ယှက်နွယ်မှု
အင်နာဂရမ်တွင် အမျိုးအစားတူသော သူနှစ်ဦး ပေါင်းစပ်မိခြင်းသည် တစ်ဦးနှင့်တစ်ဦး တူညီသော စွမ်းရည်များဖြင့် ထောက်ပံ့ပေးပြီးသား ဖြစ်သည်။ ဤနေရာတွင် သူတို့နှစ်ဦးအတွက် မျော်လင့်မထားသော ဖြစ်စဉ်မှာ တစ်ယောက်နှင့်တယောက် လိမ်လည်ပြီး ရင်းနှီးမှု ရအောင်လုပ်ခြင်းဖြစ်သည်။ Enneagram Level မြင့်သော နံပါတ် (၂) များဖြစ်ပါက တစ်ဦးအပေါ် တစ်ဦး အလွန်မြင့်မားသော နွေးထွေးမှုများ ချစ်ခင်မှုများ အာရုံစိုက်မှုများကို ပေးနိုင်စွမ်းကြသည်။ သူတို့၏ မိတ်ဖက်များ သူတို့နှင့် ဆက်နွယ်ဆံဆံရသူများ သူတို့၏ အိမ်ထောင်ဘက်များ၏ ကောင်းကျိုးကို အလွန်ရှေးရှုတတ်ကြသူများလည်း ဖြစ်ကြသည်။ သေချာတိကျ ကောင်းမွန်သော အင်အားများ စွမ်းရည်များကိုလည်း ဖြည့်စွက်ပေးကြသည်။ ဖြည့်စွက်ပေးလိုသည့် ဆန္ဒလည်း အပြည့်ရှိကြသည်။ သူတို့အတွဲတွင် မြင့်မားသည့် ဆက်သွယ်ဆက်ဆံရေးလည်း ရှိသလို တစ်ဦးအပေါ် တစ်ဦးလည်း အမြဲတမ်း ဂရုစိုက်ကြသည်။ သူတို့ ရင်တွင်းခံစားရသော ခံစားချက်များကို ပြောဆို ဆွေးနွေးကြရာတွင်လည်း ဘာပြဿနာမှ မရှိတတ်ပေ။ အလုပ်မသွားခင် ဖြစ်စေ၊ မျက်နှာ/ ကိုယ်အမူအရာအားဖြင့် မကောင်းလျင်ဖြစ်စေ တစ်ဦး၏ ကျန်းမာရေးကိုလည်း တစ်ဦးက အမြဲမေးမြန်းလေ့ ရှိသည်။ သူတို့ တတ်နိုင်သလောက် စွမ်းသလောက် သူတို့၏ မိတ်ဖက်အပေါ် ကူညီပေးရခြင်း ကြိုးစားပေးရခြင်း အတွက်လည်း အမြဲဝမ်းသာနှစ်သက်ကြသည်။ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သည့် စုံတွဲများဖြစ်ကြသည်။ သူတို့က အတွေးအခေါ်များ ကောင်းကြသည်။ လူတွေ၏ လိုအပ်ချက်များကို လေ့လာရာမှာ တော်ကြသည်။ ပေးကမ်းရာမှာ ရက်ရောသည်။ လူ့ကျင့်ဝတ်များကိုလည်း လေးစား လိုက်နာကြသည်။ သူတပါး၏ လွတ်လပ်မှုကိုလည်း အလေးထားသည်။ ဤအရာများအားလုံးကိုလည်း သူတို့ကိုယ်တိုင် သင်ယူ သိရှိထားကြသူများ ဖြစ်ကြသည်။ Enneagram Level မြင့်သော စုံတွဲများဖြစ်ပါက သူတို့၏ ကြီးမားကျယ်ပြန့်သော ချစ်ခြင်းကို ကောင်းမွန်စွာ ထုတ်ပြသနိုင်စွမ်းသည်။ တပါးသူကိုလည်း အဆင်ပြေချောမွေ့စေသည်။ သူတို့နှစ်ဦးထံမှနေ၍ သူတို့နှစ်ဦး၏ အစွမ်းကိုဖြစ်စေ တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကို ဖြစ်စေ ညီမျှနေအောင် ပြုလုပ်နိုင်စွမ်းသည်။
စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ တခြားတယောက်က သူတို့ကို လာပြီး ပျိုးထောင်ပေးတာမျိုးကို မကြိုက်တတ်ကြ။ တပါးသူကို ဘယ်လိုချစ်ရမလဲ ဘယ်လို ကူညီပေးရမလဲ အစရှိသည်တို့ကို သူတို့ကိုယ်တိုင် လေ့လာ သင်ယူရတာကိုပဲ သဘောကျကြသည်။ သူတို့အချင်းချင်း တစ်ဦး၏ ထောက်ပံ့ကူညီမှုကို တစ်ဦးက လက်ခံနားလည်ပေးနိုင်လျင် အလွန်ချစ်မြတ်နိုးဖွယ်ကောင်းသည့် ချစ်ခြင်းများကို ပိုင်ဆိုင်သည့် စုံတွဲဖြစ်လာနိုင်သည်။ ထိုအခါ ဟောသည်ကမ္ဘာကြီးပေါ်တွင်လည်း သူတို့မစွမ်းဆောင်နိုင်သော ကိစ္စရယ်လို့ မရှိ ဖြစ်လာနိုင်သည်။ သူတို့အချင်းချင်းအပေါ် သစ္စာရှိကြသည်။ သူတို့၏ တွဲဖက်သည် သူတို့အတွက်သာ ဖြစ်သည်ဟူသော အသိကြောင့် သူတို့လုံခြုံသည်ဟု ခံစားကြရသည်။ သူတို့နှစ်ယောက်အတွက် ပိုကောင်းသည်မှာ သူတို့၏ မိသားစုကို ပျိုးထောင်ရင်း နွေးထွေးသော နှလုံးသားမှ အချစ်များ ပိုမိုပေါက်ဖွားလာသောကြောင့် ဖြစ်သည်။ ကလေးများလေ အချစ်တွေ ပိုတိုးပွားလေ ချစ်ဖို့ကောင်းသော ကမ္ဘာကြီး ဖြစ်ပေါ်လာလေဆိုသည်မှာ သူတို့စုံတွဲဖြစ်သည်။ တယောက်အတွက် တယောက်ကြိုးစားရင်း မိသားစုတစ်ခု တည်ဆောက်ကြသည်။ သူတို့၏ အိမ်သည် လူတကာ လိုချင်ကြသည့် အိမ်ပုံစံလေး ဖြစ်နေတတ်သည်။
ဖြစ်နိုင်ချေ
ဤစုံတွဲသည် သူတို့နှင့် လက်ရှိအတူနေ ပေါင်းသင်းနေသည့် သူထက် အပြင်ဘက်မှ သူငယ်ချင်းများ အလုပ်အကိုင်မှ သူငယ်ချင်းများအပေါ် အာရုံစိုက်ပေးတာမျိုး လုပ်တတ်သည်။ ထိုအတွက်လည်း သူတို့တွင် အကြောင်းပြချက် ရှိပြီးသား ဖြစ်သည်။ မိမိ၏ တန်ဖိုးထားမှုများကို အမေးခံရမှာ ကြောက်သည်။ မိမိ၏ ဖြစ်တည်မှုကို အပြောခံရမှာ ကြောက်သည်။ တပါးသူ၏ ကောက်ချက်ချ အတည်ပြုမှုကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦးသည် အချင်းချင်း တိတ်တဆိတ် မနာလိုသည့် ခံစားမှုမျိုး ဝင်တတ်သည်။ တယောက်နဲ့ တယောက် ဘယ်သူက ပိုချစ်လဲဆိုပြီး တိတ်တဆိတ်ပြိုင်တတ်သည်။ တကယ့်တကယ် ဘယ်သူက ပိုဂရုစိုက်တတ်လဲ၊ ဘယ်သူ့က အကြံဉာဏ်ကောင်းတွေ ပိုထွက်လဲ၊ ဘယ်သူ့လုပ်ရပ်က ခရီးပိုရောက်လဲ စသဖြင့်လည်း ခိုးပြိုင်နေတတ်သည်။ ဤနှစ်ယောက်တွင် ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လူတွေ သူတို့ကို ရုပ်ပိုင်းဆိုင်ရာအရ တုန့်ပြန်နေသလား စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေတာလားကို သိတတ်ကြသူများ ဖြစ်သည်။ ဘယ်သူက လိင်ပိုင်းဆိုင်ရာအရ ပိုမိုဆွဲဆောင်မှု ကောင်းသည်ကိုလည်း သိတတ်ကြသူများဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားသော လိင်စိတ်ဖြင့် တပ်မက်ဖွယ်ကောင်းသော ပုံရိပ်များ ရှိကြသည်။ သို့သော်လည်း သူတို့အတွက်တော့ အဆင်ပြေတတ်ပါသည်။
အချို့သော နံပါတ် (၂) များသည် သူတို့ မကြိုက်မနှစ်သက်သည့် တချို့သောသူများကို တိုက်ရိုက်ဆန့်ကျင်လိုက်ပြီး မသိကျိုးကျွံပြုလုပ်လိုက်ခြင်း နည်းဖြင့် ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားအားထုတ်တတ်ကြသည်။ သူတို့သည် လေ့ကျင့်ခန်းမလုပ်တတ်။ ဝိတ်များကို မထိန်း။ အဝတ်အစားများကို ဖိုးသီဖတ်သီ ဝတ်စားတတ်သည်။ သူတို့ဝတ်စားပုံက သူတပါးအတွက် ဥပမာကောင်းဖြစ်မနေ။ သူတို့အတွက် စိတ်သာယာမှုများကို မည်သည့်နေရာတွင်မဆို ရှာဖွေတတ်သည်။ အဆင်မပြေချင်နေပါစေ တပါးသူနှင့် ရင်းနှီးမှုများကို အစားအသောက်ဖြင့် ရှာတတ်သည်။ အကယ်၍ ဤကိစ္စမျိုးကို ဆက်လုပ်လျင် သူတို့အချင်းချင်း ရုပ်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုများ လျော့နည်းလာတတ်သည်။ ရုပ်ပိုင်းဆိုင်ရာ အချင်းချင်း စိတ်ဝင်စားမှု နည်းလာရာမှ သူတို့၏ နှစ်ဦးသား ပေါင်းသင်းဆက်ဆံရေးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာတတ်သည်။ သူတို့၏ အဓိက ဆက်ဆံရေးမှာ ရုပ်ပိုင်းဆိုင်ရာ အရသာဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကင်းကွာမှုကြာလာလျင် ပြဿနာများ ကြားဝင်လာသည်။ စိတ်အရမ်းညစ်လာလျင် ဖြေသိမ့်သည့်အနေဖြင့် အစားအစာများကို ဇွတ်ဇက်စားတတ်သည်။ နံပါတ် (၂) စုံတွဲများသည် မိမိ၏ လက်တွဲဖော်နဲ့အတူ ထာဝရလက်တွဲမြဲလိုလျင် ကျမ်းမာကြံ့ခိုင်ရေးက အရေးကြီးပါသည်။ မကျန်းမာခြင်းက သူတို့ဇနီးမောင်နှံအတွက် တဖြည်းဖြည်းဆိုးရွားလာနိုင်သည့် အဓိကပြဿနာဖြစ်သည်။ သူတို့တယောက်နဲ့တယောက် အပြစ်တင်ပြီဆိုလျင်လည်း ကျန်းမာရေးနှင့် ပတ်သက်တတ်သည်။ သူတို့နှစ်ဦးလုံး ပြဿနာစည်းပေါ်တွင် နင်းမိထားပြီ ဆိုပါက တယောက်၏ အပြစ်ကို တယောက်က ထောင်ဖမ်းတတ်သည်။ ပွင့်ပွင့်လင်းလင်းလည်း မပြောဘဲ ထိုအပြစ်ကို သွားသွားထိုးဖွရင်း တယောက်နဲ့တယောက် အော့နှလုံးနာအောင် မုန်းလာတတ်သည်။ တယောက်နဲ့ တယောက် နေရင်ထိုင်ရင်း ရွဲ့တတ်ကြသည်။ အရွဲ့ခံရမှာကိုလည်း အချိန်တိုင်း စိုးရိမ်မကင်းဖြစ်နေရသည်။ ထိုနောက် သူလည်းသူ ကိုယ်လည်းကို အထီးကျန်စွာ သီးသန့်နေထိုင်လာတတ်ကြသည်။ အဆုံးတွင် သူတပါး၏ အပြစ်ကို ရှာရင်း ရှာရင်း စိတ်ကျဝေဒနာများ ခံစားသွားရနိုင်ပါသည်။