ယှက်နွယ်မှု
အင်နာဂရမ်တွင် နံပါတ် (၂) နှင့် နံပါတ် (၉) တို့သည် တုန့်ပြန်မှုများနှင့် သူတို့၏ နယ်ပယ်သည် အတော်များများ တူညီကြသည်။ နှစ်ဦးစလုံး သူတပါးအား ကြင်နာပေးတတ်သည့်အချက်က တူညီသည်။ တပါးသူ ကောင်းဖို့အတွက် ကြိုးစားကြသည့်အပေါ်လည်း စိတ်ဝင်စားမှုချင်း တူကြသည်။ သူတို့ လုပ်ချင်သည့်အလုပ်များ လုပ်နေရပြီဆိုလျင် သိပ်ပြီး သဘောခွေ့နေကြသူများ ပို၍ အားအင်ပြည့်နေသူများ ဖြစ်ကြသည်။ နှစ်ယောက်စလုံး အကောင်းမြင်စိတ်များ ရှိကြသည်။ စိတ်ပျက်စရာများ ကြုံလာခဲ့လျင်ပင် သူတို့ကိုယ်သူတို့ အကောင်းဆုံးသော နည်းလမ်းဖြင့် တတ်နိုင်သမျှ အကောင်းမြင်နိုင်အောင် ကြိုးပမ်းကြသူများ ဖြစ်သည်။ သူတို့ စုံတွဲသည် ပြောစမှတ်တွင်လောက်အောင်လည်း နွေးထွေးမှုများ ကြင်နာမှုများကို ပေးတတ်သည်။ သူတို့၏ ရည်မွန်လှသော အပြုအမူများကလည်း တစ်ဦးအပေါ် တစ်ဦးအားဖြည့်ပေးနေသလို ဖြစ်နေသည်။ သူတို့နှစ်ဦးတွင် ပြေပြစ်ချောမွေ့သော ဆက်ဆံရေးများ ရှိသည်။ ဧည့်ဝတ်ကျေပွန်မှု ထောက်ထားညှာတာတတ်မှု ကြည်ရွှင်တတ်မှုတို့ အပြည့်ရှိသည်။ ထိုအပြုအမူများက သူတို့ မိတ်ဆွေ အပေါင်းအသင်းများအား ကူးစက်ပြီး သူတို့၏ အိမ်တွင်လည်း ဧည့်တို့ဖြင့် ပြည့်နေတတ်သည်။ နံပါတ် (၂) က ပွဲလမ်းသဘင်စသည့် လူစုလူဝေးရှိသည့်နေရာများတွင် သူတို့ကို သူတို့ စတင်မိတ်ဆက်ရသည်ကို သဘောကျကြသည်။ သို့မဟုတ် တပါးသူကို ကူညီလိုက်ရတာမျိုးကို သဘောကျကြသည်။ အချို့အချို့သော လူတို့၏ ပြဿနာလို ကိစ္စမျိုးကို ဖြေရှင်းပေးလိုက်ရသည်ကို သဘောကျကြသည်။ နံပါတ် (၂) သည် ဤကဲ့သို့ဖြင့် သူတို့အတွဲကို လူ့အဖွဲ့အစည်းသို့ အသိပေးတတ်သည်။ ပြီးတော့ ထိုမှလည်း အင်အားများ ပြန်ယူတတ်သည်။ နံပါတ် (၂) သည် သူတို့၏ အပေးအယူမျှလှသော ဆက်ဆံရေးကို ဂုဏ်ယူလေ့ရှိသည်။ သူတို့အိမ် သူတို့မိသားစု သူတို့သူငယ်ချင်းစသည်တို့ကို သူတို့သိသမျှသူအား ဝေမျှပေးရသည်ကို အလွန်သဘောကျသည်။ နံပါတ် (၂) သည် အားအင်များကို သူတို့၏ အတွဲပုံစံကို ကြွားသည့်နည်းဖြင့် ယူတတ်သည်။ သူတို့က နံပါတ် (၉) ထက်လည်း စကားကို အလွန်ပြောသူ ဖြစ်သည်။ တပါးသူအကြောင်းကိုလည်း စိတ်ဝင်စားလွန်းသည်။ သူတို့ဘယ်လိုလုပ်ကိုင်လဲ ဘယ်လိုနေထိုင်လဲ စသည့်အထိ တပါးသူ၏ ကိုယ်ရေးကိုယ်တာထဲကို ဝင်ပါဖို့လည်း တော်တော်စိတ်အားထက်သန်ကြသူများ ဖြစ်ကြသည်။
တဖက်တွင် နံပါတ် (၉) များက အေးအေးလူလူနေသည့်သူများ ဖြစ်ပြန်သည်။ တည်ငြိမ်သည့် အမူအရာလည်း ရှိသည်။ သူတို့ကြောင့် ဘယ်သူမှ ဘာမှ မရှုပ်ထွေးစေချင်။ သူတို့ကြောင့် လူတွေ စိတ်မရှုပ်စေလို။ ပြဿနာမဖြစ်စေလို။ နံပါတ် (၂) ဖြစ်သူက သူတို့၏ ဆက်ဆံရေးကို စိတ်ပျက်လာခဲ့လျင်ပင် သို့မဟုတ် သူတို့၏ အချစ်ရေးကို သံသယဝင်လာလျင်ပင် နံပါတ် (၉) တို့က စိတ်ကို လျှော့ပေးတတ်သည်။ ပြီးတော့ နံပါတ် (၂) ဆိုးသမျှကို လက်ခံပေးသည်။ ထို့နောက် နံပါတ် (၂) ဖြစ်ချင်သမျှကို အလိုလိုက်တတ်သည်။ သူတို့နှစ်ယောက်လုံးက တယောက်စိတ်ပြေလျှော့ဖို့ တယောက်က လိုက်လျောပေးတတ်သည့် သူများဖြစ်ကြသည်။ သူတို့၏ အိမ်ကို ခုံမင်သည့်စိတ် နွေးထွေးသည့်နှလုံးသား တိရစ္ဆာန်များကို ချစ်တတ်သည့်စိတ်ထားတို့က သူတို့ဘဝကို လွှမ်းမိုးထားသည်။ သူတို့သည် သူတို့အချင်းချင်း အဆင်ပြေဖို့ဖြစ်စေ တပါးသူကောင်းဖို့ ဖြစ်စေ ထောက်ထား စာနာပေးတတ်ကြသော နှလုံးသား အပြည့်ရှိကြသည်။ ၎င်းတို့၏ အကောင်းဆုံးသော ဆက်ဆံရေးမှာ နှုတ်ဖြင့်မဟုတ်။ ရုပ်ပိုင်းဆိုင်ရာဖြင့် ဖြစ်သည်။ သူတို့၏ ရိုးရှင်းလှသည့် လူနေမှု ပုံစံကြောင့်ဖြစ်သည်။ သူတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် တပါးသူအတွက် ရှိနေပေးတတ်သောကြောင့် ဖြစ်သည်။ တပါးသူနှင့် နီးကပ်စွာ ကိုယ်လက်နှီးနှော နေထိုင်ခြင်းဖြင့်လည်း တပါးသူနှင့် ဆက်ဆံရေးကို တိုးတက်စေသည်။ သူတို့သည် အလွန်ထူးကဲသည့် စုံတွဲများဖြစ်ကြသည်။ သူတို့သည် သူတို့ဝန်းကျင်တွင် ရက်ရောတတ်သော ကြင်နာတတ်သော ဧည့်ဝတ်ကျေပွန်သော တပါးသူကို အလေးထား ဆက်ဆံပေးတတ်သော စုံတွဲအဖြစ် အမည်ကျော်သည်။ သူတို့ကြောင့်လည်း သူတို့ပတ်ဝန်းကျင်က စိတ်ချမ်းမြေ့ရသည်။
ဖြစ်နိုင်ချေ
နံပါတ် (၂) နှင့် နံပါတ် (၉) တို့သည် သူတို့လုပ်ပိုင်ခွင့် ရပိုင်ခွင့်များကို သူတပါးကို ပေးလိုက်တတ်သည်။ သူတို့အစီအစဉ်ကို မေ့၍ တပါးသူ၏ အစီအစဉ်ဖြင့် သွားတတ်သည်။ သူတို့ မိသားစုဝင်တွင် သို့မဟုတ် သူတို့အသိုင်းအဝိုင်းတွင် တယောက်ယောက်က ဦးဆောင်သူ ဖြစ်လိုပါက ထိုသူအား ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်တတ်သည်။ သို့မဟုတ် သူ၏ သဘောထားကို ခွင့်ပြုပေးလိုက်တတ်ကြသူများ ဖြစ်ကြသည်။ ဤအပြုအမူသည် သူတို့နှစ်ဦးအတွက် အလွန်ဆန့်ကျင်နေသည့် အပြုအမူဖြစ်သည်။ သို့ငြားလည်း သူတို့က လိုအပ်သည်ထင်ပါက ခွင့်ပြုပေးလိုက်တတ်သူများ ဖြစ်ကြသည်။ ဤကဲ့သို့ စေ့စပ်ဆွေးနွေးမှု အာဏာများနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို တပါးသူအား ပေးလိုက်ခြင်းက သူတို့အတွက် စိတ်ဖိစီးမှုကို ဖြစ်စေတတ်ပြန်ပါသည်။ သူတို့ မိသားစုအတွင်း အသိုင်းအဝိုင်းအတွင်း လူဆိုးကို စာရင်းသွင်းမိလေပြီဆိုပြီး ဆိုးဆိုးဝါးဝါး ခံစားနေရတတ်သည်။ ထိုအချင်းအရာမှ သူတို့၏ ချစ်ခြင်းမေတ္တာများ လျော့ပါးသွားတတ်သည်။ ခင်မင်မှုများ ပျက်ပြယ်သွားတတ်သည်။
ထို့အပြင် ဤအချက်ကြောင့် ခံစားရသော ခံစားချက်များကို အလွယ်တကူ ထုတ်ပြောလာတတ်ကြသည်။ သူတို့အချင်းချင်းကြား မမျှတသော အနေအထားကြောင့် အချိတ်အဆက်ပြတ်တောက်မှုကို ထုတ်ပြောတတ်ကြသည်။ ဒေါသဖြင့် ပြဿနာများကို ဖန်တီးလိုက်တတ်သည်။ နံပါတ် (၂) ဖြစ်သူက ထိန်းချုပ်မှုများ အာဏာများကို အလွန်အကျူး သုံးလာတတ်သည်။ နံပါတ် (၉) မခံနိုင်သော စကားများကို ချင့်ချိန်တွက်ဆမနေဘဲ ပြောလာတတ်သည်။ သို့ငြားလည်း ဤကဲ့သို့ ပြုမူလိုက်ခြင်းက နံပါတ် (၂) အတွက် သူတို့၏ ချစ်ခြင်းအတွက် ကောင်းမွန်သည့် နည်းလမ်းဟု ယူဆသည်။ ထို့မှ သူတို့ထံတွင် အပြစ်မရှိဟု ခံစားရသောကြောင့် ဖြစ်သည်။
နံပါတ် (၉) များက သူတို့၏ အတွင်းပိုင်းတွင် လာသော အသံဖြင့် သူတို့ကို သူတို့ ပြန်ပြောပြီး အခက်အခဲကို ရှာတတ်ပြန်သည်။ သို့သော် နံပါတ် (၉) တို့ တကယ်တကယ် အပြင်သို့ ထုတ်ပြောပြီ ဆိုပါက နံပါတ် (၂) က ကျေးဇူး မတင်သည့်အပြင် ထိုစကားကို ချက်ကျလက်ကျပြန်ပြောတတ်သည်။ နံပါတ် (၂) တို့က တပါးသူအား ပြန်လည်ဝေဖန်ရာတွင် သိပ်မဆင်မချောတတ်ပေ။ နံပါတ် (၉) တို့ တကယ်ပြောပြီဆိုပါက နံပါတ် (၂) မှာ ဒေါသထွက်နေရုံမှအပ မကျေမနပ်ဖြစ်နေရုံမှအပ ချေပစရာ မရှိပြန်ပေ။ နံပါတ် (၉) က ဘာမှ မပြောတော့ဘဲ နောက်ဆုတ်ပေးလိုက်ပါကလည်း နံပါတ် (၂) က ဒေါသပုန်ထတတ်ပြန်သည်။ နံပါတ် (၂) သည် အသိအမှတ်မပြုဘဲနေခြင်း နားလည်မှုအလွဲလိုက်နေခြင်းနှင့် အကောင်းပြောလည်း ဆန့်ကျင်၍ နေခြင်းများ ပြုလုပ်တတ်သည်။ နှစ်ယောက်စလုံး နဂိုကတည်းက နားအေးပါးအေးနေသင့်နေကြသည်။ သူတို့နှစ်ဦးအကြား အေးခဲမှု စတင်ဝင်ရောက်လာခြင်းမှာ နှစ်ဦးသား ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အထိအတွေ့နည်းသောကြောင့် ဖြစ်ပါသည်။ သူတို့က အပြန်အလှန်စွပ်စွဲချက်များ ပြုလုပ်တတ်သောကြောင့် တဦးနှင့်တဦး ပိုဝေးသွားတတ်ကြသည်။ သူတို့နှစ်ဦးသည် အလွန်စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အထင်လွဲမှုများဖြင့် အဆုံးသတ်သွားတတ်လေ့ရှိကြသည်။ မည်သူတစ်ဦးတယောက်မျ တကယ့်အဖြစ်မှန်ကို မဖွင့်ဟကြ။ သူတို့၏ ဆက်ဆံရေး ပျက်ယွင်းလာသည်ကို တဦးတယောက်မျ တာဝန်ယူမှု မရှိကြ။ သို့ဖြင့် အလွယ်တကူပင် လမ်းခွဲသွားတတ်ကြသည်။ သူတို့နှစ်ဦး ဆက်ဆံရေး တည်မြဲလိုလျင် သူတို့နှစ်ဦးမှလွှဲ၍ အခြားသူကို အခွင့်အာဏာပေးခြင်းမျိုးမလုပ်ရသကဲ့သို့ တစ်ခုခုဆိုလျင် ပွင့်ပွင့်လင်းလင်းပြောသင့်ပါသည်။