ကိုယ့်အဖြစ်က တနေ့တော့ ကုမ္ပဏီတစ်ခုက အထပ် သုံးဆယ်လောက် ရှိတဲ့ Shopping Mall ကြီးတစ်ခု ဆောက်လိုက်တယ်။ ဒါရိုက်တာတွေ တွက်လိုက်တာက Shopping Mall သည်လည်း သူတို့သွားလာနေကျ ရုံးတွေပါဝင်တဲ့ ကွန်ဒိုကြီးတစ်ခုလောက်ပဲလို့။ တကယ်တမ်းကျတော့ shopping Mall ဆိုတာ လူဝင်လူထွက် အရမ်းများတယ်ကိုး။ သူတို့ ဆောက်လိုက်တဲ့ ဈေးကြီးမှာ လှေကားတွေကို ပုံမှန်လှေကားပဲ ထည့်ဖြစ်ခဲ့တယ်။ အသုံးလည်းပြုရော လှေကားမှာ လူတွေ အရမ်းကြပ်တယ်။ ဒီအတွက် ကုမ္ပဏီဒါရိုက်တာတွေ ပြန်ပြီးအစည်းအဝေးထိုင်တယ်။ လှေကားကို ထပ်ချဲ့ဖို့။ သူတို့ အမျိုးမျိုးစဉ်းစားတယ်။ ဆိုင်ခန်းတချို့ဖျက်ပြီး လှေကားကို ထပ်ချဲ့ရမယ်။ အဲဒီ ဆိုင်ခန်းတချို့က လှေကားဘေးဆိုင်ခန်းတွေ။ ဘယ်သူမှလည်း အဖျက်ခံချင်မှာ မဟုတ်ဘူး။ ဒါကတချက်။ ဆိုင်ခန်းတွေဖျက်။ လှေကားပြန်လုပ်ရင် ဈေးကြီးကို တစ်ခဏတော့ ပိတ်ရမယ်။ ဒါကလည်း မဖြစ်နိုင်ဘူး။ ဈေးက အောင်မြင်နေပြီ။ ဒီအချိန်မှ ထပိတ်ရင် ဆက်အောင်မြင်သွားဖို့က မလွယ်ဘူး။ ဘယ်လိုလုပ်ကြမလဲ ခေါင်းတွေပူနေချိန် အနီးအနားက သန့်ရှင်းရေးသမားက ထပြောတယ်။
“ကျနော်သာဆို အဆောက်အဦဘေးမှာ ဓာတ်လှေကား တပ်ပေးလိုက်မယ်” တဲ့။
နိုင်ငံခြားက ဒါရိုက်တာတွေမို့လို့ သန့်ရှင်းရေးသမားရဲ့ အကြံကို ယူတာ။ ကျနော်သာဆို မယူဘူး။ သန့်ရှင်းရေးသမားနဲ့ ကုမ္ပဏီဒါရိုက်တာ အဆင့်အတန်းချင်းမှ မတူတာ။ (ဒီသန့်ရှင်းရေး သမားကြောင့် ရှော့ပင်မောတွေတော်တော်များများ ခုထိ ဓာတ်လှေကားကို အပြင်မှာ ဆင်တုန်း။) ကိုယ့်အဖြစ်က အဲဒီ ကုမ္ပဏီဒါရိုက်တာနဲ့ သွားတူလေတော့ Critical thinking နဲ့ စာသင်တဲ့ နည်းတွေကို တော်တော်ကြာကြာ မရလိုက်ဘူး။
ကျွန်တော်ဟာ critical thinking ရဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ Emotional ရဲ့ ကိုက်ခဲထားခြင်းကို ခံနေရတယ်။ EQ လို့ဆိုပေမယ့် EQ မှာ Q မပါတဲ့ Emotional ဟာ တော်တော်ဆိုးပါတယ်။ ၂၀၁၆ မှာ ထာဝရရိပ်သာမှာ SEM အဖွဲ့က တစ်ပတ်လုပ်ခဲ့တဲ့ ဘုန်းတော်ကြီးများ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်လာရေး သင်တန်းတစ်ခုမှာ “ဆရာန” (Natha Dannonthadharm) က Emotional ကို “ဝေဒနာ” လို့ ဘုန်းတော်ကြီးတွေ နားလည်အောင် ဘာသာပြန်လိုက်မှ အော် ဟုတ်ပေသားပဲရယ်လို့ နားပေါက်သွားတယ်။
Quotient မပါတဲ့ လူတွေရဲ့ Emotional ဟာ ကွန်ပျူတာ မှတ်ဉာဏ် နဲ့သွားတူတယ်။ မှတ်ဉာဏ်တော့ မှတ်ဉာဏ်ပဲ။ ဒါပေတဲ့ မှာတ်ဉာဏ်အတု Artificial Intelligence လောက်ပဲ။ ချက်ဆို နားခွက် မီးမတောက်ဘူး။ နှလုံးကို ဝင်ဆောင့်တာ။ ဥပမာ ကွန်ပျူတာနဲ့ စစ်တုရင် (Chess) ကစားတယ်။ ကွန်ပျူတာက ဒါပြီးရင် ဒါပဲရွှေ့ရမယ်လို့သာ သိထားသလိုပဲ ခံစားချက်ဟာ လူကို ဒီလိုကြားရင် ဒီလိုသိရင် ဒီလိုသာလုပ်လိုက်လို့ ခိုင်းစေတတ်တယ်။ ဒီလိုများတွေ့ကြုံရင် ဒီလိုသာ ဖြစ်လိုက် ဒီလိုသာ ငိုလိုက် ဒီလိုသာ ပေါက်ကွဲလိုက် စသဖြင့် ခံစားချက်က လူကို အုပ်ချုပ်ပစ်တတ်တယ်။ ကိုယ်ဟာ AI လို နေထိုင်တတ်တဲ့ ဘဝနဲ့ ကျေနပ်ပြီး Emotional ဝင်ဆောင့်လို့ တစ်ချက် စိတ်ကို ပိတ်ထားလိုက်မိတယ်။ ကိုယ့်ခံစားချက်နဲ့ ကိုက်ညီရင် ကောင်းတယ်။ ကိုယ့်ခံစားချက်နဲ့ မကိုက်ညီရင် ဒါဟာ သရမ်းတာ။
နောက်တစ်ချက် စိတ်ကို ပိတ်လိုက်တဲ့ အရာက “အဖြေကို ကြိုတင်ခန့်မှန်းခြင်း” စိတ်ပါပဲ။ အချက်အလက်လောက်ပဲ တွေးပစ်တာ။ သူတို့ပြောတာ ဒါပဲနေမှာ။ ဒါပဲဖြစ်နိုင်လေရဲ့။ ဒီလိုပဲ ရှိပေမပေါ့။ ဆိုပြီး အချက်အလက်လောက်ကိုပဲ စိတ်ဝင်စားတာ။ အချက်အလက်လောက်ပဲ စိတ်ဝင်စားတာ ဆိုပေမယ့် ဒီအချက်က ကျယ်ပြန့်တယ်။ သူများနဲ့ ပြောဆိုဖူးထားတာ ရှိနိုင်တယ်။ စာဖတ်ထားတာ ရှိနိုင်တယ်။ လေ့လာထားတာရှိနိုင်တယ်။ ဆွေးနွေးထားတာတောင် ရှိနိုင်တယ်။ ဒါမျိုးတွေက ကိုယ်ကသာ နက်နက်ရှိုင်းရှိုင်းသိထားတယ်လို့ ထင်ရတာမျိုးနော်။ တကယ်တမ်း အကြမ်းဖျင်းပဲ။ သိထားတာတွေ အရမ်းများတယ်လို့ ဘာမဆို ကိုယ်သိပြီးသားပဲ ယူဆထားတဲ့ သူများဟာ အရာတော်တော်များများကို ဒီအချက်နဲ့ အသစ်ကို ထပ်မံစိတ်ဝင်စားဖို့ ခက်အောင် စိတ်ကို ပိတ်ထားတတ်တယ်။
ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ဒီပုံပြင်က ပုံစံအမျိုးမျိုးနဲ့ ကြားဖူးတယ်။ လူကွဲတာနဲ့ စာအုပ်ကွဲတာနဲ့ ပုံပြင်က ကွဲနေပေမယ့် ဆိုလိုရင်းက တူတယ်။ ဆိုလိုရင်းရောက်အောင်ကလည်း ပုံပြင်လေးနဲ့ ပြောရမှာမို့ ပထမဆုံးကြားဖူးတဲ့ တစ်ပုဒ်နဲ့ပဲ ပြောပါ့မယ်။ တနေ့တော့ ဂျပန်လူငယ်လေးတယောက်ဟာ သူ့ကိုယ်သူ ဘာကို မဆို သိတယ်။ ဘာကိုမဆိုတတ်တယ်။ (မြန်မာ့ ဘိုးတော်တွေ စကားတွေနဲ့ ပြောရရင် မ,တစ်လုံးကြေပေါ့။ မ,တစ်လုံးကြေဆိုတာက မသိတာ မရှိ၊ မတတ်တာ မရှိလို့ အဓိပ္ပါယ်ရတယ် ပြောတာပဲ။) ဒါပေမယ့် တိဘက်ဘုန်းတော်ကြီးတွေဆီမှာတော့ သူမသိသေးတဲ့ သူမတတ်သေးတဲ့ ပညာတွေ ရှိတယ်လို့ သူကြားထားတယ်။ ဒါနဲ့ တိဘက်ကုန်းပြင်မြင့်တွေဆီ ခရီးဆက်ခဲ့တယ်။ တိဘက်ဘုန်းတော်ကြီးကို သူ့အကြောင်းပြောတယ်။ တိဘက်ဘုန်းတော်ကြီးလည်း နားထောင်တယ်။ တိဘက်ဘုန်းတော်ကြီးတွေဆိုတာက ရေနွေးကြမ်းသောက်လေ့ ရှိတယ်။ ဂျပန်လူငယ်လေး ပြောတာကို နားထောင်ရင်း ဂျပန်ကောင်လေးကို ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ ဘုန်းတော်ကြီးဟာ နားထောင်ရင်း ဂျပန်လူငယ်လေး သောက်တဲ့ ရေနွေးကြမ်းခွက်လေးထဲကို ရေနွေးဆက်တိုက်ထည့်နေတယ်။ ဂျပန်လူငယ်လေးက သူ့အကြောင်း ပြောကောင်းကောင်းနဲ့ ပြောနေပေမယ့် ရေနွေးက ဖိတ်ရုံမကဘူး သူ့အပေါ်ပါ ကျလာတော့ ဘုန်းတော်ကြီးကို လှမ်းသတိပေးတယ်။
“အကြမ်းပန်းကန် လျံနေပြီ”
တိဘက်ဘုန်းတော်ကြီးက ပြန်ပြောတယ်။
“ပြည့်နေတဲ့ ခွက်ထဲကို ဘာထည့်ထည့် လျံမှာပဲ” တဲ့။
အချက်အလက်ကိုပဲ ကောက်ယူတတ်ပြီး အဖြေကို ကြိုတင်တွက်ဆခြင်းဟာ ပြည့်နေတဲ့ ပန်းကန်ထဲကို ထပ်ဖြည့်တာနဲ့ တူပါတယ်။ ဘာထည့်ထည့်မရပါဘူး။
ဒါနဲ့ သူတို့ Critical thinking နဲ့ သင်နေတဲ့ ပထမတစ်ပုဒ်ကို နားထောင်ကြည့်တယ်။ သင်နေတာက ပင်လယ်လိပ်ကြီးများအကြောင်း။ ပထမဆုံး သူတို့ပေးလိုက်တဲ့ နှစ်မျက်နှာနီးပါး ပင်လယ်လိပ်ကြီးများကြောင်းကို ဖတ်ခိုင်းတယ်။ ဖတ်နေချိန်မှာ တကယ်လို့များ သိပြီးသားဆိုရင် အမှန်ခြစ်ပါ။ အရင်က သိထားဖူးတာနဲ့များ ကွာနေရင် ကြက်ခြေခတ်လိုက်ပါ။ ကိုယ်သိထားတဲ့ အချက်ထက် ပိုပြီး သိလိုက်ရတယ်ဆိုရင် အပေါင်းလက္ခဏာလေးမှတ်လိုက်ပါ။ ကိုယ်ဖတ်နေတဲ့ အရာက မရှင်းဘူးဆိုရင် နားမလည်ဘူးဆိုရင် မေးခွန်းအမှတ်အသားလေး ခြစ်လိုက်ပါဆိုပြီး ဖတ်ခိုင်းတယ်။ နောက်ဆုံး အထက်သုံးချက်ကို အချင်းချင်း ဖလှယ်ခိုင်းပြီး မေးခွန်းအမှတ်အသားပါတဲ့ အချက်တွေ တူမတူ စစ်တယ်။ ကိုယ်မသိပေမင့် တခြားသူများ သိနေမလားဆိုပြီး မေးခွန်းကို ကြေငြာခိုင်းတယ်။ ဒီလိုရှင်းရင်း ဘယ်လိုမှ မရှင်းနိုင်တာတွေ တွေ့ခဲ့ရင် ဘယ်လို ဆက်ပြီး လေ့လာကြမလဲဆိုပြီး တိုင်ပင်တယ်။ အဲလို ဆွေးနွေးတိုင်ပင်ရင်း တခြားအချက်တွေထက် ခုထိ မှတ်မိနေတဲ့ အချက်တစ်ခုက ထွက်လာတယ်။ အဲဒီအချက်က ဆွစ်ဇာလန်နိုင်ငံမှာ ပင်လယ်လိပ်တွေ သားကောင်ပေါက်ပြီးလို့ ရေထဲ ဆင်းချိန် လိပ်ပေါက်လေးတကောင်ဟာ ပင်လယ်ဘက်ကို ဦးမတည်ဘဲ ကမ်းခြေပေါ်ရှိ မီးထိန်နေတဲ့ လူတွေရှိရာကို ဦးတည်နေလို့ ဒီလိပ်ကလေး လမ်းမှားနေရှာတယ်ထင်ရဲ့ ဆိုပြီး ခေါင်းကို လှည့်ပေးရင် ပြစ်မှုမြောက်ပါတယ် ဆိုတဲ့အချက်။ အမြင့်ဆုံးပြစ်ဒဏ် တစ်လအထိ ထောင်ချခံရနိုင်တယ် ဆိုပဲ။
ဘာကြောင့်လဲ။ လမ်းမှားနေတဲ့ လိပ်ဟာ လမ်းမှားချင်မှ လမ်းမှားမယ်။ ပင်လယ်လိပ်ဟာ ရေထဲကိုပဲ ဆင်းရမယ်လို့ ငါတို့တွေ ထင်ကောင်းထင်နေပေမယ့် ဒီလိပ်လေးဟာ တဖက်က မီးထိန်ထိန်ကို စိတ်ဝင်စားနေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သူတပါးရဲ့ စိတ်ဝင်စားမှုကို ဖြတ်တောက်တဲ့ အမှုအဖြစ် ဆွစ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါက လိပ်ကလေးမို့သာပေါ့။
ငါတို့တွေကော ငါတို့ကိုယ်ငါတို့ ဒါငါတို့နဲ့ မသင့်တော်လောက်ပါဘူးဆိုပြီး ရပ်ပစ်လိုက်တဲ့ စိတ်ဝင်စားမှု ဘယ်နှစ်ခု ရှိပြီလဲ။ ငါတို့ကိုယ်ငါတို့ ဆိုတာထက် ငါတို့တတ်တယ် ငါတို့သိတယ်ဆိုပြီး ကလေးလူငယ်ရဲ့ စိတ်ဝင်စားမှုတွေကို ကိုယ့်အတွေ့အကြုံနဲ့ မသင့်တော်ဘူးလို့ ဘယ်နှစ်ကြိမ်လောက် ဆုံးဖြတ်ချက်ချပေးလိုက်ပြီလဲ။ ကိုယ့်သား ကိုယ့်သမီးရဲ့ စူးစမ်းမှုကို ဘယ်လောက် တားမြစ်မိခဲ့ပြီလဲ။ ဆရာမများအနေနဲ့ကော။ ကလေးတွေကို နင်တို့နဲ့ မဆိုင်ဘူးလို့ ဘယ်နှစ်ကြိမ် အော်ဖူးပြီလဲ။ စာသင်ခန်းထဲက ကလေးတွေဟာ မ,တထောင်သားတွေမို့ Multi Intelligence ရှိတာကို ငါတို့လေ့လာပြီးပြီလား။ ငါတို့အတွေ့အကြုံလေးနဲ့ သူများလမ်းကို ဘယ်လောက်ထိ ပိတ်လိုက်မိပြီလဲ။
ဆိုပြီး စဉ်းစားစေပါတယ်။ ဘယ်သူ့မှ သိပ်အထင်မကြီးတတ်တဲ့ စိတ်၊ ကောက်ချက်ချတတ်တဲ့စိတ်၊ ခံစားချက်လွမ်းမိုးနေတဲ့စိတ်၊ အချက်အလက်တွေကိုပဲ ကောက်ယူတတ်တဲ့စိတ်တွေကြောင့် သူတို့သင်နေတဲ့ Critical thinking ကို ဘယ်လိုမှ အထင်ကြီးတော်မမူခဲ့ပါဘူးခင်ဗျာ။