တောင်ကြီး မအေးတော့ပါ
“အမလေး အေးလိုက်တာ ရေတောင် မချိုးရဲဘူး” ဟု ယခင့် ယခင် တောင်ကြီးမြို့ကို အလည်တခေါက် ကိုယ်ရောက်တယ် ဆိုသူများ၏ ပါးစပ်ဖျား ဖျတ်ခနဲ ဖြတ်တိုးဖူးသော လေသံကို ကြားဖူးရကား မိမိလည်း ကြွားအံ့ဟု ရည်မှတ်ကာ ကြွားရန်သက်သက်သော သဘောတခုတည်းဖြင့် တောင်ကြီးသို့ မလာစေလို။ ထိုအရာအချင်းများကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်ကပင် တောင်ကြီးမှ လက်မှတ် မထိုးလိုက်သော်လည်း ညီညွတ်သွားခဲ့ရသော ဖြစ်စဉ်အများအပြားတို့ စီတန်းဖြစ်ပျက်ခဲ့ပြီးနောက် တောင်ကြီးမြို့သည် မျက်ရည် ကျရန်အတွက်ပင် စိုစွတ်စရာမရှိခဲ့ဘဲ အေးချမ်းသည့် ဆောင်းရာသီကို ဖျက်သိမ်းပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ထို့ကြောင့် တောင်ကြီးနှင့် တောင်ကြီး အနီးဝန်းကျင်တွင် တိုက်ခတ်သော လေညှင်းသည်ပင် ရှမ်ပိန်နံ့သင်းလှချေ၏ ဟူသော လေပြေညင်းမရှိတော့။ အေးတယ် ရေမချိုးနဲ့ ဟူသောစကားနှင့် အပြင်ထွက်မယ်ဆို ထူထူဝတ်ခဲ့ ဟူသော စကားတို့ မရှိတော့။ အနွေးထည် ဈေးကွက်ပင် ပျက်သွားပြီ ဖြစ်သော ချွေးတစို့စို့ ရာသီသာရှိ၏။ ယခုအခါ တောင်ကြီးမြို့တွင် အနွေးထည်ဝတ်၍ လမ်းထွက်လာပါက သင့်အား လူဖြစ်ရှုံးရချည့် အော် လူပင် ဖြစ်လင့်ကစား ဦးနှောက်မပါဘဲ မွေးဖွားလာခဲ့သူပါတကားဟု ဝိုင်းကြည့်မည့်သူသာ ရှိ၏။ တချို့ကလည်း အေးသည် ပူသည်ပင် မသိရတော့သည်အထိ အသိလွတ်သွားရလောက်အောင် အရက်သမားလေလား ဘိန်းစားလေလားဟု သင့်အား မိဘကို ဒုက္ခပေးတာ အားမရလို့ ဘေးပတ်ဝန်းကျင်ကိုပါ လိုက်နှောင့်ယှက်သည့် လူညံ့လူဖျင်းစသဖြင့် လူ့စာရင်းထဲ မထည့်သင့်သော အကောင်တကောင်အဖြစ် မြင်နိုင်ပါသေး၏ ။ ယခု တောင်ကြီး၏ လေသည် တခါက သာစည်ဘက်သို့ ရောက်မှ ရဖူးရှာမည် ဖြစ်သော အောက်စီဂျင်နည်းပါးသည့် အပြင် လူ၏ ကိုယ်နှင့်စိတ် အင်အားများကို စုပ်ယူတတ်သော အနံ့အသက်ပါသော လေပူတို့ကသာလျင် တောင်ကြီးနှင့်အနီးတဝိုက်တွင် နေထိုင်သူများကို နယ်ချဲ့ ထားပြီဖြစ်၏။ နယ်ချဲ့တို့ဟူသည် မိမိတို့ကသာ ကောင်းမွန်စွာ သိ၏။ မြင့်မြတ်စွာ ကျင့်၏။ မိမိတို့ ကျင့်သော အကျင့်သာလျင် လူ့အသိုင်းအဝိုင်းနှင့် သင့်လျော်၏ ။ မိမိတို့ လက်ခံယုံကြည်သော ယဉ်ကျေးမှုကသာလျင် ခမ်းနားကြီးကျယ်လေ၏ဟု မိမိကိုယ်ကို ဗဟိုရ်ပြုစဉ်းစားတတ်ကြသည်။ မိမိကိုသာ ဗဟိုပြု၍ ဦးတည်စဉ်းစားကြသူတို့အားလုံး မသွေမုချ အစွန်းရောက်သမား အားလုံး ဖြစ်လာ၏။ မိမိကို ဗဟိုရ်ပြုမှုသူအားလုံးသည် မိမိကိုယ်ကိုလည်းကောင်း မိမိသိသော သင်ရသော ပညာကိုလည်းကောင်း မိမိလူမျိုး မိမိဘာသာကိုလည်းကောင်း မှန်၏ဟုတဖုံ မြတ်၏ဟုတသွယ် လွန်ကဲသော သဒ္ဓါဖြငိ့ ကိုးကွယ်သည်ဆိုသော အဆင့် မရောက်ရုံတမယ် ဦးထိပ်ထားသူများဖြစ်၏။ သူတို့က တဖက်သားတို့အပေါ်ကိုလည်း မျက်နှာပေါ် သကာရည်လောင်းချ၍ တလေးတစားပင် တွေးပေးတတ်ကြသူများ ဖြစ်၏။ တဖက်သား ဖြစ်ကြသည့် မိမိတို့နှင့် အမြင်ချင်း ဝါဒချင်း မတူသည့်သူများအပေါ် မတူပင် မတူငြားသော်လည်း မမှန်ကြသည်မဟုတ် မှန်၏ မသင့်သည် မဟုတ် သင့်၏ ဟု သံယောက်လိုက်ပေးသည့်အပြင် လိုက်နာ ကျင့်သုံးရန်လည်း လျောက်ပတ်၏ဟူ၍ ဟန်ပါပါ ပြောဆိုတတ်၏။ နယ်ချဲ့လိုသည့် နယ်ချဲ့ရန် ကြံထားသည့် သို့မဟုတ် နယ်ချဲ့မှ ဖြစ်မည်ဟု တွေးထားသူများ၏ ဆန္ဒကား စာသင်ကျောင်းတွင် အလယ်တန်းကျောင်းသားက အနှိပ်စက်ခံရသော မူလတန်း ကျောင်းသားတယောက်၏ အညိုးနှင့်တူ၏။ ငါ မင်းလောက် အရွယ်ရောက်ရင် မင်းတွေ့မယ်ဆိုသည့် အညိုးမျိုး အစဉ်ခိုအောင်းလျက် ရှိ၏။ သို့ကြောင့် နယ်ချဲ့ရန် ကြံနေသူ ပြုလုပ်မည့်သူနှင့် ပြုလုပ်သူတို့သည် ကြံစည်နေသူများပီပီ မြောက်များစွာသော အတွေးအကြံများကို တွေးကြံနေသူများ ဖြစ်ရုံမက စာပေပညာတွင်လည်းကောင်း သမိုင်းတွင်လည်းကောင်း ပုံပြင်ဒဏ္ဍာရီမှလည်းကောင်း ဖတ်ရှုလေ့လာသည့်အပြင် မေးမြန်းခြင်း စုံစမ်းခြင်း ဆွေးနွေးတိုင်ပင်ခြင်း ဖြစ်နိုင်ချေအမျိုးမျိုးကို ထည့်သွင်းစဉ်းစားခြင်း အစီအစဉ်ကို အနည်းဆုံး သုံးခုခန့်ထားရှိခြင်းများ ပြုလုပ်တတ်သူများ ဖြစ်သည်။ ထို့ကြောင့် မကြိုက်မနှစ်သက်သည့်အပြင် အော့နှလုံးနာသည်အထိ စက်ရှုပ်ရွံရှာ မုန်းနေသည့်တိုင် ဆဲလ်များ မသေသေးသမျ အမျိုးမျိုးတွန့်လိမ်ခွင့်ရှိသော မျက်နှာနှင့် အမူအရာကိုသုံးလျက် လူချင်း တခြားနည်းလမ်းဖြင့် အယူချင်း ဖလှယ်ကြစေ၏။ ထိုတွင် ၎င်းတို့မှ သင်တို့သည် သို့မဟုတ် သင်တို့အယူသည် သို့မဟုတ် သင်တို့နေထိုင်မှု စသည်တို့သည်များ အပေါ်သို့ “သို့သော်လည်း, “ဒါပေမယ့်လည်း, “မည်သို့ပင် ဆိုငြားစေကာမူ, စသည့်စကားလုံးများကို မာကြောလှသော သစ်သားထဲ သံရိုက်စို့သပ်သကဲ့သို့ မမှန်သေး မသင့်သေး မလျောက်ပတ်သေး မညီထွေသေး။ ပန်းချီကားတချပ်ဖြင့် တင်စားပြရလျင် စုတ်ချက် မကုန်သေး။ ပန်းပုတခုဖြင့် ပမာပြရလျင် အရေးအကြောင်း အစစ်အမှန်ပေါ်ဖို့ စို့ချက် လိုသေးလေ၏။ ထိုထိုသို့သော ထိုထို၏ ထိုထိုသို့သော ထိုထို၏ ထိုထိုတည်းဟူသော ဆိုသည့်အချက်ဖြင့် နယ်ချဲ့သည် အပျော့လိုသောနေရာ၌ အပျော့၊ အမာလိုသောနေရာ၌ အမာ အသုံးပြုကာ မာယာဆိုသည့် လှည့်စားခြင်း မုသာဝါဒကို ပညာဟု ယူဆကြသူများ ဖြစ်ကြသူများပီပီ အီလည်လည်ဝါဒကို အာဟာရဖြစ်လေတကားဟု ပြောဆိုကာ နယ်ကို ကျယ်နိုင်သမျ ကျယ်အောင် မိစ္ဆာဆိုသည့် မှားယွင်းခြင်းကို သမ္မာလုပ်ကြတတ်လေသဖြင့် တောင်ကြီးမြို့၏ လေပြေညင်း ညင်သွယ့်သွယ့်တို့သည် အတိတ်ထံ ပြေးပုန်းခဲ့လေပြီ ဖြစ်၏။ ထို့ကြောင့် တောင်ကြီး၏ ရာသီဥပဒေသတွင် ချမ်းမြခြင်း ငြိမ်းအေးခြင်း စသည်တို့ကို တောင်ကြီးမြို့မှ အလိုအလျောက် ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။ ဤခေတ်ဤခါအချိန်မတ္တသည်ကား အမှန်တရားဟူသည် တကယ်မရှိ။ ဘယ်တော့မှလည်း မရှိ။ ရှိလာလိမ့်မည်လည်း မဟုတ်။ ရှိလာလို့ကော ဘာထူးမှာလဲ။ ဘာမှ ထူးမည် မဟုတ်။ ထူးလာစရာလည်း မရှိတော့ဆိုသော သစ္စာတရားကို တောင်ကြီး၏ ရာသီက ခံယူရပေတော့မည်။ ဘယ်အချိန်ကတည်းက မှားနေမှန်း မသိကြသော၊ အမှားပြီးတော့ အမှား၊ သူမှား ငါမှား၊ ရဟန်းရှင်လူ အကုန် အတူတူမှား။ မှားရင်း မှားရင်း အမှားတွေတောင် အမှားမှန်း မသိလောက်အောင် များလွန်းခဲ့တဲ့အမှား၊ ထိုကဲ့သို့ မှားစရာမှန်သမျှ အမှားများအားလုံး အလေအလွင့် အပျက်အစီး တစိုးတစိမှ မရှိစေရ မှားသင့် မှားထိုက်တာမှန်သမျ မမှားဘဲ မကျန်ရလေအောင် စာတတန် ပေတရွက်နဲ့ မှားခဲ့တဲ့အမှား၊ ဘယ်သူပိုမှားမလဲလို့တောင် ပြိုင်မှားခဲ့သေးကြတဲ့အမှား။ မမှားဘဲ နေမှာစိုးလို့ အကုသိုလ်တွေကိုတောင် အမျိုးအမည်မပေးနိုင်လောက်အောင် နည်းအစုံနဲ့ သေချာဂရုပြုမှားခဲ့တဲ့ အမှား။ သည်လိုသည်နှယ် အမှားတွေ ထပ်လွန်းလို့ အမှန်တရားကိုပင် မရှိတော့သော နိုင်ငံ၏ စီးပွားရေး မဖြစ်ထွန်းမှု၊ ပညာရေး အသုံးမဝင်မှု၊ လူမှုရေး မသင့်တင့်မှု၊ ဘာသာရေး အစွန်းရောက် ပြည့်နှက်နေမှု စသည့် ကဏ္ဍပေါင်းစုံ၏ အပြစ်ကို ခံယူရာ အချိန်ဖြစ်ရောက်ခဲ့လေပြီ။ တောင်ကြီးမြို့မှ တချိန်က ဂုဏ်တခုအဖြစ် ဝင့်ကြွားခဲ့ဖူးသော သူပိုင်ခဲ့ဖူးရှာသည့် ဆောင်းရာသီတခုလုံး တိမ်းပါးကွယ်လွန် အနိစ္စရောက်ရရှာအောင် မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ ဆိုသည့် မိစ္ဆာမဂ္ဂင် လေးပါးတို့သည် မေတ္တာ ကရုဏာ မျက်နှာအသွင် မိတ်ကပ် စွမ်းအင်ဖြင့် လူယောင်ဆောင်၍ ကြိုးပမ်းပေးကြ အားစိုက်ပေးကြ နှစ်ထောင်းအားရ ကူညီပေးခဲ့ကြလေသော စီပီကုမ္ပဏီ၏ ကိုလိုနီစနစ်ကြောင့် ဒေသမျိုးစေ့များ မည်သို့ ရှိခဲ့ဖူးသည် မည်သို့ ထိန်းသိမ်းဖူးသည် စသည်ကိုပင် မသိအောင် ဗီဇမပါသည့် မျိုးစေ့ အမျိုးမျိုးတင်သွင်းမှု၊ ဥပဒေကို စားပွဲအောက်ကပိုက်ဆံဖြင့်သာ လိုက်နာခဲ့သော မြေဩဇာ ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဝင်ရောက်လာမှု၊ မိမိမျက်နှာမှလွှဲ၍ တနိုင်ငံလုံးကို အမှိုက်ပုံဟု သတ်မှတ်ထားကြသော ဆင်ခြင်ခြင်းနည်းလမ်းကို အကြိမ်တထောင်သင်လည်း ကိုးရီးယားမင်းသားနာမည်လောက်တောင် စိတ်မဝင်စားသော ကိုယ့်ကိုယ်ကို အထက်တန်းကျသူ ပညာတတ်သူ လေ့လာနိုင်သူ ဗဟုသုတကြွယ်ဝသူဆိုသညိ့ ထင်ယောင်ထင်မှား စိတ်ရောဂါကို ခံစားနေကြရသော တနိုင်ငံလုံးရှိ မ, ဟု သမုတ်ထားသော သတ္တဝါများနှင့် အရက် ဂိမ်း ဘိန်းဘင်းကစော် ဆက်စီမော်ဒယ်ကလွှဲလို့ ကျန်တာ လူသားတဦးအနေဖြင့် သိကိုသိရမယ်လို့ တခါမှ မထင်ဖူး၊ အရေးထဲ သီလတောင် တပါးလောက် မကျိုးအောင် မထိန်းဖူး တရားကို ငါးစက္ကန့်ပြည့်အောင် မထိုင်ဖူးဘဲနဲ့ မြတ်သော သတ္တဝါဟု ရှေးကလူတွေ အရူးထတိုင်း မစိတ်မဖြာ လိုက်အရူးထသော ကျားဆိုသည့် သတ္တဝါ စသူတို့၏ အသိဉာဏ်ဆိုတာ တခါမှ မသုံးဖူးကြသူတို့၏ ဝသီအတိုင်း အမှိုက်ပစ်မှု၊ အိမ်နီးချင်းများ၏ သစ်မှောင်ခိုပွဲစားတို့၏ အလကားဆိုလျင် တောမီးကိုပင် ချွေးထွက်သည်အထိ လုံတတ်ကြသည့်ပမာနှယ် အဆုံးနှင့် အစဟူ၍ မရှိသော စင်္ကြာဝဠာထက် ကြီးမားကျယ်ပြန့်ကာ တိုင်းတာ၍ မရစကောင်းသော တပ်မက်မှုဖြင့် သစ်ပငိစသည်တို့ကို ဝယ်ယူရာတွင် အမြစ်ပါလာသော်လည်း အရွက် ပါမလာသဖြင့် နစ်နာတယ်ဆိုသညိ့ သစ်မှောင်ခို ရောင်းဝယ်ဖောက်ကားမှု၊ စိတ်ကူးယဉ်နဲ့ လက်တွေ့ ရောထွေးနေပြီး လက်တွေ့အအပေါ် စိတ်ကူးယဉ်က စိုးမိုးဗိုလ်ကျ ခြယ်လှယ်ခံရသော စာသင်ကျောင်း ပညာရေး၏ ဝေဝါးမှု စသည် စသည်များ၊ စသည်ဆိုသည့် စကားလုံးကို လက်ချောင်းများ အံသေသည်ထိ ရေးသည်ပင် မကုန်မခမ်းနိုင်အောင် မှားယွင်းလည်ပတ်နေသော စနစ်၏ အမှန်တရားထက် ငါကြီးပွားချမ်းသာဖို့သာ ရည်ရွယ်ထားမှု၊ လမ်းဘေးကပ်လျက်မှာ သွပ်သံပြား ဝါးစိုက်ထောင် အလှဖျက်ပြားချပ်ချပ် စာခြောက်ရုပ် မခေါ်ရရုံ ဘုတ်ပြများအပေါ်နှင့် လမ်းဘေးသစ်ပင်များကို အိမ်သာနံရံ သဘောထား၍ မထော်မနန်း လင်္ကာများစပ်ပြီး စာလိုက်ကပ်ခဲ့ကြသော်လည်း နှစ်ကုန်လျင် သစ်ကုန်ရမည် စတဲ့ ကိုယ့်စကား ဘယ်နားရောက်မှန်းတောင် မသိကြတဲ့ ကယ်တင်ရှင်ကြီးတို့ရဲ့ နိုင်ငံဖျက် သန္နိဋ္ဌာန် အမျိုးမျိုးနဲ့ အင်တိုက်အားတိုက် နိုင်ငံဘဏ္ဍာမိမိဘဏ္ဍာ ပြုလုပ်ခဲ့မှု၊ လာဘ်လာဘကိုသာ မျှော်ကိုးနေသူ ဘာသာရေးခေါင်းဆောင်တို့အပေါ် မှားယွင်း ချဉ်းကပ်မှုတို့ကြောင့် တောင်ကြီး၏ ဆောင်းရာသီမှာ ပြင်းစွာသော ညဉ်းပန်းနှိပ်စက်မှု မညာမထောက် ရိုက်နှက်မှု ရိုင်းရိုင်းပြပြ ကန်ကျောက်ခံရမှု အစာရေစာ ဝဝလင်လင် မစားရမှု အဆက်အသွယ် ဖြတ်တောက်ခံရမှု၊ သစ်ပင်ကို သစ်ပင်လို အဆက်ဆံမခံရမှု၊ မကောင်းသော အငွေ့အသက်များ အချိန်ပြည့် ထုတ်လွတ်နေသောကြောင့် ညဘက် မအိပ်စက်ရမှု ထိုထိုထက်ပိုကာ ထိုထို၏ ထိုထိုထက် ထိုထိုသော ပညာခေတ်ဟု ခေါ်သော ၂၁ ရာစုတွင် ပညာဆိုသည်ကို ဘုန်းကြီးနာမည်ဟု တရားသေမှတ်ယူကြသော လူ့အန္ဓတို့ ပြောဆိုနေထိုင် လုပ်ကိုင်ပြုမူသည့် အချက်ချက်တို့ကြောင့် တောင်ကြီး၏ ဆောင်းရာသီကလေးသည် ပြန်ရန်လမ်းမရှိ မည်သူမှပင် မပြန်နိုင်သော နေ့ခင်းဘက်တွင် ကြည်နူးပျော်မွေ့၍ ညဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ဖူးသော ၂၀ ရာစု တောင်ကြီးမြို့လေးဆီ ပြန်သွားရင်း လမ်းပေါ်တွင် ရေဓာတ်ခမ်းခြောက်ခြင်း အာဟာရချို့တဲ့ခြင်းရောဂါဖြင့် သေဆုံးသွားခဲ့လေသည်။ တောင်ကြီး မအေးတော့ပါ။
လူတယောက်ရဲ့တောင်ကြီးကို ဘာလို့လာလည်တာလဲ။ တောင်ကြီးမှာ ဘာမှ မရှိဘူးဆိုတဲ့ ပိုစ်အောက်မှာ မန့်မလို့။ ရေးရင်း ရှည်သွားတာနဲ့ ကိုယ့်ဝေါမှာပဲ တင်လိုက်ပါတယ်။
၈၊၁၀၊၂၀၂၂
“လူကိုလူချင်း နှိပ်စက်ခြင်း”
လူမျိုးစုခေါင်းဆောင်များမှ ငါတို့လူမျိုးရဲ့ ယဉ်ကျေးမှုဆိုသည့် ဝေါဟာရဖြင့် သူ့လူတွေကို ညဉ်းဆဲ နှိပ်စက်သကဲ့သို့ ဘာသာရေးခေါင်းဆောင်များလည်း ပြုမူ၏။ လူတို့သည် လူမျိုးစု ဘာသာရေးဟူသော ခေါင်းစဉ်အောက် လူမှုရေး စီးပွားရေး ကျန်းမာရေး အဆုံးရှုံးခံလျက် ကျိုးနွံရ၏။ ကပြောင်းကပြန်သီအိုရီကား များစွာမှ ဖြစ်ထွန်း၏။ စည်းကမ်းဟူ၍ ဝတ်ဆင်ထားသင့်သော ချပ်ဝတ်တန်ဆာတို့ကား ဓလေ့ဟူသည့် ထုံးဖွဲ့မှုလက်အောက်တွင် လွတ်လပ်ခြင်းကို တစစီ ဖြုတ်ထုတ်နေသကဲ့သို့ ရှိချေ၏။ ကမောက်ကမသီအိုရီကား ကျက်သရေအပေါင်းနှင့် ပြည့်စုံလျက် ဝံ့ကြွားစီရီ လူဟူသော သတ္တဝါတို့၏ နှလုံးသားကို အကျဉ်းချ နှိပ်စက်ဘိလေစွတကား။ မိမိနှလုံးသား၏ တည်ငြိမ်ရာ ငြိမ်းချမ်းရာ အေးမြရာ ချမ်းမြေ့ရာနှင့် လူအများ လက်ခံယုံကြည်သည့် နာမည်ကြီးစေတီ ဘုရားတွင် ပန်းဝယ် ရေကပ် တောင်းနေသူအား တပြားတကျပ်ပေးခြင်းနှင့် သက်ဆိုင်ခြင်းမရှိ။ ဗုဒ္ဓသည်လည်းကောင်း ယေရှုသည်လည်းကောင်း အလ္လာသည်လည်းကောင်း ဘေးဒုက္ခရောက်နေသူတို့ကိုသာ ကယ်တင်ပြရင်း နောက်လိုက်တိုင်းကို သေချာစွာ ထင်ရှားစွာ လမ်းပြခဲ့ပြီးဖြစ်၏။ လူတို့သည်ကား ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့် ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ၊ စိတ်၏ အမူအရာဖြင့်ဖြစ်စေ ညဉ်းပန်းလျက် နှိပ်စက်လျက် ညစ်ညူးစေကြောင်း ဆင်းရဲစေကြောင်း နာကျင်စေကြောင်း ကြေပျက်စေကြောင်း နွမ်းကြေစေကြောင်း အကုသိုလ်စိတ်များသာ ယှဉ်ဖက်ရာသော စိတ်ဇောစေတနာ ထက်ထက်မြမြဖြင့် စာနာခြင်း ငဲ့ညှာခြင်း အလျင်းမရှိ ဘုရားတို့ကို လူမိုက်ငှါးသကဲ့သို့ ကိုးရိုးကားယား ပြုလုပ်လျက်ရှိ၏။ကစဉ့်ကလျား သီအိုရီကား နှာတဖျားအသာဖြင့် ကတုံးပေါ်ထိပ်ကွက်၍ လူညွှန့်ကို ခူးလျက် ရှိချေဘိတကား။ ဘုရားစေတီတို့မှ ယနေ့ယခု သင်တို့ပြုသည့် ကုသိုလ်ဟု အမည်တပ်ထားသော အပြုအမူတို့ကြောင့် သင်တို့အား ဒါနပါရမီ သီလပါရမီဖြစ်နိုင်ပါစေသတည်း။ ယခုမှစ အနာဂတ်ဖြစ်သွားသော အနာဂတ်၏ စက္ကန့်တိုင်းတွင် သိခြင်း နိုးကြားခြင်း ထကြွခြင်း ဝိရိယနှင့်ယှဉ်၍ ဘာဝနာအမည်ရကာ ပြန်လည်ကြည်နူးနိုင်ပြီးသကာလ ထပ်မံ၍ ပါရမီမြောက်ပါစေသတည်း။ ယနေ့ယခုမှ ပေါ်ပေါက်သကဲ့သို့သော ဘုရားအား ကြည်ညိုခြင်း တရားအားလိုက်နာခြင်း သံဃာအားလေးစားခြင်းတို့သည် နောက်နောင်များလည်း ကြပ်တည်းခြင်း ကြောက်ရွံ့ထိတ်လန့်ရခြင်း နှလုံးများ ငြိုးငယ်ရခြင်း စသည့် ဘေးအစုံစုံတို့ကြားမှ ပြန်လည်ပေါက်ဖွား နိုးကြားနိုင်ပါစေသတည်း။ ယနေ့ပြုပြုသမျ ကုသိုလ်သည်လည်းကောင်း ကုသိုလ်ဟုကင်ပွန်းတပ်ထားသည့် အပြုအမူတို့သည်လည်းကောင်း အဆုံးမထင်သော သံသရာ၌ ကုသိုလ်ဟူသော ဓမ္မဖြင့်သာ သင့်အရိပ်ဖြစ်ပါစေသတည်း။ ယနေ့ပြုသော သင့်ကံသည် မဂ်ဖိုလ်စသည်တို့ထံ မချဉ်းမကပ်နိုင်သေးသမျ ကာလပတ်လုံး အစဉ်တစိုက် လိုက်၍ အကျိုးပေးတတ်သည့် အပရာပရိယဝေဒနိယကံအကျိုးသာ ဖြစ်ထွန်းပါစေသတည်း။
ငင့် ငါရေးပြီး ငါပြန်ဖတ်တာ ငါနားမလည်ဘူး။ ငါနားမလည်လို့ ငါမဖတ်ဘဲထားရင်လည်း ငါရေးတာမို့ နားလည်သင့်တယ်ဆိုပြီး ငါ ပြန်ဖတ်တော့လည်း ငါနားလည်ရမယ့်အစား ရှေ့ကျွန်းတပတ် နောက်ကျွန်းတပတ် မထိုးတတ်ပြန်တာ နားမလည်လိုက်ဘူး။ သည်လိုတော့ မဖြစ်ချေ နားလည်မှ သင်တော်မည်ဟု ယုံကြည်လျက် စာကို ဖတ်မည့်အစား ရေကန်တခုခုဆီသွားပြီး ခါးမြောင်ကို ပြောင်နေအောင်ကျိတ် ကုန်းစပ်ကနေ ရေထဲ ဒိုင်ဗင်ထိုးချလိုက်ရသင့်တယ်။ အို မဖြစ်သေးဘူး ငါ အဲလို မလုပ်သင့်ဘူး။ ခါးမြောင်ကျိတ်လို့ကို မဖြစ်တာ။ လယ်ကွင်းပြင်မှာ လယ်သူမတွေ ရှိနေတာတော့ မဟုတ်ဘူး။ မတော်လို့ ရှိခဲ့ရင်လို့တောင် တွေးကြည့်စရာ မလိုလောက်အောင် ဒီနေ့ သူတို့ မရှိတာ သေကိုသေချာနေတဲ့နေ့ကြီး။ ဟိုခြုံဒီခြုံကြားမှာ ဆေးသမားတော့ ရှိနေနိုင်တယ်။ သူတို့က ချွတ်ဆိုတာနဲ့ ပုန်းပြီးသား၊ မြင်သင့်တာကို ကြည့်ပြီးသား၊ သူတို့တော့ မြင်မှာ။ သူတို့ ငါ့ကို ဘာများလုပ်မလို့ပါလိမ့်ဆိုပြီး ကြည့်နေကြမှာတော့ သေချာတယ်။ အဲ အချိန်မှာမှ ငါက ခါးမြောင်ကြီး ထကျိတ်နေတာ မြင်ရင် ဘာများလဲလို့ ဘာမှလည်း မဟုတ်ဘူးလို့ တွေးမလား။ အဲလို မတွေးဘဲ တခြား ဘာတွေးနိုင်တာ ရှိသေးလဲ။ အိုး ငါရေးတာ ငါနားမလည်ချင်နေ။ ရေထဲတော့ ဒိုင်ဗင် မထိုးတော့ဘူး။ ပြန်မယ်။ မိုးက အေးအေးဘိသနဲ့။ ဒါနဲ့ နားမလည်ဘူးဆိုတာ ဘာကိုပြောတာလဲ။ နားမလည်ဘူးဆိုတာ တကယ်ကြီးရှိတာလား။ ရှင်းမပြကြနဲ့ဦး။ မင်းတို့ရှင်းပြလည်း မင်းတို့ရှင်းပြနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါဘာလို့သိသလဲဆိုတော့ ငါသိလို့ပဲ။
၉၊၁၀၊၂၀၂၂
“အုပ်ချုပ်ခံခွင့်”
ဇာတ်တော် နိပါတ်တော်တွေ ပြောနေကြတာနဲ့ သတိရမိတာ တခုရှိလေရဲ့။ အဲဒီထဲမှာ တိုင်းပြည်တခုကိုဖြစ်စေ ဒေသတခုကိုဖြစ်စေ ရပ်ကြီးရွာကြီးတခုကိုဖြစ်စေ တောအုပ်တခုကိုဖြစ်စေ ဘုရားအလောင်း သူတော်ကောင်း အုပ်ချုပ်တဲ့ တိုင်း၊ ဒေသ၊ ရပ်ရွာ၊ တောတခုခု ဖြစ်လျင်ဖြစ် မဖြစ်လျင်ဖြင့် ဒေဝဒတ် အုပ်ချုပ်တာပဲ။ တခြား သာဝက အလောင်းအလျာတွေ ရှိပေမယ့် ထားပါ။ ဆိုလိုချင်တာက သူတော်ကောင်း အုပ်ချုပ်ခြင်း မခံရဘူးဆိုတဲ့ တိုင်း၊ ဒေသ၊ ရပ်ရွာနှင့်တောအုပ်ကို သူယုတ်မာအလောင်းအလျာ ဒေဝဒတ်အစရှိသူ တဦးတယောက်က အုပ်ချုပ်တော့တာပဲ။ မဇ္ဈိမပဋိပဒါတွေထား။ ဇာတ်တော် နိပါတ်တော်ထဲမှာဆိုရင်ဖြင့် ကောင်းလျင် ကောင်း၊ မကောင်းလျင် ဆိုး ဒါပဲ။ အုပ်ချုပ်ခံတွေကလည်း ကောင်းသော အုပ်ချုပ်သူ လက်အောက်ရောက်ရတာနဲ့ ဆိုးသော အုပ်ချုပ်သူ လက်အောက် ရောက်ရတာနဲ့ နှစ်မျိုးတည်း တည်ရှိပြနေတော့တာပဲ။ ပုထုဇဉ်တွေအတွက်လည်း ဒီတရား နှစ်ပါးကပဲ ပြုပြင်ခြင်းခံရ ပြုပြင်ပေးရပြန်ရော။ သည်တော့ ဒီနှစ်ပါးနဲ့ သံသရာကြီးကို ဖြတ်ရတာပေါ့လေ။ ဖြတ်ခဲ့ ဖြတ်ဆဲမှာတော့ တို့တတွေ ဒေဝဒတ်လို အုပ်ချုပ်သူနဲ့ပဲ တွေ့ခွင့်ရတဲ့ကံက အကျိုးပေးချိန် ထင်ပါရဲ့။ ပြုပြင်စီရင်ပိုင်ခွင့်ကတော့ ကံတိုင်းမှာ ရှိခဲ့ငြား ပြုပြင်နိုင်စွမ်း မရှိခဲ့ကြ။ သို့တည်းမဟုတ် ပြုပြင်စီရင်ခြင်း မပြုခဲ့ကြ။ မပြုပြင် မစီရင်သမျ အကျိုးပေးခွင့်ရှိသော မိမိကိုယ်နှိုက်၏ ကံစီမံရာကို ခံကြပေတော့။ ဘုရားလောင်းနဲ့မတွေ့ ဒေဝဒတ်လောင်းနဲ့ပဲ တွေ့ရသောကံ။ ဒေဝဒတ်နဲ့သာ ကြုံကြိုက်ရာ ဖြစ်တဲ့ကံကို ပြုခဲ့သူတို့ များပြားသော နယ်မြေဖြစ်သောကြောင့် စက်ကွင်းမိရင်ဖြစ်ဖြစ်၊ အဲသည်ကံကို ပြုခွင့်ပေးသူတို့ စိုးမိုးထားသောနယ်မြေတို့တွင်သာ နေခွင့်ရသော ငါ သူတပါး ယောက်ျား မိန်းမဖြစ်ဖြစ် မရှောင်မရှား မပြုမပြင် မစီမရင်ကြသူတို့ များပြီးရင်းများခဲ့ပြီး လွတ်ခြင်း ကျွတ်ခြင်းတို့၏ ကင်းဝေးရာအမှန် ဒုက္ခတည်းဟူသော ဆင်းရဲခြင်းဧကန်ဖြစ်သော ငရဲတမျ ပူလောင်ရခြင်းဟု အမည်နာမအားဖြင့် သမုတ်အပ် ဝေဒနာအားလုံးတွင် ဒုက္ခနှင့် ဒေါမနဿ နှစ်ပါးဖြင့် စီရင်အပ်သော ဘဝကို ခံစားလို့ မဝသေး။ နာကျင်လို့ မဝသေး။ ကြေကွဲလို့ မဝသေး။ ဝိပါက အဖုံဖုံ၏ နှိပ်စက်မှု အစုံအစုံကို မရောင့်ရဲ မတင်းတိမ်ကြသေး။ ဘုရားအလောင်း အုပ်ချုပ်ချိန်နဲ့ ဒေဝဒတ်လောင်း အုပ်ချုပ်ချိန်တို့ ကြာမြင့်ချိန် တူခဲ့သလား။ ကွာခဲ့သလား။ ယခင့်ယခင်က ဇာတ်တော် နိပါတ်တော်ထဲက အုပ်ချုပ်ခံများထဲမှာတော့ လိုက်နာကြသူ များခဲ့ကြာတာပဲ။ အဲ ဆန့်ကျင်ရင်တော့ဖြင့် ဘုရားလောင်း သို့တည်းမဟုတ် သာဝကလောင်းပဲ။ ထိုထိုခေတ်ကလည်း ခုခုခေတ်လို နည်းမြဲနည်းခဲ့တာပါပဲ။ ဘုရားကတော့ဖြင့် ကာလဒေသကို လိုက်ပြီး လူတို့ ယုံကြည်နိုင်ဖွယ်ကိုသာ ဟောခဲ့တာမို့လို့ အန္တရကပ်တခုတခုတိုင်းမှာ ဘယ်သူမှ မှန်းဆလို့ မရနိုင်လောက်တဲ့ လောကဓာတ်ပညာ တိုးတက်မှုတွေ အကြိမ်များစွာ ဖြစ်ပေါ်လေ့ ဖြစ်ပေါ်ထ ရှိပေမယ့်လည်း ငြိမ်းချမ်းမှုကိုသာ ပဓာနပြုခဲ့သမို့ မယုံနိုင်ဖွယ်ရာတွေနဲ့ တရားမပြခဲ့လေတော့ တိုးတက်တဲ့ နည်းပညာတွေအကြောင်း မပါခဲ့ဘူးပေါ့လေ။ ပါများပါခဲ့ရင် ဆိုးညံ့သော အုပ်ချုပ်သူ ဖြစ်တဲ့ ဒေဝဒတ်နဲ့တွေ့ချိန် ဆန့်ကျင် တော်လှန်မယ့် ဗုဒ္ဓ သို့မဟုတ် သာဝက အလောင်းအလျာက တိုင်းတပါးက ဖြစ်ချင်ဖြစ်နေတာမျိုး။ သို့တည်းမဟုတ် တိုင်းတပါးကနေ ကူနေတာမျိုး ပါရင် ပါခဲ့မှာ။ ကဲ အလောင်းအလျာတို့ရေ အပေါင်းအပါတသိုက်ကယ်နဲ့ သုခမောင်းသံ ဘဝဂ်ညံအောင် ပြုပြင်စီရင်ခွင့် ရှိတဲ့ကံကို ပြုပြင်စီရင်ရင်း အောင်မြေနင်းဖို့ ချီတက်ကြပါစို့လေး။
၁၁.၁၀.၂၀၂၂
“ဒိုမီနိုအက်ဖက်”
မနေ့တနေ့က အရက်သောက်တတ်သူ တယောက် ဆုံးသွားတယ်။ အရက်တွေ သောက်နေရင်းကနေ ငါဖြတ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရာကနေ အရက်မသောက်တော့တဲ့ ၇ ရက်မြောက်မှာ ဆုံးသွားတာ။ အရက်သောက်တတ်ခြင်းဆိုတာလေးကို ခဏကလေး မေ့ထားပေးပါ။ သူ အရက် မသောက်တော့ဖို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြောပြချင်တာပါ။ သူ့ အသက်က ၅၃ နှစ်။ ဇနီးနဲ့အတူ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးကလေး တယောက်လည်း ရှိပါတယ်။ သူ့ လုပ်အားလခက တရက်ကို ၄၅၀၀ ရပါတယ်။ ခါတိုင်းကတော့ တောအရက်ကလေး တထုပ် ၅၀၀ နဲ့ တရက်ကို ၃ ထုပ်လောက် သောက်နိုင်သပေါ့။ ငြိမ်ပါတယ်။ အိမ့်အတွက် ၃၀၀၀ ကျန်တယ်။ မိန်းမနဲ့ သမီး ထိုင်စားရုံပါပဲ။ ဒါပေမယ့် ဒါက အရင်က။ အခု အခြေခံဖြစ်တဲ့ ဆန်နဲ့ဆီက ဈေးတက်လာတယ်။ ၃၀၀၀ က မလောက်တော့ဘူး။ ဒီကြားထဲ အရက်က တထုပ် ၅၀၀ ကနေ ၁၀၀၀ ဖြစ်သွားတယ်။ မိန်းမနဲ့ သမီးအတွက် ကိုယ့်အကြိုက်ဆုံး အရာကို စွန့်လွတ်ဖို့ ဆုံးဖြတ်ချက် တခု မဖြစ်မနေ ချလိုက်ရတယ်။ ဆရာဝန်နဲ့ တိုင်ပင်ခြင်း မရှိ။ အားဆေးတွေ မစားဘဲ အရက်ဖြတ်လိုက်တယ်။ ဒါကိုလည်း မေ့လိုက်လို့ရါပတယ်။ မဆိုင်လို့ ။ အရက်ကို မဖြတ်ရင်လည်း အငတ်ဘေးက အိမ်ခေါင်းရင်း ရောက်နေပြီမို့ ဖြတ်ခဲ့ရတယ်။ သည်လိုနဲ့ တပတ်အကြာ အသက်ကိုလည်း ပေးဆပ်လိုက်ရပါတယ်။ ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က အဖြစ်အပျက်ရဲ့ အကျိုးဆက် တခုပါပဲ။ စစ်သားဆိုတာ နီသလားစိမ်းသလား သိစရာ မလိုခဲ့တဲ့မြေ။ ပီဒီအက်ဖ်ဆိုတာကို ဖြူသလား မည်းသလား မမြင်ဖူးခဲ့တဲ့မြေ။ ဆန္ဒကိုတောင် တလပြည့်အောင် မပြခဲ့တဲ့ ဒေသ။ မြောက်မြန်မာလို့ အများက လက်ခံကြပြီး မြောက်မြန်မာအတွေးအခေါ်တွေနဲ့ ပြည့်နေတဲ့မြေ။ စစ်ဘေးရှောင်ကို လှူကြမယ်လည်း မကြားဖူး။ ကလစ်ကြဟေ့လို့လည်း အသံမထွက်တဲ့ မြေ။ ပွဲလမ်းသဘင်တွေ ဘယ်လတုန်းကမှ မပြတ်ခဲ့ဖူးသလို ရောင်းဝယ်ဖောက်ကားလည်း ပျက်သွားတယ်ရယ်လို့ တရက်ကလေးတောင် မဖြစ်တဲ့ဒေသ။ ဒီလိုနယ်မှာ ဒီလိုဆိုရင် စစ်ကိုင်းနဲ့ ကရင်နီမှာ ဘယ်လိုတွေတောင် နေမလဲ။
၄၊၁၀၊၂၀၂၂
လူမှုကွန်ယက်တခုဖြစ်တဲ့ ဖေ့ဘွတ်ဆိုတဲ့ နေရာမှာ ရေးမိတဲ့စာများ အမှတ်တရ ပြန်စုလိုက်ရုံပါ။
ဂျေဂျူဝိုင်