အတူယှဉ်တွဲနေထိုင်မှု
နံပါတ် ၅ အင်နာဂရမ်သမားနဲ့ နံပါတ် ၁ အင်နာဂရမ်သမားတို့သည် တော်တော်များများ တူညီကြသည်။ သူတို့၏ ခံစားချက်ကို တိုက်ရိုက်ဖော်ပြဖို့ ဝန်လေးတတ်သူများ ဖြစ်ကြပြီး ခံစားချက်ကို သူတို့စိတ်ထဲတွင်သာ မှတ်ထားတတ်ကြသည်။ သူတို့နှစ်ဦးစလုံး အရှေ့တိုင်းဆန်သည်။ နံပါတ် ၁ သမားထက် နံပါတ် ၅ သမားက ဝိဉာဉ်ပိုင်းပိုင်ဆိုင်ရာကို ပိုအလေးပေး၏။ နံပါတ် ၁ သမားက အယူအဆများ အတွေးအခေါ်များ စသည့်လက်တွေ့ကျမှုအပေါ်ကို ပိုယုံကြည်၏။ သူတို့၏ ဆက်နွယ်မှုက သူတို့မျှော်မှန်းသည့်အတိုင်း ဖြစ်စေတတ်သည်။ သူတို့နှစ်ဦးစလုံး စိတ်ကူးယဉ်ဝါဒကို ရှောင်ရှားသည်။ သို့မဟုတ်ပါကလည်း သူတို့ စိတ်ခံစားချက်များကို လုံးဝ ဖုံးကွယ်ထားတတ်ကြသူများ ဖြစ်သည်။ သူတို့က အသိပညာပိုင်းဆိုင်ရာနိုးကြားမှုများ တတ်မြောက်လိုမှုများ သိချင်စိတ်များ ကြွယ်ဝသည့် ဘဝကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ထို့နောက် သူတို့ပတ်သက် ဆက်စပ်၍ သိသော ပညာရပ်မှန်သမျှ သူတို့ဘဝတိုးတက်ဖို့ ကောင်းမွန်သော အထောက်အပံ့လည်း ဖြစ်စေသည်။ ထို့ကြောင့် သူတို့နဲ့ စကားပြောလျင် အားကစားဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ၊ စာပေရေးရာဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ သမိုင်းဖြစ်စေ သူတို့က သိနှင့်နေတာမျိုး ဖြစ်လေ့ရှိသည်။ နံပါတ် ၁ နဲ့ နံပါတ် ၅ တို့သည် သူတို့အချင်းချင်းလည်း အသိပညာများ ဖလှယ်ကာ ဆွေးနွေးဖော် ဆွေးနွေးဖက်ကောင်းများ ဖြစ်တတ်သည်။ ဒီဘိတ်လို အပြန်အလှန်ဆွေးနွေးရသည်ကို သဘောကျကြသည်။ ဉာဏ်ပညာအပေါ်လည်း အထူးအလေးထားကြသည်။ တစ်ဦး၏ ဂုဏ်ကိုလည်း တစ်ဦးက ဖော်ကျူးပေးတတ်သည်။ တယောက်နဲ့ တယောက် မမျှော်လင့်ထားသော စ,နောက်မှုမျိုးများလည်း ပြုလုပ်တတ်ကြသည်။ သူတို့နှစ်ဦးသည် ယုတ္တိ ယုတ္တာမရှိဘဲနဲ့လည်း ဟိုပြောဒီပြော တသောသောရယ်နေတတ်ကြသည်။ ကျီစယ်တတ်ခြင်း၊ ခရီးသွားခြင်း၊ အိမ်ကို ပြင်ဆင်နေခြင်း၊ ဝါသနာများ ဝေမျှခြင်းနှင့် ရှုပ်ထွေးသော အလုပ်များ လုပ်ခြင်း စသည်တို့က သူတို့၏ ပုံမှန်လုပ်ထုံးများဖြစ်ပြီး ထိုသို့လုပ်ကြခြင်းဖြင့်လည်း သူတို့ဉာဏ်ရည်များက ပိုတက်ကြွတတ်သည်။
သူတို့သည် တပါးသူအပေါ် စည်းထား၍ လေးစားသမှု ရှိတတ်ကြသူများ ဖြစ်သည်။ တဖက်သား သူတို့ကို ဖိတ်ခေါ်ချင်လာအောင် ကောင်းမွန်သော အပြုအမူများကိုလည်း ပြတတ်သည်။ သို့သော် သူတို့က တဖက်သားကို ဘယ်တော့မှ စ၍ မိတ်မဆက်တတ်ကြချေ။ ထို့ကြောင့် နံပါတ် ၁ နဲ့ နံပါတ် ၅ သမားတို့ထံတွင် ရှေးကျသော ထုံးတမ်းစဉ်လာများ ရှိနေတတ်ကြသည်။ သူတို့၏ အပြုအမူများက ယဉ်ကျေးမှုများနှင့် ယှက်နွယ်နေတတ်သည်။ နံပါတ် ၁ သမားထံတွင် ယုတ္တိကျခြင်း အမိန့်ဆန်ခြင်းများကို တွေ့ရတတ်သည်။ သူတို့က စနစ်သမားကြီးလို တွေးခေါ်တတ်ကြသည်။ သူတို့နှင့်ယှက်နွယ်နေသည့် ကမ္ဘာကြီးတိုးတက်ဖို့ လုပ်ပြီဆိုလျင် အသေးစိတ်လွန်းတတ်သည်။ နံပါတ် ၅ သမားများသည် စူးစမ်းလိုစိတ်ရှိသည်။ စွန့်စားလိုစိတ်ပြင်းထန်ပြီး ဆွဲဆောင်မှုရှိသည့် ဉာဏ်ရည်များ ပိုင်ဆိုင်လိုသည်။ ယုတ္တိမတန်သော ကိုးရိုးကားယားနိုင်သော အမူအကျင့်ကို နှစ်သက်တတ်သည်။ ရှုပ်ထွေးခြင်း၊ အဓိပ္ပါယ်မဲ့ခြင်းနှင့် စနစ်တကျမဟုတ်ခြင်းဆိုသည်ကို သဘောကျသည်။ သူတို့နှစ်ယောက်က သူတို့နှစ်ယောက် အတွဲညီမှုကို သဘောကျကြသည်။ ရိုမန်တစ်ဆန်သည်။ ဖြည်းဖြည်းညင်းညင်းဖြင့် နက်နက်ရှိုင်းရှိုင်း ချစ်ကြသူများ ဖြစ်သည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ဦး၏ ဉာဏ်ရည်ပိုင်းသည် တကယ့်အရေးကြီးသော အချက်များတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်က များသည်။ ထိုအရာက သူတို့၏ ဆက်နွယ်မှုကို လျင်လျင်မြန်မြန် ပြတ်တောက်စေသည့် ပဋိပက္ခဆီသို့ အမြဲဦးတည်နေတတ်သည်။ အထူးသဖြင့် အရေးအကြီးဆုံးအချက်မှာ နံပါတ် ၁ သမားက ဓမ္မဓိဋ္ဌာန်ကျကျ ယုံကြည်တတ်သည်။ ထို့ပြင် သူတို့ လိုချင်သည့် ပန်းတိုင်ကို မလွဲမသေွရောက်ဖို့ သူတို့သိသည်ကိုသာ သူတို့ ယုံကြည်သည်။ နံပါတ် ၁ သမားများက သူတို့၏ အတွေးအခေါ် သူတို့၏ အယူအဆကသာလျင် သူတို့ကို အဆုံးမရှိသော အမှန်တရားနဲ့ ချိတ်ဆက်ပေးနိုင်သည်။ သူတို့အတွက် ကိုယ်ကျင့်တရားက သူတို့နေထိုင်မှုအတွက် တကယ့်အချက်ကြီးဖြစ်သည်ဟု ယုံကြည်သည်။
နံပါတ် ၅ သမားများကျပြန်တော့ ဓမ္မဓိဋ္ဌာန်ကျသည့် အမှန်တရားဆိုတာမျိုးက မရှိဟု ယုံပြန်သည်။ တကယ့်အမှန်တရားဆိုတာကလည်း ဖြစ်နိုင်ချေများကို မိမိနားလည်သလို အဓိပ္ပါယ်ကောက်ယူမှုမျိုးသာ ဖြစ်သည်ဟု ယုံကြသည်။ အများညီ၍ ဤကိုကျွဲဟု ဖတ်ခြင်းမျှသာဟု သတ်မှတ်သည်။ အဖြစ်အပျက်တို့ ဖြစ်ပျက်ကောင်း ဖြစ်ပျက်မည် သို့သော် ‘ကောင်းသည်ဆိုးသည်’ ဆိုသည်တို့က လူအများမှ မည်သို့ တုန့်ပြန်သနည်းနဲ့သာ ဆိုင်သည်ဟု သူတို့က ယုံကြည်ကြသည်။ အားလုံးက ကျွန်ုပ်တို့ ဘယ်လိုတွေးသလဲအပေါ်သာ မူတည်သည်။ ကျွန်ုပ်တို့ ရွေးချယ်မှုနဲ့သာဆိုင်သည်ဟု ယုံကြည်သည်။ နံပါတ် ၅ သည် သံသယများသူ ဖြစ်သည်။ တစ်ခုခုအပေါ် မယုံသင်္ကာမှုကနေ စ၍ ကြည့်သည်။
မည်သို့ဆိုစေ သူတို့နှစ်ဦးသည် ငြင်းခုံရသည်ကို သဘောကျကြသူများ ဖြစ်သည်။ ခိုင်မာသော အယူအဆများနဲ့ ပြောဆိုထောက်ပြကြသည်ကို သဘောကျကြသူများ ဖြစ်သည်။ ထို့အတူ အနိုင်ရလိုမှုတစ်ခုတည်းဖြင့် ငြင်းခုံကြသူများ မဟုတ်။ အမှန်ရအောင် ငြင်းခုံတတ်ကြသူများ ဖြစ်ကြသည်။ ထိုကဲ့သို့ ငြင်းခုံရင်း သူတို့ကို သူတို့ ပြန်တွေ့ရှိတတ်ကြသည်။ သို့ငြားလည်း Enneagram Level တွင် အောက်ပိုင်း နံပါတ် ၆ အောက်အဆင့်တွင် ရှိသည့် နံပါတ် တစ်သမားများက အခြေခံဝါဒတွေ အများအပြားနဲ့ ငြင်းခုံတတ်သည်။ သူတို့ ယုံကြည်သည့်အရာကို တရားသေဆုတ်ကိုင်ထားတတ်သည်။ နောက်ဆုံး နံပါတ် ၅ သမားအပေါ် ဘာမှ မယုံကြည်တတ်သူများ အဖြစ် သမုတ်တတ်သည်။
သူတို့နှစ်ဦး အတူ ပေါင်းသင်းနေထိုင်သည့်တိုင် သူတို့ ဘဝတကွေ့ ကြုံတွေ့ခဲ့ရသော သူတို့၏ ဘဝအတွေ့အကြုံ၊ သူတို့၏ ခံယူချက်၊ သူတို့၏ အယူအဆများကို စွန့်လွတ်ဖို့ရန် အလွန်ခက်ခဲကြသူများ ဖြစ်သည်။ ထို့အတူ သူတို့၏ ခံယူချက်နဲ့ မတူညီသည့် သူများအပေါ် တလေးတစား ဆက်ဆံဖို့ အလွန်ခက်ခဲကြသူများလည်း ဖြစ်ကြသည်။ အကယ့်အကယ်၍များ သူတို့နှစ်ဦးက တပါးသူအမှားကို အလေးထားပေးခဲ့ပါကလည်း လောကဝတ်တစ်ခု အနေနဲ့သာ ဖြစ်လိမ့်မည်။ သို့မဟုတ် သူတို့ကို သူတို့ လေးစား၍သာ ဖြစ်လိမ့်မည်။ သူတို့၏ ဆက်ဆံရေးသည် ကြာလေ အေးလေ ဆက်ဆံရေးမျိုး ဖြစ်တတ်သည်။ ပုဂ္ဂိုလ်ရေးနွယ်တတ်သည်။ သူ့ဘက် ငါ့ဘက် စစ်စစ်ပေါက်ပေါက် တွေးလိုက်တတ်ကြသည်။ မကြာခဏ အဆိုးမြင်ဝါဒတွေနဲ့ ပူးတွဲတွေးတတ်ကြသည်။
နံပါတ် ၁ သမားက နံပါတ် ၅ သမားကို မဖြစ်နိုင်တာ တွေးလွန်းသည်။ မအပ်မစပ်တွေ လုပ်လွန်းသည်ဟု မြင်သည်။ နံပါတ် ၅ သမားက နံပါတ် ၁ သမားကို တိကျလွန်းသည်ဟု မြင်သည်။ သူတို့အတွေးအခေါ်မှ အမှန်ဟု တင်းခံနေကြသူများဟု မြင်သည်။ နှစ်ယောက်လုံးက သူ့ဘက် ကိုယ့်ဘက် ဆွဲတွေးလွန်းကြသည်။ သူတို့နှစ်ယောက် ဆက်လက် အဆင်ပြေလိုပါက သူတို့အတူ နေလာသည့် ကာလအတွင်း အတူထမင်း လက်ဆုံ စားခဲ့သည့်အကြောင်းများ၊ အတူ နေထိုင်ရယ်မောခဲ့သည့် အရာများနှင့် ပြဿနာတွေကို အတူတူ ဖြေရှင်းခဲ့ကြသည်များကို ပြန်လည်တွေးတော ဆင်ခြင်သုံးသပ်နေဖို့ လိုသည်။ သူတို့ စိမ်းကြပြီဆိုပါက တယောက်နဲ့ တယောက် ပြန်လည်အဆင်ပြေကြဖို့ ခွင့်လွတ်ပြေငြိမ်းဖို့က နှစ်ပေါင်းများစွာ ကြာသွားနိုင်သောကြောင့်ဖြစ်သည်။