စဉ်းစားဆင်ခြင်ခြင်း သို့တည်းမဟုတ် ပိုင်းခြားစဉ်းစားခြင်းဆိုတာကြီးနဲ့ ဆော့ခရတ္တိက စာတွေ ဘယ်လိုသင်ခဲ့တယ် မသိပေမယ့် ဒါနဲ့ စာသင်လို့ရတယ်လို့ သိခဲ့တာကတော့ နောင်တောင်းမှာ။ ကိုယ်က Critical thinking ဆိုတာကို စွမ်းရည်လို့ထင်တာ။ ဘယ်လိုစွမ်းရည်မျိုးလဲဆိုရင် မွေးရာပါ စွမ်းရည်လို့ ထင်တာ။ တချို့တချို့သော ခေါင်းဆောင်တွေ၊ တချို့တချို့သော စာရေးသူတွေ၊ တချို့တချို့သော အကြီးအကဲတွေက၊ တချို့တချို့သော အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြတတ်လွန်းတာကိုး။ သူတို့ အဲလို ခွဲခြမ်းစိတ်ဖြာပြထားတာများမြင်ရင်ဖြင့် အိုး-သူတို့ဖြင့် ‘တွေးတတ်လိုက်တာ’လို့ ယူဆပြီး သူတို့မို့သာ ဒီလိုမျိုးတွေးတတ်တာ၊ ငါတော့ဖြင့် မတွေးကို မတွေးတတ်ဘူးလို့ ပုံသေကားချပ် မှတ်ပလိုက်ရာကနေ စဉ်းစားဆင်ခြင်ခြင်းဆိုတာ မွေးရာပါ စွမ်းရည်လို့ ယူဆလိုက်တယ်။ မွေးရာပါ မဟုတ်ပါဘူးလို့ကို စာကို ဟန်ပြလောက်ပဲ ဖတ်ခဲ့တဲ့ ကျွန်တော် မသိခဲ့ဘူး။ အရင်က တစ်နှစ်ကို စာအုပ်သုံးရာဖတ်မယ်လို့ သန္နိဋ္ဌာန်တွေချပြီး ဖတ်ခဲ့သူ။ သို့သော် တစ်နှစ်ကို စာအုပ် သုံးရာဖတ်တော့ ဖတ်ခဲ့ပေမယ့် အုပ်ရေ ၃၀၀ ပြည့်အောင်ကိုသာ ဖတ်ခဲ့တာ။ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာတို့လို၊ ဆရာနတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းတို့လို၊ ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းမှာ လေညှင်းဆော်တော့တို့လို မပြောနဲ့။ မောင်ထွန်းသူရဲ့ ရဲတိုက်တို့တောင် ပြီးအောင် ဖတ်တာမဟုတ်ဘူး။ ကိုယ်စာစဖတ်တဲ့ခေတ်က လွန်းထားထားတို့ ရှင်မိုးတို့ နာမည်ကြီးတဲ့ခေတ်။ လွန်းထားထားစာအုပ်ဆို တစ်ကနေ ရာပြည့်အထိ ဖတ်ဖူးတယ်။ အဲဒါကြောင့် အရင်က စာရေးရင် “သော” “သော” စတဲ့ ဝိသေသနအရှည်ကြီးတွေနဲ့ ရေးခဲ့တယ်။ မင်းသိင်္ခဆိုရင် မဖတ်ဖူးတာ မရှိဘူး။ သူ့ကြောင့်လည်း “တနေ့သ၌” လို့ စာရေးရင် စစချင်မိတယ်။ ယခုအခါ၌ ဤနေရာတွင် မည်သည့်အဆောက်အဦကြီး ဆောက်ထားသဖြင့် အမှတ်အသားများ မထင်ရှားတော့တွေ ဘာတွေ လုပ်ချင်တာ။ ဒဂုန်ရွှေများတို့ ရွှေဥဒေါင်းတို့ရေးတဲ့ လျို့ဝှက်ဆန်းကြယ်တွေပဲဖတ်တယ်။ နေလင်းအောင် ဘုန်းကြွယ်တို့ကို အတွဲလိုက်ဖတ်တယ်။ စာဖတ်တာမှ ကာတွန်းတွေပါ မကျန်ဖတ်လို့ ဆရာမြသန်းတင့်ရဲ့ မာယာဘုံကို ကားတွန်းဇာတ်ကောင်နဲ့မှားပြီး ယာမာဘုံလို့ မှတ်မိနေသူ။ ဒီလို စာတွေကို ပလီစိချောက်ချက် ဖတ်ထားတာဆိုတော့ critical thinking ကို မွေးရာပါစွမ်းရည်လို့ သိခဲ့တာ မဆန်းဘူး။ ပေကပ်ကပ်နဲ့ ပေကလပ်ပေကလပ်ကိုယ်ဟာ ကျောင်းပြဋ္ဌာန်းသင်္ခန်းစာတွေကို အခြေခံပြီး critical thinking ဖြစ်အောင်နဲ့ ကလေးတွေကို တွေးခေါ်နည်း ပျိုးထောင်ပေးလို့ရတယ်ဆိုတာတွေကို နောင်တောင်းအရောက်မှာ သိလိုက်တယ်။
မြန်မာမှာ စကားတစ်ခွန်းရှိတယ်။ “မုန်းတော့အပြစ်၊ ချစ်တော့အကျိုး၊ မြတ်နိုးတော့သဒ္ဓါ” တဲ့။ ကိုယ်က မြန်မာနိုင်ငံမှာ နေသူပီပီ မြန်မာစကားပုံကို လိုက်နာပါတယ်။ ‘မုန်းတော့အပြစ်’ ဆိုတာ ကိုယ်မုန်းတဲ့သူ ဘာလုပ်လုပ် အပြစ်လို့ပဲ မြင်တယ်။ သူ့ဘာသာသူ ကောင်းတာလုပ်လုပ်။ ဆိုးတာလုပ်လုပ်။ အကျိုးရှိရှိ မရှိရှိ။ သူလုပ်တာမှန်သမျှ ဘာအသုံးမကျဘူး။ တခါခါ ကိုယ့်ကို ရွဲ့နေတယ်တောင်ထင်တယ်။ ‘ချစ်တော့အကျိုး’ ဆိုတာပြန်တော့ ကိုယ်ချစ်တဲ့သူများ တစ်ခုခုလုပ်ရင် အကုန်လုံးကို အကျိုးကို ရှိနေတော့တာပါပဲ။ ဒီနေရာမှာ သားဆိုးမိခင်တွေ လှမ်းမြင်ကြည့်။ လင်ဆိုးမယား တဖားဖားကိုလှမ်းမြင်ကြည့်။ ချစ်များချစ်နေရင်လေ ဘယ်လိုမှကို အပြစ်မမြင်တာ။ ‘မြတ်နိုးတော့သဒ္ဓါ’တဲ့။ ကိုယ်များမြတ်နိုးနေရင် ကျားကျား မမ ဘာကိုမဆို ပေးပစ်ချင်တာ။ မမြတ်နိုးရင် သေချာခယလာတောင်းရင်တောင် အပိုတွေလျှောက်လုပ်တယ်ထင်တယ်။ နောက်တစ်ခွန်းက “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း” တဲ့။ ဒီစကားပုံကတော့ ရှင်းပြစရာမလိုအောင် ရှင်းလှပါတယ်။ နောက်တစ်ခွန်းကတော့ နည်းနည်းမြင့်တယ်။ “ရွှေရှိတဲ့ဘုရားမှ ကုသိုလ်ပိုရတယ်” တဲ့။ နည်းနည်းမြင့်သလိုပဲ နည်းနည်းလည်း ရိုင်းတယ်။ ဒီစကားမှာ Critical thinking လုံးဝမပါဝင်ဘူး။ ဒီလို Critical thinking လုံးဝမပါတဲ့ စကားပုံက လိုက်နာလို့ပိုကောင်းတယ်။ ‘ဖွတ်ထွက်မှ တောင်ပို့မှန်း သိမှာက တစ်ကဏ္ဍ’။ ဒါတွေက လူတယောက်ရဲ့ ဖွင့်နေတဲ့ စိတ်ကို ပိတ်အောင် လုပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ကျော်ကတော့ ဒါမျိုး ကောင်းကောင်း လိုက်နာတဲ့သူဖြစ်တယ်။
ဒီထက် လူတစ်ယောက်ကို မြင်ပြီး ချက်ချင်း ကောက်ချက်ချလိုက်တတ်တဲ့ အကျင့်ကလည်း ရှိတတ်တဲ့ လူမျိုးတွေဖြစ်တဲ့အတိုင်း နောင်တောင်းမှာ ကျောင်းသင်္ခန်းစာတွေကို Critical Thinking နဲ့ စာဘယ်လိုသင်မလဲဆိုတာကို စသင်ပေးသူက ဆရာမသဇင်ကြည်။ အထက်က ပြောတာထက်ပိုတာက ကိုယ်ဟာ မြန်မာနိုင်ငံသားပီပီ ကိုယ့်အောက်က လူတွေဆီက ပညာမယူချင်ပါဘူး။ ကိုယ်က ဘုန်းကြီး။ သူက လူ။ ပြီးတော့ ကိုယ်က မန္တလေး ရတနာပုံနေပြည်တော်မှာ ၁၅ နှစ်လောက် ပရဟိတအဖွဲ့တွေဖွဲ့နိုင်ပြီး Bar camp တကာလိုက်တက်ပြီး နေလာတဲ့သူ။ သူက တစ်ခါက လက်နက်ကိုင်တွေ အလွယ်တကူ သွားလာခဲ့တဲ့ တောင်ကြီးမြို့ရဲ့ အရှေ့ဘက် မြို့သေးသေးလေးမှာ နေတဲ့သူ။ မြို့ကြီးမှာ နေခဲ့ရတော့ မြို့ငယ်ကို အထင်သေးတယ်။ ဘွဲ့တွေရထားတော့ ဆယ်တန်းတောင် မအောင်တဲ့သူ ဘယ်လောက် အဆင်ပြေနေနေ အထင်သေးတယ်။ ရာထူးလေးနည်းနည်းရှိရင် ရာထူးမရှိတဲ့သူကို အထင်သေးတယ်။ ငွေနည်းနည်းရှိတဲ့သူတောင် ငွေမရှိတဲ့သူကို အထင်သေးတယ်။ အိမ်ကြီးအိမ်ကောင်းနဲ့ နေရတဲ့သူဟာ အိမ်အိုငယ်လေးမှာ နေရသူကို အထင်သေးတယ်။ အခုစာဖတ်နေတဲ့သူတောင် အထင်သေးရတဲ့ သူတွေ အများကြီးမဟုတ်လား။ ပြီးတော့ ဒီစာရေးနေတဲ့ ဂျေဂျူဝိုင်က ဘာမို့လို့လဲတောင် ပါသေးတယ်။ အထင်သေးခြင်းရလာဒ်က ဘာလဲသိလား။ သူဘာပြောပြော အကောင်းမထင်တာပဲ။ သူဘာလုပ်လုပ် သိပ်လည်း ဖြစ်မယ်မဟုတ်ဘူးလို့ ယူဆတာပဲ။ သူဘာသိသိ အလကားတွေပါလို့ တွက်လိုက်တာပဲ။
ကောက်ချက်အလွယ်တကူ ချတတ်တဲ့ အကျင့်ဆိုတာကလည်း တော်တော်ဆိုးတဲ့ အကျင့်ပဲ။ Critical thinking လုံးဝ လုံးဝကို မထည့်တော့ဘဲ ဆရာမဂျူးရဲ့ ဇာတ်ကြောင်းတစ်ခုတည်းရဲ့ အန္တရယ် အက်ဆေးထဲကလို ဒီလိုလူစားတွေဟာ ဒီလိုပဲ တွေးမှာပဲ။ ဒီနေရာကလူတွေဟာ ဒီလောက်ပဲ တတ်မှာပဲလို့ ကောက်ချက်ချပစ်တာ။ ဒီကောက်ချက် အလွယ်တကူ ချခြင်းရဲ့ အပြစ်တွေကို ၂၀၁၄ ခုနှစ် ရန်ကုန် ရှစ်မိုင်ရှမ်းကျောင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ်လုပ်လာတဲ့ ဆရာမ ခင်ခင်ဆီကနေ သိလိုက်ရတယ်။ ဆရာမက ‘ကျမတို့ဟာ လူတွေကို အဝေးကနေကြည့်လေ့ရှိတယ်၊ ကြည့်ရုံတင်ဆိုရင် မဆိုးသေးပေမယ့် ကောက်ချက်ချပစ်တယ်၊ အဒီအတွက် ပေးဆပ်လိုက်ရတာကတော့ ငြိမ်းချမ်းရေး’ လို့ဆိုပါတယ်။ ကျနော်ကတော့ ငြိမ်းချမ်းရေး မဟုတ်ဘူး။ Critical thinking ကို မရလိုက်တာ။
နိဒါန်းကလည်း ရှည်တာ။ နောက်မှ ဆက်ရေးမယ်။