အဲဒီသစ်ပင်က ကျနော့်ကျောင်းရဲ့ အပြင်ဘက် သူများခြံထဲမှာ ရှိတာပါ။ ကျောင်းအပြင်ဘက်လို့ ပြောရရင် ကျောင်းအနေအထားကိုလည်း ပြောရမယ်။ ကျောင်းက တောင်ကုန်းပေါ်မှာ ရှိတာ။ တနေရာရာသွားမယ်ဆိုရင်တောင် အတင်းအဆင်းပြုဖို့ မဆိုစလောက်ကလေး ကပ်သီတဲ့နေရာမျိုး။ ခက်တယ်ရယ်လို့လည်း မဟုတ်ပြန်ဘူး။ ကျောင်းက ၈ဧကခွဲလောက်ကျယ်တော့ ကျောင်းနေရာအနှံ့ သိပ်မရောက်ဖြစ်တာ။ မရောက်ဖြစ်ဘူးဆိုပေမင့် တကျောင်းလုံးရဲ့ အမှိုက်ပစ်ဖို့ ခုနက သစ်ပင်ရှိတဲ့ ခြံဘေးနားလေးမှာ ကျင်းသွားတူးထားတယ်။ သူ့ခြံကလည်း ကျနော်ဒီမှာလာနေတဲ့ ခြောက်နှစ်တာအတွင်း အမှိုက်လာရှင်းတာတို့ ခြုံလာရှင်းတာတို့ တခါမှ မရှိဖူးဘူး။ ဝင်းကိုတော့ ကွန်ကရစ်တိုင် သံဆူးကြိုးနဲ့ ခတ်ထားတာပဲ။ ပိုင်ရှင်က ဘာသာခြားမို့လို့ ဘုန်းကြီးကျောင်းဘေးကို မလာရဲဘူးလို့လည်း အသံသဲ့သဲ့ကြားဖူးတယ်။ ရောင်းတဲ့သူကလည်း မရှိတော့ဘူး။ မရှိတော့တာတော့ မဟုတ်ဘူး။ ရှိသေးတယ်။ သူနဲ့ မဆိုင်တော့တာ။ ရွာဆိုတာက ဒီလိုပဲ။ သူကြီးတယောက်တက်လာရင် ရွာဘေးက မြေအလွှတ်ကို ခြံကွက်အဖြစ် ရိုက်ရောင်းတာပဲ။ ရံပုံငွေဆိုပါတော့။ တစ်နှစ်လောက်ပဲ ခံလောက်မယ့် ရာထူးရှိတုန်းလေးမှာ မြေကွက်လေး တကွက်နှစ်ကွက်လောက်တော့ စွံမှ အသုံးအစွဲလေး နည်းနည်းပိုလျှံမှာဆိုတော့ ဝယ်လက်ရှိတုန်း ထိုးရောင်းကြရတာပေါ့။ သူကြီးတွေအနေနဲ့လည်း မရောင်းလို့ မဖြစ်ဘူး။ ဟိုက ဒီက အစည်းအဝေးခေါ်ရင် သွားဖို့ ပိုက်ဆံကို ရွာက ထုတ်ပေးတာ မဟုတ်ဘူး။ ပအိုဝ်းရွာတွေဆိုရင် ပိုဆိုးတယ်။ သူကြီးကို ရုံးပိုင်းဆိုင်ရာကပဲ ခေါ်တာ မဟုတ်ဘူး။ ဒေသန္တရဘက်ကလည်း ခေါ်တယ်။ ဘုန်းကြီးတွေလည်း ခေါ်တယ်။ ဘုန်းကြီးဆိုလို့ ကိုယ့်ရွာမှာ ကျောင်းထိုင်တဲ့ ဘုန်းကြီးဘဲ မကဘူး။ အုပ်စုဘုန်းကြီး၊ နယ်မှာ ဩဇာရှိတဲ့ဘုန်းကြီးနဲ့ ပအိုဝ်းလူမျိုးဘုန်းကြီးတွေပါ သူတို့လုပ်စရာရှိတိုင်း ခေါ်တာ။ ဆိုတော့ သူကြီးဖြစ်ရင် မန်းနီးမဖန်လို့ကို မရဘူး။ ဒီလို ဖန်ရင်း ကျနော့်ကျောင်းဘေးနားလေးက ခြံလည်း အကြံခံလိုက်ရတယ်လို့လည်း ဆိုပါတော့။ သူကြီးဆိုတာကလည်း ခဏခဏပြောင်းတော့ ဘယ်သူ့လက်ထက်မှာ ဘယ်သူ့ကို ရောင်းလိုက်ပြီး ဘယ်သူက ဆက်ဝယ်ထားမှန်းကို မသိတော့တာ။ ပိုင်ရှင်ကတော့ ရှိနေတာပဲ။ အဲလိုပြောလို့ သတိရမိတာ ရှိသေးတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ရန်ကုန်မှာ အမျိုးသမီးတယောက်နဲ့ ဆုံတယ်။ သူ့အသက်က လေးဆယ့်ငါးလောက် ရှိမယ်။ ကျနော့်ကို တောင်ကြီးကမှန်း သိလို့လာမိတ်ဆက်တာ။ အဲမှ သိလိုက်တာက အဲဒီအမျိုးသမီးက တရုတ်လူမျိုးဖြစ်နေတယ်။ တရုတ်လူမျိုးဖြစ်တဲ့အပြင် မြန်မာနိုင်ငံဖွားလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာစကားကိုတော့ လည်လည်ဝယ်ဝယ်တတ်တယ်။ သူပြောတာက သူတောင်ကြီးဘက်မှာ မြေဝယ်ထားတာ ရှိတယ်။ တခါမှတော့ မရောက်ဖူးသေးဘူး။ သွားကြည့်ချင်နေတာ။ နယ်မြေအေးချမ်းရဲ့လားဆိုပြီး လာမေးတာ။ သွားလို့ရပါတယ်။ မှတ်ပုံတင်ရှိရင် ပိုကောင်းတာပေါ့လို့ ပြောလိုက်တော့ မြန်မာ မှတ်ပုံတင် ရှိတယ်တဲ့။ သုံးခုတောင် ဆိုပဲ။ မြန်မာနိုင်ငံအခြေအနေကို တွက်ဆရင်း တရုတ်နိုင်ငံဖွား တရုတ်လူမျိုး တရုတ်မမှာ မြန်မာမှတ်ပုံတင် သုံးခုရှိနေတာကို မအံ့ဩမိပါဘူး။ မြန်မာနိုင်ငံဖွားသော်ငြား ဘိုးဘွားထဲမှာ တရုတ်လူမျိုးတယောက်ပါနေလို့ မှတ်ပုံတင်လုပ်မရတဲ့ တရုတ်အနွယ်ဝင် မြန်မာလူမျိုးတွေ ရှိနေသေးတာကိုပဲ အံ့ဩရတယ်။ အဲလို လူမျိုးတွေ အသိထဲမှာလည်း တပြုံတပင်ကြီးရယ်။ မွေးပြီး ငါးနှစ်အရွယ်ကတည်းက ထိုင်ဝမ်မှာနေ ထိုင်ဝမ်လူမျိုးအဖြစ် ခံယူထားတဲ့ တရုတ်မတယောက်မှာတောင် မြန်မာမှတ်ပုံတင် ရှိနေတာ တွေ့ဖူးတာကို ကိုယ့်အသိတွေကျတော့ ဘယ်လိုလုပ်ပြီး မှတ်ပုံတင် မရတာလည်း မသိဘူး။ ဒီလိုအနေအထားတွေ ပြည့်နေတဲ့ မြန်မာနိုင်ငံထဲမှာ ကျောင်းဘေးနားက ပေခြောက်ဆယ် ပတ်လည် ခြံကလေး ဘယ်သူဝယ်ထားလို့ ဝယ်ထားမှန်း မသိနိုင်ဘူးပဲ ဆိုပါစို့။ အဲဒီခြံနဲ့ အိမ်ဝိုင်း သုံးဝိုင်းစာလောက် အဝေးမှာ ကားကြီးဝပ်ရှော့ တခုရှိတယ်။ ကားကြီးဝပ်ရှော့ဆိုတော့ သိကြတဲ့အတိုင်း အနံ့အသက်က အစုံထွက်တာ။ ဒီတော့ အမှိုက်ကျင်းကို အဲနားတူးတာ ကန့်ကွက်သူ မရှိနိုင်လို့ သွားတူးပြီး အမှိုက်ပစ်၊ မီးရှို့ပေါ့။ အမှိုက်ပစ်ရင်း တချက်တချက် ကြည့်ကြည့်မိတာက အဲဒီခြံထဲမှာ သစ်ပင်တပင်ရှိနေတာပါ။ တပင်တည်းပေါက်နေတာတော့ မဟုတ်ပါဘူး။ တခြံလုံး နေကြာရိုင်းပန်းခြုံတွေနဲ့ ပြည့်နေတာကနေ ခြံထောင့်လေး တနေရာမှာ သစ်ပင်တပင်က နည်းနည်းထိုးထိုးထောင်ထောင်ဖြစ်နေတာ။ ခြံထဲများ ကြည့်လိုက်ရင် သစ်ပင်တပင်ရယ် ခြုံတွေပြည့်နေတာရယ်ပဲ မြင်ရတယ်။ သစ်ပင်အမျိုးအစားက ထင်းလုပ်လို့ရတဲ့ အမျိုးအစားထဲလည်း မပါသလို သစ်လုပ်လို့ရတဲ့ အမျိုးအစားထဲလည်း မပါပါဘူး။ ဒီမှာက ထင်းကို ဖြစ်ကတတ်ဆန်း သစ်ပင်ကို ခုတ်တာမျိုး သိပ်မလုပ်ကြဘူး။ မီးစွဲမှ။ မီးကျီးကောင်းမှ။ တောက်မှ။ အသားတွေသုံးမယ်ဆိုရင်လည်း အဲလိုပဲ။ ကောင်းမှ၊ ခိုင်မှ။ ပိုးမထိုးမှ။ အဲလိုဆိုတော့ အဲဒီခြံမှာ ပေါက်နေတဲ့ သစ်ပင်က အပိုပင်ပေါ့။ အပိုပင်ဆိုပေမယ့် အရွက်က နွေမိုးဆောင်း သုံးရာသီစလုံး စိမ်းစိုနေတယ်။ အရိပ်ကောင်းရတဲ့ အမျိုးအစားထဲမှာပါတယ်။ အရိပ်ကောင်းရတဲ့ သစ်ပင်အမျိုးအစားမျိုးဆိုတာကလည်း ခပ်ရှားရှားမို့ အရိပ်အတွက် အလိုရှိရင် အဲဒီခြံထဲမှာပေါက်နေတဲ့ သစ်ပင်ကလည်း အကျိုးရှိတဲ့ သစ်ပင်တပင်ပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူပေးတာတို့၊ အောက်ဆီဂျင်ထုတ်ပေးတာတို့၊ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတာတို့ မပါစတမ်းပြောကြည့်တာပေါ့။ သိပ္ပံပညာရှင်တွေကတော့ သစ်ပင်ရှိတဲ့ အိမ်ကလူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေပိုနည်းတယ်လို့ ပြောတာပဲ။ ဘာအကျိုးရှိရှိ သစ်ပင်ကတော့ အခု အခုတ်ခံလိုက်ရပါပြီ။ ခုတ်လိုက်တဲ့သူက ကျောင်းဝိုင်းနဲ့ မနီးမဝေး ကာကြီးဝပ်ရှော့နဲ့ ကပ်လျက်ခြံမှာရှိတဲ့ အိမ်က အမေတယောက် လာခုတ်သွားတာ။ သူမခုတ်ခင်က သူနဲ့ အဲဒီသစ်ပင်အကြောင်း ပြောဖြစ်သေးတယ်။ တခြားအကြောင်းမဟုတ်ပါဘူး။ သစ်ပင်ရဲ့ အခြေက နည်းနည်းလေး ရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေရာမှာ ကလေးတွေ ဆေးလာသုံးတယ်ထင်တယ်လို့ ပြောဖြစ်တာ။ ဒီမှာက မူးယစ်ဆေး အလွယ်တကူရတာကိုး။ ကလေးတိုင်းနီးပါး မူးယစ်ဆေးသုံးတတ်ကြတယ်။ ဒါတောင် ရွာက လူစိမ်းအဝင်အထွက် အမြဲစစ်တယ်။ မူးယစ်ဆေး တစ်လုံးမိရင် ဒဏ်ငွေ တသိန်းဆောင်ခိုင်းတယ်။ တဆင့်ပြန်ရောင်းတယ်ကြားလို့ကတော့ ရွာကတောင် နှင်ထုတ်တယ်။ ကျောင်းဘေး ကွက်လပ်မှာ ကျူးရောက်လာတယ်။ အစက ဗမာလူမျိုးထင်လို့ ဗမာလို ပြောကြည့်တာ။ မဟုတ်ဘူး။ ပအိုဝ်းဖြစ်နေတယ်။ ရွာက နှင်ထုတ်ထားလို့တဲ့။ ဘာလို့များလည်း မေးတော့ မူးယစ်ဆေးရောင်းလို့တဲ့။ သူတို့ဝန်ခံတာတော့ မဟုတ်ပါဘူး။ ရွာက ဒေါ်ဂွက်ထော်ကို မေးကြည့်တာ။ ဒေါ်ဂွက်ထော်လို့ ပြောတာနဲ့ သိကြရဲ့ မဟုတ်လား။ အရင့် မြန်မာ့ ရုပ်ရှင်တွေထဲက အတင်းတုပ်တဲ့နေရာမှာ သရုပ်သကန်အတော်ကောင်းတဲ့ အမျိုးသမီးလေ။ ဒဏ်ကြေးကလည်း ကြီးပြီး ရွာက နှင်ထုတ်မှုတွေ ရှိကြားထဲကနေ ဆေးသုံးတဲ့သူက များနေသေးတာ။ ရွာကလည်း ကြပ်တော့ ဆေးသုံးတဲ့သူက အကာအကွယ်ယူသုံးကြရတယ်။ အကာအကွယ်ကတော့ ရွာနဲ့လည်း လှမ်း၊ ဘုန်းကြီးကျောင်းနဲ့လည်း လှမ်းတဲ့ အဲဒီခြံထဲ သစ်ပင်တပင်အောက်ကတော့ဖြင့် ခွင်ပေါ့။ အမှန်တော့ အဲဒီအမေနဲ့ ပြောဖြစ်တဲ့ အဲဒီသစ်ပင်ခြေက ရှင်းနေရတဲ့ အကြောင်းအရင်းက ကျနော် ကောက်ချက်ချသလို မဟုတ်ခဲ့ပါဘူး။ အဲဒီအမေမှာ နွားတထောင်စာ အုပ်ချုပ်ရတဲ့ သမီးလေးတကောင်ရှိနေခဲ့တာ။ အဲဒီသစ်ပင်ကြောင့် သူ့တို့အိမ်မှာ အဝါဟဝိဝါဟ ဖြစ်သွားတယ်လေ။ ကားကြီးဝပ်ရှော့က ကားသမားလေးနဲ့။ မင်္ဂလာပွဲကလည်း တော်တော်ကြာခဲ့ပြီ။ သစ်ပင်တောင် အညှောက်သစ်တွေနဲ့ ပြန်လည်ဝေဆာနေရှာပြီ။