ပအိုဝ်းကောင်းကလေးတယောက် ဆေးရုံကိုသွားပြီး သွေးလှူတယ်။ သူနာပြုက မေးတယ်။
“မောင်လေး ဘာသွေးလဲ”
“ပအိုဝ်းသွေး”
သည်ဟာသလေးကိုဖြင့် ပအိုဝ်းတွေ ခဏခဏပြောလို့ ခဏခဏကြားဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဟာသလေးပါ။ ဗမာ့သွေးဆိုတဲ့နာမည်နဲ့ အွန်လိုင်းမှာတော့ အကောင့်တွေ တွေ့ဖူးတယ်။ ဗမာ့သွေးဆိုတဲ့ စာအုပ်လား သီချင်းလား ရှိတယ်ထင်ပါတယ်။ သွေးဟာ ပအိုဝ်းသွေး ဗမာသွေးလို့ ပြောတာနဲ့အတူ ကချင်သွေး ကရင်သွေး မွန်သွေးဆိုတာလည်း ရှိချင် ရှိမယ်ထင်ရဲ့။ သွေးဟာ ပထမဆုံး လူမျိုးချင်းခွဲခြားလိုက်တယ်။ အမူအကျင့်တွေ ခွဲခြားလိုက်တယ်။ စရိုက်တွေ ခွဲခြားလိုက်တယ်။ သေချာပါရဲ့လားလို့တော့ မေးစရာ ရှိတာပေါ့။
သိပ္ပံဘက်ကတော့ သွေးအမျိုးအစား သို့မဟုတ် သွေးအုပ်စု လို့ပဲ ခွဲလေရဲ့။ သွေးနီဆဲလ်တွေ သွေးရေကြည်တွေ ကြည့်ပြီးတော့ A, B, AB, နှင့် O ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒီကောင်တွေလည်း အလကား နေလို့မရပါဘူး။ လူတွေက ဘယ်သွေးအမျိုးအစားရဲ့ စရိုက် ဘယ်သွေးအုပ်စုရဲ့ စိတ်က ဘယ်လိုဆိုပြီး ခွဲကြသေးတယ်။ တကယ်မှန်နေလို့လား သို့တည်းမဟုတ် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာမို့လားတော့မသိ။ တချို့လူတွေက မှန်တယ်ချည်း လှိမ့်ပြောနေတာပဲ။
[metaslider id=752]တိုင်းရင်းသားတွေကြားထဲမှာတော့ “သွေးချင်းမရောယှက်စေနဲ့” ဆိုတဲ့ စကားတွေ အမြဲကြားရတယ်။ အဲလို ကြားရတဲ့အထဲမှာ ဗမာမျိုးနွယ်ဖြစ်တဲ့ ဓနု၊ အင်းသား၊ တောင်ရိုးတို့ဆီမှာလည်း တွေ့ရတယ်။ လူမျိုးကြီးဖြစ်တဲ့ ထားဝယ်တို့ ရခိုင်တို့ကလည်း ပြောကြတယ်။ အဓိကအားဖြင့် ဗမာလူမျိုးတွေ တော်တော်နာတဲ့ စကားပေါ့။ ဘယ်သူမဆို ကိုယ့်ကိုလာထိတဲ့အခါ ပြန်ထိလို့ရရင်ရ မရရင် မဖြစ်နိုင်ရင် တယောက်ယောက်ကိုတော့ လက်ညိုးထိုးလိုက်ရတာပဲ။ နောက်ဆုံးတော့ ဘာမှ ခွန်းတုံ့မပြန်နိုင်တဲ့ စနစ်ပေါ့။
ဗမာလူမျိုးနဲ့ ချစ်ကြိုက်မိလို့ အသည်းကွဲရတဲ့ သူတွေ အများကြီး တွေ့ဖူးတယ်။ အဲဒီထက် အသက်ပါ သေရတဲ့ သူတွေလည်း တွေ့ဖူးတယ်။ သိပ်မကြာမတင်ကလေးက ကဗျာတစ်ပုဒ် စပ်ဖြစ်တယ်။ အချစ်=သေမင်းတမန် ဆိုတဲ့ကဗျာတစ်ပုဒ်။ မိဘက တိုင်းရင်းသားလူမျိုးပဲ။ သမီးဖြစ်သူက ဗမာနဲ့ကြိုက်တာ။ ဗမာနဲ့ ကြိုက်ရလားဆိုပြီး ရိုက်ဟယ် ပုတ်ဟယ် ပြုလိုက်တယ်။ သမီးဖြစ်သူက အဆိပ်ကို သောက်လိုက်တယ်။ ဘေးကနေ ကြည့်ရင်တော့ ရင်နာစရာကြီးပေါ့။ အချစ်ဆိုတဲ့အရာက သွေးတွေမှ မခွဲခြားတာ။ ဒါပေမယ့် သူ့မိဘဟာ သူ့သမီးအဲလို ဖြစ်သွားတာကို သိပ်ပြီးနောင်တရပုံမပေါ်ဘူး။ ဒီလိုအဖြစ်မျိုးက ဗမာရယ်လို့မဟုတ်ပါဘူး။ ပအိုဝ်းတယောက်ယောက်က တခြားလူမျိုးတမျိုးမျိုးကို ကြိုက်တာဖြစ်ဖြစ် ရှမ်းတယောက်က အခြားလူမျိုးတယောက်ယောက်ကို ချစ်တာဖြစ်ဖြစ် ဓနုဖြစ်ဖြစ် အင်းသားဖြစ်ဖြစ် လူမျိုးသေးသေးလေးဖြစ်တဲ့ ဓနော့ဖြစ်ဖြစ် အခြားသွေးနှောမှာကို သိပ်ကြောက်ကြတယ်။ ကြောက်ကြပေမယ့်လည်း သွေးကတော့ တဖြည်းဖြည်းနှောလာကြတာပါပဲ။
တချို့လူငယ်တွေက သူတို့အကြောင်းလေးတွေ ပြောရင် “ကျွန်တော့်အဖေက ဘာလူမျိုး၊ ကျွန်တော့်အမေက ဘာလူမျိုး” ဆိုတာလေး ပါလာတာတွေ့တယ်။ အဲလိုသွေးနှောလာတဲ့ ကလေးတွေက အမြဲတမ်း ခက်ရတယ်။ ကျွန်တော်ကလည်း သွေးနှောကိုး။ တယောက်ယောက်က သွေးနှောနဲ့ နေရပြီဆိုရင် ပုံမှန်အားဖြင့် နှစ်ဖက်စလုံးက လက်ခံတတ်လေ့ မရှိပါဘူး။ ကျွန်တော့်ကို ပအိုဝ်းလူမျိုးလို့ပြောရင် ပအိုဝ်းတွေက လက်မခံကြပါဘူး။ ပအိုဝ်းစကားမတတ်တာရယ်။ နေထိုင်တာက ဓနုရွာမှာကြောင့်ရယ်ဖြစ်ပါတယ်။ ဓနုရွာမှာနေတာကကော ကျွန်တော့်အတွက် အဆင်ပြေနေသလားဆိုတော့ အဆင်မပြေပြန်ဘူး။ “နင်တို့ ပအိုဝ်းတွေက” ဆိုပြီး ပြောကြတယ်။ ငယ်ငယ်လေးကတည်းက ခုထိအဆင်မပြေတာကတော့ လူမျိုးတမျိုးအဖြစ် ခံယူလို့ မရတော့တာပဲ။ ကျွန်တော့်ကို ပအိုဝ်းလည်း လက်မခံဘူး။ ဓနုလည်း လက်မခံပါဘူး။ သည်လိုမျိုးက ကျွန်တော်တယောက်တည်းလားလို့ ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ ရှမ်းသွေးနဲ့ ဗမာသွေးရောတဲ့ ဆရာတယောက်ကြုံဖူးတယ်။ သူ့ဘဝဇာတ်ကြောင်း ပြောတိုင်း ဒီကိစ္စကို သူအမြဲထည့်ပြောတယ်။ သိပ်မကြာသေးတဲ့ ကာလက ပဒေါင်နဲ့ ကရင်သွေးနှောတဲ့ ကောင်မလေးတယောက်လည်း တွေ့ဖူးတယ်။ သူက ပဒေါင်ဘက်နေလို့လား မသိဘူး။ ကရင်အမျိုးတွေက သူ့ကို သိပ်ခေါ်ခေါ်ပြောပြော မရှိဘူးတဲ့။ သွေးနှောက တားဆီးလို့မှ မရတော့တာ။
[yikes-mailchimp form=”1″ description=”1″ submit=”submit”]
သွေးနှောတဲကိစ္စက ကမ္ဘာပေါ်မှာ ၁၇ ရာစုလောက်ကတည်းက စတယ်လို့ ထင်ပါတယ်။ လူဖြူနဲ့ လူမည်းလက်ထပ်တဲ့ ကိစ္စ။ လက်ထပ်တယ်လို့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ လူမည်းမတယောက်ယောက်ကို လူဖြူတွေက မတော်မတရားလုပ်လိုက်လို့ လူမည်းမက လူဖြူတပိုင်း လူမည်းတပိုင်းမွေးလာတာမျိုး ဖြစ်ချင် ဖြစ်မပေါ့။ သည်ထက်စောတာကတော့ အဖရိကမှာ လူမျိုးချင်းမတူတဲ့ လူမည်းတွေ လက်ထပ်တဲ့ကိစ္စကလည်း သွေးနှောခြင်းစတာပါပဲလို့တော့ ကြားဖူးတယ်။ နောက်ဆုံး သက္ကရာဇ် ၂၀၀၀ လောက်မှာ ဖတ်ဖူးတာက အမေရိကားက တချို့လူတွေဆို အဖရိကန်၊ မက္ကဇီကန်၊ စပိန်စတဲ့ ဥရောပက လူမျိုးတမျိုး၊ အာရှတိုက်က လူမျိုးတမျိုးမျိုးနဲ့ရောပြီး ခြောက်မျိုးလောက်ကို သွေးနှောနေတာမျိုး ရှိလာတယ်တဲ့။ သွေးနှောကို တားလို့ရလား။
တချို့ကတော့ တားနေကြတာပါပဲ။ တားနေတဲ့သူတို့ရဲ့ မိသားစုကို ကြည့်လိုက်တော့လည်း သွေးနှောတွေချည်းပဲ။ သွေးနဲ့ပတ်သက်လာရင်တော့ အကောင်းဆုံးက “သွေးလှူဘဏ်” မှာ ဘယ်သူ့ဆီရောက်ရောက် လှူလိုက်တာ။ လှူပြီး မေ့လိုက်တာပဲ ကောင်းမယ်ထင်ရဲ့။ ထပ်တွေးရင် ထပ်ပြီးပဲ စိတ်ညစ်စရာတွေပဲ။