အတူယှဉ်တွဲနေထိုင်မှု
နံပါတ်တစ်နှင့် နံပါတ်နှစ်စုံတွဲတို့သည် ၎င်းတို့၏ အရည်အချင်းများကိုယ်စီဖြင့် တစ်ဦးကိုတစ်ဦး အလိုအလျောက် ထောက်ပံ့စေပြီးသားဖြစ်၍ ပြီးပြည့်စုံသော စုံတွဲဟုဆိုလျှင် မမှားပေ။ ၎င်းတို့နှစ်ဦး အတူရှိနေခြင်းက တယောက်က လိုအပ်နေသည့် အလုပ်များကို တယောက်က ဖြည့်တင်းလုပ်ကိုင်ပေးရင်း လုပ်သင့်သည့်အရာများကို ကိုယ်စီလုပ်ကိုင်ကြသဖြင့် အောင်မြင်သည့် စုံတွဲဖြစ်ကြသည်။ သူတို့စုံတွဲသည် ကျောင်းတွင် ဆရာလုပ်ရင်းလည်းကောင်း၊ ဝန်ကြီးဌာနများတွင် လုပ်ရင်းလည်းကောင်း၊ ကျန်းမာရေးစင်တာတွင် အလုပ်လုပ်ကြရင်းလည်းကောင်း သို့မဟုတ် ဌာနတစ်ခုခုတွင် စေတနာဝန်ထမ်းလုပ်ကြရင်းလည်းကောင်း တွေ့တတ်ကြသည်။ ထိုသို့မတွေ့ခဲ့ပါကလည်း နောက်ပိုင်းထိုအလုပ်များကို ပူးတွဲလုပ်ကိုင်တတ်ကြသည်။ ဤစုံတွဲများသည် သူတို့နှင့် မကျွမ်းဝင်သည့်အလုပ် သူတို့နဲ့ လားလားမှ မဆိုင်သည့်အလုပ်များကိုလည်း သေချာအာရုံစိုက်က လုပ်ပေးတတ်သည်။ ထိုသို့လုပ်ရာတွင်လည်း သူတို့က ကျွမ်းကျင်သည့် ပညာရှင်များထက်ပင် သူတို့က ပိုတော်တတ်ကြသည်။ သူတို့၏ ဆက်ဆံရေးက ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံရလွယ်ကူသည့်အထဲတွင် ပါသည်။ လွတ်လွတ်လပ်လပ်လည်း ရှိသည်။ သူတို့နဲ့ ဆက်ဆံရသည့် ပုဂ္ဂိုလ်အလိုက် မည်သို့ ပြောဆိုရမည် မည်သို့ဆက်ဆံရမည်ကို သိသည့်သူများလည်း ဖြစ်သည်။ ဤအချင်းအရာကိုယ်နှိုက်ကိုက သူတို့၏ ထူးခြားပြောင်မြောက်သော စွမ်းရည်တမျိုးဖြစ်သည်။ သူတို့က လူတကာ၏ စံပြပုဂ္ဂိုလ်များအဖြစ် နေထိုင်သည်။ လောကထုံးတမ်း၊ လူမှုကျင့်ဝတ်များနဲ့အညီလည်း နေထိုင်သည်။ သူတို့နှင့် ယှက်နွယ်ဆက်စပ်သည့် လူများကိုလည်း ထိုကဲ့သို့နေထိုင်ရန် တိုက်တွန်းတတ်သည်။ သူတို့နှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်များ ဆွေမျိုးအသိုင်းအဝိုင်းများအပေါ် မြဲမြံခိုင်ခံသော ရင်းနှီးမှုဖြင့် တန်ဖိုးထားဆက်ဆံသည်။ တလေးတစားလည်း ရှိသည်။
သူတို့နှစ်ဦးပေါင်းစပ်လိုက်ခြင်းသည် လောကတွင် စံထားစရာ စုံတွဲတစ်တွဲပေါ်ပေါက်လာခြင်းနဲ့တူသည်။ သူတို့နှစ်ယောက်ကလည်း တစ်ယောက်မရှိလျင်ကို မဖြစ်သည့် စွယ်တော်ရွက်လို နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သည့် စုံတွဲများဖြစ်သည်။ ထိုတွင် နံပါတ် ၂ သမားက ပြုစုပေးလိုခြင်း ခံစားချက်ကို ဝေမျှလိုခြင်းရှိတတ်သည်။ နံပါတ် ၁ ကတော့ လွယ်လွယ်နဲ့ သိပ်လက်မခံတတ်။ နံပါတ် ၁ က နားအေးပါးအေး နေချင်တတ်သည်။ သို့သော်လည်း နံပါတ် ၁ က ရိုးသားသည်။ ဖြောင့်မတ်သည်။ တာဝန်ယူမှုအပြည့်ရှိသည်။ အပြောနဲ့ အလုပ်ညီသည်။ ထို့ကြောင့် သူတို့၏ စုံတွဲသည် တည်ငြိမ်သော စုံတွဲ၊ ယုံကြည်လောက်သော စုံတွဲဖြစ်နေတတ်သည်။ နံပါတ် ၁ သမားက အမှားတွေ ကျူးလွန်တတ်သည်။ ထိုအခါ နံပါတ် ၂ က မြည်တွန်တောက်တီးတတ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်က တယောက်ကို တယောက် မစွန့်ခွာကြပေ။ ထို့အတူ နံပါတ် ၂ ၏ စိုးရိမ်ပူပန်မှုက နံပါတ် ၁ ၏ ရင်ကို နွေးထွေးစေသည်။ ပြီးလျင် နံပါတ် ၂ ဟိုစည်းကမ်း ဒီစည်းကမ်းတွေထုတ်က ဟိုမျှော်လင့်ချက် ဒီမျှော်လင့်ချက်တွေ ပေးတတ်ပြန်သည်။ အလုပ်လုပ်ရတာ ခက်ခဲမှန်း သူတို့သည်။ ငွေရှာရတာ မလွယ်မှန်း သူတို့သိသည်။ ဘဝက ကြမ်းတမ်းသည်ကို သူတို့လက်ခံသည်။ သို့သော်လည်း သူတို့ တတ်စွမ်းသမျှ လှူဒါန်းမှုများကို ရက်ရောစွာ ပြုလုပ်တတ်သည်။ နံပါတ် ၂ က နံပါတ် ၁ ထက်အဆင်ပြေပြေ နေတတ်သည်။ နွေးနွေးထွေးထွေး ရှိသည်။ ထို့အပြင် နံပါတ် ၁ ၏ လိုအပ်ချက်များကိုလည်း ကြိုတင်ပြင်ဆင် ပြုလုပ်ထားပေးတတ်သည်။ ထိုကဲ့သို့ လုပ်ပေးရခြင်းအတွက်လည်း နံပါတ် ၂ သမားက ကျေနပ်သည်။ ဝမ်းသာသည်။
ဖြစ်နိုင်ချေ
တယောက်၏လိုအပ်ချက်ကို တယောက်တွေးပူနေတတ်သည်။ ထိုအခါ သူတို့၏ ကိုယ်ပိုင် လိုအပ်ချက်များကို မေ့သွားတတ်ပြီး တယောက်အပေါ် တယောက် အပြစ်မြင်လွယ်သွားတတ်သည်။ နံပါတ် ၁ က ဘဝဆိုတာ အဓိပ္ပါယ်အပြည့်နဲ့ အရေးပါလှသည့် အရာဖြစ်သည်ဟု တွေးသည်။ တကယ့်တိုက်ပွဲဖြစ်သလို အမြဲတမ်းလည်း ရင်ဆိုင်တိုက်ခိုက်ရေသည်။ ထို့ကြောင့် မိမိဘယ်မှာ အားနည်းနေလည်း အမြဲစစ်ဆေးကာ စွမ်းရည်ကို အမြဲမြင့်နေဖို့လိုအပ်သည်ဟု တွေးသည်။ နံပါတ် ၂ သမားက လူတိုင်းမှာ သူတို့ဘဝနဲ့ သူတို့ရှိသည်။ ထို့ကြောင့် သူများဘဝကို အလေးထား ဂရုစိုက်ဖို့လိုသည်။ မိမိလိုအပ်ချက်ကို လုပ်ကိုင်ဖြည့်ဆည်းနေသည့်တိုင် တပါးသူ၏ ဘဝများကိုလည်း ဖြည့်ဆင်းပေးသင့်သည် ဟုတွေးသည်။ လူ့ဘဝရောက်လာရခြင်းသည် သူတပါးအကျိုးဆောင်ဖို့ ဖြစ်သည်။ နံပါတ် ၂ သမားများသည် သူတို့ကိုယ်သူတို့ သူတပါး၏ ဆန္ဒဖြည့်ပေးဖို့ စိတ်အမြဲရောက်ကာ ဘဝတစ်ခုလုံးကိုလည်း အများအတွက် ပုံအပ်ထားတတ်သည်။ ဤအခြင်းအရာကြောင့် သူတို့နှစ်ယောက်၏ ရင်တွင်း ခံစားချက်များကို တယောက်နဲ့တယောက် ရင်ဖွင့်ဖို့ ခက်သွားတတ်ကြသည်။ ထိုအခါ သူတို့နှစ်ယောက် ဘာကြောင့် ဘယ်လိုကြောင့် ပေါင်းစပ်မိသွားတာလဲ ဆိုပြီး အဖြေရှာလာတတ်ကြသည်။ သူတို့၏ ဆန္ဒတွေက သူတို့ဘဝ၏ အခက်အခဲကို ဖြစ်ပေါ်စေသည်။ ဤကဲ့သို့ဖြစ်လာပါက သူတို့၏ ဆက်ဆံရေးမှာ အလွန်အေးစက်သွားပြီး ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်သည်။ သူတို့၏ တယောက်ဆန္ဒကို တယောက် ရင်မဖွင့်တော့ခြင်း နားမထောင်ပေးတော့ခြင်းတို့ဖြင့် သူတို့ တွေးထင်မထားသည့် အခြေအနေသို့ ရောက်သွားတတ်သည်။ ထိုအခါ သူတို့နှစ်ယောက်သည် တယောက်နဲ့ တယောက်မကျေနပ်ကြတော့။ ပျော်ရွှင်မှုလည်း ဆိတ်သုဉ်းသွားသည်။ အကယ်၍ စကားပြောဖြစ်ပါကလည်း သူတို့၏အတ္တဖြင့် တဖက်သားကို တားဆီးပိတ်ပင်မှုမျိုးဖြင့်သာ ပြောတတ်ကြတော့သည်။
နံပါတ် ၁ သမားများ စပြီး စိတ်ပျက်လာရခြင်းအကြောင်းမှာ နံပါတ် ၂ သမားများသည် သူတပါးအတွက် ကြည့်လွန်းသည်။ သူများအတွက် အချိန်ဖြုန်းသည်။ ဒါတွေက ပုံမှန်လုပ်ရိုးလုပ်စဉ်ထက် ပိုကို ပိုသည်ဟု ထင်ပြီး စိတ်ပျက်တတ်သည်။ နံပါတ် ၂ သမားပြန်တော့ နံပါတ် ၁ ကို “နေရာတကာ သူ့အတွက် လုပ်ပေးနေရအောင် ငါက သူ့အစေခံလား” ဟုတွေးသည်။ အိမ်အတွက်ချည်း လုပ်နေရလျင် ပရဟိတ အလုပ်တွေ ဘယ်လုပ်ဖြစ်တော့မလဲဟု တွေးတတ်သည်။
တဖက်တွင်လည်း နံပါတ် ၂ သမားက နံပါတ် ၁ သမားကို လူမှုရေး မရှိလိုက်တာဟု တွေးသည်။ လူမှုရေး ခေါင်းပါးသူ ဂရုဏာတရားမရှိသူ ကိုယ်ချင်းစာတရားမရှိသူဟု တွေးသည်။ ထို့နောက် နံပါတ် ၁ သမားတို့၏ အတွေးအခေါ်များကို စိတ်ပျက်သွားတတ်သည်။ နံပါတ် ၂ သမားတွေးသည်က လူဆိုတာ လူသားဆန်သင့်သည်။ လူသားတွေအပေါ် ဂရုဏာတရား ထားရှိသင့်သည်ဟု တွေးသည်။
နံပါတ် ၁ သမားပြန်တော့ နံပါတ် ၂ သမား၏ မပွင့်လင်းမှုများ၊ ပြောသင့်ပါလျက်သားနဲ့ မပြောသည်များကို သက်တောင့်သက်သာ မရှိလှ။ နံပါတ် ၁ သမားက နံပါတ် ၂ ကို စိတ်ဆိုးလျင်လည်း ဆိုးပြလိုက်စေချင်သည်။ သူ့ကို အရွဲ့တိုက်ပါစေ အရွဲ့တိုက်ပစ်စေချင်သည်။ သို့သော် နံပါတ် ၂ သမားက တုတ်တုတ်မျှ မလှုပ်သဖြင့် သူအားမရ။ အဆင်မပြေလှ။
သူတို့နှစ်ယောက် ဤကဲ့သို့ ဖြစ်လာပါက ချော်ရည်ဖြင့် တဖြည်းဖြည်းဆူပွက်လာသည့် မီးတောင်နဲ့တူသည်။ သူတို့ စကားပြောလိုက်သည်နှင့် အမြင်မတူမှုကနေ စကာ အငြင်းပွားမှုသာ ဖြစ်နေလိမ့်မည်။ သူတို့နှစ်ယောက်သည် တယောက်အပြစ်ကို တယောက် ပွင့်ပွင့်လင်းလင်း ပြောဖို့လိုသည်။ တယောက်၏ အခက်အခဲကို တယောက် နားထောင်ပြီး နက်နက်နဲနဲ တွေးပေးဖို့လိုသည်။ ထို့နောက် သူတို့တွဲခဲ့သည့်ကာလတစ်ခုကိုလည်း ပြန်၍ ငဲ့ကြည့်သင့်ပါသည်။