တနေ့က တင်တဲ့ status လေးကိုတော့ဖြင့် အကျယ်ချဲ့လို့ ရေးချင်သေးရဲ့။ ကျောင်းစ ပြောင်းလာတော့ ပထမဆုံး တွေ့တာက စေတီမှာ နဂါးရုပ်။ ကိုယ်က မသိပါဘူး။ ရှေးတုန်းက ထုထားတဲ့အရုပ်မှတ်တာ။ နောက်မှ စေတီပြင်တဲ့သူက သူ့ယုံကြည်မှုနဲ့ သူလုပ်သွားတာတဲ့။ အရုပ်လေးကိုတော့ဖြင့် ဘာမှ မပြောလိုပါဘူး။ သို့သော် ကံ့ကော်ဆတော်က ဘုရားနဲ့ မသင့်တော်ဘူးလို့ မိန့်ဖူးရဲ့။ တနေ့တော့ ကိုရင်လေးတပါးက အဲမှာ သွားဆော့တော့ နဂါးရုပ်ဆိုတာကြီး ထက်ပိုက်းကျိုးကျပါရော့လား။ ကိုရင်လေးပေါ်မကျတာ ကံကောင်းလို့တွေးပြီး အရုပ်လေးတွေကို ဖြုတ်ထုတ်လိုက်တယ်။ တခြားအရုပ်တွေလည်း လည်ပင်းက ကျိုးလိုကျိုး၊ ခါးက ကျိုးလိုကျိုး၊ နဲ့လိုနဲ့နဲ့ကိုး။ အမှန်က အဲလို ဖြစ်နေပုံလေးကို video ရိုက်ပြထားရမှာ။ တောင်ကြီးက သူငယ်ချင်း ဦးဇင်းတပါးကတော့ဖြင့် ဒေသထုံးစံကိုတော့ မပယ်တာကောင်းတယ်လို့ အရုပ်ကို ဖယ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြောလာတယ်။ တကယ်တမ်းတော့ ဒေသနဲ့လည်း မဆိုင်၊ လူမျိုးနဲ့လည်း မဆိုင်၊ ပြီးတော့ ဘုရားနဲ့လည်း မဆိုင်တာပါ။ နောက်တချက် အရုပ်တွေက ဘယ်လိုမှ မပီပြင်ဘူးရယ်။ မပီပြင်ဘူးဆိုတာက တွေ့တဲ့ မြင်တဲ့သူတိုင်း ပြောတဲ့ စကားပါ။ အထဲမှာ ထည့်ထားတာက ဝါးအခြောက်တွေ။ အကယ်၍သာ ဝါးအစိုတွေ ထည့်ထားခဲ့မယ်ဆိုရင် အဂ်တေအစိုနဲ့ ထိန်းသွားမှာပါ။ ထည့်ထားတာက ဝါးအခြောက် ဆိုတော့ ဆွေးကုန်တယ်။ အဂ်တေမှာလည်း ဘိလပ်မြေနည်းတယ်။ ဆက်ထားရင် ဘုရားဝတ်လာပြုတဲ့သူအတွက် ဆော့တတ်တဲ့ ကိုရင်လေးတွေ အတွက် အန္တရာယ်ရှိပါတယ်။ ဘယ်ဘက်ကနေ ကြည့်ကြည့် ထားလို့ မသင့်တော့တဲ့ အရုပ်ဖြစ်ပါတယ်။ နဂါးရုပ်လို့ပဲ ပြောနေဖြစ်တယ်။ တကယ်တော့ ဝိဇ္ဇာရုပ်လည်း ပါပါတယ်။ တဖက်ကို ဝိဇ္ဇာတစ်ရုပ်၊ နဂါးတရုပ်ပါ။ လေးမျက်နှာအပြည့်နဲ့ စုစုပေါင်း ရှစ်ရုပ်။
နောက်ကျောင်းပြောင်းလာစကတည်းက သိလိုက်ရတာက ဒီကလူတွေဟာ တချို့နတ်ကိုးကွယ်တယ် ဆိုတဲ့ အချက်ပဲ။ နတ်ကိုးကွယ်တာ တခုတည်းနဲ့တင် မကပဲ နောက် ပိုနေတာတခုက ရှမ်းပြည်က ဆရာတော်များ သိပ်မကြိုက်တဲ့ အလံတရာကိုးကွယ်မှု ပါဝင်နေပြန်တဲ့ အချက်ရယ် နှစ်ခုဆုံနေတယ်။ ရှမ်းပြည်က ဆရာတော်များဆိုတာက အချို့ပါ။ တော်ကြာ ဝါးလုံးသိမ်းဖြစ်နေမှာစိုးရသေး။ တချို့က သာသနာကို တဖက်တလမ်းက ပြုနေတာပဲလို့ လက်ခံကြတာ ရှိလေရဲ့။ ဒါကလည်း ဖွဲမီးလေးမို့ မပြောတော့ပါဘူး။ နတ်ကိုးကွယ်တာကလည်း ပုံမှန်ဆိုရင် သို့တည်းမဟုတ် စကတည်းက ဆိုရင် မပြောပါဘု။ ညီအကိုရန်ဖြစ်ရင်းကနေ ညီဖြစ်သူက လှန့်ပြီး ပြေးချင်ရာ ပြေးရင်း လန့်ပြီး တောင်အောက်မှာ လာပုန်းတာ။ အဲကနေ အကြံပေါက်ပြီး နတ်ဆရာထလုပ်တာဆိုတော့ တောင်ပို့မှန်း သိနေရက်ကြီးဆိုပါတော့။ အဲမှာ ပိုနေတာ တခုရှိသေးတယ်။ တောင်အောက်တည့်တည့်မှာ ရှိတဲ့ ဂူထဲမှာ နဂါးရှိတယ် ဆိုတဲ့အချက်။ နဂါးတောင်မှ ကျားခြသေ့် ဆိုတဲ့ အကောင်ကနေ ပြန်ဝင်စားတယ် ဆိုလားပဲ ပြောသေးတယ်။ ဘယ်နှစ်ဘဝပေါင်း ဂူကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်ဆိုလား။ စတုမဟာရဇ်နတ်တွေက သစ်ပင်မှာလည်း ကပ်နေရ။ တောင်တွေမှာလည်း ကပ်နေရ။ တောတွေမှာလည်း ကပ်နေရတဲ့ အမျိုးပဲဟာကို။ ဂူတပေါက်ရှိတော့ ကပ်နေနေတာနေမှာပေါ့။ တချို့နတ်တွေကလည်း နတ်ဆိုးလေ။ နေရာပျောက်မှာ ကြောက်တာနဲ့ ချောက်တာနေမှာပ။ ဒါကိုများ ဂူထဲကရတဲ့ ရေက ရောဂါပျောက်တယ်က လုပ်သေး။ ဘေးကကြားရန် အန်ချင်မိမှာ။
သူတို့ဘာသာ သူတို့ အဲလိုရှိနေတာက အခက်မဟုတ်သေးဘူး။ အခက်က အဲဒီနတ်တွေကို ကိုယ်က ပစားမပေးတဲ့အချက်။ တနေ့က လာပြောတာတော့ မှန်သင့်သလောက် မှန်တယ်။ အဆောက်အဦးတွေဆောက်ရင် ပွဲတင်ပေါ့။ ဒါတော့ တချို့ ဘုန်းကြီးတွေလည်း လုပ်နေကျမို့ လက်ခံပါတယ်။ ဒေသထုံးစံပေါ့။ ဗုဒ္ဓဘာသာ ထုံးစံတော့ မဟုတ်ဘူး။ ဒါပေမယ့် ဆက်ပြောတာတွေက မခံချင်စရာကောင်းတယ်။ ရေကန် ရေမလုံတာ နတ်မကိုးလို့။ ကျောင်းမပြီးတာ နတ်မကိုးလို့။ အဆောက်အဦးအသစ်လုပ်ရင် နတ်မကိုးလို့ မရဘူး။ နတ်မကိုးရင် မပြီးနိုင်ဘူး။ ပြီးရင်လည်း စိတ်သောက များရတယ်။ စိတ်သောက မများရရင်လည်း အချင်းချင်း မသင့်မြတ်ဘူး။ ဘာလုပ်လုပ် အဆင်မပြေဘူး။ နတ်တွေက ဒီတောင်ကို အရင်ပိုင်တာ။ ကိုယ်က နောက်မှလာနေတာ။ အရင်နေတဲ့သူကို လေးစားသင့်တယ်။ စေတီကိုလည်း နတ်တွေတန်ခိုးနဲ့ ပြန်ပြင်ထားနိုင်တာ။ အောက်က ဂူထဲမှာ နဂါးရှိတယ်။ နဂါးကိုလည်း မစော်ကားသင့်ဘူး။ စေတီတွေကို နဂါးက စောင့်ရှောက်ပေးနေတာ။ နဂါးကို စော်ကား မော်ကား မပြောရဘူး၊ စေတီနဲ့ ဂူနဲ့ ဆက်နေတယ်။ ဂူထဲက နဂါးစောင့်ရှောက်လို့ ဒီစေတီတွေ ခုလို ခံနိုင်တာ … စသဖြင့်။
ဒီလိုမျိုးဆက်မျိုး ပြတ်ထွက်သွားအောင် ဘယ်လိုတရား ဟောရမလဲ။ ငြင်ငြင်သာသာ ကိုင်ရမယ့် မျိုးဆက်ပဲ။ မျိုးဆက်လို့ပြောရင် ကြီးကျယ်တယ်။ တခြားလူတွေကိုလည်း ထိခိုက်တယ်။ လူတစ်စုပဲ။ ကိုးကွယ်မှုအမှားကတော့ အမှားတကာ့ထဲမှာ ပြင်ရအခက်ဆုံး အမှားပဲ။ ဒါကြောင့် ငါတို့ မြတ်စွာဘုရားက သဒ္ဓါနဲ့ ပညာညှိရမယ်လို့ ဟောခဲ့ပေတာပဲ။ ခန္ဓာကိုယ် တကိုယ်လုံးကောင်းနေပေမယ့် ခြေစွယ်လေး ငုပ်နေရင်လည်း နေရထိုင်ရခက်တယ်။ သဘေ္်ာတစီးလုံး အပ်ဖျားလောက် ရေစိမ့်ဝင်ပေါက်ကြောင့် မြုပ်တာပဲ မလား။ အာ့ကြောင့်ပါခင်ဗျာ။