နန္ဒမင်းသားကတော့ သာသနာ့ဘောင်မှာ နေရတာ မပျော်ပိုက်ဘူးဖြစ်နေတယ်။ ဘယ်ပျော်မှာလဲ။ ဇနပဒကလျာဏီလေးက “အမြန်ပြန်ခဲ့နော် မောင်” လို့မှာလိုက်သကိုး။ မှာလိုက်တဲ့အချိန်ကလည်း အလှပြင်လို့ မပြီးတပြီး အ၀တ်အစားဖိုးရိုးဖားယားဖြစ်နေချိန်။ စကားမစပ် တချို့ယောက်ျားတွေက မိန်းကလေးတွေရဲ့ အလှပြင်ပြီးချိန်ကို မကြိုက်တတ်ဘူး ဗျ။ ဒါကြောင့် မာရ်နတ်သမီးသုံးယောက်က ဘုရားရှင်ကို မြူဆွယ်ချိန်မှာ ပုံအမျိုးမျိုးနဲ့ မြူဆွယ်ခဲ့တယ်လေ။ တစ်ယောက်က မိန်းမကြီးပုံ။ တစ်ယောက်က မနူးမနပ်အရွယ်ပုံ။ တစ်ယောက်က မီးဖွားပြီးစပုံ စသဖြင့် စသဖြင့် ယောကျာ်းတွေ ကြိုက်တတ်တဲ့ ပုံတွေအမျိုးမျိုးနဲ့ မြူဆွယ်ခဲ့တယ်လေ။ နန္ဒက သူ့ဘာသာ သူပျင်းတာမဟုတ်ဘူး။ ဟိုနားရောက်လည်း ဒီစကားပြော။ ဒီနားရောက်လည်း ဒီစကားပြော လုပ်နေတာ။ ဒီစကား ဘုရားရှင်ဆီ ရောက်သွားပါတယ်။ ဘုရားရှင်က သာသနာ့ဘောင်မှာ မပျော်ဘူးဆိုတာ ဟုတ်ပါသလား နန္ဒ လို့ မေးတယ်။ နန္ဒက ဟုတ်မှန်ကြောင်း ၀န်ခံပါတယ်။
ဘုရားရှင်က နန္ဒရဲ့ လက်ရုံးကိုကိုင်ပြီး နတ်ပြည်ကို ကြွသွားတော်မူတယ်။ လမ်းခု လတ်မှာ မီးလောင်ထားတဲ့ သစ်ငုတ်ပေါ်မှာ နားရွက် နှာခေါင်း အပြီးတွေ စုတ်ပြတ်နေတဲ့ မျောက်အိုမတစ်ကောင်ကို ပြတယ်။
“ဇနပဒကလျာဏီနဲ့ ဒီမျောက်အိုမ ဘယ်သူက ပိုလှသလဲ နန္ဒ”
ခင်ဗျား ဆိုရင်ကော။ ခင်ဗျားချစ်သူနဲ့ မျောက်အို/မ ကြီးကို ဘယ်သူပိုလှလည်းမေးလာ ရင် . . .။ နန္ဒကတော့ နှိုင်းမှ နှိုင်းရက်ပလေတယ်။ ရက်စက်ပါပေ့ ဆိုပြီး ချုံးပွဲချ ငိုတယ်။ ဘုရားရှင်က ငါကျီစယ်တာပါ နန္ဒဆိုပြီး ကဿပဘုရားရှင်လက်ထက်က တပည့်သံဃာတော် များကို ခြေနယ်ဆီ လှူခဲ့ဖူးတဲ့ ဒါနကြောင့် ခိုခြေရောင် အသွေးအသားရှိတဲ့ နတ်သမီးငါးရာကို ပြပါတယ်။ ပြီးတော့ ဇနပဒကလျာဏနဲ့ ဒီနတ်သမီးတွေ ဘယ်သူက ပိုလှပါသလဲလို့ မေးပါတယ်။ နန္ဒကလည်း အားမနာ လျှာမကျိုးပြောလိုက်ပုံက ဇနပဒကလျာဏီနဲ့ နှိုင်းစာရရင် ခုနက အရှင်ဘုရားပြခဲ့တဲ့ မျောက်အိုမလောက်ပဲ အဆင့်ရှိပါတယ် တဲ့။ ဘုရားရှင်က ဒီနတ်သမီးလေးတွေကို မရချင်ဘူးလား နန္ဒဆိုတော့။ ဟာ… ရချင်တာပေါ့ တဲ့။ ဘုရားရှင်က ဒါဆို ငါပြောတဲ့အတိုင်းကျင့် ဆိုပြီး ၀ိပဿနာကို ပေးတယ်။ ကျောင်းတော်ပြန်ရောက်တော့ နန္ဒက ဘယ်ရမလဲ။ နတ်သမီးရဖို့ ဆိုပြီးကျင့်တော့တာပေါ့။ အဲဒီမှာ တခြားရဟန်းတွေ ကြားတော့ နန္ဒကို ရယ်တယ်။ နန္ဒက ရှက်တာနဲ့ ချောင်တစ်ခုမှာ သွားကျင့်တယ်။ ဇွဲ လုံ့လ လုံးဝမလျှော့တာကြောင့် နန္ဒဟာ မကြာမတင်မှာပဲ ရဟန္တာဖြစ်သွားပါတယ်။ မဟာသာဝက ရဟန္တာကို ဖြစ်သွားတာပါ။ မဟာသာဝက ရှစ်ဆယ်ထဲမှာ နန္ဒရဟန်းပါပါတယ်။
တချို့ရဟန်းတွေက နန္ဒမထေရ် ရဟန္တာဖြစ်သွားတာကို မသိပါဘူး။ ဒီတော့ နန္ဒကို မေးကြတယ်။ အရင်တုန်းက ငါ့ရှင် သာသနာ့ဘောင်မှာ မပျော်ဘူးလို့ ခဏခဏပြောတယ်။ အခုကော ဘယ်လိုလဲ… ဆိုတော့ နန္ဒမထေရ်က လူထွက်လိုစိတ်ကို ငါ့မှာ လုံးဝမရှိတော့ ပါဘူး လို့ ပြောပါတယ်။ အဲဒီရဟန်းတွေက ဒီစကားကိုကြားတော့ နန္ဒမထေရ်ဟာ ကိုယ့်ကိုယ်ကို ရဟန္တာလိုလို ဘာလိုလိုပြောကြတယ်။ ပြီးတော့ ဘုရားကို သွားလျှောက်ကြတယ်။ ဘုရားရှင်က သံဃာကို အစည်းအဝေးခေါ်လိုက်တယ်။ ပြီးတော့
“ရဟန်းတို့…။ ကောင်းကောင်းမမိုးထားတဲ့အိမ်ကို မိုးရေ အမှိုက်သရိုက်တွေ ၀င်နိုင်သလို ကိုယ့်စိတ်ကို သမထ ၀ိပဿနာတွေမထိန်းချုပ်ထားရင် ရာဂ ဒေါသ မောဟတွေ အလွယ်တကူ ၀င်နိုင်ပါတယ်။ ကောင်းစွာ မိုးထားတဲ့ အိမ်ကို မိုးရေတွေ အမှိုက်သရိုက်တွေ မ၀င်နိုင်သလို ကိုယ့်စိတ်ကို သမထ ၀ိပဿနာနဲ့ ထိန်းချုပ်ထားရင် ရာဂ ဒေါသ မောဟတွေ မ၀င်နိုင်ပါဘူး လို့ ဘုရားရှင်က နန္ဒကို ရဟန္တာဖြစ်သွားပြီဖြစ်ကြောင်းပြောရင်း တရားဟောပါ တယ်။ ကပ္ပဋဇာတ်ကို ဟောကြားတာပါ။
ဒီနေရာမှာ ဘုရားရှင်က ရာဇဂြိုဟ်မှာပဲ ဆက်လက်ဝါဆိုတော်မူတဲ့အတွက် သုမနပန်းသည်ကို အကြောင်းပြုပြီး ဟောတဲ့တရားကို ဆက်လက်ရေးပြပါမယ်။ သုမန ပန်းသည်ကို ဦးတည်ပြီးဟောကြားတဲ့ တရားမတိုင်ခင် သုမနပန်းသည်အကြောင်းကို ပြောရပါမယ်။ သုမနပန်းသည်က ပန်းဆက်သမားပါ။ သူက ဗိမ္ဗိသာရမင်းကြီးဆီကို နေ့တိုင်း ပန်းဆက်သရတာပါ။ တစ်နေ့ သုမနပန်းသည် ပန်းတွေယူလာတုန်း လမ်းမှာ ဘုရားရှင်နဲ့ ဆုံပါတယ်။ သုမနက စဉ်းစားတယ်။ ငါ့မှာ ဘာလှူစရာပါသလဲပေါ့။ ဆွမ်းခံထွက်လာတာ။ လှူစရာဆွမ်းစတာတွေ မပါဘူး။ ဒီတော့ သုမနက ပန်းလှူမယ်လုပ်တယ်။ ပန်းလှူမယ်ဆိုပြန် တော့ ပန်းက ဘုရင်ကို ဆက်သရမယ့်ပန်းတွေ။ အသတ်ခံရနိုင်တယ်။ စိတ်တွေ ဇဝေဇ၀ါဖြစ် လာတယ်။ နောက်ဆုံး သုမနက ဒီလိုစဉ်းစားတယ်။
“ ရှင်ဘုရင်က ငါ့ကို သတ်ချင်သတ်။ နှိပ်စက်ချင် နှိပ်စက်၊ တိုင်းပြည်ကနေ နှင်ထုတ်ချင် နှင်ထုတ်ပါစေ။ ဘုရင့်ဆီ ပန်းဆက်သတယ်ဆိုတာ ငါ့ဒီတစ်ဝမ်းစာအတွက်ပဲ ရတယ်။ ဘုရားရှင်ကိုလှူလိုက်ရင် ကမ္ဘာပေါင်းများစွာ အကျိုးစီးပွားဖြစ်နိုင်တယ်”
လို့စဉ်းစားတယ်။ နောက် ပန်းတွေကို ဘုရားရှင်ဆီ ကြဲပက်လိုက်တယ်။ ပန်းတွေက တစ်ကြိမ်ကြဲရင် တစ်နေရာမှာ ဖြန့်ကျက်သွားတယ်။ ဒီလိုနဲ့ ပန်းတွေဟာ ဘုရားရှင်ရဲ့ ဦးခေါင်းတော်၊ ညာဖက်လက်တော်နံပါး၊ ကျော်ဖက်၊ ဘယ်ဖက်လက်တော်နံပါးမှာ လိုက်ကာ ပုံစံလေးသွားတည်နေတယ်။ ဘုရားရှင်ကြွသွားတိုင်း လိုက်ပါသွားတယ်။ လူတွေက တအံတသြ ဖြစ်ကြတယ်။ သုမနကတော့ အိမ်ကို ဒီတိုင်းပြန်သွားတယ်။
အိမ်ရောက်တော့ သုမနရဲ့ မိန်းမက ပန်းတွေကောလို့ မေးတယ်။ သုမနက ငါဘုရားရှင် ကိုလှူလိုက်တယ်။ အခုလူတွေ အော်နေသံကို ကြားတယ်မဟုတ်လား။ အဲဒါ ငါလှူလိုက်တဲ့ပန်းကြောင့် အံသြပြီး ၀မ်းသာအော်ဟစ်နေတဲ့အသံပဲ မင်းလည်း သာဓုခေါ် လို့ ပြောတော့ မိန်းမက ဟင် ရှင်တော်တော်မိုက်ပါလား ဆိုပြီး ဘုရင်ဆီ ထွက်သွားတယ်။ ဘုရင်က ဘာကိစ္စလည်းလို့ မေးတော့ အရှင်မင်းကြီး ခုချိန်ကစပြီး သူနဲ့ သုမနတို့ ကွာရှင်းပြီ ဖြစ်ကြောင်းပြောတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ သုမန မဆိုင်တော့ကြောင်းကို ပြောတယ်။ ဘာဖြစ်လို့လဲ လို့ ဘုရင်မေးတော့ သူက သုမနပန်းသည်ရဲ့ လုပ်ရပ်ကို ပြောတယ်။ ဘုရင်က နဂိုရ်ကတည်းက သောတာပန်ဖြစ်ပြီးသားဖြစ်တဲ့အတွက် ၀မ်းသာပေးပေမယ့် သုမနရဲ့ ဇနီး လုပ်ရပ်ကို အပြစ်ပေးချင်တာနဲ့ စိတ်ဆိုးချင်ယောင်ဆောင်လိုက်တယ်။ ပြီးတော့ သုမနကို လွတ်လိုက်။ ငါ ကြည့်စီစဉ်တာပေါ့ ဆိုပြီး ပြန်လွတ်လိုက်တယ်။ ဘုရားရှင်က နန်းတော်ထဲ ရောက်လာတော့ ဘုရင်က နန်းတော်ထဲကို ကြွဖို့ ဖိတ်ပေမယ့် ဘုရားရှင်က လက်မခံဘဲ ယာယီ မဏ္ဍပ်ထဲကိုပဲ ၀င်လိုက်တယ်။ သုမနရဲ့ ကုသိုလ်ကို ပြချင်တာနဲ့ မဏ္ဍပ်ထဲဝင်လိုက်တာ ပါ။ ပြီးတော့ ကျောင်းကို ပြန်ကြွတယ်။ ကျောင်းပေါက်ဝမှာ သုမနရဲ့ ပန်းတွေက မြေပေါ်ပုံကျ ပါတယ်။
နန်းတော်ထဲ သုမနရောက်လာတယ်။ ဘုရင်က ငါ့အတွက် ပန်းတွေကို ဘာလုပ်လိုက် လဲ လို့ မေးပါတယ်။ သုမနက ဘုရားရှင်ကိုလှူလိုက်ကြောင်းပြောပါတယ်။ ဘုရင်က သာဓုခေါ် ပြီး ရွာ၊ ဆင်၊ မြင်း၊ ကျွန်ယောကျား၊ ကျွန်မိန်းမ၊ အမျိုးသမီး၊ အဆင်တန်ဆာ ရှစ်ခုစီ ဆုပေး လိုက်ပါတယ်။
ကျောင်းတော်မှာ အာနန္ဒာက ဘုရားရှင်ရဲ့ ဒီကနေ့ ထူးထူးခြားခြား သုမနပန်းသည်ရဲ့ ကုသိုလ်ကို ထင်ရှားအောင်ပြုသွားလို့ သုမနရှေ့ဘာဆက်ဖြစ်မလဲ ဘယ်လို အကျိုးရလဲ လို့ မေးပါတယ်။
အာနန္ဒာ သုမနရဲ့ အသက်ဘေးကို စတေးပြီးတော့ လှူတဲ့အလှူကို နည်းတယ် မထင်ပါနဲ့။ ဒီကုသိုလ်ကြောင့်ပဲ သုမနဟာ ကမ္ဘာတစ်သိန်းလုံး အပါယ်ငရဲ မကျနိုင်တော့ပဲ နတ်ပြည်နဲ့ လူ့ပြည်မှာ အဖန်ဖန်အထပ်ထပ် နတ်စည်းစိမ် လူ့စည်းစိမ်ကို ခံစားပြီး အဲဒီကမ္ဘာတစ်သိန်းအထက်မှာ ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မယ်လို့ ဖြေပါတယ်။ သုမနကို ဘုရင်က ဆုလာဘ်တွေ ချီးမြှင့်လိုက်တာကို ရဟန်းတွေလည်း ကြားတယ်။ ဒီတော့ သုမနရဲ့ အကြောင်း ပြောဖြစ်ကြတယ်။ ဘုရားရှင်က တရားစည်းဝေရာကို လာတော့ ရဟန်းတွေက ဘုရားရှင်ကို ရှိခိုးကြတယ်။ ဘုရားရှင်က ငါမလာခင် သင်ရဟန်းတို့ ဘာတွေပြောဆို ဆွေးနွေးနေကြသလဲ လို့ မေးပါတယ်။ တပည့်တော်တို့ သုမနရဲ့ လက်ငင်းကောင်းကျိုး အကြောင်းကို ပြောနေကြ တာပါဘုရားလို့ သံဃာတော်တွေက လျှောက်ကြတယ်။
ဘုရားရှင်က သံဃာတော်တွေကို
အလုပ်တစ်ခုကို ပြုလုပ်ပြီးရင် နောင်တတစ်ဖန် မပူပန်ရ။ အဲဒီအလုပ်အတွက် အကျိုးကို နှစ်သက်ဝမ်းမြောက်မှု ပီတိကို ခံစားနေ နေရတယ်။ အဲဒါဆိုရင် အဲဒီအကျိုးဟာ ပိုကြီးပါတယ် လို့ ဟောပြလိုက်ပါတယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.