင့် လူပေါင်း ရှစ်သောင်းကျော် ချက်ချင်း သေဆုံးသည်။ သုံးသောင်းခွဲ ပြင်းထန်စွာ ဒဏ်ရာရရှိသည်။ ထိုဗုံး၏ အနံ့ကို ရှူမိသူ ခြောက်သောင်းမှာ ဆိုးရွားသော ဝေဒနာများ ခံစားရသည်။ နောက်ထပ် သုံးရက်အကြာ ၉ ရက်နေ့တွင် နာဂါဆာဂီမြို့သို့ A ဗုံးကို ထပ်မံချသည်။ လူပေါင်း လေးသောင်းခန့် ချက်ချင်းသေဆုံးသည်။ ထိုဗုံးများမှ အဆိပ်ငွေ့ကို ရှူမိသူများကို ယခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဂျပန်တိုမ်းမှ လူ ၁၀ ယောက်ကို ရွေးချယ်၍ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသေးသည်။ အမေရိကန်သည် ထိုမျှနှင့် နျူဗုံး၏ အစွမ်းကို မကျေနပ်သေးဘဲ ၁၉၄၆ နှင့် ၁၉၅၁ ခုနှစ်များတွင် နျူဗုံးပေါင်း ၂၃ လုံးကို ထပ်မံစမ်းသပ်ပစ်ခတ်ခဲ့သည်။ ၇ လုံးက ရေထဲ ပျောက်သွားသည်။ မပျောက်ကွယ်ဘဲ ပေါက်ကွဲခဲ့သော နေရာမှာ သူတို့ သတ်မှတ်၍ စမ်းသပ်ခဲ့သော ဘီကီနီကျွန်းဖြစ်သည်။ ထိုကျွန်းတခုလုံး ပြောင်သလင်းခါသွားသည်။ ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် မိန်းကလေးများ ကမ်းခြေတွင် ဝတ်သော ရေကူးဝတ်စုံကို မည်သို့နာမည်ပေးကြမည်နည်းဆိုသည့် ပြဿနာက ပေါ်ပေါက်ခဲ့သည်။ ဝိုင်းစဉ်းစားသည့်အခါ ဘီကီနီဟု ပေးရန် အကြံပြုခံရသည်။ ထိုနာမည်ကို အားလုံး သဘောတူကြသည်။ ပြောင်သလင်းခါနေသည်ကိုး။ ဗုံးပေါင်း ၁၆ လုံး။ ရိုးရိုးဗုံးမဟုတ်။ ဟီရိုရှီးမှားနှင့် နာကာဆာကီမြို့ပေါ် ချခဲ့သည့် ဗုံးထက် အဆပေါင်းများစွာ ပေါက်ကွဲအား မြင့်သည့်ဗုံး။ ထိုဗုံးများကြောင့် ရေကူးဝတ်စုံကို ဘီကီနီဟုခေါ်ခဲ့ကြသည်။
ဤကဲ့သို့ နာမည်ပေးကြမ်းသော အနောက်နိုင်ငံသားတို့၏ ထုံးစံအတိုင်း ဝိရောဓိတခုကိုလည်း နာမည်တခု ပေးခဲ့သည်။ ထိုသူကား အီတလီ အမေရိကန် ရူပဗေဒပညာရှင် Enrico Fermi ဆိုသူဖြစ်၏။ သူ့နာမည်ကိုယူ၍ ဖာမီဝိရောဓိဟု ပေးခဲ့သည်။ သူ့တွေ့ရှိချက်မှာ ကျွန်တော်တို့၏ ကမ္ဘာဂြိုဟ်သည် အခြားသော ဂြိုဟ်များနှင့် နှိုင်းစာလျင် သေးသေးလေးသာ ဖြစ်၏။ ဤကဲ့သို့ ဂြိုဟ်သေးသေးလေးတွင်ပင် လူတို့နေထိုင်နိုင်လျင် ကျွန်တော်တို့ လက်လှမ်းမမီသည့် အခြားသော ဂြိုဟ်ကြီးများတွင်လည်း သက်ရှိများနေထိုင်နေကြမည်မှာ သေချာပါသည်။ သို့သော် ဘယ်မှာလဲ၊ သက်သေတော့ မရှိဟုပြောခဲ့သည်။ ထို့နောက် သူရူပဗေဒသီအိုရီတခုကို ထုတ်ခဲ့သည်။ သူ ထိုကဲ့သို့ စဉ်းစားပြပြီး ၁၉၅၄ တွင် ကွယ်လွန်သွားခဲ့ပါသည်။ တကယ်တမ်း ထိုအယူအဆကို ထုတ်နိုင်ခဲ့သည်မှာ ထမင်းစားခန်းထဲသို့ နောက်ကျမှ ဝင်မိသောကြောင့်ဖြစ်သည်။ သူ ထမင်းစားချိန်တွင် မစားမိဘဲ အားလုံးပြီးမှ ထမင်းစားခန်းသို့ ရောက်သွားသည်။ ထိုအခါ သူက တခြားလူတွေ ဘယ်မှာလဲ ဟုမေးလိုက်သည်။ ဤနေရာတွင် ထမင်းစားကြသူ ရှိသည်။ သို့သော် အခုဘယ်မှာလဲ။ သူထိုအချက်ကို စဉ်းစားမိပြီး ဂြိုဟ်များနှင့် ဆက်စပ်၍ စဉ်းစားရာက ထိုရူပဗေဒသီအိုရီကို သတိရခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသေဆုံးသွားချိန်အထိ ထိုသီအိုရီကို မည်သူမှ ဆက်လက် မတွက်ချက်ပါ။ ထိုအယူအဆကို သိပ္ပံစိတ်ကူးယဉ် စာရေးဆရာတယောက်က သူ့စာအုပ်ထဲတွင် ထည့်ရေးပြီး ဖာမီဝိရောဓိဟု ထည့်သုံးခဲ့သည်။ ၁၉၆၁ တွင်တော့ သူ့အယူအဆကို N = R* x 𝑓p x ne x 𝑓1 x 𝑓i x 𝑓c x L ဟု ထုတ်ပြီး တွက်ချက်ကြည့်နိုင်ခဲ့သည်။ (ဘာတွေမှန်း ကျွန်တော် မသိ) ထိုအချက်က စင်္ကြဝဠာအတွင်းရှိ သက်ရှိများ နေထိုင်သော ဂြိုဟ်ရှိသည်ဆိုသော တွက်ချက်မှု ဖြစ်သည်။ သို့သော် အဘယ်မှာနည်း။ ထို့ကြောင့် ဖာမီဝိရောဓိအသုံးက ပိုကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ နာဆာမှ လွှတ်တင်ခဲ့သော အင်္ဂါဂြိုဟ်သို့ ရိုဗာကြီး ပြန်ရောက်လာမည့် ၂၀၃၀ တွင် အဖြေသိနိုင်ပြီဟု ဆိုထားပါသည်။ သို့သော်လည်း အဘယ်မှာနည်း။
မြန်မာ့သမိုင်းသည် နေ့ရက်တခုထဲမှစ၍ လတစ်ခုထဲသို့ တရက်ချင်းစီဝင်နေ၏။ ထိုလမှသည် နှစ်တခုထဲသို့ တစ်လချင်းဝင်နေ၏။ ထိုနှစ်မှသည် ဆယ်စုနှစ်ဆိုသည့် အစုအဖွဲ့ငယ်ထဲသို့ စု၍ စည်း၍ ဝင်နေ၏။ ဆယ်စုနှစ်မှသည် ရာစုနှစ်ထဲသို့ ဝင်နေ၏။ ထိုမြန်မာ့သမိုင်းတွင် ထူးထူးခြားခြား ရေးစရာမရှိ။ အကြမ်းဖက် နေကြသည်။ အခြားနိုင်ငံမှ ရေးသော မြန်မာသမိုင်းကို ကြည့်လျင်လည်း ထိုစကားလုံးကိုသာ တွေ့ရ၏။ အကြမ်းဖက် နေကြသည်။ ရက်မှလ၊ လမှနှစ်အားလုံးသော ရေးကြသည့် သမိုင်းသည် အကြမ်းဖက်နေကြသည်။ မနေ့က အကြမ်းဖက်သည်။ ယနေ့ အကြမ်းဖက်သည်။ မနက်ဖန် အကြမ်းဖက်ဦးမည်။ ဤနှစ် အကြမ်းဖက်သည်။ မနှစ်က အကြမ်းဖက်သည်။ နောက်နှစ် အကြမ်းဖက်ဦးမည်။ ဆယ်စုနှစ်စာ သမိုင်းတမျက်နှာလုံး အကြမ်းဖက်မှုဖြင့်သာ ပြည့်နေခဲ့သည်။ ရာစုနှစ်စာ သမိုင်းစာမျက်နှာ တခုလုံး အကြမ်းဖက်မှုသာ ရှိခဲ့သည်။ နောက်လာမည့် ကျွန်တော်တို့၏ သားသမီးမြေးမြစ်များ မြန်မာ့သမိုင်းကို အားကြိုးမာန်တက် ကျက်ရန် မလိုတော့ပေ။ ကြိုက်နှစ်သက်သည့် သက္ကရာဇ်ကို ရေးရေး၊ နှစ်၊ လ၊ ရက် ကြိုက်သည့်အချိန်ကိုမေး အကြမ်းဖက်နေသည်ဟုသာ ဖြေရန်ရှိသည်။ အကြမ်းဖက်မှုအား သုတေသန လုပ်လိုလျင် မြန်မာပြည်သို့သွားပါလားဟု နိုင်ငံတကာက ကျောင်းသားများကို ဝိုင်းပို့ကြမည်။ ဂျပန်တိုမ်းသတင်းစာကဲ့သို့ နှစ်စဉ် အနုမြူဓာတ်ရောင်ခြည်သင့်သူများကို မေးမြန်းနေရမည်။ အဲတုန်းက ကျွန်တော့်အသက် ၇ နှစ်။ ကျွန်တော် ဘယ်လိုကြုံခဲ့တာ။ အခုထိ အနာတွေ မကျက်သေးဘူးတည်းဟူသော ပုံစံတူ အဖြေများကို ပေးနေရန်သာ ရှိသည်။
ကမ္ဘာပေါ်တွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေသည့် တော်လှန်ရေး ၇ ရပ်ပေါ်ပေါက်ခဲ့သည်။ မြန်မာပြည်တွင် အကြမ်းဖက်နေကြသည်။ ပထမတော်လှန်ရေးဖြစ်သည့် ၁၉ နှစ်ရာစုအစတွင် လူ့ကြွက်သားနှင့် ကျွဲနွားစသောတိရစ္ဆာန်ကြွက်သားကို အားကိုးရသည့် စားဝတ်နေရေး လုပ်ငန်းများ ရပ်ဆိုင်းစေသည့် ဇီဝလောင်စာတော်လှန်ရေးကြီးဖြစ်ခဲ့သည်။ မြန်မာတွင် အကြမ်းဖက်နေကြသည်။ ယခုအချိန်အထိ လူ့ကြွက်သားနှင့် တိရစ္ဆာန်ကြွက်သားများကို အားကိုးနေရသည့် ပြည်သူ အများအပြားရှိနေကြသေး၏။ ဒုတိယတော်လှန်ရေးဖြစ်သည့် ၁၉၁၄ တွင် ရုပ်ကြွင်းလောင်စာဆီ တော်လှန်ရေးကြီး ဖြစ်ပေါ်သည်။ မြန်မာတွင် အကြမ်းဖက်နေကြသည်။ ကျောက်မီးသွေးကို ယခုထိ စနစ်တကျ မသုံးတတ်သေး။ ကျွန်တော့်ဘေးက စက်ရုံကြီး ကျောက်မီးသွေးသိုက်တွင် ဧကတစ်ရာ ဝယ်လိုက်သည်။ ဘယ်နှစ်စာ ရမည်နည်းဟု မေးလိုက်တော့ မဖြေတတ်ကြ။ တတိယတော်လှန်ရေး အဖြစ်ဖြင့် ၁၉ ရာစုနောက်ပိုင်း ဓနဥစ္စာခွဲဝေမှု သဘောထားသစ်များ ပေါ်ပေါက်ခဲ့သည့် စက်မှုတော်လှန်ရေးကြီး ဖြစ်ခဲ့သည်။ မြန်မာများ အကြမ်းဖက်နေကြသည်။ ဆင်းရဲမွဲတေမှု မြင့်တက်နေဆဲဖြစ်သည်။ မြင့်တက်နေသည် ဆိုခြင်းထက် တမင်တကာ ဆွဲမြှင့်နေခြင်းဆိုပါက ပိုမှန်ပါလိမ့်မည်။ စတုတ္ထတော်လှန်ရေးက သယ်ယူပို့ဆောင်ရေး ဖြစ်သည်။ အာရှ၊ ဥရောပ၊ အဖရိကနှင့် အမေရိကတို့ ထုတ်ကုန်များ အလွယ်တကူ မြန်မြန်ဆန်ဆန် သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ မြန်မာပြည်တွင် အကြမ်းဖက်နေသည်။ ယခုထိ လက်ရှိ ကျွန်တော်နေသော ရွာမှ ရွာသားများသည် သန်းခေါင်ကျော်ချိန်တွင် ဟိုပုံးမြို့သို့ ခုတ်ထားသည့် ထင်းများကို နွားလှည်းဖြင့် သွားရောင်းနေရသေးသည်။ ပဉ္စမတော်လှန်ရေးမှာ ဒီမိုကရေစီတော်လှန်ရေးဖြစ်သည်။ အမေရိကန်တို့ ဒီမိုကရေစီဟု အမည်မပေးထားရသေးသော စနစ်သည် ဒီမိုကရေစီဟု အမည်ရလာပြီး ကမ္ဘာသို့ ပျံ့နှံ့ကာ စတင်ကျင့်သုံးလာကြသည်။ ထိုခေတ်သည် ၁၉ ရာစု နှောင်းပိုင်းတွင် ဖြစ်သည်။ မြန်မာပြည်တွင် အကြမ်းဖက်နေကြသည်။ ဆဋ္ဌမတော်လှန်ရေး နိုင်ငံများအား ထိန်းချုပ်မှုဆိုင်ရာ နည်းပညာဖြစ်သည့် လက်နက်တော်လှန်ရေးဖြစ်ပေါ်ခဲ့သည်။ ထိုနည်းပညာဖြင့် ကမ္ဘာကို ကိုလိုနီပြုခဲ့သည်။ နာဇီစစ်နှင့် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာသည်။ မြန်မာပြည်တွင် အကြမ်းဖက်နေသည်။ သူ့ကျွန်မခံပြီကိုပင် အတော်ဟုတ်လှပြီဟု ဂုဏ်ယူနေကြသည်။ သတ္တမတော်လှန်ရေးမှာ သိပ္ပံဆိုင်ရာ နည်းပညာများ အကန့်အသတ်မဲ့သွားသည်။ မြန်မာပြည်တွင် အကြမ်းဖက်နေသည်။ အင်တာနက်ကိုပင် ဆင်ဆင်ခြင်ခြင် သုံးနေရသည်။ သို့သော် ဘယ်မှာလဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဖာမီဝိရောဓိထဲတွင် ညှပ်၍နေ၏။ ဒီမိုကရေစီဟု ကြွေးကြော်ကြသော ခေါင်းဆောင်များဖြင့်သာ အုပ်ချုပ်ခံခဲ့ရ၏။ သို့သော် ဘယ်မှာလဲ။ လွန်ခဲ့သော ၇၄ နှစ်ကတည်းက လွတ်လပ်ရေးရခဲ့သည်ဟု ဆို၏။ သို့သော် ဘယ်မှာလဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မပြောခဲ့သော အုပ်ချုပ်သူ မရှိခဲ့။ သို့သော် ဘယ်မှာလဲ။ နိုင်ငံခေါင်းဆောင်တိုင်း ပြောခဲ့သော စကားရှိသည်။ အမျိုးသား စည်းလုံး ညီညွှတ်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စသည့် ရေးပြ၍ပင် မကုန်နိုင်လောက်အောင်သော စကားလုံးအများအပြား ပြောခဲ့ကြသည်။ ပြောခဲ့ကြသူရှိသည်။ ပြောကြသူရှိသည်။ ပြောနေဆဲရှိသည်။ ပြောကြဦးမည့်သူရှိသည်။ သို့သော် ဘယ်မှာလဲ။ စာရေးဆရာများ သမိုင်းဆရာများ ပြောကသည်။ အတိတ်ကို သင်ယူပြီး အနာဂတ်ကို ပြုပြင်ပါ။ သို့သော် ဘယ်မှာလဲ။ မိမိနိုင်ငံ မိမိလူမျိုးကို ချစ်မြတ်နိုးပါ။ သို့သော် ဘယ်မှာလဲ။
ဂျေဂျူဝိုင်