အတူယှဉ်တွဲခြင်း
အင်နာဂရမ်အရ နံပါတ် ၁ သမားနဲ့ နံပါတ် ၃ သမားတို့ပေါင်းစပ်ခြင်းသည် သင့်တော်သော စုံတွဲဖြစ်သည်။ အလေးအနက်ရှိကြသည်။ ထို့အတူ အားလုံး စံထားရသော စုံတွဲများလည်းဖြစ်ကြသည်။ မြဲမြံတည်တံ့သော စီးပွားရေး၊ အများအားထားရသော လုပ်ငန်းများလည်း ပိုင်ဆိုင်ကြသည်။ သူတို့နှစ်ယောက်သည် စီးပွားဘက်အဖြစ် စပ်တူလုပ်ငန်းများအဖြစ် တွဲလုပ်ကြလျင်လည်း မည်ကဲ့သို့လုပ်ရမည်ကို သိကာ အလုပ်ကိုလည်း တစိုက်မတ်မတ်ကြိုးစားကြသူများ ဖြစ်သည်။ တစ်ယောက်ချင်းသော်လည်းကောင်း အစုအဖွဲ့နဲ့သော်လည်းကောင်း သူတို့သည် သူတို့ သတ်မှတ်ထားသည့် စံ,ပေတံတို့နဲ့သာ တိုင်းတာတတ်သည်။ သူတို့မျှော်လင့်ချက်အတိုင်းသာ သူတို့လုပ်ကိုင်ကြသည်။ သူတို့အကျိုးရှိမည့် အလုပ်ကိုသာ သူတို့လုပ်သည်။ ထို့အတွက်လည်း သူတို့စည်းကမ်းနဲ့ သူတို့နေထိုင်သည်။ အလုပ်တွင် ကောင်းသော အလေ့အကျင့်များဖြင့် အလုပ်လုပ်သည်။ သူတို့၏ စွမ်းရည်များကိုလည်း ကောင်းမွန်သော ပန်းတိုင်အတွက် အကောင်းဆုံး လုပ်ရင်းဖြင့်သာ အသုံးချသည်။ သူတို့နှစ်ဦးသည် အလုပ်ကို အတူတူကြိုးစားလုပ်ကိုင်ကြသဖြင့် မကြာခဏ အောင်မြင်မှု ရရှိလေ့ရှိသည်။ သူတို့ဝန်းကျင်မှ လူအများကိုလည်း တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဦးဆောင်လုပ်ကိုင်တတ်သဖြင့် အများ၏ ကြည်ညိုလေးစားမှုကို ခံရသူများဖြစ်သည်။ နံပါတ် ၁ နဲ့ နံပါတ် ၃ ၏ ပေါင်းစပ်မှုသည် အံ့ဖွယ်အတိပြီးသော စုံတွဲကို ဖြစ်စေသည်။ မြင့်မားသော စွမ်းရည်များလည်း ရှိလာကြသည်။ သူတို့နှစ်ဦးကြောင့် သူတို့၏ လုပ်ရပ်များကြောင့် အများက အလွန်အမင်းအထင်ကြီးမှုကို ခံရသည့် စုံတွဲများဖြစ်သည်။ စွမ်းရည်များ ဉာဏ်ပညာများလည်း ပြည့်ဝကြသဖြင့် အလျောက်ပတ်ဆုံး စုံတွဲဆိုလျင်လည်း မမှားပေ။ သူတို့နှစ်ယောက်ကလည်း အကောင်းဆုံး ဆိုသည့်အတွက်သာ ကြိုးစားကြသည်။ အများက ဝိုင်း၍ အသိအမှတ်ပြုရလောက်သည့် အတွဲများလည်းဖြစ်ကြသည်။ တခါခါ သူတို့လုပ်သည့် အလုပ်က တစ်ခုပင် ဖြစ်လင့်ကစား သူတို့ ကြံ့ခိုင်သော ယုံကြည်မှု သူတို့၏ ပင်ကိုယ်စွမ်းရည်တို့ကြောင့် နှစ်ခု သုံးခုအောင်မြင်သွားတတ်သည်။ သူတို့၏ လုပ်ရပ်ကြောင့် သူတို့အသိုင်းအဝိုင်းကလည်း ဂုဏ်တက်ရလေ့ ရှိသည်။ သူတို့၏ မိသားစု သူတို့၏ မိတ်ဆွေအပေါင်းအသင်းများကိုလည်း သူတို့က ကြည့်ရှုစောင့်ရှောက်ပေးတတ်သည်။ သူတို့က သူတပါးကို လှုံ့ဆော်ပြောဆိုရခြင်းတွင်လည်း စိတ်ပါလက်ပါ ရှိတတ်သည်။ အစီအစဉ်ကောင်းများလည်း ချပေးတတ်သည်။ မည်သူက မည်ကဲ့သို့ စွမ်းရည်ရှိသည် မည်သူ့ကို မည်သို့အလုပ်ကို လုပ်ခိုင်းလျင် ပိုအဆင်ပြေသည် စသဖြင့် သူတပါး၏ စွမ်းရည်နဲ့ လုပ်ကိုင်နိုင်မှုတို့ကိုလည်း ကောင်းကောင်းခွဲခြားသိသည်။ သူတို့နှစ်ယောက်သည် တယောက်အပေါ် တယောက်လည်း လေးစားသမှု ရှိကြသည်။ တယောက်အပေါ် တယောက်လည်း ကောင်းကောင်း နားလည်ကြသည်။
သူတို့နှစ်ယောက် ပေါင်းမိပြီဆိုသည်နှင့် ပန်းတိုင်တစ်ခုသာ ရှိသည်။ သူတို့သည် တစ်နှင့်တစ်အတွဲ သုံးနှင့်သုံးအတွဲတို့ကဲ့သို့ ရည်ရွယ်ချက်များ တူညီကြသည်။ သူတို့ကို စာတင်ရလျင် မျက်ကန်းတစ္ဆေမကြောက် အတွဲဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော သူတို့၏ စွမ်းရည်များက ပေါင်းစည်းသွားခြင်းကြောင့် ဖြစ်သည်။ သူတို့၏ နဂိုရှိပြီးသား စံနမူနာထားထိုက်သော စွမ်းရည်များ သူတို့၏ လုပ်ရည်ကိုင်ရည်များ ပေါင်းမိသွားခြင်းကြောင့်လည်းပါသည်။ သူတို့နှစ်ဦးသည် အကြောင်းအရာ တစ်ခုအပေါ် ပြေပြေလည်လည်ညှိနှိုင်းတတ်သည်။ ကတောက်ကဆဖြစ်စရာများမှအစ တရားစွဲဆိုနိုင်သည့် ကိစ္စရပ်များထိ သူတို့က အေးအေးဆေးဆေးဖြေရှင်းနိုင်သည်။ အထူးသဖြင့် နံပါတ် ၁ က နံပါတ် ၃ ကိုအခြေခံကျကျ လက်တွေ့ကျကျ ရှင်းပြတတ်သည်။ နံပါတ် ၃ ကျပြန်တော့ နံပါတ် ၁ ပြောသမျှတွင် မည်သည့်အချက်က လိုအပ်သည် မည်သည့်အချက်က မပြည့်စုံသေး စသဖြင့် ဖြည့်စွက် ပေးတတ်သည်။ သူတို့သည် သူတို့အကျိုးစီးပွားအတွက်ဆိုလျင် မဆုတ်မနစ်သော ဇွဲလုံ့လရှိသူများ ဖြစ်ကြသည်။ ဤကမ္ဘာပေါ်တွင် သူတို့အတွဲကြောင့် ထူးခြားသော ကိစ္စရပ်များ၊ အံ့ဖွယ်ကိစ္စရပ်များနှင့် အကျိုးရှိသော ကိစ္စရပ်များ ကျန်နေခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ဟုပင် ဆိုရနိုင်သည်။
ဖြစ်နိုင်ချေ
အကယ်၍ ဤအတွဲ ပြဿနာတက်ပြီဆိုလျင် ပေးထားသော ကတိအတိုင်း မလုပ်မိ၍ ဖြစ်လိမ့်မည်။ ထိုသို့မဟုတ်ပါက တယောက်နဲ့ တယောက် စိတ်ပျက်စေသော အပြုအမူများကြောင့် ဖြစ်မည်။ သို့မဟုတ် ပြိုင်ဆိုင်မှု အဆင့်သို့ရောက်သွား၍ ဖြစ်နိုင်ပါသည်။ နံပါတ် ၁ က နံပါတ် ၃ ကို အလုပ်စွဲလန်းသည့် ရောဂါ (အလုပ်ကို အလွန်အကျွံလုပ်နေခြင်း)ဖြင့် အပြစ်ဆိုမိတတ်သည်။ အာဏာရှင်ဆန်ဆန် ဆက်ဆံတတ်သည်။ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်သည်ထက် ပိုချမှတ်ပြီး သူတို့ပုံရိပ် မထိခိုက်ဖို့အရေး ဖိအားပေး ပြောဆိုတတ်သည်။ နံပါတ် ၁ က နံပါတ် ၃ ကို လူမှုရေးရှုထောင့်မှ ကျော်၍ မလုပ်သင့်သည်များကို လုပ်နေသည်ဟု မြင်တတ်သည်။ ပုံကြီးချဲ့သည်ဟု မြင်တတ်သည်။ အောင်မြင်မှုနောက် လိုက်လွန်းသဖြင့် အမှန်တရားနဲ့ ဝေးနေသည်ဟု ထင်တတ်သည်။ နံပါတ် ၃ အား သူ့ပန်းတိုင်ကို ရည်ရွယ်ချက်ရှိရှိ အာဏာဖြင့် ပြောင်းလဲခိုင်းမည်ဆိုပါကလည်းကောင်း နံပါတ် ၃ ၏ လက်ရှိလုပ်နေသော အလုပ်၏ ရလဒ်ကို ပြောင်းလဲပေးဖို့ဆိုလျင်လည်းကောင်း သို့မဟုတ် အကျိုးလုံးဝ မရှိဟု ထင်လျင်လည်းကောင်း နံပါတ် ၁ ဖြစ်သူမှ ပြင်းပြင်းထန်ထန် အကြိတ်အနှယ် ဆွေးနွေး ပေးသင့်ပါသည်။ ထိုအခါ နံပါတ် ၁ အတွက်လည်း နံပါတ် ၃ မှာ မေးခွန်းတွေ ရှိသည်။ လူမှုရေး ကျင့်ဝတ်ဆိုသည့် အရာများက ဘယ်အရာတွေနည်း။ ဒါတွေက ပင်ကိုယ်သဘာဝအတိုင်း ရှိပြီးသား သူတို့၏ အမူအကျင့်တွေ မဟုတ်ဘူးလား။ သူတို့နှစ်ယောက် ချစ်ကြိုက်လာခဲ့တာ သို့မဟုတ် အတူနေလာခဲ့ကြတာတွေက တယောက်အကြောင်း တယောက် သိနားလည်ခဲ့ကြလို့ မဟုတ်ဘူးလား စသော မေးခွန်းများဖြစ်သည်။
ထိုအခါ နံပါတ် ၃ ကလည်း နံပါတ် ၁ ကို မြင်လာသည်။ နံပါတ် ၁ သည် သူတို့ကျင်လည်ခဲ့သည့် အဝန်းအဝိုင်းမှ အယူအဆများဖြင့် တပါးသူအပေါ် ကောက်ချက်ချတတ်သည်။ သူတို့အယူအဆဖြင့် တပါးသူကို တင်းကြပ်လွန်းသည်။ ထို့နောက် နံပါတ် ၃ ၏ လူမှုရေးတန်ဖိုးထားမှုနဲ့ နံပါတ် ၁ ၏ နဂိုမူလ စွမ်းရည်များ ပေါ်ထွက်လာပြီး သူတို့နှစ်ဦး ဇာတ်သိမ်းသွားနိုင်သည်။ နံပါတ် ၃ က နံပါတ် ၁ ကို လူမှုရေး ခေါင်းပါးသည်၊ အမြင်ကျဉ်းသည်၊ ရှေ့ရရှိလာမည့် ရလဒ်အပေါ် အသေးစိတ်ထွက်ချက်လွန်းသည်ဟု မြင်တတ်သည်။ နံပါတ် ၃ က နံပါတ် ၁ ၏ အပြုအမူများ သဘောထားများကို နားလည်သည်အထိ လေ့လာသုံးသပ်ဖို့ လိုသည်။ ကျေနပ်သည်အထိ ရှင်းပြစေဖို့ လိုသည်။ နံပါတ် ၃ က ချီးမွှမ်းသည်ကို ကြိုက်သည်။ ဖိအားများ မရချင်။ သို့သော် နံပါတ် ၁ ကလည်း ထိုကိစ္စမျိုးကို သိပ်လုပ်ချင်တတ်သူများ မဟုတ်။ သူတို့အတွဲသည် တယောက်မဟုတ် တယောက်က လျှော့ကို လျှော့ပေးရမည့် အတွဲများဖြစ်သည်။ နံပါတ် ၃ များက နံပါတ် ၁ အား သူ့ကို ဝေဖန်ခြင်းဖြင့် စိတ်ပျက်အောင် လုပ်နေသည်၊ သို့မဟုတ် အချိန်ဖြုန်းနေသည်ဟု မြင်တတ်သည်။ နောက်ဆုံးတွင် နံပါတ် ၃ က နံပါတ် ၁ ကိုစရှောင်တော့သည်။ နံပါတ် ၁ ကို စွန့်ခွာဖို့ အစပျိုးတတ်သည်။ ပြီးတော့ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်နေတတ်သည်။ နှစ်ဦးသား အချင်းချင်း မလေးစားကြတော့။ နံပါတ် ၁ နံပါတ် ၃ ၏ ရိုးသားမှုအပေါ် မခန့်၊ မလေးစား။ နံပါတ် ၃ က နံပါတ် ၁ လုပ်ရပ်၏ ရလဒ်များအပေါ် မခန့်၊ မလေးစား။ ကြာလာပါက တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်း စော်ကားလာတတ်သည်။
ထို့ကြောင့် သူတို့နှစ်ယောက် လက်တွဲ ခိုင်မြဲလိုလျင် သူတို့နှစ်ယောက်၏ ဆက်နွယ်မှုသည် အကျိုးအလွန်ရှိသော ဆက်နွယ်မှုဆိုသည်ကို သူတို့အမြဲသတိထားနေရမည်။ တယောက်နဲ့တယောက် နစ်နစ်ကာကာ မစွဲလန်းကြပဲ မချစ်ခင်ကြဘဲနဲ့ အိမ်ထောင်တစ်ခု ဖြစ်မလာဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်။ သူတို့သည် ပညာတတ်များလည်း ဖြစ်ကြသည်။ သူတို့ နှစ်ဦး သင့်မြတ်ခဲ့စဉ်က ရရှိခဲ့သော အောင်မြင်မှုအကြောင်းများလည်း ပြန်လည်ပြောဆိုသင့်သည်။ ထို့ကြောင့် သူတို့၏ ပညာဖြင့် သူတို့၏ ဘဝရှေ့ခရီးကို ပညာများဖြင့်သာ အသုံးချ၍ ဆက်သွားသင့်ပါသည်။