Critical thinking ကို ပထမဆုံး ဘာသာပြန်ကြတာက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းလို့ ဘာသာပြန်ကြတယ်။ နောက်ပိုင်းမှာတော့ ဝေဖန်ဆိုတဲ့ စကားလုံးက ကြမ်းတယ်လို့ ယူဆကြပြီးနောက် စဉ်းစားဆင်ခြင်ခြင်းလို့ Critical thinking ကို ပြောင်းပြီး ဘာသာပြန်ကြတယ်။
ဒီ Critical thinking ကို အစောပိုင်း ဘယ်သူ့ဆီမှာ တွေ့ခဲ့ကြသလဲဆိုရင် ဆိုကရေးတီးလက်ထက်မှာ တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိုကရေးတီးရဲ့ မေးပုံမေးနည်းတွေ ပြောပုံပြောနည်းတွေက Critical thinking ဆန်တယ်လို့ သုံးသပ်ခဲ့ကြလို့ပါပဲ။ ကမ္ဘာ့အနောက်ခြမ်းဘက်ကဆိုရင် ဂရိခေတ်ကတည်းက ဒါကို ပြောခဲ့တယ်ဆိုလို့ရှိရင် ကမ္ဘာ့အရှေ့ခြမ်းဘက်ကရော ဒါမျိုးတွေးခဲ့တာ မရှိဘူးလားလို့ ရှာဖွေကြည့်တော့ ဗုဒ္ဓဟောထားတဲ့ ကာလာမသုတ်ကို သွားတွေ့တယ်။ ကာလာမသုတ်ဟာ Critical thinking နည်းလမ်းပါပဲ။
တနေ့တော့ ကုလားဖြူကြီးတယောက် မြန်မာ့ပညာရေးကို ဝေဖန်ထားတဲ့ Documentary လေးတစ်ခု လူမှုကွန်ယက်မှာ တွေ့မိတယ်။ ကုလားဖြူကြီးတစ်ယောက်လို့ ဆိုရတာက သူ့အကြောင်းကို မသိလို့ပါပဲ။ သူ့အကြောင်းကို မသိရခြင်းအကြောင်းကလည်း ကိုယ်ကျင်လည်နေတဲ့ ဝန်းကျင်က သူမဟုတ်လို့ပါပဲ။ သူရင်းနှီးတဲ့ ဝန်းကျင်က လူတွေများ သိများသိရင်တော့ဖြင့် ငါတို့ရဲ့ ဆရာကို ပြောရက်လိုက်တာများလို့ ပြောချင်ပြောကြနေမလားပဲ။ သူ့နာမည်ကတော့ longyiman လို့တွေ့ရပါတယ်။ သူက မြန်မာ့ပညာရေး မအောင်မြင်ရခြင်းအချက် ၅ ချက်ကို ပြောသွားတယ်။ သူ့ဗွီဒီယိုကို လွန်ခဲ့တဲ့ မေလ ၂၄ ရက်က လွှင့်တင်ထားပါတယ်။ လူတိုင်းနီးပါးလည်း ကြည့်ဖူးပြီးသား ဖြစ်မှာပါ။ View က 1.3 M ရှိတာဆိုတော့။ သူပြောခဲ့တဲ့ အချက် ၅ ချက်က အောက်ပါအတိုင်း ဖြစ်ပါတယ်။
နံပါတ် (၁) မြန်မာကျောင်းတွေက ကျက်မှတ်နေရာချည်းပါပဲ။ နေ့တိုင်း စာအုပ်ထဲကနေပဲ သင်နေကြရတယ်။ စာအုပ်ထဲမှာ ရေးထားသမျှ ဆရာပြောသမျှ အကုန်ကျက်မှတ်ရတယ်။ ဒီနေ့ခေတ်မှာ ဘယ်အကြောင်းအရာမဆို ဖုန်းလေးထဲကနေ အကုန်ရနေတဲ့ ခေတ်ပါ။ အချက်အလက်တွေ ထိုင်ကျက်နေလို့ ဘာမှ ရလာမှာ မဟုတ်ပါဘူး။
နံပါတ် (၂) ကိုယ်တိုင် ရွေးချယ်စရာ ဘာမှ မရှိပါဘူး။ မြန်မာကျောင်းက သတ်မှတ်ထားတဲ့ အရာတွေဟာ ဆရာတွေက သူတို့သတ်မှတ်ထားတဲ့ နည်းအတိုင်း လိုက်လုပ်ခိုင်းပါတယ်။ ကျောင်းသားတွေက အဲဒါကို ထိုင်ကျက်နေရတာပါ။ ကျောင်းသားတွေက ဘာမှ စဉ်းစားလို့ မရပါဘူး။ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဲဒါကို ကျက်မှတ်ရတာပါပဲ။ ကျောင်းသားတွေရဲ့ တွေးခေါ်မှုကို ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။ ကျောင်းက သင်သမျှကို ကျောင်းသားတွေ တွေးခေါ်ခွင့် ရှိသင့်ပါတယ်။ ဒါမှ သူတို့ တိုးတက်လာမှာပါ။
နံပါတ် (၃) ကျောင်းသားတွေရဲ့ တွေးခေါ်ပုံကို မြှင့်တင်မပေးပါဘူး။ ကျွန်တော်တို့ သိပါတယ်။ လုပ်ငန်းရှင်တွေက ဘွဲ့ရပြီး သူတို့ဘာသာ သူတို့တွေးခေါ်တတ်တဲ့ လူကို လိုချင်တယ်ဆိုတာ။ ပြဿနာဖြစ်လာရင် နည်းစနစ်ကျကျ တွေးခေါ်ဖြေရှင်းတတ်သူကိုပေါ့။ ကျောင်းသားတွေက အဲလို မတွေးခေါ်တတ်ရင် ဘွဲ့ရတဲ့အခါလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ မသိပါဘူး။ နောက်ဆုံး သူတို့ ဘာစဉ်းစားမလဲ။ ငါတို့ ဆရာ ဘယ်လိုသင်ခဲ့လဲ ဆိုတာလောက်ပဲ စဉ်းစားတတ်တော့မှာ။ ဆိုတော့ စဉ်းစားဆင်ခြင်ခြင်းကို မသင်ပေးဘူးဆိုရင် မစဉ်းစားမဆင်ခြင်တတ်တဲ့ အလုပ်သမားတွေကို ရလာမှာ မလွဲပါဘူး။
နံပါတ် (၄) ကိုယ်တိုင် တီထွင်ဖန်တီးနိုင်စွမ်း မသင်ပေးပါဘူး။ ဖန်တီးခွင့်လည်း မပေးပါဘူး။ အတိတ်က ပြဿနာတွေဟာ အနာဂတ်အတွက် အဖြေပါ။ အနာဂတ်မှာ အဖြေရှာဖို့က စဉ်းစားတွေးခေါ်တတ်တဲ့ ကျောင်းသားတွေပဲ လိုအပ်ပါတယ်။
နံပါတ် (၅) ဒီပညာရေးက ခေတ်နောက်ကျနေပါပြီ။ လောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ပညာရေးစနစ်ကြီးပါ။ စာအုပ်တော်တော်များများနဲ့သင်္ခန်းစာတော်တော်များများက နောက်ကျနေတဲ့ အနေအထားမှာပါ။ တချို့စာအုပ်တွေက ဟိုးအရင်က ပြဿနာတွေကို အဖြေရှာဖို့ပါ။ တော်တော်ကြာတဲ့ အချိန်ကပေါ့။ ကျောင်းသားတွေကို အဲဒီလိုအရာတွေ သင်ပေးနေလို့ မရတော့ပါဘူး။ ဒီဂျစ်တယ်ခေတ်ကြီးနဲ့ လွဲချော်နေတဲ့ ပညာရေးစနစ်ကိုပေါ့ဗျာ။ အရာအားလုံး အွန်လိုင်းပေါ်မှာ ရှာလို့ရတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ သင်ရိုးညွှန်းတမ်းတွေကို မြန်မာကလေးတွေနဲ့ လိုက်ဖက်တဲ့အရာလေးတွေ လိုက်ရှာကြည့်လို့ ရပါတယ်။ တွေးခေါ်ပုံ ရှု့ထောင့်တွေပေါ့။
မြန်မာကို ဂရုတစိုက် စောင့်ကြည့်နေကြသူများအားလုံး သိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတာက ပညာရေးဟာ အခရာပဲ ဆိုတာ။
ခြုံကြည့်လိုက်ရင် Critical thinking နဲ့မသင်ဘူး။ စဉ်းစားဆင်ခြင်ခွင့်မရဘူး။ သင်တဲ့စာတွေအပေါ် analyze လုပ်လို့မရဘူးလို့ ပြောချင်တာပါပဲ။
သူက အစိုးရပညာရေးကျောင်းကို သွားကြည့်ခဲ့လို့ဖြစ်မယ်လို့ တွေးမိပါတယ်။ ဘက ပညာရေးကျောင်းတွေမှာ ၂၀၀၉ ကတည်းကနေ ခုထိ Critical thinking နဲ့ ကျောင်းသင်္ခန်းစာတွေကို သင်ကြားဖို့ လုပ်နေတာ အခုဆို SEMS နဲ့ PDO တို့ရဲ့ လုပ်ဆောင်ချက်ကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပညာရေးကို ထဲထဲဝင်ဝင် ဦးစားပေးသင်ကြားပေးတဲ့ ကျောင်းများကို လိုက်လံရှာဖွေပြီး ဒီစနစ်ကို သင်ကြားပေးလာတာ ခုဆို ကျောင်းပေါင်း ၂၀၀ ကျော်သွားပြီလို့ ဆိုရပါမယ်။ ရှမ်းတောင်မှာတော့ ဟိုပုံးက နောင်တောင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ တောင်ကြီးက လုံးကောင်ပညာဥယျာဉ်ဘက ပညာရေးကျောင်းနှင့် ရွာငံက ဗြဟ္မဂူပရဟိတကျောင်း သုံးကျောင်းကတော့ Critical Thinking စနစ်နဲ့ ကောင်းကောင်းကြီး သွားနေပါပြီ။ ကျန်တဲ့ ကျောင်းပေါင်း ၂၃ ကျောင်းကိုတော့ ၂၀၁၅ မှာ တကြိမ်ပဲ သင်တန်းခေါ်ပေးရသေးသမို့ ဒီနည်းစနစ်ကို သိရုံလောက်ပဲ ဖြစ်မယ်။ နောက်ပိုင်း ဒီဘက်ကို ရောက်လာတော့ ကျောင်းအသစ်ဖြစ်နေလို့ ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် မလုပ်နိုင်တော့ဘူး။ ကိုယ်ပိုင်အထက်တန်းကျောင်းအနေနဲ့ကို မြင်ရတာကတော့ ကာလိမြို့က ကောင်တုဲင်ရှမ်းအမျိုးသားရေးကျောင်းလည်း ဒီ Critical Thinking နည်းစနစ်နဲ့ သင်နေတာကို တွေ့ရပါတယ်။ လက်လှမ်းမီသလောက် သိမိတာလေးကို ပြောပြတာပါ။ ဒီ့ထက်မက ရှိရင်လည်း ရှိနေမှာပါ။
ဆက်ရေးပါဦးမယ်။ ဖတ်ရတာ ရှည်နေမှာစိုးလို့။