အာဏာသိမ်းပြီးတော့ ဘယ်သူမှ စာတွေ ဘာတွေ မရေးချင်ကြတော့ဘူးထင်တယ်။ ရေးရင်လည်း ဒီအာဏာသိမ်း စစ်တပ်ရဲ့ မကောင်းမှုတွေကို အကြောင်းပြုပြီးသကာလ မည်သို့မည်ပုံရက်စက်ကြမ်းကြုပ်ကြောင်းပဲ ရေးကြမယ်ထင်တယ်။ အဲလိုထင်ရင်တော့လည်း မှားတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းကြီးတွေနဲ့ ဆုံဖြစ်တိုင်း မဇ္ဈိမတို့ မြန်မာနောင်းတို့က လိမ်နေကြတာ အရှင်ဘုရား။ ဘီဘီစီတို့ ဘီအိုအေတို့ကလည်း သတင်းအမှားတွေပဲ တောက်လျောက် တင်နေကြတာ။ ဒေါ်လာစားတွေလေ။ သူတို့ အဲလိုပြောနေတာနဲ့ မင်းကိုနိုင်ကော ဘာဖြစ်သွားသေးလဲလို့ မေးကြည့်တယ်။ “ဘဲကြီးက ဒေါ်လာကိုးသောင်းပိုက်ပြီး နိုင်ငံခြား လစ်သွားပြီလေ”။ တပည့်တော်တော့ မကြားမိဘူး။ အရှင်းဘုရား ဘယ်လိုင်းကနေ ကြည့်တာလဲဖရာ့။ ပီးပဲလ်မီဒီယာမှာ ဖော်ပြထားတယ်လေ အရှင်ဘုရား။ သူရဲ့ အရှင်ဘုရားဆိုတဲ့အသံက ဆွဲဆွဲငင်ငင်ကြီး။ မသိရင် ကိုယ်ကပဲ ဒူသလိုလို။ ကိုယ့်ဘေးရပ်ကွက်ကလည်း ခုအချိန်က သတင်းအမှန်ကြည့်ချင်ရင် မြဝတီပဲ ရှိတော့တယ်ဖရာ့ဆိုတဲ့ လူတွေချည်းရှိနေပြန်တော့ လင်းလင်းသီချင်းလို ငါ့ဘက်က မှားတာပါ။ တလောက ဘုန်းကြီးကျောင်း တကျောင်းဆီ ရောက်သွားတယ်။ ဘုန်းကြီးကတော့ ဖာသိဖာသာပါပဲ။ ကောလိပ်က ပြန်လာတဲ့ ဦးပဇင်းတပါးက စစ်ရှောင်တွေကို ညတိုင်း တရားဟောတယ်။ ဟိုက ခရိယာန်ဘာသာဝင်တွေ။ တရားဟောပြီးရင် အဲဦးပဇင်းက “နင်တို့က စစ်တပ်က စော်ကားတာကိုး အဲဒါကြောင့် ခုလို ခံရတာပေါ့” ဆိုတဲ့ ရင့်ကို အောင့်သွားစေတဲ့ စကားလုံးကြီးလည်း ပါပြန်သေးတယ်။ ဆက်ကြားရတာက စစ်တပ်ကြောင့် မြန်မာနိုင်ငံကြီး ဘယ်လိုဘယ်ပုံ ဘာသာ သာသနာခိုင်မြဲနေကြောင်း ညစဉ်ညတိုင်း ထည့်ထည့်ပြောဆိုသကိုး။ ငရဲထဲမှာ ဒီငရဲကတော့ အကြီးဆုံးငရဲပဲထင်တယ်။ အဲဒီဦးပဇင်းပြောပုံဆိုပုံက မာန်အပြည့်ထန်အပြည့်နဲ့။ သူတို့က ကိုယ့်ကို ဆရာလို့ခေါ်ပေမယ့် ကိုယ်က သူတို့ကို တပည့်လို့ မသတ်မှတ်ပါဘူး။ သူတို့ ဆရာခေါ်ပုံကလည်း ကိုယ့်ကို သင်ကြားပေးလို့ သွန်သင်ပေးလို့ ခေါ်တဲ့ပုံလည်း မဟုတ်ပါဘူး။ အလျဉ်းသင့်လို့ခေါ်ကြတဲ့ပုံပါပဲ။ အဲလိုကိုယ့်သင်တန်းမှာ ပါဝင်ခဲ့ဖူးတဲ့ ဦးပဇင်းတပါးဆို ဒီဒေသမှာ ဓမ္မကထိကပဲ။ သူ့တရားပွဲတိုင်း ခုထိ စစ်တပ်ကောင်းကြောင်း ထည့်ဟောဆိုပဲ။ စကစက မီးရှို့တာကို သူတို့က ပီဒက်မီးရှို့တာလို့ တရားသေမှတ်တယ်။ စကစက လူသတ်တာကို ပီဒက်က လူသတ်တာလို့ စွဲယူတယ်။ စကစဘက်က လူပေါင်း ၁၅၂၉ ဦးသတ်ခဲ့တာတွေ၊ ၁၂၀၃၇ ထိ ဖမ်းထားတာတွေနဲ့ ၁၉၇၄ ထိ ဝရမ်းထုတ်ထားတာတွေကို သူတို့ လုံးဝ မသိဘူး။ လူမှုကွန်ယက်မှာ ဘာတွေကြည့်ကြလဲ မသိဘူး။ ဒင်းတို့သိတာ ပီဒက်က လူသတ် ဘုန်းကြီးသတ် အိမ်မီးရှို့ ကျောင်းမီးရှိုတယ်ဆိုတာချည်းပဲ။ တကယ့် တလွှဲတွေချည်းကို ယုံကြည်မှုအပြည့်နဲ့ ယုံတာ။ သူတို့ ယုံကြည်မှုက သရဏံ ဂစ္ဆာမိ မလုပ်ကြရုံတမယ်ရယ်။ စစ်ရှောင်တွေကနေ စကစက ဘယ်လိုရက်စက်လဲ ဘယ်လောက်ရက်စက်လဲပြောနေတာတောင် ဒင်းတို့က ပီဒက်ကို ဇွတ်အပြစ်ဖို့တာ။ ပီဒက်ကြောင့်။ ပီဒက်ကြောင့် ဆိုတာချည်းပဲ။
မနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းလောက်မှာ သတင်းတပုဒ်တက်လာတယ်။ အဲဒါကတော့ နေပြည်တော် သပြေကုန်း ဆန္ဒပြပွဲမှာ မြသွဲ့သွဲ့ခိုင်ဆိုတဲ့ ၁၉ နှစ်အရွယ် ကျောင်းသူလေးတယောက် ခေါင်းကို သေနတ်နဲ့ ချိန်ပစ်ခံခဲ့ရတယ်ဆိုတာပါပဲ။ ဆယ်ရက်အကြာမှာတော့ သူမ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်ရဲ့ ဖေဖော်ဝါရီထဲမှာ ၂၅ ယောက်အထိ စကစက သတ်တာ ခံရတယ်။ ၂၀၂၁ ခုနှစ် မတ်လ တစ်လထဲမှာတင် ၅၄၉ ယောက်အထိ စကစဘက်က သတ်ဖြတ်တာကို ခံရတယ်။ ၂၀၂၁ ဧပြီလထဲမှာ စကစဘက်က ၁၆၈ ယောက်အထိ လူတွေကို ဆက်လက်သတ်ဖြတ်တယ်။ ဒီအချိန် နိုင်ငံတကာ ဖိအားတွေလည်း အရမ်းများလာပြီ။ ၂၀၂၁ မေထဲမှာတော့ မသတ်တော့ဘူးလို့ ထင်ခဲ့တယ်။ ထင်တာ မှားတာပါပဲ။ ဒါပေမယ့် နောက်ထပ် ၇၉ ယောက်ကြီးများတောင် ထပ်သတ်ပြပြန်တယ်။ လူသတ်တာလည်း လက်တော်တော်လေး ယဉ်နေကြပြီ။ အရသာလည်း တော်တော်တွေ့နေကြပြီ။ လူ့ဂုဏ်သိက္ခာဆိုတာတွေကို မသိကြဘူး။ ဇွန်လထဲမှာ လူ ၃ ယောက်ထပ်သတ်တယ်။ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာမှာ သတ်တာ ဖြတ်တာကို စကစဘက်က ရပ်သွားတယ်။ ဟူး တော်သေးတယ်လို့ စိတ်က ဖြေမိရုံရှိသေးတယ်။ အောက်တိုဘာမှာ ထပ်ဒိုင်းပြန်ရော။ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ရဲကတည်းက လူ့စိတ်ပျောက်နေတဲ့ အဆောက်အအုံကြီးဆိုတာ သိလိုက်တယ်။ ဒီကဘုန်းကြီးတွေကတော့ ခုထိ စစ်တပ်ကို ချီးမွှမ်းခန်းဖွင့်လို့ကို မပြီးနိုင် မစီးနိုင်ပါဘဲ။ ဘီဘီစီ ဘီအိုအေတို့က ဒေါ်လာစားတွေလို့ ယုံနေကြတဲ့ ကိုယ့်ဘေးက ဘုန်းကြီးတွေကို ဘာမှလည်း ပြောလို့မရဘူး။ သိမိသလောက် ဒီဘက်မှာ စကစကို မထောက်ခံတဲ့ ဘုန်းကြီး မရှိသလောက်ပါပဲ။ သိန်းစိန်ဂျင်းထည့်ခဲ့တဲ့ ဈေးပေါတဲ့ မဘသအဆင့်နဲ့ ဖရဏာပီတိနေကြတော့ ကိုယ့်မှာ တပါးတည်း စကားဝိုင်းတိုင်းမှာ ရေငုံနှုတ်ပိတ်နေနေရတယ်။ တခါခါ သူတို့စကားထဲပါလာတာလေးကလည်း ချစ်စရာကောင်းပြန်တယ်။
“အရင်တုန်းက ငါတို့တိုင်းရင်းသားတွေကို သတ်ပြီး ပြန်သွားကြတဲ့ စစ်သားတွေကို ပန်းကုံးတွေနဲ့ ကြိုကြတဲ့ ဗမာမတွေ ခုတော့ ဘယ်လိုနေလဲ မသိဘူး”
ဒီလိုစကားတွေ ပါလာပြန်တော့ အကြောက်လွန်ပြီး ကိုးကွယ်တဲ့အဆင့် ရောက်များသွားကြတာလားလို့လည်း တခါခါ တွေးမိပြန်တယ်လေ။ ဘာသာတရားအားလုံးရဲ့အစ ကိုးကွယ်ခြင်းအားလုံးရဲ့အစက ကြောက်ခြင်းပဲကိုး။ ဖေမြင့်ရဲ့ နာမည်ကြီး စာအုပ်နာမည်များ ကောက်သုံးလိုက်ရမလားမသိဘူး။ ဂယ်ပဲ။
“ဘီဘီစီနဲ့ ဘီအိုအေတို့ လိမ်တယ် မလိမ်ဘူးဆိုတာ ငါသိတာပေါ့ ဇောတယ”
ဆိုတဲ့ ကိုယ့်ထက် ထေရ်ကြီးဝါကြီးတွေကလည်း တမှောင့်ဆိုတော့ ဘာလို့ သူတို့တွေ သတင်းအချက်အလက် အမှားကြီးတွေကို တောက်လျှောက်ရနေလဲ စဉ်းစားလို့ကို မရဘူး။ Death to 2021 ဆိုတဲ့ သတင်းရုပ်ရှင်ကို ကြည့်မိတော့ ထရမ့်လိုလူမျိုး ထရမ့်ပိုင်တဲ့ မီဒီယာလိုမျိုးက သတင်းအမှားတွေ တောက်လျှောက်လွှင့်နေတော့ ပြည်သူတွေလည်း နဝေတိမ်တောင်တွေဖြစ်ရတယ်ဆိုတာ သိလိုက်ရတယ်။ ဆင်ခြင်ခြင်းဆိုတာ အလကားပဲ။ အမှားကြီးတွေ ဆင်ခြင်ကြရင် အမှားကြီးကို တောက်လျှောက်ယုံကြတာပဲ။ ငါသိသလောက်တော့ အေးပိုင်ဆိုတဲ့ ရှေ့နေလိမ်ကြီးက အင်နယ်ဒီကြောင့် သာသနာဘယ်လို ပျက်စီးသွားတယ်ဆိုတဲ့ တရားလာပြသွားရာကနေ ဒီက ဘုန်းကြီးတွေအကုန် နိဗ္ဗာန်ရောက်သွားကြသလားပဲ။ ကောင်းလိုက်တာ။ နိုင်ငံခြား ကုမ္ပဏီတွေ ထွက်သွားတာတောင် သူတို့က ဒေါ်စုထွက်ခိုင်းလို့ ထွက်သွားကြတာဆိုပြီး ပြောတယ်။ ကုန်ပစ္စည်းဈေးတက်တာလည်း ဒေါ်စုကြောင့်ဆိုပဲ။ တခါခါလည်း အရမ်းတိတ်လွန်းရေင် မကောင်းတတ်လို့ ကုမ္ပဏီကြီးတွေ ထွက်သွားတာတော့ မကောင်းဘူးနော် လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်တယ်လို့ နည်းနည်းလေး ဟကြည့်ရတယ်။ “တကယ်တော့ နိုင်ငံခြားကုမ္ပဏီတွေက ကုမ္ပဏီအကြောင်းပြပြီး သာသနာလာပြုကြတာ၊ ဒိထက်ပိုပြီး ပြန်သွားကြရင် ဗုဒ္ဓဘာသာအတွက် ပိုစိတ်အေးရပြီ”။ ဘယ်လိုအချက်အလက်တွေများ သူတို့ရင်ထဲ နေရာယူထားကြတာလဲ။ နေဝင်းသီချင်းပဲ ထဆိုပြလိုက်ရမလားပဲ။
သံဃာ့ကိစ္စကြောင့်ဖြစ်ဖြစ် သာရေးနာရေးကြောင့်ဖြစ်ဖြစ် သံဃာတွေ စုဝေးမိပြီဆိုတာနဲ့ ကိုယ်မှာ ချဉ်ပါတယ်ဆိုတဲ့ အသီးတွေချည်း ဘာကြောင့် ထိုင်းစားပြီး ဆေးလိပ်ချည်း ထိုင်ဖွာနေရတာလည်းဆိုတာကို မသိကြတဲ့ သူတွေက “အရှင်ဘုရားလို နိုင်ငံရေး စိတ်မဝင်စားတာပဲ ကောင်းတယ်” ဆိုတဲ့ မှတ်ချက်က ရှိသေး။ အလှပုံချည်းတင်နေလို့ အန်းဖရင့်လိုက်ကာမှ မသိသားဆိုးဝါးစွာ ပြန်အက်လာကြတဲ့ ဟာတွေက ရှိသေး။ ထွီ ရွံဖို့ ကောင်းလိုက်တဲ့ လူတွေနဲ့ ကာလတခု။ သူငယ်ချင်းတွေလည်း နည်းလာတယ်။ စကားပြောစရာလည်း နည်းလာတယ်။ လုပ်ကိုင်စရာလည်းနည်းလာတယ်။ ဆေးလိပ်ဖွာနေတာပဲ ကောင်းတယ်။ ဈေးကြီးလိုက်တာ။ တစ်ဗူး ၂၆၀၀။ တရက်တဗူးကုန်တာ။ ဆယ်ရက်ကို ၂၆၀၀၀။ တလကို ၇၈၀၀၀ ကျပ်။ ဖာ့ခ်။
အိမ်ပြန်မလာနိုင်ကြတော့တဲ့သူတွေ၊ မိသားစု မစုံတော့တဲ့ထမင်းဝိုင်းတွေ၊ ပြန်စရာ အိမ်မရှိတဲ့သူတွေ များများလာတယ်။ ကောက်မိတဲ့ စာရင်းအရ မီးအရှို့ခံရတဲ့ အိမ်ပေါင်း ၃၃၀၀ ကျော်။ ဖျက်ဆီးခံရတဲ့ အိမ်တွေ ဆိုင်တွေ ချိတ်ပိတ်ခံရတဲ့ အိမ်တွေ ဆိုင်တွေ စာရင်းခုထိ မသိရသေး။ စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော်။ ဒါတွေကို မသိမမြင်နိုင်ကြသေးတဲ့ နလိပိန်းတုံးတွေလည်း ဖာ့ခ်ပဲ။
ကမ္ဘောဒီးယား ပြုပြင်ရေးကာလတလျောက်လုံးမှာ ပြန်လည်ဂလှဲ့စားချေခြင်းဟာ ဆယ်စုနှစ်လို့ တွက်ခဲ့ကြပေမယ့် ၁၅ နှစ်ထိကြာသွားခဲ့တယ်တဲ့။ ဒါတွေ မသိကြတဲ့ ဒလန်တွေအတွက် လောလောဆယ်တော့ အမျှ အမျှ အမျှ။