လက်ရှိဗုဒ္ဓဘာသာဝင် အများဆုံး ဂုဏ်ကိုပိုင်ဆိုင်ထားသည့် မြန်မာဗုဒ္ဓဘာသာဝင်သူတော်စင်များရော ဝိနယော သာသနဿအာယု ဆိုကာ ဝိနည်းသည် သာသနာ၏ အသက်ဖြစ်၍ ဝိနည်းရှိမှ သာသနာရှိမည်ဟု သေချာယုံကြည်လျက် ဝိနည်းစာအုပ်ကို သေချာချုပ်၍ ပလပ်စတစ်ဖြင့် ဖုံးပြီး သိမ်းထားကြသော ရဟန်းတော်များတို့ စနေ တနင်္ဂနွေညနေများတွင် ဣန္ဒြေသိက္ခာအပြည့်ဖြင့် “မင်းမေ-မို့ အဲကောင်က နောက်တန်းကို ပြန်ပေးရသလား” စသဖြင့် နားဝင်ချိုလှသည့် ပီယဝါစာဖြင့် အားပေးကြသော ဘောလုံးပွဲများ ကျင်းပရာ ဥရောပမှာတော့ ဘီစီ ၁ ရာစုကတည်းကနေ ခုထိ ၄ သန်းလောက်ပဲ ရှိသေးကြောင်း ပြ၏။ ၄ ရာစု ၅ ရာစုတွင် သာသနာပြုများ သွားရောက်ခဲ့သော်လည်း ဂရိယဉ်ကျေးမှု ထွန်းကားနေချိန်ဖြစ်ပြီး ဓမ္မဟောင်း ဓမ္မသစ်အပေါ် ယုံကြည်သူများကြား ပဋိပက္ခတွေ မပြတ်တမ်းဖြစ်နေသဖြင့် ထွန်းကားသင့်သလောက် မထွန်းကားနိုင်ခဲ့ဟုဆိုသည်။ ဂရိယဉ်ကျေးမှု ထွန်းကားသည်ဆိုသော်ငြား ဂရိသို့လည်း ဗုဒ္ဓဘာသာ ရောက်ခဲ့သေးသည်ဆို၏။ အမေရိက၊ အဖရိကနှင့် ဥရောပတွင် ပျံ့နေသော ဗုဒ္ဓဘာသာတို့သည် ထေရဝါဒဆိုသည့် ဗုဒ္ဓဘာသာအရေအတွက် အတော်နည်းသည်။ ထို့ပြင် ဧဝံဂေလိဗုဒ္ဓဘာသာဆိုတာမျိုးပင် ရှိနေပါသည်။ ဥရောပအကြောင်း ဆက်ရလျင်မူကား ဗီယက်နမ်တွင် ကွန်မြူနစ်စနစ်ကြောင့် ဖြစ်ရသော ပြည်တွင်းစစ်ပွဲများအကြား ဒဏ်ရာရသော မည်သူကိုမဆို သက်စွန့်ဆံဖျား သွားရောက်ကယ်တင်ပြီး ပြေးရင်းလွှားရင်း ငြိမ်းချမ်းရေး တရားဟောကြားကာ ငြိမ်းချမ်းစေနိုင်ခဲ့သည့် ဆရာတော်သစ်နက်ဟန်၏ ကျေးဇူးကြောင့် ဥရောပသားများ ဗုဒ္ဓဘာသာသို့ များများစားစား ကူးပြောင်းဝင်ရောက်ခြင်း မပြုသော်လည်း အနုမာနနည်းဖြင့် မရနိုင်သော အတွင်း၏ ငြိမ်းချမ်းခြင်းကို ရရှိဖို့ တရားထိုင်တဲ့လုပ်ငန်းကို အရှိန်အဟုန်တခုအနေဖြင့် လုပ်ကိုင်နေကြသည် ဆို၏။ မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် သိပြီးဖြစ်မည်။ သူတို့ မည်သို့ကျင့်ကျင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်အတွင်းရှိ ဗုဒ္ဓဘာသာတို့၏ အကျင့်ကို မီနိုင်ရန်အကြောင်းမရှိပေ။ အဘယ့်ကြောင့်မူ သင်းတို့သည် အာနာပါနကို သမထ ဝိပဿနာအဆင့်သို့ ရောက်အောင် ရှုမှတ်နိုင်မည် မဟုတ်။ စက္ကန့်မခြားဘဲ ပြောင်းလဲနေသော ခန္ဓာကိုယ်အတွင်းမှ ဖြစ်ပျက်ဆိုသည့် သဘောတရားကို သိမည်မဟုတ်။ အာနာပါန ရှုမှတ်ပွားများရင်း ဤခန္ဓာကိုယ်သည် အစဉ်အမြဲပျက်နေပါလား။ အနိစ္စ၊ အနိစ္စ။ ဤခန္ဓာကိုယ်၏ ဝတ်ကို နေ့တိုင်း ဖြည့်ပေးနေရလည်း ဤခန္ဓာကိုယ်က ရောင့်ရဲတင်းတိမ်ခြင်းမရှိ ဆင်းရဲလှပါတကား။ ဒုက္ခ၊ ဒုက္ခ။ မအိုနဲ့ ပြောလည်းမရ၊ မနာနဲ့ ပြောလည်းမရ၊ ပါးရေမတွန့်နဲ့ ပြောလည်းမရ၊ ဆံမဖြူနဲ့ ပြောလည်းမရ အစိုးမရ။ အနတ္တ ဪ အနတ္တပါတကားဆိုပြီး သူတို့ တရားရနိုင်မည်မဟုတ်သည်ကို မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်တိုင်း ကောင်းကောင်းကြီး သိသည်မို့ ၎င်းတို့သည် ဗုဒ္ဓဟောကြားသည့်တရားကို ရင်ထဲအေးချမ်းဖို့အတွက်ဖြင့် အခုလို အလွှဲသုံးစား မလုပ်သင့်ကြောင်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ သားကောင်းတို့အနေဖြင့် သတိပေးစာထုတ်သင့်၏။ တကယ်တမ်း သူတို့ပြည်သည် ရေခဲကို ဝယ်စရာမလို။ အိမ်ပြင်တွင် ထွက်ခပ်ယူ၍ပင် ရနိုင်သည့်အတွက်ကြောင့် ရင်ထဲ အေးစေလိုလျင် အပြင်က ရေခဲကို တကော်ကော်ပြီး ရင်ဘတ်ပေါ်တင်ထားရုံဖြင့် သက်သာနိုင်သည် မဟုတ်လား။ သူတို့သည် လူသားဖြစ်လျင် လူသားကျင့်ဝတ်ကို သိရမည်၊ ကျင့်ရမည်လောက်သာ သိကြပြီး မဂ်ဖိုလ်နှင့် ဆန့်ကျင်ကြောင်းဖြစ်သည့် တိရစ္ဆာနကထာကိုသာ ပြောဆို ရေးသားကြသူများဖြစ်၏။ တရစ္ဆာနကထာကို ရေးသား ပြောဆိုကြသော အနောက်နိုင်ငံဟု မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များက တပြေးညီ သတ်မှတ်ထားသော အချက်တချက်လည်း ရှိသေး၏။ မှန်ပါသည်။ အနောက်နိုင်ငံသားများသည် လူသားဖြစ်လျင် လူသားကျင့်ဝတ်ကို လိုက်နာရမည်ဆိုသည့် အချက်အား မြန်မာ့လူမျိုးဆီ သွပ်သွင်းဖို့ ကြီးကြီးကျယ်ကျယ် ကြံစည်နေကြသည်။ သူတို့၏ လူသားဖြစ်လျင် လူသားကျင့်ဝတ်ကို ကျင့်ရမည်ဆိုသည့် ဖွင့်ဆိုက်ချက်ကို ကြည့်ပါလေ။ လူဟူ၍ ဖြစ်လာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်၊ အကျင့်ကောင်း အကျင့်ဆိုး၊ တရားမျှတမှု ရာဇဝတ်မှု စသည်တို့ကို ခွဲခြားသိမြင့်နိုင်သော သိမှုဉာဏ်ဖြင့် နေထိုင်ရမည်။ အကောင်းအဆိုးစသည် ခွဲခြားနိုင်စွမ်း ရရှိရန် သင့်တွင် မွေးရာပါအခွင့်အရေးပါလာပြီးဖြစ်သည်။ ကလေးတွေကို ဤကားကုသိုလ် အကုသိုလ်ဟု တံဆိပ်ခံနှိပ်လိုက်ရင် ရနေတာကို ကိုယ့်ဘာသာကို လေ့လာခိုင်းတဲ့ အနောက်နိုင်ငံသားတွေ။ ဤမျှလောက်ဖြင့် မြန်မာဗုဒ္ဓဘာသာကို ကျော်ပြီဟု မထင်လင့်။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင် ကြိုက်သည့် ဘုန်းကြီးကျောင်းကို တက်၊ တက်လိုက်သည်နှင့် ငါးပါးသီလ ရပြီးဖြစ်သည်။ နာရေးကား လူမှုရေးကားတွင် တွင်တွင်ကျယ်ကျယ်ပင် ကျင့်သုံးနေကြသော မုဒိတာနာရေးကား, ဂရုဏာလူမှုကူညီရေးအင်းစသည့် ဗြဟ္မစိုရ်တရားလည်း ရှိပြီးဖြစ်သည်။ အနောက်နိုင်ငံက ချိစ်ပြားက အေအိုင်ဆိုပြီး ဉာဏ်အတုကို အခုမှ ထုတ်လုပ်သည်။ မြန်မာတွင် ကားကပင် ဗြဟ္မစိုရ်တရား ကျင့်နေကြပြီ။ အာနာပါနကို ဥရောပကဲ့သို့ အမေရိကလည်း ကျင့်သုံးနေကြပါသည်။ မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်နှင့် ရဟန်းပညာရှင်များ၏ အဆိုအရ အမေရိကားတို့မှ မြန်မာပြည်ကို ဝယ်နေသည်။ အချိုအချောင်ရအောင် ဒေါ်စုကို သွေးထိုးနေသည်ဟု အစဉ်အမြဲစွပ်စွဲလေ့ရှိသော စွပ်စွဲမှုကြီးကို မကြာခဏ ကြားနေရသည်။ ဧကန္တ အာနာပါနကို တရုတ်သိုင်းကားထဲက ကျင့်စဉ်ကဲ့သို့ထင်၍ အာနာပါနအဆင့် တက်ရန် ကြံကြသည်ဟုသာ ယူဆမိသည်။ တချို့သော စွပ်စွဲချက်က လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဖြင့် ဗုဒ္ဓသာသနာကို ဖျက်ရန်ကြံစည်နေသည်ဟူ၍ ဖြစ်၏။ လူ့အခွင့်အရေးကြေငြာစာတမ်းကြီး ရေးတာစောသွား၍ ဖြစ်မည်။ မဟုတ်ပါက ငြိမ်ချမ်းရေးဆုကြီးကို တကားကားလုပ်တတ်သော တောထွက်ရဟန်းကြီးတပါး၏ ကြိုးပမ်းမှုဖြင့် လူ့အခွင့်အရေး ကြေငြာစာတမ်းအတွက်ဆိုကာ ပိဋကတ်သုံးပုံမြန်မာပြန်ကို ကုလသမဂ္ဂရုံးထဲသို့ သယ်သွားပြီး ပညာရှင်တွေကို အလုပ်ပေး၊ ပြီးရင် တခု နှစ်ခုလောက် ကိုးကားပြီးထည့်၊ ဒါဆို ကုလသမဂ္ဂကြေငြာစာတမ်းမှာ ဗုဒ္ဓဘာသာကျမ်းဂန်ကိုလည်း ကိုးကားခဲ့ပါတယ်ဆိုပြီး အချက် ၃ ချက် ထပ်တိုး။ ဒါမှမဟုတ် ကိုးနဝင်းကြေအောင် ၆ ချက်တိုး။ ၃၆ ချက်ဆိုရင် ကိုးဖြစ်။ ကိုးနဝင်းကြေတဲ့ ကုသလမဂ္ဂရဲ့ လူ့အခွင့်အရေးကြေငြာစာတမ်း ၃၆ ချက်။ သမ္မာကျမ်းစာနဲ့ ကိုရန်ပါမက ပဋိကတ်သုံးပုံကိုပါ ကိုးကားပါတယ်ဆိုလျင် တမျိုးပြောင်းချင် ပြောင်းသွားနိုင်သည်။ သို့သော်လည်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားအတွက် အပိုပင်ဖြစ်ချိမ့်မည်ထင်ပါသည်။ လူ့အခွင့်အရေးနှင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော် လားလားမှမဆိုင်သည် မဟုတ်ပါလား။
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများအတွက် သုံ့ပန်းကျွန်ဟူသော ဝေါဟာရအား နားလည်စေရန်အတွက် စစ်မက်ဆိုသည့် စကားလုံးကိုပင် ဖရုသဝါစာဟု မှတ်ယူ၍ မတော်တဆများ ဖတ်လိုက်မိ၍ သူတို့တို့စိတ် ရုန်းရင်းသွားမည်လည်း စိုးသည်။ ကမ္မဋ္ဌာန်းနည်း (၄၀) သာရှိပြီး ဉာဏ်စဉ်ကလည်း (၁၆) ဆင့်သာ ရှိသဖြင့် “ငါတို့ မြန်မာဗုဒ္ဓဘာသာတွေအတွက် ဗုဒ္ဓဂေါတမ ဟောပြခဲ့တဲ့ ကျင့်စဉ်တွေ ဉာဏ်စဉ်တွေက နည်းလှချည့်” ဆိုလျက် ကမ္မဋ္ဌာန်းနည်း (၄၀) မှ မည်သည့်ဆရာတော်၏ နိဗ္ဗာန်ရောက်နည်း၊ မည်သည့်ပုဂ္ဂိုလ်မြတ်၏ ချက်ချင်းရဟန္တာဖြစ်နည်း၊ မည်သည့်သူတော်စင်ရသေ့ကြီး၏ ဒိဋ္ဌိ ဝိစိကစ္ဆာပြုတ် သောတာပန်အတွက် ၇ ရက်ကျင့်ရန်မလိုသောနည်း စသည့်နည်းဆန်းများဖြင့် ကိုးနဝင်းလည်းဖြစ်စေဟု ရည်ရွယ်၍ နောက်ထပ် (၆၈) နည်း ထပ်ဖြည့်ပြီး တရားထိုင်နည်း (၁၀၈) နည်း ပြည့်စေခဲ့ရုံသာမက ဉာဏ်စဉ် (၁၆) ဆင့်အစား ထိုင်းအစိုးရမှ လစဉ် နှစ်ကြိမ်စီ ဖွင့်နေကျ တရားဝင်အစိုးရထီ၏ နောက်ဆုံးသုံးလုံးကို ယူ၍ ချဲဟု အမည်ပေးကာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတို့က မြန်မာ့နည်း မြန်မာ့ဟန်ဆိုသည့်အချက်ကို ချပြရင်း ကမ္ဘာက ကမ္ဘာ၊ မြန်မာက မြန်မာ၊ ကမ္ဘာနှင့် မြန်မာ မဆိုင်၊ ဂျူပီတာဂြိုဟ်ပေါ်မှာ ရှိရမည့်အစား ဒီကမ္ဘာပေါ်မှာ မြန်မာ လာတည်ရှိနေသဖြင့် နစ်နာလှသော်လည်း အနစ်နာခံ၍ ဤကမ္ဘာဂြိုဟ်မှ လူ့ငတုံးတွေကို သိစေလိုသောဆန္ဒဖြင့် ဗုဒ္ဓဘာသာမြန်မာ၏ “မူအားဖြင့် ထပ်ဆင့်ထီ” ဟုထွင်ကာ ပတ်လည်နှင့် အထက်အောက်ဆိုကာ ဇက်လှည့်သလို ရှေ့ဂဏန်းနောက်ပို့ နောက်ဂဏန်း အလယ်ထားနည်းဖြင့် ထပ်ပွားလိုက်ပြီး ဉာဏ်စဉ် (၂၅၆) ဆင့်ပေါ်ပေါက်အောင် ပြုလုပ်ခဲ့ပြီ။ ကမ္ဘာက ရိပ်ပင် မရိပ်မိသော နည်းများကို ပိုစ့်မျိုးစုံ နည်းလမ်းအဖုံဖုံကျင့်နှင့် ကျင့်ကြ ကြံကြသဖြင့် ဈာန်ရ မဂ်ရ ငြိမ်းချမ်းခြင်းချိုးငှက်ကို ရင်ဘတ်ပေါ် တက်တူးထိုးပြီး နေထိုင်ကြသော ဗုဒ္ဓဘာသာမြန်မာလူမျိုးများအား စစ်မက်အကြောင်း ရှင်းပြရမည်မှာ ကျွန်ုပ်အတွက် အတော့်ကိုပင် ဝန်လေးနေမိသည်မှာ အမှန်ပင်ဖြစ်သည်။ မိမိ၏ ပယောဂကြောင့် သူတို့၏ ဟဒယဝတ္ထုကလေး တရားဓမ္မရှုမှတ်မှု မပြုနိုင်ဘဲ ရှုပ်ထွေးသွားမည်စိုးသည်။
ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဝါဒကို မကျင့်သုံးသည့် မိစ္ဆာဒိဋ္ဌိအကျင့်ကို ကျင့်ကြသော နိုင်ငံများတွင် နေထိုင်ကြသော လူမျိုးသည် တစက်ကလေးမှ မငြိမ်းချမ်းကြ ပူလောင်နေရသည်ဟု စကားစလိုက်သည်။ ဤတွင် ‘ပူလောင်’ ဆိုသော စကားလုံးများကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများ၏ မျက်နှာနှင့် မျက်ဝန်းကို ကြည့်ရသေး၏။ နဂိုအတိုင်းတည်နေ၏။ ကျယ်ခြင်း၊ ကျုံ့ခြင်း၊ စောင်းသွားခြင်း၊ မော့သွားခြင်း၊ ငိုက်သွားခြင်း၊ ခေါင်းခါခြင်း၊ ခေါင်းညိတ်ခြင်းတခုခုများ ပြုလျင် ကျွန်ုပ်က ဤသုံ့ပန်းကျွန်ဆိုသည့် ကျွန်ကို ထားခဲ့တော့မည် လုပ်သည်။ သို့သော်လည်း အားလုံးငြိမ်နေပုံက ကြောက်သွား၍ ငြိမ်နေကြပုံနှင့် တူပါသည်။ စစ်မက်ဆိုသည့် စကားကြောင့် သူတို့ နှလုံး ခုန်တာများ ရပ်သွားလေပြီလားဟု အစပိုင်း၌ ကျွန်ုပ်နည်းနည်း စိုးရိမ်မိသလို ဖြစ်သွားသော်လည်း နောက်မှ ဪ ဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံ ဆိုသည့်အချက်ကို ပြန်သတိရသွားသည်။ သူတို့နှလုံးသည် တရားဖြင့် ပြည့်၏။ သူတို့ မည်သည့်အကြောင်းအရာကို မဆို သည်းခံနိုင်သည်။ ၃၈ ဖြာမင်္ဂလာထဲတွင် ခန္တီ စ ပါသည်။ ခန္တီဆိုသည်မှာ ဘုရားအလောင်း စသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သာ ကျင့်ကြံနိုင်သည့် အလွန့်အလွန်ခဲ့ယဉ်းသော အကျင့်ဖြစ်သည်။ ခန္တီသည် ပါရမီ ဆယ်ပါးထဲတွင် နံပါတ် ၆ အဆင့်တွင်ရှိသည်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများမူကား ပါရမီ၏ အကျဉ်းအားဖြင့် ၁၀ ပါး၊ အကျယ်အားဖြင့် ၃၀ ကို ထုံးလိုမွှေ ရေလိုနောက်ပြီးဖြစ်သည်။ ခန္တီအကျင့်သည် အကျင့်တကာများထဲတွင် အမြတ်ဆုံးသော အကျင့်ဖြစ်သည်ဟုလည်း ဆိုထားကြသည်မဟုတ်ပါလား။ သူတို့၏ သဘောထားသည် မြင့်မြတ်သည်ဆိုသည်ထက် အမြတ်ဆုံးသော အဆင့်တွေ ရှိနေပြီဖြစ်၏။ ခန္တီ ပရမံ တပေါ တိတိက္ခံဆိုသည့် ပါဠိပင် ရှိသေးသည်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတို့သည် ကျွန်ုပ်၏ စစ်ပွဲအကြောင်း အစပျိုး၍ ပြောလိုက်သော်လည်း သူတို့အားလုံး၏ နှလုံးသားထဲတွင် ရှိသော ဟဒယဝတ္ထု၏ ငြိမ်းချမ်းခြင်းကို လုံးဝမထိခိုက်စေဘဲ နားဆင်လျက်ရှိ၏။ မောင်သာရ၏ မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်း ဆိုသည့်စာအုပ်နာမည်လိုမျိုးလည်း မဟုတ်ပေ။ ဒိဋ္ဌေန ဒိဋ္ဌ မတ္တံ၊ သုတေန သုတ မတ္တံ ဆိုသည့် မြင်သည်ကို မြင်သည်ဟုမှတ်၊ ကြားသည်ကို ကြားသည်ဟုမှတ်ဆိုသည့် နည်းမျိုးဖြင့်လည်း နေထိုင်နေကြသည် မဟုတ်ကြောင်း ၎င်းတို့၏ မျက်နှာနှင့် မျက်လုံးက ပြနေချေ၏။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကား၍ တရားစခန်းများလည်း မှိုလိုပေါက်နေသဖြင့် တရားထိုင်ကြသည့် အကျိုးကျေးဇူးကြောင့် တကယ်ပင် ငြိမ်းချမ်းခြင်းကို ရရှိသွားကြလေပြီလားဟုလည်း တွေးမိပြီး သူတို့၏ မျက်နှာနှင့် မျက်လုံးတို့ကို ကြည့်မိပြန်သည်။ ကျွန်ုပ်မှာ သင်းတို့၏ မျက်နှာနှင့် မျက်လုံးကို အကြိမ်ကြိမ်ကြည့်မိသည်နှင့်အမျှ နောက်တော့ သဘောပေါက်သွားပါသည်။ ဥပေက္ခာတရားနဲ့ အညီနေထိုင် နေကြသည်ကိုး။ သူတို့၏ ဥပေက္ခာသည် ဗြဟ္မစိုရ်လေးပါးထဲမှလာသော ဥပေက္ခာမဟုတ်။ သူ့ဘာသာ ဘာြဖစ်ဖြစ် ငါ့အပူမပါ ဆိုသည့် မထုံထက်ထေး ဥပေက္ခာမျိုး။ အရတော်လေစွ။ မြန်မာနိုင်ငံမှာ လူဖြစ်ရသည်ကား ကံကောင်းမှုကြီး တပါးပါပေတည်းဟုပင် ညည်းမိပါတော့သည်။
သို့သော်လည်း သုံ့ပန်းကျွန်ဆိုသည့်အချက်ကို ရောက်ရန်အတွက် စစ်ပွဲမဖြစ်ဖူးသဖြင့် စစ်ပွဲဆိုသည်ကို မနည်းရှင်းပြရသည်။ သို့သော် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက စစ်ဖြစ်တယ်၊ စစ်ဆိုတာ လူအချင်းချင်း သတ်ကြတာဟုသာ စတင်ရသေးသည် သူတပေါက် ငါတပေါက် ထင်ရာမြင်ရာ မေးသူမေး အကြံတွေပေးသူပေး ဖြစ်နေချေပြီ။ နောက်ဆုံး ဘာလို့ လူအချင်းချင်း သတ်ကြရတာလဲ မဖြစ်နိုင်ပါဘူးတွင် အဆုံးသတ်သည်။ ထပ်ငြင်းခုံကြရင်း တယောက်က ဗုဒ္ဓဘာသာ မြန်မာပီပီ ဗုဒ္ဓဝင်ထဲမှ အကြောင်းဖြင့် ရှင်းသည်။ ဝိဋဋူဘဆိုသည့် စစ်သူကြီးမှ သာကီဝင်လူမျိုးများအား ဂျီနိုဆိုက်လုပ်လို၍ စစ်တိုက်မှု၊ ကပိလပြည်က လယ်သမားနဲ့ ကောလိယပြည်က လယ်သမားတို့ ရောဟနီမြစ်ရေလုရင်း တဖက်နှင့် တဖက်တိုက်ခိုက်လုနီးနီးဖြစ်မှုတို့ကို ထပြောလိုက်မှ စစ်တိုက်ခြင်းဆိုသည်ကို နားလည်ကြသည်။ ညံ့လွန်းလျင် ဖျင်းသည်ဆိုသည့် စကားကို အခုမှ နားလည်ပါသည်။ နားထောင်နေကြသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးထဲမှ တယောက်က စစ်တိုက်နေကြတဲ့သူတွေကို သူတို့နိုင်ငံက ဘုန်းကြီးတွေ ပညာရှင်တွေက ဘုရားဟောထားတဲ့ အပရိဟာနိယ တရားကို မပြောပြကြဘူးလားဟု စိတ်ရင်းဖြင့် ထမေးသည်။ ထိုတွင် တယောက်က “ဟဲ့ စစ်တိုက်တဲ့သူတွေက ဗုဒ္ဓဘာသာတွေ မဟုတ်ဘူးလေ၊ ငါတို့ဘုရားဟောခဲ့တဲ့ အပရိဟာနိယတရားက ဘုရားကိုသာ ဦးညွှတ်ရမယ်၊ တရားကိုသာ လိုက်နာရမယ်။ သံဃာတွေကိုသာ ပူဇော်ရမယ်လို့ အစမှာပါတယ်။ ပြီးတော့ သူတော်ကောင်းတို့ ပြောဆိုသော အကျင့်ကိုသာ ကျင့်ရမယ်လို့ ပါတယ်။ သူတို့က မိစ္ဆာဒိဋ္ဌိတွေလေ။ ဘုရားမရှိ၊ တရားမရှိတွေ။ တရားမရှိမှတော့ သူတော်ကောင်းဆိုတာလည်း ဘယ်ရှိမလဲ မင်းကလည်း၊ သူတို့က အယူမှားသူတွေပါဆိုမှ” ဟုဝင်ထောက်သည်။ အေးပြီဟု ထင်ပြီး ဆက်ပြောမည်အကြံ တယောက်က စစ်မက်ဖြစ်အောင် ဘာလို့လုပ်ကြသလဲ၊ ဘာလို့ စစ်တိုက်ရတာလဲဟု မေးသည်။ ထိုတွင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား ပီသလွန်းသော တယောက်က ထပြောသည်။ သူ့ကြည့်ရတာ စာလေးဘာလေး ဖတ်ပုံရသည်။
“ငါတို့ သင်ရတဲ့ ပဋ္ဌာန်းရဲ့ အစမှာ ပါတယ်လေကွာ၊ လောကကြီးမှာ ဖြစ်ပျက်သမျှ အရာအားလုံးဟာ အရင်းအမြစ် ခြောက်ခုကြောင့်ပဲ ဖြစ်ရတယ်ဆိုတာလေ။ စစ်ဖြစ်တယ်ဆိုတော့ ကောင်းတဲ့ အရင်းအမြစ်တော့ မဟုတ်နိုင်ဘူးပေါ့။ ဆိုးတဲ့အချက်ပဲ ဖြစ်မှာ။ ဆိုးတဲ့အရင်းအမြစ်က လောဘ၊ ဒေါသ၊ မောဟပဲ။ ဒီအရင်းအမြစ်ကြောင့်ပဲ စစ်ဖြစ်ကြမှာပေါ့။ လောကကြီးမှာ စစ်ဖြစ်တာဖြစ်ဖြစ် ခိုးတာဖြစ်ဖြစ် လုတာဖြစ်ဖြစ် ဒီအရင်းအမြစ်ကနေပဲ လာတာမို့ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ အရင်းအမြစ်မရှိကြတဲ့ မိစ္ဆာဒိဋ္ဌိတွေ စစ်ဖြစ်နေတာပေါ့”
ဟူသတတ်။ သင့်ပေစွ။ လူတွေကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ်သည်ဟု ဆက်ရှင်းရာတွင် သေနတ်ဆိုသည်ကို ကြားဖူးသလိုလို ရှိသော်လည်း မမြင်ဖူးကြသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတို့အား အသင့်ပါလာခဲ့သည့် စမတ်ဖုန်းထဲ ဓာတ်ပုံအက်တခုမှ ရှာဖွေဖွင့်ပြလိုက်ရသည်။ “မင်းတို့ဆီမှာလည်း ဖုန်းပါနေတာပဲ၊ စစ်ပွဲသတင်းတွေ ပစ်သတ်နေပုံတွေ သေနေပုံတွေ အမြဲတမ်းတင်ပေးနေတယ်လေ”ဟု သူက ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတို့ကို ပြောလိုက်သည်။ ဟုတ်ပါသည်။ တချို့ကိုင်ထားသည့် ဖုန်းမှာ ဇက်ဖလစ်ဖိုးဖုန်းဖြစ်ပြီး တချို့ဖုန်းက အိုင်ဖုန်း၁၄ ဖြစ်သည်။ ထိုအခါ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများက တညီတညာတည်းပင် “အကုသိုလ်ဖြစ်စေတဲ့ အရာအားလုံးကို ရှောင်ပါတယ်ခင်ဗျာ” ဟုဖြေကြသည်။ တရားရဖွယ်ကောင်းလေစွ။ သို့သော်လည်း ကျွန်ုပ်က ဖုန်းအစုတ်ဖြင့်ပင် လက်ယက်ကုန်းရွာက ပုံများနှင့် ဖားကန့် ဖျော်ဖြေပွဲမှ ပုံများနှစ်မျိုးကိုသာ ပြလိုက်၏။ သတိတရရှိလာသည်နှင့် စေတီတဆူသာကျန်ခဲ့ပြီး ပြာပုံဖြစ်နေသည့် ရွာကြီးပုံကိုပါ ပြလိုက်သေးသည်။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတို့၏ ခံယူချက်က ပြင်းထန်လှ၍ ကျွန်ုပ်ပင် နောက်လှန်လဲကျလုမတတ် ဖြစ်သွားရ၏။ သူတို့ပြောလိုက်သည့် စကားကိုလည်း နားဆင်ကြည့်တော်မူပါဦး။ “ကျုပ်တို့က အနိဋ္ဌာရုံတွေကို မကြည့်ဘူး” တဲ့။ သူတို့ထဲမှ တယောက်ယောက်၏ ဖုန်းကို ကောက်ယူကာ ဘာများရှိမလဲဟု စစ်ကြည့်ပစ်ချင်စိတ် တဖွားဖွားပေါ်သွားသည်။ လူနေခွေးကြား စိတ်နေကိုးရီးယားတွေသာ ရှိမည်။ အသံပိတ်ရသည့်ဇာတ်ကားလည်း ရှိမည်။ သို့သော် ကျွန်ုပ်က ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဆိုသည့်အချက်ကို အတော်ကြောက်ပါသည်။ မိမိနီးနီးနားနား၌ မရပ်မနား တရစပ်ပင် ဖြစ်ပျက်လျက်ရှိသော ဖြစ်ရပ်ကြီးအားလုံးကို မသိချင်ယောင်ဆောင်နိုင်စွမ်းလှသည်။ ဪသူတို့ကား ဗုဒ္ဓဘာသာ မြန်မာလူမျိုးပေကိုးလေ။ သူတို့မှ ဓာတ်ပုံများ ကြည့်ရပြီးနောက် ကျွန်ုပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ တမနက်ခင်းသ၌ အေရိုးဗစ်ကနေသော အမျိုးသမီးငယ်တဦး၏ နောက်ကွယ်က ဖြစ်ရပ်ကို ချန်ထားပြီး စစ်တိုက်ကြပုံကို ရှင်းပြရသည်။ နောက်ကွယ်က ဖြစ်ရပ်ကို ချန်လှပ်ထားရခြင်းမှာ ဗုဒ္ဓဘာသာ မြန်မာများအတွက် နားရှုပ်စရာ ဖြစ်နိုင်သည်။ လူတယောက်က အမျိုးဘာသာ သာသနာကို ကာကွယ်မည်ဆိုသော စကားကို သူတို့ ဘယ်လိုမှ နားလည်မည်မဟုတ်။ အဖြစ်အပျက်ကို ခြုံငုံကြည့်ရှုသူများ မဟုတ်။ ဗုဒ္ဓဘာသာ မြန်မာများသည် ဗုဒ္ဓဘာသာမြန်မာများပီပီ မိမိတို့ ဘက်ကိုသာ ကြည့်ကြသဖြင့် ရှင်းလေ ရှုပ်လေဖြစ်သွားမည်မှန်း သိသဖြင့် စစ်ပွဲဖြစ်နေပုံကိုသာ ရှင်းပြလိုက်သည်။ ကျွန်ုပ်၏ ရှင်းပြမှုကြောင့် စစ်ပွဲဆိုသည့်အချက်ကို ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများ နားလည်သွားကြသည်။ ပစ်ခတ်သည့်အရာများကိုလည်း သိသွားကြသည်။ အပြစ်မဲ့သေဆုံးနေရသည့် ပြည်သူတွေကိုလည်း သူတို့ မြင်သွားပါသည်။ ကျွန်ုပ်က သူတို့များ အိုး ကျွတ် ကျွတ်ဟု စုပ်သပ်မည်ဟု ထင်လိုက်သေး၏။ ယင်းဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည်ကား ဗုဒ္ဓဘာသာဝင် ပီသပေစွ။ မည်သည့်အချက်ကိုမှ မသုံးသပ်တတ်ကြသူများ ပီသလှ၏။ ကုလသမဂ္ဂလို အဝေးကြီးမှာ ရှိသည့် အဖွဲ့အစည်းများကပင် စိုးရိမ်ပေးဖော်ရသေးတော့။
“ကျုပ်မေးစရာ ရှိတယ်ဗျ”
“အေး”
“ခုထိ သုံ့ပန်းကျွန်ဆိုတဲ့အချက်မပါသေးဘူး”
ဟုတ်သား။ ကျွန်ုပ်က သူတို့၏ စစ်ဖြစ်နေသည်။ လူတွေ သတ်နေကြသည် ဆိုသည့် သတင်းအပေါ် တုံ့ပြန်ချက်များကို အံ့ဩဘနန်းဖြစ်နေ ရသည်မို့ လိုရင်းကိုပင် မေ့တေ့တေ့ဖြစ်သွားလေ၏။ ထိုအချိန် တယောက်က လက်မထောင် ဘာမထောင် ထမေး၏။ ထိုသူက ဗုဒ္ဓဘာသာ မြန်မာလူမျိုး အတော်ပီသသည်။
“ဟျောင့် ငါမေးမလို့ဟာ မင်းက၊ သူ့ဟာ မဖြေနဲ့ဦး ကျုပ်မေးတာ အရင်ဖြေ၊ ဒီစစ်ပွဲဖြစ်နေတဲ့ ကောင်တွေက မိစ္ဆာဒိဋ္ဌိတွေဆိုရင် သူတို့အချင်းချင်းပြန်တိုက်နေကြတာပဲ။ ကျုပ်အထင်တော့ အယူဝါဒချင်းတူနေရင် စစ်မဖြစ်ဘူးဗျ။ ဥပမာ ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် ငါးပါးသီလ အမြဲဆောက်တည်တယ်၊ သတ္တဝါအားလုံးအပေါ် မေတ္တာနဲ့ပဲ ဆက်ဆံပြောဆိုတယ်။ လောဘ ဒေါသ မောဟတရားတွေ နည်းပါးအောင် အမြဲတမ်း တရားထိုင်တယ်။ ကျုပ်တို့ဟာ သမ္မာဒိဋ္ဌိပေါ့။ ဒီတော့ ကျုပ်တို့ ဘယ်တော့မှ စစ်မဖြစ်ဘူး။ ကျုပ်တို့မှာ စစ်ဖြစ်ဖို့ မပြောနဲ့ သတ္တဝါအားလုံးအပေါ် ကာယကံနဲ့လည်း အပြစ်မကျူးလွန်ဖူးဘူး။ ဒုစရိုက် ၁၀ ပါးကို သတိထားပြီး ရှောင်တယ်ပေါ့ဗျာ။ ကာယကံကို ဘယ်လောက်ထိ ထိန်းသိမ်းသလဲဆိုရင် ကျုပ်ပြောနေတာ မကြားတဲ့ သူတယောက်ကို ပုတ်ပြီး အသိပေးရင် နာသွားမှာစိုးလို့ အသာအယာလေးပဲ ပွတ်သပ်ပြီး အသိပေးတယ်။ သူများပစ္စည်းဆိုရင် နေရာရွေ့သွားတာနဲ့ ပိုင်ရှင်က စိတ်ထင့်သွားရင် ခိုးမှုမြောက်လို့ လက်ညိုးနဲ့တောင် မတို့ဘူး။ သူများသားသမီးကိုဆိုလည်း ဖုန်းထဲက ဓာတ်ပုံကိုတောင် မပြစ်မှားဘူး။ ဝစီကံနဲ့လည်း အပြစ်မကျူးလွန်ဖူးဘူး။ ပြောရဦးမယ်။ ကျုပ်တို့လေ တခါမှ မုသာဝါဒအပြစ်ကို မကျူးလွန်ဖူးလို့ တယောက်နဲ့တယောက် အပျော်တမ်း လိမ်ပြောကြည့်တာတောင် ဘယ်လိုမှန်း မသိတော့ဘူး။ ဝစီကံထဲပါတဲ့ အချိန်ဖြုန်းတဲ့စကား၊ အတင်းတုတ်တဲ့စကားနဲ့ စကားကြမ်းတွေလည်း တခါမှ မပြောဖူးလို့ တခါခါ ဆဲသံကို ဘယ်လိုမျိုးလဲလို့ အဖေနဲ့ အမေကို ခဏခဏပြန်မေးရတဲ့အထိပါ။ မနောကံဆိုလည်း အဘိဇ္ဈာ ဗျာပါဒဖြစ်မှာစိုးလို့ နီတိအမျိုးမျိုးကို အမြဲတမ်း ရွတ်ဆိုတယ်။ အယူမှားဆို ဝေးပေါ့ဗျာ။ သားရိုင်းကောင် ခြင်္သေ့တိရစ္ဆန်တောင် ကိုယ်ဗိုက်ပြည့်ဖို့ တကောင်လောက်သတ်လို့ လုံလောက်ရင် တကောင်လောက်ပဲ သတ်တယ်။ ပိုသွားရင်လည်း ဒီတိုင်းထားခဲ့တယ်။ မြေခွေးစားစား၊ လင်းတစားစား စိတ်ထားမျိုးပေါ့။ ကျုပ်တို့က ခြင်္သေ့မျိုးလေ။ စိတ်ထားတောင် အဲလိုပဲ။ အယူမှားဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တဲ့ ကိစ္စကြီးပေါ့။ ဒုစရိုက် ၁၀ ပါးကို မကျုးလွန်ဖူးကြတော့ စစ်ဆိုတာကို ကျုပ်တို့ ဘာမှန်း မသိတာ အကို့လက်တွေ့ပဲ ဟုတ်တယ်မဟုတ်လား။ ကျုပ်တို့ သမ္မာဒိဋ္ဌိချင်းချင်း စစ်မတိုက်ဘူးဗျာ။ မိစ္ဆာဒိဋ္ဌိချင်းချင်းလည်း စစ်တွေ ဘာတွေ တိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူးဗျ။ အခုန အကိုပြတဲ့ ဓာတ်ပုံတွေကို ကျုပ်လည်း မြင်ဖူးပါတယ်။ အကို့အနေနဲ့ အဲဒါတွေ အစစ်လို့ယုံလား။ အကိုယုံရင်တော့ အကို ညံ့လို့ပဲ။ အကိုပဲ စဉ်းစားကြည့်။ ဟိုနိုင်ငံခြားဇာတ်ကားထဲမှာ ပက်လက်အိပ်ပြီး ကျားအကိုက်ခံရပုံပဲ သရုပ်ဆောင်လိုက်တာ၊ တကယ်ထွက်တဲ့ ဇာတ်ကားမှာတော့ တကယ့်ကျားကြီး ပါလာတယ်။ အပြင်မှာ သွေးတစက်မှ မထွက်ပေမယ့် ဇာတ်ကားထဲကျတော့ သွေးတွေက အများကြီး။ အခုက ကွန်ပျူတာခေတ်ဗျ၊ ကွန်ပျူတာခေတ်။ ကွန်ပျူတာနဲ့ အကုန်လုပ်လို့ရတယ်ဆိုတာ အကိုမသိသေးလို့။ နိုင်ငံခြား ဇာတ်ကားတွေ အကုန်လုံးက အခန်းတခုထဲမှာပဲ ရိုက်တာ။ အကုန် ကွန်ပျူတာနဲ့ လုပ်တာ။ အကိုသာ ကွန်ပျူတာနဲ့ အကုန်လုပ်လို့ရတာကို မြင်ဖူးသွားရင် ခုနက ဓာတ်ပုံတွေက အတုဆိုတာ အကိုသိသွားလိမ့်မယ်။ အဲလိုပုံတွေက ဒေါ်လာရတဲ့ သတင်းစာတိုက်က ဒေါ်လာအတွက် လုပ်ကြတာ။ ခဏခဏ မြင်နေရတာပဲ။ သတင်းထောက်တွေက ဒေါ်လာရချင်လို့ ကွန်ပျူတာနဲ့ လူအသေရှာထည့်၊ သွေးအတုထည့်၊ ခြေပြတ်လက်ပြတ်အောင်လုပ်ပြီးရင် အဲဒီနေရာမှာ လူ့အခွင့်အရေးချိုးဖောက်နေပါတယ်ဆိုပြီး သတင်းပို့။ တခါတလေ ကျုပ်တောင် အဲလို လုပ်စားချင်သေးတယ်။ ကျုပ်က ကိုယ်နေတဲ့ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာနိုင်တော်ကြီးအပေါ် သစ္စာမဖောက်ချင်လို့ဗျ။ နိုင်ငံခြားသားတွေက မြန်မာပြည်ထဲက သယံဇာတတွေ ရချင်လို့ အကြောင်းပြချက်ရှာနေတာလေ။ သတင်းထောက်တွေဆိုတာက လောက်ကောင်တွေပဲ။ ဒေါ်လာလေး တစ်ရာ နှစ်ရာနဲ့ နိုင်ငံကို အပိုင်သိမ်းချင်နေတဲ့ အနောက်နိုင်ငံကို အကြောင်းပြချက် ရှာပေးနေတာ။ အနောက်နိုင်ငံက တိုင်းရင်းသားတွေကိုလည်း သွေးအမျိုးမျိုး ခွဲနေတယ်။ မြန်မာ့သယံဇာတဖြစ်တဲ့ ကျွန်းတို့ ကျောက်စိမ်းတို့ ပတ္တမြားတို့ဆိုတာ ကမ္ဘာမှာ အကောင်းဆုံး စာရင်းဝင်ပဲ။ သူတို့ ဒါကို အလကား ရချင်လို့ မြန်မာကို ဒုက္ခအမျိုးမျိုးပေးနေတာ။ မသိနားမလည်တဲ့ ကလေးတွေကို မြှောက်ပေးနေတာ။ ပြီးတော့ ပြောသေးတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်နဲ့ မအုပ်ချုပ်လို့တဲ့။ သူတို့ ဒီမိုကရေစီ မဟုတ်တာနဲ့ ဒီမိုကရေစီနဲ့ မအုပ်ချုပ်ဘူးလာပြောနေတယ်။ တကယ်တော့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံက အုပ်ချုပ်ထားတဲ့ ဒီမိုကရေစီက သူတို့ထက်တောင် မိုက်သေးတယ်။ အကိုပဲ စဉ်းစားကြည့်လေ။ ဒီမိုက်ရေစီချည်းပဲ ဆိုရင် ဗဟုတ်သုက္ခတွေ ဖြစ်ကုန်မှာပေါ့။ ဒါကြောင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုပြီး တကယ့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ အုပ်ချုပ်ခဲ့တာ။ ဘာစည်းကမ်းလဲ အကိုသိလား။ အကို့ပုံစံကြည့်ရတာ ပြောပြလည်း နားလည်မယ့်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် ကျုပ်ပြောရဲတာ တခုက သူတို့ ဒီမိုကရေစီနဲ့ အုပ်ချုပ်ရင် ဗုဒ္ဓဘာသာ ပျက်စီးပြီပဲ။ အဲဒါ အရမ်း သေချာတယ်။ ဘယ်လိုပျက်မလဲ မမေးနဲ့။ ဘုန်းကြီးတိုင်း ဟောတယ်။ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ ဗိုက်ပေါ် ချက်ပေါ် အဝတ်အစားတွေ ဝတ်တတ်လာပြီး နိုက်ကလပ်တွေတက် ကာရာအိုကေတွေဆိုနဲ့ ပျက်စီးကုန်မှာပေါ့။ မြန်မာ့အမျိုးသမီးတွေ အကျင့်ပျက်သွားရင်း မြန်မာပြည်ကြီး ပျက်ပြီပေါ့။ အကိုက ဒါတွေ နားမလည်ပါဘူးဗျာ။ အကိုတို့က သူများလိမ်တာ အမြဲခံနေရတာပဲ။ ဘီဘီစီလိမ်နေသည်၊ ဗွီအိုအေညာနေသည်ဆိုတာ အကိုလည်း ကြားဖူးတယ် မဟုတ်လား။ အဲဒါ တကယ်ဗျ။ ၁၉၉၀ ခုနှစ်လောက်ကတည်းက ဗုဒ္ဓဘာသာနိုင်ငံတော်ရဲ့ အစိုးရက အဲဒီအကြောင်းကို စေတနာအပြည့်နဲ့ အမြဲပြောပြ ရှင်းပြလာခဲ့တာ။ အကိုတို့က အတော်ဒုံးဝေးတာပဲ။ အကိုတို့လို လူတွေများလို့ ဗုဒ္ဓဘာသာ မတိုးတက်တာ။ ကျုပ်မေးချင်တာ အဲဒါပဲ။ ကျုပ်ကို အရင်ဖြေပေးဦး”
ကျွန်ုပ်ဆိုသော သကောင့်သား ဒီမောင်ဆိုသူမှာလည်း ခေသူမဟုတ်။ စီးပွားရေးဖိုရမ်ဆိုလည်း တက်သည်။ စာပေဟောပြောပွဲဆိုလည်း တက်သည်။ ဘလော့ဘားကမ်းဆိုလည်း တက်သည်။ ဓာတ်ပုံ ဘားကမ့်ဆိုလည်း တက်သည်။ အောင်မြင်ရေးကြီးပွားရေးဆိုသည့် ဟောပြောပွဲလည်း တက်သည်။ ပန်းချီပြပွဲ ဆိုလည်းတက်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းဆိုလည်း တက်သည်။ အခွင့်အရေး ဆိုသည့် စကားလုံးနဲ့ လူ၊ အစားအစာ၊ ကလေး၊ အလုပ်သမားစသည့် သင်တန်းတွေ တက်သည်။ ထိုမှ ရလာသော အတွေ့အကြုံကြောင့် ထိုဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားကြီးပြောသော စကားအရှည်ကြီးထဲမှ မိမိအား အပြစ်ပြောသည့်စကားအား အခုလို ဝေဖန်အကြံပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း အရင်ပြောသည်။ ၎င်းတို့ကဲ့သို့ အသိ အမြော်အမြင်များ တိုးတက်လာရန်အတွက် ယခင်ကထက် ပို၍ ကြိုးစားသွားလည်ဟုလည်း ပြောရသည်။ ထို့နောက်မှ သမ္မာဒိဋ္ဌိအယူဝါဒရှိသူများ စစ်မဖြစ်ကြသကဲ့သို့ မိစ္ဆာဒိဋ္ဌိအယူရှိသူ အချင်းချင်းလည်း စစ်မဖြစ်နိုင်ဆိုသည့် ကိစ္စကို ရှင်းပြသည်။
“ငါ့ညီပြောတာ အရမ်းမှန်ပါတယ်။ မေးခွန်းမေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သမ္မာဒိဋ္ဌိချင်းချင်း စစ်မတိုက်သလို မိစ္ဆာဒိဋ္ဌိချင်းချင်းလည်း စစ်မတိုက်သင့်ဘူးလို့ပဲ မေးလိုရင်းမေးခွန်းကို အကိုကောက်မိတယ်။ ဒီကစ္စကို ရှင်းရရင် အစမှာ စစ်တိုက်ရတဲ့ အကြောင်းရင်းက အရင်းအမြစ်သုံးခုပဲဆိုတာနဲ့ပဲ ပြန်ရှင်းပါရစေ။ သမ္မာဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် လောဘ၊ ဒေါသ၊ မောဟကို ရိုရိုးမဟုတ်ဘဲ ဇွန်းတပ်ရှယ်ကြီးနဲ့ လုပ်လာရင် မတရားတော့ဘူးလေ။ ကိုယ့်ပစ္စည်းလည်း အယူခံရ နားဘန်လည်းအကျင်းခံရ နလပိန်းတုံးတွေဆိုပြီး ဆဲလည်းဆဲသွားရင် ငါ့ညီတို့ မြန်မာဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အဓမ္မမဟုတ်လား။ တခါနှစ်ခါဆို သည်းခံရင် သည်းခံမှာပေါ့။ အဓမ္မက အကြိမ်ရေများလာတော့ ဓမ္မဘက်ကနေ ပြန်တိုက်ပေးရတာ၊ မတရားမှုကို ငုံ့မခံဘူးဆိုတဲ့သဘော။ ငါ့ညီတို့ ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင် မဇ္ဈိမပဋိပဒါပေါ့၊ နိုင်ငံတကာ စကားနဲ့ ပြောရရင် တရားမျှတရေးပေါ့။ စစ်ဖြစ်တာ ပန်းနဲ့ပေါက်တာမှ မဟုတ်ဘာ၊ ဘယ်သူမှ မဖြစ်ချင်ပါဘူး”
“အကိုက မဇ္ဈမိပဋိပဒါတွေ သမ္မာဒိဋ္ဌိတွေအကြောင်း ဘာမှ မသိပါဘူးဗျာ”
“ဟုတ်ကဲ့ အလယ်အလတ်လမ်းစဉ်လို့ ကြားဖူးလို့ ပြောကြည့်တာပါ။ နောက် အလွမ်းသင့်ရင် မဇ္ဈိမပဋိပဒါနဲ့ သမ္မာဒိဋ္ဌိအကြောင်း ဆွေးနွေးကြတာပေါ့။ လောလောဆယ်တော့ သုံးပန်းကျွန်အကြောင်းပဲ ပြောပါရစေ။ စစ်ပွဲဆိုပြီးဖြစ်လာရင် နှစ်ဖက်ဖြစ်သွားတယ်။ တဖက်ကလူကို အရှင်ဖမ်းမိထားရင် သုံ့ပန်းလို့ခေါ်ပါတယ်”
ကျွန်ုပ်မှာ ကျွန်ဖြစ်သည့်အလျောက် ကျွန်စာရင်းများကို ပြုစုရင်း သုံးပန်းကျွန်ဆိုသည့် ကျွန်တမျိုး ပါလာရာ ဤပိုစ့်ကို ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ကြီးထဲမှ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများလည်း ဤပိုစ့်ကို နားလည်စေချင်သောကြောင့် သုံ့ပန်းကျွန်ဆိုသည့် စကားလုံးကို ရှင်းပြဖို့အရေး စစ်မက်ဆိုသည့် စကားလုံးကို မကြားဖူးကြ၊ မသိဖူးကြ၊ မတွေ့ဖူးကြသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှ စစ်မက်ကိစ္စကိုပါ အပိုထည့်ပြော လိုက်ရခြင်းဖြစ်လေသည်။ သိမီသလောက် ဘီစီတသောင်းလောက်ကတည်းက ကျွန်ဆိုသည့် အချက်က ရှိလာပြီး ဖြစ်သည်။ ထိုအချက်ကို ဘာသာတခုကို တည်ထောင်ခဲ့ကြသော ဗုဒ္ဓ၊ ယေရှုတို့ကလည်း ထည့်သွင်းခဲ့ကြသည်။ မဇ္ဈမိဒေသခေါ် အိန္ဒိယမှာ ဘုရားရှင်လက်ထက်ကတည်းက မြသန်းတင့်၏ သုခမြို့တော် ဖြစ်ခဲ့ပုံရပါသည်။ ကျွန်တွေက စုံနေသည်။ နောက်ကျွန်တမျိုးက စာရင်းငှါးကျွန်ဟူ၍ ဖြစ်သည်။ ရှမ်းပြည်ဘက်တွင် ရှိသည့် ‘သားလိုင်း’ ဟုခေါ်သော စာရင်းငှါးမျိုးကို ဆိုလိုဟန်တူပါသည်။ ရှမ်းပြည်တွင် တရာသီစာလုံး လူ ၁ ယောက်ကို၊ ၂ ယောက်ကို၊ ၃ ယောက်ကို အပြီးခေါ်ထားတာမျိုး ရှိတတ်သည်။ စာရင်းငှါးကျွန်က ဤကဲ့သို့ ဖြစ်ချိမ့်မည်။ ငွေဝယ်ကျွန်ဆိုတာကြီး ဘုရားခေတ်မှာကတည်းက ပါနေတာ အတော်ဆိုးကိုးဟု မှတ်ချက်ပြုချင်သည်။ ထိုခေတ်က ငွေဝယ်ကျွန်က မည်ကဲ့သို့ ရှိမည်နည်း။ လက်ရှိ ခေတ်ကဲ့သို့ပင်လော။ အုပ်ချုပ်သူ လူတန်းစားများ၏ ညံ့ဖျင်းမှုကြောင့် တိုင်းသူပြည်သားများ ဆင်းရဲတွင်း နက်သထက်နက်လာပြီး မိမိရင်သွေးကို ရောင်းကြခြင်း၊ လူမှောင်ခိုများ ပေါ်ပေါက်လာပြီး အမျိုးသမီးငယ်နဲ့ ကလေးသူငယ်ကို ဖမ်းဆီးရောင်းချခြင်း၊ အကြွေးနွံကြောင့် မိမိကိုယ်ကို ပွဲစားကုန်သည်ထံ ကျွန်ခံခြင်းတွေဟာ ငွေဝယ်ကျွန်ဖြစ်ရခြင်းပေါ့။ မိမိကိုယ်ကို လိင်ကိစ္စဖြင့် ငွေရှာခြင်းကိုလည်း ငွေဝယ်ကျွန်လို့ ခေါ်ရမည်လား။ မသိ။ ငွေဝယ်ကျွန်ဖြစ်ရခြင်း၏ အကြောင်းအရင်းများမှာ နိုင်ငံ၏ အုပ်ချုပ်သူ၊ နိုင်ငံ၏ငွေကြေး၊ နိုင်ငံ၏ စီးပွားရေး ကျဆင်းမှု၊ နိုင်ငံ၏ ဆင်းရဲမွေးတေမှု၊ တိုင်းသူပြည်သားတော်တော်များများ အကြွေးနွံနစ်နေမှု၊ နိုင်ငံတကာမှ ချေးငွေလုပ်ငန်းများ အများအပြားဝင်ရောက်လာမှုတို့ကြောင့်ဖြစ်တန်ရာ၏။ လခစားအလုပ်လုပ်သူကိုလည်း ငွေဝယ်ကျွန်စာရင်း သွင်းထားသည်ကို တွေ့ရသေး၏။
ဗုဒ္ဓဘာသာမှာက ကျွန်တွေ အတော့်ကိုပေါ၏။ ဘုရားကျွန်၊ ကျောင်းကျွန်၊ သိမ်ကျွန် သဖြင့်ဖြစ်သည်။ အခြား ဝေါဟာရဖြင့် ပြောင်းလို့ ကောင်းမကောင်း၊ သင့်မသင့်တော့ ကျွန်ုပ်လည်းမသိ။ အစ္စလာမ်ကျမ်းနှင့် ကျွန်ုပ်က သိပ်မနှီးစပ်သဖြင့် ကျွန်စနစ်ရှိမရှိ မသိရ။ ရန်ကုန်မန္တလေး သာသနာ့တက္ကသိုလ်က စာတမ်းတင်သော ဆရာတော်များ၊ ဗုဒ္ဓတက္ကသိုလ်မှ ကျမ်းပြုကိုယ်တော်ငယ်များ၊ ထေရဝါဒတက္ကသိုလ်မှ ကျမ်းတင်သော သံဃာများ၊ အိမ်နီးချင်းနိုင်ငံအသီးသီးသို့ ဘီအေ၊ အမ်အေ၊ ဒေါက်တာစသည့် ဘွဲ့များကို ယူခဲ့ကြ၊ ယူဆဲ၊ ယူဦးမည့် ထက်မြက်သော ရဟန်းပျိုတို့ ပြုစုမည့် ဘွဲ့အတွက်သုတေသနများတို့တွင် “ဗုဒ္ဓစာပေကျမ်းဂန်မှ ကျွန်များ” ဆိုပြီး ထုတ်ခဲ့ကြခြင်း ရှိပြီလား။ မရှိသေးဘူးလား။ ဤအချက်ကိုဖြင့် ကျမ်းပြဦးအံ့ဟု တွေးနေသော ကိုယ်တော်ကလေးများ ရှိသလား။ ကျွန်ုပ်ကသာ တောရောက် တောင်ရောက် မလျှောက်မပတ် စဉ်းစားမိခြင်းလေလော မဝါစကတတ်။ ဗုဒ္ဓဘာသာမှ ကျွန်စနစ်ကို လေ့လာမိရင်း ကိလေသာကျွန်၊ ကာမကျွန်၊ တဏှာကျွန်အဖြစ်မှ လွတ်ကင်းဖို့သာ ကျင့်ကြံကြပါလေဟုသာ အကြံပြုလိုပါတော့သည်။ မာန်လည်ဆရာတော်ကြီးကမူ ဘဝအဆက်ဆက် သားကျွန် မယားကျွန်ဖြစ်ခဲ့ပြီ။ ဒီဘဝ သာသနာနှင့် ကြုံတုန်း ကြုံခိုက် သာသနာ့ကျွန် လုပ်ပါရစေဆိုကာ ပျံလွန်တော်မူသည်အထိ ကျောင်းပေါ် တံမျက်လှည်းခြင်း၊ သောက်ရေအိုးစင် ရေဖြည့်ခြင်း၊ ဝစ္စကုဋီ ရေဆေးခြင်း ကုသိုလ်များ ပြုလုပ်သွား၏။ အတုယူသင့်ထိုက်ပေစွ။
ကျွန်စနစ်ဖြင့် လည်ပတ်နေသော ကမ္ဘာကြီးတွင် သင်နှင့်အတူ ကျွန်ုပ်လည်း ကျွန်တယောက်ဖြစ်နေသည့်အတွက် များစွာ စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ စိတ်ချလက်ချပင် ဖြစ်သွားတော့သည်။ ကျွန်ဟူသည် ကမ္ဘာတွင် သမိုင်းဝင်သည့် အချင်းချင်း နှိပ်စက်ခြင်း ထုံးတမ်းစဉ်လာ ဖြစ်သဖြင့် မည်သူမှ ကျွန်အဖြစ်မှကား မရပ်တန့်နိုင်။ ရပ်တန့်ရန်လည်း မကြိုးစားသင့်ပေ။ သို့သော် ကျွန်ချင်းတူတူမှ သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ်ကို ဖတ်ပြီးသည်တွင် အပြောင်းအလဲတခုကို တွေ့ရမည်ဖြစ်ကြောင်းတော့ အာမခံပါ၏။ ထို့ကြောင့် သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ်ကို ပရိသတ်များလည်း ရှာဖတ်ချင်လေမည်လားဟု ထင်သောကြောင့် ထိုစာအုပ်ကို ပြောပြလိုက်ရခြင်းဖြစ်သည်။ သူ့ဘဝ ပြောင်းသွားတဲ့စာအုပ်ဟု မဖတ်မိရန်လည်း အသိပေးလိုပါသေးသည်။ ကျွန်ုပ်ဘဝမပြောင်းသေးပါ။ တဦးနှင့် တဦးတို့၏ အတွေး၊ အချုပ်အနှောင်၊ လမ်း၊ ရေချိန်က မတူသောကြောင့် သူ့ဘဝကို ပြောင်းလဲပေးနိုင်ရင် ပေးနိုင်မယ် ငါ့ဘဝကိုတော့ မပြောင်းလဲပေးနိုင်လောက်ပါဘူးဟု ယူဆလျင်လည်း မဖတ်ဘဲ နေနိုင်ပါသည်။ စူးစမ်းလို၍ဖြစ်စေ၊ အတင်းတုပ်လို၍ဖြစ်စေ၊ ခနဲ့ ကဲ့ရဲ့လို၍ဖြစ်စေ ဖတ်လျင်လည်းရပါ၏
သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ်သည် စာသင်ကျောင်း တက္ကသိုလ်နှင့် သင်တန်းတခုခုတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းစာအုပ်ကလေး မဟုတ်ခဲ့ပါ။ ကျွန်ုပ်ပြောမည့် စာအုပ်က တကယ် ရိုးသားပါသည်။ အယူဝါဒတခုခု သွပ်သွင်းထားခြင်းမျိုး လုံးဝမရှိပေ။ မှိုင်းမရှိ။ ဆိုက်ကိုဖြစ်လောက်သည့် အကြောင်းအရာ မပါ။ ကျောင်းတခုခု တက္ကသိုလ်တခုခု၏ ပြဋ္ဌာန်းစာအုပ်မဟုတ်ပါ။ ကျွန်ုပ်ပြောသော စာအုပ်ကို ပထမတရွက်လှန်လိုက်သည်နှင့် သင့်ဘဝအတွက် ဉာဏ်အလင်းဖွင့်လိုက်သည့်အလား ဖြစ်နေစေရမည်။
သခင်ကိုယ်တော်မှိုင်း၊ မဟာဆွေ၊ ဒဂုန်တာရာ၊ သခင်ဘသောင်း၊ လင်းယုန်မောင်မောင်၊ သော်တာဆွေ၊ မြသန်းတင့်နှင့် တာရာမင်းဝေဆိုသည့် စာရေးဆရာကြီးများ ရေးသားခဲ့သော စာအုပ်မဟုတ်ပါ။ သူတို့စာအုပ် ဈေးကြီးသည် မဝယ်နိုင်ပါ။ ရှေးဆရာကြီးများ၏ စာရေးစာသားက ညက်သည်။ ဖတ်လျင် ချောနေသည်။ ဖတ်သင့်သည်ဆိုသော်လည်း ပိုက်ဆံမရှိ၍ မဝယ်တော့ပါ။ ဖုန်းကြည့်ဖို့လည်း လိုသေးသည်။ သူတို့စာအုပ်တွေက အထူကြီး။ စစ်နဲ့ ငြိမ်းချမ်းရေးဆို ဘယ်နှစ်တွဲရှိမှန်းတောင် မသိ။ ထို့ကြောင့် ထိုစာအုပ်မျိုး မဟုတ်ကြောင်း အာမခံသည်။
ထိုစာရေးဆရာတို့မှ ဖတ်သင့်သည်ဟု ညွှန်းဆိုခဲ့ခြင်း စာအုပ်လည်း မဟုတ်ပါ။ သူတို့ညွှန်းပြီဆို အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေချည်း။ ဒီကလည်း နားကန်းတလုံးမှ မဖတ်တတ်။ အိုးခိုင်မော့တွေ ဖြစ်ကုန်မည်။ သစ်ပင်ပိုစ့်၊ ကလေးသူငယ်ပိုစ့်၊ စစ်သူကြီးပိုစ့်ဆိုသည့် ယောဂကျင့်စဉ် စာအုပ်မျိုး မဟုတ်ပါ။ ယောဂကျင့်ဖို့ နေနေသာသာ လက်ကို အပေါ်မြောက်ဖို့တောင် ပျင်းနေတဲ့အချိန်။ နဘန်းသတ်နည်း၊ ခြေကန်နည်း၊ သိုင်းပြောင်းစသည့် သိုင်းကျမ်းလည်း မဟုတ်ပါ။ ကျည်ကာသိုင်းထွက်မှ သင်တော့မယ်။ ငါးပစ်ဂိမ်းကစားနည်း၊ ပိုကာဒေါင်းနည်းနှင့် ကာစီနိုလောင်းကစားနည်း စာအုပ်မဟုတ်ပါ။ ဂျင်ဇက်များ အသက်ကို လောင်းထားကြပြီးပြီ။ ကိုယ်က ထမင်းငတ်မှာတောင် ကြောက်တတ်သူ။ မာခ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊ လီနင်ဝါဒ၊ ဖက်ဆစ်ဝါဒ၊ အမျိုးသားရေးဝါဒ စသည့် နိုင်ငံရေး ဝါဒတွေ တွေးထားသော စာအုပ်လည်း မဟုတ်ပါ။ နိုင်ငံရေးလောကက လူများနှင့် စကားပြောရမည့် ကာလတခု ရောက်လာခဲ့လျင်တော့ ကြိုဖတ်ထားမည်။ သို့မဟုတ် ရူးချင်လာသလိုလို ဖြစ်လာလျင် ဖတ်ပါမည်။ စင်ဒရဲလား ရေခဲနန်းတော် သားရဲကောင်ကြီးစတဲ့ ပုံပြင်စာအုပ် မဟုတ်ပါ။ ကျွန်ုပ် ကလေး မဟုတ်တော့ချေပြီ။ ပုံပြင်ထဲက သူရဲကောင်းတွေ၊ လူစွမ်းကောင်းတွေ၊ ကံကောင်းတာတွေ၊ စိတ်ထားကောင်းဖို့တွေကို မလိုတော့။ တစ်နှစ်သားကို ချီပိုးပုံ၊ နှစ်နှစ်သားကို ပြောပေးသင့်သော စကားများ၊ ကလန်ကဆန်လုပ်နေတဲ့ ကလေးကို ဘယ်လိုထိန်းမလဲစတဲ့ ကလေးထိန်းနည်း စာအုပ်လည်း မဟုတ်ပါ။ ကျွန်ုပ် မိန်းမ မရသေးသော လူပျိုကြီးတဦးဖြစ်ပါသည်။ ဘာသာပြန်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ အချစ်ဝတ္ထု စသည့် ဝတ္ထုဆန်ဆန် မည်သည့်စာအုပ်မျိုးမှ မဟုတ်ပါ။ စာဖတ်ခြင်းဖြင့် အချိန်ဖြုန်းတတ်သူမဟုတ်ပါ။ မဂ်ရကြောင်း ဖိုလ်ရကြောင်း ပထဝီကသိုဏ်းရှုရန်အတွက် မြေပြင်ဆင်ပုံ စသည် သမထ၊ ဝိပဿနာစာအုပ်လည်း မဟုတ်ပါ။ တရားက သေခါနီးမှ ကျင့်ရတဲ့ အမျိုး။ စိုက်ပျိုးရေး၊ ဗေဒင်၊ သမိုင်း၊ အားကစား၊ ဥပဒေ စသည့် မည့်သည့် စာအုပ်မျိုးမှ မဟုတ်ပါ။ ကျွန်ုပ်မှာ စာဖတ်နေရလောက်အောင် ပျင်းရိသော ငပျင်းမဟုတ်ချေ။ ကျွန်ုပ်၏ သင့်ဘဝအား ပြောင်းလဲစေမည့် စာအုပ်က ထိုကဲ့သို့ စာအုပ်မျိုး မဟုတ်ပါ။ မဟုတ်သောကြောင့် မရှိပါ။ အလဂဒ္ဒူပမာ ဆိုသည့်နည်းဖြင့် စာဖတ်ခဲ့ကြသူများ၏ အရေးအသားသည်လည်း အလဂဒ္ဒူပမာနည်းဖြင့်သာ ရေးပါလိမ့်မည်။ ကျွန်ုပ်အလပ္ပါယ်ပညာ မတတ်ပါ။ သို့သော် မြွေကို အမြှီးမှကိုင်ပြီး ဆွဲရမ်းလိုက်လျင် သေသည်။
သကောင့်သားဒီမောင် ဂျေဂျူဝိုင်