၂၀ ရာစု နှောင်းပိုင်း ဘာသာရေး အခင်းအကျင်း
၁၉၈၀ မတိုင်မီက ဘာသာဝင်တဦးဦးအနေဖြင့် ၎င်းတို့၏ ဘာသာအပေါ် အမွှမ်းတင်ခြင်းမျိုးနှင့် ဘာသာရေးအတွက် အထူးအရေးပေးကာ တစိုက်မတ်မတ်လုပ်ခဲ့ခြင်းမျိုးမရှိ။ ဒဿနပညာရှင်များ၊ ဘာသာရေးပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များတို့ကသာ ကောက်ချက်အမျိုးမျိုးချ၍ ဘာသာရေးအပေါ် ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ခြင်းနှင့် ပိုပိုသာသာရေးခဲ့ခြင်းမျိုးသာ ရှိခဲ့၏။ ဘာသာရေးခေါင်းဆောင် ဖြစ်သူများနှင့် နီးစပ်သူအချို့တို့ ဘာသာရေးအပေါ် အထူးအားစိုက်ခဲ့မှုများ ရှိခဲ့သော်လည်း အတော်ပင် နည်းပါ၏။ ထိုခေတ်ကာများ၌ ဘာသာရေးအရေးကို ဘာသာရေးခေါင်းဆောင်နှင့် နီးစပ်သူ မဟုတ်ပါဘဲလျက် ဘာသာရေးနှင့် ထဲထဲဝင်ဝင် ယှက်နွယ်ခဲ့သူဆိုပါက ထိုသူသည် နိုင်ငံရေးသမားတဦးဖြစ်မှာ သေချာ၏။ ထိုမတိုင်ခင်က ဘာသာရေးကြောင့် ပဋိပက္ခများ စစ်ပွဲများ မဖြစ်ခဲ့မဟုတ်။ ဖြစ်ခဲ့ပါသည်။ သို့သော် ဘာသာရေးစစ်ပွဲများ ပဋိပက္ခများကို မိမိလေးမြတ်သည့် ဘာသာအပေါ် မထိခိုက်စေလိုသော သဘောထားကြောင့် ဘာသာရေးအမည်မတပ်ခဲ့ကြရာ မတူညီသည့် ဘာသာဝင်များ ရောနှောနေထိုင်မှုများ ရှိခဲ့ကြသည်။ ၁၉၈၀ နောက်ပိုင်းတွင် စစ်ပွဲများ ပဋိပက္ခများအပေါ် ဘာသာရေးအမည်အား သာမန်ကိစ္စတခုကဲ့သို့ ထည့်သုံးလာကြသည်။ အချို့ ဘာသာရေးဒဿနပညာရှင်များက လူတိုင်းမျှမျှ စိတ်ဝင်စားစေခဲ့သည့်အလျောက် ဘာသာရေးအပေါ် တခမ်းတနား ဝိုင်းဝန်း၍ ရွှေနားကွပ်ခဲ့ကြသည်မှာ ၁၉၈၀ နောက်ပိုင်းမှသာ ဖြစ်သည်။ ဘာသာရေးသည် ချိန်ခွင်လျှာပေါ် ရောက်သွားခဲ့သည်နှင့် လူတို့သည်လည်း ဘက်စုခဲ့ကြသည်ဟု ဆို၏။ ထိုမှသည် ဘာသာရေးဆူးလှည်းကြီးလည်း လူတိုင်း၏နှလုံးသားများဘေး ဖြတ်မောင်းသွားခဲ့လေတော့သတည်း ဟုဆိုရမည်။ ထို့ကြောင့်လား မသိ။ အမျိုးသားပညာရေး ဝန်ကြီးဖြစ်သူ ဦးဖိုးကျား၏ မယ်မြဝတ္ထုမှာ ၁၉၃၀ ကရေးခဲ့သည်။ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာဖြစ်သူ ရွှေဒုံးဘီအောင်က အမျိုုးပျောက်မှာစိုးကြောက်စရာကို ၁၉၆၀ ဝန်းကျင်က ရေးခဲ့၏။ သို့သော် မည်သူမှ ထဲထဲဝင်ဝင် စိတ်ဝင်စားမှု မရှိခဲ့။
၁၉၈၀ နောက်ပိုင်းမှသာလျင် ဘာသာရေးကျည်ဆံဖြင့် လူတိုင်း၏နှလုံးသားကို ပစ်ခတ်ခံရလိုက်ရသည် ဆိုသော်လည်း ထိုမတိုင်ခင်က ဘာသာတခုခုကို နစ်နစ်ကာကာ ယုံကြည်ကိုးကွယ်သူတိုင်း ကျဉ်းမြောင်းသော အမြင်များ ပိုင်ဆိုင်ထားကြ ပြီးသားဖြစ်ပါသည်။ အခြား ဘာသာတခုကို ကိုးကွယ်သူအား သည်းမခံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ပြစ်တင်ရေးသား ပြောဆိုခြင်းများ ပြုလုပ်လိုရင်းက ရှိနှင့်ပြီးသားပင်။ ဤအချင်းအရာကို မြောက်အိုင်ယာလန်နှင့် ဆိုက်ပရပ်တို့အကြား အစဉ်တွေ့ရလျက်ရှိ၏။ နတ်ကိုးကွယ်သူတို့ပင်လျင် မိမိတို့နတ်ကို ကိုးကွယ်ကြရန် လုပ်ဆောင်မှုများရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုလည်း မကြာခဏဖြစ်လာကြသည်ကိုပင် တွေ့ကြရမည် ဖြစ်သည်။ အာဖရိကတိုက်တခုလုံး၌လည်း မွတ်စလင်နှင့် ခရိယာန်တို့ လူလွန်ဆွဲပွဲကျင်းပ နေကြသည်ကို တွေ့ရမည်။ ဘာသာရေးမှ လူတို့ရင်ထဲ ထပ်ဆင့်၍ စို့နှင့် ရိုက်ထည့်လိုက်ပြန်သော ထူးထွေသည့် အံ့ရာသော်မှာ လူမျိုးရေးခွဲခြားခြင်းဖြစ်၏။ အမေရိကတွင် ဘာသာရေးကို အခြေခံသော ယဉ်ကျေးမှုများကြောင့် ဌာနေတိုင်းရင်းသားများ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရ၏။ ဌာနေတိုင်းရင်းသားများသည် နတ်ကိုလည်းကောင်း တိရစ္ဆာန်နှင့် သစ်ပင်တို့ကိုလည်းကောင်း ကိုးကွယ်ကြ၏။ သူတို့ ရောဂါဘယများ ဖြစ်လာသောအခါ ခရိယာန် သို့မဟုတ် ဂျူးဘာသာကို မကိုးကွယ်ခြင်းကြောင့် ဆေးကုသခွင့်မရကြ။ သူတို့အတွက် သေဖို့မှတပါး ရွေးရန် လမ်းမရှိခဲ့ကြပေ။ အမေရိကန်တွင် ဌာနေတိုင်းရင်းသားများ နည်းသထက်နည်းလာခဲ့လေပြီဖြစ်သည်။ တခါတရံ ဘာသာရေးသည် သူ့ချည်း မနေ။ ပဋိပက္ခဖြစ်နေရင်း လူများကိုသာမက နိုင်ငံကိုပါ ဆွဲထည့်၏။ အိန္ဒိယနိုင်ငံတွင် ဆစ်ဒ်၊ အစ္စလာမ်၊ ဟိန္ဒူပြဿနာများအကြား အစိုးရတို့က ဝင်ရောက်ဖြေရှင်းရင်း နိုင်ငံရေးအသွင်ကို ဆောင်သွားခဲ့သည်။ အခြားသော ဘာသာရေးကို အခြေခံလျက် စစ်မက်ဖြစ်ပွားကြသော နိုင်ငံများတွင်လည်း ဤအခြေအနေမျိုးကသာ အရင်းခံခဲ့ကြသည်ချည်းဖြစ်၏။
လူသားအားလုံးနှင့် ကမ္ဘာကြီးအား အတိတ်ဆိုသည့် အချိန်တခုကို ပေးခဲ့သော ၂၀ ရာစုသည် ၂၁ ရာစုမှ လူသားများ သူ့အား အမှတ်ရနေစေရောဟဲ့ ဟူသည့် အတွေးဖြင့် ပြဿနာတချို့ကို မီးပုံပေါ် ပစ်တင်ခဲ့သည်လား မသိပေ။ သူ့ရာစုကုန်ခါနီးတွင် ဘာသာရေးယုံကြည်သူများသည် အခြားဘာသာတခုခုအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်ရေးသားမှုများ၊ လူသားဆန်မှုကို ကျော်လွန်သည့် ဟောပြောမှုများ၊ အန္တရာယ်ကြီးကြီးမားမား ဖြစ်စေနိုင်သော ပဋိပက္ခသို့ ဦးတည်နေသော လှုပ်ရှားမှုများကို အစိုးရများကိုယ်တိုင် မသိကျိုးကျွံပြု ခွင့်ပြုခဲ့ကြ၏။ တခါတရံ အစိုးရများကိုယ်တိုင် သူတို့ကို အားပေးအားမြောက် ပြုသော ဘာသာတခုအတွက် အခြားသော ဘာသာကို ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်ခဲ့ကြ၏။ ၁၉၇၉ ခုနှစ်မှစ၍ အီရန်နိုင်ငံ၏ အစိုးရများ၏ တရားဝင်မီဒီယာမှတဆင့် အခြားသော မီဒီယာပေါင်းစုံမှ မျိုးစုံသော ကြေငြာချက်ပေါင်းစုံဖြင့် ဘဟာအူလာဘာသာဝင်ပေါင်း သုံးသိန်းခွဲကို တွေ့သည့်နေရာ၌ ရိုက်ပုတ်ညဉ်းဆဲခြင်း၊ ပိုင်ဆိုင်မှုနှင့် စီးပွားရေး လုပ်ငန်းများကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ပညာသင်ကြားခွင့် ပိတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသည်အထိ ညဉ်းပန်းနှိပ်စက်ခြင်းနှင့် အကြောင်းမဲ့ ထောင်ချခြင်းကို ပြုလုပ်ခဲ့ကြသည်။ ယနေ့အချိန်ထိ ပြုလုပ်ဆဲလည်းဖြစ်ပါသည်။ အီရန်နိုင်ငံ၌ အခြားဘာသာဝင်များ မရှိစေရဟု ပြောင်ပြောင်တင်းတင်းပင် ကြေငြာခဲ့သေး၏။ ဤ ဘဟာအူလာ (Baháʼu’lláh) ဘာသာကို ကိုးကွယ်သူများ ကမ္ဘာပေါ် စုစုပေါင်း ခြောက်သန်းခန့်ရှိသည်။ အချို့စာမျက်နှာ၌ ငါးသန်းဟုတွေ့၏။ သူတို့၏ဘာသာသည် ယေရှ၊ မိုဟာမက်၊ ခရစ်ရှန၊ ဇောရိုတိကတို့နည်းတူ ဘုရားသခင်၏ ရစူတမန်တော်ကို ကိုးကွယ်သည့် ဘာသာဖြစ်ပါသည်။ လူသားများသည် မွေးရာပါ မြင့်မြတ်မှု၊ ဝိညာဉ်ရေးရာ ငြိမ်းချမ်းမှု၊ ဘာသာရေးနှင့် သိပ္ပံပညာသဟဇာတဖြစ်မှု၊ ကျားမတန်းတူဆက်ဆံမှုတို့ကို ယုံကြည်သည်။ တရားမျှတရေးကို ဗဟိုပြုသည်။ အီရန်တို့၏ လုပ်ရပ်အကျိုးဆက်အဖြစ် ၁၉၈၃ ခုနှစ်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ မွတ်စလင်ပေါင်း နှစ်သိန်းခွဲသည် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးကို ခြိမ်းခြောက်ခံရမှု၊ အကြမ်းဖက်ခံရမှု၊ လူမှုရေး စီးပွားရေး ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ မျက်လုံးတလုံးအတွက် မျက်လုံးတလုံး ဥပဒေသည် ဘာသာရေးတွင် တည်တံ့ဆဲဖြစ်ဟန်တူပါသည်။ အီရန်နိုင်ငံသည် ဘဟာအူလာလူမျိုးများအပေါ် ပိုမိုတင်းကြပ်သော ဥပဒေများ ထပ်ထပ် တင်းကြပ်ရင်းနှင့်ပင် ၁၉၉၇ မှ ၉၈ ခုနှစ်အရောင်တွင် ခရိယာန်အကြီးအကဲ ၃ ဦးကို သတ်ဖြတ်ပြီး ခရိယာန်ပေါင်း ၈၀၀၀၀ ကိုတိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။ ရုပ်သံရိုက်၍ ရိုက်နှက်ကန်ကြောက်သည့်ပုံများနှင့်ပင် ပြသလိုက်ပါသေးသည်။
ဘာသာရေး၌ အထူးအားဖြင့် ထင်ရှားသော ဘာသာရေးခေါင်းဆောင်များသည် နိုင်ငံရေးကိစ္စများသို့ ဝင်ရောက်စွက်ဖက်လာသည်။ ၁၉၉၂-၉၄ ခုနှစ် အီတလီတွင် နိုင်ငံဘဏ္ဍာအရေး အကျင့်ပျက်ခြစားမှုမှာ ကက်သလစ်ဘုရားကျောင်းကြောင့်ဟု အဖြေထွက်ခဲ့၏။ ချာချ့်ကျောင်းက ဒီမိုကရက်တစ်ပါတီအား မဲပေးရန် ဟောပြောမှုအပေါ် လာဘ်ယူခဲ့သည်။ ထိုခုနှစ်များတွင် ဂျပန်၌လည်း ဘုန်းကြီးကျောင်းတခုကို အခြေခံထားသော နိုင်ငံရေးနှင့် ငွေကြေးပြဿနာတက်ခဲ့သည်။ အမေရိကန်တွင် ကလေးသူငယ် ညှဉ်းပန်းမှု အရှုပ်တော်ပုံနှင့် ပတ်သက်ခဲ့သော ခရိယာန်ဘုန်းတော်ကြီးများသည် ပါတီတခု၏ မဲဆွယ်စည်းရုံးရေးတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့၏။ ချီလီနှင့် ဘရာဇီးလ်တွင်လည်း ရှေးရိုးစွဲ ကက်သလစ်ဘုန်းတော်ကြီးများမှ နိုင်ငံရေးနှင့် မဲဆွယ်စည်းရုံးရေး ကိစ္စများတွင် ရှုပ်ခဲ့ကြသေးသည်။
မိမိဘာသာတရားတို့၏ မြင့်မြတ်မှုနှင့် တန်ဖိုးရှိမှုကို အလေးပေးလွန်းရာမှ လူထုအပေါ် ဩဇာညောင်းသော အစိုးရ၏အနီးဆုံးနေရာသို့ ဘာသာရေးခေါင်းဆောင်များ ခဉ်းကပ်ခဲ့မှာများလည်း ရှိလာ၏။ ထိုအခါ ဘာသာရေးများသည် ရင်းနှီးမြုပ်နှံမှု ပိုမိုကြီးသွားရတော့၏။ ဘာသာရေး လုပ်ငန်းစဉ်များ ပိုမိုရှုပ်ထွေးသွားရ၏။ အစိုးရလုပ်ငန်းစဉ် တခုဖြစ်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုထဲ ဘာသာရေး ပဋိပက္ခများက ဝင်သွားကြ၏။ အစိုးရများကိုယ်တိုင် လစ်လျူရှု၍ မရသော ပြဿနာဖြစ်လာပြီး ငြိမ်းချမ်းရေးဆိုင်ရာ သီအိုရီများ အယူအဆများနှင့် ချဉ်းကပ်မှုများကို ပြောင်းလဲရသည်အထိ ဘာသာရေးဖိအားများ ဝင်ရောက်သွားတတ်၏။ ဤအခက်အခဲကို ရင်ဆိုင်ခဲ့ရသည့် နိုင်ငံမှာ နိုင်ဂျီးရီးယားနိုင်ငံဖြစ်သည်။ အခြားနိုင်ငံတွင် ဤအဖြစ်အပျက်မျိုး နိုင်ငံတခုလုံးအတိုင်းအတာနှင့် မဖြစ်သော်လည်း နိုင်ငံအတွင်း ဒေသတစိတ်တပိုင်းများတွင် ဖြစ်ပွားမှု ဆယ်ကြိမ်ထက်မနည်းရှိခဲ့၏။
၂၀ ရာစု အကုန်ပိုင်းတွင် မိမိဘာသာတိုးတက် ထွန်းကားရေးကို ဦးတည်သော လှုပ်ရှားမှုများ ကမ္ဘာ့နေရာ အနှံ့အပြားဖြစ်ပေါ်လာသည်။ အချို့ဘာသာတရားသည် သာမန်ထက်ကျော်လွန်းခဲ့ပြီး ဘာသာရေးဆိုင်ရာ မှိုင်းတိုက်မှုမျိုးဖြစ်သွားကြသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့သည်။ မိမိတို့ ဘာသာမတိုးတက်ခြင်းသည် လက်ရှိကိုးကွယ်နေသည့် ဘာသာရေးအပေါ် စိတ်မဝင်စားမှု၊ ဘာသာရေးကို အလေးမထားမှု၊ ဘာသာရေးကို ပေါ့ပေါ့တန်တန် သဘောထားကြမှုစသည့် Gaslighting ဆန်သည့် ပြင်းထန်သောာ စွပ်စွဲမှုများ ပြုလုပ်ကြသည်လည်း ရှိခဲ့၏။ ထိုနောက် မိမိတို့ကိုးကွယ်သည့်ဘာသာအပေါ် မိမိတို့မည်မျှ ယုံကြည်ကြောင်း ပြသရန်အတွက် ဘာသာဝင်များ စိတ်အားထက်သန်လာသည့်အခါ အသေခံဗုံးခွဲသည့် စနစ်အမှားကြီးကို သွပ်သွင်းဟောကြားလေတော့၏။ ထို့သို့မဟုတ်ပါကလည်း အခြားဘာသာကို စွပ်စွဲပုတ်ခတ် ပြောဆိုရေးသားရန် တွန်းအားများပေးလာကြတော့၏။
၁၉၈၀ မတိုင်ခင်သည် ဗုဒ္ဓဘာသာအသုံးအနှုန်းဖြင့်သုံးရလျင် ဆရာတကာ ညီညွှတ်ခဲ့ကြသော ခေတ်ဖြစ်သည်။ နောက်ပိုင်းတွင် ဘာသာရေးအကြီးအကဲများနှင့် ဘာသာရေးခေါင်းဆောင်များသည် အထက်စီးမှ အာဏာရှင်ဆန်ဆန် ကျင့်သုံးလာခဲ့ကြလေသည်။ ခွဲခြားဆက်ဆံမှုများ ပြင်းထန်လာ၏။ ငွေကြေးချမ်းသာသူနှင့် ချို့တဲ့သူတို့အပေါ် ဆက်ဆံပုံက ပိုသိသာသကဲ့သို့ အာဏာရှိသူနှင့် အာဏာမရှိသူအကြား ဆက်ဆံပုံကလည်း ပေါ်လွင်ထင်ရှားလာ၏။ ဘာသာရေး သွန်သင်ချက်များကလည်း တရားဓမ္မကို ဟောပြောနေသည်လား ခွဲခြားနှိပ်ကွပ်နေသည်း မကွဲပြားလောက်အောင် ကျဉ်းမြောင်းလာ၏။ ဘာသာရေးခေါင်းဆောင်များ၏ ဤကဲ့သို့သော အပြုအမူကြောင့် ၁၉၉၃ ခုနှစ်တွင် တက္ကဆတ်ပြည်နယ်၏ မြို့ငယ်လေး တမြို့တွင် ခရိယာန်ဘုန်းတော်ကြီးနှင့် ဒေသခံများအကြား ကြီးမားသည့် ပဋိပက္ခများဖြစ်ခဲ့ရသည်။ ဂျပန်နှင့် အချို့သော ဥရောပမြို့များတွင်လည်း အလားတူ ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသေးသည်။
ဘာသာရေးကို အခြေခံသော လှုပ်ရှားမှုများသည် လက်ရှိအာရှတွင် ဖြစ်ပွားလျက်ရှိသည့် အနောက်ကမ္ဘာနှင့် မသက်ဆိုင်သော သီးသန့်ကမ္ဘာတခုဖန်တီးလိုသကဲ့သို့ မွတ်စလင်များသည်လည်း မည်သည့်နိုင်ငံနှင့်မှ မဆက်ဆံသော မွတ်စလင်သီးသန့်ကမ္ဘာကို ဖန်တီးလိုနေကြ၏။ ဘာသာရေးစိတ်ဓာတ် ပြင်းပြမှုသည် ဆင်ခြင်ဉာဏ်ကို လုံးဝအသုံးမပြုသဖြင့် ဤကဲ့သို့သော လှုပ်ရှားမှုများသည် အီရန်၊ အီရတ်နှင့် ဆော်ဒီသာမက အီဂျစ်နှင့် မြောက်အာဖရိကနိုင်ငံများအထိ ကူးစက်လာသည်။ ဤအခြင်းအရာသည် မရေမတွက်နိုင်သော အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့၏။ လောကီသိပ္ပံ၏ တိုးတက်မှုသည် လူတို့၏ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်း၊ အသက်ရှည်စေခြင်း စသည်တို့ကို ဆောင်ကြဉ်းလာ၏။ လက်ရှိ ဘာသာရေးများက ထိုအရာများကို မပေးစွမ်းတော့။ ထို့အပြင် လူသားများအပေါ် တင်းကြပ်သော စည်းဘောင်များဖြင့် စိတ်ဒဏ်ရာများကိုသာ ရနေစေပြန်သည်။ ထိုအချက်ကြောင့် ဘာသာရေး၏ မြင့်မြတ်မှု၊ ဂုဏ်ကျက်သရေရှိမှု၊ လူသားများ၏ အကျိုးကို လိုလားမှုစသော ယုံကြည်မှုတို့မှာ မှေးမှိန်လာသကဲ့သို့ရှိ၏။ ထိုအခါ ဘာသာရေး ခေါင်းဆောင်တို့များသည် လောကီသိပ္ပံ၏ တိုးတက်လာမှုကို ဘာသာရေးအပေါ် ခြိမ်းခြောက်လာမှုဟု ယုံကြည်လျက် ဘုရားသခင်နိုင်ငံတော်တည်းဟူသော ရှေးခေတ်အကြွင်းမဲ့အာဏာဝါဒတရပ်ကို ပြန်လည်တည်ထောင် လိုလာကြသည်။ စာပေဖြစ်စေ၊ ဟောပြောမှုဖြစ်စေ၊ နေထိုင်မှုဖြစ်စေ၊ စီးပွားရေး လုပ်ကိုင်မှုဖြစ်စေ မိမိကိုးကွယ်သည့် ဘာသာရေးအပေါ် ဘာသာဝင်များက သံသယဝင်သွားစေနိုင်သည့် အပြုအမူမျိုးကို ဘာသာရေး ခေါင်းဆောင်များ မလိုလားကြတော့။ ထို့ကြောင့်လည်း တူရကီ၊ အီဂျစ်နှင့် အယ်လ်ဂျီးရီးယားတွင် စာပေပညာရှင်တချို့ နယ်နှင်ဒဏ်ပေးခြင်းနှင့် နှစ်ရှည်ထောင်ဒဏ် သေဒဏ်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ အယ်လ်ဂျီးရီးယားတွင် နိုင်ငံချင်း သဘောတူစာချုပ်ဖြင့် နေထိုင်သော ပြင်သစ်နိုင်ငံသား ငါးသောင်းကျော်ကို နှင်ထုတ်ခံရသည်။ ထိုကြားထဲ သုံးထောင်ခန့် အစ္စလမ္မစ် အစွန်းရောက်များ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဂျူးဘာသာစောင်းမြောင်း ပုတ်ခတ်သကဲ့သို့ ရေးသားလိုက်မိသော အမေရိကန်ရှိ ဂျူးစာရေးဆရာတဦးဆိုလျင် ခြိမ်းချောက်မှုအမျိုးမျိုးအပြင် နေအိမ်တွင်ပါ မနေဝံ့အောင် နေ့စဉ်နှောင့်ယှက်ခြင်း ခံနေရသည်။
ဘာသာတရားသည် လူတဦးချင်းစီအတွက် ချစ်ခင်ဖွယ်ကောင်းသော အသိုင်းအဝိုင်းတခု၊ အားကျစရာကောင်းသော စည်းလုံးမှု၊ ကောင်းမွန်သော ကိုယ်ကျင့်တရားများကို ရရှိစေနိုင်သည့် ကမ္ဘာပေါ်မှ အထူးခြားဆုံးသော ဝိသေသလက္ခဏာ တရပ်ဖြစ်၏။ ထို့အတူ သားသမီးကို အရိပ်တကြည့်ကြည့်နှင့် ချစ်သော်လည်း စည်းကမ်းများစွာ ထုတ်ထားပြီး “ဟိုလူနှင့်မပေါင်းနဲ့၊ ဒီကိုမသွားနဲ့” စသည့်စည်းကမ်းများစွာကို ထုတ်တတ်သော မိဘနှင့်သွားတူနေ၏။ သားသမီး အပြစ်တခုခုလုပ်မိ ပြန်လျင်ကလည်း တော်တော်နှင့် ပြောဆို ဆုံးမ၍ မပြီး။ ထိုအခါ ဘာသာတရားသည် ခေတ်သစ်ဘာသာဝင်များအတွက် ရှုပ်ထွေးသော လူမှုဝန်းကျင်တခုကို ဖန်တီးပေးနေဟန် ရှိလာတော့သည်။ လက်တွေ့ဘဝတွင်မူကား မိဘများသည် အချိန်ပြည့် ရုန်းကန်မှသာလျင် တော်ရုံကျသော ခေတ်တွင်မှ မိဘလာဖြစ်နေရသူများ ဖြစ်နေ၏။ ထိုအခါ ၂၀ ရာစုအစောပိုင်းနှင့် ၁၉ ရာစု၏ ဟိုဘက်ခေတ်ကကဲ့သို့ သားသမီးကို ဘာသာရေးနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် မသင်ပြနိုင်ကြတော့ပေ။ ခေတ်ပျက်ကြီးတွင် ကြီးပြင်းလာရသည့် မိဘများကိုယ်၌ကလည်း ဘာသာရေးနှင့် ပတ်သက်ပြီး ဟုတ်တိပတ်တိ မသိ။ ဤသို့နည်းဖြင့် ခေတ်သစ်ဘာသာဝင်များ ဘာသာရေးကျင့်ဝတ်များကို အကုန်အစင် မသိကြတော့ခြင်းက အကြောင်းတချက်ဖြစ်လာသည်။ နောက်သော တကြောင်းကမူ ပွင့်လင်းလာသော အသိပညာရပ်ဝန်းကြောင့် ပြောင်းလဲလာသော လက်ရှိခေတ်သစ် ဘာသာဝင်တို့၏ နေထိုင်မှုပုံစံကြောင့် ဖြစ်သည်။ ဟုတ်ပါသည်။ ပွင့်လင်းလာသော ခေတ်က ဘာသရေးကျင့်ဝတ်ကို လက်တလုံးခြားလုပ်လာသူရှိသည်။ နောက်သော တကြောင်းကို ကျွန်ုပ်ကလည်း မြန်မာပြည်သားဖြစ်ပြီး ဗုဒ္ဓဘာသာလည်း ဖြစ်သဖြင့် လက်ရှိမြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာလူငယ်များအကြား ဖြစ်လျက်ရှိသော ပြဿနာတချို့ကို ဥပမာပေးလိုက်ပါသည်။ လက်ရှိတွင် ဘာသာရေးနှင့် ပတ်သက်ကြသည့်သူများသည် နိုင်ငံတော်ကိုသာ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ပြဋ္ဌာန်းလိုသည်။ ငါးပါးသီလတွင် မုသာဝါဒသည် ဘုရားလောင်း သဗ္ဗညုတဉာဏ်ရရှိရန်အတွက် ပါရမီဖြည့်စဉ် လေးသင်္ချေနှင့် ကမ္ဘာတသိန်းလုံးလုံး မကျူးလွန်ခဲ့သော ပြစ်မှုဖြစ်သည်။ သို့သော် မြန်မာ့ဥပဒေတွင် မုသာဝါဒကို ကျူးလွန်ခြင်းအတွက် မည်သည့်ပြစ်ဒဏ်မှ မရှိ။ မုသာဝါဒကို ဖောချင်းသောချင်း ကျူးလွန်နိုင်၏။ ငွေကြေး စသည့် တန်ဖိုးရှိပစ္စည်းတခုခုကို မုသာဝါဒဖြင့် ရယူလိုက်သည့်တိုင် ပုဒ်မ ၄၀၂ အရ ပိုင်ရှင်အား ပြန်အပ်ပါက ပြစ်မှုပင်မမြောက်။ ၄၀၆ ၏ ပြစ်ဒဏ်ကလည်း သာမန်။ သာဓကပြလို၏။ ဘုရားလောင်းမှာ အလွန်ဒေါသကြီးသော ကြမ်းထန်းသော အစ်ကို၏ ဇနီးနှင့် အစ်ကိုမရှိစဉ် ဖောက်ပြန်မိလိုက်၏။ မရီးနှင့် တရွာလုံးက ဘုရားလောင်းဘက်မှနေ၍ ဝိုင်းဝန်းလိမ်ပေးကြသော်လည်း ဘုရားလောင်းက လုံးဝမလိမ်ဘဲ အမှန်အတိုင်း ပြောသဖြင့် အစ်ကိုဖြစ်သူ ဓားချက်ဖြင့် သေဆုံးခဲ့ရ၏။ ဘုရားလောင်းပင်လျင် ဤမျှကြောက်ရွံ့ခဲ့သော ငါးပါးသီလမှ မုသာဝါဒကိုပင် ဥပဒေတရပ်အဖြစ် ထုတ်ထားခြင်းမရှိ။ ထိုအခါ နိုင်ငံတော်ဘာသာပြဋ္ဌာန်းဖို့ ကြိုးစားနေသည့် လုပ်ရပ်သည် ဟုတ်မှဟုတ်လေ၏လောဟု သံသယဝင်လာကြသည့် လူငယ်တို့က ဘာသာရေးအပေါ် သံသယဝင်လာကြခြင်းတို့ကြောင့်လည်း ပါသည်။ တချို့ကလည်း သီလစောင့်ထိန်းခြင်းသည် ကောင်းကျိုးရသည် ဆို၏။ လက်တွေ့ မရရှိသောအခါ နောက်ဘဝတွင်တော့ မုချရမည်ဟု ဟော၏။ နောက်ဘဝသည် ဘာသာရေးအတွက် ငွေအမြောက်အများ လိမ်ပြေးသွားသော အာမခံကုမ္ပဏီနှင့် တူနေချေ၏။ ဒီဘဝမှာ ကာမေသုကို ရှောင်နိုင်ရင် နောက်ဘဝမှာ ဒိထက်မက ချောမောလှပတဲ့ နတ်သမီးတဖက်ငါးရာနှင့် နေရမည် ဟောပြန်၏။ နောက်ဘဝ အာမခံကုမ္ပဏီမဟုတ်ပြန်ဘဲ မစားရဝခမန်း ဈေးညှာခေါ်နေသည့် ဘဏ်တိုးစနစ်၊ သို့မဟုတ်လည်း “တစောင် ဆယ်ဒေါ်လာပဲ ထိုးထားမယ်နော် ထိုးထားထိုးထား ပေါက်ရင် ဒေါ်လာတသိန်းရမယ်” ဆိုသည့် ထီဆုစနစ်ကြီးနှင့် တူနေပြန်၏။ ထိုသို့တွေးကြသော လူငယ်များသည် ဘာသာရေးကျင့်ဝတ်အပေါ် စိတ်ဝင်စားမှု သိပ်မရှိတော့။ ထို့ကြေင့် လိုက်နာမှုများ မပြုကြတော့။ အခြားသော အကြောင်းပြချက်တို့ဖြင့်လည်း ခေတ်သစ်ဘာသာဝင်လူငယ်တို့သည့် ဘာသာရေးကျင့်ဝတ်များကို ဖောက်ဖျက်လျက်ရှိ၏။ သို့သော် ဘာသာရေးခေါင်းဆောင်များက ကြည့်ကြသည်။ မြင်ကြသည်။ တွေးကြသည်။ ပြောကြသည်။ ဆုံးမကြသည်။ ဤကဲ့သို့နေထိုင်ခြင်း ပြုမူပြောဆိုခြင်း ကြံစည်တွေးတောခြင်းသည် ဘာသာရေးကျင့်ဝတ်များနှင့် မညီဆိုဟု ဆုံးမ၏။ “ဒီကောင် ဘာသာရေးဆိုတဲ့ နံရံမှာ ချိတ်ထားတာ မမြဲသေးဘူးဟ” ဟုတွေးပြီးနောက် ကျောက်လက်တခု ကောက်ကိုင်ကာ ခေါင်းတွင်ချိတ်နေသော ဘာသာရေးမူလီကို လေးငါးပတ်ခန့် ဖိလိမ်လိုက်လေတော့၏။
တင်းကြပ်လာမှု၊ သိပ္ပံနှင့် ဘာသာရေး
ဤအချက်များကြောင့် ဘာသာရေးသည် ကျွန်ုပ် မန္တလေးတွင်နေစဉ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တချို့နှင့် ခပ်ဆင်ဆင်ကလေး တူကြောင်းတွေးမိ၏။ ကျွန်ုပ်မှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်တွင် ၁၉၉၇ ခုနှစ်၌ စ၍နေထိုင်၏။ ကျွန်ုပ်နေထိုင်ကာစ၌မူ သံဃာအဟောင်းများက “အရှင်ဘုရားတို့ ကံဆိုးတာပဲ၊ စာအံကျောင်းတက်ရမယ့် စည်းကမ်းကို မနှစ်ကမှ သတ်မှတ်လိုက်တာ” ဟုမိန့်၏။ အခြားတပါးကမူ “အရှင်ဘုရားတို့ ရောက်တဲ့ ဒီနှစ်မှ ဘုရားဝတ်တက် စတာပဲဟေ့” ဟုမိန့်ပြန်၏။ ထိုရှေးကမူ မစိုးရိမ်တိုက်သစ်တွင် စာဝါတမျိုးသာရှိ၏။ မိမိနှစ်သက်ရာ စာဝါကို တက်ပြီးနောက် အေးဆေးနှပ်နေရုံသာ ဖြစ်၏။ သို့သော် များမကြာမီ ကျွန်ုပ်လည်း သံဃာဟောင်းဖြစ်လာသည်။ ထိုအခါ သံဃာသစ်များအား မစိုးရိမ်တိုက်သစ်၏ စည်းကမ်းများ ပြောင်းလဲသွားပုံတို့ကို “တပည့်တော်တို့ခေတ် တုန်းကတော့ ဒီလိုပေါ့” စသဖြင့် မာန်ကို တတင်းသားနှင့် လျှောက်တော့၏။ ကျွန်ုပ်ရောက်ပြီးမှ မစိုးရိမ်တိုက်သစ်သည် ကျောင်းလေ့ကျင့်ခန်း စာမေးပွဲထားလာ၏။ လာရောက်နေထိုင်မည့် သံဃာသစ်များသည် ကျောင်းဝင်ခွင့်ရရန် အတွက် သက်ဆိုင်ရာကျမ်းစာများ ပြန်ဆိုရပြီး ပြန်ဆိုနိုင်မှသာလျင် ဝင်ခွင့်ရ၏။ ကျွန်ုပ်တုန်းကမူ “ဘယ်ကလာသလဲ။ ရှမ်းပြည်ကပါဘုရား။ ဒီမှာ မင်းနဲ့ သိတာရှိသလား။ ရှိတယ်ဘုရား။ ရှိရင်နေကွာ” ဆရာတော်ဦးရာဇဓမ္မမှ စကားသုံးခွန်းမိန့်၍ ကျွန်ုပ်မှ နှစ်ခွန်းမျှ ပြန်လျှောက်ထားရုံနှင့် ပြီးခဲ့သည့် ခေတ်ဖြစ်၏။ ထို့ထက်နောက်ပိုင်းတွင် ကျောင်းလေ့ကျင့်ခန်း စာမေးပွဲကျလျင် နေ့လယ် ၁၂ နာရီမှ ၁ နာရီအထိ ဆရာတော်ဦးရာဇထံတွင် စာအချိန်ပိုသွားကျက်ရ၏။ ၂၀၀၇ ခုနှစ်တွင် ကျွန်ုပ်မစိုးရိမ်မှ ထွက်လိုက်သောအခါ ကျွန်ုပ်တို့နေစဉ်ကထက် စည်းကမ်းများစွာ တင်းကြပ်နေပြီဖြစ်သည်။ (ကျွန်ုပ် မန္တလေးတွင် နေခဲ့သည့် ခုနှစ်နှင့် ပြန်ထွက်လာသော ခုနှစ်သည် မြန်မာ့သာသနာရေးသမိုင်းတွင် ကြီးကျယ်သော အဖြစ်အပျက်များ ဖြစ်ခဲ့သော ခုနှစ်များ ဖြစ်ချေတော့၏တကား၊ အဟဲ)။ ဘာသာရေးသည်လည်း ၂၀ ရာစု ကုန်ခါနီးတွင်မူ ကျွန်ုပ်၏ မစိုးရိမ်တိုက်သစ် အဖြစ်အပျက်ကဲ့သို့ ဖိနှိပ်မှုပေါင်းများစွာဖြင့် အာဏာရှင်အတော်ဆန်လာ ပါတော့၏။ ကျွန်ုပ် မစိုးရိမ်တိုက်သစ်တွင် စ၍နေစဉ် စာအံကျောင်းတက်ရခြင်းမှာ စာသင်သားဦးပဇင်းများ သတ်မှတ်ထားသည့် စာဝါကိုပင် လာ၍မတက်တော့ သည်အထိ အပြင်သို့ အရောက်များနေသောကြောင့် ထိုစည်းကမ်း ထုတ်လိုက်ရခြင်း ဖြစ်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ နေပြီး ၅ နှစ်ခန့်အကြာ သံဃာအသစ်ကို လက်ခံရာ၌ သက်ဆိုင်ရာကျမ်းစာကို ပြန်ဆိုစေခိုင်းရသည့် အချက်မှာ လာရောက်နေထိုင်သူ အလွန့်အလွန် များပြားလာသည့်အပြင် စာသင်ရန်မဟုတ်ပါဘဲလျက် လာရောက်နေထိုင်ကြသည့် သံဃာသစ်တချို့လည်း ဝင်ရောက်နေထိုင်လာသောကြောင့် ဖြစ်၏။ သိုးမည်းဟူသည် မည်သည့်ဘာသာရေးတွင်မဆို ရှိသည်။ ကျောင်း အပတ်စဉ်လေ့ကျင့်ခန်း စာမေးပွဲ ကျရာ၌ အစပိုင်း၌ ဒဏ်မထမ်းရပါ။ နောက်ပိုင်းတွင် “အပတ်စဉ်ကျလည်း ဘာမှမှ မဖြစ်တာ၊ အဓိကက စာမေးပွဲကြီး အောင်ဖို့ပဲ”ဆိုသည့် ကျွန်ုပ်ကဲ့သို့ ခပ်ပေပေသံဃာများ များလာသဖြင့် ဆရာတော်ကြီးနှင့် နာယကဆရာတော်များမှ အခြေအနေ အရပ်ရပ်ကို သုံးသပ်ရင်း စည်းကမ်းအသစ်အဖြစ် ဒဏ်ထမ်းရန် ချမှတ်လိုက်၏။ အစပိုင်း၌ ဒဏ်ထမ်းခြင်းမှာ ၁၂ နာရီတွင် စာအံကျောင်း၌ မျက်နှာသွားပြပြီး ၁၀ မိနစ်ခန့်အကြာတွင် လှစ်ထွက်ကြ၏။ ကျွန်ုပ်ကဲ့သို့သော စည်းဘောင်ကို ခွနင်းတတ်သည့် စာမေးပွဲကျ သံဃာများကြောင့် ဤအတိုင်းမရတော့ပြီ ဟုဆိုကာ ဆရာတော်ကြီးဦးရာဇ၏ ထံပါးတွင် သွားရောက်၍ အချိန်ပိုစာကျက်ခြင်း ဒဏ်ကိုထမ်းရလေတော့သည်။ ဘာသာရေးတွင်လည်း ဤကဲ့သို့ဖြစ်ချေ၏။ ဘာသာဝင်များကိုယ်တိုင် ဘာသာရေး၏ ကျင့်ဝတ်များကို ကျွန်ုပ် အပတ်စဉ် စာမေးပွဲကို ကျတိုင်းပြုမူသည့် စာအံကျောင်းကို မျက်နှာသွားပြကာ ပြန်လှစ်ထွက်သကဲ့သို့ သူတို့လည်း ဘုရားကျောင်းတက်ချိန်၊ ဘုန်းကြီးကျောင်းနှင့် စေတီသို့ရောက်ချိန်၊ ပလီတွင် ဝတ်ပြုချိန်တို့၌ ဘုရားကို အပြုံးတမျိုးနှင့် လာဘ်ထိုးသကဲ့သို့ ရယ်ပြခဲ့ပြီး လုပ်ချင်ရာလုပ်ကြသည့် ဘာသာဝင်တချို့ ပေါ်ပေါက်လာသည်။ ဤသူတို့ကား ဘာသာရေးကျင့်ဝတ်အချို့ကို သိကြသောကြောင့်ဖြစ်သည်။ သိသူမှ ပြုလုပ်လာသော ဘာသာရေး၏ အတွင်းပိုင်းဘက်က ဖြစ်ပေါ်နေသော သီလဆိုင်ရာ ခြစားလာမှုဖြစ်၏။ ဤအတွက် ဘာသာရေးခေါင်းဆောင်၏ ဖြေရှင်းမှုမှာ အထက်ကပြောခဲ့သည့်အတိုင်း အာဏာရှင်ဆန်လာကြရတော့၏။
အတွင်းပိုင်းဘက်မှ ဤကဲ့သို့ ခက်ခဲလာစဉ် ပြင်ပဘက်၌လည်း သဘာဝဘေးဒဏ်များ၊ ငလျင်များ၊ မုန်တိုင်းများ၊ မီးတောင်ပေါက်ကွဲမှုများနှင့်တူသော အခက်အခဲကို ရင်ဆိုင်လာရပြန်သည်။ ၁၉၈၀ နောက်ပိုင်း ဘာသာဝင်တိုင်း ဘာသာရေးအပေါ် အထူးအလေးအနက်ထားရမည့် နောက်ကွယ်က ကြိုးတချောင်းပေါ်လာခဲ့သည်။ ထို့အတူပင် ဘာသာအချင်းချင်း ခြေထိုးမှုများ လက်သီးချင်းထိုးရန် ကဲ့သို့သော စိန်ခေါ်မှုများနှင့် ဘာသာရေးထုံးတမ်းကို ကျော်လွန်ကာ လုပ်နေကြသည်ဆိုသည့် မီဒီယာဖိအားက ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ဖိလျက်ရှိနေသည့် ကြားထဲမှပင် ထိုကြိုးကို ဖြတ်ကြမည့် ရန်သူ့ရန်က စောင့်ရှောက်နေရသော ကမ္ဘာကြီးတွင် လူနေမှုပုံစံက ပြောင်းလဲသွားသည်။ “ပြဿနာက ထင်ထားတာထက် ပိုက်နက်နဲလိမ့်မယ် ကိုသိန်းမောင်”ဟု မောင်စံရှားပြောသကဲ့သို့ ဘာသာရေးက နိုင်ငံရေးထဲ ဝင်ရောက်နှောက်ယှက်မှုလား၊ နိုင်ငံရေးက ဘာသာရေးကို စွက်ဖက်လာသည်လား မည်သူမှ မဆုံးဖြတ်နိုင်သည့် ပြဿနာဖြစ်နေပြန်သည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံ၏ အကြီးအကဲများ၊ နိုင်ငံရေး သုတေသီများ၊ နိုင်ငံရေး သိပ္ပံပညာရှင်များ၊ ဘာသာရေးသုတေသီများ၊ ဘာသာရေးသမိုင်းပညာရှင်များ၊ ဘာသာရေး သိပ္ပံပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ဥပဒေပညာရှင်များအထိ ခေါင်းပေါ် မီးမွေးကြရ၏။ ပြဿနာက နက်နဲသည် ဆိုသည့်ထက် ဘလက်ဟိုးကြီးဆန်နေပုံမှာ ဘာသာရေးကို မိရိုးဖလာအရ ကိုးကွယ်ခဲ့သူကော မိရိုးဖလာလွန်ကိုးကွယ်သူများအတွက်ပါ ဘာသာရေးတခုလုံး မူလအဆင့်မှ လျှောကျ ဈာန်ပျက်နိုင်သည့် အနေအထားမျိုးကို တွေ့နေရသောကြောင့် ဖြစ်သည်။ ဘာသာရေးကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းထားပြီး အခြားဘာသာကို ကိုးကွယ်သည့် နိုင်ငံများနှင့် အဆက်ဖြတ်ထားနိုင်လျင်တော့ ဤပြဿနာမျိုးက ပြဿနာမဟုတ်။ မြောက်ကိုးရီးယားကဲ့သို့ ခရိယာန်ဘာသာလိုလို ဗုဒ္ဓဘာသာလိုလို ဘန်းပြပြီး လွတ်လပ်ခြင်းဘာသာ Juche တခုတည်းကို ကိုးကွယ်သည့် နိုင်ငံမျိုး။ နိုင်ငံတော်ဘာသာအဖြစ် မကြေငြာသော်လည်း ခရိယာန်ကျမ်းစာများမှ သင့်လျော်သည်ကို ဥပဒေထဲထည့်သွင်းထားသည့် ဒိန်းမတ်နှင့် ယူကေကဲ့သို့သော နိုင်ငံမျိုး။ နိုင်ဂျီးရီးယား ဝင်လာပါက ၅၁ ရှိမည်ဖြစ်ပြီး ရှီယာဥပဒေကို နိုင်ငံတော် ဥပဒေထဲ ထည့်သွင်းထားသည့် မွတ်စလင်နိုင်ငံလို နိုင်ငံမျိုး။ အခြားဘာသာဝင်များရှိသော်လည်း ဂျူးဘာသာတခု တည်းသာလျင် လွှမ်းမိုထားနိုင်သည့် အစ္စရေးနိုင်ငံမျိုး၊ သို့တည်းမဟုတ် လူမှုရေးအဖွဲ့အစည်းအားကောင်းပြီး လူမှုရေးအဖွဲ့အစည်းများမှ နိုင်ငံတော်၏ ဥပဒေကိုမှပင် ဝင်ရောက်ပြင်ဆင်နိုင်သည့် နိုင်ငံမျိုးဖြစ်ပါမူကား ဤပြဿနာမှာ ပြဿနာမဟုတ်။ ထိုသို့မဟုတ်ပါမူက “ဗျာဒိတ်တော်” ဆိုသော စာအုပ်ကို ရေးသားခဲ့သူ အမေရိကန်-အာရဗီ စာရေးဆရာကြီး Khalil Gibran ပြောသကဲ့သို့ “ပလီမှာ ဦးညွှတ်၊ စေတီမှာ ရှိခိုးပြီး ဘုရားကျောင်းမှာ ဆုတောင်းရင် ငါတော့ မင်းကို သဘောကျမိမှာပဲ၊ ဘာလို့ဆို ဘုရားဆိုတာ တဆူပဲ ရှိလို့လေ” တည်းဟူသော ဘုရားတဆူတည်းဝါဒကိုသာ လက်ခံမည့် နိုင်ငံမျိုးလည်းဖြစ်လျင်လည်း ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ထင်ပါသည်။ ဤအခြေမျိုးကား ရောက်မည်မဟုတ်။
ဒုတိယထောင်စုနှစ်ကုန်သည်နှင့် နိုင်ငံအုပ်ချုပ်သူ စသည့်အထက်ပါ သက်ဆိုင်ရာ ပညာရှင်များအားလုံးကို “ရော့ ရှင်းကြစမ်း” ဆိုပြီး အမယ်ဘုတ်၏ ချည်ငင်ထွေးကြီး ပစ်ပေးခံလိုက်ရသည်နှင့် အလားသဏ္ဍာန်တူလှသော ပြဿနာများမှာ ဘာသာရေးနှင့်ဆိုင်သည့်အပြင် လူဖြစ်လာသည်နှင့် တပြိုင်နက် မဖြစ်မနေ လိုက်နာအပ်သည်ဟု ဆိုကြသော လူသားဆိုင်ရာ ကိုယ့်ကျင့်တရားများနှင့် ပတ်သက်နေသည်။ ရုတ်တရက်များ ကြားလိုက်ပါက ဤမျှမှားယွင်းနေသော ကိုယ်ကျင့်တရားဆိုင်ရာကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်မရှိ။ လူသားဂုဏ်သိက္ခာအနေဖြင့် တွေးလည်း လက်မခံနိုင်။ ဘာသာရေးနှင့်ဆိုလည်း လက်မခံသည့်အပြင် ငရဲအိုးမှာ ချိုးကပ်မည့်ကောင်တွေဟုပင် အဆဲပါ ခံရနိုင်သည့် ပြဿနာမျိုးဖြစ်နေသည်။ ၁၆ ချက်ပင်ရှိပါသည်။ အချို့အချက်ကတော့ လျှော့ပေးလို့ရသည့်အနေအထားတွင် ရှိသည်ဟု ယူဆပါသည်။ ကိုယ်ဝန်ဖျက်ချခြင်း၊ ဆရာဝန်အကူအညီဖြင့် မိမိကိုယ်ကို သတ်သေခြင်း၊ တိရစ္ဆာန်များကို လိင်မဲ့ သားဖောက်ခြင်း၊ လက်မထပ်ဘဲ အတူနေခြင်း၊ လက်မထပ်မီ လိင်ဆက်ဆံခြင်း၊ အိမ်ထောင်မပြုဘဲ တကိုယ်ရေ မိခင်အဖြစ် သားသမီးယူခြင်း၊ လိင်တူဆက်ဆံခြင်း၊ သေဒဏ်စီရင်ခြင်း၊ ကွာရှင်းခြင်း၊ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်များကို အသုံးပြုခြင်း၊ ဆေးစမ်းသပ်ချက်များကို အသက်ရှင်လျက်ရှိသော တိရစ္ဆာန်နှင့် စမ်းသပ်ခြင်း၊ လူသားပုံတူပွားခြင်း။ လင် သို့မဟုတ် မယားကို တဦးထက်ပို၍ယူခြင်း။ (Polygamy ဟုဆိုလေသဖြင့် မိန်းမလျာလော၊ တလင်တယားစနစ်ကို ချိုးဖောက်ခြင်းလော မသဲကွဲသော်လည်း ဤနေရာတွင် ဒုတိယတခုကိုသာ ယူလိုက်ပါသည်။) အိမ်ထောင်ရေးဖောက်ပြန်ခြင်း။ လောင်းကစားကို တရားဝင်ခွင့်ပြုထားခြင်းနှင့် ပင်မဆဲလ်ကို ထုတ်ယူခြင်းများဖြစ်ပါသည်။ ဤနေရာ၌ ပင်မဆဲလ်ကို ထုတ်ယူခြင်းဆိုသည့် ပြဿနာကို အနည်းငယ် ရှင်းပါမည်။ မိခင်ဗိုက်ထဲရှိ သန္ဓေသားကို ထုတ်ယူ၍ ထိုသန္ဓေသားတွင် ရှိသော ဆဲလ်များကို ထုတ်ယူခြင်းကို ဆိုလိုပါသည်။ ထိုအရာဖြင့် ဆီချိုရောဂါ၊ ရိုးတွင်းခြင်ဆီရောဂါ၊ သိစိတ်ဖြင့် ထိန်းချုပ်မရသည့် ခြေတုန်လက်တုန်ရောဂါ (Parkinson’s)၊ နှလုံးနှင့် ပတ်သက်သော ရောဂါများ (Myocardial Infarction)နှင့် သွေးကင်ဆာရောဂါများကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဆိုပါသည်။ အရွယ်ရောက်ပြီးသား ပင်မဆဲလ်ဟုဆိုသဖြင့် သုံးလနှင့်အထက်ရှိသော သန္ဓေသားဟု ယူဆရပါသည်။ ယခုချိန်တွင် အသုံးပြုနေပြီ ဖြစ်သော်လည်း ခွင့်ပြုချက်ရရှိထားခြင်း မရှိသေးပါ။ ဤစမ်းသပ်ချက်သည် အမေရိကန်ရှိ hESC သုတေသနဌာနတွင် ပြုလုပ်ခြင်း ဖြစ်သဖြင့် ၄၃ ဆက်မြောက် အမေရိသမ္မတဘုရှ်နှင့် အထက်လွှတ်တော်အမတ် အချို့တို့မှ သဘောတူထားသည့် စမ်းသပ်ချက်ဖြစ်ပါသည်။ နှစ် ၂၀ ကျော်ကြာသော ယနေ့ထက်တိုင် အငြင်းပွားနေရဆဲ ပြဿနာတရပ်လည်း ဖြစ်ပါသည်။ ဤ ၁၆ ချက်သော ပြဿနာများကို အများဆုံး လက်ခံထားကြသူများမှာ ဂျူးဘာသာဝင်နှင့် ဘာသာမရှိသောသူများ ဖြစ်ပါသည်။ ခရိယာန်မှာ လက်မထပ်ဘဲ ကလေးယူသည့်ကိစ္စနှင့် လိင်တူကိစ္စကို သဘောမတူကြ။ Mormons ဘသာဝင်များကမူ အိမ်ထောင်မပြုမီ လိင်ဆက်ဆံခြင်းနှင့် လောင်းကစားကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ ဆရာဝန်အကူအညီဖြင့် မိမိကိုယ်ကို သတ်သေခြင်းကိစ္စကို ဆွစ်နိုင်ငံက ခွင့်ပြုထားပါသည်။ တရားသူကြီးများနှင့် အသေအချာတိုင်ပင်၍ မိမိကိုယ်ကို အဆုံးစီရင်နိုင်ပါသည်။
ဒုတိယထောင်စုနှစ်အဆုံးတွင် ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး သက်ဝင်ယုံကြည်သူများအား စိန်ခေါ်ခဲ့သော ပြဿနာများဖြစ်ပါသည်။ ၂၀ ရာစုဘာသာရေးအခင်းအကျင်းသည် ဤကဲ့သို့ အဆုံးသတ်သွားလေသည်။ ဤတွင် ကျွန်ုပ်၏ ၁၉၈၀ အယူအဆသည် မှားကောင်း မှားနိုင်ပါသည်။ အပိုင်း (၁) မှ ပါသကဲ့သို့ပင် ချင့်၍ ချိန်၍ဖတ်ပါဟုသာ တိုက်တွန်းလိုက်ပါသည်။ ဘာသာရေးအခင်းအကျင်းက ဤထက် နက်နဲသောကြောင့်လည်း ဖြစ်ပါသည်။ နောက်တပိုင်းတွင် ၂၁ ရာစု အခင်းအကျင်းကို ရေးပါမည်။ ဤပိုစ့်အား တိုတိုလေးသာ ရေးလိုက်ပါသည်။ နောက်ပိုစ့်က ရှည်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ တွဲ၍တင်လိုက်သော ပုံကိုကြည့်ခြင်းအားဖြင့် ပိုစ့်၏ ရည်ရွယ်ရင်းကို သိကြမည်ထင်ပါ၏။
ဆက်လက်ရေးသားပါမည်။