ယှက်နွယ်မှု
အင်နာဂရမ် (၂)နှင့်(၃) တို့သည် သူတို့၏ ခံစားချက်အတိုင်း နေထိုင်ကြသူများ ဖြစ်သည်။ သူတို့နှစ်ယောက်တွဲလိုက်သည့်အခါတွင် နံပါတ် (၃)မှာ လိုအပ်ချက် ရှိတတ်သည်။ သို့သော်လည်း အချစ်ကြောင့် သိပ်ပြီး အလေးမထားပေ။ နှစ်ဦးစလုံးက သူတို့အာရုံနှင့် သူတို့နေထိုင်ကြရာ ချစ်ကြသဖြင့် နံပါတ် (၂) ၏ ဖြစ်ချင်သည့် ဆန္ဒကို မေ့လိုက်တတ်ကြသည်။။ ထို့အတွက် သူတို့တွင် အကြောင်းပြချက်များ ရှိကြသည်။ သူတို့နှစ်ယောက်စလုံးသည် လူတွေကို အာရုံစိုက်ကြသည်။ သူတို့ ဓာတ်ကျရာတွင် ပို၍ ပျော်ရွှင်ကြသည်။ လုပ်ကိုင်ကြသည်။ ၎င်းတို့အတွဲသည် ပုဂ္ဂိုလ်ရေးအရ ဆွဲဆောင်မှု ရှိကြသည်။ အကျိုးရှိသော စုံတွဲလည်း ဖြစ်စေသည်။ တစ်ဦးချင်းစီဖြစ်စေ စုပေါင်း၍ဖြစ်စေ အကုန်အကျခံတတ်သည်။ ခင်မင်ဖော်ရွေသည်။ မြင့်မြတ်သော စိတ်ထားရှိသည်။ ဆွဲဆောင်မှုရှိသည်။ ရုပ်ပိုင်းဆိုင်ရာအရလည်း ချစ်ဖို့ကောင်းသည်။ သူတို့နှစ်ဦးစလုံးသည် လူတွေ သူတို့ကို အထင်ကြီးအောင် ပြုလုပ်တတ်သည်။ မည်သည့်ကိစ္စကိုမဆို အောင်မြင်အောင် မည်သို့လုပ်ရမည်ကို သိကြသည်။ နှစ်ဦးစလုံးတွင် အင်အားများရှိသည်။ ပုဂ္ဂိုလ်ရေးအရဖြစ်စေ လူမှုရေးအရဖြစ်စေ ကြီးပွားလိုစိတ် ရှိကြသည်။ ဆက်သွယ်ဆက်ဆံရေး ကောင်းကြသည်။ လူတွေအားလုံးက သူတို့ဂရုစိုက်မှုကို လိုလားနှစ်သက်ကြသည်။ သူတို့နှစ်ယောက်စလုံး လူတွေ သူတို့ကို အာရုံစိုက်အောင် မည်သို့လုပ်ရမည်ကို သိသည်။ အောင်မြင်မှု ပန်းတိုင်ဆီသို့ မည်သို့သွားရမည်ကို သိပြီး ထောက်လည်း ထောက်ပံ့ပေးတတ်သည်။ သူတို့သည် တခြားသော သူများနှင့် ဆက်ဆံရာတွင် ပုဂ္ဂိုလ်ရေးသီးသန့်ခွဲခြား၍ ဆက်ဆံတတ်သည်။ တစ်ဦးနှင့် တစ်ဦးအပေါ် တုန့်ပြန်မှု မတူတတ်ပေ။ သူတို့အချင်းချင်း တစ်ဦးနှင့် တစ်ဦးဆက်ဆံရာတွင် ဂရုဏာတရား အကြင်နာတရားဖြင့် စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ဆက်ဆံတတ်သည်။ သူတို့သည် ပြောင်းလွယ် ပြင်လွယ်သည့် သူများဖြစ်သည်။ ဆွဲဆောင်မှုလည်း ရှိကြသည်။ သူတို့နှစ်ဦး၏ ရှေ့အနာဂတ် လမ်းခရီး ဖြောင့်ဖြူးရေးအတွက်လည်း ရှင်းလင်းတိကျသော ရည်မှန်းချက်များ ချထားတတ်သည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦးချစ်ကြသည့် အချစ်အတွက် အမြဲဂုဏ်ယူကြသည်။ ထို့အတူ သူတို့ရင်းနှီးခွင့်ရသူများအပေါ်လည်း ဂုဏ်ယူကြသည်။
သူတို့နှစ်ဦးအတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို အသင်းအဖွဲ့အနေဖြင့် အလုပ်လုပ်တတ်ကြသည်။ နံပါတ် ၂ က တဦးဦးကို ပွဲထုတ်ပေးရသည်ကို သဘောကျသည်။ နံပါတ် ၃ က တစ်ဦးဦးက သူ့အား ပွဲထုတ်သည်ကို သဘောကျသည်။ နံပါတ် ၂ က လိုက်ကာနောက်ကွယ်က နေရသည်ကို သဘောကျနှစ်ခြိုက်သည်။ နံပါတ် ၃ ကရှေ့ထွက်၍ လူလုံးထွက်ပြရသည်ကို သဘောကျသည်။ ထို့ကြောင့် သူတို့စုံတွဲသည် စိန်နဲ့မြအလား တင့်တယ်လှပေသည်။ Enneagram Level မြင့်သော နံပါတ် (၃) ဖြစ်ပါက နံပါတ် (၂) ၏ ပေးကမ်းရာတွင် လက်ဖွာတတ်မှုကို အသိအမှတ်ပြုပေးသည်။ တခါခါ စီစဉ်ပင် စီစဉ်ပေးတတ်သေးသည်။
ပြေရလျင် ဤစုံတွဲ၏ ဥပဒေသ သဖွယ်ဖြစ်နေသော သူတို့ပုံစံမှာ လူမှုရေးတွင် ကျွမ်းကျင်ခြင်း၊ တက်ကြွနေခြင်း၊ ကျက်သရေမင်္ဂလာရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိခြင်း၊ အခြားသောသူတို့အား သူတို့နည်းကို လိုက်နာနိုင်စေရန်အတွက် ဦးဆောင်ကောင်းဖြစ်ခြင်းစသည့် အချက်များနှင့် ပြည့်စုံနေကြသည်။ သူတို့၏ အတွဲသည် ကျယ်ပြန့်သော လေးစားမှုကို ခံရသည့်အတွဲများ ဖြစ်ကြသည်။ သူတို့၏ လူမှုအသိုက်အဝန်းကလည်း သူတို့သည် လူမှုရေးအတွက် နတ်ဖန်ဆင်းထားသော စုံတွဲများအဖြစ် ထင်ပေါ်ကြသည်။ လူမှုရေးလောကမှ လူမှုရေးလုပ်သားများ စံထားရသည့် စုံတွဲအဖြစ် ထင်ရှားသည်။
ဖြစ်နိုင်ချေ
ဤစုံတွဲ၏ လူ့အသိုင်းအဝိုင်းအပေါ် လိုအပ်ချက် စသည်ကို သိမြင်တတ်သော စွမ်းအားသည် မိမိ၏ ပါတနာအပေါ်မဟုတ်ဘဲ မိမိအပေါ်ပြန်လည် သက်ရောက်မှုရှိတတ်သည်။ သို့မဟုတ်ပါကလည်း သူတို့အချင်းချင်းအပေါ်သာလျင် ပြန်ကြည့်တတ်သည့် သိမြင်မှုစွမ်းအားဖြစ်တတ်သည်။ နံပါတ် (၂) က နံပါတ် (၃) ၏ ထင်ပေါ်မှု အောင်မြင်မှုစသည့် ပိုင်ဆိုင်မှုများအပေါ် မနာလိုဖြစ်တတ်သည်။ “မင်းကို ငါပြုစုပျိုးထောင်ခဲ့တာ၊ မင်း ငါ့ကျေးဇူး သိတတ်ရမယ်” ဆိုသည့် အပြောမျိုး အပြုအမူမျိုး ပြုလုပ်တတ်သည်။ တခါခါ သူတို့ကို အသိအမှတ်မပြုဘူးဟု ခံစားရသောကြောင့်လည်း ဖြစ်သည်။ သူတို့က ဒုတိယနေရာကပဲ နေပေးရသည်ကို မြင်လာတတ်သည်။ နံပါတ် (၂) က အသိအမှတ်ပြုခံချင်သည်။ သူတို့ လုပ်ပေးလိုက်သည်ကို ကျေးဇူးတင်စေချင်သည်။ သူတို့က မရှိမဖြစ်လိုအပ်သည်ဆိုသည့် ခံစားချက်မျိုးဖြင့် သူတို့အား ပြောဆို ဆက်ဆံစေချင်သည်။ နံပါတ် (၃) ဖြစ်သူကလည်း သူတို့ ထင်ပေါ်အောင်မြင်လာမှုအတွက် သူတို့ကို လူအများက အသိအမှတ်ပြုနေခြင်းအတွက် တယောက်ယောက်ကို ကျေးဇူးတင်စကားပြောဖို့ အလွန့်အလွန် ဝန်လေးကြသူများ ဖြစ်သည်။ နံပါတ် (၃) များက နံပါတ် (၂) ကို ‘နည်းနည်းကလေးလုပ်ပေးရတာနဲ့ အကုန်လုံး သူလုပ်ပေးရတာကျနေတာပဲ ငါ့ဘာသာငါလည်း ကြိုးစားခဲ့ရတာပဲ’ဟု တွေးလာသည်။ ‘သူလုပ်ပေးရတာဆိုပြီး ဂုဏ်ယူလွန်းတယ်။ ဒါ ငါ့ကို လူလယ်ခေါင်မှာ အရှက်ခွဲတာပဲ’ စသဖြင့် တွေးလိုက်တတ်သည်။
ထို့နောက် နံပါတ် (၂) ဖြစ်သူက နံပါတ် (၃) ဖြစ်သူ ယုံကြည်မှု ပျက်ပြားစေရန် မလျော်သောနည်းဖြင့် လုပ်တတ်သည်။ အဘယ်ကြောင့်ဆိုသော နံပါတ် (၃) ဖြစ်သော သူ သို့မဟုတ် သူမသည် နံပါတ် (၂) မရှိလျင် မဖြစ်ဆိုသော ခံစားချက်ကို ခံစားစေချင်သောကြောင့်ဖြစ်သည်။ ထိုအခါ နံပါတ် (၃) က ခပ်ခွာခွာနေလိုက်ပြီး အဝေးမှ စနစ်ကျကျ အခြေခံကျကျဖြင့် မြန်မြန်ဆန်ဆန် ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်သည်။ ထိုအခါ တဦးအပေါ်တဦး အပြစ်ရှာခြင်း သံသရာတွင် လည်ရင်း စိုးရိမ်စရာအနေအထားသို့ မလွဲဧကန်ရောက်သွားတတ်သည်။
ပြဿနာတစ်စိတ်တပိုင်းဖြစ်လာသော အချက်မှာ သူတို့နှစ်ဦးစလုံးက သူတို့၏ အားနည်းချက်နဲ့ တပါးသူ၏ တန်ဖိုးကို ဖော်ပြရမှာ ရှက်ကြသောကြောင့် ဖြစ်သည်။ သူတို့ အလုပ်လုပ်ကြသောအခါ သူတို့နှစ်ဦးသည် တစ်ဦးနှင့် တစ်ဦးမရှိမဖြစ်လိုအပ်နေသော်ငြား အားနည်းချက်ကိုယ်စီ ရှိကြသော်ငြား သူတို့ သိကြပေမင့် ဝန်မခံချင်ကြသောကြောင့် ဖြစ်သည်။ ထို့ပြင် နံပါတ် (၂) ကြောင့် ဖြစ်စေ နံပါတ် (၃) ကြောင့်ဖြစ်စေ ပဋိပက္ခမြင့်တက်ရသည့်အခြေခံအကြောင်းမှာ သူတို့အတွက်သာ သူတို့ပြန်ကြည့်လိုက်ကြခြင်းဖြစ်သည်။ သူတို့သည် တူညီသည့် လမ်းကြောင်းအတိုင်း သွားနေသည်ဟု ယူဆရသည်။ အောင်မြင်သထက် အောင်မြင်ဖို့၊ လူမှုရေးလုပ်ငန်းများတွင် သူတို့ အသိအမှတ်ပြုခံရဖို့ဟု ထင်ရသော်လည်း တကယ်တမ်း သူတို့သွားနေကြသည့် လမ်းကြောင်းမှာ ပြဒါးတလမ်း သံတလမ်း ရှားစောင်းစေးနှင့် မျက်ချေးဖြစ်သည်။ နံပါတ် (၂) များက နံပါတ် (၃) ကို အလုပ်ကြိုးစားသည်၊ အိမ်မှုကိစ္စအဝဝအတွက် စိတ်ချရသည်၊ အားကိုးထိုက်သည်၊ အတူတကွနေထိုင်လိုက်ခြင်းဖြင့် မိမိတန်ဖိုး ပိုမြင့်သွားမည်ဟု လုံးဝတွေးထင် ယုံကြည်ထားသည်။ နောက်ပိုင်း နံပါတ် (၃) အား အောင်မြင်မှုနောက်ကိုသာ အာရုံထားပြီး ‘ဘဝ၏တန်ဖိုး၊ မိမိက ဘာလဲဆိုသည့် ဘဝအဓိပ္ပါယ်’ စသည်ကို အလေးမထားသူဟု မြင်လာသည်။ တဖန် နံပါတ် (၃) ဖြစ်သူကလည်း အချိန်ဖြုန်းသည် လိုအပ်ချက်တွေများသည် စသဖြင့် သူ့ကို ချုပ်သည်ဆိုသည့် အတွေးမျိုးတွေးနေတတ်သည်။ ကိုယ်ရေးကိုယ်တာကိစ္စ ဝင်စွက်သည်။ နောက် မိမိဘာကို ခံစားရမည်ဆိုသည့် ခံစားချက်ကို ထိန်းချုပ်ခံရသည်အထိ ခံစားလာရသည်။ အလုပ်ကြိုးစားတာကိုပင် အပြစ်ဟု အမြင်ခံရသည်။ ဘာပဲလုပ်လုပ် ကိုယ်အတွက်လုပ်နေသည်ဟု စွပ်စွဲတာမျိုး ခံစားလာရသည်။
ရင်းနှီးမှုများ လျှော့လာခြင်း ကတောက်ကဆ ခဏခဏ ဖြစ်လာခြင်း အထင်အမြင်သေးလာခြင်း ရန်လိုခြင်း စသည်တို့ကြောင့် သူတို့၏ ဂုဏ်ယူဖွယ်ကောင်းလှသော အချစ်ရေးကိစ္စကို မေးခွန်းထုတ်စရာဖြစ်လာတတ်သည်။ မိမိခံစားချက်အတိုင်းသာ နေထိုင်ကြရန် တိုက်တွန်းပါသည်။