ယှက်နွယ်မှု
အင်နာဂရမ် နံပါတ် (၁) သမားနှင့် အင်နာဂရမ် နံပါတ် (၈) သမားတို့သည် သူတို့၏ ကမ္ဘာထဲသို့ အမှန်တရားနှင့် တရားမျှတမှုတို့ ရောက်ရှိလာဖို့ တိုက်ခိုက်ယူရနေတာနှင့်ပတ်သက်ပြီး အများအားဖြင့် ပူပန်နေရတတ်သည်။ သူတို့သည် (ကွဲပြားသော နည်းလမ်းများနှင့် ခြားနားသော အကြောင်းအခြင်းအရာများ ရှိနေပေမင့်လည်း) တရားမျှတမှုမရှိသော မှားယွင်းသော ပုံစံများဖြင့် နားလည်လက်ခံရသဖြင့် သူတို့ ခုခံတွန်းလှန်သည့် တရားမျှတမှုနှင့် အမှန်တရားအတွက် အရှုံးနဲ့သာ ရင်ဆိုင်ရတတ်လေ့ ရှိသည်။ သူတို့အား အားနည်းချက်ကို ကာကွယ်သည့် အလယ်ခေတ် သူရဲကောင်းသဏ္ဍာန်အားဖြင့်လည်း တွေ့ရနိုင်သည်။ အမှားကို ပြုပြင်တတ်ပြီး ပိုကောင်းသော ကမ္ဘာကို ဖန်တီးတတ်သူများအဖြစ်လည်း တွေ့ရနိုင်သည်။ သူတို့အတူ နေထိုင်ပြီဆိုလျင် သူတို့နှစ်ဦးသည် လူမှုရေးအတွက် အားစိုက်ထုတ်မှု ပိုများသည်။ အာရုံပိုစိုက်သည်။ သူတို့သည် သူတို့၏ မိသားစု သို့မဟုတ် သူတို့၏ အသိုင်းအဝိုင်းအပေါ် ကြီးမားသည့် သက်ရောက်မှုမျိုးကို ဖြစ်စေတတ်ကြသည်။ အထူးသဖြင့် သူတို့နိုင်ငံအထိ ထိုထက်ပို၍ သူတို့နေထိုင်သည့် ကမ္ဘာအထိ သူတို့တတ်စွမ်းသမျှ ပို၍ အလုပ်လုပ်ကြသည်။ သူတို့သည် သူတို့ ယုံကြည်သည့် အမှန်တရားအပေါ် ကြီးမြတ်သော အမြင်များ သက်ရောက်မှုရှိသော ရည်ရွယ်ချက်များကို ဇွဲလုံးလအပြည့်ဖြင့် လက်တွေ့ကျကျ ဖော်ဆောင်ပေးတတ်သည်။ သူတို့ ယုံကြည်လက်ခံသည့်အရာ ပြီးစီး အောင်မြင်ဖို့အတွက်ဆိုလျင် သူတို့သည် အဆုံးစွန် အနစ်နာခံကာ လုပ်တတ်သည်။ သူတို့နှစ်ဦးအတွက် တရားမမျှတမှုကြီးသည် လုံးဝအခရာကျသော အမှုကြီးဖြစ်သည်။ သူတို့အတွဲတွင် နံပါတ် (၁) ဖြစ်သူက အကြွင်းမဲ့အာဏာများ တရားမျှတမှုအတွက် စိတ်ကူးကောင်းများ အမှန်တရားများကို ယူဆောင်လာပေးတတ်ပြီး နံပါတ် (၈) က လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးတတ်သကဲ့သို့ ဖြစ်စဉ်အပေါ် မည်ကဲ့သို့ ချဉ်းကပ်ရမည်ကို သိပြီး အခြေခံကျသည့် သဘောတရားများကို ကောင်းမွန်စွာ ဖော်ဆောင်ပေးတတ်သည်။
သူတို့နှစ်ဦးပေါင်းစပ်ခြင်းသည် အလွန်အစွမ်းထက်သော စွမ်းအားများ ဖြစ်ပေါ်စေသည်။ သူတို့သည် တဦးတယောက်၏ ပန်းတိုင်ကိုဖြစ်စေ ရည်ရွယ်ချက်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖြင့် ပြီးမြောက်အောင် ပံ့ပိုးပေးနိုင်သည်။ သူတို့နှစ်ယောက်သည် မည်သည့်အလုပ်မဆို သူတို့နှင့် တိုက်ရိုက်ပြီးသည်။ သူတို့ ဆုံးဖြတ်ချက် ချနိုင်သည်။ တခါခါ နံပါတ် (၁) က ဖြစ်နိုင်ချေရှိသည့်အရာများကို တွက်ချက်ခြင်း သင့်မြတ်နိုင်သည့် နည်းလမ်းများကို စဉ်းစားသော်လည်း နံပါတ် (၈) က စိတ်ဓာတ်ပြင်းထန်ဖြင့် ဝေခွဲရခက်သော ကိစ္စများတွင် အကောင်းအမှန်ကို ခွဲခြားပိုင်းဖြတ်ပေးလိုက်တတ်သည်။ နံပါတ် (၁) က နံပါတ် (၈) ၏ သည်းခံရမည့်ကိစ္စများတွင် ဘယ်လိုမှ သည်းမခံနိုင်သည့်အချက် ဒေါသထွက်လွယ်သည့်အချက်များနှင့် တခါခါ ရိုင်းတတ်သည့်အကျင့်ကို ထိန်းသိမ်းပေးတတ်သည်။ ထို့ကြောင့် သူတို့အတွဲသည်လည်း တယောက်နဲ့ တယောက် မရှိမဖြစ် လိုအပ်လျက် ရှိသည်။ နံပါတ် (၈) ကလည်း နံပါတ် (၁) တို့၏ ပြင်းပြသော ဆန္ဒနှင့် ပြောထားသော စကားများကို အမြဲအမှတ်ရနေတတ်သည်။ နံပါတ် (၈) များသည် နံပါတ် (၁) တို့၏ ပြင်းပြသော ဆန္ဒနှင့် ဆုံးဖြတ်ချတတ်မှုကို လက်ခံသည်။ နံပါတ် (၁) များ မယိမ်းယိုင်သွားအောင်လည်း ထိန်းကျောင်းပေးတတ်သည်။ နံပါတ် (၈) မှ အပြစ်ပေးတာမျိုး အပြစ်ပြောတာမျိုးကို နှစ်သက်လက်ခံသည်။ နံပါတ် (၁) နဲ့ နှလုံးသားချင်းနီးဖို့အတွက် စိန်ခေါ်မှုတချို့ကို လုပ်ရတာလည်း စိတ်ပါဝင်စားသည်။ ဤနှစ်ယောက်လည်း မီးနဲ့ရေကဲ့သို့ တော်တော်ဆန့်ကျင်သည့် ဆန့်ကျင်ဘက်အတွဲဖြစ်သည်။ အကယ်၍ တယောက်၏ ဆန္ဒကို တယောက်က လိုက်လျောခဲ့ကြလျင်၊ ကွဲပြားခြားနားသော တန်ဖိုးများကို အသိအမှတ်ပြုခဲ့ကြလျင် အကောင်းဘက်က တုန့်ပြန်ခဲ့ကြလျင် တယောက်ထံမှ တယောက်သင်ယူကြရင်း ပျော်ရွှင်ဖို့ကောင်းသော ဘဝကို ပိုင်ဆိုင်ကြသည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ယောက်ကို ခွဲပစ်လိုက်နိုင်သော အချက်ချက်မှာ အရာရာတိုင်းတွင် ငါသာလျင်ပထမ ငါက ဆရာကြီး စသဖြင့် လုပ်တတ်ကြသောကြောင့် ဖြစ်သည်။ သူတို့၏ ဆန့်ကျင်ဘက်နေထိုင်မှု ပုံစံကလည်း မျက်ချေးနဲ့ ရှားစောင်းစေးဖြစ်သည်။ ရှားရှားပါးပါး ရိုမန်တစ်ဆန်သော အတွဲဆိုလျင်လည်း မမှားပေ။ သူတို့နှစ်ဦးက လင်မယားလို နေခြင်းထက် အရင်းနှီးဆုံး သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်အဖြစ်နေတာက ပိုပြီး လွယ်ကူပါလိမ့်မည်။ နှစ်ဦးစလုံးက တာဝန်ယူချင်ကြသူချည်း ဖြစ်ကြသည်။ နှစ်ယောက်စလုံးက အရေးကြီးသည့်ဆိုသည့်အချက်ကို ပြီးအောင် လုပ်ချင်ကြသူချည်းဖြစ်သည်။ ပြီးတော့ တယောက်လုပ်တာကိုလည်း တယောက်က သဘောမကျ။ နံပါတ် (၁) က မိမိကိုယ်ကို ထိန်းချုပ်နိုင်သည်။ နောက်ဆုတ်ပေးနိုင်သည်။ ဘယ်လို လုပ်ချင် ပိုကောင်းမည်ကို ကိုယ်ပိုင်အတွေ့အကြုံနဲ့ သိထားကြသူများ ဖြစ်သည်။ သူတို့က လူမှုရေးဆိုင်ရာ ကျင့်ဝတ်နဲ့ မညီလျင် မညီသည့်အတိုင်း လက်ခံယုံကြည်တတ်ကြသဖြင့် တချို့သော ကိစ္စရပ်များကို ချိုချိုသာသာပင် ငြင်းပယ်တတ်သည်။ သူတို့က နံပါတ် (၈) ၏ မထီတရီအပြုအမူများ လမ်းဘေးဆန်ဆန် စရိုက်များကို အားကျတတ်သည်။ ပြီးနောက် နံပါတ် (၈) ဘယ်လို လိုချင်တာကို သူတို့ သိသွားတတ်ကြသည်။ နံပါတ် (၁) များက နံပါတ် (၈) ကို သူတို့ စိတ်ဝင်စားရာ ဝါသနာနောက် လိုက်ရင်း လမ်းမှားသွားပြီဆိုမှ နည်းကောင်းလမ်းမှန်ကို ချပေးတတ်သည်။ နံပါတ် (၁) များက နံပါတ် (၈) ကို တကိုယ်ကောင်းဆန်သူ၊ ကိုယ်ချင်းစာတရားမရှိသူ၊ ရန်လိုသောသူ၊ လူမှုကျင့်ဝတ်များ ဖောက်ဖျက်နေသူအဖြစ် မြင်တတ်သည်။ စည်းအပြင်ဘက်ကနေ လုပ်တတ်ကြသည်ကိုတော့ သဘောကျပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ဖျက်ဆီးနေသလို ကိုယ်သွားမယ့်လမ်း ခက်အောင် လုပ်နေသလို အဆိုးဘက်ကို ဦးတည်သည်ကိုတော့ ရွံရှာသည်။ နံပါတ် (၁)က နံပါတ် (၈) ကို မရင့်ကျက်သောသူ မယုံကြည်ရသူ အကြမ်းဖက်မှုကို လိုလားသူအဖြစ်လည်း မြင်တတ်ပြန်သည်။
နံပါတ် (၈) ဘက်က နံပါတ် (၁) ကို ဘယ်လို မြင်သလဲ။ သူတို့နဲ့ ဆန့်ကျင်လိုက်တိုင်း မင်းသားခေါင်းဆောင်းထားသည့် ဘီလူးအဖြစ် နံပါတ် (၁) ကို မြင်သည်။ ဆက်၍ နံပါတ် (၁) များကို တင်းကြပ်လွန်းသည်။ သူချည်းမှန်သည်ဟု ထင်နေကြသည်။ ဇီဇာကြောင်သည်။ လက်ရှိ လူ့လောက်ကနဲ့ လုံးဝ အထာကျကျ မနေတတ်သူများဖြစ်သည်ဟု မြင်သည်။ တခါတရံ နံပါတ် (၁) များက လူ့လောကကျင့်ဝတ်နဲ့ ပတ်သက်၍လည်းကောင်း တရားမျှတခြင်းနှင့် ပတ်သက်၍လည်းကောင်း တူးတူးခါးခါး ဖြစ်တတ်လွန်း၍ နံပါတ် (၈) များကလည်း သက်သက်မဲ့ လုပ်ပြတတ်သည်။
သူတို့နှစ်ယောက်သည် တရားသလား ဘယ်လောက်ထိခိုက်သွားလဲ ဆိုတာကို မစဉ်းစားဘဲ တစ်ဦးနဲ့ တစ်ဦး ဒေါသနဲ့ တုံ့ပြန်တတ်ကြသည်။ နှစ်ဦးစလုံး ဘီလူးစည်း လူ့စည်းဖြင့် နေသင့်သည်။ သူတို့ တခုခု ဆုံးရှုံးလိုက်ရတိုင်း နောက်ကြောင်းပြန်လှည့် အရေးမယူဖို့လည်း လိုသည်။ အကြမ်းပထန်းဆန်သော သူတို့၏ တဦးတယောက်အပေါ် ပြောကြသော စကားများသည် သူတို့၏ ဆက်ဆံရေးကို အဝေးသို့ လွှင့်ထွက်သွားစေသည်သည့် လက်နက်ကြီးဖြစ်သည်။ သူတို့နှစ်ဦး ကွဲကွာသွားပြီဆိုလျင် ဘယ်လိုမှ ပြန်ဆက်လို့ မရသည့် ကျောက်ပြင်ကြီးလိုမျိုး ဆက်ဆံရေးရှိကြသည်။ သူတို့ တခါဖြစ်လိုက်သည်နှင့် တသက်လုံးဝေးကွာရမည့် အတွဲများဖြစ်ပါသည်။