မြန်မာနိုင်ငံမှာ ပထမဦးဆုံး အာဏာသိမ်းတဲ့ နှစ်က ၁၉၅၈။ အဲခုနှစ်မှာ အာဏာသိမ်းတာက “တည်မြဲနဲ့ သန့်ရှင်း” ဆိုပြီး သူတို့ဖွဲ့တဲ့ ပဆပလမှာကိုပဲ ကွဲပြဲနေကြလို့ ဦးနုက ရေဒီယိုကနေတဆင့် အာဏာလာယူတော့ဆိုလို့ ဦးနေဝင်းက အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ခြောက်လပဲ သိမ်းမယ်လို့ ပြောပေမယ့် ၁၈ လကြာခဲ့တယ်။ ဒီနှစ်တွေမှာ ဗင်နီဇွဲလား၊ ပါကစ္စတန်၊ အီရတ်နှင့် ပြင်သစ်မှာလည်း အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ဗင်နီဇွဲလားက လွှဲလို့ ကျန်တဲ့သုံးနိုင်ငံက စစ်တပ်က အာဏာသိမ်းတာပါ။ မြန်မာက အာဏာကို လွှဲပြောင်းခဲ့တာမို့ ဘယ်သူမှတော့ အာဏာသိမ်းမှုလို့ မသတ်မှတ်ခဲ့တဲ့ အာဏာသိမ်းမှုလည်း ဖြစ်ခဲ့ပါတယ်။
ဒုတိယအကြိမ် အာဏာသိမ်းတဲ့နှစ်က ၁၉၆၂ ခုနှစ်။ တိုင်းရင်းသားတွေ ခွဲထွက်ချင်နေတဲ့အပေါ် ဦးနုက အလျှော့ပေး လိုက်လျောတော့မလိုလို လုပ်နေလို့ ဦးနေဝင်းက ကြောက်လန့်ပြီး အာဏာသိမ်းလိုက်ပါတယ်။ ဒါက မြန်မာမှာ ပထမဦးဆုံး အာဏာသိမ်းမှုစစ်စစ်ကြီးလည်း ဖြစ်ပါတယ်။ သိမ်းပြီးနောက် မကြာမတင်မှာပဲ သူ့ကို မကြိုက်ကြောင်း ဆန္ဒပြကြတဲ့ ကျောင်းသားများကို သတ်၊ သမဂ္ဂအဆောက်အအုံကို ဖြိုလုပ်ပြီး အာဏာကို ဆုပ်ကိုင်တားထာ ၁၉၈၈ လုထုအုံကြွမှုကြီးဖြစ်မှ လက်လွှတ်လိုက်တာဆိုတော့ ၂၆ နှစ်ကြာခဲ့တယ်။ ဒီနှစ်ထဲမှာပဲ တခြားသော အာဂျင်တီးနား၊ ယီမင်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာလည်း စစ်တပ်အာဏာသိမ်းမှုကြီး ဖြစ်ခဲ့ပါသေးတယ်။
တတိယအကြိမ် အာဏာသိမ်းမှုကြီးကတော့ သိမီတဲ့သူတွေ များကြပါသေးတယ်။ ၁၉၈၈ ခုနှစ်ပါ။ မြွေအရေခွံလဲသလိုသာ ဖြစ်သွားတဲ့ ကိစ္စရပ်လည်းဖြစ်ပါတယ်။ ဆန္ဒပြလို့ ဦးနေဝင်းနှုတ်ထွက်ခဲ့ပြီး ဦးစိန်လွင်ကို အပ်တယ်။ ဦးစိန်လွင်က ဒေါက်တာမောင်မောင်ကို ဆက်ပြီး လက်လွှဲတယ်။ ဆန္ဒပြနေတာတွေ ရပ်မသွားတော့ ကာချုပ်စောမောင်က အာဏာသိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပေးပြီး ဘားတိုက်ကိုပြန်မယ်လို့ ပြောခဲ့ပေမယ့် အတွင်းရေးမှူး(၁)ခင်ညွှန့်က ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး အာဏာဆက်ထိန်းလိုက်တယ်။ အဲဒီနှစ်ကနေ အာဏာရှင်စနစ် စတင်ကျင့်သုံးလာလိုက်တာ ၂၀၁၀ အထိဖြစ်ပါတယ်။ ကြာချိန်ကတော့ ၂၂ ပါ။ တချို့ကလည်း ၂၇ နှစ်ကြာတယ်လို့ တွက်ပါတယ်။ ဦးသိန်းစိန်အစိုးရက တကယ်တမ်း အရေခွံလည်းသလိုပဲ ဖြစ်နေတာမို့လို့ပါ။ သက္ကရာဇ်တိုင်းမှာ အာဏာသိမ်းမှုတွေ တန်းစီပြီး ရှိခဲ့တယ်။ အာဏာသိမ်းမှု တော်တော်များများကလည်း စစ်တပ်ကပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာတော့ အာဂျင်တီးနားက စစ်အာဏာသိမ်းမှုကို နှစ်စနှင့် နှစ်ဆုံးမှာ နှစ်ကြိမ်လုပ်တယ်။ မအောင်မြင်ဘူး။ ပနားမားအာဏာသိမ်းမှုနှင့် မော်ဒိုက်အာဏာသိမ်းမှုကလည်း မအောင်မြင်ပါဘူး။ ဟေတီမှာတော့ နှစ်ကြိမ် ဖြုတ်ထုတ်သတ်ပုံစံ အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။
၂၁ ရာစုထဲရောက်လာပြီးနောက်ပိုင်း အာဏာသိမ်းမှုတွေနည်းနည်းကြဲလာတယ်။ အာဏာသိမ်းမှု မဖြစ်တဲ့နှစ်ရယ်ဆိုလို့ ၂၀၁၈ ခုနှစ်တစ်နှစ်ပဲ ရှိတယ်။ အာဏာသိမ်းမှု ဆိုပေမယ့်လည်း စစ်တပ်က အာဏာသိမ်းမှုဆိုတာမျိုးက အာဖရိကဘက်မှာပဲ ရှိပါတော့တယ်။ သက္ကရာဇ်တိုင်းမှာ အာဏာသိမ်းမှု ရှိတယ်ဆိုတဲ့ အစဉ်အလာကို မြန်မာကတော့ ၂၁ ရာစုရဲ့ တတိယဆယ်စုနှစ်အစမှာ ဖြည့်ဆည်းပေးလိုက်ပါပြီ။
အာဏာသိမ်းတဲ့နောက်ခံ ပုံစံခွက်ချင်းတူတယ်။ ၁၉၈၈ အာဏာသိမ်းမှုဖြစ်ပြီးနောက် ၉၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်။ ပါတီပေါင်း ၂၃၆ ပါတီပါဝင်ခဲ့ပြီး စစ်တပ်ဘက်က ပါတီအနေနဲ့ တစညပါတီနဲ့ လူထုဘက်က NLD ပါတီလည်း ပါဝင်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နေရာပေါင်း ၄၉၂ မှာ NLD က ၃၉၂ နေရာရခဲ့ပြီး တစညပါတီက ၁၀ နေရာပဲ ရခဲ့လို့ စစ်တပ်က အာဏာလွှဲပြောင်းမပေးခဲ့သလိုပါပဲ။ ၂၀၂၁ မှာလည်း
အမျိုးသားလွှတ်တော် ၂၁၇ နေရာမှာ NLD က ၁၃၈ နေရာ
ပြည်သူ့လွှတ်တော် ၃၁၅ နေရာမှာ NLD က ၂၅၈ နေရာ
ပြည်နယ်နဲ့တိုင်း လွှတ်တော် ၆၁၂ နေရာမှာ NLD က ၅၀၁ နေရာ
ဆိုပြီး မဲက အပြတ်အသတ်နိုင်ခဲ့ပါတယ်။
၂၀၁၅ ထက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှာ ၃ နေရာစီပိုရပြီး ပြည်နယ်နဲ့တိုင်း လွှတ်တော်နေရာမှာတော့ ၂၆ နေရာပိုရခဲ့တယ်။ စစ်တပ်အားကိုးတဲ့ USDP ကတော့ ပိုရမယ်လို့ ထင်ခဲ့ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားခဲ့ပါတယ်။ သူတို့ နိုင်လိမ့်မယ်လို့ ထင်ရဲတာ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ကနေ ၂၀၂၀ အထိ စစ်တပ်ရော USDP ပါနှစ်ဦးနှစ်ဖက်ပေါင်းပြီး အားကိုးရလောက်တယ်လို့ သူတို့ ယူဆထားကြတဲ့ ပုဂ္ဂိုလ်များအားလုံးဆီကို ပုံစံအမျိုးမျိုးနဲ့ ချည်းကပ်နိုင်ခဲ့တဲ့အပြင် သွေးထိုးလှုံ့ဆော်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ အဒေါ့ဟစ်တလာရဲ့ “ရဲရဲလိမ်၊ ကြာကြာလိမ်” ဆိုတဲ့ နည်းလေးကိုတောင် ယူသုံးပြီး “မဲလိမ်မှု၊ မဲခိုးမှု” ဇာတ်ကြောကြီးကို ဘီလူးဆိုင်းနဲ့ ကပြခဲ့သေးတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေဟာ ၆၂ အာဏာသိမ်းမှု၊ ၈၈ အာဏာသိမ်းမှုတွေကို မီခဲ့သူတွေပါနေသလို ပြည်သူ့အစိုးရတက်လာတဲ့ သက်တမ်းတလျှောက်မှာလည်း စစ်အစိုးရရဲ့ နိုင်ငံအပေါ် စီမံအုပ်ချုပ်သွားတဲ့ အနေအထားတခုကို မျက်ဝါးထင်ထင်တွေ့မြင်နေကြရသေးတော့ လူငယ်တွေလည်း အာဏာရှင်စစ်အစိုးရရဲ့ စနက်ကို သိတယ်။ စစ်အာဏာတော့ဖြင့် မသိမ်းနိုင်ဘူး၊ သိမ်းလို့လည်းမဖြစ်ဘူးလို့ ပြည်သူတရပ်လုံးက ယုံကြည်နေချိန် အာဏာရှင်စစ်အစိုးရတွေဟာ မလွယ်လောက်ဘူးဆိုတာ ခန့်မှန်းထားလောက်တယ်။ ဒါပေမယ့်လည်း မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ညှာသံပေးပြီး သိမ်းသွားခဲ့ပြီ။ တချက် သတိထားရမှာက လက်ရှိအာဏာသိမ်းတဲ့ စစ်အစိုးရဟာ ၆၂ အာဏာသိမ်းမှု၊ ၈၈ အာဏာသိမ်းမှု ဇာတ်အိမ်ကြီးကို ကောင်းကောင်းကြီး သိထားသူဖြစ်သလို နိုင်ငံတကာ အာဏာသိမ်းမှုဇာတ်အိမ်တွေကိုလည်း ကောင်းကောင်းကြီးလေ့လာထားမှာ ဖြစ်ပါတယ်။
စစ်တပ်က နိုင်သွားရင်တော့ ၈၈ နောက်ပိုင်းရဲ့ ဘဝအခင်းအကျင်းပုံစံကို ခုခေတ်လူငယ်တွေ သိခွင့်ရသွားမလား။ ထိုင်းနိုင်ငံစနစ်လို ဖြစ်သွားမလား။ ၈၈ နောက်ပိုင်း ဘဝအခင်းအကျင်းက _
လူတစ်စုရဲ့ သားသမီးတွေ ချမ်းသာမယ်။ သူတို့ကို ကိုးကွယ်တဲ့သူတွေ သူတို့လောက်နီးနီး ချမ်းသာမယ်။ သူတို့ဘာလုပ်လုပ် ဘယ်ဥပဒေနဲ့မှ မညှိဘူး။ သာမန်လူစားတိုင်းက သူတို့ကို ဘုရားလို့ မထူးရရုံတမယ် ဆက်ဆံရမယ်။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာ့စီးပွားရေး တဟုန်ထိုး ထိုးကျမယ်။ ပြည်သူလုထုတွေ အလုပ်အကိုင် ကြပ်တည်းမယ်။ သူတို့နဲ့ အရေးပိုင်သူများ မူးယဇ်ဆေးတွေကို အလွယ်တကူ ကုန်ကူးမယ်။ အဓိက စားသောက်ကုန်ကအစ ကုန်ဈေးနှုန်းတွေ တရစ်ချင်းစီ တက်မယ်။ သူတို့ ပိုက်ဆံရဖို့အတွက် ပလန်တွေအများကြီးချပြီး လုပ်ငန်းရှင်တွေဆီကနေ အခွန်ဆန်ဆန်မဟုတ်ဘဲ အာဏာနဲ့တောင်းယူမယ်။ မြေသိမ်းမှု ဆက်လက်ဖြစ်ပွားမယ်။ အာခံသူမှန်သမျှ ဘယ်ထောင်ရောက်နေမှန်း မသိဖြစ်ရမယ်။ အကြောက်တရားမှန်သမျှကို သူတို့ရိုက်သွင်းပြီး သူတို့သာလျင် မြန်မာနိုင်ငံကို ကယ်တင်နိုင်သူဖြစ်ကြောင်း Brainwash လုပ်မယ်။ နိုင်ငံတကာကို သူတို့သားသမီးတွေနဲ့ သူတို့ကို ပသသူတွေသာ အခြားနာမည်တွေနဲ့ ပညာသွားသင်ခွင့်ရမယ်။ သူတို့သာ ပညာတတ်ဖြစ်လာပြီး သူတို့သာ အလုပ်အကိုင်ရမယ်။ လူထုအစိုးရအုပ်ချုပ်သွားတဲ့ ကာလအတွင်း ကချင်က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး မုဒိမ်းကျင့် အသတ်ခံရမှု၊ နေပြည်တော်က ဗစ်တိုးရီးယားအမှု၊ ဦးတေဇရဲ့ ဝင်းထဲမှာ မူးယစ်ဆေးပြားတင်ထားတဲ့ ကွန်တိန်နာအမှု စတဲ့အမှုတွေဟာ သူတို့ စစ်အာဏာရှင်တွေနဲ့ ပတ်သက်နေလို့ ကိုင်တွယ်ရခက်နေတယ်ဆိုတာကလည်း ခုခေတ် လူငယ်များ မျက်မြင်ကိုယ်တွေ့ပဲ။ ကြာလာတာနဲ့အမျှ ငါတို့ရဲ့ ရင်သွေးတွေ တူ တူမတွေဟာ သူတို့သာလျင် ငါတို့သခင်ဆိုပြီး မှတ်ယူတဲ့အထိ သူတို့တွေ အမျိုးမျိုးသော Brainwashed သင်ခန်းစာတွေပေးမယ်။
ထိုင်းနိုင်ငံရေး အခင်းအကျင်းမျိုးနဲ့ သွားနိုင်မလား။ No ပါ။ မြန်မာနိုင်ငံကလူတွေဟာ ထိုင်းနိုင်ငံလို ဒီမိုကရေစီနဲ့ ဘယ်လိုမှ အားမကျသေးတဲ့အပြင် ဒီမိုကရေစီကို ကောင်းကောင်း နားလည်ကြတဲ့သူ မရှိကြသေးပါဘူး။
အာဏာရှင်တွေ ဘယ်လို ဆက်လက်အုပ်ချုပ်ကြမလဲ။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အုပ်ချုပ်မယ်။ နာမည်ကောင်း ပြန်လည်ရရှိဖို့ ကြိုးစားမယ်။ စစ်ခေါင်းဆောင်တချို့က သူတို့ကို မထောက်ခံတဲ့သူတွေအတွက် ရှင်းရှင်းပြောရရင် မျိုးချစ်မဟုတ်တဲ့သူတွေအတွက် စစ်အာဏာမသိမ်းခင် စစ်အာဏာရှင်တွေဟာ ဗုဒ္ဓဘာသာကျောင်းမဟုတ်တဲ့ ကျောင်းတွေဆီကို သွားပြခဲ့တယ်။ သို့သော် မျိုးချစ်မဟုတ်တဲ့အဖွဲ့တွေ စိတ်မဝင်စားသလို နိုင်ငံတကာက အဲလောက်မသိသလို စိတ်လည်း မဝင်စားဘူး။ ခု အာဏာသိမ်းပြီးတာနဲ့ အရင်ဆုံး သူတို့ပြောပြောနေတဲ့ ICC တို့ ICJ တို့ R2B တို့ ဘာတို့နဲ့ နိုင်ငံတကာ စစ်ခုံရုံးအဖွဲ့တွေနဲ့ အဆင်ပြေစေဖို့ လုပ်ရတော့မယ်။ မနေ့ည စကားစပြောတာမှာတောင် ဘင်္ဂလားဒေ့ရှ်ကိစ္စမျိုးကို အစပျိုးတဲ့အနေနဲ့ တမင်ထည့်ပြောသွားတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မျက်နှာမပျက်ရအောင် နောက်တချက် လုပ်မှာကတော့ GDP မကျအောင်ပဲ။ GDP မကျအောင် လုပ်လို့ရမယ့်နည်းလမ်းမှန်သမျှ ဆက်လုပ်မယ်ဆိုရင် မြေသိမ်းမှုအကြီးအကျယ်ထပ်ဖြစ်ဖို့ရှိတယ်။
နိုင်ငံတကာကို ဂရုမစိုက်စတမ်း နိုင်ငံကို ဆက်လက်အုပ်ချုပ်မယ်။ ဒါဆိုဘယ်သူ နစ်နာမလဲ။ တနိုင်ငံလုံး စစ်ကျွန်အဖြစ်နဲ့ ၆၂ နောက်ပိုင်းနဲ့ ၈၈ နောက်ပိုင်းကလို နိုင်ငံတကာမှာ ဂုဏ်သိက္ခာမရှိသော နိုင်ငံအဖြစ် အရှက်တကွဲအကျိုးနည်း ဆက်ဖြစ်သွားမှာပဲ။ ဘယ်လိုပဲ ဆက်အုပ်ချုပ် ဆက်အုပ်ချုပ် နစ်နာမှာကတော့ ရဟန်းရှင်လူ ပြည်သူလူထုအားလုံးပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်စစ်အာဏာရှင်အုပ်ချုပ်လို့ တိုးတက်သွားခဲ့ဖူးလဲ။ နောက်ဆုံး လက်ကျန်နိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားကိုကြည့်။ ဒီတော့ နူးညံ့တဲ့ သိမ်မွေ့တဲ့ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းမဖက်ဘဲ နိုင်အောင် တွန်းလှန်ရမယ်။ အာဏာသိမ်းတိုင်း မအောင်မြင်နိုင်တဲ့ သာဓကတွေလည်း အများကြီးတွေ့ဖူးကြပြီးပြီပဲ။ ဒါကြောင့် သိမ်မွေ့စွာဖြင့် နိုင်အောင်တွန်းလှန်ကြပါ။ ဒီတော်လှန်ရေးကြီးအပြီးမှာ မြန်မာနိုင်ငံဟာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီလမ်းကြောင်း သန့်သန့်လေးမှာ လျှောက်နိုင်ပြီလို့ ယုံကြည်ပါတယ်။