ယှက်နွယ်မှု
ဤစုံတွဲက စွမ်းရည်ကို နှစ်ထပ်ဖြစ်စေသည်။ တစ်ဦးနဲ့ တစ်ဦးလည်း တူညီသော စွမ်းရည်ဖြင့် ထောက်ပံ့ပေးနိုင်သည်။ သူတို့နှစ်ယောက် အတူနေပြီဆိုပါက တယောက်နဲ့ တယောက် မုသားထောင်ချောက်ဆင်ခဲ့ပြီးမှသာ နီးစပ်ခဲ့ကြခြင်းဖြစ်ပါမည်။ သူတို့နှစ်ယောက်သည် တရားမျှတမှု၊ ယုံကြည်မှု၊ ညှိနှိုင်းမှု၊ အချိန်ဇယား၊ ရှေ့နောက်ညီမှု၊ အခြားသူတို့၏ တလေးတစား ဆက်ဆံမှု၊ ဂုဏ်သိက္ခာတို့အပေါ် အမြဲ စိတ်ပူနေရတတ်သည်။ အလုပ်အကိုင်များတွင် သူတို့က တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိသည်။ ဤကဲ့သို့ လုပ်ရမှလည်း ဤစုံတွဲက ကျေနပ်မှုရသည်။ အားလပ်ပြီဆိုသည်နဲ့ ပျော်ပွဲတစ်ခုခု လုပ်တတ်သည်။ တနေရာရာကို အလည်အပတ်သွားတတ်သည်။ တစ်ခုခု လုပ်စားရမှ ကျေနပ်တတ်သည်။ မဟုတ်ပါက ပြည့်စုံပြီးသားအရာများကို ထပ်ပြည့်စုံအောင်ဆိုပြီး ထပ်လုပ်နေတတ်သည်။ သူတို့နှစ်ယောက်သည် လူငယ်ဘဝကျော်မှ လက်ထပ်တတ်ကြသဖြင့် အရာရာ တတ်သိသူများ ဖြစ်သည်။ အရည်အချင်းလည်း တကယ်ပြည့်မီကြပါသည်။ သူတို့ ရင်ဆိုင်ကြုံတွေ့ရသည့် ဘဝပြဿနာများကို ကြောင်းကျိုးဆင်ခြင်မှုအပြည့်နဲ့ ဖြေရှင်းနိုင်သည်။
သူတို့အချင်းချင်းဖြစ်စေ သူငယ်ချင်းအားဖြစ်စေ သူတို့မိသားစုဝင်များအားဖြစ်စေ သူတို့ပြောလေ့ ရှိတာက အလုပ်လုပ်လျင် ရည်ရွယ်ချက်ရှိရှိလုပ်၊ ကိုယ်လုပ်တဲ့ အလုပ်အပေါ် တာဝန်ယူမှုအပြည့်ရှိပါစေ ဆိုသည့်စကားများ ဖြစ်သည်။ သစ္စာရှိရှိလုပ်၊ တရားမျှတမှုရှိအောင်လုပ်ဆိုတာမျိုးလည်း ပါသည်။ ထို့အတူ မည်သူက မည်သို့ စွမ်းရည်ရှိသည်ကို သူတို့သိကြသည်။ သူတို့ချင်းချင်းဖြစ်စေ သူတို့သူငယ်ချင်းကို ဖြစ်စေ၊ သူတို့မိသားစုကို ဖြစ်စေ သူတို့ ဆန္ဒရှိသည့်အတိုင်း ရှင်းလင်းတိကျပြတ်သားစွာ ဖန်တီးထားတတ်သည်။ ရှင်းရှင်းလင်းလင်းလည်း ခံစားသည်။ သူတို့၏ အပြင်ပန်းကိုကြည့်လိုက်သည်နှင့်ပင် သူတို့၏ သဘောထားအားလုံးကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ဤစုံတွဲသည် သူတို့ လေးစားအားကျသည့် အခြားသော သူတို့၏ စံထားသည့် ပုဂ္ဂိုလ်ပုံစံကို တစ်ထပ်တည်းကျအောင် ဖန်တီးကာ နေထိုင်တတ်သည်။ ဤစုံတွဲသည် လက်တွေ့အလွန်ကျသည့် စုံတွဲများဖြစ်သည်။ ခိုင်မာသည့် သက်သေသာဓကများနဲ့မှသာလျင် ပြောဆိုတတ်သည်။ သူတို့ပြောသည့် စကားများတွင် မှတ်လောက် သားလောက်သည့် အချက်အလက်များ အမြဲပါဝင်တတ်သည်။ သူတို့၏ အပြုအမူများ အမူအရာများအားလုံး ဉာဏ်ရည်ပြည့်ဝသော ဆင်ခြင်တုံတရားပြည့်ဝသော အပြုအမူများ အမူအရာများဖြင့်သာ ပြည့်နှက်နေတတ်သည်။ တစ်ဦးနဲ့ တစ်ဦးကိုလည်း လေးစားတန်ဖိုးထားကြသည်။ သူတို့ကို မလေးစားသော သူများ၊ အသိအမှတ်မပြုသော သူများ၊ သူတို့မကြိုက်သည့်အပြုအမူကို ပြုမူသူများအပေါ် သူတို့ လုံးဝသည်းမခံတတ်ပေ။ နံပါတ်တစ်သမားများသည် သူတို့တတ်သည့်ပညာများဖြစ်သည့် အကြမ်းမဖက်သည့် ဆက်ဆံရေးများ၊ လူ့အခွင့်အရေးများ၊ လူသားဂုဏ်သိက္ခာနှင့် အားလုံးနှင့်ဆိုင်သည့် ပညာရပ်များကို တပါးသူအား ပေးဝေတတ်သည်။
ဖြစ်နိုင်ချေ
သူတို့ တာဝန်ယူထားသည့်အပိုင်းများနှင့် ပတ်သက်လာလျင် သူတို့အား အကြပ်အတည်းဖြစ်စေပါကလည်းကောင်း သူတို့အား အနှောင့်အယှက်ဖြစ်စေပါကလည်းကောင်း အမှားအမှန်ကို ကြည့်မနေတော့ဘဲ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်သည်။ တခါခါ သူတို့အချင်းချင်းပင် ထိုကဲ့သို့ ပြန်လည်ပြုမူတတ်သည်။ တစ်နှင့်တစ် ပေါင်းစပ်လိုက်ခြင်းသည် သိက္ခာမဲ့သည့် လုပ်ရပ်အတွက်ဖြစ်စေ စည်းဘောင်စနစ်၏ အပြင်ဘက်ကဖြစ်စေ တစ်ခုခုကို ပြောလိုက်ရန် တစ်ခုခုကို လုပ်လိုက်ရန် သတိထားမိသွားစေတတ်သည်။ ပေါ့ပေါ့တန်တန် လုပ်ရများနဲ့ အမှားများကို သည်းမခံတတ်။ သူတို့က လူတိုင်းကို ကလေးဆန်သည်ဟု သတ်မှတ်တတ်သည်။ တယောက်နဲ့ တယောက် စိတ်တိုပါက ဒေါသနဲ့ မတုန့်ပြန်ဘဲ ထေ့လုံး ငေါ့လုံးများဖြင့် တဖက်သားအနေခက်အောင် ပြုမူပြောဆိုတတ်သည်။ ရံဖန်ရံခါ သူတို့စိတ်ထဲ၌ တဖက်သားအမှားများကို တေးမှတ်ထားပြီး ကြာရှည်လာမှ ပေါက်ကွဲပြတတ်သည်။ သူတို့ကိုယ်တိုင် အမှားတွေလုပ်ပြီး သူတို့ကိုယ်တိုင် အလွယ်တကူ ပြန်စိတ်ပျက်တတ်ကြသည်။ သူတို့က အချင်းချင်း အလွယ်တကူ ပြန်လည်နားလည်ပေးလွယ်ကြသူများ ဖြစ်သည်။
ပုံမှန်အားဖြင့် နံပါတ်တစ် စုံတွဲများသည် သူများ၏ အလုပ်မဖြစ်သေးသော စီမံကိန်းများတွင် ပါဝင်လုပ်ဆောင်တတ်သည်။ ပြီးတော့ ထိုကိစ္စအတွက် သူတို့နှစ်ယောက် သဘောထားကွဲလွဲပြီး အဆင်မပြေဖြစ်လေ့ရှိသည်။ သူတို့နှစ်ယောက် တယောက်နဲ့တယောက် စကားမပြောကြဘူးဆိုပါက ထိုပြဿနာသည် သူများပြဿနာအတွက် ဖြေရှင်းနည်းလမ်းရှာရင်းဖြစ်ဖြစ် လူမှုရေးလုပ်ငန်းကြောင့်ဖြစ်ဖြစ် ဖြစ်လေ့ရှိသည်။ သူတို့နှစ်ယောက် ရန်ဖြစ်၍ စိန်ခေါ်ကြပြီဟေ့ ဆိုလျင် တဖက်သားမခံချင်အောင် ပြောတတ်သည်။ လုပ်တတ်သည်။ အမှားကို သေချာလုပ်သည်။ မိုက်မဲသည့်အလုပ်ကို လုပ်ပြတတ်သည်။ သူတို့ တကယ်လုပ်ပြီဟေ့ဆိုလျင်လည်း သူတို့၏ ကမ္ဘာလောကကြီးကို ရှုမြင်ပုံက သူများနဲ့ မတူသဖြင့် အမြဲပင် တပန်းသာလေ့ရှိသည်။ သူတို့၏ အဆင့်က (Enneagram Level) မြင့်နေလျင် သူတို့ ပေတံနဲ့ ကိုက်ညီသော သူများကိုသာ ရွေးပေါင်းတတ်သည်။ ထိုလူများက လူမှုရေးအရ သူတို့အား ပြန်လည်ကူညီမည့်သူနဲ့ သူတို့အား တိုးတက်အောင် ပံ့ပိုးပေးနိုင်သည့် သူများသာ ဖြစ်တတ်သည်။ အခြားသူများနှင့် မတူသည့် သူတို့၏ ထူးဆန်းသည့် လုပ်ရပ်များက ပုံမှန်ဆက်ဆံရေးကနေ ဆုတ်ခွာပြီး ဆက်ဆံတတ်သည်။ နံပါတ်တစ်စုံတွဲ တစ်သက်တာ လက်တွဲ ခိုင်မြဲဖို့ဆိုလျင် ကမ္ဘာကြီးကိုသာ အပြစ်တင်နေဖို့လိုသည်။ ထိုမှသာလျင် သူတို့နှစ်ယောက်၏ ကမ္ဘာက အေးချမ်းပါလိမ့်မည်။