ကျွန်ုပ်မှာ ဤစာအုပ်ကို ချပြချင်နေသည်မှာ အတော့်အတော်ပင် ကြာနေချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ဘဝကို ပြောင်းလဲစေခဲ့သော စာအုပ်တအုပ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မည်သူမဆို မိမိ၏ အသက်ကို ကယ်ဖူးသော အသက်သခင်အား မမေ့သင့်။ ပညာကို မြိုချမိသဖြင့် ဗိုက်ထဲ ပညာရှိနေသည့် ပညာရှိ ဆိုသူများကလည်း သူတထူး၏ ကျေးဇူးကို မမေ့ထိုက်ပေဟု မိန့်ခဲ့လေ၏။ လူဟု ဖြစ်လာသည်နှင့်အမျှ ကျေးဇူးရှင် တည်းဟူသော ပုဂ္ဂိုလ်များ အသက်အလိုက် အရွယ်အလိုက် အရည်အချင်းအလိုက် အဆင့်အတန်းအလိုက် မြောက်များစွာကိုပင် တွေ့ဆုံခွင့် ပိုင်ဆိုင်ခွင့် ရကြစမြဲပါတကား။ မိခင်ဖြစ်သူက “နင့် ငါမွေးထားတာ” ဟုဆိုပြီး သူမက ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း သတိတရရှိတိုင်း ပြောတာက စမည်။ ဖခင်ဖြစ်သူက “နင့် ငါကျွေးထားတာ” ဆိုကာ တဖန် သူကလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မေ့လောက်သော အချိန်တိုင်း၌ အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ မပေါ့မဆသော သတိတရား လက်ကိုင်ထား၍ အသိပေး၏။ အစ်ကိုဖြစ်သူက သူ၏ မတော်တော့သော အင်္ကျီများ ပေးခဲ့ရသည့် သုံးလေးနှစ်အရွယ် ကာလတခုကို ပြန်ပြန်တူးဖော်၍ သူလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆို၏။ အစ်မဖြစ်သူက “နင့် ငါထိန်းခဲ့တာ” ဟုတဖန် သူမဘက်မှလည်း ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း မပျက်မကွက် ဆိုပြန်သည်။ အိမ်ကို လာနေကျ ဒေါ်ကြီးဖြစ်သူကလည်း “နင့် ငါကြည့်ပေးခဲ့တာ” ဟု အားကျမခံ ကျွန်ုပ်၏ ကျေးဇူးရှင်ဖြစ်ကြောင်း ဆိုပြန်ချေ၏။ ဘေးအိမ်မှ ဆွေမျိုးသားချင်း စပ်၍ ဘယ်လိုမှ မရနိုင်သည့် အဒေါ်ကြီးတယောက်မှ “နင့် ငါ့သား အရုပ်တွေ ပေးဆော့ထားတာ” ဆိုကာ သူမ၏ သားမှာ ကျွန်ုပ်၏ ကျေးဇူးရှင် ဖြစ်ပါကြောင်း မောင်းထုပြန်၏။ မကုန်သေးပါ။ ကျွန်ုပ်၏ မူကြိုဆရာမသည်လည်းကောင်း၊ မူလတန်း, အလယ်တန်းနှင့် အထက်တန်းတွင် စာသင်ပေးခဲ့ကြသော ကျောင်းအုပ်နှင့် ဆရာ ဆရာမများကလည်းကောင်း သူတို့ကြောင့် ကျွန်ုပ် စိတ်ဒဏ်ရာတွေ ဘာတွေများ ရခဲ့လား မတွေး။ အာခေါင်လှံစူးတတ်တယ်ဟူ၍ပင် ကျေးဇူးကို ဘီလူးစွယ်လာတပ်သွား၏။ ခဲတံငှါးဖူးသူ၊ ပေတံငှါးဖူးသူ၊ ကွန်ပါဗူးငှါးဖူးသူတို့သည်လည်းကောင်း မုန့်စားဆင်းချိန်တွင် မကုန်တော့သည့် သူမုန့်ကျန်တဖဲ့ ကျွေးသူသည်လည်းကောင်း ကျွန်ုပ်၏ ကျေးဇူးရှင်များ ဖြစ်ကြောင်း ကြေငြာကြပြန်၏။ ကျွန်ုပ်အတွက်မှာ တခါတရံ၌ စက္ကန့် ၂၀ မျှပင် မကြာလိုက်။ ကျေးဇူးစား ကျေးဇူးခံ တန်းဖြစ်ရ၏။
ဤမျှဖြင့် မပြီးသေးချေ။ တက္ကသိုလ်မော်ကွန်းထိန်းမှသည် ပါချုပ်အထိ တက္ကသိုလ်မှ ဆရာ ဆရာမများသည်လည်းကောင်း၊ အထက်တန်းကျောင်းသို့ တက်စဉ် စက်ဘီးအတူတင်ခေါ် ခဲ့သော သူငယ်ချင်းသည်လည်းကောင်း၊ တက္ကသိုလ်တက်စဉ် မကြာခဏ ဆိုင်ကယ်ငှါးပေးတတ်သော မိန်းကလေး သူငယ်ချင်းတဦးသည်လည်းကောင်း၊ အခန်း အတူငှါးနေသော သူငယ်ချင်းကလည်း တခါတရံမျှ မနက်စာတွေ ထချက်ဖူးသည်ကို ထောက်ဆ၍ လည်းကောင်း၊ တက်သင့်ပါသည်ဟု ခေတ်ကာလကြီးက အဖန်ဖန်အထပ်ထပ် မရပ်မနား ထောက်ပြဆော်ဩနေသဖြင့် တက်ခဲ့ရသော သင်တန်းမှ နည်းပြများဆိုသည့် နည်းပြထီး နည်းပြမတို့သည်လည်းကောင်း၊ ဇာတ်ကားများ ကြည့်လို့ဝလျင် မင်းသုံးချင်သုံးလေဆိုကာ ကွန်ပျူတာ အသုံးပြုခွင့်ပေးခဲ့သော သူငယ်ချင်းတယောက်သည်လည်းကောင်း သူတို့မှ ကျွန်ုပ်၏ ကျေးဇူးရှင်များ ဖြစ်သည်ဟု တပြားသားမျှ မလျှော့ကြပြန်ပေ။ ငွေပြတ်ချိန် သူတို့ထံ တယောက် တရာနှုန်းဖြင့် လိုက်တောင်းလျင်ပင် ဆယ်သိန်းလောက်က အေးဆေးပိုက်မိနိုင်၏။ မင်္ဂလာဆောင်စရိတ် ရှာနေသူများ ဤနည်းကို စမ်းပါလေ။ များပြားစွာ တွေ့ဆုံခဲ့ရသော အပေါင်းအသင်းတချို့မှ နိုက်ကလပ်ခေါ်သွားတတ်စေရန် သင်ပြခဲ့သူ၊ အနှိပ်ခန်းကို လမ်းပြပေးခဲ့သူ၊ အတန်းဟု အတန်းတတန်းသို့ တက်ရောက်နည်းအား ပို့ချပေးခဲ့သူတို့သာမက အိမ်တွင်းမင်းမဟာဂရိနတ်၊ ကိုယ်တော်ကြီး ကိုယ်တော်လေးဆိုသည့် နတ်တို့အပါအဝင် ကျီးမောင်းနိုင်စအရွယ်မှ လေးနွေတိုင်တိုင် ရှင်သာမဏေဝတ်ဖူးခဲ့သော ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ထိုကျောင်းမှ နေမြဲနေ၍ ကွမ်းယာကို ခဏခဏ အထွက်ဝယ်ခိုင်းတတ်သော ဦးပဇင်းငယ်ပင် ပါသေး၏။
တလုပ်စားဖူး သူ့ကျေးဇူးဆိုသလိုပဲ ကိုယ့်ကို စာတလုံးပဲ သင်ပေးရင်၊ တခွန်းလောက်ပဲ ဆုံးမပေးဖူးရင် ကျေးဇူးရှင်ဟု ပါးစပ်ပါလာသဖြင့် စကားပြောတတ်ကြသည့် ပိဋကတ်အိုးကွဲများက ဆို၏။ ကျွန်ုပ် အလုပ်လုပ်နေသော ကုမ္ပဏီကလည်း ကျွန်ုပ်၏ များလှစွာသော ကျေးဇူးရှင်များထဲမှ မည်သည့်ကျေးဇူးရှင်ကို အားကျသည် မသိ၊ သူဌေးဖြစ်သူက ကျွန်ုပ်အား တကူးတကပင် ခေါ်ယူတွေ့ဆုံ၍ ကျွန်ုပ်၏ ဤကဲ့သို့ လူရိုသေ ရှင်ရိုသေ ဘဝတခုကို ပိုင်ဆိုင်ခွင့်ရပြီး အိပ်ရန်နေရာနှင့် စားစရာတို့ကို မပူမပင်ရ လူမွေးပြောင်ပြောင်ဖြင့် နေထိုင်နိုင်သည်မှာ သူ့ကုမ္ပဏီကြောင့်ဆို၏ ကျွန်ုပ်မှာ ဪဟုတ်ကဲ့ဟု ကျေးဇူးရှင်အသစ်အား ဦးညွှတ်ရုံရှိသေး ထိုသူဌေးဆိုသူမှ သူ့ကုမ္ပဏီသည်လည်းကောင်း၊ သူကိုယ်တိုင်သည်းလည်းကောင်း၊ ရှယ်ယာရှင်များသည်လည်းကောင်း၊ ကျွန်ုပ်၏ အထက်လူကြီးများသည်လည်းကောင်း၊ စီနီယာများသည်လည်းကောင်း၊ အခြားသော လုပ်ဖော်ကိုင်ဖက်များသည်လည်းကောင်း ထို့ပြင် ပတ်သက်မိသမျှ ဖောက်သည်တို့မှစ၍ ကုမ္ပဏီနှင့် ဆက်စပ်သူများ အားလုံးတို့ကိုလည်း ကျေးဇူးရှင်ဟု မှတ်ပြီး အလုပ်ကို ကျေးဇူးဆပ်သည်ဆိုသည့် သဘောဖြင့် လုပ်ကိုင်ရန်ညွှန်ကြားလေတော့၏။
ဤကဲ့သို့ ကျေးဇူးရှင်များစွာ၏ ကျေးဇူးဖြင့် ကုတ်ခြောင်း ကုတ်ခြောင်း ဖြစ်လာရင်း “ငါနဲ့တွေ့ဖူးတဲ့သူတိုင်း ငါ့ကျေးဇူးရှင်များလား” ဟုပင် တွေးရသည်ကတမျိုး၊ တယောက်ယောက်နဲ့ တခုခု ပြောဆိုလိုက်တိုင်း ငါ့အပေါ် ကျေးဇူးရှိခဲ့ဖူးသူများ ဖြစ်လေမလားဟု ထင်ရသည်ကတဖုံဖြင့် ကျွန်ုပ်မှာ များစွာသော ကျေးဇူးရှင်များအကြား များစွာ အနေကျုံ့လျက်ရှိချေ၏။ ထိုကဲ့သို့ ကျေးဇူးအခက်များဖြင့် ရတက်ပွေနေခဲ့ရသော ကျွန်ုပ်အား ပြောင်းလဲပေးသည့် စာအုပ်တအုပ်ကို ဖတ်ခွင့်ရခဲ့ပါသည်။ လူတိုင်းလူတိုင်း မည်သူမဆို မိခင်က ပေးလိုက်သော အသက်အပြင် ကယ်မခြင်းခံရသော အသက်ရှိတတ်ကြ၏။ ကျွန်ုပ်သည် ထိုကဲ့သို့သော လူစာရင်းဝင်တဦး ဖြစ်သည့်အလျောက် ကျွန်ုပ်အား ဒုတိယဘဝကို မွေးဖွားပေးလိုက်သော အသက်သခင်အကြောင်းကို ကျေးဇူးကိုသိ၍ ကျေးဇူးဆပ်ချင်သူပီပီ များစွာသော ပြောပြချင်စိတ်က ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိ၏။ ယခုမှာမူ အချက်တွေ့ပြီဖြစ်သဖြင့် ရရှိလာသော “အခွင့်အရေးကို လက်မလွတ်သင့်”ဟူသော ဓာတ်တိုင်တွင် ကပ်ထားသည့် ကြော်ငြာစာရွက်ထဲက စာကိုကိုးကား၍ အခွင့်အရေးကို လက်ငင်းပင် အသုံးပြုလိုက်ရချေတော့၏။ အခွင့်အရေးကို လက်မလွတ်သင့်ဟူသော စကားကို ဘဝလမ်းညွှန်စာအုပ် ရေးသားခဲ့သည့် ဂျေဆင်ဘရောင်းဆိုသော ပုဂ္ဂိုလ်က ပြောခဲ့သည့် စကားကို အဘယ့်ကြောင့် မရိုမသေ မလေးမစား ဓာတ်တိုင်တွင် ကပ်ထားသည့် ကြော်ငြာစာအတိုင်း လိုက်လုပ်ရပါသည်ဟု ပြောရသနည်းဟု ကျွန်ုပ်အား အပြစ်တင်ခြင်း အထွန့်တက်ခြင်း စောဒကခြင်း ကြိုက်ရာပြုလုပ်နိုင်ပါ၏။ သို့သော် ကျွန်ုပ်မူကား ဂျေဆင်ဘရောင်းဆိုသည့် ပုဂ္ဂိုလ်မှ ထိုစကားကို မည်သည့်အချိန်က ပြောလိုက်သည်ကို မကြားဖူးလိုက်ပါ။ မနှစ်ကပင် အသက် ၈၁ နှစ်အရွယ်ဖြင့် သေဆုံးသွားပြီဖြစ်သော ထိုသူက ထိုစကားကို ပြောချိန်တွင် ကျွန်ုပ် မမွေးသေးသည်မှာ ဧကန်မုချ သေချာပါသည်။ ထို့ပြင် ထိုသူက ကျွန်ုပ်နားလည်နိုင်သော မြန်မာဘာသာစကားကို ပြောတတ်မည်မထင်။ အင်္ဂလိပ်လိုသာ ပြောမည်ဖြစ်ရကား သူပြောလာလျင်လည်း ဂစ်တာပေါ် ဒီဆိုသောလက်ကွက် ဘယ်နားရှိမှန်းပင် မသိသော ကျွန်ုပ်အား ကင်နွန်သာရောခ့် နားထောင်ပြီး ကီးရှာခိုင်းတာနဲ့ သွားတူမည်မို့ တလုံးမှပင် နားလည်မည်မဟုတ်။ မတော်တဆ ကျွန်ုပ်နားလည်သွားခဲ့ပြီးပါက သူ့စကားကို ကိုးကားပြီး အခွင့်အရေးကို လက်မလွတ်သင့်ဟု ပြောဆိုမိသဖြင့် “မောင်မင်း အကျွန်ုပ်ဟာ သင့်ကျေးဇူးရှင် ဖြစ်တယ်” ဟု သီဟတင်စိုး တော်လှန်ရေးဇာတ်ကားထဲမှ မျက်နှာဖြူဗိုလ်ကြီးစတိုင်နဲ့ သေရွာကနေ မရမကကုန်းထပြီး လာပြောနေလျင် ကျွန်ုပ်အတွက် ကျေးဇူးရှင်နောက်တဆူ ပွင့်တော်မူသွားနိုင်ချေ ရှိနေပြန်၏။ သို့အတွက်ကြောင့် လွယ်လွယ်ကူကူ မြင်ရသော ဓာတ်တိုင်တွင် ကပ်ထားသည့် ကြော်ငြာစာတခုကို ကိုးကားလိုက်ရခြင်းဖြစ်သည်။
ကြော်ငြာစာများကလည်း ဓါတ်တိုင်ပေါ်၊ စာသင်ကျောင်း တံတိုင်းပေါ်၊ တက္ကသိုလ်ဝင်း တံတိုင်းပေါ်၊ ကလေးစကားကွင်း တံတိုင်းပေါ်၊ သူများအိမ် တံတိုင်းပေါ်၊ လမ်းဘေးတွင်ရှိသော တံတိုင်းတခုခုပေါ်၊ စက်သုံးဆီဆိုင်ဘေး၊ စားသောက်ဆိုင်ဘေး၊ ဆေးရုံဘေး၊ စေတီဘေး၊ ဘုရားကျောင်းဘေး၊ လမ်းဘေးဝဲယာရှိသစ်ပင်၊ သစ်ကိုင်း၊ လမ်းကူးတံတားလက်ကိုင်၊ လမ်းညွှန်ဆိုင်းဘုတ်စသည့် တပေစာလွတ်သော နေရာမှန်သမျှ လူတို့မျက်စိကို ဆွဲဆောင်နေသော အရောင်ဖြင့် ထက်မြက်သော ကြော်ငြာကုမ္ပဏီတို့၏ ဝန်ဆောင်မှုကို ရယူလျက် သူ့ထက်ငါအပြိုင် ကြော်ငြာပိုစတာများ အမျိုးမျိုး ကပ်ထားကြသည်ကိုး။ ပိုစတာများအားလုံး ကြည့်ရှုမည့်သူ၏ မျက်လုံးနဲ့ တတန်းတည်းသော နေရာတွင် အမြဲကပ်ထားကြ၏။ အရောင်က မျက်လုံးတချက် ဝင့်ကြည့်လိုက်သူကိုပင် အတော်ဖမ်းစားနေပြီ။ သည်ကြားထဲ စာလုံးပုံစံကတဖန် လူကို ဆွဲငင်ပြန်၏။ ထိုမျှသာမက ကြော်ငြာခံရသော ပစ္စည်း၏ အလွယ်တကူ အသုံးဝင်ပုံကို ဓတ်ပုံကလေး တပုံနှစ်ပုံလောက်မျှဖြင့် ရှင်းရှင်းလင်းလင်း သိမြင်စေပြန်၏။ ကြည့်ရှုသူ၏ မြင်ကွင်း၊ အရောင်၊ စာလုံးပုံစံ၊ ရုပ်ပုံထက်ပိုသော အရာတခုကလည်း ရှိပြန်သေး၏။ ပါဝင်သော စာသားဖြစ်သည်။ ဤအရာသည် သင်နှင့် တခုခုပတ်သက်နေသည် ဆိုသည့် စာမျိုးပါဝင်နေခြင်းဖြစ်သည်။ သင့်အနေဖြင့် ယုံယုံကြည်ကြည် ဝယ်ယူ အသုံးပြုနိုင်ကြောင်းလည်း ပါနေပြန်သည်။ သင်အခု အလိုအပ်ဆုံးအရာက တခြားပစ္စည်းများမဟုတ်သေး။ ဤအရာကသာလျင် သင်ပထမဦးစားပေး အလိုအပ်ဆုံးပစ္စည်းဖြစ်နေကြောင်းလည်း အသိပေးထားသည်။ တကယ်တမ်း ကုမ္ပဏီလူကြီးမင်းများမှ သင့်အတွက်ရည်စူးပြီး ဤပစ္စည်းကို ထုတ်လုပ်ထားသည်ဆိုသည့် ခပ်ချိုချို စာသားလည်းပါသည်။ သင်တွေ့ဖူးခဲ့သော ပစ္စည်းများနှင့် အခုထုတ်လုပ်လိုက်သော ပစ္စည်းအရည်အသွေးတို့ မတူတော့ကြောင်းပါသည်။ ဤပစ္စည်းက သင်၏ ခံစားမှုအသစ်ကို နောက်ထပ်တဖန် သယ်ယူလာပေးပါမည်။ ဤပစ္စည်းက လူတွေအလိုချင်ဆုံးသော ပစ္စည်းဖြစ်နေသဖြင့် သင်လက်မနှေးသင့်ကြောင်း အသိပေးချက်ပါသည်။ ဒီနေ့ပဲ ဒါကိုဝယ်လိုက်မှ သင်လုပ်ငန်းခွင်တွင် အများနည်းတူ ပြောဆိုနိုင်ပါလိမ့်မည်။ ဤပစ္စည်းကို ဆန်းသစ်သော နည်းပညာအသစ်ဖြင့် ဖန်တီးထားသည်။ သင့်အချိန်၊ လုပ်အားနဲ့ ငွေကို ချွေတာပေးမည့် ပစ္စည်းလည်းဖြစ်ပြန်သေးသည်။ ဤအရာတွင် သင်ထင်သည်ထက် လူတော်တော်များများ မသိသေးသည့် အချက်တွေလည်း ပါဝင်သေးသည်။ ဤပစ္စည်းမှ သင်သည် အကောင်းဆုံးနှင့် ထိုက်တန်သူဖြစ်သည်ဟု ပြောပြနိုင်ပါလိမ့်မည်။ လောလောဆယ် လျှော့ဈေးကာလဖြစ်သည်။ မကြာခင် ကန့်သတ်အရေအတွက် ကုန်တော့မည်။ အပိုလက်ဆောင်များလည်း ရမည်။ (ကြော်ငြာကုမ္ပဏီမှ အကြံပေးရာထူးကို အမြင့်ဆုံးလစာဖြင့် လာရောက်ငှါးရမ်းမည်စိုးသောကြောင့် အကုန်မရေးပြလိုတော့ပါ။) ရှင်းလင်း ရှုပ်ပွေ အထွေထွေတို့ဖြင့် တိုတောင်းသောစာတန်းကလေး တတန်းကလည်း သင့်အား ကျောက်ခေတ်လူသားအဖြစ် ကျန်မနေခဲ့စေရန် နှိုးဆော်လျက်ရှိသော တပ်လှန့်သံများဖြင့် စည်ဝေနေသော ကြော်ငြာများ။ မသိလျင် ခေတ်နောက်ကျမည်၊ သိလျင်ပိုက်ဆံကိုမည် ဟုပြောနေသော ကြော်ငြာများ။ တချို့က နာမည်ကြီး စာရေးဆရာ၏ စာသားတကြောင်း၊ ကဗျာတပုဒ်၏ အပိုဒ်ကလေးတပိုဒ်၊ ပညာရှင်တဦး၏ ထောက်ခံချက်၊ အနုပညာရှင်တဦး၏ လက်မှတ်စသဖြင့် အသေအကပ်ခံထားရသော်လည်း အသေပြိုင်ဆိုင်နေကြသော ကြော်ငြာများက ရှောင်လွှဲလို့ မရသဖြင့် ကျွန်ုပ်မှာ “မိမိက စာဖတ်သူဖြစ်သည်၊ မိမိက စာပေဝါသနာရှင် တဦးဖြစ်သည်၊ စာကို အမြဲမပြတ် ဖတ်လေ့ရှိသည်၊ စာအမျိုးအစားမရွေး ဖတ်လေ့ရှိသည်၊ မိမိ၏ အားလပ်ချိန်တိုင်းကို စာဖတ်ခြင်းဖြင့် အလဟဿမဖြစ်အောင် အသုံးပြုသည်၊ စာဆိုသည်ကို မဖတ်ရ မနေနိုင်သဖြင့် လမ်းသွားရင်းပင် စာဖတ်သူဖြစ်သည်” ဟု ကြွားဝါလိုသည့်အလျောက် တမင်ပင် ရှာဖတ်မိသလို ဖြစ်နေခဲ့သည်။
ဤကဲ့သို့ ကျွန်ုပ်၏ ကြီးမားသော အထုံပါရမီတို့ စွမ်းပကားကြောင့်ပင် အခွင့်အရေးကို လက်မလွတ်သင့်ဆိုသော စာတန်းကို တနေရာရာတွင် ဖတ်ဖြစ်ခဲ့လိမ့်မည်ထင်သည်။ ထိုကြော်ငြာ စာတန်းကို ထိုကဲ့သို့ ဓာတ်တိုင်တွင်မဟုတ်မူဘဲ အသက်တမျှ ဖက်တွယ်၍ ချစ်ခင်ပြီး အရိပ်တကြည့်ကြည့်ဖြင့် အိပ်ချိန်ကလေး၌ မကိုင်ရ၍ အိပ်ချိန်ကိုပင် ညိုညင်မိသော ဖုန်းထဲတွင် ဖတ်မိခဲ့တာလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် မျက်စိအညောင်းပြေ ကြည့်မိသော ရုပ်မြင်သံကြားထဲမှလား မပြောတတ်။ ကျွန်ုပ်မှာ အဆောက်အဦး၏ ကိုးထပ်တွင် အလုပ်လုပ်သော်လည်း အလုပ်စားပွဲတွင် ကြာကြာမထိုင်လိုဘဲ ဖုန်းကလေးကို ဟိုပွတ်ဒီပွတ် ပွတ်ရဖို့အခွင့်အရေးကို ကြံဖန်ရှာလျက် အိမ်သာတက်လိုက်၊ လက်ဘက်ရည်ဆင်းဝယ်လိုက်၊ ဆေးလိပ်ထွက်သောက်လိုက် လုပ်လွန်းသဖြင့် အဆောက်အဦးပေါ်များနှင့် လမ်းထောင့်တိုင်းတွင် မြို့ကျက်သရေကို ဆောင်လျက်ရှိသော တဖာလုံလောက်ရှိသည့် ကြော်ငြာဘီလ်ဘုတ်ကြီးကို မကြာခဏမြင်မြင်မိသောကြောင့်လည်း ဖြစ်နိုင်သည်ပဲ။ လူတဦးအတွက် တရက်လျင် ကြော်ငြာပေါင်း ၄၀၀၀ မှ ၁၀၀၀၀ အထိ မဖြစ်မနေကြည့်ပေးရမည်။ ကြော်ငြာအမျိုးအစား တခုကို တရက်တည်း အကြိမ်ရေပေါင်း ၅၀၀ ကြည့်ပေးရမည်။ သင့်ဦးနှောက်ထဲ ကြော်ငြာပေါင်း ၁၅၀ အထိ အမြဲမှတ်မိနေရမည်ဟု တစ်နှစ်အတွင်း ဒေါ်လာပေါင်း ၁၁၅ ဘီလျံရရှိခဲ့သော ကြော်ငြာကုမ္ပဏီက ဆိုဆုံးမထားသောကြောင့် မှတ်မိနေခြင်းဖြစ်မည်။ မည်သည့်နေရာက တွေ့ခဲ့သည်တော့ မသိ။ တခါပွတ်လျင် ကြော်ငြာ ၃၆ ခု တက်သော ဖေ့ဘွတ်ဆိုသည့် အထဲကလား။ ကြော်ငြာ ၄၂ မျိုး အမြဲတက်သော ဝက်ဘ်စာမျက်နာကလား။ ဂိမ်းမကစားဖူးလို့ ဂိမ်းတွင် တက်သော ဂိမ်းထက်ပိုနေသော ကြော်ငြာကိုမသိ။ ဝင်ငွေ ၈၂ ရာခိုင်နှုန်းက ကြော်ငြာမှရသည်ဆိုသော ယူကျူ့ကလား။ မသိတော့။ ကျွန်ုပ်၏ စိတ်ထဲ ဤကဲ့သို့စွဲထင်ပြီး ပေါ်လာပြီဖြစ်ပါက ထိုစာသားပါသော ကြော်ငြာမှာ အောင်မြင်မှုပန်းတိုင်သို့ မရောက်သေးခြင်း သို့မဟုတ် စီးပွားရေးတခုလုံးကျရှုံးခြင်း တခုခုနှင့် ရင်ဆိုင်နေရပြီမှာ သေချာသည်။။ သို့မဟုတ်လည်း ကြော်ငြာတော်တော်များများက ထိုစာသားကို အသုံးပြုနေတာမျိုး ဖြစ်ပါလိမ့်မည်။ ရှေ့တခုထက် နောက်တခုဖြစ်သော စာသားတခုတည်းကို ကြော်ငြာတိုင်းက ယူသုံးနေခြင်းက ပိုမှန်နိုင်ချေရှိသည်။ လျှော့ဈေးနဲ့ရောင်းလျင်ဖြစ်ဖြစ်၊ ပစ္စည်းအသစ်ထုတ်၍ ရှေးဦးဝယ်ယူသူ အယောက် ၂၀ အား ဦးစားပေးမည်ဆိုလျင်ဖြစ်ဖြစ်၊ မဲဖောက်မည်ဆိုလျင်ဖြစ်ဖြစ်၊ အပိုလက်ဆောင်ထည့်ပေးမည် ဆိုလျင်ဖြစ်ဖြစ် အခွင့်အရေးကို လက်မလွတ်သင့် ဆိုသော စာသားကို သုံးမည်သေချာသည်။ အတော်ထိရောက်သော စာသားလည်း ဖြစ်သည်မဟုတ်ပါလား။ စာသား၏ ထိရောက်ချက်က ကြောက်စရာကောင်းသည်အထိ ဖြစ်လာတာရှိသေးသည်။
အရည်အသွေးကောင်းသည်။ အရေအတွက်ဖြင့် ထုတ်သည်။ လျှော့ဈေးဖြင့် ရောင်းချသည်။ အစမ်းသုံးကာလ ဖြစ်သည်။ ပစ္စည်းစတင်ဖြန့်ဖြူးသည့် ကာလဖြစ်သည်။ အထူးထုတ်ထားသောပစ္စည်းဖြစ်သည်။ နောက်ပိုင်း အိမ်ခြံမြေနဲ့ ပတ်သက်တာ။ မော်တော်ကား၊ ဖုန်း၊ နာရီ စသည့် ခေတ်မီပစ္စည်းနဲ့ ပတ်သက်တာ။ ဆေးဝါးနဲ့ ပတ်သက်တာ။ ဆေးရုံနဲ့ ပတ်သက်တာ။ စက်ပစ္စည်းနဲ့ ပတ်သက်တာ။ ပိုးသတ်ဆေး မြေဩဇာနဲ့ ပတ်သက်တာ အားလုံးအားလုံးမှာ ဤစာသားကို သုံးလာကြသည်။ မည်မျှအထိ ဤစာသားသုံးလာသနည်းဟူမူ အိမ်မှုကိစ္စပိုင်နိုင်ပြီး လှပသည်။ ဤမိန်းကလေးကို လက်ထပ်နိုင်ပါသည် လူကြီးမင်းအနေဖြင့် ဤအခွင့်အရေးကို လက်မလွတ်သင့်ပါဆိုသော လူကိုကြော်ငြာသည့် ကြော်ငြာမျိုးအထိဖြစ်သည်။ အတည်လား။ ကမျင်းကြောထတာလား မသိသော်လည်း ထိုကြော်ငြာကို ကျွန်ုပ် တကယ်ပင် တွေ့ခဲ့ဖူးပါသည်။
သက်ရှိ လူပုဂ္ဂိုလ်တဦးဦးဖြစ်နေလျင် ကျေးဇူးရှင်ဟူသော ဝန်ပိနေရသည့်ကြားထဲ ကျွန်ုပ်အတွက် ကျေးဇူးရှင် နောက်တဦးထပ်မံပေါ်ပေါက်လာနိုင်သည်ကတကြောင်း၊ ကျွန်ုပ်အနေဖြင့် နောက်ထပ် မည်သို့သော ကျေးဇူးရှင်ပါဆိုသည့် ပုဂ္ဂိုလ်များကို ထပ်မတွေ့ချင်တော့သည်ကတကြောင်းတို့ကြောင့် လူမဟုတ် သက်ရှိမဟုတ် “နင့် ငါပြောပြတာ” ဆိုကာ ကျေးဇူးရှင်စတိုင် လာမဖမ်းနိုင်သူ ဓာတ်တိုင်တွင် ကပ်ထားသောကြော်ငြာမှ စာသားဟု အလွယ်လမ်းလိုက်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ငါ့ကျေးဇူးစားကလေးဆိုသည့် အကြည့်မှ လွတ်ကင်းကာ မည်သူ့ဖိအားကိုမှ မထမ်းပိုးရဘဲ တဒင်္ဂမျှလောက် ရရှိသည့် ပေါ့ပါးခြင်းကို ခံစားကျေနပ်မိပါသည်။ ကျွန်ုပ်မှာ ကုမ္ပဏီက ဝန်ထမ်းတဦးဖြစ်သဖြင့် ကုမ္ပဏီဘက်က ပြောသည့်အတိုင်း ကျေးဇူးဆပ်နေရချိန် ဖြစ်နေရာ ကြားထဲ ငါ့ကျေးဇူဆပ်ပေးဦးဟု လာပြောမည်ကို စိုးရိမ်နေခြင်းကြောင့်လည်း ဖြစ်မည်။ ကုမ္ပဏီအလုပ်ဆိုတာ မလွယ်။
အလုပ်ခန့်ပြီး နှစ်နှစ် သုံးနှစ်လောက် ကြာသည်နှင့် ကုမ္ပဏီကို ကျေးဇူးဆပ်သလို လုပ်ရမည် ဆိုသည့် ဩဝါဒကို လက်ခံရရှိပြီးနောက် မိမိဘက်က ဘယ်တုန်းက တင်သွားသော မသိသည့် ကျေးဇူးကို ဆပ်ပေးနေရင်းမှ ကုမ္ပဏီဆိုသည့် သဘောအတိုင်း အနေအထိုင် အပြောအဆို အသွားအလာ ဆင်ခြင်ရသည်။ ကုမ္ပဏီဆိုတာမျိုးက အနေအထိုင် မတော်၍လည်းကောင်း အမြင်မကြည်၍လည်းကောင်း ဝန်ထမ်းအချင်းချင်း၏ ဣဿာမစ္ဆရိယ ကြောင့်လည်းကောင်း ကိုယ့်ထက် တရက်မျှ ကုမ္ပဏီထဲ ဝင်ခဲ့သူနှင့် ရာထူး လက်တဆစ်မျှ မြင့်သူမှန်သမျှ၏ မာန်မဲခြင်း၊ ပြစ်တင်ခြင်း၊ ဆူပူခြင်း၊ ငေါက်ငမ်းခြင်းကို ခေါင်းငုံ့ခံပေးရမည်ဆိုသည့် မထားဘဲ တည်နေသော စည်းကမ်းက ရှိသည်။ စိတ်မသင့်လျင် အကြောင်းရှာကာ အချိန်ပိုကို အချိန်ပိုကြေးမပေးဘဲ ဆင်းခိုင်းခြင်း၊ နောက်ဆုံး အလုပ်ထုတ်ခြင်းကို လုပ်ချင်သလို လုပ်နိုင်သည်။ အလုပ်ထုတ်ခြင်းဆိုသည့်အချက်ကို မမှုသော်လည်း နောက်ကုမ္ပဏီတွင် အလုပ်ရဖို့ ခဲယဉ်းစေသည့် မှတ်ချက်များပေးထားခြင်းတို့နှင့် ဖူးစာဖက်ရနိုင်သည်။ ထို့ကြောင့် ကုမ္ပဏီတွင်နေသမျှ လုပ်တိုင် ကိုင်တိုင်း စားတိုင်း သွားတိုင်း ပြောတိုင်း ဆိုတိုင်း အမှားကို မကျူးလွန်မိအောင် ဝင်လေ ထွက်လေထက် ပိုသတိထားရ၏။ မဆိုစလောက်ပြောမှား ဆိုမှားကလေး မှားရဲ မှားကြည့်၊ ကျေးဇူးရှင်ကို ပြစ်မှားချင်သလား ဆိုတာမျိုးက ပါလာတတ်သေးသည်။ ဪကျေးဇူးရှင် ကျေးဇူးရှင်။
လုပ်သက် ၁၀ နှစ်ခန့်ရှိလာပြီ။ သို့သော်လည်း မိခင်ဖြစ်သူက ခက်ခက်ခဲခဲ လွယ်ပြီး မွေးဖွားခဲ့ရ၊ ပခုံးလက်နှစ်သစ်အရွယ်ကစလို့ နှစ်နှစ် သုံးနှစ်အတွင်း ပိုးမွေးသလိုမွေးရ၊ လက်ဦးဆရာဆိုတဲ့ ဂုဏ်ကိုလည်း ဆောင်ရ၊ မူကြိုကနေ စတိတ်ကျောင်း၊ စတိတ်ကျောင်းကနေ တက္ကသိုလ်၊ ပြီးတော့ ဘာသင်တန်း၊ ညာသင်တန်းတွေတက်စတဲ့ ကာလအတွင်း ပေးဆပ်ခဲ့တဲ့ မိခင်နဲ့ ဖခင်ကို မသေခင် ကျေးဇူး ဆပ်နိုင် မဆပ်နိုင် မသေချာသေး။ အလုပ်ပေးထားသည့် ကုမ္ပဏီကျေးဇူးက ပိုကြီးသဖြင့် အရင်ဆပ်နေရသည်။ မဟုတ်ပါက နှစ်ကုန်တွင် ဟိုကြွင်း ဒီကျန် ဟိုစု ဒီတောင်းဖြင့် ရလာသော ကုမ္ပဏီ၏ အပိုဝင်ငွေဆိုသည့် ငွေကို မင်းတို့ကို ကျေးဇူးဆပ်ချင်လို့ ငါတမင်ကြိုးစားပြီး ရှာထားရတယ် ဆိုတဲ့ စီအီးအိုရဲ့ ဩဝါဒနှင့် ဘဏ္ဍာရေးမှူး၏ စူပုတ်ပုတ်မျက်နှာဖြင့် ပေးသော ဘောက်ဆူးနှင့် လွဲတတ်သည်။ မည်သည့်အလုပ်မှ ကုမ္ပဏီတခုခု၏ ဝန်ထမ်းလောက် မခက်ကြောင်း ဆက်ပြောပြပါမည်။ မိမိဘက်က ငါးမိနစ်ကြိုရောက်ပြီး ငါးမိနစ်ပင် နောက်ကျခံပြီးမှ အလုပ်ဆင်း၍ ကုမ္ပဏီအပေါ် ကျေးဇူးအလွန့်အလွန်သိတတ်သော ကျေးဇူးခံဝန်ထမ်းကလေးအဖြစ် ကြိုးစားပေးပါက အသိအမှတ်ပြုပေးမည် မဟုတ်သော်လည်း တရက်တလေ အနည်းငယ် နောက်ကျမိသည်နှင့် ငါးမိနစ်ကြီးများတောင် နောက်ကျရသလားဟုဆိုကာ ငါးမိနစ်က နေ့တဝက်လုပ်အားခဖြစ်သွားသည်။ ထိုအချက်ကို ငြိမ်ခံရမည့် စည်းကမ်းကလည်း ရှိသည်။ ထို့အတွက် ကိုယ့်မိဘကိုမေ့၊ ကိုယ်စာသင်ချိန် ပေးဆပ်ခဲ့ရတဲ့ နုပျိုမှု တောက်ပမှု ငွေကြေး အချိန် စသည်ကိုမေ့၊ မတွေ့ရတော့သည့် ဆရာ ဆရာမများနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေကိုလည်းမေ့၊ တက်ထားတဲ့ သင်တန်း တတ်ထားတဲ့ ပညာကိုမေ့၊ အဆင့်အတန်း၊ အတတ်ပညာ၊ အရည်အချင်းစသည် မေ့ထားရသည်။
ပြီးလျင် မိသားစုပုံစံနဲသွားတာဆိုကာ အလုပ်များ ဇွတ်ခိုင်းသည်ကိုလည်း အောင့်အီးလုပ်ပေးရပြီး လစာပေးသည့်အခါ မင်းတို့က တော်တော်ခိုကပ်တယ်၊ ဘာမပြီးသေးဘူး၊ ဘယ်နေ့က မလာဘူးဆိုပြီး ဟိုလျှော့ဒီလျှော့ပေးတာကို ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်ပေးရသည်။ အပြစ်အနာအဆာ ရှာမရသည့်အခါမျိုး၌ ကုမ္ပဏီက အရှုံးပေါ်နေကြောင်း ညည်းရင်း ကိုယ့်လုပ်အားခ ကိုယ်ယူသည့်ကျွန်ုပ်တို့အား စိတ်မသန့်အောင် ပြောသည့်အပြင် ကုမ္ပဏီရှုံးနေသော်လည်း ဝန်ထမ်းများကို မနစ်နာစေလိုသည့်အတွက် သူတို့ဘက်က အနစ်နာခံပေးရသလို ပြောတတ်၏။ ကုမ္ပဏီတခုတွင် အလုပ်ဝင်တာ ကြာလာလျင် ထိုဝန်ထမ်း အလုပ်ပြောင်းရန် ခက်သွား၏။ ထိုသူ ပို၍ အဖိခံရ၏။ ထိုလူမျိုးထဲတွင် ကျွန်ုပ်ပါဝင်နေပြီ။ လုပ်တတ်သည့် အခြားအလုပ် နည်းလာပြီ။ အံအသေထဲ အရည်အချင်းများစွာကို ပိတ်ထည့်လိုက်ပြီ။ ထိုအခါ ပိုကျိုးနွံရတော့သည်။
ကိုယ့်ကိုယ်ကို လူလား မှင်စာလား မကွဲတော့ချိန်။ ကျွန်ုပ်ဘဝကို ပြောင်းပေးလိုက်သည့် စာအုပ်ကို တွေ့လိုက်သည်။ ကျွန်ုပ်ဖတ်ပြီး ကျွန်ုပ်ဘဝ တကယ် ပြောင်းလဲသွားပါသည်။ ကျွန်ုပ် ထိုစာအုပ်ကို ဖတ်ပြီးသည့်နောက် လွတ်မြောက်ခြင်းဆိုသည့် အရသာကို တုတ်ကွေးမိသဖြင့် ဘာမှ စားမရသည့်လူနာက အဖျားရော ချောင်းဆိုးခြင်းပါ အရှင်းပျောက်ပြီး ဝမ်းလေမှန်ကာ အစားအစာကို အရသာခံမိသကဲ့သို့ ထိထိမိမိပင် ရရှိလေ၏။ ထိုသို့ဖြစ်လျင် အကျွန်ုပ်အား “သင်သည် အခုထက်တိုင်ပင် အထက်လူကြီးများ ပြောသည်ကို ဟုတ်ကဲ့ပေါင်း သောင်းချီကို အိတ်ထောင်ထဲ ဆောင်မြဲ ဆောင်ထားပြီး မည်သည့်အချိန်များ လူကြီးခြေသလုံး ပြေးဖက်မည်လဲဟု ဘေးကနေ တထိတ်ထိတ်စောင့်နေရသည့် အဆင့်မှ မတက်သေးသနည်း”ဟု မေးဖွယ်ရှိလာနိုင်၏။ အဖြေကား ရှိပါ၏။
ဤစာအုပ်မှာ ဘဝကို ပြောင်းလဲစေသော စာအုပ်ဖြစ်ပြီး အခိုင်းခံ အနင်းခံ ကျွန်သဘောက်အဖြစ် ကင်းလွတ်နည်း စာအုပ် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဤစာအုပ်ကို ရေးသားသူမှာလည်း အေဗရာဟင်လင်ကွန်း မဟုတ်သောကြောင့်ပင်။ ထိုလူကြီးက စာပဲဖတ်ခဲ့သည်။ မရေးခဲ့တာကြောင့်လည်းပါလိမ့်မည်။ ဥရောပနှင့် အမေရိကမှ ဖျက်သိမ်းခဲ့သော ကျွန်စနစ်သည် ငွေဝယ်ကျွန်များသာဖြစ်ကြသည်။ ငွေဝယ်ကျွန်ဆိုသည့်အလျောက် ဘာလုပ်တတ်လဲ ဘာလုပ်နိုင်လဲဟု မမေးဘဲ သံကြိုးဖြင့် လက်ခြေကို အတုပ်နှောင်ခံထားရသော လူများကို နွားများရွေးဝယ်သလို ဝယ်ခြင်းခံခဲ့ကြရသော ကျွန်ဖြစ်သည်။ အခု ကျွန်ုပ်တို့မှာမူကား “ကျနော် ဘာလေး လုပ်တတ်ပါတယ်၊ ကျနော် ဘွဲ့ရပြီးပါပြီ၊ စာရင်းကိုင်သင်တန်း ကွန်ပျူတာသင်တန်းတွေလည်း တက်ထားပြီးပါပြီ၊ လိုမယ် ကိုက်ညီမယ်ထင်တဲ့ ကျနော့် ဆာတီဖီကိတ် အစောင် ၂၀ လောက်လည်း ယူလာပါတယ်။ ကြည့်ပါခင်ဗျာ၊ ကြည့်ပါ၊ ဟောဒါက ကျနော့်ရပ်ကွက်မှာပဲ ကျနော်နေထိုင်ပြီး သူများရပ်ကွက်မှာ မနေထိုင်ကြောင်း ထောက်ခံစာပါ၊ ဟောဒါက ပြစ်မှုကင်းရှင်းကြောင်း သူခိုးဓားပြအဖွဲ့က ပေးတဲ့ ထောက်ခံစာပါ၊ ကျနော် နိုင်ငံရေး ပါတီတွေနဲ့လည်း ကင်းရှင်းပါတယ်ခင်ဗျာ၊ ပါတီဝင်ဖို့ လိုအပ်လာရင်လည်း ဦးတို့ကုမ္ပဏီကို ထောက်ပံ့ပေးတဲ့ ပါတီကိုပဲ ဝင်ပါမယ်။ ဒါကြောင့် ကျနော့်ကို အလုပ်ခန့်ပါ၊ လစာကို ဦးတို့ ကုမ္ပဏီဘက်က အခြေခံလစာအတိုင်းပဲ ပေးပါ၊ ကျနော် ကျေကျေနပ်နပ် လက်ခံပါမယ်ခင်ဗျာ၊ ဘွန်းထိုးဆိုလည်း ထိုးပါ့မယ်၊ ကိုယ့်စားရိတ်နဲ့ကို သင်တန်းထပ်တက်ရမယ်ဆိုလည်း တက်နိုင်ပါတယ်ခင်ဗျာ” ဆိုပြီး ကျွန်ုပ်ကို ကျွန်ုပ် သခင့်ကျွန်လုပ်ပါရစေဟု အတင်းရော အဓမ္မပါတောင်းဆိုပြီး ကျွန်ခံလိုစိတ် ပြင်းပြစွာနဲ့ ကျွန်ခံခွင့်တောင်းပြီး ကျွန်လုပ်ခဲ့ကြသူများ ဖြစ်ရကား သင့်အား ကျွန်အဖြစ်မှ ကင်းလွတ်ခွင့်ပေးသည်ဟု ကြားရမည်ကိုပင် အလွန်စိုးရိမ်ထိတ်လန့်နေရသည့် အနေအထားတွင် ရှိနေသောကြောင့် ဘဝတခုလုံးကို ပြောင်းလဲပေးမည့် စာအုပ်ပင်ဖြစ်သော်လည်း ကုမ္ပဏီကျွန်အဖြစ်မှ လုံးဝ လုံးဝ ကင်းလွတ်နိုင်မည် မဟုတ်ချေ။ ဤနေရာမှာ လုံးဝ ဆိုပြီး ကွင်းစကွင်းပိတ်နဲ့ လုံးဝ ထပ်ထည့်တာမျိုး မလုပ်နိုင်။ ကျွန်ုပ်က မြန်မာစာပေ ပညာရှင်တဦးမဟုတ်သော်လည်း ထိုအခြင်းအရာကို ဘာကြောင့်လုပ်ကြလေသနည်းဟု အမြဲ မေးမိလျက်ရှိတတ်သူဖြစ်သည်။
ကျွန်ဆိုပါလား။ ကျွန် တဲ့။ ကျွန်။
ကမ္ဘာကြီးပေါ်တွင် ဘာသာရေးကြောင့် ကျွန်မပြုကြပါ။ နိုင်ငံရေးကြောင့် ကျွန်မပြုကြပါ။ စီးပွားရေးကြောင့်သာ ကျွန်ပြုမှု စနစ်ကြီးတခု ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ ဂူတွေအောင်းရာကနေ ထွက်လာကြတဲ့ လူတွေ နေရာကို အတည်တကျမသတ်မှတ် သင့်တော်ရာနေရင်းကနေ စိုက်ပျိုးစားသောက်တတ်လာသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းမှ ပစ္စည်းချင်းလှဲလှယ်သော စနစ်ပေါ်ပေါက်လာသည်။ ပစ္စည်းချင်းလှဲရာမှ အလုပ်သမားအချင်းလှဲရင်း ကျွန်စနစ်စတင်ခဲ့သည်။ ထိုအချိန်ကား ဘီစီတသောင်း။ ရှည်လျားလှသော သက်တမ်းဖြင့် လူတို့၏ နက်ရှိုင်းသော နှလုံးသားထဲတွင် ရှိသည်ဟုပင် မထင်ရလောက်အောင် ကိန်းဝပ်ပြီး ကျွန်စနစ်ကို လူသား၏ ဓလေ့ဟုပင် ယုံကြည်ကြလေပြီလားမသိ။ ထိုခေတ်ကပင် ထိုကဲ့သို့ ရှိခဲ့ရာ ယနေ့လို စီးပွားရေးကိုသာ အဓိကထား၍ ကမ္ဘာကြီးကို မသနားမညှာတာ အမှိုက်ပုံဖြစ်သွားလျင်လည်း ကိုယ့်အပူမပါဟူသောစိတ်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် စကားလုံးကို အလွှဲသုံးစားလုပ်ပြီး ချမ်းသာကြွယ်ဝဖို့ ဇိမ်ရှိရှိနေထိုင်ခွင့်ရရေး တို့အရေးလုပ်၍ စီးပွားရှာနေကြသူများက လူကို ပိုလို့ဂရုစိုက်မည်မဟုတ်။ ကျွန်စနစ်သည် ရာဇဝတ်မှုမြောက်သော ပြစ်မှုတစ်ခုဖြစ်သည်။ လူကို လူက ခြိမ်းခြောက်ခြင်း၊ အကြိမ်းဖက်ခြင်းတို့ဖြင့် ညဉ်းပန်းနှိပ်စက်စေခွင့်ကို တရားဝင်ပြုခြင်းဖြစ်သည်။ ဤအချက်က ဆင်းရဲချို့တဲ့သော နိုင်ငံမှ အမျိုးသမီးငယ်များ ကလေးသူငယ်များအား ပြင်းထန်သော ဆိုးကျိုးများ သက်ရောက်စေသည်။ ဓနရှင်နိုင်ငံတို့၏ အပျော်လိင်လုပ်သားအဖြစ် ရောင်းစားခံရခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဖြတ်ထုတ်ရောင်းစား ခံရခြင်း၊ လုပ်အား အမြတ်ထုတ်ခံရခြင်းစသည့် အကြမ်းဖက်မှု မျိုးစုံနှင့် တွေ့ရပြီး ထိုအမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၏ မူလနိုင်ငံသည် ဦးနှောက်ယိုစီးမှု ခွန်အားဆုံးရှုံးမှု စသည်ဖြစ်ကာ ဆင်းရဲတွင်း နက်သထက်နက်ရလေသည်။ နိုင်ငံခြားသို့ အလုပ်ထွက်လုပ်သူ များသော နိုင်ငံသည် ပိုပို၍ ဆင်းရဲသော နိုင်ငံသာဖြစ်လာသည်။
“ကျွန်ဆိုတဲ့ ဝေါဟာရက ဘာသာရေးစာပေတွေထဲမှာလည်း ပါတာပဲ၊ ဒါကြောင့် ကျွန်ဖြစ်ရခြင်းဟာ မဆန်း”
ဤဤသို့သော အချက်များကို ဘာသာရေး စာပေကို ရေးသားခဲ့ကြသော ရှေးပညာရှိများ မသိခဲ့ကြရှာဘူးထင်ပါ၏။ ကမ္ဘာဦးကျမ်း ၃၇◌း ၁၈- ၂၈ တွင် “အစ်ကိုများက အမြင်ကပ်ပုဒ်မဖြင့် ညီငယ်ယောသပ်အား သတ်မည်လုပ်ပြီးမှ မသတ်တော့ဘဲ ရေတွင်းထဲ ပစ်ချလိုက်ကြ၏။ ထို့နောက် ဣရုမေလကုန်သည်တို့ထံ ရောင်းလိုက်ကြရာ အီဂျစ်တယောက်၏ ကျွန်ဘဝသို့ ရောက်၏” ဟူသော အဖြစ်အပျက်ကို ထည့်သွင်း ရေးသားခဲ့ကြ၏။ ထို့ပြင်ကျမ်းစာတစောင်တွင်လည်း ရှေးဣသရေလလူတို့သည်လည်း အဲဂုတ္တုပြည်၏ ကြမ်းတမ်းသော အခြေအနေများကြားတွင် ရုန်းကန်ရှင်သန်ခဲ့သည်။ ကျွန်များကို ကြီးကြပ်သည့် အဲဂုတ္တုအအုပ်အချုပ်များက လယ်လုပ်သောအမှုနှင့် အုတ်လုပ်သောအမှုများကို ခဲယဉ်းစွာ စေခိုင်းကြသည်။ ရက်စက်သောသခင်များက ဖာရောမင်းအတွက် မြို့တည်ဆောက်ရန် စေခိုင်းသည်။ အဲဂုတ္တုမင်းသည် ဣသရေလတို့ အင်အား နည်းသွားအောင် မွေးကင်းစကလေးများကို သုတ်သင်သည့်စနစ်ကိုပင် ကြံစည်ခဲ့ သေးသည်။ (:၁၂) ဟုလည်း တွေ့ရ၏။ ဤကား ခရိယာန် ကျမ်းစာများဘက်မှဖြစ်၏။
ဗုဒ္ဓဘာသာကျမ်းစာများတွင်မူကား ကျွန်ဟူသော ဝေါဟာရကို ဖောဖောသီသီ သုံးထားလေသည်မှာ ငြင်းချက်ထုတ်ရန်ပင် မလို။ ကျွန်ခံ၍ ရရှိလာသော အဝတ်စကို ရဟန္တာအားလှူဒါန်း၍ အဘယ်ကဲ့သို့ အကျိုးရရှိခဲ့ပုံ ဥပမာတို့ကလည်း မကုန်မခမ်း။ ပါဠိထဲတွင် ကမ္မဒါသ- အမှုလုပ်ကျွန်၊ ကရဒါသ- သုံ့ရကျွန်၊ ဘစ္စဒါသ- စာရင်းငှါးကျွန်၊ ကီတဒါသ-ငွေဝယ်ကျွန်ဟု ပါ၏။ မူကွဲပါဠိ အနည်းငယ်ရှိသော်လည်း အထူးအရေးပါသည့်အချက် မဟုတ်သဖြင့် ဤအသုံးကိုသာ ဆက်လက်သုံးပါမည်။ အမှုလုပ်ကျွန်ဟူသည်မှာ လက်ရှိ အိမ်အစေခံကို ပြောသည်ဟု ထင်ပါသည်။ သုံ့ရကျွန် ဆိုသည်မှာကား ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှ နိုင်ငံသူ နိုင်ငံသားတို့ နားမရှင်းဖွယ်ရာ ရှိနိုင်ချေ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများအတွက် သီးသန့်ရှင်းပြလိုပါသည်။ ဤပိုစ့်ကို ဖတ်သူက အခြားနိုင်ငံမှ ဖြစ်လျင် ဤအပိုင်းကလေးကို ကျော်နိုင်၏။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသည်ကား ဗုဒ္ဓဘာသာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဘာသာဖြစ်သည်ဟု သတ်မှတ်သမုတ်ထားကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ၊ ဗုဒ္ဓဘာသာဝင် ယောဂီသူတော်စင်များ၊ တမဂ်တဖိုလ်ရရန်သာ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြသည့် သူတော်ကောင်းပုဂ္ဂိုလ်များသာ နေထိုင်ကြသည့် ဗုဒ္ဓဘာသာ နိုင်ငံတော်ပီပီ ဘုရားပွင့်သည့်ကာလ၊ မပွင့်သည့်ကာလတို့နှင့်မဆိုင် ကမ္ဘာဖြစ်တည်လာသည်နှင့် တပြိုင်နက် ပေါ်ပေါက်လာသည့် နိစ္စသီလခေါ် ငါးပါးသီလကို စောင့်ထိန်းခြင်း၊ နတ်သားတပါးမေးထားသည့် ၃၈ ဖြာသော မင်္ဂလာတရားနှင့်အညီ နေထိုင်ခြင်း၊ ဘုရားဟောဖြစ်သည့် မေတ္တသုတ်လာ စွမ်းနိုင်သူဖြစ်ခြင်း၊ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းစသော လူ၊ နတ် ပုဂ္ဂိုလ်တို့ ကျင့်ကြံစရာ အကျင့် ၁၄ ဖြာနှင့် ပြည့်စုံခြင်း၊ သုတ္တန်လာ နိုင်ငံကို အုပ်ချုပ်မင်းလုပ်သူတို့သည် မင်းကျင့်တရား ဆယ်ပါးကို ဦးထိပ်ပန်ဆင်ပြီးနောက် တရားဓမ္မကိုသာ အမှီပြုရာ၏၊ အလေးပြုရာ၏၊ ဂရုထားရာ၏၊ မြတ်နိုးရာ၏၊ ပူဇော်ရာ၏၊ တရားကိုသာလျင် တုပ်ဝပ်လျက်၊ တံခွန်ပြုလျက်၊ မှန်ကင်းပြုလျက်၊ အမှူးပြုလျက် မိမိ၏ လက်အောက်ငယ်သား အပေါင်းအပါများနှင့် တိုင်းသူပြည်သားအပေါ် အုပ်ချုပ်ရာ၏ဆိုသည့် တရားတော်ကို ခြွင်းချက်မရှိ နာခံလိုက်နာခြင်းဆိုသော စနစ်ဖြင့် အုပ်ချုပ်လျက်ရှိ၏။
ထို့ပြင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင်း နေထိုင်သူ အားလုံးကလည်း သေစေချင်သော သတ်ချင်သော စိတ်ဇောဖြင့် လူသတ်ခြင်းသည် မိမိအား ကျရောက်သော စိုးရိမ်ပူပန်ခြင်း နောင်တတရားတို့သည် အချိန်ပြည့် အနီးကပ်နှိပ်စက်ပြီးသည့်နောက် သေခါနီး ဇောတွင် ထင်ရှားစွာဖြစ်ပြီး ငရဲသို့ ကျရောက်ရခြင်း၊ ယခုဘဝမှ ကုသိုလ်မပြုမိသော်လည်း လူဖြစ်ခွင့်တည်းဟူသော ကုသိုလ်ကို ပြုမိဖူး၍ ထိုကုသိုလ်အဟုန်ကြောင့် အခုဘဝငရဲမကျသေးသော်လည်း နောက်ဘဝမှစ၍ ငရဲသို့ ကျရောက်ခြင်း၊ နောက်ဘဝတခုအထိ လူဖြစ်ခွင့် ကုသိုလ်ရှိခဲ့သည်ရှိသော် တတိယဘဝမှစ၍ ငရဲကျခြင်း၊ ငရဲမှလွတ်သော်လည်း အခြားအကျိုးဆက်များဖြစ်သည့် လူစဉ်မမီခြင်း ရောဂါဘယထူးပြောခြင်း စသည့်ဘေးကို နိဗ္ဗာန်မရမီကာလအထိ ခံစားရခြင်း၊ မိမိ၏ သေစေချင် သတ်ဖြတ်ချင်စိတ် အတိုင်းအတာအရ ကြီးလေးသောကံဖြစ်နိုင်သည့်အလျောက် ဤကမ္ဘာပြီးဆုံးသည်ပင် ငရဲတွင်နေရသော အကျိုးပေးခြင်းကိစ္စ မပြီးဆုံးဘဲ တခြားကမ္ဘာသို့ မိမိတို့၏ သတ်ချင်စိတ်ဖြင့် သတ်ဖြတ်ခြင်း သေစေခဲ့ခြင်း အကျိုးဆက်အဖြစ် ငရဲကို တဖန်သွားရောက်ခံရခြင်းတည်းဟူသော ကံနှင့် ကံအကျိုးကို သေချာနားလည်ကြသော တိုင်းသူပြည်သားများကြောင့် လူတို့သည်သာလျင် တိဟိတ်ပုဂ္ဂိုလ်ဖြစ်နိုင်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို သွားရာလမ်းတွင် ရပ်လျက်ရှိသော တဦးတည်းသော သက်ရှိကို သတ်ဖို့ မပြောလင့် မိမိအသွေးအသားကို စုပ်ယူနေသော ခြင်အားပင် သွေးဝလောက်ပြီယူဆပြီးမှ လက်ကလေးနဲ့ အသာထိ၍ ပျံစေသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများကြောင့် မဇ္ဈိမပဋိပဒါဆိုသည့်တရားကို ဟောကြားပေးလိုက်မိသည်မှာ မှားလေစွတကားဟု ဘုရားအဆူဆူ ရဟန်းအပါးပါး နောင်တများ တပွေ့တပိုက်ရသွားနိုင်သည့် ဗုဒ္ဓဘာသာနိုင်ံငံ ဖြစ်သဖြင့် သုံ့ပန်းကျွန်ဆိုသည့် စကားကို နားမရှင်းနိုင်ဖွယ် အကြောင်းများစွာရှိလေတော့၏။
သုံ့ပန်းဟူသည် လူဖြစ်လျက် လူတဦး၏ ရသင့်ရထိုက်သော စားခွင့်၊ အိပ်ခွင့်၊ သွားလာခွင့်တို့ ဆုံးရှုံး၍ မျက်စိရှိပါလျက် ကြည့်ချင်သော အရာများ မကြည့်ရ၊ နားရှိပါလျက် နားထောင်ချင်သော အရားများကို နားထောင်ခွင့်မရ၊ ရေသောက်ချင်သော်မှ သောက်ချင်တိုင်း သောက်မရ၊ နှိပ်စက်လိုသူများက အချိန်မရွေး နှိပ်စက်သည်ကို ငြိမ်၍ ခံပေးရခြင်း၊ မနိုင်မနင်း အလုပ်ကို လုပ်ရခြင်း၊ အစာ ဝအောင် မစားရခြင်းစသည့် လူ့အခွင့်အရေး ဆုံးရှုံးနေသော အခန်းကျဉ်းတခုတွင်သာ မှက်ခြင်ယင်စသည် အကိုက်ခံ၍ စုပုံကာ နေထိုင်ရသော လူဖြစ်သည်။ ထိုသူများကို စစ်မက်ဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင်သာ တွေ့ရှိနိုင်သည်။ ဒါ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကွ ဟု ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံလို နိုင်ငံမျိုးတွင်ကား “စစ်မက်” ဆိုသည့်စကားကို ကြားဖူးမည်မဟုတ်။ စစ်မက်ဟူသည် တဖက်နှင့်တဖက် ခိုက်ရန်ဖြစ်ပွားခြင်းတမျိုး ဖြစ်ပါသည်။ ခိုက်ရန်ဖြစ်ပွားရန်တွင်လည်း မိမိတို့တွင်ရှိသည့် တုတ်၊ ဓား၊ လှံ၊ လေး၊ မြားစသည်တို့ဖြင့် လက်နက်များဖြင့် တဖက်က လူသားများအပေါ် ပါဏာတိပါတကံကို အရှက်ကင်းမဲ့စွာ ကျူးလွန်ခြင်းမျိုး ဖြစ်ပါသည်။ သက်ရှိသတ္တဝါများအပေါ် မနက်ဖြစ်လျင် မနက်အလျောက်၊ ညဖြစ်လျင် ညအလျောက်၊ ဥပုသ်နေ့ ဖြစ်လျင် ဥပုသ်နေ့အလျောက်အပြင် အချန်ရလျင် ရသည့်အလျောက် သက်ရှိသတ္တဝါများအပေါ် သနားခြင်း ကရုဏာ၊ ကိုယ်ချင်းစာခြင်း သာနုကာတို့ဖြင့် သေသွားသည့် လူများ၊ မမြင်ဖူးသည့်လူများ၊ မမြင်နိုင်သည့် သတ္တဝါများပါမကျန်အပေါ် ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေဟု မေတ္တာဓာတ်ကို အစဉ်ဖြန့်ဝေပို့သကာ မေတ္တာဖြင့်သာ နေထိုင်ကြသော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအား ပါဏာတိပါတကံကို အရှက်ကင်းမဲ့စွာ ကျူးလွန်ကြသူများအကြောင်းကို ပြောမိသဖြင့် အကျွန်ုပ်၏ မယဉ်ကျေးသော အပြောအဆိုများအပေါ် ရည်မွန်သောစိတ်ထားများဖြင့် ခွင့်လွတ်ကြပါမည့်အကြောင်း ဦးစွာပဏာမ ဂါရဝပြုလျက် အခွင့်တောင်းပါသည့် အကြောင်း ပန်ကြားရင်း မပြောလျင်လည်း မပြီးသည်မို့ ‘သုံ့ပန်းကျွန်’ ဆိုသည့် စကားကို ငြိုးငယ်စွာဖြင့် ဆက်လက်ရှင်းပါအံ့။
ဤအကြောင်းအရာများကို နားထောင်ရန် ဖတ်ရန် မသင့်သော သူများရှိသဖြင့် ထိုသူများ ရှောင်ရှားပေးပါရန် အသိပေးအပ်ပါသည်။ အသက် ၁၈ နှစ်မပြည့်သေးသော၊ မိမိမထိန်းချုပ်နိုင်လိုက်သော အတိတ်ဘဝတခုတွင် ဗုဒ္ဓဘာသာဝင်မဖြစ်ခဲ့သဖြင့် သူတထူး၏ အသက်ကို ညဉ်းပန်းခဲ့ဖူးသည့် အကုသိုလ်ကြောင့် ဤဘဝ၌ နှလုံးရောဂါဖြစ်ရခြင်းဟူသည့် အကျိုးဆက်ကို ခံစားနေရသဖြင့် ထိတ်လန့်တတ် မူးမေ့တတ်သော၊ မိမိတို့မှာ နုနယ်သော နှလုံးရှိသဖြင့် လူတဦးမှသည် လူတဦးအား အရှက်ကင်းမဲ့စွာ သတ်ဖြတ်သည်, သားရိုင်းဆန်ဆန် သတ်ဖြတ်သည်, အကြင်နာမဲ့စွာ သတ်ဖြတ်သည်ဆိုသော စကားလုံးများအား ကြားလျင် ကြေကွဲဆို့နင့် ရင်ကွဲမတတ်ခံစားတတ်သောသူများသည် ဤပိုစ့်ကို ဆက်မဖတ်သင့်ပေ။ ထိုသူများအပြင် အထူးဆိုသည့် စကားလုံးကို အထူးနောက်တလုံးတပ်၍ အထူးအထူးသဖြင့် ထပ်မံသတိပေးလိုသည့် အချက်တချက်ကား အပြစ်ဆို၍ မြူတစက်မှပင် မထင်သေးသည့် ကလေးသူငယ်, လမ်းမလျှောက်နိုင်သော သက်ကြီးရွယ်အို, တပါးသူအကျိုးကို ကူညီနေသော ပရဟိတလူငယ်, ကိုယ်ဝန်လွယ်ထားသည့် အမျိုးသမီး, အနာဂတ်ကလေးငယ်များကို စာသင်နေသော ဆရာ ဆရာမ, လူနာများကို ဆေးကုနေသော ဆရာဝန်, ဂီတပွဲတော်ကျင်းပနေသော ကချင်လူမျိုးစုနဲ့ ကချင်အနုပညာရှင်များ, ဘာသာရေးခေါင်းဆောင်များ, လမ်းသွားလမ်းလာလူများ, ထင်ရာမြင်ရာလူများအပြင် လက်သုံးချောင်းထောင်၍ စာရေး၍ ကဗျာစပ်၍ ဆေးမကု၍ စာမသင်၍ ရုံးမလာ၍ စသည့်အကြောင်းပြချက်ကို စိတ်ထဲရှိရာ ဥပဒေဖြင့် အချိန်မရွေး နေရာမရွေး ကြမ်းကြုပ်စွာ ယုတ်မာစွာ ရက်စက်စွာ လူမဆန်စွာ အကြင်နာမဲ့စွာ အသိစိတ်ကင်းမဲ့စွာပင် သွေးအေးအေးဖြင့် အသက်ဓာတ်ကို ဆာလောင်နေသော မိစ္ဆာအလား မြင်ရက်စရာ ကြည်ရက်စရာမရှိ နှလုံးနာသည်အထိ ကြေကွဲဆို့နင့်ရမည့် ညဉ်းပန်းမှု သတ်ဖြတ်မှုကြောင့် လူရုပ်ကို ပြန်ဖမ်းမိရန် ခက်ခဲသည်အထိ လူတည်းဟူသော ကိုယ်ထည်ကို အသားပုံအလားဖြစ်အောင် လူစိတ်ကင်းမဲ့စွာ ပြုလုပ်ခံရသော အကြောင်းအရာများ ပါဝင်သဖြင့် မြန်မာနိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့ ကျင့်ကြံနေသော သမထနှင့် ဝိပဿနာများ ညစ်ညူးမှုဖြစ်နိုင်ခြင်း မဂ်လမ်းဖိုလ်လမ်းပိတ်နိုင်ခြင်းကြောင့် နားမထောင် မဖတ်ပါရန် အသိပေးချင်ပါသည်။ ထိုမှတဖန် ဤအဖြစ်အပျက် အကြောင်းအရာများသည် ဗုဒ္ဓဘာသာဝင်တို့၏ လမ်းစဉ်ဖြစ်သော မဂ်ဖိုလ်ရရန်အကြောင်းလည်းမဟုတ်သဖြင့် မိမိတို့၏ တရားဘဝနာကိုသာလျင် ဆက်လက်၍ ရှုမှတ်ပွားများပြီး နားမထောင်သင့်ကြောင်း သတိပေးပါသည်၊ သတိပေးပါသည်၊ သတိပေးပါသည်။
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ မှီတင်းကြသူများ အနေဖြင့် ဗုဒ္ဓဂေါတမဘုရားရှင်မှ ၄၅ ဝါတိုင်တိုင် တစ်ညတယံသာ ကျိန်းစက်ပြီး သတ္တဝါတွေကို ဒုက္ခအပေါင်းကနေ ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးနှင့် ရဟန်းများ ဗိုက်ပေါ် သဲအိတ်တင်ပြီး အဆက်မပြတ် ရွတ်ဖတ်ကာ ဘုရားဟောတရားဓမ္မတွေကို ထိန်းသိမ်းပေးခဲ့သော ကျေးဇူး။ ထိုမှတဖန် ပထမမြန်မာနိုင်ငံ တည်ထောင်ပေးပြီး မနေဟရီရာဇာမနုဟာဘုရင်မင်းမြတ်ကို ဖမ်း၊ သထုံပြည်ပညာတတ်တွေကို ခြေလက်ရိုက်ချိုး သတ်ဖြတ်ပြီးမှ ပိဋကတ်ကို သယ်လာပေးတဲ့ အနော်ရထာရဲ့ ကျေးဇူးကို ထောက်ထားပြီး နုနယ်သူများမှ ဒါန၊ သီလကို ပြုလုပ်၊ ကြီးရင့်သူများမှ လက္ခဏာရေးသုံးပါးကို ဆင်ခြင်မြဲ ဆင်ခြင်ပြီး နေထိုင်လိုက နေထိုင်နိုင်ကြောင်းကိုလည်း အသိပေးလိုက်ပါသည်။
ဤအရာကား စစ်မက်ကို ဖန်တီး ပြုလုပ်ကြသော နိုင်ငံများအကြောင်းဖြစ်သည်။ သူတို့နိုင်ငံသည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံလိုမဟုတ်။ ဗုဒ္ဓဟောကြားထားသည့် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရမည်ကို မသိကြ။ ဗြဟ္မစိုရ်တရား လေးပါးဖြစ်သည့် မိမိတည်းဟူသော အကြောင်းကြောင့် လူစသည့် သက်ရှိသတ္တဝါများ ထိခိုက်ခြင်း၊ နစ်နာခြင်း၊ နာကျင်ခြင်း၊ ကြေကွဲခြင်း၊ ပျက်သုဉ်းခြင်း မရှိစေရေးဖြစ်သည့် မေတ္တာ၊ လူတဦးမှ လူတဦးအား၊ တိရစ္ဆာန်တကောင်မှ တကောင်အား ညဉ်းပန်းသဖြင့်၊ နှိပ်စက်သဖြင့် နာကျင်ရသည်ကို မြင်တွေ့ရသည်နှင့် မိမိကိုယ်နှိုက်လည်း နှလုံးသည်းပွတ်အထိ လှိုက်ဆူလျက် နာကျင်ပြီးနောက် ထိုလူ ထိုတိရစ္ဆာန်ကို နာကျင်ခြင်းမှ ကင်းပျောက်စေဖို့ မိမိစွမ်းသလောက် ကူညီစောင့်ရှောက်ပေးသည့် ကရုဏာ၊ လူမှုဝန်းကျင်အပေါ် လူတို့၏ စည်းစိမ်ဓန၊ အဆင့်အတန်း၊ အရည်အသွေးအပေါ် ဣဿာဆိုသည့် မနာလိုခြင်းမရှိ, မစ္ဆရိယဆိုသည့် ဝန်တိုခြင်းကင်းလှသော မုဒိတာနှင့် သတ္တဝါအားလုံးတို့သည့် မိမိတို့ သင်လျင်သင်သည့်အလျောက်, ကြိုးစားလျင် ကြိုးစားသည့်အလျောက်, လုပ်လျင်လုပ်သည့်အလျောက် ပြန်လည်ရရှိကြရမည်, သတ္တဝါတို့အားလုံးသည် ကံတည်းဟူသော အလုပ်ကိုသာလျင် အားကိုးရာရှိ၏ဟူသော ဥပေက္ခာကို ကြားပင် မကြားဖူးကြ။ မိစ္ဆာဒိဋ္ဌိအယူဝါဒကို ယူကြသည့် နိုင်ငံများ ဖြစ်ကြသည့်အလျောက် ချို့တဲ့သူ နွမ်းပါးသူတို့အား ပေးကမ်းခြင်းဆိုင်ရာ ဒါနကထာ၊ တဖက်သား ထိခိုက် နာကျင်စေနိုင်သည့် အတွက် မိမိအပြုအမူကို သတိတရား အမြဲကပ်ထားလျက် မကောင်းသော ဒုစရိုက်ဆယ်ပါးကို ရှောင်ရှားခြင်းဆိုင်ရာ သီလကထာ၊ ဘုရား၏ ဂုဏ်တော်ကို သရဇ္ဈာယ်၍ အောက်မေ့နေခြင်း၊ မိမိပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုကို အမှတ်ရ၍ တဖန်ပီတဖြစ်ခြင်းဆိုင်ရာ ဘာဝနာတို့ကို မသိနားမလည်ကြသည့် မိစ္ဆာဒိဋ္ဌိအယူများကိုသာ ယူကြသည့်အလျောက် မိစ္ဆာဒိဋ္ဌိအယူရှိသော သူများနေထိုင်သည့် နိုင်ငံတွင် တရားဓမ္မကင်းမဲ့ရကား စစ်မက်များ ဖြစ်ပွားလျက်ရှိသည်ကို ပဏာမအဖွင့်အဖြစ် ပြောကြားလိုပါသည်။
အရာအားလုံးအား မိမိပိုင်သည်ဆိုသည့် လောဘ၊ မိမိသဘောထားကို ဆန့်ကျင်သဖြင့် နာကျင်ကြေကွဲရသည့် အတိုင်း တဖက်သားအား ပြန်လည်နာကျင်ကြေကွဲစေသော ဒေါသ၊ ဤကဲ့သို့ ပြုခြင်း ပြောခြင်း ကြံစည်ခြင်းသည် မှား၏ မှန်၏ဟု သိနိုင်စွမ်းမရှိသော မောဟ၊ မိမိသည်သာလျင် အဦးအမြတ်ဖြစ်၏ မိမိသာလျင် ထိုက်တန်၏ မိမိသာလျင် ခေါင်းဆောင်ဖြစ်ထိုက်၏ ဟူသော မာန၊ အမျိုးသား အကျိုးစီးပွားများ မိမိဘာသာ မိမိသာသာနာကို မိမိကသာလျင် စောင့်ရှောက်နိုင်သည်ဟု လွဲမှားယူဆနေသော ဒိဋ္ဌိ၊ မိမိလုပ်ထားသည့် ကိစ္စရပ်များအပေါ် အမျိုးမျိုးတွေးဆ စိတ်အခွခွဖြစ်လျက်ရှိသော ဝိစိကစ္ဆာ၊ မည်သည့် အလုပ်ကိုမှ တက်တက်ကြွကြွ မလုပ်ဆောင်နိုင်သည့် ထိနမိဒ္ဓ၊ အာရုံထွေပြားသည့်အတွက် လုပ်သမျ ကိုင်သမျ အလေအလွင့် အကျိုးသာရသည့် ဥဒ္ဓစ္စ၊ ဝက်များ မစင်ပေါ် ပြန်အိပ် ပြန်စားပြီး နေထိုင်သလို မကောင်းသော အလုပ်တို့ကို များစွာ ပြုလုပ်ထားပြီးသော်လည်း ထိုအပြုအမူအပေါ် စိုးစဉ်းမျှ စိတ်မဝင်စားသည့်ဟန်ဖြင့် အရှက်ကင်းမဲ့သော အဟိရိက၊ ဤကားမီးတောက် မီးလျံဖြစ်လေသတည်းဟု သိသော်လည်း ပိုးဖလံများ မီးထံ အဆက်မပြတ်ပြေးဝင်ကစားသကဲ့သို့ မကောင်းသော အလုပ်၊ မကောင်းသောအကြံတို့ကို ပြောင်ပြောင်တင်းတင်း လုပ်ရဲ ကြံရဲလေသော အနောတပ္ပ ဆိုသောတရားများကိုသာ လက်ခံကျင့်သုံးသဖြင့် စစ်မက်ဖြစ်ပွားမှုကို မတားနိုင် မဆီးနိုင် အိုးနင်း ခွက်နင်း အုပ်ချုပ်နေရလေ့ရှိပြန်၏။ ဤတရားများသည် မီးဟု တင်စားသည်နှင့်အညီ မီးတောက်သည် လောင်ကျွမ်းမှုကိုသာ ပေးသည့် ဓမ္မတာကို လိုက်နာလျက်ရှိ၏။
အဆုံးတွင် အခြားသော သူများက အကုသိုလ်ကောင်ပဲဟု စွပ်စွဲပြောဆိုကဲ့ရဲ့ပြီး မိမိအားရှောင်ရှားခံရသည့် ဘေး၊ ငါသည် သီလမရှိ ကိုယ့်ကျင့်တရားမှန်သမျ တခုမှ မသိနားမလည်ဘဲ သတ်ခြင်းဖြတ်ခြင်း ခိုးခြင်း လုယက်ခြင်းကို ပြုမိမိုက်မှားခဲ့လေပြီတကားဟူသော မိမိကိုယ်ကို ပြန်မကြည်ညိုနိုင်ဘဲ အစဉ်အမြဲ ချောက်ခြားနေရသောဘေး၊ မိမိပြုခဲ့သော သတ်ခြင်း ဖြတ်ခြင်းကြောင့် မိမိအားလည်း ပြန်ပြုမည်ကို စိုးရိမ်ကြောက်လန့်ကာ အစဉ်အမြဲထိတ်လန့်နေရသည့်ဘေး၊ ထိုသူမှာ မောဟတည်းဟူသော အသိတရားမဝင်နိုင်သည့် အကြောင်းတို့ကိုသာ အခြေပြုပြီး ပဋိသန္ဓေနေခဲ့သဖြင့် အထက်ပါ ဘေးသုံးမျိုးကို မသိနားမလည်သဖြင့် ရှောင်ရှားနိုင်ခဲ့သော်ငြားလည်း မိမိပြုသောကံမှန်သမျှ မိမိ၏အရိပ်သဖွယ်ဖြစ်သဖြင့် ဒုဂ္ဂတိ သံသရာဘေးကို မလွဲမသွေ ခံစားရမည်တကားဟု မသိကြသော နားမလည်ကြသော ဘုရားရှင်ဟေားထားသည့် တရားကိုပင် မကြားဖူးကြသော မိစ္ဆာဒိဋ္ဌိအယူရှိသော နိုင်ငံများသည် ဤကဲ့သို့ပင် စစ်မက်များ စစ်ပွဲများ သတ်ဖြတ်မှုများ အစဉ်အမြဲ ဖြစ်ပွားလျက်ရှိ၏။
ထို့ပြင်တဝ စစ်မက်ဖြစ်ပွားရာ နိုင်ငံတို့၌ မရှိသည့်ကြသည့်အရာများကို ချဲ့ကား၍ ရှင်းဦးအံ့။ ဗေဒင်ယတြာ လက္ခဏာနှင့်အညီတည်ထား ကိုးကွယ်သည့်စေတီ၊ ဟိုထောင့်ဒါထည့် ဒီထောင့်ဒါထည့်နှင့် အစီအရင်များနှင့် ဘုရား၊ ယတြာကောင်းရင် မင်းလောင်းတောင်ပျောက်တယ်ဆိုကာ ရူးလောက်သည်အထိ အစွမ်းထက်သည့်ယတြာကို ပေးနိုင်သော ဘုန်းတော်ကြီးများ၊ စီးပွားတက်ပြီး အသက်အန္တရယ်ကင်းစေနိုင်သော ဓမ္မာရုံထဲမှ ပဋ္ဌာန်းရွတ်ဆိုသူများ၊ လူမမိသမျှ ပါရာဇိကမကျဘူးဆိုသည့် ရဟန်းတော်များ၊ အထက်လူကြီးကို ရိုသေရတယ်ဆိုပြီး ပိုက်ဆံဖြင့်သာ ကန်တော့ခံသည့် တိုက်ပုံဝတ်များ၊ ၇ ရက်အတွင်း သောတာပန်ဖြစ် တရားထိုင်နည်းဖြင့် စီးပွားဖြစ်ထွန်းနေသော တရားစခန်းများ၊ အီလွန်မတ်ထက် ကားအကောင်းစားများ အကြောင်းကို ပိုသိသော ဓမ္မကထိကများ၊ ပရက်ရှားမှ စစ်သည်စုဆောင်းရန်အတွက် တီထွင်ခဲ့သည့် စာသင်ကျောင်းစနစ်ကို အတုခိုးပြီး ဘုရားဟောပါဠိကို အမှတ်ပေးစနစ်ဖြင့် မဂ်လမ်းဖိုလ်လမ်းကို သိသည် မသိသည်အပထား စာတတ်သည် မတတ်သည်ကို ဦးစားပေးနေသော ပရိယတ္တိဆရာတော်များ၊ ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူကို လှူမှ ကုသိုလ်ရတယ်ဆိုတဲ့ လိုရာဆွဲ တရားကြောင့် မညီမျှမှုကို ခံစားနေရသည့် အလှူခံလူတန်းစားများ၊ အိန္ဒိယနိုင်ငံရဲ့ ထုံးတမ်းစဉ်လာဓလေ့ကို မိမိရိုးရာဓလေ့ဆိုပြီး စေတီနှင့် ဘုရားမှာ နေ့ခင်းကြောင်တောင်မီးသက်စေ့ ထွန်းသူ၊ တထုတ်လုံး ဝယ်လာမိတဲ့ နံ့သာတိုင်ကို မထူးဘူးဆိုပြီး ပုံရှို့ကြတဲ့ ကုသိုလ်ရှင်များ၊ နတ်ကိုးကွယ်သည့်သူကို ဗုဒ္ဓဘာသာမဟုတ်လို့ဆိုကာ အကုန်ဗုဒ္ဓဘာသာ ဇာတ်သွင်းနေကြသည့် ဂေါပကများ၊ ဓမ္မစက်မရှိဘဲ အာဏာစက်ဖြင့် သာသနာတော်ကို ထိန်းသိမ်းနိုင်သည်ဟု တဇောက်ကန်းယုံကြည်နေကြသော မဘသများ၊ ဆုတောင်းခြင်းကို ငါငြင်းဆို၏ ကျင့်ကြံခြင်းကိုသာ ငါအားပေး၏ဟု ဘုရားက အကြိမ်ကြိမ်ဟောထားသော်လည်း ဆုတောင်းပတ္တနာ စာအုပ်တွေ ရိုက်ထုတ်ကြတဲ့ ကျမ်းပြုဆရာတော်မရှိ၊ ဤကဲ့သို့ ကြည်ညိုဖွယ် ဗုဒ္ဓဝါဒ မထွန်းကား။ ကြီးပွားချမ်းသာ ကျန်းမာကြောင်း အောင်မြင်ကြောင်း အမြန်တိုးတက်ကြောင်း ယတြကောင်းမရှိ။ ယတြာကောင်း စီရင်တတ်သူမရှိ။ ယတြာချေရန် ဘုရား၊ စေတီ မတည်ထားကြ။ သုညလို ဆိတ်သုဉ်းလေစွ။ ညလို မှောင်မဲလစွ။ ဪ မိစ္ဆာဒိဋ္ဌိနိုင်ငံများတွင် စစ်မက်ဖြစ်ပွားပေလိမ့်မည်တည်း။ ထို့အတွက် ငြိမ်းချမ်းရေးစေတီ၊ ငြိမ်းချမ်းရေးဘုရားမရှိ။ ကြောက်မက်ဖွယ်ပါတကား။ ကျွန်ုပ်ကား ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ကြီး အကြောင်းကို ဆက်လက်ရှင်းပြရန် ညည်းချင်းချပြီး အသက်ကို ဝအောင်ရှူသွင်းလိုက်ရသေး၏။
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များတို့အဖို့မူ စစ်မက်ဖြစ်ပွားခြင်းဆိုသည်ကို နားမလည်နိုင်စရာ အကြောင်း များစွာ ရှိသေးပြန်သည်။ ဘုရားဟော တရားတော်စာပေများ မဟုတ်သည့် စာပေအားလုံးကို တိရစ္ဆာနကထာဟု ဆိုသည်။ ထိုသို့ဆိုသည့်အလျှောက် တိရစ္ဆာနကထာဖြင့် ရေးသားအပ်သော စာတို့ကို မဖတ်ကြသည့် အတွက်ကြောင့် ထိုသူတို့၏ စာပေတွင်ပါတတ်သော စစ်မက်အကြောင်း မသိကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် နေထိုကြသည့် ဗုဒ္ဓဘာသာဝင်တို့မှ မဂ်ရကြောင်းတရားမဟုတ်သော ဖိုလ်ရကြောင်း တရားမဟုတ်သော နိဗ္ဗာန်ရကြောင်း၏ ဆန့်ကျင်ဘက်ဖြစ်သော တိရစ္ဆာနကထာကို ပြောဆိုကြသည် ရေးသားကြသည်ဟု စွပ်စွဲခြင်းခံရသော အမေရိကားတွင် နေထိုင်ကြသော လူများသည် လူဖြစ်လျင် လူသားကျင့်ဝတ်ကို ကျင့်ရမည်လောက်သာ နားလည်ကြလေ၏။ ထိုနိုင်ငံတွင် ၂၀၁၂ ခုနှစ် စစ်တမ်းတွင် ဗုဒ္ဓဟောကြားသည့် တရားကို ယုံကြည်သူများက ၀.၈ ရာခိုင်နှုန်းသာရှိသည်။ ၂၀၅၀ တွင်မှ ၁.၂ ရာခိုင်နှုန်းခန့်လောက်သာ တိုးလာနိုင်သည်ဟု စစ်တမ်းတခုက ကောက်ပြထား၏။ အဖရိကတွင်မူကား ဗုဒ္ဓဘာသာများ ၀.၃ ရာခိုင်နှုန်းသာ ရှိပြီး ထိုဗုဒ္ဓဘာသာအများစုကလည်း စီးပွားလာရှာကြသည့် အာရှသားများက ၀.၁၅ ရာခိုင်နှုန်းလောက် ဖြစ်နေသည်။ ၂၀၅၀ တွင်မူ ၀.၂ ရာခိုင်နှုန်းလောက်သာ ကျန်နိုင်တော့သည်ဟု စစ်တမ်းက ကောက်ယူနိုင်ခဲ့၏။ မြန်မာတွင် ဗုဒ္ဓဘာသာဝင် ၈၉ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာဝင် အများဆုံး ဖြစ်သည်။ ကိုဗစ်ရောဂါကြောင့် မွေးဖွားမှုနှုန်း လျှော့ကျပြီး သီရိလင်္ကာက မီလာနိုင်သည်ဟု ခန့်မှန်းထားကြသော်လည်း သီရိလင်္ကာရော မြန်မာတွင် အုပ်ချုပ်ရေးပိုင်း ပြဿနာတက်ခဲ့သောကြောင့် နဂိုနှုန်းအတိုင်းသာ ရပ်တန့်နေနိုင်မည်ဟု အစပိုင်း ခန့်မှန်းကြ၏။ ၂၀၂၂ တွင် မြန်မာက ပြည်တွင်းစစ်မီးကြောင့် ဤ ၂၀၂၂ မှစ၍ နောက်ပိုင်းတွင် တစ်နှစ်လျင် ပျဉ်းမျ ၀.၅ ရာခိုင်နှုန်းဖြင့် ဗုဒ္ဓဘာသာဝင်ဦးရေ လျော့သွားနိုင်ဖွယ်ရှိသည်ဟု သုတေသန အသစ်ပေါ်လာပြန်သည်။ အာဏာသိမ်းမှုတွင် ဗုဒ္ဓဘာသာဝင်တို့က ကြားဝင်စွက်မှုရှိခဲ့သည်ကတကြောင်း၊ လူငယ်များ နိုင်ငံတကာသို့ ထွက်သွားကြသည်ကတကြောင်း၊ ပြည်တွင်းစစ်ပြီးလျင် ပြည်လည်တည်ဆောက်ရေးကာလက ၁၅ နှစ်မှ နှစ် ၂၀ အထိကြာသွားနိုင်သည်က တကြောင်းကြောင့် ၂၀၅၀ တွင် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက ၇၅ ရာခိုင်နှုန်းထိ ကျနိုင်သည်ဆို၏။ မဘသအစွမ်းနှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော စကစကြောင့် နိုင်ငံတကာမှ သုတေသနအဖွဲ့၏ ခန့်မှန်းချက်က မှားနိုင်ပါသည်။