ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွတ်သည့်အဘိုးအို။
၂၁ ရာစုအတွင်း နိုင်ငံသစ်များ ဖြစ်ပေါ်လာသည်။ နိုင်ငံတနိုင်ငံအတွင်းတွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ပေါက်လာသည်။ တချို့သော နိုင်ငံတွင်မူ ကျွန်းစုတစုကို နိုင်ငံအဖြစ် ခွဲထွက်ခွင့်တောင်းဆိုပြီး နိုင်ငံသစ် တည်ထောင်လာကြသည်။ ကိုလိုနီခေတ်အလွန် မာစ်၊ မာစ်-လီနင်၊ ဖက်ဆစ်၊ ကွန်မြူနစ်နှင့် ဒီမိုကရေစီဝါဒများ အလွန်တွင် ပေါ်ပေါက်လာသော နိုင်ငံသစ်များနှင့်အတူ ပြဿနာအသစ်များလည်း တပါတည်း လိုက်ပါလာသည်။ ထိုအရာကား ဘာသာရေးပြဿနာဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများကို လေးနိုင်ငံသာ ရှိသည်ဟု တွက်ချက်ပါက သုံးနိုင်ငံသည် ဘာသာရေးပဋိပက္ခနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအလိုက် မှတ်တမ်းများအရ ဘာသာရေးနှင့် ပတ်သက်သော ပဋိပက္ခများ ၂၁၂ ခုဖြစ်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဩဂုတ်လတွင် စီအိုင်အေမှ ဘာသာရေးကို ယုံကြည်သည့် စွမ်းအားဖြင့် ဘယ်သောအခါမှ ပဋိပက္ခများဖြစ်စေနိုင် လိမ့်မည်မဟုတ်ဟု ယုံယုံကြည်ကြည် ပြောဖူးပါသည်။ ၁၉၇၈ ခုနှစ် အီရန်တွင် Enqelāb-e Eslāmī ဟုခေါ်သော အစ္စလာမ္မစ်တော်လှန်ရေးတရပ် ပေါ်ပေါက်ခဲ့သည်။ ဘုရင့်စနစ်ကို ဖြုတ်ချပြီး သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့သည်။ ဘာသာရေးခေါင်းဆောင်များ၊ သူဌေးသူကြွယ်များနှင့် ပညာတတ်များတစုတစည်းတည်း ဖြစ်သွားသည်။ ဆိုဗီယက်၊ ဥရောပနှင့် အမေရိကတို့၏ ဝင်ရောက်စွက်ဖက်မှုကို လုံးဝတားဆီးနိုင်ခဲ့ကြသည်။ ရှားဘုရင်နှင့်တကွ ဥရောပအုပ်စုနိုင်ငံများနှင့် ဒီမိုကရေစီအရေး စောင့်ကြည့်လေ့လာသူ ပညာရှင်များက အီရန်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ဘာသာရေးယုံကြည်မှုကို အခြေပြုခဲ့သည်။ ဤယုံကြည်မှုမျိုးသည် ရေရှည်တွင် အခြားနိုင်ငံများကို ခြိမ်းခြောက်လာနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ ထိုသုံးသပ်မှုအပေါ် စီအိုင်အေက ဘာသာရေးကို အားကိုးစရာ ယုံကြည်စရာအဖြစ် ထည့်ပင်မတွက်ဘဲ “အီရန်က အနောက်ကမ္ဘာကို ခြိမ်းခြောက်နိုင်မယ် ဟုတ်လား၊ နို့နေပါဦး၊ သူတို့ ဘယ်သူ့ကို အားကိုးကြမှာတဲ့လဲ”ဟုပင် လှောင်သလိုလို ပြောခဲ့ပါသေးသည်။
ဘာသာတရားသည် ရာနှုန်းပြည့်မှန်ကန်သည်ဟု သက်သေအပြည့်အစုံဖြင့် ညွှန်းမပြနိုင်သော်လည်း စစ်မှန်သော ယုံကြည်မှုဖြင့် ယုံကြည်ကြရန်ကိုမူ ရာနှုန်းများစွာကိုကျော်လွန်၍ သွန်သင်ခြင်းခံရသည်။ သွန်သင့်သည့်သူ ကိုယ်တိုင်လည်း အပြည့်အဝယုံကြည်ကြသည်။ လူတို့သည် ဆင်းရဲဒုက္ခများ၊ အဖြစ်ဆိုးများစသည်တို့နှင့် ကြုံကြိုက်သည့်အခါတိုင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ရန်အတွက် တခုခုကို ယုံကြည်နေဖို့လိုအပ်ပါသည်။ မည်သည့် ဆင်းရဲဒုက္ခမှ မကြုံရပါက ဤမျှပြည့်စုံသောဘဝထက် ပိုမို၍ ပြည့်စုံသည့်ဘဝ ရှိသေးသည်ဆိုသည့် မျှော်လင့်ချက်ကို ဖြည့်ဆည်းဖို့လည်း ထို့အတူပင်။ ထိုမှတပါးလည်း မည်သူမှ ရှောင်လွဲ၍မရသော သေခြင်း၏ တဖက်သို့ လွယ်လွယ်ကူကူ ထွက်ခွာနိုင်ရန်အတွက် တခုခုကို ယုံကြည်နေမှသာ သွားဖို့လွယ်ကူပါသည်။ လူတဦးတယောက်သည် ညံ့ဖျင်းသည်ဖြစ်စေ တော်သည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ အားကိုးတခုခုကို လိုအပ်သည်။ ဘာသာတရားက ထိုအားလုံးသော နေရာကို ဝင်ယူထားလိုက်နိုင်သည်။ လူတို့၏ ယုံကြည်မှုကို ရရှိနိုင်ရန်အတွက်လည်း ဘာသာတရားသည် ယုံကြည်ပေးနိုင်ဖွယ်ရာရှိသော ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ လူတဦးအတွက် သို့မဟုတ် အုပ်စုတစုအတွက် အေးငြိမ်းရာအေးငြိမ်းကြောင်း ကျင့်စဉ်များနှင့်တကွ အထောက်အထား အပြည့်အစုံနှင့် နေရာဝင်ယူထားခြင်းဖြစ်သည်။ ထိုမှတဖန် ဘာသာရေးသည် ဤကမ္ဘာလောကနှင့် ပတ်သက်သော အဖြစ်အပျက်များ၊ လူတို့ထံတွင် တွေ့ရှိရသော အမူအကျင့်များ၊ နေထိုင်မှုပုံစံများနှင့် ပေါင်းသင်းနေထိုင် ဆက်ဆံရေးများကိုလည်း ဇာတ်ကြောင်းများစွာ နှင့်တကွ အခိုင်အမာ တည်ဆောက်ပြထားပါသေးသည်။ ထိုဘာသာရေးသည် များစွာသော အမျိုးမျိုးအဖုံဖုံသော ဒေသနာများကျမ်းစာများစွာနှင့် ပြည့်ပြည့်စုံစုံ ပါလာခဲ့သည့်အပြင် ရှိခိုးခြင်း၊ အောက်မေ့သတိရခြင်း၊ အထိမ်းအမှတ်ပွဲတော်များရှိခြင်းတို့က ထောက်ပံ့ပေးလျက်ရှိသည်။ ဒေသနာကျမ်းဂန်များတွင် ပါရှိသည့် တရားတော်များ၊ ဖြစ်စဉ်များ မညီညွတ်ခဲ့ပါကလည်း ဖြည့်စွက်ပြင်ဆင်ပေးမည့် ဘာသာရေးခေါင်းဆောင်များ ဒုနှင့်ဒေးထားခဲ့ပေးပြီး ဖြစ်သည်။ ဘာသာရေးနှင့် ယှက်နွယ်၍ ရှိနေနှင့်သော ထိုအဆောက်အဦများကလည်း လူတို့က မြင့်မြတ်သည်ဟု ခံယူထားသော နေရာများ၌ တည်ရှိနေခဲ့ခြင်းများက ယုံကြည်မှုကို ပို၍ခိုင်မာစေသည်။ လူတိုင်းမှာလည်း မွေးလာသည်မှစ၍ သေဆုံးသည်အထိ ဘာသာရေးနှင့် မကင်းနိုင်သည့် အခမ်းအနားများစွာကို ကိုယ်တိုင်လည်း ပြုလုပ်ကြသကဲ့သို့ တပါးသူပြုလုပ်သည်ကိုလည်း လိုက်ပါဆောင်ရွက်ပေးကြရမြဲ လူတို့၏ နေထိုင်မှုစနစ်ကလည်း ထိုဘာသာရေးကို ယုံကြည်နေစေရန် ပံ့ပိုးပေးလျက် ရှိသည်။ ဘာသာရေးသည် ရုပ်ပိုင်းဆိုင်ရာ အပြည့်အစုံနှင့် သူ့အား ယုံကြည်ရန် တည်ဆောက်ထားနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာတွင်ပါ ငြင်းဆန်နိုင်ဖို့ ခဲယဉ်းသည့် အချက်အလက်အပြည့်အစုံဖြင့် လွှမ်းမိုးထားသည်။ ထို့ကြောင့် ဘာသာရေးသည် လူတို့နေထိုင်ရာ ဤကမ္ဘာတွင် မရှိမဖြစ်လိုအပ်သော အရာတခုအဖြစ် တည်ရှိလာခဲ့ရုံမျှမက တည်တံ့ခိုင်မြဲသော အကြောင်းပြချက်များစွာနှင့် ယုံကြည်သင့်ယုံကြည်ထိုက် အားကိုးသင့်အားကိုးထိုက်သော အရာကြီးတခု ဖြစ်နေသည်။
လွန်ခဲ့သည့် နိုဝင်ဘာလမှ ပြုလုပ်ခဲ့သော Gallup စစ်တမ်းတွင် ကမ္ဘာပေါ်တွင် ထင်ရှားသော ဘာသာရှိသကဲသို့ မထင်ရှားသော ဘာသာလည်းရှိ၏။ အချို့သော ဘာသာများမှာ လူတော်တော်များများပင် မသိ။ တချို့ကလည်း နတ်ကိုကိုးကွယ်ကြ၏။ ဘုရားနှင့် တွေ့ခွင့်မရှိသော သူအချို့ကား ဘာသာမဲ့ ဖြစ်ကြ၏။ မည်သူမှ ဘာသာရေးနှင့် ကင်းကွာ၍မရပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင်ရှိသော ဝိညာဉ်ကိုယ်နှိုက်ကပင်လျင် ဘာသာတရားကို ဆာလောင်နေသောကြောင့် ဖြစ်သည်။ စိတ်ပညာရှင် Sigmund Freud အဆိုအရ လူတို့၏ ဦးနှောက်ကပင် ဘာသာတရားတခုခုကို ယုံကြည်ရန် တိုက်တွန်းနေသည်ဟုဆိုဖူး၏။ ဘာသာရေးကို ဘာကြောင့်ယုံကြည်သလဲ ဟုမေးလျင် မည်ဟုသူမှ တိကျသော အဖြေမပေးနိုင်။ သို့သော် တဦးတယောက်တိုက်တွန်း၍ ဘာသာရေးကို ယုံကြည်ရသည်ဆိုတာမျိုး မရှိ။ မဟုတ်။ လူတို့မည်သည် ဘဝအဓိပ္ပါယ်များ ရည်ရွယ်ချက်များကို ရှာဖွေရင်း ဘာသာရေးကို ယုံကြည်သွားကြခြင်း ဖြစ်သည်။ မည်သည့်ဘာသာကို ကိုးကွယ်မည်ဆိုသည်ကား သူတို့ကြီးပြင်းကျင်လည်ခဲ့သည့် ပတ်ဝန်းကျင်မှ ဘာသာကို ယုံကြည်လိမ့်မည်ဟု ထိုသုတေသနစာတမ်းက ဆိုလေသည်။ ဤအချက်ကို ထောက်လျင်ကား ဘာသာရေးသည် ဘာသာရေးဘာသာ ဘာသာရေး နေသော်လည်း လူများက သွား၍ ယုံကြည်ကြမည် ဖြစ်သည်။ သို့မဟုတ် ဘာသာရေးက မဘာသာရေးသော်လည်း လူတို့က ဘာသာရေးခိုင်းပြီး ကိုးကွယ်မည်ဆိုသည့် သဘော။ ဤအချက်များ အားလုံးက ဗုဒ္ဓဘာသာကျမ်းဂန်လာ အချက်တချို့နှင့် ဆင်သည်။ ဘာသာရေးများ မပေါ်မီ လူတို့သည် မီးလောင်မြိုက်မှုကို မြင်၍ မီးသည် အရာအားလုံးကို သိမ်းကြုံးဖျက်ဆီးနိုင်၏။ ထိုမီးငါတို့အား ထပ်မံမဖျက်ဆီးနိုင်အောင် တားဆီးရန် တခုခုကို တိုင်တည်သည်။ တိုင်တည်ရာမှ ပသမှုများပြုလုပ်သည်။ နောက်အဆက်ဆက်တွင် ပသရင်း ကိုးကွယ်သည့်အဆင့်သို့ ရောက်သွားသည်။ ဤသို့ဖြင့် ဘေးတခုခုကို ကာကွယ်ရန် ကြုံကြိုက်လာတိုင်း လူတို့သည် အားကိုးရာတခုခုကို ရှာဖွေရင်းက ကိုးကွယ်သည့် အဆင့်သို့ရောက်ခဲ့သည်ဟု ဆိုသည်။ ဤအချက်ကို Edward Herbert (1583-1648) ဆိုသူကလည်း ပုံစံတူ ပြောဖူးပါသည်။ သူက ရောမခေတ်က လူများသည် ခရီးသွားသည့်အခါ ဘေးကင်းရန် မြစ်ကို ပူဇော်ခြင်း၊ လှေကိုပူဇော်ခြင်းစသည့် ပုံစံမျိုးဖြင့် ကိုးကွယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် တစတစ လူသားများအတွက် စစ်မှန်သော ကိုးကွယ်ရာတို့ပေါ်လာခဲ့သည်။
ဘာသာရေးအပေါ် ယုံကြည်မှုစိတ်ပညာ
ဘာသာရေးအပေါ် ယုံကြည်ရန်အတွက် ယုံကြည်မှုနှင့် ပတ်သက်၍ James Fowler ဆိုသူက အဆင့်ခြောက်ဆင့်ဖြင့် သတ်မှတ်ပြခဲ့သည်။ အသက် ၂ နှစ်အရွယ်အထိ မည်သည့်ကလေးမှ ယုံကြည်မှုကို တည်ဆောက်၍ မရသေး။ ကလေးများ ၂ နှစ်အရွယ်သို့ ရောက်လျင်မူ မှတ်သိနိုင်စိတ်က စတင်သည်ဟု ဆိုသည်။
အဆင့် (၁) မူကြိုအရွယ် ၂ မှ ၆ နှစ်တွင်မူ Intuitive-Projective Faith အဆင့်ယုံကြည်မှုသို့ စတင်ရောက်ရှိသည်။ သူတို့သည် သိပ္ပံပညာရှင်များကဲ့သို့ တွေးတောဆင်ခြင်သုံးသပ်နိုင်ကြမည်မဟုတ်။ ဘာသာရေးသည်လည်း တွေးတောဆင်ခြင်သုံးသပ်ရန် မလို။ မိဘများ ပြုလုပ်သည့်အတိုင်းနှင့် သင်ယူသွားကြပြီး ဘာသာရေးယုံကြည်မှု စတင်တည်ဆောက်သွားသည်။ မြန်မာ့စကားပုံများနှင့် မြန်မာတို့ ယုံကြည်ထားသည့် လက်ဦးဆရာ မည်ထိုက်စွာသား ပုဗ္ဗာစရိယ မိနှင်ဘဆိုသည့် ကဗျာသည် ဤနေရာ၌ ပို၍အသက်ဝင်မည် ထင်မိ၏။
အဆင့် (၂) Mythic-Literal Faith အဆင့်ဖြစ်သည်။ အသက် ၆ နှစ်မှ ၁၂ နှစ်သားတို့သည် စိတ်ကူးယဉ်ခြင်းနှင့် ခန့်မှန်းခြင်း ထင်ကြေးပေးခြင်းတို့၌ ပျော်မွေ့သည်။ သူတို့၏ ဘာသာရေးယုံကြည်မှုသည်လည်း မိဘမှတဆင့် ဆွေမျိုးအပေါင်းအသင်း သူငယ်ချင်းများအကြားအထိ ပုံပြင်များ ဓလေ့ထုံးတမ်းများဖြင့် အချင်းချင်း နားထောင်ခြင်း ပြောဆိုခြင်းများ ပြုလာကြသည်။ သူတို့၏ ခိုင်မာစွာ ယုံကြည်ခြင်း အခြားမတူသော ကွဲပြားသည့် ယုံကြည်မှုရှိခြင်းကို စတင်သိရှိလက်ခံသည်။ သူတို့ဖတ်သည့်ပုံပြင် သူတို့ဖတ်သည့်ကာတွန်း ယခုခေတ်အနေဖြင့် ပြောရလျင် ယူကျူ့တွင် သူတို့ကြည့်သော ဗွီဒီယိုများက သူတို့၏ အသက်သွေးကြော ဖြစ်လာမည်။
အဆင့် (၃) သမားရိုးကျအမှားအမှန်ကို ခွဲခြားနိုင်သည့် အဆင့်ဖြစ်သည်။ Synthetic-Conventional Faith ဟုဆိုသည်။ အသက် ၁၃ နှစ်မှ ၁၈ နှစ်အကြား လူငယ်များသည် ကိုယ်ကျင့်တရားများ အပေါ် ပုံပြင်များ ဒဏ္ဍာရီများနှင့် ဆက်စပ်တွေးတောခြင်းမျိုးမဟုတ်တော့ဘဲ ဤကျင့်ဝတ်သည်မှားသလား မှန်သလားစသဖြင့် ခွဲခြားသိမြင်နိုင်သည့် အဆင့်တွင်ရှိလာသည်။ မိသားစုစသည့် အသိုင်းအဝိုင်းကိုကျော်၍ အခြားသူများ၏ ထင်မြင်ချက်နှင့် သူတို့၏ ယုံကြည်မှုကို တိုင်းတာတတ်ပြီး ခွဲခြားသိမြင်နိုင်စွမ်းလည်း ရှိသွားပြီဖြစ်သည်။ ဤအဆင့်တွင် မိဘများ၏ အကျိုးသင့်အကြောင်းသင့် ဘာသာရေးလမ်းညွှန်ချက်များ ပေးသင့်သော အရွယ်ဖြစ်ပါသည်။ ဘုရားသခင်ဘယ်တော့မှ မမှားဘူး၊ ဗုဒ္ဓဟောထားခဲ့တာ အကုန်အမှန်တွေချည်းပဲဟု ပဲ့ပြင်၍ မရသောအရွယ်ဖြစ်ပါသည်။
အဆင့် (၄) အသက် ၁၈ မှ ၂၂ ကြားအရွယ် လူငယ်များသည် မိမိယုံကြည်ချက်အပေါ် မေးခွန်းထုတ်သော အရွယ်ဖြစ်သည်။ ဤအရွယ်သည် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အခြားသော ယုံကြည်ချက်များကို လက်ခံမြည်းစမ်းတတ်သော အရွယ်လည်းဖြစ်ပါသည်။ ဘာသာရေးအပေါ် စွန့်လွတ်တတ်မှုများ အဖြစ်စေနိုင်ဆုံးအရွယ်ဖြစ်သည်။ Individuated-Reflective Faith ဟုဆိုကြသည်။ ငယ်စဉ်ဘဝကတည်းက ရရှိလာခဲ့သော ယုံကြည်မှုက စွဲမြဲခဲ့ပါက ပို၍ ရင့်ကျက်စေသော အရွယ်လည်းဖြစ်သည်။ အချို့ကမူ ဤအဆင့်တွင် ယုံကြည်မှုနှင့် ပတ်သက်၍ ဆက်လက်ပြီး မလေ့လာတော့သည့် အနေအထားသို့လည်း ရောက်ရှိသွားတတ်သည်။
အဆင့် (၅) ထိုအသက် ၁၈ နှစ်မှသည် သုံးဆယ်ကျော်သည်အထိ ဘာသာရေးအားလုံးအပေါ် စမ်းတဝါးဝါးဖြစ်စေနိုင်သည့် အဆင့်ဖြစ်သည်။ ဘာသာရေးနှင့် ပတ်သက်သော မွေးခွန်းများ သံသယများသည် ထိုအသက်အရွယ်လူငယ်ကို ကျေနပ်စေသည့် အတိုင်းအတာသို့ ရောက်ရှိရန် ခဲယဉ်းသည်။ ထိုနောက် ပိုမို၍ လေ့လာမှုများ ပြုလုပ်တတ်ကြသည်။ ဤအရွယ်တွင် အခြားသော ဘာသာများ၏ ယုံကြည်မှုများကို ပွင့်ပွင့်လင်းလင်း သိမြင်သွားနိုင်သည်။ ဤကဲ့သို့ဖြစ်လျှင် ထိုသူသည် ၎င်း၏ မိခင်ဘာသာကို မယုံကြည်တော့သည်မဟုတ်ဘဲ သူကိုးကွယ်သည့် ဘာသာကိုလည်း နက်နက်ရှိုင်းရှိုင်း ယုံကြည်သွားတတ် ပါသည်။ အကယ်၍ မိမိကိုးကွယ်သည့် ဘာသာကို ထိုကဲ့သို့ ထဲထဲဝင်ဝင် သိသွားသူ ဖြစ်ပါက တခြားသူတို့၏ ဘာသာများကိုလည်း နားလည်သွားသည်။ Conjunctive Faith ဟုဆိုပါသည်။ ဘာသာရေးတို့၏ ယုံကြည်မှု အယူအဆများကို မပေါင်းစပ်နိုင်သည့် အနေအထားတွင် ကျန်ရှိနေပါက ဘာသာရေးအစွန်းရောက်မှုသည် ဤအရွယ်တွင်ပင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဘာသာတရားများအပေါ် ဆက်လက်၍ သံသယဝင်ခြင်း သို့မဟုတ် ဘာသာတရားများအပေါ် မယုံကြည်တော့ခြင်းသည် ဤပေါင်းစပ်နားလည်ခြင်းအဆင့်ကို မကျော်နိုင်၍ ဖြစ်သည်။
အဆင့် (၆) ဤအဆင့်က Universalizing Faith ဟူ၍ ဖြစ်သည်။ ဤအဆင့်သည် မည်သည့်ယုံကြည်မှုကိုမဆို သဘောပေါက်သွားသည်။ ဤအဆင့်သည် အခြားသော ဘာသာရေးခံယူချက် များကိုလည်း စိန်ခေါ်၍ ဖြေရှင်းနိုင်သည့် အဆင့်ဖြစ်ပါသည်။ များသောအားဖြင့် ဘာသာရေးခေါင်းဆောင်များ ဖြစ်သွားတတ်ပါသည်။
ဘာသာရေးသည် နဂိုကတည်းကပင် ယုံကြည်ရန် အလွန်များပြားသော သက်သေသာဓက သမိုင်းအထောက် အထားများနှင့် အပြည့်အစုံတည်ရှိပြီးသည့် သကာလ ယုံကြည်သူများသည် James Fowler ၏ နည်းအရ အဆင့် ၄ နှင့် ၅ တွင်ပင် ခံနေပါက ဘာသာရေးသည် အကြွင်းမဲ့ ယုံကြည်စရာ အားကိုးစရာ ဖြစ်သွားပါတော့ သည်။ ဘာသာရေးသည် ဤကမ္ဘာပေါ် နှစ်ထောင်နှင့်ချီ၍ တည်ရှိနေခဲ့ရသဖြင့် လက်ရှိခေတ်ကာလတွင် အားသာချက် အားနည်းချက်များကိုယ်စီ ရှိလာကြရတော့သည်။
ဘာသာရေး၏ လှေကားထစ်များနှင့် ချောက်ကမ်းပါးများ
ဘာသာတရားကို အမြဲမပြတ်ဆည်းကပ်နေခြင်းသည် မလုံခြုံသောခံစားမှုများကို ကျော်လွှားနိုင်ဖို့ ကူညီပေးသည်။ လူတိုင်းတွင် အလွန့်အလွန်ခက်ခဲသော ဆိုးရွားသော အချိန်များနှင့် ကြုံရတတ်သည်။ ထိုအချိန်မျိုးတွင် ဘာသာတရားကို ဆည်းကပ်လိုက်ပါက ဘဝကို တည်ငြိမ်မှုပေးသည့် စံနှုန်းများကို မြှင့်တက်စေသည်။ သေခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည်။ ဘာသာတရားက ကောင်းမွန်စွာ နားချနိုင်သည့် တခုတည်းသောအရာဖြစ်သည်။ ဘာသာရေးကို အစွန်းရောက်သော နည်းလမ်းဖြင့် မကျင့်သုံးပါက အလွန်အင်မတန် တန်ဖိုးရှိသော အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ အချို့သောလူများသည် နေ့စဉ်အလုပ်သံသရာတခု၌ ပိတ်မိ၍နေသည်။ ထိုသူ၏ ဘဝများသည်လ ရေရှည်တွင် အသက်ရှင်နေထိုင်ရန် ခက်ခဲလာသည်။ ထိုသူတို့ကို ဘာသာတရားက ဘဝတခု၏ ရှင်သန်ခွင့်ကို နားလည်စေနိုင်သည့် တခုတည်းသော အရာဖြစ်သည်။ နောက်တနေ့ မနက်ခင်းတွင် ကောင်းမွန်စွာ နိုးထဖို့ စိတ်အားထက်သန်စေနိုင်သည်မှာ ဘာသာရေးဖြစ်သည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများနှင့် တွေ့သည့်အခါ ဘာသာတရားသည် ဘေးနားတွင် အဖော်ပြုပေးသည့် မိတ်ဆွေကောင်းဖြစ်သည်။ စိတ်များပျံ့လွှင့်နေသည့်အခါ စုစည်းပေးနိုင်သူမှာ ဘာသာတရား ဖြစ်သည်။ လူတို့၏ စိတ်ရိုင်းများကို ထိန်းသိမ်းပေးနိုင်သည်။ ဘဝ၏ အတက်အကျ အိုမင်းမှု ကျန်းမာရေး ချို့ယွင်းမှုကို ဘာသာတရားကသာ နှစ်သိမ့်ပေးနိုင်သည်။ လူ့အသိုက်အဝန်းဘုံတန်ဖိုးကို မြှင့်တင်ပေးနိုင်သည်မှာ ဘာသာရေးဖြစ်သည်။ အချင်းချင်း ကူညီရိုင်းပင်းရန် တူညီသော ယုံကြည်မှုက ခိုင်မာသော သံယောဇဉ်ကြိုးကို ဖြစ်ပေါ်စေသည်။ သင်ဘုရားကျောင်းသို့ မကြာခဏတက်ဖြစ်ပါက သင့်ဘေးတွင် ထိုင်ကြသည့် အသစ်အသစ်သော မိတ်ဆွေများနှင့် မိတ်ဆွေဖြစ်မည်။ မျှော်လင့်ချက် ပျောက်ဆုံးနေသူများကိုလည်း နိုးကြားစေနိုင်သည်။
သို့သော်လည်း အာရုံကြောင်ဆိုင်ရာနှင့် စိတ်ပညာဆိုင်ရာ ဩစတေးလျ ဂျူးလူမျိုး ပညာရှင် Sigmund Freud ကမူ ဘာသာတရားကို ယုံကြည်သူသည် ရောဂါဘယဒဏ်များကို ခံနိုင်ရည်ရှိသည်။ Gallup သုတေသနတွင် ဖြေဆိုသော လူငယ်များက သူ့အဆိုနှင့် ဆန့်ကျင်ဘက်ကို ဖြေဆိုထားသော်လည်း သူဆေးကုသခဲ့သော သက်တမ်းတလျှောက်တွင် ဘာသာရေးပွဲများတက်ရောက်သူနှင့် မတက်ရောက်သူများကို ခွဲခြားကုသကြည့်ရာ ဘာသာရေးပွဲသို့ တက်ရောက်သူများက ဆေးကုရလွယ်သည်။ ဆေးတိုးသည်။ သူဆက်ပြောသည်မှာ ပြောဆို ဆက်ဆံရလည်း လွယ်ကူသည်။ အခြား ပညာရှင်များကလည်း Freud ၏ အဆိုအတိုင်း ဘာသာရေးကို ယုံကြည်သူများအား ဆေးကုသပေးရ လွယ်ကူကြောင်း ပြောဆိုကြသည်။ အကောင်းဘက်က ကြည့်မြင်သည့် ဘာသာရေးအကျိုးသက်ရောက်မှုများ ဖြစ်ပါသည်။
ထိုမျှသော အားသာချက်အပြင် အားနည်းချက်လည်း ရှိသေးသည်။ ဘာသာတရားသည် များသောအားဖြင့် ဘာသာရေးကို ထဲထဲဝင်ဝင်မသိကြသော အစွန်းရောက်များ၏ အသုံးချခံဖြစ်ရခြင်းဖြစ်သည်။ မိမိကိုးကွယ်သည့် ဘာသာတရားသည် အစွန်းရောက်လက်ထဲရောက်သွားပါက မျက်နှာအငယ်ရဆုံးဘဝနှင့် ချောက်ထဲကျရသည်မှာ ဘာသာဝင်များပင် ဖြစ်သည်။ ဘာသာတရားသည် ဘာသာမတူသူချင်းကို ခွဲခြားဆက်ဆံတတ်စေရုံမျှမက ဘာသာရေးကျင့်ဝတ်များကို မလိုက်နာသူများအားလည်း ခွဲခြားဆက်ဆံခြင်းဖြင့် အပေါင်းအသင်းနည်းအောင် ပြုလုပ်တတ်သည်။ အခြားဘာသာကို ယုံကြည်သူများနှင့်လည်းကောင်း မိမိဘာသာဝင်အချင်းချင်းနှင့် လည်းကောင်း အငြင်းပွားမှုကို အလွယ်တကူဖန်တီးပေးပြီး ဘဝအတွက်ဆိုးဝါးသော အတွေ့အကြုံကို ပေးတတ်သည်။ နိုင်ငံရေးခေါင်းဆောင်များကဲ့သို့ ဘာသာရေးသည် လူကိုထိန်းချုပ်တတ်သည်။ ကောင်းဖို့အတွက်ဟုဆိုသော်လည်း ရေရှည်မှာ ဆိုးကျိုးက ပိုများသည်။ ဘာသာတရားသည် မည်သည့်ကျင့်ဝတ်ကိုမှ မဖောက်ဖျက်ရန် သင့်အားကျဉ်းမြောင်းသော လူနေမှုဘဝသို့ တွန်းပို့နေသည်။ ဘာသာတရားက အကုန်သိသည်ဟုဆိုသည်။ ယခုဘဝအတွက်ပါမက နောက်ဘဝအတွက်ပါ သေချာတွက်ချက်ပြနိုင်သေးသည်။ သို့သော်သင့်အား မည်သည့်သဲလွန်စမှ လာမပေးသေးချေ။ အခြားဘာသာများကို နိမ့်ချသည်။ ဘာသာရေးသည် နားလည်ရခက်သည့် စကားများနှင့် ပြောလေလေ ဂုဏ်ရှိလေလေဖြစ်သော်လည်း ထိုစကားကို မည်သူမှ နားမလည်ပါ။ ဘာသာတရားသည် ပဋိပက္ခများ၏ အရင်းအမြစ်ဖြစ်နေတတ်သကဲ့သို့ သိပ္ပံပညာရပ်များနှင့်လည်း စံနှုန်းချင်း ကိုက်ညီလေ့မရှိပေ။ ကမ္ဘာပေါ်တွင် ဘာသာမဲ့ဦးရေ ၁၁၉၃ သန်းရှိပါသည်။ သူတို့အပြောအရ ဘာသာရေးသည် လူတစုဖန်တီးထားသည့် ရှေးဟောင်းပြဇာတ်တပုဒ်သာဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ ထင်မှတ်ရသည့် အချက်အလက်အများအပြား တွေ့ရှိရသည်။
ဥပမာအားဖြင့် သမိုင်းသုတေသနနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သုတေသနပညာရှင် Steven Mintz ၏ ဆောင်းပါးတခုတွင် ဘာသာရေကျင့်ဝတ်များသည် ခိုးချထားသော သို့မဟုတ် အတုခိုးထားသော အရာများ ၄၀ ရာခိုင်နှုန်းခန့် တွေ့ရှိရသည်။ ထို ၄၀ ရာခိုင်နှုန်းမှာလည်း ဘုရားတည်ရှိမှုများနှင့် ဘာသာတရားတို့၏ ဟောပြောချက်များကို ပြစ်တင်ရှုံ့ချခဲ့ကြသော ဆော့ခရတ္တိ၊ ပလေတိုနှင့် အရစ္စတိုတယ်တို့ ဟောပြောထားသည့် ကျင့်ဝတ်များဖြစ်နေသည်။ သို့သော်လည်း ဤအချက်ကို မည်သည့်ဘာသာရေး ပုဂ္ဂိုလ်ကမှ လက်ခံမည်မဟုတ်သဖြင့် လက်ရှိ ဘာသာရေးကျမ်းဂန်များ၏ တူညီပုံကို ပြဆိုမည်ဟု သူကဆိုသည်။ ဗုဒ္ဓဘာသာ ဥဒါနကထာလာ မိမိ မနာကျင်ချင်သကဲ့သို့ သူတပါးကိုလည်း နာကျင်အောင် မပြုသင့်ဆိုသည့် စကားလုံးသည် ခရိယာန်ဘာသာ ပညတ္တိကျမ်းလာ သင်လိုအပ်သည့်အတိုင်း ထိုသူတို့အား ပြုမူလော။ ကွန်ဖြူးရှပ်၏ သရုပ်ခွဲကျမ်းလာ သင်မကြိုက်သည့် အမူအရာအား ထိုသူအပေါ် မပြုမူလင့်။ ဟိန္ဒူဘာသာ မဟာဘာရတကျမ်းလာ တပါးသူအပေါ် မထီမဲ့မြင် ပြုခြင်းသည် သင်ပြန်ရမည့် ရလဒ်ဖြစ်သည်။ အစ္စလာမ်ဘာသာ ဆွန္နသ်ကျမ်းလာ မိမိလိုလား တောင့်တသည့်အတိုင်း ညီအစ်ကိုတို့အပေါ် ပြုမူရမည်။ ဂျူးဘာသာ ဆာဘသ်ကျမ်းလာ သင်မုန်းတီးသော အပြုအမူနှင့် ပတ်ဝန်းကျင်ကို မဆက်ဆံရာ။ တာအိုဘာသာ၌ ချီးမြှောက်ခြင်းဆိုင်ရာကျမ်းလာ အိမ်နီးချင်းအပေါ် သင့်မြင့်မြတ်မှုကို ဝေငှပါ။ ဇော်ရိုတိကာဘာသာလာ သင့်ပတ်ဝန်းကျင်ကို မနာကျင်စေခြင်းမျိုးဖြင့် နေထိုင်ပါ ဟူသော သွန်သင်ဆုံးမချက်များသည် ဘာသာတခုအပေါ်တခု ကိုးကာမှီငြမ်းထားခြင်း သို့မဟုတ် အတုခိုးထားခြင်းပင်ဖြစ်သည်။
ဤကဲ့သို့သော အကြောင်းအရာများကြောင့် ဘာသာမဲ့တို့၏ စွပ်စွဲစရာများဖြစ်နေသည်။ ထိုမှတဖန် ဘာသာရေးသည် လူတို့၏ ပျော်ရွှင်မှုကို တားဆီးတတ်သည်။ ဘာသာရေးသည် ရိုးရာတန်ဖိုးကို အလွန်အလေးထားပြီး ခေတ်မီဆန်းသစ်မှုများကို လက်ခံဖို့ ဆယ်စုနှစ် သုံးလေးခု ကြာသည်။ တိုးတက်မှုကို အမြဲအဟန့်အတားလုပ်သည်။ ဘာသာရေးသည် လူတို့၏ လွတ်လပ်မှုကို လူ့ထံမှ ဆွဲထုတ်လိုက်သဖြင့် လူ့အရည်အသွေးများကို ညံ့ဖျင်းစေသည်။ လူတဦးတယောက်အတွက် လူမှုဆက်ဆံရေး စီးပွားရေး အိမ်ထောင်ရေးတွင် ဆိုးရွားသော ဆုံးဖြတ်ချက်များဖြင့် ပဋိပက္ခများကို ဖန်တီးပေးတတ်သည်။
မိမိ၏ ရင်ကိုဖွင့်၍ အလ္လာအရှင်မြတ်အား ယုံကြည်ပြီးမှ မယုံကြည်တော့သောသူအား အလ္လာအရှင်မြတ်၏ ပြင်းထန်သော အမျက်တော်ရှခြင်းကို ခံရလိမ့်မည်။ ကိုရန် ၁၆း၁၀၆ တည်းဟူသော မွတ်စလင်အတွက် ကျမ်းဂန်များရှိသကဲ့သို့ ဟိန္ဒူအတွက်လည်း ဟိန္ဒူဘာသာတွင် လွတ်လပ်စွာ ပြောဆိုခွင့်မရှိပါ။ အကယ်၍ ပြောဆိုလိုပါက ရှေးဦးစွာ ပြောဆိုခွင့်အတွက် ကျမ်းဂန်လာအတိုင်း အရှုံးပေးရမည်ဟု BR Ambedkar တွင်ဆိုသည်။ ထိုကြောင့် ဗော်တဲယားက ဘာသာတရားသည် အမှန်တရားကို ဆင်ခြင်နိုင်စွမ်းအား သိမ်းဆည်းထားသည်ဟု ပြောဆိုခဲ့ဖူးသည်။ မည်သည့်ဘာသာတရားကမှ မစစ်မှန်ပါ။ အကယ်၍ ဘာသာတရားသည် စစ်မှန်ခဲ့ပါက ဤကမ္ဘာတွင် ဘာသာတရားကြောင့် မည်သည့်စစ်ပွဲမှ ဖြစ်မည်မဟုတ်။ ဘာသာတရားသည် အတုအယောင်သာဖြစ်ပြီး အတုအယောင်များကိုသာ မွေးထုတ်ပေးနေ၍ မည်သူ့အတွက်မှ အကျိုးမဖြစ်ထွန်းဘဲ ဘာသာရေးပဋိပက္ခများနှင့်သာ ရင်ဆိုင်နေရသည်ဟု HP Lovecraft ဆိုသူက ပြောသည်။ အနှီပုဂ္ဂိုလ်များ ဤစကားကို ပြောကြားကြသည့်အချိန်တွင် ဘာသာရေးနှင့် ပတ်သက်၍ ကြီးကျယ်သော ပဋိပက္ခများ မဖြစ်ခဲ့သေးပါ။ အကယ်၍ ၁၉၇၈ စီအိုင်အေက ပုဂ္ဂိုလ်များ ဤအဆိုအမိန့်များကို မဖတ်မိ၍ သို့မဟုတ် မယုံကြည်ခဲ့၍သာ ဖြစ်ကြရပါမည်။
ဘာသာတရားသည် ၂၁ ရာစုသို့ ရောက်သောအခါ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှပင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးကိစ္စတွင် ဘာသာရေးကိစ္စကို ပိုပိုသာသာထည့်တွက် လာရသည့်အခြေအနေသို့ ဆိုက်ရောက်သွားသည်။ ၁၉၇၈ ခုနှစ်တွင် ဤသို့ပြောခဲ့သည်မှာ ထိုခေတ်ထိုခါက ဘာသာရေးနှင့် ပဋိပက္ခဆိုသည့်ဝေါဟာရနှစ်ကို ဘယ်လိုမှ မတွဲစပ်နိုင်ဟု ထင်မှတ်ခဲ့ကြသော ခေတ်ကြောင့်ဟု နားလည်နိုင်ပါသည်။ ယခု ၂၁ ရာစုမှ ထိုကဲ့သို့ ဘာသာရေးနှင့် ပဋိပက္ခအပြင် အခြားသော စကားလုံးများကိုပါ တွဲသုံးနေသည့်အချိန်၌ပင် ပန်ဆယ်ဗီးနီးယား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ ဖီးလစ်ဂျင်ကင်းသည် သူ့ဆောင်းပါးတွင် တကမ္ဘာလုံးရှိ ဘာသာရေး အသင်းအဖွဲ့ အသီးသီးတို့သည် မိမိတို့၏ ဘာသာရေးကျင့်ဝတ်များကို ရှင်းလင်းတိကျစွာ ထုတ်ပြန်ထားပြီး ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့် မည်သည့်ဘာသာရေးမှ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုသော ဆန္ဒဖြင့် တည်ဆောက်ထားမည် မဟုတ်၊ ဘာသာရေးသည် ပို၍သာလျင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန် တည်ဆောက်ထားမည်ဟု ယုံကြည်သည်။ ဘာသာရေးအသိုင်းအဝိုင်းများသည် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒများကို ထောက်ခံအားပေးနေပြီး အချင်းချင်း ပြန်လည်သင့်မြတ်ရေးကိုလည်း အစိုးရနှင့်အတူတကွ ဖော်ဆောင်ပေးနေမည်ဟု တဆက်တည်း ယုံကြည်ပါသည်။ ဘာသာရေးသည် ပဋိပက္ခများကို ဖျန်ဖြေခြင်း၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သင့်မြတ်အောင် ချိတ်ဆက်ကူညီပေးခြင်း၊ တင်းမာမှုများကို ဖြေလျော့ရန် အစွန်းရောက်မှုများကို ဖယ်ရှားပေးခြင်း၊ အငြင်းပွားမှုများကို အဆုံးသတ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သော တခုတည်းသော အရင်းအမြစ်အဖြစ် တည်ရှိနေသည့် အဖွဲ့အစည်းများဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ပြည့်ပြည့်တင်းတင်းပင် ယုံကြည်ပါသည်။ မိမိတို့၏ ဘာသာရေးသည် ဘာသာရေးနယ်ပယ်တွင် လူအများလေးစားခြင်း၊ ယုံကြည်ခြင်းနှင့် နက်ရှိုင်းသော တရားဓမ္မများ တည်ရှိနေကြောင်းကို ပြသပြီး ကမ္ဘာတည်သ၍ မိမိဘာသာရေး တည်တံ့အောင် မဟာဗျူဟာများကို ထိရောက်စွာ ရေးဆွဲထားကြပြီးပြီဟု ယုံကြည်ပါကြောင်း ရေးသားလာသည်။ သူက ၂၀၀၀ ခုနှစ်တွင် ဆူဒန်၊ နိုင်ဂျီးရီးယား၊ အီရတ်၊ အစ္စရေး-ပါလက်စတိုင်း၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သည့် ဘာသာရေးနှင့် ငြိမ်းချမ်းရေးဖိုရမ်မှ ဘာသာရေးခေါင်းဆောင်များ ပြောသည့်စကားကို ကောက်နှုတ်၍ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ သူ့အစီရင်ခံစာ ဆောင်းပါးသည် ၂၀၀၈ ခုနှစ်တွင် The Economist တွင်ပါခဲ့သည်။ သူ့ခမျာလည်း ဘာသာရေးကြောင့် ပဋိပက္ခများ ထပ်မဖြစ်စေရန် ရည်ရွယ်ခဲ့ဟန် တူပါသည်။
သို့သော်လည်း ဂျူးဘာသာရေးခေါင်းဆောင် နေသန်ဆေဖာစတိန်းက သူ့အဆိုကို ၂၀၁၃ ခုနှစ် ထိုမဂ္ဂဇင်းတွင်ပင် ကန့်ကွက်ခဲ့သည်။ ကွန်ဂိုနှင့် သီရိလင်္ကာစသည့် နိုင်ငံတော်တော်များများတွင် ဖြစ်ပေါ်သွားသော ပဋိပက္ခများသည် ဇစ်မြစ်အားဖြင့် ဘာသာရေးဟုမဆိုသာသော်လည်း အကြမ်းဖက်သူများမှ ဘာသာရေးကို ပဋိပက္ခအတွင်းသို့ ဆွဲသွင်းလိုက်သဖြင့် ဘာသာရေးကို ပြစ်မှုကျူးလွန်သူများ စားရင်းထဲတွင် ထည့်ရတော့မည်။ အခြားသောနိုင်ငံများ၊ နိုင်ငံအစိတ်အပိုင်းများ၊ အုပ်စုများနှင့် အသင်းအဖွဲ့အချို့များနှင့် ဘာသာရေးခေါင်းဆောင် များကိုယ်တိုင်ပင် ဘာသာရေးသင်္ကေတများ၊ ဘာသာရေးအသုံးအဆောင်များနှင့် ဘာသာရေးကျမ်းဂန်များကိုပင် ကိုးကား၍ ပဋိပက္ခများကို ဖန်တီးနေကြပြီဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် စစ်ပွဲများအား ငြိမ်းချမ်းရေးတရပ် ဖော်ဆောင်ရန်တွင် ဘာသာရေးကို အားထား၍ မဖြစ်တော့ပေ။ စစ်ပွဲများ ပြိုကွဲသွားရန်အတွက် လူသားများသည် တူညီသော ထိုက်တန်သော အခွင့်အရေးများဖြင့် မွေးဖွားလာသည်ဟု ဘာသာရေးဘက်မှ ပုဂ္ဂိုလ်များ မဟောပြောနိုင်တော့။ မျိုးတုံးသုတ်သင်မှုများကို ရပ်တန့်စေရန်အတွက် ဘာသာတရားက သွန်သင်ပြထားသော အပြစ်များဖြင့် ရှုံ့ခြင်းမျိုးများ ပြုလုပ်၍ မဖြစ်တော့။ ဘာသာရေးသည် အငြင်းပွားမှုများကို ကျော်လွှားပြီး အားလုံးသင့်မြတ်စွာနေထိုင်ရန် အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်မည့် အဖွဲ့အစည်းအဖြစ် အယုံကြည် မခံရတော့။ ဘာသာရေးအသင်းအဖွဲ့များ၏ ဆင်းရဲမွဲတေမှုကို လျှော့ချပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ မရှိနွမ်းပါးသူများကို ပညာသင်ကြားပေးခြင်းစသော တန်ဖိုးမဖြတ်နိုင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေမှုမှာလည်း တန်ဖိုးမရှိတော့။ ဘာသာရေးသည် စစ်ပွဲများကို ဖန်တီးသူဖြစ်လာပြီ ဖြစ်သဖြင့် စစ်မက်ပြေလည်ရန်အတွက်လည်းကောင်း လူသားများ ငြိမ်းချမ်းရန်အတွက်လည်းကောင်း ဘာသာရေးက စွမ်းဆောင်နိုင်မည့်ရာစုမဟုတ်တော့ဟု ဆိုခဲ့သည်။ သူပြောဆိုခဲ့သည့် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်တော်များများ၏ အစိုးရမှ ဘာသာရေးအပေါ် ကန့်သတ်ချက် ဥပဒေများပင် ထုတ်နေပြီဖြစ်သည်။ ဘာသာရေးကန့်သတ်ချက် ဥပဒေထုတ်မှုမှာ တနိုင်ငံနှင့် တနိုင်ငံမတူသည်ကို ယခင်ပိုစ့်၌ ပြောခဲ့ပြီးဖြစ်သည်။ သို့သော် နိုင်ငံတိုင်း၏ ကန့်သတ်ချက်များကို ရေးပြနေလျင် ပြီးတော့မည် မဟုတ်ပေ။ ယခင်ပိုစ့်၌ ပါခဲ့သည့်အတိုင်း ဒေသအလိုက် ကန့်သတ်ချက်ဥပဒေများက တူညီကြသည်က များပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဘေးနိုင်ငံများမှ ဘာသာရေးကန့်သတ်ချက်ဥပဒေများကို အနည်းငယ် ထုတ်ပြကြည့်ပါမည်။
မြန်မာ့အိမ်နီးချင်း အစိုးရမှ ဘာသာရေးလှုပ်ရှားမှုများအပေါ် ကန့်သတ်ခြင်း
အာရှပစိဖိတ်ဒေသတွင် ပထမဦးဆုံး အစိုးရမှ ဘာသာရေးလှုပ်ရှာမှုအပေါ် ကန့်သတ်ခြင်းဥပဒေ ထုတ်ပြန်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပါသည်။ ၁၇၈၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ လက်ရှိထိုင်းတောင်ပိုင်းကို သိမ်းပိုက်ကာ ထိုင်းနိုင်ငံ အုပ်ချုပ်မှုအောက်သို့ ထည့်ခဲ့သည်။ ထိုအချိန်မှစ၍ မလေးနိုင်ငံရှိ လူမျိုးစုသုံးစုသည် ထိုင်းတောင်ပိုင်း၌ ရောနှောနေထိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မလေးနိုင်ငံ ပထန်လူမျိုးများ ခွဲထွက်ရေးပုန်ကန်မှုသည် မလေးနိုင်ငံတောင်ပိုင်း ဒေသသုံးခုအတွင်းသာမက ထိုင်းနိုင်ငံတောင်ပိုင်းသို့ ကူးစက်သွားခဲ့သည်။ အစိုးရမှ နှိမ်နင်းနိုင်ခဲ့သော်လည်း မီးလောင်ဖူးသည့်နေရာ၌ မီးကြွင်းမီးကျန်များ ကျန်ရှိတတ်သည့်ထုံးစံအတိုင်း ၂၀၀၀ နှင့် ၂၀၀၄ ခုနှစ်များတွင် တဖန်ထပ်၍ လှုပ်လှုပ်ရှားရှား ထပ်ဖြစ်လာပြန်သည်။ ထိုအချိန်တွင် မူးယစ်ဆေးဝါး ပြဿနာများအသွင်ဆောင်ခဲ့သည်။ ၂၀၀၅ နောက်ပိုင်းတွင်မူ ဘာသာရေးနှင့် လူမှုရေးကိစ္စများ ရောထွေးလာခဲ့ သည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်းဘုရင်နှင့် ထိုင်းနဝတအစိုးရမှ ဘာသာရေးနှင့် ဆက်နွယ်နေသော ဥပဒေဟောင်းကို ပြုပြင်ပြီး ဥပဒေသစ်ရေးဆွဲကာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ ထိုဘာသာရေး ဥပဒေကို ၂၀၀၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံမှ ချမှတ်ခဲ့သော ဘာသာရေးကန့်သတ်ချက် ဥပဒေတွင် ဘာသာရေးတခုကို ယုံကြည်ကိုးကွယ်ကြ သူတိုင်းသည် မိမိကြိုက်နှစ်သက်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ ယင်းလွတ်လပ်ခွင့်သည် နိုင်ငံတော်၏လုံခြုံရေးကို မထိခိုက်စေရ။ ထိုဥပဒေထဲတွင် ထေရဝါဒဗုဒ္ဓဘာသာကို အထူးအားဖြင့် မြှင့်တင်ရန် လုပ်ဆောင်ခွင့်ကို ထည့်သွင်းထားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား အသရေဖျက်ခြင်းကို အထူးတားမြစ်သည်။ ထိုဥပဒေကို ချိုးဖောက်ပါက ဒဏ်ငွေဘတ် ၂၀၀၀၀ (နှစ်သောင်း) ဆောင်ရမည်ဟု ပါဝင်သည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း ထေရဝါဒ ၉၃ ရာခိုင်နှုန်းရှိသည်။ ကျန်ရှိသော ၇ ရာခိုင်နှုန်း ဘာသာဝင်များဖြစ်သည့် မွတ်စလင်၊ ဆစ်ဒ်၊ ဟိန္ဒူနှင့် ခရိယာန်ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုသည်။ အခြားမည်သည့်ဘာသာဝင်ကိုမှ အသိအမှတ်မပြုပါဟုပါသည်။ ထိုနှစ်တွင်ပင် ဘုန်းတော်ကြီးကျောင်းများကို မှတ်ပုံတင်ပြုလုပ်စေခဲ့သည်။ ဘုန်းကြီးကျောင်းပေါင်း လေးသိန်းတွင် သုံးသိန်းခြောက်သောင်းသည် အရည်အသွေးမပြည်မီဟုဆိုကာ မှတ်ပုံတင်ထုတ်မပေးခဲ့ပေ။ ဘာသာရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများကိုလည်း မှတ်ပုံတင်စေခဲ့ရာ အဖွဲ့အစည်းပေါင်း ငါးထောင်ကျော် မှတ်ပုံတင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကျောင်းချိန်ပြင်ပ စာသင်ချိန်တွင် တိုင်းရင်းသားစာပေ သင်ခွင့်ပေးထားသကဲ့သို့ ကျောင်းပြင်ပအချိန်တွင် ဘာသာရေးဘာသာရပ်အဖြစ် အချိန်ပိုသင်ခွင့်ရပါသည်။ ဗုဒ္ဓဘာသာအတွက် ထိုင်းဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ ဆောင်ရွက်သည်။ ခရိယာန်အတွက် အထက်တန်းကျောင်း ဆယ်ကျောင်းနှင့် တက္ကသိုလ်နှစ်ခုတွင် ခရိယာန်ဘာသာကို သင်ခွင့်ရှိသည်။ မွတ်စလင်တွင် ခြောက်တန်းအထိ ကျောင်းပေါင်း တရာကျော်ရှိသည်။ ခြောက်တန်းအထက်သို့ရောက်လျင် အစိုးရထောက်ပံ့ကြေးဖြင့် ကျောင်းတက်လျင် မွတ်စလင်ဘာသာကို သင်ကြားခွင့်မရှိတော့။ အကယ်၍ မွတ်စလင်ကျောင်းကို ဆက်တက်လိုလျင် အာရဗီနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော ကိုရန်ကျမ်းတမျိုးကိုသာ သင်ကြားခွင့်ပြုထားသည့် တခုတည်းသောဗလီသို့ တက်ရမည် ဖြစ်ပါသည်။ ဤဥပဒေကို ကန့်ကွက်သူ အနည်းငယ် ရှိခဲ့သော်လည်း ယခုအထိ တည်မြဲနေသေးသည်။ သို့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးသည်နှင့် ဘုန်းတော်ကြီးများကို ၂၀၁၄ တွင် ၉၉ ပါး၊ ၂၀၁၅ တွင် ၁၁၅ ပါး၊ ၂၀၁၆ တွင် ၁၀၁ ပါး၊ ၂၀၁၇ တွင် ၉၇ ပါးတို့ကို တိတ်တဆိတ် ဖမ်းဆီးခဲ့သည်။ တချို့ကမူ ထိုစစ်တပ်အာဏာသိမ်းမှု ကာလအတွင်း ဘုန်းကြီးပေါင်း ၄၀၀ မှ ၁၅၀၀ အထိအဖမ်းခံရနိုင်ချေရှိသည်ဟု တွက်ချက်ကြသည်။ ဤအကြောင်းအရာများကို ၂၀၁၈ ဘုန်းကြီးကျောင်းလေးကျောင်းကို ဝင်စီးမှုမှ တစတစပေါ်လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်ဘက်ကမူ ထိုင်းတောင်ပိုင်းနှင့် ပတ်သက်၍ ဘာသာရေးပုတ်ခတ်စော်ကားသော ပိုစ့်များကို လူမှုကွန်ယက်တွင် တင်ခဲ့ကြသဖြင့် ထိုရဟန်းများအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ ဤကိစ္စတွင် နိုင်ငံတကာတုန့်ပြန်မှုက ပြင်းထန်ခဲ့သောကြောင့် ထိုနှစ်များနောက်ပိုင်း ဘုန်းတော်ကြီးများကို ဆက်လက်ဖမ်းဆီးမှုရှိမရှိ မည်သူမှ မသိတော့ပေ။ ဤအချက်ကြောင့် ထိုဥပဒေဆက်လက်တည်နေဆဲလား မတည်တော့ဘူးလားဆိုသည့်အချက်ကို အာဏာသိမ်းစစ်တပ်မှ မထုတ်ပြန်သဖြင့် မည်သူမှ မသိပေ။
ဘာသာရေး လွတ်လပ်ခွင့်ပေးကြသည့်နိုင်ငံများ၏ အင်္ဂါရပ်တွေကို အရင် တွေးခေါ်သူများ (၄) တွင် ရေးသားခဲ့သည်။ သို့သော် ကုလပဋိညာဉ်တွင်ပါဝင်သော မည်သည့်စည်းကမ်းကိုမှ မလိုက်နာလိုဟု ဆိုစေကာမူ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုသည့် အချက်ပါရမည်။ ထိုအချက်ပါသော်လည်း ဥပဒေ၏ အခြားတနေရာတွင် ဘာသာရေးကို နှိပ်ကွပ်သည့် ဥပဒေမျိုးထည့်သွင်းထားခြင်း ရှိမရှိကိုလည်း စိစစ်သင့်ပါသည်။ ထို့နောက် ထိုလွတ်လပ်ခွင့်၏ အကျိုးသက်ရောက်မှုကိုလည်း တွက်ချက်ကြည့်၍ ပေါ်လွင်နေရမည်။ ဘာသာရေး လွတ်လပ်ခွင့်ကို စောင့်ကြည့်ပေးသော စီမံခန့်ခွဲပေးသော အဖွဲ့အစည်းတခုလည်း ရှိရမည်။ အစိုးရ၏ သတ်မှတ်ထားသော မူဝါဒနှင့် ကိုက်ညီသော ဘာသာရေးကျေင်းများကို မှတ်ပုံတင်ထုတ်ပေးခြင်း ထောက်ပံ့ပေးခြင်းနှင့် အခွန်လွတ်ခြင်းစသည့် အချက်များလည်း ထည့်သွင်းထားရမည်။ ဤအချက်များနှင့် အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံက ကိုက်ညီမှုရှိခဲ့သည်။ နောက်အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံ။
တရုတ်နိုင်ငံတွင်လည်း မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ ဘာသာရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို သာမန်အနေဖြင့်သာ လှုပ်ရှားရမည်။ ဤတွင် သာမန်ဟု ထူးထူးခြားခြား ထည့်သွင်းထားသည်။ ထိုသာမန်ဆိုသည့်အချက်ကို အများပြည်သူအနှောင့်အယှက်ဖြစ်သည်အထိ ဘာသာရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ မလုပ်ရ။ ကျန်းမာရေးထိခိုက်စေခြင်း၊ ပညာရေးစနစ်ကို ထိခိုက်စေခြင်းစသဖြင့် မဖြစ်စေရ။ အခြားမည်သည့်ဘာသာဝင်ကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရ။ ချိုးဖောက်ပါက ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်မည်ဟုပါသည်။ တရုတ်နိုင်ငံသည် လူဦးရေ သန်း ၁၄၀၀ ရှိသော်လည်း ဘာသာရေးတခုခုကို ယုံကြည်သူ ၃၅၀ သန်းသာရှိသည်။ မဟာယန ၂၅၀ သန်း၊ ပရိုတက်စတင့် ၈၀ သန်း၊ မွတ်စလင် ၂၃ သန်း၊ ၁၉၉၀ ဝန်းကျင်တွင် တည်ထောင်ခဲ့သည့် Falun Gong ဘာသာဝင် ၂၀ သန်း၊ တိဗက် ၈ သန်း၊ ရိုးရာနတ်ကို ကိုးကွယ်သူ တသန်းခန့်ရှိသည်။ တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထဲတွင် ဘာသာဝင်တခုခုအမည်ကို ထည့်ထားသော်လည်း မည်သည့်ဘာသာကိုမှ မကိုးကွယ်သူနှင့် တရားဝင်မည်သည့်ဘာသာကိုမှ မကိုးကွယ်သူ စုစုပေါင်း ၇၃ ရာခိုင်နှုန်းရှိသည်။ ဤအချက်မှာ တရုတ်နိုင်ငံ၏ ဝက်ဆိုက်တခုကဖြစ်ပြီး ကမ္ဘာလူဦးရေသန်းခေါင်စားရင်းအဖွဲ့ ထုတ်ပြန်ချက်မှာမူ တရုတ်သည် ၉၁ ရာခိုင်နှုန်းနှင့် ဘာသာမဲ့အများဆုံးနိုင်ငံဖြစ်သည်ဟု ဆိုထားပါသည်။ Non-Religion သို့မဟုတ် Irreligion စသဖြင့် မည်သည့်ဘာသာကိုမှ မကိုးကွယ်သူ Atheist စသည်တို့ကို နောက်ပိုစ့်များတွင် ရေးသားပေးပါမည်။
တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ CCP ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် မည်သည့်ဘာသာရေးအသင်းအဖွဲ့မျိုးကိုမှ ဖွဲ့စည်းခွင့်မပေးပေ။ မျိုးချစ်ဘာသာရေးအသင်း စသဖြင့် မရှိစေရ။ ဗုဒ္ဓ၊ တာအို၊ ပရိုတက်စတင့်၊ ကက်သလစ်နှင့် မွတ်စလင်ငါးဘာသာဝင်များသာ ဘာသာရေးဆိုင်ရာ ဝတ်ပြုခွင့် မှတ်ပုံတင်များ ထုတ်ပေးထားသည်။ မိမိအိမ်တွင် ဝတ်ပြုခြင်းများ မပြုလုပ်ရ။ တွေ့ရှိပါက ဖမ်းဆီးခြင်း၊ ညဉ်းပန်းခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေပါရှိသည်။ Falun Gong ဘာသာဝင်ကို မှတ်ပုံတင်ထုတ်မပေးထားသဖြင့် မကြာခဏ ဖမ်းဆီးနှိပ်စက်ခြင်း ခံနေရသည်။ ဤဥပဒေကို ၂၀၁၇ ခုနှစ် ဧပြီလ၌ ပြဋ္ဌာန်းသည်။ ဤဥပဒေတွင် တရုတ်နိုင်ငံ ဝီဂါမွတ်စလင်များအပေါ် အစာရှောင်ခွင့်မပြုဘဲ တားမြစ်သည်။ ပညာသင်ကြားခွင့်ကို မပိတ်ပင်။ ကက်သလစ်များအပေါ် အစိုးရမှ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်း၍ စောင့်ကြည့်ခြင်းမျိုး ပြုလုပ်ခဲ့သည်။ မိမိကိုယ်ကို မီးရှို့သတ်သေ၍ ဆန္ဒပြခွင့်ကိုလည်း တားမြစ်ထားသည်။ အစိုးရမှ ဘာသာရေးလှုပ်ရှားမှုအပေါ် ဤကဲ့သို့ ကန့်သတ်ချက်ဥပဒေများ ချမှတ်အပြီး မိမိကိုယ်ကို မီးရှို့မှု ၆ မှု၊ မိမိကိုယ်ကို လှည်လှီးသတ်မှု တမှု၊ ကျောင်းမြေကို သိမ်းဆည်းမှုကြောင့် ထိုဘုန်းကြီး မိမိကိုယ်ကို မီးရှို့မှုတမှုဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဘာသာရေးအပေါ် ကန့်သတ်ချက်များတွင် ဘာသာငါးခုကို မှတ်ပုံတင်ပေးသည်ဟုပါသော်လည်း မည်၍မည်မျှအထိ မှတ်ပုံတင်ပေးလိုက်သည်ကိုတော့ မသိရပေ။ တရုတ်နိုင်ငံနည်းတူ မှတ်ပုံတင် ထုတ်မပေးသည့် ဘာသာရေးကို ကိုးကွယ်ခွင့်မပြုသည့် နောက်တနိုင်ငံမှာ အီထရီးယား (Eritrea) နိုင်ငံ ဖြစ်ပါသည်။ သူတို့သည် ခရိယာန်၊ မွတ်စလင်နှင့် ဧဝံဂေလိတို့ကိုသာ မှတ်ပုံတင်ထုတ်ပေးပြီး ဘာသာရေးကိုးကွယ်ခွင့် ပြုခဲ့သည်။ ဘီလာရု (Belarus) နိုင်ငံလည်း ဂျူးနှင့်နှစ်ခြင်းတို့ မှတ်ပုံမတင်သဖြင့် ဘာသာရေးကိုးကွယ်ခွင့်ကိစ္စတွင် ခက်ခဲလျက်ရှိ၏။
အဘယ်ကြောင့်ဆိုသော် ဘာသာရေးတခုလုံးကို ကန့်သတ်သည့် ဥပဒေနှင့်အတူ ဘာသာရေးကို အခြေပြုထားသော မည်သည့်အဖွဲ့အစည်းပေါ်ကိုမဆို အခြားသော ဥပဒေများ ချမှတ်နိုင်သောကြောင့် ဖြစ်ပါသည်။ အစိုးရကိုယ်နှိုက်ကလည်း ထိုအသင်းများ၏ လှုပ်ရှားမှုများအပေါ် ဥပဒေဘောင်ကို မကျော်လွန်မချင်း ဝင်ရောက်ပတ်သက်ခွင့်မရှိ။ ထို့နောက် အစိုးရမှ ချမှတ်နိုင်သည့် အချက်များမှာ အခြားနိုင်ငံ၏ သာသနာပြုဝင်ခွင့်ပြုမပြု၊ ဘာသာရေးစာပေ ထုတ်ဝေခွင့်ပြု မပြု။ ဘာသာရေးဟောပြောခြင်း ထုတ်လွှင့်ခြင်း စသည့်ကိစ္စများ ခွင့်ပြုမပြု၊ ဘာသာရေးကူးပြောင်းမှုခွင့်ပြုမပြု၊ နီဟတ်(Niqāb)ခြုံခြင်း လက်ဝါးကပ်တိုင် ဝတ်ဆင်ခြင်းစသည့် ဘာသာရေးအမှတ်အသား ဝတ်ဆင်ခွင့်ပြုမပြုစသည့် ကန့်သတ်ချက်ဥပဒေများလည်း ထုတ်ပြန်နိုင်ပါသေးသည်။ ဥရောပနိုင်ငံ ၂၀ တွင် နီဟတ်ခြုံခွင့် ပိတ်ပင်ထားသည်။ ဘောဇနီးယားနိုင်ငံ ဟာဇီဂိုဗီးနားတွင် (Herzegovina) အလုပ်လုပ်ချိန်၌ နီဟတ်မခြုံဘဲ နေနိုင်သည်။ ဂျာမဏီနှင့် ဆလိုဗေးနီးယားတွင် အမျိုးသားအရေပြားလှီးဖြတ်ခြင်းကို ပိတ်ပင်ထားသည်။ ဘာသာရေးစာပေထုတ်ဝေခြင်း ဘာသာရေးဆိုင်ရာဟောပြောခြင်းနှင့် ဘာသာပြောင်းခြင်း ဥပဒေတို့မှာ မွတ်စလင်နိုင်ငံများတွင် ပြုလုပ်ခွင့်မရှိပေ။ တရုတ်နိုင်ငံ၏ ဘာသာရေး ကန့်သတ်ချက်ဥပဒေသည် မကာအိုနှင့် ၂၀၄၇ တွင် တရုတ်ပြည်အပြည့်အဝဖြစ်တော့မည်ဖြစ်သော ဟောင်ကောင်နှင့် တိဗက်တို့ ပါဝင်သည်။
နောက်အိမ်နီးချင်းတနိုင်ငံမှာ လာအိုနိုင်ငံဖြစ်သည်။ တချို့က လောနိုင်ငံဟု ဖတ်ကြသည်။ ဤနိုင်ငံအတွင်း ရှိကြသောဘာသာဝင်များနှင့် ကိုးကွယ်သည့်ဘာသာများက အနည်းငယ်ရှုပ်ထွေးသည်။ သူတို့နိုင်ငံ၏ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်ဥပဒေပါ စာရွက်စာတမ်းတွင်ပင် အထက်နှင့်အောက် မညီဘဲဖြစ်နေသည်။ လာအိုနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရိယာန်၊ မွတ်စလင်နှင့် Bahi ဘာသာကို လွတ်လွတ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားသည်။ ဗုဒ္ဓဘာသာတခုသာ အများဆုံး မှတ်ပုံတင်ထားသည်။ မှတ်ပုံတင်သည့် ဘာသာရေးအဖွဲ့များသည် ပြည်ထဲရေးဌာနတွင် မှတ်ပုံတင်ရမည် ဖြစ်သည်။ ဘာသာရေးသည် မှတ်ပုံတင်စဉ်ကတည်းက မူဝါဒများ၊ ထုံးတမ်းစဉ်လာများ၊ ရိုးရာပွဲများကို တပါတည်းထည့်သွင်းစေခဲ့သည်။ မှတ်ပုံတင်ထဲပါသည့် မည်သည့်အချက်ကိုမှ ကျော်လွန်၍ မပြုလုပ်ရ။ ထို့ပြင် ဘာသာရေးအဖွဲ့များသည် နိုင်ငံအကျိုးစီးပွားပျက်စီးစေခြင်း၊ လူထုစည်းလုံးမှု ပျက်စီးစေခြင်း၊ ကျေးရွာအတွင်း ဆူပူမှုဖြစ်စေခြင်းတို့ကို မလုပ်ဆောင်ရ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးစေနိုင်သည့် မည်သည့်ပွဲလမ်းသဘင်များ အထိမ်းအမှတ်များကိုမှ မပြုလုပ်ရဟုပါပြီး မှတ်ပုံတင်ထဲ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ မည်သည့် အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်လိုလျင် အစိုးရထံတွင် ကျေးလက်၊ မြို့၊ မြို့နယ်၊ ပြည်နယ်မှနိုင်ငံ စသဖြင့် အဆင့်ဆင့်တင်ပြနိုင်မှ ကျင်းပခွင့်ရပါမည်။ ကျူးလွန်ပါက ပြစ်ဒဏ်သတ်မှတ်ပြထားခြင်းမျိုး မရှိပြန်ပေ။ ဗုဒ္ဓဘာသာခေါင်းဆောင်များအဆိုအရ ကျေးလက်ဒေသများသည် ဘာသာရေးအပေါ် သိပ်ပြီးအလေးမထားဟု ဆိုသည်။ အစိုးရဘက်ကမူ ကျေးလက်ခရိယာန်ဘာသာဝင်များကို ဖမ်းဆီးခြင်းများ ရှိခဲ့သည်။ အချို့ကျေးရွာများ၌ ခရိယာန်ဘာသာဝင်များကို နှင်ထုတ်ခြင်းများရှိသည်။ ဘာသာတခုမှ အခြားဘာသာတခုကို နှောက်ယှက်မှုအား အစိုးရမှ ဝင်ရောက်တားဆီးခြင်းမျိုးမရှိသဖြင့် နတ်ကိုးကွယ်သည့် ဘာသာသို့ ဝင်ရောက်သွားသူနှင့် ဘာသာမဲ့အဖြစ်ခံယူသူ များပြားလျက်ရှိသည်။ လာအိုနိုင်ငံတွင် ဗုဒ္ဓဘာသာ ၆၄%၊ ခရိယာန် ၁%၊ ဘာသာမဲ့ ၃၄% တို့ရှိသည်။ ကျန် ၁% သည် မွတ်စလင်ဘာသာဝင်ဖြစ်သော်လည်း မှတ်ပုံတင်ခြင်းမရှိဟုဆိုသည်။ ၅၃% သော ဗုဒ္ဓဘာသာဝင်မှာ လူမျိုးစု ၄၈ မျိုးတို့ကိုးကွယ်သည့်အနေအထားတွင် ရှိပြီး နတ်များနှင့် ရောနှောကိုးကွယ်လျက် ဗုဒ္ဓဘာသာဟုပြောဆိုရန် ခက်သည့်အနေအထားတွင် ရှိနေသည်။ လာအိုနိုင်ငံ၏ ဘာသာရေးအပေါ် ကန့်သတ်ထားမှုမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ကိုရင်များသာမက အခြားဘာသာဝင်ခေါင်းဆောင်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံဖွံ့ဖြိုးရေးအပြင် ပညာရေးတွင်လည်း ဝိုင်းဝန်းကူညီပေးရန်လည်း ပါဝင်သည်။ ဘာသာရေး ကျင့်ဝတ်များကိုလည်း အထူးတလည် သင်ကြားစေသည်။ သို့သော် နိုင်ငံတကာမှ မည်သည့်ဘာသာရေး စာပေကိုမှ နိုင်ငံသို့ တင်သွင်းခွင့်မရှိသကဲ့သို့ အခြားနိုင်ငံမှလာသော မည်သည့်ဘာသာရေး ဟောပြောမှု ကိုမှလည်း လက်မခံပါပေ။ ဟန်ဂေရီနိုင်ငံလည်း ဤကဲ့သို့ သဘောရှိသည်။ ဆော်ဒီနိုင်ငံကား ဤအမှုမျိုး ကျူးလွန်ပါက ပြင်းထန်သော ပြစ်ဒဏ်ပါဝင်သည်။ ဥဘက်ကစ္စတန်ကမူ ခရိယာန်ကျမ်းစာများ နိုင်ငံအတွင်းသို့ မသွင်းရဟု အတိအလင်းပါသည်။ လာအိုနိုင်ငံက ၂၀၁၆ ခုနှစ်တွင် ဘာသာရေးကန့်သတ်ချက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ထိုနှစ်တွင်ပင် ဘာသာရေးအဆောက်အအုံများ ပြင်ဆင်ပေးခြင်း၊ ဆောက်လုပ်ပေးခြင်း၊ အသင်းများဖွဲ့စည်းစေခြင်းများ ပြုလုပ်ခဲ့သည်။
ဤကဲ့သို့ ကန့်သတ်ချက်များ ချမှတ်မှုအပြီး ထိုဘာသာရေးကန့်သတ်ချက် ဥပဒေကို အစိုးရကိုယ်တိုင် လိုက်နာမှုရှိမရှိ စောင့်ကြည့်သည့်အဖွဲ့အစည်း ထားကြသည်လည်း ရှိသည်။ အစိုးရသည် ဘာသာရေးအုပ်စုများ အပေါ် ခြိမ်းခြောက်ခြင်း နှောင့်ယှက်ခြင်းရှိမရှိ၊ အတည်မပြုထားသော ဘာသာရေးအဖွဲ့အပေါ် မှတ်ပုံတင်စေခြင်း စသည်ကဲ့သို့ မပြုလုပ်ဘဲ တားမြစ်ခြင်း အကြမ်းဖက်ခြင်းစသည့် အပြုအမူများ ပြုလုပ်မှု ရှိမရှိ။ ဘာသာရေးပဋိပက္ခများ ဖြစ်လာသည့်အခါ နိုင်ငံ့အစိုးရသည် ဖြေရှင်းခြင်းမပြုဘဲ ဘက်တခုတွင် ပါဝင်သည့်အပြုအမူမျိုးရှိမရှိ၊ အစိုးရသည် ဘာသာတခုအပေါ် မူတည်၍ ကွဲပြားသွားသော ဘာသာရေးအသစ်ကို တရားစွဲဆိုခြင်း ပြစ်ဒဏ်ချမှတ်ခြင်း အသိအမှတ်ပြုခြင်း စသဖြင့် မည်ကဲ့သို့ ပြုလုပ်လေ့ရှိသနည်း။ ဘာသာရေးပဋိပက္ခများတွင် အစိုးရသည် မည်သည့်အဆင့်သို့ရောက်မှ ဝင်ရောက်ဖြန်ဖြေလေ့ရှိသနည်း စသဖြင့် စောင့်ကြည့်သည့်အဖွဲ့များ ဖွဲ့စည်းထားနိုင်သည်။ ဤအပိုဒ်ပါ အချက်အလက်များကို လက်ခံလိုက လက်ခံနိုင်ပြီး ပယ်လိုက ပယ်နိုင်သလို ထည့်သွင်းလိုကလည်း ထည့်သွင်းနိုင်သည့် အခြားအချက်အလက်များလည်း ပါဝင်နေနိုင်ပါသည်။
ဘာသာရေးအပေါ် ကန့်သတ်ချက်ထားသည့် အစိုးရများအနေဖြင့် ဘာသာရေးအဖွဲ့အစည်းများကိုယ်တိုင် အစိုးရကို ပြန်လည်ခြိမ်းခြောက်နိုင်သည့် အဖွဲ့အစည်းမျိုးလည်းရှိသည်။ ဥပဒေအတွင်း ဘာသာရေးတခုမှ ထည့်သွင်းလိုသည့် ဥပဒေကို ထည့်သွင်းခြင်း၊ မည်သည့်ဘာသာမှ မည်သည့်ဘာသာသို့ အကြမ်းဖက်ခြင်း စသည့်တခုခုပြုလုပ်မှုတွင် ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ ဥပဒေထဲတွင် အခြားဘာသာတခုခုကို စော်ကားပုတ်ခတ်သည့် အသုံးအနှုန်းးများ ပါဝင်နေခြင်း၊ ဘာသာရေးကူးပြောင်းခွင့် ပိတ်ပင်ခြင်းမျိုးကို ထည့်သွင်းထားတတ်ပါသည်။ ယူကေတွင် ဆွန်နီမွတ်စလင်မှ ရှီးယက်မွတ်စလင်ကို သတ်ဖြတ်ခြင်း၊ ယူကရိန်းမှ ဂျူးလေးဦဂကို နှစ်ခြင်းဘာသာဝင်အဖြစ် အတင်းဝန်ခံခိုင်းခြင်း၊ ဘယ်ဂျီယံတွင် ဂျူးဘာသာရေး ခေါင်းဆောင်တဦးမှ ဂျူးဘာသာဝင်လူငယ်တဦးအား ထုသတ်ခြင်း၊ မွတ်စလင်အမျိုးသမီးနှစ်ဦး မျက်နှာဖုံး မတပ်သည်ကို မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှစ်ဦးက လူဘုံအလယ်တွင် ရိုက်နှက်ခြင်း၊ ဘာကီနာဖာဆို (Burkina Faso) နိုင်ငံတွင် ကိုရန်မသင်သဖြင့် ကျောင်းဆရာကို ကလေးများရှေ့တွင် ပစ်သတ်ခြင်းနှင့် ဒီဘူဂျီ (Djibouti) တွင်လည်း ခရိယာန်ဘာသာဝင်များ အလုပ်အကိုင်မရခြင်းစသည့် အဖြစ်အပျက်များက ရှိနေသောကြောင့် ဖြစ်ပါသည်။
အခြားနိုင်ငံများကို အနည်းအကျဉ်းပြောအံ့။ စင်္ကာပူသည် ၁၉၆၃ ခုနှစ်က ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့် ပါပြီးဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဂျူးများ စစ်မှုမထမ်းခြင်းကိစ္စနှင့် ပတ်သက်၍ ဘာသာရေးသဟဇာတမျှမှုကို ဖျက်ဆီးသည့်အမှုဖြင့် တရားစွဲထောင်ချသည့် အဖြစ်တခုကား ဖြစ်ပျက်ခဲ့၏။ အစ္စလာမ်တရားဟောဆရာ သုံးဦးနှင့် ခရိယာန်တရားဟောဆရာ နှစ်ဦးကိုလည်း ပြည်ဝင်ခွင့်ပိတ်ဖူးသည်။ ဘင်္ဂလားဒေ့ရှ်သည် အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသည်။ သို့သော်လည်း လူသားဝါဒကို အထူးအလေးထားသည်။ ဟိန္ဒူနှင့် လစဉ်နီးပါး ပဋိပက္ခဖြစ်ပြီး လူသေဆံးမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ ရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ၊ ခရိယာန်နှင့် ဟိန္ဒူများကို ဘာသာရေးဟောပြောခွင့် သင်ကြားခွင့် ဖြန့်ဖြူးခွင့် ပေးထားသည့်အချက် တချက်က ထူးခြားသည်။ အိန္ဒိယ၏ ဘာသာရေးလှုပ်ရှားမှုများအပေါ် ထုတ်ပြန်ပုံမှာ အနည်းငယ် ကွဲပြားသည်။ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ကျင့်သုံးခွင့်၊ ဝါဒဖြန့်ခွင့်၊ သီးခြားဘာသာသစ် တည်ထောင်ခွင့်များ ပေးထားပြီး ဘာသာတရားအားလုံးကိုလည်း သမာသမတ်ကျစွာ ဆက်ဆံရမည်ဟု ပါသည်။ ပြည်နယ် ၂၈ ပြည်နယ်တွင် ၁၀ ပြည်နယ်က ဘာသာပြောင်းခွင့် ပိတ်ပင်ထားသည်။ ဤကဲ့သို့ ကန့်သတ်ချက်များ ချထားသော်လည်း ကိုဗစ်ကာလအပြီးတွင် နိုင်ငံရေး စီးပွားရေးအခြေအနေအရ ဘာသာရေး အခြေအနေလည်း ပြောင်းလဲသွား၍လား မသိ။ ယခင်နှစ်များတွင် ဘာသာရေးနှင့် ဆက်စပ်သော ပဋိပက္ခများ နည်းသော်လည်း ယခုနှစ်တွင် အတော်ကလေးပြန်များသွားပါသည်။ အစိုးရက ဘာသာရေးလှုပ်ရှားမှုအပေါ် ကန့်သတ်ချက်များ ချမှတ်သော်လည်း အစိုးရလုပ်ငန်းစဉ်ထဲသို့ဖြစ်စေ နိုင်ငံတော်အကျိုးစီးပွား ပျက်စီးစေသည့် ကိစ္စရပ်များ၌ ဖြစ်စေ၊ နိုင်ငံအတွင်း ဘာသာဝင်အများဆုံးရှိသည့် ဘာသာရေးက နိုင်ငံပုံရိပ်ကို ထိခိုက်စေမှု၌ဖြစ်စေ တားမြစ်ခြင်းဖြစ်သည်။ တခါတရံတွင် အစိုးရမှ တမင်တကာ ဘာသာရေးကိစ္စကို နိုင်ငံရေးအသွင်ဆောင်အောင် ပြုလုပ်သည့် ဖြစ်ရပ်များလည်း ရှိပါသည်။ ISIS သည်လည်းကောင်း တရုတ်နိုင်ငံ Uyghur များကို ဖမ်းဆီးထားခြင်းသည်လည်းကောင်း အစိုးရမှ ဘာသာရေးကိစ္စကို ဝင်ရောက်ခြင်းဖြစ်သည်။ ဘာသာရေးဘက်မှ နိုင်ငံရေးသို့ တမင်ဝင်ရောက်သည့်ကိစ္စ၊ ဘာသာရေးအချင်းချင်းဖြစ်သည့်ပဋိပက္ခ၊ ယုံကြည်မှုအားဖြင့် အခြားဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ခြင်းများလည်း ဖြစ်ပေါ်လျက်ရှိပါသေးသည်။ မော်ရိုကိုပြဿနာ၊ ကိုဘိုဟာရမ်ပြဿနာ၊ အီရတ်နှင့် ဆီးရီးယားစစ်ပွဲတွင် နိုင်ငံခြားသား ပါဝင်လာမှု ပြဿနာ၊ နိုင်ဂျီးရီးယား ခရိယာန်ကျောင်းသူ ၂၅၀ ဦးကို ပြန်ပေးဆွဲသည့်ပြဿနာမျိုးကား ဘာသာရေးအဖွဲ့အစည်းများမှ ပဋိပက္ခကို ဖန်တီးခြင်းဖြစ်သည်။
ပိုစ့်အင်မတိအင်မတန်ရှည်လျားသွားမည် စိုးသဖြင့် ဤအကြောင်းအရာများကို ဤတွင်သာ တုံးတိတိ ရပ်လိုက်ပါသည်။ ဖတ်သည့်သူများအနေဖြင့် ကိုင်ဇာ၏ “သီဟနာဒ”သီချင်းကို ဖွင့်ပြီး ဖတ်စေချင်ပါသည်။ “ယောက်ျားမာန် သေမှလျှော့မယ့်ဇွဲ” ဆိုသည့်အပိုဒ်ကို ခဏခဏလိုက်ရွတ်စေချင်ပါသည်။ အချို့အကြောင်းအရာများက အီလည်လည် ဖြစ်စေနိုင်သဖြင့် အီနေမည်စိုးသောကြောင့် ဖြစ်ပါသည်။ ၁၉၈၀ နောက်ပိုင်းတွင် ဘာသာရေးသည် စစ်ပွဲများ၏ ရှေ့မျက်နှာသို့ တက်လာသဖြင့် ၂၁ ရာစုအဝင်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ စစ်မျက်နှာ၏ နောက်သို့ အတင်းပြန်တွန်းပို့ကြသည့် အနေအထားဖြစ်ပါသည်။ ဤကဲ့သို့ ဖြစ်လာရခြင်းမှာ မည်သူ၏ စီးပွားရေး၊ မည်သူ၏ အသက်ရှင်နေထိုင်မှုနှင့် ပတ်သက်သည်ကိုတော့ ခုထိ မည်သူမှ မခန့်မှန်းနိုင်သေးပေ။
အတုမရှိ ဘာသာတရားများ
ဟိုးရှေးခေတ်တုန်းက လမ်းမပေါ် ကလေးနှစ်ယောက် ရန်ဖြစ်နေကြသည်။ “ငါ့အဖေ ဗလက အကြီးကြီးပဲ” ကလေးတယောက်က စပြောသည်။ ကလေးနောက်တယောက်ကလည်း ပြန်ပြောသည်။ “ငါ့အဖေ ဗလကလည်း အကြီးကြီးပဲ”။ မကြာခင် ထိုကလေးနှစ်ယောက် လုံးထွေးသတ်ပုတ်ကြပါတော့သည်။ သူတို့ပါးစပ်ကလည်း စကားတခွန်းကို ဆီမန်းရွတ်သလိုလို တတွတ်တွတ်ရွတ်နေကြသည်။ “ငါ့အဖေ ဗလက ပိုကြီးတယ်” ဟူ၍ ဖြစ်သည်။ ဘာသာတရားသည်လည်း ဤကဲ့သို့ ဖြစ်မနေဟု မည်သူအာမခံမည်နည်း။ အောက်ပါ အချက်အလက်များကို ကြည့်ပါ။ ဤအချက်အလက်သည် ပရိုတက်စတင့် ဘာသာဝင်တဦး၏ ကိုးကွယ်မှုဆိုင်ရာ သူ့ဘာသာတရားတွင် ပါရှိသည့်အရာများ ဖြစ်သည်။
၁။ မြင့်မြတ်သော ဘုရားတဆူရှိသည်။
၂။ ထိုဘုရားကို ကိုးကွယ်ရမည်။
၃။ မိမိဘာသာတရား၏ အရေးပါသော ကျင့်ဝတ်သီလများကို ဆောက်တည်ရမည်။
၄။ အပြစ်များ မပြုလုပ်မိအောင် ရှောင်ရှားမည်။
၅။ မိမိယခု ပြုလုပ်သမျှသည် ယခုဘဝနှင့် နောင်ဘဝအတွက် ကောင်းကျိုးဆိုးကျိုးများကို ဖြစ်စေသည်။
ယခုဤစာကို ဖတ်နေသူသည် ဗုဒ္ဓဘာသာ၊ ကက်သလစ်၊ မွတ်စလင်၊ ဂျူးစသည်တဦးဦးဖြစ်ပါက “ငါကိုးကွယ်နေတဲ့ ဘာသာရေးထဲမှာလည်း ဒါတွေပဲ” ဟုတွေးပါလိမ့်မည်ဖြစ်သည်။ ဟုတ်ပါသည်။ ဘာသာရေးအားလုံး၏ ပင်မစီးကြောင်းသည် ဤငါးချက်သာဖြစ်သည်။ ဂရိခေတ် Monos နတ်ဘုရားနှင့် Theos နတ်ဘုရားဆိုသည့် စကားလုံးကိုယူ၍ ဟင်နရီမိုးရ် (၁၆၁၄-၁၆၈၇) ဆိုသူက တဆူတည်းသောဘုရားနှင့် ဘုရားအားလုံးကို ကိုးကွယ်သူဆိုသည့် ဘာသာနှစ်ခုနှင့် အခြားဘာသာတခုကို တည်ထောင်ခဲ့သည်။ သူရေးသားသဖြင့် သူ့စာကို ယုံကြည်သူတချို့က ထပ်မံတိုးချဲ့ရေးသားရင်း ဘာသာရေးအသစ် ပေါ်သွားသဖြင့် သူတည်ထောင်သည်ဟုပဲ ဆိုပါစို့။ သူ့ဖန်တီးလိုက်သည့် ဘာသာနှစ်ရပ်ကို ယူ၍ Edward Tylor ဆိုသည့်သူက သူ့အယူဝါဒဖြစ်သည့် Monotheist နှင့် Polytheist ကို ဘာသာရေးစကားလုံးအပေါ် ပြန်လည်ချဉ်းကပ်၍ တွေးခေါ်ပြခဲ့သည်။
ရှေးယခင် ဘာသာတရားများသည် Monotheist ဖြင့် တိုးပွားလာခဲ့သည်။ ဥပမာ သကောင့်သားဒီမောင် တယောက် ဒေါသထွက်သည်။ သူဒေါသထွက်ရသည့် သဘောသဘာဝများကို ရှာဖွေသည်။ အချိန် နေရာ အကြောင်းအရာ ကာလ အဖြစ်အပျက်များကို တွေ့ရှိသည်။ ထိုဒေါသကို ပြေငြိမ်းရန်အတွက် ဖြစ်တတ်ပုံနှင့် လေ့ကျင့်ဖြေဖျောက်ပုံများကို ရှာဖွေသည်။ အလေ့အကျင့်များ ထုံးတမ်းစဉ်လာများ စသည့် ဟောပြောချက်ကို ထုတ်ပြန်သည်။ ထို့နောက် သကောင့်သားဒီမောင်တယောက် ထပ်၍ မတော်လောဘဖြစ်ပြန်သည်။ အထက်ပါ အချက်အလက်များနှင့် ရှာဖွေသည်။ ထို့နောက် စိတ်တွင်ဖြစ်ပျက်တတ်သည့် သဘောသဘာဝများအပေါ် ကုသသည့်နည်းများကို စုစည်းလိုက်သည်။ တဦးတယောက်ကို ဟောပြောစေသည်။ ထို့နောက် ဒေသနှင့် ကိုက်ညီသည့် ထုံးတမ်းစဉ်လာများ ယဉ်ကျေးမှုများထည့်သွင်းသည်။ ဤအကြောင်းအရာများကို ယုံကြည်စေရန်အတွက် ပုဂ္ဂိုလ်တဦးတယောက်ကို ထည့်သွင်းထားလိုက်သည်။ ထိုအခါ ဘာသာတရားတခု ဖြစ်ပေါ်လာသည်။ အာဖရိက ဥရောပ အာရှ အမေရိကစသည်တို့သည် ဝေးလံခေါင်သီလွန်းရကား မိမိဒေသနှင့် ကိုက်ညီသော ဝိညာဉ်ပိုင်းဆိုင်ရာ ဘာသာတခုကို တည်ထောင်လိုက်ခြင်းဖြင့် ကမ္ဘာပေါ်တွင် ဘာသာတရားများ ပေါ်ပေါက်လာခဲ့သည်ဟု ခန့်မှန်းသည်။ ယခုနောက်ပိုင်းမှ ပေါ်လာသော ဘာသာတရားများကို ကြည့်ပါက Polytheist အတော်ဆန်သည်ကို တွေ့ရသည်။ ယခင်ကကဲ့သို့ မတူညီမှုအပေါ် အခြေမခံတော့။ လိုအပ်သော လုံလောက်သော စံနှုန်းများကိုသာ ဆွဲယူသည်။ ဝါဒတခုခုကို သာလွန်အင်အားနှင့် မချဉ်းကပ်ဘဲ စနစ်တကျ အကွက်ဆင်၍ ယုတ္တိကျသည်ကိုသာ ဆွဲယူသည်။ ဘာသာတရားများသည် ဤကဲ့သို့ ပေါ်လာသည်ဟု တေလာဆိုသူက ဆိုသည်။ ဤအကြောင်းအရာများကို ရေးသားသော ပထမဦးဆုံးပိုစ့်တွင်လည်း ပြောခဲ့ဖူးပါသည်။ ဘာသာတရားဆိုသည့် စကားလုံးကို ၁၉ ရာစုနှောင်းပိုင်းမှ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို Religio သည် Scrupulousness သာဖြစ်သည်။ ဘုရားများကို ပြောခြင်းမဟုတ်။ ယဉ်ကျေးမှုကို ပြောခြင်းမဟုတ်။ အမျိုးသားရေးကို ပြောခြင်းမဟုတ်။ ဘုရားတဆူဆူမှ ဟောကြားထားသည့် ရှောင်ရန် ဆောင်ရန်နှင့် ကျင့်စဉ်များကို ကျင့်နေကြသူ လူတစု၏ အတူတကွ ပေါင်းသင်းနေထိုင်ခြင်းမျှသာ ဖြစ်သည်။
ဤငါးပိုစ့်မြောက်ကိုတော့ ဤမျှနှင့် တန်လေပြီ။ ကျွန်ုပ်မှာ မိမိရေးထားသည့် စာကို ပြန်တွေးရင်း တချိန်က ကျွန်ုပ်တို့ကျောင်းမှ ဦးပဇင်းငါးပါးကို ဆွမ်းစားပင့်သော တကာမတယောက်ကို သွားသတိရသည်။ နေ့ဆွမ်းဖြစ်၍ နေ့လည် ဆယ်နာရီခွဲတွင် သူတို့အိမ်ကို ရောက်သွားသည်။ ကျွန်ုပ်တို့ ရောက်သည်နှင့် တကာမက ဆွမ်းပွဲပြင်သည်။ ကျွန်ုပ်တို့ ငါးပါးစလုံး ဆွမ်းစဘုဉ်းသည်အထိ ဆွမ်းပွဲအလယ်၌ ကုလားပဲဟင်းရည်သောက် တခွက်သာပါသည်။ မိမိမှာ ဘုန်းကြီးဣန္ဒြေကလေးနှင့် ဘုဉ်းပေးရသဖြင့် ဟင်းတွေများ မေ့နေသလားဟု မမေးဘဲ ဆွမ်းကို ဆက်ဘုဉ်းပေးနေကြသည်။ တဝက်လောက်ရောက်တော့ တကာမကလျှောက်သည်။ ထိုအခါမှ ကျွန်ုပ်နှင့် ကျောင်းက ဦးပဇင်းများ တပါးမျက်နှာ တပါးကြည့်ကာ ပြုံးကြရပါတော့သည်။ အခုထိ ကျွန်ုပ်တို့ ဤအဖြစ်အပျက်ကို သတိများရသည့်အခါ ပြောဖြစ်ပါသေးသည်။
“တပည့်တော်လေ အရှင်ဘုရားတို့ကို သက်သတ်လွတ်ဟင်းနဲ့ ဆွမ်းကပ်ချင်တာ၊ အဲဒါ ဘာချက်ရမလဲ စဉ်းစားတာ စဉ်းစားလို့ကို မပေါက်ဘူး၊ နောက်မှ ကုလားပဲက သက်သတ်လွတ်ပဲဆိုပြီး သတိရသွားတာ”
တော်ပေသေး၏။ ကုလားပဲကို သက်သတ်လွတ်ဟု သတိရသွားသဖြင့် အတော်ကလေးပင် ထိုတကာမ စဉ်းစားနိုင်စွမ်းကို ကျေးဇူးတင်ခဲ့ဖူးပါသည်။ မဟုတ်လျင် ဆားနှင့် ဘုဉ်းပေးရမည့်အဖြစ်။ ဤပိုစ့်ဤသို့ ဖြစ်သွားမည်မှန်း သိလိုက်သည်။ ကုလားပဲဟင်းရည်သောက်နှင့်မို့ အနည်းငယ်တော့ မိန်မည်ထင်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
ကိုးကား TripleW dot pewresearch dot org နှင့် Encyclopedia များ။
ဂျေဂျူဝိုင်