ယှက်နွယ်မှု
အင်နာဂရမ်အမျိုးအစား တူသူချင်းနှစ်ဦး အတူပေါင်းစပ်နေထိုင်ခြင်းသည် အချင်းချင်းတူညီသည့် စွမ်းရည်များဖြင့် တဦးကို တဦးထောက်ပံ့ထားပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်အတွက် အတူတွဲလက်ညီ နေထိုင်ခဲ့ပါက တဦးနှင့်တဦး မုသားထောင်ချောက်တွင်း ကျရောက်ခဲ့ကြသူများ ဖြစ်ကြပါလိမ့်မည်။ အကယ်၍ သူတို့သည် အဆင့်မြင့်မြင့် အင်နာဂရမ်ပိုင်ရှင်များဖြစ်ပါက ဤအချက်ကို သူတို့နှစ်ဦးစလုံးက ဤအချက်ကို သိထားနှင့်ပြီးသားသူများ ဖြစ်ကြသည်။ ထိုအခါ တဦးတယောက်အတွက် အဆင်ပြေချောမွေ့သော အောင်မြင်မှုများကို တဦးမှ ဖန်တီးပေးနိုင်မည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကလည်း သူတို့အခွင့်အရေးအတွက် သူတို့ ဖော်ဆောင်ပြီးသား ဖြစ်နေလိမ့်မည်။ ဤအချက်ကပင် သူတို့၏ ဆက်နွယ်ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေသည့် အချက်ဖြစ်ပါသည်။ နှစ်ဦးစလုံး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်တတ်ကြသူများ ဖြစ်သည်။ သူတို့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း အစဉ်အမြဲ ရှာဖွေနေတတ်ကြသူများ ဖြစ်သည်။ သူတို့ရှာဖွေသည့် တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းများကို တွေ့ပြီဆိုပါကလည်း သူတို့အချစ်ခင်ဆုံး တယောက်ကိုဖြစ်ဖြစ် သူတို့အခင်ဆုံး သူငယ်ချင်းကိုဖြစ်ဖြစ် ပြောဆိုဖွင့်ဟတတ်သည်။ နံပါတ် ၃ အင်နာဂရမ်သမားများသည် လူမှုဆက်ဆံရေး ကောင်းကြသူများပီပီ အပေါင်းအသင်းများကိုလည်း ခုံမင်ကြသည်။ သူတို့ကိုယ်နှိုက်ကလည်း နှစ်လိုဖွယ်ကောင်းသော စွမ်းရည်များ ပိုင်ဆိုင်ကြသည်။ သူတို့ကို ဘယ်အချိန်ကြည့်ကြည့် တောက်ပကြည်လင်စွာ နေထိုင်ကြသူများ ဖြစ်သဖြင့် အိမ်ထောင်ဘက်ဖြစ်စေ သူငယ်ချင်းဖြစ်စေ သူတို့အပြုအမူအောက်မှာ ကျရှုံးလေ့ ရှိကြသည်။ အချို့သော နံပါတ် ၃ များက လူမှုဆက်ဆံရေး ညံ့တတ်သည်။ သူတို့က သူတို့၏ စီးပွားရေးကိုသာ အာရုံစိုက်နေတတ်ကြသလို ငွေရေးကြေးရေးအပေါ်သာ အာရုံရောက်နေတတ်သည်။ သို့ငြားလည်း သူတို့နံပါတ် ၃ နှစ်ဦးစလုံးတို့၏ အချင်းချင်း ဆက်ဆံရေးကတော့ တပါးသူ အတုယူရလောက်အောင်ပင် ထူးခြားဆန်းပြားနေတတ်သည်။ သူတို့သည် မည်သူ့ကို ရင်းနှီးအောင် မည်ကဲ့သို့ ဆည်းကပ်ရမည် ဆိုသည်ကို ကောင်းကောင်း သိတတ်ကြသေးသည်။ ဤအချက်ကလည်း သူတို့၏ နှစ်ဦးသား ဆက်ဆံရေးကို ပိုမိုခိုင်မာစေလေ့ ရှိသည်။
နံပါတ် ၃ နှစ်ဦးစလုံး၏ နေထိုင်မှုက အလွန်စည်းလုံးပြီး ထိုမှ မည်သည့် အလုပ်ကိုမဆို အများအားကျလောက်အောင် ကြိုးစားလုပ်ကိုင်နိုင်ကြသူများ ဖြစ်သည်။ သူတို့သည် အိမ်မှာ ဖြစ်စေ ရုံးမှာ ဖြစ်စေ မည်သည့် အလုပ်ကိုမဆို ညှိနှိုင်းဆောင်ရွက်စွမ်းသည်။ တဦး၏ အလုပ်ကို တဦး လုပ်ပေးခြင်းဖြင့် အချင်းချင်း အထောက်အပံ့ကိုလည်း ရရှိလာကြသည်။ သူတို့နှစ်ဦးစလုံး အများက သူတို့အား ဂုဏ်ယူဝင့်ကြွားစွာ လေးစားစေလိုသည့် အနေအထားတွင် ရှိသည်။ ထို့အတွက်လည်း သူတို့က ထိုက်တန်အောင် အလုပ်ကို လုပ်တတ်ကြသည်။ သူတို့သည် စိတ်ကူးယဉ်ဆန်သော ချစ်ကြိုက်ကွဲငြား ပုံစံမျိုးကို မလိုလားတတ်ကြ။ တဦး၏ လုပ်ဆောင်ချက်များကို တဦးက စိတ်ဝင်စားကာ ထိုလုပ်ဆောင်ချက်များ အကောင်အထည်ပေါ်လာရန်လည်း ကူညီတတ်ကြသည်။ သူတို့နှစ်ဦးစလုံးက တပါးသူ စိတ်ဓာတ်တက်ကြွလာအောင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်းသည်။ တပါးသူ အမြင့်ဆုံး အောင်မြင်မှုရအောင် တိုက်တွန်းတတ်သည်။ သူတို့ ပန်းတိုင်ကို သူတို့ ပိုမို၍ စိတ်ဝင်တစား ရှိလာအောင် ပြောပေးတတ်သည်။ ကလေးပြုစုပျိုးထောင်ပုံ၊ ပညာသင်ပုံ၊ ကိုယ်လက်အသုံးပြုပုံ စသည်ကမှအစ အတွင်းကျကျလည်း ပြောပေးတတ်သည်။ သူတို့က တပါးသူအတွက် နည်းပြကောင်းများ ဖြစ်ကြသည်။ သူတို့၏ လုပ်ဖော်ကိုင်ဖက်များအား လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်အောင်အောင် ကိုယ်ရည်ကိုယ်သွေးတက်အောင် ကူညီပေးတတ်ကြသည်။ ထိုကဲ့သို့ ကူညီရာတွင် တပါးသူအား ပြောပုံဆိုပုံက အမိန့်မဆန်ဘဲ တလေးတစားနှင့် ပြောတတ်သည်။ အောင်မြင်မှု ရလိုလျင် ကြိုးစားသင့်ကြောင်း စသဖြင့် အကြောင်းသင့် အကျိုးသင့် ပြောတတ်သည်။ ထို့ကြောင့် သူတို့စုံတွဲသည် လူပုံအလယ်တွင် ဆွဲဆောင်မှုရှိသော တက်ကြွသော ကြိုးစားလိုစိတ်ပြည့်သော လူမှုရေးအတွက် အကောင်းဆုံးသော စံပြစုံတွဲအဖြစ် တည်ရှိလေ့ ရှိသည်။
ဖြစ်နိုင်ချေ
အဆင့်မြင့်သည့် နံပါတ် သုံး အင်နာဂရမ်ပိုင်ရှင်များသည် မိမိ၏ တွဲဖက်များ စိတ်ဝင်တစားရှိသည့် အသက်မွေးဝမ်းကြောင်းများကို ကူညီဖြည့်ဆည်းပေးရာတွင် ကျွမ်းကျင်ကြသည်။ သူတို့၏ အိမ်ထောင်ဖက် အောင်မြင်မှု တပါးသူ၏ အောင်မြင်မှုကို ကြည့်ကာ သူတို့ကြိုးစားမှု
ထောက်ပံ့အားပေးမှုအပေါ် သူတို့ ဝမ်းသာကြသည်။ ပြဿနာက သူတို့ အားပေးကူညီသလောက် တဖက်သူက အလုပ်ကို မလုပ်ခြင်းဖြစ်သည်။ ထို့အခါ တပါးသူနှင့် နှိုင်းယှဉ်၍ ပြောဆိုတတ်ကြခြင်းဖြစ်သည်။ အဆင့်အားဖြင့်နိမ့်သော အင်နာဂရမ်ပိုင်ရှင်များဖြစ်ပါက ပြိုင်ဆိုင်လိုစိတ် ရှိကာ သူပျင်းလျင် ငါပျင်းမည် ဆိုသည့်အနေအထားမျိုးတွင် ရှိတတ်သည်။ တဦးက တခြားသူအား အကြံပေးလိုက်လျင် ငါ့ကျ မပေးဘူးစသဖြင့် မာနခံကာ စိတ်ထိခိုက်တာမျိုးဖြစ်ဖြစ် ပြိုင်ချင်တာဖြစ်ဖြစ် ဖြစ်သွားတတ်သည်။ များသောအားဖြင့် သူတို့၏ သက်မွေးဝမ်းကြောင်းက ကွဲပြားနေတတ်သည်။ ထိုအခါ သူတို့၏ အောင်မြင်မှုက တိုင်းတာပြတတ်သည်။ သူတို့ ဝင်ငွေ ဘယ်လောက်ရှိသည်ဟု ထုတ်ပြောတတ်သည်။ တဖက်သား၏ လုပ်ရည်ကိုင်ရည်ကိုလည်း စောင့်ကြည့်တတ်ကြသည်။ ထို့အတူ သူတို့အခွင့်အလမ်းမည်ကဲ့သို့ ရှိမည်နည်းကိုလည်း ချောင်းနေတတ်ကြသည်။ အကယ်၍ သူတို့နှစ်ယောက်တွင် တယောက်ယောက်က ရာထူးတိုးလျင်လည်းကောင်း ဝင်ငွေကောင်းလာလျင်လည်းကောင်း ရပ်ကွက်အတွင်း အရေးပေးခံရလျင်လည်းကောင်း မိမိ၏ အိမ်ထောင်ဖက်ကို ဖိနှိပ်ပြောဆိုတတ်သည်။
သူတို့၏ အသက်မွေးကြောင်းကြောင့်ဖြစ်စေ သူတို့ကျွမ်းကျင်သည့် အလုပ်ကြောင့်ဖြစ်စေ သူတို့အောင်မြင်မှုကြောင့်ဖြစ်စေ သူတို့နှစ်ဦးတွင် တဦးဦးကသော်လည်းကောင်း နှစ်ဦးစလုံးကသော်လည်းကောင်း ဒါတွေက သူတို့၏ ဆက်ဆံရေးကို ဖျက်ဆီးနေသည်ဆိုသည် ဟူသော ခံစားချက်မျိုးကို ခံစားတတ်ကြသည်။ ထို့အတူ တယောက်ယောက်က အောင်မြင်၍ ဝင်ငွေကောင်းနေလျင် ထိုသူက အပင်ပန်းခံ ရှာထားသမျှ ပိုက်ဆံတွေကို မိမိအိမ်ထောင်ဖက်ကို အလကားသက်သက် ပေးနေရသည်ဟုလည်း ထင်တတ်ကြပြန်သည်။ နံပါတ် ၃ သမားများက သူတို့ကျွမ်းကျင်သည့် အရာများဖြစ်သည့် အလုပ်အကိုင် သို့မဟုတ် တစ်ခုခုပေါ် အာရုံစိုက်ကာ အင်အားထည့်ပြီဆိုလျင်သော်လည်းကောင်း လမ်းပေါ် ရုံးတွင် အချိန်ဖြုန်းလာလျင်လည်းကောင်း တဖက်က အိမ်ထောင်ဖက်ကလည်း လျစ်လျူရှုထားမည် ဖြစ်သည်။ ထိုအခါ သူတို့အိမ်တွင်ရှိသည့် သားသမီးများ တိရစ္ဆာန်များနှင့် သူတို့မိသားစုဝင်များ မိတ်ဆွေများက ပိုမိုနာကျင်ရတတ်သည်။ နံပါတ် ၃ စုံတွဲတို့၏ အထူးသဖြင့် အကြီးမားဆုံးသော အချက်မှာ သူတို့၏ ခံစားချက် အစစ် သို့မဟုတ် သူတို့ ရင်ထဲ တကယ်ရှိနေသော ဆန္ဒဖြစ်သည်။ သို့သော် သူတို့၏ အတွင်းပိုင်းတွင်ရှိသော အနက်ရှိုင်းဆုံးသော ခံစားချက်များ ဆန္ဒများကို မည်ကဲ့သို့ ဖော်ပြရမှန်း မသိခြင်းဖြစ်သည်။ များသောအားဖြင့် သူတို့ ရှုပ်ထွေးစွာ ခံစားရလေ့ရှိသော ကိစ္စမှာ သူတို့လုပ်နေကျ အလုပ်မှ ဖြစ်ပေါ်လာသည့် ပြဿနာများကို မရှင်းနိုင်ခြင်းဖြစ်သည်။ ဤအချက်က သူတို့အတွက် ရှက်စရာ ကောင်းသည်ဟု သူတို့ အပြည့်အဝ ခံယူသည်။ ထိုအခါ သူတို့နှစ်ဦးသား၏ ဆက်ဆံရေးက မဆီမဆိုင်ပင် ခပ်ဖယ်ဖယ်ဖြစ်လာတတ်သည်။ သူတို့ထံတွင် ချစ်သက်လယ်အထိမ်းအမှတ်များ ရှိတတ်ပါသည်။ သို့သော်လည်း ထိုအချက်များကို သူတို့ ဘယ်လိုမှ ပြန်လည်၍ မတူးဖော်နိုင်ကြပေ။ နောက်ဆုံးတွင် သူတို့၏ အတွဲသည် အထီးကျန်ခြင်း တယောက်နှင့် တယောက် ရှောင်ဖယ်ဖယ်နေကြခြင်း ဖိအားများလာခြင်းတို့ကြောင့် အိမ်ထောင်သက် အဆုံးသတ်သွားတတ်သည်။ သူတို့အတွဲသည် သူတို့၏ ချစ်သက်လယ် အမှတ်တရများကို မကြာခဏ ဖော်ထုတ်သင့်ခြင်း တယောက်၏ခံစားချက်ကို တယောက်အား ပြောပြတတ်အောင် ကြိုးစားခြင်းနှင့် တူညီသော အလုပ်အကိုင်ကို လုပ်ကိုင်သင့်ကြခြင်းတို့ ပြုလုပ်သင့်ပါသည်။